မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီဥပဒေ

 

(၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၇ ။)

 

( ၁၃၈၀ ပြည့်နှစ်၊ တော်သလင်းလဆန်း ၈ ရက်

 

(၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်)

 

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

 

အခန်း (၁)

 

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

 

၁။ ဤဥပဒေကို မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီ ဥပဒေဟု ခေါ်တွင်စေရမည်။

 

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည် –

 

(က) သွားနှင့်ခံတွင်းဆိုင်ရာဆေးပညာ ဆိုသည်မှာ သွား၊ သွားဖုံး၊ သွားမြစ်ဝန်းကျင်၊ မေးရိုးနှင့် ခံတွင်းရောဂါများကို ရောဂါစစ်ဆေးရှာဖွေခြင်း၊ ဆေးဝါးဖြင့် ကုသခြင်း၊ ခွဲစိတ်ကုသခြင်း၊ နည်းလမ်းအမျိုးမျိုးဖြင့် သွားစိုက်ကုသခြင်း၊ သွားညှိကုသခြင်း၊ သွားအလှပြုပြင်ခြင်း၊ ပြည်သူများ၏ သွားနှင့်ခံတွင်းရောဂါကြိုတင်ကာကွယ်ခြင်း၊ သွားကျန်းမာရေးမြှင့်တင်ခြင်း၊ သွားနှင့်ခံတွင်းဆိုင်ရာ သုတေသနပြုခြင်းများအပါအဝင် သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့်သက်ဆိုင်သော ပညာရပ်ကို ဆိုသည်။

 

( ခ) ကောင်စီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီကို ဆိုသည်။

 

(ဂ) နာယကအဖွဲ့ ဆိုသည်မှာ ကောင်စီ၏ နာယကအဖွဲ့ကို ဆိုသည်။

 

(ဃ) အလုပ်အမှုဆောင်အဖွဲ့ ဆိုသည်မှာ ကောင်စီ၏ အလုပ်အမှုဆောင်အဖွဲ့ကို ဆိုသည်။

 

(c) ကောင်စီဝင် မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီဝင်တစ်ဦးဦးကို ဆိုသည်။

 

( စ) မှတ်ပုံတင်လက်မှတ် ဆိုသည်မှာ ကောင်စီက ဤဥပဒေအရ ထုတ်ပေးသော သွားနှင့်ခံတွင်း ဆိုင်ရာဆရာဝန် မှတ်ပုံတင်လက်မှတ်ကို ဆိုသည်။

 

(ဆ) သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန် ဆိုသည်မှာ ကောင်စီက ဤဥပဒေအရ သွားနှင့် ခံတွင်းဆိုင်ရာဆရာဝန် မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်းခံရသူကို ဆိုသည်။

 

(ဇ) ဆေးကုသခွင့်လိုင်စင် ဆိုသည်မှာ ကောင်စီက ဤဥပဒေအရထုတ်ပေးသော အထွေထွေ ဆေးကုသခွင့်လိုင်စင်၊ အထူးဆေးကုသခွင့်လိုင်စင်နှင့် ကန့်သတ်ဆေး ကုသခွင့်လိုင်စင် တို့ကို ဆိုသည်။

 

(ဈ) အထွေထွေဆေးကုသခွင့်လိုင်စင် ဆိုသည်မှာ ကောင်စီက အသိအမှတ်ပြုထားသော ပြည်တွင်းပြည်ပ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် သို့မဟုတ် ဆေးကောလိပ်တစ်ခုခုမှ သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရရှိပြီး သတ်မှတ်ထားသည့် အလုပ်သင်ကာလပြီးဆုံးသော မြန်မာနိုင်ငံသား သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်အား ကောင်စီက သတ်မှတ်ချက်များ နှင့်အညီ စိစစ်ထုတ်ပေးသည့် ဆေးကုသခွင့်လိုင်စင်ကို ဆိုသည်။ အထူးဆေးကုသခွင့်လိုင်စင် ဆိုသည်မှာ ကောင်စီက အသိအမှတ်ပြုထားသော ဘွဲ့လွန် ဒီဂရီ၊ ဘွဲ့လွန်ဒီပလိုမာရရှိပြီး သတ်မှတ်ထားသည့် အရည်အချင်းပြည့်မီသော သွားနှင့် ခံတွင်းဆိုင်ရာဆရာဝန်အား ကောင်စီက သတ်မှတ်ချက်များနှင့်အညီ စိစစ်ထုတ်ပေးသည့် ဆေးကုသခွင့်လိုင်စင်ကို ဆိုသည်။

 

(ဋ) ကန့်သတ်ဆေးကုသခွင့်လိုင်စင် ဆိုသည်မှာ ကောင်စီ၏ အသိအမှတ်ပြုခြင်းခံရသည့် ပြည်ပနိုင်ငံ၏ သက်ဆိုင်ရာသွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီက အသိအမှတ်ပြုသော သွားနှင့်ခံတွင်းဆိုင်ရာ ဆေးပညာဘွဲ့ရရှိထားသော နိုင်ငံခြားသားဆရာဝန်အား ကောင်စီက သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီးထုတ်ပေးသည့် ဆေးကုသခွင့်လိုင်စင်ကို ဆိုသည်။ ။

 

( ဌ) သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် ဆိုသည်မှာ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးပညာဘွဲ့များ ချီးမြှင့်သည့် တက္ကသိုလ်ကို ဆိုသည်။ ။

 

( ၃ ) အသိအမှတ်ပြုလက်မှတ် ဆိုသည်မှာ ကောင်စီက သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး သွားဘက်ဆိုင်ရာသူနာပြု၊ သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်သူ၊ သွားတု ပညာကျွမ်းကျင်သူ သို့မဟုတ် သွားဘက်ဆိုင်ရာ အထောက်အကူပြုသူဖြစ်ကြောင်း အသိအမှတ်ပြု ထုတ်ပေးသည့်လက်မှတ်ကို ဆိုသည်။

 

(၀) သွားဘက်ဆိုင်ရာသူနာပြု ဆိုသည်မှာ ကောင်စီက ဤဥပဒေအရ သွားဘက်ဆိုင်ရာ သူနာပြုအဖြစ် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းခံရသူကို ဆိုသည်။ ။

 

(ဏ) သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်သူ (Oral Hygienist) ဆိုသည်မှာ ကောင်စီက ဤဥပဒေအရ သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်သူအဖြစ် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းခံရသူကို ဆိုသည်။

 

(တ) သွားဘက်ဆိုင်ရာဆေးကောလိပ် ဆိုသည်မှာ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးပညာဘွဲ့များ ချီးမြှင့်နိုင်သည့် ကောလိပ်ကို ဆိုသည်။

 

(ထ) သွားတုပညာကျွမ်းကျင်သူ ဆိုသည်မှာ ကောင်စီက ဤဥပဒေအရ သွားတုပညာကျွမ်းကျင်သူ အဖြစ် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းခံရသူကို ဆိုသည်။

 

(ဒ) သွားဘက်ဆိုင်ရာ အထောက်အကူပြုသူ ဆိုသည်မှာ ကောင်စီက ဤဥပဒေအရ သွားဘက်ဆိုင်ရာ အထောက်အကူပြုသူအဖြစ် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်း ခံရသူကို ဆိုသည်။

 

အခန်း(၂)

 

ရည်ရွယ်ချက်

 

ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည် –

 

(က) အရည်အသွေးမီ၍ ထိရောက်သော သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုကို အများပြည်သူတို့ ခံစားခွင့်ရရှိစေရန်၊

