သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ

(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၄ ။)

၁၃၇၈ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်

(၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) သက်ကြီးရွယ်အို ဆိုသည်မှာ အသက် ၆၀ နှစ်နှင့် အထက်ရှိသော မြန်မာနိုင်ငံသား အားလုံးကို ဆိုသည်။

(ခ) အိုမင်းမစွမ်းသူ ဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ချို့တဲ့ပြီးတစ်ပါးသူ၏ အကူအညီမပါဘဲ မိမိကိုယ်တိုင် ရပ်တည်နိုင်ခြင်းမရှိသော သက်ကြီးရွယ်အိုကို ဆိုသည်။

(ဂ) စရိတ်ထောက်ပံ့မှုလိုအပ်သောမိဘဘိုးဘွား ဆိုသည်မှာ သားသမီးနှင့်မြေးများမရှိခြင်းကြောင့် ဖြစ်စေ၊ သားသမီးနှင့် မြေးများရှိသော်လည်း ၎င်းတို့ကစွန့်ပစ်ထားခြင်း၊ လျစ်လျူရှုပြီး မထောက်ပံ့ခြင်း သို့မဟုတ် ထောက်ပံ့နိုင်မှုမရှိခြင်းကြောင့်ဖြစ်စေ ဆင်းရဲချို့တဲ့သော သို့မဟုတ် မိမိကိုယ်တိုင်ရပ်တည်နိုင်ခြင်းမရှိသော သက်ကြီးရွယ်အို မိဘဘိုးဘွားကို ဆိုသည်။ ယင်းစကားရပ်တွင် မိဘမဲ့ သို့မဟုတ် မိဘရှိသော်လည်း မိဘများကိုယ်စား သားသမီးများအားကြည့်ရှုစောင့်ရှောက်ခဲ့သည့်သွေးရင်း ဦးကြီး ဦးလေး၊ ဒေါ်ကြီး ဒေါ်လေးတို့နှင့်သွေးသားမတော်စပ်သော်လည်း ကြည့်ရှုစောင့်ရှောက်ခဲ့သည့် ပုဂ္ဂိုလ်များလည်းပါဝင်သည်။

(ဃ) စရိတ်ထောက်ပံ့မှု ဆိုရာတွင် သက်ကြီးရွယ်အို၏ လိုအပ်သော စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေးစောင့်ရှောက်မှုတို့အတွက် ထောက်ပံ့ဖြည့်ဆည်းပေးရသော စရိတ်တို့ ပါဝင်သည်။

(င) မိဘ ဆိုသည်မျာ မိရင်း၊ ဖရင်းနှင့် မွေးစားမိဘတို့ကို ဆိုသည်။ ယင်းစကားရပ်တွင် လင်ပါ၊ မယားပါ သားသမီးများအား ကြည့်ရှုစောင့်ရှောက်ခဲ့သည့် မိထွေး၊ ပထွေးများလည်း ပါဝင်သည်။

(စ) သားသမီး ဆိုသည်မှာ သားရင်း သမီးရင်း၊ မွေးစားသားနှင့်မွေးစားသမီးတို့ကိုဆိုသည်။ ယင်းစကားရပ်တွင် မိထွေး၊ ပထွေးကကြည့်ရှုစောင့်ရှောက်ခဲ့သည့် လင်ပါ၊ မယားပါ သားသမီးများလည်း ပါဝင်သည်။

(ဆ) သက်ကြီးရွယ်အိုသက်သေခံကတ်ပြား ဆိုသည်မှာ သက်ကြီးရွယ်အိုများ၏ အခွင့်အရေး များကို ခံစားခွင့်ပေးနိုင်ရန် ဤဥပဒေအရ ထုတ်ပေးထားသော သက်သေခံကတ်ပြားကို ဆိုသည်။(ဇ) မိသားစုစောင့်ရှောက်မှု ဆိုသည်မှာ သက်ကြီးရွယ်အို မိဘဘိုးဘွားများအား ၎င်းတို့၏ မိသားစုဝင်များက ကြည့်ရှုစောင့်ရှောက်မှုကို ဆိုသည်။(ဈ) အိမ်အခြေပြု၊ ရပ်ရွာအခြေပြုစောင့်ရှောက်မှု ဆိုသည်မှာ သက်ကြီးရွယ်အိုများအချင်းချင်းဖြစ်စေ၊ မိသားစုမှဖြစ်စေ၊ စေတနာ့ဝန်ထမ်း သို့မဟုတ် အခပေးဝန်ဆောင်မှု ပေးသူများအပါအဝင် မိသားစုဝင်မဟုတ်သောအခြားစောင့်ရှောက်သူများမှဖြစ်စေ အိမ်တိုင်ရာရောက် စောင့်ရှောက်မှုပေးခြင်းသို့မဟုတ် ရပ်ရွာပြည်သူလူထုအတွင်း စောင့်ရှောက်မှုပေးခြင်းကို ဆိုသည်။

(ည) လူမှုရေးစောင့်ရှောက်မှု ဆိုသည်မှာ စိတ်ခံစားမှုဆိုင်ရာ အကျိုးကျေးဇူးများနှင့် လူမှုရေး နယ်ပယ်ရှိ အပြန်အလှန်ဆက်ဆံမှုတို့ကို ပိုမိုတိုးမြှင့်ရန်အလို့ငှာ တစ်ကိုယ်ရေ စောင့်ရှောက်မှု အတွက် လိုအပ်သော အစားအသောက်၊ အသုံးအဆောင်ပစ္စည်းကိရိယာများနှင့် နေ့စဉ်လှုပ်ရှားမှုများအတွက် လိုအပ်ချက်များကို လူမှုရေးအထောက်အပံ့များနှင့်တကွ ဖြည့်ဆည်းစောင့်ရှောက်ပေးခြင်းကို ဆိုသည်။

(ဋ) ကျန်းမာရေးစောင့်ရှောက်မှု ဆိုသည်မှာ ရောဂါကြိုတင်ကာကွယ်ခြင်း၊ ရောဂါရှာဖွေစစ်ဆေးခြင်း၊ ကုသခြင်း၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း နှင့် အခြားကျန်းမာရေး ဝန်ဆောင်မှုများ ထောက်ပံ့ပေးခြင်းတို့ကို ဆိုသည်။

(ဌ) ဘိုးဘွားရိပ်သာ ဆိုသည်မှာ စီးပွားရေးအလို့ငှာဖြစ်စေ၊ စေတနာ့ဝန်ထမ်းပရဟိတဖြစ်စေ သက်ကြီးရွယ်အိုများအား နားခိုရာရိပ်သာ စားသောက်နေထိုင်မှု၊ လူမှုရေးစောင့်ရှောက်မှု နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ထောက်ပံ့ပေးလျက်ရှိသော ရိပ်သာကို ဆိုသည်။(ဍ) တည်ထောင်ခွင့်ပြုမိန့် ဆိုသည်မှာ ဘိုးဘွားရိပ်သာ တည်ထောင်ရန် ဤဥပဒေအရ ထုတ်ပေးသည့် ခွင့်ပြုမိန့်ကို ဆိုသည်။

(ဎ) သက်ကြီးရွယ်အိုကြည့်ရှုစောင့်ရှောက်ရေးလုပ်ငန်း ဆိုသည်မှာ စီးပွားရေး အလို့ငှာဖြစ်စေ၊ စေတနာ့ဝန်ထမ်း ပရဟိတဖြစ်စေ သက်ကြီးရွယ်အိုများအား လူမှုရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု များအား ပုဂ္ဂလိကနှင့် အစိုးရမဟုတ်သော လူမှုရေး အဖွဲ့အစည်းများက ဆောင်ရွက်သောလုပ်ငန်းကိုဆိုသည်။

(ဏ) လုပ်ငန်းလုပ်ကိုင်ခွင့် ဆိုသည်မှာ သက်ကြီးရွယ်အို ကြည့်ရှုစောင့်ရှောက်ရေးလုပ်ငန်းလုပ်ကိုင်ရန် ဤဥပဒေအရ ထုတ်ပေးသည့် ခွင့်ပြုမိန့်ကို ဆိုသည်။

(တ) ရန်ပုံငွေ ဆိုသည်မှာ သက်ကြီးရွယ်အိုများအား ထောက်ပံ့ရေးနှင့် ကြည့်ရှုစောင့်ရှောက်ရေးအတွက် ဤဥပဒေအရတည်ထောင်သော ရန်ပုံငွေကို ဆိုသည်။

(ထ) မတရားပြုကျင့်ခြင်း ဆိုရာတွင် သက်ကြီးရွယ်အိုအား အစားအသောက် သို့မဟုတ် ဆေးဝါးကို လုံလောက်စွာမပေးခြင်း၊ ရိုက်နှက်ခြင်း၊ နှုတ်ဖြင့်စော်ကားခြင်း၊ တောင်းရမ်းခိုင်းခြင်း၊ ဘေးအန္တရာယ်ဖြစ်စေခြင်း အပါအဝင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် မလျော်မကန် ပြုလုပ်ခြင်းတို့ ပါဝင်သည်။

(ဒ) လျစ်လျူရှုခြင်း ဆိုသည်မှာ သက်ကြီးရွယ်အိုအား ထိုက်သင့်အားလျော်စွာတွေ့ဆုံမှုမပြုခြင်း၊ လိုအပ်သော အစားအသောက်များ လုံလောက်စွာ ဖြည့်ဆည်းမပေးခြင်း သို့မဟုတ် တစ်သီးတစ်ခြား ခွဲထားခြင်းကို ဆိုသည်။

(ဓ) မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ပြည်ထောင်စု အစိုးရအဖွဲ့က ဖွဲ့စည်းသော အမျိုးသားအဆင့် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီကို ဆိုသည်။

