အခန်း(၂၈) မှတ်ပုံတင်အရာရှိ၊ မှတ်ပုံတင်ရုံး၊ စာရွက်စာတမ်းများကို မှတ်ပုံတင်ခြင်း၊ စစ်ဆေးကြည့်ရှုနိုင်သည့် အခွင့်အာဏာများနှင့် အခကြေးငွေများ မှတ်ပုံတင်အရာရှိ ၄၁၉။ (က) ဤဥပဒေ စတင်အာဏာတည်သည့်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန သို့မဟုတ် ယင်း၏ လုပ်ငန်းကို ဆက်ခံမည့်ဌာန အဖွဲ့အစည်းတစ်ရပ်ရပ်သည် မှတ်ပုံတင်အရာရှိ၏ အခွင့်အာဏာများကိုရရှိပြီး ၎င်း၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။ မှတ်ပုံတင်အရာရှိသည် ဤဥပဒေနှင့် အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်တွင် သို့မဟုတ် ထိုဥပဒေများအရ အခါအားလျော်စွာ သတ်မှတ်ဖော်ပြထားသည့် အခွင့်အာဏာများနှင့် လုပ်ငန်းတာဝန်များကို ကျင့်သုံးဆောင်ရွက်ရမည့်အပြင် အဆိုပါအခွင့်အာဏာနှင့် လုပ်ငန်းတာဝန်များကို ကျင့်သုံးဆောင်ရွက်ရာတွင် သို့မဟုတ် ထိုသို့ကျင့်သုံးဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဆောင်ရွက်နိုင်သည့် အခွင့်အာဏာရှိသည်။ (ဂ) ပြည်ထောင်စုဝန်ကြီးသည် မှတ်ပုံတင်အရာရှိ၏ အခွင့်အာဏာများနှင့် လုပ်ငန်းတာဝန် များကို ကျင့်သုံးဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိအား ညွှန်ကြားနိုင်သည်။ (ဃ) ပုဒ်မခွဲ (က) မှ (ဂ) အထိပါရှိသော ပြဋ္ဌာန်းချက်များကို ကန့်သတ်တားမြစ်ခြင်းမရှိစေဘဲ၊ မှတ်ပုံတင်အရာရှိသည် ဤဥပဒေအား အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ယေဘုယျအခြေအနေတွင်သော်လည်းကောင်း၊ အထူးအခြေအနေ တစ်ရပ်ရပ်တွင် သော်လည်းကောင်း လမ်းညွှန်ချက်များထုတ်ပြန်နိုင်သည့် အခွင့်အာဏာရှိသည်။ ( င ) ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန သို့မဟုတ် ယင်း၏လုပ်ငန်းကို ဆက်ခံမည့်ဌာန အဖွဲ့အစည်းတစ်ရပ်ရပ်သို့ မှတ်ပုံတင်အရာရှိ၏ တာဝန်များကို လွှဲအပ်ထားသည့် ကာလတစ်လျှောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ရာထူးနေရာ သို့မဟုတ် အလားတူရာထူးနေရာကို ရယူထားသောသူသည် မှတ်ပုံတင်အရာရှိ၏ အခွင့်အာဏာများကိုကျင့်သုံးနိုင်ပြီး ၎င်း၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။ ထိုသို့ဆောင်ရွက်ရာတွင် ညွှန်ကြားရေးမှူးချုပ်၏ ကြီးကြပ်မှုဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန သို့မဟုတ် ယင်း၏ လုပ်ငန်းကို ဆက်ခံမည့်ဌာနအဖွဲ့အစည်းတစ်ရပ်ရပ်၏ အခြားအရာရှိ သို့မဟုတ် ဝန်ထမ်း တစ်ဦးဦးသို့ ၎င်း၏အခွင့်အာဏာများနှင့် လုပ်ငန်းတာဝန်များကို တာဝန်ခွဲဝေအပ်နှင်း နိုင်သည့် အခွင့်အာဏာလည်းပါဝင်သည်။ ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် သက်ဆိုင်ရာဥပဒေတစ်ရပ်ရပ်အရ မှတ်ပုံတင် အရာရှိအားခန့်အပ်နိုင်သည့် သို့မဟုတ် မှတ်ပုံတင်အရာရှိ၏ အခွင့်အာဏာများကို အပ်နှင်းနိုင်သည့် အခြားနည်းလမ်းတစ်ရပ်ရပ်ကို ကန့်သတ်ထားခြင်းမရှိစေရ။ မှတ်ပုံတင်ရုံးများ ၄၂၀။ (က) ဤဥပဒေအရ ကုမ္ပဏီများကို မှတ်ပုံတင်ဆောင်ရွက်နိုင်ရန်အလို့ငှာ ပြည်ထောင်စုဝန်ကြီးက သင့်သည်ထင်မြင်သည့်နေရာများတွင် ရုံးများဖွင့်လှစ်ရမည်ဖြစ်ပြီး မည်သည့်ကုမ္ပဏီမျှ အဆိုပါဖွင့်လှစ်ထားသည့်ရုံးများအနက် ရုံးတစ်ရုံးတွင်မှတစ်ပါး မှတ်ပုံတင်ခြင်းမပြုလုပ်ရ။ ပြည်ထောင်စုဝန်ကြီးသည် ကုမ္ပဏီများအား မှတ်ပုံတင်ခြင်းအတွက် သို့မဟုတ် မှတ်ပုံတင်ခြင်း နှင့်သက်ဆိုင်သည့် လိုအပ်သောစာရွက်စာတမ်းများသည် အစစ်အမှန်ဖြစ်ကြောင်း ဖော်ပြနိုင်ရေးအတွက် ရုံးတံဆိပ် သို့မဟုတ် ရုံးတံဆိပ်များကို ပြုလုပ်ဆောင်ရွက်ထားရန် ညွှန်ကြားနိုင်သည်။ မှတ်ပုံတင်စာရင်းများနှင့် မှတ်တမ်းများကို ထိန်းသိမ်းထားရှိခြင်းနှင့် စစ်ဆေးကြည့်ရှုခြင်း ၄၂၁။ (က) မှတ်ပုံတင်အရာရှိသည် ၎င်းအနေဖြင့် ဤဥပဒေအရ ထိန်းသိမ်းထားရှိရန်လိုအပ်သော မှတ်ပုံတင်စာရင်းများအားလုံးနှင့် ဤဥပဒေအရ ၎င်းထံတင်ပြရသည့် မှတ်တမ်းများ အားလုံးကို ပြုစုထားရှိထိန်းသိမ်းရမည်။ မှတ်ပုံတင်အရာရှိသည် မှတ်တမ်းများနှင့်မှတ်ပုံတင်စာရင်းများကို အီလက်ထရောနစ် နည်းဖြင့် ဆန်းသစ်ခြင်း၊ တင်ပြခြင်း၊ စုစည်းခြင်း၊ ထိန်းသိမ်းခြင်းနှင့် ဤဥပဒေအရ မှတ်ပုံတင်ရမည့် အဖွဲ့အစည်းများအားလုံးနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းများအတွက် ထိုစနစ်များနှင့် လုပ်ငန်းစဉ်များကို ထူထောင်ခြင်းများအပါအဝင် မှတ်ပုံတင်အရာရှိသို့ အပ်နှင်းထားသည့်တာဝန်များနှင့် ၎င်းကသင့်သည်ထင်မြင်သည့် နည်းလမ်းအတိုင်း ပုဒ်မခွဲ (က) တွင် ဖော်ပြပါရှိသည့်တာဝန်များကို ထမ်းဆောင်ရမည်။ ဤပုဒ်မခွဲသည် ဤဥပဒေ သို့မဟုတ် အခြားသက်ဆိုင်ရာဥပဒေတစ်ရပ်ရပ်အရ အဆိုပါကိစ္စရပ်များအတွက် ကြီးကြပ်နိုင်သည့်အခွင့်အာဏာများကို ကန့်သတ်တားမြစ်ခြင်းမရှိစေဘဲ သက်ဆိုင် စေရမည်။ (ဂ) ပုဒ်မခွဲ (ဆ) ကို မဆန့်ကျင်စေဘဲ မှတ်ပုံတင်အရာရှိမှ စာရွက်စာတမ်းအား မှတ်ပုံတင်ခြင်း သို့မဟုတ် မှတ်ပုံတင်ခြင်းကိုခွင့်မပြု ခြင်းသည် အဆိုပါစာရွက်စာတမ်း၏ တရားဝင်မှုကို လည်းကောင်း သို့မဟုတ် တရားမဝင်မှုကိုလည်းကောင်း အဆိုပါစာရွက်စာတမ်းတွင် ပါရှိသည့် သတင်းအချက်အလက်၏ မှန်ကန်မှုကိုဖြစ်စေ၊ အခြားတစ်စုံတစ်ရာကိုဖြစ်စေ သက်ရောက်စေခြင်း သို့မဟုတ် ဖြစ်ပေါ်စေခြင်းမရှိစေရ။ (ဃ) အခြားသက်ဆိုင်သော အခွင့်အာဏာများကို ထိခိုက်စေခြင်းမရှိစေဘဲ ပြည်ထောင်စု ဝန်ကြီးသည် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲ (ခ) တို့နှင့်သက်ဆိုင်သည့် ကိစ္စရပ်များအား အကျိုးသက်ရောက်စေရန် လိုအပ်သည့် စည်းမျဉ်းများ၊ နည်းဥပဒေ၊ အမိန့် သို့မဟုတ် အမိန့်ကြော်ငြာစာများကို ထုတ်ပြန်သတ်မှတ်ဖော်ပြနိုင်သည်။ အထူးသဖြင့် ဤဥပဒေအရ မှတ်ပုံတင်ထားသောအဖွဲ့အစည်းများနှင့် မှတ်ပုံတင်အရာရှိတို့အကြား အီလက်ထရောနစ် နည်းဖြင့် စာရွက်စာတမ်းများအား မှတ်ပုံတင်ခြင်း၊ အီလက်ထရောနစ်နည်းဖြင့် ဆက်သွယ် ဆောင်ရွက်ခြင်းများအတွက် လုပ်ငန်းစနစ်များ ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်နိုင်သည်။ ဤကိစ္စရပ်များတွင် ဤဥပဒေအရ မှတ်ပုံတင်ထားသော အဖွဲ့အစည်းတစ်ခုခု၏ ပြန်လည်မှတ်ပုံတင်ခြင်းအတွက်လည်းကောင်း၊ ပေးချေရမည့် ငွေကြေးများအတွက်လည်းကောင်း အီလက်ထရောနစ်နည်းပညာဖြင့် မှတ်ပုံတင်ခြင်း လုပ်ငန်းနှင့်စပ်လျဉ်း၍ လိုအပ်သည့်သတ်မှတ်ချက်များကို ထည့်သွင်းဖော်ပြနိုင်သည်။ ထိုအခကြေးငွေသည် အီလက်ထရောနစ်နည်းပညာမပါရှိသောနည်းဖြင့် မှတ်ပုံတင် ဆောင်ရွက်ခြင်းနှင့် မှတ်ပုံတင်ခြင်းအတွက် သတ်မှတ်ဖော်ပြထားသည့် အခကြေးငွေနှင့် ခြားနားနိုင်မည်ဖြစ်သည်။ (င) မည်သူမဆို မှတ်ပုံတင်အရာရှိက ထိန်းသိမ်းထားသည့် မှတ်ပုံတင်စာရင်းများနှင့် မှတ်တမ်းများကို ပြည်ထောင်စုဝန်ကြီးက သတ်မှတ်ဖော်ပြထားသည့် အခကြေးငွေကို ပေးသွင်းစေလျက် စစ်ဆေးကြည့်ရှုနိုင်သည်။ ( စ ) မည်သူမဆို ကုမ္ပဏီတစ်ခု ဖွဲ့စည်းတည်ထောင်သည့် သက်သေခံလက်မှတ် သို့မဟုတ် မိတ္တူ သို့မဟုတ် ဤဥပဒေအရ မှတ်ပုံတင်အရာရှိထံသို့ တင်ပြရသည့် ကုမ္ပဏီ၏ မှတ်တမ်းများနှင့်အတူ ထိန်းသိမ်းထားရှိရမည့် အခြားစာရွက်စာတမ်း၏ ကောက်နုတ်ချက် သို့မဟုတ် အခြားစာရွက်စာတမ်း၏ မည်သည့်အစိတ်အပိုင်းကိုမဆို ပြည်ထောင်စုဝန်ကြီးက သတ်မှတ်ဖော်ပြထားသည့် အခကြေးငွေကို ပေးသွင်း၍ မှတ်ပုံတင်အရာရှိက မိတ္တူ မှန်ကန်ကြောင်း အထောက်အထားပြုသည့် စာရွက်စာတမ်းမိတ္တူ သို့မဟုတ် ကောက်နုတ် ရယူလိုသည့် အချက်အလက်မိတ္တူကို ရယူနိုင်သည်။ (ဆ) သိသာထင်ရှားသော မှားယွင်းချက်မှလွဲ၍ ပုဒ်မ ၄၂၂ နှင့် ၄၂၃ တို့တွင် မှားယွင်းမှုအား ပြင်ဆင်သည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ မှားယွင်းသည့်အချက်ကို ဖော်ပြ၍ ပုဒ်မခွဲ (စ) အရ မှတ်ပုံတင်အရာရှိက မှန်ကန်ကြောင်းလက်မှတ်ရေးထိုး ထုတ်ပေးသည့် စာရွက်စာတမ်းတစ်ရပ်ကို တရားစစ်ဆေးစီရင်ဆောင်ရွက်မှု တစ်ရပ်ရပ်တွင် မူလ စာရွက်စာတမ်းကဲ့သို့ တရားဝင်သည့်သက်သေခံချက်အဖြစ် လက်ခံဆောင်ရွက်ရမည်။ မှတ်ပုံတင်စာရင်း၏ မှားယွင်းမှုများကို ပြင်ဆင်ခြင်း ၄၂၂။ (က) မှတ်ပုံတင်အရာရှိသည် (၁) တစ်ဦးတစ်ယောက်၏ လျှောက်ထားချက်အရ မှတ်ပုံတင်စာရင်းတွင် အချက်အလက် တစ်ရပ်ရပ်ကိုမှားယွင်း၍ ရေးသွင်းထားကြောင်း သို့မဟုတ် ချန်လှပ်ထားကြောင်း သိရှိလျှင် ဤဥပဒေအရ ၎င်းကထိန်းသိမ်းထားသည့် မှတ်ပုံတင်စာရင်းတစ်ခုကို ပြင်ဆင်နိုင်သည် သို့မဟုတ် (၂) ရုံးလုပ်ငန်းဆောင်ရွက်ရာတွင် မှားယွင်းမှုကြောင့် မှတ်ပုံတင်အရာရှိက မှတ်ပုံတင် စာရင်းတွင် အချက်အလက်တစ်ရပ်ရပ်ကို မမှန်မကန်ရေးသွင်းမိကြောင်း ၎င်းက သိရှိလျှင် ထိုအချက်အလက်များကို ပြင်ဆင်နိုင်သည် သို့မဟုတ် (၃) တစ်ဦးတစ်ယောက်၏ လျှောက်ထားချက်အရ မှတ်ပုံတင်အရာရှိက ကုမ္ပဏီနှင့် ဆွေးနွေးပြီးနောက် ကုမ္ပဏီ၏ ရုံးလုပ်ငန်းဆိုင်ရာ မှားယွင်းမှုကြောင့် ကုမ္ပဏီတွင် ထိန်းသိမ်းထားရှိသော မှတ်ပုံတင်စာရင်းတွင် ရေးသွင်းထားသည့် အချက်များသည် မှန်ကန်မှုမရှိကြောင်းနှင့် ထိုမှားယွင်းမှုကိုပြင်ဆင်ခြင်းသည် အခြားသူတစ်ဦးဦးကို ထိခိုက်စေနိုင်မည်မဟုတ်ကြောင်း တွေ့ရှိရလျှင် ကုမ္ပဏီက ထိန်းသိမ်းထားသည့် မှတ်ပုံတင်စာရင်းပါ ဖော်ပြချက်များကို မှန်ကန်စွာပြင်ဆင်စေရန် ကုမ္ပဏီသို့ ညွှန်ကြားနိုင်သည်။ ( ခ ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) အရ မှတ်ပုံတင်အရာရှိက မှတ်ပုံတင်စာရင်းတစ်ရပ်ကို ပြင်ဆင်ခြင်းမပြုမီ မှတ်ပုံတင်အရာရှိသည် – (၁) လျှောက်ထားချက်ကို အဆိုပါကုမ္ပဏီနှင့် စပ်လျဉ်းသည့် မှတ်ပုံတင်စာရင်းအား ပြင်ဆင်ရန် တင်ပြခြင်းဖြစ်ကြောင်း အဆိုပါလျှောက်ထားချက်၏ အသေးစိတ် အချက်အလက်များကိုဖော်ပြ၍ ကုမ္ပဏီသို့စာဖြင့်ရေးသားအကြောင်းကြားရမည်။ (၂) ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်းများကို မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားချက်အား ပြုလုပ်ခြင်းဖြစ်လျှင် ၎င်းတို့နှင့်စပ်လျဉ်းသည့် မှတ်ပုံတင် စာရင်းအားပြင်ဆင်ရန် တင်ပြခြင်းဖြစ်ကြောင်း အဆိုပါလျှောက်ထားချက်၏ အသေးစိတ်အချက်အလက်များကိုဖော်ပြ၍ ပေါင်နှံခံသူ သို့မဟုတ် ကြွေးမြီတာဝန် တင်ရှိခြင်းအား လက်ခံသူသို့ စာဖြင့်ရေးသားအကြောင်းကြားရမည်။ ၎င်းအပြင် အောက်ပါအချက်အလက်များပါရှိသော အကြောင်းကြားစာကို အများပြည်သူသိရှိရန် ထုတ်ပြန်ရမည် – (ကက) လျှောက်ထားသူ၏အမည်၊ ( ခခ ) ကုမ္ပဏီ၏အမည်။ ( ဂဂ ) မှတ်ပုံတင်စာရင်းတွင် ပြုလုပ်ဆောင်ရွက်ရမည့် အသေးစိတ်အချက်အလက် များနှင့် ပြင်ဆင်ချက်များအတွက် အကြောင်းပြချက်များနှင့် (ဃဃ) အဆိုပြုထားသည့် ပြင်ဆင်ချက်ကို စာဖြင့်ရေးသားကန့်ကွက်နိုင်ကြောင်း သတ်မှတ်သည့် နေ့ရက်တစ်ရက်ကို မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည် ဖြစ်ပြီး ထိုနေ့ရက်သည် အကြောင်းကြားစာပေးပို့သည့်နေ့မှ ၂၈ ရက်ထက် နောက်မကျသည့်နေ့ရက် တစ်ရက်ရက် ဖြစ်စေရမည်။ (ဂ) မည်သူမဆိုအဆိုပြုထားသည့် မှတ်ပုံတင်စာရင်းအား ပြင်ဆင်ချက်အပေါ်စာဖြင့် ရေးသား ကန့်ကွက်ချက်တစ်ရပ်ကို မှတ်ပုံတင်အရာရှိထံသို့ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ်(၃)၊ ပုဒ်မခွဲငယ်စိပ် (ဃဃ) နှင့်အညီ သတ်မှတ်ထားသည့်နေ့ရက်ထက် နောက်မကျစေဘဲ ပေးပို့နိုင်ပြီး မှတ်ပုံတင်အရာရှိသည် အဆိုပါကန့်ကွက်ချက်၏ မိတ္တုတစ်စောင်ကို မှတ်ပုံတင် စာရင်းအားပြင်ဆင်ရန် လျှောက်ထားသူထံသို့ ပေးပို့ရမည်။ (ဃ) မှတ်ပုံတင်အရာရှိသည် သတ်မှတ်ထားသည့် နေ့ရက်တွင် အဆိုပြုထားသည့် မှတ်ပုံတင် စာရင်းအား ပြင်ဆင်ချက်အပေါ် စာဖြင့်ရေးသား ကန့်ကွက်ချက်တစ်ရပ်ကို လက်ခံရရှိခဲ့ပြီး ထိုကန့်ကွက်ချက်ကို ပြန်လည်ရုပ်သိမ်းထားခြင်းမရှိကြောင်းတွေ့ရှိရလျှင် ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် (၁) အရ မှတ်ပုံတင်စာရင်းအား ပြင်ဆင်ခြင်းမပြုရ။ တရားရုံး၏ အခွင့်အာဏာများ ၄၂၃။ (က) မှတ်ပုံတင်အရာရှိသည် အဆိုပြုထားသည့် မှတ်ပုံတင်စာရင်းအား ပြင်ဆင်ချက်အပေါ် စာဖြင့်ရေးသား ကန့်ကွက်ချက်တစ်ရပ်ကို ပုဒ်မ ၄၂၂၊ ပုဒ်မခွဲ (ဂ) အရ လက်ခံရရှိခဲ့ပါက မှတ်ပုံတင်စာရင်းအား ပြင်ဆင်ရန်အတွက် လျှောက်ထားသူသည် အဆိုပါ ပြင်ဆင်လိုမှုအတွက် အမိန့်တစ်ရပ်ချမှတ်ပေးနိုင်ရန် တရားရုံးသို့ တင်ပြလျှောက်ထားနိုင်သည်။ ( ခ) ပုဒ်မခွဲ (က) အရ အမိန့်တစ်ရပ်အတွက် လျှောက်ထားမှုအားပြုလုပ်ရာတွင် – (၁) လျှောက်ထားသူသည် အဆိုပါလျှောက်ထားမှုအား မှတ်ပုံတင်အရာရှိထံသို့ ဆောလျင်စွာ အသိပေးအကြောင်းကြားရမည်။ ၎င်းအပြင် (၂) မှတ်ပုံတင်အရာရှိသည် ထိုလျှောက်ထားမှုနှင့်စပ်လျဉ်း၍ တရားရုံးသို့ တက်ရောက် ကြားနာနိုင်သည်။ (ဂ) ပုဒ်မခွဲ (က) အရ အမိန့်တစ်ရပ်အတွက် လျှောက်ထားတင်ပြလာလျှင် တရားရုံးသည် အချက်အလက်တစ်ရပ်ရပ်ကို မှတ်ပုံတင်စာရင်းတွင် မှားယွင်း၍ရေးသွင်းထားကြောင်း သို့မဟုတ် မှားယွင်း၍ ချန်လှပ်ထားကြောင်းတွေ့ရှိခဲ့လျှင် အဆိုပါမှတ်ပုံတင်စာရင်းအား ပြင်ဆင်ဆောင်ရွက်ရန်အတွက် အမိန့်တစ်ရပ်ချမှတ်နိုင်သည်။ မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည့် စာရွက်စာတမ်းများအတွက် လျှောက်လွှာပုံစံ ၄၂၄။ (က) ဤဥပဒေအရ မှတ်ပုံတင်အရာရှိထံသို့ သတ်မှတ်ဖော်ပြထားသည့် လျှောက်လွှာပုံစံဖြင့် တင်ပြရန်လိုအပ်သည့် စာရွက်စာတမ်းတစ်ရပ်ရပ်သည်(၁) စာရွက်စာတမ်းအတွက် လျှောက်လွှာပုံစံကို ဤဥပဒေအရ ပြုလုပ်သည့်စည်းမျဉ်း ဥပဒေ၊ နည်းဥပဒေ သို့မဟုတ် အမိန့်ကြော်ငြာစာတစ်ရပ်ရပ်ဖြင့် သတ်မှတ် ဖော်ပြခဲ့လျှင်(ကက) အဆိုပါသတ်မှတ်ဖော်ပြထားသည့် လျှောက်လွှာပုံစံအတိုင်း ဖြစ်စေရမည်။ ( ခခ )လျှောက်လွှာပုံစံတွင် လိုအပ်သော သတင်းအချက်အလက်များ၊ ရေးသား ဖော်ပြချက်များ၊ ရှင်းလင်းဖော်ပြချက်များ သို့မဟုတ် အခြားလိုအပ်သော ကိစ္စရပ်များ ပါဝင်စေရမည်။ ၎င်းအပြင် ( ဂဂ ) လျှောက်လွှာပုံစံတွင် လိုအပ်သော အခြားအချက်အလက်များကို ပူးတွဲ ပါရှိစေရမည်။ သို့မဟုတ် (၂) စာရွက်စာတမ်းအတွက် လျှောက်လွှာပုံစံကို စည်းမျဉ်းဥပဒေ၊ နည်းဥပဒေ သို့မဟုတ် အမိန့်ကြော်ငြာစာတစ်ရပ်ရပ်ဖြင့် သတ်မှတ်ဖော်ပြထားခြင်းမရှိခဲ့လျှင် မှတ်ပုံတင် အရာရှိက စာရွက်စာတမ်းအတွက် လျှောက်လွှာပုံစံတစ်ရပ်ကို အတည်ပြုသတ်မှတ် ထားပါက(ကက) အဆိုပါ အတည်ပြုထားသည့် လျှောက်လွှာပုံစံအတိုင်း ဖြစ်စေရမည်။ ( ခခ ) လျှောက်လွှာပုံစံတွင် လိုအပ်သော သတင်းအချက်အလက်များ၊ ရေးသား ဖော်ပြချက်များ၊ ရှင်းလင်းဖော်ပြချက်များ သို့မဟုတ် အခြားလိုအပ်သော ကိစ္စရပ်များ ပါဝင်စေရမည်။ ၎င်းပြင် ( ဂဂ ) လျှောက်လွှာပုံစံတွင် လိုအပ်သော အခြားအချက်အလက်များကို ပူးတွဲ ပါရှိစေရမည်။ ( ခ ) ဤဥပဒေအရတင်ပြလာသည့် စာရွက်စာတမ်းတစ်ရပ်ရပ်သည် ပုဒ်မခွဲ (က) နှင့် သက်ဆိုင်ရမည်ဖြစ်ပြီး ယင်းကို ဆန့်ကျင်ကွဲလွဲမှုတစ်စုံတစ်ရာမရှိပါက သက်ဆိုင်သည့် လျှောက်လွှာပုံစံနှင့်အတူ တင်ပြလာသည့် စာရွက်စာတမ်းနှင့် အခြားအချက်အလက် များသည်လည်း ဤဥပဒေအရတင်ပြသော စာရွက်စာတမ်းတစ်ရပ်ရပ်တွင်ပါဝင်သည်။ (ဂ) အကယ်၍ – (၁) ဤဥပဒေအရ မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည့် စာရွက်စာတမ်းတစ်ရပ်ကို သတ်မှတ်ဖော်ပြထားသည့် လျှောက်လွှာပုံစံဖြင့် တင်ပြရန်လိုအပ်ခဲ့လျှင်၊ ၎င်းအပြင် (၂) ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်က စာရွက်စာတမ်းတွင်ပါဝင်ရမည့် သို့မဟုတ် ထိုစာရွက်စာတမ်းနှင့်အတူ ပူးတွဲတင်ပြရမည့် အခြားအချက်အလက်များတွင် ပါဝင်ရမည့် သတင်းအချက်အလက်များ၊ ရေးသားဖော်ပြချက်များ၊ ရှင်းလင်း ဖော်ပြချက်များ သို့မဟုတ် အခြားကိစ္စရပ်များကို သတ်မှတ်ဖော်ပြနိုင်ရန်အတွက် စည်းမျဉ်းဥပဒေ၊ နည်းဥပဒေ သို့မဟုတ် အမိန့်ကြော်ငြာစာများကို သတ်မှတ် ထားလျှင် သို့မဟုတ် ပြုလုပ်ထားလျှင်၊ အခြားပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည် သတ်မှတ်ဖော်ပြထားသည့် လျှောက်လွှာပုံစံနှင့် စပ်လျဉ်း၍ ပုဒ်မခွဲ (က) အရ ဆောင်ရွက်မှုများကို ထုတ်ပယ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းမရှိစေရ။ ၎င်းအပြင် ထိုသို့သတ်မှတ်ဖော်ပြထားသည့် လျှောက်လွှာ ပုံစံသည် ယင်းတွင်ပါဝင်ရမည့်အချက်အလက်များနှင့် ယင်းနှင့်အတူပူးတွဲ ဖော်ပြရမည့် အချက်အလက်များကိုလည်း ပါရှိစေနိုင်သည်။ စာရွက်စာတမ်းများကို မှတ်ပုံတင်ခြင်း ၄၂၅။ (က) ဤဥပဒေအရ ထိန်းသိမ်းထားရှိသည့် မှတ်ပုံတင်စာရင်းတစ်ခုတွင် ထည့်သွင်းဖော်ပြ ရန်အတွက် စာရွက်စာတမ်းတစ်ခုအားလက်ခံရရှိပါက မှတ်ပုံတင်အရာရှိသည် – (၁) ပုဒ်မခွဲ (ခ) နှင့်အညီ သက်ဆိုင်ရာမှတ်ပုံတင်စာရင်းတွင် အဆိုပါ စာရွက်စာတမ်းကို မှတ်ပုံတင်စာရင်းရေးသွင်းရမည်။ ၎င်းအပြင် (၂) စာရွက်စာတမ်းသည် နှစ်စဉ်အစီရင်ခံစာ မဟုတ်ပါက စာရွက်စာတမ်းကို ပေးအပ် သူထံသို့ မှတ်ပုံတင်ခြင်းပြုလုပ်ရန်စာဖြင့် ရေးသားအကြောင်းကြားရမည်။ ( ခ ) ဤဥပဒေအရ မှတ်ပုံတင်ရန်အတွက် မှတ်ပုံတင်အရာရှိက လက်ခံရရှိခဲ့သည့် စာရွက် စာတမ်းတစ်ရပ်ရပ်သည်(၁) သတ်မှတ်ဖော်ပြထားသည့် လျှောက်လွှာပုံစံရှိခဲ့ပါက ၎င်းပုံစံဖြင့် တင်ပြခဲ့ခြင်း မရှိလျှင် သို့မဟုတ် (၂) ဤဥပဒေကိုလည်းကောင်း၊ ဤဥပဒေအရ ပြုလုပ်ထားသည့် စည်းမျဉ်းဥပဒေ၊ နည်းဥပဒေ သို့မဟုတ် အမိန့်ကြော်ငြာစာများကိုလည်းကောင်း လိုက်နာဆောင် ရွက်ထားခြင်းမရှိလျှင် သို့မဟုတ် (၃) ပုံနှိပ်ထားခြင်း သို့မဟုတ် စက်ဖြင့်ရိုက်နှိပ်ရေးသားထားခြင်း မဟုတ်လျှင် သို့မဟုတ် (၄) မှတ်ပုံတင်စာရင်းအား အီလက်ထရောနစ်နည်းဖြင့် အားလုံးကိုဖြစ်စေ၊ တစ်စိတ် တစ်ဒေသကိုဖြစ်စေ ထိန်းသိမ်းထားခြင်းဖြစ်ပါက အီလက်ထရောနစ်နည်းဖြင့် တိုက်ရိုက်ဖြည့်သွင်းရေးသားနိုင်သည့် အချက်အလက်ပုံစံဖြင့် ဆောင်ရွက်ထားခြင်း မဟုတ်လျှင် သို့မဟုတ် (၅) ပြီးပြည့်စုံစွာ ဆောင်ရွက်ထားခြင်းမရှိလျှင် သို့မဟုတ် (၆) ဖတ်ရှုနိုင်ရန်အတွက် ရှင်းလင်းမှုမရှိသည့် အချက်အလက်များပါဝင်နေလျှင် မှတ်ပုံတင်အရာရှိသည် စာရွက်စာတမ်းကို မှတ်ပုံတင်ခြင်းအား ငြင်းဆိုနိုင်ပြီး အောက်ပါအတိုင်းတောင်းဆိုနိုင်သည်(ကက) အဆိုပါစာရွက်စာတမ်းကို လိုအပ်သလိုပြင်ဆင်ရန် သို့မဟုတ် ပြီးပြည့်စုံစွာ ဆောင်ရွက်ရန်နှင့် မှတ်ပုံတင်ဆောင်ရွက်နိုင်ရေးအတွက် ထပ်မံတင်ပြနိုင်ရန် သို့မဟုတ် ( ခခ ) ယင်းစာရွက်စာတမ်းအစား အခြားစာရွက်စာတမ်းအသစ်ကို ပြုစု တင်ပြစေရန်။ စစ်ဆေးကြည့်ရှုရန်အတွက် မှတ်ပုံတင်အရာရှိ၏အခွင့်အာဏာများ ၄၂၆။ (က) သက်ဆိုင်ရာဥပဒေတစ်ရပ်ရပ်အရ ပြည်ထောင်စုဝန်ကြီး၊ အဖွဲ့အစည်း