 

(ခ) သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များ၏ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးနှင့် အဆင့်အတန်းကို ထိန်းသိမ်းမြှင့်တင်ရန်၊

 

(ဂ) သွားနှင့်ခံတွင်းဆိုင်ရာ ဆေးပညာကို ခေတ်နှင့်အညီ နိုင်ငံတကာအဆင့်မီ လေ့လာ သင်ကြားနိုင်သည့် အခွင့်အလမ်းများ ရရှိစေရန်၊

 

(ဃ) သွားနှင့်ခံတွင်းဆိုင်ရာ ဆေးပညာတိုးတက်မှုကို သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များ စဉ်ဆက်မပြတ် လေ့လာဆည်းပူးနိုင်စေရန်၊

 

(င) သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များ၏ဂုဏ်သိက္ခာ ထိန်းသိမ်းမြှင့်တင်နိုင်ရန်၊

 

( စ) သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်၏ကျင့်ဝတ်သိက္ခာများနှင့်အညီ လိုက်နာစောင့် ထိန်းရေးအတွက် ကြီးကြပ်ကွပ်ကဲနိုင်ရန်၊

 

(ဆ) သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်၊ သွားဘက်ဆိုင်ရာ သူနာပြု၊ သွားနှင့်ခံတွင်းဆိုင်ရာ | ကျန်းမာရေးစောင့်ရှောက်သူ၊ သွားတုပညာကျွမ်းကျင်သူ၊ သွားဘက်ဆိုင်ရာ အထောက် အကူပြုသူများ၏လုပ်ပိုင်ခွင့်များကို ထိန်းကျောင်းရန်နှင့် အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရန်၊

 

( ဇ) လျော်ကန်ကောင်းမွန်သော သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကုသမှု ပတ်ဝန်းကျင် ဖြစ်ထွန်း စေရေးအတွက် ပံ့ပိုးကြပ်မတ်မှုပေးရန်။

 

အခန်း (၃)

 

မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီ ဖွဲ့စည်းခြင်း

 

၄။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့် ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဝါရင့်အငြိမ်းစား သွားနှင့်ခံတွင်း ဆိုင်ရာ ဆရာဝန်နှစ်ဦးပါဝင်သော နာယက အဖွဲ့ကို ဖွဲ့စည်းရမည်။

 

(ခ) နာယကအဖွဲ့သည် အောက်ပါအတိုင်း ကောင်စီကို ကောင်စီဝင် ၃၅ ဦးဖြင့် ဖွဲ့စည်း ရမည်

 

(၁) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သွားဘက်ဆိုင်ရာ ၇ ဦး ဆေးတက္ကသိုလ် ပါမောက္ခချုပ် နှစ်ဦး၊ သွားနှင့်ခံတွင်းဆိုင်ရာ ပါမောက္ခ နှစ်ဦးနှင့် သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်တစ်ဦး၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆရာဝန်အသင်းမှ ကိုယ်စားလှယ် တစ်ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ရုံးမှ ကိုယ်စားလှယ် တစ်ဦး၊

 

(၂) ဆေးကုသခွင့်လိုင်စင်ရ သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များက ၂ ဦး ဆန္ဒမဲပေးပြီး ရွေးချယ်သည့် အသက် ၃၅ နှစ်အောက် သွားနှင့် ခံတွင်းဆိုင်ရာ ဆရာဝန် နှစ်ဦး၊

 

(၃) ဆေးကုသခွင့်လိုင်စင်ရ သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များက ၁၁ ဦး ဆန္ဒမဲပေးပြီး ရွေးချယ်သည့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခချုပ် နှစ်ဦး၊ သွားနှင့်ခံတွင်းဆိုင်ရာ အငြိမ်းစား ပါမောက္ခ နှစ်ဦး၊ ကောင်စီဝင် ခုနစ်ဦး၊

 

(၄) ပြည်ထောင်စုနယ်မြေ၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ၁၅ ဦး ပြည်နယ်အသီးသီးရှိ ဆေးကုသခွင့်လိုင်စင်ရ သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များက ဆန္ဒမဲပေးပြီး ရွေးချယ်တင်မြှောက်ခံရသော ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီအတွက် သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန် တစ်ဦးစီ။

 

(ဂ) နာယကအဖွဲ့သည် အဖွဲ့ဝင် ငါးဦးပါဝင်သော မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီဝင်များ ရွေးချယ်တင်မြှောက်ပွဲကော်မရှင်ကို ဖွဲ့စည်းရမည်။

 

(ဃ) ကောင်စီသည် ကိုယ်ပိုင်အမည်၊ ကိုယ်ပိုင်တံဆိပ်ဖြင့် စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက် ပိုင်ခွင့်၊ တရားစွဲဆိုပိုင်ခွင့်၊ တရားစွဲဆိုခံနိုင်ခွင့်ရှိပြီး ဥပဒေနှင့်အညီ လွတ်လပ်စွာ ရပ်တည် ဆောင်ရွက်ဆုံးဖြတ်နိုင်သော အဖွဲ့ အစည်းဖြစ်သည်။

 

(င) အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းရာတွင် ဥက္ကဋ္ဌ တစ်ဦး၊ ဒုတိယ ဥက္ကဋ္ဌ တစ်ဦး၊ အတွင်းရေးမှူး တစ်ဦး၊ တွဲဖက်အတွင်းရေးမှူး တစ်ဦး၊ ဘဏ္ဍာရေးမှူး တစ်ဦးနှင့် စာရင်းစစ် တစ်ဦး၊ အလုပ်အမှုဆောင် အဖွဲ့ဝင် ခုနစ်ဦး စုစုပေါင်း ၁၃ ဦး ပါဝင်သော အလုပ်အမှုဆောင်အဖွဲ့ကို ရွေးချယ်ထားပြီးဖြစ်သော ကောင်စီဝင် ၃၅ ဦး၏ လျှို့ဝှက် ဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက်ရမည်။

 

( စ) ကောင်စီ ဥက္ကဋ္ဌသည် ရွေးချယ်တင်မြှောက်ထားသည့် အလုပ်အမှုဆောင်အဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သည်။

 

၅။ အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့သည် အောက်ပါ အရည်အချင်း များနှင့် ပြည့်စုံရမည်

 

(က) ကောင်စီ၏ တာဝန်ဝတ္တရားများကို အချိန်ပြည့် ထမ်းဆောင်နိုင်သူဖြစ်ခြင်း၊

 

( ခ) ကောင်စီ၏လုပ်ငန်းများကို ဦးဆောင်မှု၊ စီမံခန့်ခွဲမှု၊ ကြပ်မတ်မှုပေးနိုင်သူဖြစ်ခြင်း၊

 

(ဂ) သွားနှင့်ခံတွင်းဆိုင်ရာ ဆေးလောကတွင် လူအများ ယုံကြည်လေးစားမှုခံရသူဖြစ်ခြင်း။

 

၆။ (က) (၁) ကောင်စီ၏ သက်တမ်းသည် စတင်ဖွဲ့စည်းသည့်နေ့မှစ၍ ငါးနှစ် ဖြစ်သည်။

 

(၂) ကောင်စီဥက္ကဋ္ဌသည် သက်တမ်းနှစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခြင်းမပြုရ။

 

(၃) ကောင်စီဥက္ကဋ္ဌအဖြစ် ကြားဖြတ်တာဝန်ယူရသည့်ကာလကို သက်တမ်းတစ်ခုဟု မသတ်မှတ်ရ။

 