(န) ဒေသဆိုင်ရာကော်မတီများ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်နှင့်မြို့နယ် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီများကို ဆိုသည်။

(ပ) ဝန်ကြီးဌာန ဆိုသည်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကို ဆိုသည်။

(ဖ) လူမှုဝန်ထမ်းအရာရှိ ဆိုသည်မှာ ဤဥပဒေပါ လူမှုဝန်ထမ်းအရာရှိ၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန် လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ပေးအပ်ခြင်းခံရသော လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းကိုသော်လည်းကောင်း၊ လူမှုဝန်ထမ်းအရာရှိ၏ လုပ်ငန်း တာဝန်များကို ထမ်းဆောင်နိုင်ရန် တာဝန်ပေးအပ်ခြင်းခံရသော နိုင်ငံ့ဝန်ထမ်း သို့မဟုတ် အခြားသင့်လျော်သောနိုင်ငံသားကိုသော်လည်းကောင်း ဆိုသည်။

(ဗ) ဘိုးဘွားရိပ်သာတာဝန်ခံပုဂ္ဂိုလ် ဆိုသည်မှာ ဘိုးဘွားရိပ်သာကို ပိုင်ဆိုင်သူ၊ တည်ထောင်သူ သို့မဟုတ် တာဝန်ယူ၍ စီမံခန့်ခွဲသူကိုဆိုသည်။ ယင်းစကားရပ်တွင် ထိုသူတစ်ဦးဦးက လွှဲအပ်တာဝန်ပေးထားခြင်းခံရသောပုဂ္ဂိုလ်လည်း ပါဝင်သည်။

အခန်း(၂)

ရည်ရွယ်ချက်များ

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) သက်ကြီးရွယ်အိုများကို ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေးစောင့်ရှောက်မှု မြှင့်တင်ရန်နှင့် လိုအပ်သည့်နည်းပညာနှင့် စီမံခန့်ခွဲဆိုင်ရာ အကူအညီများပေးရန်၊

(ခ) နိုင်ငံတော်နှင့် စေတနာရှင်များက သက်ကြီးရွယ်အိုများအား ထောက်ပံ့ပေးအပ်ခြင်းဖြင့်လည်းကောင်း၊ သက်ကြီးရွယ်အိုများ ဆောင်ရွက်နေသောဝင်ငွေရလုပ်ငန်းများကို တိုက်တွန်းအားပေးခြင်းဖြင့်လည်းကောင်း သက်ကြီးရွယ်အိုများကို ဝင်ငွေပုံမှန်ရရှိစေရေး ဆောင်ရွက်ပေးရန်၊

(ဂ) သက်ကြီးရွယ်အိုများသည် မိမိကိုယ်မိမိ စောင့်ရှောက်မှု၊ မိသားစုစောင့်ရှောက်မှုနှင့် အိမ်အခြေပြု၊ ရပ်ရွာအခြေပြုစောင့်ရှောက်မှုများအား လုံလောက်စွာရရှိစေရန်၊

(ဃ) စောင့်ရှောက်မည့်သူမရှိသည့် ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုများနှင့် အိုမင်းမစွမ်းသူများအတွက် ၎င်းတို့ဆန္ဒနှင့်အညီ ဘိုးဘွားရိပ်သာများတွင် နားခိုစောင့်ရှောက်မှုပေးနိုင်ရန်၊

(င) အိမ်အခြေပြု၊ ရပ်ရွာအခြေပြုစောင့်ရှောက်မှုအဖွဲ့များကို တိုးမြှင့်ဖွဲ့စည်းခြင်းဖြင့် လူမှုရေးနှင့် ရပ်ရေးရွာရေးများတွင် သက်ကြီးရွယ်အိုများ ပါဝင်ဆောင်ရွက်ရေးကို တိုးမြှင့်နိုင်ရန်၊

(စ) အမျိုးသားကျန်းမာရေးစောင့်ရှောက်မှု စနစ်များတွင် သက်ကြီးရွယ်အိုများလွယ်ကူစွာ ရရှိနိုင်သော ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ထည့်သွင်းဆောင်ရွက်ပေးနိုင်ရန်၊

(ဆ) လှုပ်ရှားသွားလာ နေထိုင်ရေးနှင့် သယ်ယူပို့ဆောင်ရေးတို့တွင် ဈေးနှုန်းသက်သာ၍ လွယ်ကူစွာ အသုံးပြုနိုင်သော အထောက်အကူပြု ပစ္စည်းများ ပံ့ပိုးပေးနိုင်ရန်၊

(ဇ) သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်ကာလနှင့် ပြန်လည်ထူထောင်ရေးကာလများအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ ငွေကြေးအထောက်အပံ့များ၊ ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ကယ်ဆယ်ရေးစခန်းများ စီစဉ်ပံ့ပိုးရာတွင် သက်ကြီးရွယ်အိုများ အတွက် အထူးအလေးထား ဆောင်ရွက်ရန်၊

(ဈ) သက်ကြီးရွယ်အိုများ ဘေးကင်းလုံခြုံစိတ်ချရသော ပတ်ဝန်းကျင် ရရှိနိုင်စေရန်။

အခန်း(၃)

မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်းနှင့်တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၄။ ပြည်ထောင်စုအစိုးရအဖွဲ့သည်-

(က) ဤဥပဒေပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း၊ သက်ကြီးရွယ်အိုများ၏အခွင့်အရေးများကို ကာကွယ်ရေးနှင့်သက်ကြီး ရွယ်အိုများအား ကြည့်ရှုစောင့်ရှောက်ရေး အတွက်လည်းကောင်း၊ မူဝါဒများနှင့် လမ်းညွှန်ချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်မှုကို ကြီးကြပ်ခြင်းများ ပြုနိုင်ရေးအတွက်လည်းကောင်း အောက်ပါပုဂ္ဂိုလ်များ ပါဝင်သည့် မြန်မာနိုင်ငံသက်ကြီး ရွယ်အိုများဆိုင်ရာကော်မတီကို ဖွဲ့စည်းရမည်-

(၁) ပြည်ထောင်စုဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဥက္ကဋ္ဌ

(၂) ဒုတိယဝန်ကြီး သို့မဟုတ် အမြဲတမ်းအတွင်းဝန်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဥက္ကဋ္ဌ

(၃) ဒုတိယဝန်ကြီး သို့မဟုတ် အမြဲတမ်းအတွင်းဝန်ပြည်ထဲရေးဝန်ကြီးဌာနအဖွဲ့ဝင်

(၄) ဒုတိယဝန်ကြီး သို့မဟုတ် အမြဲတမ်းအတွင်းဝန်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအဖွဲ့ဝင်

(၅) ဒုတိယဝန်ကြီး သို့မဟုတ် အမြဲတမ်းအတွင်းဝန်ပညာရေးဝန်ကြီးဌာနအဖွဲ့ဝင်

(၆) ဒုတိယဝန်ကြီး သို့မဟုတ် အမြဲတမ်းအတွင်းဝန်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအဖွဲ့ဝင်

(၇) ဒုတိယဝန်ကြီး သို့မဟုတ် အမြဲတမ်းအတွင်းဝန္ ပြန်ကြားရေးဝန်ကြီးဌာနအဖွဲ့ဝင်

(၈) ဒုတိယဝန်ကြီး သို့မဟုတ် အမြဲတမ်းအတွင်းဝန်အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အဖွဲ့ဝင်

(၉) ဒုတိယဝန်ကြီး သို့မဟုတ် အမြဲတမ်းအတွင်းဝန်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအဖွဲ့ဝင်

(၁၀) ဒုတိယဝန်ကြီး သို့မဟုတ် အမြဲတမ်းအတွင်းဝန်ဆောက်လုပ်ရေးဝန်ကြီးဌာနအဖွဲ့ဝင်

၁၁) ဒုတိယဝန်ကြီး သို့မဟုတ် အမြဲတမ်းအတွင်းဝန်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအဖွဲ့ဝင်

(၁၂) သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီများမှသုံးဦးထက်မပိုသော ကိုယ်စားလှယ်မျာ အဖွဲ့ဝင်များ(၁၃) ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ္ အဖွဲ့ဝင်

(၁၄) ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် (၁၅) ပြည်တွင်းရှိ အစိုးရမဟုတ်သော သက်ကြီးရွယ်အိုဆိုင်ရာ အဖွဲ့အစည်းများမှ ငါး ဦးထက်မပိုသော သင့်လျော်သည့်ကိုယ်စားလှယ်များအဖွဲ့ဝင်များ

(၁၆) ညွှန်ကြားရေးမှူးချုပ် လူမှုဝန်ထမ်းဦးစီးဌာနအတွင်းရေးမှူး

(၁၇) ဒုတိယညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်းဦးစီးဌာန တွဲဖက်အတွင်းရေးမှူး

(ခ) လိုအပ်ပါက မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီကို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

၅။ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ဤဥပဒေ၏ ရည်ရွယ်ချက်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လိုအပ်သော မူဝါဒများ၊ လုပ်ငန်းစီမံချက်များနှင့်လမ်းညွှန်ချက်များ ချမှတ်ခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့်စောင့်ကြည့်ခြင်း၊ အကဲဖြတ်ခြင်းနှင့်ကြီးကြပ်ခြင်း၊

(ခ) သက်ကြီးရွယ်အိုများ အထူးသဖြင့် အိုမင်းမစွမ်းသူများအား ထိရောက်စွာ ထောက်ပံ့ကူညီရေးနှင့် စောင့်ရှောက်ရေးတို့အတွက် ဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်စီမံကိန်း၊ စီမံချက်နှင့် အစီအစဉ်များ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

(ဂ) မိမိ၏ တာဝန်များနှင့် လုပ်ပိုင်ခွင့်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လိုအပ်သော လုပ်ငန်းကော်မတီများ၊ ဆပ်ကော်မတီများနှင့်အကြံပေး အဖွဲ့တို့ကို ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်း၊

