နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ

(၂ဝ၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၁။)

၁၃၇၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ရက်

(၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂ရက်)


ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

 

 

အခန်း(၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်


၁။      ဤဥပဒေကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။      ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-

 

( က )

နိုင်ငံတော်ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကိုဆိုသည်။

 

( ခ )

ကော်မရှင်ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ဆိုသည်။

 

( ဂ )

ပြည်ထောင်စုအစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့ ကိုဆိုသည်။

 

( ဃ )

နိုင်ငံသား ဆိုရာတွင် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသား ပြုခွင့်ရသူလည်း ပါဝင်သည်။ ဤဥပဒေ အလို့ငှာ ယင်းစကားရပ်တွင် နိုင်ငံသားများဖြင့်သာ ဖွဲ့စည်းထားသော စီးပွားရေးအဖွဲ့အစည်းလည်း ပါဝင်သည်။

 

( င )

နိုင်ငံခြားသား ဆိုသည်မှာ နိုင်ငံသားမဟုတ်သူကို ဆိုသည်။ ဤဥပဒေအလို့ငှာ ယင်းစကားရပ်တွင် နိုင်ငံခြားသားများ ပါဝင်ဖွဲ့စည်းထားသော စီးပွားရေး အဖွဲ့အစည်းလည်း ပါဝင်သည်။

 

( စ )

ကမကထပြုသူ ဆိုသည်မှာ ကော်မရှင်သို့ ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ အဆိုပြုသည့် နိုင်ငံသား တစ်ဦးဦးကို ဖြစ်စေ၊ နိုင်ငံခြားသား တစ်ဦးဦးကို ဖြစ်စေ ဆိုသည်။

 

( ဆ )

အဆိုပြုချက် ဆိုသည်မှာ ကမကထပြုသူက ရည်ရွယ်ထားသော ရင်းနှီးမြှုပ်နှံမှု အတွက် ခွင့်ပြုမိန့်ရရှိရန် ကော်မရှင်သို့ တင်သွင်းသော သတ်မှတ်သည့် လျှောက်လွှာနှင့်အတူ ပဋိညာဉ် စာချုပ်မူကြမ်း၊ ငွေရေးကြေးရေး ဆိုင်ရာ အထောက်အထား များနှင့် ကုမ္ပဏီဆိုင်ရာ အထောက်အထားများကို ဆိုသည်။

 

( ဇ )

ခွင့်ပြုမိန့် ဆိုသည်မှာ အဆိုပြုချက်နှင့်စပ်လျဉ်း၍ ကော်မရှင်၏ သဘောတူ ခွင့်ပြုချက်ကို ဖော်ပြသည့် အမိန့်ကို ဆိုသည်။

 

( ဈ )

နိုင်ငံခြား မတည်ငွေရင်း ဆိုရာတွင် နိုင်ငံခြားသားတစ်ဦးဦးက ခွင့်ပြုမိန့်အရ စီးပွားရေးလုပ်ငန်းတွင် ရင်းနှီး မြှုပ်နှံသော အောက်ပါတို့ ပါဝင်သည်-

 

 

(၁)

နိုင်ငံခြားငွေ၊

 

 

(၂)

စက်ပစ္စည်း၊ စက်ကိရိယာ၊ စက်ကိရိယာ အစိတ်အပိုင်း၊ စက်အရန်ပစ္စည်း၊ အသုံးအဆောင် တန်ဆာပလာများ အပါအဝင် လုပ်ငန်းတွင် အမှန်တကယ် သုံးစွဲရန်လိုအပ်၍ နိုင်ငံတော်အတွင်း၌ မရရှိနိုင်သော ပစ္စည်း၊

 

 

(၃)

လိုင်စင်၊ တီထွင်မှုပိုင်ဆိုင်ခွင့်၊ စက်မှုဒီဇိုင်း၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်ခွင့် စသည့် အသိဉာဏ်ဆိုင်ရာ ပစ္စည်းများကို တန်ဖိုးဖြတ်နိုင်သော အခွင့်အရေး၊

 

 

(၄)

ကျွမ်းကျင်မှု နည်းပညာရပ်၊

 

 

(၅)

အထက်ပါတို့မှ လုပ်ငန်းတွင် တိုးပွားရရှိပြီး၍ဖြစ်စေ၊ ဝေစု အကျိုးအမြတ်ကို ဖြစ်စေ ပြန်လည် ရင်းနှီးမြှုပ်နှံသော ငွေများ။

 

( ည )

ရင်းနှီးမြှုပ်နှံသူ ဆိုသည်မှာ ခွင့်ပြုမိန့်အရ ရင်းနှီးမြှုပ်နှံသော ပုဂ္ဂိုလ် သို့မဟုတ် စီးပွားရေး အဖွဲ့အစည်းကို ဆိုသည်။

 

( ဋ )

ဘဏ် ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုသော နိုင်ငံတော်အတွင်းရှိ ဘဏ်တစ်ခုခုကို ဆိုသည်။

 

( ဌ )

ရင်းနှီးမြှုပ်နှံမှု ဆိုသည်မှာ နိုင်ငံတော်၏နယ်နိမိတ်အတွင်း ဤဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံသူက ကြီးကြပ်ကွပ်ကဲသည့် ပိုင်ဆိုင်မှုပစ္စည်း အမျိုးမျိုးကို ဆိုသည်။ ယင်းစကားရပ်တွင် အောက်ပါတို့လည်း ပါဝင်သည်-

 

 

(၁)

ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အခြား ပစ္စည်းဆိုင်ရာ အခွင့်အရေးများကို ဥပဒေနှင့်အညီ အပေါင်ခံခွင့်နှင့် ပေါင်နှံခွင့်များ။

 

 

(၂)

ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာများ၊ စတော့(ခ်)များနှင့် ဒီဘင်ချာခေါ် ငွေချေး သက်သေခံ လက်မှတ်များ၊

 

 

(၃)

ငွေရေးကြေးရေးဆိုင်ရာ တန်ဖိုးတစ်ရပ်အဖြစ်ထားရှိသည့် ပဋိညာဉ်စာချုပ် အရ ငွေကြေး အခွင့် အရေးများ သို့မဟုတ် ဆောင်ရွက်မှုများ၊

 

 

(၄)

တည်ဆဲဥပဒေများနှင့်အညီ အသိဉာဏ်ပစ္စည်းဆိုင်ရာ အခွင့်အရေးများ၊

 

 

(၅)

သဘာဝသယံဇာတပစ္စည်းများ ရှာဖွေခြင်းနှင့်ထုတ်လုပ်ခြင်း ဆိုင်ရာ အခွင့်အရေးများ အပါအဝင် သက်ဆိုင်ရာ ဥပဒေ သို့မဟုတ် ပဋိညာဉ် စာချုပ်အရ ပေးအပ်ထားသည့် လုပ်ငန်းဆိုင်ရာ အခွင့်အရေးများ။

 

( ဍ )

မြေငှားရန်းခွင့် ရရှိသူ သို့မဟုတ် မြေအသုံးပြုခွင့်ရရှိသူ ဆိုသည်မှာ နိုင်ငံတော်က  သတ်မှတ်ထားသည့် မြေငှားခကို နိုင်ငံတော်သို့ ပေးဆောင်၍ သတ်မှတ်ထားသော ကာလအပိုင်းအခြားအထိ မြေငှားရမ်းခွင့်ရရှိသူ သို့မဟုတ် မြေအသုံးပြုခွင့် ရရှိသူကို ဆိုသည်။

 

အခန်း(၂)

သက်ဆိုင်သည့် စီးပွားရေး လုပ်ငန်းများ

 

၃။      ဤဥပဒေသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ ကြိုတင်သဘောတူညီချက်ဖြင့် ကော်မရှင်က အမိန့်ကြော်ငြာစာ ထုတ်ပြန် သတ်မှတ်သော စီးပွားရေး လုပ်ငန်းများနှင့် သက်ဆိုင် စေရမည်။

၄။      အောက်ပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ကန့်သတ်သည့် သို့မဟုတ် တားမြစ်သည့် လုပ်ငန်းများအဖြစ် သတ်မှတ်သည်-

 

( က )

နိုင်ငံတော်အတွင်း၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံစံ များကို ထိခိုက်စေသော လုပ်ငန်းများ၊

 

( ခ )

ပြည်သူတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော လုပ်ငန်းများ၊

 

( ဂ )

သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်တို့ကို ထိခိုက်ပျက်စီးစေနိုင်သော လုပ်ငန်းများ၊

 

( ဃ )

နိုင်ငံတော်အတွင်းသို့ ဘေးအန္တရာယ်ရှိသော သို့မဟုတ် အဆိပ်အတောက် ရှိသော စွန့်ပစ်ပစ္စည်းများ သယ်ဆောင်လာနိုင်သည့် လုပ်ငန်းများ၊

 

( င )

နိုင်ငံတကာ သဘောတူညီချက်များအရ  ဘေးအန္တရာယ်ရှိသော ဓာတု ပစ္စည်း ထုတ်လုပ်သည့် စက်ရုံများ သို့မဟုတ် အသုံးပြုသည့် လုပ်ငန်းများ၊

 

( စ )

နည်းဥပဒေ ထုတ်ပြန်သတ်မှတ်ထားသော နိုင်ငံသားများ လုပ်ကိုင် နိုင်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊

 

( ဆ )

