၂ဝ၁၄ ခုနှစ်၊ မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ
(၂ဝ၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၁။)
၁၃၇၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက်
(၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း (၁)
အမည်၊ သက်ဆိုင်ခြင်းနှင့ ် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို ၂ဝ၁၃ ခုနှစ်၊ မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေသည် အထူးစီးပွားရေးဇုန် အားလုံးနှင့်သက်ဆိုင်စေရမည်။

၃။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကိုဆိုသည်။
(ခ) ပြည်ထောင်စုအစိုးရအဖွ့ ဲ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စု အစိုးရအဖွဲ့ကို ဆိုသည်။
(ဂ) အထူးစီးပွားရေးဇုန် ဆိုသည်မှာ ဗဟိုအဖွဲ့က ဤဥပဒေအရ အမိန့်ကြော်ငြာစာထုတ်ပြန်၍ အထူးစီးပွားရေးဇုန်အဖြစ် နယ်နိမိတ်ပိုင်းခြား သတ်မှတ်တည်ထောင်သည့် ဇုန်ကို ဆိုသည်။
(ဃ) အခြေခံအဆောက်အအုံများ ဆိုသည်မှာ အထူးစီးပွားရေးဇုန်နှင့်ဆက်စပ်သည့်လျှပ်စစ်ဓာတ်အား ပေးဝေရေး၊ ရေပေးဝေရေး၊ ရေဆိုးသန့်စင်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကားလမ်း၊ ရထားလမ်း၊ ဆိပ်ကမ်း၊ လေဆိပ်၊ ဆက်သွယ်ရေးကွန်ရက်စသည့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အခြေခံလိုအပ်ချက်များနှင့် ကွန်ပျူတာအစီအစဉ်များ၊ လုပ်ငန်းများ လွယ်ကူထိရောက် စေရေးအတွက် ဆောင်ရွက်ပေးနိုင်သည့် စီမံခန့်ခွဲမှုဆိုင်ရာ အစီအစဉ်များစသည့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာမဟုတ်သည့် အခြေခံ လိုအပ်ချက်များကို ဆိုသည်။
(င) ရင်းနှီးတည်ဆောက်သူ ဆိုသည်မှာ အထူးစီးပွားရေးဇုန် ထူထောင်တည်ဆောက်သည့် လုပ်ငန်း၊ အထူးစီးပွားရေးဇုန်အတွင်း အခြေခံ အဆောက်အအုံများတည်ဆောက်သည့် လုပ်ငန်းနှင့် လုပ်ငန်းလည်ပတ်ခြင်း သို့မဟုတ် မွမ်းမံထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းများကို ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိစ္စရပ်တစ်ခုချင်းအလိုက် တာဝန်ယူဆောင်ရွက်ရန် သက်ဆိုင်ရာ စီမံခန့်ခွဲမှုကာ်မတီ၏ ခွင့်ပြုချက်အရ ဆောင်ရွက်သည့် ကုမ္ပဏီ၊ ပုဂ္ဂိုလ် သို့မဟုတ်အဖွဲ့အစည်းကို ဆိုသည်။
(စ) ရင်းနှီးမြှုပ်နှံသူ ဆိုသည်မှာ အထူးစီးပွားရေးဇုန်အတွင်း သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ခွင့်ပြုသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကို ကိစ္စရပ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သည့် နိုင်ငံသားကို သော်လည်းကောင်း၊ နိုင်ငံခြားသားကို သော်လည်းကောင်း၊ ဖက်စပ်လုပ်ငန်း ထူထောင်သည့် နိုင်ငံသားနှင့်နိုင်ငံခြားသား တို့ကို လည်းကောင်း ဆိုသည်။
(ဆ) နိုင်ငံသား ဆိုရာတွင် ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူတို့လည်း ပါဝင်သည်။ဤဥပဒေအလို့ငှာ ယင်းစကားရပ်တွင် နိုင်ငံသားများဖြင့်သာ ဖွဲ့စည်းထားသောစီးပွားရေး အဖွဲ့ အစည်းလည်း ပါဝင်သည်။
(ဇ) နိုင်ငံခြားသား ဆိုသည်မှာ နိုင်ငံသား မဟုတ်သူကို ဆိုသည်။ ဤဥပဒေအလို့ငှာယင်းစကားရပ်တွင် နိုင်ငံခြားသားများ ပါဝင်ဖွ့စဲ ည်းထားသော စီးပွားရေး အဖွဲ့အစည်းလည်း ပါဝင်သည်။
