2016 - Today (NLD)

Myanmar Law Center


   

2018-03-09 - ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အမျိုးသားစီမံကိန်းဥပဒေ

၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အမျိုးသားစီမံကိန်းဥပဒေ

(၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၇။)

၁၃၇၉ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက်

( ၂၀၁၈ ခုနှစ်၊ မတ်လ ၉ ရက် )

နိုင်ငံတော်၏ လူမှုစီးပွားရေးနယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော စဉ်ဆက်မပျက် တိုးတက်မှုရရှိစေရန် ရည်ရွယ်၍ ချမှတ်ထားသည့် နိုင်ငံတော် စီးပွားရေးမူဝါဒများနှင့်အညီ စနစ်တကျ အကောင်အထည်ဖော်နိုင်ရန်အလိုငှာ ပြည်ထောင်စုလွှတ်တော် သည်ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

နိဒါန်း

အခန်း(၁)

အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။(က) ဤဥပဒေကို ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အမျိုးသားစီမံကိန်းဥပဒေဟု ခေါ်တွင်စေရမည်။

(ခ) ဤဥပဒေကို ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အမျိုးသားစီမံကိန်းဥပဒေအတွက် ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်အာဏာတည်စေရမည်။

၂။ ဤဥပဒေသည် ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အမျိုးသားစီမံကိန်းဥပဒေ ဖြစ်သည်။

၃။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်။

(က) အမျိုးသားစီမံကိန်း ဆိုသည်မှာ တစ်မျိုးသားလုံး၏ လူမှုစီးပွားရေး တစ်ရပ်လုံးအတွက်ဖြစ်စေ၊ ပြည်ထောင်စုဝန်ကြီးဌာန/ ကဏ္ဍအလိုက်ဖြစ်စေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက်ဖြစ်စေ သတ်မှတ် ထားသည့်အချိန်ကာလအတွင်း မည်ရွေ့မည်မျှ တိုးတက်စေမည်ဆိုသည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ရည်မှန်းချက်များနှင့်လုပ်ငန်းအစီစဉ်များဖြစ်သည်။ စီမံကိန်းများ၌ အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အနှစ် ၂၀ နှစ်ရှည် စီမံကိန်းကာလကို ငါးနှစ်စီမံကိန်းများနှင့် အဆိုပါစီမံကိန်းများကို နှစ်စဉ်အကောင် အထည်ဖော်မည့် နှစ်စဉ်စီမံကိန်းများပါဝင်သည်။ အမျိုးသားစီမံကိန်းများ၌ ကဏ္ဍအလိုက်ဖြစ်စေ၊ ဒေသအလိုက်ဖြစ်စေ ဝိသေသပြုရေးဆွဲချမှတ်သော လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ စက်မှုဇုန်များနှင့် အထူးစီးပွားရေးစီမံကိန်းများ၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ခေတ်မီ စိုက်ပျိုးရေးနည်းပညာကို အခြေခံသော စက်မှုလယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ရင်းနှီးမြှုပ်နှံ မှုဖွံဖြိုးရေးစီမံကိန်း၊ မြို့ပြဖွံဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်း၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းစသည့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ဘက်စုံဆက်စပ်အကျုံးဝင်သည်ဟု မှတ်ယူရမည်။

(ခ) စီမံကိန်းရည်မှန်းချက် ဆိုသည်မှာ သတ်မှတ်ကာလအတွင်း စီးပွားရေးတစ်ရပ်လုံးအတွက်ဖြစ်စေ၊ ကဏ္ဍအလိုက်ဖြစ်စေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ဖြစ်စေ မည်ရွေ့မည်မျှ ဖွံ့ဖြိုးတိုးတက်စေ ရမည်ဟု ရည်မှန်းလျာထားချက်များဖြစ်သည်။

(ဂ) ၆လစီမံကိန်းရည်မှန်းချက် ဆိုသည်မှာ ၂၀၁၇ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ အကောင် အထည်ဖော်နိုင်မှုအပေါ် အခြေခံ၍ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအတွင်း ဆောင်ရွက်မည့် စီမံကိန်းရည်မှန်းချက်များဖြစ်သည်။

(ဃ) ပုံမှန်စျေးနှုန်း ဆိုသည်မှာ အခြေခံနှစ် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင်ဖြစ်ပေါ်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၏စျေးနှုန်းဖြစ်သည်။