ပြည်ပမှစမ်းသပ်ဆဲဖြစ်သော သို့မဟုတ် အသုံးပြုရန် အတည်ပြုချက် မရရှိ သေးသော နည်းပညာများ၊ ဆေးဝါးများ၊ အသုံးအဆောင်များနှင့် သယ်ဆောင် လာနိုင်သည့် လုပ်ငန်းများ၊

 

( ဇ )

နည်းဥပဒေထုတ်ပြန် သတ်မှတ်ထားသော နိုင်ငံသားများ လုပ်ကိုင်နိုင်သည့် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းနှင့် နှစ်တိုနှစ်ရှည်စိုက်ပျိုးရေးလုပ်ငန်းများ၊

 

( ဈ )

နည်းဥပဒေ ထုတ်ပြန် သတ်မှတ်ထားသော နိုင်ငံသားများ လုပ်ကိုင်နိုင်သည့် မွေးမြူရေးလုပ်ငန်းများ၊

 

( ည )

နည်းဥပဒေ ထုတ်ပြန်သတ်မှတ်ထားသော နိုင်ငံသားများ လုပ်ကိုင်နိုင်သည့် မြန်မာ့ပင်လယ်ပြင် ငါးဖမ်း လုပ်ငန်းများ၊

 

( ဋ )

ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် စီးပွားရေးဇုန်အဖြစ် သတ်မှတ် ထားသော နေရာများမှအပ နိုင်ငံတော်၏ နယ်နိမိတ်နှင့် အခြားနိုင်ငံများ နယ်နိမိတ် ထိစပ်လျက်ရှိသည့် နယ်စပ်မျဉ်းမှ တစ်ဆယ်မိုင် အတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ။

 

၅။      ပုဒ်မ ၄ အရ ကန့်သတ်သည့် သို့မဟုတ် တားမြစ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ကော်မရှင်သည် နိုင်ငံတော်နှင့်နိုင်ငံသား အထူးသဖြင့် တိုင်းရင်းသား ပြည်သူများ၏ အကျိုးစီးပွား အလို့ငှာ ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ကို ရယူ၍ ခွင့်ပြုနိုင်သည်။

 

၆။ ကော်မရှင်သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ လုံခြုံရေးအခြေအနေ၊ စီးပွားရေး အခြေအနေ၊ ပတ်ဝန်းကျင် အခြေအနေနှင့် လူမှုအကျိုးစီးပွားကို ကြီးမားစွာ အကျိုး သက်ရောက်မှု ဖြစ်စေနိုင်သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများကို ပြည်ထောင်စု အစိုးရအဖွဲ့မှ တစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမည်။

 

အခန်း(၃)

ရည်ရွယ်ချက်

 

၇။      နိုင်ငံတော်၏ ကြွယ်ဝသော သယံဇာတပစ္စည်းများကို ဖော်ထုတ်၍ ပြည်သူများ လောက်ငစွာ သုံးစွဲခံစားနိုင်ကြရန်နှင့် ပိုလျှံလာသည်တို့ကို ပြည်ပသို့ တင်ပို့ရောင်းချ နိုင်စေရန်၊ လုပ်ငန်းများ တိုးတက် ကျယ်ပြန့်လာသည်နှင့်အမျှ ပြည်သူတို့အတွက်လည်း အလုပ်အကိုင်များ ပေါ်ပေါက်ပေါများ လာစေရန်၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးလာစေရန်၊ အခြေခံ အဆောက်အအုံများဖြစ်သော ဘဏ်နှင့်ငွေကြေးဆိုင်ရာ လုပ်ငန်းများ၊ အဆင့်မြင့် လမ်းမကြီးများ၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆက်သွယ်ထားသည့် အဝေးပြေး လမ်းများ၊ အမျိုးသား လျှပ်စစ်နှင့်စွမ်းအင် ထုတ်လုပ်ရေးလုပ်ငန်းများ၊ ခေတ်မီ သတင်းအချက်အလက် နည်းပညာအပါအဝင် အဆင့်မြင့်နည်းပညာများ ဖွံ့ဖြိုးစေရန်၊ ဆက်သွယ်ရေး ကွန်ရက်များ၊ နိုင်ငံတကာအဆင့်မီ ရထား၊ သင်္ဘော၊ လေယာဉ်စသည့်် ပို့ဆောင်ရေးလုပ်ငန်းများ အပါအဝင် ပညာရပ်နယ်ပယ်အသီးသီး နိုင်ငံတော်တစ်ဝန်းလုံး ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံသားများ နိုင်ငံတကာနှင့် ယှဉ်တွဲလုပ်ကိုင် ဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတကာ စံနှုန်းနှင့် အညီ စီးပွားရေး လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ် ပါသည်။

 

အခန်း(၄)

အခြေခံမူများ

၈။      ရင်းနှီးမြှုပ်နှံမှုအား အောက်ပါမူများကို အခြေခံပြီး ခွင့်ပြုရမည်-

 

(က)

အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၏ အဓိက ရည်မှန်းချက်များ၊ နိုင်ငံတော်နှင့် နိုင်ငံသားများက မဆောင်ရွက်နိုင်သေးသော ငွေကြေး အင်အားနှင့် နည်းပညာ မပြည့်စုံသော လုပ်ငန်းများကို အထောက်အကူ ပြုရေး၊

 

( ခ )

အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ပေါ်ပေါက်ရေး၊

 

( ဂ )

ပြည်ပ ပို့ကုန် တိုးချဲ့ တင်ပို့နိုင်ရေး၊

 

( ဃ )

သွင်းကုန်အစားထိုးကုန် ပစ္စည်းများထုတ်လုပ်ရေး၊

 

( င )

ရင်းနှီးမြှုပ်နှံမှုများစွာ လိုအပ်သည့် ထုတ်ကုန်ပစ္စည်းများထုတ်လုပ်ရေး၊

 

( စ )

အဆင့်မြင့်ကျွမ်းကျင်မှု နည်းပညာရပ်များ တိုးတက်ရရှိရေးနှင့် အဆင့်မြင့် နည်းပညာဖြင့် ထုတ်လုပ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊

 

( ဆ )

မတည် ငွေရင်းကြီးမားသည့် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို အထောက်အကူပြုရေး၊

 

( ဇ )

စွမ်းအင်သုံးစွဲမှု သက်သာစေမည့် လုပ်ငန်းများ ဖော်ထုတ်ရေး၊

 

( ဈ )

ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေး၊

 

(ည)

စွမ်းအင်သစ်များ ရှာဖွေတူးဖော်ထုတ်လုပ်ရေးနှင့် ဇီဝအခြေခံ စွမ်းအင် သစ်များ ကဲ့သို့သော ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် အရင်းအမြစ်များ ပေါ်ပေါက်ရေး၊

 

( ဋ )

ခေတ်မီစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊

 

( ဌ )

ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး၊

 

( ဍ )

သတင်း အချက်အလက်နှင့် နည်းပညာ ရယူ ဖလှယ်နိုင်ရန် အထောက်အပံ့ ဖြစ်စေရေး၊

 

( ဎ )

နိုင်ငံတော်အချုပ်အခြာအာဏာနှင့် ပြည်သူများ၏လုံခြုံမှု မထိခိုက်စေရေး၊

 

( ဏ )

နိုင်ငံသားများအသိပညာ၊ အတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး၊

 

( တ )

နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ဘဏ်နှင့်ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး၊

 

(ထ)

နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် လိုအပ်သော ခေတ်မီဝန်ဆောင်မှု လုပ်ငန်းများ ပေါ်ပေါက်လာစေရေး၊

 

( ဒ )

နိုင်ငံတော်၏ စွမ်းအင်နှင့် သယံဇာတများကို ပြည်တွင်းသုံးစွဲမှု ရေတို၊ ရေရှည် ဖူလုံစေရေး။

 

အခန်း(၅)

ရင်းနှီးမြှုပ်နှံမှုပုံစံ

 

၉။

ရင်းနှီးမြှုပ်နှံမှုကို အောက်ပါပုံစံတစ်ခုခုဖြင့် ပြုလုပ်ဆောင်ရွက်နိုင်သည်-

 

( က )

ကော်မရှင်က ခွင့်ပြုသောလုပ်ငန်းများ၌ နိုင်ငံခြားသားက နိုင်ငံခြား မတည်ငွေရင်း ရာခိုင်နှုန်းအပြည့်ဖြင့် ပြုလုပ်ခြင်း၊

 

( ခ )

နိုင်ငံခြားသားနှင့် နိုင်ငံသား သို့မဟုတ် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းတို့ ဖက်စပ်ပြုလုပ်ခြင်း၊

 

( ဂ )

နှစ်ဦးနှစ်ဖက် သဘောတူသော ပဋိညာဉ် စာချုပ်ပါ စနစ်တစ်ခုခုဖြင့် ဆောင်ရွက်ခြင်း။

၁ဝ။

( က )

ပုဒ်မ ၉ အရ ရင်းနှီးမြှုပ်နှံမှုပုံစံဖွဲ့စည်းရာတွင်-

 

 

(၁)

တည်ဆဲဥပဒေနှင့်အညီ ကုမ္ပဏီအဖြစ် ဖွဲ့စည်းရမည်။

 

 

(၂)

