2016 - Today (NLD)

Myanmar Law Center


   

2018-09-19 - ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းဥပဒေ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းဥပဒေ

(၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၈ ။)

၁၃၈၀ ပြည့်နှစ်၊ တော်သလင်းလဆန်း ၁၀ ရက်

(၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်)

နိဒါန်း

နိုင်ငံတော်၏လူမှုစီးပွားရေးနယ်ပယ်အသီးသီးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော စဉ်ဆက်မပြတ်တိုးတက်မှုရရှိစေရန် ရည်ရွယ်၍ ချမှတ်ထားသည့် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့်အညီစနစ်တကျ အကောင်အထည်ဖော်နိုင်ရန်အလို့ငှာ ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်၊ စတင်အာဏာတည်ခြင်းနှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ (က) ဤဥပဒေကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းဥပဒေဟု ခေါ်တွင်စေရမည်။

( ခ ) ဤဥပဒေသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်အာဏာတည်စေရမည်။

၂။ ဤဥပဒေသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် အမျိုးသားစီမံကိန်းဥပဒေဖြစ်သည်။

၃။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်

(က) အမျိုးသားစီမံကိန်း ဆိုသည်မှာ တစ်မျိုးသားလုံး၏ လူမှုစီးပွားရေး တစ်ရပ်လုံး အတွက်ဖြစ်စေ၊ ပြည်ထောင်စုဝန်ကြီးဌာန/ကဏ္ဍအလိုက်ဖြစ်စေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ဖြစ်စေ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း မည်ရွေ့မည်မျှ တိုးတက်ရမည်ဆိုသည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ရည်မှန်းချက်များနှင့် လုပ်ငန်း အစီအစဉ်များဖြစ်သည်။ စီမံကိန်းများ၌ အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အနှစ် ၂၀ နှစ်ရှည်စီမံကိန်း၊ ကာလတိုငါးနှစ်စီမံကိန်းများနှင့် အဆိုပါစီမံကိန်းများကို နှစ်စဉ် အကောင်အထည်ဖော်မည့် နှစ်စဉ်စီမံကိန်းများ ပါဝင်သည်။ အမျိုးသားစီမံကိန်းများ၌ ကဏ္ဍအလိုက်ဖြစ်စေ၊ ဒေသအလိုက်ဖြစ်စေ ဝိသေသပြုရေးဆွဲချမှတ်သော လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ စက်မှုဇုန်များနှင့်အထူးစီးပွားရေးဇုန်စီမံကိန်းများ၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ခေတ်မီစိုက်ပျိုးရေးနည်းပညာကို အခြေခံသော စက်မှုလယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးရေးစီမံကိန်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး စီမံကိန်းစသည့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ဘက်စုံဆက်စပ်အကျုံးဝင်သည်ဟု မှတ်ယူရမည်။

( ခ ) စီမံကိန်းရည်မှန်းချက် ဆိုသည်မှာ သတ်မှတ်ကာလအတွင်း စီးပွားရေးတစ်ရပ်လုံး အတွက်ဖြစ်စေ၊ ကဏ္ဍအလိုက်ဖြစ်စေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက်ဖြစ်စေ မည်ရွေ့မည်မျှ ဖွံ့ဖြိုးတိုးတက်စေရမည်ဟု ရည်မှန်းလျာထားချက်များဖြစ်သည်။

(ဂ) ဘဏ္ဍာနှစ် ဆိုသည်မှာ အောက်တိုဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့ အထိကာလဖြစ်သည်။

(ဃ) နှစ်ကုန်ခန့်မှန်းခြေ ဆိုသည်မှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်သစ်အရ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၈ ခုနှစ်၊ မတ်လအထိ အကောင်အထည်ဖော်နိုင်မှုနှင့် ၂၀၁၈ ခုနှစ်၊ ဧပြီလမှစက်တင်ဘာလအတွင်း အကောင်အထည်ဖော်နိုင်မည့် အခြေအနေတို့ကို ပေါင်းစပ်ခန့်မှန်းထားခြင်း ဖြစ်သည်။

(င) ပုံမှန်ဈေးနှုန်း ဆိုသည်မှာ အခြေခံနှစ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဖြစ်ပေါ်သော ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများ၏ ဈေးနှုန်းဖြစ်သည်။

( စ ) နှစ်အလိုက်ဈေးနှုန်း ဆိုသည်မှာ သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် ဖြစ်ပေါ်သော ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများ၏ ဈေးနှုန်းဖြစ်သည်။