(ဃ) သက်ကြီးရွယ်အိုများအတွက် မိသားစုစောင့်ရှောက်မှု၊ အိမ်အခြေပြု၊ ရပ်ရွာအခြေပြုစောင့်ရှောက်မှု၊ လူမှုရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကိုလည်းကောင်း၊ ထောက်ပံ့ရန်လိုအပ်သော သက်ကြီးရွယ်အိုများနှင့် အိုမင်းမစွမ်းသူများအတွက် ကူညီ ထောက်ပံ့မှုတို့ကိုလည်းကောင်း လုပ်ငန်းအစီအစဉ်များချမှတ်၍ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း၊

(င) ရိုးရာအစဉ်အလာ စံသတ်မှတ်ချက်များအပေါ် အခြေခံတည်ဆောက်ထားသော မိသားစုပုံစံကို ပိုမိုခိုင်မာစေရန် အစီအစဉ်များချမှတ်ဆောင်ရွက်ခြင်း၊

(စ) နိုင်ငံတော်က သဘောတူလက်ခံထားသော သက်ကြီးရွယ်အိုများ၏အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ ကြေညာစာတမ်းများ၊ သဘောတူစာချုပ်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

(ဆ) သက်ကြီးရွယ်အိုသက်သေခံကတ်ပြားများ ထုတ်ပေးခြင်းနှင့်စပ်လျဉ်း၍လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်းနှင့် သက်ကြီးရွယ်အိုများဆိုင်ရာ ကိန်းဂဏန်း၊ သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ မှန်ကန်စေရန် ကြီးကြပ်ဆောင်ရွက်ခြင်း၊

(ဇ) သက်ကြီးရွယ်အိုများ ကြုံတွေ့ရသည့်ပြဿနာများ၏ အခြေခံအကြောင်းအရင်းများ၊ လိုအပ်ချက်များ၊ လိုအင်ဆန္ဒများကို ဖော်ထုတ်နိုင်မည့်လေ့လာမှုများ၊ သုတေသနပြုခြင်းများ တိုးမြှင့်ဆောင်ရွက်ပြီး၊ ထိရောက်သော လုပ်ငန်းလမ်းညွှန်ချက်များ ချမှတ်ပေးခြင်း၊

(ဈ) သက်ကြီးရွယ်အိုများ၏ ပြဿနာများ၊ လိုအပ်ချက်များ၊ လိုအင်ဆန္ဒများကို ပြည်သူများ နားလည်သဘောပေါက်စေရန် အသိပညာပေးခြင်း၊

(ည) စောင့်ရှောက်ရေးဌာနများ၊ အပန်းဖြေနားနေရန်နေရာများ၊ သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေး ဌာနများနှင့် ဘိုးဘွားရိပ်သာများ တည်ထောင်ဖွင့်လှစ်ခြင်း၊ လမ်းညွှန်ချက်များနှင့် စည်းကမ်းချက်များချမှတ်ခြင်း၊ လိုအပ်သောပံ့ပိုးမှုများပေးခြင်း၊

(ဋ) သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ရေးသည် မျိုးဆက်သစ်လူငယ်များတွင် တာဝန်ရှိသည်ဟူသော ခံယူချက်တိုးပွားလာစေရန် ကျောင်းများနှင့် အခြားသင့်လျော်သောနေရာများတွင် ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ အလုပ်ရုံ ဆွေးနွေးပွဲများနှင့် အခြားအစီအစဉ်များပြုလုပ်ပေးခြင်း၊

(ဌ) သက်ကြီးရွယ်အိုများ ခံစားခွင့်ရှိသော ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သတင်းအချက်အလက်များပေးခြင်း၊

(ဍ) မျိုးဆက်သစ်လူငယ်များကို သက်ကြီးရွယ်အို ဘဝအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် စပ်လျဉ်းသော အစီအမံများကို မိတ်ဆက်ပေးခြင်း၊ သင့်လျော်သော လူမှုဖူလုံရေးအစီအစဉ်များကို စတင်ဆောင်ရွက်ခြင်းနှင့် ၎င်းအစီအစဉ်များတွင် လူငယ်များ ပါဝင်လာရေးအတွက် တိုက်တွန်းအားပေးမှု ပြုလုပ်ခြင်း၊

(ဎ) သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများနှင့် ကောင်းကျိုးများအား ကာကွယ်ရန်၊ မြှင့်တင်ရန်နှင့် ခွဲခြားဆက်ဆံမှုများအား တားဆီးရန်အတွက် တည်ဆဲဥပဒေများကို ပြန်လည်သုံးသပ်ပြီး လိုအပ်သလို ပြင်ဆင်နိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း၊

(ဏ) ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သော လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

၆။ ဝန်ကြီးဌာနသည် မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီတို့၏ ရုံးလုပ်ငန်းတာဝန်များကို ဆောင်ရွက်ပေးရမည်။

၇။ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီတို့၏ နိုင်ငံ့ဝန်ထမ်းမဟုတ်သော အဖွဲ့ဝင်များသည် ဝန်ကြီးဌာနက သတ်မှတ်သည့် ချီးမြှင့်ငွေနှင့်စရိတ်တို့ကို ခံစားခွင့်ရှိသည်။

၈။ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ တို့၏ ကုန်ကျစရိတ်များကို ဝန်ကြီးဌာန၏ ဘဏ္ဍာငွေ အရအသုံးငွေစာရင်းမှ ကျခံရမည်။

အခန်း(၄)

ဒေသဆိုင်ရာကော်မတီများဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်များ

၉။ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည်-

(က) နိုင်ငံတော်၏ သက်ကြီးရွယ်အို ထောက်ပံ့ရေးနှင့် ကြည့်ရှုစောင့်ရှောက်ရေးဆိုင်ရာစီမံကိန်းကို မိမိတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ထိုစီမံကိန်းကို စောင့်ကြည့်ကွပ်ကဲနိုင်ရန်အလို့ငှာ မြန်မာနိုင်ငံသက်ကြီး ရွယ်အိုများ ဆိုင်ရာ ကော်မတီ၏ လမ်းညွှန်ချက်ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် သက်ဆိုင်ရာအစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများ၊ သက်ကြီးရွယ်အို ထောက်ပံ့ရေးနှင့် ကြည့်ရှုစောင့်ရှောက်ရေးဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များပါဝင်သည့် ၁၅ ဦးထက်မပိုသော သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီကို ဖွဲ့စည်းရမည်။

(ခ) လိုအပ်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီကို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

၁၀။ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည်-

(က) မိမိတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း သက်ကြီးရွယ်အိုများအားထောက်ပံ့ရေး နှင့် ကြည့်ရှုစောင့်ရှောက်ရေးအတွက် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာအစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများမှသင့်လျော်သည့် ကိုးဦးထက်မပိုသော ပုဂ္ဂိုလ်များပါဝင်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်နှင့်မြို့နယ်သက်ကြီးရွယ်အိုများ ဆိုင်ရာကော်မတီများကို ဖွဲ့စည်းပေးရမည်။

(ခ) လိုအပ်ပါက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင် နှင့် မြို့နယ်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီများကို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

၁၁။ ဒေသဆိုင်ရာကော်မတီများသည် မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့်-

(က) နိုင်ငံတော်၏ သက်ကြီးရွယ်အိုများအား ထောက်ပံ့ရေးနှင့် ကြည့်ရှုစောင့်ရှောက်ရေးဆိုင်ရာစီမံကိန်းနှင့် စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိမိဒေသ၏ဓလေ့ထုံးတမ်း၊ လူမှုအဖွဲ့အစည်း ကျင့်စဉ်များနှင့် လိုက်လျောညီထွေ ရှိစေမည့် သက်ကြီးရွယ်အိုများအားထောက်ပံ့ရေးနှင့် ကြည့်ရှုစောင့်ရှောက်ရေး အစီအစဉ်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့်ကြီးကြပ်ခြင်း ပြုရမည်။

(ခ) ဤဥပဒေပါ ရည်ရွယ်ချက်များ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ကြောငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများပါ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။

၁၂။ ဒေသဆိုင်ရာကော်မတီများ၏ ရုံးလုပ်ငန်းတာဝန်များကို သက်ဆိုင်ရာလူမှုဝန်ထမ်းဦးစီးဌာနရုံးများက ဆောင်ရွက်ပေးရမည်။

၁၃။ နိုင်ငံ့ဝန်ထမ်း မဟုတ်သော ဒေသဆိုင်ရာကော်မတီများ၏ အဖွဲ့ဝင်သည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့က သတ်မှတ်သည့် ချီးမြှင့်ငွေနှင့်စရိတ် တို့ကိုခံစားခွင့်ရှိသည်။

၁၄။ ဒေသဆိုင်ရာကော်မတီများ၏ ကုန်ကျစရိတ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အရအသုံးငွေစာရင်းမှ ကျခံရမည်။

အခန်း(၅)

သက်ကြီးရွယ်အိုများ၏အခွင့်အရေးများ

၁၅။ သက်ကြီးရွယ်အိုတိုင်းသည် ဤဥပဒေအရ သတ်မှတ်ထားသော အခွင့်အရေးများကို လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာမှုတို့ကို အကြောင်းပြု၍ ခွဲခြားဆက်ဆံမှုမရှိစေဘဲ ခံစားခွင့်ရှိစေရမည်။

၁၆။ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများတွင် အောက်ပါတို့ပါဝင်သည်-

(က) အခြေခံစားဝတ်နေရေး၊ လှုပ်ရှားသွားလာရေးနှင့် မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှု ခံယူရေးတို့တွင် သင့်လျော်သောအထောက်အပံ့ရရှိခွင့်၊

