အခန်း (၅)
အုပ်ချုပ်ရေး

ပြည်ထောင်စုအစိုးရအဖွဲ့

၁၉၉။

(က) နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သည်၊
(ခ)

(၁) နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာကို ပြည်ထောင်စု တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ခွဲဝေအပ်နှင်းသည်၊
(၂) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများအား ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ပေးသည့်အတိုင်း ခွဲဝေ အပ်နှင်းသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း

၂၀၀။ နိုင်ငံတော်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကို အောက်ဖော်ပြပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည် –

(က) နိုင်ငံတော်သမ္မတ၊
( ခ ) ဒုတိယသမ္မတများ၊
( ဂ ) ပြည်ထောင်စုဝန်ကြီးများ၊
(ဃ) ပြည်ထောင်စုရှေ့နေချုပ်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်း

၂၀၁။ ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရသော်လည်း ကောင်း ပေးအပ်လာသည့်တာဝန်များကိုထမ်းဆောင်နိုင်ရန် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည် –

(က) နိုင်ငံတော်သမ္မတ၊
(ခ) ဒုတိယသမ္မတ၊
(ဂ) ဒုတိယသမ္မတ၊
(ဃ) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊
(င) အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊
(စ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊
(ဆ) ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊
(ဇ) ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊
(ဈ) နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး၊
(ည) ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး၊
(ဋ) နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး။

နိုင်ငံတော်သမ္မတ၏ တာဝန် နှင့် လုပ်ပိုင်ခွင့်

၂၀၂။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် –

(က) ပြည်ထောင်စုအစိုးရဝန်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် ဝန်ကြီးဌာနများကို ပြင်ဆင်သတ်မှတ်ခြင်း၊ ဖြည့်စွက်ခြင်း ပြုနိုင်သည်၊
(ခ) ပြည်ထောင်စုဝန်ကြီးဦးရေကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် သတ်မှတ်ဦးရေကို တိုးခြင်း၊ လျှော့ခြင်း ပြုနိုင်သည်။

၂၀၃။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်အား တာဝန်ခံရမည်။ ဒုတိယသမ္မတ များသည် နိုင်ငံတော်သမ္မတအားလည်းကောင်း၊ နိုင်ငံတော်သမ္မတမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်အားလည်းကောင်း တာဝန်ခံရမည်။

၂၀၄။ နိုင်ငံတော်သမ္မတသည် –

(က) ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်၊
(ခ) အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်။

၂၀၅။ နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ –

(က) ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းပြုနိုင်သည်၊
(ခ) ချီးမြှင့်အပ်နှင်းထားသည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ပြန်လည်ရုပ်သိမ်းခြင်း ပြုနိုင်သည်။

၂၀၆။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏သဘောတူညီချက်ဖြင့် နိုင်ငံခြား တိုင်းပြည်များနှင့်သံတမန်ဆက်သွယ်ခြင်း၊ သံတမန်အဆက်အသွယ် ဖြတ်တောက်ခြင်း ပြုနိုင်သည်။ သို့ရာတွင် ချက်ချင်းအရေးယူဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေမျိုး၌ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့်ညှိနှိုင်းလျက် နိုင်ငံခြားတိုင်းပြည်တစ်ခုခုနှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်နိုင်သည်။ နိုင်ငံတော်သမ္မတသည် မိမိ၏အရေးယူဆောင်ရွက်ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူရမည်။

၂၀၇။ နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ –

(က) မိမိနိုင်ငံ၏သံတမန်များကို ခန့်အပ်ခြင်း၊ ပြန်လည်ခေါ်ယူခြင်း ပြုနိုင်သည်၊
(ခ) နိုင်ငံခြားသံတမန်များအား ခန့်အပ်ရန် သဘောတူညီချက်ပေးခြင်း၊ နိုင်ငံခြားသံတမန်များအား ပြန်လည်ခေါ်ယူရန် အကြောင်းကြားခြင်းပြုနိုင်သည်၊
(ဂ) နိုင်ငံခြားသံတမန်များ၏ ခန့်အပ်လွှာများကို လက်ခံခြင်းပြုသည်။

၂၀၈။ နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကိုခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်း ပြုနိုင်သည်။

၂၀၉။ နိုင်ငံတော်သမ္မတသည်ဥပဒေနှင့်အညီ –

(က) ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်ခွင့်ရှိသော အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်းဆိုင်ရာစာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်များမှနုတ်ထွက်ခြင်း ပြုရမည်၊
(ခ) ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူရန်မလိုအပ်ဘဲ ဆောင်ရွက်ခွင့် ရှိသော အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်း ဆိုင်ရာစာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်များမှနုတ်ထွက်ခြင်း ပြုနိုင်သည်။

၂၁၀။ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏မူဝါဒများနှင့် နိုင်ငံတော်၏အခြေအနေအရပ်ရပ် တို့ကို ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် အစည်းအဝေးတွင်ဖြစ်စေ၊ နိုင်ငံတစ်ဝန်းလုံးသို့ဖြစ်စေ အခါအားလျော်စွာ မိန့်ခွန်းပြောကြားခွင့်၊ သဝဏ်လွှာပေးပို့ခွင့် ရှိသည်။

၂၁၁။ နိုင်ငံတော်သမ္မတသည် လိုအပ်လျှင် ပြည်ထောင်စုလွှတ်တော် အရေးပေါ် အစည်း အဝေးကိုဖြစ်စေ၊ အထူးအစည်းအဝေးကိုဖြစ်စေ ခေါ်ယူကျင်းပပေးရန် ပြည်ထောင်စု လွှတ်တော်နာယကအား အကြောင်းကြားနိုင်သည်။

၂၁၂။

(က) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတစ်ခုနှင့် တစ်ခုအကြား နိုင်ငံတော်၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ကိစ္စရပ်များမှအပ ချက်ချင်းအရေးယူဆောင်ရွက်ရန် လိုအပ်သော အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များအတွက် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို ထုတ်ပြန်ခွင့်ရှိသည်၊
(ခ) နိုင်ငံတော်သမ္မတသည် ပုဒ်မခွဲ (က) အရ ထုတ်ပြန်ခဲ့သည့် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို ရုပ်သိမ်းခြင်းမရှိလျှင် ယင်းအမိန့် ထုတ်ပြန်သည့် နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း ကျင်းပသောအနီးကပ်ဆုံး ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့တင်ပြ၍ အတည်ပြုချက်ရယူရမည်။ ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပရန်မရှိလျှင် ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေးကို ခေါ်ယူကျင်းပစေ၍ အတည်ပြုချက် ရယူရမည်၊
(ဂ) ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်မရရှိလျှင် ဥပဒေကဲ့သို့ အာဏာ တည်သောအမိန့်သည် အတည်မပြုသည့်နေ့မှစ၍ အာဏာတည်ခြင်းမှ ရပ်စဲ ရမည်၊
(ဃ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ထိုဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို လိုအပ်သောကာလအပိုင်း အခြားအထိ ဆက်လက်အတည်ဖြစ်စေနိုင်သည်၊
(င) ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ထုတ်ပြန်ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်းရုပ်သိမ်းပြီး ဖြစ်စေကာမူ ထိုဥပဒေကဲ့သို့ အာဏာ တည်သောအမိန့်ကို အနီးကပ်ဆုံးကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့တင်ပြရမည်၊
(စ) ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ပိုင်ခွင့်မရှိသော ပြဋ္ဌာန်းချက်ပါရှိလျှင် ယင်းပြဋ္ဌာန်းချက်သည် ပျက်ပြယ်ရမည်။

၂၁၃။ နိုင်ငံတော်သမ္မတသည် –

(က) နိုင်ငံတော်အား ကျူးကျော်တိုက်ခိုက်ခြင်းခံရလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းလျက် စစ်ရေးအရလိုအပ်သလို ဆောင်ရွက်ပိုင်ခွင့်ရှိသည်၊
(ခ) မိမိ၏ဆောင်ရွက်ချက်ကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပနေချိန်ဖြစ်လျှင် ယင်းအစည်းအဝေးသို့တင်ပြ၍ အတည်ပြုချက်ရယူရမည်။ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပနေချိန် မဟုတ်လျှင် ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ယူစေ၍ တင်ပြ အတည်ပြုချက် ရယူရမည်၊
(ဂ) ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့်သာ စစ်ကြေညာနိုင်သည်၊ စစ်ပြေငြိမ်းနိုင်သည်။

၂၁၄။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းသည့် ဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်ပြီး လက်မှတ်ရေးထိုးရမည်။ ယင်းသို့ လက်မှတ်ရေးထိုးပြီးသောဥပဒေများကို နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာရမည်။

၂၁၅။ နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေ တစ်ရပ်ရပ်အရသော်လည်းကောင်း မိမိအားအပ်နှင်းထားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်မှု သို့တည်းမဟုတ် ကျင့်သုံးဆောင်ရွက်သည့်အနေဖြင့် ပြုခဲ့သောပြုလုပ်မှု အတွက် မည်သည့်လွှတ်တော်၊ မည်သည့်တရားရုံးတွင်မျှ ဖြေရှင်းရန် တာဝန်မရှိစေရ။ သို့ရာတွင် ဤကဲ့သို့တာဝန်မရှိစေခြင်းသည် နိုင်ငံတော်သမ္မတအား ဖွဲ့စည်းပုံအခြေခံဥပဒေပါ စွပ်စွဲ ပြစ်တင်ခြင်းနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိစေရ။

ပြည်ထောင်စုအစိုးရ၏အုပ်ချုပ်မှုအခွင့်အာဏာ

၂၁၆။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်လျှင် ပြည်ထောင်စု၏ အုပ်ချုပ်မှုအာဏာသည် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြုနိုင်သော အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များသို့လည်း သက်ရောက်ပျံ့နှံ့သည်။

၂၁၇။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပြည်ထောင်စု၏အုပ်ချုပ်မှုအာဏာသည် နိုင်ငံတော်သမ္မတ၌တည်ရှိသည်။ ဤစကားရပ်ကြောင့် ပြည်ထောင်စု လွှတ်တော်သည် အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်ရပ်အားလည်းကောင်း၊ အာဏာပိုင်ပုဂ္ဂိုလ် တစ်ဦးဦးအားလည်းကောင်း တာဝန်နှင့်လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်းမပြုနိုင်ဟု မမှတ်ယူရ။ ထို့ပြင် ယင်းစကားရပ်ကြောင့် တည်ဆဲဥပဒေများအရ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း တစ်ရပ်ရပ်အားဖြစ်စေ၊ သက်ဆိုင်ရာအာဏာပိုင်ပုဂ္ဂိုလ်တစ်ဦးဦးအားဖြစ်စေ အပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို နိုင်ငံတော်သမ္မတအား လွှဲပြောင်းပေးအပ်သည်ဟုလည်း မမှတ်ယူရ။

၂၁၈။

(က) ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်ရေးဆိုင်ရာ အရေးယူဆောင်ရွက်ချက်အားလုံးကို နိုင်ငံတော်သမ္မတ၏အမည်ဖြင့် အရေးယူဆောင်ရွက်ရမည်၊
(ခ) နိုင်ငံတော်သမ္မတသည် မိမိ၏သဘောအတိုင်းဆောင်ရွက်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေကပြဋ္ဌာန်းထားသည့် ကိစ္စရပ်များမှအပ ပြည်ထောင်စုအစိုးရကဆောင်ရွက်ခွင့်ရှိသော ကိစ္စရပ်များအတွက်လည်းကောင်း၊ အဆိုပါကိစ္စရပ်များကို ပြည်ထောင်စုအစိုးရဝန်ကြီးများအား ခွဲဝေအပ်နှင်းရန်လည်းကောင်း၊ဥပဒေတစ်ရပ်ရပ်အရဆောင်ရွက်ရန် တာဝန်ရှိသောပုဂ္ဂိုလ်အား ခွဲဝေအပ်နှင်း ရန်လည်းကောင်း လိုအပ်သည့်နည်းဥပဒေများ ပြဋ္ဌာန်းခွင့်ရှိသည်၊
(ဂ) နိုင်ငံတော်သမ္မတ၏အမည်ဖြင့် ထုတ်ပြန်သောအမိန့်များနှင့်ချုပ်ဆိုသော စာချုပ်စာတမ်းများသည် နိုင်ငံတော်သမ္မတက ပြဋ္ဌာန်းသည့်နည်းဥပဒေများတွင် ဖော်ပြထားသော နည်းလမ်းများနှင့်အညီ ဖြစ်စေရမည်။ ထို့ပြင် ထိုသို့ ဆောင်ရွက်ထားသည့်အမိန့် သို့မဟုတ် စာချုပ်စာတမ်းများသည် နိုင်ငံတော် သမ္မတ၏အမိန့် သို့မဟုတ် စာချုပ်စာတမ်း မဟုတ်သောကြောင့် မခိုင်လုံဟု ငြင်းဆိုပိုင်ခွင့်မရှိစေရ၊
(ဃ) နိုင်ငံတော်သမ္မတသည် ပုဒ်မခွဲ (က)၊ (ခ) နှင့် (ဂ) ရှိ ပြဋ္ဌာန်းချက်များ၏ယေဘုယျသဘောကိုမထိခိုက်စေဘဲ မိမိ၏တာဝန်ဝတ္တရားများကို နယ်မြေဒေသအလိုက်ဖြစ်စေ၊ အစိုးရဌာနဆိုင်ရာ လုပ်ငန်းအလိုက်ဖြစ်စေ ခွဲဝေအပ်နှင်းနိုင်သည်။

၂၁၉။ ပြည်ထောင်စုအစိုးရသည် နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်သည်။
၂၂၀။ ပြည်ထောင်စုအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုအစိုးရ၏ မူဝါဒများကိုချမှတ်ရမည်။ ယင်းမူဝါဒများနှင့်အညီ လိုအပ်သော စီမံကိန်းများကိုရေးဆွဲ၍ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်။
၂၂၁။ ပြည်ထောင်စုအစိုးရသည် ဘဏ္ဍာရေးကော်မရှင်နှင့်ညှိနှိုင်းရရှိသည့် ပြည်ထောင်စု၏နှစ်စဉ် အရအသုံးခန့်မှန်းခြေငွေစာရင်းကိုအခြေပြုလျက် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကိုရေးဆွဲ၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းအတည်ပြုချက်ရယူရမည်။
၂၂၂။ ပြည်ထောင်စုအစိုးရသည် မိမိတင်သွင်းသည့် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းကို ဘဏ္ဍာရေးနှစ်မကုန်ဆုံးမီ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခြင်းမပြုနိုင်လျှင် ပြည်ထောင်စုလွှတ်တော်က နောက်ဆုံးပြဋ္ဌာန်းထားသည့် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပါ သာမန်အသုံးစရိတ် ခွင့်ပြုချက်ဘောင်အတွင်း သုံးစွဲခွင့်ရှိသည်။
၂၂၃။ ပြည်ထောင်စုအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီပြည်ထောင်စုလွှတ်တော်က ဥပဒေပြုနိုင်သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်သည်။
၂၂၄။ ပြည်ထောင်စုအစိုးရအဖွဲ့၏ ဝန်ကြီးဌာနများသည် ယင်းတို့၏လက်အောက်ရှိ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက လုပ်ငန်းတာဝန်များကို ဆောင်ရွက်ကြရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီဖြစ်စေရန်လည်းကောင်း၊ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီဖြစ်စေရန်လည်းကောင်း စီမံခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း ပြုရမည်။
၂၂၅။ ပြည်ထောင်စုအစိုးရသည် တိုင်းဒေသကြီးအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရတို့က လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တို့က ည်းကောင်း လုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်ကြရာတွင် ထိရောက်အောင်မြင်မှုရှိစေရေးအတွက် ပေါင်းစပ်ညှိနှိုင်းပေးသည်။
၂၂၆။ ပြည်ထောင်စုအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများနှင့် နယ်နိမိတ်ပြင်ဆင်သတ်မှတ်ရေးဆိုင်ရာ အငြင်းပွားမှုများမှအပ –

(က) တိုင်းဒေသကြီးနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးအချင်းချင်း၊ ပြည်နယ်အချင်းချင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအကြား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု အချင်းချင်းဖြစ်ပွားသည့် အုပ်ချုပ်မှုဆိုင်ရာ အငြင်း ပွားမှုများနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခြင်း၊ လိုအပ်လျှင် အဆုံးအဖြတ်ပေးခြင်းပြုသည်၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေအကြား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုနှင့် ပြည်ထောင်စုနယ်မြေအကြား ဖြစ်ပွားသည့် အုပ်ချုပ်ရေးဆိုင်ရာ အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ပေးခြင်း၊ လိုအပ်လျှင်အဆုံးအဖြတ်ပေးခြင်းပြုသည်။

၂၂၇။ ပြည်ထောင်စုအစိုးရသည် ဥပဒေနှင့်အညီ –

(က) ပြည်ထောင်စုဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများကို လိုအပ်သလို ဖွဲ့စည်း နိုင်သည်။ ယင်းသို့ဖွဲ့စည်းရာတွင် လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရမည်၊
(ခ) လိုအပ်သောဝန်ထမ်းများကို ခန့်အပ်နိုင်သည်။

၂၂၈။ ပြည်ထောင်စုအစိုးရသည် –

(က) ပြည်ထောင်စုလွှတ်တော်က အခါအားလျော်စွာ ချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရမည်။ မိမိ၏အရေးယူ ဆောင်ရွက်ချက်များကို ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်အစီရင်ခံရမည်၊
(ခ) နိုင်ငံတော်၏ အခြေအနေအရပ်ရပ် နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ အခါအားလျော်စွာ တင်ပြရမည်။

ဘဏ္ဍာရေးကော်မရှင်ဖွဲ့စည်းခြင်း

၂၂၉။

(က) ဘဏ္ဍာရေးကော်မရှင်ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည် –

(၁) နိုင်ငံတော်သမ္မတ – ဥက္ကဋ္ဌ
(၂) ဒုတိယသမ္မတများ – ဒုတိယဥက္ကဋ္ဌများ
(၃) ပြည်ထောင်စုရှေ့နေချုပ် – အဖွဲ့ဝင်
(၄) ပြည်ထောင်စုစာရင်းစစ်ချုပ် – အဖွဲ့ဝင်
(၅) တိုင်းဒေသကြီးဝန်ကြီးချုပ်များနှင့် – အဖွဲ့ဝင်များ

ပြည်နယ်ဝန်ကြီးချုပ်များ

(၆) နေပြည်တော်ကောင်စီဥက္ကဋ္ဌ – အဖွဲ့ဝင်
(၇) ပြည်ထောင်စုဘဏ္ဍာရေးဝန်ကြီး – အတွင်းရေးမှူး

(ခ)

(၁) ဘဏ္ဍာရေးကော်မရှင်ကို ဖွဲ့စည်းသည့်အခါ အဖွဲ့ဝင်အဖြစ် ထမ်းဆောင်ရမည့်ရာထူးနေရာတွင် အကြောင်းတစ်စုံတစ်ရာကြောင့် တာဝန်ပေးအပ်ခြင်းခံရသူ မရှိသေးပါက နိုင်ငံတော်သမ္မတသည် ထိုနေရာအတွက် သင့်လျော်သည့်ပုဂ္ဂိုလ်တစ်ဦးဦးအား ယာယီအဖွဲ့ဝင် အဖြစ် တာဝန်ပေးအပ်နိုင်သည်၊
(၂) ဘဏ္ဍာရေးကော်မရှင်ဖွဲ့စည်းခြင်းကို နိုင်ငံတော်သမ္မတက ထုတ်ပြန် ကြေညာရမည်။ ထို့ပြင် ဘဏ္ဍာရေးကော်မရှင်အတွက် လိုအပ်သောအမိန့်၊ ညွှန်ကြားချက် စသည်များကိုလည်း နိုင်ငံတော်သမ္မတ သို့မဟုတ် နိုင်ငံတော်သမ္မတက တာဝန်ပေးအပ်သည့် ပုဂ္ဂိုလ်က ထုတ်ပြန် ကြေညာနိုင်သည်။

ဘဏ္ဍာရေးကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်

၂၃၀။

(က) ပြည်ထောင်စုဝန်ကြီးဌာနများ၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများကို နိုင်ငံတော်သမ္မတက တာဝန်ပေးအပ်သော ဒုတိယသမ္မတတစ်ဦးက ဦးဆောင် စိစစ်၍ ပြည်ထောင်စုဝန်ကြီးဌာနများ အပါအဝင် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ၏ အရအသုံးငွေစာရင်း လျာထားချက်ကို ဘဏ္ဍာရေး ကော်မရှင်သို့ တင်ပြရမည်၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အရအသုံးငွေစာရင်းများကို နိုင်ငံတော်သမ္မတက တာဝန်ပေးအပ်သော ကျန်ဒုတိယသမ္မတတစ်ဦးက ဦးဆောင်စိစစ်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အရအသုံးငွေစာရင်း လျာထားချက်ကို ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြရမည်၊
(ဂ) ဘဏ္ဍာရေးကော်မရှင်သည် –

(၁) ပြည်ထောင်စုနယ်မြေ အသုံးစရိတ်များပါရှိသော ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များအတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ဘဏ္ဍာငွေများကို သင့်လျော်သလို ဖြည့်ဆည်းပေးခြင်း၊ အထူးကိစ္စတစ်ရပ်အနေဖြင့် ထောက်ပံ့ခြင်း၊ ချေးငွေများ ခွင့်ပြုခြင်းအပါအဝင် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း သို့မဟုတ် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်သို့ထောက်ခံတင်ပြရမည်၊
(၂) ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်သင့်သည့်ကိစ္စများကို အကြံပြုနိုင်ရေး အတွက် ဆောင်ရွက်ရမည်၊
(၃) ခိုင်မာသောဘဏ္ဍာရေးစနစ် ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စု လွှတ်တော်က ဥပဒေပြဋ္ဌာန်း၍ တာဝန်ပေးအပ်သည့် ကိစ္စရပ်များကိုဆောင်ရွက်ရမည်။