ပုဒ်မ ၉ ပုဒ်မခွဲ (ခ)ပါ ဖက်စပ်လုပ်ငန်းအဖြစ် ဖွဲ့စည်းပါက နိုင်ငံခြား မတည်ငွေနှင့် နိုင်ငံသားမတည်ငွေ အချို့ကို ဖက်စပ်လုပ်ငန်း ပြုလုပ်သည့် နိုင်ငံခြားသားနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု နှစ်ဖက် သဘော တူညီချက်အရ သတ်မှတ်နိုင်သည်။

 

 

(၃)

နိုင်ငံခြားသားက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် လုပ်ငန်းကဏ္ဍ အလိုက် အနည်းဆုံး ရင်းနှီးမြှုပ်နှံရမည့် ပမာဏကို ကော်မရှင်က လုပ်ငန်းသဘာဝ အပေါ်မူတည်၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူ ခွင့်ပြုချက် ရယူ သတ်မှတ်ပေးရမည်။

 

 

(၄)

နိုင်ငံခြားသားသည် တားမြစ်သည့်လုပ်ငန်း၊ ကန့်သတ်သည့် လုပ်ငန်းများကို နိုင်ငံသားနှင့်ဖက်စပ် လုပ်ကိုင်ပါက နိုင်ငံခြား မတည်ငွေရင်း အချိုးကို နည်းဥပဒေဖြင့် ပြဋ္ဌာန်းထားသည့် အချိုးအတိုင်း အဆိုပြုနိုင်သည်။

 

( ခ )

ပုဒ်မခွဲ(က) အရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆောင်ရွက်ရာတွင် ပဋိညာဉ် စာချုပ်ပါ သက်တမ်းမကုန်ဆုံးမီ လုပ်ငန်းရပ်စဲခွင့် ရရှိ၍ စာရင်းရှင်းလင်း ဖျက်သိမ်းရာတွင် လည်းကောင်း၊ လုပ်ငန်းပြီးဆုံး၍ စာရင်းရှင်းလင်း ဖျက်သိမ်းရာတွင် လည်းကောင်း နိုင်ငံတော်၏ တည်ဆဲဥပဒေများနှင့်အညီ လိုက်နာကျင့်သုံး ဆောင်ရွက်ရမည်။

 

အခန်း(၆)

ကော်မရှင်ဖွဲ့စည်းခြင်း

 

၁၁။

( က )

ပြည်ထောင်စုအစိုးရအဖွဲ့သည်-

 

 

(၁)

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဤဥပဒေပါ လုပ်ငန်း တာဝန်များကို ဆောင်ရွက်နိုင်ရန် သင့်လျော်သော ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်တစ်ဦးအား ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ  ပညာရှင်များ၊ သင့်လျော် သော ပုဂ္ဂိုလ်များအား အဖွဲ့ဝင်များအဖြစ် လည်းကောင်း ပါဝင်စေလျက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ဖွဲ့စည်းရမည်။

 

 

(၂)

ကော်မရှင်ကို ဖွဲ့စည်းရာတွင် အဖွဲ့ဝင်များအနက်မှ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက် အတွင်းရေးမှူးတို့ကို သတ်မှတ်၍ တာဝန်ပေးအပ်ရမည်။

 

( ခ )

နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကော်မရှင်အဖွဲ့ဝင်များသည်  အမျိုးသား စီမံကိန်းနှင့်နှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာနက ခွင့်ပြုသော လစာ၊ စရိတ်နှင့်ချီးမြှင့်ငွေကို ခံစားခွင့်ရှိသည်။

 

အခန်း(၇)

ကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ

 

၁၂။    ကော်မရှင်၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

 

(က)

ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်များကို စိစစ်ရာတွင် အဆိုပြုချက်သည် ဤဥပဒေ အခန်း(၄)ပါ အခြေခံမူများနှင့် ကိုက်ညီမှု ရှိ၊ မရှိ ငွေရေးကြေးရေး ယုံကြည် စိတ်ချရမှု၊ လုပ်ငန်း၏ စီးပွားရေး တွက်ခြေကိုက်မှု၊ စက်မှုနည်းပညာ ဆီလျော်မှု၊ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်မှု စသည့် အချက်အလက်များကို သုံးသပ်ခြင်း၊

 

( ခ )

ရင်းနှီးမြှုပ်နှံသူများက ဥပဒေအရ ခံစားခွင့်ရှိသော အခွင့်အရေးများကို အပြည့်အဝ မရရှိကြောင်း တိုင်ကြားလျှင် လိုအပ်သလို အမြန် အရေးယူ ဆောင်ရွက်ခြင်း၊

 

( ဂ )

အဆိုပြုချက်များကို တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်ခြင်း ရှိ၊ မရှိ စိစစ်ခြင်း၊

 

( ဃ )

လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စု လွှတ်တော်သို့ ခြောက်လတစ်ကြိမ် တင်ပြအစီရင်ခံခြင်း၊

 

( င )

ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူစေရန် လည်းကောင်း၊ အားပေး အထောက်အကူပြုရန် လည်းကောင်း ပြည်ထောင်စုအစိုးရအဖွဲ့သို့ အခါ အားလျော်စွာ အကြံပြုတင်ပြခြင်း၊

 

( စ )

ပြည်ထောင်စုအစိုးရအဖွဲ့၏ ကြိုတင်သဘောတူညီချက်ဖြင့် ရင်းနှီးမြှုပ်နှံမှု အမျိုး အစား ရင်းနှီးမြှုပ်နှံမှု တန်ဖိုးပမာဏနှင့် လုပ်ငန်းသက်တမ်းတို့ကို သတ်မှတ်ခြင်း နှင့် ယင်းတို့ကို ပြောင်းလဲသတ်မှတ်ခြင်း၊

 

( ဆ )

တိုင်းဒေသကြီးနှင့် ပြည်နယ် စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်အရ လုပ်ကိုင် ဆောင်ရွက် ခွင့်ရသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊

 

( ဇ )

အသုံးပြုခွင့် ရရှိသောမြေ၏ မြေပေါ်မြေအောက်၌ ခွင့်ပြုသည့် လုပ်ငန်းနှင့် မသက်ဆိုင်ဘဲ မူလစာချုပ်တွင် မပါဝင်သော သဘာဝသယံဇာတ ပစ္စည်းကိုဖြစ်စေ၊ ရှေးဟောင်းဝတ္ထုပစ္စည်းကိုဖြစ်စေ တွေ့ရှိလျှင် ကော်မရှင်က ချက်ချင်းသိရှိရန်နှင့် အရေးယူနိုင်ရန် စီမံဆောင်ရွက်ခြင်း၊

 

( ဈ )

ရင်းနှီးမြှုပ်နှံသူက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား ဤဥပဒေ၊ ဤဥပဒေအရ ပြုလုပ်သော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်များ၊ စာချုပ်ပါအချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်မှု ရှိ မရှိ စိစစ်ခြင်း၊ လိုက်နာဆောင်ရွက်မှုမရှိပါက လိုက်နာ ဆောင်ရွက် စေခြင်းနှင့် လိုက်နာဆောင်ရွက်မှု မရှိသော လုပ်ငန်းများကို ဥပဒေနှင့်အညီ အရေးယူခြင်း၊

 

( ည )

အခွန် ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ပေးရန် မလိုသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို သတ်မှတ်ပေးခြင်း၊

 

( ဋ )

ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ခြင်း။

 

၁၃။    ကော်မရှင်၏လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

 

( က )

နိုင်ငံတော်၏အကျိုးစီးပွားကို ဖြစ်ထွန်းစေနိုင်သည်ဟု ယူဆပြီး တည်ဆဲ ဥပဒေ တစ်ရပ်ရပ်နှင့်လည်း မဆန့်ကျင်သည့် အဆိုပြုချက်ကို လိုအပ်သော စိစစ်မှုများ ပြုလုပ်၍ လက်ခံခြင်း၊

 

( ခ )

အဆိုပြုချက်ကို လက်ခံလျှင် ခွင့်ပြုမိန့်ကို ကမကထ ပြုသူ သို့မဟုတ် ရင်းနှီး မြှုပ်နှံသူအား ထုတ်ပေးခြင်း၊

 

( ဂ )

ခွင့်ပြုမိန့် သက်တမ်း သို့မဟုတ် သဘောတူညီချက်ကို တိုးမြှင့်ပေးရန် ဖြစ်စေ၊ ပြင်ဆင်ပေးရန်ဖြစ်စေ သက်ဆိုင်ရာတို့က လျှောက်ထားလာလျှင် သတ်မှတ်ချက် များနှင့်အညီ စိစစ်၍ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊

 

( ဃ )

ကမကထ ပြုသူထံမှ လည်းကောင်း၊ ရင်းနှီးမြှုပ်နှံသူထံမှ လည်းကောင်း လိုအပ်သည့် အထောက်အထားများကိုဖြစ်စေ၊ အချက်အလက်များကို ဖြစ်စေ တင်ပြရန် တောင်းဆိုခြင်း၊

 

( င )

ရင်းနှီးမြှုပ်နှံသူက ခွင့်ပြုမိန့်ရရှိရန် ကော်မရှင်သို့ အဆိုပြုတင်သွင်းသော အဆိုပြု ချက် ယင်းနှင့်အတူ ပူးတွဲတင်ပြသော စာချုပ်စာတမ်း အထောက်အထားများ သို့မဟုတ် ခွင့်ပြုမိန့်ပါ စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိကြောင်း ခိုင်လုံသော သက်သေခံ အထောက်အထားများ ပေါ်ပေါက်လျှင် လုပ်ငန်းကို ဆိုင်းငံ့ထားသည်အထိ လိုအပ်သည့် အမိန့် တစ်စုံတစ်ရာ ချမှတ်ခြင်း၊