(ခ) ဘာသာရေးအရ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊

(ဂ) တစ်သီးပုဂ္ဂလ လွတ်လပ်ခွင့်၊ မိမိဘဝအတွက် ဆုံးဖြတ်ချက်များချမှတ်ရန် ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်နှင့် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ခွင့်၊

(ဃ) လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးအသင်းအဖွဲ့များနှင့် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်နှင့် လူမှုအဖွဲ့အစည်း လှုပ်ရှားဆောင်ရွက်မှုများအတွင်းပါဝင်ဆောင်ရွက်ခွင့်၊

(င) သက်ကြီးရွယ်အိုဘဝ၌ သင့်တင့်သော ဝင်ငွေပုံမှန်ရရှိရေးနှင့် နေထိုင်မှုအဆင့်အတန်းရှိရေးတို့အတွက် အထောက်အပံ့ရယူခွင့်၊

(စ) စရိတ်ထောက်ပံ့မှုလိုအပ်သော မိဘဘိုးဘွားများက ၎င်းတို့၏ သားသမီးနှင့် မြေးများထံမှ စရိတ်ထောက်ပံ့မှုရပိုင်ခွင့်၊

(ဆ) နိုင်ငံတော်နှင့် စေတနာရှင်များက ကူညီထောက်ပံ့သော သက်ကြီးရွယ်အို ထောက်ပံ့ငွေကိုရခွင့်၊

(ဇ) နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင် သယ်ယူပို့ဆောင်ရေးယာဉ်များတွင် အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ခွင့်နှင့် သင့်လျော်သော ယာဉ်စီးခလျှော့ပေါ့ခွင့် သို့မဟုတ် ကင်းလွတ်ခွင့်၊

(ဈ) ၎င်းတို့၏ ရပ်ရွာအတွင်း၌ ဂုဏ်သိက္ခာရှိစွာဖြင့် မိသားစုစောင့်ရှောက်မှုနှင့်အိမ်အခြေပြု၊ ရပ်ရွာအခြေပြုစောင့်ရှောက်မှုဆိုင်ရာ အထောက်အကူများ ရပိုင်ခွင့်၊

(ည) ခွဲခြားဆက်ဆံခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ လျစ်လျူရှုခြင်း၊ စွန့်ပစ်ခြင်း၊ အမြတ်ထုတ်ခြင်း နှင့် မတရားပြုကျင့်ခြင်းစသည့်အချက်များမှ အကာအကွယ်ပေးမှုရရှိခွင့်၊

(ဋ) နာရေးကိစ္စဖြစ်ပေါ်သည့်အခါ ၎င်းတို့ ကိုးကွယ်ရာဘာသာဓလေ့ထုံးစံအရသင်္ဂြိုဟ်ခွင့် နှင့် သင်္ဂြိုဟ်စရိတ်ကျခံရန် အခက်အခဲရှိသူ သက်ကြီးရွယ်အိုများအတွက် စရိတ် ကင်းလွတ်ခွင့်၊

(ဌ) မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီက ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့်ခွင့်ပြုသော သက်ကြီးရွယ်အိုဆိုင်ရာ အခြားအခွင့်အရေးများ ရရှိခွင့်။

အခန်း(၆)

မိဘဘိုးဘွားများအားစရိတ်ထောက်ပံ့ခြင်း၊ ကြည့်ရှုစောင့်ရှောက်ခြင်းနှင့် သားသမီးမြေးတို့၏တာဝန်များ

၁၇။ အရွယ်ရောက်သော မိသားစုဝင်သားသမီးနှင့် မြေးများသည် မိဘဘိုးဘွားများအား စရိတ်ထောက်ပံ့ရန် လုံလောက်သော ငွေကြေးနှင့်ပစ္စည်းများရှိလျှင် သို့မဟုတ် အလုပ်လုပ်ကိုင်နိုင်ပြီး ထောက်ပံ့နိုင်စွမ်းရှိလျှင်-

(က) မိဘဘိုးဘွားများအား ၎င်းတို့၏ လိုအပ်သော စားဝတ်နေရေးနှင့် မိသားစုစောင့်ရှောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေးစောင့်ရှောက်မှုတို့အတွက် သားသမီး နှင့်မြေးများ၏ ဝတ္တရားနှင့်အညီ စရိတ်ထောက်ပံ့ရန်နှင့် ပုံမှန်ကြည့်ရှုစောင့်ရှောက်ရန် တာဝန်ရှိသည်။

(ခ) မိဘဘိုးဘွားများအား စွန့်ပစ်ထားခြင်း သို့မဟုတ် လျစ်လျူရှုပြီးမထောက်ပံ့ခြင်းကြောင့် ဆင်းရဲချို့တဲ့သည့် သို့မဟုတ် မိမိကိုယ်တိုင် ရပ်တည်နိုင်ခြင်းမရှိသည့် စရိတ်ထောက်ပံ့မှု လိုအပ်သော မိဘဘိုးဘွားများအား သတ်မှတ်ချက်များ နှင့်အညီ လစဉ် သို့မဟုတ် တစ်လုံးတည်း စရိတ်ထောက်ပံ့ရန် တာဝန်ရှိသည်။

၁၈။ သားသမီးနှင့် မြေးတို့က စွန့်ပစ်ထားခြင်း သို့မဟုတ် လျစ်လျူရှုပြီး မထောက်ပံ့ခြင်းကြောင့်ဆင်းရဲချို့တဲ့သည့် သို့မဟုတ် မိမိကိုယ်တိုင် ရပ်တည်နိုင်ခြင်းမရှိသည့် စရိတ်ထောက်ပံ့မှုလိုအပ်သော မိဘဘိုးဘွားကဖြစ်စေ၊ ၎င်းတို့၏ ဆွေမျိုးမိတ်ဆွေကဖြစ်စေ၊ ၎င်းတို့၏ကိုယ်စားရပ်မိရပ်ဖ သို့မဟုတ် ဘိုးဘွားရိပ်သာတာဝန်ခံပုဂ္ဂိုလ်ကဖြစ်စေ မိဘဘိုးဘွားများအား စရိတ်ထောက်ပံ့ရန် လုံလောက်သော ငွေကြေးနှင့် ပစ္စည်းများရှိသည့် သို့မဟုတ် အလုပ်လုပ်ကိုင်နိုင်ပြီး ထောက်ပံ့နိုင်စွမ်းရှိသည့် အရွယ်ရောက်သော သားသမီး သို့မဟုတ် မြေးများက လစဉ် သို့မဟုတ် တစ်လုံးတည်း စရိတ်ထောက်ပံ့ရန် ယင်းတို့အပေါ်သက်ဆိုင်ရာတရားရုံးတွင် သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားနိုင်သည်။

၁၉။ ပုဒ်မ ၁၈ အရ လျှောက်ထားမှုတွင် လျှောက်ထားခံရသူ သားသမီး သို့မဟုတ် မြေးသည် မိဘဘိုးဘွားကို စရိတ်ထောက်ပံ့ရန် တာဝန်ရှိသော လျှောက်ထားခံရသူ မိမိအပြင် အခြားသားသမီးများ၊ မြေးများရှိပါက ယင်းတို့ကို ပူးတွဲလျှောက်ထားခံရသူအဖြစ် ထည့်သွင်းပေးရန် တရားရုံးသို့တောင်းဆိုခွင့်ရှိသည်။

၂၀။ သက်ဆိုင်ရာ တရားရုံးသည်-

(က) ပုဒ်မ ၁၈ အရ စရိတ်ထောက်ပံ့ရန် လျှောက်ထားမှုကို သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးပြီး လျှောက်ထားခံရသူက လုံလောက်သော အကြောင်းမရှိဘဲ စရိတ်ထောက်ပံ့မှု လိုအပ်သော မိဘဘိုးဘွားများအား လစဉ် သို့မဟုတ် တစ်လုံးတည်းစရိတ်ထောက်ပံ့ရန် ပျက်ကွက်ကြောင်း သက်သေခံအထောက်အထားအထင်အရှားတွေ့ရှိပါက လျှောက်ထားခံရသူကို မိဘဘိုးဘွားတစ်ဦးလျှင် လစဉ် ကျပ် ၅၀၀၀၀ ထက်မပိုသော စရိတ် သို့မဟုတ် တစ်လုံးတည်း စရိတ်ကို ပေးစေရန်အမိန့်ချမှတ်နိုင်သည်။ ထိုသို့ ချမှတ်သည့်စရိတ်ကို ပေးဆောင်ရန် ပျက်ကွက်ပါကရာဇဝတ်ကျင့်ထုံးဥပဒေနှင့်အညီ ဒဏ်ငွေမဆောင် ပျက်ကွက်သကဲ့သို့ မှတ်ယူ၍ ငွေဒဏ်အရကောက်ခံခြင်းတို့ စီရင်ပိုင်ခွင့်ရှိသည်။

(ခ) ပုဒ်မခွဲ (က) အရ အမိန့် ချမှတ်ပြီးနောက် ပြောင်းလဲလာသည့် အခြေအနေအရလျှောက်ထားခံရသူက ၎င်း၏ဝင်ငွေ လျှော့နည်းလာကြောင်း သို့မဟုတ် ဝင်ငွေမရှိကြောင်း ခိုင်လုံသော အထောက်အထားများဖြင့် တင်ပြပြီး စရိတ်လျှော့ပေါ့ခွင့်ပြုရန် သို့မဟုတ် ကင်းလွတ်ခွင့်ပြုရန် လျှောက်ထားလာပါက သင့်လျော်သောအမိန့်တစ်ရပ်ရပ်ကို ပြင်ဆင်၍ ချမှတ်နိုင်သည်။

