အခန်း (၂၆) ကုမ္ပဏီတစ်ခုအားဖျက်သိမ်းခြင်း ကုမ္ပဏီဖျက်သိမ်းခြင်းဆိုင်ရာနည်းလမ်းများ ၂၉၂။ (က) ကုမ္ပဏီတစ်ခုအား အောက်ပါနည်းလမ်းတစ်ရပ်ရပ်ဖြင့် ဖျက်သိမ်းနိုင်သည် – (၁) တရားရုံးကဖြစ်စေ၊ (၂) ဆန္ဒအလျောက်ဖြစ်စေ၊ (၃) တရားရုံး၏ ကြီးကြပ်မှုဖြင့်ဖြစ်စေ။ ( ခ ) ဆန့်ကျင်ကွဲလွဲမှု တစ်စုံတစ်ရာမရှိခဲ့လျှင် ကုမ္ပဏီဖျက်သိမ်းခြင်းနှင့် သက်ဆိုင်သည့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် ဖော်ပြပါနည်းလမ်းတစ်ရပ်ရပ်အရ ကုမ္ပဏီတစ်ခုအား ဖျက်သိမ်းခြင်းနှင့် သက်ဆိုင်စေရမည်။ ကြွေးမြီပေးဆပ်ရသူများ (Contributories) လက်ရှိသော်လည်းကောင်း၊ ယခင်ကသော်လည်းကောင်း ကုမ္ပဏီတွင်ပါဝင်သူများ၏ ကြွေးမြီပေးဆပ် ရသူများအဖြစ်တာဝန်ရှိမှု ၂၉၃။ (က) ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းသည့်ကိစ္စရပ်တွင် လက်ရှိသော်လည်းကောင်း၊ ယခင်ကသော်လည်းကောင်း ကုမ္ပဏီတွင် ပါဝင်သူများအားလုံးသည် ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီ၏ ကြွေးမြီများနှင့် တာဝန်ရှိမှုများ၊ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းနှင့် ကြွေးမြီပေးဆပ်ရသူများအကြား အခွင့်အရေးများကို ညှိနှိုင်း ဆောင်ရွက်ရန်အတွက် အောက်ပါသတ်မှတ်ချက်များကို လိုက်နာစေလျက် ကျသင့်သည့် ကုန်ကျစရိတ်များ၊ အခကြေးငွေများနှင့် အသုံးစရိတ်များအား ပေးချေရာတွင် ငွေကြေး လုံလောက်မှုရှိစေရေးအတွက် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များ စာရင်းသို့ ထည့်ဝင်ပေးဆပ်ရန် တာဝန်ရှိစေရမည်။ (၁) ကုမ္ပဏီတွင် ယခင်ကပါဝင်ခဲ့သူတစ်ဦးသည် စာရင်းရှင်းလင်းဖျက်သိမ်းမှု စတင်ခြင်း မပြုမီလွန်ခဲ့သော တစ်နှစ် သို့မဟုတ် ထိုထက်ပိုသော ကာလကတည်းကပင် ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးအဖြစ်မှ ရပ်စဲခဲ့ခြင်းဖြစ်လျှင် ကြွေးမြီပေးဆပ်ရေးအတွက် တာဝန်မရှိစေရ။ (၂) ကုမ္ပဏီတွင် ယခင်က ပါဝင်ခဲ့သူတစ်ဦးသည် ၎င်းအနေဖြင့် ကုမ္ပဏီတွင် ပါဝင်သူ တစ်ဦးအဖြစ်မှ ရပ်စဲခဲ့ပြီးနောက်ပိုင်း၌ ကုမ္ပဏီကချုပ်ဆိုထားသော ပဋိညာဉ် စာချုပ်အရ ဖြစ်ပေါ်လာသည့် ကြွေးမြီ သို့မဟုတ် တာဝန်ရှိမှုတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ကြွေးမြီပေးဆပ်ရာတွင် တာဝန်မရှိစေရ။ (၃) ဤဥပဒေအရ ကုမ္ပဏီတွင် လက်ရှိပါဝင်သူများက ၎င်းတို့ပေးဆပ်ရန် ဖြစ်သော ကြွေးမြီတာဝန်ကို ပေးဆပ်နိုင်ဖွယ်မရှိကြောင်း တရားရုံးကတွေ့ရှိခဲ့လျှင်မှအပ ကုမ္ပဏီတွင် ယခင်ကပါဝင်ခဲ့သူတစ်ဦးသည် ကြွေးမြီပေးဆပ်ရာတွင် တာဝန်မရှိစေရ။ (၄) အစုအားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတွင်လက်ရှိပါဝင်နေသူ သို့မဟုတ် ယခင်က ပါဝင်ခဲ့သူတစ်ဦးအဖြစ် တာဝန်ရှိသည့် အစုရှယ်ယာများအတွက် ပေးချေရခြင်းမရှိသေးသော ငွေပမာဏ (ရှိခဲ့လျှင်) ထက်ပိုမိုသော ငွေပမာဏကို ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဦးထံမှ ကြွေးမြီပေးဆပ်ရန်အတွက် ရယူခြင်းမရှိစေရ။ (၅) ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတွင်ယင်းကုမ္ပဏီကို စာရင်း ရှင်းလင်းဖျက်သိမ်းသည့်အခါ ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များသို့ ကုမ္ပဏီတွင်ပါဝင်သူ တစ်ဦးဦးက ထည့်ဝင်ရန် တာဝန်ယူထားသည့် ပမာဏထက်ပိုမို၍ ၎င်းထံမှ ကြွေးမြီ ပေးဆပ်ရန်အတွက် ရယူခြင်းမရှိစေရ။ ဤဥပဒေတွင်ဖော်ပြပါရှိသော မည်သည့်ပြဋ္ဌာန်းချက်ကမျှ အာမခံပေါ်လစီ (policy of insurance) သို့မဟုတ် ပဋိညာဉ်စာချုပ် တစ်ရပ်ရပ်အရ ကုမ္ပဏီတွင်ပါဝင်သူ တစ်ဦးချင်းစီ၏တာဝန်ရှိမှုကို ကန့်သတ်ထားသည့် စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖြစ်စေ၊ ကုမ္ပဏီ၏ဘဏ္ဍာငွေများဖြင့်သာလျှင် အဆိုပါပေါ်လစီ သို့မဟုတ် ပဋိညာဉ် စာချုပ်တစ်ရပ်ရပ်အရ တာဝန်ရှိမှုများကိုဖြစ်စေ တရားမဝင်ခြင်းမဖြစ်စေရ။ (၇) အမြတ်ဝေစုများ၊ အကျိုးအမြတ်များ သို့မဟုတ် အခြားနည်းတစ်ရပ်ရပ်ဖြင့် ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးကို ကုမ္ပဏီတွင်ပါဝင်သူအဖြစ် ပေးရန်ရှိသည့်ငွေပမာဏ တစ်ရပ်ကို၎င်းနှင့်ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးမဟုတ်သော မြီရှင်တို့အကြား မည်သူ့ထံသို့ပေးရမည်ဟု ဖြစ်ပေါ်လာသည့်ကိစ္စရပ်၌ အဆိုပါကုမ္ပဏီတွင် ပါဝင်သူထံသို့ ကုမ္ပဏီကပေးချေရမည့် ကြွေးမြီတစ်ရပ်အဖြစ် မှတ်ယူခြင်းမရှိစေရ။ သို့သော် အဆိုပါငွေပမာဏကို ယင်းတို့အကြား ကြွေးမြီပေးဆပ်ရသူများ၏ အခွင့်အရေးအား အပြီးသတ် ညှိနှိုင်းသတ်မှတ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်သည်။ ( ခ ) အစုရှယ်ယာမတည်ငွေရင်း ပါရှိသော ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းသည့်အခါတွင် ထိုကုမ္ပဏီတွင် ပါဝင်သူ အားလုံးသည် ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းသဖြင့် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များ စာရင်းသို့ ၎င်းကထည့်ဝင်ရန် တာဝန်ယူထားသော ပမာဏအတွက် တာဝန်ရှိသည့်အပြင် ၎င်းပိုင်ဆိုင်ထားသော အစုရှယ်ယာတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ပေးချေရခြင်းမရှိသေးသော ငွေပမာဏတစ်ရပ်ရပ်အတွက်လည်း ထည့်ဝင်ရန်တာဝန်ရှိသည်။ တာဝန်ကန့်သတ်မထားသည့် ဒါရိုက်တာများ၏ တာဝန် ၂၉၄။ တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတစ်ခုအား စာရင်းရှင်းလင်း ဖျက်သိမ်းသည့်အခါတွင် ဤဥပဒေအရ သို့မဟုတ် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ တာဝန်ကန့်သတ်ထားခြင်းမရှိသော ယခင်ကသော်လည်းကောင်း၊ ယခုသော်လည်းကောင်း ကုမ္ပဏီတွင်တာဝန်ထမ်းဆောင်ကြသည့် ဒါရိုက်တာ တစ်ဦးဦးသည် ကုမ္ပဏီ၏ သာမန်ပါဝင်သူတစ်ဦးအဖြစ် ငွေကြေးထည့်ဝင်ရန်တာဝန်ရှိခဲ့လျှင် ၎င်းတာဝန်အပြင် ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းမှု စတင်ဆောင်ရွက်သည့်အချိန်တွင် တာဝန် ကန့်သတ်မထားသည့် ကုမ္ပဏီတစ်ခုတွင် ပါဝင်သူတစ်ဦး ဖြစ်သကဲ့သို့ ငွေကြေးထည့်ဝင်မှုများကို ထပ်မံ ပြုလုပ်ရန် တာဝန်ရှိသည်။ သို့ရာတွင် – ( (က) ဒါရိုက်တာအဖြစ် ယခင်က ဆောင်ရွက်ခဲ့သူတစ်ဦးသည် ကုမ္ပဏီအား စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း စတင်သည့်နေ့မတိုင်မီ တစ်နှစ် သို့မဟုတ် ထိုထက်ပိုသော ကာလကပင် တာဝန်မှ ရပ်စဲခဲ့ပြီးဖြစ်လျှင် ၎င်းအနေဖြင့် ဖော်ပြပါ ငွေကြေးထည့်ဝင်မှုများကို ထပ်မံ ပြုလုပ်ရန် တာဝန်မရှိစေရ။ ဒါရိုက်တာအဖြစ် ယခင်က ဆောင်ရွက်ခဲ့သူတစ်ဦးသည် ၎င်းအနေဖြင့် အဆိုပါတာဝန်မှ ရပ်စဲခဲ့ပြီးနောက်ပိုင်း၌ ကုမ္ပဏီက ပဋိညာဉ်ပြုလုပ်ထားသည့် ကြွေးမြီ သို့မဟုတ် တာဝန်ရှိမှု တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ငွေကြေးထည့်ဝင်မှုများကို ထပ်မံပြုလုပ်ရန်တာဝန်မရှိစေရ။ (ဂ ) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ ကုမ္ပဏီ၏ ကြွေးမြီများနှင့် တာဝန်ရှိမှုများ၊ ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းသည့်ကိစ္စရပ်အတွက် ကုန်ကျစရိတ်များ၊ အခ ကြေးငွေများနှင့် အသုံးစရိတ်များအတွက် ကျခံနိုင်ရန်အလို့ငှာ အဆိုပါငွေကြေးထည့်ဝင်မှု ပြုလုပ်ရန် လိုအပ်ကြောင်း တရားရုံးက ယူဆခြင်းမရှိလျှင် ဒါရိုက်တာတစ်ဦးသည် အဆိုပါ ငွေကြေးထည့်ဝင်မှုများကို ထပ်မံပြုလုပ်ရန် တာဝန်မရှိစေရ။ ကြွေးမြီပေးဆပ်ရသူ၏ တာဝန်များ ၂၉၅။ ကြွေးမြီပေးဆပ်ရသူတစ်ဦး၏ တာဝန်ရှိမှုသည် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက ၎င်းအပေါ် သတ်မှတ်သည့် ငွေကြေးထည့်ဝင်ရန် တောင်းခေါ်မှုများတွင် သတ်မှတ်ပါရှိသော အချိန်ကာလ၌ ပေးချေရမည့် ကြွေးမြီတစ်ရပ်ကို အကြွေးအဖြစ်သတ်မှတ်ရမည်။ ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဦး သေဆုံးသည့်ကိစ္စရပ် ၂၉၆။ (က) ကြွေးမြီပေးဆပ်ရသူတစ်ဦးသည် ၎င်းအား ကြွေးမြီပေးဆပ်ရသူများစာရင်း၌ ထည့်သွင်း ဖော်ပြခြင်း မပြုမီတွင်ဖြစ်စေ၊ ထည့်သွင်းဖော်ပြပြီးနောက်တွင်ဖြစ်စေ သေဆုံးသွားခဲ့လျှင် ၎င်း၏တရားဝင်ကိုယ်စားလှယ်များနှင့် အမွေဆက်ခံသူများသည် ၎င်း၏တာဝန်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များစာရင်းသို့ နည်းလမ်းတကျ ထည့်ဝင်ရန် တာဝန်ရှိပြီး ၎င်းတို့သည် ကြွေးမြီပေးဆပ်ရသူများ ဖြစ်လာစေရမည်။ ( ခ ) တရားဝင်ကိုယ်စားလှယ်များနှင့် အမွေဆက်ခံသူများသည် ၎င်းတို့က ပေးသွင်းရမည့် ငွေကြေးတစ်ရပ်ရပ်ကိုပေးသွင်းရန် ပျက်ကွက်ခဲ့လျှင် ပေးချရန်တာဝန်ရှိသည့် ငွေကြေးများကို အတင်းအကြပ်ပြု ပေးချေစေရန်အလို့ငှာ သေဆုံးသွားသော ကြွေးမြီပေးဆပ်ရသူ၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်းကိုဖြစ်စေ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကိုဖြစ်စေ စီမံခန့်ခွဲမှု ပြုနိုင်ရန်အတွက် တရားစွဲဆိုဆောင်ရွက်မှုများကို ပြုလုပ်နိုင်သည်။ ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဦး လူမွဲဖြစ်သည့်ကိစ္စရပ် ၂၉၇။ ကြွေးမြီပေးဆပ်ရသူတစ်ဦးသည် ၎င်းအား ကြွေးမြီပေးဆပ်ရသူများ စာရင်း၌ ထည့်သွင်းဖော်ပြခြင်း မပြုမီတွင်ဖြစ်စေ၊ ထည့်သွင်းဖော်ပြပြီးနောက်တွင်ဖြစ်စေ လူမွဲဖြစ်ကြောင်းသတ်မှတ်ခံရလျှင် – (က) ၎င်း၏ လွှဲအပ်ခြင်းခံရသူများသည် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းကိစ္စရပ်များ အားလုံးတွင် ၎င်း၏ကိုယ်စား ဆောင်ရွက်ရမည်ဖြစ်ပြီး ၎င်းတို့သည် ကြွေးမြီပေးဆပ်ရသူများ ဖြစ်လာစေရမည်။ ၎င်းတို့အား လူမွဲအဖြစ်ခံယူသူ၏ ပစ္စည်းဥစ္စာများအပေါ် အထောက်အထားများ တင်ပြစေနိုင်သည် သို့မဟုတ် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များစာရင်းသို့ ထည့်ဝင်ရမည့် ၎င်း၏တာဝန်နှင့်စပ်လျဉ်း၍ လူမွဲအဖြစ်ခံယူသူက ပေးချေရန်တာဝန်ရှိသည့် ငွေကြေး တစ်ရပ်ရပ်ကို ဥပဒေနှင့်အညီ ၎င်း၏ရရန်ပိုင်ခွင့်များမှ ပေးချေစေရန် ခွင့်ပြုနိုင်သည်။ ၎င်းအပြင် (ခ) လူမွဲအဖြစ်ခံယူသူ၏ ပစ္စည်းဥစ္စာများအပေါ် နောင်တွင်တောင်းဆိုမည့် သို့မဟုတ် တောင်းဆိုပြီး ဖြစ်သည့် ၎င်းအနေဖြင့် တာဝန်ရှိမည့် ခန့်မှန်းချေငွေပမာဏအား သတ်မှတ်နိုင်သည်။ တရားရုံး၏ဆုံးဖြတ်ချက်ဖြင့် ဖျက်သိမ်းခြင်း တရားရုံး၏ဆုံးဖြတ်ချက်ဖြင့် ကုမ္ပဏီကို ဖျက်သိမ်းနိုင်သည့် အခြေအနေများ ၂၉၈။ တရားရုံးသည် အောက်ပါအခြေအနေတစ်ခုခုဖြစ်ပေါ်လာလျှင် ကုမ္ပဏီတစ်ခုကိုဖျက်သိမ်းနိုင်သည်(က) ကုမ္ပဏီကို တရားရုံး၏ဆုံးဖြတ်ချက်ဖြင့် ဖျက်သိမ်းနိုင်သည်ဟု ကုမ္ပဏီက အထူး ဆုံးဖြတ်ချက်ချမှတ်၍ ဆောင်ရွက်လျှင်၊ ( ခ ) ဥပဒေအရလိုက်နာဆောင်ရွက်ရသော အစီရင်ခံစာများတင်ပြရာတွင်ဖြစ်စေ၊ အစည်းအဝေး များကိုကျင်းပရာတွင်ဖြစ်စေ ပျက်ကွက်မှုရှိခဲ့လျှင်၊ (ဂ ) ကုမ္ပဏီကို ဖွဲ့စည်းတည်ထောင်သည့်အချိန်မှစ၍ တစ်နှစ်အတွင်း ယင်း၏စီးပွားရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်မှုမရှိလျှင် သို့မဟုတ် ထိုကာလတစ်နှစ်လုံးအတွက် ယင်း၏စီးပွားရေးလုပ်ငန်းများကို ဆိုင်းငံ့ထားလျှင်၊ (ဃ) ကုမ္ပဏီတွင်ပါဝင်သူများ၏ အရေအတွက်ကို တစ်ဦးအောက်အထိ လျှော့ချခဲ့လျှင်၊ (င) ကုမ္ပဏီသည် ယင်း၏ကြွေးမြီများကို ပေးချေခြင်းမပြုနိုင်ခဲ့လျှင်၊ ( စ ) ကုမ္ပဏီကို ဖျက်သိမ်းခြင်းမှာ သင့်လျော်မှန်ကန်၍ တရားမျှတသည်ဟု တရားရုံးမှထင်မြင်လျှင်၊ ကုမ္ပဏီသည် ယင်း၏ကြွေးမြီများကို ပေးချေခြင်းမပြုနိုင်ဟု ယူဆရန်အကြောင်းများ ၂၉၉။ (က) ဤအခန်းပါ ကိစ္စရပ်များအတွက် အောက်ပါကိစ္စရပ်တစ်ခုခုပေါ်ပေါက်ခဲ့လျှင် ကုမ္ပဏီတစ်ခုသည် ယင်း၏ကြွေးမြီများကို ပေးချေခြင်းမပြုနိုင်ဟု မှတ်ယူရမည် – (၁) လွှဲအပ်ခြင်းဖြင့်သော်လည်းကောင်း၊ အခြားနည်းတစ်ရပ်ရပ်ဖြင့်သော်လည်းကောင်း ကုမ္ပဏီက ကျပ်နှစ်သိန်းငါးသောင်းထက်ပိုမိုသော ငွေပမာဏအား ကြွေးမြီပေးချေရန် တင်ရှိနေသော မြီရှင်တစ်ဦးဦးသည် ကုမ္ပဏီ၏ မှတ်ပုံတင်ထားသော ရုံးခန်းသို့ မှတ်ပုံတင်စာဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ အကြောင်းကြားစာပေးပို့၍ ကုမ္ပဏီက ပေးရန်ရှိသည့် ငွေပမာဏကို ၎င်းထံပေးချေစေရန် တောင်းဆိုခဲ့ပြီး၊ ကုမ္ပဏီသည် ထိုသို့တောင်းဆိုငွေကို ပေးချေရန် သို့မဟုတ် ကြွေးမြီအတွက် မြီရှင်က ကျေနပ်လက်ခံ နိုင်လောက်သော အာမခံမှုတစ်ရပ်ရပ် ပြုလုပ်ရန် ထိုသို့အကြောင်းကြားသည့်နေ့မှ သုံးပတ်အထိ ပျက်ကွက်နေခဲ့လျှင် သို့မဟုတ် (၂) ကုမ္ပဏီ၏ မြီရှင်ကို အနိုင်ပေးသည့် တရားရုံးတစ်ရုံးရုံး၏ ဒီကရီ သို့မဟုတ် အမိန့် တစ်ရပ်အားအတည်ပြုခြင်း သို့မဟုတ် ယင်းနှင့်စပ်လျဉ်း၍ ထုတ်ပြန်ဆောင်ရွက်မှု အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ ဆောင်ရွက်နိုင်မှုမရှိခဲ့လျှင် သို့မဟုတ် (၃) ကုမ္ပဏီသည် ယင်း၏ကြွေးမြီများအား ပေးဆပ်နိုင်ခြင်းမရှိကြောင်း တရားရုံးမှ ကျေနပ်လက်ခံနိုင်လျှင် ကုမ္ပဏီမှာ ယင်း၏ကြွေးမြီများကို ပေးဆပ်နိုင်ခြင်းရှိမရှိဟူသည့် ကိစ္စရပ်ကို ဆုံးဖြတ်သည့်အခါတွင် တရားရုံးသည် ကုမ္ပဏီ၏ ဖြစ်ပေါ်လာဖွယ်ရှိသည့် တာဝန်ရှိမှုများကို ထည့်သွင်းသုံးသပ်ရမည်။ ( ခ ) ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် (၁) တွင် ဖော်ပြပါရှိသည့် တောင်းဆိုချက်ကို မြီရှင်၏ ကိုယ်စား တရားဝင်အခွင့်အာဏာအပ်နှင်းခြင်းခံရသော ကိုယ်စားလှယ် သို့မဟုတ် ဥပဒေအကြံပေး တစ်ဦးက လက်မှတ်ရေးထိုးခဲ့လျှင် သို့မဟုတ် လုပ်ငန်းစုတစ်ရပ်ဖြစ်သည့်အခါတွင် ထိုလုပ်ငန်းစု၏ ကိုယ်စားအဖြစ် ကိုယ်စားလှယ် သို့မဟုတ် ဥပဒေအကြံပေး သို့မဟုတ် လုပ်ငန်းစု၏အဖွဲ့ဝင်တစ်ဦးဦးက လက်မှတ်ရေးထိုးခဲ့လျှင် မြီရှင်ကိုယ်တိုင် တရားဝင် ပေးအပ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု မှတ်ယူရမည်။ လက်အောက်ခံတရားရုံးသို့ လွှဲအပ်ဆောင်ရွက်နိုင်သည့် ကုမ္ပဏီဖျက်သိမ်းခြင်းများအကြောင်း ၃၀၀။ တရားရုံးသည် ကုမ္ပဏီတစ်ခုအားဖျက်သိမ်းရန်အတွက် ဤဥပဒေအရ အမိန့်တစ်ရပ် ချမှတ် သည့်အခါ ယင်းက သင့်သည်ထင်မြင်သည့်အတိုင်း လက်အောက်ခံတရားရုံးတစ်ခုခုတွင် ဆက်လက် စစ်ဆေးကြားနာစေရန် ညွှန်ကြားနိုင်သည်။ ထိုသို့လက်ခံဆောင်ရွက်ရသည့် လက်အောက်ခံတရားရုံးကို ကုမ္ပဏီဖျက်သိမ်းရန်ကိစ္စရပ်အတွက် ဤဥပဒေတွင် ဖော်ပြထားသော “တရားရုံး” ဖြစ်သည်ဟု မှတ်ယူ ရမည်ဖြစ်ပြီး ကုမ္ပဏီဖျက်သိမ်းရန် ကိစ္စရပ်အတွက် တရားရုံး၏ စီရင်ပိုင်ခွင့်နှင့် အခွင့်အာဏာများ ရရှိ စေရမည်။ ကုမ္ပဏီဖျက်သိမ်းရန်ကိစ္စရပ်ကို တရားရုံးတစ်ခုမှ အခြားတရားရုံးတစ်ခုသို့ လွှဲပြောင်းခြင်း ၃၀၁။ တရားရုံးတစ်ခုခုတွင် ကုမ္ပဏီဖျက်သိမ်းရန် ကိစ္စရပ်တစ်ခုကို ဆောင်ရွက်နေသည့်ကာလအတွင်း ကုမ္ပဏီဖျက်သိမ်းရန်ကိစ္စရပ်ကို စစ်ဆေးစီရင်ခွင့်ရှိသော အခြားတရားရုံးတစ်ခုခုတွင် တရားစွဲဆို စစ်ဆေးခြင်းသည် ပိုမို၍အဆင်ပြေလွယ်ကူစေမည်ဖြစ်ကြောင်း တရားရုံးကတွေ့ရှိလျှင် ယင်းသည် အခြားတရားရုံးတစ်ခုသို့ လွှဲပြောင်းပေးနိုင်ပြီး ကုမ္ပဏီဖျက်သိမ်းရန်ကိစ္စရပ်ကို အဆိုပါ လွှဲပြောင်းလက်ခံ ရရှိသည့်တရားရုံး၌ ဆက်လက်ဆောင်ရွက်ရမည်။ ကုမ္ပဏီဖျက်သိမ်းရန်အတွက် လျှောက်ထားခြင်းများနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ ၃၀၂။ ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းရန်အတွက် တရားရုံးသို့ လျှောက်ထားမှုတစ်ရပ်ကို ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီကဖြစ်စေ၊ ဖြစ်ပေါ်လာမည့် သို့မဟုတ် အလားအလာရှိသည့် မြီရှင် သို့မဟုတ် မြီရှင်များ အပါအဝင် မြီရှင်တစ်ဦး သို့မဟုတ် မြီရှင်များကဖြစ်စေ၊ ကြွေးမြီပေးဆပ်ရသူ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများကဖြစ်စေ၊ ယင်းတို့အားလုံး သို့မဟုတ် တစ်ဦးဦးကဖြစ်စေ စုပေါင်း၍ သော်လည်းကောင်း၊ သီးခြားစီဖြင့်သော်လည်းကောင်း သို့မဟုတ် မှတ်ပုံတင်အရာရှိကဖြစ်စေ လျှောက်လွှာဖြင့် တင်ပြဆောင်ရွက်ရမည်။ သို့ရာတွင် – (က) ကြွေးမြီပေးဆပ်ရသူတစ်ဦးသည် ၎င်းနှင့် သက်ဆိုင်သည့် အစုရှယ်ယာများ သို့မဟုတ် အစုရှယ်ယာအချို့ကို ကုမ္ပဏီအားဖျက်သိမ်းမှု စတင်ခြင်းမပြုမီ ၁၈ လအတွင်း အနည်းဆုံး ခြောက်လအထိ ၎င်းထံသို့ မူလကပင်ထုတ်ဝေထားပြီးဖြစ်ခြင်း သို့မဟုတ် ၎င်းက ပိုင်ဆိုင်ထားပြီးဖြစ်ခြင်း၊ ၎င်းအမည်ဖြင့် မှတ်ပုံတင်ထားပြီးဖြစ်ခြင်း သို့မဟုတ် ယခင် ပိုင်ရှင်သေဆုံးခဲ့သဖြင့် ၎င်းထံသို့ လွှဲပြောင်းပေးခြင်းမရှိခဲ့လျှင် ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းရန်အတွက် လျှောက်လွှာတင်ပြခွင့်မရှိစေရ။ ( ခ ) အောက်ပါအကြောင်းအရာများ ပေါ်ပေါက်ခြင်းမရှိလျှင် မှတ်ပုံတင်အရာရှိသည် ကုမ္ပဏီ တစ်ခုကိုဖျက်သိမ်းရန်အတွက် လျှောက်လွှာတင်ပြခွင့်မရှိစေရ – (၁) ကုမ္ပဏီ၏ လက်ကျန်ရှင်းတမ်း (balance sheet) တွင် သို့မဟုတ် ပုဒ်မ ၂၇၁ အရ ခန့်အပ်ထားသည့် စစ်ဆေးသူတစ်ဦးဦး၏ အစီရင်ခံစာတွင် ထုတ်ဖော်တင်ပြ ထားသည့် ကုမ္ပဏီ၏ဘဏ္ဍာရေးဆိုင်ရာအခြေအနေအရ ၎င်း၏ကြွေးမြီများကို ပေးဆပ်နိုင်ခြင်းမရှိဟု ပေါ်ပေါက်လျှင်၊ ၎င်းအပြင် လျှောက်လွှာတင်ပြရန်အတွက် ပြည်ထောင်စုဝန်ကြီး၏ ကြိုတင်ခွင့်ပြုချက်ကို ရယူထားလျှင်၊ သို့ရာတွင် ကုမ္ပဏီသည် ကြားနာသည့်အခွင့်အရေးကို ဦးစွာ မရရှိခဲ့လျှင် အဆိုပါ ခွင့်ပြုချက်ကို ပေးအပ်ခြင်းမပြုရ။ (ဂ ) ဥပဒေအရ လိုက်နာဆောင်ရွက်ရသော အစီရင်ခံစာများ တင်ပြရာတွင်ဖြစ်စေ၊ ဥပဒေအရ လိုက်နာဆောင်ရွက်ရသော အစည်းအဝေးများကို ကျင်းပရာတွင်ဖြစ်စေ ပျက်ကွက်မှု ရှိခဲ့သည့်အကြောင်းကြောင့် ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းရန်အတွက် လျှောက်လွှာ တင်ပြခြင်းကို အစည်းအဝေးကျင်းပရမည့် နောက်ဆုံးနေ့ရက်မှ ၁၄ ရက်ထက် ကျော်လွန်ပြီး အစုရှယ်ယာရှင်က တင်ပြခြင်းမှတစ်ပါး အခြားသူတစ်ဦးဦးက တင်ပြခြင်းမပြုရ။ (ဃ) တရားရုံးသည် ယင်းက သင့်သည်ထင်မြင်သည့်အတိုင်း အမှုအတွက် ကုန်ကျစရိတ်အပေါ် အာမခံတင်သွင်းသည့် ကာလအထိ သို့မဟုတ် ကုမ္ပဏီဖျက်သိမ်းရန်အတွက် စွဲချက်တင်နိုင် လောက်အောင် မြင်သာသော အထောက်အထားရှိသည့်အမှုဖြစ်ကြောင်း တရားရုံးအနေဖြင့် လက်ခံနိုင်သည့်ကာလအထိ ဖြစ်ပေါ်လာမည့် သို့မဟုတ် အလားအလာရှိသည့် မြီရှင်က တင်ပြသော ကုမ္ပဏီဖျက်သိမ်းရန်အတွက် လျှောက်ထားမှုကို ကြားနာခြင်းမပြုရ။ ကုမ္ပဏီဖျက်သိမ်းရန်အမိန့်၏ အကျိုးသက်ရောက်မှု ၊ ၃၀၃။ ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းရန်အတွက် အမိန့်တစ်ရပ်သည် မြီရှင်တစ်ဦးဦးနှင့် ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးတို့က ပူးတွဲတင်ပြသည့်လျှောက်လွှာအပေါ်တွင် ချမှတ်သည့်အမိန့်တစ်ရပ်အဖြစ် မြီရှင်များ အားလုံးနှင့် ကြွေးမြီပေးဆပ်ရသူများ အားလုံးတို့အတွက် အကျိုးသက်ရောက်စေရမည်။ တရားရုံးက ကုမ္ပဏီဖျက်သိမ်းခြင်း စတင်သည့်အချိန် ၃၀၄။ တရားရုံးက ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းခြင်းသည် ကုမ္ပဏီဖျက်သိမ်းရန်အတွက် လျှောက်လွှာ တင်ပြသည့်အချိန်မှ စတင်သည်ဟု မှတ်ယူရမည်။ တရားရုံးက တားမြစ်သည့်အမိန့်များ ထုတ်ဆင့်နိုင်ခြင်း ၃၀၅။ ဤဥပဒေအရ ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းရန်အတွက် လျှောက်လွှာတင်ပြပြီးနောက် သို့မဟုတ် ကုမ္ပဏီဖျက်သိမ်းရန်အတွက် အမိန့်တစ်ရပ်ကိုချမှတ်ခြင်းမပြုမီ မည်သည့်အချိန်တွင်မဆို ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီ၏မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူတစ်ဦးဦးက လျှောက်ထားတင်ပြလာလျှင် တရားရုံးသည် သင့်သည်ထင်မြင်သည့် စည်းကမ်းချက်များဖြင့် ကုမ္ပဏီအပေါ် တရားစွဲဆိုမှု သို့မဟုတ် စစ်ဆေးဆောင်ရွက်မှု တစ်ရပ်ရပ်တွင် ထပ်မံစစ်ဆေးဆောင်ရွက်မှုများကို ရပ်ဆိုင်းထားနိုင်သည်။ လျှောက်ထားမှုကို ကြားနာခြင်းနှင့် စပ်လျဉ်းသည့် တရားရုံး၏ အခွင့်အာဏာ ၃၀၆။ (က) လျှောက်ထားမှုကို ကြားနာသည့်အခါ တရားရုံးသည် သင့်သည်ထင်မြင်လျှင် စရိတ်နှင့်ဖြစ်စေ၊ စရိတ်မပါဘဲဖြစ်စေ အဆိုပါလျှောက်လွှာအား ပလပ်နိုင်သည် သို့မဟုတ် ခြွင်းချက်ဖြင့် ဖြစ်စေ၊ ခြွင်းချက်မပါရှိဘဲလျက်ဖြင့်ဖြစ်စေ ကြားနာခြင်းကိုရွှေ့ဆိုင်းနိုင်သည် သို့မဟုတ် ကြားဖြတ်အမိန့်တစ်ရပ်ရပ် သို့မဟုတ် အခြားအမိန့်တစ်ရပ်ရပ်ကို တရားရုံးက သင့်လျော် သည်ဟုထင်မြင်သည့်အတိုင်း ချမှတ်နိုင်သည်။ သို့သော် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များနှင့် ညီမျှသော သို့မဟုတ် ပိုမိုသောပမာဏအထိ ထိုရရန်ပိုင်ခွင့်များကို