2016 - Today (NLD)

Myanmar Law Center


   

2017-03-24 - ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ

၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ

(၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၇ ။)

၁၃၇၈ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက်

(၂၀၁၇ ခုနှစ်၊ မတ်လ ၂၄ ရက်)

 

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

 

အပိုင်း ၁

အမည်နှင့်စတင်အကျိုးသက်ရောက်သည့်နေ့ရက်

 

၁။ (က) ဤဥပဒေကို ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေဟု ခေါ်တွင်စေရမည်။

 (ခ) ဤ ဥပဒေကို ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်အကျိုးသက်ရောက်စေရမည်။

 

အပိုင်း ၂

 

နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ

 

အခန်း(၁)

ရငွေများနှင့်သုံးငွေများ

 

၂။ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများသည် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်ကြရမည်။ ထိုသို့ဆောင်ရွက်၍ရသော ရငွေများကို ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်း၍ ထုတ်ပေးရန်ရှိသော သုံးငွေများကို ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရမည်။

၃။ (က) နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့်ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၁)၊ (၂)၊ (၃) နှင့် (၄) တို့တွင် မိမိနှင့် ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ် ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။

(ခ) ပုဒ်မခွဲ (က) ပါတာဝန်ခံရသည့်ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။

(ဂ) ရငွေများကိုစီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင်လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

၄။ (က) နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများသည် ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင် ဤဥပဒေအရ လျာထားသောရငွေတို့ထက် တိုး၍ဖြစ်စေ၊ လျော့၍ဖြစ်စေရသောရငွေများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသော ၂၀၁၇-၂၀၁၈ ခုနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။

(ခ) နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများသည် သုံးငွေများကို စီမံခန့်ခွဲရာတွင် ဤဥပဒေအရ ခွင့်ပြုထားသောသုံးငွေများအတွင်း ငွေစာရင်းခေါင်းစဉ် လွှဲပြောင်းသုံးစွဲသည့်အသုံးစရိတ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပုဒ်မ ၁၁ အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သုံးစွဲသည့် အသုံးစရိတ်များနှင့်စပ်လျဉ်း၍ လည်းကောင်းပြည်ထောင်စုလွှတ်တော်သို့ တင်ပြသော ၂၀၁၇-၂၀၁၈ ခုနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများတင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။

(ဂ)  ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤဥပဒေ၏ ပုဒ်မ ၁၁ အရ ပိုမိုသုံးစွဲရန် ခွင့်ပြုသည့် ကိစ္စရပ်များကို ကိစ္စတစ်ရပ်ချင်း အကျိုးအကြောင်း ဖော်ပြချက်များနှင့် အတူ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူရမည်။

၅။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဘဏ္ဍာရေးကော်မရှင်နှင့် ညှိနှိုင်းရရှိသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများအရ လိုအပ်သည့် ငွေကို ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေမှ သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းပေးခြင်း၊ အထူးကိစ္စအဖြစ် ထောက်ပံ့ခြင်း၊ လိုအပ်သည့်ချေးငွေများ ထုတ်ချေးခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက်ဖြင့်ခွင့်ပြုနိုင်သည်။

 

အခန်း(၂)

ငွေချေးယူခြင်း

 

၆။ ပြည်ထောင်စုအစိုးရအဖွဲ့သည် လုပ်ငန်းစီမံချက်များအတွက်ဖြစ်စေ၊ ပြည်ထောင်စု၏အရအသုံးခန့်မှန်းခြေငွေစာရင်းပါ အသုံးစရိတ်များအတွက်ဖြစ်စေ၊ ပြည်ထောင်စုက တာဝန်ယူရသော ချေးငွေစာချုပ်များ သို့မဟုတ် အာမခံစာချုပ်များ ထုတ်ပေးခြင်းဖြင့်လည်းကောင်း၊ အခြားနည်းလမ်းများဖြင့်လည်းကောင်း၊ ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှဖြစ်စေ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ငွေချေးယူနိုင်သည်။ ထိုသို့ချေးငွေရယူသည့်အခါ သင့်သည်ထင်မြင်သည့်အတိုးနှုန်းများသတ်မှတ်နိုင်သည်။ ပြန်ဆပ်ရန်၊ ပြန်ရွေးရန် သို့မဟုတ် အခြားနည်းစီမံရန် စည်းကမ်းချက်များကိုလည်းပြုလုပ်နိုင်သည်။ သို့ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေချေးယူခြင်းအတွက် အတိုးနှုန်းနှင့်လိုအပ်သောစည်းကမ်းချက်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ညှိနှိုင်းပြီးမှ သတ်မှတ်နိုင်သည်။

၇။ ပြည်ထောင်စုအစိုးရအဖွဲ့က ယခင်ဘဏ္ဍာရေးနှစ်အတွင်း လိုအပ်ငွေများဖြည့်တင်းရန် အာမခံစာချုပ်များ ရောင်းချခြင်းဖြင့်ရယူခဲ့သည့် ချေးငွေများနှင့်စပ်လျဉ်း၍အချိန်ကျရောက်သောအခါပေးဆပ်ခြင်းကို အာမခံစာချုပ် အသစ်များဖြင့်လဲလှယ်နိုင်သည်။

၈။ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ဘဏ္ဍာနှစ်အတွင်းလိုအပ်ငွေများဖြည့်တင်းရန် အစိုးရငွေချေးသက်သေခံလက်မှတ်များ ဝယ်ယူခြင်းနှင့် ရောင်းချခြင်းကိုမြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တာဝန်ပေးအပ်နိုင်သည်။

