2016 - Today (NLD)

Myanmar Law Center


   

2018-06-25 - သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဥပဒေ

သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဥပဒေ

(၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၂ ။)

၁၃၈၀ ပြည့်နှစ်၊ ပထမဝါဆိုလဆန်း ၁၃ ရက်

(၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၅ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဥပဒေ ဟုခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) သိပ္ပံ ဆိုသည်မှာ သဘာဝတရား၏ဖြစ်ပျက်ပြောင်းလဲမှုတို့နှင့် ထိုဖြစ်ပျက်ပြောင်းလဲမှုတို့၏ အကြောင်းအကျိုးအမှန်တို့ကို နည်းစနစ်ကျနစွာ လေ့လာအသုံးချနိုင်သော ပညာရပ်ကိုဆိုသည်။

(ခ) နည်းပညာ ဆိုသည်မှာ နည်းစဉ်၊ ကျွမ်းကျင်မှု၊ အသိပညာနှင့် အတတ်ပညာတို့ကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး ကုန်ထုတ်လုပ်မှုအကျိုးဖြစ်ထွန်းစေသည့် လုပ်ငန်းစဉ် ကျွမ်းကျင်မှုကို ဆိုသည်။

(ဂ) ဆန်းသစ်တီထွင်မှု ဆိုသည်မှာ မူလစိတ်ကူး၊ ထုတ်ကုန်၊ နည်းပညာတစ်ခုခုကို အခြေခံလျက် ထူးခြားဆန်းသစ်သော တီထွင်ကြံဆမှုတို့ဖြင့် ပိုမိုကောင်းမွန်သော၊ ကွဲပြားခြားနားသော၊ အဖိုးတန်သော စိတ်ကူးများ၊ ထုတ်ကုန်များ၊ နည်းပညာများကို ဖော်ထုတ်ခြင်း သို့မဟုတ် အသုံးချခြင်းကို ဆိုသည်။

(ဃ) ဆန်းသစ်တီထွင်သူ ဆိုသည်မှာ ဆန်းသစ်တီထွင်မှု တစ်ခုခုကို ဖန်တီးဖော်ထုတ်သူကို ဆိုသည်။

(င) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုလုပ်ငန်းများ ဆိုသည်မှာ သိပ္ပံနယ်ပယ်တွင် လက်တွေ့အသုံးပြုလျက်ရှိသည့်အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သည့် သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများ၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ လေ့ကျင့်သင်ကြားရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ သို့မဟုတ် ထုတ်လုပ်မှုလုပ်ငန်းများကို ဆိုသည်။

(စ) လေ့ကျင့်သင်ကြားရေးလုပ်ငန်းများ ဆိုသည်မှာ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကို အခြေခံသည့် အဖွဲ့အစည်း၊ လုပ်ငန်း၊ ဌာန၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံကျောင်းများက ဆောင်ရွက်လျက်ရှိသည့် အသိပညာ၊ အတတ်ပညာများ လေ့ကျင့်သင်ကြားခြင်း လုပ်ငန်းများကို ဆိုသည်။

(ဆ) ဝန်ဆောင်မှုလုပ်ငန်းများ ဆိုသည်မှာ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကို အခြေခံသည့်အသိပညာနှင့် အတတ်ပညာများပါဝင်သော အသိဉာဏ်ပစ္စည်းပိုင်ဆိုင်မှုကို တစ်နည်းနည်းဖြင့် အသုံးချဆောင်ရွက်ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်းနှင့် အကြံပေးခြင်း လုပ်ငန်းများကို ဆိုသည်။

(ဇ) ထုတ်လုပ်မှုလုပ်ငန်းများ ဆိုသည်မှာ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကို အခြေခံသည့် ထုတ်လုပ်မှုနည်းပညာတစ်ခုအတွင်း ကုန်ကြမ်း သို့မဟုတ် မူလပစ္စည်း တစ်ခုခုမှအခြားပစ္စည်းအသစ်တစ်ခုခုသို့ ပြောင်းလဲထုတ်လုပ်ပေးသည့် လုပ်ငန်းများကို ဆိုသည်။

(ဈ) သုတေသနနှင့်ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆိုသည်မှာ သိပ္ပံနည်းကျစွာ စူးစမ်းလေ့လာမှုများကို လက်တွေ့ပြုလုပ်ဆောင်ရွက်ခြင်းဖြင့် တွေ့ရှိချက်များအပေါ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန် ဖော်ထုတ်ပေးသည့်လုပ်ငန်းများကိုဆိုသည်။

(ည) အမျိုးသားအဆင့် သုတေသနလုပ်ငန်းများ ဆိုသည်မှာ နိုင်ငံတော်လိုအပ်ချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ပေးဆောင်ရွက်စေသော သုတေသနလုပ်ငန်းများကို ဆိုသည်။