၂၁။ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီသည် သို့မဟုတ် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီတို့သည် စရိတ်ထောက်ပံ့မှု လိုအပ်သော မိဘဘိုးဘွားများအား သားသမီးနှင့်မြေးတို့က စရိတ်ထောက်ပံ့ရန် လုံလောက်သောငွေကြေးနှင့် ပစ္စည်းများ မရှိသည့် သို့မဟုတ် အလုပ်လုပ်ကိုင်ပြီး ထောက်ပံ့နိုင်စွမ်းမရှိသည့်ကိစ္စတွင်လည်းကောင်း၊ စရိတ်ထောက်ပံ့မည့် သားသမီးနှင့်မြေးများ မရှိသည့်ကိစ္စတွင်လည်းကောင်း ရန်ပုံငွေမှ ထိုက်သင့်သော အထောက်အပံ့အကူအညီပေးနိုင်ရန် လိုအပ်သောအစီအစဉ်များ ချမှတ်ဆောင်ရွက်ရမည်။

အခန်း(၇)

သက်ကြီးရွယ်အိုများအား ထောက်ပံ့ခြင်း၊ ကြည့်ရှုစောင့်ရှောက်ခြင်းနှင့်ယေဘုယျတာဝန်ဝတ္တရားများ

၂၂။ အိမ်အခြေပြု၊ ရပ်ရွာအခြေပြု စောင့်ရှောက်မှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ နှင့် စေတနာ့ဝန်ထမ်း လူမှုရေးအဖွဲ့အစည်းများသည် ရပ်ရွာအတွင်းရှိသက်ကြီးရွယ်အိုများကို အိမ်အခြေပြု၊ ရပ်ရွာအခြေပြုစောင့်ရှောက်မှုပေးရေး အတွက်ယေဘုယျအားဖြင့် အောက်ပါတာဝန် ဝတ္တရားများ ရှိကြသည်-

(က) သက်ကြီးရွယ်အိုများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတက်ကြွရေးအတွက် ဝိုင်းဝန်းအားပေးပြီး ကြည့်ရှုစောင့်ရှောက်မှုပေးရမည်။

(ခ) စရိတ်ထောက်ပံ့မှု လိုအပ်သော သက်ကြီးရွယ်အိုများအား မိမိတို့ တတ်စွမ်းနိုင်သမျှစရိတ်ထောက်ပံ့ခြင်းနှင့်ကြည့်ရှုစောင့်ရှောက်ခြင်းတို့ ပြုရမည်။

(ဂ) သက်ကြီးရွယ်အိုများအား လူမှုရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို လူမှုရေးလှုပ်ရှားမှုအသွင်ဖြင့် စီစဉ်ဆောင်ရွက်ရမည်။

(ဃ) သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများအား ကာကွယ်ရေးနှင့် ၎င်းတို့၏လိုအပ်ချက်များအား ဖြည့်ဆည်းပေးရေးအတွက် လူမှုရေးအသိစိတ်ဖြင့်စီစဉ်ဆောင်ရွက်ရမည်။

(င) လူမှုရေးလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်သည့် ဖြစ်စဉ်မှတစ်ဆင့်သက်ကြီးရွယ်အိုများ၏ အမြင်များကို သိရှိအောင်ဆောင်ရွက်ပြီး သက်ကြီးရွယ်အိုများအား ကူညီခြင်း၊ ပြုစုစောင့်ရှောက်ခြင်းနှင့် လေးစားခြင်းတည်း ဟူသောလူမှုတန်ဖိုးထားမှုများကို ကျောင်းများ အပါအဝင်အများပြည်သူအားအသိပညာပေးမှုမြှင့်တင်ဆောင်ရွက်ရမည်။

(စ) သက်ကြီးရွယ်အိုများအတွက် စေတနာ့ဝန်ထမ်း ဝန်ဆောင်မှုများကို အားပေးကူညီရမည်။

(ဆ) အိမ်နီးချင်းအပြန်အလှန် ကူညီသော ရိုးရာအစဉ်အလာ စေတနာ့ဝန်ထမ်းစိတ်ဓာတ်အား မြှင့်တင်ရန်နှင့် အကူအညီလိုအပ်သော သက်ကြီးရွယ်အိုများအားပြုစုစောင့်ရှောက်ရန် အတွက် သက်ကြီးရွယ်အိုများ၏ အိမ်နီးချင်းများကို အားပေးတိုက်တွန်းရမည်။

၂၃။ သက်ကြီးရွယ်အိုများဆိုင်ရာ နိုင်ငံတော်၏ အခန်းကဏ္ဍမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) သက်ကြီးရွယ်အိုအားလုံး၏ အခွင့်အရေးများအား ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှုပေးခြင်း၊

(ခ) မိသားစုမရှိ၍ ကြည့်ရှုစောင့်ရှောက်မှုပေးရန် လိုအပ်သည့် သက်ကြီးရွယ်အိုများအား ကိုယ်စိတ်နှစ်ပါး ကောင်းကျိုးချမ်းသာ ခံစားခွင့်ရရှိနိုင်ရေး ဆောင်ရွက်ပေးခြင်း၊

(ဂ) သက်ကြီးရွယ်အိုများအား ထောက်ပံ့ရေးနှင့် ကြည့်ရှုစောင့်ရှောက်ရေးအတွက် လျော်ကန်သင့်မြတ်သော နှစ်စဉ်ရန်ပုံငွေ ခွဲဝေချထားပေးခြင်း၊

(ဃ) ကြည့်ရှုစောင့်ရှောက်ရန် လိုအပ်သော သက်ကြီးရွယ်အိုများနှင့် အိုမင်းမစွမ်းသူများအား ရန်ပုံငွေမှ ထိုက်သင့်သော စရိတ်ထောက်ပံ့ခြင်းနှင့် ကြည့်ရှုစောင့်ရှောက်ခြင်း၊

(င) လူမှုအဖွဲ့အစည်းအတွင်း သက်ကြီးရွယ်အိုများ၏ ဂုဏ်သိက္ခာကို အလေးထားရေးနှင့် လုံခြုံသော ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ရေးတို့အတွက် အခြေအနေများ ဖန်တီးပေးခြင်းနှင့် တွန်းအားပေးခြင်း၊

(စ) ဤဥပဒေပါ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို ချိုးဖောက်သော လူပုဂ္ဂိုလ်များ နှင့် အဖွဲ့အစည်းများအား ဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ အရေးယူဆောင်ရွက်ခြင်း၊

(ဆ) ဤဥပဒေပါရည်ရွယ်ချက်များနှင့် ပြဋ္ဌာန်းချက်များကို ထိရောက်အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ခြင်း။

အခန်း(၈)

ဝင်ငွေပုံမှန်ရရှိရေး

၂၄။ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီသည် အလုပ်လုပ်နိုင်စွမ်းရှိပြီးအလုပ်လုပ်ချင်စိတ်ရှိသော သက်ကြီးရွယ်အိုများအား သင့်လျော်သော အလုပ်အကိုင်ရှာဖွေပေးနိုင်ရန်အလို့ငှာ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ကုမ္ပဏီအဖွဲ့အစည်းများနှင့်ညှိနှိုင်းပြီး-

(က) အချိန်ပိုင်း အလုပ်အကိုင်အခွင့်အလမ်းများကိုလည်းကောင်း၊ စွမ်းဆောင်နိုင်စွမ်းရှိသော အလုပ်အကိုင်များကိုလည်းကောင်း သက်ကြီးရွယ်အိုများ ရရှိရေးအတွက် စီစဉ်ဆောင်ရွက်ရမည်။

(ခ) အသက်မွေးဝမ်းကျောင်း လုပ်ငန်းဆောင်ရွက်ရန် ချေးငွေရရှိရေးအတွက် စီစဉ်ဆောင်ရွက်ရမည်။

(ဂ) သက်ကြီးရွယ်အိုများအတွက် အသက်မွေးဝမ်းကျောင်းပညာနှင့် ကျွမ်းကျင်မှုပေးနိုင်မည့် သင်တန်းများပေးရေးအတွက်စီစဉ်ဆောင်ရွက်ရမည်။

(ဃ) သက်ကြီးရွယ်အိုများအား အလုပ်အကိုင်အခွင့်အလမ်းများပေးသည့်အလုပ်ရှင်များကို သင့်လျော်သော အခွန်အခများ လျှော့ပေါ့ခွင့် သို့မဟုတ် ကင်းလွတ်ခွင့်ပြုရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်ပေးရမည်။

၂၅။ နိုင်ငံတော်သည် သက်ကြီးရွယ်အိုများအတွက် အသက်အရွယ် အပိုင်းအခြားအလိုက်သက်ကြီးရွယ်အို ခံစားခွင့်ရရှိနိုင်ရေး အစီအစဉ်များ ချမှတ်ဆောင်ရွက်ရမည်။

အခန်း(၉)

သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့လူမှုရေးစောင့်ရှောက်မှု

၂၆။ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီသည်သက်ကြီးရွယ်အိုများသက်ရှည်ကျန်းမာ၍ သင့်လျော်သောနေရာတွင် နေထိုင်နိုင်ရေးအတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သောလူမှုရေး အဖွဲ့အစည်းများနှင့်ညှိနှိုင်း၍ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုရေးစောင့်ရှောက်မှုများအား လက်လှမ်းမီသမျှ ဖြည့်ဆည်းနိုင်ရေး ချိတ်ဆက်ပေးရမည်။

၂၇။ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်အားလုံးလွှမ်းခြုံသော ကျန်းမာရေးစောင့်ရှောက်မှုကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်ညှိနှိုင်းပြီး ဆောင်ရွက်ပေးရမည်။ ထိုသို့ဆောင်ရွက်ရာတွင် –