ပေါင်နှံထားသည် သို့မဟုတ် ကုမ္ပဏီတွင် ရရန်ပိုင်ခွင့်များမရှိဟူသော အကြောင်းမျှဖြင့် တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်တစ်ရပ်ကို ချမှတ်ရန်အတွက် ငြင်းပယ်ခြင်းမပြုရ။ ( ခ) ဥပဒေအရလိုက်နာဆောင်ရွက်ရသော အစီရင်ခံစာများတင်ပြရာတွင်ဖြစ်စေ၊ အစည်းအဝေး များကိုကျင်းပရာတွင်ဖြစ်စေ ပျက်ကွက်မှုရှိခဲ့သည့်အကြောင်းကြောင့် ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းရန်အတွက် လျှောက်လွှာတင်ပြလာခြင်းဖြစ်လျှင် တရားရုံးသည် သင့်သည် ထင်မြင်သည့်အတိုင်း ပျက်ကွက်မှုနှင့်သက်ဆိုင်သော တာဝန်ရှိသူများကပေးချေရမည့် ကုန်ကျစရိတ်များအတွက် အမိန့်တစ်ရပ်ချမှတ်နိုင်သည်။ (ဂ) တရားရုံးသည် ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းရန်အတွက် အမိန့်တစ်ရပ်ချမှတ်သည့်အခါ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိတစ်ဦးအား တစ်ပြိုင်တည်း ခန့်အပ်ခြင်းမှအပ အဆိုပါ အမိန့်ကို တရားဝင်ခန့်အပ်ထားသည့် ပစ္စည်းလက်ခံထိန်းသိမ်းသူထံသို့ပေးပို့ရမည်။ ကုမ္ပဏီဖျက်သိမ်းသည့်အမိန့်နှင့်စပ်လျဉ်း၍ ဆိုင်းငံ့ထားသည့် အမှုများ ၃၀၇။ ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်တစ်ရပ်ကို ချမှတ်ပြီးသည့်အခါတွင် သို့မဟုတ် ယာယီစာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိတစ်ဦးကို ခန့်အပ်ပြီးသည့်အခါတွင် တရားရုံးကသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ တရားရုံး၏ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခြင်းမှတစ်ပါး ကုမ္ပဏီအပေါ် တရားစွဲဆိုမှု သို့မဟုတ် တရားစွဲဆို ဆောင်ရွက်မှုတို့ကို ဆက်လက်ဆောင်ရွက်ခြင်း သို့မဟုတ် စတင်စွဲဆိုခြင်းမပြုလုပ်ရ။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ လစ်လပ်ခြင်း ၃၀၈။ (က) ဤဥပဒေတွင် ဖော်ပြပါရှိသည့် ကိစ္စရပ်များအတွက် တရားရုံးက ကုမ္ပဏီများကို ဖျက်သိမ်းခြင်းနှင့် သက်ဆိုင်သည့်အခါ “တရားဝင်ခန့်အပ်ထားသည့် ပစ္စည်းလက်ခံ ထိန်းသိမ်းသူ” ဆိုသည်မှာ တရားရုံးတွင် တွဲဖက်တာဝန်ထမ်းဆောင်နေသည့် တရားဝင် ခန့်အပ်ထားသည့် ပစ္စည်းလက်ခံထိန်းသိမ်းသူကိုဆိုသည်။ သို့မဟုတ် အဆိုပါတရားဝင် ခန့်အပ်ထားသည့် ပစ္စည်းလက်ခံထိန်းသိမ်းသူမရှိခဲ့လျှင် ပြည်ထောင်စုဝန်ကြီးက ဤကိစ္စရပ်အတွက် နိုင်ငံတော်ပြန်တမ်းတွင် အမိန့်ကြော်ငြာစာဖြင့် ထည့်သွင်းဖော်ပြ၍ ခန့်အပ်ထားသည့် ပုဂ္ဂိုလ်တစ်ဦးဦးကိုဆိုလိုသည်။ ( ခ) ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်တစ်ရပ်ကို ချမှတ်သည့်အခါတွင် တရားဝင်ခန့်အပ်ထားသည့် ပစ္စည်းလက်ခံထိန်းသိမ်းသူသည် ကုမ္ပဏီ၏ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိ ဖြစ်စေရမည့်အပြင် တရားရုံး၏ အမိန့်တစ်ရပ်ရပ်ဖြင့်ရပ်စဲခြင်း မပြုသည်အထိ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ဆက်လက်ဆောင်ရွက်ရမည်။ (ဂ) တရားဝင်ခန့်အပ်ထားသည့် ပစ္စည်းလက်ခံထိန်းသိမ်းသူသည် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိတစ်ဦးအဖြစ် ကုမ္ပဏီ၏ စာရင်းစာအုပ်များ၊ စာရွက်စာတမ်းများနှင့် ရရန်ပိုင်ခွင့်များအားလုံးကို ထိန်းသိမ်းထားရှိရမည်ဖြစ်ပြီး အဆိုပါ ထိန်းသိမ်းထားရှိသည့် ပစ္စည်းများအားလုံးကို ကြီးကြပ်ဆောင်ရွက်ခွင့်ရှိသည်။ (ဃ) တရားဝင်ခန့်အပ်ထားသည့် ပစ္စည်းလက်ခံထိန်းသိမ်းသူသည် တရားရုံးက သတ်မှတ် ပေးသည့် အခကြေးငွေကို ခံစားခွင့်ရှိသည်။ ကုမ္ပဏီဖျက်သိမ်းသည့်အမိန့်၏ မိတ္တူကို မှတ်ပုံတင်အရာရှိထံသို့ တင်ပြရခြင်း ၃၀၉။ (က) ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်တစ်ရပ်ကို ချမှတ်သည့်အခါတွင် ကုမ္ပဏီဖျက်သိမ်းပေးရန် တရားစွဲဆိုသည့်အမှုမှ လျှောက်ထားသူနှင့် ကုမ္ပဏီတို့သည် အဆိုပါအမိန့်အား ချမှတ်သည့် နေ့ရက်မှ တစ်လအတွင်း ထိုအမိန့်၏မိတ္တုတစ်စောင်ကို မှတ်ပုံတင်အရာရှိထံသို့ တင်ပြရန် တာဝန်ရှိသည်။ ( ခ ) ကုမ္ပဏီဖျက်သိမ်းသည့်အမိန့်၏ မိတ္တု တစ်စောင်ကို တင်ပြသည့်အခါတွင် မှတ်ပုံတင် အရာရှိသည် ကုမ္ပဏီနှင့်သက်ဆိုင်သည့် စာရင်းစာအုပ်တွင် အဆိုပါ အချက်အလက်အား မှတ်တမ်းတင်ထားရှိရမည့်အပြင် အဆိုပါအမိန့်အား ချမှတ်ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံတော် ပြန်တမ်းတွင် ထည့်သွင်းဖော်ပြရမည်။ (ဂ ) ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သည့်အခါမှတစ်ပါး အဆိုပါ အမိန့်သည်ကုမ္ပဏီ၏ ဝန်ထမ်းများသို့ ပေးပို့သည့်အကြောင်းကြားစာအဖြစ် မှတ်ယူရမည်။ ကုမ္ပဏီဖျက်သိမ်းခြင်းကို ဆိုင်းငံ့ထားနိုင်သည့် တရားရုံး၏ အခွင့်အာဏာ ၃၁၀။ ကုမ္ပဏီဖျက်သိမ်းခြင်းနှင့် စပ်လျဉ်းသည့် စစ်ဆေးဆောင်ရွက်မှုများအားလုံးကို ဆိုင်းငံ့ထား သင့်ကြောင်း မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူတစ်ဦးဦးက လျှောက်ထားတင်ပြလာလျှင် သို့မဟုတ် ထိုသို့ဆိုင်းငံ့ထားသင့်ကြောင်း တရားရုံးက ကျေနပ်လက်ခံနိုင်သည့် အထောက်အထားများရှိလျှင် တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းသည့်အမိန့်တစ်ရပ်ကို ချမှတ်ပြီးနောက် မည်သည့်အချိန်တွင်မဆို တရားရုံးက သင့်သည်ထင်မြင်သည့် စည်းကမ်းချက်များဖြင့် အားလုံးကိုဖြစ်စေ သို့မဟုတ် သတ်မှတ်ကာလ တစ်ရပ်ရပ်အတွက်ဖြစ်စေ တရားစွဲဆိုဆောင်ရွက်မှုများကို ဆိုင်းငံ့ထားရန် အမိန့်တစ်ရပ်ချမှတ်နိုင်သည်။ မြီရှင်များ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများ၏ သဘောဆန္ဒကို တရားရုံးက လက်ခံပေးနိုင်ခြင်း ၃၁၁။ တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းခြင်းနှင့် စပ်လျဉ်းသည့်ကိစ္စရပ်အားလုံးတွင် လုံလောက်သည့် အထောက်အထားတစ်ရပ်ရပ်ဖြင့် ၎င်းထံတင်ပြစေနိုင်သကဲ့သို့ မြီရှင်များနှင့် ကြွေးမြီပေးဆပ်ရသူများ၏ သဘောဆန္ဒများကို ထည့်သွင်းစဉ်းစားနိုင်သည်။ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအားခန့်အပ်ခြင်း ၃၁၂။ (က) ကုမ္ပဏီဖျက်သိမ်းခြင်းနှင့် စပ်လျဉ်းသည့် တရားစွဲဆိုဆောင်ရွက်မှုများကို ပြုလုပ်ရန်အတွက် လည်းကောင်း၊ တရားရုံးက ချမှတ်မည့်တာဝန်များကို ထမ်းဆောင်ရန်အတွက်လည်းကောင်း၊ တရားရုံးသည် တရားဝင်ခန့်အပ်ထားသည့် ပစ္စည်းလက်ခံထိန်းသိမ်းသူမှအပ အခြားသူ တစ်ဦးဦး သို့မဟုတ် အခြားသူများကို တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိတစ်ဦး သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိများအဖြစ် ခန့်အပ်နိုင်သည်။ ( ခ ) တရားရုံးသည် တင်ပြလျှောက်ထားမှု တစ်ရပ်ရပ်ကို လက်ခံရရှိပြီးနောက် ကုမ္ပဏီ ဖျက်သိမ်းသည့်အမိန့်တစ်ရပ်ကို ချမှတ်ခြင်းမပြုရသေးမီ မည်သည့်အချိန်တွင်မဆို အဆိုပါ ခန့်အပ်မှုကို ယာယီအားဖြင့် သတ်မှတ်နိုင်သည်။ သို့သော် တရားရုံးသည် အကြောင်းကြားစာ မပေးပို့သင့်ကြောင်း မှတ်တမ်းတင်ထားနိုင်သည့် အကြောင်းအချက်များမရှိမှသာ အဆိုပါ ခန့်အပ်မှုအားမပြုလုပ်မီ ကုမ္ပဏီသို့ အကြောင်းကြားစာပေးပို့ရမည်။ (ဂ) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအား တစ်ဦးထက် ပိုမို၍ခန့်ထားခဲ့လျှင် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက ဤဥပဒေအရ ဆောင်ရွက်မှုတစ်စုံတစ်ရာကို ပြုလုပ်ရန်လိုအပ်ခြင်း သို့မဟုတ် ပြုလုပ်ရန် အခွင့်အာဏာအပ်နှင်းထားခြင်းတို့ကို အဆိုပါ ပုဂ္ဂိုလ်အားလုံးကဖြစ်စေ၊ တစ်ဦးဦးကဖြစ်စေ၊ အချို့ကဖြစ်စေ မည်သူကပြုလုပ်ရမည်ဖြစ်ကြောင်း တရားရုံးက ကြေညာရမည်။ (ဃ) တရားရုံးသည် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ တစ်ဦးဦးက ၎င်းအားခန့်အပ်မှုနှင့်စပ်လျဉ်း၍ အာမခံချက်တစ်ရပ်ရပ်ထားရှိရန် လိုမလိုနှင့် မည်သည့်အာမခံချက်ကို ထားရှိရမည်တို့ကို ဆုံးဖြတ်နိုင်သည်။ ( င ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိတစ်ဦးအား ခန့်အပ်ပြီးနောက်ပိုင်းတွင် ထိုသို့ ခန့်အပ်မှုနှင့်စပ်လျဉ်းသည့် ချို့ယွင်းချက်တစ်ရပ်ရပ်အား တွေ့ရှိစေကာမူ ၎င်း၏ပြုလုပ် ဆောင်ရွက်ချက်များသည် တရားဝင်စေရမည်။ သို့ရာတွင် ဤပုဒ်မခွဲတွင် ဖော်ပြပါရှိသော မည်သည့် ပြဋ္ဌာန်းချက်ကမျှ ၎င်းအားခန့်အပ်မှုသည် တရားဝင်ခြင်းမရှိကြောင်း ဖော်ပြပြီး နောက်ပိုင်း၌ အဆိုပါ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ ပြုလုပ် ဆောင်ရွက်ချက်များသည် တရားဝင်သည်ဟု မှတ်ယူခြင်းမရှိစေရ။( စ ) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ လက်ဝယ်ရှိ ရရန် ပိုင်ခွင့်များနှင့်စပ်လျဉ်း၍ ပစ္စည်းလက်ခံထိန်းသိမ်းသူတစ်ဦးကို ခန့်အပ်ခြင်းမပြုရ။ နုတ်ထွက်ခြင်း၊ ထုတ်ပယ်ခြင်း၊ လစ်လပ်နေရာများအား ဖြည့်စွက်ခန့်ထားခြင်းနှင့်လျော်ကြေးပေးခြင်း ၃၁၃။ (က) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိတစ်ဦးဦးသည် နုတ်ထွက်ခွင့်ရှိသည် သို့မဟုတ် ခိုင်လုံသည့်အကြောင်းအချက်များ တင်ပြနိုင်လျှင် တရားရုံးက ၎င်းကို ထုတ်ပယ်နိုင်သည်။ ( ခ ) တရားရုံးက တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိတစ်ဦးဦး လစ်လပ်သွားသည့်နေရာတွင် ဖြည့်စွက်ခန့်ထားနိုင်သည်။ လစ်လပ်သည့်နေရာတွင် ထိုသို့ ဖြည့်စွက်ခန့်ထားသည့် ကာလအထိ တရားဝင်ခန့်အပ်ထားသည့် ပစ္စည်းလက်ခံ ထိန်းသိမ်းသူသည် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ အဖြစ်ဆောင်ရွက်ရမည်။ (ဂ) တရားရုံးက သင့်သည်ထင်မြင်သည့်အတိုင်း ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ အခြားနည်းလမ်း တစ်ရပ်ရပ်ဖြင့်လည်းကောင်း တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသို့ လစာ သို့မဟုတ် အခကြေးငွေပေးရန် ညွှန်ကြားရမည်။ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိတစ်ဦးထက် ပိုမိုခန့်ထားခဲ့လျှင် တရားရုံးကညွှန်ကြားသည့် အချိုးအစား ပမာဏအတိုင်း အဆိုပါ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိများထံသို့ အခကြေးငွေကို ခွဲဝေပေးရမည်။ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ ၃၁၄။ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကို ၎င်းအားခန့်အပ်ခြင်းနှင့် သက်ဆိုင်သည့်ကုမ္ပဏီ၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ်သာ ဖော်ပြရမည်ဖြစ်ပြီး ၎င်း၏ ကိုယ်ပိုင်အမည်ဖြင့် ဖော်ပြခြင်းမပြုရ။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံသို့ ဆောင်ရွက်ရမည့် ကိစ္စရပ်များကို တင်ပြရခြင်း ၃၁၅။ (က) တရားရုံးက ကုမ္ပဏီဖျက်သိမ်းသည့်အမိန့်တစ်ရပ်ကို ချမှတ်ပြီးသည့်အခါ သို့မဟုတ် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကို ယာယီအားဖြင့် ခန့်အပ်ပြီးသည့်အခါ တရားရုံးကအခြားအမိန့်တစ်စုံတစ်ရာကို ချမှတ်ရန် လိုအပ်သည်ဟု မယူဆလျှင် အောက်ပါအချက်အလက်များပါဝင်ပြီး ကျမ်းကျိန်ချက်ဖြင့် အတည်ပြု ထားသော ကုမ္ပဏီ၏ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ရေးသားဖော်ပြချက်တစ်စောင်ကို တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံသို့ ပြုစုတင်ပြ ရမည်(၁) လက်ဝယ်ရှိ ငွေသားလက်ကျန်ရှင်းတမ်းနှင့် ဘဏ်ရှိ ငွေသားစာရင်းများရှိခဲ့လျှင် ၎င်းငွေသားစာရင်းများကို သီးခြားစီဖော်ပြလျက် ကုမ္ပဏီ၏ရရန်ပိုင်ခွင့်များ၊ (၂) ကြွေးမြီများနှင့် တာဝန်ရှိမှုများ၊ (၃) အာမခံထားရှိသော ကြွေးမြီများနှင့် အာမခံထားရှိခြင်းမရှိသော ကြွေးမြီများ၏ ပမာဏကိုသီးခြားစီဖော်ပြလျက် မြီရှင်များ၏အမည်များ၊ နေရပ်လိပ်စာများနှင့် အလုပ်အကိုင်များ၊ အာမခံထားရှိသော ကြွေးမြီများဖြစ်လျှင် ငွေချေးသက်သေခံ လက်မှတ်များ၏အချက်အလက်များ ယင်းတို့၏တန်ဖိုးနှင့် ယင်းတို့အားထုတ်ဝေ ခဲ့သည့်နေ့စွဲများနှင့် (၄) ကုမ္ပဏီသို့ ကြွေးမြီပေးဆပ်ရန် တာဝန်ရှိသူများ၏ အမည်များ၊ နေရပ်လိပ်စာများနှင့် အလုပ်အကိုင်များ၊ ထိုသို့ပေးဆပ်နိုင်မည့်ပမာဏ။ ( ခ ) ထိုရေးသားဖော်ပြချက်အား သက်ဆိုင်သည့်နေ့ရက်၌ တာဝန်ထမ်းဆောင်လျက်ရှိသူ ဒါရိုက်တာတစ်ဦး သို့မဟုတ် ဒါရိုက်တာများကသော်လည်းကောင်း၊ ကုမ္ပဏီ၏ အတွင်းရေးမှူးကသော်လည်းကောင်း၊ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိအဖြစ် အောက်ပါပြဋ္ဌာန်းချက်များတွင် ဖော်ပြပါရှိသူများက သော်လည်းကောင်း တရားရုံး၏ညွှန်ကြားချက်နှင့်အညီ မှန်ကန်ကြောင်းအတည်ပြု၍ တင်ပြ ရမည့်အပြင် အောက်ပါပုဂ္ဂိုလ်များကိုလည်း ရေးသားဖော်ပြချက်အား မှန်ကန်ကြောင်း အတည်ပြု၍တင်ပြစေနိုင်သည် – (၁) ကုမ္ပဏီ၏ဒါရိုက်တာများ သို့မဟုတ် အရာရှိများအဖြစ် ဆောင်ရွက်သူများ သို့မဟုတ် ဆောင်ရွက်ခဲ့သူများ သို့မဟုတ် (၂) သက်ဆိုင်သည့် နေ့ရက်မှ တစ်နှစ်ကာလအတွင်း မည်သည့်အချိန်တွင်မဆို ကုမ္ပဏီဖွဲ့စည်းတည်ထောင်မှုတွင် ပါဝင်ခဲ့သူများ သို့မဟုတ် (၃) အဆိုပါနှစ်ကာလအတွင်း ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ သို့မဟုတ် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများနှင့် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက လိုအပ်သည့် သတင်းအချက်အလက်များကို ပေးနိုင်သူဟုယူဆသည့် ပုဂ္ဂိုလ်များ။ (ဂ ) ထိုရေးသားဖော်ပြချက်ကို သက်ဆိုင်သည့်နေ့ရက်မှ ၂၁ ရက်အတွင်း သို့မဟုတ် အထူးအကြောင်းရှိခဲ့လျှင် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိကဖြစ်စေ၊ တရားရုံးကဖြစ်စေ တိုးမြှင့်သတ်မှတ်ပေးသည့် ကာလအတွင်းတင်ပြရမည်။ ဤပုဒ်မပါ ပြဋ္ဌာန်းချက်များအရ လိုအပ်သော ရေးသားဖော်ပြချက်နှင့် ကျမ်းကျိန်လွှာ တို့ကို ပြုလုပ်သည့် သို့မဟုတ် ပြုလုပ်ရန် သဘောတူညီသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ သို့မဟုတ် ယာယီ ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များမှ ပြင်ဆင်ပြုလုပ် ဆောင်ရွက်ရာတွင် ကုန်ကျသည့်စရိတ်များကို သင့်လျော်သည့်ကုန်ကျစရိတ်များ ဖြစ်သည်ဟု သတ်မှတ်ခွင့်ပြု၍ ပေးချေနိုင်သည်။ ထိုကိစ္စရပ်တွင် တရားရုံးသို့ အယူခံ ဝင်ရောက်နိုင်သည်။ (င) ကုမ္ပဏီ၏ မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူတစ်ဦးဖြစ်ကြောင်း ကိုယ်တိုင်စာဖြင့် ရေးသားဖော်ပြသူတစ်ဦးဦးသည် ၎င်းကိုယ်တိုင်ဖြစ်စေ၊ ၎င်း၏ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ၊ သင့်လျော်သည့်အချိန်တိုင်းတွင် သတ်မှတ်ဖော်ပြထားသည့် အခကြေးငွေကိုပေးသွင်းလျက် ဤပုဒ်မအရတင်ပြသည့် ရေးသားဖော်ပြချက်ကို စစ်ဆေးကြည့်ရှုခြင်းနှင့် အဆိုပါ ရေးသား ဖော်ပြချက်၏ မိတ္တူ ကိုဖြစ်စေ၊ ကောက်နုတ်ချက်ကိုဖြစ်စေ ရယူခွင့်ရှိသည်။ ( စ ) ဤပုဒ်မပါ “သက်ဆိုင်သည့်နေ့ရက်” ဆိုသည်မှာ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိကို ယာယီခန့်အပ်ထားသည့်ကိစ္စရပ်တွင် ထိုသို့ခန့်အပ်သည့်နေ့ရက်နှင့် ထိုသို့ ခန့်အပ်ခြင်းမပြုသည့်ကိစ္စရပ်တွင် ကုမ္ပဏီဖျက်သိမ်းသည့်အမိန့်ကို ချမှတ်သည့်နေ့ရက် တို့ကို ဆိုသည်။ ၃၁၆။ မည်သူမဆို သင့်လျော်သည့် အကြောင်းအချက်မရှိဘဲ ပုဒ်မ ၃၁၅ ပါ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန် သိလျက်ဖြင့်တမင်ပျက်ကွက်လျှင် ဒဏ်ကြေးငွေ ကျပ်သိန်းတစ်ဆယ်ကို ပေးဆောင်ရမည်။ ၃၁၇။ မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူတစ်ဦးဖြစ်ကြောင်း မမှန်မကန် ကိုယ်တိုင်စာဖြင့် ရေးသား ဖော်ပြသူတစ်ဦးဦးသည် ရာဇသတ်ကြီးပုဒ်မ ၁၈၂ အရ ပြစ်မှုမြောက်ပြီး စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိကဖြစ်စေ၊ တရားဝင်ခန့်အပ်ထားသည့် ပစ္စည်းလက်ခံထိန်းသိမ်းသူကဖြစ်စေ လျှောက်ထား တင်ပြလာလျှင် အဆိုပါပြစ်မှုဖြင့် ပြစ်ဒဏ်ထိုက်သင့်စေရမည်။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ ရေးသားဖော်ပြချက် ၃၁၈။ (က) ကုမ္ပဏီဖျက်သိမ်းသည့်အမိန့်ကို ချမှတ်သည့်အခါ တရားဝင်ခန့်အပ်ထားသည့် စာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ပုဒ်မ ၃၁၅ အရတင်ပြသည့် ရေးသားဖော်ပြချက်အား လက်ခံရရှိပြီးနောက် အဆိုပါအမိန့်ကို ချမှတ်သည့်နေ့မှ လေးလထက်နောက် မကျစေဘဲ သို့မဟုတ် တရားရုံးကခွင့်ပြုလျှင် ခြောက်လထက်နောက်မကျစေဘဲ သို့မဟုတ် ရေးသား ဖော်ပြချက်တင်ပြရန် လိုအပ်ခြင်းမရှိကြောင်း တရားရုံးက အမိန့်ချမှတ်သည့် ကိစ္စရပ်တွင် အမိန့်ချမှတ်သည့်နေ့ရက်မှ အောက်ပါအချက်အလက်များပါဝင်သော ကနဦးအစီရင်ခံစာ တစ်စောင်ကို တရားရုံးသို့ ဆောလျင်စွာတင်ပြရမည် – (၁) အောက်ပါခေါင်းစဉ်များအလိုက် သီးခြားစီဖော်ပြပါရှိသော ထုတ်ဝေထားသည့် မတည်ငွေရင်းပမာဏ၊ ထည့်ဝင်ထားသည့် မတည်ငွေရင်းပမာဏ၊ ထည့်ဝင်ပြီး မတည်ငွေရင်းပမာဏ၊ ရရန်ပိုင်ခွင့်များနှင့် တာဝန်ရှိမှုများအတွက် ခန့်မှန်း တွက်ချက်မှုပမာဏ၊ (ကက) ငွေသားနှင့်လွှဲပြောင်းနိုင်သောငွေချေးသက်သေခံလက်မှတ်များ၊ ( ခခ ) ကြွေးမြီပေးဆပ်ရသူများထံမှ ရရှိမည့် ကြွေးမြီများ၊ ( ဂဂ ) ကုမ္ပဏီကရရှိမည့် ကြွေးမြီများနှင့် ကြွေးမြီပေးချရန်အာမခံချက်များရှိခဲ့လျှင်၊ (ဃဃ) ကုမ္ပဏီပိုင်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်းများနှင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများနှင့် ( cc ) ငွေပေးချေခြင်း မပြုရသေးသောထည့်ဝင်ရမည့်မတည်ငွေရင်း၊ (၂) ကုမ္ပဏီက လုပ်ငန်းအောင်မြင်မှုမရှိခဲ့လျှင် ထိုသို့ဖြစ်ရသည့်အကြောင်းများနှင့် (၃) ကုမ္ပဏီကို တည်ထောင်ခြင်းလုပ်ငန်းပြုလုပ်ခြင်း၊ ဖွဲ့စည်းခြင်း သို့မဟုတ် ကုမ္ပဏီ၏ လုပ်ငန်းအောင်မြင်မှုမရှိခြင်း၊ ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအပေါ် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ ထင်မြင်ချက်အရ ထပ်မံစိစစ်ရန် လိုအပ်ခြင်းရှိမရှိ။ (ခ) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ၎င်းအနေဖြင့် သင့်သည်ထင်မြင်လျှင် ကုမ္ပဏီအား ဖွဲ့စည်းတည်ထောင်ခဲ့သည့်အခြေအနေ၊ ကုမ္ပဏီကို တည်ထောင်ခြင်းလုပ်ငန်းပြုလုပ်ခြင်း သို့မဟုတ် ဖွဲ့စည်းခြင်းတွင် ပါဝင်သူတစ်ဦးဦး၊ ကုမ္ပဏီအား ဖွဲ့စည်းတည်ထောင်ပြီးနောက် ကုမ္ပဏီနှင့်စပ်လျဉ်း၍ ကုမ္ပဏီ၏ဒါရိုက်တာ တစ်ဦးဦး သို့မဟုတ် အရာရှိတစ်ဦးဦးက လိမ်လည်မှုတစ်ရပ်ရပ်ကို ကျူးလွန်ထားသည်ဟု ထင်မြင်ချက်နှင့် တရားရုံးကသိရှိရန် လိုအပ်သည်ဟု ထင်မြင်သော အခြားအကြောင်း အရာများကို ဖော်ပြထားသည့် အခြားအစီရင်ခံစာတစ်စောင် သို့မဟုတ် အစီရင်ခံစာများကိုလည်း တင်ပြနိုင်သည်။ ကုမ္ပဏီ၏ပစ္စည်းများကို ထိန်းသိမ်းထားရှိခြင်း ၃၁၉။ (က) ယာယီအားဖြင့် ခန့်အပ်ထားခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ကုမ္ပဏီကပိုင်ဆိုင်သည့် သို့မဟုတ် ပိုင်ဆိုင်ခွင့်ရှိသည့် ပစ္စည်းများ၊ ပိုင်ဆိုင်မှုများနှင့် တောင်းခံခွင့်ရှိသည်များအားလုံးကို ၎င်း၏ထိန်းသိမ်းမှု သို့မဟုတ် ကြီးကြပ်မှုအောက်တွင် ထားရှိရမည်။ (ခ ) ကုမ္ပဏီ၏ ပစ္စည်းများနှင့် ပိုင်ဆိုင်မှုများအားလုံးသည် ကုမ္ပဏီဖျက်သိမ်းသည့်အမိန့်အား ချမှတ်သည့်နေ့ရက်မှစတင်၍ တရားရုံး၏ ထိန်းသိမ်းမှုအောက်တွင်ထားရှိသည်ဟု မှတ်ယူ ရမည်။ စည်းမျဉ်းအရ ကုမ္ပဏီဖျက်သိမ်းခြင်းနှင့် သက်ဆိုင်သော စစ်ဆေးရေးကော်မတီ ၃၂၀။ (က) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် စာရင်းရှင်း လင်းဖျက်သိမ်းရေးအရာရှိနှင့်အတူ ဆောင်ရွက်နိုင်ရန်အတွက် စစ်ဆေးရေးကော်မတီ တစ်ရပ်ကို ခန့်အပ်မည်၊ မခန့်အပ်မည်ကိုလည်းကောင်း၊ ခန့်အပ်ခဲ့ပါက မည်သူများကို ကော်မတီ၏အဖွဲ့ဝင်များအဖြစ် ခန့်အပ်မည်ကိုသော်လည်းကောင်း ဆုံးဖြတ်နိုင်ရန်အလို့ငှာ ကုမ္ပဏီ၏ စာရင်းစာအုပ်များနှင့် စာရွက်စာတမ်းများတွင် သတ်မှတ်ဖော်ပြထားသည့်အတိုင်း ကုမ္ပဏီ၏မြီရှင်များ အစည်းအဝေးတစ်ရပ်ကို ကုမ္ပဏီဖျက်သိမ်းသည့်အမိန့်အား ချမှတ်သည့် နေ့ရက်မှ တစ်လအတွင်း ခေါ်ယူကျင်းပရမည်။ ( ခ ) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် မြီရှင်များ၏ ဆုံးဖြတ်ချက်များကို စဉ်းစားသုံးသပ်ရန်နှင့် အဆိုပါဆုံးဖြတ်ချက်များကို ပြင်ဆင်ချက်ဖြင့် လက်ခံရန် သို့မဟုတ် ပြင်ဆင်ချက်မပြုလုပ်ဘဲ လက်ခံရန်တို့အတွက် ကြွေးမြီပေးဆပ် ရသူများ၏ အစည်းအဝေးတစ်ရပ်ကို မြီရှင်များ၏အစည်းအဝေးအား ကျင်းပသည့် နေ့ရက်မှ ခုနစ်ရက်အတွင်း ခေါ်ယူကျင်းပရမည်။ ( ဂ ) ကြွေးမြီပေးဆပ်ရသူများသည် မြီရှင်များ၏ ဆုံးဖြတ်ချက်ကို အပြည့်အဝလက်ခံနိုင်ခြင်း မရှိပါက တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် စစ်ဆေးရေး ကော်မတီတစ်ရပ်ကို