(ဋ) နည်းပညာလွှဲပြောင်းခြင်း ဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုမှ နည်းပညာ တစ်စိတ်တစ်ပိုင်းကိုသော်လည်းကောင်း၊ နည်းပညာ အားလုံးကိုသော်လည်းကောင်း ပိုင်ဆိုင်အသုံးပြုရေးအတွက် ဤဥပဒေနှင့်အညီ လွှဲပြောင်းခြင်းကို ဆိုသည်။

(ဌ) ကောင်စီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ကောင်စီကို ဆိုသည်။

(ဍ) ကော်မတီများ ဆိုသည်မှာ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ဖွံ့ဖြိုးရေး ပညာနယ်ပယ်တစ်ခုချင်းအတိုက် ကောင်စီ၏အောက်တွင် ဖွဲ့စည်းထားရှိသော သက်ဆိုင်ရာကျွန်းကျင်ပညာရှင်အဖွဲ့များကို ဆိုသည်။ (ဃ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ပညာရေးဝန်ကြီးဌာနကို ဆိုသည်။ အခန်း(၂) ရည်ရွယ်ချက် ၃။ ဤဥပဒေ၏ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) အမျိုးသားလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည့် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ရေးအတွက် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်၊

(ခ) စွမ်းအင်၊ ဓာတ်သတ္တုနှင့် အခြားသယံဇာတအရင်းအမြစ်များအား စနစ်တကျ ထုတ်ယူသုံးစွဲနိုင်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးတို့အတွက် ခေတ်မီသိပ္ပံနှင့် နည်းပညာကို အခြေခံသည့် သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ရန်၊

(ဂ) ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားပြီး နိုင်ငံတကာဈေးကွက်တွင် ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်ရေးအတွက် သုတေသနရလဒ်များမှ နည်းပညာပြန့်ပွားခြင်းနှင့် နည်းပညာလွှဲပြောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊

(ဃ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်းများတွင် ကျွမ်းကျင်ပညာရှင်များ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရေးအတွက် လေ့ကျင့်ပညာပေးခြင်းကို ဆောင်ရွက်နိုင်ရန်၊

(င) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုလုပ်ငန်းများနှင့် ပညာရပ်နယ်ပယ်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်တိုးတက်ရေးအတွက် ပြည်တွင်းပြည်ပရှိ သုတေသနဌာနများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံများ၊ စက်မှုကုန်ထုတ်လုပ်ငန်းများနှင့် အခြားအဖွဲ့အစည်းများအကြား အချင်းချင်း ဆက်သွယ်ပူးပေါင်းဆောင်ရွက်နိုင်ရန်၊

(စ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ပညာရပ်နယ်ပယ်မှ ထူးချွန်သော ပညာရှင်များနှင့် ဆန်းသစ်တီထွင်သူများအား ဂုဏ်ပြုချီးမြှင့်နိုင်ရန်၊ ထိုက်သင့်သော အကျိုးခံစားခွင့်များရရှိစေရန်နှင့် ယင်းတို့၏ ဆန်းသစ်တီထွင်မှုများကို အကာအကွယ်ပေးရန်၊

(ဇ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကို အခြေခံသည့်အဖွဲ့အစည်း၊ လုပ်ငန်း၊ ဌာန၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံ၊ သက်မွေးပညာသင်တန်းကျောင်းများနှင့် အခြေခံပညာအထက်တန်းကျောင်းများတွင် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ပြပွဲ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများကျင်းပရေး စီစဉ်ဆောင်ရွက်နိုင်ရန်။

အခန်း(၃)

အမျိုးသားသိပ္ပံ၊ နည်းပညာနှင့်

ဆန်းသစ်တီထွင်မှုကောင်စီ ဖွဲ့စည်းခြင်း

၄။ ပြည်ထောင်စုအစိုးရအဖွဲ့သည်- (က) အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ကောင်စီကို အဖွဲ့ဝင် ၃၀ ဦးထက်မပိုသော အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်- (၁) ပြည်ထောင်စုအစိုးရအဖွဲ့က ဥက္ကဋ္ဌ တာဝန်ပေးအပ်သည့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တစ်ဦး (၂) ပညာရေးဝန်ကြီးဌာန၊ ဒုတိယဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီး (၃) သိပ္ပံ၊ နည်းပညာနှင့် အဖွဲ့ဝင်များ ဆန်းသစ်တီထွင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ သို့မဟုတ် ဒုတိယဝန်ကြီးများ (၄) သိပ္ပံ၊ နည်းပညာနှင့် အဖွဲ့ဝင်များဆန်းသစ်တီထွင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ အကြီးအမှူးများ (၅) သိပ္ပံ၊ နည်းပညာနှင့် အဖွဲ့ဝင်များဆန်းသစ်တီထွင်မှု ပညာရပ်နယ်ပယ်အလိုက်ထင်ပေါ်ကျော်ကြားသည့် ကျွမ်းကျင်ပညာရှင်များ (၆) ပညာရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး အတွင်းရေးမှူးသို့မဟုတ် အမြဲတမ်းအတွင်းဝန် (၇) ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် တွဲဖက်အတွင်းရေးမှူး (ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသည့် ကောင်စီကို လိုအပ်ပါကပြင်ဆင်ဖွဲ့စည်းနိုင်သည်။ ၅။ ကောင်စီ၏သက်တမ်းသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သက်တမ်းနှင့်အညီ ဖြစ်သည်။ ၆။ နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကောင်စီအဖွဲ့ဝင်များသည် ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်သည့် ချီးမြှင့်ငွေနှင့်စရိတ်များကို ခံစားခွင့်ရှိသည်။