(၄) ကောင်စီသည် သက်တမ်းကုန်ဆုံးသည့်အခါ ကောင်စီအသစ် ဖွဲ့စည်းပြီးသည့် | အချိန် အထိ မိမိတို့၏လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။

 

(ခ) ကောင်စီဝင်များ၏ အရည်အချင်းမှာ အောက်ပါအတိုင်း ဖြစ်သည်

 

(၁) သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကုသခွင့်လိုင်စင်ရှိပြီး ကျန်းမာရေးနှင့် ပြည့်စုံသူ၊

 

(၂) ပုဒ်မ ၄၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၂) ပါ ပြဋ္ဌာန်းချက်မှအပဖြစ်သည့် သွားနှင့်ခံတွင်း ဆိုင်ရာ ဆေးကုသခွင့်လိုင်စင် သက်တမ်းအနည်းဆုံး ၁၅ နှစ်ရှိသူ၊

 

(၃) သွားနှင့်ခံတွင်းဆိုင်ရာ ဆေးပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ။

 

အခန်း(၄)

 

ကောင်စီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

 

၇။ ကောင်စီ၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် –

 

(က) ပြည်တွင်းပြည်ပရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်နှင့် သွားဘက်ဆိုင်ရာဆေးကောလိပ် တစ်ခုခုကဖြစ်စေ၊ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးပညာအတွက် ဖွဲ့စည်းထားသည့် အခြား အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ အပ်နှင်းသည့် သွားနှင့်ခံတွင်းဆိုင်ရာ ဆေးပညာဘွဲ့များကို အသိအမှတ်ပြုခြင်း သို့မဟုတ် အသိအမှတ်ပြုရန် ငြင်းပယ်ခြင်း၊

 

(ခ) ကောင်စီက အသိအမှတ်ပြုသော သွားနှင့်ခံတွင်းဆိုင်ရာ ဆေးပညာဘွဲ့များကို အခါ အားလျော်စွာ ထုတ်ပြန်ကြေညာခြင်း၊

 

(ဂ) သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်သိက္ခာများကို သတ်မှတ်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း၊

 

(ဃ) မှတ်ပုံတင်ထားသော သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်စာရင်းနှင့် ဆေးကုသခွင့်လိုင်စင်ရ သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်စာရင်းများကို အခါအားလျော်စွာ ပြုစုထုတ်ပြန်ခြင်း၊

 

(င) သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များ၏ သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးနှင့် အဆင့်အတန်းကို ထိန်းသိမ်းမြှင့်တင်နိုင်ရန် လေ့လာဆန်းစစ်ခြင်း၊ လိုအပ်သလို ဆောင်ရွက်ခြင်း၊ အစိုးရဌာန၊ ပြည်တွင်း၊ ပြည်ပ အဖွဲ့ အစည်းများနှင့် ဆက်သွယ် ပူးပေါင်းဆောင်ရွက်ခြင်း၊

 

(စ) နိုင်ငံတော်နှင့် ပုဂ္ဂလိကဆေးရုံများ၊ ဆေးခန်းများနှင့် သွားတုလုပ်ငန်းများ အပါအဝင် အခြားနှီးနွှယ်သော သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်း ထိန်းသိမ်း မြှင့်တင်ရေးအတွက် လိုအပ်သော စံချိန်စံညွှန်း သတ်မှတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ အကြံပြုခြင်းနှင့် အသိပေးတင်ပြခြင်း၊

 

(ဆ) သွားနှင့်ခံတွင်းဆိုင်ရာ ဆေးပညာသင်ကြားမှု အဆင့်အတန်းမြင့်မားစေရေးနှင့် အရည်အသွေးပြည့်ဝသော သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်များ ပေါ်ပေါက်စေရေးတို့အတွက် တိုးတက်ပြောင်းလဲနေသော သွားနှင့်ခံတွင်းဆိုင်ရာ ဆေးပညာသင်ကြားရေးစနစ်များကို လေ့လာသုံးသပ်၍ သက်ဆိုင်ရာတက္ကသိုလ် သင်ကြားရေးဌာနများနှင့် ညှိနှိုင်းဆွေးနွေးခြင်း၊ ညွှန်ကြားခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ အကြံပြုတင်ပြခြင်း၊

 

( ဇ) အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရန် လိုအပ်သောသင်တန်းများ ဖွင့်လှစ်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရန် သတ်မှတ်ချက်များနှင့်အညီ စိစစ်ခြင်း၊

 

(ဈ) သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်နှင့် ဆေးကုသခွင့်လိုင်စင်ရ သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်၏ ကျင့်ဝတ်သိက္ခာများနှင့်အညီ လိုက်နာစောင့်ထိန်းရန် ပျက်ကွက်မှုများကို စုံစမ်းခြင်း၊ စစ်ဆေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း၊

 

(ည) သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်နှင့် ဆေးကုသခွင့်လိုင်စင်ရ သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များ၊ သွားဘက်ဆိုင်ရာသူနာပြုများ၊ သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်သူများ၊ သွားတုပညာ ကျွမ်းကျင်သူများ၊ သွားဘက်ဆိုင်ရာ အထောက်အကူ ပြုသူများအား တည်ဆဲဥပဒေများနှင့်အညီ ကာကွယ်စောင့်ရှောက်ခြင်း။ ။ ကောင်စီ၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် –

 

(က) အောက်ဖော်ပြပါ ကော်မတီများကို ဖွဲ့စည်းခြင်းနှင့် ယင်းကော်မတီအသီးသီး၏ လုပ်ငန်း တာဝန်များကို သတ်မှတ်ခြင်း

 

(၁) ပြည်တွင်း၊ ပြည်ပ ဘွဲ့လက်မှတ် စိစစ်ရေးကော်မတီ၊

 

(၂) မှတ်ပုံတင်လက်မှတ်နှင့် ဆေးကုသခွင့်လိုင်စင် စိစစ်ရေးကော်မတီ၊

 

(၃) ကျင့်ဝတ်နှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊

 

(၄) စံချိန်စံညွှန်း သတ်မှတ်ရေးကော်မတီ၊

 

(၅) သွားနှင့်ခံတွင်းဆိုင်ရာ ဆေးပညာအရည်အချင်း စိစစ်ရေးကော်မတီ၊

 

(၆) အသိအမှတ်ပြုလက်မှတ်ဆိုင်ရာ သင်တန်းနှင့်အရည်အချင်း စိစစ်ရေးကော်မတီ၊

 

(၇) အခြားလိုအပ်သော ကော်မတီများ။

 

( ခ) မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်း၊ ပယ်ဖျက်ခြင်း၊ ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊

 

(ဂ) ဆေးကုသခွင့်လိုင်စင် ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်း၊ ပယ်ဖျက်ခြင်းနှင့် ကာလအကန့် အသတ်ဖြင့် ရုပ်သိမ်းခြင်း၊ စိစစ်၍ ပြန်လည်ထုတ်ပေးခြင်း၊

 

(ဃ) ဆေးကုသခွင့်လိုင်စင် သက်တမ်းသတ်မှတ်ခြင်း၊ သက်တမ်းတိုးမြှင့်ပေးခြင်း၊ သက်တမ်း တိုးမြှင့်ပေးရန် ငြင်းပယ်ခြင်း၊

 

(င) အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်း၊ ပယ်ဖျက်ခြင်း၊

 