(က) ဆေးဘက်ဆိုင်ရာဌာနများသည် အရည်အသွေးပြည့်ဝသော၊ သင့်လျော်သော ဆေးဝါးကုသမှုများအား သက်ကြီးရွယ်အိုများ အလွယ်တကူ လက်လှမ်းမီနိုင်ရေးအတွက် အခမဲ့သော်လည်းကောင်း၊ သက်သာသည့် နှုန်းထားဖြင့်သော်လည်းကောင်း စီစဉ်ဆောင်ရွက်ရမည်။

(ခ) သက်ကြီးရွယ်အိုများအတွက် လိုအပ်မည့်ဆေးဝါးနှင့် အထောက်အကူပြုပစ္စည်းများကို အခမဲ့သော်လည်းကောင်း၊ သက်သာသည့်နှုန်းထားဖြင့် သော်လည်းကောင်း ဖြည့်ဆည်းပေးရမည်။

(ဂ) သက်ကြီးရွယ်အိုဆိုင်ရာ သုတေသနလုပ်ငန်းများအား တိုးမြှင့်ခြင်းနှင့် သက်ကြီး အထူးကုဘာသာရပ်အတွက် ကျွမ်းကျင်သူများအား လေ့ကျင့်သင်ကြားပေးခြင်းများစီစဉ်ဆောင်ရွက်ပေးရမည်။

၂၈။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် သက်ကြီးရွယ်အိုနှင့် လူငယ်လူရွယ်များအားကျန်းမာသန်စွမ်းသော သက်ကြီးဘဝနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ပညာပေးလုပ်ငန်းများနှင့် ရောဂါကြိုတင်တားဆီးကာကွယ်ခြင်းများအား နည်းမျိုးစုံဖြင့်ဆောင်ရွက်ရမည်။

၂၉။  မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီသည် အထူးစောင့်ရှောက်ရန် လိုအပ်သော သက်ကြီးရွယ်အိုများအား မိမိကိုယ်ကို ပြုစုစောင့်ရှောက်မှု၊ မိသားစုစောင့်ရှောက်မှု၊ ရပ်ရွာမှစောင့်ရှောက်မှုပေးနေသည့် အထူးကိစ္စရပ်များတွင် ပိုမိုပြည့်စုံလုံလောက်သော စောင့်ရှောက်မှုပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးရမည်။ ထိုသို့စီစဉ်ဆောင်ရွက်ပေးရာတွင်-

(က) မိသားစုဝင်ဖြစ်စေ၊ စေတနာ့ဝန်ထမ်းဖြစ်စေ ပြုစုစောင့်ရှောက်မှုပေးသူများအား သင့်လျော်သော ထောက်ပံ့မှုပေးရမည်။

(ခ) အိမ်အခြေပြု၊ ရပ်ရွာအခြေပြု စောင့်ရှောက်မှုပေးသူများအား အားပေးခြင်းနှင့် ဖြည့်စွက် ထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးရမည်။

အခန်း(၁၀)

သက်ကြီးရွယ်အိုများ အဆင်ပြေလွယ်ကူစွာ လှုပ်ရှားသွားလာနေထိုင်နိုင်သော ပတ်ဝန်းကျင်ဖြစ်ရေး

၃၀။ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီသည် သက်ကြီးရွယ်အိုများအပေါ် ခွဲခြားဆက်ဆံခြင်းမရှိစေရန် ဆောင်ရွက်ခြင်းနှင့် ရပ်ရွာအတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုမဟုတ်ကြောင်း၊ လူ့အဖွဲ့အစည်းအပေါ် ကောင်းကျိုးဆောင်ရွက်ပေးလျက်ရှိသော သူများဖြစ်ကြောင်း အသိပညာပေးမှု မြှင့်တင်ပေးခြင်းဖြင့် သက်ကြီးရွယ်အိုများအတွက် ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးပေးခြင်း၊ လက်ခံခြင်းနှင့် ကြိုဆိုခြင်းများ စီစဉ်ဆောင်ရွက်ရမည်။

၃၁။ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီသည် သက်ကြီးရွယ်အိုများအား သင့်တင့်လျောက်ပတ်သော နေရာထိုင်ခင်း အစီအစဉ်၊ အခြေခံအဆောက်အအုံ၊ အမှီခိုကင်းစွာ နေထိုင်နိုင်ရေးအတွက် လိုအပ်သော ဝန်ဆောင်မှုများ၊ ဆက်စပ်ပစ္စည်းများနှင့် သက်ကြီးရွယ်အိုများ အဆင်ပြေလွယ်ကူစွာ လှုပ်ရှားသွားလာနိုင်ရေးစသည့် လိုအပ်ချက်များ မြှင့်တင်ပေးနိုင်ရန် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများနှင့်ညှိနှိုင်းပြီး အောက်ပါအတိုင်းဆောင်ရွက်ပေးရမည်-

(က) မြို့ရွာများရှိ အများပြည်သူအသုံးပြုသည့် နေရာများနှင့်အိမ်ရာများတည်ဆောက်သောအခါ သို့မဟုတ် ပြန်လည်ပြုပြင်သောအခါ သက်ကြီးရွယ်အိုများ၏ အထူးလိုအပ်ချက်များကို ထည့်သွင်းစဉ်းစားခြင်း၊ သက်ကြီးရွယ်အိုများ၏နေ့စဉ်လှုပ်ရှားသွားလာမှုများအတွက် သင့်လျော်မည့် အသုံးအဆောင်ပစ္စည်းများထည့်သွင်းတပ်ဆင်ပေးခြင်း၊

(ခ) သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ဖြည့်ဆည်းသင့်သည့် အသုံးအဆောင်ပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ယန္တရားများကိုလွယ်ကူစွာ အသုံးပြုနိုင်ရန် ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဘက်အဖွဲ့အစည်းများအားလမ်းညွှန်မှုပေးခြင်း၊ စည်းမျဉ်းစည်းကမ်းများ ချမှတ်ပေးခြင်း၊

(ဂ) သက်ကြီးရွယ်အိုများအတွက် အထူးဆေးကုသမှုခံယူရာ၌လည်းကောင်း၊ အများပြည်သူသွားရောက်လည်ပတ်ရာ နေရာများအား ဝင်ရောက်ကြည့်ရှုရာ၌လည်းကောင်း၊ ဝန်ဆောင်မှုများ အသုံးပြုရာ၌လည်းကောင်း၊ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေး ယန္တရားများ အသုံးပြုရာ၌လည်းကောင်း ဈေးနှုန်းသက်သာခွင့် သို့မဟုတ် ကင်းလွတ်ခွင့်ပေးခြင်း။

၃၂။ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီသည် သက်ကြီးရွယ်အိုများအတွက် ပြုစုစောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ ယဉ်ကျေးမှုနှင့် အားကစားဆိုင်ရာ လှုပ်ရှားမှုများ၊ နေ့စဉ်ဘဝလှုပ်ရှားမှုအတွက် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများနှင့်ညှိနှိုင်းပြီး ကွန်ရက်ဖွဲ့စည်းမှုနှင့် ရပ်ရွာဝန်ဆောင်မှုများအား တစ်ဆင့်ပြီးတစ်ဆင့်တည်ဆောက်သွားရမည်။

၃၃။ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီသည် သက်ကြီးရွယ်အိုများ အဆင်ပြေလွယ်ကူစွာ လှုပ်ရှားသွားလာနိုင်ရေးစသည့် လိုအပ်ချက်များကို မြှင့်တင်ပေးရေးအတွက် တည်ဆဲဥပဒေါများအား ပြန်လည်သုံးသပ်ပြီး လိုအပ်သလိုပြင်ဆင်နိုင်ရန် စီစဉ်ဆောင်ရွက်ရမည်။

အခန်း(၁၁)

သက်ကြီးရွယ်အိုများ လူ့ဘောင်အဖွဲ့အစည်းအတွင်း ပါဝင်ဆောင်ရွက်မှု

၃၄။ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီသည် သက်ကြီးရွယ်အိုများ လူ့ဘောင်အဖွဲ့အစည်းအတွင်း ပါဝင်ပေါင်းစည်းဆောင်ရွက်နိုင်ရန်အလို့ငှာ လူမှုဝန်ထမ်းဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့အစည်းများ တည်ထောင်ရေးနှင့် ပြန်လည်ထူထောင်ရေးဌာနများ ဖွင့်လှစ်ရေးတို့အတွက် သက်ဆိုင်ရာ အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို အားပေးတိုက်တွန်းရမည်။

၃၅။ အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများသည် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများ ရရှိစေရန် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး ဒေသအစီအစဉ်များ ရေးဆွဲဆောင်ရွက်ခြင်းနှင့် ရပ်ရွာအတွင်းလူမှုရေးနှင့် ယဉ်ကျေးမှု အခမ်းအနားများတွင် သက်ကြီးရွယ်အိုများ၏ ပါဝင်ဆောင်ရွက်မှုမြှင့်တင်ပေးခြင်းတို့အတွက် သက်ကြီးရွယ်အိုများကိုယ်တိုင် ဦးဆောင်ပါဝင်သော အိမ်အခြေပြု၊ ရပ်ရွာအခြေပြု စောင့်ရှောက်မှု အဖွဲ့အစည်းများအား ငွေကြေးဖြင့်ဖြစ်စေ၊ အခြားပုံစံများဖြင့်ဖြစ်စေထောက်ပံ့မှုပြုရမည်။

အခန်း(၁၂)

သက်ကြီးရွယ်အိုသက်သေခံကတ်ပြား ထုတ်ပေးခြင်းနှင့်ကိုင်ဆောင်အသုံးပြုခြင်း

၃၆။ လူမှုဝန်ထမ်းဦးစီးဌာနသည် မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ-