အခန်း(၄)

ကောင်စီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၇။ ကောင်စီ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ဤဥပဒေပါ ရည်ရွယ်ချက်များကို အထမြောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မူဝါဒများချမှတ်ခြင်း၊ (ခ) အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံများနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများက ဆောင်ရွက်လျက်ရှိသည့်သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို လမ်းညွှန်ခြင်း၊ အားပေးခြင်း၊ အထောက်အကူပြုခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ (ဂ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော ပညာရှင်များ မွေးထုတ်ရန်နှင့် ယင်းတို့၏ အရည်အချင်းတိုးတက်မြင့်မားလာစေရန် စီမံဆောင်ရွက်ခြင်း၊ (ဃ) ပညာအရည်အသွေးနိမ့်ကျရသော အကြောင်းရင်းများကို ဖော်ထုတ်ပြင်ဆင်၍ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံကျောင်းများနှင့် လူမှုနယ်ပယ်အသီးသီးမှ ထူးချွန်ကျောင်းသားများနှင့် ဝန်ထမ်းများအား သက်ဆိုင်ရာနယ်ပယ်အလိုက်သုတေသီများ၊ ပညာရှင်များအဖြစ် ပြုစုပျိုးထောင်ပေးခြင်း၊ (င) ပြည်တွင်း ပြည်ပရှိ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနဌာနများ၊ တက္ကသိုလ်များ၊ အခြားအဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်နိုင်ရန် အစီအမံများချမှတ်ခြင်း၊ (စ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုလုပ်ငန်းများအတွက်အရည်အသွေး၊ အဆင့်အတန်း ထိန်းသိမ်းမြှင့်တင်ရန် လိုအပ်သော စံချိန် စံညွှန်းများ၊ နည်းပညာဆိုင်ရာ ကျင့်ထုံးများပြုစုရေးနှင့် စပ်လျဉ်း၍ အကြံပြုခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ (ဆ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အသင်းအဖွဲ့များ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေအဆင့်လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက် ဦးဆောင်မှုပေးခြင်း၊ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များသတ်မှတ်ခြင်း၊ (ဇ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ပြည်တွင်းပြည်ပဆွေးနွေးပွဲများ၊ အစည်းအဝေးများ၊ သင်တန်းများ၊ စာတမ်းဖတ်ပွဲများ၊ နှီးနှောဖလှယ်ပွဲများ ကျင်းပရေးနှင့် တက်ရောက်ရေးတို့အတွက် အားပေးခြင်း၊ (ဈ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အမျိုးသားအဆင့်ဥယျာဉ်၊ ပြတိုက်နှင့် စာကြည့်တိုက်များ တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် စီမံဆောင်ရွက်ခြင်း၊ သိပ္ပံ၊ နည်းပညာရပ်ဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းထားရှိခြင်းနှင့် ဖြန့်ဝေအသိပေးခြင်း၊ (ည) ပြည်တွင်း ပြည်ပ နည်းပညာလွှဲပြောင်းခြင်းနှင့် စပ်လျဉ်း၍ပြည်ထောင်စုအစိုးရအဖွဲ့သို့ အခါအားလျော်စွာ အကြံပြုတင်ပြခြင်း၊ (ဋ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ပညာရပ်နယ်ပယ်မှ ထူးချွန်သော ပညာရှင်များ၊ ဆန်းသစ်တီထွင်သူများကို သတ်မှတ်ချက်နှင့်အညီ ဆုငွေချီးမြှင့်ခြင်း၊ နိုင်ငံတော်က ဂုဏ်ထူးဆောင်ဘွဲ့နှင့် တံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်ရန် ထောက်ခံတင်ပြခြင်း၊ (ဌ) ကောင်စီ၏အောက်တွင် သင့်လျော်မည့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ပညာရပ် နယ်ပယ်တစ်ခုချင်းအလိုက် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ကော်မတီများ ဖွဲ့စည်းရာတွင် သက်ဆိုင်ရာပညာရပ်၊ အတွေ့အကြုံနှင့် ကျွမ်းကျင်သူဝါရင့်ပညာရှင် တစ်ဦးဦးကဦးဆောင်ပြီး သင့်လျော်မည့် ပညာရှင်များဖြင့် ဖွဲ့စည်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ (ဍ) ပြည်ပရောက် မြန်မာနိုင်ငံသား သိပ္ပံပညာရှင်များနှင့် နိုင်ငံတကာသိပ္ပံပညာရှင်များကို မြန်မာနိုင်ငံ၏ သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်လာစေရန် လိုအပ်သောအစီအမံများချမှတ်ခြင်းနှင့် စည်းရုံးဆောင်ရွက်ခြင်း၊ (ဎ) သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသန စီမံကိန်းများနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် နှစ်စဉ်လိုအပ်မည့် အသုံးစရိတ်များကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့နိုင်ရန် ဝန်ကြီးဌာနသို့ အကြောင်းကြားခြင်း၊ (ဏ) သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ ရန်ပုံငွေတစ်ရပ်ထူထောင်၍ လက်ခံရယူခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းနှင့် စာရင်းရှင်းလင်းခြင်းတို့ကို တာဝန်ယူဆောင်ရွက်မည့် ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ (တ) ကောင်စီ၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ နှစ်စဉ်တင်ပြခြင်း။