( စ) နိုင်ငံတော်နှင့် သွားနှင့်ခံတွင်းဆိုင်ရာ ဆေးပညာလောကအတွက် အကျိုးပြုမည့် ကိစ္စရပ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နိုင်ငံတကာနှင့် ဒေသဆိုင်ရာ သို့မဟုတ် ပြည်တွင်းပြည်ပရှိ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ပညာရှင်များနှင့်ဆက်သွယ် ပူးပေါင်းဆောင်ရွက်ခြင်း၊

 

(ဆ) မှတ်ပုံတင်ကြေး၊ ဆေးကုသခွင့်လိုင်စင်ကြေး၊ ဆေးကုသခွင့်လိုင်စင် သက်တမ်းတိုးမြှင့်ကြေး၊ ရက်လွန်ကြေး၊ စာမေးပွဲကြေးနှင့် အခြားသောအထွေထွေဝန်ဆောင်စရိတ်များကို သတ်မှတ်ခြင်းနှင့် ကောက်ခံခြင်း၊

 

(ဇ) ကောင်စီသည် မိမိ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အလုပ်အမှုဆောင်အဖွဲ့သို့ လွှဲအပ် နိုင်ခြင်း၊

 

(ဈ) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အခါအားလျော်စွာ အပ်နှင်းသော လုပ်ပိုင်ခွင့် များကို ကျင့်သုံးဆောင်ရွက်ခြင်း။

 

အခန်း(၅)

 

ကောင်စီဝင်အဖြစ်မှ နုတ်ထွက်ခြင်း၊ ရပ်စဲခြင်းနှင့် လစ်လပ်ရာထူး နေရာများတွင် အစားထိုးခန့်ထားခြင်း

 

၉။ အောက်ပါအကြောင်းအရာတစ်ရပ်ရပ် ပေါ်ပေါက်သည့်အခါ ကောင်စီသည် ကောင်စီဝင် တစ်ဦးဦးအား ကောင်စီဝင်အဖြစ်မှ ရပ်စဲရမည် –

 

(က) ကွယ်လွန်ခြင်း၊

 

(ခ) မိမိဆန္ဒအရ နုတ်ထွက်ခြင်း၊

 

(ဂ) ကောင်စီသို့ ခွင့်ပန်ခြင်းမရှိဘဲ ကောင်စီအစည်းအဝေးသို့တက်ရောက်ရန် တစ်ဆက်တည်း သုံးကြိမ် ပျက်ကွက်ခြင်း သို့မဟုတ် တစ်ဆက်တည်းမဟုတ်ဘဲ ငါးကြိမ် ပျက်ကွက်ခြင်း၊

 

(ဃ) ကောင်စီသို့ ခွင့်ပန်ခြင်းမရှိဘဲ ပြည်ပသို့ ခြောက်လနှင့်အထက် ထွက်ခွာခြင်း၊

 

(င) သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရခြင်း၊

 

(စ) ဆေးကုသခွင့်လိုင်စင် ပယ်ဖျက်ခံရခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်း ခံရခြင်း၊

 

(ဆ) ကောင်စီက သတ်မှတ်သော အကျင့်စာရိတ္တပျက်ပြားမှုဆိုင်ရာ ပြစ်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ထောင်ဒဏ် ချမှတ်ခံရခြင်း၊

 

(ဇ) ကိုယ်ကျင့်တရားပျက်ပြားသည်ဟု ကောင်စီက စစ်ဆေးတွေ့ရှိခြင်း၊

 

(ဈ) ကောင်စီကပေးအပ်သော တာဝန်များကို ထမ်းဆောင်ရန် ပျက်ကွက်ခြင်း။

 

၁၀။ (က) လစ်လပ်သည့် နေရာသည် နာယကအဖွဲ့က တိုက်ရိုက်ရွေးချယ်ပေးသည့်နေရာဖြစ်လျှင် နာယကအဖွဲ့က အစားထိုးတာဝန်ပေးရမည်။

 

( ခ) လစ်လပ်သည့် နေရာသည် ရွေးချယ်တင်မြှောက်ခံရသော ကောင်စီဝင်တစ်ဦးဦးဖြစ်ပါက ယင်းတို့ကို ရွေးချယ်ခဲ့သည့် နည်းလမ်းအတိုင်း အစားထိုးရွေးချယ် တင်မြှောက်ရမည်။

 

(ဂ) ပုဒ်မခွဲ (က) သို့မဟုတ် (ခ) အရ အစားထိုးတာဝန် ပေးအပ်ခြင်း သို့မဟုတ် အစားထိုး ရွေးချယ်တင်မြှောက်ခြင်းခံရသော ကောင်စီဝင်၏ သက်တမ်းသည် ကောင်စီ၏ ကျန်ရှိသည့် သက်တမ်းကုန်ဆုံးသည်အထိ ဖြစ်သည်။

 

၁၁။ ကောင်စီဝင်အဖြစ်မှ နုတ်ထွက်လိုသော ကောင်စီဝင်တစ်ဦးဦးသည် မိမိ၏နုတ်ထွက်စာကို ကောင်စီသို့ တင်ပြရမည်။

 

အခန်း(၆)

 

အစည်းအဝေးကျင်းပခြင်း

 

၁၂။ ကောင်စီ၏ ပုံမှန်အစည်းအဝေးကို လေးလလျှင် တစ်ကြိမ်ကျင်းပရမည်။ လိုအပ်ပါက အထူး အစည်းအဝေး ခေါ်ယူကျင်းပနိုင်သည်။

 

၁၃။ (က) အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို နှစ်လလျှင် တစ်ကြိမ်ကျင်းပရမည်။ လိုအပ်ပါက အထူးအစည်းအဝေး ကျင်းပနိုင်သည်။

 

( ခ) အလုပ်အမှုဆောင်အဖွဲ့ ၏ဆောင်ရွက်ချက်များကို ကောင်စီ၏ အနီးကပ်ဆုံး ပုံမှန် အစည်းအဝေးတွင် တင်ပြ၍ အတည်ပြုချက်ရယူရမည်။

 

၁၄။ ကောင်စီအစည်းအဝေး သို့မဟုတ် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးများကျင်းပရာတွင် တက်ရောက်ခွင့်ရှိသူဦးရေ၏ ထက်ဝက်ကျော် တက်ရောက်မှသာ အစည်းအဝေး အထမြောက်သည်။

 

၁၅။ ကောင်စီနှင့် အလုပ်အမှုဆောင်အဖွဲ့တို့သည် မိမိတို့၏ ဆောင်ရွက်ချက်များကို သွားနှင့်ခံတွင်း ဆိုင်ရာ ဆရာဝန်များနှင့်နှီးနွှယ်အဖွဲ့အစည်းများဖြစ်သော မြန်မာနိုင်ငံသွားနှင့်ခံတွင်း ဆရာဝန်အသင်း၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ၊ မြန်မာနိုင်ငံဆရာဝန်အသင်းသို့ အခါအားလျော်စွာ အသိပေးအကြောင်းကြားနိုင်သည်။

 

အခန်း(၇)

 

ရုံးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် တာဝန်ပေးခြင်း

 

၁၆။ ကောင်စီသည် ကောင်စီနှင့် အလုပ်အမှုဆောင်အဖွဲ့တို့၏ ရုံးလုပ်ငန်းတာဝန်များကို ဆောင်ရွက် နိုင်ရန်

 