 

( စ )

ငွေရေးကြေးရေးကိစ္စရပ်များ ဆောင်ရွက်ရန် ကမကထပြုသူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူက အဆိုပြုတင်ပြလာသည့် ဘဏ်ကို ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း။

 

၁၄။    ကော်မရှင်သည် မိမိ၏လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ကော်မတီများနှင့် အဖွဲ့ငယ်များကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။

 

၁၅။   ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာများကို အခါအားလျော်စွာ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးတွင် အစီရင်ခံ တင်ပြရမည်။

 

၁၆။   ကော်မရှင်က ခွင့်ပြုသော လုပ်ငန်းများ၏ဆောင်ရွက်ပြီးစီးမှုနှင့် တိုးတက်ဖြစ်ပေါ်မှု အခြေအနေများကို သုံးလတစ်ကြိမ် ပြည်ထောင်စုအစိုးရအဖွဲ့သို့ အစီရင်ခံ တင်ပြရမည်။

 

အခန်း(၈)

ရင်းနှီးမြှုပ်နှံသူ၏ တာဝန်နှင့် အခွင့်အရေးများ

 

၁၇။    ရင်းနှီးမြှုပ်နှံသူ၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

 

( က )

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေများကို လိုက်နာခြင်း၊

 

( ခ )

ရင်းနှီးမြှုပ်နှံသူသည် မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေများအရ ကုမ္ပဏီ ဖွဲ့စည်းပြီး လုပ်ငန်းဆောင်ရွက်ခြင်း၊

 

( ဂ )

ဤဥပဒေပါပြဋ္ဌာန်းချက်၊ ဤဥပဒေအရထုတ်ပြန်သည့် နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် ခွင့်ပြုမိန့်တို့ပါ စည်းကမ်းချက် များကို လိုက်နာခြင်း၊

 

( ဃ )

မိမိငှားရမ်းခွင့် သို့မဟုတ် အသုံးပြုခွင့်ရှိသော မြေကို ကော်မရှင်က  သတ်မှတ်ထားသော စည်းကမ်းချက်များ၊ စာချုပ်ပါ စည်းကမ်းချက်များနှင့် အညီ အသုံးပြုခြင်း၊

 

( င )

ခွင့်ပြုမိန့်ဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့် ပြုထားသော မြေနှင့် အဆောက်အအုံများကို လုပ်ငန်း သက်တမ်းကာလအတွင်း ထိုရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအတွက် အခြား ပုဂ္ဂိုလ်တစ်ဦးဦးအား တစ်ဆင့်ငှားရမ်းခြင်း၊ ပေါင်နှံခြင်း၊ အစု ရှယ်ယာ လွှဲပြောင်း ခြင်းနှင့် လုပ်ငန်းလွှဲပြောင်းခြင်းတို့ကို ကော်မရှင်၏ ခွင့်ပြုချက် ရရှိမှသာ ဆောင်ရွက်ခြင်း၊

 

( စ )

မိမိငှားရမ်းခွင့် သို့မဟုတ် အသုံးပြုခွင့်ရရှိသော မြေ၏သဘာဝ မြေမျက်နှာသွင်ပြင် သို့မဟုတ် မြေအနိမ့်အမြင့်အနေအထားအား သိသာထင်ရှားစွာ ပြောင်းလဲမှုကို ကော်မရှင်၏ခွင့်ပြုချက်မရှိဘဲ မပြုလုပ်ခြင်း၊

 

( ဆ )

မိမိငှားရမ်းခွင့် သို့မဟုတ် အသုံးပြုခွင့် ရရှိသော မြေ၏ မြေပေါ်မြေအောက်၌ ခွင့်ပြု သည့် လုပ်ငန်းနှင့် မသက်ဆိုင်ဘဲ မူလစာချုပ်တွင် မပါဝင်သော သဘာဝ သယံဇာတ တွင်းထွက်ပစ္စည်းကိုဖြစ်စေ၊ ရှေးဟောင်းဝတ္ထုပစ္စည်း၊ ရတနာသိုက်ကိုဖြစ်စေ တွေ့ရှိလျှင် ကော်မရှင်သို့ ချက်ချင်းအကြောင်းကြားခြင်း၊ ကော်မရှင်က ခွင့်ပြုလျှင် ယင်းမြေပေါ်၌ ဆက်လက်လုပ်ကိုင်နိုင်ခြင်း၊ ဆက်လက်လုပ်ကိုင်ခွင့် မရရှိလျှင် ရင်းနှီးမြှုပ်နှံသူက ရွေးချယ်တင်ပြသည့် နေရာတစ်ခုအား အစားထိုး ခွင့်ပြုချက် ရယူ၍ ပြောင်းရွှေ့ဆောင်ရွက်ခြင်း၊

 

( ဇ )

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့် စပ်လျဉ်း၍ တည်ဆဲဥပဒေများနှင့်အညီ ပတ်ဝန်းကျင် ညစ်ညမ်းမှု ပျက်စီးမှု မဖြစ်စေရန် ဆောင်ရွက်ခြင်း၊

 

( ဈ )

နိုင်ငံခြားကုမ္ပဏီ ဖြစ်ပါက မိမိ၏ အစုရှယ်ယာ အားလုံးကို နိုင်ငံခြားသား တစ် ဦးဦး သို့မဟုတ် နိုင်ငံသား တစ်ဦးဦးသို့ အပြီးအပိုင် လွှဲပြောင်းရောင်းချလျှင် ကော်မရှင်၏ကြိုတင်ခွင့်ပြုမိန့်ရယူ၍ ခွင့်ပြုမိန့်ကို ပြန်လည်အပ်နှံပြီးမှသာ တည်ဆဲ ဥပဒေများနှင့်အညီ အစုရှယ်ယာ လွှဲပြောင်းခြင်းကို မှတ်ပုံတင်ခြင်း၊

 

( ည )

နိုင်ငံခြားကုမ္ပဏီ ဖြစ်ပါက မိမိ၏ အစုရှယ်ယာ အချို့ကို နိုင်ငံခြားသား တစ်ဦးဦး သို့မဟုတ် နိုင်ငံသားတစ်ဦးဦးသို့ အပြီးအပိုင် လွှဲပြောင်းရောင်းချလျှင် ကော်မရှင်၏ ကြိုတင်ခွင့်ပြုမိန့်ကို ပြန်လည်ရယူပြီးမှသာ တည်ဆဲဥပဒေ များနှင့်အညီ အစု ရှယ်ယာ လွှဲပြောင်းခြင်းကို မှတ်ပုံတင်ခြင်း၊

 

( ဋ )

ရင်းနှီးမြှုပ်နှံသူသည် မိမိဆောင်ရွက်နေသည့် လုပ်ငန်းဆိုင်ရာ အဆင့်မြင့် ကျွမ်းကျင်မှု နည်းပညာရပ်များကို သက်ဆိုင်သည့် လုပ်ငန်း၊ ဌာန သို့မဟုတ် အဖွဲ့အစည်းများအား စာချုပ်ပါအတိုင်း စနစ်တကျ လွှဲပြောင်းပေးအပ်ရေး ဆောင်ရွက်ခြင်း။

 

၁၈။   ရင်းနှီးမြှုပ်နှံသူ၏ အခွင့်အရေးများမှာ အောက်ပါအတိုင်းဖြစ်သည်-

 

( က )

ကော်မရှင်၏ သဘောတူခွင့်ပြုချက်ဖြင့် အခြေပစ္စည်းကို ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားနည်းဖြင့် လွှဲပြောင်းခြင်းတို့ကို တည်ဆဲ ဥပဒေ များနှင့်အညီ ပြုလုပ်ခွင့်ရှိခြင်း၊

 

( ခ )

နိုင်ငံခြားကုမ္ပဏီဖြစ်ပါက မိမိ၏ အစုရှယ်ယာအားလုံးကိုဖြစ်စေ၊ အချို့ကိုဖြစ်စေ၊ နိုင်ငံခြားသား တစ်ဦးဦး/နိုင်ငံသားတစ်ဦးဦး သို့မဟုတ် နိုင်ငံခြား ကုမ္ပဏီ တစ်ခုခု / နိုင်ငံသား ကုမ္ပဏီတစ်ခုခုသို့ အပြီးအပိုင် လွှဲပြောင်း ရောင်းချခြင်း၊

 

( ဂ )

မူလအဆိုပြုချက်ပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအား တိုးချဲ့ခြင်း သို့မဟုတ် နိုင်ငံခြား မတည်ငွေရင်း တိုးမြှင့်ခြင်း များအား ကော်မရှင်၏ခွင့်ပြုချက် ရယူ၍ လုပ်ကိုင် ဆောင်ရွက်ခြင်း၊

 

( ဃ )

တည်ဆဲဥပဒေနှင့်အညီ မိမိရထိုက်ခွင့်ရှိသော အခွင့်အရေးများကို အပြည့်အဝ ရရှိ နိုင်ရန် ပြန်လည်စိစစ် သုံးသပ်၍ ပြင်ဆင်ပေးရေးအတွက် ကော်မရှင်သို့ တင်ပြခြင်း၊

 

( င )

တည်ဆဲ ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ရရှိရေးအတွက် လည်းကောင်း၊ နစ်နာ ချက်များနှင့် စပ်လျဉ်း၍ အရေးယူ ပေးရေး အတွက် လည်းကောင်း ကော်မရှင်သို့ တင်ပြ လျှောက်ထားခြင်း၊

 

( စ )

ခွင့်ပြုမိန့်ဖြင့် လုပ်ကိုင်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွင် နည်းပညာ သစ်များ တီထွင်ခြင်း၊ ထုတ်ကုန် အရည်အသွေး တိုးမြှင့်ခြင်း၊ ကုန်ထုတ်စွမ်းအား မြှင့်တင်ခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု လျှော့ချခြင်း များ အတွက် အကျိုး ခံစားခွင့်များ ပိုမိုရရှိစေရန် ကော်မရှင်သို့ တင်ပြ လျှောက်ထားခြင်း၊

 

( ဆ )

နိုင်ငံတော် တစ်ဝန်းလုံးတွင် ဖွံ့ဖြိုးတိုးတက်စေရန် အလို့ငှာ စီးပွားရေး ဖွံ့ဖြိုးမှု နည်းပါးပြီး ဆက်သွယ်သွားလာရေး ခက်ခဲသော ဒေသများရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသူများ အတွက် ကော်မရှင်က ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အခန်း(၁၂) ပါ အခွန် ကင်းလွတ်ခွင့် ကာလနှင့် သက်သာခွင့် ကာလများ ထက် ပိုမို၍ သတ်မှတ် ပေးသည်ကို ခံစားခွင့်ရှိခြင်း။

 

အခန်း(၉)

ခွင့်ပြုမိန့် လျှောက်ထားခြင်း

 

၁၉။     နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုပါက ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ကမကထ ပြုသူသည် ခွင့်ပြုမိန့်ရရှိရန် ကော်မရှင်သို့ သတ်မှတ်ချက်များနှင့်အညီ အဆိုပြုချက် တင်သွင်းရမည်။

 

၂ဝ။      ကော်မရှင်သည်-

 

( က )

ပုဒ်မ ၁၉ အရ တင်သွင်းသော အဆိုပြုချက်ကို ရရှိပါက လိုအပ်သော စိစစ်မှုများ ပြုလုပ်ပြီး ၁၅ ရက်အတွင်း အဆိုပြုချက်ကို လက်ခံခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

 

( ခ )

အဆိုပြုချက်ကို လက်ခံပါက အဆိုပြုချက်တင်သွင်းသူအား ခွင့်ပြုခြင်း သို့မဟုတ် ခွင့်မပြုခြင်းကို ရက်ပေါင်း ၉ဝ အတွင်း ဆောင်ရွက်ပေးရမည်။

 

၂၁။     ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ကမကထပြုသူသည် ကော်မရှင်က ထုတ်ပေးသော ခွင့်ပြုမိန့်ကို ရရှိပါက သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့် လိုအပ်သော ပဋိညာဉ် စာချုပ်ချုပ်ဆို၍ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း တည်ထောင်ရမည်။

 

၂၂။    ကော်မရှင်သည် သက်ဆိုင်ရာတို့က လျှောက်ထားလာလျှင် ပဋိညာဉ်စာချုပ်ပါ သက်တမ်း သို့မဟုတ် သဘောတူညီချက်ကို ဤဥပဒေနှင့်အညီ သင့်လျော်သလို တိုးမြှင့်ရန် ဖြစ်စေ၊ လျှော့ပေါ့ရန်ဖြစ်စေ၊ ပြင်ဆင်ရန်ဖြစ်စေ ခွင့်ပြုနိုင်သည်။

 

အခန်း(၁ဝ)

အာမခံထားရှိခြင်း

၂၃။      ရင်းနှီးမြှုပ်နှံသူသည် နိုင်ငံတော်အတွင်း အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရှိသည့် အာမခံလုပ်ငန်းတစ်ခုခုတွင် သတ်မှတ်သော အာမခံအမျိုးအစားများကို ထားရှိရမည်။

 

အခန်း(၁၁)

အမှုထမ်းများနှင့် အလုပ်သမားများ ခန့်ထားခြင်း

 

၂၄။    ရင်းနှီးမြှုပ်နှံသူသည်-

 

( က )

ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းများအတွက် နိုင်ငံသားကျွမ်းကျင်သူ အလုပ်သမားများ၊ အတတ်ပညာရှင်များနှင့် ဝန်ထမ်းများကို ခန့်ထားရာတွင် လုပ်ငန်းစတင်သည့်နှစ်မှ ပထမ နှစ်နှစ်အတွင်း၌ နိုင်ငံသား အနည်းဆုံး ၂၅ ရာခိုင်နှုန်း၊ ဒုတိယ နှစ်နှစ် အတွင်း၌ အနည်းဆုံး ၅ဝ ရာခိုင်နှုန်း၊ တတိယ နှစ်နှစ်အတွင်း၌ အနည်းဆုံး ၇၅ ရာခိုင်နှုန်းခန့် ထားပြီး ဖြစ်ရမည်။ သို့ရာတွင် အသိပညာကို အခြေခံသော လုပ်ငန်းများ အတွက် ကော်မရှင်က သင့်လျော်သော အချိန် ကန့်သတ်ချက်ကို တိုးမြှင့်ပြောင်းလဲနိုင်သည်။

 

( ခ )

ပုဒ်မခွဲ(က)အရ ခန့်ထားနိုင်ရန် နိုင်ငံသား ဝန်ထမ်းများအား လုပ်ငန်း ကျွမ်းကျင်မှု တိုးတက်လာစေရေးအတွက် လေ့ကျင့်ပေးခြင်း၊ သင်တန်းပေးခြင်း တို့ကို စီစဉ် ဆောင်ရွက်ပေးရမည်။

 

( ဂ )

ကျွမ်းကျင်မှု မလိုသော လုပ်ငန်းများတွင် နိုင်ငံသားများကိုသာ ခန့်ထားရမည်။

 

( ဃ )

အလုပ်သမား စုဆောင်းခြင်းကို အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးမှ လည်းကောင်း၊ ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး ကိုယ်စားလှယ်များမှ လည်းကောင်း၊ ရင်းနှီးမြှုပ်နှံသူ၏ အစီအစဉ်ဖြင့် လည်းကောင်း ဆောင်ရွက်ရမည်။

 

( င )

နိုင်ငံသားကျွမ်းကျင်သူ အလုပ်သမားများ၊ အတတ်ပညာရှင်များနှင့် ဝန်ထမ်းများ ခန့်ထားရာတွင် တည်ဆဲအလုပ်သမားဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူညီချက် စာချုပ်ကို အလုပ်ရှင်နှင့် အလုပ်သမား တို့ နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုး၍ ခန့်ထားရမည်။

 

( စ )

ပညာရှင်အဆင့် အချိုးကျခွဲဝေမှုအဖြစ် နိုင်ငံခြားသား ဝန်ထမ်းများနည်းတူ မြန်မာနိုင်ငံသား ဝန်ထမ်းများအား ခန့်ထားရာတွင် လုပ်ခအဆင့်ကို ခွဲခြားမှု မရှိစေရန် အခွင့်အရေးများ စီမံဆောင်ရွက်ပေးရမည်။

 

၂၅။   ခွင့်ပြုမိန့်ဖြင့် လုပ်ကိုင်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင် အလုပ်လုပ်ကိုင်သည့် နိုင်ငံခြားသားများသည် နိုင်ငံတော်က ထုတ်ပေးသော အလုပ်လုပ်ခွင့်လက်မှတ်၊ ပြည်တွင်း နေထိုင်ခွင့်လက်မှတ် ရရှိရေးအတွက် ကော်မရှင်သို့ တင်ပြလျှောက်ထားရမည်။

 

၂၆။    ရင်းနှီးမြှုပ်နှံသူသည်-

 

( က)

အမှုထမ်းများနှင့် အလုပ်သမားများကို ခန့်ထားရာ၌ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ကို သတ်မှတ်ချက်များနှင့်အညီ ချုပ်ဆိုရမည်။

 

( ခ )

အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူညီချက် စာချုပ်ပါ အလုပ်ရှင်နှင့် အလုပ်သမား တို့၏ အခွင့်အရေးနှင့်တာဝန်များကို လည်းကောင်း၊ အလုပ်အကိုင်ဆိုင်ရာ စည်းကမ်းချက်များကို လည်းကောင်း သတ်မှတ်ရာ၌ အနည်းဆုံးလုပ်ခ လစာ၊ ခွင့်ရက်၊ အလုပ်ပိတ်ရက် အချိန်ပိုလုပ်ခ၊ နစ်နာကြေး၊ အလုပ်သမား လျော်ကြေး၊ လူမှုဖူလုံရေးနှင့် အလုပ်သမားများနှင့် သက်ဆိုင်သည့် အခြား အာမခံထားရှိခြင်းတို့ အပါအဝင် တည်ဆဲအလုပ်သမားဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများပါ အခွင့်အရေး များ ရရှိရေးအတွက် ဆောင်ရွက်ပေးရမည်။

 

( ဂ )

အလုပ်ရှင် အချင်းချင်း၊ အလုပ်သမားအချင်းချင်း၊ အလုပ်ရှင်နှင့် အလုပ်သမား၊ အလုပ်သမားနှင့် အတတ်ပညာရှင် သို့မဟုတ် ဝန်ထမ်းတို့အကြား ပေါ်ပေါက် လာသည့် အငြင်းပွားမှုများကို သက်ဆိုင်ရာ တည်ဆဲ ဥပဒေများနှင့်အညီ ဖြေရှင်းရမည်။