အခန်း(၅)

သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ

ကော်မတီများဖွဲ့စည်းခြင်းနှင့် ယင်းတို့၏တာဝန်နှင့်

လုပ်ပိုင်ခွင့်များ

၈။ ကောင်စီသည် သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ ကော်မတီများကို သက်ဆိုင်ရာ ပညာရပ်နယ်ပယ်အလိုက် သုတေသနဌာနများ၊ တက္ကသိုလ်များ၊ စက်မှုကုန်ထုတ်လုပ်ငန်းများနှင့် အခြားအဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းရမည်။ ၉။ ကော်မတီများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ကော်မတီအလိုက် ခေတ်မီ သိပ္ပံနှင့်နည်းပညာရပ်များကို အသုံးချဆောင်ရွက်နေမှုများ၊ အခက်အခဲများ၊ လိုအပ်ချက်များ၊ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို စိစစ်လေ့လာခြင်း၊ မှတ်တမ်းများပြုစုခြင်းနှင့် နှစ်စဉ်တိုးတက်ဖွံ့ဖြိုးမှု အစီရင်ခံစာကို ကောင်စီသို့တင်ပြခြင်း၊ (ခ) ပုဂ္ဂလိကစက်မှုလုပ်ငန်းများအတွက် လိုအပ်သောသုတေသနလုပ်ငန်းများကို ပူးပေါင်း ကူညီဆောင်ရွက်ပေးခြင်း၊ နည်းပညာအခက်အခဲများကို ဖြေရှင်းပေးခြင်းနှင့် နည်းပညာ အကူအညီများပေးခြင်း၊ (ဂ) နိုင်ငံတကာ နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွင် လိုက်ပါဆောင်ရွက်နိုင်စေရေးအတွက် လိုအပ်သော နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အစီအမံများ၊ စီမံချက်များရေးဆွဲခြင်းနှင့် ယင်းအစီအမံနှင့် စီမံချက်များကို ကောင်စီသို့တင်ပြခြင်း၊ (ဃ) ကောင်စီမှပေးအပ်သော နည်းပညာနယ်ပယ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ သုတေသနနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ဆက်သွယ်ပူးပေါင်းဆောင်ရွက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ (င) သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူ့စွမ်းအား အရင်းအမြစ်များနှင့် တီထွင်ဖန်တီးမှုများ တိုးတက်မြင့်မားရေးတို့အတွက် ရန်ပုံငွေထောက်ပံ့ရာတွင် စိစစ်ရွေးချယ်ခြင်း၊ သုတေသနလုပ်ငန်းများ လက်တွေ့ထိရောက်မှု ရှိ၊ မရှိ စိစစ်ခြင်း၊ ထိန်းသိမ်းကွပ်ကဲခြင်းနှင့် အားပေးခြင်း၊ (စ) သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှု ပညာရပ်နယ်ပယ်အလိုက် ထူးချွန်သောပညာရှင်များ၊ တီထွင်သူများအား ရွေးချယ်သတ်မှတ်ရာတွင် ကောင်စီကို ကူညီဆောင်ရွက်ခြင်း။

အခန်း(၆)

သုတေသနနှင့် တီထွင်ဆန်းသစ်မှု

ဦးစီးဌာနဖွဲ့စည်းခြင်း

၁၀။ သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးရေးဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၅/၉၄) အရ ဖွဲ့စည်းခဲ့သော မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာနကို သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းရမည်။

၁၁။ ဦးစီးဌာနသည် မြန်မာ့သိပ္ပံနှင့် နည်းပညာသုတေသနဦးစီးဌာနပိုင်ရွှေ့ပြောင်းနိုင်သောပစ္စည်းများနှင့် မရွှေ့ပြောင်းနိုင်သောပစ္စည်းများကိုလည်းကောင်း၊ ရပိုင်ခွင့်နှင့်ပေးရန်တာဝန်များကိုလည်းကောင်း ဆက်ဆံရမည်။

အခန်း(၇)

သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၏

လုပ်ငန်းတာဝန်များ

၁၂။ ဦးစီးဌာန၏လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) စီးပွားရေးနှင့်ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အမျိုးသားအဆင့် အရည်အသွေးအခြေခံအဆောက်အအုံများ ကြံ့ခိုင်အားကောင်းစေရန် ဆောင်ရွက်ခြင်း၊ (ခ) နိုင်ငံတကာအသိအမှတ်ပြု ဓာတ်ခွဲခန်းများဖြင့် အဆင့်မီ ဓာတ်ခွဲစမ်းသပ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ (ဂ) ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်နှင့်အီလက်ထရောနစ် နည်းပညာရပ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ (ဃ) ဓာတုနည်းပညာ၊ နာနိုနည်းပညာနှင့် အခြားသောနည်းပညာများကို အသုံးချ၍ တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ (င) လူမှုစီးပွားဖွံ့ဖြိုးမှုဆိုင်ရာ အထောက်အကူပြု သတင်းအချက်အလက်များ၊ အကြံဉာဏ်များ ဖော်ထုတ်မျှဝေပေးနိုင်သည့်သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ (စ) သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ အခြေခံသုတေသနလုပ်ငန်းများ၊ လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း၊ (ဆ) ပြည်တွင်းစက်မှုလုပ်ငန်းများတွင် တွေ့ကြုံရသော ကုန်ထုတ်လုပ်မှု နည်းပညာအခက်အခဲနှင့် ပြဿနာများကို ကူညီဖြေရှင်းပေးနိုင်ရန် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း၊ (ဇ) ဓာတ်ခွဲခန်းအဆင့်တွင် အောင်မြင်ပြီးစီးသော သုတေသနလုပ်ငန်းများကို ကုန်ထုတ်လုပ်မှုအဆင့်ရောက်ရှိစေရန် လိုအပ်သည့်ဖွံ့ဖြိုးမှုအဆင့် သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း၊ (ဈ) စီးပွားဖြစ်ထွန်းမှု အလားအလာရှိသော သယံဇာတပစ္စည်းများအသုံးချနိုင်မှုကို လေ့လာဖော်ထုတ်ခြင်း၊ (ည) သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ ပြည်တွင်း ပြည်ပဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ နှစ်စဉ်ကျင်းပခြင်း၊ တက်ရောက်ခြင်း၊ ပညာရှင်ဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ (ဋ) နည်းပညာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များကို ကောင်စီကချမှတ်ထားသည့် မူဝါဒနှင့်အညီ ဆောင်ရွက်ခြင်း၊ (ဌ) သဘာဝပတ်ဝန်းကျင်နှင့်လူကို မထိခိုက်စေသော နည်းပညာဖြစ်သည့် အစိမ်းရောင်နည်းပညာ ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခြင်း၊ (ဍ) လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေး၊ အစားအသောက်နှင့် ဆေးဝါးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ (ဎ) သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ ဥယျာဉ်နှင့်ပြတိုက်များ တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ခြင်း၊ (ဏ) သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ အကြံပေးမှုနှင့်ဝန်ဆောင်မှုလုပ်ငန်းများ၊ သတင်းအချက်အလက်များ ပြုစုထိန်းသိမ်းခြင်းနှင့် ပြန်ကြားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ (တ) ကောင်စီ သို့မဟုတ် ဝန်ကြီးဌာနက ပေးအပ်သော သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ (ထ) ကောင်စီ၏ ရုံးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ (ဒ) ကောင်စီနှင့် ကော်မတီ၏ ရုံးလုပ်ငန်းဆိုင်ရာ ကုန်ကျစရိတ်များ၊ နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကောင်စီအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များကို ဦးစီးဌာနမှ ကျခံပေးခြင်း၊ (ဓ) ဦးစီးဌာန၏ အထွေထွေစီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။

အခန်း(၈)