(ဈ) ကင်းလွတ်ဇုန် ဆိုသည်မှာ အထူးစီးပွားရေးဇုန်အတွင်း တည်ရှိသည်ကုန်စည်များ၊ ယင်းဇုန်အတွင်းသို့ တင်သွင်းသည့် ကုန်စည်များနှင့်စပ်လျဉ်း၍အကောက်ခွန်နှင့် အခြား အခွန်အခများ ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ရှိပြီးသက်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီနှင့် အကောက်ခွန်ဦးစီးဌာနတို့ ညှိနှိုင်းသတ်မှတ်သည့် နိုင်ငံတော်၏ ပြင်ပတွင်ရှိသည်ဟု မှတ်ယူရမည့် နယ်မြေကိုဆိုသည်။ ယင်းစကားရပ်တွင် ကင်းလွတ်ဇုန်လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုနယ်မြေ၊ သယ်ယူထောက်ပံ့ ပို့ဆောင်ရေး လုပ်ငန်းများ နေရာနှင့် အပြည်ပြည်ဆိုင်ရာ လက်ကား ရောင်းဝယ်ဖောက်ကားသည့် နေရာတို့လည်း ပါဝင်သည်။
(ည) လုပ်ငန်းမြှင့်တင်ရေးဇုန် ဆိုသည်မှာ အထူးစီးပွားရေးဇုန်အတွင်း တည်ရှိသည့်ပြည်တွင်း အကောက်ခွန်နယ်မြေနှင့် ကင်းလွတ်ဇုန်လုပ်ငန်း မဟုတ်သော အခြားလုပ်ငန်းများကို ဆိုသည်။
(ဋ) ကင်းလွတ်ဇုန်လုပ်ငန်း ဆိုသည်မှာ ကင်းလွတ်ဇုန် သို့မဟုတ် လုပ်ငန်းမြှင့်တင်ရေး ဇုန်ဟူ၍ သီးခြားသတ်မှတ်ခြင်းမရှိသည့် အထူးစီးပွားရေးဇုန် အတွင်းတည်ရှိပြီး ကင်းလွတ်ဇုန်အတွင်းရှိ စက်ရုံလုပ်ငန်းများနည်းတူ ခံစားခွင့်များရရှိသည့် ပို့ကုန် အခြေပြု လုပ်ငန်းနှင့် ကင်းလွတ်ဇုန်အတွင်းရှိ လုပ်ငန်းများကိုဆိုသည်။
(ဌ) အခြားလုပ်ငန်း ဆိုသည်မှာ ကင်းလွတ်ဇုန် သို့မဟုတ် လုပ်ငန်းမြှင့်တင်ရေးဇုန်ဟူ၍ သီးခြားသတ်မှတ်ခြင်း မရှိသည့် အထူးစီးပွားရေးဇုန်အတွင်း တည်ရှိပြီးလုပ်ငန်း မြှင့်တင်ရေး ဇုန်အတွင်းရှိ စက်ရုံလုပ်ငန်း နည်းတူ ခံစားခွင့်များရရှိသည့်လုပ်ငန်းနှင့် လုပ်ငန်းမြှင့်တင်ရေး ဇုန်အတွင်းရှိ လုပ်ငန်းများကို ဆိုသည်။
(ဍ) အခြားဇုန် ဆိုသည်မှာ အဆင့်မြင့်နည်းပညာစက်မှုဇုန်၊ သတင်းအချက်အလက်နှင့် နည်းပညာဇုန်၊ ပို့ကုန်ပစ္စည်းထုတ်လုပ်မှုဇုန်၊ ဆိပ်ကမ်းနယ်မြေဇုန်၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေးဇုန်၊ သိပ္ပံနှင့်နည်းပညာသုတေသန ဖွံ့ဖြိုးတိုးတက်ရေးဇုန်၊ ဝန်ဆောင်မှု လုပ်ငန်းဇုန်၊ တစ်ဆင့်ခံ ကုန်သွယ်မှုဇုန်များမှ အပပြည်ထောင်စု အစိုးရအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သည့် ဇုန်များကိုဆိုသည်။
(ဎ) ဗဟိုအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က ဤဥပဒေအရ ဖွဲ့စည်းသောမြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ကိုဆိုသည်။
(ဏ) ဗဟိုလုပ်ငန်းအဖွ့ ဲ ဆိုသည်မှာ ဗဟိုအဖွဲ့က ဤဥပဒေအရဖွဲ့စည်းသောမြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ကိုဆိုသည်။
(တ) စီမံခန့်ခွဲမှုကော်မတီ ဆိုသည်မှာ သက်ဆိုင်ရာ အထူးစီးပွားရေးဇုန်တွင်စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေးနှင့် ကြီးကြပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန်ဤဥပဒေအရ ဖွ့စဲ ည်းသော အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီကိုဆိုသည်။
(ထ) တာဝန်ခံဝန်ကြီးဌာန ဆိုသည်မှာ ဤဥပဒေအရ လိုအပ်သောလုပ်ငန်း တာဝန်များကို တာဝန်ခံ အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့က သတ်မှတ်သည့် ပြည်ထောင်စုဝန်ကြီးဌာနကို ဆိုသည်။
(ဒ) အခြေပစ္စည်း ဆိုသည်မှာ မြေ၊ အဆောက်အအုံ၊ ယာဉ်၊ လုပ်ငန်းဆိုင်ရာ မတည်ပစ္စည်း၊ အစုရှယ်ယာ၊ ကတိဝန်ခံစာချုပ်တို့နှင့် ယင်းတို့ကဲ့သို့သော အလားတူစာချုပ်စာတမ်းများကို ဆိုသည်။
(ဓ) အခြေပစ္စည်းမှမြတ်စွန်းငွေ ဆိုသည်မှာ အခြေပစ္စည်းကို ရောင်းချခြင်း၊ပေါင်နှံခြင်း၊ လဲလှယ်ခြင်းနှင့် ငှားရမ်းခြင်းတို့ပြုလုပ်၍ ရရှိသော မြတ်စွန်းငွေကိုဆိုသည်။