(ဃ) ဘဏ္ဍာရေးကော်မရှင်သည် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များအား ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ဘဏ္ဍာငွေများကို သင့်တင့်လျောက်ပတ်စွာဖြည့်ဆည်းပေးခြင်း၊ အထူးကိစ္စ တစ်ရပ်အနေဖြင့် ထောက်ပံ့ခြင်း၊ လိုအပ်မည့်ချေးငွေများ ထုတ်ချေးခြင်းတို့ ပါဝင်သည့် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြနိုင်ရေးအတွက် နိုင်ငံတော်သမ္မတထံသို့ ထောက်ခံတင်ပြရမည်၊
(င) ဘဏ္ဍာရေးကော်မရှင်သည် လိုအပ်ပါက ဘဏ္ဍာရေးကျွမ်းကျင်သူများ၏ အကြံဉာဏ်များကို ရယူနိုင်သည်။

ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည့်အခွန်အခများ

၂၃၁။

(က) ပြည်ထောင်စုသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များကကောက်ခံခွင့်ရှိ သော ဇယား ၅ ပါ အခွန်အခများမှအပ အခြားအခွန်အခများကို ဥပဒေနှင့် အညီကောက်ခံ၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရန်သတ်မှတ်ထားသည့် ရငွေများနှင့် အခွန်အခအမျိုးအစားများကို ပြည်ထောင်စုနယ်မြေများအတွက် ကောက်ခံရန်ရှိပါက ပြည်ထောင်စုက ဥပဒေနှင့်အညီကောက်ခံပြီး ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်၊
(ဂ) ပြည်ထောင်စုသည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကို ဥပဒေနှင့်အညီ သုံးစွဲခွင့် ရှိသည်။

ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

၂၃၂။

(က) နိုင်ငံတော်သမ္မတသည် အောက်ဖော်ပြပါ အရည်အချင်းများနှင့်ပြည့်စုံသူများ ကို ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးနိုင်သည် –

(၁) အသက် ၄၀ နှစ် ပြည့်ပြီးသူ၊
(၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင်ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူ၊
(၃) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက် များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊
(၄) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။

(ခ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် –

(၁) လွှတ်တော်ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ ပုဒ်မခွဲ (က) ပါ သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသော သင့်လျော်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ရမည်၊
(၂) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏အမည်စာရင်းကို ရယူရမည်၊
(၃) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများအပြင် အခြားဝန်ကြီးဌာနများတွင် တပ်မတော်သား များအား ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

(ဂ) နိုင်ငံတော်သမ္မတသည် မိမိရွေးချယ်ထားသည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်း နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှရရှိသည့် တပ်မတော်သားများ၏ အမည်စာရင်းတို့ကိုစုစည်း၍ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလျက်သဘောတူညီချက် ရယူရမည်၊
(ဃ) ပြည်ထောင်စုဝန်ကြီး၏ အရည်အချင်းများနှင့်မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတက အမည်စာရင်း တင်သွင်းသည့်ပုဂ္ဂိုလ်အား ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန်ငြင်းပယ်ခွင့်မရှိစေရ၊
(င) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စုလွတ်တော်၏ သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို ပြည်ထောင်စုလွတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်၊
(စ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရရှိပြီးသည့်ပုဂ္ဂိုလ်များအား ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန် ပေးရမည်။ ထိုသို့ခန့်အပ်တာဝန်ပေးရာတွင် နိုင်ငံတော်သမ္မတသည်
ပြည်ထောင်စုဝန်ကြီးတစ်ဦးချင်းအလိုက် တာဝန်ယူရမည့် ဝန်ကြီးဌာန သို့မဟုတ် ဝန်ကြီးဌာနများကို သတ်မှတ်ပေးရမည်၊
(ဆ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးသည့် အခါတိုင်း ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းကြားရမည်၊
(ဇ) ပြည်ထောင်စုဝန်ကြီးများသည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်၊
(ဈ) ပြည်ထောင်စုဝန်ကြီးသည် လွှတ်တော်တစ်ရပ်ရပ်၏ကိုယ်စားလှယ်ဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်၊
(ည)

(၁) ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ တည်ဆဲဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီးဖြစ်သည် ဟုမှတ်ယူရမည်၊
(၂) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများအတွက် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ် ထားခြင်းခံရသော တပ်မတော်သားများသည် တပ်မတော်မှ အငြိမ်းစားယူရန် သို့မဟုတ် နုတ်ထွက်ရန်မလို။

(ဋ) ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ။

ပြည်ထောင်စုဝန်ကြီးတစ်ဦးဦးအား စွပ်စွဲပြစ်တင်ခြင်း

၂၃၃။

(က) ပြည်ထောင်စုဝန်ကြီးတစ်ဦးဦးအား အောက်ပါအကြောင်းတစ်ရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင်နိုင်သည် –

(၁) နိုင်ငံတော်၏ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊
(၂) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊
(၃) အကျင့်သိက္ခာပျက်ပြားခြင်း၊
(၄) ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် ပြည်ထောင်စု ဝန်ကြီး၏ အရည်အချင်းပျက်ယွင်းခြင်း၊
(၅) ဥပဒေအရပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်း။

(ခ) ပြည်ထောင်စုဝန်ကြီး တစ်ဦးဦးအပေါ်စွပ်စွဲပြစ်တင်လိုပါက နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတကို စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ ပုဒ်မ ၇၁ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်၊
(ဂ) ပြည်ထောင်စုဝန်ကြီးတစ်ဦးဦးအပေါ် စွပ်စွဲပြစ်တင်မှုသည် မှန်ကန်၍ စွပ်စွဲခံ ရသူသည် ပြည်ထောင်စုဝန်ကြီးရာထူးတွင် ဆက်လက်တာဝန်ထမ်းဆောင် စေရန် မသင့်ကြောင်းစုံစမ်းစစ်ဆေးသည့်လွှတ်တော်က ဆုံးဖြတ်တင်ပြလျှင်နိုင်ငံတော်သမ္မတက စွပ်စွဲပြစ်တင်ခြင်းခံရသည့် ပြည်ထောင်စုဝန်ကြီးအား တာဝန်မှရပ်စဲရမည်၊
(ဃ) စွပ်စွဲပြစ်တင်မှုသည် မမှန်ကန်ကြောင်း စုံစမ်းစစ်ဆေးသည့် လွှတ်တော်က ဆုံးဖြတ်ပါက ထိုသို့ဆုံးဖြတ်ကြောင်း သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌသည်နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံရမည်။

ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

၂၃၄။

(က) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများအား အထောက်အကူပြုရန် လွှတ်တော်ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ များထဲကဖြစ်စေ အောက်ဖော်ပြပါအရည်အချင်းများနှင့် ပြည့်စုံသူများကို ဒုတိယဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးနိုင်သည် –

(၁) အသက် ၃၅ နှစ် ပြည့်ပြီးသူ၊
(၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသူ၊
(၃) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက် များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊
(၄) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်သစ္စာရှိသူ။

(ခ) နိုင်ငံတော်သမ္မတသည် ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးရာတွင် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာတာဝန်များ ပေးအပ်ရန်ဖြစ်ပါက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့်တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်၊
(ဂ) နိုင်ငံတော်သမ္မတသည် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများအပြင် အခြားဝန်ကြီးဌာနများတွင် တပ်မတော် သားများအား ဒုတိယဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုလျှင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်၊
(ဃ) နိုင်ငံတော်သမ္မတသည် ဒုတိယဝန်ကြီးများအား ခန့်အပ်တာဝန်ပေးရာတွင် တာဝန်ယူရမည့်ဝန်ကြီးဌာနများကို သတ်မှတ်ပေးရမည်၊
(င) ဒုတိယဝန်ကြီးများသည် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးအားလည်းကောင်း၊ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးမှတစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်၊
(စ) ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသူသည် လွှတ်တော်တစ်ရပ် ရပ်၏ ကိုယ်စားလှယ်သော်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းသော်လည်းကောင်း၊ တပ်မတော်သားသော်လည်းကောင်း၊ နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်သော်လည်းကောင်း ဖြစ်ပါက ပုဒ်မ ၂၃၂ ပုဒ်မခွဲ (ဈ)၊ (ည) နှင့် (ဋ) ပါ ပြဋ္ဌာန်းချက်များနှင့်လည်း သက်ဆိုင်စေရမည်။

ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီးတို့၏ ရာထူးသက်တမ်း၊ ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်းနှင့် လစ်လပ်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း

၂၃၅။

(က) ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့၏ ရာထူးသက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်းဖြစ်သည်၊
(ခ) ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီးသည် ရာထူးသက်တမ်း မကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့နုတ်ထွက်လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့်
တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်၊
(ဂ) နိုင်ငံတော်သမ္မတသည် –

(၁) ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီးတစ်ဦးဦးအား ရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်းမပြုလျှင် တာဝန်မှရပ်စဲရမည်၊
(၂) ရာထူးမှနုတ်ထွက်ရမည့် သို့မဟုတ် တာဝန်မှရပ်စဲခံရမည့် တပ်မတော်သား ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီးနှင့် ပတ်သက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

(ဃ) ရာထူးမှနုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ၊ ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီးရာထူးနေရာ လစ်လပ်လျှင်နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီးခန့်ထားခြင်းနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့် အညီ ပြည်ထောင်စုဝန်ကြီးအသစ် သို့မဟုတ် ဒုတိယဝန်ကြီးအသစ်အား ခန့်အပ်
တာဝန်ပေးနိုင်သည်။ ထိုသို့ ခန့်အပ်တာဝန်ပေးခြင်းခံရသည့် ပြည်ထောင်စု ဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီး၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ကျန်ရှိသည့်ရာထူးသက်တမ်းအတွက်သာ ဖြစ်စေရမည်၊
(င)

(၁) ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီးများအား ခန့်အပ် တာဝန်ပေးသည့် နိုင်ငံတော်သမ္မတသည် ရာထူးသက်တမ်းမကုန်ဆုံးမီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ်လွန်သောကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ နိုင်ငံတော်သမ္မတ ရာထူးလစ်လပ်ပါက အစားထိုးရွေးချယ် တင်မြှောက်လိုက်သည့် နိုင်ငံတော် သမ္မတအသစ်က ပြည်ထောင်စုဝန်ကြီးအသစ်များ သို့မဟုတ် ဒုတိယဝန်ကြီးအသစ်များကို ခန့်အပ်တာဝန်ပေးပြီးသည့် အချိန်အထိ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများသည် မိမိတို့၏လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်ရမည်၊
(၂) အစားထိုးခန့်အပ် တာဝန်ပေးခြင်းခံရသည့် ပြည်ထောင်စုဝန်ကြီးအသစ်များနှင့် ဒုတိယဝန်ကြီးအသစ်များ၏ ရာထူးသက်တမ်းသည်နိုင်ငံတော်သမ္မတအသစ်၏ ကျန်ရှိသည့် ရာထူးသက်တမ်း ကုန်ဆုံးသည်အထိသာ ဖြစ်ရမည်။

(စ) ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။

ပြည်ထောင်စုရှေ့နေချုပ်နှင့် ဒုတိယရှေ့နေချုပ်

၂၃၆။ ပြည်ထောင်စု၏ရှေ့နေချုပ်ကို ပြည်ထောင်စုရှေ့နေချုပ်ဟု ခေါ်ဝေါ်ရမည်။

ပြည်ထောင်စုရှေ့နေချုပ် ခန့်အပ်တာဝန်ပေးခြင်း

၂၃၇။

(က) နိုင်ငံတော်သမ္မတသည် ဥပဒေအကြံဉာဏ်များရယူနိုင်ရန်နှင့် ဥပဒေဆိုင်ရာ တာဝန်များပေးအပ်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ အောက်ဖော်ပြပါ
အရည်အချင်းများနှင့်ပြည့်စုံသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ် တာဝန်ပေးရမည် –

