2016 - Today (NLD)

Myanmar Law Center


   

2017-07-26 - အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

(၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၇ ။)

၁၃၇၉ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက်

(၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ နိုင်ငံတော် တစ်ဝန်းလုံးတွင် အကျိုးသက်ရောက်စေရမည်။

၃။ အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၃ တွင်-

(က) ပုဒ်မခွဲ (ဂ) တွင်ပါရှိသော “ဤဥပဒေ၏ နောက်ဆက်တွဲဇယားပါ ကုန်စည်များကို” ဆိုသည့် စကားရပ်ကို “ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဖြင့် အထူးကုန်စည်ခွန်ကျသင့် စေမည့်အထူးကုန်စည်များကို” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

( ခ ) ပုဒ်မခွဲ (ဃ) တွင်ပါရှိသော “ကုန်စည်များ ထုတ်လုပ်သည့် လုပ်ငန်းအဆင့်ဆင့်တို့ပါဝင်သည့်အပြင်” ဆိုသည့်စကားရပ်ကို "ကုန်စည်များထုတ်လုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ တပ်ဆင်ခြင်း၊ စက်ဖြင့်ဖြစ်စေ၊ လက်ဖြင့်ဖြစ်စေ ထုတ်လုပ်ခြင်း၊ ထုတ်ယူခြင်းလုပ်ငန်းများ ပါဝင်သည့်အပြင်" ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

( ဂ ) ပုဒ်မခွဲ (ဃ)၊ ပုဒ်မခွဲငယ် (၃) တွင်ပါရှိသော “လက်ဖြင့်ဖြစ်စေ ထုတ်ယူခြင်း” ဆိုသည့် စကားရပ်ကို “လက်ဖြင့်ဖြစ်စေ ထုတ်လုပ်ခြင်း၊ ထုတ်ယူခြင်း” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

(ဃ) ပုဒ်မခွဲ (ဆ) တွင်ပါရှိသော “ဆိုင်းငံ့စနစ်ဖြင့်ဖြစ်စေ” ဆိုသည့် စကားရပ်ကို “ဆိုင်းငံ့စနစ်ဖြင့်ဖြစ်စေ၊ ကုန်စည်လဲလှယ်ခြင်းစနစ်ဖြင့်ဖြစ်စေ” ဆိုသည့်စကားရပ်ဖြင့်အစားထိုးရမည်။

( င ) ပုဒ်မခွဲ (ဇ) တွင်ပါရှိဒသာ “ထုတ်လုပ်သူက လွှဲအပ်သည့် အထူးကုန်စည်” ဆိုသည့် စကားရပ်ကို “တင်သွင်းသူ၊ ထုတ်လုပ်သူ၊ တင်ပို့သူက လွှဲအပ်သည့်အထူးကုန်စည်” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

( စ ) ပုဒ်မခွဲ (စ) တွင်ပါရှိသော “ပြည်ပမှ တင်သွင်းသူ” ဆိုသည့်စကားရပ်ကို “ပြည်တွင်းသို့ တင်သွင်းသူ” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ ပုဒ်မခွဲ (ည) တွင်ပါရှိသော “ပြည်ပမှတင်သွင်းသော” ဆိုသည့်စကားရပ်ကို “ပြည်တွင်းသို့ တင်သွင်းသော” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း အသီးသီးအစားထိုးရမည်။

(ဆ) ပုဒ်မခွဲ (ဌ) တွင်ပါရှိသော “အခွန်မပါသော” ဆိုသည့် စကားရပ်ကို “အခွန်အပါအဝင် ဖြစ်သော” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

( ဇ ) ပုဒ်မခွဲ (ဎ) တွင်ပါရှိသော “အခွန်ထမ်းက မိမိ၏ ထုတ်လုပ်ပြီးဖြစ်သည့် အထူးကုန်စည်များထုတ်လုပ်ရောင်းချခြင်းအတွက်” ဆိုသည့် စကားရပ်ကို “အထူးကုန်စည်ထုတ်လုပ်သူ၊ ထုတ်လုပ်ရောင်းချသူ၊ တင်ပို့သူက ပေးဆောင်ရမည့် အထူးကုန်စည်ခွန်နှင့်စပ်လျဉ်း၍” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

( ဈ ) ပုဒ်မခွဲ (ထ) တွင်ပါရှိသော “ဘဏ္ဍာရေးဝန်ကြီးဌာန” ဆိုသည့် စကားရပ်ကို “စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

(ည) ပုဒ်မခွဲ (န) ၏ နောက်တွင် ပုဒ်မခွဲ (ပ)၊ (ဖ)၊ (ဗ)၊ (ဘ) နှင့် (မ) တို့ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည် -

“( ပ ) တင်ပို့သူ ဆိုသည်မှာ အထူးကုန်စည်များကို ပြည်ပသို့ တင်ပို့သူကို ဆိုသည်။

( ဖ ) အခွန်အမှတ်တံဆိပ် ဆိုသည်မှာ ဤဥပဒေ ပုဒ်မ ၃၄ အရ ကပ်နှိပ်ထားသော သို့မဟုတ် အထူးကုန်စည်အတွက် အသုံးပြုသော စာမှတ်စာတမ်း သို့မဟုတ် အခြားသော အထောက်အထားတစ်ခုခုကို ဆိုသည်။