၉။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် လုပ်ငန်းစီမံချက်တစ်ရပ်ရပ်အတွက် ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းအတွက်သော်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဌာနအဖွဲ့အစည်းအတွက်သော်လည်းကောင်း၊ ပြည်ပမှ ငွေချေးယူနိုင်သည်။ ပြည်ပမှရရှိသော ချေးငွေများကို နိုင်ငံတော်နှင့်အကျိုးတူ ဆောင်ရွက်နေသော လုပ်ငန်းများသို့ သင့်လျော်သော စည်းကမ်းချက်များ သတ်မှတ်၍ပြန်လည်ထုတ်ချေးခွင့်ပြုနိုင်သည်။

၁၀။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤအခန်းပါ ကိစ္စရပ်များ အားလုံးကိုဖြစ်စေ၊ အချို့ကိုဖြစ်စေဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအားလုပ်ပိုင်ခွင့်အပ်နှင်းနိုင်သည်။

 (ခ) ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေ အခန်း (၁၀)နှင့်အညီ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဤအခန်းပါ ငွေချေးယူသောကိစ္စများအတွက်နိုင်ငံတော်ကိုယ်စားအာမခံချက်ပေးနိုင်သည်။

၁၁။ ဇယား (၁)၊ (၃) နှင့် (၇) တို့တွင် ဖော်ပြလျာထားသော ရငွေများအနက် ပြည်ထောင်စုလွှတ်တော်ကအတည်ပြုပြီးသော ချေးငွေစာချုပ်ချုပ်ဆိုပြီးသည့် ပြည်ပချေးယူရငွေသည် လျာထားသည်ထက် ပိုမိုရရှိလျှင် ယင်းသို့ပိုမိုရရှိသောငွေများဖြင့် ဆက်နွယ်ထားသည့် လုပ်ငန်းအသုံးစရိတ်များကြောင့် ဇယား(၂)၊ (၄)နှင့် (၈) တို့တွင် ဖော်ပြခွင့်ပြုထားသော သုံးငွေများထက် ပိုမိုသုံးစွဲရန် လိုအပ်ပါက နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေ မပြဋ္ဌာန်းမီဖြစ်လျှင် ပြည်ထောင်စုအစိုးရအဖွဲ့က စိစစ်သုံးသပ်၍ငွေစာရင်းခေါင်းစဉ် လွှဲပြောင်းသုံးစွဲခြင်းဖြင့်ဖြစ်စေ၊ ပုဒ်မ ၂၇ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးပေါ်ရန်ပုံငွေမှဖြစ်စေခွင့်ပြုနိုင်သည်။ ယင်းသို့ခွင့်ပြုမှုများကို ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင်ထည့်သွင်းဖော်ပြရမည်။ နောက်ထပ်ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေးဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်းမှ ရရှိပါက ပုဒ်မ ၂၇ ပါပြဋ္ဌာန်းချက်များနှင့်အညီ အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲနိုင်သည်။ ယင်းသို့သုံးစွဲခဲ့သည့်အသုံးစရိတ်များကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။

၁၂။ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၁၈ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသည့်ဘဏ္ဍာရေးနှစ်အတွင်း ဤအခန်းအရ ငွေချေးစာချုပ်များ ချုပ်ဆိုပြီးနောက် အမှန်တကယ် ချေးယူရရှိသည့် ငွေစုစုပေါင်းသည် ကျပ်သန်းပေါင်း ငါးဆယ့်နှစ်သိန်းထက် မပိုစေရ။

 

အခန်း(၃)

ပြည်ပအကူအညီရယူခြင်း

 

၁၃။ ပြည်ထောင်စုအစိုးရအဖွဲ့သည် လုပ်ငန်းစီမံချက်တစ်ရပ်ရပ်အတွက် ပြည်ထောင်စုအဆင့်ဌာနအဖွဲ့အစည်းအတွက်သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ဌာန အဖွဲ့အစည်းအတွက်သော်လည်းကောင်း ပြည်ပအကူအညီကို ငွေသား၊ ပစ္စည်း၊ ဆောင်ရွက်ပေးမှုတို့ဖြင့် ရယူခွင့်ပြုနိုင်သည်။

၁၄။ ဇယား(၁)၊ (၃) နှင့် (၇) တို့တွင် ဖော်ပြလျာထားသော ရငွေများအနက် ပြည်ပအကူအညီရငွေသည် လျာထားသည်ထက် ပိုမိုရရှိလျှင် ယင်းသို့ပိုမိုရရှိသော ငွေများဖြင့် ဆက်နွယ်ထားသည့်လုပ်ငန်းအသုံးစရိတ်များကြောင့် ဇယား(၂)၊ (၄) နှင့် (၈) တို့တွင် ဖော်ပြခွင့်ပြုသော သုံးငွေများထက်ပိုမိုသုံးစွဲရန် လိုအပ်ပါက အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

 (က) နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ မပြဋ္ဌာန်းမီဖြစ်လျှင် ပြည်ထောင်စုအစိုးရအဖွဲ့က စိစစ်သုံးသပ်၍ ငွေစာရင်းခေါင်းစဉ် လွှဲပြောင်းသုံးစွဲခြင်းနည်းလမ်း၊ ပုဒ်မ ၂၇ ပါပြဋ္ဌာန်းချက်များနှင့်အညီ အရေးပေါ်ရန်ပုံငွေမှ ခွင့်ပြုသည့်နည်းလမ်းတို့ဖြင့် ခွင့်ပြုနိုင်သည်။ ယင်းသို့ခွင့်ပြုသည့် သုံးငွေများကို ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။