(င) နှစ်အလိုက်စျေးနှုန်း ဆိုသည်မှာ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက်ဖြစ်ပေါ်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၏ စျေးနှုန်းဖြစ်သည်။

(စ) သက်ဆိုင်ရာဌာနနှင့်အဖွဲ့စည်းများ ဆိုသည်မှာ အမျိုးသားစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သည့် သက်ဆိုင်ရာ ပြည်ထောင်စုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီး အဖွဲ့များ၊ စည်ပင်သာယာရေးကော်မတီများကို ဆိုသည်။

အခန်း(၂)

စီမံကိန်းရည်မှန်းချက်များ

၄။ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆) လ စီမံကိန်းရည်မှန်းချက်များမှာ အောက်ပါ အတိုင်းဖြစ်သည်-

(က) စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ပုံမှန်စျေးနှုန်းအရ ၇.၂ ရာခိုင်နှုန်းတိုးတက်ရန်၊

(ခ) ပုံမှန်စျေးနှုန်းအရ-

(၁) လယ်ယာကဏ္ဍတွင် ၃.၅ ရာခိုင်နှုန်းတိုးတက်ရန်၊

(၂) သားငါးကဏ္ဍတွင် ၃.၇ ရာခိုင်နှုန်းတိုးတက်ရန်၊

(၃) သစ်တောကဏ္ဍတွင် ၃၃.၇ ရာခိုင်နှုန်းလျော့နည်းရန်၊

(၄) စွမ်းအင်ကဏ္ဍတွင် ၂.၉ ရာခိုင်နှုန်းတိုးတက်ရန်၊

(၅) သတ္တုနှင့် တွင်းထွက်ပစ္စည်းကဏ္ဍတွင် ၃.၁ ရာခိုင်နှုန်းတိုးတက်ရန်၊

(၆) စက်မှုလက်မှုကဏ္ဍ တွင်၉.၀ ရာခိုင်နှုန်းတိုးတက်ရန်၊

(၇) လျှပ်စစ်ဓါတ်အားကဏ္ဍတွင် ၁၂.၀ ရာခိုင်နှုန်းတိုးတက်ရန်၊

(၈) ဆောက်လုပ်မှုကဏ္ဍတွင် ၉.၀ ရာခိုင်နှုန်းတိုးတက်ရန်၊

(၉) ပို့ဆောင်ရေးကဏ္ဍတွင် ၇.၇ ရာခိုင်နှုန်းတိုးတက်ရန်၊

(၁၀) ဆက်သွယ်ရေးကဏ္ဍတွင် ၉.၁ ရာခိုင်နှုန်းတိုးတက်ရန်၊

(၁၁) ငွေရေးကြေးရေးကဏ္ဍတွင် ၉.၁ ရာခိုင်နှုန်းတိုးတက်ရန်၊

(၁၂) လူမှုရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍတွင် ၄.၂ ရာခိုင်နှုန်းတိုးတက်ရန်၊