အခန်း (၂)
ရည်ရွယ်ချက်များ

၄။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၏ အဓိက ရည်မှန်းချက်များကိုအထောက်အကူပြုရန်၊
(ခ) ပြည်သူအများ အလုပ်အကိုင် ရရှိစေရန်၊ ယင်းတို့၏ လူနေမှုအဆင့်အတန်းမြင့်မားစေရန်၊ ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားပြီး ပြည်ပပို့ကုန် တိုးတက်စေရန်နှင့် နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိစေရန်၊
(ဂ) နိုင်ငံတော်အတွင်း စက်မှုကဏ္ဍ၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားပေးခြင်း၊ မြှင့်တင်ခြင်းနှင့် ဆွဲဆောင်ခြင်းတို့ကိုဆောင်ရွက်ရန်၊
(ဃ) နိုင်ငံတော်နှင့် အခြားနိုင်ငံများအကြား စက်မှုလုပ်ငန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုနှင့် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်နှင့် နိုင်ငံသားများအား အသက်မွေးဝမ်းကျောင်း ပညာသင်ကြားနိုင်မည့် အခွင့်အလမ်းများ ရရှိစေရန်၊
(င) ရင်းနှီးတည်ဆောက်သူနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အခြေခံကောင်းများတည်ဆောက်ခြင်းဖြင့် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို အားပေးခြင်းနှင့်ဆွဲဆောင်ခြင်းပြုရန်၊
(စ) အထူးစီးပွားရေးဇုန်တွင် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရန်နှင့်အလုပ်အကိုင်သစ်များ ဖန်တီးပေးပြီး အထူးစီးပွားရေးဇုန် အတွင်းနှင့်ပတ်ဝန်းကျင်ရှိ စက်မှုလုပ်ငန်းများအကြား ရှေ့နောက် ချိတ်ဆက်ဆောင်ရွက်မှုများ ဖြစ်ပေါ် လာစေရန်။

အခန်း (၃)
ဗဟိုအဖွဲ့ ဖွဲ့စညး်ခြင်းနှင့် လုပ်ငန်းတာဝန်များ

၅။ ပြည်ထောင်စုအစိုးရအဖွဲ့သည်-
(က) အထူးစီးပွားရေးဇုန် တည်ထောင်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ဤဥပဒေပါလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် သင့်လျော်သော ပုဂ္ဂိုလ်တစ်ဦးကို ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန၊ အစိုးရဌာန၊အစိုးရ အဖွဲ့အစည်းများမှ သင့်လျော်သော ပုဂ္ဂိုလ်များကို အဖွဲ့ဝင်များအဖြစ်လည်းကောင်း ပါဝင်စေလျက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ကိုဖွဲ့စည်းရမည်။
(ခ) ပုဒ်မခွဲ (က)အရ ဖွ့စဲ ည်းသော ဗဟိုအဖွဲ့ကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။
(ဂ) ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးရမည်။