 (ခ) နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ ပြဋ္ဌာန်းပြီး နောက်ပိုင်းဖြစ်လျှင် ပုဒ်မ ၂၇ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးပေါ်ရန်ပုံငွေမှ ခွင့်ပြုသည့်နည်းလမ်း၊ ငွေစာရင်းခေါင်းစဉ်လွှဲပြောင်းသုံးစွဲခြင်းနည်းလမ်းတို့ဖြင့်ခွင့်ပြုနိုင်သည်။ ယင်းသို့ ခွင့်ပြုသည့်သုံးငွေများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။

 

အခန်း(၄)

ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှဆောင်ရွက်သော

ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ

 

၁၅။ လူမှုဖူလုံရေးအဖွဲ့သည် မိမိတို့၏ လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်ရန်ပုံငွေတို့အပေါ်ရပ်တည်၍ လုပ်ငန်းများကို မိမိ၏ ဘဏ္ဍာငွေအစီအစဉ်ဖြင့် ဆောင်ရွက်ရမည်။

၁၆။ (က) လူမှုဖူလုံရေးအဖွဲ့၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား(၅) နှင့် (၆) တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကိုစီမံခန့်ခွဲခြင်းပြုရမည်။

 (ခ) ပုဒ်မခွဲ (က) ပါတာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသောလုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။

 (ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင်လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

၁၇။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် လူမှုဖူလုံရေးအဖွဲ့၏ ဇယား (၅) နှင့် (၆) တို့တွင် ဖော်ပြထားသောငွေများကို လုပ်ငန်းအရလိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ထိုသို့ ငွေများပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသော ၂၀၁၇-၂၀၁၈ ခုနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင်လည်းကောင်း ကိစ္စတစ်ရပ်ချင်း အကျိုးအကြောင်း ဖော်ပြချက်များနှင့်အတူ ထည့်သွင်းဖော်ပြရမည်။

 (ခ) ပြည်ထောင်စုအစိုးရအဖွဲ့သည် လူမှုဖူလုံရေးအဖွဲ့အား လုပ်ငန်းလုပ်ကိုင်ရန်သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရန်သော်လည်းကောင်း လိုအပ်သည့်ငွေကိုထောက်ပံ့ငွေဖြင့်ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့်ရယူဆောင်ရွက်ခွင့်ပြုနိုင်သည်။

၁၈။ ပြည်ထောင်စုအစိုးရအဖွဲ့သည် လူမှုဖူလုံရေးအဖွဲ့က လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့် ရန်ပုံငွေတို့ဖြင့် ရပ်တည်ပြီး ယင်းရန်ပုံငွေမှ အကျိုးခံစားခွင့်များပေးရာတွင် လုံလောက်မှုမရှိ၍ တောင်းခံလာပါက ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေမှ ထည့်ဝင်ခြင်း၊ ထောက်ပံ့ခြင်းနှင့် လိုအပ်သည့် ချေးငွေများ ထုတ်ချေးခြင်း၊ လူမှုဖူလုံရေးအိမ်ရာစီမံကိန်းအတွက် ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ပေးခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့်ခွင့်ပြုနိုင်သည်။

 

အပိုင်း ၃

နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ

အခန်း(၁)

ရငွေများနှင့်သုံးငွေများ

 

၁၉။ (က) နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် စီးပွားရေးဆန်ဆန် ဆောင်ရွက်နိုင်ရေးနှင့်မိမိတို့၏ငွေကြေးအင်အားအပေါ် မိမိတို့ရပ်တည်နိုင်ရေးမူနှင့်အညီ ဆောင်ရွက်ကြရာတွင် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေလက်ကျန် အခြေအနေအရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏သတ်မှတ်ချက်နှင့်အညီ သာမန်အသုံးစရိတ်အားလုံးနှင့် ငွေလုံးငွေရင်းအသုံးစရိတ်အားလုံးတို့ကို လုပ်ငန်းသုံး ရင်းနှီးငွေအဖြစ် မိမိတို့၏ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့်လည်းကောင်း၊ သာမန်အသုံးစရိတ်အောက်ရှိ ကုန်ကြမ်းပစ္စည်းဝယ်ယူခြင်းအသုံးစရိတ်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ နိုင်ငံတော်သို့ထည့်ဝင်ငွေ၊ ကုန်ထုတ်လုပ်မှုစရိတ်/လုပ်ငန်းဆောင်ရွက်မှု စရိတ်၊ စီမံနှင့်သုတေသနစရိတ်နှင့် ရောင်းချဖြန့်ဖြူးမှုစရိတ်တို့ကို လုပ်ငန်းသုံးရင်းနှီးငွေအဖြစ်မိမိတို့၏ ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့်လည်းကောင်း၊ သာမန်အသုံးစရိတ်အောက်ရှိ ကုန်ကြမ်းပစ္စည်းဝယ်ယူခြင်းအသုံးစရိတ်၏ ၅၀ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုစရိတ်/လုပ်ငန်းဆောင်ရွက်မှုစရိတ်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်နှင့်နိုင်ငံတော်သို့ထည့်ဝင်ငွေတို့ကို လုပ်ငန်းသုံးရင်းနှီးငွေအဖြစ် မိမိတို့၏ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့်လည်းကောင်း ဆောင်ရွက်ကြရမည်။ လုပ်ငန်းသုံးရင်းနှီးငွေကို မိမိတို့၏ ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရန် မလုံလောက်ပါက မြန်မာနိုင်ငံတော် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ တည်ထောင်ထားသော နိုင်ငံပိုင်ဘဏ်များမှ သတ်မှတ်ချက်နှင့်အညီ ငွေချေးယူသုံးစွဲနိုင်သည်။

