အခန်း (၁၄)
ကူးပြောင်းရေး ကာလ ပြဋ္ဌာန်းချက်များ
၄၄၁။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်မဲပေးသည့် ဆန္ဒမဲ၏မဲအများဖြင့် အတည်ပြုပြဋ္ဌာန်းလိုက်သည့် ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စုလွှတ်တော် ပထမအကြိမ်အစည်းအဝေးစတင်ကျင်းပသည့်နေ့မှစ၍ နိုင်ငံတော် တစ်ဝန်းလုံး၌ အာဏာတည်သည်။
၄၄၂။ ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်မီ နိုင်ငံတော်၏အချုပ်အခြာအာဏာကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ဆက်လက် ကျင့်သုံးဆောင်ရွက်ရမည်။
၄၄၃။ ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့မတိုင်မီ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင်အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်သည့် လုပ်ငန်းရပ်များသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက် သည်ဟု မှတ်ယူရမည်။
၄၄၄။ (က)ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့၌ တည်ရှိနေသော အစိုးရ အဖွဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်ပေးအပ်သည့် အစိုးရအဖွဲ့ မပေါ်ပေါက်မီ မိမိတို့၏သက်ဆိုင်ရာတာဝန်များကို ဆက်လက်ဆောင်ရွက် ရမည်၊
(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့၌ တည်ရှိနေသောတရားရုံး များသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ထောင်သည့်တရားရုံးများ မပေါ် ပေါက်မီ ဆက်လက်၍ တရားစီရင်ပိုင်ခွင့်အာဏာများ သုံးစွဲဆောင်ရွက်ရမည်။ အဆိုပါ တရားရုံးများတွင် မပြီးမပြတ် ကျန်ရှိနေသေးသော တရားမမှုများ၊ ပြစ်မှုဆိုင်ရာ အမှုများနှင့် အခွန်တော်အမှုများကို အမှုစတင်စစ်ဆေးစဉ်က ကျင့်သုံးသည့် ဥပဒေများနှင့်အညီ ဆက်လက်စစ်ဆေး စီရင်ရမည်။
၄၄၅။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီတို့၏ မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေညာချက်များကို လည်းကောင်း၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့်ရပိုင်ခွင့်များကို လည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့၊ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦး၊ သို့မဟုတ် အစိုးရအဖွဲ့ဝင် တစ်ဦးဦး၏ တာဝန်အရဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရ။
၄၄၆။ တည်ဆဲဥပဒေများသည် ပြည်ထောင်စုလွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုသေးမီ ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မဆန့်ကျင်သမျှ အတည်ဖြစ်သည်။
၄၄၇။ တည်ဆဲနည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့် များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ပြည်ထောင်စုအစိုးရအဖွဲ့က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းမပြုသေးမီ ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်။
၄၄၈။ ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာစတင်တည်သည့်နေ့တွင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်အောက်၌ ဖွဲ့စည်းထားရှိသည့် တပ်မတော်အပါအဝင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၌ အမှုထမ်းရွက်ဆဲဖြစ်ကြသော နိုင်ငံ့ဝန်ထမ်းများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက အခြားပြဋ္ဌာန်းခြင်းမပြုသမျှ ဆက်လက် အမှုထမ်းရမည်။