(၁) အသက် ၄၅ နှစ် ပြည့်ပြီးသူ၊
(၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူ၊
(၃) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက် များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊
(၄)

(ကက) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးအဖြစ် အနည်းဆုံး ငါးနှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ်
(ခခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိ ရာထူးတွင် အနည်းဆုံး ၁၀ နှစ် တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ်
(ဂဂ) တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး အနှစ် ၂၀ အမှု လိုက်ပါဆောင်ရွက်ခဲ့သူ သို့မဟုတ်
(ဃဃ) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေ ပညာရှင်အဖြစ် နိုင်ငံတော်သမ္မတကယူဆသူ။

(၅) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။

(ခ) ပြည်ထောင်စုရှေ့နေချုပ်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းသည့်ပုဂ္ဂိုလ်အား ပြည်ထောင်စု
ရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေရ၊
(ဂ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည် စာရင်းသစ်ကို ပြည်ထောင်စုလွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်၊
(ဃ) ပြည်ထောင်စုရှေ့နေချုပ်သည် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဖြစ်သည်၊
(င) ပြည်ထောင်စုရှေ့နေချုပ်သည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်၊
(စ) ပြည်ထောင်စုရှေ့နေချုပ်သည် လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်ဖြစ်လျှင် ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်၊
(ဆ) ပြည်ထောင်စုရှေ့နေချုပ်သည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ တည်ဆဲဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီး
ဖြစ်သည်ဟု မှတ်ယူရမည်၊
(ဇ) ပြည်ထောင်စုရှေ့နေချုပ်သည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့် နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင်
ပါဝင်ဆောင်ရွက်ခြင်းမပြုရ။

ပြည်ထောင်စုရှေ့နေချုပ်အား စွပ်စွဲပြစ်တင်ခြင်း

၂၃၈။ ပြည်ထောင်စုရှေ့နေချုပ်အား စွပ်စွဲပြစ်တင်လိုပါက ပြည်ထောင်စုဝန်ကြီးတစ်ဦးဦးအား စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ ပုဒ်မ ၂၃၃ ရှိ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။

ဒုတိယရှေ့နေချုပ် ခန့်အပ်တာဝန်ပေးခြင်း

၂၃၉။

(က) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုရှေ့နေချုပ်အား အထောက်အကူပြုရန် လွှတ်တော်ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ အောက်ဖော်ပြပါအရည်အချင်းများနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား မိမိသဘောဆန္ဒအလျောက် ဒုတိယရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည် –

(၁) အသက် ၄၀ နှစ် ပြည့်ပြီးသူ၊
(၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူ၊
(၃) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက် များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊
(၄)

(ကက) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် အနည်းဆုံး ငါးနှစ်ဆောင်ရွက်ခဲ့သူ သို့မဟုတ်
(ခခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့်ထက်မနိမ့်သောတရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိ ရာထူးတွင် အနည်းဆုံး ၁၀ နှစ် တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ်
(ဂဂ) တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး ၁၅ နှစ် အမှု လိုက်ပါဆောင်ရွက်ခဲ့သူ သို့မဟုတ်
(ဃဃ) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ။

(၅) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။

( ခ ) ဒုတိယရှေ့နေချုပ်သည် ပြည်ထောင်စုရှေ့နေချုပ်အား လည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်းတာဝန်ခံရမည်၊
(ဂ) ဒုတိယရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသူသည် လွှတ်တော် တစ်ရပ်ရပ်၏ ကိုယ်စားလှယ်သော်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်း သော်လည်းကောင်း၊ နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်သော်လည်းကောင်း ဖြစ်ပါက ပုဒ်မ ၂၃၇ ပုဒ်မခွဲ ( စ ) ၊(ဆ)နှင့် ( ဇ ) ပါ ပြဋ္ဌာန်းချက်များနှင့်လည်း သက်ဆိုင်စေရမည်။

ပြည်ထောင်စုရှေ့နေချုပ်နှင့် ဒုတိယရှေ့နေချုပ်တို့၏ ရာထူးသက်တမ်း၊ ရာထူးမှနုတ်ထွက် ခြင်း၊ တာဝန်မှရပ်စဲခြင်းနှင့် လစ်လပ်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း

၂၄၀။

(က) ပြည်ထောင်စုရှေ့နေချုပ်နှင့် ဒုတိယရှေ့နေချုပ်တို့၏ ရာထူးသက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်း ဖြစ်သည်၊
(ခ) ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့နေချုပ်သည် ရာထူး သက်တမ်းမကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှနုတ်ထွက်လိုလျှင် ထိုသို့နုတ်ထွက်လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှနုတ်ထွက်နိုင်သည်၊
(ဂ) နိုင်ငံတော်သမ္မတသည် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာမထမ်းဆောင်နိုင် သော ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့နေချုပ်အား ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်း မပြုလျှင် တာဝန်မှရပ်စဲရမည်၊
(ဃ) ရာထူးမှနုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့နေချုပ်ရာထူးနေရာ လစ်လပ်လျှင် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့နေချုပ် ခန့်ထားခြင်းနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက် များနှင့်အညီ ပြည်ထောင်စုရှေ့နေချုပ်အသစ် သို့မဟုတ် ဒုတိယရှေ့နေချုပ် အသစ်အား ခန့်အပ်တာဝန်ပေးနိုင်သည်။ ထိုသို့ ခန့်အပ်တာဝန် ပေးခြင်းခံရသည့် ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့နေချုပ်၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ကျန်ရှိသည့်ရာထူးသက်တမ်း အတွက်သာ ဖြစ်စေရမည်၊
(င)

(၁) ပြည်ထောင်စုရှေ့နေချုပ်နှင့် ဒုတိယရှေ့နေချုပ်တို့အား ခန့်အပ် တာဝန်ပေးသည့် နိုင်ငံတော်သမ္မတသည် ရာထူးသက်တမ်း မကုန်ဆုံးမီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ်လွန်သောကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ နိုင်ငံတော်သမ္မတ ရာထူးလစ်လပ်လျှင် အစားထိုးရွေးချယ်တင်မြှောက်လိုက်သည့် နိုင်ငံတော်သမ္မတအသစ်သည် ယင်းတို့အားဆက်လက်တာဝန်ပေးနိုင် သည် သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ  ပြည်ထောင်စုရှေ့နေချုပ်အသစ်နှင့် ဒုတိယရှေ့နေချုပ်အသစ်များကို ခန့်အပ်တာဝန်ပေးနိုင်သည်။ ယင်းသို့ ခန့်အပ်တာဝန်ပေးမည် ဆိုပါက ပြည်ထောင်စုရှေ့နေချုပ်အသစ်နှင့် ဒုတိယရှေ့နေချုပ်အသစ်များကို ခန့်အပ်တာဝန်ပေးပြီးသည့်အချိန်အထိ ပြည်ထောင်စုရှေ့နေချုပ်နှင့် ဒုတိယရှေ့နေချုပ်တို့အား ယင်းတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်စေနိုင်သည်၊
(၂) အစားထိုးခန့်အပ်တာဝန်ပေးခြင်းခံရသည့် ပြည်ထောင်စုရှေ့နေချုပ် အသစ်နှင့် ဒုတိယရှေ့နေချုပ်အသစ်တို့၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတအသစ်၏ ကျန်ရှိသည့်ရာထူးသက်တမ်း ကုန်ဆုံး သည်အထိသာ ဖြစ်ရမည်။

(စ) ပြည်ထောင်စုရှေ့နေချုပ်နှင့် ဒုတိယရှေ့နေချုပ်တို့၏ တာဝန်များ၊ လုပ်ပိုင်ခွင့် များနှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ်

၂၄၁။ ပြည်ထောင်စု၏စာရင်းစစ်ချုပ်ကို ပြည်ထောင်စုစာရင်းစစ်ချုပ်ဟု ခေါ်ဝေါ်ရမည်။

ပြည်ထောင်စုစာရင်းစစ်ချုပ် ခန့်အပ်တာဝန်ပေးခြင်း

၂၄၂။

(က) နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏ အရအသုံးစာရင်းများကို စစ်ဆေး၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များ ထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲက ဖြစ်စေ အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသည့်ပုဂ္ဂိုလ်တစ်ဦးဦးအား ပြည်ထောင်စုလွှတ်တော်၏သဘောတူညီချက်ဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ် အဖြစ် ခန့်အပ်တာဝန်ပေးရမည် –

(၁) အသက် ၄၅ နှစ် ပြည့်ပြီးသူ၊
(၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူ၊
(၃) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက် များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊
(၄)

(ကက) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက်မနိမ့်သော စာရင်းစစ်အရာရှိ ရာထူးတွင် အနည်းဆုံး ၁၀ နှစ် ဆောင် ရွက်ခဲ့သူ သို့မဟုတ်
(ခခ) မှတ်ပုံတင်စာရင်းကိုင် သို့မဟုတ် လက်မှတ်ရပြည်သူ့ စာရင်းကိုင်အဖြစ် အနည်းဆုံး ၂၀ နှစ် ဆောင်ရွက်ခဲ့သူ
သို့မဟုတ်
(ဂဂ) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော စာရင်း ပညာရှင် သို့မဟုတ် စာရင်းအင်းပညာရှင် သို့မဟုတ် စီးပွားရေးပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ။

(၅) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။

(ခ) ပြည်ထောင်စုစာရင်းစစ်ချုပ်အတွက် သတ်မှတ်ထားသော အရည်အချင်းများ နှင့် မပြည့်စုံကြောင်း အထင်အရှားမပြသနိုင်ပါက ပြည်ထောင်စုလွှတ်တော် သည် နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းသည့် ပုဂ္ဂိုလ်အား ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့် မရှိစေရ၊
(ဂ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို ပြည်ထောင်စုလွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်၊
(ဃ) ပြည်ထောင်စုစာရင်းစစ်ချုပ်သည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်၊
(င) ပြည်ထောင်စုစာရင်းစစ်ချုပ်သည် လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ် ဖြစ်လျှင် ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့် နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီးဖြစ်သည်ဟု မှတ်ယူ
ရမည်၊
(စ) ပြည်ထောင်စုစာရင်းစစ်ချုပ်သည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ တည်ဆဲ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်၊
(ဆ) ပြည်ထောင်စုစာရင်းစစ်ချုပ်သည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စုစာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ။

ပြည်ထောင်စုစာရင်းစစ်ချုပ်အား စွပ်စွဲပြစ်တင်ခြင်း

၂၄၃။ ပြည်ထောင်စုစာရင်းစစ်ချုပ်အား စွပ်စွဲပြစ်တင်လိုပါက ပြည်ထောင်စုဝန်ကြီးတစ်ဦးဦးအား စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ ပုဒ်မ ၂၃၃ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။

ဒုတိယစာရင်းစစ်ချုပ် ခန့်အပ်တာဝန်ပေးခြင်း

၂၄၄။

(က) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုစာရင်းစစ်ချုပ်အား အထောက်အကူပြုရန် လွှတ်တော်ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ အောက်ဖော်ပြပါ အရည်အချင်းများနှင့်ပြည့်စုံသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား မိမိသဘောဆန္ဒအလျောက် ဒုတိယစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည် –