( ဗ ) လုပ်ငန်းဥပစာ ဆိုသည်မှာ ဤဥပဒေအရ မှတ်ပုံတင်ထားသည့် လုပ်ငန်း သို့မဟုတ် လုပ်ငန်းခွဲ အဝန်းအဝိုင်းကို ဆိုသည်။

(ဘ) ပုံစံများ ဆိုသည်မှာ ဤဥပဒေပါ ညွှန်ကြားရေးမှူးချုပ်၏ တာဝန်နှင့် လုပ်ပိုင်ခွင့် အရ သတ်မှတ်သည့် ပုံစံများကို ဆိုသည်။

( မ ) တန်ဖိုးအဆင့် ဆိုသည်မှာ ဘဏ္ဍာရေးနှစ်အလိုက် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေတွင် ပြဋ္ဌာန်းသည့် အထူးကုန်စည်များ၏ ဈေးနှုန်းတန်ဖိုးအဆင့်ကို ဆိုသည်။”

၄။ အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (က) ၏ ခြေဆင်းတွင်ပါရှိသော “ဤဥပဒေ၏ နောက်ဆက်တွဲဇယားတွင် ဖော်ပြထားသည့်အတိုင်း အခွန်ကျသင့်စေရမည်-” ဆိုသည့်စကားရပ်ကို “ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဖြင့် ပြဋ္ဌာန်းသတ်မှတ်သည့်အတိုင်း အထူးကုန်စည်ခွန် ကျသင့်စေရမည်-” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၅။ အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (က) ၏ ခြေဆင်းတွင်ပါရှိသော “ပြည်ပမှ တင်သွင်းခြင်း” ဆိုသည့်စကားရပ်ကို “ပြည်တွင်းသို့ တင်သွင်းခြင်း” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၆။ အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (ဂ) ၏ နောက်တွင် ပုဒ်မခွဲ (ဃ) ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

“(ဃ) အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်ကို လက်ဝယ်ထားရှိခြင်းဖြစ်ပါက လက်ဝယ် ထားရှိသူက ပေးဆောင်ရမည်။”

၇။ အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၆ ကို အောက်ပါအတိုင်း အစားထိုးရမည်-

“၆။(က) မည်သည့်နှစ်အတွက်မဆို ဘဏ္ဍာနှစ်အလိုက် ပြဋ္ဌာန်းသည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဖြင့်-

(၁) အခွန်ကျသင့်စေမည့် အထူးကုန်စည်များကို သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းပြုနိုင်သည်။

(၂) အခွန်ကျသင့်သော အထူးကုန်စည်များအတွက် တန်ဖိုး၊ ပမာဏ၊ အလေးချိန် သို့မဟုတ် အခြားတိုင်းတာမှုတစ်ခုခုအပေါ် အခြေပြု၍ တွက်ချက်ရမည့် အခွန်နှုန်း များကို သတ်မှတ်ရမည်။

(၃) ပြည်ပသို့တင်ပို့မှုအပေါ် အခွန်ကျသင့်မည့် အထူးကုန်စည်နှင့် အခွန်နှုန်းများကို သတ်မှတ်ရမည်။

( ခ ) (၁) အထူးကုန်စည် ထုတ်လုပ်သူ သို့မဟုတ် တင်သွင်းသူသည် ယင်းထုတ်လုပ်သော သို့မဟုတ် တင်သွင်းသော အထူးကုန်စည်များကို တန်ဖိုးအဆင့် သတ်မှတ်နိုင်ရန် အတွက် မြို့နယ်အခွန်ဦးစီးဌာနမှူးထံမှတစ်ဆင့် ညွှန်ကြားရေးမှူးချုပ်ထံ လျှောက်ထားရမည်။

(၂) လျှောက်လွှာပုံစံနှင့် တင်သွင်းရမည့်နည်းလမ်းကို ညွှနကြားရေးမှူးချုပ်က သတ်မှတ်နိုင်သည်။

(၃) ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်တွင်းအခွန်များဦးစီးဌာန စီမံခန့်ခွဲမှုကော်မတီတို့သည် သက်ဆိုင်ရာဘဏ္ဍာနှစ်အတွက် အထူးကုန်စည်များကို သတ်မှတ်ချက်များနှင့်အညီ တန်ဖိုးအဆင့် သတ်မှတ်ပေးရမည်။

(၄) တန်ဖိုးအဆင့်သတ်မှတ်ပေးထားခြင်းမရှိသည့် အထူးကုန်စည်များကို ညွှန်ကြားရေးမှူးချုပ် နှင့် ပြည်တွင်းအခွန်များဦးစီးဌာနစီမံခန့်ခွဲမှုကော်မတီတို့က အခြားဆီလျော်သော တန်ဖိုးအဆင့်သတ်မှတ်ပေးခြင်းမရှိပါက အမြင့်ဆုံး တန်ဖိုးအဆင့်သို့ သတ်မှတ် နိုင်သည်။”

၈။ အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၇ ကို အောက်ပါအတိုင်း အစားထိုးရမည်-

“၇။(က) ပုဒ်မ ၄ အရ အခွန်ကျသင့်သော အထူးကုန်စည်များအတွက် အောက်ဖော်ပြပါ နေ့ရှိ ကုန်စည်တန်ဖိုး၊ ပမာဏ၊ အလေးချိန် သို့မဟုတ် အခြားတိုင်းတာမှုတစ်ခုခုအပေါ် အခြေပြု သတ်မှတ်ထားသည့် အခွန်နှုန်းဖြင့် တွက်ချက်ရမည်-

(၁) ပြည်တွင်းသို့တင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့တင်ပို့ခြင်းဖြစ်ပါက ထိုအထူး ကုန်စည်ကို အကောက်ခွန်ဆိုင်ရာ ရှင်းလင်းဆောင်ရွက်သည့်နေ့၊

(၂) ပြည်တွင်း၌ထုတ်လုပ်သည့် အထူးကုန်စည်များအတွက် -

(ကက) အထူးကုန်စည်ကို ရောင်းချသည့်နေ့၊

( ခခ ) ထုတ်လုပ်မှုအပေါ် အခွန်ကျသင့်စေရန် ဝန်ကြီးဌာနက အမိန်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်သည့် အထူးကုန်စည်များဖြစ်ပါက အထူးကုန်စည်ကို ထုတ်လုပ်သည့်နေ့၊

(၃) ဤဥပဒေအရ အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်များကို ပိုင်ဆိုင်ထားသော ကိစ္စရပ်တွင် စစ်ဆေးတွေ့ရှိသည့်နေ့၊ ရှင်းလင်းချက်။ ဤဥပဒေအရ အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်များ ဆိုရာတွင် အောက်ပါတို့ကိုဆိုသည်-

(က) အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချရန် သတ်မှတ်ထားသည့် အထူး ကုန်စည်များဖြစ်ပါက သတ်မှတ်ချက်များနှင့်အညီ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိသည့် အထူးကုန်စည်များ၊

( ခ ) ကျန်အထူးကုန်စည်များနှင့်စပ်လျဉ်း၍ လက်ဝယ်ရှိ အထူးကုန်စည်များကို သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်၍ တင်သွင်းထားခြင်းမဟုတ်သည့် အထူးကုန်စည်များ၊ တရားဝင်တင်သွင်းသူထံမှ ဝယ်ယူထားခြင်းမဟုတ်သည့် အထူးကုန်စည်များ၊ သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်၍ ထုတ်လုပ်ခြင်း၊ ထုတ်ယူခြင်းမဟုတ်သည့် အထူးကုန်စည်များ၊ တရားဝင် ထုတ်လုပ်သူ၊ ထုတ်ယူသူထံမှ ဝယ်ယူခြင်းအတွက် အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထားပြည့်စုံစွာတင်ပြနိုင်ခြင်းမရှိသည့် အထူးကုန်စည်များ။

(၄) ပုဒ်မခွဲငယ် (၂) နှင့် ပုဒ်မခွဲငယ် (၃) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ သတ်မှတ်နိုင်ခြင်း မရှိလျှင် ဝန်ကြီးဌာနက အမိန်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ထားသည့်နေ့။

( ခ ) ကျသင့်အထူးကုန်စည်ခွန်ကို တွက်ချက်ရာတွင် ဆောင်ရွက်မှုအလိုက် အောက်ပါတန်ဖိုးများအပေါ် အခြေပြုတွက်ချက်ရမည်-

(၁) ပြည်တွင်းသို့တင်သွင်းသည့် အထူးကုန်စည်ဖြစ်ပါက ကုန်းပေါ်ရောက်တန်ုဖိုး၊

(၂) ပြည်တွင်း၌ထုတ်လုပ်သည့် အထူးကုန်စည်များအတွက်-

(ကက) ထုတ်လုပ်မှုအပေါ် အခွန်ကျသင့်စေရန် ဝန်ကြီးဌာနက အမိန့်ကြောငြာစာ ထုတ်ပြန်သတ်မှတ်သည့် အထူးကုန်စည်ဖြစ်ပါက သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွက် ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်တွင်းအခွန်များ ဦးစီးဌာနစီမံခန့်ခွဲမှုကော်မတီတို့က အတည်ပြုသတ်မှတ်ပေးသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနရောင်းဈေးတန်ဖိုး၊

( ခခ ) ကျန်အထူးကုန်စည်ဖြစ်ပါက ထုတ်လုပ်သူကတင်ပြသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန ရောင်းဈေးတန်ဖိုးနှင့် ညွှန်ကြားရေးမှူးချုပ် သို့မဟုတ် မြို့နယ်အခွန်ဦးစီးဌာနမှူးက သတ်မှတ်သည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန ရောင်းဈေးတန်ဖိုး၊ ယင်းတန်ဖိုးနှစ်ရပ်အနက် များရာတန်ဖိုး၊

(၃) ပြည်ပသို့ တင်ပို့သည့် အထူးကုန်စည်ဖြစ်ပါက ပြည်ပသို့ သယ်ယူပို့ဆောင်ပေးမည့် ယာဉ်ပေါ် အရောက်တန်ဖိုး၊

(၄) ဤဥပဒေအရ ကုန်စည်ပိုင်ရှင်ထံတွင် စိစစ်တွေ့ရှိသည့် အခွနမပေးဆောင်ရသေးသော အထူးကုန်စည်ဖြစ်ပါက စိစစ်တွေ့ရှိသည့်အချိန်၌ ရောင်းချနေသည့်တန်ဖိုး သို့မဟုတ် ဈေးကွက်ပေါက်ဈေး၊