သို့မဟုတ် အာဏာပိုင် အဖွဲ့တစ်ရပ်ရပ် သို့မဟုတ် အလားတူပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်း တစ်ရပ်ရပ်သို့ ခွင့်ပြုထားသည့် အခွင့်အာဏာများကို တားမြစ်ကန့်သတ်ခြင်းမရှိစေဘဲ မှတ်ပုံတင်အရာရှိသည် – (၁) အောက်ပါကိစ္စရပ်များအတွက် – (ကက) ကုမ္ပဏီတစ်ခု သို့မဟုတ် ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာတစ်ဦးဦးသည် ဤဥပဒေကို လိုက်နာဆောင်ရွက်ခြင်းရှိမရှိ စိစစ်ရန် သို့မဟုတ် ( ခခ ) ဤဥပဒေအရအပ်နှင်းထားသော ယင်း၏အခွင့်အရေးများ သို့မဟုတ် အခွင့်အာဏာတစ်ရပ်ရပ်ကို ကျင့်သုံးဆောင်ရွက်ခြင်းရှိမရှိ စိစစ်ရန် သို့မဟုတ် ( ဂဂ ) ဤဥပဒေအား ချိုးဖောက်သည့် ပြစ်မှုများကို ရှာဖွေဖော်ထုတ်ရန်နှင့် အများပြည်သူအကျိုးငှာ ထိုသို့ဆောင်ရွက်ရန်လိုအပ်သည်ဟု မှတ်ပုံတင်အရာရှိက ထင်မြင်လျှင် အောက်ပါတစ်ရပ်ရပ်ကို ဆောင်ရွက်နိုင်သည်(ကက) ပုဂ္ဂိုလ်တစ်ဦးဦး၏ လက်ဝယ်တွင်ရှိသော သို့မဟုတ် ကြီးကြပ်မှုအောက်တွင် ရှိသော သက်ဆိုင်သည့်စာရွက်စာတမ်းများကို စစ်ဆေးကြည့်ရှုနိုင်ရန် အတွက် အဆိုပါစာရွက်စာတမ်းများကို တင်ပြစေခြင်း၊ ( ခခ ) သက်ဆိုင်သည့် စာရွက်စာတမ်းများ၏ မိတ္တုများကို စစ်ဆေးကြည့်ရှု ခြင်းနှင့်ရယူခြင်း၊ ( ဂဂ ) မိတ္တုများရယူရန်အတွက် သက်ဆိုင်သည့် စာရွက်စာတမ်းများကို လက်ဝယ် ရယူခြင်းနှင့် ထိန်းသိမ်းထားသည့်နေရာမှ ၎င်းတို့အားရွှေ့ပြောင်းခြင်း၊ သင့်တော်သည့် အချိန်ကာလအတွင်း သိမ်းဆည်းထားခြင်း၊ (ဃဃ) ပြစ်မှုတစ်ရပ်ကိုကျူးလွန်ကြောင်း သက်သေခံအထောက်အထားများ ရှိသည်ဟုယုံကြည်ရသည့် သင့်လျော်သော အကြောင်းအချက်များ ရှိခဲ့လျှင် သင့်လျော်သည့်အခြေအနေအားလုံးတွင် ကာလတစ်ရပ်အထိ ( သက်ဆိုင်သည့် စာရွက်စာတမ်းများကို သိမ်းဆည်းထားခြင်း။ ( ခ) အခွင့်အာဏာကို ကျင့်သုံးဆောင်ရွက်ခြင်းသည် အခြားသက်ဆိုင်ရာဥပဒေတစ်ရပ်ရပ်အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြီးကြပ်မှုအောက်တွင်ရှိသည့် သတ်မှတ်စီစဉ်ထားသည့် ဘဏ် သို့မဟုတ် အခြားဘဏ် သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်း တစ်ရပ်ရပ်ဖြစ်သည့် ကုမ္ပဏီတစ်ခုနှင့်စပ်လျဉ်း၍ ကျင့်သုံးရခြင်းဖြစ်လျှင် ပုဒ်မခွဲ (က) အရ အပ်နှင်းထားသည့် အခွင့်အာဏာတစ်ရပ်ရပ်ကို ကျင့်သုံးခြင်းမပြုမီ မှတ်ပုံတင်အရာရှိသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ညှိနှိုင်းရမည်။ ( ဂ ) ပုဒ်မခွဲ (က) အရ အပ်နှင်းထားသည့် အခွင့်အာဏာတစ်ရပ်ရပ်ကို ကျင့်သုံးဆောင်ရွက် ရာတွင် မည်သူမျှ မှတ်ပုံတင်အရာရှိကို သို့မဟုတ် မှတ်ပုံတင်အရာရှိက အခွင့်အာဏာ အပ်နှင်းထားသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို နှောင့်ယှက်ခြင်း သို့မဟုတ် နှောင့်နှေးစေခြင်း မပြုရ။ (ဃ) ပုဒ်မခွဲ (က) အရ ဆောင်ရွက်မှုတစ်ရပ်ရပ်ကို ပြုလုပ်ပြီးနောက် မှတ်ပုံတင်အရာရှိက တရားစွဲဆိုဆောင်ရွက်သင့်သည်ဟုယူဆလျှင် မှတ်ပုံတင်အရာရှိသည် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏အကြံပြုချက်ကို ထည့်သွင်းစဉ်းစားပြီး တရားစွဲဆိုရန်ဆုံးဖြတ်ပါက တရားစွဲဆိုဆောင်ရွက်ရမည်။ ဤပုဒ်မခွဲသည် အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ ဤဥပဒေအရ မှတ်ပုံတင်အရာရှိအား အပ်နှင်းထားသည့် အခြားသောအခွင့်အရေးများကို ကျင့်သုံး ဆောင်ရွက်ခြင်းအား တားမြစ်ကန့်သတ်ခြင်းမရှိစေရ။ ၄၂၇။ မည်သူမဆိုသိလျက်ဖြင့်တမင်(က) ပုဒ်မ ၄၂၆၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ်(၂)၊ ပုဒ်မခွဲငယ်စိတ် (ကက) အရ သတ်မှတ်ချက် တစ်ရပ်ရပ်ကိုလိုက်နာရန် ပျက်ကွက်ခဲ့လျှင် သို့မဟုတ် ( ခ ) ပုဒ်မ ၄၂၆၊ ပုဒ်မခွဲ (ဂ) အား ဆန့်ကျင်သည့် ဆောင်ရွက်မှုများကို ပြုလုပ်ခဲ့လျှင် ဒဏ်ကြေးငွေကျပ်သိန်း ၁၀၀ ကို ပြစ်မှုတစ်ရပ်စီအတွက် ပေးဆောင်ရမည်။ မှတ်ပုံတင်အရာရှိ၏ဆုံးဖြတ်ချက်များအပေါ် အယူခံဝင်ရောက်ခြင်း ၄၂၈။ (က) ဤဥပဒေအရ မှတ်ပုံတင်အရာရှိ၏ ဆုံးဖြတ်ချက်တစ်ရပ်ကြောင့် နစ်နာသူတစ်ဦးဦးသည် ဆုံးဖြတ်ချက်အား အကြောင်းကြားသည့်နေ့ရက်မှ ၂၈ ရက်အတွင်း ပြည်ထောင်စု ဝန်ကြီးထံသို့ အယူခံဝင်ရောက်နိုင်သည်။ ( ခ ) ပြည်ထောင်စုဝန်ကြီးသည် ပုဒ်မခွဲ (က) အရ အယူခံမှုကိုစိစစ်ပြီး မှတ်ပုံတင်အရာရှိ၏ ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။ အခကြေးငွေများ ၄၂၉။ (က) ဤဥပဒေအရ မှတ်ပုံတင်အရာရှိထံသို့ အခကြေးငွေပေးချေရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးကသတ်မှတ်ဖော်ပြထားသည့် အခြားသောအခကြေးငွေများကို မှတ်ပုံတင်အရာရှိထံသို့ ပေးသွင်းရမည်။ ( ခ ) ဤဥပဒေအရ မှတ်ပုံတင်အရာရှိထံသို့ ပေးသွင်းရသည့် အခကြေးငွေများအားလုံးကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ထည့်သွင်းရမည်။ မှတ်ပုံတင်အရာရှိထံသို့ စာရင်းများ နှင့် စာရွက်စာတမ်းများကို တင်ပြခြင်း ၄၃၀။ (က) ကုမ္ပဏီတစ်ခုသည် စာရင်းများ၊ ငွေစာရင်းများ သို့မဟုတ် အခြားစာရွက်စာတမ်းများကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့တင်ပြရန် သို့မဟုတ် အခြားကိစ္စတစ်ရပ်ရပ်ကို မှတ်ပုံတင် အရာရှိထံသို့ အကြောင်းကြားတင်ပြရန်တို့နှင့်စပ်လျဉ်းသည့် ဤဥပဒေအရ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကိုလိုက်နာရန် ပျက်ကွက်ပြီးနောက် အဆိုပါပျက်ကွက်မှုကို ပြင်ဆင်ဆောင်ရွက်ရန် အကြောင်းကြားသည့်နေ့ရက်မှစ၍ ၂၁ ရက်အတွင်း အဆိုပါပျက်ကွက်မှုကို ကောင်းမွန် သည်အထိ ပြင်ဆင်ခြင်းမပြုလျှင် ကုမ္ပဏီတွင်ပါဝင်သူ သို့မဟုတ် ကုမ္ပဏီ၏မြီရှင် တစ်ဦးဦးကဖြစ်စေ၊ မှတ်ပုံတင်အရာရှိကဖြစ်စေ တရားရုံးသို့ တင်ပြလျှောက်ထားလာလျှင် တရားရုံးသည် ကုမ္ပဏီနှင့် ကုမ္ပဏီ၏အရာရှိများကို တရားရုံးက သတ်မှတ်ပေးသည့် အချိန်ကာလအတွင်း ပျက်ကွက်မှုအား ပြင်ဆင်ရန် ညွှန်ကြားသည့် အမိန့်တစ်ရပ်ကို ချမှတ်နိုင်သည်။ ( ခ ) အဆိုပါအမိန့်တစ်ရပ်ရပ်တွင် ပျက်ကွက်မှုအတွက် တာဝန်ရှိသောကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီ၏အရာရှိများမှ လျှောက်ထားမှုနှင့် စပ်လျဉ်းသည့် ကုန်ကျစရိတ်များကို ကျခံစေရန်အတွက် သတ်မှတ်ဖော်ပြနိုင်သည်။ (ဂ) ဤပုဒ်မတွင်ပါရှိသော မည်သည့်ပြဋ္ဌာန်းချက်ကမျှ အထက်တွင်ဖော်ပြထားသော ပျက်ကွက်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့် ကုမ္ပဏီကိုဖြစ်စေ၊ ယင်းကုမ္ပဏီ၏ အရာရှိ များကိုဖြစ်စေ ပြစ်ဒဏ်သတ်မှတ်သည့် ဤဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ် သို့မဟုတ် အခြားပြဋ္ဌာန်းချက်တစ်ရပ်ရပ်အား ဆောင်ရွက်မှုကို ထိခိုက်ခြင်းမရှိစေရ သို့မဟုတ် ဤဥပဒေကိုလိုက်နာဆောင်ရွက်ရန် ပျက်ကွက်သည့်ကုမ္ပဏီတစ်ခုခု သို့မဟုတ် ကုမ္ပဏီမှ အခြားသူတစ်ဦးဦးနှင့် စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိမှ အရေးယူဆောင်ရွက်မှု တစ်ရပ်ရပ်ကို တားမြစ်ကန့်သတ်ထားခြင်းမရှိစေရ။ (ဃ) ကုမ္ပဏီသည် ပုဒ်မ ၉၇ အရ လိုအပ်သော နှစ်စဉ်အစီရင်ခံစာ တင်ပြရန်ပျက်ကွက်လျှင် သို့မဟုတ် မှတ်ပုံတင်အရာရှိထံတင်ပြသော စာရွက်စာတမ်းများတွင် လိမ်လည်ထားခြင်းများ ပြုလုပ်ထားလျှင် မှတ်ပုံတင်အရာရှိမှ ထိုကိစ္စနှင့်သက်ဆိုင်သည့် အချက်အလက်များသည် ကုမ္ပဏီ၊ ယင်း၏ မြီရှင် သို့မဟုတ် အများပြည်သူ၏ အကျိုးစီးပွားကို ကြီးမားစွာ ထိခိုက်စေကြောင်းတွေ့ရှိရလျှင် မှတ်ပုံတင်အရာရှိသည် ထိုကုမ္ပဏီသို့ ကုမ္ပဏီ၏ မှတ်ပုံတင်ထားရှိမှုကို ဆိုင်းငံ့မည်ဖြစ်ကြောင်း ကုမ္ပဏီကပေးချေရမည့် အခကြေးငွေ များကို ပေးသွင်းခြင်းနှင့် သတ်မှတ်ဖော်ပြထားသည့် ပြစ်ဒဏ်ပေးဆောင်ခြင်းအပါအဝင် အကြောင်းကြားစာပေးပို့၍ ထိုပျက်ကွက်မှုကို ၂၈ ရက်အတွင်း ကောင်းမွန်သည်အထိ ပြင်ဆင်နိုင်ခြင်းမရှိလျှင် မှတ်ပုံတင်အရာရှိသည် ဆိုင်းငံ့မှုကိုပြုလုပ်နိုင်သည်။ (င ) မှတ်ပုံတင်အရာရှိသည် ပုဒ်မခွဲ (ဃ) အရပြုလုပ်သည့် ဆိုင်းငံ့မှုနှင့်စပ်လျဉ်း၍ ကုမ္ပဏီ၏ လျှောက်ထားမှုအပေါ် အောက်ပါအတိုင်း ဆောင်ရွက်ရမည်(၁) ကုမ္ပဏီသည် တင်ပြလျှောက်ထားချက်တွင် တင်ပြရန်လိုအပ်သည့် နှစ်စဉ်အစီရင်ခံစာ၊ ယင်းအတွက်ပေးသွင်းရမည့် အခကြေးငွေနှင့် သတ်မှတ်ဖော်ပြထားသည့် နောက်ကျကြေး သို့မဟုတ် ဒဏ်ကြေးတို့နှင့်အတူ ပူးတွဲတင်ပြလျှင် နှစ်စဉ် အစီရင်ခံစာကိုတင်ပြရန် ပျက်ကွက်ခြင်းအတွက် ဆိုင်းငံ့မှုကို ပြန်လည်ရုပ်သိမ်း ခြင်းနှင့် မှတ်ပုံတင်အရာရှိ၏စာရင်းတွင် ကုမ္ပဏီအားပြန်လည်ထိန်းသိမ်းခြင်း သို့မဟုတ် (၂) ကုမ္ပဏီသည် တင်ပြလျှောက်ထားချက်တွင် စာရွက်စာတမ်းအမှားပြင်ဆင် ထားခြင်းနှင့် မှတ်ပုံတင်အရာရှိမှ အကျိုးအကြောင်းခိုင်လုံစွာ လက်ခံနိုင်သည့် တိကျမှန်ကန်သော သတင်းအချက်အလက်နှင့်အတူ ယင်းအတွက် ပေးသွင်းရမည့် အခကြေးငွေနှင့် သတ်မှတ်ဖော်ပြထားသည့် နောက်ကျကြေး သို့မဟုတ် ဒဏ်ကြေး တို့နှင့်အတူ ပူးတွဲတင်ပြလျှင် လိမ်လည်လှည့်ဖြားခြင်း သို့မဟုတ် မှားယွင်း ကြေညာချက်ပါရှိခြင်းကြောင့် ကုမ္ပဏီ၏အကျိုးစီးပွားကို အဓိကထိခိုက်ပျက်ဆီး စေနိုင်သော သတင်းအချက်အလက်ပါရှိသော စာရွက်စာတမ်းတင်ပြမှုအတွက် ဆိုင်းငံ့မှုကို ပြန်လည်ရုပ်သိမ်းခြင်းနှင့် မှတ်ပုံတင်အရာရှိ၏စာရင်းတွင် ကုမ္ပဏီအား ပြန်လည်ထိန်းသိမ်းခြင်း။ ( စ) ပုဒ်မခွဲ (ဃ) အရ မှတ်ပုံတင်ထားခြင်းအား ဆိုင်းငံ့ထားသည့်နေ့မှ နောက်ထပ် ခြောက်လ ပြည့်ပြီးနောက် မှတ်ပုံတင်အရာရှိသည် ထိုကုမ္ပဏီ၏အမည်ကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်နိုင်ပြီး အဆိုပါအကြောင်းကိစ္စကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းဖော်ပြ ရမည်။ အဆိုပါအကြောင်းကြားစာအား နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းဖော်ပြပြီး သည့်အခါ ကုမ္ပဏီကိုဖျက်သိမ်းရမည်။ သို့ရာတွင် ကုမ္ပဏီ၏ဒါရိုက်တာနှင့် ကုမ္ပဏီတွင် ပါဝင်သူများအားလုံး၏ တာဝန်ရှိမှုများရှိခဲ့လျှင် ကုမ္ပဏီကိုဖျက်သိမ်းခြင်းမပြုသကဲ့သို့ ဆက်လက်အကျိုးသက်ရောက်စေရမည်။ (ဆ) ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်သူများ သို့မဟုတ် မြီရှင်တစ်ဦးဦးက ကုမ္ပဏီကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်းကြောင့် နစ်နာသည်ဟုယူဆလျှင် ၎င်းတို့၏ လျှောက်ထားမှုဖြင့် တရားရုံးက ကုမ္ပဏီသည် ထိုသို့ပယ်ဖျက်ခြင်းခံရသည့်အချိန်က စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေခဲ့ကြောင်း သို့မဟုတ် ကုမ္ပဏီကို မှတ်ပုံတင်စာရင်းတွင် ပြန်လည်ဖော်ပြရန်သင့်လျော်သည့် အခြားအကြောင်းများရှိကြောင်း တွေ့ရှိရလျှင် တရားရုံးသည် ကုမ္ပဏီ၏အမည်ကို မှတ်ပုံတင်စာရင်းတွင်ပြန်လည်ဖော်ပြရန် အမိန့်တစ်ရပ် ချမှတ်နိုင်သည်။ ၎င်းနောက်ကုမ္ပဏီသည် ယင်း၏ အမည်အားပယ်ဖျက်ခြင်းမရှိသကဲ့သို့ ဆက်လက်ရပ်တည်လျက်ရှိသည်ဟု မှတ်ယူရမည်။ တရားရုံးသည် ကုမ္ပဏီ၏အမည်ကို ပယ်ဖျက်ခြင်းမရှိသကဲ့သို့ ကုမ္ပဏီနှင့်မူလနေရာတွင် တာဝန်ရှိကြသော အခြားသူများ အားလုံးအတွက် သင့်သည်ထင်မြင်သည့် ညွှန်ကြားချက်များနှင့် စည်းကမ်းချက်များကို အမိန့်ချမှတ်၍ ပေးအပ်နိုင်သည်။ ( ဇ ) ဤဥပဒေပါ အခြားသောပြဋ္ဌာန်းချက်များကို ထိခိုက်စေခြင်းမရှိစေဘဲ မှတ်ပုံတင်အရာရှိမှ စာရွက်စာတမ်းများကိုစစ်ဆေးနိုင်သည့် အခွင့်အာဏာများ၊ စုံစမ်းစစ်ဆေးမှုကိုပြုလုပ် နိုင်သည့်အခွင့်အာဏာ၊ ဖျက်သိမ်းပြီးကုမ္ပဏီများကို စာရင်းမှပယ်ဖျက်ရန် ဆောင်ရွက်ခြင်း၊ ပြစ်မှုနှင့်စပ်လျဉ်းသည့် အကြောင်းကြားစာပေးပို့ခြင်း သို့မဟုတ် တရားစွဲဆိုမှုများကို ဆောင်ရွက်ရန်ပြုလုပ်ခြင်း၊ စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့် မှတ်ပုံတင်ခြင်းမှ ပြန်လည် ပယ်ဖျက်ခြင်းအပါအဝင် ကုမ္ပဏီအပေါ်ချမှတ်သည့် အမိန့်များကို ဆောင်ရွက်ခြင်း သို့မဟုတ် ဤဥပဒေအရသတ်မှတ်ထားသည့် သက်ဆိုင်ရာပုဂ္ဂိုလ်တစ်ဦးဦးအပေါ် ချမှတ်သည့်အမိန့်များကို ဆောင်ရွက်ခြင်းတို့အတွက် အခွင့်အာဏာများအပါအဝင် ပုဒ်မခွဲ (ဃ) နှင့် သက်ဆိုင်စေရမည်။ မှတ်ပုံတင်အရာရှိက မှတ်ပုံတင်စာရင်းမှအကျိုးသက်ဝင်မှုမရှိသော ကုမ္ပဏီများကိုပယ်ဖျက်ခြင်း ၄၃၁။ (က) ကုမ္ပဏီသည် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိကြောင်း မှတ်ပုံတင် အရာရှိက ယုံကြည်ဖွယ်အကြောင်းရှိလျှင် မှတ်ပုံတင်အရာရှိက ထိုကုမ္ပဏီသည် စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်းရှိမရှိ မေးမြန်းရန်နှင့် ပြန်လည်တင်ပြရန် အကြောင်းကြားစာတစ်စောင်ကို စာတိုက်မှဖြစ်စေ၊ အီလက်ထရောနစ် နည်းတစ်ခုခု ဖြင့်ဖြစ်စေ၊ ကုမ္ပဏီသို့အသိပေးနိုင်သည့် အခြားနည်းလမ်းတစ်ခုခုဖြင့်ဖြစ်စေ အဆိုပါ ကုမ္ပဏီသို့ပေးပို့ အကြောင်းကြားရမည်။ ( ခ ) မှတ်ပုံတင်အရာရှိသည် အဆိုပါအကြောင်းကြားစာကို ပေးပို့ပြီးနောက် ၂၈ ရက်အတွင်း ဖြေကြားမှုတစ်စုံတစ်ရာကိုမရရှိခဲ့လျှင် အဆိုပါကာလကုန်ဆုံး ပြီးနောက် ၆ဝ ရက်အတွင်း ပထမအကြောင်းကြားစာကို ရည်ညွှန်းလျက် ပုဒ်မခွဲ (က) ပါနည်းလမ်းများအနက် နည်းလမ်းတစ်ခုခုဖြင့် ကုမ္ပဏီသို့ပေးပို့ရမည်ဖြစ်ပြီး ထိုအကြောင်းကြားစာတွင် ဖြေကြားမှု တစ်စုံတစ်ရာမရရှိခဲ့ကြောင်း ဖော်ပြပါရှိစေရမည်။ ဒုတိယအကြောင်းကြားစာပေးပို့သည့် နေ့မှ ၂၈ ရက်အတွင်း ဒုတိယအကြောင်းကြားစာအပေါ် ဖြေကြားမှုမရရှိခဲ့လျှင် ကုမ္ပဏီ၏ အမည်ကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည့် အကြောင်းကြား စာကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းဖော်ပြရမည်။ (ဂ ) ကုမ္ပဏီသည် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိကြောင်း ကုမ္ပဏီထံမှ ဖြေကြားချက်ကို လက်ခံရရှိခဲ့လျှင် သို့မဟုတ် ဒုတိယအကြောင်းကြားစာကို ပေးပို့ ပြီးနောက် ၂၈ ရက်အတွင်းဖြေကြားမှုကို လက်ခံရရှိခြင်းမရှိခဲ့လျှင် မှတ်ပုံတင်အရာရှိသည် အကြောင်းကြားစာပေးပို့သည့်နေ့မှ သုံးလကုန်ဆုံးသည့်ကာလတွင် ကွဲလွဲသည့်အကြောင်း