(၁) အသက် ၄၀ နှစ် ပြည့်ပြီးသူ၊
(၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင်ဖော်ပြထားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူ၊
(၃) ပုဒ်မ ၁၂၁ တွင်ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက် များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊
(၄)

(ကက) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သော စာရင်းစစ်အရာရှိ ရာထူးတွင် အနည်းဆုံး ၁၀ နှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ်
(ခခ) မှတ်ပုံတင်စာရင်းကိုင် သို့မဟုတ် လက်မှတ်ရပြည်သူ့ စာရင်းကိုင်အဖြစ် အနည်းဆုံး ၁၅ နှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ်
(ဂဂ) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော စာရင်း ပညာရှင် သို့မဟုတ် စာရင်းအင်းပညာရှင် သို့မဟုတ်
စီးပွားရေးပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ။

(၅) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။

(ခ) ဒုတိယစာရင်းစစ်ချုပ်သည် ပြည်ထောင်စုစာရင်းစစ်ချုပ်အားလည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်၊
(ဂ) ဒုတိယစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသူသည် လွှတ်တော် တစ်ရပ်ရပ်၏ ကိုယ်စားလှယ်သော်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းသော် လည်းကောင်း၊ နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်သော်လည်းကောင်း ဖြစ်ပါက ပုဒ်မ ၂၄၂ ပုဒ်မခွဲ ( င ) ၊ ( စ ) နှင့် (ဆ) ပါ ပြဋ္ဌာန်းချက်များနှင့်လည်း သက်ဆိုင်စေရမည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ်တို့၏ ရာထူးသက်တမ်း၊ ရာထူးမှ နုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်းနှင့်လစ်လပ်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း

၂၄၅။

(က) ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ်တို့၏ရာထူးသက်တမ်း သည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်း ဖြစ်သည်၊
(ခ) ပြည်ထောင်စုစာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ်သည် ရာထူး သက်တမ်းမကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှနုတ်ထွက်လိုလျှင် ထိုသို့နုတ်ထွက်လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှနုတ်ထွက်နိုင်သည်၊
(ဂ) နိုင်ငံတော်သမ္မတသည် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာမထမ်းဆောင် နိုင်သော ပြည်ထောင်စုစာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ်အား ရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်းမပြုလျှင် တာဝန်မှရပ်စဲရမည်၊
(ဃ) ရာထူးမှ နုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှ ရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့် ဖြစ်စေ ပြည်ထောင်စုစာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ် ရာထူးနေရာ လစ်လပ်လျှင် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်ထောင်စု စာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ်ခန့်ထားခြင်းနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုစာရင်းစစ်ချုပ်အသစ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ်အသစ်အား ခန့်အပ်တာဝန်ပေးနိုင်သည်။ ထိုသို့ ခန့်အပ် တာဝန်ပေးခြင်းခံရသည့် ပြည်ထောင်စုစာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယ စာရင်းစစ်ချုပ်၏ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ကျန်ရှိသည့် ရာထူးသက်တမ်းအတွက်သာ ဖြစ်စေရမည်၊

(င)

(၁) ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ်တို့အား ခန့်အပ် တာဝန်ပေးသည့် နိုင်ငံတော်သမ္မတသည် ရာထူးသက်တမ်း မကုန်ဆုံးမီ နုတ်ထွက်သွားသောကြောင့်ဖြစ်စေ၊ ကွယ်လွန်သော ကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ နိုင်ငံတော်သမ္မတရာထူး လစ်လပ်ပါက အစားထိုးရွေးချယ်တင်မြှောက် လိုက်သည့် နိုင်ငံတော်သမ္မတ အသစ်သည် ယင်းတို့အား ဆက်လက် တာဝန်ပေးနိုင်သည် သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ ပြည်ထောင်စု စာရင်းစစ်ချုပ်အသစ်နှင့် ဒုတိယ စာရင်းစစ်ချုပ်အသစ်များကို ခန့်အပ်တာဝန်ပေးနိုင်သည်။ ယင်းသို့ ခန့်အပ်တာဝန်ပေးမည်ဆိုပါက ပြည်ထောင်စုစာရင်းစစ်ချုပ်အသစ်နှင့် ဒုတိယစာရင်းစစ်ချုပ်အသစ်များကို ခန့်အပ်တာဝန်ပေးပြီးသည့် အချိန်အထိ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ် တို့အား ယင်းတို့၏လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင် စေနိုင်သည်၊
(၂) အစားထိုးခန့်အပ် တာဝန်ပေးခြင်းခံရသည့် ပြည်ထောင်စု စာရင်းစစ်ချုပ်အသစ်နှင့် ဒုတိယစာရင်းစစ်ချုပ်အသစ်တို့၏ ရာထူး သက်တမ်းသည် နိုင်ငံတော်သမ္မတအသစ်၏ ကျန်ရှိသည့်ရာထူး သက်တမ်းကုန်ဆုံးသည်အထိသာ ဖြစ်ရမည်။

(စ) ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ်တို့၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဖွဲ့စည်းခြင်း

၂၄၆။

(က) နိုင်ငံတော်သမ္မတသည် နိုင်ငံ့ဝန်ထမ်းရွေးချယ်ရေး၊ လေ့ကျင့်ရေးတာဝန်နှင့် နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းသတ်မှတ်ရေး တာဝန်များထမ်းဆောင်နိုင်ရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဖွဲ့စည်းရမည်၊
(ခ) နိုင်ငံတော်သမ္မတသည် အောက်ဖော်ပြပါအရည်အချင်းများနှင့် ပြည့်စုံသူများ အား ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန် ပေးရမည် –

(၁) အသက် ၅၀ နှစ် ပြည့်ပြီးသူ၊
(၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူ၊
(၃) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက် များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊
(၄) အတွေ့အကြုံရင့်ကျက်သော အသိပညာရှင်၊ အတတ်ပညာရှင်ဖြစ်သူ၊
(၅) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ၊
(၆) နိုင်ငံရေးပါတီဝင် မဟုတ်သူ၊
(၇) လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူ။

(ဂ) ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရသည့်နေ့မှစ၍ တည်ဆဲဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံ့ ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်၊
(ဃ) ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတအားလည်းကောင်း၊ အဖွဲ့ဝင်များသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် ယင်းမှတစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်၊
(င) ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ သက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်း ဖြစ်သည်၊
(စ) ပြည်ထောင်စုရာထူးဝန်အဖွဲ့ဖွဲ့စည်းခြင်း၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့၏တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ ရပိုင်ခွင့်များ၊ ရာထူးမှနုတ်ထွက်ခြင်းနှင့် တာဝန်မှရပ်စဲခြင်း တို့ကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့

၂၄၇။

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ အုပ်ချုပ်ရေးအကြီးအမှူးကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ဟု ခေါ်ဝေါ်ရမည်၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏အစိုးရအဖွဲ့ဝင်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဟု ခေါ်ဝေါ်ရမည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း

၂၄၈။

(က) တိုင်းဒေသကြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်နယ်တွင် ပြည်နယ် အစိုးရအဖွဲ့ ဖွဲ့စည်းထားရှိသည်၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကို အောက်ဖော်ပြပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည် –

(၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၊
(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ၊
(၃) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်။

(ဂ) နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်၏သဘောတူညီချက်ဖြင့် –

(၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် သတ်မှတ်ဝန်ကြီးဌာနများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းပြုနိုင်သည်၊
(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဦးရေကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် သတ်မှတ်ဦးရေကို တိုးခြင်း၊ လျှော့ခြင်း ပြုနိုင်သည်။

တိုင်းဒေသကြီးအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအခွင့်အာဏာ

၂၄၉။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအာဏာသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဥပဒေပြုနိုင်သောကိစ္စရပ်များသို့ သက်ရောက်ပျံ့နှံ့သည်။ ထို့ပြင် ပြည်ထောင်စု ဥပဒေ တစ်ရပ်ရပ်အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအား ဆောင်ရွက်ခွင့်ပြုသည့် ကိစ္စရပ်များသို့လည်း သက်ရောက်ပျံ့နှံ့သည်။
၂၅၀။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိန်းသိမ်း စောင့်ရှောက်ရာတွင် ကူညီရန်တာဝန်ရှိသည်။
၂၅၁။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက ချမှတ်ထား သည့် မူဝါဒများနှင့်သော်လည်းကောင်း၊ ပြည်ထောင်စုဥပဒေများနှင့်သော်လည်းကောင်း မဆန့်ကျင်စေဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်စပ်လျဉ်းသည့် စီမံကိန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်။
၂၅၂။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီ ပြည်ထောင်စု၏ နှစ်စဉ်အရအသုံး ခန့်မှန်းခြေငွေစာရင်းအပေါ် အခြေပြုလျက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြဋ္ဌာန်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်သွင်း ရမည်။
၂၅၃။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် မိမိတင်သွင်းသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းကို ဘဏ္ဍာရေးနှစ် မကုန်ဆုံးမီ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ပြဋ္ဌာန်းခြင်း မပြုနိုင်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က နောက်ဆုံးပြဋ္ဌာန်းထားသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေပါ သာမန် အသုံးစရိတ် ခွင့်ပြုချက်ဘောင်အတွင်း သုံးစွဲခွင့်ရှိသည်။

တိုင်းဒေသကြီးအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရများက ကောက်ခံရမည့် အခွန်အခများ

၂၅၄။

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ဇယား ၅ ပါ အခွန်အခများကို ဥပဒေနှင့်အညီကောက်ခံ၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေသို့ ပေးသွင်းရမည်၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေများကို ဥပဒေနှင့်အညီ သုံးစွဲခွင့်ရှိသည်။

၂၅၅။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီ ဇယား ၂ ရှိ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်သည့်ဥပဒေကြမ်းကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သို့ တင်သွင်းနိုင်သည်။
၂၅၆။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် –

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများနှင့် ယင်းတို့၏ လက်အောက်အစိုးရဌာနများ၊ အဖွဲ့အစည်းများ၏လုပ်ငန်းဆောင်ရွက်မှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရန်လည်းကောင်း၊
တည်ဆဲဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရန်လည်းကောင်း စီမံခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း ပြုရမည်၊
(ခ) မိမိတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက် ရှိသော နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို လည်း ဥပဒေနှင့်အညီ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်း
ပြုနိုင်သည်။

၂၅၇။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပြည်ထောင်စု ဥပဒေနှင့်အညီလည်းကောင်း၊ ပြည်ထောင်စုအစိုးရနှင့် ကြိုတင်ညှိနှိုင်း၍လည်းကောင်း မိမိ တာဝန်ယူ အကောင်အထည်ဖော်ရသည့်လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် –

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဆိုင်ရာ နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်း များကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်၊
(ခ) လိုအပ်သော နယ်ဘက်ဝန်ထမ်းများကို ခန့်အပ်နိုင်သည်။

၂၅၈။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် –

(က) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က အခါအားလျော်စွာ ချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်။ မိမိ၏အရေးယူဆောင်ရွက်ချက်များကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ပြန်လည်အစီရင်ခံရမည်၊
(ခ) မိမိနယ်မြေဒေသ၏ အခြေအနေအရပ်ရပ်နှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်ပြရမည်။