(၁၃) အခြားဝန်ဆောင်မှုကဏ္ဍတွင် ၁၀.၈ ရာခိုင်နှုန်းတိုးတက်ရန်၊

(၁၄) ကုန်သွယ်မှုကဏ္ဍတွင် ၇.၉ ရာခိုင်နှုန်းတိုးတက်ရန်။

(ဂ) တိုင်းဒေသကြီးနှင့်ပြည်နယ် အလိုက်တိုးတက်မှုနှုန်းများမှာ ပုံမှန်စျေးနှုန်းအရ-

(၁) ကချင်ပြည်နယ်တွင် ၂.၈ ရာခိုင်နှုန်းတိုးတက်ရန်၊

(၂) ကယားပြည်နယ်တွင် ၆.၁ ရာခိုင်နှုန်းတိုးတက်ရန်၊

(၃) ကရင်ပြည်နယ်တွင် ၆.၅ ရာခိုင်နှုန်းတိုးတက်ရန်၊

(၄) ချင်းပြည်နယ်တွင် ၅.၃ ရာခိုင်နှုန်းတိုးတက်ရန်၊

(၅) စစ်ကိုင်းတိုင်းဒေသကြီးတွင် ၆.၀ ရာခိုင်နှုန်းတိုးတက်ရန်၊

(၆) တနင်္သာရီတိုင်းဒေသကြီးတွင်၇.၁ ရာခိုင်နှုန်းတိုးတက်ရန်၊

(၇) ပဲခူးတိုင်းဒေသကြီးတွင် ၇.၀ ရာခိုင်နှုန်းတိုးတက်ရန်၊

(၈) မကွေးတိုင်းဒေသကြီးတွင် ၇.၇ ရာခိုင်နှုန်းတိုးတက်ရန်၊

(၉) မန္တလေးတိုင်းဒေသကြီးတွင် ၈.၆ ရာခိုင်နှုန်းတိုးတက်ရန်၊

(၁၀) မွန်ပြည်နယ်တွင် ၆.၆ ရာခိုင်နှုန်းတိုးတက်ရန်၊

(၁၁) ရခိုင်ပြည်နယ်တွင် ၅.၅ ရာခိုင်နှုန်းတိုးတက်ရန်၊

(၁၂) ရန်ကုန်တိုင်းဒေသကြီးတွင် ၈.၆ ရာခိုင်နှုန်းတိုးတက်ရန်၊

(၁၃) ရှမ်း ပြည်နယ်တွင် ၅.၈ ရာခိုင်နှုန်းတိုးတက်ရန်၊

(၁၄) ဧရာဝတီတိုင်းဒေသကြီးတွင် ၅.၄ ရာခိုင်နှုန်းတိုးတက်ရန်၊

(၁၅) နေပြည်တော်ကောင်စီနယ်မြေတွင် ၆.၄ ရာခိုင်နှုန်းတိုးတက်ရန်။

(ဃ) စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးတွင် နှစ်အလိုက်စျေးနှုန်းအရ လယ်ယာ ကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၂၂.၁ ရာခိုင်နှုန်းမှ ၂၁.၁ ရာခိုင်နှုန်းသို့လည်းကောင်း၊ စက်မှုကဏ္ဍ ကြီး၏ ပါဝင်မှုအချိုးစားကို ၃၄.၁ ရာခိုင်နှုန်းမှ ၃၅.၁ ရာခိုင်နှုန်းသို့လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီး ၏ပါဝင်မှုအချိုးအစားကို ပြောင်းလဲမှုမရှိဘဲ ၄၃.၈ ရာခိုင်နှုန်း ဖြစ်ပေါ်ရန်၊

(င) နိုင်ငံပိုင်အခန်းမှ ကျပ်၂၈၈၄.၁ ဘီလီယံရင်းနှီးမြုပ်နှံရန်၊

(စ) နှစ်အလိုက်စျေးနှုန်းအရ ပြည်ပပို့ကုန်ကို ကျပ်၉၂၅၂.၉ ဘီလီယံ တင်ပို့ရန်နှင့် ပြည်ပသွင်းကုန်ကို ကျပ် ၉၆၅၃.၁ ဘီလီယံတင်သွင်းရန်။

အခန်း(၃)

အထွေထွေ

၅။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် ပူးတွဲ(၁)၊ (၂)၊ (၃)၊ (၄)၊ (၅) နှင့် (၆) တို့တွင် ဖော်ပြထားသော စီမံကိန်းရည်မှန်းချက်များကို အဆပ်အစပ်မိမိ ပေါင်းစပ်ဖွဲ့စည်း အကောင်အထည်ဖော် ကြရန်ဖြစ်သည်။ သက်ဆိုင်ရာဌာန၊ အဖွဲ့စည်းများအလိုက်၊ ဒေသအလိုက် လိုအပ်သော လုပ်ငန်းအစီစဉ် များနှင့် ညွှန်ကြားချက်များကို အသေးစိတ်ရေးဆွဲဆောင်ရွက်နိုင်သည်။

၆။ သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းများသည် စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာ တွင် စီမံကိန်းများအား လေ့လာဆန်းစစ်၍ နိုင်ငံတော်နှင့်နိုင်ငံသားများ အကျိုးစီးပွားအတွက် အမှန် တကယ်အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများအားဆက်လက်အကောင်အထည်ဖော်ရမည်။ သို့ရာတွင် အကျိုး စီးပွားဖြစ်ထွန်းမှုမရှိသော စီမံကိန်းများအားငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျော့၍ခွင့်ပြုခြင်းများ ဆောင်ရွက်ရမည်။