(က) သက်ကြီးရွယ်အို သက်သေခံကတ်ပြားများ ထုတ်ပေးရေးအတွက် လိုအပ်သော အစီအစဉ်များနှင့် စီမံချက်များချမှတ်ဆောင်ရွက်ရမည်။

(ခ) ဤဥပဒေပါ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို ခံစားခွင့်ပေးနိုင်ရန်နှင့် သက်ကြီးရွယ်အိုများ၏ စာရင်းဇယားများ တိကျမှန်ကန်စေရန်အလို့ငှာသက်ကြီးရွယ်အို သက်သေခံကတ်ပြားများ ထုတ်ပေးရန် လူမှုဝန်ထမ်းဦးစီးဌာနက ခရိုင် သို့မဟုတ် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုဝန်ထမ်းအရာရှိများကို တာဝန်ပေးရမည်။

၃၇။ လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ပေးသည့် ခရိုင် သို့မဟုတ် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုဝန်ထမ်းအရာရှိသည်-

(က) သက်ဆိုင်ရာမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများ၏ စာရင်းကို ၎င်းတို့ဆန္ဒနှင့် အညီ ကောက်ယူပြီး သက်ကြီးရွယ်အို သက်သေခံကတ်ပြားများကို အခမဲ့ထုတ်ပေးရမည်။

(ခ) သက်ကြီးရွယ်အို သက်သေခံကတ်ပြားများ ထုတ်ပေးရာတွင် စရိတ်ထောက်ပံ့မှုနှင့်ကြည့်ရှုစောင့်ရှောက်မှု လိုအပ်သော သက်ကြီးရွယ်အိုများနှင့် အိုမင်းမစွမ်းသူများကို အမျိုးအစားခွဲခြားဖော်ပြ၍ ထုတ်ပေးရမည်။

၃၈။ သက်ကြီးရွယ်အိုများသည်-

(က) သက်ဆိုင်ရာပုဂ္ဂိုလ် သို့မဟုတ် ဌာန၊ အဖွဲ့အစည်းထံ သက်ကြီးရွယ်အို သက်သေခံကတ်ပြားကိုပြသပြီး ဤဥပဒေပါ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို ခံစားခွင့်ပြုရန် တောင်းဆိုခွင့်ရှိသည်။

(ခ) မိမိတို့အား ထုတ်ပေးထားသော သက်ကြီးရွယ်အို သက်သေခံကတ်ပြားကို အခြားသက်ကြီးရွယ်အို တစ်ဦးဦးအား လွှဲပြောင်းပေးခြင်းမပြုရ။

၃၉။ သက်ဆိုင်ရာပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းသည် သက်ကြီးရွယ်အို တစ်ဦးဦးက ပုဒ်မ ၃၈၊ ပုဒ်မခွဲ (က) အရ သက်ကြီးရွယ်အို သက်သေခံကတ်ပြားကို ပြသပြီး ဤဥပဒေပါအခွင့်အရေးများကို ခံစားခွင့်ပြုရန် တောင်းဆိုသည့်အခါ ငြင်းပယ်ခြင်း သို့မဟုတ် လျစ်လျူရှုခြင်းမပြုရ။

အခန်း(၁၃)

ဘိုးဘွားရိပ်သာ တည်ထောင်ဖွင့်လှစ်ခြင်းနှင့်သက်ကြီးရွယ်အိုကြည့်ရှုစောင့်ရှောက်ရေးလုပ်ငန်း လုပ်ကိုင်ခြင်း

၄၀။ ပြည်တွင်းပြည်ပမှ ပုဂ္ဂလိကနှင့် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းသည် ဘိုးဘွားရိပ်သာကို တည်ထောင်ဖွင့်လှစ်လိုလျှင်ဖြစ်စေ၊ သက်ကြီးရွယ်အို ကြည့်ရှုစောင့်ရှောက်ရေး လုပ်ငန်းတစ်ခုခုကို လုပ်ကိုင်လိုလျှင်ဖြစ်စေ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လူမှုဝန်ထမ်းရုံးများမှတစ်ဆင့် လူမှုဝန်ထမ်းဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့်အညီ တည်ထောင်ခွင့်ပြုမိန့် သို့မဟုတ် လုပ်ငန်းလုပ်ကိုင်ခွင့်ကို လျှောက်ထားရမည်။

၄၁။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးသည် ပုဒ်မ ၄၀ အရ ဘိုးဘွားရိပ်သာတည်ထောင်ဖွင့်လှစ်ရန် ခွင့်ပြုမိန့် သို့မဟုတ် သက်ကြီးရွယ်အို ကြည့်ရှုစောင့်ရှောက်ရေးလုပ်ငန်းလုပ်ကိုင်ခွင့် ထုတ်ပေးရန် လျှောက်ထားချက်ကို သတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိမရှိ စစ်ဆေးပြီး တည်ထောင်ခွင့်ပြုမိန့် သို့မဟုတ် လုပ်ငန်းလုပ်ကိုင်ခွင့် ထုတ်ပေးရန် သင့် မသင့် သဘောထားမှတ်ချက်နှင့်အတူ လူမှုဝန်ထမ်းဦးစီးဌာနသို့ ဆက်လက်တင်ပြရမည်။

၄၂။ လူမှုဝန်ထမ်းဦးစီးဌာနသည်-

(က) ပုဒ်မ ၄၁ အရ တင်ပြချက်ကို စိစစ်ပြီး တည်ထောင်ခွင့်ပြုမိန့် သို့မဟုတ် လုပ်ငန်းလုပ်ကိုင်ခွင့် ထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။ ထုတ်ပေးရန် ခွင့်ပြုပါက စည်းကမ်းချက်များ သတ်မှတ်၍ လျှောက်ထားသူအားတည်ထောင်ခွင့်ပြုမိန့် သို့မဟုတ် လုပ်ငန်းလုပ်ကိုင်ခွင့် ထုတ်ပေးရမည်။

(ခ) ပုဒ်မခွဲ (က) အရ တည်ထောင်ခွင့်ပြုမိန့် သို့မဟုတ် လုပ်ငန်းလုပ်ကိုင်ခွင့်ထုတ်ပေးသည့်အခါ စီးပွားရေးအလို့ငှာ တည်ထောင်ဖွင့်လှစ်ခြင်း သို့မဟုတ် လုပ်ငန်းလုပ်ကိုင်ခြင်းဖြစ်ပါက သတ်မှတ်ထားသော အခကြေးငွေကို ပေးသွင်းစေရမည်။ အကယ်၍ စေတနာ့ဝန်ထမ်း ပရဟိတလုပ်ငန်းဖြစ်ပါက သတ်မှတ်ထားသော အခကြေးငွေကို ကင်းလွတ်ခွင့်ပြုရမည်။

၄၃။ လူမှုဝန်ထမ်းဦးစီးဌာနသည်-

(က) ပုဒ်မ ၄၂ အရ တည်ထောင်ခွင့်ပြုမိန့် ထုတ်ပေးထားသော ဘိုးဘွားရိပ်သာများကိုလည်းကောင်း၊ လုပ်ငန်းလုပ်ကိုင်ခွင့်ထုတ်ပေးထားသော သက်ကြီးရွယ်အိုကြည်ရှုစောင့်ရှောက်ရေးလုပ်ငန်းများကိုလည်းကောင်း သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိ စစ်ဆေးခြင်းနှင့် ကြီးကြပ် ဆောင်ရွက်ရမည်။

(ခ)  ပုဒ်မခွဲ (က) ပါကိစ္စများကို ဆောင်ရွက်နိုင်ရန်သက်ဆိုင်ရာ လူမှုဝန်းထမ်းအရာရှိများအား တာဝန်ပေးနိုင်သည်။

၄၄။ ဘိုးဘွားရိပ်သာတာဝန်ခံပုဂ္ဂိုလ်သည်-

(က) ဘိုးဘွားရိပ်သာ ကြီးကြပ်မှုကော်မတီကို သတ်မှတ်ချက်များနှင့်အညီ ဖွဲ့စည်းပြီးလုပ်ငန်းတာဝန်များ ဆောင်ရွက်ရမည်။

(ခ) ဘိုးဘွားများအာ စိစစ်လက်ခံခြင်း၊ ကြည့်ရှုစောင့်ရှောက်ခြင်းတို့နှင့်စပ်လျဉ်း၍သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန် ကြီးကြပ်ရမည်။

(ဂ) ဘိုးဘွားရိပ်သာနှင့်စပ်လျဉ်း၍ ဆောင်ရွက်ချက်များကို သတ်မှတ်ချက်များနှင့်အညီ လူမှုဝန်ထမ်းဦးစီးဌာနသို့အစီရင်ခံရမည်။

အခန်း(၁၄)

လူမှုရေးအသင်းအဖွဲ့များအား အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း

၄၅။ သက်ကြီးရွယ်အိုများအား ထောက်ပံ့ကူညီရေးဆိုင်ရာ လူမှုရေးအသင်းအဖွဲ့တစ်ခုခုသည် တည်ဆဲအသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ သက်ဆိုင်ရာ မှတ်ပုံတင်ရေးအဖွဲ့ကထုတ်ပေးသော မှတ်ပုံတင်လက်မှတ်ရရှိလျှင် ယင်းမှတ်ပုံတင်လက်မှတ်မိတ္တူ ပူးတွဲ၍ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရန် လူမှုဝန်ထမ်းဦးစီးဌာနသို့လျှောက်ထားနိုင်သည်။

၄၆။ လူမှုဝန်ထမ်းဦးစီးဌာနသည် ပုဒ်မ ၄၅ အရ လျှောက်ထားချက်ကို စိစစ်ပြီး အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။ ခွင့်ပြုပါက စည်းကမ်းချက်များ သတ်မှတ်၍အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရမည်။

အခန်း(၁၅)

ရန်ပုံငွေ ထူထောင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့်သုံးစွဲခြင်း