 

အခန်း(၁၂)

ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ

 

၂၇။    ကော်မရှင်သည် နိုင်ငံတော်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အားပေး အထောက်အကူပြုရန် အလို့ငှာ ရင်းနှီးမြှုပ်နှံသူအား အောက်ပါ အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်များအနက် ပုဒ်မခွဲ (က) ပါ အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ကို ခွင့်ပြုရမည်။ ထို့ပြင် ကျန်ရှိသော အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် တစ်ရပ်ရပ်ကို ဖြစ်စေ၊ တစ်ရပ်ရပ်ထက်ပို၍ ဖြစ်စေ၊ အားလုံးကို ဖြစ်စေ ခံစားခွင့်ပြုရန် တင်ပြလျှောက်ထားလာလျှင် ခွင့်ပြုနိုင်သည်-

 

( က)

ကုန်ထုတ်လုပ်ငန်း သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်း တစ်ခုခုစီးပွားဖြစ် စတင်သော နှစ်အပါအဝင် တစ်ဆက်တည်း ငါးနှစ်အတွက် ဝင်ငွေခွန် ကင်းလွတ်ခွင့်၊ ထို့ပြင် နိုင်ငံတော်အတွက် အကျိုးကျေးဇူးရှိလျှင် ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း၏ အောင်မြင်မှုပေါ် မူတည်၍ သင့်လျော်သော ကာလအတွက် ဝင်ငွေခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်၊

 

( ခ )

လုပ်ငန်းမှ ရရှိသည့်အမြတ်ငွေကို ပြန်လည်ရင်းနှီးမြှုပ်နှံရန်အတွက် သီးသန့် ရန်ပုံငွေထား၍ တစ်နှစ်အတွင်း ယင်းလုပ်ငန်း၌ ပြန်လည်ရင်းနှီးမြှုပ်နှံလျှင် ထိုအမြတ်ငွေအပေါ်တွင် ဝင်ငွေခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်၊

 

( ဂ )

ဝင်ငွေခွန် စည်းကြပ်ရန်ကိစ္စအလို့ငှာ စက်ပစ္စည်း၊ စက်ကိရိယာ၊ အဆောက်အအုံ သို့မဟုတ် လုပ်ငန်းသုံး အခြားမတည်ပစ္စည်းများအပေါ်တွင် နိုင်ငံတော်က သတ်မှတ်ထားသည့် ပစ္စည်းတန်ဖိုးလျှော့တွက်နှုန်းများအတိုင်း တွက်ချက်ပြီး ပစ္စည်းတန်ဖိုး လျှော့တွက်ငွေကို အမြတ်ငွေထဲမှ နုတ်ပယ်ခွင့်၊

 

( ဃ )

ကုန်ထုတ်လုပ်ငန်းတစ်ခုခုက ထုတ်လုပ်သည့် ပစ္စည်းကို ပြည်ပသို့ တင်ပို့ ရောင်းချလျှင် ထိုသို့ တင်ပို့ရောင်းချ၍ ရရှိသော အမြတ်ငွေ အပေါ်တွင် ၅ဝ ရာခိုင်နှုန်းအထိ ဝင်ငွေခွန်သက်သာခွင့်၊

 

( င )

နိုင်ငံခြားသားများ၏ ဝင်ငွေအပေါ်တွင် ပြည်တွင်းနေ နိုင်ငံသားများ ပေးဆောင်သည့် ဝင်ငွေခွန် နှုန်းထားများအတိုင်း ဝင်ငွေခွန် ပေးဆောင်ခွင့်၊

 

( စ )

နိုင်ငံတော်အတွင်း အမှန်တကယ် လိုအပ်၍ ဆောင်ရွက်သည့် လုပ်ငန်း ဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ်ကို အခွန်စည်းကြပ် ထိုက်သော ဝင်ငွေမှ နုတ်ပယ်ခွင့်၊

 

( ဆ )

လုပ်ငန်းတစ်ခုချင်းအလိုက် ပုဒ်မခွဲ(က)ပါ ဝင်ငွေခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် ခံစားပြီး တစ်ဆက်တည်း နှစ်နှစ်အတွင်း အမှန်တကယ် ပေါ်ပေါက် သည့် အရှုံးငွေကို ယင်းသို့ အရှုံးပေါ်ပေါက်သည့် နှစ်မှစ၍ တစ်ဆက်တည်း သုံးနှစ်ကာလအထိ သယ်ယူ ခုနှိမ်ခွင့်၊

 

( ဇ )

လုပ်ငန်းတည်ဆောက်မှုကာလအတွင်း အမှန်တကယ် အသုံးပြုရန် လိုအပ်၍ တင်သွင်းသော စက်ပစ္စည်းများ၊ စက်ကိရိယာများ၊ အသုံးအဆောင် တန်ဆာ ပလာများ၊ စက်ကိရိယာ အစိတ်အပိုင်းများ၊ စက်အရန် ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများအပေါ်တွင် အကောက်ခွန် ဖြစ်စေ၊ အခြားပြည်တွင်း အခွန်အကောက်များ ဖြစ်စေ၊ နှစ်မျိုးလုံးကို ဖြစ်စေ၊ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်၊

 

( ဈ )

လုပ်ငန်း တည်ဆောက်မှု ပြီးစီး၍ ပထမ သုံးနှစ်အတွက် ကုန်ထုတ်လုပ်ရန် တင်သွင်းသည့် ကုန်ကြမ်းများ အပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြား ပြည်တွင်း အခွန်အကောက်များ ဖြစ်စေ၊ နှစ်မျိုးလုံးကို ဖြစ်စေ၊ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်၊

 

( ည )

ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ရင်းနှီးမြှုပ်နှံမှု ပမာဏတိုးမြှင့်ပြီး မူလ ရင်းနှီးမြှုပ်နှံ သည့် လုပ်ငန်းအား ခွင့်ပြုထားသည့် သက်တမ်းကာလအတွင်း တိုးချဲ့လုပ်ကိုင်ပါက ယင်းသို့ တိုးချဲ့သည့် လုပ်ငန်းအတွက် အမှန်တကယ် အသုံးပြုရန် လိုအပ်၍ တင်သွင်းသော စက်ပစ္စည်းများ စက်ကိရိယာများ၊ အသုံးအဆောင် တန်ဆာ ပလာများ၊ စက်ကိရိယာ အစိတ်အပိုင်းများ၊ စက်အရန်ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများ အပေါ်တွင် အကောက်ခွန် ဖြစ်စေ၊ အခြားပြည်တွင်း အခွန်အကောက် များ ဖြစ်စေ၊ နှစ်မျိုးလုံးကို ဖြစ်စေ၊ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်၊

 

( ဋ )

ပြည်ပသို့ တင်ပို့ရန် ထုတ်လုပ်သည့်ပစ္စည်းများအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်။

 

အခန်း(၁၃)

အာမခံချက်များ

 

၂၈။    ပြည်ထောင်စုအစိုးရအဖွဲ့သည် ခွင့်ပြုမိန့်ဖြင့်ဖွဲ့စည်းသည့် စီးပွားရေးလုပ်ငန်းကို ပဋိညာဉ် စာချုပ်ပါ သက်တမ်း သို့မဟုတ် ယင်းသက်တမ်းကို တိုးမြှင့်ပေးလျှင် ယင်းသို့ တိုးမြှင့်ပေးသည့် သက်တမ်းအတွင်း နိုင်ငံပိုင်ပြုလုပ်ခြင်းမပြုဟု အာမခံသည်။

 

၂၉။    ကော်မရှင်၏ ခွင့်ပြုမိန့်အရ ဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခုခုအား ခွင့်ပြုချက် သက်တမ်း မကုန်ဆုံးမီ လုံလောက်သောအကြောင်း တစ်စုံတစ်ရာ မရှိဘဲ ရပ်ဆိုင်းခြင်း မပြုရန် ပြည်ထောင်စုအစိုးရအဖွဲ့က အာမခံသည်။

 

၃ဝ။    ပဋိညာဉ်စာချုပ် သက်တမ်းကုန်ဆုံးလျှင် နိုင်ငံခြား မတည်ငွေရင်းဖြင့် ရင်းနှီး မြှုပ်နှံသူအား ယင်း၏ ရပိုင်ခွင့်များကို ရင်းနှီးမြှုပ်နှံရာ၌ ထည့်ဝင်ခဲ့သော နိုင်ငံခြားငွေ အမျိုးအစားဖြင့် ထုတ်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့က အာမခံသည်။

 

အခန်း(၁၄)

မြေအသုံးပြုခွင့်

၃၁။    ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူအား အမှန်လိုအပ်သည့် မြေငှားရမ်းခွင့်ကာလ သို့မဟုတ် မြေအသုံးပြုခွင့်ကာလကို စီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း အမျိုးအစားနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏအပေါ် မူတည်၍ ကနဦး နှစ် ၅ဝ အထိခွင့်ပြုနိုင်သည်။

 

၃၂။    ကော်မရှင်သည် ပုဒ်မ ၃၁ အရခွင့်ပြုထားသော သက်တမ်းကုန်ဆုံးပြီးနောက် ဆက်လက်လုပ်ကိုင်လိုသော ရင်းနှီးမြှုပ်နှံသူအား ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် လုပ်ငန်း အမျိုးအစားပေါ် မူတည်၍ တစ်ဆက်တည်း သက်တမ်းတိုးခွင့် ၁၀ နှစ်နှင့် ယင်းသက်တမ်း ကုန်ဆုံးပြီး ထပ်မံ၍ ၁ဝ နှစ် သက်တမ်းတိုးမြှင့်ပေးနိုင်သည်။