၇။ အမျိုးသားစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်မှချမှတ်ထားသည့် စီးပွားရေးမူဝါဒများနှင့်အညီ ချိတ်ဆက်ပေါင်းစပ်ဆောင်ရွက်ရမည် ဖြစ်သည်။

၈။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် လက်ငင်း၊ ရေတိုနှင့် ရေရှည်အကျိုးဖြစ်ထွန်းစေပြီးထာဝရရှင်သန်စေမည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဖြစ်သော လူသားအရင်းအမြစ်များဖွံ့ဖြိုးရေးစီမံကိန်းအတွက် ရင်းနှီးမြုပ်နှံမှုကိုလည်း အလေးထား ဆောင်ရွက်ရမည်။

၉။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် စီမံကိန်းများတင်ပြဆောင်ရွက်ရာတွင် သတ်မှတ်ထား သောအင်္ဂါရပ်များ၊ ဆန်းစစ်ချက်များပြည့်စုံမှသာလျင်ဆောင်ရွက်ရမည်။

၁၀။ အမျိုးသားစီမံကိန်းတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်သောစီမံကိန်းများနှင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်ရေးတို့ကို အထောက်အကူပြုသောစီမံကိန်းများပါဝင်ရမည်။

၁၁။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည်အမျိုးသားစီမံကိန်းတွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ အနက်ပုဂ္ဂလိက လုပ်ပိုင်ခွင့်အဖြစ်လွှဲပြောင်းပေးသင့်သောစီးပွားရေးလုပ်ငန်းများကို နှစ်အလိုက် လွှဲပြောင်းပေးမည့် စီမံကိန်းများအဖြစ်ထည့်သွင်းရေးဆွဲရမည်။

၁၂။ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွင်းဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း များသည် ဖြစ်မြောက်နိုင်စွမ်းရှိ၊ မရှိ စီးပွားရေးအရတွက်ခြေကိုက်မှု ရှိ၊ မရှိ ပြည်သူများအတွက်အကျိုးရှိ၊ မရှိ ဒေသဖွံဖြိုးရေးကို အထောက်ကူ ပြု၊ မပြု ပတ်ဝန်းကျင်ကိုထိခိုက်မှု ရှိ၊ မရှိ စသည်တို့ကို ဘက်စုံလေ့လာဆန်းစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်ရရှိထားပြီးသော လုပ်ငန်း စီမံကိန်းများဖြစ်ရမည်။

၁၃။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် မိမိတို့ဆောင်ရွက်သည့်လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်း များအတွက်လျာထားခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စိစစ်သုံးသပ်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍သတ်မှတ်ချက်များနှင့်အညီ မြို့နယ်အဆင့်မှစတင်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အပါအဝင် တာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရမည်။ ပူးပေါင်း ဆောင်ရွက်ရန်ပျက်ကွက်သည့် ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းများကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်ရမည်။

၁၄။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် ဤဥပဒေအရ ထုတ်ပြန်သည့် ၂၀၁၈ ခုနှစ်၊ ဧပြီလ မှ စက်တင်ဘာလ အထိခြောက်လ အမျိုးသားစီမံကိန်းနိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုလျာထားချက်တွင် ပါရှိသော ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ထင်ကျော်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သင့်ထင်မြင်ချက်လေး ရေးခဲ့ပါ။

Please leave comments or requests to revise or update, about this law...