၂၅၉။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက အခါ အားလျော်စွာ ပေးအပ်လာသည့်လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ရုံး

၂၆၀။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကြီးအမှူးသည် ရာထူးအလျောက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အတွင်း ရေးမှူးဖြစ်သည်။ ထို့အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ရုံးလည်းဖြစ်သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း

၂၆၁။

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် အောက်ပါ အရည် အချင်းများနှင့် ပြည့်စုံရမည် –

(၁) အသက် ၃၅ နှစ် ပြည့်ပြီးသူ၊
(၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူ၊
(၃) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက် များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊
(၄) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။

(ခ) နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် –

(၁) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲက သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်ရမည်၊
(၂) ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်၏ အမည်စာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ပေးပို့လျက် သဘောတူညီချက်ရယူရမည်။

(ဂ) နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ရရှိပြီးသည့် လွှတ်တော်ကိုယ်စားလှယ်အား သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည်၊
(ဃ) တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် နိုင်ငံတော်သမ္မတက အမည်စာရင်း တင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့် မရှိစေရ၊
(င) နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ထပ်မံတင်သွင်းခွင့် ရှိသည်။

တိုင်းဒေသကြီးဝန်ကြီးများ သို့မဟုတ် ပြည်နယ်ဝန်ကြီးများ  ခန့်အပ်တာဝန်ပေးခြင်း

၂၆၂။

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် –

(၁) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ များထဲကဖြစ်စေ ပုဒ်မ ၂၆၁၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်တွင် သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသော သင့်လျော်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ရမည်၊
(၂) လုံခြုံရေးနှင့်နယ်စပ်ရေးရာ တာဝန်ပေးအပ်နိုင်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို တောင်းခံရမည်၊
(၃) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ထံမှ ယင်းတို့၏ဥက္ကဋ္ဌအမည်စာရင်းကို ရယူရမည်၊
(၄) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ တိုင်းရင်း သားလူမျိုးရေးရာ ဆောင်ရွက်ရန်အတွက် ရွေးကောက်တင်မြှောက် ထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ထံမှ ရယူရမည်။

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် မိမိရွေးချယ်ထားသည့် ပုဂ္ဂိုလ်များနှင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှရရှိသည့်တပ်မတော်သား များ၏ အမည်စာရင်းကိုစုစည်းပြီး သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့တင်သွင်းလျက် သဘောတူညီချက်ရယူရမည်၊
(ဂ) တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဝန်ကြီးများအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်
ဝန်ကြီးချုပ်က အမည်စာရင်းတင်သွင်းသည့် ပုဂ္ဂိုလ်များအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့် မရှိစေမရှိစေရ၊
(ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်မရရှိသည့်ပုဂ္ဂိုလ်အစား အမည်
စာရင်းသစ်ကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်၊
(င) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ရရှိပြီးသည့် ပုဂ္ဂိုလ်များကိုသော် လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
ဒေသဥက္ကဋ္ဌများ၏ အမည်စာရင်းနှင့် တိုင်းရင်းသားလူမျိုးရေးရာ ဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းပါပုဂ္ဂိုလ်များကိုသော်လည်းကောင်း တိုင်းဒေသကြီး သို့မဟုတ်
ပြည်နယ်ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်သမ္မတထံ တင်ပြရမည်၊
(စ) နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်ဝန်ကြီးချုပ်က တင်ပြလာသည့်ပုဂ္ဂိုလ်များအား သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရမည်။ ထိုသို့ခန့်အပ်တာဝန်
ပေးရာတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး တစ်ဦးချင်းအလိုက် တာဝန်ယူရမည့်ဝန်ကြီးဌာန သို့မဟုတ် ဝန်ကြီးဌာနများကို သက်ဆိုင်ရာ ဝန်ကြီးချုပ်နှင့် ညှိနှိုင်းလျက်သတ်မှတ်ပေးရမည်၊
(ဆ) နိုင်ငံတော်သမ္မတသည် –

(၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများဖြစ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများအား သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရေးရာများကို ဆောင်ရွက်ရန်တာဝန်ပေးအပ်ရမည်၊
(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများဖြစ်သည့် တိုင်းရင်းသား လူမျိုးရေးရာဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များအား သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးရေးရာများကိုဆောင်ရွက်ရန် တာဝန်ပေးအပ်ရမည်။

(ဇ) သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဥက္ကဋ္ဌအားလည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးရေးရာ ဆောင်ရွက်ရန် ရွေးကောက်
တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်အားလည်းကောင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရာတွင် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် အသက်ကန့်သတ်ချက်ကို လျော့ပေါ့ပေးရမည်၊
(ဈ) နိုင်ငံတော်သမ္မတသည် ဝန်ကြီးချုပ်နှင့်ညှိနှိုင်း၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုင်ရာ ဝန်ကြီးများအားလည်းကောင်း၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများအားလည်းကောင်း အခြားဝန်ကြီးဌာန
တာဝန်များကိုလည်း ပူးတွဲတာဝန်ပေးအပ်နိုင်သည်၊
(ည) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် လုံခြုံရေးနှင့် နယ်စပ် ရေးရာတာဝန်များမှအပ အခြားတာဝန်များအတွက် တပ်မတော်သားများအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုလျှင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ အမည်စာရင်းတောင်းခံ၍ ယင်းအမည် စာရင်းကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ရယူလျက် နိုင်ငံတော်သမ္မတထံ တင်ပြရမည်၊
(ဋ) နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းများကို သက်ဆိုင်ရာတိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်သို့လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်သို့ လည်းကောင်း အကြောင်းကြားရမည်၊
(ဌ)

(၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် နိုင်ငံတော် သမ္မတအား တာဝန်ခံရမည်၊
(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အားလည်းကောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် မှတစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်။

(ဍ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ ရာထူး သက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်း အတိုင်းဖြစ်သည်၊
(ဎ)

(၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးသည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရသည့်နေ့မှစ၍ တည်ဆဲ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်၊
(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအဖြစ် ခန့်ထားခြင်းခံရသော တပ်မတော်သားများသည် တပ်မတော်မှအငြိမ်းစားယူရန် သို့မဟုတ် နုတ်ထွက်ရန်မလို။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးဦးအပေါ် စွပ်စွဲ ပြစ်တင်ခြင်း

၂၆၃။

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးဦး အားအောက်ပါ အကြောင်းတစ်ရပ်ရပ်ကြောင့် စွပ်စွဲပြစ်တင်နိုင်သည် –

(၁) နိုင်ငံတော်၏ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊
(၂) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ခြင်း၊
(၃) အကျင့်သိက္ခာ ပျက်ပြားခြင်း၊
(၄) ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီး၏အရည်အချင်း ပျက်ယွင်းခြင်း၊
(၅) ဥပဒေအရပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်း။

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးဦး အပေါ်ဖော်ပြပါအကြောင်းတစ်ရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင်လိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
စုစုပေါင်းဦးရေအနက် အနည်းဆုံးလေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီး မိမိတို့၏စွပ်စွဲချက်ကို သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်၊
(ဂ) သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌသည် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း၍ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးစေရမည်။ စုံစမ်းစစ်ဆေးရမည့် လုပ်ငန်းပမာဏ ကိုထောက်ရှု၍ စုံစမ်းစစ်ဆေးမှုပြီးစီးရမည့်ကာလကိုလည်း သတ်မှတ်ပေးရမည်၊

(ဃ) စွပ်စွဲချက်ကိုစုံစမ်းစစ်ဆေးသည့်အခါ စွပ်စွဲပြစ်တင်ခြင်းခံရသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးအား ကိုယ်တိုင်သော် လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း ချေပခွင့်ပေးရမည်၊
(င)

(၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီး တစ်ဦးဦးအပေါ် သက်ဆိုင်ရာတိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်၏ စွပ်စွဲပြစ်တင်မှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေး ရေးအဖွဲ့က စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို တင်ပြလာလျှင် လွှတ်တော် ဥက္ကဋ္ဌသည် သက်ဆိုင်ရာတိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်ပြရမည်။ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်းဦးရေ အနည်းဆုံးသုံးပုံနှစ်ပုံက စွပ်စွဲပြစ်တင်မှု သည်မှန်ကန်၍ စွပ်စွဲခံရသူသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်းဆုံးဖြတ်လျှင် ဥက္ကဋ္ဌသည် ထိုဆုံးဖြတ်ချက်ကို နိုင်ငံတော် သမ္မတထံ တင်ပြအစီရင်ခံရမည်၊
(၂) နိုင်ငံတော်သမ္မတသည် တင်ပြချက်ရရှိလျှင် စွပ်စွဲပြစ်တင်ခြင်းခံရသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးအားရာထူးမှရပ်စဲရမည်၊
(၃) စွပ်စွဲပြစ်တင်မှုသည် မမှန်ကန်ကြောင်း သက်ဆိုင်ရာလွှတ်တော်က ဆုံးဖြတ်လျှင် ထိုသို့ဆုံးဖြတ်ကြောင်းကို လွှတ်တော်ဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံရမည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးဦး နုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်းနှင့် လစ်လပ်ရာထူးနေရာ ဖြည့်စွက်ခန့်ထားခြင်း

၂၆၄။

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးဦးသည် ရာထူးသက်တမ်းမကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့် မိမိသဘော ဆန္ဒအလျောက် ရာထူးမှနုတ်ထွက်လိုလျှင် ထိုသို့နုတ်ထွက်လိုကြောင်း နိုင်ငံတော်
သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှနုတ်ထွက်နိုင်သည်၊
(ခ) နိုင်ငံတော်သမ္မတသည် –

(၁) လုပ်ငန်းတာဝန်ကို ကျေပွန်စွာမထမ်းဆောင်နိုင်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးအား ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်း
မပြုလျှင် တာဝန်မှရပ်စဲရမည်၊
(၂) ရာထူးမှနုတ်ထွက်ရမည့် သို့မဟုတ် တာဝန်မှရပ်စဲခံရမည့် တပ်မတော်သား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးနှင့် ပတ်သက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

(ဂ) ရာထူးမှနုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးရာထူး နေရာလစ်လပ်လျှင် နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သက်ဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ လစ်လပ်သည့်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားနိုင်သည်။ ထိုသို့ ဖြည့်စွက် ခန့်ထားခြင်းခံရသည့် ပုဂ္ဂိုလ်၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏
ကျန်ရှိသည့်ရာထူးသက်တမ်းအတွက်သာ ဖြစ်စေရမည်၊
(ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။

တိုင်းဒေသကြီးဥပဒေချုပ် သို့မဟုတ် ပြည်နယ်ဥပဒေချုပ်

၂၆၅။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ရှေ့နေချုပ်ကို တိုင်းဒေသကြီးဥပဒေချုပ် သို့မဟုတ် ပြည်နယ်ဥပဒေချုပ်ဟု ခေါ်ဝေါ်ရမည်။

တိုင်းဒေသကြီးဥပဒေချုပ် သို့မဟုတ် ပြည်နယ်ဥပဒေချုပ် ခန့်အပ်တာဝန်ပေးခြင်း

၂၆၆။

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် ဥပဒေအကြံဉာဏ်များ ရယူနိုင်ရန်နှင့် ဥပဒေဆိုင်ရာတာဝန်များပေးနိုင်ရန် လွှတ်တော်ကိုယ်စားလှယ် များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေ
အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသူတစ်ဦးဦးအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်ပြ သဘောတူညီချက်ရယူ၍ နိုင်ငံတော်သမ္မတထံ တင်ပြရမည် –

