သံအရာရှိများနှင့် ကောင်စစ်အရာရှိများ (ကျမ်းသစ္စာများနှင့် အခကြေးငွေများ) အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃။)

၁၃၇၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက်

(၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်)

     ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။

ဤဥပဒေကို သံအရာရှိများနှင့် ကောင်စစ်အရာရှိများ (ကျမ်းသစ္စာများနှင့် အခကြေးငွေများ) အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။

သံအရာရှိများနှင့် ကောင်စစ်အရာရှိများ (ကျမ်းသစ္စာများနှင့်အခကြေးငွေများ) အက်ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ခ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည် –

(က)

“သံအရာရှိ” ဆိုရာတွင် သံအမတ်ကြီး၊ သံအမတ်၊ သံမှူးကြီး၊ သံမှူး၊ သံရုံး၏ အတွင်းဝန်နှင့်သံရုံး ယာယီတာဝန်ခံတို့ ပါဝင်သည်။

(ခ)

“ကောင်စစ်အရာရှိ” ဆိုရာတွင် ကောင်စစ်ဝန်ချုပ်၊ ကောင်စစ်ဝန်၊ ဒုတိယကောင်စစ်ဝန်တို့ ပါဝင်သည့်အပြင် ထိုပုဂ္ဂိုလ်တစ်ဦးဦး၏ တာဝန် ဝတ္တရားများကို ဆောင်ရွက်ရန် အာဏာလွှဲအပ်ခြင်း ခံရသော အခြားပုဂ္ဂိုလ်လည်း ပါဝင်သည်။

၃။

သံအရာရှိများနှင့် ကောင်စစ်အရာရှိများ (ကျမ်းသစ္စာများနှင့် အခကြေးငွေများ) အက်ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (၁) တွင် ပါဝင်သော “တိုင်းတပါးတွင်ဖြစ်စေ၊ အရပ်တပါးတွင် ဖြစ်စေ” ဆိုသည့် စကားရပ်ကို “နိုင်ငံအတွင်းတွင် ဖြစ်စေ၊ နိုင်ငံပြင်ပတွင်ဖြစ်စေ”ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၄။

သံအရာရှိများနှင့်ကောင်စစ်အရာရှိများ (ကျမ်းသစ္စာများနှင့်အခကြေးငွေများ) အက်ဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ (၁) ကို အောက်ပါအတိုင်း အစားထိုးရမည် –

“၇။

(၁)

နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဤအက်ဥပဒေပါ ကိစ္စရပ်များကို ဆောင်ရွက်ရန် အလို့ငှာ –

(က)

လိုအပ်သော နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန် နိုင်သည်။

(ခ)

လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။”

     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။

 (ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။