အခန်း (၂)
နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ

၄၉။ နိုင်ငံတော်ကို အောက်ပါတိုင်းဒေသကြီး(၇)ခု၊ ပြည်နယ်(၇)ပြည်နယ်နှင့် ပြည်ထောင်စု နယ်မြေများဖြင့် ပိုင်းခြားသတ်မှတ်သည် –
(က) ကချင်ပြည်နယ်၊
(ခ) ကယားပြည်နယ်၊
(ဂ) ကရင်ပြည်နယ်၊
(ဃ) ချင်းပြည်နယ်၊
(င) စစ်ကိုင်းတိုင်းဒေသကြီး၊
(စ) တနင်္သာရီတိုင်းဒေသကြီး၊
(ဆ) ပဲခူးတိုင်းဒေသကြီး၊
(ဇ) မကွေးတိုင်းဒေသကြီး၊
(ဈ) မန္တလေးတိုင်းဒေသကြီး၊
(ည) မွန်ပြည်နယ်၊
(ဋ) ရခိုင်ပြည်နယ်၊
(ဌ) ရန်ကုန်တိုင်းဒေသကြီး၊
(ဍ) ရှမ်းပြည်နယ်၊
(ဎ) ဧရာ၀တီတိုင်းဒေသကြီးနှင့်
(ဏ) ပြည်ထောင်စုနယ်မြေများ။

၅၀။

(က) နိုင်ငံတော်၏မြို့တော်ဖြစ်သည့် နေပြည်တော်ကို နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင်ထားရှိသည့် ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်သည်၊
(ခ) နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးစသည်တို့နှင့် စပ်လျဉ်းပြီး ထူးခြားသောအခြေအနေရှိသည့်နယ်မြေများကို ပြည်ထောင်စု နယ်မြေအဖြစ် သတ်မှတ်ရန်လိုအပ်လျှင် ဥပဒေပြဋ္ဌာန်းပြီး နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင်ထားရှိသည့် ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်နိုင်သည်။

၅၁။ နိုင်ငံတော်ကို အောက်ပါအတိုင်း စုစည်းသည် –

(က) ကျေးရွာများကို ကျေးရွာအုပ်စုအဖြစ် စုစည်းသည်၊
(ခ) ရပ်ကွက်များကို မြို့ သို့မဟုတ် မြို့နယ်အဖြစ် စုစည်းသည်၊
(ဂ) ကျေးရွာအုပ်စုနှင့်ရပ်ကွက်များ သို့မဟုတ် မြို့များကို မြို့နယ်အဖြစ်စုစည်းသည်၊
(ဃ) မြို့နယ်များကို ခရိုင်အဖြစ် စုစည်းသည်၊
(င) ခရိုင်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖြစ် စုစည်းသည်၊
(စ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ထိုဒေသအတွင်းရှိ မြို့နယ်များကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ် စုစည်းသည်၊
(ဆ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် ထိုတိုင်းအတွင်းရှိ မြို့နယ်များကို ခရိုင်အဖြစ် စုစည်းပြီး ယင်းခရိုင်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် စုစည်းသည်၊
(ဇ) တိုင်းဒေသကြီးတစ်ခု သို့မဟုတ် ပြည်နယ်တစ်နယ်တွင် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိပါက ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖြစ် စုစည်းသည်၊
(ဈ) တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ပြည်ထောင်စုနယ်မြေများကို နိုင်ငံတော် အဖြစ် စုစည်းသည်။

၅၂။

(က) နိုင်ငံတော်နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ရန် လိုအပ်ပါက နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုလွှတ်တော်အကြီးအမှူးထံ နိုင်ငံတော်နယ်နိမိတ် ပြင်ဆင်သတ်မှတ်ရေးအတွက် ပြည်ထောင်စုလွှတ်တော်၏ သဘောထားကို ရယူပေးပါရန် ပထမဦးစွာ အကြောင်းကြားရမည်၊
(ခ) နိုင်ငံတော်နယ်နိမိတ် ပြင်ဆင်သတ်မှတ်ရေးအတွက် နိုင်ငံတော်သမ္မတ၏ အကြောင်းကြားစာ ရရှိသည့်အခါ ပြည်ထောင်စုလွှတ်တော်အကြီးအမှူးသည် အောက်ပါအတိုင်း လွှတ်တော်ကိုယ်စားလှယ်များ၏ဆန္ဒကို ရယူရမည် –

(၁) တိုင်းဒေသကြီးများနှင့်ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေတူညီစွာ ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်တွင် ပါရှိသော လွှတ်တော်ကိုယ်စားလှယ်များ၏ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲ၊
(၂) မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍ လည်းကောင်း ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်တွင် ပါရှိသော ကိုယ်စားလှယ်များ၏ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲ၊
(၃) ထိုလွှတ်တော်နှစ်ရပ်ရှိ သက်ဆိုင်ရာ နယ်နိမိတ်နှင့်အကျုံးဝင်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၏ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲ။