(၁) အသက် ၄၀ နှစ် ပြည့်ပြီးသူ၊
(၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူ၊
(၃) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက် များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊
(၄)

(ကက) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက်မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင်
အနည်းဆုံး ငါးနှစ် တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ် ခရိုင်အဆင့်ထက်မနိမ့်သော တရားရေးအရာရှိ သို့မဟုတ်
ဥပဒေအရာရှိရာထူးတွင် အနည်းဆုံး ၁၀ နှစ် တာဝန် ထမ်းဆောင်ခဲ့သူ သို့မဟုတ်
(ခခ) တရားလွှတ်တော်ရှေ့နေဖြစ်လျှင် အနည်းဆုံး ၁၅ နှစ် အမှုလိုက်ပါဆောင်ရွက်ခဲ့သူ။

(၅) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။

(ခ) နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အဖြစ် တာဝန်ပေးအပ်ရန် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာလွှတ်တော်၏ သဘောတူညီချက်ဖြင့် တင်ပြလာ သည့် ပုဂ္ဂိုလ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည်၊
(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့်မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က အမည်စာရင်းတင်သွင်းသသည့် ပုဂ္ဂိုလ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အဖြစ် ခန့်အပ် တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေရ၊
(ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည် စာရင်းသစ်ကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်၊
(င) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဖြစ်သည်၊
(စ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်သည် –

(၁) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်၊
(၂) ပြည်ထောင်စုရှေ့နေချုပ်အားလည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အားလည်းကောင်း တာဝန်ခံရမည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အား စွပ်စွဲပြစ်တင်ခြင်း

၂၆၇။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အား စွပ်စွဲပြစ်တင်ရန်ကိစ္စ ပေါ်ပေါက် လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးဦးအား စွပ်စွဲ ပြစ်တင်ခြင်းဆိုင်ရာ ပုဒ်မ ၂၆၃ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်၏ ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှ ရပ်စဲခြင်းနှင့် လစ်လပ်သည့်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း

၂၆၈။ ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်း၊ လစ်လပ်သည့်ရာထူးနေရာတွင် ဖြည့်စွက် ခန့်ထားခြင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူခြင်းတို့နှင့်စပ်လျဉ်း ၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးများအတွက် သတ်မှတ်ထားသည့် ပုဒ်မ ၂၆၂ (ဎ)နှင့် ၂၆၄ ပါ ပြဋ္ဌာန်းချက်များသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်နှင့်လည်း သက်ဆိုင်စေရမည်။
၂၆၉။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။

တိုင်းဒေသကြီးစာရင်းစစ်ချုပ် သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်

၂၇၀။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏စာရင်းစစ်ချုပ်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ် ဟုခေါ်ဝေါ်ရမည်။

တိုင်းဒေသကြီးစာရင်းစစ်ချုပ် သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ် ခန့်အပ်တာဝန်ပေးခြင်း

၂၇၁။

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အရအသုံးငွေစာရင်းများကို စစ်ဆေး၍ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်ပြနိုင်ရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် လွှတ်တော် ကိုယ်စား လှယ်များ ထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေ အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသူတစ်ဦးဦးအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်ပြ သဘောတူညီချက်ရယူ၍ နိုင်ငံတော်သမ္မတထံ တင်ပြရမည် –

(၁) အသက် ၄၀ နှစ် ပြည့်ပြီးသူ၊
(၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူ၊
(၃) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက် များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊
(၄)

(ကက) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်အရာရှိထက် မနိမ့်သောရာထူးတွင် အနည်းဆုံး ငါးနှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ် ခရိုင်အဆင့်စာရင်းစစ်အရာရှိထက် မနိမ့်သော ရာထူးတွင် အနည်းဆုံး ၁၀ နှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ်
(ခခ) မှတ်ပုံတင်စာရင်းကိုင် သို့မဟုတ် လက်မှတ်ရပြည်သူ့ စာရင်းကိုင်အဖြစ် အနည်းဆုံး ၁၅ နှစ် ဆောင်ရွက်ခဲ့သူ။

(၅) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။

(ခ) နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် တာဝန်ပေးအပ်ရန် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်က သက်ဆိုင်ရာလွှတ်တော်၏ သဘောတူညီချက်ဖြင့် တင်ပြလာသည့်ပုဂ္ဂိုလ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန် ပေးရမည်၊
(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်အတွက် သတ်မှတ်ထား သော အရည်အချင်းများနှင့်မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က အမည်စာရင်း တင်သွင်းသည့်ပုဂ္ဂိုလ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ် အဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေရ၊
(ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည်
စာရင်းသစ်ကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်၊
(င) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်သည် –

(၁) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်၊
(၂) ပြည်ထောင်စုစာရင်းစစ်ချုပ်အား လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အား လည်းကောင်း တာဝန်ခံရမည်။

တိုင်းဒေသကြီး စာရင်းစစ်ချုပ် သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်အား စွပ်စွဲပြစ်တင်ခြင်း

၂၇၂။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်အား စွပ်စွဲပြစ်တင်ရန် ကိစ္စပေါ်ပေါက် လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးဦးအား စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ ပုဒ်မ ၂၆၃ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။

တိုင်းဒေသကြီးစာရင်းစစ်ချုပ် သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်ရာထူးမှ နုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်းနှင့် လစ်လပ်သည့်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း

၂၇၃။ ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်း၊ လစ်လပ်သည့်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူခြင်းတို့နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးများအတွက် သတ်မှတ်ထားသည့် ပုဒ်မ ၂၆၄ ပါ ပြဋ္ဌာန်းချက်များသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်နှင့်လည်း သက်ဆိုင်စေရမည်။
၂၇၄။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့

၂၇၅။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အုပ်ချုပ်ရေးအဖွဲ့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဟု ခေါ်ဝေါ်ရမည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဖွဲ့စည်းခြင်း

၂၇၆။

(က) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများဖြစ်ကြသည့်အားလျော်စွာ အဆင့်အတန်းတူညီကြသည်၊
(ခ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များ အသီးသီးဖွဲ့စည်းထားရှိသည်။ ယင်းဦးစီးအဖွဲ့များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၃ အရ ခွဲဝေအပ်နှင်းသည့် ဥပဒေပြုရေးအာဏာကို ကျင့်သုံးသည်၊
(ဂ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တွင် အဖွဲ့ဝင်ဦးရေ အနည်းဆုံး ၁၀ ဦး ပါဝင်စေရမည်၊
(ဃ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေဦးစီးအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည် –

(၁) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ မြို့နယ်များမှ ရွေးကောက်တင်မြှောက်ထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊
(၂) လုံခြုံရေးတာဝန်ဖြစ်စေ၊ နယ်စပ်ရေးရာတာဝန်ဖြစ်စေ ပေးအပ်နိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကဥပဒေနှင့်အညီအမည်စာရင်း တင်သွင်းသည့်တပ်မတော်သားကိုယ်စားလှယ်များ၊
(၃) ပုဒ်မခွဲငယ် (၁) နှင့် (၂) ပါ ပုဂ္ဂိုလ်များက ရွေးချယ်ဖြည့်စွက် ခန့်ထားသည့် ကိုယ်စားလှယ်များ။

(င) ပုဒ်မခွဲ (ဃ) ပုဒ်မခွဲငယ် (၁) နှင့် (၂) ပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များသည် မိမိတို့အချင်းချင်း ညှိနှိုင်းလျက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များမှ ရွေးကောက်တင်မြှောက်ထားသော လွှတ်တော် ကိုယ်စားလှယ်များအနက် သင့်လျော်သူတစ်ဦးအား ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း ဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ရမည်။ ထိုသို့ ရွေးချယ်သည့် ပုဂ္ဂိုလ်၏အမည်စာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတထံ တင်ပြရမည်၊
(စ) နိုင်ငံတော်သမ္မတသည် အမည်စာရင်းတင်သွင်းလာသည့် ပုဂ္ဂိုလ်အား သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးရမည်၊
(ဆ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဥက္ကဋ္ဌသည် ရာထူးအလျောက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဖြစ်သည်။ သို့ဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးနှင့် သက်ဆိုင်သည့်ပြဋ္ဌာန်းချက် များအနက် ခန့်အပ်သည့်နည်းလမ်းမှလွဲ၍ ကျန်ပြဋ္ဌာန်းချက်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌနှင့် သက်ဆိုင်စေရမည်၊
(ဇ) သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဥက္ကဋ္ဌနှင့် ဦးစီးအဖွဲ့ဝင်များသည် –

(၁) သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွင်းနေထိုင်ကြသည့် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိပြီးသော တိုင်းရင်းသားလူမျိုးများမှအပ ကျန်တိုင်းရင်းသားလူမျိုးများအနက် လျော်ကန်သင့်မြတ်သောလူဦးရေဖြစ်သည့် လူဦးရေအနည်းဆုံး ၁၀၀၀၀ နှင့်အထက်ရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်သည့် တိုင်းရင်းသားလူမျိုးများရှိလျှင် ယင်းတိုင်းရင်းသားလူမျိုးကိုယ်စားလှယ်
တစ်ဦးကျစီကို ဦးစီးအဖွဲ့ဝင်အဖြစ် ရွေးချယ်ခန့်ထားရမည်။ ယင်းသို့ ရွေးချယ်ခန့်ထားခြင်းခံရသော ဦးစီးအဖွဲ့ဝင်သည် ပုဒ်မ ၁၆၉ ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံရမည်၊
(၂) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီးအဖွဲ့တွင် အဖွဲ့ဝင်ဦးရေ ၁၀ ဦး မပြည့်သေးပါက အဖွဲ့ဝင်ဦးရေ အနည်းဆုံး ၁၀ ဦး ပြည့်စေရန် လိုအပ်သည့်အဖွဲ့ဝင် ဦးရေကို သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နေထိုင်သူများထဲမှ ပုဒ်မ၁၆၉ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ အတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသော သင့်လျော်သည့် ပုဂ္ဂိုလ်များအား မိမိတို့သဘောဆန္ဒအလျောက် ရွေးချယ် ဖြည့်စွက်ခန့်ထားရမည်။

(ဈ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီး အဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တို့တွင် ဦးစီးအဖွဲ့ဝင်စုစုပေါင်း၏ လေးပုံတစ်ပုံဖြစ်သည့် ဦးစီးအဖွဲ့ဝင်ဦးရေကို တပ်မတော်သားများဖြင့် လိုအပ်သလိုဖြည့်စွက်တာဝန်ပေးနိုင်သည်၊
(ည) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့ဝင်များအဖြစ်တာဝန်ပေးအပ်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများသည်
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အချင်းများနှင့် ပြည့်စုံရမည်၊
(ဋ)