၆။ ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အထူးစီးပွားရေးဇုန်များ အောင်မြင်စွာအကောင်အထည်ဖော် နိုင်ရေးအတွက် မူဝါဒ ချမှတ်ခြင်းနှင့် လိုအပ်သလိုညွှန်ကြားခြင်း၊
(ခ) နိုင်ငံတော်အတွင်း ရွေးချယ်သတ်မှတ်ထားသည့် နေရာဒေသများအား အထူးအဆင့်မြင့် စက်မှုလုပ်ငန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ဝန်ဆောင်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးကို အခြေခံသောစက်မှုလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ ငွေရေးကြေးရေး ဗဟိုဌာနနှင့် ပြည်ပပို့ရန်ဦးတည်သော စက်မှုလုပ်ငန်းဗဟိုဌာနများအဖြစ် ပြောင်းလဲထူထောင်ခြင်း၊
(ဂ)အထူးစီးပွားရေးဇုန် တည်ထောင်ရေးအတွက် အဆိုပြုချက်၊ သင့်လျော်သည့်နေရာ၊ လိုအပ်သည့်နယ်မြေဧရိယာ၊ အကျယ်အဝန်းနှင့် နယ်နိမိတ် ပိုင်းခြားသတ်မှတ်ချက်တို့ကို သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၏သဘောထားရယူ စိစစ်ပြီး ပြည်ထောင်စုအစိုးရအဖွ့သဲ ို့ တင်ပြ၍ သဘောတူညီချက် ရယူခြင်း၊
(ဃ) ဗဟိုလုပ်ငန်းအဖွဲ့များနှင့် စီမံခန့်ခွဲမှုကော်မတီများကို ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ဖွ့စဲ ည်းခြင်းနှင့် ယင်းတို့၏ လုပ်ငန်းတာဝန်များကိုသတ်မှတ်ခြင်း၊
(င) အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးတို့အတွက် စီမံကိန်းနှင့်အစီအစဉ်များ ချမှတ်ခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် စောင့်ကြည့်ကြပ်မတ်ခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် မူဘောင်များ သတ်မှတ်ခြင်း၊
(စ) စီမံခန့်ခွဲမှုကော်မတီက တင်ပြသည့် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို စိစစ်၍ အတည်ပြုချက်ပေးခြင်း၊
(ဆ) အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုးပမာဏနှင့် လုပ်ငန်းအမျိုးအစားကို သတ်မှတ်နိုင်ခြင်း၊
(ဇ) စီမံခန့်ခွဲမှုကော်မတီများ၏ လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲခြင်း၊ အခါအားလျော်စွာ စစ်ဆေးခြင်းနှင့် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများနှင့်ဆက်သွယ် ညှိနှိုင်းပေးခြင်း၊
(ဈ) ဤဥပဒေအရ စည်းကြပ်ကောက်ခံရမည့် အခွန်အခများ၊ မြေငှားရမ်းခနှင့် မြေအသုံးပြုခများကို ပြည်ထောင်စုအစိုးရအဖွ့၏ဲ သဘောတူညီချက်ဖြင့် သတ်မှတ်ခြင်း၊ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ပေးခြင်း၊
(ည) နိုင်ငံတော်တစ်ဝန်းလုံး ဖွံ့ဖြိုးတိုးတက်ရန်အလို့ငှာ ဤဥပဒေတွင် ပြဋ္ဌာန်းထားသည့် အခွန်ကင်းလွတ်ခွင့်နှင့် အခွန်သက်သာခွင့် ကာလများထက် ပိုမိုသည့်ကာလကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် တိုးမြှင့်ပေးနိုင်ခြင်း၊
(ဋ) အထူးစီးပွားရေးဇုန်အတွင်း ရုံးလုပ်ငန်းများကို တစ်နေရာတည်း၌ တစုတစည်းတည်း လျင်မြန်စွာဆောင်ရွက်နိုင်ရေးအတွက် လမ်းညွှန်ကြီးကြပ်ခြင်း၊
(ဌ) အထူးစီးပွားရေးဇုန်တွင် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့် စည်ပင်သာယာရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အစိုးရဌာန၊အစိုးရအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များဖြင့် အဖွဲ့များဖွ့စဲ ည်းခြင်း၊ ယင်းအဖွဲ့များ၏လုပ်ငန်း တာဝန်များကို သတ်မှတ်ခြင်း၊
(ဍ) ပုဒ်မခွဲ (ဌ) အရ ဖွဲ့စည်းသော အဖွဲ့များကို တိုက်ရိုက်ကြီးကြပ်ကွပ်ကဲရန်စီမံခန့်ခွဲမှု ကော်မတီအား တာဝန်ပေးအပ်ခြင်း၊
(ဎ)အထူးစီးပွားရေးဇုန်နှင့် စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေကို ပြည်ထောင်စုအစိုးရအဖွ့သဲ ို့ အခါအားလျော်စွာ အစီရင်ခံ တင်ပြခြင်း၊
(ဏ) နိုင်ငံတော်နှင့် နိုင်ငံသားများ၏အကျိုးအတွက် အထူးစီးပွားရေးဇုန်သစ်များတည်ထောင်ခြင်းနှင့် လက်ရှိဆောင်ရွက်လျက်ရှိသော သင့်လျော်သည့် စက်မှုဇုန်များ၊ ထပ်မံထူထောင်သင့်သော စက်မှုဇုန်များကို သတ်မှတ်ထားသော အထူးစီးပွားရေးဇုန် အင်္ဂါရပ်ဖြင့် ညီညွတ်ပါက ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူပြီး အထူးစီးပွားရေးဇုန်အဖြစ် မြှင့်တင်သတ်မှတ်ခြင်း၊
(တ) ပြည်ထောင်စုအစိုးရအဖွဲ့က ပေးအပ်သည့် အထူးစီးပွားရေးဇုန်ဆိုင်ရာ အခြားလုပ်ငန်း တာဝန်များကို ဆောင်ရွက်ခြင်း။

အခန်း (၄)
ဗဟိုလုပ်ငန်းအဖွ့ ဲ ဖွဲ့စည်းခြင်းနှင့် ယင်း၏ လုပ်ငန်းတာဝန်များ

၇။ ဗဟိုအဖွဲ့သည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်-
(က) အထူးစီးပွားရေးဇုန်ဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရေးအတွက် မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ကို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်။
(ခ) ပုဒ်မခွဲ(က) အရ ဖွ့စဲ ည်းရာတွင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို သတ်မှတ်ပေးရမည်။
(ဂ) ပုဒ်မခွဲ(က)အရ ဖွဲ့စည်းသော ဗဟိုလုပ်ငန်းအဖွဲ့ကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