(ဆ) သက်ဆိုင်ရာဌာနနှင့်အဖွဲ့အစည်းများ ဆိုသည်မှာ အမျိုးသားစီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရွက်သည့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးအဖွဲ့များ၊ စည်ပင်သာယာရေးကော်မတီများကို ဆိုသည်။

အခန်း(၂)

စီမံကိန်းရည်မှန်းချက်များ

၄။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်း၏ အရေးကြီးသည့် ရည်မှန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်

(က) စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)ကို ပုံမှန်ဈေးနှုန်းအရ ၇.၆ ရာခိုင်နှုန်း တိုးတက်ရန်၊

( ခ ) ကဏ္ဍအလိုက် တိုးတက်မှုနှုန်းများမှာ ပုံမှန်ဈေးနှုန်းအရ-

(၁) လယ်ယာကဏ္ဍတွင် ၂.၄ ရာခိုင်နှုန်း တိုးတက်ရန်၊

(၂) သားငါးကဏ္ဍတွင် ၄.၀ ရာခိုင်နှုန်း တိုးတက်ရန်၊

(၃) သစ်တောကဏ္ဍတွင် ၁.၁ ရာခိုင်နှုန်း တိုးတက်ရန်၊

(၄) စွမ်းအင်ကဏ္ဍတွင် ၂.၉ ရာခိုင်နှုန်း တိုးတက်ရန်၊

(၅) သတ္တုနှင့်တွင်းထွက်ပစ္စည်းကဏ္ဍတွင် ၇.၅ ရာခိုင်နှုန်း တိုးတက်ရန်၊

( ၆ ) စက်မှုလက်မှုကဏ္ဍတွင် ၁၁.၂ ရာခိုင်နှုန်း တိုးတက်ရန်၊

(၇) လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ၂.၉ ရာခိုင်နှုန်း တိုးတက်ရန်၊

( ၈ ) ဆောက်လုပ်မှုကဏ္ဍတွင် ၈.၆ ရာခိုင်နှုန်း တိုးတက်ရန်၊

(၉) ပို့ဆောင်ရေးကဏ္ဍတွင် ၈.၉ ရာခိုင်နှုန်း တိုးတက်ရန်၊

(၁၀) ဆက်သွယ်ရေးကဏ္ဍတွင် ၁၅,၀ ရာခိုင်နှုန်း တိုးတက်ရန်၊

(၁၁) ငွေရေးကြေးရေးကဏ္ဍတွင် ၉.၀ ရာခိုင်နှုန်း တိုးတက်ရန်၊

(၁၂) လူမှုရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍတွင် ၇.၃ ရာခိုင်နှုန်း တိုးတက်ရန်၊

(၁၃) အခြားဝန်ဆောင်မှုကဏ္ဍတွင် ၁၂.၀ ရာခိုင်နှုန်း တိုးတက်ရန်၊

(၁၄) ကုန်သွယ်မှုကဏ္ဍတွင် ၇.၇ ရာခိုင်နှုန်း တိုးတက်ရန်၊ (ဂ) တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် တိုးတက်မှုနှုန်းများမှာ ပုံမှန်ဈေးနှုန်းအရ -