 (ခ) နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် ပုဒ်မခွဲ (က) တွင်ဖော်ပြထားသည့် မိမိတို့၏ ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေဖြင့် သုံးစွဲရမည့်အသုံးစရိတ်များမှအပ ပြည်ပသို့ကြွေးမြီပြန်လည်ပေးဆပ်ရန်အသုံးစရိတ်၊ ကျန်သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်းအသုံးစရိတ်များကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်ကြရမည်။

၂၀။ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ငွေအဝင်နှင့်အထွက်ကို စာရင်းပြုစုရန်အလို့ငှာပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေစာရင်းတွင်ဖော်ပြရမည်။

၂၁။ (က) ဇယား (၇) နှင့် (၈) တို့တွင် ဖော်ပြထားသည့် ရငွေများနှင့် သုံးငွေများသည် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများက စီမံကိန်းရည်မှန်းချက်များအရထမြောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ရည်မှန်းထားသောငွေများဖြစ်သည်။

 (ခ) နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၇) နှင့် (၈) တို့တွင် မိမိနှင့် ယှဉ်တွဲဖော်ပြထားသည့်ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့်သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။

 (ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင်လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရမည်။

 

အခန်း(၂)

နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများနှင့်ပတ်သက်၍ပြည်ထောင်စုအစိုးရအဖွဲ့၏လုပ်ပိုင်ခွင့်များ

 

၂၂။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် စီးပွားရေးဆန်ဆန်ဆောင်ရွက်ရမည့်နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများအား သတ်မှတ်ပေးရမည်။

 (ခ) ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ လုပ်ငန်းလိုအပ်ချက်အရအောက်ပါတို့ကို စိစစ်သုံးသပ်၍ ပြောင်းလဲပေးနိုင်သည်-

 (၁) ဤဥပဒေ၏ဇယား(၇)တွင် ဖော်ပြထားသောရငွေများ တိုးခြင်း၊ လျော့ခြင်း၊

 (၂) ဤဥပဒေ၏ ဇယား(၈)အရ ခွင့်ပြုထားသော အဖွဲ့အစည်းတစ်ခု၏ သာမန်သုံးငွေနှင့် ငွေလုံးငွေရင်းသုံးငွေတွင် တည်ဆောက်ရေးလုပ်ငန်းများအတွက် မူလခွင့်ပြုငွေ အတွင်း အတိုင်းအတာပြောင်းလဲဆောက်လုပ်ခြင်းနှင့် စက်ပစ္စည်းများ ဝယ်ယူရေးအတွက် မူလခွင့်ပြုငွေအတွင်း အမျိုးအစား၊ အရေအတွက်နှင့် ဈေးနှုန်းများ ပြောင်းလဲခြင်းများကိုသတ်မှတ်ချက်များနှင့်အညီ ပြည်ထောင်စု အစိုးရအဖွဲ့ ကိုယ်စားစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ် ဆောင်ရွက်စေခြင်း၊

(၃) ဤဥပဒေ၏ ဇယား (၈)အရ ခွင့်ပြုထားသော အဖွဲ့အစည်းတစ်ခု၏ ငွေလုံးငွေရင်းသုံးငွေတွင်အထက်ပုဒ်မခွဲငယ်(၂) ပါပြောင်းလဲသုံးစွဲခြင်းမှအပ လုပ်ငန်းစီမံကိန်းများ ပြောင်းလဲခြင်းမပြုဘဲ မူလလုပ်ငန်းစီမံကိန်းတစ်ခုစီအတွင်းငွေများပြောင်းလဲသုံးစွဲခြင်း၊

(၄) ဤဥပဒေ၏ ဇယား(၈)အရ ခွင့်ပြုထားသော အဖွဲ့အစည်းတစ်ခု၏ ကြွေးမြီသုံးငွေတွင် ငွေများ ပြောင်းလဲသုံးစွဲခြင်း၊

(၅) ထိုသို့ ရငွေများနှင့်သုံးငွေများပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ပြည်ထောင်စုလွှတ်တော်သို့တင်ပြသော ၂၀၁၇-၂၀၁၈ ခုနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှဖြစ်ပေါ်လာသော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင်လည်းကောင်း ကိစ္စတစ်ရပ်ချင်း အကျိုးအကြောင်း ဖော်ပြချက်များနှင့်အတူထည့်သွင်းဖော်ပြခြင်း။

 (ဂ) သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေနှင့်ကြွေးမြီသုံးငွေများကို အဖွဲ့အစည်းတစ်ခုမှ အခြားအဖွဲ့အစည်းတစ်ခုသို့ ပြောင်းလဲသုံးစွဲခြင်းနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ ငွေလုံးငွေရင်းသုံးငွေတွင် အဖွဲ့အစည်းတစ်ခုအတွင်း လုပ်ငန်းစီမံကိန်းတစ်ခုမှ အခြားလုပ်ငန်းစီမံကိန်းတစ်ခုသို့ ပြောင်းလဲသုံးစွဲခြင်းနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့်ပြောင်းလဲပေးနိုင်သည်။ ထိုသို့ရငွေများနှင့်သုံးငွေများ ပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသော ၂၀၁၇-၂၀၁၈ ခုနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှ ဖြစ်ပေါ်လာသော ငွေများ ပြောင်းလဲခြင်းများကိုအမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။

 (ဃ) ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများအား လုပ်ငန်းလုပ်ကိုင်ရန် လိုအပ်သည့် လုပ်ငန်းသုံးရင်းနှီးငွေကိုလည်းကောင်း၊ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများအတွက်လိုအပ်သည့်ငွေကိုလည်းကောင်း ထောက်ပံ့ငွေဖြင့်ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေ ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက်ဖြင့် ရယူဆောင်ရွက်ခွင့်ပြုနိုင်သည်။