(၅) ပုဒ်မခွဲငယ် (၄) ပါ သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် ခက်ခဲသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနက အမိန်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ် ထားသည့်နည်းလမ်းများနှင့်အညီ တွက်ချက်ရရှိသညတန်ဖိုး။”

၉။ အထူးကုန်စည်ခွန် ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည် -

“(က) မည်သူမဆို ဤဥပဒေအရ ကျသင့်သည့်အခွန်ကို အောက်ပါအတိုင်း ပေးဆောင်ရမည်-

(၁) အထူးကုန်စည်ကို ပြည်တွင်းသို့တင်သွင်းခြင်းဖြစ်ပါက ကုန်စည်ကို ရွေးယူခြင်း မပြုမီ ပေးဆောင်ရမည်။

(၂) ပြည်တွင်း၌ ထုတ်လုပ်ခြင်းအတွက် -

(ကက) ရောင်းချသည့်လ၏ လကုန်ဆုံးပြီး ၁၀ ရက်အတွင်း ပေးဆောင်ရမည်။

( ခခ ) ထုတ်လုပ်မှုအပေါ် အခွန်ကျသင့်စေရန် ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်သည့် အထူးကုန်စည်များဖြစ်ပါက အထူးကုန်စည်ကို ထုတ်လုပ်သည့်လ၏ လကုန်ဆုံးပြီး ၁၀ ရက် အတွင်း ပေးဆောင်ရမည်။

(၃) ပြည်ပသို့တင်ပို့ခြင်းဖြစ်ပါက အထူးကုန်စည်ကို တင်ပို့သည့်လ၏ လကုန်ဆုံးပြီး ၁၀ ရက် အတွင်း ပေးဆောင်ရမည်။

(၄) ဤဥပဒေအရ အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်များကို ကုန်စည် ပိုင်ရှင်ထံတွင် စိစစ်တွေ့ရှိရခြင်းဖြစ်ပါက စိစစ်တွေ့ရှိသည့်နေ့မှ ခုနစ်ရက်အတွင်း ကုန်စည်ပိုင်ရှင်က ပေးဆောင်ရမည်။”

၁၀။ အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၉ တွင်-

(က) ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် (၂)၊ (၃) နှင့် (၄) တို့ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(၂) ပြည်ပသို့တင်ပို့မှုအပေါ် အခွန်ကျသင့်စေရန် သတ်မှတ်ထားသော အထူးကုန်စည်များ မှတစ်ပါး ခရီးသွားသူများအား အခွန်လွတ်အရောင်းဆိုင်မှ ရောင်းချသည့် အထူးကုန်စည်များ၊

(၃) ပြည်ပသို့တင်ပို့မှုအပေါ် အခွန်ကျသင့်စေရန် သတ်မှတ်ထားသော အထူး ကုန်စည်များမှတစ်ပါး ပြည်ပသို့ ပျံသန်းပြေးဆွဲနေစဉ် လေယာဉ် သို့မဟုတ် သင်္ဘောပေါ်တွင် ရောင်းချသည့် အထူးကုန်စည်များ၊

(၄) ယာယီအသုံးပြုရန် ရည်ရွယ်ချက်ဖြင့် ပြည်တွင်းသို့ တင်သွင်းလာပြီး မူလ တင်သွင်းသည့်နိုင်ငံသို့ မူရင်းပမာဏ အခြေအနေအတိုင်း အကောက်ခွန် သတ်မှတ်ချက်များနှင့်အညီ ပြန်လည်တင်ပို့မည့် အထူးကုန်စည်များ၊”

( ခ ) ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၃) ကို အောက်ပါအတိုင်း အစားထိုးရမည် -

“(၃) ကျွန်းနှင့် သစ်မာသစ်လုံးများ၊ သတ်မှတ်ချက်နှင့်အညီ အခြေခံအဆင့်သာ ခွဲစိတ် ထားသော ကျွန်းနှင့်သစ်မာ သစ်ခွဲသားများမှအပ နိုင်ငံတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေးအဖွဲ့အစည်းများ အသုံးပြုရန် ကိုယ်တိုင်ထုတ်လုပ်သော၊ တင်သွင်း လာသော သို့မဟုတ် ဝယ်ယူသော အထူးကုန်စည်များ။”

၁၁။ အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(က) ယာယီအသုံးပြုရန် ရည်ရွယ်ချက်ဖြင့် ပြည်တွင်းသို့ တင်သွင်းလာပြီး မူလတင်သွင်းသည့် နိုင်ငံသို့ မူရင်းပမာဏ အခြေအနေအတိုင်း အကောက်ခွန်သတ်မှတ်ချက်များ နှင့်အညီ ပြန်လည်တင်ပို့မည့် အထူးကုန်စည်များဆိုင်ရာ လိုက်နာဆောင်ရွက်ရန် နည်းလမ်းများ၊”

၁၂။ အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၁၁ ကို အောက်ပါအတိုင်း အစားထိုးရမည်-

“၁၁။(က) အထူးကုန်စည်ကို ထုတ်လုပ်သူ သို့မဟုတ် တင်ပို့သူသည် ကျသင့်အခွန်မှ အထူး ကုန်စည်ထုတ်လုပ်မှုနှင့် တင်ပို့မှုအတွက် အသုံးပြုရန် အထူးကုန်စည် တစ်မျိုးမျိုးကို ပြည်တွင်းသို့ ကိုယ်တိုင်တင်သွင်းစဉ်ကဖြစ်စေ၊ အခြားအထူးကုန်စည်ထုတ်လုပ်သူထံမှ ကိုယ်တိုင်ဝယ်ယူစဉ်ကဖြစ်စေ ပေးဆောင်ခဲ့ရသည့် အထူးကုန်စည်ခွန်ကို ခုနှိမ်နိုင်သည်။