ဘဏ္ဍာငွေသုံးစွဲခြင်း၊ ရန်ပုံငွေထူထောင်ခြင်းနှင့် စီမံခန့်ခွဲခြင်း

၁၃။ ကောင်စီသည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေက ခွင့်ပြုထားသော သုတေသနလုပ်ငန်းဆိုင်ရာ အသုံးစရိတ်များကို ဝန်ကြီးဌာနမှတစ်ဆင့် ရယူရမည်။ ၁၄။ ကောင်စီသည်- (က) ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သိပ္ပံနှင့်နည်းပညာလူ့စွမ်းအားအရင်းအမြစ်များ၊ ဆန်းသစ်တီထွင်ဖန်တီးမှုများ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဈေးကွက်စီးပွားရေးကို အထောက်အကူပြုသော သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေကို အောက်ပါရငွေများဖြင့် ထူထောင်ထားရှိရမည်- (၁) ပြည်တွင်း ပြည်ပရှိ အဖွဲ့အစည်းများနှင့် စေတနာရှင်များ၏ လှူဒါန်းထောက်ပံ့ငွေများ၊ (၂) သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများမှရရှိသည့် ငွေကြေးများ၊ (၃) ရန်ပုံငွေမှ တရားဝင်တိုးပွားမှုများ။ (ခ) ရန်ပုံငွေထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စီမံခန့်ခွဲခြင်း၊ ငွေစာရင်းပြုစုခြင်း၊ စာရင်းစစ်ဆေးခြင်းတို့နှင့်စပ်လျဉ်း၍ လိုအပ်သောဘဏ္ဍာရေးစည်းမျဉ်းများကို ပြည်ထောင်စုစာရင်းစစ်ချူပ်ရုံးနှင့် ညှိနှိုင်းရေးဆွဲ၍သတ်မှတ်ပြီး ယင်းဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ လိုက်နာကျင့်သုံးဆောင်ရွက်ရမည်။ (ဂ) ရန်ပုံငွေစာရင်းများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးမှုခံယူရမည်။ (ဃ) ရန်ပုံငွေလက်ခံရယူခြင်း၊ သုံးစွဲခြင်း၊ စီမံခန့်ခွဲခြင်းတို့နှင့်စပ်လျဉ်း၍ လှူဒါန်းထောက်ပံ့သည့် ပြည်တွင်း ပြည်ပရှိ အဖွဲ့အစည်းများ၊ စေတနာရှင်များနှင့် အများပြည်သူ ထင်သာမြင်သာရှိစေရန်ဆောင်ရွက်ရမည်။ ၁၅။ ကောင်စီသည် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဝန်ကြီးဌာနများ၏ ဦးစီးဌာနများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံများ၊ ပုဂ္ဂလိက စက်မှုကုန်ထုတ်လုပ်ငန်းများနှင့် အခြားသုတေသနအဖွဲ့အစည်းများ၏ အောက်ဖော်ပြပါလုပ်ငန်းကိစ္စအမျိုးအစားအလိုက် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ရန်ပုံငွေမှ သင့်လျော်သလို ထောက်ပံ့နိုင်သည်- (က)အမျိုးသားအဆင့် သုတေသနလုပ်ငန်းများ၊ (ခ) ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ (ဂ) မျိုးဆက်သစ်လူငယ်များ ဆောင်ရွက်နေသည့် သုတေသနလုပ်ငန်းများ၊ (ဃ) ယှဉ်ပြိုင်မှုအခြေခံသော သုတေသနလုပ်ငန်းများ၊ (င) ပြည်တွင်း ပြည်ပ သုတေသန ပညာတော်သင်ဆု ချီးမြှင့်ခြင်းများ၊ (စ) နိုင်ငံတကာအဆင့်နှင့် အမျိုးသားအဆင့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ညီလာခံများ၊ သင်တန်းများတက်ရောက်ခြင်းနှင့် ကျင်းပခြင်းဆိုင်ရာကိစ္စများ။ ၁၆။ ကောင်စီသည် သိပ္ပံနှင့်နည်းပညာနယ်ပယ်မှ ထူးချွန်သောပညာရှင်များ၊ ကျောင်းသား ကျောင်းသူများနှင့် ဆန်းသစ်တီထွင်ဖန်တီးသူများအား ထိုက်သင့်သည့်ဆုကြေးငွေ သတ်မှတ်ပြီး ဆုချီးမြှင့်နိုင်သည်။

အခန်း(၉)

နည်းပညာလွှဲပြောင်းခြင်း

၁၇။ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဌာနများ၊ စက်မှုကုန်ထုတ်လုပ်ငန်းများ၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံများ၏ အောင်မြင်သော သုတေသနရလဒ်များ၊ အသိပညာများနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ နည်းပညာများကို လွှဲပြောင်းနိုင်သည်။ ၁၈။ ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုမှ အခြားပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုသို့ ပုဒ်မ ၁၇ အရ နည်းပညာလွှဲပြောင်းခြင်းပြုရာတွင် နှစ်ဦးနှစ်ဖက် သဘောတူစာချုပ်ချုပ်ဆိုရမည်။ ၁၉။ နည်းပညာလွှဲပြောင်းခြင်းဆိုင်ရာ နှစ်ဦးနှစ်ဖက် သဘောတူစာချုပ်ချုပ်ဆိုရာတွင် တည်ဆဲဥပဒေနှင့် ကောင်စီကချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရမည်။ ၂၀။ ပုဒ်မ ၁၈ အရ နည်းပညာလွှဲပြောင်းခြင်းပြုရာတွင် အောက်ပါနည်းလမ်းတစ်ရပ်ရပ်နှင့်အညီ လွှဲပြောင်းနိုင်သည်-

(က) မည်သူ့ကိုမဆို အခမဲ့ အသုံးပြုခွင့်ပေးခြင်း၊

(ခ) အခကြေးငွေ ရယူပြီး နှစ်အကန့်အသတ်ဖြင့် အသုံးပြုခွင့်ပေးခြင်း၊

(ဂ) ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပသို့ဖြစ်စေ ရောင်းချခြင်း၊