(င) ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများက နိုင်ငံတော်သို့ထည့်ဝင်ရမည့်ငွေကို သတ်မှတ်ပေးရမည်။

(စ) ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများက လုပ်ငန်းလုပ်ကိုင်ရန် လိုအပ်သည့်လုပ်ငန်းသုံးရင်းနှီးငွေကိုလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် လိုအပ်သည့်ငွေကိုလည်းကောင်း၊ မြန်မာနိုင်ငံတော် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ တည်ထောင်ထားသော နိုင်ငံပိုင်ဘဏ်များမှချေးယူနိုင်ရန် ငွေပမာဏကို သတ်မှတ်ပေးနိုင်သည်။

(ဆ) ပုဒ်မခွဲ (စ) ပါ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းဆိုသည့် စကားရပ်တွင်မြန်မာနိုင်ငံတော်ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအရ တည်ထောင်ထားသော နိုင်ငံပိုင်ဘဏ်များနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ မပါဝင်စေရ။

(ဇ) ပြည်ထောင်စုအစိုးရအဖွဲ့သည် ပုဒ်မခွဲ (စ) ပါလုပ်ပိုင်ခွင့်များကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား အပ်နှင်းနိုင်သည်။

 

အခန်း(၃)

နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ဘဏ္ဍာရေးဆိုင်ရာလုပ်ပိုင်ခွင့်များ

 

၂၃။ (က) နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် ဇယား (၇) နှင့် (၈) တို့တွင်ဖော်ပြထားသော သက်ဆိုင်ရာတာဝန်ခံပုဂ္ဂိုလ်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မိမိတို့၏ လုပ်ငန်းများကို စီမံခန့်ခွဲရမည်။

 (ခ) နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏လုပ်ငန်းလိုအပ်ချက်အရ ဇယား (၇) တွင် ဖော်ပြထားသော ရငွေများတိုးခြင်း၊ လျော့ခြင်းနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ ဇယား (၈) အရ ခွင့်ပြုထားသော အဖွဲ့အစည်းတစ်ခု၏ သာမန်သုံးငွေနှင့် ငွေလုံးငွေရင်းသုံးငွေတွင် တည်ဆောက်ရေးလုပ်ငန်းများအတွက် မူလခွင့်ပြုငွေအတွင်း အတိုင်းအတာ ပြောင်းလဲဆောက်လုပ်ခြင်း၊ စက်ပစ္စည်းများဝယ်ယူရေးအတွက်မူလခွင့်ပြုငွေအတွင်း အမျိုးအစား၊ အရေအတွက်နှင့်ဈေးနှုန်းများပြောင်းလဲခြင်းတို့မှလွဲ၍ ငွေလုံးငွေရင်း သုံးငွေတွင် လုပ်ငန်းစီမံကိန်းများ ပြောင်းလဲခြင်းမပြုဘဲ မူလလုပ်ငန်းစီမံကိန်းတစ်ခုစီအတွင်း ငွေများပြောင်းလဲသုံးစွဲခြင်းနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ ကြွေးမြီသုံးငွေတွင် ငွေများပြောင်းလဲသုံးစွဲခြင်းနှင့် စပ်လျဉ်း၍သော်လည်းကောင်း ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ ခွင့်ပြုချက်ရယူပြီး ပြောင်းလဲနိုင်သည်။

(ဂ) သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေနှင့် ကြွေးမြီသုံးငွေများကို အစိုးရဌာနအဖွဲ့အစည်းတစ်ခုခုမှ အခြားဌာနအဖွဲ့အစည်းတစ်ခုခုသို့ ပြောင်းလဲသုံးစွဲခြင်းနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ ငွေလုံးငွေရင်းသုံးငွေတွင် အဖွဲ့အစည်းတစ်ခုအတွင်း လုပ်ငန်းစီမံကိန်းတစ်ခုမှ အခြားလုပ်ငန်းစီမံကိန်းတစ်ခုသို့ ပြောင်းလဲသုံးစွဲခြင်းနှင့်စပ်လျဉ်း၍သော်လည်းကောင်း ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြပြီး ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ပြောင်းလဲနိုင်သည်။

(ဃ) နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် ပုဒ်မ ၂၂၊ ပုဒ်မခွဲ (စ) အရ ငွေချေးယူလိုလျှင်ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ပေးသည့်ငွေထက် မကျော်လွန်ဘဲ ချေးယူနိုင်သည်။

 

အခန်း(၄)

ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော

နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ

 

၂၄။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ် ပြင်ပမှဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများအား သတ်မှတ်ပေးရမည်။ ထိုသို့ သတ်မှတ်ပေးခြင်းကို အနီးကပ်ဆုံးကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့အကျိုးအကြောင်း ဖော်ပြချက်နှင့်အတူ အစီရင်ခံရမည်။

 (ခ) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သည့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် စီးပွားရေးဆန်ဆန် ဆောင်ရွက်နိုင်ရေးနှင့် မိမိတို့၏ ငွေကြေးအင်အားအပေါ် မိမိတို့ရပ်တည် ဆောင်ရွက်ကြရမည်။

 (ဂ) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ် ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ စုစုပေါင်းငွေအဝင်နှင့်အထွက်ကို စာရင်းပြုစုရန်အလို့ငှာ နိုင်ငံတော်၏ရသုံးခန့်မှန်းခြေငွေစာရင်းတွင်ဖော်ပြရမည်။

၂၅။ (က) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၉) နှင့် (၁၀) တို့တွင် မိမိနှင့် ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့်သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။