( ခ ) အထူးကုန်စည်ထုတ်လုပ်မှု၊ တင်ပို့မှုများနှင့်စပ်လျဉ်း၍ အခွန်တစ်ကြိမ်တည်းသာ ကျသင့်စေရန် အခွန်ခုနှိမ်ပေးသွင်းခြင်းကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်။”

၁၃။ အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၁၂ ၏ ခြေဆင်းကို အောက်ပါအတိုင်း အစားထိုးရမည် -

“၁၂။ ညွှန်ကြားရေးမှူးချုပ်သည် အောက်ဖော်ပြပါ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ကျင့်သုံး ဆောင်ရွက်ရမည်။ ယင်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ ထမ်းဆောင်နိုင်ရန်အတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ညှိနှိုင်း၍ အဖွဲ့များ ဖွဲ့စည်း၍ဖြစ်စေ၊ မိမိဦးစီးဌာန ဝန်ထမ်းများအား တာဝန်ခွဲဝေပေးအပ်၍ဖြစ်စေ အကောင်အထည်ဖော် ဆောင်ရွက်စေနိုင်သည်-”

၁၄။ (က) အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၁၃ ၏ ခြေဆင်းကို အောက်ပါအတိုင်း အစားထိုးရမည် -

“၁၃။ ပုဒ်မ ၁၂ အရ ညွှန်ကြားရေးမှူးချုပ်က တာဝန်နှင့်လုပ်ပိုင်ခွင့်တစ်ရပ်ရပ်ကို လွှဲအပ် တာဝန်ပေးအပ်ခြင်းခံရသည့် အဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ်သည်-”

( ခ ) အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၁၃၊ ပုဒ်မခွဲ (ခ) ကို အောက်ပါအတိုင်း အစားထိုးရမည်-

“( ခ ) အထူးကုန်စည်များထားရှိသော လုပ်ငန်းဥပစာ သို့မဟုတ် သိုလှောင်ရုံတစ်ခုခုမှ မထွက်ခွာမီဖြစ်စေ၊ သယ်ယူပို့ဆောင်နေစဉ်ဖြစ်စေ သယ်ယူပို့ဆောင်သည့် ယာဉ်များကို ရပ်တန့်ရန် တောင်းဆို၍ စစ်ဆေးနိုင်သည်။”

( ဂ ) အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၁၃၊ ပုဒ်မခွဲ (ဃ) တွင်ပါရှိသော “ကုန်ထုတ်လုပ်သူ” ဆိုသည့် စကားရပ်ကို “တင်သွင်းသူ၊ ထုတ်လုပ်သူ၊ တင်ပို့သူ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၅။ အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၁၄ တွင်ပါရှိသော “စာဖြင့် ရေးသားလက်မှတ်ရေးထိုးထားသည့် စာသက်သေခံတစ်ရပ်” ဆိုသည့် စကားရပ်၏ရှေ့တွင် “အတည်ပြုလက်မှတ်ရေးထိုးထားသည့် သက်သေခံ ကဒ်ပြား သို့မဟုတ်” ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။

၁၆။ အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၁၅ တွင်-

(က) ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ခ) တို့တွင်ပါရှိသော“အထူးကုန်စည် ထုတ်လုပ်သူ” ဆိုသည့် စကားရပ်ကို “အထူးကုန်စည်ကို တင်သွင်းသူ၊ ထုတ်လုပ်သူ၊ တင်ပို့သူ” ဆိုသည့် စကားရပ်ဖြင့် အသီးသီး အစားထိုးရမည်။

( ခ ) ပုဒ်မခွဲ (ဂ) ကို အောက်ပါအတိုင်း အစားထိုးရမည်-

“( ဂ ) ပုဒ်မခွဲ (က) သို့မဟုတ် (ခ) အရ လုပ်ငန်းမှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားလာခြင်း အပေါ် မြို့နယ်အခွန်ဦးစီးဌာနမှူးသည် သတ်မှတ်ချက်များနှင့်အညီ စိစစ်၍ သက်ဆိုင်ရာ ဘဏ္ဍာနှစ်အတွက် လုပ်ငန်းမှတ်ပုံတင်ကို ထုတ်ပေးရမည်။”

( ဂ ) ပုဒ်မခွဲ (ဂ) ၏ နောက်တွင် ပုဒ်မခွဲ (ဃ) ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

“(ဃ) မှတ်ပုံတင်ထားသည့် အထူးကုန်စည်တင်သွင်းသူ၊ ထုတ်လုပ်သူ၊ တင်ပို့သူတို့သည် သက်ဆိုင်ရာဘဏ္ဍာနှစ်အတွက် ထုတ်ပေးသည့် လုပ်ငန်းမှတ်ပုံတင်ကို နှစ်စဉ် သက်တမ်းတိုး လျှောက်ထားရမည်။”

၁၇။ အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၁၆ ကို အောက်ပါအတိုင်း အစားထိုးရမည် -