(က) ရုံးအဖွဲ့မှူးတစ်ဦး၊ ဒုတိယရုံးအဖွဲ့မှူးတစ်ဦးနှင့် မှတ်ပုံတင်အရာရှိ တစ်ဦးတို့ကို | ခန့်ထားပြီး တာဝန်များ သတ်မှတ်ပေးရမည်။

 

(ခ) လိုအပ်သောဝန်ထမ်းများကို ခန့်ထားပြီး တာဝန်များ သတ်မှတ်ပေးရမည်။ အခန်း(၈)

 

ဘဏ္ဍာရေး

 

၁၇။ ကောင်စီသည် ကောင်စီ၊ အလုပ်အမှုဆောင်အဖွဲ့နှင့် ရုံးအဖွဲ့တို့၏ ကုန်ကျစရိတ်များကို ကျခံရမည်။

 

၁၈။ ကောင်စီသည် မိမိ၏ရန်ပုံငွေမှ နိုင်ငံ့ဝန်ထမ်း မဟုတ်သော ကောင်စီဝင်များအတွက် စရိတ်နှင့် ချီးမြှင့်ငွေများ သတ်မှတ်ခွင့်ပြုနိုင်သည်။

 

၁၉။ ကောင်စီသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အောက်ပါရငွေများဖြင့် ရန်ပုံငွေ တစ်ရပ်ထူထောင်ရမည်

 

(က) မှတ်ပုံတင်ကြေး၊ လိုင်စင်ကြေး၊ လိုင်စင်သက်တမ်း တိုးမြှင့်ကြေး၊ ရက်လွန်ကြေး၊ စာမေးပွဲကြေးနှင့် အခြားသော အထွေထွေဝန်ဆောင် စရိတ်များမှ ကောက်ခံရရှိငွေများ၊

 

( ခ) ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းများနှင့် အလှူရှင်များထံမှ လှူဒါန်းငွေနှင့် ထောက်ပံ့ငွေများ၊

 

( ဂ) ရန်ပုံငွေမှ တရားဝင် တိုးပွားငွေများ။

 

၂၀။ ကောင်စီသည် ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းများနှင့် အလှူရှင်များထံမှ အလှူငွေ၊ ပစ္စည်းနှင့် အခြားအကူအညီများကို လက်ခံနိုင်သည့်အပြင် တည်ဆဲဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ စီမံခန့်ခွဲ ပိုင်ခွင့်ရှိသည်။

 

၂၁။ ကောင်စီသည် မိမိရန်ပုံငွေဖြင့် သီးခြားရပ်တည်နိုင်ရန် ဆောင်ရွက်ရမည်။ မိမိရန်ပုံငွေဖြင့် ရပ်တည်ရာတွင် လုံလောက်မှုမရှိပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲနိုင်ရန် တင်ပြတောင်းခံနိုင်သည်။

 

၂၂။ ကောင်စီသည် ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ချက်များကို တည်ဆဲဘဏ္ဍာရေး စည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

 

အခန်း(၉)

 

သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်မှတ်ပုံတင်လက်မှတ်

 

၂၃။ မှတ်ပုံတင်လက်မှတ် ရရှိလိုသော အောက်ပါဘွဲ့ တစ်ခုခု သို့မဟုတ် ပုဒ်မ ၇၊ ပုဒ်မခွဲ (ခ) အရ ကောင်စီက အသိအမှတ်ပြုသော သွားနှင့်ခံတွင်းဆိုင်ရာ ဆေးပညာဘွဲ့ရရှိသည့် နိုင်ငံသားတစ်ဦးသည် သတ်မှတ်ထားသည့် အလုပ်သင်ကာလပြီးဆုံးပါက သတ်မှတ်ချက်များနှင့်အညီ ကောင်စီသို့ လျှောက်ထား နိုင်သည်။ ကောင်စီသည် ဤလျှောက်ထားချက်ကို ရရှိသည့်အခါ အလုပ်အမှုဆောင်အဖွဲ့သို့ စိစစ်ရန် လွှဲပြောင်းပေးရမည် –

 

(က) ပြည်တွင်းသွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တစ်ခုခုက အပ်နှင်းသည့် သွားနှင့်ခံတွင်း ဆိုင်ရာ ဆေးပညာဘွဲ့၊

 

(ခ) ပြည်ပသွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် သို့မဟုတ် သွားဘက်ဆိုင်ရာ ဆေးကောလိပ် တစ်ခုခုကဖြစ်စေ၊ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးပညာအတွက် ဖွဲ့စည်းထားသည့် အဖွဲ့ အစည်းတစ်ခုခုကဖြစ်စေ အပ်နှင်းပြီး ကောင်စီကလည်း စိစစ်အသိအမှတ်ပြုထားသည့် သွားနှင့်ခံတွင်းဆိုင်ရာ ဆေးပညာဘွဲ့။

 

၂၄။ အလုပ်အမှုဆောင်အဖွဲ့သည် – (က) ပုဒ်မ ၂၃ အရ လျှောက်ထားသည့်လျှောက်လွှာကို သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး မှတ်ပုံတင်ကြေးနှင့် အခြားသတ်မှတ်ထားသည့်ကြေးများ ပေးသွင်းစေ၍ မှတ်ပုံတင် လက်မှတ်ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

 

(ခ) ပုဒ်မခွဲ (က) အရ မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းခံရသော သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်၏အမည်နှင့် သက်ဆိုင်ရာအချက်အလက်များကို သွားနှင့်ခံတွင်းဆိုင်ရာ မှတ်ပုံတင်စာရင်းတွင် ရေးသွင်းရမည်။

 

၂၅။ ကောင်စီသည် သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်တစ်ဦးဦးနှင့်ပတ်သက်၍ အောက်ပါအချက် တစ်ရပ်ရပ်ပေါ်ပေါက်ကြောင်း စစ်ဆေးတွေ့ရှိပါက မှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်ခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း ပြုရမည် –

 

(က) သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်တစ်ဦး၏ ကျင့်ဝတ်သိက္ခာနှင့် သက်ဆိုင်သည့်အပြင် သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်အဖြစ်လည်း ဆက်လက်ထမ်းဆောင်ရန်မသင့်ဟု ကောင်စီက သတ်မှတ်ထားသည့် ပြစ်မှုတစ်ရပ်ရပ်ဖြင့် တရားရုံး၏ပြစ်မှုထင်ရှား စီရင်ခြင်းကို ခံရခြင်း၊

 

( ခ) သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်တစ်ဦး၏ကျင့်ဝတ်သိက္ခာ ပျက်ယွင်း၍ သွားနှင့် ခံတွင်းဆိုင်ရာ ဆရာဝန်အဖြစ် ဆက်လက်ထမ်းဆောင်ရန် မသင့်လျော်ခြင်း၊

 

(ဂ) သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်တစ်ဦး၏ကုသမှုဆိုင်ရာတာဝန်ကို ထမ်းဆောင်ရာတွင် အရမ်း သို့မဟုတ် ပေါ့လျော့စွာ ပြုလုပ်ခြင်း။

 

အခန်း(၁၀)

 

သွားဘက်ဆိုင်ရာ သူနာပြု၊ သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်သူ၊ သွားတုပညာ ကျွမ်းကျင်သူ၊ သွားဘက်ဆိုင်ရာ အထောက်အကူပြုသူများ အသိအမှတ်ပြုလက်မှတ်

 