ခန့်အပ်ရန် လိုအပ်ခြင်း ရှိ မရှိ၊ လိုအပ်ခြင်းရှိပါက ထိုကော်မတီကို မည်သို့ဖွဲ့စည်းမည်နှင့် ထိုကော်မတီတွင် မည်သူများက အဖွဲ့ဝင်များအဖြစ် ပါဝင်ကြမည် တို့အပေါ် လမ်းညွှန်မှုပြုနိုင်ရန်အတွက် တရားရုံးသို့လျှောက်ထားရန် တာဝန်ရှိသည်။ (ဃ) ဤပုဒ်မအရ ခန့်အပ်သည့် စစ်ဆေးရေးကော်မတီတွင် ကုမ္ပဏီ၏ မြီရှင်များနှင့် ကြွေးမြီ ပေးဆပ်ရသူများ၊ သို့မဟုတ် မြီရှင်များနှင့် ကြွေးမြီပေးဆပ်ရသူများထံမှ အထွေထွေ သို့မဟုတ် အထူးကိုယ်စားလှယ်လွှဲစာများ ကိုင်ဆောင်ထားသည့်ပုဂ္ဂိုလ်များ ပါဝင်သော အဖွဲ့ဝင် ၁၂ ဦးထက် မပိုသောသူများဖြင့် ပါဝင်ဖွဲ့စည်းရမည်။ ယင်းအဖွဲ့ဝင်ဦးရေတွင် မြီရှင်များနှင့် ကြွေးမြီပေးဆပ်ရသူများ၏ အစည်းအဝေးများ၌ သဘောတူညီထားသော အချိုးအစားဖြင့် ပါဝင်ဖွဲ့စည်းနိုင်ပြီး ထိုသို့သဘောတူညီထားခြင်းမရှိပါက တရားရုံးက ဆုံးဖြတ်နိုင်သည်။ (င) စစ်ဆေးရေးကော်မတီသည် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ၏ စာရင်းများကို သင့်လျော်သည့် အချိန်တိုင်းတွင် စစ်ဆေးခွင့်ရှိသည်။( စ ) ကော်မတီသည် အခါအားလျော်စွာ သတ်မှတ်ထားသည့်အချိန်များတွင် တွေ့ဆုံကျင်းပရမည် ဖြစ်ပြီး ထိုသို့သတ်မှတ်ထားသည့် အချိန်ကာလမရှိပါက တစ်လလျှင် အနည်းဆုံးတစ်ကြိမ် တွေ့ဆုံကျင်းပရမည်။ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ သို့မဟုတ် ကော်မတီ၏ အဖွဲ့ဝင်တစ်ဦးဦးက လိုအပ်သည်ဟု ထင်မြင်သည့်အခါ ကော်မတီအစည်းအဝေး တစ်ရပ် ခေါ်ယူကျင်းပပေးရန် တင်ပြတောင်းဆိုနိုင်သည်။ (ဆ) ကော်မတီသည် အစည်းအဝေးတက်ရောက်သော အဖွဲ့ဝင်အများစုဖြင့် ဆုံးဖြတ်ဆောင်ရွက် ရမည်ဖြစ်ပြီး ကော်မတီ၏အဖွဲ့ဝင်အများစု မတက်ရောက်ခဲ့ပါက ထိုသို့ဆုံးဖြတ်ဆောင်ရွက်ခြင်း မပြုရ။ ကော်မတီအဖွဲ့ဝင်တစ်ဦးဦးသည် ၎င်းကိုယ်တိုင် စာဖြင့်ရေးသား လက်မှတ်ရေးထိုးထားသည့် အကြောင်းကြားစာကို စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံသို့ ပေးပို့၍ နုတ်ထွက် နိုင်သည်။ ကော်မတီအဖွဲ့ဝင်တစ်ဦးဦးသည် လူမွဲအဖြစ် ခံယူရခြင်း သို့မဟုတ် ၎င်း၏ မြီရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ရခြင်း သို့မဟုတ် အစီအစဉ်တစ်ရပ်ရပ်ပြုလုပ်ရခြင်း သို့မဟုတ် ၎င်းနှင့်အတူ မြီရှင်များ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများအား ကိုယ်စားပြုသည့် ကော်မတီအဖွဲ့ဝင်များ၏ ခွင့်ပြုချက်မရရှိဘဲ ကော်မတီအစည်းအဝေးများကို တက်ရောက်ရန် ငါးကြိမ်ဆက်တိုက် ပျက်ကွက်ခြင်းတို့ရှိခဲ့လျှင် ထိုကော်မတီအဖွဲ့ဝင်သည် လုပ်ငန်းခွင်မှ ပျက်ကွက်သည်ဟု သတ်မှတ်ရမည်။ (ည) ကော်မတီအဖွဲ့ဝင်တစ်ဦးသည် မြီရှင်များအားကိုယ်စားပြုလျှင် မြီရှင်များ၏ အစည်းအဝေး၌ လည်းကောင်း၊ ကြွေးမြီပေးဆပ်ရသူများအားကိုယ်စားပြုလျှင် ကြွေးမြီပေးဆပ်ရသူများ၏ အစည်းအဝေး၌လည်းကောင်း သာမန်ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်၍ ၎င်းကို ထုတ်ပယ် နိုင်သည်။ အဆိုပါ အစည်းအဝေးအတွက် ကျင်းပရသည့် ရည်ရွယ်ချက်အား ဖော်ပြပါရှိသည့် အကြောင်းကြားစာကို အနည်းဆုံး ခုနစ်ရက်ကြိုတင်ပေးပို့၍ ဆောင်ရွက်ရမည်။ (ဋ) ကော်မတီတွင် လစ်လပ်နေရာ ဖြစ်ပေါ်ပါက စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် အဆိုပါ လစ်လပ်နေရာတွင် ဖြည့်စွက်ခန့်ထားနိုင်ရေးအတွက် မြီရှင်များ၏ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများ၏ အစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပရမည်ဖြစ်ပြီး အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်၍ လစ်လပ်နေရာအား ဖြည့်စွက်ရန်အတွက် မူလကော်မတီအဖွဲ့ဝင်ကို ပြန်လည်ခန့်အပ်နိုင်သည် သို့မဟုတ် အခြားမြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးကို ခန့်အပ်နိုင်သည်။ (ဌ) ကော်မတီတွင် လစ်လပ်နေရာ တစ်ခုခုရှိနေစေကာမူ ကော်မတီ၏အဖွဲ့ဝင်များက နှစ်ဦးထက်မနည်းရှိပါက ဆက်လက်ဆောင်ရွက်နိုင်သည်။ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ လုပ်ပိုင်ခွင့်များ ၃၂၁။ တရားရုံး၏ ခွင့်ပြုချက်ဖြင့် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် အောက်ပါတို့ကို ဆောင်ရွက်ခွင့်ရှိသည် – (က) ကုမ္ပဏီ၏ အမည်ဖြင့်သော်လည်းကောင်း၊ ကုမ္ပဏီ၏ ကိုယ်စားသော်လည်းကောင်း တရားမမှု သို့မဟုတ် ပြစ်မှုဆိုင်ရာအမှုများနှင့် စပ်လျဉ်းသည့် တရားစွဲဆိုမှု သို့မဟုတ် စစ်ဆေး ဆောင်ရွက်မှုများတွင် စွဲဆိုဆောင်ရွက်ခြင်း သို့မဟုတ် ခုခံချေပခြင်း၊ ( ခ ) ကုမ္ပဏီကို အကျိုးရှိသည့်နည်းလမ်းဖြင့် ဖျက်သိမ်းရန် လိုအပ်သည့်အတိုင်းအတာအထိ ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ (ဂ) လေလံဖြင့်ဖြစ်စေ၊ သီးခြားပဋိညာဉ် စာချုပ်တစ်ရပ်ရပ်ဖြင့်ဖြစ်စေ ကုမ္ပဏီ၏ မရွှေ့မပြောင်း နိုင်သောပစ္စည်းများနှင့် ရွှေ့ပြောင်းနိုင်သောပစ္စည်းများကို ရောင်းချခြင်း၊ ထိုပစ္စည်းများကို ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် ကုမ္ပဏီတစ်ခုခုသို့ လွှဲပြောင်းပေးခြင်း သို့မဟုတ် ထိုပစ္စည်းများကို ပိုင်းခြား၍ ရောင်းချခြင်း၊ (ဃ) စာချုပ်စာတမ်းများ၊ လက်ခံပြေစာများနှင့် အခြားစာရွက်စာတမ်းများတွင် ကုမ္ပဏီ၏ အမည်နှင့် ကုမ္ပဏီ၏ကိုယ်စား ဆောင်ရွက်ခြင်းနှင့် လက်မှတ်ရေးထိုးချုပ်ဆိုခြင်း၊ ထိုကိစ္စရပ်များအတွက် လိုအပ်ပါက ကုမ္ပဏီ၏ ရုံးတံဆိပ်ကို အသုံးပြုခြင်း၊ (င ) ကြွေးမြီပေးဆပ်ရသူတစ်ဦးဦးက လူမွဲခံယူသည့်ကိစ္စရပ်တွင် ထိုသူ၏ပစ္စည်းများအပေါ် စာရင်းရှင်းလင်းဆောင်ရွက်ရန်အတွက် အတည်ပြုခြင်း၊ ရှင်းလင်းခြင်းနှင့် တောင်းဆိုခြင်း၊ အမြတ်ဝေစုများခွဲဝေခြင်းကို လက်ခံခြင်း၊ အဆိုပါ စာရင်းရှင်းတမ်းနှင့် စပ်လျဉ်း၍ လူမွဲခံယူသူထံမှ ရရန်ရှိသည့် သီးခြားကြွေးမြီများအဖြစ် အခြားမြီရှင်များနှင့် အချိုးကျ ရယူဆောင်ရွက်ခြင်း၊ ( စ ) ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းအနေဖြင့် ငွေလွှဲလက်မှတ် သို့မဟုတ် ငွေပေးချေရန် ကတိ စာချုပ်ကို ကုမ္ပဏီအနေဖြင့်ဖြစ်စေ၊ ကုမ္ပဏီ၏ ကိုယ်စားအနေဖြင့်ဖြစ်စေ ထုတ်ယူခြင်း လက်ခံခြင်း၊ ပြုလုပ်ခြင်းနှင့် အတည်ပြုထောက်ခံခြင်းတို့ကို ကုမ္ပဏီ၏တာဝန်ရှိမှုများနှင့် စပ်လျဉ်း၍ အလားတူအကျိုးသက်ရောက်မှုရှိ၍ ဆောင်ရွက်သကဲ့သို့ ငွေလွှဲလက်မှတ် သို့မဟုတ် ငွေပေးချေရန် ကတိစာချုပ်တစ်ရပ်ရပ်ကို ကုမ္ပဏီ၏ အမည်ဖြင့် သို့မဟုတ် ကုမ္ပဏီ၏ကိုယ်စား ထုတ်ယူခြင်း၊ လက်ခံခြင်း၊ ပြုလုပ်ခြင်းနှင့် အတည်ပြု ထောက်ခံခြင်း၊ (ဆ) ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များအပေါ် အာမခံထားရှိ၍ ငွေကြေးလိုအပ်ချက်တစ်ရပ်ရပ်ကို မြှင့်တင်ခြင်း၊ ( ဇ ) ကွယ်လွန်သွားသော ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးအပေါ် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိက ၎င်း၏အမည်ဖြင့် စီမံခန့်ခွဲခြင်းဆိုင်ရာစာကို ထုတ်ယူခြင်း၊ ယင်း၏အမည်ဖြင့် ကြွေးမြီပေးဆပ်ရသူတစ်ဦးဦး သို့မဟုတ် ၎င်း၏အမွေဆက်ခံသူထံမှ ရရန်ရှိသည့် ငွေကြေးများ ပေးချေမှုကိုရယူခြင်း သို့မဟုတ် ကုမ္ပဏီ၏အမည်ဖြင့် အဆင်ပြေစွာ ဆောင်ရွက်နိုင်ခြင်း မရှိသော ပစ္စည်းများကို ရယူခြင်းများအတွက် လိုအပ်သော ဆောင်ရွက်မှုများကို ပြုလုပ်ခြင်း၊ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက စီမံခန့်ခွဲခြင်းဆိုင်ရာ စာကို ထုတ်ယူရာတွင် လည်းကောင်း၊ ဖယ်ရှားဆောင်ရွက်ရာတွင်လည်းကောင်း၊ ငွေကြေးများကို ပြန်လည်ရယူရာတွင် လည်းကောင်း အဆိုပါကိစ္စရပ်များတွင် ပေးချေရမည့်ငွေကြေးကို စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိထံသို့ ပေးချေရမည်ဟု မှတ်ယူရမည်။ သို့ရာတွင် ဤ ပုဒ်မတွင်ပါရှိသည့် မည်သည့် ပြဋ္ဌာန်းချက်ကမျှ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အခွင့်အရေးများ၊ တာဝန်များနှင့် အကျိုးခံစားခွင့်များကို မထိခိုက်စေရ။ (ဈ) ကုမ္ပဏီကို ဖျက်သိမ်းရန်အတွက် လိုအပ်သော ကုမ္ပဏီ၏ ကိစ္စရပ်များ၊ ယင်း၏ ရရန် ပိုင်ခွင့်များကို ခွဲဝေပေးခြင်းများအတွက် အခြားလိုအပ်သည့် ကိစ္စရပ်များအားလုံးကို ဆောင်ရွက်ခြင်း။ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ ချင့်ချိန်ဆောင်ရွက်နိုင်မှုနှင့် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသို့ ဥပဒေဆိုင်ရာအကူအညီများ ပေးရေးအတွက် ပြဋ္ဌာန်းချက် ၃၂၂။ (က) တရားရုံးသည် အမိန့်တစ်ရပ်ထုတ်ပြန်၍ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိအား တရားရုံး၏ ခွင့်ပြုချက် သို့မဟုတ် ကြားဝင်ဆောင်ရွက်မှုမပါရှိဘဲ အထက်ဖော်ပြပါ လုပ်ပိုင်ခွင့်များတစ်ရပ်ရပ်ကို ကျင့်သုံးဆောင်ရွက်စေနိုင်သည်။ တရားဝင် ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကို ယာယီခန့်အပ်ထားသည့် ကိစ္စရပ်တွင် ၎င်းအား ခန့်အပ်သည့်အမိန့်ဖြင့် ၎င်း၏လုပ်ပိုင်ခွင့်များကို ကန့်သတ်တားမြစ် နိုင်သည်။ ( ခ) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ၎င်း၏တာဝန်များကို ထမ်းဆောင်ရာတွင် အကူအညီရရှိရန်အတွက် တရားရုံးများတွင် လိုက်ပါဆောင်ရွက်ခွင့် ရှိသော ရှေ့နေတစ်ဦးကို တရားရုံး၏ ခွင့်ပြုချက်ဖြင့် ခန့်ထားနိုင်သည်။ သို့ရာတွင် တရားဝင် ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ရှေ့နေတစ်ဦးဖြစ်ပါက ယင်း၏ တွဲဖက်လုပ်ကိုင်သူက အခကြေးငွေမယူဘဲ ဆောင်ရွက်ပေးရန် သဘောတူညီခြင်းမရှိလျှင် အဆိုပါ တွဲဖက်လုပ်ကိုင်သူကိုခန့်အပ်ခြင်းမပြုရ။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် အစည်းအဝေးဆောင်ရွက်မှုများပါရှိသော စာရင်းစာအုပ်များကို ထိန်းသိမ်းထားရှိရခြင်းနှင့် ၎င်း၏လက်ခံရရှိထားသော စာရင်းများကို တရားရုံးသို့တင်ပြရခြင်း ၃၂၃။ (က) တရားရုံးကဖျက်သိမ်းမည့် ကုမ္ပဏီတစ်ခု၏ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိသည် သတ်မှတ်ဖော်ပြထားသည့် နည်းလမ်းများနှင့်အညီ အစည်းအဝေး ဆောင်ရွက်မှုဆိုင်ရာ စာရင်းရေးသွင်းမှုများ သို့မဟုတ် အစည်းအဝေးမှတ်တမ်းများနှင့် အခြားသတ်မှတ်ဖော်ပြထားသည့် ကိစ္စရပ်များကို ပြုစုထားရှိရန် သင့်လျော်သည့် စာရင်း စာအုပ်များကို ထိန်းသိမ်းထားရှိရမည်ဖြစ်သည်။ မြီရှင် သို့မဟုတ် ကြွေးမြီ ပေးဆပ်ရသူ တစ်ဦးဦးသည် တရားရုံး၏ ကြီးကြပ်မှုဖြင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ် တစ်ဦးဖြင့်သော်လည်းကောင်း အဆိုပါ စာရင်းစာအုပ်များကို စစ်ဆေးကြည့်ရှုနိုင်သည်။တရားဝင် ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကို ယာယီခန့်အပ်ထားသည့် ကိစ္စရပ်တွင် ၎င်းအား ခန့်အပ်သည့်အမိန့်ဖြင့် ၎င်း၏လုပ်ပိုင်ခွင့်များကို ကန့်သတ်တားမြစ် နိုင်သည်။ ( ခ) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ၎င်း၏တာဝန်များကို ထမ်းဆောင်ရာတွင် အကူအညီရရှိရန်အတွက် တရားရုံးများတွင် လိုက်ပါဆောင်ရွက်ခွင့် ရှိသော ရှေ့နေတစ်ဦးကို တရားရုံး၏ ခွင့်ပြုချက်ဖြင့် ခန့်ထားနိုင်သည်။ သို့ရာတွင် တရားဝင် ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ရှေ့နေတစ်ဦးဖြစ်ပါက ယင်း၏ တွဲဖက်လုပ်ကိုင်သူက အခကြေးငွေမယူဘဲ ဆောင်ရွက်ပေးရန် သဘောတူညီခြင်းမရှိလျှင် အဆိုပါ တွဲဖက်လုပ်ကိုင်သူကိုခန့်အပ်ခြင်းမပြုရ။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် အစည်းအဝေးဆောင်ရွက်မှုများပါရှိသော စာရင်းစာအုပ်များကို ထိန်းသိမ်းထားရှိရခြင်းနှင့် ၎င်း၏လက်ခံရရှိထားသော စာရင်းများကို တရားရုံးသို့တင်ပြရခြင်း ၃၂၃။ (က) တရားရုံးကဖျက်သိမ်းမည့် ကုမ္ပဏီတစ်ခု၏ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိသည် သတ်မှတ်ဖော်ပြထားသည့် နည်းလမ်းများနှင့်အညီ အစည်းအဝေး ဆောင်ရွက်မှုဆိုင်ရာ စာရင်းရေးသွင်းမှုများ သို့မဟုတ် အစည်းအဝေးမှတ်တမ်းများနှင့် အခြားသတ်မှတ်ဖော်ပြထားသည့် ကိစ္စရပ်များကို ပြုစုထားရှိရန် သင့်လျော်သည့် စာရင်း စာအုပ်များကို ထိန်းသိမ်းထားရှိရမည်ဖြစ်သည်။ မြီရှင် သို့မဟုတ် ကြွေးမြီ ပေးဆပ်ရသူ တစ်ဦးဦးသည် တရားရုံး၏ ကြီးကြပ်မှုဖြင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ် တစ်ဦးဖြင့်သော်လည်းကောင်း အဆိုပါ စာရင်းစာအုပ်များကို စစ်ဆေးကြည့်ရှုနိုင်သည်။ ( ခ ) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအားလုံးသည် ၎င်းတို့၏ သက်တမ်းကာလအတွင်း နှစ်စဉ်နှစ်ကြိမ်ထက်မနည်းသော သတ်မှတ်ဖော်ပြထားသည့် အချိန်ကာလများ၌ ၎င်းတို့အနေဖြင့် လက်ခံရရှိထားသောစာရင်းနှင့် ငွေပေးချေမှုများကို တရားရုံးသို့ တင်ပြရမည်။ ( ဂ ) စာရင်းကို သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် ပြုစု၍ မူရင်းကွဲများထားရှိရမည့်အပြင် သတ်မှတ်ဖော်ပြထားသည့် နည်းလမ်းနှင့်အညီ ကြေညာချက်တစ်စောင်ဖြင့် အတည်ပြုရမည်။ (ဃ) တရားရုံးသည် သင့်သည်ထင်မြင်သည့်နည်းလမ်းဖြင့် စာရင်းအား စစ်ဆေးပြုစုရမည်။ စာရင်းစစ်ဆေးရန်အတွက် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် တရားရုံးက လိုအပ်မည်ဖြစ်သည့် ဘောက်ချာများနှင့် သတင်းအချက်အလက်များကို တရားရုံးသို့ တင်ပြ ရမည်ဖြစ်ပြီး တရားရုံးသည် မည်သည့်အချိန်တွင်မဆို စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိက ထိန်းသိမ်းထားရှိသည့် စာရင်းစာအုပ်များနှင့် စာရင်းများကို ပြုစုတင်ပြ စေနိုင်သည့်အပြင် စစ်ဆေးကြည့်ရှူနိုင်သည်။ (င) စာရင်းအား စစ်ဆေးပြီးသည့်အခါ ယင်း၏မိတ္တုတစ်စောင်ကို တရားရုံးတွင် မှတ်တမ်း ပြုစုထိန်းသိမ်းထားရှိရမည်ဖြစ်ပြီး အခြားမိတ္တု တစ်စောင်ကို မှတ်တမ်းပြုစုထားရှိရန် အတွက် မှတ်ပုံတင်အရာရှိထံသို့ပေးပို့ရမည်။ ထိုမိတ္တုတစ်စောင်စီကို မြီရှင်များ သို့မဟုတ် သက်ဆိုင်သည့် ပုဂ္ဂိုလ်များက စစ်ဆေးကြည့်ရှုနိုင်စေရန် ထားရှိရမည်။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ လုပ်ပိုင်ခွင့်များကို ကျင့်သုံးခြင်းနှင့် ကြီးကြပ်ခြင်း ၃၂၄။ (က) ဤဥပဒေတွင်ပါရှိသည့် ပြဋ္ဌာန်းချက်များနှင့်အညီ တရားရုံးက ဖျက်သိမ်းမည့် ကုမ္ပဏီ တစ်ခု၏ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များကို စီမံခန့်ခွဲခြင်းနှင့် ယင်းပစ္စည်းများကို မြီရှင်များထံသို့ ပေးအပ်ခြင်း တို့တွင် အထွေထွေအစည်းအဝေး တစ်ရပ်ရပ်၌ သို့မဟုတ် စစ်ဆေးရေးကော်မတီက မြီရှင်များ သို့မဟုတ် ကြွေးမြီ ပေးဆပ်ရသူများ၏ ဆုံးဖြတ်ချက်ဖြင့် ချမှတ်ထားသည့် ညွှန်ကြား ချက်များကို ထည့်သွင်းစဉ်းစားရမည်။ အထွေထွေအစည်းအဝေးတစ်ရပ်ရပ်၌ မှီရှင်များ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများက ချမှတ်ထားသည့် ညွှန်ကြားချက်တစ်ရပ်ရပ်သည် စစ်ဆေးရေးကော်မတီက ချမှတ်သည့် ညွှန်ကြားချက်တစ်ရပ်ရပ်နှင့် ဆန့်ကျင်နေလျှင် စစ်ဆေးရေးကော်မတီ၏ ညွှန်ကြားချက်အပေါ် လွှမ်းမိုးသည်ဟု မှတ်ယူရမည်။ ( ခ ) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် မြီရှင်များ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများ၏ သဘောဆန္ဒကိုရယူရန်အတွက် မြီရှင်များ သို့မဟုတ် ကြွေးမြီ ပေးဆပ်ရသူများ၏ အထွေထွေအစည်းအဝေးများကို ခေါ်ယူနိုင်သည်။ မြီရှင်များ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများက ဆုံးဖြတ်ချက်ချမှတ်၍ ညွှန်ကြားလာလျှင်လည်းကောင်း၊ မြီရှင်များ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများ၏ ဆယ်ပုံတစ်ပုံရှိသူများက စာဖြင့်ရေးသား၍ တောင်းဆိုလာလျှင်လည်းကောင်း စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် အစည်းအဝေး များကို ခေါ်ယူပေးရန် တာဝန်ရှိသည်။ (ဂ ) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ကုမ္ပဏီ ဖျက်သိမ်းသည့်ကိစ္စရပ်တွင် ပေါ်ပေါက်လာသည့် အကြောင်းအရာတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ လမ်းညွှန်မှုများ ရယူနိုင်ရန်အတွက် သတ်မှတ်ဖော်ပြထားသည့် နည်းလမ်းများဖြင့် တရားရုံးသို့ လျှောက်ထားနိုင်သည်။ (ဃ) ဤဥပဒေတွင်ပါရှိသည့် ပြဋ္ဌာန်းချက်များနှင့်အညီ တရားဝင်ခန့်အပ်ထားသည့်စာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များကို စီမံခန့်ခွဲခြင်းနှင့် ယင်းပစ္စည်းများကို မြီရှင်များထံသို့ ပေးအပ်ခြင်းတို့တွင် ၎င်းတို့၏ ကိုယ်ပိုင်ချင့်ချိန် ဆောင်ရွက်နိုင်မှုတို့ကို အသုံးပြု ရမည်။ ( င ) တစ်ဦးတစ်ယောက်သည် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ၏ ပြုလုပ်မှု သို့မဟုတ် ဆုံးဖြတ်မှုကြောင့် ထိခိုက်နစ်နာခဲ့လျှင် ထိုသူသည် တရားရုံးသို့ တင်ပြလျှောက်ထားနိုင်ပြီး တရားရုံးသည် တင်ပြတိုင်တန်းလာသည့် ပြုလုပ်မှု သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုနိုင်သည်၊ ပယ်ဖျက်နိုင်သည် သို့မဟုတ် ပြင်ဆင်နိုင်သည့်အပြင် အဆိုပါအခြေအနေများနှင့် သင့်လျော်မည့် အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်။ တရားရုံး၏ သာမန်အခွင့်အာဏာများ ကြွေးမြီပေးဆပ်ရသူများ၏စာရင်းနှင့် ရရန်ပိုင်ခွင့်များဆိုင်ရာတင်ပြချက်များကို ဖြေရှင်းဆောင်ရွက်ခြင်း ၃၂၅။ (က) ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်တစ်ရပ်ကို ချမှတ်ပြီးသည့်အခါ တရားရုံးသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ မှားယွင်းမှုများကို ပြင်ဆင်ရန် လိုအပ်သော ကိစ္စရပ်များ အားလုံးတွင် ကုမ္ပဏီတွင် ပါဝင်သူများ၏ မှတ်ပုံတင်စာရင်းတွင် ပြင်ဆင်နိုင်သည့် အခွင့်အာဏာဖြင့် ကြွေးမြီပေးဆပ်ရသူများ၏စာရင်းကို ဆောလျင်စွာ ဖြေရှင်းဆောင်ရွက် ရမည်။ ထို့အပြင် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များကို လက်ခံရယူခြင်းနှင့် ကုမ္ပဏီ၏ တာဝန်ရှိမှုများကို ရှင်းလင်းဆောင်ရွက်ခြင်းများကို ဆောလျင်စွာ ပြုလုပ်ရမည်။ ( ခ ) ကြွေးမြီပေးဆပ်ရသူများ၏စာရင်းကို ဖြေရှင်းဆောင်ရွက်ရာတွင် တရားရုံးသည် ကိုယ်တိုင် အခွင့်အရေးရှိကြသည့် ကြွေးမြီပေးဆပ်ရသူများနှင့် အခြားသူများ၏ကြွေးမြီအတွက် ကိုယ်စားလှယ်များအဖြစ်ဆောင်ရွက်သော သို့မဟုတ် တာဝန်ရှိသော ကြွေးမြီပေးဆပ် ရသူများအကြား ခွဲခြားသတ်မှတ်ဆောင်ရွက်ရမည်။ ပစ္စည်းများကို ပေးအပ်စေနိုင်သည့် အခွင့်အာဏာ ၃၂၆။ တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းသည့်အမိန့်တစ်ရပ်အား ချမှတ်ပြီးနောက် မည်သည့်အချိန်တွင်မဆို သို့မဟုတ် တရားရုံးက ညွှန်ကြားသည့် အချိန်ကာလအတွင်း ကြွေးမြီပေးဆပ်ရသူများ စာရင်းရှိကြွေးမြီ ပေးဆပ်ရသူများ၊ ကုမ္ပဏီ၏ ဘဏ်လုပ်ငန်းလုပ်ကိုင်သူများ၊ ယုံကြည်အပ်နှံခြင်းခံရသူများ၊ ပစ္စည်းလက်ခံ ထိန်းသိမ်းသူများ၊ ကိုယ်စားလှယ်များ သို့မဟုတ် အရာရှိများကို တရားဝင်ခန့်အပ်ထားသည့် စာရင်း ရှင်းလင်းဖျက်သိမ်းရေး အရာရှိထံသို့ ကုမ္ပဏီက ရရှိခွင့်ရှိကြောင်း သေချာပြီးဖြစ်သည့် ယင်းလက်ဝယ်ရှိ ငွေကြေးများ၊ ပစ္စည်းများ သို့မဟုတ် စာရွက်စာတမ်းတစ်ရပ်ရပ်ကို ချက်ချင်းပေးချေစေနိုင်သည်၊ ပေးအပ်စေနိုင်သည်၊ လက်လွှတ်စေနိုင်သည် သို့မဟုတ် လွှဲပြောင်းပေးစေနိုင်သည်။ ကြွေးမြီပေးဆပ်ရသူများက ကြွေးမြီများပေးချေစေရန် အမိန့်ချမှတ်နိုင်သည့် အခွင့်အာဏာ ၃၂၇။ (က) တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်တစ်ရပ်အား ချမှတ်ပြီးနောက် မည်သည့် အချိန်တွင်မဆို ကြွေးမြီပေးဆပ်ရသူများ စာရင်းရှိ ကြွေးမြီပေးဆပ်ရသူတစ်ဦးဦးအား အမိန့်တွင် သတ်မှတ်ပါရှိသည့် နည်းလမ်းနှင့်အညီ ကြွေးမြီပေးဆပ်ရသူထံမှဖြစ်စေ၊ ကြွေးမြီပေးဆပ်ရန် ကိုယ်စားလှယ်ကို ခန့်အပ်ထားသည့်သူ၏ ပိုင်ဆိုင်ပစ္စည်းများမှ ဖြစ်စေ ကုမ္ပဏီသို့ပေးချေရမည့် ငွေကြေးများကိုပေးချေစေရန် အမိန့်တစ်ရပ်ရပ် ချမှတ် နိုင်သည်။ သို့ရာတွင် ဤဥပဒေနှင့်အညီ တောင်းခံထားသည့် ငွေကြေးထည့်ဝင်မှုများ မပါဝင်စေရ။ ( ခ) တရားရုံးသည် အဆိုပါအမိန့်ကို ချမှတ်ရာတွင် တာဝန်ကန့်သတ်မထားသည့် ကုမ္ပဏီ ဖြစ်ပါက ကြွေးမြီပေးဆပ်ရသူသို့ ပေးချေရမည့် ငွေကြေးတစ်ရပ်ရပ်ကို ခုနှိမ်ခြင်းဖြင့် ဖြစ်စေ၊ ကုမ္ပဏီနှင့်သီးခြားဆောင်ရွက်ထားရှိမှု သို့မဟုတ် ပဋိညာဉ်စာချုပ်တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ကြွေးမြီပေးဆပ်ရသူက ကိုယ်စားပြုသည့်ကုမ္ပဏီမှ ပစ္စည်းများအတွက် ပေးချေရမည့် ငွေကြေးမှခုနှိမ်ခြင်းဖြင့်ဖြစ်စေ ဆောင်ရွက်ခွင့်ပြုနိုင်သည်။ သို့သော် အမြတ်ဝေစု သို့မဟုတ် အကျိုးအမြတ်တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ကုမ္ပဏီတွင် ပါဝင်သူ တစ်ဦးအဖြစ် ကြွေးမြီပေးဆပ်ရသူသို့ ပေးချေရမည့်ငွေကြေးတစ်ရပ်ရပ် မဖြစ်စေရမည့်အပြင် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီဖြစ်ပါက တာဝန်ကန့်သတ်မထားသည့် ဒါရိုက်တာ တစ်ဦးဦး သို့မဟုတ် ဒါရိုက်တာ၏ ပစ္စည်းများအတွက် အလားတူ ဆောင်ရွက်နိုင်သည်။ သို့ရာတွင် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီဖြစ်စေ၊ တာဝန်ကန့်သတ်မထားသည့် ကုမ္ပဏီဖြစ်စေ မြီရှင်များအားလုံးထံသို့ ငွေအပြည့်အဝပေးချေပြီးဖြစ်လျှင် ကုမ္ပဏီမှ ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးနှင့် သက်ဆိုင်သည့်စာရင်းအရ ပေးချေရမည့် ငွေကြေး တစ်ရပ်ရပ်ကို နောင်တွင်တောင်းခံမည့် ငွေကြေးထည့်ဝင်မှုတစ်ရပ်ရပ်ထံမှ ခုနှိမ် ခြင်းဖြင့် ကြွေးမြီပေးဆပ်ရသူထံ ပေးချေဆောင်ရွက်နိုင်သည်။ ငွေကြေးထည့်ဝင်စေရန် ဆောင်ရွက်နိုင်သည့် တရားရုံး၏ အခွင့်အာဏာ ၃၂၈။ (က) တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်တစ်ရပ်အားချမှတ်ပြီးနောက် မည်သည့် အချိန်တွင်မဆို ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များ ပြည့်စုံလုံလောက်မှုကို သေချာစေရန် ဆောင်ရွက်ခြင်းမပြုမီဖြစ်စေ၊ ဆောင်ရွက်ပြီးနောက်တွင်ဖြစ်စေ ကြွေးမြီပေးဆပ်ရသူများ စာရင်းရှိ ကြွေးမြီပေးဆပ်ရသူအားလုံး သို့မဟုတ် တစ်ဦးဦးက ၎င်းတို့တာဝန်ရှိကြသည် အထိ ကုမ္ပဏီ၏ကြွေးမြီများနှင့် တာဝန်ရှိမှုများအတွက် တရားရုံးကသတ်မှတ်သည့် ငွေပမာဏ တစ်ရပ်ရပ်ကိုလည်းကောင်း၊ ကုမ္ပဏီဖျက်သိမ်းခြင်းအတွက် ကျသင့်သည့် ကုန်ကျစရိတ်များ၊ အခကြေးငွေများနှင့် အသုံးစရိတ်များကိုလည်းကောင်း၊ ကြွေးမြီ ပေးဆပ်ရသူများအကြား အခွင့်အရေးများကို စာရင်းညှိနှိုင်း ဆောင်ရွက်ရန်အတွက် ကျသင့်သည့်ငွေကြေးများကိုလည်းကောင်း ပေးချေရန်အတွက် ငွေကြေးထည့်ဝင်စေ နိုင်သည့်အပြင် ၎င်းတို့ကို ပေးချေစေရန် အမိန့်ချမှတ်နိုင်သည်။ (ခ) ငွေကြေးထည့်ဝင်စေရန် ဆောင်ရွက်ရာ၌ ကြွေးမြီပေးဆပ်ရသူအချို့မှာ ထိုသို့ငွေကြေး ထည့်ဝင်စေရာတွင် တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ ထည့်ဝင်ပေးချေရန် ပျက်ကွက်နိုင်သည့်အခြေအနေရှိနိုင်သည်ကို တရားရုံးက ထည့်သွင်းသုံးသပ်နိုင်သည်။ ဘဏ်သို့ ငွေများပေးသွင်းစေရန် အမိန့်ချမှတ်နိုင်သည့် အခွင့်အာဏာ ၃၂၉။ တရားရုံးသည် ကြွေးမြီပေးဆပ်ရသူ၊ ကုမ္ပဏီသို့ ငွေပေးချေရမည့်သူ သို့မဟုတ် ငွေပေးချေရမည့် အခြားသူတစ်ဦးဦးကို ၎င်းတို့ပေးချေရမည့်ငွေများအား တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိထံသို့ ပေးသွင်းရမည့်အစား သတ်မှတ်စီစဉ်ထားသည့် ဘဏ်တစ်ခုခုရှိ တရားဝင် ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ ငွေစာရင်းသို့ ပေးသွင်းစေရန် အမိန့် ချမှတ်နိုင်သည့်အပြင် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိထံသို့ ငွေပေးချေရန် ညွှန်ကြားသည့်နည်းလမ်းများအတိုင်း အဆိုပါအမိန့်ကို အတည်ပြု ဆောင်ရွက်နိုင်သည်။ ငွေစာရင်းနှင့်စပ်လျဉ်း၍ တရားရုံးနှင့်သက်ဆိုင်သည့် စည်းကမ်းချက် ၃၃၀။ ကုမ္ပဏီကို တရားရုံးဖြင့် ဖျက်သိမ်းသည့်ကိစ္စရပ်တွင် ကုမ္ပဏီ၏စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိက ဖွင့်လှစ်ထားသော ငွေစာရင်းရှိသည့် ဘဏ်သို့ ပေးသွင်း၊ လွှဲပြောင်းသည့်ငွေကြေးများ၊ ကျသင့်ငွေများ၊ ငွေလွှဲမှုများ၊ ငွေပေးချေရန်ကတိများနှင့် အခြားငွေချေးသက်သေခံ လက်မှတ်များအားလုံးကို တရားရုံး၏ အမိန့်များနှင့်အညီ ဆောင်ရွက်ရမည်။ ကြွေးမြီပေးဆပ်ရသူနှင့်စပ်လျဉ်း၍ ချမှတ်သည့်အမိန့်သည် ပြည့်စုံခိုင်လုံသည့် သက်သေခံချက်ဖြစ်ခြင်း ၃၃၁။ (က) ကြွေးမြီပေးဆပ်ရသူတစ်ဦးဦးအပေါ် တရားရုံးကချမှတ်သည့်အမိန့်တစ်ရပ်သည် ငွေကြေး နှင့်သက်ဆိုင်ပါက ကြွေးမြီပေးဆပ်ရသူ၏အယူခံဝင်နိုင်သည့် အခွင့်အရေးကိုမထိခိုက်စေဘဲ ငွေကြေးပေးချေရန် ပေါ်ပေါက်ကြောင်း သို့မဟုတ် အမိန့်ချမှတ်၍ ပေးချေရမည့်အကြောင်း နှင့်စပ်လျဉ်း၍ပေးချေရမည်ဟု ယင်းအမိန့်ကပြည့်စုံခိုင်လုံသည့် သက်သေခံချက် ဖြစ်စေရမည်။ ( ခ ) တရားရုံးအမိန့်တွင် ဖော်ပြပါရှိသည့် အခြားသော သက်ဆိုင်ရာကိစ္စရပ်များ အားလုံးသည် စစ်ဆေးဆောင်ရွက်နေသည့် မှုခင်းများနှင့်ပုဂ္ဂိုလ်များ အားလုံးအပေါ်တွင် မှန်ကန်စွာ ရေးသားဖော်ပြထားသည်ဟု သတ်မှတ်ရမည်။ အချိန်မီ သက်သေထင်ရှား မတင်ပြနိုင်သည့် မြီရှင်များကို နုတ်ပယ်နိုင်သည့် အခွင့်အာဏာ ၃၃၂။ တရားရုံးသည် မြီရှင်များက ၎င်းတို့၏ ကြွေးမြီများ သို့မဟုတ် တောင်းဆိုမှုများအတွက် သက်သေ ထင်ရှားတင်ပြစေရန် သို့မဟုတ် ထိုကြွေးမြီအတွက် သက်သေထင်ရှားတင်ပြခြင်း မပြုမီကပြုလုပ်ခဲ့သော အကျိုးအမြတ်ခွဲဝေမှု တစ်စုံတစ်ရာကိုရယူခြင်းမှ နုတ်ပယ်ရန်အချိန် ကာလတစ်ရပ် သို့မဟုတ် အချိန် ကာလများ သတ်မှတ်ပေးနိုင်သည်။ ကြွေးမြီပေးဆပ်ရသူများ၏ အခွင့်အရေးများကို စာရင်းညှိနှိုင်းဆောင်ရွက်ခြင်း ၃၃၃။ တရားရုံးသည် ကြွေးမြီပေးဆပ်ရသူများအကြား ၎င်းတို့၏ အခွင့်အရေးများကို စာရင်းညှိနှိုင်း ဆောင်ရွက်ပေးရမည်ဖြစ်ပြီး အပိုအလျှံရှိပါကထပ်မံ အကျိုးခံစားခွင့်ရရှိသူများကို ခွဲဝေပေးရမည်။ ကုန်ကျစရိတ်များအတွက် အမိန့်ချမှတ်နိုင်သည့် အခွင့်အာဏာ ၃၃၄။ ရရန်ပိုင်ခွင့်များသည် တာဝန်ရှိမှုများအတွက် ကျေနပ်နိုင်ဖွယ်ဖြစ်အောင် ပြည့်စုံလုံလောက်ခြင်း မရှိသည့်ကိစ္စရပ်တွင် တရားရုံးသည် သင့်သည်ထင်မြင်သည့် ဦးစားပေးအစီအစဉ်ဖြင့် ကုမ္ပဏီဖျက် သိမ်းသည့်ကိစ္စရပ်တွင် ကျသင့်ခဲ့သည့် ကုန်ကျစရိတ်များ၊ အခကြေးငွေများနှင့် အသုံးစရိတ်များကို ရရန်ပိုင်ခွင့်များမှ ပေးချေစေရန် အမိန့်တစ်ရပ်ချမှတ်နိုင်သည်။ ကုမ္ပဏီအား တရားဝင်ဖျက်သိမ်းခြင်း ၃၃၅။ (က) ကုမ္ပဏီတစ်ခု၏ ကိစ္စရပ်များကို အပြည့်အဝ စာရင်းရှင်းလင်း ဖျက်သိမ်းပြီးသည့်အခါ တရားရုံးသည် အမိန့်တစ်ရပ်ကို ချမှတ်၍ အဆိုပါအမိန့်အား ချမှတ်သည့်နေ့ရက်မှစ၍ ကုမ္ပဏီကို တရားဝင်ဖျက်သိမ်းပြီးဖြစ်သည်ဟု သတ်မှတ်ရမည်ဖြစ်ပြီး ထိုကုမ္ပဏီကို အဆိုပါအမိန့်အရ တရားဝင်ဖျက်သိမ်းပြီးဖြစ်စေရမည်။ ( ခ ) အဆိုပါအမိန့်ကို ချမှတ်သည့်နေ့ရက်မှ ၁၅ ရက်အတွင်း တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် မှတ်ပုံတင်အရာရှိထံသို့ အဆိုပါအမိန့်ကို ပေးပို့ရမည်ဖြစ်ပြီး မှတ်ပုံတင်အရာရှိသည် ၎င်း၏ စာရင်းစာအုပ်များတွင် ကုမ္ပဏီကို တရားဝင် ဖျက်သိမ်းပြီးဖြစ်ကြောင်း မှတ်တမ်းပြုစုထားရှိရမည်။ ၃၃၆။ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ပုဒ်မ ၃၃၅ ပါ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့လျှင် ဒဏ်ကြေးငွေကျပ်လေးသိန်းကို ပေးဆောင်ရမည်။ တရားရုံး၏အထူးအာဏာများ ကုမ္ပဏီ၏ပစ္စည်းများကို ရယူထားသည်ဟု ယူဆရသူများကို ဆင့်ခေါ်နိုင်သည့်အခွင့်အာဏာ ၃၃၇။ (က) တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းသည့်အမိန့်တစ်ရပ်အားချမှတ်ပြီးနောက် ကုမ္ပဏီ၏ ပစ္စည်း သို့မဟုတ် ကုမ္ပဏီက ရရန်ရှိသည်ဟု ယူဆရသည့်ပစ္စည်းတစ်ရပ်ရပ်ကို လက်ဝယ် ထားရှိသည့် သို့မဟုတ် လက်ဝယ်ထားရှိသည်ဟုယူဆရသည့် ကုမ္ပဏီ၏အရာရှိ သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ၊ ကုမ္ပဏီနှင့်ကုန်သွယ်ခြင်း၊ ဆက်သွယ်ဆောင်ရွက်ခြင်း၊ ကုမ္ပဏီ၏ကိစ္စရပ်များ၊ သို့မဟုတ် ပစ္စည်းများနှင့်သက်ဆိုင်သည့် သတင်းအချက်အလက် များကို တင်ပြနိုင်သည်ဟု တရားရုံးကမှတ်ယူနိုင်သည့် ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ၊ တရားရုံးသို့ လာရောက်စေရန် ဆင့်ခေါ်နိုင်သည်။ ( ခ) တရားရုံးသည် ၎င်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ အဆိုပါ ပုဂ္ဂိုလ်များကို ကျမ်းကျိန်စေ၍ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ရေးသား၍ဖြစ်စေ စစ်မေးနိုင်သည်။ အဆိုပါပုဂ္ဂိုလ်များ၏ ဖြေဆိုချက်များကို စာဖြင့်ရေးသား၍ ၎င်းတို့အား လက်မှတ်ရေးထိုးစေနိုင်သည်။ တရားရုံးသည် အဆိုပါပုဂ္ဂိုလ်များ၏ ထိန်းသိမ်းမှု သို့မဟုတ် လုပ်ပိုင်ခွင့်များအောက်တွင် ရှိသော ကုမ္ပဏီနှင့်စပ်လျဉ်းသည့် စာရွက်စာတမ်းများကိုပေးအပ်စေရန် တောင်းဆိုနိုင်သည်။ သို့သော် ၎င်းတို့ပေးအပ်သည့် စာရွက်စာတမ်းများနှင့်စပ်လျဉ်း၍ ပုဂ္ဂိုလ်တစ်ဦးဦးက လက်ဝယ်ထားပိုင်ခွင့်ရှိခဲ့လျှင် ထိုသို့ပေးအပ်ရခြင်းသည် အဆိုပါ လက်ဝယ်ထားပိုင်ခွင့်ကို ထိခိုက်စေခြင်းမရှိစေရ။ ထို့ပြင် တရားရုံးသည် ကုမ္ပဏီကို စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့် သက်ဆိုင်သည့်ကိစ္စရပ်တွင် အဆိုပါလက်ဝယ်ထားပိုင်ခွင့်နှင့်စပ်လျဉ်းသော ကိစ္စရပ်များ အားလုံးကို ဆုံးဖြတ်နိုင်သည့် အခွင့်အာဏာရှိစေရမည်။ (ဃ) တရားရုံး၏ ဆင့်ခေါ်ခြင်းခံရသူတစ်ဦးဦးသည် ၎င်းတို့၏ ထိုက်သင့်သော ကုန်ကျစရိတ်များကို ပေးချေရန်အဆိုပြုပြီးနောက် ချိန်းဆိုထားသည့်အချိန်၌ ဥပဒေအရခိုင်လုံသည့်အကြောင်း ပြချက်ဖြင့် ကြိုတင်အကြောင်းကြားထားသည်မှအပ တရားရုံးသို့လာရောက်ရန် ပျက်ကွက်လျှင် တရားရုံးသည် စစ်ဆေးဆောင်ရွက်မှုပြုရန်အတွက် ထိုသူကိုဖမ်းဆီး၍ တရားရုံးသို့ ခေါ်ဆောင်စေနိုင်သည်။ ကမကထပြုသူများ၊ ဒါရိုက်တာများစသည်တို့ကို အများပြည်သူရှေ့၌ စစ်ဆေးရန်အတွက် အမိန့် ချမှတ်နိုင်သည့် အခွင့်အာဏာ ၃၃၈။ (က) တရားရုံးက ကုမ္ပဏီဖျက်သိမ်းသည့်အမိန့်တစ်ရပ်အား ချမှတ်ပြီးသည့်အခါ တရားဝင် ခန့်အပ်ထားသည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိသည် ကုမ္ပဏီကို ကမကထပြုသူ သို့မဟုတ် ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းတို့တွင်ပါဝင်သည့် ပုဂ္ဂိုလ် တစ်ဦးဦးကဖြစ်စေ၊ ကုမ္ပဏီကို ဖွဲ့စည်းတည်ထောင်ပြီးသည့်အချိန်မှစ၍ ကုမ္ပဏီနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးဦးကဖြစ်စေ၊ လိမ်လည်မှုတစ်ရပ်ကို ကျူးလွန်ခဲ့သည်ဟုယူဆ၍ တရားရုံးသို့ လျှောက်ထားတင်ပြလာလျှင် တရားရုံးသည် လျှောက်ထားမှုအား လက်ခံသုံးသပ်ပြီးနောက် ၎င်းတို့အား အဆိုပါကိစ္စရပ်အတွက် တရားရုံးက ချိန်းဆိုထားသည့်နေ့ရက်၌ တရားရုံးသို့လာရောက်စေရန် ညွှန်ကြားနိုင်သည်။ ထို့အပြင်ကုမ္ပဏီကို ကမကထပြုလုပ်ခြင်း၊ သို့မဟုတ် ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်း သို့မဟုတ် ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်း၊ ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အရာရှိအဖြစ် ပုဂ္ဂိုလ်တစ်ဦးဦး၏အပြုအမူ၊ ဆက်သွယ် ဆောင်ရွက်မှုတို့နှင့် စပ်လျဉ်း၍ အများပြည်သူရှေ့၌ စစ်ဆေးရန် ညွှန်ကြားနိုင်သည်။ ( ခ ) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် စစ်ဆေး မေးမြန်းရာတွင် ပါဝင်ဆောင်ရွက်နိုင်ပြီး အဆိုပါကိစ္စရပ်အတွက် တရားရုံးကိုယ်စား ဆောင်ရွက်ရန် တရားရုံးကအခွင့်အာဏာအပ်နှင်းထားလျှင် တရားရုံးက ခွင့်ပြုနိုင်သည့် ဥပဒေဆိုင်ရာ အကူအညီပေးသူများကို ခန့်ထားနိုင်သည်။ မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူတစ်ဦးဦးသည်လည်း တရားရုံးတွင် စစ်ဆေးမေးမြန်း ရာတွင်ကိုယ်တိုင်ဖြစ်စေ၊ တရားရုံးသို့ တက်ရောက်ခွင့်ရှိသူဖြင့်ဖြစ်စေ ပါဝင်ဆောင်ရွက် နိုင်သည်။ (ဃ) တရားရုံးသည် ၎င်းအနေဖြင့် သင့်သည်ထင်မြင်သည့်မေးခွန်းများကို စစ်ဆေးမေးမြန်းခံရသူ အပေါ် မေးမြန်းနိုင်သည်။ (င) စစ်ဆေးမေးမြန်းခံရသူသည် ကျမ်းကျိန်၍စစ်ဆေးခံရမည်ဖြစ်ပြီး တရားရုံးကမေးမြန်းသည့် သို့မဟုတ် မေးမြန်းရန်ခွင့်ပြုသည့် မေးခွန်းများအားလုံးကို ဖြေဆိုရမည်။ ( စ ) ဤပုဒ်မအရ စစ်ဆေးမေးမြန်းမှုခံယူရန် အမိန့်ချမှတ်ခြင်းခံရသူတစ်ဦးသည် တရားရုံးသို့ တက်ရောက်ခွင့်ရှိသူတစ်ဦးဦးကို မိမိ၏စရိတ်ဖြင့်ခန့်အပ်နိုင်သည်။ တရားရုံးသို့ တက်ရောက်ခွင့်ရှိသူသည် စစ်ဆေးမေးမြန်းခံရသူ၏ဖြေကြားမှုများအား ရှင်းလင်းရန် သို့မဟုတ် ထင်ရှားစေရန်အတွက် တရားရုံးကလျော်ကန်သည်ဟုထင်မြင်သည့် မေးခွန်းများကို လွတ်လပ်စွာ မေးမြန်းခွင့်ရှိသည်။ သို့ရာတွင်ထိုသို့စစ်ဆေးမေးမြန်းခံရသူသည် ၎င်းအပေါ် စွဲဆိုသည့်ပြစ်မှုများအတွက် အပြစ်မရှိကြောင်း ထင်ရှားပေါ်ပေါက်သည်ဟု တရားရုံးက တွေ့ရှိလျှင် တရားရုံးသည် ၎င်းအား သင့်သည်ထင်မြင်သည့် ကုန်ကျစရိတ်များကို ခံစားခွင့်ပြုနိုင်သည်။ (ဆ) စစ်ဆေးမှုမှတ်တမ်းများကို စာဖြင့်ရေးသားမှတ်တမ်း တင်ထားရမည့်အပြင် အဆိုပါ စစ်ဆေးမှုမှတ်တမ်းများကို စစ်ဆေးမေးမြန်းခံရသူသို့သော်လည်းကောင်း၊ စစ်ဆေး မေးမြန်းခံရသူကသော်လည်းကောင်း ဖတ်ကြား၍ လက်မှတ်ရေးထိုးစေရမည်။ အဆိုပါ စစ်ဆေးမှုမှတ်တမ်းအား တရားမမှုစွဲဆိုဆောင်ရွက်ရာတွင် ထိုပုဂ္ဂိုလ်အပေါ် သက်သေခံ အဖြစ်အသုံးပြုနိုင်ပြီး မည်သည့်အချိန်တွင်မဆို မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရ သူများ၏ စစ်ဆေးဆောင်ရွက်မှုများအတွက်လည်း လက်ခံရမည်။ ( ဇ ) တရားရုံးသည် သင့်သည်ဟုထင်မြင်ပါက စစ်ဆေးမေးမြန်းခြင်းအား အခါအားလျော်စွာ ရွှေ့ဆိုင်းနိုင်သည်။ (ဈ) ဤပုဒ်မအရ ပြုလုပ်သည့်စစ်ဆေးမေးမြန်းမှုတစ်ရပ်ရပ်ကို တရားရုံးက ညွှန်ကြားခဲ့လျှင် တရားဝင်ခန့်အပ်ထားသည့် ခုံလူကြီး၊ အကြီးအမှူး၊ မှတ်ပုံတင်အရာရှိ သို့မဟုတ် ဒုတိယမှတ်ပုံတင်အရာရှိတစ်ဦးအဖြစ် ဆောင်ရွက်သော တရားရုံး၏ တရားသူကြီးတစ်ဦးဦး ရှေ့တွင်ဖြစ်စေ၊ အရာရှိတစ်ဦးဦးရှေ့တွင်ဖြစ်စေ ဤကိစ္စရပ်အလို့ငှာ ပြဋ္ဌာန်းထားသော စည်းမျဉ်းများနှင့်အညီ စစ်ဆေးဆောင်ရွက်နိုင်သည်။ စစ်ဆေးမေးမြန်းမှုနှင့် စပ်လျဉ်းသည့် ဤပုဒ်မအရ တရားရုံး၏ အခွင့်အာဏာများကို ကုန်ကျစရိတ်များနှင့်သက်ဆိုင်သည့် ကိစ္စမှတစ်ပါး စစ်ဆေးမေးမြန်းမှုအား ပြုလုပ်သည့်ပုဂ္ဂိုလ်က ကျင့်သုံးဆောင်ရွက်နိုင်သည်။ တိမ်းရှောင်နေသော ကြွေးမြီပေးဆပ်ရသူအား ဖမ်းဆီးနိုင်သည့် အခွင့်အာဏာ ၃၃၉။ တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်တစ်ရပ်အားချမှတ်ခြင်းမပြုမီတွင်ဖြစ်စေ၊ ချမှတ်ပြီး နောက်တွင်ဖြစ်စေ မည်သည့်အချိန်တွင်မဆို ကြွေးမြီပေးဆပ်ရသူတစ်ဦးသည် နိုင်ငံတော်မှ ထွက်ပြေး တိမ်းရှောင်ရန်ရှိကြောင်း သို့မဟုတ် တစ်နည်းနည်းဖြင့် တိမ်းရှောင်ရန်ရှိကြောင်း သို့မဟုတ် ကုမ္ပဏီ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တောင်းခေါ်ထားသည့် ငွေပေးချေမှုများမှ ရှောင်လွှဲရန် သို့မဟုတ် စစ်ဆေး မေးမြန်းမှုများမှ ရှောင်ရှားရန်ရည်ရွယ်၍ ၎င်း၏ ပစ္စည်းတစ်ရပ်ရပ်ကိုဖယ်ရှားရန် သို့မဟုတ် ကွယ်ဝှက် ရန်ရှိကြောင်း ယုံကြည်လောက်သောအကြောင်းများ ပေါ်ပေါက်ခဲ့လျှင် ထိုကြွေးမြီပေးဆပ်ရသူကို ဖမ်းဆီးနိုင်သည့်အပြင် ၎င်း၏စာရင်းစာအုပ်များ၊ စာရွက်စာတမ်းများနှင့် ရွှေ့ပြောင်းနိုင်သောပစ္စည်း များကိုသိမ်းဆည်းနိုင်သည်။ ကြွေးမြီပေးဆပ်ရသူနှင့် အဆိုပါ စာရွက်စာတမ်း၊ ပစ္စည်းများကို တရားရုံးက အမိန့်ချမှတ်ထားသည့် ကာလအထိ ထိန်းသိမ်းထားနိုင်သည်။ အခြားစွဲဆိုဆောင်ရွက်သည့်မှုခင်းများကို မထိခိုက်စေခြင်း ၃၄၀။ ဤဥပဒေအရ တရားရုံးသို့ အပ်နှင်းထားသည့် အခွင့်အာဏာတစ်ရပ်ရပ်သည် ငွေကြေးထည့် ဝင်ရန်တောင်းခေါ်မှု သို့မဟုတ် အခြားငွေကြေးတစ်ရပ်ရပ်အတွက် ကုမ္ပဏီ၏ ကြွေးမြီပေးဆပ်ရသူ သို့မဟုတ် မြီစားတစ်ဦးဦးအပေါ်တွင်ဖြစ်စေ၊ ယင်းတို့၏ ပစ္စည်းတစ်ရပ်ရပ်အပေါ်တွင်ဖြစ်စေ စွဲဆို ဆောင်ရွက်သည့်မှုခင်းများနှင့် စပ်လျဉ်း၍ အပ်နှင်းထားသည့် တည်ဆဲအခွင့်အာဏာ တစ်ရပ်ရပ်ကို ကန့်သတ်ခြင်းမရှိစေဘဲထပ်ဆင့်၍ ကျင့်သုံးခွင့်ရှိသည့် အခွင့်အာဏာများ ဖြစ်စေရမည်။ အမိန့်များကိုအတည်ပြုခြင်းနှင့်အယူခံခြင်း အမိန့်များကို အတည်ပြုနိုင်သည့် အခွင့်အာဏာ ၃၄၁။ ဤဥပဒေအရ တရားရုံးတစ်ရုံးရုံးက ချမှတ်နိုင်သည့် အမိန့်အားလုံးကို အဆိုပါတရားရုံးတွင် ပြုလုပ်သော တရားစွဲဆိုမှုတစ်ရပ်ရပ်၌ အမိန့်ဒီဂရီများကို အတည်ပြုနိုင်သည့်နည်းလမ်းများအတိုင်း အတည်ပြု ဆောင်ရွက်နိုင်သည်။ တရားရုံးတစ်ခုခုတွင် ချမှတ်သည့်အမိန့်ကို အခြားတရားရုံးများတွင် အတည်ပြုခြင်း ၃၄၂။ ကုမ္ပဏီဖျက်သိမ်းခြင်းနှင့်စပ်လျဉ်း၍ တရားရုံးတစ်ခုကချမှတ်သည့် အမိန့်တစ်ရပ်ရပ်ကို နိုင်ငံတော်အတွင်းရှိ မည်သည့်နေရာတွင်မဆို အတည်ပြုနိုင်သည်။ ကုမ္ပဏီ၏ မှတ်ပုံတင်ထားသော ရုံးခန်းတည်နေရာသည် အခြားနေရာတစ်ခုတွင်ရှိခဲ့လျှင် အမိန့်ချမှတ်သည့် တရားရုံးတည်ရှိသည့် နေရာမှအပ အဆိုပါကုမ္ပဏီနှင့်စပ်လျဉ်း၍ စီရင်ပိုင်ခွင့်အာဏာရှိသည့် တရားရုံးက မိမိရုံးတွင် ချမှတ်သည့်အမိန့်တစ်ရပ်အား အတည်ပြု ဆောင်ရွက်သကဲ့သို့ သက်ဆိုင်သည့်နည်းလမ်းများနှင့် အညီ အတည်ပြု ဆောင်ရွက်ရမည်။ အခြားတရားရုံးများက အမိန့်ကို အတည်ပြုဆောင်ရွက်နိုင်ရန်အတွက် လိုက်နာရမည့်အချက်များ ၃၄၃။ တရားရုံးတစ်ရုံးက ချမှတ်သည့်အမိန့်တစ်ရပ်ကို အခြားတရားရုံးတစ်ရုံး၌ အတည်ပြုရန် ဆောင်ရွက်သည့်အခါ အဆိုပါတရားရုံးအမိန့်၏ မူရင်းမိတ္တုမှန်တစ်စောင်ကို ထိုအမိန့်အား အတည်ပြု ဆောင်ရွက်မည့် တရားရုံးရှိသက်ဆိုင်ရာအရာရှိထံသို့ တင်ပြရမည်ဖြစ်ပြီး ထိုသို့ အမိန့်မူရင်းမိတ္တူ၊ မှန်အားတင်ပြခြင်းသည် ထိုအမိန့်ကိုချမှတ်ပြီးဖြစ်ကြောင်း လုံလောက်သည့်သက်သေခံချက် ဖြစ်စေရမည်။ ထိုတင်ပြချက်အပေါ်တွင် အတည်ပြု ဆောင်ရွက်ရမည့် တရားရုံးသည် အမိန့်အား အတည်ပြု ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို မိမိရုံး၏ အမိန့်အား အတည်ပြု ဆောင်ရွက်သကဲ့သို့ အလားတူနည်းလမ်းများအတိုင်း ဆောင်ရွက်ရမည်။ အမိန့်များအပေါ် အယူခံဝင်ရောက်ခြင်း ၃၄၄။ ကုမ္ပဏီတစ်ခုအား ဖျက်သိမ်းသည့်ကိစ္စရပ်နှင့်စပ်လျဉ်း၍ တရားရုံးကချမှတ်သည့်အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်တစ်ရပ်ရပ်အပေါ် ပြန်လည်ကြားနာစေရန် သို့မဟုတ် အယူခံဝင်ရောက်ရန် အတွက် ဆောင်ရွက်မှုများကို အဆိုပါတရားရုံး၏ သာမန်စီရင်ပိုင်ခွင့်အာဏာအတွင်းရှိ မှုခင်းများတွင် ချမှတ်သည့် အမိန့်သို့မဟုတ် ဆုံးဖြတ်ချက်များအပေါ် အယူခံဝင်ရောက်နိုင်သည့် နည်းလမ်းများ၊ စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်ရမည်။ ( ကုမ္ပဏီအားဆန္ဒအလျောက် ဖျက်သိမ်းခြင်း ကုမ္ပဏီအား ဆန္ဒအလျောက် ဖျက်သိမ်းနိုင်မည့် အခြေအနေများ ၃၄၅။ အောက်ပါအခြေအနေများတွင် ကုမ္ပဏီတစ်ခုအားဆန္ဒအလျောက် ဖျက်သိမ်းနိုင်သည် – (က) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ ကုမ္ပဏီ၏သက်တမ်းအတွက် သတ်မှတ်ထားသည့် ကာလကုန်ဆုံးလျှင်၊ သို့မဟုတ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ကုမ္ပဏီကို ဖျက်သိမ်း နိုင်သည်ဟု ဖော်ပြထားသည့်အခြေအနေများဖြစ်ပေါ်ခဲ့လျှင်၊ ထို့ပြင်ကုမ္ပဏီ၏ အထွေထွေ အစည်းအဝေးတွင် ကုမ္ပဏီအားဆန္ဒအလျောက် ဖျက်သိမ်းမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့လျှင် သို့မဟုတ် ( ခ) ကုမ္ပဏီအား ဆန္ဒအလျောက် ဖျက်သိမ်းမည်ဖြစ်ကြောင်း ကုမ္ပဏီက အထူးဆုံးဖြတ်ချက်ဖြင့် ချမှတ်ဆောင်ရွက်လျှင် သို့မဟုတ် ကုမ္ပဏီ၏ တာဝန်ရှိမှုများကြောင့် ယင်း၏ စီးပွားရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် နိုင်မှုမပြုနိုင်ခြင်းနှင့် ကုမ္ပဏီကိုဖျက်သိမ်းရန် တင်ပြခြင်းများကြောင့် ကုမ္ပဏီက အထူး ဆုံးဖြတ်ချက်ဖြင့် ချမှတ်ဆောင်ရွက်လျှင် ဤအပိုင်းတွင် သုံးစွဲဖော်ပြထားသည့် “ကုမ္ပဏီအား ဆန္ဒအလျောက်ဖျက်သိမ်းရန်အတွက် ဆုံးဖြတ်ချက်” ဆိုသည်မှာ ပုဒ်မခွဲ (က) သို့မဟုတ် ပုဒ်မခွဲ (ခ) သို့မဟုတ် ပုဒ်မခွဲ (ဂ) တို့အရချမှတ်သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ဆိုလိုသည်။ ကုမ္ပဏီအား ဆန္ဒအလျောက် ဖျက်သိမ်းမှုစတင်ခြင်း ၊ ၃၄၆။ ကုမ္ပဏီအား ဆန္ဒအလျောက်ဖျက်သိမ်းမှုသည် ကုမ္ပဏီအားဆန္ဒအလျောက် ဖျက်သိမ်းရန်အတွက် ဆုံးဖြတ်ချက်အား ချမှတ်သည့်အချိန်မှစတင်သည်ဟု မှတ်ယူရမည်။ ကုမ္ပဏီ၏ရပ်တည်မှုအပေါ်တွင် ကုမ္ပဏီအား ဆန္ဒအလျောက်ဖျက်သိမ်းခြင်း၏ အကျိုးသက်ရောက်မှု ၃၄၇။ ကုမ္ပဏီတစ်ခုအား ဆန္ဒအလျောက် ဖျက်သိမ်းသည့်အခါ ကုမ္ပဏီအား ဖျက်သိမ်းသည့်နေ့ရက်မှ စတင်၍ ကုမ္ပဏီ၏အကျိုးအတွက် ဖျက်သိမ်းရာတွင် လိုအပ်သည့်ကိစ္စရပ်မှအပ ယင်း၏စီးပွားရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းမှ ရပ်စဲစေရမည်။ သို့ရာတွင် ကုမ္ပဏီ၏ ကုမ္ပဏီဆိုင်ရာရပ်တည်မှုနှင့် လုပ်ပိုင်ခွင့်များသည် ယင်း၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ကန့်သတ်ချက်တစ်စုံတစ်ရာရှိစေကာမူ ယင်းအား ဖျက်သိမ်းသည်အထိ ဆက်လက်တည်ရှိစေရမည်။ ကုမ္ပဏီအား ဆန္ဒအလျောက်ဖျက်သိမ်းရန်အတွက် ဆုံးဖြတ်ချက်ကို အကြောင်းကြားခြင်း ၃၄၈။ ကုမ္ပဏီတစ်ခုအား ဆန္ဒအလျောက် ဖျက်သိမ်းရန်အတွက် အထူးဆုံးဖြတ်ချက်တစ်ရပ်ရပ်၏ အကြောင်းကြားစာကို ထိုဆုံးဖြတ်ချက်အား ချမှတ်သည့်နေ့ရက်မှ ၁၀ ရက်အတွင်း နိုင်ငံတော် ပြန်တမ်းနှင့် နိုင်ငံတော်တစ်ဝှမ်း ထုတ်ဝေဖြန့်ဖြူးလျက်ရှိသော နေ့စဉ်ထုတ်သတင်းစာတစ်ခုခုတို့တွင် ကုမ္ပဏီက ထည့်သွင်းကြေညာ၍ အကြောင်းကြားရမည်။ ၃၄၉။ ကုမ္ပဏီသည် ပုဒ်မ ၃၄၈ ပါ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင် ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်ဖြစ်ပြီး ထိုပျက်ကွက်မှုကို သိလျက်ဖြင့် တမင်ခွင့်ပြုခဲ့သည့် ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိတစ်ဦးဦးစီသည်လည်း အလားတူ ပြစ်ဒဏ် ထိုက်သင့်စေရမည်။ ကြွေးမြီပေးချေနိုင်ကြောင်း ကြေညာခြင်း ၃၅၀။ (က) ကုမ္ပဏီတစ်ခုအား ဆန္ဒအလျောက်ဖျက်သိမ်းရန် ဆောင်ရွက်ခဲ့လျှင် ကုမ္ပဏီ၏ဒါရိုက်တာများ သို့မဟုတ် ဒါရိုက်တာနှစ်ဦးထက် ပိုမိုပါရှိသော ကုမ္ပဏီဖြစ်လျှင် ဒါရိုက်တာအများစုသည် လည်းကောင်း၊ ဒါရိုက်တာတစ်ဦးတည်းရှိသည့် ကုမ္ပဏီတွင် အဆိုပါ ဒါရိုက်တာသည် လည်းကောင်း ကုမ္ပဏီအားဆန္ဒအလျောက် ဖျက်သိမ်းရန်အတွက် ဆုံးဖြတ်ချက်ချမှတ်မည့် အစည်းအဝေးအတွက် အကြောင်းကြားစာများ ပေးပို့သည့်နေ့ရက်မတိုင်မီ ကျင်းပပြု လုပ်သည့် ဒါရိုက်တာများ အစည်းအဝေး၌ ကုမ္ပဏီ၏ကိစ္စရပ်များကို အပြည့်အဝ စစ်ဆေးဆောင်ရွက်မှု ပြုလုပ်ပြီးကြောင်း၊ ထိုသို့ပြုလုပ်ပြီးနောက် ကုမ္ပဏီအားဖျက်သိမ်းရန် စတင်သည့်နေ့ရက်မှ သုံးနှစ်ထက်မပိုသော ကာလတစ်ရပ်အတွင်း ကုမ္ပဏီသည် ကြွေးမြီများကို အပြည့်အဝပေးချေနိုင်မည်ဟုယူဆကြောင်း ကျမ်းကျိန်လွှာတစ်ရပ်ဖြင့် အတည်ပြုထားသည့် ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်နိုင်သည်။ အဆိုပါကြေညာချက်ကို ကုမ္ပဏီကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကုမ္ပဏီစာရင်းစစ်များ၏ အစီရင်ခံစာတစ်စောင်ဖြင့် ထောက်ခံတင်ပြရမည်ဖြစ်ပြီး ပုဒ်မခွဲ (က) တွင် ဖော်ပြပါရှိသည့် နေ့ရက်မတိုင်မီ မှတ်ပုံတင်ဆောင်ရွက်ရန်အတွက် မှတ်ပုံတင်အရာရှိထံသို့ ပေးပို့တင်ပြခြင်း မပြုခဲ့လျှင် အဆိုပါကြေညာချက်သည် ဤဥပဒေပါကိစ္စရပ်များအတွက် အကျိုးတစ်စုံတစ်ရာ သက်ရောက်ခြင်း မရှိစေရ။ ( ဂ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြုလုပ်ပေးပို့သည့် ကြေညာချက်တစ်ရပ်ပါရှိသော ကုမ္ပဏီဖျက်သိမ်းခြင်းကိစ္စရပ်သည် ဤဥပဒေတွင် “ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်း” ဟု ဖြစ်သည်။ အထက်ဖော်ပြပါအတိုင်း ပြုလုပ်ပေးပို့သည့် ကြေညာချက်တစ်ရပ်ပါရှိခြင်းမရှိသော ကုမ္ပဏီဖျက်သိမ်းခြင်း ကိစ္စရပ်သည် ဤဥပဒေတွင် မြီရှင်များကကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်းဟု ဖြစ်သည်။ ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်း ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကိုဆန္ဒအလျောက်ဖျက်သိမ်းခြင်းနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ ၃၅၁။ ပုဒ်မ ၃၅၂ မှ ၃၅၇ အထိပါ ပြဋ္ဌာန်းချက်များသည် ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်စေရမည်။ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိများအားခန့်အပ်ခြင်းနှင့် ယင်းတို့၏အခကြေးငွေများကို သတ်မှတ် ခြင်းတို့အတွက် ကုမ္ပဏီ၏လုပ်ပိုင်ခွင့် ၃၅၂။ (က) အထွေထွေအစည်းအဝေးတွင် ကုမ္ပဏီသည် ယင်း၏ ကိစ္စရပ်များအား စာရင်းရှင်းလင်း ဖျက်သိမ်းရန်နှင့် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များအား ခွဲဝေပေးရန်အတွက် စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသောသူများကို ခန့်အပ်ရမည် ဖြစ်ပြီး အဆိုပါ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ သို့မဟုတ် စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိများသို့ပေးရမည့် အခကြေးငွေများကို သတ်မှတ်နိုင်သည်။ (ခ ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအား ခန့်အပ်ပြီးသည့်အခါ ဒါရိုက်တာများ၏ လုပ်ပိုင်ခွင့်များအားလုံးသည် အထွေထွေအစည်းအဝေးတွင် ကုမ္ပဏီ သို့မဟုတ် စာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိက ဆက်လက်ဆောင်ရွက်ခွင့်ပြုသည့် ကိစ္စရပ်မှတစ်ပါး ရပ်စဲသွားမည် ဖြစ်သည်။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ လစ်လပ်နေရာကို ဖြည့်စွက်ခန့်ထားနိုင်သည့် အခွင့်အာဏာ ၃၅၃။ (က) ကုမ္ပဏီမှ ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် သေဆုံးခြင်း၊ နုတ်ထွက်ခြင်း သို့မဟုတ် အခြားအကြောင်းတစ်ရပ်ရပ်ကြောင့် ၎င်း၏နေရာ လစ်လပ် သွားလျှင် ကုမ္ပဏီသည် အထွေထွေအစည်းအဝေးတွင် မြီရှင်များ၏ စီမံဆောင်ရွက်ချက် တစ်ရပ်ရပ်နှင့်အညီ ထိုလစ်လပ်နေရာကို ဖြည့်စွက်ခန့်ထားနိုင်သည်။ ( ခ ) အဆိုပါ ကိစ္စရပ်အတွက် အထွေထွေအစည်းအဝေးတစ်ရပ်ကို ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးကဖြစ်စေ၊ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိတစ်ဦးထက် ပိုမိုပါရှိသည့် ကိစ္စရပ်ဖြစ်လျှင် ဆက်လက်တာဝန်ယူဆောင်ရွက်သည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိများကဖြစ်စေ ခေါ်ယူကျင်းပနိုင်သည်။ (ဂ) အစည်းအဝေးကို ဤဥပဒေအရဖြစ်စေ၊ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရဖြစ်စေ သတ်မှတ် ထားသည့်နည်းလမ်း သို့မဟုတ် ကြွေးမြီပေးဆပ်ရသူတစ်ဦးဦးကသော်လည်းကောင်း၊ ဆက်လက်တာဝန်ယူဆောင်ရွက်သည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများက သော်လည်းကောင်း လျှောက်ထားသဖြင့် တရားရုံးကသတ်မှတ်ပေးသည့် နည်းလမ်းဖြင့် ကျင်းပရမည်။ ကုမ္ပဏီ၏ပစ္စည်းများကို ရောင်းချခြင်းအတွက် အဖိုးစားနားအဖြစ် အစုရှယ်ယာစသည်များကို စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက လက်ခံနိုင်သည့် လုပ်ပိုင်ခွင့် ၃၅၄။ (က) ကုမ္ပဏီတစ်ခုသည် ဆန္ဒအလျောက်ဖျက်သိမ်းရန် ရည်ရွယ်ခြင်း သို့မဟုတ် ဆောင်ရွက်ရာတွင် ယင်း၏ စီးပွားရေးလုပ်ငန်း သို့မဟုတ် ပစ္စည်းအားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို ဤဥပဒေအရ အဓိပ္ပါယ်ဖွင့်ဆိုထားသည့် ကုမ္ပဏီဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဤပုဒ်မတွင် လွှဲပြောင်းလက်ခံသည့်ကုမ္ပဏီ ဟု ခေါ်တွင်မည့်အခြား ကုမ္ပဏီတစ်ခုခုသို့ လွှဲပြောင်းပေးရန် သို့မဟုတ် ရောင်းချရန် ရည်ရွယ်လျက်ဆောင်ရွက်ခဲ့လျှင် ဤပုဒ်မတွင် လွှဲပြောင်းပေးအပ် သည့်ကုမ္ပဏီဟု ခေါ်တွင်မည့် လွှဲပြောင်းရောင်းချမည့် ကုမ္ပဏီ၏ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိသည် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိနှင့် သက်ဆိုင်သည့် သာမန်လုပ်ပိုင်ခွင့်ကိုဖြစ်စေ၊ သီးခြား စီစဉ်ဆောင်ရွက်မှုနှင့်သက်ဆိုင်သည့် လုပ်ပိုင်ခွင့် တစ်ရပ်ကိုဖြစ်စေ အပ်နှင်းသည့် အဆိုပါ ကုမ္ပဏီ၏ အထူးဆုံးဖြတ်ချက် တစ်ရပ်အရ ခွင့်ပြုချက်ဖြင့် လွှဲပြောင်းခြင်း သို့မဟုတ် ရောင်းချခြင်း၊ အစုရှယ်ယာများ၊ အာမခံ ပေါ်လစီများ၊ သို့မဟုတ် လွှဲပြောင်းလက်ခံသည့် ကုမ္ပဏီရှိ အခြားအလားတူ အကျိုး ခံစားခွင့်များအတွက်လည်းကောင်း၊ လွှဲပြောင်းပေးအပ်သည့် ကုမ္ပဏီတွင် ပါဝင်သူများသို့ ခွဲဝေပေးရန်အတွက်လည်းကောင်း လျော်ကြေး သို့မဟုတ် လျော်ကြေး တစ်စိတ်တစ်ဒေသကို လက်ခံနိုင်သည်၊ သို့မဟုတ် လွှဲပြောင်းပေးအပ်သည့် ကုမ္ပဏီတွင် ပါဝင်သူများက ငွေကြေး၊ အစုရှယ်ယာ၊ အာမခံပေါ်လစီ၊ သို့မဟုတ် အခြားအလားတူ အကျိုးခံစားခွင့်၊ သို့မဟုတ် အခြားအရာများကို လက်ခံခြင်းအစား လွှဲပြောင်းလက်ခံသည့် ကုမ္ပဏီ၏ အကျိုးအမြတ်များကို ရယူဆောင်ရွက်ခြင်း သို့မဟုတ် အခြားအကျိုးခံစားခွင့်များကို လက်ခံခြင်းတို့ကို ပြုလုပ်နိုင်သည့် အခြားစီစဉ်ဆောင်ရွက်မှုတစ်ရပ်ရပ်အား သဘောတူ လက်ခံနိုင်သည်။ ( ခ ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်သည့် ရောင်းချမှု သို့မဟုတ် စီစဉ်မှု တစ်ရပ်ရပ်သည် လွှဲပြောင်းပေးအပ်သည့် ကုမ္ပဏီတွင် ပါဝင်သူများအပေါ် တရားဝင် ဖြစ်စေရမည်။ အထူးဆုံးဖြတ်ချက် ချမှတ်ရာတွင် ထောက်ခံမဲပေးခြင်းမပြုခဲ့သော လွှဲပြောင်းပေးအပ်သည့် ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးဦးသည် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိထံသို့ လိပ်မူ၍ ၎င်း၏သဘောထားကွဲလွဲမှုကို စာဖြင့်ရေးသားဖော်ပြခဲ့ပြီး အဆိုပါ အထူးဆုံးဖြတ်ချက် ချမှတ်ပြီးနောက် ခုနစ်ရက်အတွင်း ကုမ္ပဏီ၏မှတ်ပုံတင်ထားသော ရုံးခန်းမှ ပေးပို့ခဲ့လျှင် ၎င်းအနေဖြင့် ဆုံးဖြတ်ချက်အား အတည်ဖြစ်စေရန် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိက ဆောင်ရွက်ခြင်းမပြုစေရန်၊ သို့မဟုတ် ၎င်း၏ အကျိုးခံစားခွင့်များကို သဘောတူညီသည့် တန်ဖိုးဖြင့် သို့မဟုတ် အနုညာတ စီရင်ဆုံးဖြတ်သည့် တန်ဖိုးဖြင့် ဝယ်ယူဆောင်ရွက်စေနိုင်သည်။ (ဃ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ကုမ္ပဏီတွင်ပါဝင်သူ၏ အကျိုးခံစားခွင့်များကို ဝယ်ယူရန် ဆုံးဖြတ်ပါက ဝယ်ယူပေးချေမည့်ငွေအား ကုမ္ပဏီဖျက်သိမ်းခြင်း မပြုမီ ပေးချေရမည်ဖြစ်ပြီး အထူးဆုံးဖြတ်ချက်ဖြင့် သတ်မှတ်ထားသည့် နည်းလမ်းများအတိုင်း စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက ဆောင်ရွက်ရမည်။ (င ) အထူးဆုံးဖြတ်ချက်တစ်ရပ်သည် ကုမ္ပဏီအား ဆန္ဒအလျောက် ဖျက်သိမ်းရန်အတွက် သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိများအား ခန့်အပ်ရန်အတွက် ချမှတ်သည့် ဆုံးဖြတ်ချက် မတိုင်မီကာလတွင် သို့မဟုတ် တစ်ပြိုင်တည်းအချိန်တွင် ချမှတ်သည့် အကြောင်းကြောင့် ဤပုဒ်မပါကိစ္စရပ်များအတွက် တရားမဝင်ဖြစ်ခြင်းမရှိစေရ။ သို့သော် ကုမ္ပဏီအား ဖျက်သိမ်းရန်အတွက် အမိန့်တစ်ရပ်ကို တစ်နှစ်အတွင်း ချမှတ်ခဲ့လျှင်ဖြစ်စေ၊ တရားရုံး၏ကြီးကြပ်မှုဖြင့် ဖျက်သိမ်းရန်ပြုလုပ်ခဲ့လျှင်ဖြစ်စေ အဆိုပါ အထူးဆုံးဖြတ်ချက်သည် တရားရုံး၏ အတည်ပြုချက်မရှိလျှင် တရားဝင်ခြင်းမရှိစေရ။ (စ) အနုညာတစီရင်ဆုံးဖြတ်ခြင်း ကိစ္စရပ်များအတွက် အနုညာတစီရင်ဆုံးဖြတ်ခြင်း ဥပဒေတွင် ကန့်သတ်ထားသည်များမှအပ အဆိုပါ ဥပဒေပါ ပြဋ္ဌာန်းချက်များသည် ဤပုဒ်မအရ ဆောင်ရွက်သည့် အနုညာတစီရင် ဆုံးဖြတ်ခြင်းများအားလုံးနှင့် သက်ဆိုင်စေရမည်။ နှစ်စဉ် နှစ်ကုန်ဆုံးချိန်၌ အထွေထွေအစည်းအဝေးအားခေါ်ယူကျင်းပစေရန် ဆောင်ရွက်ရမည့် စာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏တာဝန် ၃၅၅။ ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းခြင်းကို တစ်နှစ်ကာလထက်ပိုမို၍ ဆက်လက်ဆောင်ရွက် ရသည့်ကိစ္စရပ်တွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် စာရင်းရှင်းလင်းဖျက်သိမ်းမှု စတင် ဆောင်ရွက်သည့်နေ့မှစ၍ ပထမ တစ်နှစ်နှင့် နောက်နှစ် တစ်နှစ်စီ ကုန်ဆုံးချိန်၌ သို့မဟုတ် သက်ဆိုင်ရာ နှစ်ကုန်ဆုံးပြီးနောက် ရက်ပေါင်း ၉၀ အတွင်း သင့်လျော်သည့်အချိန်၌ ကုမ္ပဏီ၏ အထွေထွေ အစည်းအဝေးတစ်ရပ်ကိုကျင်းပရန် ဆင့်ဆိုနိုင်ပြီး အစည်းအဝေးတွင်ပြီးခဲ့သည့်နှစ်အတွင်း စာရင်း ရှင်းလင်း ဖျက်သိမ်းရေးအတွက် ၎င်း၏ ပြု လုပ်ဆောင်ရွက်မှုများနှင့် စာရင်းရှင်းလင်းဖျက်သိမ်းမှု အခြေအနေနှင့်စပ်လျဉ်း၍ သီးခြားကိစ္စရပ်များပါဝင်သော သတ်မှတ်ဖော်ပြထားသည့် ပုံစံဖြင့် ပြုစု ထားသည့် ရေးသားဖော်ပြချက်တစ်ရပ်ကို ရှင်းလင်းတင်ပြရမည်။ ၃၅၆။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ပုဒ်မ ၃၅၅ ပါပြဋ္ဌာန်းချက်များကို လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်လျှင် ဒဏ်ကြေးငွေကျပ်ငါးသိန်းကို ပေးဆောင်ရမည်။ အပြီးသတ် အစည်းအဝေးနှင့် ကုမ္ပဏီဖျက်သိမ်းခြင်း ၃၅၇။ (က) ကုမ္ပဏီ၏ကိစ္စရပ်များကို အပြည့်အဝ စာရင်းရှင်းလင်းဖျက်သိမ်းပြီးသည်နှင့် တစ်ပြိုင်နက် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် စာရင်းရှင်းလင်းဖျက်သိမ်းရေးဆိုင်ရာ စာရင်း တစ်ရပ်ကို ပြုလုပ်ရမည်ဖြစ်ပြီး ယင်းစာရင်းတွင် မည်သို့စာရင်း ရှင်းလင်းဖျက်သိမ်းခြင်းကို ဆောင်ရွက်ခဲ့သည်၊ ကုမ္ပဏီ၏ပစ္စည်းများကို မည်သို့စီမံခန့်ခွဲခဲ့သည်တို့ကို ဖော်ပြပါရှိ စေရမည်။ ယင်းနောက် အဆိုပါစာရင်းကိုတင်ပြရန်နှင့် ယင်းအတွက် ရှင်းလင်းပြောဆို ရန်အလို့ငှာ ကုမ္ပဏီ၏ အထွေထွေအစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပရမည်။ ( ခ ) အစည်းအဝေးကို အချိန်၊ နေရာနှင့်ရည်ရွယ်ချက်တို့အား ဖော်ပြကြေညာ၍ ဆောင်ရွက် ရမည်ဖြစ်ပြီး ပုဒ်မ ၃၄၈ ပါ နည်းလမ်းအရ အကြောင်းကြားစာတစ်စောင်အား ထုတ်ဝေ ခြင်းအတွက် သတ်မှတ်ပါရှိသည့် နည်းလမ်းများဖြင့် အစည်းအဝေးမကျင်းပမီ အနည်းဆုံး ၂၈ ရက် ကြိုတင်၍ ထုတ်ပြန်ရမည်။ ( ဂ) အစည်းအဝေးကျင်းပပြီးနောက် ခုနစ်ရက်အတွင်း စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် စာရင်းမိတ္တုတစ်စောင်ကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့ရမည့်အပြင် အစည်းအဝေးကျင်းပခြင်းနှင့် ကျင်းပသည့်နေ့ရက်တို့ကို ၎င်းထံသို့ ပြန်ကြားရမည်။ အစည်းအဝေး၌ အစည်းအဝေးအထမြောက်ရန် တက်ရောက်ရမည့် လိုအပ်သည့် ဦးရေ မပြည့်ဝခဲ့လျှင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် အစည်းအဝေးကို တရားဝင် ဆင့်ခေါ်ခဲ့ကြောင်း၊ ထိုအစည်းအဝေးသို့ အစည်းအဝေးအထမြောက်ရန် တက်ရောက်ရမည့် လိုအပ်သည့်ဦးရေ အပြည့်အဝမတက်ရောက်ခဲ့ကြောင်း ဖော်ပြပါရှိသည့် ပြန်ကြားချက် တစ်စောင်ကိုပြုလုပ်ရမည်။ ထိုပြန်ကြားချက်အား ပြုလုပ်ပြီးသည့်အခါ ပြန်ကြားချက် ပြုလုပ်ခြင်းနှင့် သက်ဆိုင်သော ဤပုဒ်မခွဲပါ ပြဋ္ဌာန်းချက်များအရ ပြန်ကြားချက်ကို အဆိုပါအတိုင်း လိုက်နာဆောင်ရွက်ပြီး ဖြစ်သကဲ့သို့ မှတ်ယူရမည်။ (ဃ) မှတ်ပုံတင်အရာရှိသည် စာရင်း သို့မဟုတ် ပုဒ်မခွဲ (ဂ) တွင် ဖော်ပြပါရှိသော ပြန်ကြား ချက်တစ်ရပ်ရပ်ကို လက်ခံရရှိသည့်အခါ ယင်းတို့အား မှတ်ပုံတင်ရေးသွင်း ဆောင်ရွက် ရမည်ဖြစ်ပြီး ပြန်ကြားချက်အား မှတ်ပုံတင်ပြီးသည့် အချိန်မှစ၍ သုံးလ ပြည့်မြောက် ပြီးသည့်အချိန်တွင် ကုမ္ပဏီအားဖျက်သိမ်းပြီးဖြစ်သည်ဟုမှတ်ယူရမည်။ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိကဖြစ်စေ၊ အကျိုးခံစားခွင့်ရှိသူအဖြစ် တရားရုံးတွင်ရောက်ရှိသူ တစ်ဦးဦးကဖြစ်စေ လျှောက်ထားတင်ပြလာလျှင် တရားရုံးသည် သင့်သည်ဟုထင်မြင်သည့် အချိန်ကာလတွင် ကုမ္ပဏီဖျက်သိမ်းခြင်းအား အကျိုးသက်ရောက်စေမည်ဟု သတ်မှတ်သော နေ့ရက်သို့ ရွှေ့ဆိုင်းပေးနိုင်သည့် အမိန့်တစ်ရပ်ချမှတ်နိုင်သည်။ ၃၅၈။ ပုဒ်မ ၃၅၇၊ ပုဒ်မခွဲ(ဂ)နှင့်အညီ စာရင်းမိတ္တု ပေးပို့ခြင်းနှင့် ပြန်ကြားချက် ပြုလုပ်ခြင်းတို့ကို မဆောင်ရွက်ခဲ့လျှင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ဒဏ်ကြေးငွေကျပ် တစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။ ၃၅၉။ ပုဒ်မ ၃၅၇၊ ပုဒ်မခွဲ (ဃ) အရ ပြုလုပ်သည့် တရားရုံး၏အမိန့်တစ်ရပ်အပေါ် လျှောက်ထားသူသည် အဆိုပါအမိန့်အား ချမှတ်သည့်နေ့မှ ၂၁ ရက်အတွင်း အဆိုပါအမိန့်အား မှတ်ပုံတင်ရန်အတွက် အမိန့်၏ မူရင်းမိမှန်တစ်စောင်ကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့တင်ပြရမည်ဖြစ်ပြီး ထိုသို့ဆောင် ရွက်ရန် ပျက်ကွက်ပါက ထိုသူသည် ဒဏ်ကြေးငွေကျပ်တစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။ မြီရှင်များကကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်း မြီရှင်များက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်းနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ ၃၆၀။ ပုဒ်မ ၃၆၁ မှ ၃၇၂ အထိပါ ပြဋ္ဌာန်းချက်များသည် မြီရှင်များက ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်စေရမည်။ မြီရှင်များ၏ အစည်းအဝေး ၃၆၁။ (က) ကုမ္ပဏီသည်ဆန္ဒအလျောက် ဖျက်သိမ်းရန်အတွက် ဆုံးဖြတ်ချက်ချမှတ်ရန် ရည်ရွယ်သည့် အစည်းအဝေးကို ကျင်းပရမည့် နေ့ရက် သို့မဟုတ် ထိုနေ့၏ နောက်တစ်နေ့တွင် ကုမ္ပဏီ၏ မြီရှင်များအစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပရမည်ဖြစ်ပြီး အဆိုပါမြီရှင်များ၏ အစည်းအဝေးအတွက် အကြောင်းကြားစာများကို ကုမ္ပဏီ၏ ဖော်ပြပါအစည်းအဝေး ကျင်းပမည့် အကြောင်းကြားစာပေးပို့သည်နှင့်တပြိုင်နက် မြီရှင်များထံသို့ ပေးပို့ရမည်။ ( ခ ) ကုမ္ပဏီသည် မြီရှင်များ၏ အစည်းအဝေးအတွက် အကြောင်းကြားစာကို ပုဒ်မ ၃၄၈ ပါအကြောင်းကြားစာတစ်စောင်အား ထုတ်ဝေခြင်းအတွက် ယင်းပုဒ်မတွင် သတ်မှတ် ပါရှိသည့် နည်းလမ်းများဖြင့် ကြေညာပေးရမည်။ (ဂ) ကုမ္ပဏီ၏ ဒါရိုက်တာများသည် – (၁) ကုမ္ပဏီကိစ္စရပ်များ၏ အခြေအနေများအား ကုမ္ပဏီ၏ မြီရှင်များစာရင်းမတိုင်မီ တင်ပြမည့် တောင်းဆိုမှုပမာဏ ခန့်မှန်းခြေစာရင်းတို့ကို ပူးတွဲပါရှိစေလျက် ပြည့်စုံသည့် ရေးသားဖော်ပြချက်တစ်စောင်ကိုအထက်တွင် ဖော်ပြပါရှိသည့်အတိုင်း ကျင်းပမည့် မြီရှင်များအစည်းအဝေးတွင် တင်ပြရမည်၊ ၎င်းအပြင် (၂) အဆိုပါ အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ရန်အတွက် ယင်းတို့ အနက်မှ တစ်ဦးဦးကို ခန့်အပ်ရမည်။ (ဃ) မြီရှင်များ၏ အစည်းအဝေးတွင် သဘာပတိအဖြစ် ခန့်အပ်ခံရသော ဒါရိုက်တာသည် အစည်းအဝေးသို့ တက်ရောက်၍ သဘာပတိအဖြစ် ဆောင်ရွက်ရန် တာဝန်ရှိသည်။ (င ) ကုမ္ပဏီအား ဆန္ဒအလျောက် ဖျက်သိမ်းရန်အတွက် ဆုံးဖြတ်ချက်ချမှတ်ရန် ရည်ရွယ်သည့် ကုမ္ပဏီအစည်းအဝေးကို ရွှေ့ဆိုင်းခဲ့ပြီး ထိုသို့ရွှေ့ဆိုင်းခဲ့သည့် အစည်းအဝေး၌ ဆုံးဖြတ်ချက်အား ချမှတ်ခဲ့လျှင် ပုဒ်မခွဲ (က) အရ ကျင်းပသည့် မြီရှင်များ၏ အစည်းအဝေး၌ ချမှတ်သော ဆုံးဖြတ်ချက်တစ်ရပ်ရပ်သည် ကုမ္ပဏီဖျက်သိမ်းရန်အတွက် ဆုံးဖြတ်ချက်ချမှတ်ပြီးနောက် ချက်ချင်းချမှတ်သည့် ဆုံးဖြတ်ချက်တစ်ရပ်အဖြစ် အကျိုးသက်ရောက်စေရမည်။ ၃၆၂။ အကယ်၍ – (က) ပုဒ်မ ၃၆၁၊ ပုဒ်မခွဲ (က) နှင့် (ခ) တို့ကို လိုက်နာဆောင်ရွက်ရာတွင် ကုမ္ပဏီကပျက်ကွက် ခဲ့လျှင် သို့မဟုတ် ( ခ ) ပုဒ်မ ၃၆၁၊ ပုဒ်မခွဲ (ဂ) ကို လိုက်နာဆောင်ရွက်ရာတွင် ကုမ္ပဏီ၏ ဒါရိုက်တာများက ပျက်ကွက်ခဲ့လျှင် သို့မဟုတ် (ဂ) ပုဒ်မ ၃၆၁၊ ပုဒ်မခွဲ (ဃ) ကို လိုက်နာဆောင်ရွက်ရာတွင် ကုမ္ပဏီ၏ ဒါရိုက်တာ တစ်ဦးဦးက ပျက်ကွက်ခဲ့လျှင် ကုမ္ပဏီ၊ ဒါရိုက်တာများ သို့မဟုတ် ဒါရိုက်တာသည် ယင်းတို့ ပျက်ကွက်သည့် ကိစ္စရပ်အတွက် ဒဏ်ကြေးငွေကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်ဖြစ်ပြီး ကုမ္ပဏီက ပျက်ကွက်သည့်ကိစ္စရပ်တွင် ပျက်ကွက်မှု၌ပါဝင်သည့် ကုမ္ပဏီ၏အရာရှိများ အားလုံးသည် အလားတူပြစ်ဒဏ်ကို ထိုက်သင့်စေရမည်။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအားခန့်အပ်ခြင်း ၃၆၃။ မြီရှင်များနှင့်ကုမ္ပဏီသည် ပုဒ်မ ၃၆၁ တွင် ဖော်ပြပါရှိသော ယင်းတို့၏ သက်ဆိုင်ရာအစည်းအဝေးများ၌ ကုမ္ပဏီ၏ ကိစ္စရပ်များကို စာရင်းရှင်းလင်းဖျက်သိမ်းရန်နှင့် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များကို ခွဲဝေရန်အတွက် ပုဂ္ဂိုလ်တစ်ဦးဦးကို စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် အဆိုပြု တင်ပြနိုင်သည်။ မြီရှင် များနှင့် ကုမ္ပဏီသည် သီးခြားပုဂ္ဂိုလ်များကို အဆိုပြုတင်ပြခဲ့လျှင် မြီရှင်များက အဆိုပြုသည့် ပုဂ္ဂိုလ်သည် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိဖြစ်စေရမည်။ မြီရှင်များက အဆိုပြု တင်ပြသည့် ပုဂ္ဂိုလ်မရှိခဲ့လျှင် ကုမ္ပဏီက အဆိုပြု တင်ပြသည့် ပုဂ္ဂိုလ်သည် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိ ဖြစ်စေရမည်။ သို့ရာတွင် သီးခြားပုဂ္ဂိုလ်များကို အဆိုပြုတင်ပြလာသည့်ကိစ္စရပ်၌ မှီရှင်များက အဆိုပြု တင်ပြသည့် နေ့ရက်မှ ခုနစ်ရက်အတွင်း ကုမ္ပဏီ၏ ဒါရိုက်တာ၊ ကုမ္ပဏီတွင် ပါဝင်သူ သို့မဟုတ် မြီရှင်တစ်ဦးဦးသည် တရားရုံးသို့ တင်ပြ၍ မြီရှင်များက အဆိုပြုသည့် ပုဂ္ဂိုလ်အစား သို့မဟုတ် ယင်းပုဂ္ဂိုလ်နှင့်အတူ ကုမ္ပဏီက စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိအဖြစ် အဆိုပြုတင်ပြသည့် ပုဂ္ဂိုလ်ကို စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိအဖြစ် သတ်မှတ်ပေးရန် သို့မဟုတ် မြီရှင်များကခန့်အပ်သည့် ပုဂ္ဂိုလ်အစား