 

၃၃။    ကော်မရှင်သည် နိုင်ငံတော်၏စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အလို့ငှာ မြေငှားရမ်းခွင့် ရှိသူ သို့မဟုတ် မြေအသုံးပြုခွင့်ရသူထံမှ ကနဦး သဘောတူညီချက် ရယူပြီး ပြည်ထောင်စု အစိုးရအဖွဲ့၏ ကြိုတင်သဘောတူညီချက်ဖြင့် ယင်းမြေပေါ်တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ခွင့်ပြုနိုင်သည်။

 

၃၄။    ကော်မရှင်သည် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းပိုင် မြေငှားရမ်းခနှုန်းထားများ နှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ ကြိုတင်သဘောတူညီချက်ဖြင့် အခါအားလျော်စွာ သတ်မှတ် ပေးနိုင်သည်။

 

၃၅။   ရင်းနှီးမြှုပ်နှံသူသည် နိုင်ငံသားများ လုပ်ကိုင်ခွင့် ရရှိထားသည့် မြေယာများ၌ စိုက်ပျိုးရေး လုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများ ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်ရာတွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံသူနှင့် ဖက်စပ်စနစ်ဖြင့်သာ ဆောင်ရွက်ခွင့်ရှိသည်။

 

၃၆။   ကော်မရှင်သည် နိုင်ငံတော်တစ်ဝန်းလုံးတွင် ဖွံ့ဖြိုးတိုးတက်စေရန်အလို့ငှာ စီးပွားရေး ဖွံ့ဖြိုးမှု နည်းပါးပြီး ဆက်သွယ် သွားလာရေး ခက်ခဲသော ဒေသများတွင် ရင်းနှီးမြှုပ်နှံသူ များအတွက် ဤဥပဒေပါ မြေငှားရမ်းခွင့်ကာလ သို့မဟုတ် မြေအသုံးပြုခွင့် ကာလထက် ပိုမို၍ ခံစားခွင့် ရရှိစေရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်နိုင်သည်။

 

အခန်း(၁၅)

နိုင်ငံခြား မတည်ငွေရင်း

 

၃၇။    ကော်မရှင်သည် နိုင်ငံခြားမတည်ငွေရင်းကို ဘဏ်က လက်ခံခွင့်ပြု ဆောင်ရွက် ပေးသည့် နိုင်ငံခြားငွေကြေး အမျိုးအစားအတိုင်း ရင်းနှီးမြှုပ်နှံသူ၏ အမည်ဖြင့် မှတ်ပုံတင် ရမည်။ ထိုသို့ မှတ်ပုံတင်ရာတွင် နိုင်ငံခြား မတည်ငွေရင်း အမျိုးအစားများကို ဖော်ပြရမည်။

 

၃၈။   လုပ်ငန်းကို ရပ်စဲလျှင် ကော်မရှင်က သတ်မှတ်သည့် ပြန်လည်ထုတ်ယူနိုင်သော နိုင်ငံခြား မတည်ငွေရင်းကို သတ်မှတ်သည့် အချိန်ကာလအတွင်း နိုင်ငံခြား မတည်ငွေရင်း ယူဆောင်လာသူက ပြန်လည်ထုတ်ယူနိုင်သည်။

 

အခန်း(၁၆)

နိုင်ငံခြားငွေလွှဲပြောင်းနိုင်ခွင့်

 

၃၉။    ရင်းနှီးမြှုပ်နှံသူသည် အောက်ပါငွေများကို သက်ဆိုင်ရာ နိုင်ငံခြားငွေဖြင့် သတ်မှတ်သည့် ငွေလဲလှယ်နှုန်းအတိုင်း နိုင်ငံတော်အတွင်းရှိ နိုင်ငံခြား ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရှိသော ဘဏ်မှတစ်ဆင့် နိုင်ငံခြားသို့ လွှဲပြောင်းနိုင်ခွင့်ရှိသည်-

 

 

( က )

နိုင်ငံခြား မတည်ငွေရင်း ယူဆောင်လာသူ ရသင့်သည့် နိုင်ငံခြားငွေ၊

 

 

( ခ )

နိုင်ငံခြား မတည်ငွေရင်း ယူဆောင်လာသူအား ပြန်လည်ထုတ်ယူရန် ကော်မရှင်က ခွင့်ပြုသော နိုင်ငံခြားငွေ၊

 

 

( ဂ )

နိုင်ငံခြား မတည်ငွေရင်း ယူဆောင်လာသူ ရရှိသည့် နှစ်စဉ်အမြတ်ငွေမှ အခွန် အရပ်ရပ်နှင့် သက်ဆိုင်သည့် ရန်ပုံငွေများ နုတ်ပြီးနောက် ကျန်ရှိသော အသားတင်အမြတ်ငွေ၊

 

 

(ဃ)

နိုင်ငံခြားသား အမှုထမ်းများက နိုင်ငံတော်တွင် လုပ်ကိုင်ဆောင်ရွက်၍ ရရှိသော လစာငွေနှင့် လုပ်ငန်းမှ တရားဝင် ရရှိငွေတို့မှ ပေးဆောင်ရန် ရှိသော အခွန်အကောက်များကို ပေးဆောင်စေပြီး ၄င်းနှင့်၄င်း၏ မိသားစု နေထိုင်စားသောက်မှု ကုန်ကျစရိတ်တို့ကို သတ်မှတ်သည့် နည်းလမ်း အတိုင်း နုတ်ပယ်၍ တရားဝင် ကျန်ရှိငွေ။

 

အခန်း(၁၇)

နိုင်ငံခြားငွေရေးကြေးရေးကိစ္စ

 

၄ဝ။   ရင်းနှီးမြှုပ်နှံသူသည်-

 

 

(က)

သက်ဆိုင်ရာ နိုင်ငံခြားငွေဖြင့် သတ်မှတ်သည့် ငွေလဲလှယ်နှုန်းအတိုင်း နိုင်ငံတော်အတွင်းရှိ နိုင်ငံခြား ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရှိသော ဘဏ် တစ်ခုခုမှ တစ်ဆင့် နိုင်ငံခြားသို့ ငွေလွှဲပြောင်းနိုင်ခွင့် ရှိသည်။

 

 

(ခ)

နိုင်ငံတော်အတွင်းရှိ နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရှိသော ဘဏ်က လက်ခံ ဆောင်ရွက်လျက်ရှိသော နိုင်ငံခြားငွေ အမျိုးအစားဖြင့် နိုင်ငံခြားငွေစာရင်းကို လည်းကောင်း၊ ကျပ်ငွေစာရင်းကို လည်းကောင်း ဖွင့်လှစ်၍ လုပ်ငန်းနှင့်သက်ဆိုင်သော ငွေရေးကြေးရေး ကိစ္စများကို ဆောင်ရွက်ရမည်။

 

၄၁။   ခွင့်ပြုမိန့်ဖြင့် ဖွဲ့စည်းထားသော စီးပွားရေး အဖွဲ့အစည်းတစ်ခုခုတွင် အမှုထမ်းသော နိုင်ငံခြားသားများသည် နိုင်ငံတော်အတွင်းရှိ နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရှိသော ဘဏ်တစ်ခုခုတွင် ယင်းဘဏ်က လက်ခံဆောင်ရွက်လျက်ရှိသော နိုင်ငံခြားငွေ အမျိုးအစားဖြင့် နိုင်ငံခြား ငွေစာရင်းကို လည်းကောင်း၊ ကျပ်ငွေ စာရင်းကိုလည်းကောင်း ဖွင့်လှစ် ဆောင်ရွက်ရမည်။

 

အခန်း(၁၈)

စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်များ

 

၄၂။    ကော်မရှင်သည် ဤဥပဒေပါ ပြဋ္ဌာန်းချက်၊ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်များ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက် သို့မဟုတ် ခွင့်ပြုမိန့်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်သည့် ရင်းနှီးမြှုပ်နှံသူအား အောက်ပါစီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ် တစ်ရပ်ရပ် ကိုဖြစ်စေ၊ ပြစ်ဒဏ် များကိုဖြစ်စေ ချမှတ်နိုင်သည်-

 

 

(က)

သတိပေးခြင်း၊

 

 

(ခ)

အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို ယာယီရပ်ဆိုင်းခြင်း၊

 

 

(ဂ)

ခွင့်ပြုမိန့်ကို ပြန်လည်ရုပ်သိမ်းခြင်း၊

 

 

(ဃ)

နောင်တွင် မည်သည့်ခွင့်ပြုမိန့်မျှ ထုတ်ပေးမည် မဟုတ်သော နာမည်ပျက် စီးပွားရေး လုပ်ငန်းစာရင်း၌ ထည့်သွင်းခြင်း။

 

အခန်း(၁၉)

အငြင်းပွားမှု ဖြေရှင်းခြင်း

၄၃။    ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနှင့်စပ်လျဉ်း၍ အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်ပါက –

 

 

(က)

အငြင်းပွားသူ ပုဂ္ဂိုလ်များအကြား ပေါ်ပေါက်လာသည့် အငြင်းပွားမှုကို ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်း ဆောင်ရွက်ရမည်။