မိတ်ဆွေ ပြည်ထောင်စု သားရောင်းရင်းများ ခင်ဗျား... ဒီစာမျက်နှာ သို့မဟုတ် ဒီဥပဒေနဲ့ ပတ်သက်ပြီး သင်ဘာပြောချင် ပါသလဲ? သင် ဘယ်လို မြင်ပါသလဲ? ထောက်ခံသလား? ကန့်ကွက်သလား? ဘယ်အပိုင်းက ခေတ်နဲ့ မညီဘူး ဖြစ်နေသလဲ? ဘယ်အပိုင်းကို ဦးစားပေး ပြင်သင့်တယ် ထင်သလဲ?
  • ကြောက်လို့ ဘာမှ မပြောဘဲ နေတာဟာ အဂတိ လိုက်စားတာပါ။ ‘ဘယာဂတိ’ လို့ ခေါ်ပါတယ်။ ဒါတွေ ရပ်ဘို့ လိုပါတယ်။ ပွင့်လင်းတဲ့ လူ့ဘောင် တစ်ခု ဖြစ်လာဘို့ ကျွန်တော်တို့ နိုင်ငံသားတွေကို အားပေး ရပါမယ်။ ပျိုးထောင် ရပါမယ်။ မိမိအမြင်ကို လွတ်လပ်စွာ ဆွေးနွေးတာ၊ တိုင်ပင် နှီးနှောတာ ဒီမိုကရေစီပါ။ ဆွေးနွေးပါ။ ဝေဖန်ပါ။ အားပေးပါတယ်။ ကျွန်တော်တို့ အားလုံးကိုယ်တိုင်လည်း အဝေဖန်ခံနိုင်အောင် ကြိုးစားရပါမယ်။  သဘောထား ကြီးအောင်ကြိုးစားပြီး။ agree to disagree ဆိုတာကို ဒီမိုကရေစီ နည်းကျ ကျင့်ကြံကြရပါမယ်။
  • မိမိ လုပ်ရပ်အားလုံးကို မိမိ တာဝန်ယူရမယ်ဆိုတာလည်း ဒီမိုကရေစီပါ။ ဆဲဆိုတာတွေ၊ မလုပ်ဘဲ ချက်ကျလက်ကျ ပြောဆိုဆွေးနွေး စေချင်ပါတယ်။ မေတ္တာရပ်ခံ လိုပါတယ်။ 
  • မတရားတာတွေ ဒီမိုကရေစီနည်းနဲ့ ရပ်တန့်ဘို့က ဒီလို ဆွေးနွေးဘို့ များများ လိုပါတယ်။ ဒီမှာ ဆွေးနွေးတာတွေကို law-maker တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ မြင်အောင်၊ ဖတ်ဖြစ်အောင် ကျွန်တော်တို့ ကြိုးစား နေပါတယ်။ 
  • ကမ္ဘာမှာ အတိုးတက်ဆုံး အမေရိကန် ပြည်ထောင်စု ဆိုတာ ကမ္ဘာမှာ ဥပဒေ အများဆုံး ရှိတဲ့ တိုင်းပြည်ပါ။ ဆိုလိုတာက ချုပ်ချယ်မှု အများဆုံး တိုင်းပြည်ပါ။ ကာကွယ်သင့်တာတွေကို အကာအကွယ် အများဆုံး ပေးတဲ့ တိုင်းပြည်ပါ။ တစ်ချိန်တည်းမှာ ကမ္ဘာမှာ အလွတ်လပ်ဆုံး တိုင်းပြည်ပါ။ မိမိတို့ ချစ်တဲ့ မြန်မာနိုင်ငံကို the land of opportunities ဖြစ်လာအောင် ဝိုင်းဝန်း အကြံပေး ကြပါ။ ပြုပြင် ပေးကြပါလို့ နှိုးဆော် လိုက်ပါရစေ။

/ အယ်ဒီတာ

ဒီဥပဒေထဲမှာ ဘာတွေ ပြင်သင့်သလဲ? ဆွေးနွေးကြည့်ပါ။
What are needed to be revised in this law?

ဖွဲ့စည်းပုံကို သင့်ဖုန်းပေါ်မှာ ဖတ်နိုင်

Myanmar constitution app for Androidယခု လက်ရှိ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သင့် Android ဖုန်းပေါ်မှာ အလွယ်တကူ ဖတ်နိုင်အောင် mobile app ထုတ်ထားပါတယ်။ အခမဲ့ ရယူနိုင်ပါတယ်။ Myanmar Constitution app for Android mobiles. Download here.

ကက က္က

CSR project by Myanmars.NET

 
Welcome to Myanmar Laws Archive. This is a CSR (corporate social responsibility) project by Myanmars.NET for legal knowledge education program to our people. The law does not excuse people, because they do not know. Myanmar laws are based on English common law, so that it is very similar to many laws in United States, United Kingdom, Australia, Singapore, or Malaysia.

We also have a CSR policy that we do NOT do new businesses with alcoholic, cigarette, and MLM businesses.