၈။ ဗဟိုလုပ်ငန်းအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) စီမံခန့်ခွဲမှုကော်မတီ၊ ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူကတင်ပြသည့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဆိုင်ရာ အဆိုပြုချက်များကိုစိစစ်၍ ဗဟိုအဖွဲ့သို့အကြံပြုတင်ပြခြင်း၊
(ခ) အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံခန့်ခွဲမှုကော်မတီက တင်ပြသည့် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို စိစစ်ခြင်းနှင့် ဗဟိုအဖွဲ့သို့ အကြံပြုတင်ပြခြင်း၊
(ဂ) အထူးစီးပွားရေးဇုန်တွင် ဇုန်အမျိုးအစား၊ ဦးစားပေးလုပ်ငန်းများ၊ ဇုန်အလိုက်ဆောင်ရွက်ရမည့် လုပ်ငန်းအမျိုးအစားတို့ကို သတ်မှတ်နိုင်ရေးအတွက် စိစစ်၍ဗဟိုအဖွဲ့သို့ အကြံပြုတင်ပြခြင်း၊
(ဃ) နိုင်ငံတကာအထူးစီးပွားရေးဇုန်ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် အခြားဆောင်ရွက်သင့်သည့် အထူးစီးပွားရေးဇုန်များနှင့် နေရာဒေသ တို့ကို လေ့လာ၍ဗဟိုအဖွဲ့သို့ အကြံပြုတင်ပြခြင်း၊
(င) ဗဟိုအဖွဲ့၏ အတည်ပြုချက်ဖြင့် သက်ဆိုင်ရာ အထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို သတ်မှတ်ချက်နှင့်အညီ လုပ်ကိုင်နိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေးခြင်း၊
(စ) အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ အုပ်ချုပ်ရေး၊စီမံခန့်ခွဲရေး၊ ဥပဒေဆိုင်ရာနှင့် အခြားကိစ္စရပ်များကို စိစစ်၍ ဗဟိုအဖွဲ့သို့ အကြံပြုတင်ပြခြင်း၊
(ဆ) လိုအပ်ပါက ဗဟိုလုပ်ငန်းအဖွဲ့အောက်တွင် သင့်လျော်သော အခြားလုပ်ငန်း အဖွဲ့များကို ဖွဲ့စည်းတာဝန် ပေးအပ်နိုင်ခြင်း။

အခန်း (၅)
စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းခြင်းနှင့် ယင်း၏ လုပ်ငန်းတာဝန်များ

