2014-03-12 – ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေ
(၂ဝ၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉ ။)
၁၃၇၅ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်
(၂ဝ၁၄ ခုနှစ်၊ မတ်လ ၁၂ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ ဖြိုးရေးရန်ပုံငွေဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည် –

(က) ဖွံ့ဖြိုးရေးလုပ်ငန်း ဆိုသည်မှာ မြို့နယ်ကို အခြေခံ၍ ခွဲဝေသတ်မှတ်သည့်ပြည်ထောင်စု၏ထောက်ပံ့ငွေဖြင့် သက်ဆိုင်ရာ မြို့နယ်အတွင်းလွှတ်တော် ကိုယ်စားလှယ်များက အကောင်အထည်ဖော်ဆောင်ရွက်သည့်ဖွံ့ ဖြိုးရေး လုပ်ငန်းကိုဆိုသည်။

(ခ) ဗဟိုကော်မတီ ဆိုသည်မှာ ဖွံ့ ဖြိုးရေးလုပ်ငန်းအတွက် ရန်ပုံငွေလျာထားခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းတို့နှင့် စပ်လျဉ်း၍ ဆောင်ရွက်ရန်ပြည်ထောင်စုလွှတ်တော်က ဤဥပဒေအရ ဖွဲ့စည်းသောကော်မတီကိုဆိုသည်။

(ဂ) လွှတ်တော်ကိုယ်စားလှယ် ဆိုသည်မှာ ဖွံ့ ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မည့်သက်ဆိုင်ရာ မြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့ကို ဆိုသည်။

(ဃ) မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ ဆိုသည်မှာသက်ဆိုင်ရာ မြို့နယ်တွင် ဖွံ့ ဖြိုးရေးလုပ်ငန်းများ အကောငအ် ထည်ဖော်ဆောင်ရွက်ရာ၌ တာဝန်ခံ ကြီးကြပ်ရန် ပုဒ်မ ၈ အရ ဖွဲ့စည်းသောအဖွဲ့ကိုဆိုသည်။

(င) ဘဏ္ဍာရေးကော်မရှင် ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတက ဖွဲ့စည်းတာဝန်ပေးအပ်သည့် ဘဏ္ဍာရေးကော်မရှင်ကို ဆိုသည်။

(စ) ဖွံ့ဖြိုးရေးရန်ပုံငွေ ဆိုသည်မှာ ဖွံ့ ဖြိုးရေး လုပ်ငန်းများအတွက်ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားသော ထောက်ပံ့ငွေကို ဆိုသည်။

(ဆ) ဖွံ့ဖြိုးရေးရန်ပုံငွေ နှစ်စဉ်လျာထားချက် ဆိုသည်မှာ သက်ဆိုင်ရာ ဘဏ္ဍာနှစ်အလိုက် ပြည်ထောင်စုလွှတ်တော်ရုံးက ဘဏ္ဍာရေးကော်မရှင်သို့အရအသုံး ခန့်မှန်းခြေ ငွေစာရင်း၌ လျာထားခွင့်ပြုပေးရန် အဆိုပြုသည့်ထောက်ပံ့ငွေကို ဆိုသည်။

(ဇ) လုပ်ငန်းနှင့် စာရင်းစစ်ဆေးရေးဗဟိုအဖွဲ့ ဆိုသည်မှာ သက်ဆိုင်ရာမြို့နယ်၌ ဗဟိုကော်မတီက ခွင့်ပြုသည့် ဖွံ့ ဖြိုးရေးလုပ်ငန်းများအတွက်ရန်ပုံငွေခွဲဝေ သုံးစွဲရာတွင် ဗဟိုကော်မတီက သတ်မှတ်ထားသည့်စည်းကမ်းများနှင့် ကိုက်ညီမှု ရှိ မရှိ၊ လုပ်ငန်း၏ မူလရည်ရွယ်ချက်နှင့်ရည်မှန်းချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ၊ လုပ်ငန်းများနှင့် စာရင်းများကို စစ်ဆေးရေးအတွက် လည်းကောင်း၊ပြည်ထောင်စု
စာရင်းစစ်ချုပ်ရုံးက စစ်ဆေးနိုင်ရန် စီစဉ် ဆောင်ရွက်ထားရေးအတွက် လည်းကောင်း ဗဟိုကော်မတီက ဖွဲ့စည်းတာဝန် ပေးအပ်သည့်အဖွဲ့ကို ဆိုသည်။