အခြားသူ တစ်ဦးဦးကို စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိအဖြစ်ခန့်အပ်ပေးရန် အမိန့်တစ်ရပ်ရပ်ကို လျှောက်ထားနိုင်သည်။ စစ်ဆေးရေးကော်မတီအား ခန့်အပ်ခြင်း ၃၆၄။ (က) ပုဒ်မ ၃၆၁ အရ ကျင်းပသည့် အစည်းအဝေး၌ဖြစ်စေ၊ နောင်တွင်ပြုလုပ်သည့် အစည်း အဝေးတစ်ရပ်ရပ်၌ဖြစ်စေ မြီရှင်များသည် ၎င်းတို့သင့်သည်ဟု ထင်မြင်သည့်အတိုင်း ငါးဦးထက် မပိုသောသူများပါဝင်သည့် စစ်ဆေးရေးကော်မတီတစ်ရပ်ကို ခန့်အပ်နိုင်သည်။ အဆိုပါ ကော်မတီအား ခန့်အပ်ပြီးသည့်အခါ ကုမ္ပဏီအား ဆန္ဒအလျောက်ဖျက်သိမ်း ရန်အတွက် ဆုံးဖြတ်ချက်ချမှတ်မည့် အစည်းအဝေး၌ဖြစ်စေ၊ နောင်တွင် ကျင်းပမည့် အထွေထွေအစည်းအဝေးတစ်ရပ်ရပ်၌ဖြစ်စေ ကုမ္ပဏီသည် ငါးဦးထက်မပိုသော ကော်မတီ၏အဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ရန်သင့်သည် ထင်မြင်သည့်ပုဂ္ဂိုလ်များကို ခန့်အပ်နိုင်သည်။ (ခ ) သို့ရာတွင် မြီရှင်များသည် ၎င်းတို့သင့်သည်ဟုထင်မြင်သည့်အတိုင်း ကုမ္ပဏီက ထိုသို့ ခန့်အပ်ထားသည့် ပုဂ္ဂိုလ်အားလုံးကိုဖြစ်စေ၊ တစ်ဦးဦးကိုဖြစ်စေ စစ်ဆေးရေးကော်မတီ၏ အဖွဲ့ဝင်များ မဖြစ်သင့်ကြောင်း ဆုံးဖြတ်နိုင်သည်။ မြီရှင်များက ထိုသို့ ဆုံးဖြတ်ခဲ့လျှင် တရားရုံးက အခြားနည်းညွှန်ကြားခြင်းမရှိပါက ဆုံးဖြတ်ချက်တွင် ဖော်ပြထားသော ပုဂ္ဂိုလ်များသည် ကော်မတီ၏အဖွဲ့ဝင်များအဖြစ်ဆောင်ရွက်ရန်မပြုစေရ။ ဤပြဋ္ဌာန်းချက်အရ တရားရုံးသို့ တင်ပြလျှောက်ထားခဲ့လျှင် တရားရုံးသည်သင့်သည်ဟု ထင်မြင်သည့်အတိုင်း ဆုံးဖြတ်ချက်တွင် ဖော်ပြထားသော ပုဂ္ဂိုလ်အစားအဖွဲ့ဝင်အဖြစ် ဆောင်ရွက်နိုင်မည့် အခြားသူတစ်ဦးဦးကို ခန့်အပ်နိုင်သည်။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများ၏ အခကြေးငွေကိုသတ်မှတ်ခြင်းနှင့် ဒါရိုက်တာများ၏ လုပ်ပိုင်ခွင့်များကို ရပ်စဲခြင်း ၃၆၅။ (က) စစ်ဆေးရေးကော်မတီ သို့မဟုတ် စစ်ဆေးရေးကော်မတီမရှိခဲ့လျှင် မြီရှင်များသည် စာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိ သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများသို့ ပေးချေရမည့် အခကြေးငွေများကိုသတ်မှတ်နိုင်ပြီး အခကြေးငွေကို သတ်မှတ်ထားခြင်း မရှိခဲ့လျှင် ထိုအခကြေးငွေကို တရားရုံးက သတ်မှတ်ရမည်။ ( ခ ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိတစ်ဦးအား ခန့်အပ်ခဲ့သည့်အခါ ဒါရိုက်တာများ၏ လုပ်ပိုင်ခွင့်များအားလုံးသည် စစ်ဆေးရေးကော်မတီ သို့မဟုတ် စစ်ဆေးရေးကော်မတီ မရှိခဲ့လျှင် မြီရှင်များက ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုခဲ့သည့်ကိစ္စရပ်မှအပ ရပ်စဲစေရမည်။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ လစ်လပ်နေရာကို ဖြည့်စွက်ခန့်ထားနိုင်သည့်အခွင့်အာဏာ ၃၆၆။ တရားရုံးကသော်လည်းကောင်း၊ တရားရုံး၏ ညွှန်ကြားချက်ဖြင့်သော်လည်းကောင်း ခန့်အပ် ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိမှအပ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိတစ်ဦးဦးသည် သေဆုံးခြင်း၊ နုတ်ထွက်ခြင်း သို့မဟုတ် အခြားအကြောင်းတစ်ရပ်ရပ်ကြောင့် ၎င်း၏နေရာ၌ လစ်လပ် သွားလျှင် မြီရှင်များသည် ထိုလစ်လပ်နေရာကို ဖြည့်စွက်ခန့်ထားနိုင်သည်။ မြီရှင်များက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်းတွင် ပုဒ်မ ၃၅၄ ပါပြဋ္ဌာန်းချက်အား လိုက်နာရခြင်း ၃၆၇။ ပုဒ်မ ၃၅၄ ပါ ပြဋ္ဌာန်းချက်များသည် မြီရှင်များကကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်းတွင် ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်းကဲ့သို့ သက်ဆိုင်စေရမည် ဖြစ်ပြီး အဆိုပါပုဒ်မအရ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏လုပ်ပိုင်ခွင့်များကို တရားရုံးကဖြစ်စေ၊ စစ်ဆေးရေးကော်မတီကဖြစ်စေ ခွင့်ပြုချက်ပါရှိမှအပ ကျင့်သုံးဆောင်ရွက်ခြင်းမပြုရ။ နှစ်စဉ် နှစ်ကုန်ဆုံးချိန်၌ ကုမ္ပဏီ၏အစည်းအဝေးများနှင့် မြီရှင်များ၏အစည်းအဝေးများအား ခေါ်ယူ ကျင်းပစေရန် ဆောင်ရွက်ရမည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏တာဝန် ၃၆၈။ ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းခြင်းကို တစ်နှစ်ကာလထက်ပိုမို၍ ဆက်လက်ဆောင်ရွက် ရသည့်ကိစ္စရပ်တွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် စာရင်းရှင်းလင်းဖျက်သိမ်းမှု စတင် ဆောင်ရွက်သည့်နေ့မှစ၍ ပထမ တစ်နှစ်နှင့် နောက်နှစ် တစ်နှစ်စီ ကုန်ဆုံးချိန်၌ သို့မဟုတ် သင့်လျော်သည့် အချိန်၌ ကုမ္ပဏီ၏ အထွေထွေအစည်းအဝေးတစ်ရပ်နှင့် မြီရှင်များ၏အစည်းအဝေးတစ်ရပ်ကို ကျင်းပရန်ဆင့်ဆိုနိုင်ပြီး အစည်းအဝေးများတွင် ပြီးခဲ့သည့်နှစ်အတွင်း စာရင်းရှင်းလင်းဖျက်သိမ်းရေး အတွက် ၎င်း၏ပြုလုပ်ဆောင်ရွက်မှုများနှင့် စာရင်းရှင်းလင်းဖျက်သိမ်းမှု အခြေအနေနှင့်စပ်လျဉ်း၍ သီးခြားကိစ္စရပ်များပါဝင်သော သတ်မှတ်ဖော်ပြထားသည့် ပုံစံဖြင့်ပြုစုထားသည့် ရေးသားဖော်ပြချက် တစ်ရပ်ကို ရှင်းလင်းတင်ပြရမည်။ ၃၆၉။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ပုဒ်မ ၃၆၈ ပါ ပြဋ္ဌာန်းချက်များကို လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်လျှင် ဒဏ်ကြေးငွေ ကျပ်ငါးသိန်းကို ပေးဆောင်ရမည်။ အပြီးသတ်အစည်းအဝေးနှင့် ကုမ္ပဏီဖျက်သိမ်းခြင်း ၃၇၀။ (က) ကုမ္ပဏီ၏ကိစ္စရပ်များကို အပြည့်အဝ စာရင်းရှင်းလင်းဖျက်သိမ်းပြီးသည်နှင့် တစ်ပြိုင်နက် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် စာရင်းရှင်းလင်း ဖျက်သိမ်းရေးဆိုင်ရာ စာရင်းတစ်ရပ်ကို ပြုလုပ်ရမည်ဖြစ်ပြီး ယင်းစာရင်းတွင် မည်သို့စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းကို ဆောင်ရွက်ခဲ့သည်၊ ကုမ္ပဏီ၏ပစ္စည်းများကို မည်သို့စီမံခန့်ခွဲခဲ့သည် တို့ကို ဖော်ပြပါရှိစေရမည်။ ယင်းနောက် အဆိုပါစာရင်းကို တင်ပြရန်နှင့် ယင်းအတွက် ရှင်းလင်းပြောဆိုရန်အလို့ငှာ ကုမ္ပဏီ၏ အထွေထွေအစည်းအဝေးတစ်ရပ်နှင့် မြီရှင်များ၏ အစည်းအဝေးတစ်ရပ်တို့ကို ခေါ်ယူကျင်းပရမည်။ ( ခ ) အစည်းအဝေးတစ်ရပ်စီကို အချိန်၊ နေရာနှင့် ရည်ရွယ်ချက်တို့အား သတ်မှတ်ကြေညာ၍ ဆောင်ရွက်ရမည်ဖြစ်ပြီး ပုဒ်မ ၃၄၈ ပါ အကြောင်းကြားစာတစ်စောင်အား ထုတ်ဝေခြင်း အတွက် သတ်မှတ်ပါရှိသည့် နည်းလမ်းများဖြင့် အစည်းအဝေးမကျင်းပမီ အနည်းဆုံး ၂၈ ရက် ကြိုတင်၍ ထုတ်ပြန်ရမည်။ (ဂ) အစည်းအဝေးများကို ကျင်းပသည့်နေ့ရက်မှ ခုနစ်ရက်အတွင်း သို့မဟုတ် အစည်းအဝေးများအား အဆိုပါနေ့ရက်များတွင် ကျင်းပနိုင်ခြင်းမရှိခဲ့လျှင် နောင်တွင်ကျင်းပသည့်နေ့ရက်မှ ရက်သတ္တပတ် တစ်ပတ်အတွင်း စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် စာရင်းမိတ္တူ တစ်စောင်ကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့ရမည့်အပြင် အစည်းအဝေးကျင်းပခြင်းနှင့် ကျင်းပသည့်နေ့ရက်တို့ကို ၎င်းထံသို့ပြန်ကြားရမည်။ အစည်းအဝေး၌ အစည်းအဝေး အထမြောက်ရန် တက်ရောက်ရမည့် လိုအပ်သည့်ဦးရေ (ဤပုဒ်မပါကိစ္စရပ်များအတွက် အစည်းအဝေးသို့ တက်ရောက်ရမည့် ပုဂ္ဂိုလ် နှစ်ဦး ရှိရမည်) မပြည့်ဝခဲ့လျှင် စာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် အစည်းအဝေးကို တရားဝင်ဆင့်ခေါ်ခဲ့ကြောင်း၊ ထိုအစည်းအဝေးသို့ အစည်းအဝေး အထမြောက်ရန် တက်ရောက်ရမည့် လိုအပ်သည့် ဦးရေအပြည့်အဝ မတက်ရောက်ခဲ့ကြောင်း ဖော်ပြပါရှိသည့် ပြန်ကြားချက်တစ်စောင်ကို ပြုလုပ်ရမည်။ ထိုပြန်ကြားချက်အား ပြုလုပ်ပြီးသည့်အခါ ပြန်ကြားချက်ပြုလုပ်ခြင်းနှင့် သက်ဆိုင်သော ဤပုဒ်မခွဲပါ ပြဋ္ဌာန်းချက်များအရ ပြန်ကြားချက်ကို အဆိုပါအတိုင်း လိုက်နာဆောင်ရွက်ပြီးဖြစ်သကဲ့သို့ မှတ်ယူရမည်။ (ဃ) မှတ်ပုံတင်အရာရှိသည် စာရင်း သို့မဟုတ် ပုဒ်မခွဲ (ဂ) တွင် ဖော်ပြပါရှိသော အစည်းအဝေး တစ်ရပ်စီနှင့်စပ်လျဉ်းသည့် ပြန်ကြားချက်တစ်ရပ်ရပ်ကို လက်ခံရရှိသည့်အခါ ယင်းတို့အား မှတ်ပုံတင်ရေးသွင်း ဆောင်ရွက်ရမည်ဖြစ်ပြီး ပြန်ကြားချက်အား မှတ်ပုံ တင်ပြီးသည့်အချိန်မှစ၍ သုံးလပြည့်မြောက်ပြီးသည့်အချိန်တွင် ကုမ္ပဏီအားဖျက်သိမ်းပြီး ဖြစ်သည်ဟုမှတ်ယူရမည်။ သို့ရာတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကဖြစ်စေ၊ အကျိုးခံစားခွင့်ရှိသူအဖြစ် တရားရုံးတွင်ရောက်ရှိသူတစ်ဦးဦးကဖြစ်စေ လျှောက်ထား တင်ပြလာလျှင် တရားရုံးသည်သင့်သည်ဟုထင်မြင်သည့် အချိန်ကာလတွင် ကုမ္ပဏီ ဖျက်သိမ်းခြင်းအား အကျိုးသက်ရောက်စေမည်ဟု သတ်မှတ်သောနေ့ရက်သို့ ရွှေ့ဆိုင်း ပေးနိုင်သည့် အမိန့်တစ်ရပ်ချမှတ်နိုင်သည်။ ၃၇၁။ ပုဒ်မ ၃၇ဝ၊ ပုဒ်မခွဲ (ဂ) နှင့်အညီ စာရင်းမိတ္တု ပေးပို့ခြင်းနှင့် ပြန်ကြားချက် ပြုလုပ်ခြင်းတို့ကို မဆောင်ရွက်ခဲ့လျှင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ဒဏ်ကြေးငွေ ကျပ်တစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။ ၃၇၂။ ပုဒ်မ ၃၇ဝ၏ ပုဒ်မခွဲ (ဃ) အရ ပြုလုပ်သည့် တရားရုံး၏ အမိန့်တစ်ရပ်အပေါ် လျှောက်ထား သူသည် အဆိုပါအမိန့်အား ချမှတ်သည့်နေ့မှ ၁၀ ရက်အတွင်း အဆိုပါအမိန့်အား မှတ်ပုံတင်ရန် အတွက် အမိန့်၏မူရင်းမိတ္တူ မှန်တစ်စောင်ကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့တင်ပြရမည်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ရန် ပျက်ကွက်ပါက ထိုသူသည် ဒဏ်ကြေးငွေ ကျပ်တစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။ ကုမ္ပဏီတွင်ပါဝင်သူများကဖြစ်စေ၊ မြီရှင်များကဖြစ်စေ ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်း ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်းကိစ္စရပ်များအားလုံးနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ ၃၇၃။ ပုဒ်မ ၃၇၄ မှ ၃၈၂ အထိပါရှိသည့် ပြဋ္ဌာန်းချက်များသည် ကုမ္ပဏီတွင်ပါဝင်သူများကဖြစ်စေ၊ မြီရှင်များကဖြစ်စေ ကုမ္ပဏီကိုဆန္ဒအလျောက်ဖျက်သိမ်းခြင်း ကိစ္စရပ်များအားလုံးနှင့် သက်ဆိုင်စေရမည်။ ကုမ္ပဏီ၏ပစ္စည်းများကို ခွဲဝေဆောင်ရွက်ခြင်း ၃၇၄။ ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းသည့်အခါတွင် ဦးစားပေးငွေပေးချေမှုများနှင့် သက်ဆိုင်သည့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီ၏ပစ္စည်းများကို ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၌ အခြား နည်းဖော်ပြထားခြင်းမရှိလျှင် ကုမ္ပဏီ၏တာဝန်ရှိမှုများအတွက် အချိုးကျအသုံးပြု ရမည်ဖြစ်ပြီး ကုမ္ပဏီရှိပါဝင်သူတို့၏အခွင့်အရေးများနှင့် အကျိုးခံစားခွင့်များအရကုမ္ပဏီတွင် ပါဝင်သူများအကြား ခွဲဝေဆောင်ရွက်ရမည်။ ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းရာတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏တာဝန်နှင့် လုပ်ပိုင် ခွင့်များ ၃၇၅။ (က) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် – (၁) ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒလျောက်ဖျက်သိမ်းသည့် ကိစ္စရပ်တွင် ကုမ္ပဏီ၏ အထူးဆုံးဖြတ်ချက်အရ ခွင့်ပြုချက်ဖြင့်လည်းကောင်း၊ မြီရှင်များက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းသည့်ကိစ္စရပ်တွင် တရားရုံး သို့မဟုတ် စစ်ဆေးရေးကော်မတီ၏ ခွင့်ပြုချက်ဖြင့်လည်းကောင်း ကုမ္ပဏီကိုဖျက်သိမ်းသည့် ကိစ္စရပ်တွင် ပုဒ်မ ၃၂၁၊ ပုဒ်မခွဲ (ဃ)၊ (င)၊ (စ) နှင့် (ဇ) တို့အရ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိသို့ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်အားလုံးကို ကျင့်သုံး ဆောင်ရွက်နိုင်သည်။ ဤပုဒ်မအရပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များကို စာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိက ကျင့်သုံးဆောင်ရွက်ရာတွင် တရားရုံး၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးသည် ဤလုပ်ပိုင်ခွင့်တစ်ရပ်ရပ်ကို ကျင့်သုံးဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ တရားရုံးသို့တင်ပြလျှောက်ထားနိုင်သည်။ (၂) ပုဒ်မခွဲငယ် (၁) တွင်ဖော်ပြပါရှိသော ခွင့်ပြုချက်မပါရှိဘဲ ကုမ္ပဏီကို ဖျက်သိမ်းသည့် ကိစ္စရပ်တွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသို့ တရားရုံးကပေးအပ်ထားသည့် ဤဥပဒေအရ အခြားသောလုပ်ပိုင်ခွင့်တစ်ရပ်ရပ်ကို ကျင့်သုံးဆောင်ရွက်နိုင်သည်။ (၃) ကြွေးမြီပေးဆပ်ရသူများစာရင်းကို ရှင်းလင်းဆောင်ရွက်ရာတွင် ဤဥပဒေအရ ပေးအပ်ထားသည့် တရားရုံး၏ အခွင့်အာဏာကို ကျင့်သုံးဆောင်ရွက်နိုင်ပြီး ကြွေးမြီ ပေးဆပ်ရသူများစာရင်းသည် ယင်းစာရင်းတွင် ကြွေးမြီ ပေးဆပ်ရသူများအဖြစ် ပါရှိသူများ၏ တာဝန်ရှိမှုများအတွက် ခိုင်လုံသည့်သက်သေခံချက် ဖြစ်စေရမည်။ (၄) ငွေကြေးထည့်ဝင်ရန် တောင်းခေါ်မှုပြုလုပ်နိုင်သည့် တရားရုံး၏ အခွင့်အာဏာကို ကျင့်သုံးဆောင်ရွက်နိုင်သည်။ ၎င်းအပြင် (၅) အထူးဆုံးဖြတ်ချက်ဖြင့် ကုမ္ပဏီ၏ ခွင့်ပြုချက်ကိုရယူရန် သို့မဟုတ် ၎င်းအနေဖြင့် သင့်သည်ထင်မြင်သည့် အခြားကိစ္စရပ်များအတွက် ကုမ္ပဏီ၏ အထွေထွေ အစည်းအဝေးများကို ဆင့်ခေါ်နိုင်သည်။ ( ခ ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ကုမ္ပဏီ၏ကြွေးမြီများကို ပေးချေရမည်ဖြစ်ပြီး ကြွေးမြီပေးဆပ်ရသူများအကြား ၎င်းတို့၏ အခွင့်အရေးများကို ချိန်ညှိဆောင်ရွက် ပေးရမည်။ ( ဂ ) စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိများစွာအား ခန့်အပ်ထားခဲ့လျှင် ဤဥပဒေအရ ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်တစ်ရပ်ရပ်ကို ၎င်းတို့အား ခန့်အပ်သည့်အချိန်၌ သတ်မှတ် ထားသည့်အတိုင်းတစ်ဦးကသော်လည်းကောင်း၊ အများကသော်လည်းကောင်း ကျင့်သုံး ဆောင်ရွက်နိုင်သည်။ ထိုသို့သတ်မှတ်ထားခြင်းမရှိခဲ့လျှင် နှစ်ဦးထက်မနည်းသော စာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိများက ကျင့်သုံးဆောင်ရွက်နိုင်သည်။ ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းရာတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိအားခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်းများနှင့်သက်ဆိုင်သည့် တရားရုံး၏အခွင့်အာဏာ၊ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ၏ ခန့်အပ်မှုကို အကြောင်းကြားခြင်း ၃၇၆။ (က) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက အကြောင်းတစ်စုံတစ်ရာကြောင့်မရှိသည့် ကိစ္စရပ် များတွင် တရားရုံးသည် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိတစ်ဦးကို ခန့်အပ်နိုင်သည်။ ( ခ ) တရားရုံးသည် အကြောင်းတစ်စုံတစ်ရာ တင်ပြလာလျှင် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိအား ထုတ်ပယ်နိုင်ပြီး အခြားသော စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကို ခန့်အပ်နိုင်သည်။ (ဂ ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ၎င်းအား ခန့်အပ်ပြီးနောက် ၂၁ ရက်အတွင်း မှတ်ပုံတင်ဆောင်ရွက်နိုင်ရေးအတွက် သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် ခန့်အပ်မှုအကြောင်း ကြားစာကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့တင်ပြရမည်။ ၃၇၇။ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် ပုဒ်မ ၃၇၆ ပါ သတ်မှတ်ချက်များကို လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ခဲ့လျှင် ဒဏ်ကြေးငွေ ကျပ်တစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။ မြီရှင်များအပေါ် တရားဝင်စည်းနှောင်မှုရှိသည့် စီစဉ်ဆောင်ရွက်မှုများ ၃၇၈။ (က) စာရင်းရှင်းလင်းဖျက်သိမ်းရန် ဆောင်ရွက်မည့် သို့မဟုတ် ဆောင်ရွက်နေသည့် ကုမ္ပဏီ တစ်ခုနှင့် ယင်း၏မြီရှင်များအကြားပြုလုပ်သည့် စီစဉ်ဆောင်ရွက်မှုတစ်ရပ်ရပ်ကို အထူးဆုံးဖြတ်ချက်ဖြင့် အတည်ပြုခဲ့လျှင် ကုမ္ပဏီအပေါ်တွင်လည်းကောင်း၊ မြီရှင်များ၏ အရေအတွက်နှင့် တန်ဖိုးအရလေးပုံသုံးပုံဖြင့်လက်ခံခဲ့လျှင် မြီရှင်များ အပေါ်တွင် လည်းကောင်း တရားဝင်စည်းနှောင်မှုရှိသည်။ ယင်းကိစ္စရပ်အပေါ်တွင် ဤပုဒ်မအရ အယူခံခွင့်ရှိသည်။ ( ခ ) မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူတစ်ဦးဦးသည် စီစဉ်ဆောင်ရွက်မှုများ ပြီးစီးပြီး နောက် ၂၁ ရက်အတွင်း ယင်းကိစ္စအပေါ်တွင် တရားရုံးသို့ အယူခံဝင်ရောက်နိုင်သည်။ ထိုအယူခံမှုအရ တရားရုံးသည် သင့်သည်ထင်မြင်သည့်အတိုင်း စီစဉ်ဆောင်ရွက်မှုကို ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် အတည်ပြုခြင်းများ ပြုလုပ်နိုင်သည်။ ကိစ္စရပ်များကိုဆုံးဖြတ်နိုင်ရန်နှင့် အခွင့်အာဏာများကို ကျင့်သုံးဆောင်ရွက်နိုင်ရန်အတွက် တရားရုံးသို့ တင်ပြလျှောက်ထားနိုင်သည့် အခွင့်အာဏာ ၃၇၉။ (က) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူ သို့မဟုတ် မြီရှင် တစ်ဦးဦးသည် ကုမ္ပဏီအားဖျက်သိမ်းရာတွင် ပေါ်ပေါက်လာသည့် ကိစ္စရပ်များကို ဆုံးဖြတ်ပေးရန် သို့မဟုတ် ငွေကြေးထည့်ဝင်ရန် တောင်းခေါ်မှုများအား အတည်ပြုခြင်း၊ တရားစွဲဆိုဆောင်ရွက်မှုဆိုင်းငံ့ခြင်း သို့မဟုတ် အခြားကိစ္စရပ်များတို့နှင့် စပ်လျဉ်းပြီး ကုမ္ပဏီအား တရားရုံးဖြင့်ဖျက်သိမ်းဆောင်ရွက်သကဲ့သို့ တရားရုံးကကျင့်သုံးနိုင်ခွင့်ရှိသည့် အခွင့်အာဏာများအားလုံး သို့မဟုတ် တစ်ရပ်ရပ်ကို ကျင့်သုံးဆောင်ရွက်စေရန် တရားရုံးသို့ တင်ပြလျှောက်ထားနိုင်သည်။ (ခ ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ သို့မဟုတ် မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးသည် ကုမ္ပဏီဖျက်သိမ်းမှုစတင်ပြီးနောက် ကုမ္ပဏီ၏ပစ္စည်း သို့မဟုတ် ပိုင်ဆိုင်မှု များအပေါ် တရားဝင်လျက်ရှိသည့်ဝရမ်းကပ်ခြင်း၊ ပစ္စည်းများသိမ်းဆည်းခြင်း သို့မဟုတ် အတည်ပြု ဆောင်ရွက်ခြင်းများကို ပယ်ဖျက်သည့်အမိန့်တစ်ရပ် ချမှတ်ပေးနိုင်ရေးအတွက် တင်ပြလျှောက်ထားနိုင်သည်။ ( ဂ ) အဆိုပါ လျှောက်ထားမှုကို ကုမ္ပဏီဖျက်သိမ်းခြင်းအပေါ် စီရင်ဆုံးဖြတ်ခွင့်ရှိသည့် တရားရုံးသို့ တင်ပြရမည်။ (ဃ) တရားရုံးသည် ပေါ်ပေါက်လာသည့်ကိစ္စရပ်များကို ဆုံးဖြတ်ပေးခြင်း၊ လိုအပ်သော အခွင့်အာဏာကိုကျင့်သုံးခြင်း သို့မဟုတ် လိုက်နာရမည့်အမိန့်တစ်ရပ်ကို ချမှတ်ခြင်းတို့သည် လျော်ကန်မျှတပြီး အကျိုးဖြစ်ထွန်းစေကြောင်း ကျေနပ်လက်ခံလျှင် ၎င်းသင့်သည် ထင်မြင်သည့် စည်းကမ်းချက်များဖြင့် လျှောက်ထားမှုတစ်ရပ်လုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ လက်ခံနိုင်သည် သို့မဟုတ် လျှောက်ထားမှုအပေါ် သင့်သည်ထင်မြင်သည့် အခြားအမိန့် တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်။ ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းရာတွင် ကျခံရသည့်စရိတ်များ ၃၈၀။ ကုမ္ပဏီကိုဖျက်သိမ်းရာတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ အခကြေးငွေအပါအဝင် ကျခံရသော ကုန်ကျစရိတ်များ၊ အခကြေးငွေများနှင့် အသုံးစရိတ်များအားလုံးကို အာမခံအကျိုးခံစားခွင့် ရရှိသော မြီရှင်များ (secured creditors) ၏ အခွင့်အရေးများရှိခဲ့လျှင် ယင်းတို့ကို မထိခိုက်စေဘဲ အခြားသော တောင်းခံတင်ပြမှုများထက် ဦးစားပေး၍ ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များမှ ပေးချေရမည်။ မြီရှင်များနှင့် ကြွေးမြီပေးဆပ်ရသူများ၏ အခွင့်အရေးများကိုမထိခိုက်စေခြင်း ၃၈၁။ ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းခြင်းသည် တရားရုံးက ကုမ္ပဏီကို ဖျက်သိမ်းဆောင်ရွက်စေရန်အတွက် မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူတစ်ဦးဦး၏ အခွင့်အရေးကို တားမြစ်ပိတ်ပင်ခြင်းမရှိစေရ။ သို့သော် ကြွေးမြီပေးဆပ်ရသူတစ်ဦးဦးက လျှောက်ထားတင်ပြလာလျှင် တရားရုံးက ကြွေးမြီပေးဆပ်ရသူများ၏ အခွင့်အရေးများသည် ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းခြင်းကြောင့် ထိခိုက်စေမည်ဖြစ်သည်ဟု ကျေနပ်လက်ခံရမည်။ ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်းအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များအား သတ်မှတ်ပေး နိုင်သည့် တရားရုံး၏ အခွင့်အာဏာ ၃၈၂။ ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းဆောင်ရွက်ရာတွင် တရားရုံးက ကုမ္ပဏီ ဖျက်သိမ်းရန်အတွက် အမိန့်တစ်ရပ်ချမှတ်သည့်အခါ တရားရုံးသည် သင့်သည်ထင်မြင်သည့်အတိုင်း အဆိုပါအမိန့်တွင်ဖြစ်စေ၊ နောင်တွင်ချမှတ်သည့် အမိန့်တစ်ရပ်ဖြင့်ဖြစ်စေ ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းရာတွင် ဆောင်ရွက်ရမည့် ကိစ္စရပ်များအားလုံးကိုဖြစ်စေ၊ တစ်ရပ်ရပ်ကိုဖြစ်စေ သတ်မှတ်ပေးနိုင်သည်။ တရားရုံး၏ကြီးကြပ်မှုဖြင့် ကုမ္ပဏီကိုဖျက်သိမ်းခြင်း တရားရုံး၏ကြီးကြပ်မှုဖြင့် ကုမ္ပဏီကိုဖျက်သိမ်းရန် အမိန့်ချမှတ်နိုင်သည့် အခွင့်အာဏာ ၃၈၃။ ကုမ္ပဏီတစ်ခုသည် အထူးဆုံးဖြတ်ချက်ဖြင့် ဆန္ဒအလျောက်ဖျက်သိမ်းရန် ဆုံးဖြတ်သည့်အခါ တရားရုံးသည် ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်းအား မြီရှင်များ၊ ကြွေးမြီပေးဆပ်ရသူများ သို့မဟုတ် အခြားသူများက တရားရုံးသို့ လွတ်လပ်စွာ လျှောက်ထားတင်ပြနိုင်၍ တရားရုံးက သင့်သည်ထင်မြင်သည့် စည်းကမ်းချက်များကိုလိုက်နာလျက် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့သော် တရားရုံး၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်းဖော်ပြ၍ အမိန့်တစ်ရပ်ချမှတ်နိုင်သည်။ တရားရုံး၏ကြီးကြပ်မှုဖြင့် ကုမ္ပဏီကိုဖျက်သိမ်းရန်အတွက် လျှောက်ထားခြင်း၏အကျိုးသက်ရောက်မှု ၃၈၄။ တရားရုံး၏ ကြီးကြပ်မှုဖြင့် ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်းအား ဆက်လက်ဆောင် ရွက်နိုင်ရန်အတွက် လျှောက်ထားမှုတစ်ရပ်ကို စွဲဆိုသည့်အမှုများအပေါ် တရားရုံးသို့ စီရင်ပိုင်ခွင့် ပေးရန်အတွက် တရားရုံးက ကုမ္ပဏီကိုဖျက်သိမ်းရန် လျှောက်ထားခြင်းတစ်ရပ်ဖြစ်သည်ဟု မှတ်ယူရမည်။ မြီရှင်များ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများ၏သဘောဆန္ဒကို တရားရုံးက လက်ခံသုံးသပ်နိုင်ခြင်း ၃၈၅။ တရားရုံးသည် တရားရုံးက ကုမ္ပဏီကိုဖျက်သိမ်းခြင်းနှင့် တရားရုံး၏ ကြီးကြပ်မှုဖြင့် ကုမ္ပဏီကို ဖျက်သိမ်းခြင်းတို့အကြား ဆုံးဖြတ်ရာတွင်လည်းကောင်း၊ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများ ခန့်အပ်ရာတွင်လည်းကောင်း၊ တရားရုံး၏ ကြီးကြပ်မှုဖြင့် ကုမ္ပဏီကိုဖျက်သိမ်းခြင်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင်လည်းကောင်း လုံလောက်သည့်အထောက်အထား တစ်ရပ်ရပ်ဖြင့် ၎င်းထံ တင်ပြစေ နိုင်သကဲ့သို့ မြီရှင်များနှင့်ကြွေးမြီပေးဆပ်ရသူများ၏ သဘောဆန္ဒများကို လက်ခံ သုံးသပ်နိုင်သည်။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများ ခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်းပြုနိုင်သည့် တရားရုံး၏အခွင့်အာဏာ ၃၈၆။ (က) တရားရုံး၏ ကြီးကြပ်မှုဖြင့် ကုမ္ပဏီကိုဖျက်သိမ်းရန်အတွက် အမိန့်တစ်ရပ်ချမှတ်သည့်အခါ တရားရုံးသည် အဆိုပါအမိန့်ဖြင့်ဖြစ်စေ၊ နောင်တွင်ချမှတ်သည့် အမိန့်တစ်ရပ်ဖြင့်ဖြစ်စေ၊ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိတစ်ဦးဦးကို ထပ်မံခန့်ထားသည့် အမိန့်ချမှတ် နိုင်သည်။ ဤပုဒ်မအရ တရားရုံးကခန့်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိတစ်ဦးသည် ကုမ္ပဏီက ခန့်အပ်သည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကဲ့သို့ ကိစ္စရပ်များ အားလုံးတွင် အလားတူ လုပ်ပိုင်ခွင့်များနှင့် တာဝန်များရှိစေရမည်။ (ဂ) တရားရုံးသည် ယင်းက ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိတစ်ဦးဦး ကိုဖြစ်စေ၊ ကြီးကြပ်မှုအမိန့်အရ ဆက်လက်ခွင့်ပြုထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိတစ်ဦးဦးကိုဖြစ်စေ ထုတ်ပယ်နိုင်ပြီး ထုတ်ပယ်မှု၊ သေဆုံးမှု သို့မဟုတ် နုတ်ထွက်မှု များကြောင့် လစ်လပ်သွားသော စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိတစ်ဦး၏နေရာတွင် ဖြည့်စွက်ခန့်ထားနိုင်သည်။ ကြီးကြပ်မှုအမိန့်၏ အကျိုးသက်ရောက်မှု ၃၈၇။ (က) တရားရုံး၏ ကြီးကြပ်မှုဖြင့် ကုမ္ပဏီကိုဖျက်သိမ်းရန်အတွက် အမိန့်တစ်ရပ်ချမှတ်သည့်အခါ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် တရားရုံးက သတ်မှတ်ထားသည့် တားမြစ်ချက် များကို လိုက်နာလျက် တရားရုံး၏ ခွင့်ပြုချက် သို့မဟုတ် စွက်ဖက်မှုမပါရှိဘဲ မိမိ၏ လုပ်ပိုင်ခွင့်များအားလုံးကို ကုမ္ပဏီအား ဆန္ဒအလျောက် ဖျက်သိမ်းဆောင်ရွက်သကဲ့သို့ အလားတူ နည်းလမ်းများအတိုင်း ကျင့်သုံးဆောင်ရွက်နိုင်သည်။ ( ခ ) ပုဒ်မခွဲ (က) တွင် ဖော်ပြထားသည့်ကိစ္စရပ်နှင့် ပုဒ်မ ၃၃၈ တွင်ပါရှိသည့် ကိစ္စရပ်များ မှအပ တရားရုံး၏ကြီးကြပ်မှုဖြင့် ကုမ္ပဏီကိုဖျက်သိမ်းရန်အတွက် တရားရုံးကချမှတ်သည့် အမိန့်တစ်ရပ်ရပ်သည် တရားစွဲဆိုမှုများနှင့် အခြားဆောင်ရွက်မှုများကို ဆိုင်းငံ့ခြင်း အပါအဝင်ကိစ္စရပ်များအားလုံးတွင် တရားရုံးက ကုမ္ပဏီကိုဖျက်သိမ်းခြင်းအတွက် ချမှတ်သည့်အမိန့်တစ်ရပ်ဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ပြီး ငွေကြေးထည့်ဝင်ရန်အတွက် တောင်းခေါ်မှုများပြုလုပ်ရန် သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများက ပြုလုပ်ထားသည့် ငွေကြေးထည့်ဝင်ရန်အတွက် တောင်းခေါ်မှုများကို အတည်ပြုရန်၊ သို့မဟုတ် တရားရုံးကကုမ္ပဏီကို ဖျက်သိမ်းခြင်းအတွက် အမိန့်တစ်ရပ်ချမှတ်သကဲ့သို့ ကျင့်သုံးဆောင်ရွက်နိုင်ခွင့်ရှိသည့် အခွင့်အာဏာများအားလုံးကို တရားရုံးသို့ အခွင့်အာဏာ အပြည့်အဝအပ်နှင်းရမည်။ (ဂ ) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ သို့မဟုတ် ၎င်း အတွက် ဆောင်ရွက်ပေးရမည့်ပြုလုပ်မှု သို့မဟုတ် ကိစ္စတစ်ရပ်ရပ်ကို တရားရုံးက ညွှန်ကြားနိုင်ရန်အတွက် အခွင့်အာဏာအပ်နှင်းထားသည့် ပြဋ္ဌာန်းချက်များတွင် ဖော်ပြ ပါရှိသော “တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ” ဆိုသည်မှာ တရားရုံး၏ကြီးကြပ်မှုဖြင့် ကုမ္ပဏီကိုဖျက်သိမ်းရန်အတွက် ဆောင်ရွက်သည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိကိုဆိုလိုသည်ဟု မှတ်ယူရမည်။ အလွတ်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများကို တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိများအဖြစ်ခန့်အပ်ခြင်း ၃၈၈။ တရားရုံး၏ကြီးကြပ်မှုဖြင့် ကုမ္ပဏီကိုဖျက်သိမ်းရန်အတွက် အမိန့်တစ်ရပ်ချမှတ်ပြီး ယင်းနောက် တရားရုံးက ကုမ္ပဏီကိုဖျက်သိမ်းခြင်းအတွက် အမိန့်တစ်ရပ်ချမှတ်သည့်အခါ တရားရုံးသည် အဆိုပါ အမိန့်ဖြင့်ဖြစ်စေ၊ နောင်တွင်ချမှတ်သည့်အမိန့်တစ်ရပ်ရပ်ဖြင့်ဖြစ်စေ ယာယီသော်လည်းကောင်း၊ အမြဲတမ်းသော်လည်းကောင်း၊ အခြားသူများဖြင့်သော်လည်းကောင်း၊ အခြားသူများပါရှိခြင်းမရှိဘဲနှင့် သော်လည်းကောင်း၊ အလွတ်ခန့်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများ သို့မဟုတ် ယင်းတို့အနက်မှ တစ်ဦးဦးကို တရားရုံးက ကုမ္ပဏီကိုဖျက်သိမ်းသည့်ကိစ္စရပ်တွင် တရားဝင်ခန့်အပ် ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်နိုင်သည်။ ဖြည့်စွက်ပြဋ္ဌာန်းချက်များ ကုမ္ပဏီဖျက်သိမ်းမှုအား စတင်ဆောင်ရွက်ပြီးနောက်တွင် လွှဲပြောင်းခြင်းများ မပြုလုပ်ရခြင်းနှင့်ကြွေးမြီများ ပေါ်လွင်စွာ ဖော်ပြရခြင်း ၃၈၉။ (က) ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းသည့်ကိစ္စရပ်၌ ကုမ္ပဏီဖျက်သိမ်းမှုအား စတင်ဆောင် ရွက်ပြီးနောက်တွင် ပြုလုပ်သည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်သည့် လွှဲပြောင်းခြင်းမှအပ အစုရှယ်ယာများကို လွှဲပြောင်းခြင်းများနှင့် ကုမ္ပဏီတွင် ပါဝင်သူများ၏ ရပ်တည်မှုအခြေအနေကို ပြောင်းလဲခြင်းများအားလုံးသည် ပျက်ပြယ်သည်။ (ခ) တရားရုံးကဖြစ်စေ၊ တရားရုံး၏ကြီးကြပ်မှုဖြင့်ဖြစ်စေ ကုမ္ပဏီကိုဖျက်သိမ်းသည့်ကိစ္စရပ်၌ ကုမ္ပဏီဖျက်သိမ်းမှုအား စတင်ဆောင်ရွက်ပြီးနောက်တွင် အရေးယူဆောင်ရွက်နိုင်သည့် တင်ပြတောင်းဆိုမှုများအပါအဝင် ကုမ္ပဏီ၏ပစ္စည်းများကိုပေးအပ်ခြင်းများ၊ အစုရှယ်ယာ များကိုလွှဲပြောင်းခြင်းများ သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်သူများ၏ ရပ်တည်မှုအခြေအနေကို ပြောင်းလဲခြင်းများ အားလုံးသည် တရားရုံးက အခြားသောအမိန့်တစ်စုံတစ်ရာ ချမှတ် ထားခြင်းမရှိလျှင် ပျက်ပြယ်သည်။ ( ဂ ) ဤဥပဒေပါ ပြဋ္ဌာန်းချက်များအရ လူမွဲခံယူခြင်းဆိုင်ရာပဒေနှင့်သက်ဆိုင်၍ လူမွဲခံယူသည့် ကုမ္ပဏီများကိစ္စရပ်တွင် ကုမ္ပဏီကိုဖျက်သိမ်းသည့်ကိစ္စရပ်အားလုံး၌ ပေးရန်ရှိမည့် ကြွေးမြီများအားလုံးနှင့် ယခုသော်လည်းကောင်း၊ နောင်တွင်သော်လည်းကောင်း ဖြစ်ပေါ်မည့် သို့မဟုတ် ဖြစ်ပေါ်နိုင်ဖွယ်ရှိသည့် ကုမ္ပဏီအပေါ် တင်ပြတောင်းဆိုမှုများ အားလုံးကို ကုမ္ပဏီအားဆန့်ကျင်၍ သက်သေတင်ပြနိုင်သည်။ နောင်တွင်ဖြစ်ပေါ်လာနိုင်သည့် သို့မဟုတ် အခြားအကြောင်းကိစ္စရပ်အတွက် ကြွေးမြီများ သို့မဟုတ် တင်ပြတောင်းဆိုမှုများ၏ တန်ဖိုးကိုတိကျသေချာသော တန်ဖိုးတစ်ရပ်မဟုတ်လျှင် သင့်တင့်မျှတသည့် တန်ဖိုးဖြင့် သတ်မှတ်ရမည်။ လူမွဲခံယူသည့်ကုမ္ပဏီများအား ဖျက်သိမ်းသည့်ကိစ္စရပ်တွင် လူမွဲခံယူခြင်းဆိုင်ရာစည်းမျဉ်းစည်းကမ်း များကို လိုက်နာရခြင်း ၃၉၀။ လူမွဲခံယူသည့် ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းရာတွင် အာမခံအကျိုးခံစားခွင့်ရရှိသော မြီရှင်များ (secured creditors)နှင့် အာမခံအကျိုးခံစားခွင့်မရရှိသောမြီရှင်များ (unsecured creditors) ၏ သက်ဆိုင်ရာအခွင့်အရေးများနှင့် စပ်လျဉ်း၍လည်းကောင်း၊ သက်သေထင်ရှားတင်ပြနိုင်သည့် ကြွေးမြီများနှင့် စပ်လျဉ်း၍လည်းကောင်း၊ နှစ်စဉ်ထုတ်ယူနိုင်သည့် အာမခံတန်ဖိုးနှင့် နောင်တွင်ဖြစ်ပေါ်လာမည့် တာဝန်ရှိမှု များနှင့် စပ်လျဉ်း၍လည်းကောင်း လူမွဲဖြစ်သည်ဟု သတ်မှတ်ခံရသည့်ပုဂ္ဂိုလ်၏ ပိုင်ဆိုင်သောပစ္စည်းများနှင့် စပ်လျဉ်းသည့် လူမွဲခံယူခြင်းဆိုင်ရာဥပဒေအရ အဆိုပါ အချိန်ကာလတွင် အတည်ဖြစ်လျက်ရှိသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။ အဆိုပါ ကိစ္စရပ်များတွင် သက်သေထင်ရှား တင်ပြရမည့် ပုဂ္ဂိုလ်များနှင့် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များမှ အမြတ်ဝေစုများကို လက်ခံရရှိမည့်ပုဂ္ဂိုလ်များ အားလုံးသည် ကုမ္ပဏီကို ဖျက်သိမ်းသည့်ကိစ္စရပ်၌ ပါဝင်လာမည်ဖြစ်ပြီး ဤပုဒ်မအရ ရထိုက်ခွင့် ရှိသူများအဖြစ် ကုမ္ပဏီအပေါ် အဆိုပါတင်ပြ တောင်းဆိုမှုများကို ပြုလုပ်နိုင်သည်။ ဦးစားပေးငွေပေးချေမှုများ ၃၉၁။ (က) ကုမ္ပဏီကို ဖျက်သိမ်းသည့်အခါ အခြားသောကြွေးမြီများထက် အောက်ပါတို့ကို ဦးစားပေး၍ ပေးချေမှုများပြုလုပ်ရမည် – (၁) အစိုးရ သို့မဟုတ် ဒေသအာဏာပိုင်တစ်ရပ်ရပ်သို့ ကုမ္ပဏီကပေးချေရမည့် ပုဒ်မခွဲ (င) တွင် ဖော်ပြထားသည့်နေ့ရက်၌ အဆိုပါနေ့ရက်မတိုင်မီ ၁၂ လအတွင်း ပေးချေရန်ကျရောက်သည့် ဘဏ္ဍာငွေများ၊ အခွန်များ၊ စည်းကြပ်ခွန်များ၊ အခွန်အခများ အားလုံး၊ (၂) အထက်ဖော်ပြပါနေ့ရက်မတိုင်မီ နှစ်လအတွင်း ကုမ္ပဏီသို့ဆောင်ရွက် ပေးထားသည့် ဝန်ဆောင်မှုများနှင့်စပ်လျဉ်းသည့် စာရေး သို့မဟုတ် ဝန်ထမ်းတစ်ဦးစီ၏ လုပ်အားခများ သို့မဟုတ် လစာများအားလုံး၊ (၃) အထက်ဖော်ပြပါ နေ့ရက်မတိုင်မီ နှစ်လအတွင်း ကုမ္ပဏီသို့ ဆောင်ရွက်ပေးထားသည့် ဝန်ဆောင်မှုများနှင့်စပ်လျဉ်းသည့် အချိန်ပိုင်းအရသော်လည်းကောင်း၊ လုပ်ငန်းပိုင်းအလိုက် သော်လည်းကောင်း ပေးချေရမည့် အလုပ်သမား သို့မဟုတ် ကာယလုပ်သားတစ်ဦးဦး၏ လုပ်ခများအားလုံး၊ (၄) ကုမ္ပဏီ၏ အရာရှိ သို့မဟုတ် ဝန်ထမ်းတစ်ဦးဦး သေဆုံးခြင်း သို့မဟုတ် မသန်စွမ်း ဖြစ်ခြင်းတို့နှင့် စပ်လျဉ်း၍ အလုပ်သမား လျော်ကြေးအက်ဥပဒေ သို့မဟုတ် အခြား သက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အရပေးချေရမည့် လျော်ကြေးငွေများ၊ (၅) ကုမ္ပဏီက ခန့်အပ်ထားသည့် ဝန်ထမ်းများ၏ လူမှုဖူလုံရေးအတွက် အိုနာစာ ရန်ပုံငွေ၊ ပင်စင်ရန်ပုံငွေ၊ ဆုကြေးရန်ပုံငွေ၊ သို့မဟုတ် အခြားရန်ပုံငွေ တစ်ရပ်ရပ်မှ ဝန်ထမ်း တစ်ဦးဦးသို့ ပေးချေရမည့် ငွေပမာဏများအားလုံး၊ ၎င်းအပြင် (၆) ဤဥပဒေ၏ ပုဒ်မ ၂၇၁၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၃) နှင့်အညီ ပြုလုပ်သည့် စုံစမ်းစစ်ဆေးမှုတစ်ရပ်ရပ်အတွက် ကုန်ကျစရိတ်များ။ အထက်ဖော်ပြပါ ကြွေးမြီများအားလုံးကို – (၁) တန်းတူဦးစားပေးရမည်ဖြစ်ပြီး ရရန်ပိုင်ခွင့်များ လုံလောက်မှုရှိလျှင် အပြည့်အဝ ပေးချေရမည်။ ထိုသို့ ပေးချေရန်အတွက် ရရန်ပိုင်ခွင့်များ လုံလောက်မှုမရှိပါက ယင်းတို့အား အချိုးတူညီစွာဖြင့် လျှော့ချပေးချေရမည်၊ ၎င်းအပြင် (၂) သာမန်မြီရှင်များသို့ ငွေပေးချေရန်အတွက် ကုမ္ပဏီ၏ရရန်ပိုင်ခွင့်များသည် လုံလောက်မှုမရှိသည့်အခါ အထက်ဖော်ပြပါကြွေးမြီများအားလုံးကို ကုမ္ပဏီက ပြုလုပ်ထားသည့် ရရန်ပိုင်ခွင့်များအပေါ် အပြောင်းအလဲရှိသော ကြွေးမြီတာဝန် တင်ရှိခြင်း (floating charge) တစ်ရပ်ရပ်အရ ငွေချေးလက်မှတ်များအား ပိုင်ဆိုင်ထားသူ၏ တင်ပြတောင်းဆိုမှုထက်ဦးစားပေး၍ ဆောင်ရွက်ရမည်ဖြစ်ပြီး အဆိုပါ အပြောင်းအလဲရှိသော ကြွေးမြီတာဝန်တင်ရှိခြင်းတွင်ပါဝင်သော သို့မဟုတ် သက်ဆိုင်သောပစ္စည်းတစ်ရပ်ရပ်မှ ပေးချေရမည်။ (ဂ) ကုမ္ပဏီဖျက်သိမ်းရန် ကုန်ကျစရိတ်များနှင့် အသုံးစရိတ်များအတွက် လိုအပ်မည့်ငွေ ပမာဏကို ထိန်းသိမ်းထားရှိပြီး ဖော်ပြပါ ကြွေးမြီများကို ရရန်ပိုင်ခွင့်များ လုံလောက်မှု ရှိသည့် အတိုင်းအတာအထိ ချက်ချင်းပေးချေရမည်။ (ဃ) ကုမ္ပဏီဖျက်သိမ်းသည့်အမိန့် ချမှတ်သည့်နေ့ရက်မတိုင်မီ သုံးလအတွင်း ကုမ္ပဏီ၏ ကုန်ပစ္စည်းများ သို့မဟုတ် ရရန်ပိုင်ခွင့်များကို မြေအဆောက်အအုံပိုင်ရှင် သို့မဟုတ် အခြားသူတစ်ဦးဦးက ကြွေးမြီအတွက် ပစ္စည်းသိမ်းယူထားလျှင် သို့မဟုတ် ကြွေးမြီအတွက် ပစ္စည်းသိမ်းယူလျှင် ဤပုဒ်မအရ ဦးစားပေး၍ ပေးချေရမည့် ကြွေးမြီများအားလုံးကို ထိုသို့သိမ်းယူထားလျှင် ကုန်ပစ္စည်းများ သို့မဟုတ် ရရန်ပိုင်ခွင့်များအပေါ်တွင် လည်းကောင်း၊ အဆိုပါပစ္စည်းများကို ရောင်းချရရှိသည့် ငွေကြေးများအပေါ်တွင်လည်းကောင်း ပထမဦးစွာ ပေးချေဆောင်ရွက်ရမည်။ သို့ရာတွင် ပေါင်နှံမှုတစ်ရပ်ရပ်အရ ပေးချေရသည့် ငွေကြေး တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ မြေအဆောက်အအုံပိုင်ရှင် သို့မဟုတ် အခြားသူတစ်ဦးသည် ငွေပေးချေခြင်းကိုလက်ခံရမည့်ပုဂ္ဂိုလ်ကဲ့သို့ အလားတူ ဦးစားပေးအခွင့်အရေးကို ရရှိ စေရမည်။ (င) ဤပုဒ်မတွင် ရှေ့ပိုင်း၌ ရည်ညွှန်းဖော်ပြခဲ့သော ရက်စွဲသည် – (၁) ယခင်က ဆန္ဒအလျောက်ဖျက်သိမ်းရန်အတွက် စတင်ဆောင်ရွက်ခြင်းမပြုခဲ့သေးသော ဆန္ဒအလျောက်ဖျက်သိမ်းရန် အမိန့်ချမှတ်ခြင်းခံရသည့် ကုမ္ပဏီတစ်ခုနှင့် သက်ဆိုင်သောကိစ္စရပ်တွင် ကုမ္ပဏီဖျက်သိမ်းရန် အမိန့်ချမှတ်သည့်နေ့ရက်နှင့် (၂) အခြားကိစ္စရပ်များတွင် ကုမ္ပဏီဖျက်သိမ်းရန် စတင်ဆောင်ရွက်သည့်နေ့။ ပစ္စည်းများကိုစွန့်လွှတ်ခြင်း ၃၉၂။ (က) ဖျက်သိမ်းခံရသည့် ကုမ္ပဏီ၏ပစ္စည်းတစ်ရပ်ရပ်တွင် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် တာဝန်များ ပါရှိသော သက်တမ်းတစ်ရပ်ရပ် သတ်မှတ်ပါရှိသည့်မြေများ၊ ကုမ္ပဏီ၏ စတော့ရှယ်ယာများ၊ အကျိုးအမြတ်မပါရှိသော ပဋိညာဉ်စာချုပ်များ၊ ရောင်းချခြင်းမပြုနိုင်သော အခြားပစ္စည်းများ၊ အလွယ်တကူ ရောင်းချနိုင်သည့်ပစ္စည်းများပါဝင်ခဲ့လျှင် တာဝန်ရှိသည့် ပြုလုပ်မှုတစ်ရပ်ရပ်ကို ပြုလုပ်စေရန် သို့မဟုတ် ငွေကြေးတစ်ရပ်ရပ်ကို ပေးချေစေရန်အတွက် အဆိုပါပစ္စည်းများကို လက်ဝယ်ထားရှိသူအပေါ် တရားဝင်စည်းနှောင်မှုရှိသည်ဆိုသော အကြောင်းကြောင့် ကုမ္ပဏီ၏ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိသည် ပစ္စည်းများကိုရောင်းချရန် သို့မဟုတ် ပိုင်ဆိုင်မှုအား ရယူရန် ကြိုးပမ်းအားထုတ်ခြင်း၊ သို့မဟုတ် ယင်းတို့နှင့်စပ်လျဉ်း၍ ပိုင်ဆိုင်ခွင့်တစ်ရပ်ရပ်ကို ကျင့်သုံးနေစေကာမူတရားရုံး၏ ခွင့်ပြုချက်အရလည်းကောင်း၊ ဤပုဒ်မပါ ပြဋ္ဌာန်းချက်များကို လိုက်နာ၍လည်းကောင်း ကုမ္ပဏီဖျက်သိမ်းမှု စတင်သည့်အချိန်မှ ၁၂ လအတွင်း သို့မဟုတ် တရားရုံးက ခွင့်ပြုသည့် ထပ်မံတိုးမြှင့် ပေးသည့်ကာလအတွင်း မည်သည့်အချိန်တွင်မဆို ၎င်းက စာဖြင့်ရေးသားလက်မှတ်ရေးထိုး၍ ပစ္စည်းများကိုစွန့်လွှတ်နိုင်သည်။ သို့ရာတွင် ကုမ္ပဏီဖျက်သိမ်းမှု စတင်သည့်အချိန်မှ ၂၈ ရက်အတွင်း ပစ္စည်းတစ်ရပ်ရပ်အတွက် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက သိရှိထားခြင်းမရှိခဲ့လျှင် ပစ္စည်းများစွန့်လွှတ်ခြင်း နှင့်သက်ဆိုင်သော ဤပုဒ်မအရ အခွင့်အာဏာကို ယင်းပစ္စည်းနှင့်စပ်လျဉ်း၍ ၎င်းအနေဖြင့် စတင်သိရှိသည့်အချိန်မှ ၁၂ လအတွင်း သို့မဟုတ် တရားရုံးကခွင့်ပြုသည့် ထပ်မံ တိုးမြှင့်ပေးသည့်ကာလအတွင်း မည်သည့်အချိန်တွင်မဆို ကျင့်သုံးဆောင်ရွက်နိုင်သည်။ ( ခ ) စွန့်လွှတ်ခြင်းသည် ထိုသို့စွန့်လွှတ်သည့်နေ့မှစ၍ စွန့်လွှတ်သည့်ပစ္စည်းများရှိ သို့မဟုတ် ယင်းတို့နှင့်စပ်လျဉ်းသည့် အခွင့်အရေးများ၊ အကျိုးခံစားခွင့်များနှင့် ကုမ္ပဏီ၏တာဝန်ရှိမှုများ၊ ကုမ္ပဏီ၏ပစ္စည်းများကို ဆုံးဖြတ်ဆောင်ရွက်သည်ဟုဖြစ်သည်။ သို့သော် စွန့်လွှတ်ခြင်းသည် တာဝန်ရှိမှုမှ ကုမ္ပဏီကိုသော်လည်းကောင်း၊ ကုမ္ပဏီ၏ ပစ္စည်းများကိုသော်လည်းကောင်း စွန့်လွှတ်ခွင့်ပြုရန်အတွက် လိုအပ်သည့်ကိစ္စရပ်မှအပ အခြားသူတစ်ဦးဦး၏ အခွင့်အရေးများ သို့မဟုတ် တာဝန်ရှိမှုများကို ထိခိုက်စေခြင်းမရှိစေရ။ (ဂ) တရားရုံးသည် စွန့်လွှတ်ခွင့်မပြုမီတွင်ဖြစ်စေ၊ စွန့်လွှတ်ရန်ခွင့်ပြုသည့်အခါတွင်ဖြစ်စေ၊ အကျိုးသက်ဆိုင်သည့်ပုဂ္ဂိုလ်များသို့ အကြောင်းကြားစာများကို ပေးပို့စေနိုင်ပြီး ဆောင်ရွက်ခွင့်ပြုမည့် စည်းကမ်းချက်များကို သတ်မှတ်နိုင်သည့်အပြင် တရားရုံးက သင့်သည်ထင်မြင်သည့်အတိုင်း တရားမျှတသော အခြားအမိန့်တစ်ရပ်ရပ်ကို ချမှတ် နိုင်သည်။ (ဃ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ၎င်းက စွန့်လွှတ်ခြင်းပြုမည် မပြုမည်ကို ဆုံးဖြတ်ရန်လိုအပ်သည်ဟု အကျိုးခံစားခွင့်ရှိသူတစ်ဦးဦးက ၎င်းထံစာဖြင့် ရေးသား၍ တင်ပြလျှောက်ထားလာလျှင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် အဆိုပါ လျှောက်ထားမှုအား လက်ခံရရှိပြီးနောက် ၂၈ ရက်အတွင်း သို့မဟုတ် တရားရုံးက ခွင့်ပြုသည့် ထပ်မံတိုးမြှင့်ပေးသည့်ကာလအတွင်း ၎င်းအနေဖြင့် စွန့်လွှတ်ခွင့်ရရှိရေးအတွက် တရားရုံးသို့ တင်ပြလျှောက်ထားရန် ကြံရွယ်ကြောင်းလျှောက်ထားသူသို့ အကြောင်းကြားစာ မပေးပို့ခဲ့သည့်ကိစ္စတွင် ဤပုဒ်မအရ ပစ္စည်းတစ်ရပ်ရပ်ကို စွန့်လွှတ်ခွင့်မရှိစေရ။ ပဋိညာဉ်စာချုပ် တစ်ရပ်ရပ်ကို စွန့်လွှတ်သည့်ကိစ္စရပ်တွင် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် အထက်ဖော်ပြပါအတိုင်း လျှောက်ထားမှုအား ပြုလုပ်ပြီးနောက် ဖော်ပြပါကာလ သို့မဟုတ် ထပ်မံတိုးမြှင့်ပေးသည့်ကာလအတွင်း ထိုပဋိညာဉ်စာချုပ်ကို စွန့်လွှတ်ခြင်းမပြုခဲ့လျှင် ကုမ္ပဏီသည် ယင်းစာချုပ်အား လက်ခံပြီးဖြစ်သည်ဟု မှတ်ယူရမည်။ (င ) စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိအား ဆန့်ကျင်၍ ကုမ္ပဏီနှင့် ပြုလုပ်ထားသော ပဋိညာဉ်စာချုပ်တစ်ရပ်ရပ်အရ တာဝန်ရှိသူသို့မဟုတ် ယင်းနှင့်စပ်လျဉ်းသည့် အကျိုးခံစားခွင့်ကို ရခွင့်ရှိသူတစ်ဦးဦးက လျှောက်ထားတင်ပြလာလျှင် တရားရုံးသည် ပဋိညာဉ်စာချုပ်ကို ပယ်ဖျက်သည့် အမိန့်တစ်ရပ်ရပ်ချမှတ်၍ လိုက်နာဆောင်ရွက်ခြင်း မရှိသည့်အတွက် တစ်ဖက်ဖက်ထံသို့ သို့မဟုတ်၎င်းတို့ထံမှ ငွေပေးချရန် စည်းကမ်းချက်များကို သတ်မှတ်နိုင်သည့် သို့မဟုတ် တရားရုံးက သင့်သည်ထင်မြင်သည့်အတိုင်း အခြားအမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်။ အဆိုပါအမိန့်အရ ဖော်ပြပါပုဂ္ဂိုလ်သို့ ပေးချေရမည့် နစ်နာကြေးတစ်ရပ်ရပ်ကို ကုမ္ပဏီဖျက်သိမ်းသည့်အခါ ကြွေးမြီတစ်ရပ်အဖြစ် ၎င်းကတင်ပြနိုင်သည်။ (စ) စွန့်လွှတ်မည့်ပစ္စည်းတစ်ရပ်တွင် အကျိုးခံစားခွင့်တစ်ရပ်ရပ်ကို တင်ပြတောင်းဆိုသူတစ်ဦးဦး သို့မဟုတ် စွန့်လွှတ်မည့်ပစ္စည်းနှင့်စပ်လျဉ်း၍ ဤဥပဒေအရ ကင်းလွတ်ခြင်းမပြုရသေးသည့် တာဝန်ရှိမှုတစ်ရပ်အရ သက်ဆိုင်သည့်ပုဂ္ဂိုလ်တစ်ဦးဦးက တင်ပြလျှောက်ထားလာလျှင် တရားရုံးသည် သင့်သည်ထင်မြင်သည့်အတိုင်း အဆိုပါပုဂ္ဂိုလ်ကို ကြားနာပြီးပစ္စည်းများတွင် အကျိုးခံစား ခွင့်ရှိသူသို့ဖြစ်စေ၊ အထက်တွင်ဖော်ပြပါရှိသည့် တာဝန်ရှိမှုအတွက် လျော်ကြေး တစ်ရပ်အဖြစ် ပစ္စည်းများအား ပေးအပ်သင့်သည်ဟု ယူဆသူသို့ဖြစ်စေ၊ ထိုသူများ၏ ယုံကြည်အပ်နှံခြင်းခံရသူများသို့ဖြစ်စေ တရားရုံးက သင့်သည်ထင်မြင်သည့် စည်းကမ်းချက်များ သတ်မှတ်၍ ပစ္စည်းများအား အပ်နှင်းရန် သို့မဟုတ် ပစ္စည်းများကို ပေးအပ်ရန်အတွက် အမိန့်တစ်ရပ်ကိုချမှတ်နိုင်သည်။ ထိုသို့ ပစ္စည်းအပ်နှင်းသည့် အမိန့်အားချမှတ်ပြီးသည့်အခါ ယင်းတွင်ပါဝင်သော ပစ္စည်းများကို ပစ္စည်းလွှဲပြောင်းမှုစာချုပ်တစ်ရပ်သို့မဟုတ် စည်းကမ်းချက် တစ်ရပ်မပါရှိဘဲအမိန့်တွင် အမည်ဖော်ပြထားသည့် ပုဂ္ဂိုလ်သို့အပ်နှင်းရမည်။ သို့ရာတွင် စွန့်လွှတ်သည့်ပစ္စည်းသည် ငှားရမ်းထားခြင်းဖြစ်ပါက တရားရုံးသည် အောက်ပါအချက် များနှင့် ညီညွတ်ခြင်းမှတစ်ပါး ထပ်ဆင့်အငှားချထားခံရသူ သို့မဟုတ် အပေါင်ခံသူအဖြစ် ကုမ္ပဏီတွင်တင်ပြတောင်းဆိုသူ တစ်ဦးဦးအတွက် ပစ္စည်းအပ်နှင်းသည့် အမိန့်တစ်ရပ်ရပ်ကို ချမှတ်ခြင်းမပြုရ – (၁) ကုမ္ပဏီဖျက်သိမ်းမှုစတင်သည့်အချိန်၌ ပစ္စည်းနှင့်စပ်လျဉ်း၍ အငှားချထားမှုအရ ကုမ္ပဏီနှင့်သက်ဆိုင်သည့် တာဝန်ရှိမှုများကဲ့သို့ အလားတူတာဝန်ရှိမှုများနှင့် သက်ဆိုင်လျှင် သို့မဟုတ် အဆိုပါနေ့ရက်တွင် ဖော်ပြပါပုဂ္ဂိုလ်သို့ အငှားချထားမှုအား လွှဲအပ်ထားသကဲ့သို့ လည်းကောင်း၊ ငှားရမ်းသည့်ပစ္စည်းတွင် ပစ္စည်းအပ်နှံသည့် အမိန့်တွင်ပါရှိသော ပစ္စည်းများသာပါဝင်သကဲ့သို့လည်းကောင်း၊ ဖော်ပြပါ စည်းကမ်းချက်များဖြင့် ပစ္စည်းအပ်နှံသည့်အမိန့်ကို လက်ခံရန်ငြင်းပယ်သော အပေါင်ခံသူများ သို့မဟုတ် ထပ်ဆင့်အငှားချထားခြင်းခံရသူများသည် ပစ္စည်းများရှိ အကျိုးခံစားခွင့်နှင့် ပစ္စည်းများအပေါ်ထားရှိသည့် အာမခံများအားလုံးမှ ဖယ်ရှားရမည်ဖြစ်ပြီး ဖော်ပြပါ စည်းကမ်းချက်များဖြင့် အမိန့်တစ်ရပ်ကိုလက်ခံရန်ဆန္ဒရှိပြီး ကုမ္ပဏီတွင် တင်ပြ တောင်းခံမှုပြုသူမရှိခဲ့လျှင် ကုမ္ပဏီမှ ပြုလုပ်ထားသည့် ပစ္စည်းများ၊ ကြွေးမြီ တာဝန်များနှင့် အကျိုးခံစားခွင့်များမှလွတ်ကင်းသည့် ငှားရမ်းမှုအရ အငှားချ ထားခြင်းခံရသူ၏ သဘောတူညီချက်အားဆောင်ရွက်ရန် တရားရုံးသည် ကုမ္ပဏီ၏ပစ္စည်းများနှင့် ပစ္စည်းတွင်ပါရှိသောအကျိုးခံစားခွင့်များကို တာဝန်ရှိသူ တစ်ဦးဦးထံသို့ တစ်ဦးချင်းအရဖြစ်စေ၊ ကိုယ်စားလှယ်အရဖြစ်စေ၊ တစ်ဦးတည်း သော်လည်းကောင်း၊ ကုမ္ပဏီနှင့်တွဲဖက်၍သော်လည်းကောင်း အပ်နှင်းရန် အခွင့်အာဏာရှိသည်။ (ဆ) ဤပုဒ်မအရ စွန့်လွှတ်မှုတစ်ရပ်ကို ဆောင်ရွက်ခြင်းကြောင့် ထိခိုက်သည့် ပုဂ္ဂိုလ်တစ်ဦးဦးသည် ထိခိုက်သည့်ပမာဏအတွက် ကုမ္ပဏီ၏ မြီရှင်ဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ပြီး ကုမ္ပဏီ ဖျက်သိမ်းသည့်အခါတွင် ကြွေးမြီတစ်ရပ်အဖြစ် ထိုပမာဏအား တင်ပြနိုင်သည်။ လိမ်လည်လှည့်ဖြားသော ဦးစားပေးရယူမှု ၃၉၃။ (က) ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကဖြစ်စေ၊ တစ်ဦးတစ်ယောက်အပေါ်တွင်ဖြစ်စေ ပြုလုပ်ခဲ့ပြီး ၎င်း၏လူမွဲခံယူမှုတွင် လိမ်လည်လှည့်ဖြားသော ဦးစားပေးရယူမှုဖြစ်သည်ဟု မှတ်ယူရမည့် ပစ္စည်းများကို လွှဲပြောင်းခြင်း၊ ပေးပို့ခြင်း၊ ပစ္စည်းနှင့်စပ်လျဉ်း၍ ငွေပေးချေခြင်း၊ အတည်ပြု ဆောင်ရွက်ခြင်း သို့မဟုတ် အခြားဆောင်ရွက်ချက်တစ်ရပ်ရပ်ကို ပြုလုပ်ခြင်းတို့ကို ကုမ္ပဏီဖျက်သိမ်းသည့်ကိစ္စရပ်၌ ကုမ္ပဏီကဖြစ်စေ၊ ကုမ္ပဏီအပေါ်တွင်ဖြစ်စေ ပြုလုပ်ခဲ့လျှင် ၎င်း၏မြီရှင်များသို့ လိမ်လည်လှည့်ဖြားသော ဦးစားပေးရယူမှုတစ်ရပ်ဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ပြီး ယင်းသို့ ဆောင်ရွက်ချက်သည် တရားဝင်ခြင်းမရှိစေရ။ ( ခ ) ဤပုဒ်မပါ ကိစ္စရပ်များအတွက် တရားရုံးကဖြစ်စေ၊ တရားရုံး၏ ကြီးကြပ်မှုဖြင့်ဖြစ်စေ၊ ကုမ္ပဏီဖျက်သိမ်းသည့်ကိစ္စရပ်တွင် ကုမ္ပဏီဖျက်သိမ်းရန်အတွက် လျှောက်ထားမှုတစ်ရပ်ကို တင်ပြခြင်းနှင့် ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းသည့် ကိစ္စရပ်တွင် ကုမ္ပဏီဖျက်သိမ်း ရန်အတွက် ဆုံးဖြတ်ချက်တစ်ရပ်ကို တင်ပြခြင်းတို့ကို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နှင့် သက်ဆိုင်သည့် လူမွဲခံယူဆောင်ရွက်မှုနှင့် တူညီသည်ဟုမှတ်ယူရမည်။ (ဂ ) ကုမ္ပဏီ၏ ပစ္စည်းများအားလုံးကို ကုမ္ပဏီက ၎င်း၏မြီရှင်များအားလုံး၏ အကျိုးခံစားခွင့် များအတွက် ယုံကြည်အပ်နှံခြင်းခံရသူများသို့ လွှဲပြောင်းဆောင်ရွက်ခြင်းသည် ပျက်ပြယ်စေရမည်။ ဝရမ်းကပ်ခြင်း၊ အတည်ပြုဆောင်ရွက်ခြင်းများ စသည်တို့ကိုမပြုရခြင်း ၃၉၄။ (က) တရားရုံးကဖြစ်စေ၊ တရားရုံး၏ ကြီးကြပ်မှုဖြင့်ဖြစ်စေ ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းသည့်အခါ ကုမ္ပဏီဖျက်သိမ်းမှု စတင်ပြီးနောက် ပစ္စည်းများ သို့မဟုတ် ရရန်ပိုင်ခွင့်များအပေါ် တရားရုံး၏ ခွင့်ပြုချက်မပါရှိဘဲ ဝရမ်းကပ်ခြင်း၊ ပစ္စည်းများကို သိမ်းဆည်းခြင်း သို့မဟုတ် အခြားတရားဝင် အစီအစဉ်တစ်ရပ်ရပ်အရ အတည်ပြု ဆောင်ရွက်ခြင်းများ သို့မဟုတ် ကုမ္ပဏီ၏ ပစ္စည်း တစ်ရပ်ရပ်ကို တရားရုံး၏ ခွင့်ပြုချက်မပါရှိဘဲ ရောင်းချခြင်းများသည် ပျက်ပြယ်စေရမည်။ (ခ) ဤပုဒ်မတွင်ပါရှိသော မည်သည့်ပြဋ္ဌာန်းချက်မဆို အစိုးရကဆောင်ရွက်သည့် ကိစ္စရပ် များနှင့် သက်ဆိုင်ခြင်းမရှိစေရ။ အပြောင်းအလဲရှိသော ကြွေးမြီတာဝန်တင်ရှိခြင်း (floating charge) ၏ အကျိုးသက်ရောက်မှု ၃၉၅။ ကုမ္ပဏီတစ်ခုအား ဖျက်သိမ်းသည့်အခါ ကုမ္ပဏီဖျက်သိမ်းသည့်နေ့မှစ၍ သုံးလအတွင်း ပြုလုပ်ခဲ့သောကုမ္ပဏီ၏ တာဝန်ယူဆောင်ရွက်မှု သို့မဟုတ် ပစ္စည်းများနှင့်စပ်လျဉ်း၍ ပြုလုပ်သည့် အပြောင်းအလဲရှိသော ကြွေးမြီတာဝန်တင်ရှိခြင်း (floating charge)သည် အဆိုပါ အပြောင်းအလဲရှိသော ကြွေးမြီတာဝန်တင်ရှိခြင်းကို ပြုလုပ်ပြီးနောက် ကုမ္ပဏီသည် ချက်ချင်းလူမွဲခံယူရခြင်းမရှိခဲ့လျှင် အဆိုပါ ပမာဏအပေါ် တစ်နှစ်လျှင် ငါးရာခိုင်နှုန်းအတိုးနှုန်းဖြင့် အဆိုပါကြွေးမြီတာဝန်တင်ရှိခြင်း ပြုလုပ်သည့် အချိန်တွင်သော်လည်းကောင်း၊ ထိုကြွေးမြီတာဝန်တင်ရှိခြင်း ပြုလုပ်ပြီးနောက်တွင်သော်လည်းကောင်း ကြွေးမြီတာဝန်တင်ရှိခြင်းအတွက် အဖိုးစားနားအဖြစ် ကုမ္ပဏီသို့ပေးချေခဲ့သည့် ငွေသားပမာဏမှအပ တရားဝင်ခြင်းမရှိစေရ။ စာရင်းရှင်းလင်းဖျက်သိမ်းခြင်းအတွက် ယေဘုယျအစီအစဉ်များကို ခွင့်ပြုနိုင်ခြင်း ၃၉၆။ (က) စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် တရားရုံး၏ ခွင့်ပြုချက်ဖြင့် ကုမ္ပဏီကို ဖျက်သိမ်းသည့်အခါ တရားရုံးကဖြစ်စေ၊ တရားရုံး၏ ကြီးကြပ်မှုဖြင့်ဖြစ်စေ၊ ဆန္ဒအလျောက် ကုမ္ပဏီ၏ အထူးဆုံးဖြတ်ချက်အရ ခွင့်ပြုချက်ဖြင့်ဖြစ်စေ အောက်ပါကိစ္စရပ်များ အားလုံးကို ဖြစ်စေ၊ တစ်ရပ်ရပ်ကိုဖြစ်စေ ဆောင်ရွက်နိုင်သည် – (၁) မြီရှင်အမျိုးအစားတစ်ရပ်ရပ်သို့ အပြည့်အဝငွေပေးချေခြင်း၊ (၂) မြီရှင်များနှင့်ဖြစ်စေ၊ မြီရှင်များဖြစ်သည်ဟု တောင်းဆိုနေသူများနှင့်ဖြစ်စေ၊ ကုမ္ပဏီ အနေဖြင့် ယခုသော်လည်းကောင်း၊ နောင်တွင်သော်လည်းကောင်း တာဝန်ရှိနိုင်သည့် တောင်းဆိုမှုတစ်ရပ်ရပ် ပြုလုပ်သူများနှင့်ဖြစ်စေ သဘောတူညီမှု သို့မဟုတ် စီစဉ်ဆောင်ရွက်မှုတစ်ရပ်ရပ် ပြုလုပ်ခြင်း၊ ကုမ္ပဏီနှင့် ကြွေးမြီပေးဆပ်ရသူများ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများဟု သတ်မှတ် ခံရသူများ သို့မဟုတ် အခြားမြီစားများ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများ သို့မဟုတ် ကုမ္ပဏီသို့တာဝန်ရှိကြသူများအကြား ငွေကြေးထည့်ဝင်ရန် တောင်းဆိုမှုများနှင့် ထိုတောင်းဆိုမှုများအတွက် တာဝန်ရှိမှုများ၊ ကြွေးမြီများနှင့် ကြွေးမြီများကြောင့် ဖြစ်ပေါ်လာသည့်တာဝန်ရှိမှုများ၊ ယခုသော်လည်းကောင်း၊ နောင်တွင်သော်လည်းကောင်း ဖြစ်ပေါ်မည် သို့မဟုတ် ဖြစ်ပေါ်နိုင်ဖွယ်ရှိသည့် တင်ပြတောင်းဆိုမှုများနှင့် ကုမ္ပဏီ နှင့်လည်းကောင်း၊ ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များနှင့် လည်းကောင်း၊ ကုမ္ပဏီဖျက်သိမ်းခြင်း နှင့်လည်းကောင်း သက်ဆိုင်သည့်ကိစ္စရပ်များကို သဘောတူညီထားသည့် စည်းကမ်း ချက်များဖြင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ အဆိုပါတောင်းဆိုမှုများ၊ ကြွေးမြီများ၊ တာဝန်ရှိမှုများ သို့မဟုတ် တင်ပြတောင်းဆိုမှုများကို ဆောင်ရွက်ရန်အတွက် အာမခံတစ်ရပ်ရပ်ရယူခြင်းနှင့် ၎င်းတို့နှင့်စပ်လျဉ်း၍ပြီးစီးအောင် ဆောင်ရွက်ခြင်း။ ( ခ ) ဤပုဒ်မအရ အခွင့်အာဏာများကို စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက ကျင့်သုံး ဆောင်ရွက်ခြင်းသည် တရားရုံး၏ ကြီးကြပ်မှုနှင့်အညီဖြစ်စေရမည်။ မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူတစ်ဦးဦးသည် အဆိုပါ အခွင့်အာဏာများကို ကျင့်သုံးဆောင်ရွက်ခြင်း နှင့်စပ်လျဉ်း၍ တရားရုံးသို့ တင်ပြလျှောက်ထားနိုင်သည်။ ပြစ်မှုကျူးလွန်သည့် ဒါရိုက်တာများစသည်တို့အပေါ် နစ်နာကြေးရယူရန် တရားရုံး၏အခွင့်အာဏာ ၃၉၇။ (က) ကုမ္ပဏီကိုဖျက်သိမ်းသည့်အခါ ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်း သို့မဟုတ် ကုမ္ပဏီကို ကမကထပြုလုပ်ခြင်းတို့တွင် ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးဦး၊ သို့မဟုတ် ယခင်ကဖြစ်စေ၊ ယခုဖြစ်စေ တာဝန်ထမ်းဆောင်ခဲ့သော ဒါရိုက်တာ သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ သို့မဟုတ် ကုမ္ပဏီ၏အရာရှိတစ်ဦးဦးသည် ကုမ္ပဏီ၏ငွေကြေးများ သို့မဟုတ် ပစ္စည်းများအတွက် အလွဲသုံးခဲ့ကြောင်း၊ ရယူခဲ့ကြောင်း သို့မဟုတ် တာဝန်ရှိကြောင်း ပေါ်ပေါက်ခဲ့လျှင် သို့မဟုတ် ကုမ္ပဏီနှင့်စပ်လျဉ်း၍ အရှိန်အဝါအလွဲသုံးစားပြုမှု သို့မဟုတ် ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုတို့အတွက် အပြစ်ရှိကြောင်းပေါ်ပေါက်ခဲ့ကြောင်း တွေ့ရှိလျှင် တရားရုံးသည် စာရင်းရှင်းလင်းဖျက် သိမ်းရေးအရာရှိ၊ မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးက ကုမ္ပဏီဖျက်သိမ်းခြင်းတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကို ပထမဆုံး ခန့်အပ်ခဲ့သည့်နေ့ရက်မှဖြစ်စေ၊ အလွဲအသုံးပြုခြင်း၊ ရယူခြင်း၊ အရှိန်အဝါအလွဲ သုံးစားပြုမှု သို့မဟုတ် ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုတို့ကို ပြုလုပ်ခဲ့သည့်နေ့မှ သုံးနှစ်အတွင်း ဖြစ်စေ၊ ယင်းတို့အနက် ပိုမိုရှည်ကြာသည့် ကာလအတွင်းပြုလုပ်သည့် လျှောက်ထားသည့် အပေါ် ကမကထပြုသူများ၊ ဒါရိုက်တာများ၊ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ သို့မဟုတ် အရာရှိများ၏ ပြုမူဆောင်ရွက်ချက်များကို စစ်ဆေးနိုင်ပြီး တရားရုံးက သင့်သည် ထင်မြင်သည့် အတိုးနှုန်းဖြင့် ငွေကြေး သို့မဟုတ် ပစ္စည်း သို့မဟုတ် ယင်းတို့နှင့်သက်ဆိုင်သည့် ကိစ္စတစ်ရပ်ရပ်ကို ပြန်လည်ပေးချေရန် သို့မဟုတ် ပြန်လည်ထားရှိရန် အဆိုပါ ပုဂ္ဂိုလ် များအား အတင်းအကြပ်ဆောင်ရွက်စေနိုင်သည် သို့မဟုတ် တရားရုံးက သင့်သည်ထင်မြင် သည့်အတိုင်း အလွဲအသုံးပြုခြင်း၊ ရယူခြင်း၊ အရှိန်အဝါ အလွဲသုံးစားပြုမှု သို့မဟုတ် ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုတို့နှင့်စပ်လျဉ်း၍ လျော်ကြေးအဖြစ် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များသို့ အဆိုပါငွေပမာဏများအား ထည့်ဝင်စေရန် အတင်းအကြပ်ဆောင်ရွက်စေနိုင်သည်။ ( ခ ) ပြစ်မှုကျူးလွန်သူမှာ ပြစ်မှုဆိုင်ရာဥပဒေတစ်ရပ်ရပ်အရ တာဝန်ရှိနိုင်မည့်ပြစ်မှုဖြစ်စေ၊ ကာမူ ဤပုဒ်မပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်စေရမည်။ စာရင်းစာအုပ်များကို လိမ်လည်အတုပြုခြင်း ၃၉၈။ စာရင်းရှင်းလင်းဖျက်သိမ်းသည့်ကုမ္ပဏီတစ်ခုခုမှ ဒါရိုက်တာ၊ အရာရှိ သို့မဟုတ် ကြွေးမြီပေးဆပ် ရသူတစ်ဦးဦးသည် စာရင်းစာအုပ်များ၊ စာရွက်စာတမ်းများ သို့မဟုတ် ငွေချေးသက်သေခံလက်မှတ်များကို ဖျက်ဆီးခြင်း၊ ပုံသဏ္ဍာန်ပျက်ယွင်းစေခြင်း၊ ပြောင်းလဲပြင်ဆင်ခြင်း၊ လိမ်လည်အတုပြုခြင်း သို့မဟုတ် လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့် ဝှက်သိမ်းထားခြင်းတို့ကို ပြုလုပ်ခဲ့လျှင် သို့မဟုတ် အခြားသူ တစ်ဦးဦးအားလိမ်လည်လှည့်ဖြားရန် သို့မဟုတ် လှည့်ဖြားရန်အကြံဖြင့် မှတ်ပုံတင်စာရင်း၊ ငွေစာရင်း စာအုပ် သို့မဟုတ် ကုမ္ပဏီပိုင်သည့် စာရွက်စာတမ်းများကို မှားယွင်း၍ဖြစ်စေ၊ လိမ်လည်၍ဖြစ်စေ၊ ရေးသွင်းဆောင်ရွက်ခြင်း သို့မဟုတ် ထိုသို့ ပြုလုပ်သည်ကို ခွင့်ပြုခြင်းတို့ကို ပြုလုပ်ခဲ့လျှင် အဆိုပါ ဒါရိုက်တာ၊ အရာရှိ သို့မဟုတ် ကြွေးမြီ ပေးဆပ်ရသူသည် ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ကျခံရမည့် အပြင် ငွေဒဏ်လည်းကျခံရမည်။ ပြစ်မှုကျူးလွန်သည့် ဒါရိုက်တာများကို တရားစွဲဆိုခြင်း ၃၉၉။ (က) တရားရုံးကဖြစ်စေ၊ တရားရုံး၏ ကြီးကြပ်မှုဖြင့်ဖြစ်စေ ကုမ္ပဏီဖျက်သိမ်းသည့် ကိစ္စရပ်တွင် ယခင်ကဖြစ်စေ၊ ယခုဖြစ်စေ တာဝန်ထမ်းဆောင်ခဲ့သော ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိ သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဦးသည် ကုမ္ပဏီနှင့်စပ်လျဉ်း၍ ပြစ်မှုဆိုင်ရာ ပြစ်ဒဏ်ထိုက်သင့်သော ပြစ်မှုတစ်ရပ်ရပ်အရ အပြစ်ရှိကြောင်း တရားရုံးက တွေ့ရှိလျှင် ကုမ္ပဏီဖျက်သိမ်းခြင်းတွင် အကျိုးသက်ဆိုင်သူတစ်ဦးဦးက လျှောက်ထားမှုဖြင့် ဖြစ်စေ၊ တရားရုံးကိုယ်တိုင် အရေးယူဆောင်ရွက်မှုဖြင့်ဖြစ်စေ တရားရုံးသည် ပြစ်မှုကျူးလွန်သူအား တရားစွဲဆိုစေရန် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိသို့ ညွှန်ကြားနိုင်သည် သို့မဟုတ် ထိုကိစ္စရပ်ကို မှတ်ပုံတင်အရာရှိထံ တင်ပြနိုင်သည်။ ( ခ ) ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းသည့်အခါ ယခင်ကဖြစ်စေ၊ တာဝန်ထမ်းဆောင်ဆဲ ဖြစ်စေ တာဝန်ထမ်းဆောင်ခဲ့သော ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိ သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဦးသည် ကုမ္ပဏီနှင့်စပ်လျဉ်း၍ ပြစ်မှုဆိုင်ရာ ပြစ်ဒဏ်ထိုက်သင့်သော ပြစ်မှုတစ်ရပ်ရပ်အရ အပြစ်ရှိကြောင်း စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိကတွေ့ရှိလျှင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ထိုကိစ္စရပ်အား မှတ်ပုံတင် အရာရှိထံသို့ ချက်ချင်းအစီရင်ခံတင်ပြရမည်ဖြစ်ပြီး အဆိုပါ အချက်အလက်များကို မှတ်ပုံတင် အရာရှိထံသို့ ပေးပို့ရမည်။ ထို့အပြင် မှတ်ပုံတင်အရာရှိက လိုအပ်လျှင် ပေါ်ပေါက်လာသည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ လက်ဝယ်တွင်ရှိသောသို့မဟုတ် ၎င်း၏ ကြီးကြပ်မှုအောက်တွင်ရှိသော သတင်းအချက်အလက်များ သို့မဟုတ် စာရွက်စာတမ်း များကို စစ်ဆေးကြည့်ရှုခွင့်နှင့် ထိုစာရွက်စာတမ်းများကို မိတ္တူ ရယူခွင့်များ ဆောင်ရွက် နိုင်ရေးအတွက် ဝင်ရောက်ခွင့်ပြုရမည်။ ( ဂ ) မှတ်ပုံတင်အရာရှိထံသို့ ပုဒ်မခွဲ (ခ) အရ အစီရင်ခံစာတင်ပြပြီးသည့်အခါ မှတ်ပုံတင် အရာရှိသည် ၎င်းအနေဖြင့် သင့်သည်ထင်မြင်သည့်အတိုင်း အဆိုပါကိစ္စရပ်ကို ထပ်မံစုံစမ်း စစ်ဆေးရန်အတွက် ပြည်ထောင်စုဝန်ကြီးထံ တင်ပြနိုင်သည်။ ထိုသို့တင်ပြချက်အရ ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကိစ္စရပ်ကို စုံစမ်းစစ်ဆေးနိုင်ပြီး သင့်သည်ထင်မြင်ပါက သက်ဆိုင်ရာ ကုမ္ပဏီနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအတွက် ပြည်ထောင်စုဝန်ကြီးက တာဝန်ပေးအပ်ထားသည့်ပုဂ္ဂိုလ်တစ်ဦးဦးကို တရားရုံးက ကုမ္ပဏီကိုဖျက်သိမ်းသည့် ကိစ္စရပ်တွင် ဤဥပဒေအရအပ်နှင်းထားသည့်အတိုင်း ကုမ္ပဏီ၏ကိစ္စရပ်များကို စုံစမ်း စစ်ဆေးနိုင်သည့် အခွင့်အာဏာအားလုံးကို ထိုသူထံသို့အပ်နှင်းသည့် အမိန့်တစ်ရပ်ချမှတ် ပေးနိုင်ရေးအတွက် တရားရုံးသို့ တင်ပြလျှောက်ထားနိုင်သည်။ (ဃ) ပုဒ်မခွဲ (ခ) အရ မှတ်ပုံတင်အရာရှိထံသို့တင်ပြသည့် အစီရင်ခံစာနှင့်စပ်လျဉ်း၍ မှတ်ပုံတင် အရာရှိက အရေးယူဆောင်ရွက်သင့်သည့်ကိစ္စရပ်မဟုတ်ကြောင်း တွေ့ရှိလျှင် မှတ်ပုံတင် အရာရှိသည် ထိုအကြောင်းကို စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိထံသို့ ပြန်လည် အကြောင်းကြားရမည်။ ထိုအခါတရားရုံး၏ ကြိုတင်ခွင့်ပြုချက်ဖြင့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိသည် ပြစ်မှုကျူးလွန်သူအပေါ် တရားစွဲဆိုဆောင်ရွက်နိုင်သည်။ (င) ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းသည့်အခါ ယခင်ကဖြစ်စေ၊ ယခုဖြစ်စေ တာဝန် ထမ်းဆောင်ခဲ့သော ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိ၊ သို့မဟုတ် ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးဦးသည် ကုမ္ပဏီနှင့်စပ်လျဉ်း၍ အထက်ဖော်ပြပါအတိုင်း အပြစ်ရှိကြောင်း တရားရုံးကတွေ့ရှိလျှင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက မှတ်ပုံတင်အရာရှိ ထံသို့ အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ တင်ပြအစီရင်ခံခြင်း မရှိခဲ့လျှင်၊ တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းခြင်းတွင် အကျိုးသက်ဆိုင်သူတစ်ဦးဦးက လျှောက်ထားမှုဖြင့်ဖြစ်စေ၊ မိမိကိုယ်တိုင်အရေးယူ ဆောင်ရွက်မှုဖြင့်ဖြစ်စေ စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိအား ထိုအစီရင်ခံစာကို တင်ပြစေရန် ညွှန်ကြားနိုင်သည်။ ဤပုဒ်မပါ ပြဋ္ဌာန်းချက် များအရတင်ပြသည့်အစီရင်ခံစာသည် ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက်များအရပြုလုပ်သည့် အစီရင်ခံစာကဲ့သို့ အကျိုးသက်ရောက်စေရမည်။ ( စ) ဤပုဒ်မအရ ကိစ္စရပ်တစ်ခုခုအား မှတ်ပုံတင်အရာရှိထံသို့ အစီရင်ခံ တင်ပြသည့်အခါ သို့မဟုတ် လွှဲအပ်သည့်အခါ မှတ်ပုံတင်အရာရှိသည် စွပ်စွဲခံရသူအား ၎င်းထံသို့စာဖြင့် ရေးသား၍ ရှင်းလင်းစေရန် အခွင့်အရေး ဦးစွာပေးအပ်ရမည်ဖြစ်ပြီး တင်ပြလာသည့်ကိစ္စမှာ တရားစွဲဆိုသင့်ကြောင်း မှတ်ပုံတင်အရာရှိက ယူဆလျှင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက်ကို တောင်းခံရမည်။ ယင်းနောက် မှတ်ပုံတင်အရာရှိသည် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏အကြံပြုချက်ကို ထည့်သွင်းစဉ်းစားပြီးအမှုကို တရားစွဲဆိုရန် ဆုံးဖြတ်ပါက ယခင်ကဖြစ်စေ၊ ယခုဖြစ်စေ တာဝန်ထမ်းဆောင်ခဲ့သော ကုမ္ပဏီ၏ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိ၊ အရာရှိများအားလုံးနှင့် ကိုယ်စားလှယ်များအားလုံးသည် တရားစွဲဆိုမှုတွင်ပါဝင်သည့် တရားခံမှအပ တရားစွဲဆိုမှုနှင့်သက်ဆိုင်သည့် အကူအညီများ အားလုံးကိုပေးအပ်ရမည်။ ဤပုဒ်မခွဲပါကိစ္စရပ်များအတွက် ကုမ္ပဏီနှင့်သက်ဆိုင်သည့် “ကိုယ်စားလှယ်” ဆိုသည်မှာ ကုမ္ပဏီ၏ အရာရှိဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ ကုမ္ပဏီ၏ဘဏ်လုပ်ငန်းလုပ်ကိုင်သူ သို့မဟုတ် ဥပဒေအကြံပေးတစ်ဦးဦး၊ စာရင်းစစ်အဖြစ် ကုမ္ပဏီကခန့်အပ်ထားသည့် ပုဂ္ဂိုလ်တစ်ဦးဦးပါဝင်သည်ဟု မှတ်ယူရမည်။ (ဆ) မည်သူမဆို ပုဒ်မခွဲ (စ) အရ လိုအပ်သည့်အကူအညီများကို ပေးအပ်ရန်ပျက်ကွက်လျှင် တရားရုံးသည် မှတ်ပုံတင်အရာရှိ၏ လျှောက်ထားမှုအရ အဆိုပါပုဂ္ဂိုလ်အား ဖော်ပြပါ ပုဒ်မခွဲ၏ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်စေရန် ညွှန်ကြားနိုင်သည်။ အဆိုပါ လျှောက်ထားမှုသည် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိနှင့် သက်ဆိုင်ပါက ထိုသို့ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှု သို့မဟုတ် ပေါ့လျော့မှုသည် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိထံတွင် ထိုသို့လိုက်နာဆောင်ရွက်ရန်အတွက် ကုမ္ပဏီ၏ရရန်ပိုင်ခွင့်များ လုံလောက်စွာမရှိခြင်းဖြစ်ကြောင်းမှတစ်ပါး ထိုသို့လျှောက်ထားသည့် ကုန်ကျစရိတ်များကို စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက မိမိစရိတ်ဖြင့်ကျခံစေရန် ညွှန်ကြားနိုင်သည်။ မှားယွင်းတင်ပြသည့် သက်သေခံချက်များအတွက်ပြစ်ဒဏ် ၄၀၀။ ဤဥပဒေအရ ကျမ်းကျိန်ဆောင်ရွက်သည့် စစ်ဆေးမေးမြန်းမှုတစ်ရပ်ရပ် သို့မဟုတ် ဤဥပဒေအရ ကုမ္ပဏီဖျက်သိမ်းခြင်းတွင် သို့မဟုတ် ကုမ္ပဏီဖျက်သိမ်းခြင်းနှင့် စပ်လျဉ်းသည့် ကျမ်းကျိန်လွှာ၊ သက်သေခံချက် သို့မဟုတ် ကတိသစ္စာပြုခြင်းတစ်ရပ်ရပ် သို့မဟုတ် ဤဥပဒေအရ ပေါ်ပေါက်လာသည့်ကိစ္စတစ်ရပ်ရပ်တွင် သို့မဟုတ် ယင်းကိစ္စနှင့်စပ်လျဉ်း၍ မည်သူမဆို တမင်ကြံရွယ်၍ သက်သေခံချက်များကို မမှန်မကန်တင်ပြခဲ့လျှင် ထိုသူသည် ခုနစ်နှစ်အထိ ထောင်ဒဏ်ကျခံရမည့်အပြင် ငွေဒဏ်လည်းကျခံရမည်။

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။