( ဂ ) အထက်ပါအတိုင်း ထောက်ခံဆန္ဒမဲ အသီးသီးရရှိလျှင် နိုင်ငံတော် နယ်နိမိတ်ကို လိုအပ်သလို ပြင်ဆင်သတ်မှတ်ပေးရန် ပြည်ထောင်စုလွှတ်တော်အကြီးအမှူး က နိုင်ငံတော်သမ္မတထံ အကြောင်းကြားရမည်၊
(ဃ) အထက်ပါသတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ လွှတ်တော် တစ်ရပ်ရပ်ကဖြစ်စေ၊ ထိုလွှတ်တော်နှစ်ရပ်ရှိ သက်ဆိုင်ရာနယ်နိမိတ်နှင့် အကျုံးဝင်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မှလွှတ်တော် ကိုယ်စားလှယ်များကဖြစ်စေ နယ်နိမိတ်ပြင်ဆင်ရေးနှင့် စပ်လျဉ်းပြီး သဘောမတူကြောင်း ဆုံးဖြတ်လျှင် ပြည်ထောင်စုလွှတ်တော်၏ သဘောထား
ကိုရယူဆောင်ရွက်ရမည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ လေးပုံသုံးပုံနှင့်အထက်က ထောက်ခံလျှင် နိုင်ငံတော်နယ်နိမိတ်ကို လိုအပ်သလို ပြင်ဆင်သတ်မှတ်ပေးရန် ပြည်ထောင်စုလွှတ်တော်အကြီးအမှူး က နိုင်ငံတော်သမ္မတထံ အကြောင်းကြားရမည်၊
(င) ပြည်ထောင်စုလွှတ်တော်၏ သဘောထားကို ရရှိသည့်အခါ နိုင်ငံတော် နယ်နိမိတ် ပြင်ဆင်သတ်မှတ်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက လိုအပ်သလို ဆောင်ရွက်ရမည်။

၅၃။

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်နယ်၏ နယ်နိမိတ်ကို ပြင်ဆင် သတ်မှတ်ရန် အကြောင်းပေါ်ပေါက်လာပါက ယင်းနယ်နိမိတ်နှင့် အကျုံးဝင် သည့် မြို့နယ်အတွင်း နေထိုင်ကြသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ဆန္ဒသဘောထားကို ဦးစွာပထမရယူရမည်၊
(ခ) ယင်းသို့ရယူသည့်အခါ ယင်းမြို့နယ်အတွင်း နေထိုင်ကြသည့် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူဦးရေ စုစုပေါင်း၏ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲမရလျှင် ယင်းနယ်နိမိတ် ပြင်ဆင်သတ်မှတ်ခြင်းကို ဆောင်ရွက်ခြင်း လုံး၀မပြုရ၊
( ဂ ) ယင်းမြို့နယ်အတွင်း နေထိုင်ကြသောဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူဦးရေစုစုပေါင်း၏ ထက်ဝက်ကျော်က နယ်နိမိတ်ပြင်ဆင်သင့်ကြောင်း ထောက်ခံဆန္ဒမဲပေးလျှင် ယင်းနယ်နိမိတ်နှင့် အကျုံးဝင်သည့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒရယူရမည်၊
(ဃ) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ လေးပုံသုံးပုံနှင့်အထက် ထောက်ခံဆန္ဒမဲရရှိလျှင် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ကိုရယူပြီး နိုင်ငံတော်သမ္မတက တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်တစ်နယ်၏ နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ပေးရမည်၊
( င ) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တစ်ရပ်ရပ်က နယ်နိမိတ်ပြင်ဆင်ရန် သဘောမတူကြောင်း ဆုံးဖြတ်လျှင် ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရမည်၊
(စ) ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ လေးပုံသုံးပုံနှင့် အထက်က နယ်နိမိတ်ပြင်ဆင်သင့်ကြောင်း ထောက်ခံဆန္ဒမဲပေးလျှင် နိုင်ငံတော်သမ္မတက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏နယ်နိမိတ်ကို လိုအပ်သလို ပြင်ဆင်သတ်မှတ်ပေးရမည်။

၅၄။ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း၌ရှိသော ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် သို့မဟုတ် ခရိုင်နယ်နိမိတ်များ ပြင်ဆင်ရန်၊ ဖွဲ့စည်းရန် သို့မဟုတ် အမည်ပြောင်းလဲရန် ပေါ်ပေါက်လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး နိုင်ငံတော်သမ္မတက လိုအပ်သလို ဆောင်ရွက်ပေး ရမည်။
၅၅။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတစ်ခုခု၏ အမည်ကိုဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုခု၏ အမည်ကိုဖြစ်စေ ပြောင်းလဲသတ်မှတ်လိုလျှင် တိုင်းဒေသကြီးတစ်ခုခု၏ အမည်ကို ဖြစ်စေ၊ ပြည်နယ်တစ်နယ်နယ်၏ အမည်ကိုဖြစ်စေ ပြောင်းလဲသတ်မှတ်သည့် နည်းလမ်းအတိုင်း ပြောင်းလဲသတ်မှတ်ရမည်။
၅၆။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို အောက်ပါအတိုင်း သတ်မှတ်သည် –

(က) စစ်ကိုင်းတိုင်းရှိ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့ကို စုစည်းပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
( ခ ) ရှမ်းပြည်နယ်ရှိ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တို့ကို စုစည်းပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
( ဂ ) ရှမ်းပြည်နယ်ရှိ ဟိုပုန်းမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့ကို စုစည်းပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
(ဃ) ရှမ်းပြည်နယ်ရှိ နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ်တို့ကို စုစည်းပြီး ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
( င ) ရှမ်းပြည်နယ်ရှိ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့ကို စုစည်းပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
(စ) ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း(ပန်းခမ်း)မြို့နယ် ခြောက်မြို့နယ် တို့ကို ခရိုင် နှစ်ခရိုင်ဖွဲ့ပြီး “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း။

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။