(ဃ) ပြည်တွင်းမှ ပြည်ပသို့ဖြစ်စေ၊ ပြည်ပမှ ပြည်တွင်းသို့ဖြစ်စေ အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း၊

(င) အသုံးပြု၍ ရရှိလာသော အကျိုးအမြတ်ပေါ် မူတည်၍ ရာခိုင်နှုန်းဖြင့် အသုံးပြုခွင့်ပေးခြင်း။

၂၁။ ပြည်တွင်း၌လည်းကောင်း၊ ပြည်ပမှလည်းကောင်း၊ ပြည်ပသို့လည်းကောင်း နည်းပညာလွှဲပြောင်းခြင်းနှင့်သက်ဆိုင်သော စည်းကမ်းချက်များသည် တည်ဆဲဥပဒေနှင့် ကောင်စီကချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဖြစ်စေရမည်။

၂၂။ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက နည်းပညာလွှဲပြောင်းခြင်းပြုရာတွင် သက်ဆိုင်ရာတီထွင်သူ သို့မဟုတ် လွှဲပြောင်းပေးသည့် နည်းပညာကိုဆန်းသစ်တီထွင်ဖော်ထုတ်ခဲ့သည့် အဓိကပါဝင်သူများ၏ သဘောတူခွင့်ပြုချက်ကိုရယူရမည်။. ၂၃။ နည်းပညာလွှဲပြောင်းသည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းသည် နည်းပညာလွှဲပြောင်းခြင်းဆိုင်ရာ နှစ်ဦးနှစ်ဖက် သဘောတူစာချုပ်ကို သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်အရာရှိထံသို့ မှတ်ပုံတင်ရန် လျှောက်ထားရမည်။ ၂၄။ မှတ်ပုံတင်အရာရှိသည်-

(က) ပုဒ်မ ၂၃ အရ မှတ်ပုံတင်ရန် လျှောက်ထားချက်ကို စိစစ်ပြီး ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

(ခ) ပုဒ်မခွဲ(က) အရ မှတ်ပုံတင်ရန် ခွင့်ပြုပါက နည်းပညာလွှဲပြောင်းခြင်း သဘောတူစာချုပ်ကို မှတ်ပုံတင်ပြီး သတ်မှတ်ထားသော မှတ်ပုံတင်ကြေး ပေးသွင်းစေရမည်။ (ဂ) ပုဒ်မခွဲ(ခ)အရ မှတ်ပုံတင်ပြီးပါက စည်းကမ်းချက်များသတ်မှတ်၍ လျှောက်ထားသူအား မှတ်ပုံတင်လက်မှတ် ထုတ်ပေးရမည်။ ၂၅။ မှတ်ပုံတင်ရန် လျှောက်ထားချက်အပေါ် ပုဒ်မ ၂၄၊ ပုဒ်မခွဲ(က) အရ ငြင်းပယ်ကြောင်း မှတ်ပုံတင်အရာရှိ၏ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိသောပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းသည် ထိုသို့ဆုံးဖြတ်သည့်နေ့မှ ရက်ပေါင်း၆၀အတွင်း ဝန်ကြီးဌာနသို့ အယူခံနိုင်သည်။ ၂၆။ ဝန်ကြီးဌာနသည် ပုဒ်မ ၂၅ အရ အယူခံမှုကို စိစစ်ပြီး မှတ်ပုံတင်အရာရှိ၏ ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။ ဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်။ ၂၇။. နည်းပညာလွှဲပြောင်းခြင်းဆိုင်ရာ နှစ်ဦးနှစ်ဖက် သဘောတူစာချုပ်ကို မှတ်ပုံတင်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းသည် ဤဥပဒေအရကောင်စီ၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်ခွင့်နှင့် အထောက်အပံ့ အကူအညီ ရယူခွင့်ရှိသည်။ ၂၈။ ဥပဒေနှင့်အညီ တရားဝင်မှတ်ပုံတင်ထားသော နည်းပညာလွှဲပြောင်းခြင်းဆိုင်ရာ နှစ်ဦးနှစ်ဖက် သဘောတူစာချုပ်သည် တရားဝင်အတည်ဖြစ်သည်။

အခန်း(၁၀)

အထွေထွေ

၂၉။ သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးရေးဥပဒေ(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥပဒေ အမှတ် ၅/၉၄) အရ ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက်များသည် ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင်သည်။ ၃၀။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

(က) ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို ထုတ်ပြန်နိုင်သည်။

(ခ) ကောင်စီ၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၃၁။ သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးရေးဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥပဒေ အမှတ် ၅/၉၄)ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သင့်ထင်မြင်ချက်လေး ရေးခဲ့ပါ။

Please leave comments or requests to revise or update, about this law...