“၁၆။(က) အခွန်ကျသင့်သော အထူးကုန်စည်ကို ပြည်တွင်း၌ ထုတ်လုပ်သူ သို့မဟုတ် တင်ပို့သူသည် အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၈ နှင့်အညီ ကျသင့်သော အခွန်ကို ပေးဆောင်ရမည့်အပြင် အထူးကုန်စည်ကို ထုတ်လုပ်ရောင်းချခြင်း သို့မဟုတ် ပြည်ပသို့တင်ပို့ခြင်းအတွက် သုံးလပတ်ကြေညာလွှာကို သက်ဆိုင်ရာသုံးလပတ် ကုန်ဆုံးပြီး ၁၀ ရက် အတွင်း မြို့နယ်အခွန်ဦးစီးဌာနမှူးထံ ပေးပို့ရမည်။

( ခ ) မြို့နယ်အခွန်ဦးစီးဌာနမှူးသည် အခွန်ကျသင့်သော အထူးကုန်စည်ကို ထုတ်လုပ် ရောင်းချခြင်း၊ ပြည်ပသို့တင်ပို့ခြင်း ဆောင်ရွက်နေသည်ဟုယူဆရန် အကြောင်းရှိသည့် မည်သူ့ကိုမဆို ယင်းသို့ဆောင်ရွက်ခြင်းအတွက် ကျသင့်အခွန်ပေးဆောင်စေရန် နှင့် သုံးလတစ်ကြိမ် ကြေညာလွှာ ပေးပို့စေရန် အကြောင်းကြားနိုင်သည်။

( ဂ ) အခွန်ကျသင့်သော အထူးကုန်စည်ကို ပြည်တွင်းသို့ တင်သွင်းသူသည် အကောက်ခွန် ဦးစီးဌာနမှ ထုတ်ယူခြင်းမပြုမီ ပြည်တွင်းသို့တင်သွင်းသည့် အထူးကုန်စည် စာရင်းကို အကောက်ခွန်ဦးစီးဌာနသို့ တင်သွင်းရမည်။”

၁၈။ အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၁၇ ကို အောက်ပါအတိုင်း အစားထိုးရမည်-

“၁၇။(က) ပုဒ်မ ၁၆၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ခ) တို့အရ ပေးပို့သော ကြေညာလွှာတွင် ပါရှိသည့် အထူးကုန်စည်နှင့်ပတ်သက်သော တန်ဖိုး၊ ပမာဏစသည်တို့ကို သတ်မှတ် ထားသည့် အခွန်နှုန်းထားများနှင့်တွက်ချက်ခြင်းဖြင့် ရရှိလာမည့် အခွန်သည် အနီးစပ်ဆုံးအနေအထားဖြစ်လျှင် မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ယင်းကြေညာလွှာကို အခြေပြု၍ အခွန် စည်းကြပ်ရမည်။

( ခ ) မြို့နယ်အခွန်ဦးစီးဌာနမှူးသည် အထူးကုန်စည်ကို ထုတ်လုပ်ရောင်းချခြင်း သို့မဟုတ် ပြည်ပသို့တင်ပို့ခြင်းနှင့်စပ်လျဉ်း၍ ပေးပို့လာသည့် ကြေညာလွှာပါ အချက်အလက်များမှ အထူးကုန်စည် ထုတ်လုပ်ရောင်းချခြင်း သို့မဟုတ် ပြည်ပသို့တင်ပို့ခြင်းအပေါ် ကျသင့်အခွန်ကို မှန်ကန်စွာမရရှိနိုင်ဟု ယုံကြည်ရန် အကြောင်းရှိလျှင် လိုအပ်သော အခြားသက်သေခံ အထောက်အထားများကို စိစစ်ပြီး အခွန်စည်းကြပ်နိုင်သည်။

( ဂ ) အထူးကုန်စည် ထုတ်လုပ်ရောင်းချခြင်း သို့မဟုတ် ပြည်ပသို့တင်ပို့ခြင်းနှင့် စပ်လျဉ်း၍ ကြေညာလွှာပေးပို့ရန် ပျက်ကွက်လျှင် မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ရရှိထားသော သတင်းအချက်အလက်များကို အခြေပြု၍ အခွန်စည်းကြပ်ရမည်။

(ဃ) အထူးကုန်စည် ထုတ်လုပ်ရောင်းချခြင်း သို့မဟုတ် ပြည်ပသို့တင်ပို့ခြင်းအပေါ် အခွန်စည်းကြပ်ခြင်းကို ပုဒ်မ ၁၆၊ ပုဒ်မခွဲ (က) အရ ကြေညာလွှာ တင်သွင်းသည့်လ အတွင်း အထူးကုန်စည် ထုတ်လုပ်ရောင်းချသူ သို့မဟုတ် ပြည်ပသို့တင်ပို့သူအား အခွန်စည်းကြပ်ရမည်။ အခွန်စည်းကြပ်ခြင်းမပြုမီ မည်သူ့ကိုမဆို ခေါ်ယူ စစ်ဆေးခြင်း၊ သတင်းအချက်အလက် တောင်းခံခြင်းပြုနိုင်သည်။”