(၁) ကချင်ပြည်နယ်တွင် ၉.၃ ရာခိုင်နှုန်း တိုးတက်ရန်၊

(၂) ကယားပြည်နယ်တွင် ၈.၃ ရာခိုင်နှုန်း တိုးတက်ရန်၊

(၃) ကရင်ပြည်နယ်တွင် ၇.၅ ရာခိုင်နှုန်း တိုးတက်ရန်၊

(၄) ချင်းပြည်နယ်တွင် ၇.၃ ရာခိုင်နှုန်း တိုးတက်ရန်၊

(၅) စစ်ကိုင်းတိုင်းဒေသကြီးတွင် ၇.၃ ရာခိုင်နှုန်း တိုးတက်ရန်၊

(၆) တနင်္သာရီတိုင်းဒေသကြီးတွင် ၄.၅ ရာခိုင်နှုန်း တိုးတက်ရန်၊

( ၇ ) ပဲခူးတိုင်းဒေသကြီးတွင် ၇.၈ ရာခိုင်နှုန်း တိုးတက်ရန်၊

( ၈ ) မကွေးတိုင်းဒေသကြီးတွင် ၆.၀ ရာခိုင်နှုန်း တိုးတက်ရန်၊

(၉) မန္တလေးတိုင်းဒေသကြီးတွင် ၈.၁ ရာခိုင်နှုန်း တိုးတက်ရန်၊

(၁၀) မွန်ပြည်နယ်တွင် ၆.၆ ရာခိုင်နှုန်း တိုးတက်ရန်၊

(၁၁) ရခိုင်ပြည်နယ်တွင် ၂.၉ ရာခိုင်နှုန်း တိုးတက်ရန်၊

(၁၂) ရန်ကုန်တိုင်းဒေသကြီးတွင် ၉.၈ ရာခိုင်နှုန်း တိုးတက်ရန်၊

(၁၃) ရှမ်းပြည်နယ်တွင် ၇.၅ ရာခိုင်နှုန်း တိုးတက်ရန်၊

(၁၄) ဧရာဝတီတိုင်းဒေသကြီးတွင် ၆.၂ ရာခိုင်နှုန်း တိုးတက်ရန်၊

(၁၅) နေပြည်တော်ကောင်စီနယ်မြေတွင် ၉.၆ ရာခိုင်နှုန်း တိုးတက်ရန်၊ (ဃ) စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးတွင် နှစ်အလိုက်ဈေးနှုန်းအရ လယ်ယာကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၂၃.၀ ရာခိုင်နှုန်းမှ ၂၁.၉ ရာခိုင်နှုန်းသို့ လည်းကောင်း၊ စက်မှုကဏ္ဍကြီး၏ပါဝင်မှုအချိုးအစားကို ၃၆.၄ ရာခိုင်နှုန်းမှ ၃၇.၃ ရာခိုင်နှုန်းသို့လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီး၏ ပါဝင်မှု အချိုးအစားကို ၄၀.၆ ရာခိုင်နှုန်းမှ ၄၀.၈ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီးဖြစ်ပေါ်ရန်၊

(င ) နှစ်အလိုက်ဈေးနှုန်းအရ စုစုပေါင်းစားသုံးမှုတန်ဖိုးကို ကျပ် ၇၁,၇၅၇.၉ ဘီလီယံ ဖြစ်ပေါ်ရန်၊

( စ ) နှစ်အလိုက်ဈေးနှုန်းအရ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံပိုင်အခန်းမှအချိုးအစားအားဖြင့် ၂၄.၉၉ ရာခိုင်နှုန်း၊ သမဝါယမပိုင်အခန်းမှ အချိုးအစားအားဖြင့် ၀.၀၁ ရာခိုင်နှုန်း၊ ပုဂ္ဂလိကပိုင် အခန်းမှ အမျိုးအစားအားဖြင့် ၇၅.၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံရန်၊

(ဆ) နှစ်အလိုက်ဈေးနှုန်းအရ ပြည်ပပို့ကုန်ကို ကျပ် ၂၀,၈၀၈.၀ ဘီလီယံ တင်ပို့ရန်နှင့် ပြည်ပသွင်းကုန်ကို ကျပ် ၂၁,၄၈၈.၀ ဘီလီယံ တင်သွင်းရန်၊

( ဇ ) လူတစ်ဦးစီ၏ ပျမ်းမျှထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး (Per Capita GDP) ကို နှစ်အလိုက် ဈေးနှုန်းအရ ကျပ် ၁,၇၇၃,၆၁၅မှ ကျပ် ၁,၉၇၈,၄၈၆ သို့ ဖြစ်ပေါ်လာရန်။

အခန်း(၃)

အထွေထွေ

၅။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် ပူးတွဲ (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆) နှင့် (၇) တို့တွင် ဖော်ပြ ထားသော စီမံကိန်းရည်မှန်းချက်များကို အဆက်အစပ်မိမိ ပေါင်းစပ်ဖွဲ့စည်း အကောင်အထည်ဖော်ကြရန် ဖြစ်သည်။ စီမံကိန်းရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် လိုအပ်သော လုပ်ငန်းအစီအစဉ်များနှင့် ညွှန်ကြားချက်များကို ကဏ္ဍအလိုက်၊ ဒေသအလိုက် အသေးစိတ်ရေးဆွဲဆောင်ရွက်နိုင်သည်။