၂၆။ အသိအမှတ်ပြုလက်မှတ် ရရှိလိုသော အောက်ပါ ဘွဲ့၊ ဒီပလိုမာ သို့မဟုတ် လက်မှတ်တစ်ခုခု ရရှိသည့် နိုင်ငံသားတစ်ဦးသည် သတ်မှတ်ထားသည့် သတ်မှတ်ချက်များနှင့်အညီ ကောင်စီသို့ လျှောက်ထားနိုင်သည်။ ကောင်စီသည် ဤလျှောက်ထားချက်ကို ရရှိသည့်အခါ အလုပ်အမှုဆောင် အဖွဲ့သို့ စိစစ်ရန်လွှဲပြောင်းပေးရမည်

 

(က) ပြည်တွင်း သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်တစ်ခုခုက အပ်နှင်းသည့် ဘွဲ့၊ ဒီပလိုမာ သို့မဟုတ် သင်တန်းဆင်းလက်မှတ်၊

 

(ခ) ပြည်ပ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် သို့မဟုတ် သွားဘက် တယ် သို့မဟုတ် သင်က ဆေးလိပ် ဝက်ဆိုင်ရာ ဆေးကောလိပ် တစ်ခုခုကဖြစ်စေ၊ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးပညာအတွက် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ အပ်နှင်းပြီး ကောင်စီကလည်းစိစစ် အသိအမှတ် ပြုထားသည့် ဘွဲ့၊ ဒီပလိုမာ သို့မဟုတ် သင်တန်းဆင်းလက်မှတ်၊

 

(ဂ) ကောင်စီက ဖွင့်လှစ်သည့် အသိအမှတ်ပြုလက်မှတ်ဆိုင်ရာ သင်တန်းဆင်းလက်မှတ်။

 

၂၇။ အလုပ်အမှုဆောင်အဖွဲ့သည် – (က) ပုဒ်မ ၂၆ အရ လျှောက်ထားသည့် လျှောက်လွှာကို သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး မှတ်ပုံတင်ကြေးနှင့် အခြားသတ်မှတ်ထားသည့်ကြေးများ ပေးသွင်းစေ၍ အသိအမှတ်ပြု လက်မှတ် ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

 

( ခ) ပုဒ်မခွဲ (က) အရ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းခံရသော သွားဘက်ဆိုင်ရာ သူနာပြု၊ သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်သူ၊ သွားတုပညာ ကျွမ်းကျင်သူ၊ သွားဘက်ဆိုင်ရာ အထောက်အကူပြုသူများ၏ အမည်နှင့်သက်ဆိုင်သော အချက်အလက် များကို မှတ်ပုံတင်စာရင်းတွင် ဖြည့်သွင်းရမည်။

 

၂၈။ ကောင်စီသည် သွားဘက်ဆိုင်ရာ သူနာပြု၊ သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်သူ၊ သွားတုပညာကျွမ်းကျင်သူ၊ သွားဘက်ဆိုင်ရာ အထောက်အကူပြုသူ တစ်ဦးဦးနှင့်ပတ်သက်၍ အောက်ပါ အချက်တစ်ရပ်ရပ် ပေါ်ပေါက်ကြောင်း စစ်ဆေးတွေ့ရှိပါက အသိအမှတ်ပြုလက်မှတ်ကို ပယ်ဖျက်ရမည်

 

(က) သက်ဆိုင်ရာကျင့်ဝတ်သိက္ခာ ဖောက်ဖျက်သည့်အပြင် သွားဘက်ဆိုင်ရာ သူနာပြု၊ သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်သူ၊ သွားတုပညာကျွမ်းကျင်သူ၊ သွားဘက် ဆိုင်ရာ အထောက်အကူပြုသူအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ရန် မသင့်ဟု ကောင်စီက သတ်မှတ်ထားသော ပြစ်မှုတစ်ရပ်ရပ်ဖြင့် ပြစ်မှုထင်ရှားစီရင်ခံရခြင်း၊

 

(ခ) သွားဘက်ဆိုင်ရာ သူနာပြု၊ သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်သူ၊ သွားတုပညာ ကျွမ်းကျင်သူ၊ သွားဘက်ဆိုင်ရာ အထောက်အကူပြုသူတစ်ဦး၏ကျင့်ဝတ် သိက္ခာ ပျက်ယွင်း၍ လုပ်ငန်းများဆက်လက် ထမ်းဆောင်ရန် မသင့်လျော်ခြင်း၊

 

(ဂ) သွားဘက်ဆိုင်ရာ သူနာပြု၊ သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်သူ၊ သွားတုပညာ ကျွမ်းကျင်သူ၊ သွားဘက်ဆိုင်ရာ အထောက်အကူပြုသူတစ်ဦး၏ ကုသမှုဆိုင်ရာတာဝန်ကို ထမ်းဆောင်ရာတွင် အရမ်း သို့မဟုတ် ပေါ့လျော့စွာ ပြုလုပ်ခြင်း။

 

အခန်း(၁၁)

 

သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကုသခွင့်လိုင်စင်

 

၂၉။ (က) သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်တစ်ဦးဦးသည် သွားနှင့်ခံတွင်းဆိုင်ရာ ဆေးပညာဖြင့် ဆေးကုသသည့်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လိုပါက အထွေထွေဆေးကုသခွင့်လိုင်စင် ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ကောင်စီသို့ လျှောက်ထားရမည်။ ကောင်စီသည် လျှောက်ထားချက်ကို ရရှိသည့်အခါ အလုပ်အမှုဆောင်အဖွဲ့သို့စိစစ်ရန် လွှဲပြောင်းပေးရမည်။ ။

 

( ခ) အလုပ်အမှုဆောင်အဖွဲ့သည် ပုဒ်မခွဲ (က) အရ လျှောက်ထားသည့် လျှောက်လွှာကို စိစစ်ပြီး လိုင်စင်ကြေးနှင့် အခြားသတ်မှတ်ထားသောကြေးများ ပေးသွင်းစေ၍ လိုအပ်ပါက အရည်အချင်း စစ်ဆေးခြင်းပြုလုပ်ပြီး အရည်အချင်းပြည့်မီပါက အထွေထွေဆေးကုသခွင့်လိုင်စင် ထုတ်ပေးရမည်။ အရည်အချင်းပြည့်မီခြင်းမရှိလျှင် ထုတ်ပေးရန် ငြင်းပယ်နိုင်သည်။ ။

 

၃၀။ (က) အထွေထွေဆေးကုသခွင့်လိုင်စင် ရရှိထားပြီး သတ်မှတ်သည့် အရည်အချင်းနှင့် ပြည့်စုံသော သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်တစ်ဦးဦးသည် အထူးဆေးကုသခွင့် လိုင်စင်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ကောင်စီသို့ လျှောက်ထားနိုင်သည်။ ကောင်စီသည် လျှောက်ထားချက်ကိုရရှိသည့်အခါ အလုပ်အမှုဆောင်အဖွဲ့သို့ စိစစ်ရန် လွှဲပြောင်းပေးရမည်။

 

(ခ) အလုပ်အမှုဆောင်အဖွဲ့သည် ပုဒ်မခွဲ (က) အရ လျှောက်ထားသည့် လျှောက်လွှာကို စိစစ်ပြီး လိုင်စင်ကြေးပေးသွင်းစေ၍ လိုအပ်သည့် အရည်အချင်းပြည့်မီပါက အထူး ဆေးကုသခွင့်လိုင်စင် ထုတ်ပေးရမည်။ အရည်အချင်းပြည့်မီခြင်းမရှိလျှင် ထုတ်ပေးရန် ငြင်းပယ်နိုင်သည်။ ။

 