၉။ ဗဟိုအဖွဲ့သည်-
(က) ဤဥပဒေပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အထူးစီးပွားရေးဇုန်အလိုက် စီမံခန့်ခွဲမှုကော်မတီတစ်ရပ်စီကို သက်ဆိုင်ရာ အစိုးရဌာန၊အစိုးရအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ပြင်ပပုဂ္ဂိုလ်၊ ပြင်ပအဖွဲ့ အစည်းများမှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်။
(ခ) သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီတွင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးအား အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းရမည်။
(ဂ) ပုဒ်မခွဲ(က)အရ ဖွ့စဲ ည်းရာတွင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို သတ်မှတ်ပေးရမည်။
(ဃ) ပုဒ်မခွဲ (က) အရ ဖွ့စဲ ည်းသော စီမံခန့်ခွဲမှုကော်မတီကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။
၁ဝ။ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌသည် ဗဟိုအဖွဲ့မှတစ်ဆင့် နိုင်ငံတော်သမ္မတကို တာဝန်ခံရမည်။
၁၁။ စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ဗဟိုလုပ်ငန်းအဖွဲ့မှတစ်ဆင့်ဗဟိုအဖွဲ့သို့တင်ပြပြီး အတည်ပြုချက် ရယူခြင်း၊
(ခ) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကို သတ်မှတ်ချက်များနှင့်အညီ လုပ်ကိုင်နိုင်ရေးအတွက်စီစဉ်ဆောင်ရွက်ခြင်း၊
(ဂ) ရင်းနှီးမြှုပ်နှံလိုသူ၏ ပုဒ်မ ၃ဝ အရ လျှောက်ထားချက်သည် အချက်အလက်များပြည့်စုံပါက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လုပ်ကိုင်ခွင့်ပြုကြောင်းကို လျှောက်ထားသည့်နေ့ရက်မှ ရက်ပေါင်း ၃ဝအတွင်း ခွင့်ပြုမိန့် ထုတ်ပေးခြင်း၊
(ဃ) ရင်းနှီးမြှုပ်နှံမှုနှင့် ရင်းနှီးတည်ဆောက်မှုဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော်ရေး၊ မြေအသုံးပြုရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ငွေရေးကြေးရေး၊ အခွန်အခ၊ စည်ပင်သာယာရေး၊ သယ်ယူပို့ဆောင်ရေး၊ဆက်သွယ်ရေး၊ လုံခြုံရေး၊ လျှပ်စစ်၊ စွမ်းအင်နှင့် ရေရရှိရေးစသည့် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စများကို ကြီးကြပ်ကွပ်ကဲခြင်း၊ ကြည့်ရှုစစ်ဆေးခြင်းနှင့် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊
(င) ရင်းနှီးမြှုပ်နှံသူပိုင်ဆိုင်သည့် ပစ္စည်းများ၊ အကျိုးအမြတ်များနှင့် အခြားအခွင့်အရေးများအား တည်ဆဲဥပဒေများနှင့်အညီ အကာ အကွယ်ပေးနိုင်ရေးအတွက်သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများနှင့် လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ခြင်း၊
(စ) ရင်းနှီးမြှုပ်နှံသူ လိုက်နာရမည့် အချက်များကို အမိန့်ကြော်ငြာစာ၊ အမိန့်၊ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများဖြင့် သတ်မှတ်ခြင်း၊
(ဆ) အထူးစီးပွားရေးဇုန်၌ အလုပ်လုပ်ကိုင်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံသူနှင့် ယင်းတို့၏အလုပ်သမားများ၊ အတတ်ပညာရှင်များ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များသည်နိုင်ငံခြားသားများဖြစ်ပါက ပြည်ဝင်ဗီဇာနှင့် ပြည်တွင်းနေထိုင်ခွင့် ရရှိရေးတို့အတွက် လိုအပ်သည်များကို သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့်ညှိနှိုင်း ဆောင်ရွက်ခြင်း၊
(ဇ) အထူးစီးပွားရေးဇုန်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေရေးကြေးရေးဆိုင်ရာစီမံခန့်ခွဲမှုများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံသူများအတွက် နိုင်ငံခြားငွေ လဲလှယ်ခြင်း၊ ငွေရေးကြေးရေး လုပ်ငန်းများကြီးကြပ်ဆောင်ရွက်ခြင်းနှင့် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ရှိသည့် ဘဏ်များနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း ပြုရာတွင်လည်းကောင်း လွယ်ကူချောမွေ့စေရန် လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ခြင်း၊
(ဈ) အထူးစီးပွားရေးဇုန်တွင် ရင်းနှီးတည်ဆောက်သူများ၊ ရင်းနှီးမြှုပ်နှံသူများသို့မဟုတ် ကုမ္ပဏီများအား သတ်မှတ်ချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုခြင်းနှင့် ယင်းတို့၏ ဆောင်ရွက်ချက်များကို ကြီးကြပ်ကွပ်ကဲခြင်း၊
(ည) အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်းသည့် သတ်မှတ်ချက်များအား မှတ်ပုံတင်ပြီးသော လုပ်ငန်းများကို ထိခိုက်ခြင်းမရှိစေဘဲ အခါအားလျော်စွာဖြည့်စွက်ခြင်း၊ ပြင်ဆင်ပြောင်းလဲခြင်းနှင့် ပယ်ဖျက်ခြင်း၊
(ဋ) အထူးစီးပွားရေးဇုန်အတွင်း ဆက်စပ်သည့်ဇုန်များနှင့် နေရာများ သတ်မှတ်ခြင်း၊
(ဌ) အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုအတွက် ခွင့်ပြုမိန့်ပေးခြင်း၊ ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ သက်ဆိုင်ရာ လုပ်ငန်းနှင့်ဆိုင်သော ပြည်ဝင်ဗီဇာထုတ်ပေးခြင်း၊ပင်ရင်းဒေသ လက်မှတ်ထုတ်ပေးခြင်း၊ အခွန်ကောက်ခံမှုလုပ်ငန်း ဆောင်ရွက်ခြင်း၊ အလုပ်သမားပါမစ်နှင့် ခွင့်ပြုချက်ချပေးခြင်း၊ စက်ရုံတည်ဆောက်မှုအတွက်ခွင့်ပြုချက်ပေးခြင်းနှင့် အခြားရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းလိုင်စင်များ၊ခွင့်ပြုမိန့်များကို ပြုလုပ်ပေးနိုင်ရန် တစ်နေရာတည်း၌ တစ်စုတစ်စည်းတည်းအလုံးစုံ ဝန်ဆောင်မှုပေးသည့်ဌာနကို တည်ထောင်ထားရှိခြင်း၊
(ဍ) ပုဒ်မခွဲ(ဌ) အရ တည်ထောင်ထားရှိသည့် ဌာနများကို မိမိလက်အောက်တွင်ထားရှိပြီး တိုက်ရိုက် စီမံခန့်ခွဲခြင်း၊
(ဎ) အထူးစီးပွားရေးဇုန်၏ တည်ဆောက်ရေးလုပ်ငန်းများနှင့် ဒီဇိုင်းပုံစံများကို ပင်မစီမံကိန်းနှင့် ညီညွတ်မှုရှိမရှိ စိစစ်ခြင်း၊
(ဏ) ကင်းလွတ်ဇုန်နှင့် လုပ်ငန်းမြှင့်တင်ရေးဇုန်တို့တွင် လုပ်ကိုင်နိုင်သည့် လုပ်ငန်းအမျိုးအစားများ၊ လုပ်ငန်းအမျိုးအစားအလိုက် အနည်းဆုံး ရင်းနှီးမြှုပ်နှံရမည့်ငွေပမာဏ၊ အနည်းဆုံးခန့်အပ်ရမည့် နိုင်ငံသား ဝန်ထမ်းအရေအတွက်၊ အဆင့်မြင့် နည်းပညာများ၏ စံသတ်မှတ်ချက်များနှင့် လိုက်နာရမည့်အချက်များကိုသတ်မှတ်ခြင်း၊
(တ) အထူးစီးပွားရေးဇုန်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအတွက်တည်ဆဲဥပဒေများနှင့်အညီ ကြီးကြပ်ကွပ်ကဲခြင်း၊ စက်ရုံမှ စွန့်ထုတ်ပစ္စည်းစွန့်ပစ်ရေး စနစ်ကို စိစစ်ခြင်း၊ သတ်မှတ်ချက်များနှင့် ကိုက်ညီစေရန် ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူအား ဆောင်ရွက်စေခြင်း၊
(ထ) သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ရင်းနှီးတည်ဆောက်သူနှင့် ရင်းနှီးမြှုပ်နှံသူတို့၏ ကိုယ်စားလှယ်များ၊ အခြားသင့်လျော်သည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ ပါဝင်သော အထောက်အကူပြုအဖွဲ့ကို လိုအပ်ပါက ဖွဲ့စည်းခြင်း၊
(ဒ) အထူးစီးပွားရေးဇုန်ရှိ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ၏ တည်ဆောက်ရေး၊ လုပ်ငန်းဆောင်ရွက်ရေး၊ ပြုပြင်မွမ်းမံထိန်းသိမ်းရေး ဆိုင်ရာများနှင့် စပ်လျဉ်း၍အထောက်အကူပြုအဖွ့၏ဲ အကြံဉာဏ်ကို အခြေခံပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးတက်စေရန် ညွှန်ကြားခြင်းနှင့် စီမံခန့်ခွဲမှု ပုံစံကို ပြုပြင်ပြောင်းလဲခြင်း၊
(ဓ) သက်ဆိုင်ရာ အထူးစီးပွားရေးဇုန်လုပ်ငန်း လည်ပတ်မှုနှင့် စီမံခန့်ခွဲမှုတို့ကိုသတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ရန် စည်းကမ်းချက်များ ထုတ်ပြန်ခြင်း၊
(န) မြန်မာအထူးစီးပွားရေးဇုန် ဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ရင်းနှီးတည်ဆောက်သူအား ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို ခွင့်ပြုခြင်း၊
(ပ) ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ဗဟိုအဖွဲ့တို့က သီးခြားတာဝန်ပေးသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