 (ခ) ပုဒ်မခွဲ (က) ပါတာဝန်ခံရသည့်ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအားလွှဲအပ်ဆောင်ရွက်စေနိုင်သည်။

 (ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင်လည်းကောင်း သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

 (ဃ) ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ပြင်ပမှဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများက နိုင်ငံတော်သို့ထည့်ဝင်ရမည့်ငွေကို သတ်မှတ်ပေးရမည်။

၂၆။ (က) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများသည် ဇယား (၉) နှင့် (၁၀) တို့တွင် ဖော်ပြထားသော ရငွေများနှင့်သုံးငွေများကို လုပ်ငန်းအရလိုအပ်လျှင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့်ပြောင်းလဲပေးနိုင်သည်။

 (ခ) ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ လုပ်ငန်းများလုပ်ကိုင်ရန် ကနဦးရင်းနှီးမြှပ်နှံငွေကို သတ်မှတ်ချက်နှင့်အညီ ထည့်ဝင်နိုင်သည်။

 (ဂ) ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများအား လုပ်ငန်းလုပ်ကိုင်ရန်သော်လည်းကောင်း၊ ရင်းနှီးမြှပ်နှံရန်သော်လည်းကောင်း လိုအပ်သည့်ငွေများကိုမြန်မာနိုင်ငံတော်ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ တည်ထောင်ထားသောဘဏ်များမှ သတ်မှတ်ချက်များနှင့်အညီ ချေးယူနိုင်ရန် ငွေပမာဏကို သတ်မှတ်ပေးနိုင်သည်။

 

အပိုင်း ၄

အရေးပေါ်ရန်ပုံငွေ

 

၂၇။ (က) နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ၊ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များသည် ဇယား (၄) စာတိုင် (၄) တွင်ဖော်ပြထားသော အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုအစိုးရက မသုံးစွဲလျှင်မဖြစ်သည့် အရေးပေါ်ကိစ္စရပ်အတွက် အသုံးစရိတ်ဖြစ်ပြီး အရအသုံးခန့်မှန်းခြေ ငွေစာရင်းလျာထားချက်တွင် ပါဝင်ခြင်း မရှိသောအသုံးစရိတ်အတွက်သာလျှင် ဆောင်ရွက်ခွင့်ရှိသည်။

 (ခ) အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရသာ ခွင့်ပြုရမည်။

 (ဂ) ပြည်ထောင်စုအစိုးရအဖွဲ့သည် အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲသည့်ကိစ္စရပ်များကို ကိစ္စတစ်ရပ်ချင်း ကျိုးကြောင်းဖော်ပြချက်များနှင့်အတူ အနီးကပ်ဆုံးကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့တင်ပြရမည်။

 

အပိုင်း ၅

တပ်မြို့စည်ပင်သာယာရေးအဖွဲ့များ

 

၂၈။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့များသည် မိမိတို့၏ဘဏ္ဍာငွေအပေါ်ရပ်တည်၍ လုပ်ငန်းများကို မိမိတို့၏ ဘဏ္ဍာငွေအစီအစဉ်ဖြင့် ဆောင်ရွက်ကြရမည်။

၂၉။ (က) တပ်မြို့စည်ပင်သာယာရေးအဖွဲ့များ၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၁၁) နှင့် (၁၂) တို့တွင် မိမိနှင့် ယှဉ်တွဲ ဖော်ပြထားသည့်ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။

 (ခ) ပုဒ်မခွဲ (က) ပါတာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသောလုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။

 (ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာ တွင်လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြောငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

၃၀။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် တပ်မြို့စည်ပင်သာယာရေးအဖွဲ့များ၏ ဇယား (၁၁) နှင့် (၁၂) တို့တွင် ဖော်ပြထားသောငွေများကို လုပ်ငန်းအရလိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ထိုသို့ငွေများ ပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသော ၂၀၁၇-၂၀၁၈ ခုနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတင်ပြချိန် နောက်ပိုင်းမှ ဖြစ်ပေါ်သောပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင်လည်းကောင်း ကိစ္စတစ်ရပ်ချင်းအကျိုးအကြောင်း ဖော်ပြချက်များနှင့်အတူ ထည့်သွင်းဖော်ပြရမည်။

 (ခ) ပြည်ထောင်စုအစိုးရအဖွဲ့သည် တပ်မြို့စည်ပင်သာယာရေးအဖွဲ့များအား လုပ်ငန်းလုပ်ကိုင်ရန်သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရန်သော်လည်းကောင်း လိုအပ်သည့်ငွေကိုထောက်ပံ့ငွေဖြင့်ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ရယူဆောင်ရွက်ခွင့်ပြုနိုင်သည်။

၃၁။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့များသည် မိမိတို့နှင့်သက်ဆိုင်သော တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များအရ ခွင့်ပြုထားသော အခွန်အကောက်အမျိုးအစားများကိုသာ ကောက်ခံနိုင်သည်။

 

အပိုင်း ၆

နေပြည်တော်ကောင်စီ

 

၃၂။ နေပြည်တော်ကောင်စီသည် ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် လုပ်ငန်းများကို ဆောင်ရွက်ရမည်။ ထိုသို့ ဆောင်ရွက်၍ရသောရငွေများကို ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်း၍ ထုတ်ပေးရန်ရှိသောသုံးငွေများကို ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရမည်။

၃၃။ (က) နေပြည်တော်ကောင်စီ၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့်ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၁၃) နှင့် (၁၄) တို့တွင် မိမိနှင့်ယှဉ်ဖော်ပြထားသည့်ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့်သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။

 (ခ) ပုဒ်မခွဲ (က) ပါ တာဝန်ခံရသည့်ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသောလုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအားလွှဲအပ်ဆောင်ရွက်စေနိုင်သည်။

