အခန်း (၁၀)
နိုင်ငံရေးပါတီများ များဖွဲ့စည်းခြင်း

၄၀၄။ နိုင်ငံရေးပါတီတစ်ရပ်သည် –

(က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ဦးတည်ချက်ထားရှိရမည်၊
(ခ) နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေရမည်။

၄၀၅။ နိုင်ငံရေးပါတီတစ်ရပ်သည် –

(က) စစ်မှန်၍စည်းကမ်းပြည့်၀သော ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးရမည်၊
(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည်၊
(ဂ) နိုင်ငံရေးပါတီအဖြစ် ဥပဒေနှင့်အညီ ဖွဲ့စည်းမှတ်ပုံတင်ထားရမည်။

၄၀၆။ နိုင်ငံရေးပါတီတစ်ရပ်သည် နိုင်ငံတော်အတွင်း ဥပဒေနှင့်အညီ –

(က) လွတ်လပ်စွာစည်းရုံးခွင့်ရှိသည်၊
(ခ) ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။

နိုင်ငံရေးပါတီများ ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိခြင်း

၄၀၇။ နိုင်ငံရေးပါတီတစ်ရပ်ရပ်သည် အောက်ပါအကြောင်းတစ်ခုခုနှင့် ငြိစွန်းလျှင် ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိစေရ –

(က) တည်ဆဲဥပဒေအရ မတရားအသင်းအဖြစ် ကြေညာခံရခြင်း၊
(ခ) နိုင်ငံတော်အား လက်နက်စွဲကိုင်၍ တော်လှန်ပုန်ကန်နေသော သောင်းကျန်းသူ အဖွဲ့အစည်း သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သောအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ် မတရားအသင်းအဖြစ် ကြေညာခံထားရသော အဖွဲ့အစည်းနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း၊
(ဂ) နိုင်ငံခြားတိုင်းပြည်တစ်ခုခုမှ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေရယူသုံးစွဲခြင်း၊
(ဃ) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုခြင်း။

၄၀၈။ နိုင်ငံရေးပါတီတစ်ရပ်ရပ်သည် ပုဒ်မ ၄၀၇ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်း မှတ်ပုံတင်ခွင့်ပေးနိုင်သော အဖွဲ့အစည်းကတွေ့ရှိလျှင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကိုပယ်ဖျက်ရမည်။
၄၀၉။ ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံရေးပါတီများနှင့်စပ်လျဉ်းသည့် လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းရမည်။

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။