၁၉။ အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၁၈ တွင်ပါရှိသော “တစ်နှစ်အတွင်းသာ တောင်းဆိုခွင့်ရှိသည်” ဆိုသည့် စကားရပ်ကို “တစ်နှစ်အတွင်းသာ ထိုပြန်အမ်းငွေကို ထုတ်ပေးရန် သို့မဟုတ် ခုနှိမ်ပေးသွင်း ခွင့်ပြုရန် သို့မဟုတ် ပေးဆောင်ရန်ရှိသည့် အခွန်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခွင့်ရှိသည်” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၂၀။ အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ (စ)၊ ပုဒ်မခွဲငယ် (၂) တွင်ပါရှိသော “စည်းကြပ်အခွန်၏ ၅၀ ရာခိုင်နှုန်း” ဆိုသည့် စကားရပ်ကို “ထပ်မံပေးဆောင်ရမည့် အခွန်၏ ၅၀ ရာခိုင်နှုန်း” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၂၁။ အထူးကုန်စည်ခွန် ဥပဒပုဒ်မ ၂၂ တွင်-

(က) ပုဒ်မခွဲ (ခ) တွင်ပါရှိသော “အချိန်မီ” ဆိုသည့် စကားရပ်ကို “သတ်မှတ်ထားသော သို့မဟုတ် ထပ်မံတိုးမြှင့်ပေးထားသော အချိန်အတွင်း” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

( ခ ) ပုဒ်မခွဲ (ဂ) တွင်ပါရှိသော “ယင်းကုန်စည်တန်ဖိုး” ဆိုသည့် စကားရပ်၏ ရှေ့တွင် “လက်ဝယ်ထားရှိသူက” ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။

( ဂ ) ပုဒ်မခွဲ (ဃ) တွင်ပါရှိသော “ပေးဆောင်ရမည့်အခွန်၏” ဆိုသည့်စကားရပ်၏ ရှေ့တွင် “စည်းကြပ်မှုအရထပ်မံ” ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။

(ဃ) ပုဒ်မခွဲ (င) နှင့် ပုဒ်မခွဲ (စ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည်-

“( င ) သုံးလပတ် ကြေညာလွှာကို အချိန်မီတင်သွင်းရန် ပျက်ကွက်ခြင်းအတွက် သက်ဆိုင်ရာ စည်းကြပ်မှုအရ ထပ်မံပေးဆောင်ရမည့် အခွန်၏ ၁၀ ရာခိုင်နှုန်း၊

( စ ) အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေရမည့် အထူးကုန်စည်နှင့်စပ်လျဉ်း၍ သတ်မှတ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးရန် ပျက်ကွက်ကြောင်း မြို့နယ်အခွန် ဦးစီးဌာနမှူးက စစ်ဆေးတွေ့ရှိရပါက အထူးကုန်စည် ထုတ်လုပ်သူက ယင်းသို့ ပျက်ကွက်ခြင်းအတွက် တွေ့ရှိသည့် အထူးကုန်စည်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်း။”

၂၂။ အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၂၃၊ ပုဒ်မခွဲ (ဂ) နှင့် ပုဒ်မ ၂၅၊ ပုဒ်မခွဲ (က) တို့တွင်ပါရှိသော “ထုတ်လုပ်မှုပမာဏ” ဆိုသည့်စကားရပ်ကို “တင်သွင်းမှု၊ ထုတ်လုပ်မှု၊ တင်ပို့မှုပမာဏ” ဆိုသည့် စကားရပ်ဖြင့် အသီးသီးအစားထိုးရမည်။

၂၃။ အထူးကုန်စည်ခွန် ဥပဒပုဒ်မ ၃၃၊ ပုဒ်မခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည်-

“(က) အထူးကုန်စည်များ ပြည်တွင်းသို့တင်သွင်းခြင်းအတွက် ကောက်ခံရငွေ၊ နိုင်ငံပိုင်လုပ်ငန်း ဌာနများနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတို့မှ ကောက်ခံရငွေမှအပ ကျန်ကောက်ခံရငွေ အပေါ် ပြည်ထောင်စုအစိုးရအဖွဲ့က တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက် သတ်မှတ်ပေးသော ရာခိုင်နှုန်းအချိုးအတိုင်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ လွှဲပြောင်းပေးသွင်းနိုင်သည်။”

၂၄။ အထူးကုန်စည်ခွန်ဥပဒပုဒ်မ ၃၅ ၏ နောက်တွင် ပုဒ်မ ၃၅-က အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

“၃၅-က။ ဝန်ကြီးဌာနသည် အောက်ဖော်ပြပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အထူးကုန်စည်ခွန် ပေးဆောင်ခဲ့ပြီးဖြစ်သည်ဟု ကျေနပ်လက်ခံပါက အထူးကုန်စည်ခွန် ပေးဆောင်ပြီး ဖြစ်သည်ဟု မှတ်ယူရမည်-

(က) ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက် မတိုင်မီက တင်သွင်းခဲ့သော သို့မဟုတ် ထုတ်လုပ်ခဲ့သော ကုန်စည်များနှင့်စပ်လျဉ်း၍ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၈/၉၀)၊ ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ၊ ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေများအရ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ပြီးဖြစ်ခြင်း၊

( ခ ) ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၈/၉၀) အာဏာမသက်ရောက်မီကာလက တင်သွင်းသော သို့မဟုတ် ထုတ်လုပ်သော ကုန်စည်များဖြစ်ပြီး ကုန်သွယ်လုပ်ငန်းခွန် မကျသင့်ခြင်း၊

( ဂ ) အခွန်ကင်းလွတ်ခွင့်ရရှိသော အထူးကုန်စည်များဖြစ်ခြင်း။”

၂၅။ အထူးကုန်စည်ခွန်ဥပဒေ၏ နောက်ဆက်တွဲဇယားကို ပယ်ဖျက်ရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ထင်ကျော်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သင့်ထင်မြင်ချက်လေး ရေးခဲ့ပါ။

Please leave comments or requests to revise or update, about this law...