 (ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင် လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင်လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြောငြာစာများ၊ အမိန့်များ၊  ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

၃၄။ ပြည်ထောင်စုအစိုးရအဖွဲ့သည် နေပြည်တော်ကောင်စီ၏ ဇယား (၁၃) နှင့် (၁၄) တို့တွင် ဖော်ပြထားသောငွေများကို လုပ်ငန်းအရ လိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ထိုသို့ငွေများပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့တင်ပြသော ၂၀၁၇-၂၀၁၈ ခုနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန် နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။

 

အပိုင်း ၇

နေပြည်တော်စည်ပင်သာယာရေးကော်မတီ

 

၃၅။ နေပြည်တော်စည်ပင်သာယာရေးကော်မတီသည် မိမိ၏ ဘဏ္ဍာငွေအပေါ်ရပ်တည်၍ လုပ်ငန်းများကို မိမိ၏ဘဏ္ဍာငွေအစီအစဉ်ဖြင့်ဆောင်ရွက်ရာတွင် ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက်ရယူရမည်။

၃၆။ (က) နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၁၅) နှင့် (၁၆) တို့တွင် မိမိနှင့် ယှဉ်တွဲဖော်ပြထားသည့်ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့်သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။

 (ခ) ပုဒ်မခွဲ (က) ပါတာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိလုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။

 (ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကိုစီမံခန့်ခွဲရာတွင်လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

၃၇။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ဇယား (၁၅) နှင့် (၁၆) တို့တွင် ဖော်ပြထားသောငွေများကို လုပ်ငန်းအရလိုအပ်လျှင်ပြောင်းလဲပေးနိုင်သည်။ ထိုသို့ငွေများပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသော ၂၀၁၇-၂၀၁၈ ခုနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင် ထည့်သွင်းဖော်ပြရမည်။ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ကိစ္စတစ်ရပ်ချင်း အကျိုးအကြောင်းဖော်ပြချက်များနှင့်အတူ ထည့်သွင်းဖော်ပြရမည်။

 (ခ) ပြည်ထောင်စုအစိုးရအဖွဲ့သည် နေပြည်တော်စည်ပင်သာယာရေးကော်မတီအားလုပ်ငန်းလုပ်ကိုင်ရန်သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရန်သော်လည်းကောင်း လိုအပ်သည့်ငွေကို ထောက်ပံ့ငွေဖြင့်ဖြစ်စေ၊ ချေးငွေဖြင့်ဖြစ်စေ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ရယူဆောင်ရွက်ခွင့်ပြုနိုင်သည်။

၃၈။ နေပြည်တော်စည်ပင်သာယာရေးကော်မတီသည် မိမိနှင့်သက်ဆိုင်သော တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များအရခွင့်ပြုထားသော အခွန်အကောက်အမျိုးအစားများကိုသာ ကောက်ခံနိုင်သည်။

 

အပိုင်း ၈

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

 

၃၉။ (က) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မိမိ၏ဘဏ္ဍာငွေအပေါ်ရပ်တည်၍မိမိ၏ ဘဏ္ဍာငွေအစီအစဉ်ဖြင့် လုပ်ငန်းများကိုဆောင်ရွက်ရာတွင် ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက်ရယူရမည်။

 (ခ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေအဝင်နှင့်အထွက်ကို စာရင်းပြုစုရန်အလို့ငှာ နိုင်ငံတော်၏ ရသုံးခန့်မှန်းခြေငွေစာရင်းတွင် ဖော်ပြရမည်။

၄၀။ (က) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် ဇယား (၁၇) နှင့် (၁၈) တို့တွင် မိမိနှင့်ယှဉ်တွဲဖော်ပြထားသည့်ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။

 (ခ) ပုဒ်မခွဲ (က) ပါတာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။

 (ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင်လည်းကောင်း၊ ဤဥပဒေပါပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

၄၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဇယား (၁၇) နှင့် (၁၈) တို့တွင် ဖော်ပြထားသော ရငွေများနှင့်သုံးငွေများကို လုပ်ငန်းအရလိုအပ်လျှင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့်ပြောင်းလဲပေးနိုင်သည်။ ထိုသို့ရငွေများနှင့်သုံးငွေများ ပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသော ၂၀၁၇-၂၀၁၈ ခုနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင်လည်းကောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်ပြချိန်နောက်ပိုင်းမှဖြစ်ပေါ်လာသောပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင်လည်းကောင်း ကိစ္စတစ်ရပ်ချင်း အကျိုးအကြောင်း ဖော်ပြချက်များနှင့်အတူ ထည့်သွင်းဖော်ပြရမည်။

၄၂။ (က) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့်အခါ အသားတင်အမြတ်ငွေ၏ လေးဆယ်ရာခိုင်နှုန်းနှင့်ညီမျှသော ငွေပမာဏကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အထွေထွေသီးသန့်ငွေစာရင်းသို့ ပေးသွင်းပြီး၊ အသားတင်အမြတ်ငွေမှကျန်ရှိငွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကိုင်ဆောင်ထားသော အစိုးရငွေချေးသက်သေခံလက်မှတ်များကိုရွေးယူရန် အသုံးပြုပြီးနောက် ကျန်ရှိသောအသားတင်အမြတ်လက်ကျန်ငွေကို နိုင်ငံတော်သို့ထည့်ဝင်ရမည်။

 (ခ) ပြည်ထောင်စုအစိုးရအဖွဲ့သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံတော်သို့ ထည့်ဝင်ရမည့်ငွေကို သတ်မှတ်ပေးရမည်။

 (ဂ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ္ဍာရေးနှစ်ကုန်ဆုံး၍ အရှုံးပေါ်ပေါက်ပါက အဆိုပါအရှုံးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အထွေထွေသီးသန့်ငွေစာရင်းမှ ခုနှိမ်ရမည်။

 (ဃ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် လိုအပ်ပါက ပြည်ထောင်စုလွှတ်တော်၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ သတ်မှတ်ချက်နှင့်အညီ ချေးငွေထုတ်ချေးနိုင်သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

(ပုံ) ထင်ကျော်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သင့်ထင်မြင်ချက်လေး ရေးခဲ့ပါ။

Please leave comments or requests to revise or update, about this law...