(ဈ) မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဆိုသည်မှာနိုင်ငံတော်သမ္မတရုံး၏ ၂၆-၂-၂ဝ၁၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၂၇/၂ဝ၁၃) ဖြင့် ဖွဲ့စည်းသော မြို့နယ်ဖွံ့ ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီကို ဆိုသည်။

အခန်း(၂)
ရည်ရွယ်ချက်

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် –

(က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မြို့နယ်အားလုံးနှင့်ကျေးလက် ဒေသမကျန် နှစ်စဉ်ဖွံ့ ဖြိုး တိုးတက်လာစေရန် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယအ် လိုက် ဖွံ့ ဖြိုးရေးရန်ပုံငွေကိုနှစ်စဉ် ပြည်ထောင်စု
၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ခန့်မှန်းခြေငွေစာရင်း ရေးဆွဲရာတွင်ပါဝင်လာစေရန်၊

(ခ) မဲဆန္ဒနယ်မြေရှိ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်၊

(ဂ) ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရာတွင် အဓိက ဆောင်ရွက်ရမည့်လုပ်ငန်းငယ်များကို အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများက အကောင်အထည် ဖော်ဆောင်ရွက်ပေးနိုင်ရန်၊

(ဃ) ကျေးလက်ဒေသများ လျင်မြန်စွာဖွံ့ ဖြိုးတိုးတက်လာစေရေးအတွက်အထောက်အကူဖြစ်စေရန်၊

(င) မြို့နယ်အလိုက်သုံးစွဲရန် ခွင့်ပြုထားသော ထောက်ပံ့ငွေဖြင့် ဖွံ့ ဖြိုးရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ စနစ်တကျ ဆောင်ရွက်သည့် အလေ့အကျင့် ရရှိစေရန်။

အခန်း(၃)
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ နှစ်စဉ်လျာထားခွင့်ပြုခြင်း

၄။ ပြည်ထောင်စုလွှတ်တော်ရုံးသည် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဖွံ့ဖြိုးရေး
ရန်ပုံငွေကို နှစ်စဉ်လျာထားပြီး ဗဟိုကော်မတီသို့ တင်ပြရမည်။

၅။ ဗဟိုကော်မတီသည် ပြည်ထောင်စုလွှတ်တော်ရုံးက နှစ်စဉ်အဆိုပြုသည့် ဖွံ့ ဖြိုးရေးရန်ပုံငွေ လျာထားချက်
ကို သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ပြည်ထောင်စု၏ ထောက်ပံ့ငွေအဖြစ်ထည့်သွင်းခွင့်ပြုနိုင်ရန် ဘဏ္ဍာရေးကော်မရှင်နှင့် ညှိနှိုင်း ဆောင်ရွက်ရမည်။

အခန်း(၄)
ဖွံ့ဖြိုးရေးလုပ်ငန်းဗဟိုကော်မတီဖွဲ့ စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

၆။ ပြည်ထောင်စုလွှတ်တော်သည် ဗဟိုကော်မတီကို အောက်ပါပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းရမည်-

(က) နာယက၊ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ

(ခ) ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ

(ဂ) ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် အဖွဲ့ဝင်

(ဃ) ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် အဖွဲ့ဝင်

(င) ဥက္ကဋ္ဌ၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၊ ပြည်ထောင်စုလွှတ်တော်  အဖွဲ့ဝင်

(စ) ဥက္ကဋ္ဌ၊ စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၊ ပြည်ထောင်စုလွှတ်တော် အဖွဲ့ဝင်

(ဆ) အတွင်းရေးမှူး၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၊ ပြည်ထောင်စုလွှတ်တော်  အတွင်းရေးမှူး

(ဇ) အတွင်းရေးမှူး၊ စီမံကိန်းများနှင့်ဘဏ္ဍာရေးဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းကော်မတီ၊ ပြည်ထောင်စုလွှတ်တော်  တွဲဖက်အတွင်းရေးမှူး

၇။ ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ဖွံ့ ဖြိုးရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ မူဝါဒချမှတ်ခြင်း၊