အခန်း (၆)
အထူးစီးပွားရေးဇုန် တည်ထောင်ခြင်း

၁၂။ ဗဟိုအဖွဲ့သည် နိုင်ငံတော်၏ စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် အောက်ပါအခြေခံရမည့် အချက်များကိုမူတည်၍ သင့်လျော်သည့် အရပ်ဒေသ သို့မဟုတ် နယ်မြေတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုလွှတ်တော်သို့တင်ပြအတည်ပြုချက်ရယူပြီး အထူးစီးပွားရေးဇုန် တည်ထောင်နိုင်သည်-

(က) ဆိပ်ကမ်း၊ လေယာဉ်ကွင်းကဲ့သို့ နိုင်ငံတကာထွက်ပေါက်ရှိခြင်း သို့မဟုတ်အပြည်ပြည်ဆိုင်ရာ နယ်စပ် သို့မဟုတ် ပြည်တွင်းဈေးကွက်များသို့အလွယ်တကူ သွားလာဆက်သွယ်နိုင်ခြင်း၊
(ခ) ပြည်ထောင်စုအစိုးရအဖွဲ့က ဒေသဆိုင်ရာ ဖွံ့ဖြိုးးတိုးတက်ရေးအတွက် ရွေးချယ်သတ်မှတ်သည့် နယ်မြေဖြစ်ခြင်း၊
(ဂ) အခြေခံအဆောက်အအုံ လိုအပ်ချက်များတည်ရှိခြင်း သို့မဟုတ် အကောင်အထည်ဖော်ဆောင်နိုင်မည့် အလားအလာရှိခြင်း၊
(ဃ) ရေအရင်းအမြစ်နှင့် လျှပ်စစ်ဓာတ်အား ရရှိနိုင်ခြင်း၊
(င) စက်မှုလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ထူထောင်ရန်လုံလောက်သောမြေနေရာရှိခြင်း၊
(စ) ကျွမ်းကျင်လုပ်သားများ၊ ကျွမ်းကျင်မှု အထိုက်အလျောက်ရှိသည့် အလုပ်သမားများနှင့် သင်ကြားလေ့ကျင့် ပျိုးထောင်ပေးနိုင်သော အလုပ်သမားများ ရရှိနိုင်ခြင်း၊
(ဆ) လိုအပ်သော ကျွမ်းကျင်အလုပ်သမားများ ရရှိနိုင်ရေးအတွက် သင်တန်းများဖွင့်လှစ်၍ လေ့ကျင့်ပေးရန် စီစဉ်ဆောင်ရွက်နိုင်ခြင်း၊
(ဇ) နိုင်ငံတော်အတွင်း လမ်းပန်းဆက်သွယ်ရေး အနေအထားအရ လည်းကောင်း၊ဈေးကွက်နှင့် ချိတ်ဆက်နိုင်သည့် အနေအထားအရ လည်းကောင်း အချက်အချာကျသည့် အရပ်ဒေသ သို့မဟုတ် နယ်မြေဖြစ်ခြင်း။

၁၃။ ဗဟိုအဖွဲ့သည် ပုဒ်မ ၁၂ ပါအခြေခံအချက်များနှင့် ကိုက်ညီမှုမရှိသော်လည်း ဖြစ်နိုင်စွမ်းရှိပြီး နိုင်ငံတော်နှင့် အများပြည်သူတို့အတွက် အကျိုးရှိမည်ဟု ယူဆပါကပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူပြီး အထူးစီးပွားရေးဇုန် တည်ထောင်နိုင်သည်။

၁၄။ ဗဟိုအဖွဲ့သည်-
(က) ရင်းနှီးတည်ဆောက်သူကို တင်ဒါခေါ်၍ အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရွေးချယ်နိုင်သည်။