၄၇။ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီသည် သက်ကြီးရွယ်အိုများအားထောက်ပံ့ရေး နှင့်ကြည့်ရှုစောင့်ရှောက်ရေးအတွက် မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာရန်ပုံငွေကို အောက်ပါရငွေများဖြင့် ထူထောင်ရမည်-

(က) ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ ထည့်ဝင်ငွေ၊

(ခ) အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံရပ်ခြား၊ ဒေသတွင်း အဖွဲ့အစည်းများနှင့် ပြည်ပနိုင်ငံများမှ ထောက်ပံ့ငွေနှင့် လှူဒါန်းငွေများ၊

(ဂ) ပြည်တွင်းပြည်ပရှိ စေတနာရှင်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ထောက်ပံ့ငွေနှင့် လှူဒါန်းငွေများ၊

(ဃ) စီးပွားရေးအလို့ငှာ သက်ကြီးရွယ်အို ကြည့်ရှုစောင့်ရှောက်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်အတွက် ပေးသွင်းသောငွေများ၊

(င) ရန်ပုံငွေမှရရှိသည့် တရားဝင်တိုးပွားသည့်ငွေများ။

၄၈။ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီသည် မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ရန်ပုံငွေထိန်းသိမ်းရေးနှင့် သုံးစွဲရေးကော်မတီကို သင့်လျော်သောပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ သတ်မှတ်ပေးနိုင်သည်။

၄၉။ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ရန်ပုံငွေထိန်းသိမ်းရေးနှင့် သုံးစွဲရေးကော်မတီသည်ရန်ပုံငွေကို ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းတို့နှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးစည်းမျဉ်းများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ညှိနှိုင်းရေးဆွဲ၍ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ၏အတည်ပြုချက်ရယူပြီးယင်းဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

၅၀။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီသည်သက်ကြီးရွယ်အိုများအားထောက်ပံ့ရေးနှင့် ကြည့်ရှုစောင့်ရှောက်ရေးအတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ရန်ပုံငွေကို အောက်ပါရငွေများဖြင့်ထူထောင်ရမည်-

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေမှ ထည့်ဝင်ငွေ၊

(ခ) အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံရပ်ခြား၊ ဒေသတွင်း အဖွဲ့အစည်းများနှင့် ပြည်ပနိုင်ငံများမှ ထောက်ပံ့ငွေနှင့် လှူဒါန်းငွေများ၊

(ဂ) ပြည်တွင်း ပြည်ပရှိ စေတနာရှင်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့်အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ထောက်ပံ့ငွေနှင့်လှူဒါန်းငွေများ၊

(ဃ) ရန်ပုံငွေမှရရှိသည့် တရားဝင်တိုးပွားသည့်ငွေများ။

၅၁။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ရန်ပုံငွေထိန်းသိမ်းရေးနှင့် သုံးစွဲရေးကော်မတီကို သင့်လျော်သောပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ သတ်မှတ်ပေးနိုင်သည်။

၅၂။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ရန်ပုံငွေထိန်းသိမ်းရေးနှင့်သုံးစွဲရေးကော်မတီသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာရန်ပုံငွေကို ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းတို့နှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးစည်းမျဉ်းများကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် ညှိနှိုင်းရေးဆွဲ၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်သက်ကြီးရွယ်အိုများ ဆိုင်ရာကော်မတီ၏ အတည်ပြုချက်ရယူပြီး ယင်းဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

၅၃။ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်ရှိ သက်ကြီးရွယ်အိုများအား ထောက်ပံ့ရေးနှင့် ကြည့်ရှုစောင့်ရှောက်ရေးအတွက် လိုအပ်ပါက မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ရန်ပုံငွေမှ သင့်လျော်သော ထောက်ပံ့ငွေကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်သက်ကြီးရွယ်အိုများဆိုင်ရာ ရန်ပုံငွေသို့ခွဲဝေပေးနိုင်သည်။

၅၄။ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီသည် မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ရန်ပုံငွေကို ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းတို့နှင့်စပ်လျဉ်း၍ နှစ်စဉ်စာရင်းစစ်အစီရင်ခံစာကို ဘဏ္ဍာရေး စည်းမျဉ်းများနှင့်အညီ ဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရမည်။

၅၅။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ရန်ပုံငွေကို ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းတို့နှင့်စပ်လျဉ်း၍ နှစ်စဉ်စာရင်းစစ် အစီရင်ခံစာကို ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သို့တင်ပြရမည်။

၅၆။ ရန်ပုံငွေသို့ဖြစ်စေ၊ သက်ကြီးရွယ်အိုများနှင့် အိုမင်းမစွမ်းသူများသို့ဖြစ်စေ ထောက်ပံ့လှူဒါန်းသော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းသည် ဝင်ငွေခွန်ပေးဆောင်ရာတွင် အဆိုပါထောက်ပံ့ လှူဒါန်းသော ငွေကို နုတ်ပယ်ခွင့်ရှိသေည်။

အခန်း(၁၆)

ပြစ်မှုနှင့် ပြစ်ဒဏ်များ

၅၇။ ဤဥပဒေအရ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးကိုပေးရမည့် မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းမှ တာဝန်ရှိသူ မည်သူမဆို သက်ကြီးရွယ်အိုတစ်ဦးဦးက သက်ကြီးရွယ်အို သက်သေခံကတ်ပြားကို ပြသပြီး သက်ကြီးရွယ်အိုများ၏ အခွင့်အရေးကို ခံစားခွင့်ပြုရန်တောင်းဆိုခြင်းကို ငြင်းပယ်ကြောင်း သို့မဟုတ် လျစ်လျူရှုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်ဆယ်သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၅၈။ မည်သူမဆို သက်ကြီးရွယ်အိုကို ခွဲခြားဆက်ဆံခြင်း သို့မဟုတ် မတရားပြုကျင့်ခြင်း ပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ်တစ်သိန်းမှ အများဆုံး ကျပ်ဆယ်သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၅၉။ မည်သူမဆို ပုဒ်မ ၄၂ အရ တည်ထောင်ခွင့်ပြုမိန့်မရှိဘဲ စီးပွားရေးအလို့ငှာ ဘိုးဘွားရိပ်သာကိုဖြစ်စေ၊ လုပ်ငန်းလုပ်ကိုင်ခွင့်မရှိဘဲ စီးပွားရေးအလို့ငှာ သက်ကြီးရွယ်အို ကြည့်ရှုစောင့်ရှောက်ရေးလုပ်ငန်း တစ်ခုခုကိုဖြစ်စေ လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးကျပ်တစ်သိန်းမှ အများဆုံး ကျပ်ဆယ်သိန်းအထိ ငွေဒဏ်ချမှတ်ရမည်။

အခန်း(၁၇)

အထွေထွေ

၆၀။ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီ၊ ဒေသဆိုင်ရာကော်မတီ၏ နိုင်ငံ့ဝန်ထမ်းမဟုတ်သော အဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းအရာရှိများသည် ဤဥပဒေပါ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေသည့်အချိန်တွင် ပြည်သူ့ဝန်ထမ်းဖြစ်သည်ဟုမှတ်ယူရမည်။

၆၁။ သက်ကြီးရွယ်အိုအား မတရားပြုကျင့်ခြင်းနှင့်စပ်လျဉ်း၍ မတရားပြုခံရသူကိုယ်တိုင်ဖြစ်စေ၊ မြင်တွေ့သူ မည်သူတစ်ဦးတစ်ယောက်ကဖြစ်စေ၊ သက်ဆိုင်ရာ ရဲစခန်းသို့နှုတ်ဖြင့်သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း၊ လူကိုယ်တိုင်သော်လည်းကောင်း သတင်းပေး တိုင်ကြားနိုင်သည်။

၆၂။ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီ၊ ဒေသဆိုင်ရာကော်မတီအဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းအရာရှိများသည် ဤဥပဒေပါလုပ်ငန်းတာဝန်များ နှင့်စပ်လျဉ်း၍ လိုအပ်ပါက အဆောက်အအုံများအတွင်းသို့အသိပေးအကြောင်းကြားပြီး ဝင်ရောက်ကြည့်ရှုစစ်ဆေးခြင်း၊ သက်ဆိုင်သည့် ပုဂ္ဂိုလ်များကို ခေါ်ယူစစ်ဆေးခြင်း၊ လိုအပ်သောစာရွက်စာတမ်း အထောက်အထားများကို ကြည့်ရှုစစ်ဆေးခြင်းနှင့်တင်ပြစေခြင်းတို့ ပြုနိုင်သည်။

၆၃။ ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

၆၄။ ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ဖြင့် တရားစွဲဆိုရာတွင် ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်ကိုရယူရမည်။

၆၅။ ဤဥပဒေအရ ပေးအပ်သော သက်ကြီးရွယ်အိုဆိုင်ရာလုပ်ငန်းတာဝန်များကို သဘောရိုးဖြင့်ဆောင်ရွက်သည့် မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီနှင့် ဒေသဆိုင်ရာကော်မတီအဖွဲ့ဝင်တစ်ဦးဦး သို့မဟုတ် ဤဥပဒေအရ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းခံရသည့် အဖွဲ့ဝင် သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအပေါ် တရားမကြောင်းဖြင့်သော်လည်းကောင်း၊ ပြစ်မှုကြောင်းဖြင့်သော်လည်းကောင်း အရေးယူခြင်းမပြုရ။

၆၆။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်-

(က) ဝန်ကြီးဌာနသည် နည်းဥပဒေများနှင့် စည်းမျဉ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ) မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီနှင့် ဝန်ကြီးဌာနတို့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

(ဂ) လူမှုဝန်ထမ်းဦးစီးဌာနသည် အမိန့်နှင့်ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ထင်ကျော်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။