တစ်စုံတစ်ရာမရှိလျှင် ကုမ္ပဏီ၏အမည်ကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်မည်ဖြစ်ကြောင်းနှင့် ကုမ္ပဏီကိုဖျက်သိမ်းမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည့်အကြောင်းကြားစာ တစ်စောင်ကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာပြီး ကုမ္ပဏီထံသို့လည်း ပုဒ်မခွဲ (က) ပါ နည်းလမ်းများအနက် နည်းလမ်းတစ်ခုခုဖြင့် ပေးပို့ရမည်။ (ဃ) ကုမ္ပဏီကိုဖျက်သိမ်းသည့်အခါ မှတ်ပုံတင်အရာရှိသည် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိက ဆောင်ရွက်နေခြင်းမရှိကြောင်း မှတ်ပုံတင်အရာရှိကယုံကြည်ရန်အကြောင်း ရှိခဲ့လျှင် သို့မဟုတ် ကုမ္ပဏီ၏ကိစ္စရပ်များကို အပြည့်အဝစာရင်းရှင်းလင်းဖျက်သိမ်းပြီး နောက်တစ်ဆက်တည်းဖြစ်သော ခြောက်လကာလအတွင်း စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိက ပြုလုပ်ရန်လိုအပ်သည့် ပြန်ကြားချက်များကို မှတ်ပုံတင်အရာရှိက ပုဒ်မခွဲ (က) ပါ နည်းလမ်းများအနက် နည်းလမ်းတစ်ခုခုဖြင့် ကုမ္ပဏီသို့ဖြစ်စေ၊ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ နောက်ဆုံးလုပ်ငန်းတည်ရှိသည့်နေရာထံသို့ဖြစ်စေ ပေးပို့ပေးရန်တောင်းဆိုသည့် အကြောင်းကြားစာပေးပို့ပြီးနောက် ထိုပြန်ကြားချက်များကိုမပေးပို့ခဲ့လျှင် မှတ်ပုံတင် အရာရှိသည် ပုဒ်မခွဲ (ဂ) တွင် ဖော်ပြခဲ့သည့်အတိုင်း အကြောင်းကြားစာတစ်စောင်ကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာပြီး ကုမ္ပဏီထံသို့လည်း ပေးပို့ရမည်။ ( င ) အကြောင်းကြားစာတွင်ဖော်ပြပါရှိသည့် အချိန်ကာလကျော်လွန်ပြီးနောက် ကုမ္ပဏီက ကွဲလွဲမှုတစ်စုံတစ်ရာ တင်ပြလာခြင်းမရှိလျှင် မှတ်ပုံတင်အရာရှိသည် ထိုကုမ္ပဏီ၏ အမည်ကို မှတ်ပုံတင်စာရင်းမှပယ်ဖျက်နိုင်ပြီး အဆိုပါအကြောင်းကိစ္စကို နိုင်ငံတော် ပြန်တမ်းတွင် ထည့်သွင်းဖော်ပြရမည်။ အဆိုပါအကြောင်းကြားစာအား နိုင်ငံတော် ပြန်တမ်းတွင်ထည့်သွင်းဖော်ပြပြီးသည့်အခါ ကုမ္ပဏီကို ဖျက်သိမ်းရမည်။ သို့ရာတွင် ကုမ္ပဏီ၏ဒါရိုက်တာနှင့် ကုမ္ပဏီတွင်ပါဝင်သူများအားလုံး၏ တာဝန်ရှိမှုများရှိခဲ့လျှင် ကုမ္ပဏီကို ဖျက်သိမ်းခြင်း မပြုသကဲ့သို့ ဆက်လက် အကျိုးသက်ရောက် စေရမည်။ ( စ ) ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်သူများ သို့မဟုတ် မြီရှင်တစ်ဦးဦးက ကုမ္ပဏီကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်းကြောင့် နစ်နာသည်ဟုယူဆလျှင် ၎င်းတို့၏လျှောက်ထား မှုဖြင့် တရားရုံးက ကုမ္ပဏီသည် ထိုသို့ပယ်ဖျက်ခြင်းခံရသည့်အချိန်က စီးပွားရေးလုပ်ငန်း များကို လုပ်ကိုင်နေခဲ့ကြောင်း သို့မဟုတ် ကုမ္ပဏီကို မှတ်ပုံတင်စာရင်းတွင် ပြန်လည် ဖော်ပြရန်သင့်လျော်သည့် အခြားအကြောင်းများရှိကြောင်း တွေ့ရှိရလျှင် တရားရုံးသည် ကုမ္ပဏီ၏အမည်ကို မှတ်ပုံတင်စာရင်းတွင် ပြန်လည်ဖော်ပြရန် အမိန့်တစ်ရပ်ချမှတ် နိုင်သည်။ ၎င်းနောက် ကုမ္ပဏီသည် ယင်း၏ အမည်အား ပယ်ဖျက်ခြင်းမရှိသကဲ့သို့ ဆက်လက်ရပ်တည်လျက်ရှိသည်ဟု မှတ်ယူရမည်။ တရားရုံးသည် ကုမ္ပဏီ၏အမည်ကို ပယ်ဖျက်ခြင်းမရှိသကဲ့သို့ ကုမ္ပဏီနှင့် မူလနေရာတွင် တာဝန်ရှိကြသော အခြားသူများ အားလုံးအတွက် သင့်သည်ထင်မြင်သည့် ညွှန်ကြားချက်များနှင့် စည်းကမ်းချက်များကို အမိန့်ချမှတ်၍ ပေးအပ်နိုင်သည်။ (ဆ) ဤပုဒ်မအရပြုလုပ်သည့် အကြောင်းကြားစာတစ်စောင်ကို ကုမ္ပဏီ၏မှတ်ပုံတင်ထားသော ရုံးခန်းနေရာ သို့မဟုတ် ကုမ္ပဏီမှ မှတ်ပုံတင်အရာရှိထံသို့တင်ပြထားသည့် အီလက် ထရောနစ်နည်းအရ လိပ်မူပေးပို့ရမည် သို့မဟုတ် နိုင်ငံတစ်ဝှမ်း ထုတ်ဝေဖြန့်ဖြူးလျက် ရှိသော နေ့စဉ်ထုတ်သတင်းစာတစ်ခုခုတွင် အသိပေးကြေညာရမည် သို့မဟုတ် ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အရာရှိများထံသို့ပေးပို့ရမည်။ ဒါရိုက်တာ သို့မဟုတ် အရာရှိများ၏ အမည်နှင့်လိပ်စာကို မှတ်ပုံတင်အရာရှိက သိရှိထားခြင်းမရှိပါက ကုမ္ပဏီဖွဲ့စည်း တည်ထောင်ရန်အတွက် တင်သွင်းသည့်လျှောက်လွှာတွင် ကုမ္ပဏီတွင် ပါဝင်သူများအဖြစ် အမည်စာရင်းပါရှိသော ပုဂ္ဂိုလ်တစ်ဦးစီထံသို့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ဖော်ပြ ပါရှိသည့်လိပ်စာများအတိုင်း အဆိုပါအကြောင်းကြားစာကို လိပ်မူပေးပို့နိုင်သည်။ ( ဇ ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် ပုဒ်မ ၄၃ဝ၊ ပုဒ်မခွဲ (ဃ) အရ မှတ်ပုံတင်အရာရှိ၏ အခွင့်အာဏာများ သို့မဟုတ် ဤဥပဒေအရအပ်နှင်းထားသည့် အခြားသက်ဆိုင်သည့် အခွင့်အာဏာများကို ထိခိုက်စေခြင်းမရှိစေဘဲ ကျင့်သုံးဆောင်ရွက်ရမည်။

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။