မိတ်ဆွေ ပြည်ထောင်စု သားရောင်းရင်းများ ခင်ဗျား... ဒီစာမျက်နှာ သို့မဟုတ် ဒီဥပဒေနဲ့ ပတ်သက်ပြီး သင်ဘာပြောချင် ပါသလဲ? သင် ဘယ်လို မြင်ပါသလဲ? ထောက်ခံသလား? ကန့်ကွက်သလား? ဘယ်အပိုင်းက ခေတ်နဲ့ မညီဘူး ဖြစ်နေသလဲ? ဘယ်အပိုင်းကို ဦးစားပေး ပြင်သင့်တယ် ထင်သလဲ?
  • ကြောက်လို့ ဘာမှ မပြောဘဲ နေတာဟာ အဂတိ လိုက်စားတာပါ။ ‘ဘယာဂတိ’ လို့ ခေါ်ပါတယ်။ ဒါတွေ ရပ်ဘို့ လိုပါတယ်။ ပွင့်လင်းတဲ့ လူ့ဘောင် တစ်ခု ဖြစ်လာဘို့ ကျွန်တော်တို့ နိုင်ငံသားတွေကို အားပေး ရပါမယ်။ ပျိုးထောင် ရပါမယ်။ မိမိအမြင်ကို လွတ်လပ်စွာ ဆွေးနွေးတာ၊ တိုင်ပင် နှီးနှောတာ ဒီမိုကရေစီပါ။ ဆွေးနွေးပါ။ ဝေဖန်ပါ။ အားပေးပါတယ်။ ကျွန်တော်တို့ အားလုံးကိုယ်တိုင်လည်း အဝေဖန်ခံနိုင်အောင် ကြိုးစားရပါမယ်။  သဘောထား ကြီးအောင်ကြိုးစားပြီး။ agree to disagree ဆိုတာကို ဒီမိုကရေစီ နည်းကျ ကျင့်ကြံကြရပါမယ်။
  • မိမိ လုပ်ရပ်အားလုံးကို မိမိ တာဝန်ယူရမယ်ဆိုတာလည်း ဒီမိုကရေစီပါ။ ဆဲဆိုတာတွေ၊ မလုပ်ဘဲ ချက်ကျလက်ကျ ပြောဆိုဆွေးနွေး စေချင်ပါတယ်။ မေတ္တာရပ်ခံ လိုပါတယ်။ 
  • မတရားတာတွေ ဒီမိုကရေစီနည်းနဲ့ ရပ်တန့်ဘို့က ဒီလို ဆွေးနွေးဘို့ များများ လိုပါတယ်။ ဒီမှာ ဆွေးနွေးတာတွေကို law-maker တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ မြင်အောင်၊ ဖတ်ဖြစ်အောင် ကျွန်တော်တို့ ကြိုးစား နေပါတယ်။ 
  • ကမ္ဘာမှာ အတိုးတက်ဆုံး အမေရိကန် ပြည်ထောင်စု ဆိုတာ ကမ္ဘာမှာ ဥပဒေ အများဆုံး ရှိတဲ့ တိုင်းပြည်ပါ။ ဆိုလိုတာက ချုပ်ချယ်မှု အများဆုံး တိုင်းပြည်ပါ။ ကာကွယ်သင့်တာတွေကို အကာအကွယ် အများဆုံး ပေးတဲ့ တိုင်းပြည်ပါ။ တစ်ချိန်တည်းမှာ ကမ္ဘာမှာ အလွတ်လပ်ဆုံး တိုင်းပြည်ပါ။ မိမိတို့ ချစ်တဲ့ မြန်မာနိုင်ငံကို the land of opportunities ဖြစ်လာအောင် ဝိုင်းဝန်း အကြံပေး ကြပါ။ ပြုပြင် ပေးကြပါလို့ နှိုးဆော် လိုက်ပါရစေ။

/ အယ်ဒီတာ

ဒီဥပဒေထဲမှာ ဘာတွေ ပြင်သင့်သလဲ? ဆွေးနွေးကြည့်ပါ။
What are needed to be revised in this law?

ဖွဲ့စည်းပုံကို သင့်ဖုန်းပေါ်မှာ ဖတ်နိုင်

Myanmar constitution app for Androidယခု လက်ရှိ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သင့် Android ဖုန်းပေါ်မှာ အလွယ်တကူ ဖတ်နိုင်အောင် mobile app ထုတ်ထားပါတယ်။ အခမဲ့ ရယူနိုင်ပါတယ်။ Myanmar Constitution app for Android mobiles. Download here.

ကက က္က

CSR project by Myanmars.NET

 
Welcome to Myanmar Laws Archive. This is a CSR (corporate social responsibility) project by Myanmars.NET for legal knowledge education program to our people. The law does not excuse people, because they do not know. Myanmar laws are based on English common law, so that it is very similar to many laws in United States, United Kingdom, Australia, Singapore, or Malaysia.

We also have a CSR policy that we do NOT do new businesses with alcoholic, cigarette, and MLM businesses.