(ခ) ဖွံ့ ဖြိုးရေးရန်ပုံငွေကို နှစ်စဉ်လျာထားသတ်မှတ်၍ ပြည်ထောင်စုဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲနိုင်ရန် ဘဏ္ဍာရေးကော်မရှင်နှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊

(ဂ) သက်ဆိုင်ရာ မြို့နယ် ဖွံ့ ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့က အဆိုပြုတင်ပြသော လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ပူးပေါင်း ကော်မတီများအား စိစစ်တင်ပြရန် လိုအပ်သလိုတာဝန်ပေးအပ်ခြင်း၊

(ဃ) ဖွံ့ ဖြိုးရေးရန်ပုံငွေကို မြို့နယ်အရွယ်အစားနှင့် ဖွံ့ ဖြိုးမှုအလိုက် စိစစ်ခွင့်ပြုခြင်း၊

(င) ဖွံ့ ဖြိုးရေးရန်ပုံငွေကို သုံးစွဲရန် စည်းကမ်းချက်များ သတ်မှတ်ခြင်း၊သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ သုံးစွဲစေခြင်း၊

(စ) လုပ်ငန်းနှင့် စာရင်းစစ်ဆေးရေးဗဟိုအဖွဲ့ကို သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် လိုအပ်သလို ဖွဲ့စည်းတာဝန် ပေးအပ်ခြင်း၊

(ဆ) မြို့နယ်များ၏ ဖွံ့ ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို စာရင်းချုပ်ပြုစု၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအစီရင်ခံခြင်း၊

(ဇ) ဖွံ့ ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်းသည့် ရုံးလုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုလွှတ်တော်ရုံးအား တာဝန် လွှဲအပ်ဆောင်ရွက်စေခြင်း။

အခန်း(၅)
မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့များဖွဲ့ စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

၈။ (က) မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည် –

(၁) လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဥက္ကဋ္ဌ

(၂) ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သောလွှတ်တော် ကိုယ်စားလှယ်မှအပ ကျန်လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့ဝင်များ

(၃) အမှုဆောင်အရာရှိ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ သို့မဟုတ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ  အဖွဲ့ဝင်

(၄) မြို့နယ်ဦးစီးမှူး၊ ကျေးလက်ဒေသ ဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန အဖွဲ့ဝင်

(၅) ဥက္ကဋ္ဌ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ အဖွဲ့ဝင်

(၆) မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန   အတွင်းရေးမှူး

(ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသောအဖွဲ့တွင် လိုအပ်ပါက အဖွဲ့ဝင်များထဲမှ ပုဂ္ဂိုလ်နှစ်ဦးကို ဒုတိယဥက္ကဋ္ဌနှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် ထည့်သွင်းဖွဲ့စည်းနိုင်သည်။

၉။ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါ အတိုင်းဖြစ်သည် –

(က) ဖွံ့ ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာ၌ ဒေသအတွက် အမှန်တကယ် လိုအပ်သည့် လုပ်ငန်းများကို ကုန်ကျစရိတ်မကြီးမြင့်စေဘဲ အလေးထားဆောင်ရွက်ခြင်းနှင့် ယင်းလုပ်ငန်းများကို ကြီးကြပ်ခြင်း၊

(ခ) ဖွံ့ ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာ၌ ဒေသခံပြည်သူများ၏ ပါဝင်ပူးပေါင်းဆောင်ရွက်မှုကို ရယူသည့် နည်းလမ်းအား အလေးထားအသုံးပြုခြင်း၊

(ဂ) ဖွံ့ ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာ၌ မြို့နယ်အတွင်းရှိ တိုင်းရင်းသား လူမျိုးများ၏ သဘောထား ကိုပါ ထည့်သွင်းစဉ်းစားနိုင်ရန် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများကို လိုအပ်ပါက အကြံဉာဏ်များ ရယူနိုင်ခြင်း၊

(ဃ) ဖွံ့ ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် ရုံးလုပ်ငန်းများကို စနစ်တကျ ရှိစေရေးအတွက် မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်း အကော်ထည်ဖော်ရေး အဖွဲ့၏ အတွင်းရေးမှူးအား တာဝန်ပေးအပ်ခြင်း၊