၃၁။ (က) သွားနှင့်ခံတွင်းဆိုင်ရာ ဘွဲ့ရရှိထားသော နိုင်ငံခြားသားဆရာဝန်တစ်ဦးဦးသည် မြန်မာနိုင်ငံတွင် သွားနှင့်ခံတွင်းဆိုင်ရာ ဆေးပညာဖြင့် ဆေးကုသသည့် လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လိုပါက ကန့်သတ်ဆေးကုသခွင့်လိုင်စင် ရရှိရန် သတ်မှတ်ချက်များ နှင့်အညီ ကောင်စီသို့ လျှောက်ထားရမည်။ ကောင်စီသည် လျှောက်ထားချက်ကို ရရှိသည့်အခါ အလုပ်အမှုဆောင်အဖွဲ့သို့ စိစစ်ရန် လွှဲပြောင်းပေးရမည်။

 

( ခ) အလုပ်အမှုဆောင်အဖွဲ့သည် ပုဒ်မခွဲ (က) အရ လျှောက်ထားသည့် လျှောက်လွှာကို စိစစ်ပြီး လိုင်စင်ကြေးနှင့် အခြားသတ်မှတ်ထားသောကြေးများ ပေးသွင်းစေ၍ ကုသခွင့်ရှိသော သွားနှင့်ခံတွင်းဆိုင်ရာ ဆေးပညာနှင့် ဘာသာရပ် အမျိုးအစား၊ ကုသခွင့် ရှိသော နေရာဒေသနှင့် အချိန်ကာလများကို ကန့်သတ်လျက် ကန့်သတ်ဆေးကုသခွင့် လိုင်စင် ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

 

၃၂။ အထွေထွေဆေးကုသခွင့်လိုင်စင် ရရှိသူ သို့မဟုတ် အထူးဆေးကုသခွင့်လိုင်စင် ရရှိသူသည် မိမိ၏ ဆေးကုသခွင့်လိုင်စင်ကို သက်တမ်းတိုးမြှင့်လိုပါက သက်ဆိုင်ရာဆေးကုသခွင့်လိုင်စင် သက်တမ်း မကုန်ဆုံးမီ အနည်းဆုံးရက်ပေါင်း ၆၀ ကြိုတင်၍ ကောင်စီသို့ လျှောက်ထားရမည်။ ကောင်စီသည် လျှောက်ထားချက်ကို ရရှိသည့်အခါ အလုပ်အမှုဆောင်အဖွဲ့သို့ စိစစ်ရန် လွှဲပြောင်းပေးရမည်။

 

၃၃။ အလုပ်အမှုဆောင်အဖွဲ့သည် ပုဒ်မ ၃၂ အရ ဆေးကုသခွင့်လိုင်စင် သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားသည့် လျှောက်လွှာကို သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး သက်တမ်းတိုးမြှင့်ပေးခြင်း သို့မဟုတ် သက်တမ်းတိုးမြှင့်ပေးရန် ငြင်းပယ်ခြင်း ပြုနိုင်သည်။

 

၃၄။ ကောင်စီသည် ဆေးကုသခွင့်လိုင်စင်ရ သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်တစ်ဦးဦးနှင့် ပတ်သက်၍ အောက်ပါအချက်တစ်ရပ်ရပ် ပေါ်ပေါက်ကြောင်း စစ်ဆေးတွေ့ရှိပါက ဆေးကုသခွင့်လိုင်စင်ကို ပယ်ဖျက်ခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း ပြုနိုင်သည်

 

(က) သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရခြင်း ၊

 

( ခ) ဥပဒေအရသတ်မှတ်ထားသော ဆေးအဖွဲ့၏စစ်ဆေးချက်အရ ဆေးကုသမှုလုပ်ငန်း တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်စွမ်းမရှိခြင်း၊

 

(ဂ) သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်တစ်ဦး၏ ကုသမှုဆိုင်ရာ တာဝန်ဝတ္တရားများကို အရမ်း သို့မဟုတ် ပေါ့လျော့စွာ ပြုလုပ်ခြင်း၊

 

(ဃ) သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်တစ်ဦး၏ ကျင့်ဝတ်သိက္ခာ ပျက်ပြားခြင်း၊ (င) သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်တစ်ဦး၏ အရည်အချင်းနှင့်အညီ ဆောင်ရွက်နိုင်စွမ်း မရှိခြင်း၊

 

(စ) ကောင်စီက သတ်မှတ်ထားသော ကာလအတွင်း လုံလောက်သော အကြောင်းပြချက် မရှိဘဲ ဆေးကုသခွင့်လိုင်စင် သက်တမ်းတိုးမြှင့်ရန် ပျက်ကွက်ခြင်း။

 

အခန်း(၁၂)

 

သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်နှင့်ဆေးကုသခွင့်လိုင်စင်ရ သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်၏ တာဝန်နှင့်ရပိုင်ခွင့်များ ၊

 

၃၅။ သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်နှင့် ဆေးကုသခွင့်လိုင်စင်ရ သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန် တို့သည် – (က) ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာ ရမည်။

 

(ခ) ကောင်စီက သတ်မှတ်သည့် သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်၏ ကျင့်ဝတ်သိက္ခာများကို လိုက်နာစောင့်ထိန်းရမည်။

 

(ဂ) မှတ်ပုံတင်လက်မှတ်ရရှိပြီးနောက် ချီးမြှင့်ခံရသော သွားနှင့်ခံတွင်းဆိုင်ရာ ဆေးပညာဘွဲ့၊ ဒီပလိုမာစသည့် ထပ်ဆင့် သွားနှင့်ခံတွင်းဆိုင်ရာ ဆေးပညာအရည်အချင်းကို သွားနှင့် ခံတွင်းဆိုင်ရာဆရာဝန် မှတ်ပုံတင်စာရင်းတွင် ဖြည့်စွက်ပေးရန် သတ်မှတ်ချက်များနှင့်အညီ ကောင်စီသို့ တင်ပြခွင့်ရှိသည်။

 

(ဃ) ကောင်စီ၏ လုပ်ငန်းတာဝန်များ တိုးတက်အောင်မြင်စေရေးအတွက် ကောင်စီသို့ အကြံပြုခွင့်ရှိသည်။ ။

 

(င) မိမိ၏ နစ်နာချက်များကို ကောင်စီသို့ တင်ပြခွင့်ရှိသည့်အပြင် ကောင်စီ၏ အကြံဉာဏ် ကိုလည်း ရယူခွင့်ရှိသည်။

 

၃၆။ ဆေးကုသခွင့်လိုင်စင်ရ သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်သည် မိမိရရှိသော ဆေးကုသခွင့်လိုင်စင် အမျိုးအစားအရ သွားနှင့်ခံတွင်း ဆေးကုသခြင်းကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခွင့်ရှိသည်။

 

၃၇။ ဆေးကုသခွင့်လိုင်စင်ရ သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်သည် အများဆန္ဒမဲဖြင့် ရွေးချယ် တင်မြှောက်ရမည့် ကောင်စီဝင် ၁၃ ဦးအတွက်လည်းကောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကိုယ်စားပြု ကောင်စီဝင်တစ်ဦးစီ ရွေးချယ်တင်မြှောက်ရာတွင် လည်းကောင်း မိမိနှင့်သက်ဆိုင်ရာဒေသများကို ကိုယ်စားပြု၍ ရွေးချယ်တင်မြှောက်ရာတွင်

 

(က) ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။

 