၆။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စီမံကိန်းများအား လေ့လာဆန်းစစ်၍ နိုင်ငံတော်နှင့်နိုင်ငံသားများ အကျိုးစီးပွားအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများအား ဆက်လက်အကောင်အထည်ဖော်ရမည်။ သို့ရာတွင် အကျိုးစီးပွားဖြစ်ထွန်းမှုမရှိသော စီမံကိန်းများအား ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့၍ခွင့်ပြုခြင်းများ ဆောင်ရွက်ရမည်။

၇။ အမျိုးသားစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေးမူဝါဒများနှင့်အညီ ချိတ်ဆက်ပေါင်းစပ် ဆောင်ရွက်ရမည်ဖြစ်သည်။

၈။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် လက်ငင်း၊ ရေတိုနှင့်ရေရှည် အကျိုးဖြစ်ထွန်းစေပြီး ထာဝရရှင်သန်စေမည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ဖြစ်သော လူသားအရင်းအမြစ်များ ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုကိုလည်း အလေးထား ဆောင်ရွက်ရမည်။

၉။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် စီမံကိန်းများ တင်ပြဆောင်ရွက်ရာတွင် သတ်မှတ် ထားသော အင်္ဂါရပ်များ၊ ဆန်းစစ်ချက်များ ပြည့်စုံမှသာလျှင် ဆောင်ရွက်ရမည်။

၁၀။ အမျိုးသားစီမံကိန်းတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကိုဖော်ဆောင်သော စီမံကိန်းများနှင့်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးတို့ကို အထောက်အကူပြုသော စီမံကိန်းများ ပါဝင်ရမည်။

၁၁။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် အမျိုးသားစီမံကိန်းတွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း များအနက် ပုဂ္ဂလိကလုပ်ပိုင်ခွင့်အဖြစ် လွှဲပြောင်းပေးသင့်သော စီးပွားရေးလုပ်ငန်းများကို နှစ်အလိုက် လွှဲပြောင်းပေးမည့် စီမံကိန်းများအဖြစ် ထည့်သွင်းရေးဆွဲရမည်။

၁၂။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများသည် ဖြစ်မြောက်နိုင်စွမ်း ရှိ မရှိ၊ စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိ မရှိ၊ ပြည်သူများအတွက် အကျိုး ရှိ မရှိ၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူ ပြု မပြု၊ ပတ်ဝန်းကျင်ကို ထိခိုက်မှု ရှိ မရှိ စသည်တို့ကို ဘက်စုံလေ့လာဆန်းစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်ဖြင့် ကာလတို ၅ နှစ် စီမံကိန်း၌ ထည့်သွင်းရေးဆွဲပြီးမှ နှစ်စဉ်အမျိုးသားစီမံကိန်းတွင် ထည့်သွင်းဖော်ပြရမည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်၏ အကျိုးစီးပွားအတွက် အရေးကြီးလိုအပ်ချက်အရ ဆောင်ရွက်ရသည့် အထူးစီမံကိန်းများကို ကာလတို ၅ နှစ် စီမံကိန်းတွင် မပါရှိသော်လည်း နှစ်စဉ်အမျိုးသားစီမံကိန်းတွင် ထည့်သွင်းဖော်ပြခွင့်ရှိသည်။

၁၃။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် မိမိတို့ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းနှင့်လုပ်ငန်း များအတွက် လျာထားခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စိစစ်သုံးသပ်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ မြို့နယ်အဆင့်မှစတင်ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ရမည်။ ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်သည့် ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းများကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ရမည်။

၁၄။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် ဤဥပဒေအရ ထုတ်ပြန်သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းရင်းနှီးမြှုပ်နှံမှု လျာထားချက်တွင်ပါရှိသည့် နိုင်ငံပိုင်အခန်း ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလျာထားချက်တွင်ပါရှိသော ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်း များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သင့်ထင်မြင်ချက်လေး ရေးခဲ့ပါ။

Please leave comments or requests to revise or update, about this law...