(င) မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီများနှင့်ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ဖွံ့ ဖြိုးရေးလုပ်ငန်းအလိုက် လုပ်ဆောင်မည့်ဌာန သို့မဟုတ် အဖွဲ့အစည်းသို့ လုပ်ငန်းအပ်နှံခြင်း၊

(စ) ကော်မတီ၏ ခွင့်ပြုချက်ဖြင့် လွှဲပြောင်းပေးပို့လာသောငွေကို သက်ဆိုင်ရာ မြို့နယ်ဘဏ်ခွဲများတွင် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေစာရင်း (အခြားစာရင်းရှင်) UFA (OA) အား ပြည်ထောင်စုလွှတ်တော်ရုံး၏ ဒေသ နယ်မြေများ ဖွံ့ ဖြိုးတိုးတက်ရေးရန်ပုံငွေအမည်ဖြင့် ဖွင့်လှစ်ပြီး ငွေထုတ်သူ အရာရှိအဖြစ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် အမှုဆောင်အရာရှိ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ သို့မဟုတ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့၏ အမည်စာရင်းနှင့် ငွေစာရင်းအမှတ်တို့ကို ကော်မတီသို့ပေးပို့ခြင်း၊

(ဆ) လုပ်ငန်းဆိုင်ရာ အချက်အလက်များ၊ မှတ်တမ်းအထောက်အထားများကိုစနစ်တကျ ထိန်းသိမ်း၍ စာရင်းဇယားများ ပြုစုခြင်းနှင့် ယင်းမှတ်တမ်းအထောက်အထားများနှင့် စာရင်းဇယားများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ထိန်းသိမ်းထားရှိခြင်း၊

(ဇ) ဗဟိုကော်မတီက အခါအားလျော်စွာ ထုတ်ပြန်သည့် အမိန့်၊ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်း။

အခန်း(၆)
လုပ်ငန်းနှင့် စာရင်းစစ်ဆေးမှုခံယူခြင်း

၁ဝ။ ပြည်ထောင်စု စာရင်းစစ်ချုပ်သည် ပြည်ထောင်စုလွှတ်တော် နာယကကအကြောင်းကြားသည့် အခါ ဖွံ့ ဖြိုးရေးလုပ်ငန်းများနှင့် စာရင်းများကို စစ်ဆေးပြီးစာရင်းစစ် အစီရင်ခံစာကို တင်ပြရမည်။

၁၁။ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့သည် ဖွံ့ ဖြိုးရေးလုပ်ငန်းနှင့် သက်ဆိုင်သော စာရင်းဇယားများ၊ မှတ်တမ်းများ၊ စာရင်း စစ်ဆေးချက်နှင့် အစီရင်ခံစာများကို ဗဟိုကော်မတီသို့ ပေးပို့တင်ပြရမည်။

အခန်း(၇)
မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ နှစ်စဉ်လျာထားသတ်မှတ်ခြင်း

၁၂။ ဖွံ့ ဖြိုးရေးလုပ်ငန်းများကို လျာထားသတ်မှတ်ရာ၌ ဒေသခံပြည်သူများ၏ ပါဝင်ပူးပေါင်းဆောင်ရွက်မှုကို ရယူနိုင်သည့် အောက်ပါလုပ်ငန်းများကို ဦးစားပေးလျာထားရမည် –

(က) သောက်သုံးရေ ရရှိရေးလုပ်ငန်းများ၊

(ခ) ကျေးလက်လမ်းများ၊ တံတားများ ပြုပြင်ဆောက်လုပ်ခြင်း လုပ်ငန်းများ၊

(ဂ) ပြည်သူလူထု၏ အမှန်တကယ် လိုအပ်နေသော အခြားလုပ်ငန်းများ။

၁၃။ မြို့နယ်ဖွံ့ ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့သည်ဖွံ့ ဖြိုးရေး လုပ်ငန်းများကို သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွင်း ပြီးပြတ်အောင် ဆောင်ရွက်ရမည် ဖြစ်ပြီး ဆောင်ရွက်နိုင်ခြင်း မရှိပါကပိုလျှံရန်ပုံငွေ များကို ပြန်လည် အပ်နှံရမည်။