မိတ်ဆွေ ပြည်ထောင်စု သားရောင်းရင်းများ ခင်ဗျား... ဒီစာမျက်နှာ သို့မဟုတ် ဒီဥပဒေနဲ့ ပတ်သက်ပြီး သင်ဘာပြောချင် ပါသလဲ? သင် ဘယ်လို မြင်ပါသလဲ? ထောက်ခံသလား? ကန့်ကွက်သလား? ဘယ်အပိုင်းက ခေတ်နဲ့ မညီဘူး ဖြစ်နေသလဲ? ဘယ်အပိုင်းကို ဦးစားပေး ပြင်သင့်တယ် ထင်သလဲ?
  • ကြောက်လို့ ဘာမှ မပြောဘဲ နေတာဟာ အဂတိ လိုက်စားတာပါ။ ‘ဘယာဂတိ’ လို့ ခေါ်ပါတယ်။ ဒါတွေ ရပ်ဘို့ လိုပါတယ်။ ပွင့်လင်းတဲ့ လူ့ဘောင် တစ်ခု ဖြစ်လာဘို့ ကျွန်တော်တို့ နိုင်ငံသားတွေကို အားပေး ရပါမယ်။ ပျိုးထောင် ရပါမယ်။ မိမိအမြင်ကို လွတ်လပ်စွာ ဆွေးနွေးတာ၊ တိုင်ပင် နှီးနှောတာ ဒီမိုကရေစီပါ။ ဆွေးနွေးပါ။ ဝေဖန်ပါ။ အားပေးပါတယ်။ ကျွန်တော်တို့ အားလုံးကိုယ်တိုင်လည်း အဝေဖန်ခံနိုင်အောင် ကြိုးစားရပါမယ်။  သဘောထား ကြီးအောင်ကြိုးစားပြီး။ agree to disagree ဆိုတာကို ဒီမိုကရေစီ နည်းကျ ကျင့်ကြံကြရပါမယ်။
  • မိမိ လုပ်ရပ်အားလုံးကို မိမိ တာဝန်ယူရမယ်ဆိုတာလည်း ဒီမိုကရေစီပါ။ ဆဲဆိုတာတွေ၊ မလုပ်ဘဲ ချက်ကျလက်ကျ ပြောဆိုဆွေးနွေး စေချင်ပါတယ်။ မေတ္တာရပ်ခံ လိုပါတယ်။ 
  • မတရားတာတွေ ဒီမိုကရေစီနည်းနဲ့ ရပ်တန့်ဘို့က ဒီလို ဆွေးနွေးဘို့ များများ လိုပါတယ်။ ဒီမှာ ဆွေးနွေးတာတွေကို law-maker တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ မြင်အောင်၊ ဖတ်ဖြစ်အောင် ကျွန်တော်တို့ ကြိုးစား နေပါတယ်။ 
  • ကမ္ဘာမှာ အတိုးတက်ဆုံး အမေရိကန် ပြည်ထောင်စု ဆိုတာ ကမ္ဘာမှာ ဥပဒေ အများဆုံး ရှိတဲ့ တိုင်းပြည်ပါ။ ဆိုလိုတာက ချုပ်ချယ်မှု အများဆုံး တိုင်းပြည်ပါ။ ကာကွယ်သင့်တာတွေကို အကာအကွယ် အများဆုံး ပေးတဲ့ တိုင်းပြည်ပါ။ တစ်ချိန်တည်းမှာ ကမ္ဘာမှာ အလွတ်လပ်ဆုံး တိုင်းပြည်ပါ။ မိမိတို့ ချစ်တဲ့ မြန်မာနိုင်ငံကို the land of opportunities ဖြစ်လာအောင် ဝိုင်းဝန်း အကြံပေး ကြပါ။ ပြုပြင် ပေးကြပါလို့ နှိုးဆော် လိုက်ပါရစေ။

/ အယ်ဒီတာ

ဒီဥပဒေထဲမှာ ဘာတွေ ပြင်သင့်သလဲ? ဆွေးနွေးကြည့်ပါ။
What are needed to be revised in this law?

ဖွဲ့စည်းပုံကို သင့်ဖုန်းပေါ်မှာ ဖတ်နိုင်

Myanmar constitution app for Androidယခု လက်ရှိ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သင့် Android ဖုန်းပေါ်မှာ အလွယ်တကူ ဖတ်နိုင်အောင် mobile app ထုတ်ထားပါတယ်။ အခမဲ့ ရယူနိုင်ပါတယ်။ Myanmar Constitution app for Android mobiles. Download here.

ကက က္က

CSR project by Myanmars.NET

 
Welcome to Myanmar Laws Archive. This is a CSR (corporate social responsibility) project by Myanmars.NET for legal knowledge education program to our people. The law does not excuse people, because they do not know. Myanmar laws are based on English common law, so that it is very similar to many laws in United States, United Kingdom, Australia, Singapore, or Malaysia.

We also have a CSR policy that we do NOT do new businesses with alcoholic, cigarette, and MLM businesses.