မြေသြဇာဥပဒေကို ပြင်ဆင်သည့် ဥပဒေ

(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၅ ။)

၁၃၇၆ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက်

( ၂၀၁၅ ခုနှစ်၊ မတ်လ၂၃ ရက် )

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

၁။
ဤဥပဒေကို မြေဩဇာဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။
(က)
မြေဩဇာဥပဒေတွင် ပါရှိသော “မန်နေဂျာ” ဆိုသည့် စကားရပ်ကို “ဦးစီးမှူး” ဆိုသည့် စကားရပ်ဖြင့် အသီးသီး အစားထိုးရမည်။

(ခ)
မြေဩဇာဥပဒေတွင် ပါရှိသော “စစ်ဆေးရေးမှူး” ဆိုသည့် စကားရပ်ကို “စစ်ဆေးရေး အဖွဲ့”ဆိုသည့်စကားရပ်ဖြင့် အသီးသီး အစားထိုးရမည်။

(ဂ)
မြေဩဇာဥပဒေတွင်ပါရှိသော “မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း” ဆိုသည့် စကားရပ်ကို “စိုက်ပျိုးရေးဦးစီးဌာန” ဆိုသည့်စကားရပ်ဖြင့် အသီးသီး အစားထိုးရမည်။

(ဃ)
ပုဒ်မ ၄၊ ပုဒ်မခွဲ (က) တွင်ပါရှိသော “ဦးဆောင်ညွှန်ကြားရေးမှူး” ဆိုသည့် စကားရပ်ကို “ညွှန်ကြားရေးမှူးချုပ်” ဆိုသည့်စကားရပ်ဖြင့် အစားထိုး ရမည်။

၃။
မြေဩဇာဥပဒေပုဒ်မ ၂ တွင် –

(က)
ပုဒ်မခွဲ (င) ကိုအောက်ပါအတိုင်း အစားထိုးရမည်-

“(င)
စံချိန်စံညွှန်း ဆိုသည်မှာ သက်ဆိုင်ရာ မြေဩဇာတွင် ပါဝင်ရမည့် အပင်အာဟာရဓာတ် သို့မဟုတ် အခြားလိုအပ်သော ပစ္စည်း များနှင့် စပ်လျဉ်း၍ မြေဩဇာကော်မတီက သတ်မှတ်သော အနည်းဆုံး ပါဝင်ရမည့် အချိုးအစားနှင့် အရည်အသွေး စံ သတ်မှတ်ချက်ကို ဆိုသည်။”

(ခ)
ပုဒ်မခွဲ (ဍ) ကိုအောက်ပါအတိုင်း အစားထိုးရမည်-

“(ဍ)
လိုင်စင် ဆိုသည်မှာ မြေဩဇာကို စီးပွားရေးအလို့ငှာ သိုလှောင် ခြင်း သို့မဟုတ် ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းကို လုပ်ကိုင် ခွင့်ပြုကြောင်း ဤဥပဒေအရ ထုတ်ပေးသော ခွင့်ပြုချက်ကို ဆိုသည်။”

(ဂ)
ပုဒ်မခွဲ (ဏ) ကိုအောက်ပါအတိုင်း အစားထိုးရမည်-

“(ဏ)

စစ်ဆေးရေးအဖွဲ့ ဆိုသည်မှာ ပုဒ်မ ၂၂ အရ စိုက်ပျိုးရေး ဦးစီးဌာနက တာဝန်ပေးအပ်ခြင်း ခံရသည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့ကို ဆိုသည်။”

၄။
မြေဩဇာဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ (ခ) ကိုအောက်ပါအတိုင်းအစားထိုးရမည်-

“(ခ)

မြေဩဇာ၏ စံချိန်စံညွှန်းကိုသတ်မှတ်ခြင်း၊ စစ်ဆေးရေးအဖွဲ့က တင်ပြ လာသော မြေဩဇာ နမူနာ ဓာတ်ခွဲစမ်းသပ် စစ်ဆေးချက်နှင့် စပ်လျဉ်း၍ မြေဩဇာ စံချိန်စံညွှန်းနှင့် ညီ မညီ အဆုံးအဖြတ်ပေးခြင်း၊”

