တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးရေးဆွဲတင်သွင်းခြင်းဆိုင်ရာဥပဒေ
(၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉။)
၁၃၈၂ ခုနှစ်၊ နယုန်လဆန်း ၁၅ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၅ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်သွင်းခြင်း ဆိုင်ရာ ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်-
(က) အစိုးရအဖွဲ့ ဆိုသည်မှာ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကို ဆိုသည်။
(ခ) ဝန်ကြီး ဆိုသည်မှာ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးကို ဆိုသည်။
(ဂ) ဌာန၊ အဖွဲ့အစည်း ဆိုသည်မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ဌာန၊ အဖွဲ့အစည်းကို ဆိုသည်။
(ဃ) ဥက္ကဋ္ဌ ဆိုသည်မှာ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကို ဆိုသည်။
(င) လွှတ်တော် ဆိုသည်မှာ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကို ဆိုသည်။
(စ) လွှတ်တော်ကိုယ်စားလှယ် ဆိုသည်မှာ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ကို ဆိုသည်။
(ဆ) ကော်မတီ သို့မဟုတ် အဖွဲ့ ဆိုသည်မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ နှစ်စဉ်ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ကိစ္စရပ်များကို စိစစ်ရန် လွှတ်တော်က ဖွဲ့စည်းထားသော ကော်မတီ သို့မဟုတ် အဖွဲ့ကို ဆိုသည်။

အခန်း (၂)
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ နှစ်စဉ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာ လျာထားချက်ကို တင်သွင်းခြင်းနှင့် စိစစ်အကြံပြုခြင်း

၃။ အစိုးရအဖွဲ့သည် သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် နိုင်ငံတော်၏ မူဝါဒ၊ ဗျူဟာလုပ်ငန်းစဉ်များ နှင့်အညီ ဘဏ္ဍာရေးကော်မရှင်က ချမှတ်ထားသော မူဘောင်အတွင်းမှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနက ရေးဆွဲပြုစုပေးသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ နှစ်စဉ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာ လျာထားချက်ကို လွှတ်တော်သို့ နှစ်စဉ် မတ်လ ၇ ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းရမည်။

၄။ ဥက္ကဋ္ဌသည် ကော်မတီ သို့မဟုတ် အဖွဲ့များက ပုဒ်မ ၃ ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ နှစ်စဉ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာ လျာထားချက်များကို စိစစ်ပြီးပါက ငွေကြေးဆိုင်ရာ သုံးသပ်ချက်နှင့် ဥပဒေဆိုင်ရာ သုံးသပ်ချက်တို့ကို လွှတ်တော်သို့ တင်ပြစေရမည်။

၅။ လွှတ်တော်သည် ပုဒ်မ ၄ ပါ ကော်မတီ သို့မဟုတ် အဖွဲ့များ၏ တင်ပြချက်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးပြီး အဆုံးအဖြတ်ရယူထားသော လျာထားချက်ကို အစိုးရအဖွဲ့ထံသို့ ပြန်လည်ပေးပို့ရမည်။

လျာထားချက်တင်သွင်းစဉ်ပူးတွဲပါရှိရမည့် အချက်များ

၆။ အစိုးရအဖွဲ့သည် လွှတ်တော်သို့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ နှစ်စဉ်ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ လျာထားချက်တင်သွင်းရာတွင် ဘဏ္ဍာရေးနှစ်အတွက် အရအသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်နှင့် အရအသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အကျဉ်းချုပ်ဇယားများအပြင် အောက်ပါ စာရွက်စာတမ်း များ ပူးတွဲတင်ပြရမည်-

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၏ ထောက်ခံတင်ပြချက်၊
(ခ) အစိုးရအဖွဲ့မှ တာဝန်ပေးအပ်သည့် ပုဂ္ဂိုလ်၏ ရှင်းလင်းတင်ပြချက်တွင် အောက်ပါအချက်များ ပါဝင်ရမည်-
(၁) နှစ်လတ်ဘဏ္ဍာရေးလျာထားချက်၊
(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ စီးပွားရေး အခြေအနေဖော်ပြချက်၊
(၃) နှစ်စဉ်အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် စပ်လျဉ်းသည့် ပြည့်စုံသော ရှင်းလင်းဖော်ပြချက်များ၊
(၄) အစိုးရအဖွဲ့မှ တာဝန်ပေးအပ်သည့် ပုဂ္ဂိုလ်၏ ယမန်နှစ် ရှင်းလင်းတင်ပြချက်အပေါ် ဆောင်ရွက်ပြီး စီးမှု အခြေအနေ၊
(၅) ဌာန၊ အဖွဲ့အစည်းအလိုက် ယမန်နှစ် ရည်မှန်းလျာထားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေ၊
(၆) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ကြွေးမြီအရပ်ရပ်အခြေအနေတင်ပြချက်၊
(ဂ) ပြည်သူများလွယ်ကူရှင်းလင်းစွာသိရှိစေနိုင်သည့် ဘတ်ဂျက်ဆိုင်ရာ အနှစ်ချုပ်ဖော်ပြချက်၊
(ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း အစိုးရအဖွဲ့မှ ခွင့်ပြုထားသော မည်သည့်စီမံကိန်းကို မဆို စီမံကိန်းအမျိုးအစားများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် အခွန်ရငွေစာရင်းများ။

နှစ်လတ်ဘဏ္ဍာရေးလျာထားချက်

၇။ အစိုးရအဖွဲ့သည် နှစ်လတ်ဘဏ္ဍာရေးလျာထားချက်တင်ပြရာတွင် ယမန်နှစ် ဘဏ္ဍာရေးနှစ်၏ ရှေ့ပြေးအမှန်စာရင်း၊ လက်ရှိဘဏ္ဍာရေးနှစ်၏ ပြုပြင်ပြီးခန့်မှန်းခြေစာရင်း၊ တင်ပြသည့် ဘဏ္ဍာရေး နှစ်၏ ခန့်မှန်းခြေစာရင်း၊ ရှေ့လာမည့် ဘဏ္ဍာရေးနှစ် နှစ်နှစ် အတွက် မျှော်မှန်းချက်စာရင်းများကို လက်ရှိဘဏ္ဍာရေးနှစ်၏ ဈေးကွက်ဈေးနှုန်းများဖြင့် အောက်ပါအချက်များ ပါဝင်စေလျက် ဖော်ပြရမည်-

(က) ရငွေ၊
(ခ) သုံးငွေ၊
(ဂ) ဘတ်ဂျက်လိုငွေ၊
(ဃ) လိုငွေကို ဖြည့်ဆည်းခြင်း၊
(င) ကြွေးမြီလျာထားချက်။

၈။ အစိုးရအဖွဲ့သည် နှစ်လတ်ဘဏ္ဍာရေးလျာထားချက်ကို ရေးဆွဲရာတွင် ရှေ့လာမည့် ဘဏ္ဍာရေးနှစ် နှစ်နှစ်အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအတွက် လျာထားသည့် ထောက်ပံ့ငွေနှင့် ချေးငွေများကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ကြိုတင်သိရှိနိုင်ရန် ထည့်သွင်း လျာထားဖော်ပြရမည်။

၉။ အစိုးရအဖွဲ့သည် နှစ်လတ်ဘဏ္ဍာရေးလျာထားချက်ကို ရှင်းလင်းတင်ပြရာတွင် ဝင်ငွေခန့်မှန်းချက်၊ အခြေခံလျာထားအသုံးစာရင်း၊ ရရှိသည့် ဘဏ္ဍာရေးအခြေအနေ၊ လုပ်ငန်းအစီအစဉ်သစ်များအတွက် လိုအပ်သော အသုံးစရိတ်တို့ကို ဖော်ပြရမည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ စီးပွားရေးအခြေအနေ ဖော်ပြချက်

၁၀။ အစိုးရအဖွဲ့သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ စီးပွားရေးအခြေအနေဖော်ပြချက်နှင့် စပ်လျဉ်း၍ တင်ပြရာတွင် အောက်ပါအချက်များကို ထည့်သွင်းဖော်ပြရမည်-

(က) စီးပွားရေးအခြေအနေနှင့်စပ်လျဉ်း၍ ခြုံငုံသုံးသပ်ခြင်း၊
(ခ) ဂျီဒီပီ (GDP) တိုးတက်မှုနှုန်း၊
(ဂ) အစိုးရအဖွဲ့၏ ဘဏ္ဍာရေးဆိုင်ရာအခြေအနေ၊
(ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏စီးပွားရေးအခြေအနေ အလားအလာများ။

အခန်း (၃)
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ နှစ်စဉ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို တင်သွင်းခြင်းနှင့် စိစစ်အတည်ပြုခြင်း

၁၁။ အစိုးရအဖွဲ့သည် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေအား နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ပြီးသည့်ရက်မှ ခုနစ်ရက်အတွင်း ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေအရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ရရှိသည့် ထောက်ပံ့ငွေအပါအဝင် ရေးဆွဲထားသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းရမည်။

၁၂။ ဥက္ကဋ္ဌသည် ကော်မတီ သို့မဟုတ် အဖွဲ့များက ပုဒ်မ ၁၁ ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ နှစ်စဉ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းကို စိစစ်ပြီးပါက ငွေကြေးဆိုင်ရာသုံးသပ်ချက်နှင့် ဥပ‌ဒေ ဆိုင်ရာ သုံးသပ်ချက်တို့ကို လွှတ်တော်သို့ တင်ပြစေရမည်။