( ခ) သတ်မှတ်ထားသည့် အရည်အချင်းပြည့်မီလျှင် ကောင်စီဝင်အဖြစ်ဖြစ်စေ၊ အလုပ် အမှုဆောင်အဖွဲ့ဝင်အဖြစ်ဖြစ်စေ ရွေးချယ်တင်မြှောက်ခံပိုင်ခွင့်ရှိသည်။

 

အခန်း (၁၃)

 

အယူခံခြင်း

 

၃၈။ (က) အလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို မကျေနပ်ပါက ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက် ချမှတ်သောနေ့မှ ရက်ပေါင်း ၆၀ အတွင်း ကောင်စီသို့ အယူခံ ဝင်နိုင်သည်။

 

( ခ) ကောင်စီသည် ပုဒ်မခွဲ (က) အရ တင်သွင်းသော အယူခံမှုကို စိစစ်ပြီး အလုပ်အမှုဆောင် အဖွဲ့ ၏ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။

 

(ဂ) ပုဒ်မခွဲ (ခ) အရ ချမှတ်သော ကောင်စီ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်သည်။

 

အခန်း(၁၄)

 

တားမြစ်ချက်

 

၃၉။ မည်သူမျှ ဆေးကုသခွင့်လိုင်စင်မရှိဘဲ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးပညာဖြင့် ဆေးကုသခြင်း မပြုရ။

 

၄၀။ မည်သည့် ဆေးကုသခွင့်လိုင်စင်ရ သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်မျှ ဆေးကုသသည့် လုပ်ငန်း ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဆေးကုသသည့် လုပ်ငန်းအလိုက် ကျွမ်းကျင်မှုရှိကြောင်း သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ကောင်စီက ထုတ်ပေးသည့် လိုင်စင်၊ မှတ်ပုံတင်လက်မှတ်၊ အသိအမှတ်ပြု လက်မှတ်၊ ခွင့်ပြုချက်၊ သင်တန်းဆင်းလက်မှတ် သို့မဟုတ် အထောက်အထားရရှိသူမှအပ အခြားသူကို တာဝန်ပေးဆောင်ရွက်စေခြင်း မပြုရ။ ခြွင်းချက်။ ပုဒ်မ ၂၆၊ ပုဒ်မခွဲ (က) နှင့် ( ခ ) ပါ ဘွဲ့၊ ဒီပလိုမာ သို့မဟုတ် သင်တန်းဆင်းလက်မှတ် ရရှိသူမှအပ အခြားသူတစ်ဦးဦးကို တာဝန်ပေးအပ်ဆောင်ရွက်သည့်ကိစ္စဖြစ်ပါက ကောင်စီက ဤဥပဒေပြဋ္ဌာန်းသည့်နေ့မှ သုံးနှစ်အတွင်း လိုအပ်သောသင်တန်း များကို ဖွင့်လှစ်ပို့ချပြီး အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ခြင်းမရှိသေးလျှင် ဤပြဋ္ဌာန်းချက်နှင့်အကျုံးဝင် သက်ဆိုင်ခြင်းမရှိစေရ။

 

၄၁။ မည်သည့် သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်မျှ မိမိရရှိသော ဘွဲ့၊ အဆင့်၊ ကျွမ်းကျင်မှုဆိုင်ရာ ပညာတို့နှင့် မလျော်ညီသော အခေါ်အဝေါ်၊ စကားရပ်များကို မိမိအမည်နှင့် ယှဉ်တွဲဖော်ပြခြင်း မပြုရ။

 

၄၂။ မည်သည့် သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်မျှ မှတ်ပုံတင်လက်မှတ်ရရှိပြီးမှ ချီးမြှင့်ခြင်း ခံရသော ဒီပလိုမာ၊ ဘွဲ့ စသည့် ထပ်ဆင့် သွားနှင့်ခံတွင်းဆိုင်ရာ ဆေးပညာအရည်အချင်းကို သွားနှင့် ခံတွင်းဆိုင်ရာဆရာဝန် မှတ်ပုံတင်စာရင်းတွင် ဖြည့်စွက်ပြီးကြောင်း ကောင်စီ၏ အတည်ပြုချက် မရရှိဘဲ မိမိအမည်နှင့် ယှဉ်တွဲဖော်ပြခြင်း မပြုရ။

 

အခန်း(၁၅)

 

ပြစ်ဒဏ်များ

 

၄၃။ မည်သူမဆို ပုဒ်မ ၃၉ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

 

၄၄။ မည်သည့် ဆေးကုသခွင့်လိုင်စင်ရ သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်မဆို ပုဒ်မ ၄၀ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးကျပ်ငါးသိန်းမှ အများဆုံး ကျပ် ၁၀ သိန်းထိ ငွေဒဏ်ချမှတ်ရမည်။

 

၄၅။ မည်သည့် သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်မဆို ပုဒ်မ ၄၁ ပါ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ်ကျပ်ငါးသိန်း ချမှတ်ရမည်။

 

၄၆။ မည်သည့် သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်မဆို ပုဒ်မ ၄၂ ပါတားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ်ကျပ်သုံးသိန်း ချမှတ်ရမည်။

 

အခန်း(၁၆)

 

အထွေထွေ

 

၄၇။ ဆေးကုသခွင့်လိုင်စင်ရ သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန် ကိုယ်တိုင်လက်မှတ်ရေးထိုးခြင်းမရှိသော ဆေးလက်မှတ်သည် တရားဝင်ဖြစ်သည်ဟု မမှတ်ယူရ။

 

၄၈။ မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၁၅/၂၀၁၁) အရ ထုတ်ပေးထားသော မှတ်ပုံတင်လက်မှတ်နှင့် ဆေးကုသခွင့်လိုင်စင်တို့သည် ယင်းတို့၏ သက်တမ်းကုန်ဆုံးသည့်နေ့အထိ အတည်ဖြစ်သည်ဟု မှတ်ယူ ရမည်။ သက်တမ်းကုန်ဆုံးသည့်အခါ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးပညာဖြင့် ဆေးကုသခြင်းလုပ်ငန်းကို ဆောင်ရွက်လိုပါက ဤဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်။

 

၄၉။ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၁၅/၂၀၁၁) အရ ထုတ်ပြန်ခဲ့သော နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များသည် ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင်သည်။

 

၅၀။ ကောင်စီသည် မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီဥပဒေ (နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၁၅/ ၂၀၁၁) အရ ဖွဲ့စည်းထားသော ကောင်စီပိုင်ရန်ပုံငွေ များကိုလည်းကောင်း၊ ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် မရွှေ့မပြောင်းနိုင်သောပစ္စည်းများကိုလည်းကောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများကိုလည်းကောင်း၊ ဆောင်ရွက်ပြီးလုပ်ငန်းများကိုလည်းကောင်း၊ ရပိုင်ခွင့်နှင့် ပေးရန်တာဝန်များကိုလည်းကောင်း အသီးသီးဆက်ခံရမည်။

 

၅၁။ မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၁၅/ ၂၀၁၁) အရ ဖွဲ့စည်းထားသော မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီသည် ဤဥပဒေအရ ကောင်စီမဖွဲ့ စည်းမီ ယင်း၏တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ဆက်လက်ဆောင်ရွက်ရမည်။

 

၅၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်(က) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် နည်းဥပဒေ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို ထုတ်ပြန်နိုင်သည်။ (ခ) ကောင်စီသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

 

၅၃။ မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥပဒေအမှတ် ၁၅/၂၀၁၁) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

(ပုံ) ဝင်းမြင့်

 

နိုင်ငံတော်သမ္မတ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။