 

 

(ခ)

ပုဒ်မခွဲ(က)အရ ဖြေရှင်း၍ ပြေလည်မှု မရရှိပါက-

 

 

 

(၁)

သက်ဆိုင်ရာ စာချုပ်တွင် အငြင်းပွားမှု ဖြေရှင်းနည်း သတ်မှတ်ထားခြင်း မရှိလျှင် နိုင်ငံတော်၏တည်ဆဲ ဥပဒေများနှင့် အညီ လိုက်နာဆောင်ရွက်ရမည်။

 

 

 

(၂)

သက်ဆိုင်ရာ စာချုပ်တွင် အငြင်းပွားမှု ဖြေရှင်းနည်း သတ်မှတ် ထားခြင်း ရှိလျှင် ယင်းသတ်မှတ်ထားသည့် ဖြေရှင်းနည်းများနှင့် အညီ လိုက်နာ ဆောင်ရွက်ရမည်။

 

အခန်း(၂ဝ)

အထွေထွေ

 

၄၄။    ကော်မရှင်သည် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် စွမ်းအင်လိုအပ်ချက် ပြည့်မီရန် ထုတ်လုပ်ပြီးမှ ပိုလျှံသည်ကို ပြည်ပသို့ တင်ပို့ရောင်းချရန် ရည်ရွယ်ချက်ဖြင့် ရင်းနှီးမြှုပ်နှံသူက ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္တုစသည့် မတည်ငွေရင်း ကြီးမားသော ထုတ်လုပ်မှု လုပ်ငန်းများတွင် နိုင်ငံတော် သို့မဟုတ် နိုင်ငံသားနှင့် ဖက်စပ်လုပ်ကိုင်စေလျက်  ရင်းနှီးမြှုပ်နှံသူ၏ မတည်ရင်းနှီးငွေကို အပြည့်အဝ သုံးစွဲ၍ သတ်မှတ်ထားသည့် လုပ်ကွက်၌ သတ်မှတ်ထားသော ကာလအတွင်း ဖြစ်နိုင်စွမ်းရှိမရှိ လေ့လာခြင်း၊ စမ်းသပ်ရှာဖွေခြင်း၊ တိုင်းတာခြင်းနှင့် တူးဖော်ခြင်း၊ စီးပွားဖြစ် ထုတ်လုပ်နိုင်စွမ်း ရှိသည့်အဆင့်သို့ ရောက်ရှိ စေရန် ဆောင်ရွက်ခြင်းများအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ သို့မဟုတ် ပြည်ထောင်စု အစိုးရ အဖွဲ့က ဥပဒေနှင့်အညီ အခွင့်အာဏာ အပ်နှင်းထားသော အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းနှင့် ရင်းနှီးမြှုပ်နှံသူတို့ အကြား ထုတ်လုပ်မှုအပေါ် အကျိုးအမြတ် ခွဲဝေခံစားခြင်း သို့မဟုတ် ရရှိသည့် အကျိုးအမြတ်အပေါ် အချိုးကျ ခွဲဝေခံစားခြင်း စနစ်တို့ဖြင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အဆိုပြု တင်ပြလာလျှင် စိစစ်၍ ဤဥပဒေနှင့်အညီ ခွင့်ပြုနိုင်သည်။ ထိုရင်းနှီးမှု လုပ်ငန်းသည် စီးပွားဖြစ် ထုတ်လုပ်နိုင်စွမ်းရှိပါက အကျိုးအမြတ် ကာမိစေရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ သို့မဟုတ် ပြည်ထောင်စုအစိုးရ အဖွဲ့က ဥပဒေနှင့်အညီ အခွင့်အဏာ အပ်နှင်းထားသော  အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း နိုင်ငံသားနှင့် ဖက်စပ်လုပ်ကိုင်သူ ရင်းနှီးမြှုပ်နှံသူတို့အကြား အချိုးကျ၊ အကျိုးအမြတ် ခွဲဝေခံစားခွင့် ရှိစေရမည်။

 

၄၅။   ဤဥပဒေကို မပြဋ္ဌာန်းမီက ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁ဝ/၁၉၈၈) အရ ရင်းနှီးမြှုပ်နှံသူများအား   ဤဥပဒေအရ သတ်မှတ်သည့် ရင်းနှီးမြှုပ်နှံသူများ ဖြစ်သည်ဟု မှတ်ယူရမည်။

 

၄၆။ ရင်းနှီးမြှုပ်နှံသူသည် ကော်မရှင်၊ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသို့ ပြုစုတင်ပြသော အဆိုပြုချက်နှင့်အတူ ပူးတွဲပါ စာရင်းဇယားများ၊ စာချုပ်စာတမ်း အထောက်အထားများ၊ ငွေရေးကြေးရေး အလုပ်သမား ခန့်ထားရေးဆိုင်ရာ အထောက်အထားများ စသည်တို့ကို တမင်မမှန်မကန် ဖော်ပြကြောင်း သို့မဟုတ် ထိမ်ချန် ကြောင်း ခိုင်လုံသော သက်သေခံ အထောက်အထားများ ပေါ်ပေါက်လျှင် ပြစ်မှုကြောင်း အရ အရေးယူခြင်း ခံရမည်။

 

၄၇။    တည်ဆဲ ဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင် ပါရှိစေကာမူ ဤဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဤဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်။

 

၄၈။   ကော်မရှင်သည် အစည်းအဝေးများကို သတ်မှတ်ချက်များနှင့်အညီ ကျင်းပရမည်။

 

၄၉။   ဤဥပဒေက အပ်နှင်းသော လုပ်ပိုင်ခွင့်အရ ကော်မရှင်က ချမှတ်သော အဆုံးအဖြတ်သည် အပြီးအပြတ် အတည်ဖြစ်သည်။

 

၅ဝ။   ဤဥပဒေအရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များနှင့်အညီ သဘောရိုးဖြင့် ဆောင်ရွက်ကြောင်း သက်သေ အထောက်အထားခိုင်လုံသည့် ကိစ္စတစ်ရပ်ရပ်အတွက် ကော်မရှင် အဖွဲ့ဝင် တစ်ဦးဦးကိုဖြစ်စေ၊ ကော်မတီ သို့မဟုတ် အဖွဲ့ငယ်၏ အဖွဲ့ဝင် တစ်ဦးဦးကိုဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်း တစ်ဦးဦးကိုဖြစ်စေ တရားမကြောင်း ဖြင့်သော် လည်ကောင်း၊ ပြစ်မှုကြောင်းဖြင့် သော်လည်းကောင်း တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ။

 

၅၁။   ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်စေရန် အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန သို့မဟုတ် အဖွဲ့အစည်း တစ်ခုခုသည် ကော်မရှင်၏-

 

(က)

ရုံးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရမည်။

 

( ခ )

ကုန်ကျစရိတ်များကို ကျခံရမည်။

 

၅၂။    ဤဥပဒေဖြင့် ရုပ်သိမ်းမည့် ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁ဝ/၁၉၈၈) အရ ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် လုပ်ကိုင်လျက်ရှိသော ရင်းနှီးမြှုပ်နှံသူသည် ခွင့်ပြုမိန့်ပါ စည်းကမ်းချက်များ၊ သက်ဆိုင်ရာ သဘောတူစာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ သက်တမ်းကာလ ကုန်ဆုံးသည်အထိ ဆက်လက်လုပ်ကိုင်ခွင့် အကျိုးခံစားခွင့် ရှိစေရမည်။

 

၅၃။   ကော်မရှင်သည် ပုဒ်မ ၃ နှင့် ပုဒ်မ ၅ တို့အရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ခွင့်ပြုရာတွင် အရေးကြီးသည့်ကိစ္စရပ်အဖြစ် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကို ထိခိုက်လာပါက ပြည်ထောင်စုအစိုးရအဖွဲ့မှ တစ်ဆင့် အနီးကပ်ဆုံး ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြဆောင်ရွက်ရမည်။

 

၅၄။   ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်က အတည်ပြု လက်ခံထားသော အပြည်ပြည်ဆိုင်ရာ စာချုပ်များနှင့် သဘောတူညီချက်ပါ  အချက်တစ်ရပ်ရပ်နှင့် ဆန့်ကျင်ကွဲလွဲပါက အပြည်ပြည်ဆိုင်ရာ စာချုပ်များနှင့် သဘောတူညီချက်ပါ အချက်များကို လိုက်နာရမည်။

 

၅၅။   ဤဥပဒေကို ပြဌာန်းပြီးနောက် လိုအပ်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းခြင်း မပြုနိုင်သေးမီ ကာလအတွင်း ဤဥပဒေနှင့် မဆန့်ကျင်လျှင် ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ဥပဒေအမှတ် ၁ဝ/၁၉၈၈) အရ ထုတ်ပြန်ခဲ့သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း များအား ဆက်လက်ကျင့်သုံးနိုင်သည်။

 

၅၆။   ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်-

 

(က)

အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနသည် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လိုအပ်သော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်များကို ဤဥပဒေ အတည်ဖြစ်သောနေ့မှ ရက်ပေါင်း (၉၀) အတွင်း ထုတ်ပြန်ရမည်။

 

(ခ)

ကော်မရှင်သည် လိုအပ်သော အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

 

၅၇။   ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ (နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁ဝ/၁၉၈၈) ကို ဤဥပဒေဖြင့် ရုပ်သိမ်း လိုက်သည်။

 

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။