အခန်း(၈)
အထွေထွေ

၁၄။ ဖွံ့ ဖြိုးရေးလုပ်ငန်းများ ဆောင်ရကွ ်ရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုပျက်ပြားစေရန်၊ ကိုးကွယ်မှုဘာသာအချင်းချင်း ပဋိပက္ခဖြစ်စေရန်၊ နိုင်ငံရေးပါတီများ အချင်းချင်း စိတ်ဝမ်းကွဲပြားစေရန်၊ ဒေသတွင်း နားလည် ချစ်ကြည်မှုကိုထိပါးစေရန် ဆောင်ရွက်ခြင်းမျိုးကို ရှောင်ကြဉ်ရမည်။

၁၅။ မည်သူမဆို ဖွံ့ ဖြိုးရေးရန်ပုံငွေကိုမရိုးမဖြောင့်သော သဘောဖြင့် ဆောင်ရွက်ခြင်းပြုလုပ်ပါက ပြစ်မှုဆိုင်ရာ ဥပဒေအရ အလွဲသုံးစားပြုမှု ကျူးလွန်သည်ဟု မှတ်ယူရမည်။

၁၆။ ဖွံ့ ဖြိုးရေးလုပ်ငန်းများ ဆောင်ရကွ်ရာတွင်အောက်ပါလုပ်ငန်းများကို လုပ်ကိုင်ခြင်းမပြုရ –

(က) အမျိုးသားစီမံကိန်းနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဒေသန္တရစီမံကိန်း လုပ်ငန်းများ၊

(ခ) အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ထိခိုက်စေသော လုပ်ငန်းများ။

၁၇။ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီသည် –

(က) လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ဆောင်ရွက်ချက်မှတ်တမ်းနှင့်ရန်ပုံငွေသုံးစွဲမှု စာရင်းဇယားတို့ကို အများပြည်သူသိရှိစေရန် သက်ဆိုင်ရာလုပ်ငန်းနေရာ၌ အမှတ်အသားဆိုင်းဘုတ်ဖြင့် ပြသထားရမည်။

(ခ) ဖွံ့ ဖြိုးရေးလုပ်ငန်း တစ်ခုချင်းစီအလိုက် ကုန်ကျစရိတ် တွက်ချက်တင်ပြရာတွင် အမှန်သုံးစွဲရသော အထွေထွေ ကုန်ကျစရိတ်ကိုသက်ဆိုင်ရာ လုပ်ငန်းတစ်ခုချင်းစီ အလိုက် ကုန်ကျစရိတ်၏သုံးရာခိုင်နှုန်းထက် မကျော်လွန်စေဘဲ ထည့်သွင်းတောင်းခံနိုင်သည်။

၁၈။ ပြည်ထောင်စုလွှတ်တော်ရုံးသည် –

(က) ဗဟိုကော်မတီနှင့် ယင်းကဖွဲ့ စည်း တာဝန်ပေးအပ်သော အဖွဲ့များ၏ကုန်ကျစရိတ်များကို ကျခံရမည်။

(ခ) ဗဟိုကော်မတီ၏ ရုံးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရမည်။

(ဂ) ဤဥပဒေပါ လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဝန်ထမ်းဖွဲ့စည်းပုံကိုတိုးချဲ့ဖွဲ့စည်းနိုင်ရန် လိုအပ်သလို ဆောင်ရွက်ရမည်။

၁၉။ (က) တည်ဆဲဥပဒေများတွင် မည်သို့ပင်ပါရှိစေကာမူ ဖွံ့ ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဤဥပဒေအရသာ လိုက်နာဆောင်ရွက်ရမည်။

(ခ) ဤဥပဒေ မထုတ်ပြန်မီ ဖွံ့ ဖြိုးရေးလုပ်ငန်းနှင့် သက်ဆိုင်သည့်လုပ်ငန်းဆောင်ရွက်ချက်များသည် ဤဥပဒေနှင့်အညီ ဆောင်ရွက်သည်ဟုမှတ်ယူရမည်။

(ဂ) ပြည်ထောင်စုလွှတ်တော်ရုံးက ဖွံ့ ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာ များသည် ဤဥပဒေပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သရွှေ့ ဆက်လက် ကျင့်သုံးနိုင်သည်။

၂ဝ။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်ဗဟိုကော်မတီသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။