မိတ်ဆွေ ပြည်ထောင်စု သားရောင်းရင်းများ ခင်ဗျား... ဒီစာမျက်နှာ သို့မဟုတ် ဒီဥပဒေနဲ့ ပတ်သက်ပြီး သင်ဘာပြောချင် ပါသလဲ? သင် ဘယ်လို မြင်ပါသလဲ? ထောက်ခံသလား? ကန့်ကွက်သလား? ဘယ်အပိုင်းက ခေတ်နဲ့ မညီဘူး ဖြစ်နေသလဲ? ဘယ်အပိုင်းကို ဦးစားပေး ပြင်သင့်တယ် ထင်သလဲ?
  • ကြောက်လို့ ဘာမှ မပြောဘဲ နေတာဟာ အဂတိ လိုက်စားတာပါ။ ‘ဘယာဂတိ’ လို့ ခေါ်ပါတယ်။ ဒါတွေ ရပ်ဘို့ လိုပါတယ်။ ပွင့်လင်းတဲ့ လူ့ဘောင် တစ်ခု ဖြစ်လာဘို့ ကျွန်တော်တို့ နိုင်ငံသားတွေကို အားပေး ရပါမယ်။ ပျိုးထောင် ရပါမယ်။ မိမိအမြင်ကို လွတ်လပ်စွာ ဆွေးနွေးတာ၊ တိုင်ပင် နှီးနှောတာ ဒီမိုကရေစီပါ။ ဆွေးနွေးပါ။ ဝေဖန်ပါ။ အားပေးပါတယ်။ ကျွန်တော်တို့ အားလုံးကိုယ်တိုင်လည်း အဝေဖန်ခံနိုင်အောင် ကြိုးစားရပါမယ်။  သဘောထား ကြီးအောင်ကြိုးစားပြီး။ agree to disagree ဆိုတာကို ဒီမိုကရေစီ နည်းကျ ကျင့်ကြံကြရပါမယ်။
  • မိမိ လုပ်ရပ်အားလုံးကို မိမိ တာဝန်ယူရမယ်ဆိုတာလည်း ဒီမိုကရေစီပါ။ ဆဲဆိုတာတွေ၊ မလုပ်ဘဲ ချက်ကျလက်ကျ ပြောဆိုဆွေးနွေး စေချင်ပါတယ်။ မေတ္တာရပ်ခံ လိုပါတယ်။ 
  • မတရားတာတွေ ဒီမိုကရေစီနည်းနဲ့ ရပ်တန့်ဘို့က ဒီလို ဆွေးနွေးဘို့ များများ လိုပါတယ်။ ဒီမှာ ဆွေးနွေးတာတွေကို law-maker တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ မြင်အောင်၊ ဖတ်ဖြစ်အောင် ကျွန်တော်တို့ ကြိုးစား နေပါတယ်။ 
  • ကမ္ဘာမှာ အတိုးတက်ဆုံး အမေရိကန် ပြည်ထောင်စု ဆိုတာ ကမ္ဘာမှာ ဥပဒေ အများဆုံး ရှိတဲ့ တိုင်းပြည်ပါ။ ဆိုလိုတာက ချုပ်ချယ်မှု အများဆုံး တိုင်းပြည်ပါ။ ကာကွယ်သင့်တာတွေကို အကာအကွယ် အများဆုံး ပေးတဲ့ တိုင်းပြည်ပါ။ တစ်ချိန်တည်းမှာ ကမ္ဘာမှာ အလွတ်လပ်ဆုံး တိုင်းပြည်ပါ။ မိမိတို့ ချစ်တဲ့ မြန်မာနိုင်ငံကို the land of opportunities ဖြစ်လာအောင် ဝိုင်းဝန်း အကြံပေး ကြပါ။ ပြုပြင် ပေးကြပါလို့ နှိုးဆော် လိုက်ပါရစေ။

/ အယ်ဒီတာ

ဒီဥပဒေထဲမှာ ဘာတွေ ပြင်သင့်သလဲ? ဆွေးနွေးကြည့်ပါ။
What are needed to be revised in this law?

ဖွဲ့စည်းပုံကို သင့်ဖုန်းပေါ်မှာ ဖတ်နိုင်

Myanmar constitution app for Androidယခု လက်ရှိ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သင့် Android ဖုန်းပေါ်မှာ အလွယ်တကူ ဖတ်နိုင်အောင် mobile app ထုတ်ထားပါတယ်။ အခမဲ့ ရယူနိုင်ပါတယ်။ Myanmar Constitution app for Android mobiles. Download here.

ကက က္က

CSR project by Myanmars.NET

 
Welcome to Myanmar Laws Archive. This is a CSR (corporate social responsibility) project by Myanmars.NET for legal knowledge education program to our people. The law does not excuse people, because they do not know. Myanmar laws are based on English common law, so that it is very similar to many laws in United States, United Kingdom, Australia, Singapore, or Malaysia.

We also have a CSR policy that we do NOT do new businesses with alcoholic, cigarette, and MLM businesses.