မိတ်ဆွေ ပြည်ထောင်စု သားရောင်းရင်းများ ခင်ဗျား... ဒီစာမျက်နှာ သို့မဟုတ် ဒီဥပဒေနဲ့ ပတ်သက်ပြီး သင်ဘာပြောချင် ပါသလဲ? သင် ဘယ်လို မြင်ပါသလဲ? ထောက်ခံသလား? ကန့်ကွက်သလား? ဘယ်အပိုင်းက ခေတ်နဲ့ မညီဘူး ဖြစ်နေသလဲ? ဘယ်အပိုင်းကို ဦးစားပေး ပြင်သင့်တယ် ထင်သလဲ?
  • ကြောက်လို့ ဘာမှ မပြောဘဲ နေတာဟာ အဂတိ လိုက်စားတာပါ။ ‘ဘယာဂတိ’ လို့ ခေါ်ပါတယ်။ ဒါတွေ ရပ်ဘို့ လိုပါတယ်။ ပွင့်လင်းတဲ့ လူ့ဘောင် တစ်ခု ဖြစ်လာဘို့ ကျွန်တော်တို့ နိုင်ငံသားတွေကို အားပေး ရပါမယ်။ ပျိုးထောင် ရပါမယ်။ မိမိအမြင်ကို လွတ်လပ်စွာ ဆွေးနွေးတာ၊ တိုင်ပင် နှီးနှောတာ ဒီမိုကရေစီပါ။ ဆွေးနွေးပါ။ ဝေဖန်ပါ။ အားပေးပါတယ်။ ကျွန်တော်တို့ အားလုံးကိုယ်တိုင်လည်း အဝေဖန်ခံနိုင်အောင် ကြိုးစားရပါမယ်။  သဘောထား ကြီးအောင်ကြိုးစားပြီး။ agree to disagree ဆိုတာကို ဒီမိုကရေစီ နည်းကျ ကျင့်ကြံကြရပါမယ်။
  • မိမိ လုပ်ရပ်အားလုံးကို မိမိ တာဝန်ယူရမယ်ဆိုတာလည်း ဒီမိုကရေစီပါ။ ဆဲဆိုတာတွေ၊ မလုပ်ဘဲ ချက်ကျလက်ကျ ပြောဆိုဆွေးနွေး စေချင်ပါတယ်။ မေတ္တာရပ်ခံ လိုပါတယ်။ 
  • မတရားတာတွေ ဒီမိုကရေစီနည်းနဲ့ ရပ်တန့်ဘို့က ဒီလို ဆွေးနွေးဘို့ များများ လိုပါတယ်။ ဒီမှာ ဆွေးနွေးတာတွေကို law-maker တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ မြင်အောင်၊ ဖတ်ဖြစ်အောင် ကျွန်တော်တို့ ကြိုးစား နေပါတယ်။ 
  • ကမ္ဘာမှာ အတိုးတက်ဆုံး အမေရိကန် ပြည်ထောင်စု ဆိုတာ ကမ္ဘာမှာ ဥပဒေ အများဆုံး ရှိတဲ့ တိုင်းပြည်ပါ။ ဆိုလိုတာက ချုပ်ချယ်မှု အများဆုံး တိုင်းပြည်ပါ။ ကာကွယ်သင့်တာတွေကို အကာအကွယ် အများဆုံး ပေးတဲ့ တိုင်းပြည်ပါ။ တစ်ချိန်တည်းမှာ ကမ္ဘာမှာ အလွတ်လပ်ဆုံး တိုင်းပြည်ပါ။ မိမိတို့ ချစ်တဲ့ မြန်မာနိုင်ငံကို the land of opportunities ဖြစ်လာအောင် ဝိုင်းဝန်း အကြံပေး ကြပါ။ ပြုပြင် ပေးကြပါလို့ နှိုးဆော် လိုက်ပါရစေ။

/ အယ်ဒီတာ

ဒီဥပဒေထဲမှာ ဘာတွေ ပြင်သင့်သလဲ? ဆွေးနွေးကြည့်ပါ။
What are needed to be revised in this law?

ဖွဲ့စည်းပုံကို သင့်ဖုန်းပေါ်မှာ ဖတ်နိုင်

Myanmar constitution app for Androidယခု လက်ရှိ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သင့် Android ဖုန်းပေါ်မှာ အလွယ်တကူ ဖတ်နိုင်အောင် mobile app ထုတ်ထားပါတယ်။ အခမဲ့ ရယူနိုင်ပါတယ်။ Myanmar Constitution app for Android mobiles. Download here.

ကက က္က

CSR project by Myanmars.NET

 
Welcome to Myanmar Laws Archive. This is a CSR (corporate social responsibility) project by Myanmars.NET for legal knowledge education program to our people. The law does not excuse people, because they do not know. Myanmar laws are based on English common law, so that it is very similar to many laws in United States, United Kingdom, Australia, Singapore, or Malaysia.

We also have a CSR policy that we do NOT do new businesses with alcoholic, cigarette, and MLM businesses.