(၁) သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌသည် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များ၏ အမည်စာရင်းကို ကြေညာရမည်၊
(၂) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အားလည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးချုပ်မှ တစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်၊
(၃) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များသည် ယင်းတို့၏ဥက္ကဋ္ဌအား တာဝန်ခံရမည်၊
(၄) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့နှင့်ပတ်သက်၍ ရာထူးသက်တမ်း သတ်မှတ်ခြင်း၊ အရေးယူခြင်း၊ ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှ ရပ်စဲခြင်း၊ လစ်လပ်ရာထူးနေရာများတွင် ဖြည့်စွက်ခန့်ထားခြင်းတို့ အတွက် ဥပဒေပြဋ္ဌာန်းသတ်မှတ်ပေးရမည်။

(ဌ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌနှင့် ဦးစီးအဖွဲ့ဝင်တို့၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို ဥပဒေ ပြဋ္ဌာန်းသတ်မှတ်ပေးရမည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ များ၏ အုပ်ချုပ်မှုအခွင့်အာဏာ

၂၇၇။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်လျှင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ ကိုယ်ပိုင်အုပ်ချုပ်မှု အာဏာသည် အောက်ပါကိစ္စရပ်များသို့ သက်ရောက်ပျံ့နှံ့သည် –

(က) ဇယား ၃ ပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က ဥပဒေပြုခွင့်ရှိသည့် ကိစ္စရပ်များ၊
( ခ ) ပြည်ထောင်စုလွှတ်တော်ကပြဋ္ဌာန်းသည့် ဥပဒေတစ်ရပ်ရပ်အရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့အား ဆောင်ရွက်ခွင့်ပြုသည့်ကိစ္စရပ်များ၊
(ဂ) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေတစ်ရပ်ရပ်အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့အား ဆောင်ရွက်ခွင့်ပြုသည့်ကိစ္စရပ်များ။

၂၇၈။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့သည် ပြည်ထောင်စုအစိုးရက နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ကူညီရန်တာဝန်ရှိသည်။
၂၇၉။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့သည် –

(က) ပြည်ထောင်စုအစိုးရ၏ မူဝါဒများနှင့်မဆန့်ကျင်စေဘဲ မိမိနယ်မြေဒေသအတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လုပ်ငန်းအစီအစဉ်များကိုရေးဆွဲလျက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ်
ပြည်နယ်အစိုးရနှင့် ညှိနှိုင်းထားရှိရမည်၊
(ခ) နှစ်စဉ်အရအသုံး ခန့်မှန်းခြေငွေစာရင်းကိုရေးဆွဲလျက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရနှင့်ညှိနှိုင်း၍ သဘောတူညီချက်ရယူရမည်၊
(ဂ) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာဥပဒေပါ မိမိနှင့်သက်ဆိုင်သည့်ခွင့်ပြုဘဏ္ဍာငွေကို သတ်မှတ်ထားသည့် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ သုံးစွဲခွင့်ရှိသည်၊
(ဃ) ဘဏ္ဍာရေးနှစ်မကုန်ဆုံးမီ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်က ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို ပြဋ္ဌာန်းခြင်းမပြုနိုင်သဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရထံမှ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာခွင့်ပြုချက်ကို အချိန်မီမရရှိပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က နောက်ဆုံးပြဋ္ဌာန်းထားသည့် ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေပါခွင့်ပြုထားသည့် သာမန်အသုံးစရိတ်ဘောင်အတွင်း သုံးစွဲခွင့် ရှိသည်။

၂၈၀။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် မိမိနယ်မြေဒေသအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဥပဒေနှင့်အညီ ကြီးကြပ်ခြင်း၊ ပေါင်းစပ် ညှိနှိုင်းခြင်းပြုနိုင်သည်။
၂၈၁။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် မိမိနယ်မြေဒေသ၏ အခြေအနေအရပ်ရပ်နှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရထံသို့ တင်ပြရမည်။

၂၈၂။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့သည် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရက အခါအားလျော်စွာ ပေးအပ်လာသည့်လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံး

၂၈၃။ သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအကြီးအမှူးသည် ရာထူးအလျောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရမည်။ ထို့ပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသည် သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံးလည်း ဖြစ်သည်။

ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်အုပ်ချုပ်ရေး

၂၈၄။ (က) ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာသက်ရောက်သည့်နေ့၌ တည်ရှိနေသော နေပြည်တော်စည်ပင် သာယာရေးနယ်နိမိတ်အတွင်းရှိ ခရိုင်နှင့်မြို့နယ်များ အားလုံးပါဝင်သည်၊
(ခ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်အတွင်းရှိ ခရိုင်နှင့်မြို့နယ်များကို လိုအပ်သလို ပြင်ဆင်သတ်မှတ်နိုင်သည်။

နေပြည်တော်ကောင်စီ ဖွဲ့စည်းခြင်း

၂၈၅။

(က) နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များသည် အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံရမည် –

(၁) အသက် ၃၅ နှစ် ပြည့်ပြီးသူ၊
(၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူ၊
(၃) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက် များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊
(၄) နိုင်ငံတော်သမ္မတက သတ်မှတ်သော အခြားအရည်အချင်းများနှင့် လည်း ပြည့်စုံသူ။

( ခ ) နိုင်ငံတော်သမ္မတသည် –

(၁) နေပြည်တော်ကောင်စီတစ်ရပ်ကို ဖွဲ့စည်းထားရှိရမည်၊
(၂) ပုဒ်မခွဲ (က) တွင် ဖော်ပြသတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသည့်ပုဂ္ဂိုလ်များကို နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင် များအဖြစ် ခန့်အပ်တာဝန်ပေးရမည်၊
(၃) ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းပေါင်းစပ်ပေးနိုင်ရေးအတွက် ကောင်စီဝင် သို့မဟုတ် ကောင်စီဝင်များအဖြစ် တာဝန်ပေးအပ်နိုင်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံမှ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသည့် သင့်လျော်သော တပ်မတော်သား သို့မဟုတ် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်၊
(၄) နေပြည်တော်ကောင်စီတွင် ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်ဦးရေကို ဥပဒေနှင့်အညီ လိုအပ်သလိုသတ်မှတ်နိုင်သည်။

(ဂ) နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတအား လည်းကောင်း၊ ကောင်စီဝင်များသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌမှတစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်၊
(ဃ) နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်တစ်ဦးဦးသည် လွှတ်တော် တစ်ရပ်ရပ်၏ ကိုယ်စားလှယ်ဖြစ်လျှင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ သို့မဟုတ် ကောင်စီဝင်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ လွှတ်တော်
ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်၊
(င) နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များသည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ သို့မဟုတ် ကောင်စီဝင်အဖြစ် ခန့်အပ်တာဝန် ပေးခြင်းခံရသည့်နေ့မှစ၍ တည်ဆဲဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ
နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီး သို့မဟုတ် နုတ်ထွက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်၊
(စ) နေပြည်တော်၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းပေးနိုင်ရေး အတွက် ခန့်အပ်တာဝန်ပေးခြင်းခံရသည့် တပ်မတော်သားနေပြည်တော် ကောင်စီဝင် သို့မဟုတ် ကောင်စီဝင်များသည် တပ်မတော်မှနုတ်ထွက်ရန် သို့မဟုတ် အငြိမ်းစားယူရန်မလို၊
(ဆ) နေပြည်တော်ကောင်စီဥက္ကဋ္ဌ သို့မဟုတ် ကောင်စီဝင်တစ်ဦးဦးသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ သို့မဟုတ် ကောင်စီဝင်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်းခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ။

နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၏ ရာထူးသက်တမ်း၊ ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်းနှင့် လစ်လပ်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထား ခြင်း

၂၈၆။

(က)

(၁) နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်တို့၏ ရာထူးသက်တမ်း သည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်း အတိုင်း ဖြစ်သည်၊
(၂) နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်တစ်ဦးဦးသည် ရာထူး သက်တမ်းမကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့် မိမိသဘောဆန္ဒ အလျောက် ရာထူးမှနုတ်ထွက်လိုလျှင် ထိုသို့နုတ်ထွက်လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှနုတ်ထွက်နိုင်သည်၊
(၃) နိုင်ငံတော်သမ္မတသည် –

(ကက) ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာမထမ်းဆောင်နိုင်သော နေပြည်တော်ကောင်စီဥက္ကဋ္ဌ သို့မဟုတ် ကောင်စီဝင်
တစ်ဦးဦးအား ရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်းမပြုလျှင် တာဝန်မှ ရပ်စဲရမည်၊
(ခခ) ရာထူးမှနုတ်ထွက်ရမည့် သို့မဟုတ် တာဝန်မှရပ်စဲခံရမည့် တပ်မတော်သားနေပြည်တော်ကောင်စီဝင်နှင့် ပတ်သက်လျှင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက် ရမည်။

(၄) ရာထူးမှနုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှရပ်စဲခံရခြင်းကြောင့် ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်း တစ်ခုခု ကြောင့်ဖြစ်စေ နေပြည်တော်ကောင်စီဥက္ကဋ္ဌ သို့မဟုတ် ကောင်စီဝင် ရာထူးနေရာလစ်လပ်ပါက နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ နေပြည်တော်ကောင်စီဥက္ကဋ္ဌအသစ်
သို့မဟုတ် ကောင်စီဝင်အသစ်အား ခန့်အပ်တာဝန်ပေးနိုင်သည်။ ထိုသို့ ခန့်အပ်တာဝန်ပေးခြင်းခံရသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ အသစ် သို့မဟုတ် ကောင်စီဝင်အသစ်၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ကျန်ရှိသည့်ရာထူးသက်တမ်းအတွက်သာ ဖြစ်စေ ရမည်။

(ခ) နေပြည်တော်ကောင်စီ ဖွဲ့စည်းခြင်း၊ ဥက္ကဋ္ဌနှင့်ကောင်စီဝင်များ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။

နေပြည်တော်ကောင်စီရုံး

၂၈၇။ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏အကြီးအမှူးသည် ရာထူးအလျောက် နေပြည်တော်ကောင်စီအတွင်းရေးမှူးဖြစ်သည်။ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနသည် နေပြည်တော်ကောင်စီရုံး ဖြစ်သည်။

ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေး

၂၈၈။ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့၏အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေး ဆောင်ရွက်စေရမည်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး

၂၈၉။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏အုပ်ချုပ်ရေးကို ရပ်ရွာကကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေးဆောင်ရွက်စေရမည်။

နိုင်ငံ့ဝန်ထမ်း

၂၉၀။ နိုင်ငံ့ဝန်ထမ်းများ ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ အငြိမ်းစားယူခြင်း၊ စည်းကမ်း ထိန်းသိမ်းခြင်း၊ အမှုထမ်းစည်းကမ်းသတ်မှတ်ခြင်းနှင့် အရေးယူခြင်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။
၂၉၁။ နိုင်ငံ့ဝန်ထမ်းဖြစ်သည့် တပ်မတော်သားများ၏ လုပ်ငန်းသဘာ၀သည် ထူးခြားမှုရှိသည့် အလျောက် တပ်မတော်သားများအတွက် တပ်မတော်ဆိုင်ရာဥပဒေများနှင့်အညီ ဆောင်ရွက် ရမည်။
၂၉၂။ နိုင်ငံ့ဝန်ထမ်းဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ ထူးခြားသည့်လုပ်ငန်းသဘာ၀အရ ယင်းတို့နှင့်ပတ်သက်၍ သီးခြားဥပဒေ ပြဋ္ဌာန်းဆောင်ရွက်ရမည်။

 

 
 


 
 

အခြားစိတ်ဝင်စားစရာများ။