၁၃။ လွှတ်တော်သည် ပုဒ်မ ၁၂ ပါ ကော်မတီ သို့မဟုတ် အဖွဲ့များ၏ တင်ပြချက်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေး၍ သဘောတူအတည်ပြုခြင်း၊ ငြင်းပယ်ခြင်း၊ လျှော့၍ခွင့်ပြုခြင်းတို့ကို အများဆန္ဒနှင့်အညီ ဆောင်ရွက် ရမည်။

ဥပဒေကြမ်းနှင့်အတူ ပူးတွဲပါရှိရမည့်အချက်များ

၁၄။ ပြည်ပချေးငွေနှင့် ထောက်ပံ့ငွေများကို ဌာန၊ အဖွဲ့အစည်းအလိုက် ဖော်ပြရမည်။

၁၅။ ဌာန၊ အဖွဲ့အစည်းများက ပြည်တွင်းနှင့် ပြည်ပမှ ငွေချေးယူခြင်းအတွက် ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှု ဥပဒေပါအတိုင်း ဆောင်ရွက်ရမည့်အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေကြမ်း တင်သွင်းရာတွင် ထည့်သွင်းဖော်ပြရမည်။

၁၆။ အစိုးရအဖွဲ့သည် လွှတ်တော်သို့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ နှစ်စဉ် ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေကြမ်းကို တင်သွင်းရာတွင် အောက်ပါစာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်-

(က) အရအသုံးခန့်မှန်းခြေငွေစာရင်း၊
(ခ) ဘဏ္ဍာရေးနှစ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့်စပ်လျဉ်းသည့် ပြည့်စုံသော ရှင်းလင်းဖော်ပြ ချက်။

အခန်း (၄)
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးလျာထားချက်နှင့် ဥပဒေကြမ်းကို တင်သွင်းခြင်း

၁၇။ အစိုးရအဖွဲ့သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲ‌ရေး လျာထားချက်ကို တင်သွင်းရန်ရှိပါက လွှတ်တော်သို့ နှစ်စဉ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းရမည်။

၁၈။ အစိုးရအဖွဲ့သည် ပြည်ထောင်စု၏နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေအား နိုင်ငံတော်သမ္မတ က လက်မှတ်ရေးထိုးထုတ်ပြန်ပြီးသည့်ရက်မှ ရုံးပိတ်ရက်မပါ သုံးရက်အတွင်း ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေအရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှရရှိသည့် ထောက်ပံ့ငွေအပါအဝင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ နှစ်စဉ်နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းရမည်။

လျာထားချက်နှင့် ဥပဒေကြမ်းကို စိစစ်အကြံပြုခြင်းနှင့် အတည်ပြုခြင်း

၁၉။ ဥက္ကဋ္ဌသည်‌ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးကိစ္စရပ်များကို စိစစ်ရန် ဖွဲ့စည်းထားသော ကော်မတီ သို့မဟုတ် အဖွဲ့များက ပုဒ်မ ၁၇ နှင့် ပုဒ်မ ၁၈ တို့ပါ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး လျာထားချက်နှင့် ဥပဒေကြမ်းတို့ကို စိစစ်ပြီးပါက ငွေကြေးဆိုင်ရာသုံးသပ်ချက်နှင့် ဥပဒေဆိုင်ရာ သုံးသပ်ချက် တို့ကို လွှတ်တော်သို့ တင်ပြစေရမည်။

၂၀။ လွှတ်တော်သည် ပုဒ်မ ၁၉ ပါ ကော်မတီ သို့မဟုတ် အဖွဲ့များ၏ တင်ပြချက်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေး၍ သဘောတူအတည်ပြုခြင်း၊ ငြင်းပယ်ခြင်း၊ လျှော့၍ခွင့်ပြုခြင်းတို့ကို အများဆန္ဒနှင့်အညီ ဆောင်ရွက် ရမည်။

 

အခန်း (၅)
အစီရင်ခံစာ တင်သွင်းခြင်း

၂၁။ သက်ဆိုင်ရာဘဏ္ဍာရေးနှစ်၏ ဘဏ္ဍာရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ နှစ်ဝက်အစီရင်ခံစာကို နှစ်စဉ် မေလ နောက်ဆုံးပတ်ထက် နောက်မကျစေဘဲ အစိုးရအဖွဲ့၏ကိုယ်စား အစိုးရအဖွဲ့မှ တာဝန်ပေးအပ်သည့် ဝန်ကြီးက လွှတ်တော်သို့ တင်ပြရမည်။

၂၂။ သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွက် အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ နှစ်ပတ်လည် အစီရင်ခံစာကို အစိုးရအဖွဲ့၏ကိုယ်စား အစိုးရအဖွဲ့မှ တာဝန်ပေးအပ်သည့်ဝန်ကြီးက လွှတ်တော်သို့ တင်ပြရမည်။

 

အခန်း (၆)
အထွေထွေ

၂၃။ ဤဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

(က) ပြည်ထောင်စုအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်း နှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင် သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ဝင်းမြင့်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။