၅။
မြေဩဇာဥပဒေပုဒ်မ ၁၃ ၊ ပုဒ်မခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(က)
မြေဩဇာကို စီးပွားရေးအလို့ငှာ သိုလှောင်ခြင်း လုပ်ငန်း လုပ်ကိုင် လိုသူသည် လုပ်ငန်း လိုင်စင်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ စိုက်ပျိုးရေး ဦးစီးဌာနသို့ လျှောက်ထားရမည်။”

၆။
မြေဩဇာဥပဒေပုဒ်မ ၁၆ ကိုအောက်ပါအတိုင်း အစားထိုးရမည်-

“၁၆။
မြေဩဇာလုပ်ငန်း လုပ်ကိုင်သူသည် မြေဩဇာထုပ်ပိုး သို့မဟုတ် ထည့်သွင်းထားသည့် ပစ္စည်းပေါ်တွင် အောက်ပါအချက်များကို ဖော်ပြ ရမည်-

(က)
တင်သွင်း၊ ထုတ်လုပ် မှတ်ပုံတင်လက်မှတ်အမှတ်၊

(ခ)
အမှတ်တံဆိပ်၊

(ဂ)
မြေဩဇာ၏ အသားတင်အလေးချိန်၊

(ဃ)
အရည်အသွေး အာမခံချက်၊

(င)
မြေဩဇာတွင် ပါဝင်သည့် အပင်အာဟာရဓာတ် ရာခိုင်နှုန်း၊

(စ)
ထုတ်လုပ်သည့် ကုမ္ပဏီ၊ လုပ်ငန်း၊ အသင်းအဖွဲ့ အမည်၊ ထုတ်လုပ်ရာ ဒေသ၊ ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်း ကုန်ဆုံးသည့် ရက်စွဲ၊ သိုလှောင်ထားရှိရမည့် နည်းစနစ်၊

(ဆ)
မြန်မာဘာသာဖြင့် ဖော်ပြထားသော သုံးစွဲရန် အညွှန်းစာနှင့် သတိပြုရန် အချက်များ။”

၇။
မြေဩဇာဥပဒေပုဒ်မ ၁၇ ကိုအောက်ပါအတိုင်း အစားထိုးရမည်-

“၁၇။
လိုင်စင်ရရှိသူသည် ပုဒ်မ ၁၆ ပါအချက်များဖော်ပြထားသော မှတ်ပုံတင် လက်မှတ် ရရှိထားသည့် မြေဩဇာကိုသာ သိုလှောင်ခြင်း သို့မဟုတ် ဖြန့်ဖြူး ရောင်းချခြင်းပြုရမည်။”

၈။
မြေဩဇာဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (က) ကိုအောက်ပါအတိုင်း အစားထိုးရမည်-

“(က)

မြေဩဇာ သိုလှောင်ခြင်း လုပ်ငန်းလိုင်စင်ရရှိသူသည် လုပ်ငန်းကို ဆက်လက် လုပ်ကိုင်လိုလျှင် လိုင်စင်သက်တမ်း တိုးမြှင့်ပေးရန် သက်တမ်း မကုန်ဆုံးမီ အနည်းဆုံး ရက်ပေါင်း ၃၀ ကြိုတင်၍ သတ်မှတ်ချက်များနှင့်အညီ စိုက်ပျိုးရေးဦးစီးဌာနသို့ လျှောက်ထားရမည်။”

၉။
မြေဩဇာဥပဒေပုဒ်မ ၂၂ ကိုအောက်ပါအတိုင်း အစားထိုးရမည်-

“၂၂။
စိုက်ပျိုးရေးဦးစီးဌာနသည် ဤဥပဒေပါ စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်-

(က)

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့် စစ်ဆေးရေး အဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်း တာဝန် ပေးအပ်နိုင်သည်-

(၁)

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်

မြေအသုံးချရေး တာဝန်ခံ

အဖွဲ့ခေါင်းဆောင်

(၂)

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဦးစီးမှူးက

တာဝန်ပေးအပ်သော ဝန်ထမ်း နှစ်ဦး

အဖွဲ့ဝင်များ

(ခ)

ခရိုင်အဆင့် စစ်ဆေးရေးအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်း တာဝန်ပေးအပ်နိုင်သည်-

(၁)
ခရိုင်မြေအသုံးချရေး တာဝန်ခံ
အဖွဲ့ခေါင်းဆောင်

(၂)
ခရိုင်ဦးစီးမှူးက တာဝန်ပေးအပ် သော

ဝန်ထမ်း နှစ်ဦး

အဖွဲ့ဝင်များ

(ဂ)

မြို့နယ်အဆင့်စစ်ဆေးရေးအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်း တာဝန် ပေးအပ်နိုင်သည်-

(၁)

မြို့နယ်ဦးစီးမှူး

အဖွဲ့ခေါင်းဆောင်

(၂)

မြို့နယ်ဦးစီးမှူးက တာဝန်ပေးအပ် သော

ဝန်ထမ်း နှစ်ဦး

အဖွဲ့ဝင်များ

၁၀။

မြေဩဇာဥပဒေပုဒ်မ ၂၃ တွင်-

(က)

ပုဒ်မခွဲ (ခ) ကိုအောက်ပါအတိုင်း အစားထိုးရမည်-

“(ခ)

မြေဩဇာကို စံချိန်စံညွှန်းနှင့် ညီ မညီ စစ်ဆေးရန် မြေဩဇာ နမူနာကို ရယူခြင်း၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းနှင့် စစ်ဆေး တွေ့ရှိချက်တို့ကို မြေအသုံးချရေးဌာနခွဲသို့ ဆက်လက် တင်ပြခြင်း၊”

(ခ)

ပုဒ်မခွဲ (ဃ) ကိုအောက်ပါအတိုင်း အစားထိုးရမည်-

“(ဃ)
ဤဥပဒေပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း စစ်ဆေး တွေ့ရှိပါက သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် မြေဩဇာ ကော်မတီသို့ တင်ပြခြင်း၊”

၁၁။
မြေဩဇာဥပဒေ ပုဒ်မ ၂၆ တွင်-

(က)
ပုဒ်မခွဲ (က) ကိုအောက်ပါအတိုင်း အစားထိုးရမည်-

“(က)
မြေဩဇာသိုလှောင်ခြင်း လုပ်ငန်းလိုင်စင်ရရှိသူက ပုဒ်မ ၁၅ ပါ တာဝန်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊”

(ခ)

ပုဒ်မခွဲ (ခ) ကိုပယ်ဖျက်ရမည်။

၁၂။

မြေဩဇာဥပဒေပုဒ်မ ၂၉၊ ပုဒ်မခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(က)

မြေဩဇာ သိုလှောင်ခြင်း လုပ်ငန်းလိုင်စင်နှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး ဦးစီးဌာနက ချမှတ်သည့်အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူ သည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း သတ်မှတ်ချက်များနှင့်အညီ မြေဩဇာ ကော်မတီသို့ အယူခံနိုင်သည်။”

၁၃။

မြေဩဇာဥပဒေ ပုဒ်မ ၃၂တွင်ပါရှိသော “ပေါင်းစပ်ခြင်း၊ ရောနှောခြင်း၊ ပြန်လည် ထုပ်ပိုးခြင်း”ဆိုသည့် စကားရပ်ကို ပယ်ဖျက်ရမည်။

၁၄။

မြေဩဇာဥပဒေပုဒ်မ ၃၆ တွင်ပါရှိသော “ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ငွေဒဏ် ကျပ် ၁၅၀၀၀၀ အထိဖြစ်စေ၊” ဆိုသည့် စကားရပ်ကို “ထောင်ဒဏ် သုံးနှစ် အထိဖြစ်စေ၊ ငွေဒဏ် ကျပ် ၁၀ သိန်းအထိဖြစ်စေ၊” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၁၅။

မြေဩဇာဥပဒေပုဒ်မ ၃၇ တွင်ပါရှိသော “ထောင်ဒဏ် ၁ နှစ်အထိဖြစ်စေ၊ ငွေဒဏ် ကျပ် ၅၀၀၀၀ အထိဖြစ်စေ၊”ဆိုသည့် စကားရပ်ကို “ထောင်ဒဏ် တစ်နှစ် အထိ ဖြစ်စေ၊ ငွေဒဏ်ကျပ် ငါးသိန်းအထိဖြစ်စေ၊” ဆိုသည့်စကားရပ်ဖြင့် အစားထိုး ရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။