(ခ) အထူးစီးပွားရေးဇုန်တွင် ရင်းနှီးတည်ဆောက်သူကို အခြားနည်းဖြင့် ရွေးချယ်မည်ဆိုပါက နိုင်ငံတော်နှင့် နိုင်ငံသားများအား အကျိုးရှိစေနိုင်မှု၊ စီမံကိန်းကိုလျင်မြန်စွာ အကောင်အထည်ဖော်နိုင်မှုနှင့် အများပြည်သူပါဝင်နိုင်ပြီး ပွင့်လင်းမြင်သာမှုတို့ကို ထည့်သွင်းစဉ်းစားလျက် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု အတွေ့အကြုံ ရှိသူအား ဦးစားပေး ရွေးချယ်နိုင်သည်။

၁၅။ နိုင်ငံခြားသားများသည် အထူးစီးပွားရေးဇုန်အတွင်းတွင် သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ခွင့်ပြုသည့် မည်သည့်လုပ်ငန်းကိုမဆို ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့်သော်လည်းကောင်း၊ နိုင်ငံသားဖြင့် ဖက်စပ်ပြု၍သော်လည်းကောင်း လုပ်ကိုင်နိုင်သည်။

အခန်း (၇)
ကင်းလွတ်ဇုန်နှင့် လုပ်ငန်းမြှင့်တင်ရေးဇုန်ဆိုင်ရာ သတ်မှတ်ချက်များ

၁၆။ အထူးစီးပွားရေးဇုန်တစ်ခုတွင် သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသည်-

(က) ကင်းလွတ်ဇုန် သို့မဟုတ် လုပ်ငန်းမြှင့်တင်ရေးဇုန်ဟု သီးသန့်နယ်နိမိတ်များကိုလိုအပ်သလို သတ်မှတ်ထားရှိနိုင်သည်။
(ခ) ကင်းလွတ်ဇုန်နှင့် လုပ်ငန်းမြှင့်တင်ရေးဇုန်များအပြင် ဈေးကွက်လိုအပ်ချက်အရအခြားဇုန်များကိုလည်း သတ်မှတ်နိုင်သည်။
(ဂ) ကင်းလွတ်ဇုန် သို့မဟုတ် လုပ်ငန်းမြှင့်တင်ရေးဇုန်ဟူ၍ သီးခြားသတ်မှတ်ခြင်းမရှိပါက ပို့ကုန်ဦးစားပေး လုပ်ငန်းများအား လုပ်ငန်း တစ်ခုချင်းစီအလိုက်ကင်းလွတ်ဇုန် လုပ်ငန်းဟု သတ်မှတ်နိုင်သည်။

၁၇။ ပုဒ်မ ၁၆ ပုဒ်မခွဲ(ဂ) အရ သတ်မှတ်သော ကင်းလွတ်ဇုန်လုပ်ငန်းများသည် ကင်းလွတ်ဇုန်တွင် တည်ရှိသည့် လုပ်ငန်းများ၏ ခံစားခွင့်များအတိုင်း ရရှိမည်ဖြစ်ပြီး အထူးစီးပွားရေးဇုန်အတွင်းရှိ ကင်းလွတ်ဇုန်လုပ်ငန်းဟု သတ်မှတ်ခြင်းမပြုသော အခြားလုပ်ငန်းများသည် လုပ်ငန်းမြှင့်တင်ရေးဇုန်တွင် တည်ရှိသည့် လုပ်ငန်းများ၏ ခံစားခွင့်များအတိုင်း ရရှိနိုင်သည်။

၁၈။ အကောက်ခွန်ဦးစီးဌာနသည်-
(က) ကင်းလွတ်ဇုန်အတွင်းသို့ ပြည်ပမှ တင်သွင်းထားသည့် ကုန်ပစ္စည်းများသို့မဟုတ် ကင်းလွတ်ဇုန်အတွင်း ထုတ်လုပ်သည့် ကုန်ပစ္စည်းများအား ပြည်တွင်းသို့ဖြစ်စေ၊ လုပ်ငန်းမြှင့်တင်ရေးဇုန် အတွင်းသို့ဖြစ်စေ သက်ဆိုင်ရာအကောက်ခွန် ရှင်းလင်းမှု မရှိဘဲ ဝင်ရောက်ခြင်းမရှိစေရန် ကာကွယ်ရမည်။
(ခ) ကင်းလွတ်ဇုန်ကို လုံခြုံစွာ ကာရံနိုင်ရေးအတွက် ယင်းနယ်နိမိတ် လုံခြုံစေရန်ကျင့်သုံးမည့် နည်းလမ်းများနှင့် ကင်းလွတ်ဇုန်၏ ဝင်ပေါက် ထွက်ပေါက်များကိုသတ်မှတ်ပေးရမည်။
(ဂ) အထူးစီးပွားရေးဇုန်အတွင်း အကောက်ခွန်ရှင်းလင်းမှုဆိုင်ရာ ကိစ္စရပ်များကိုနိုင်ငံတကာ ကျင့်စဉ်များနှင့်အညီ လွယ်ကူရှင်းလင်းသည့် အကောက်ခွန်လုပ်ထုံး လုပ်နည်းများဖြင့် ဆောင်ရွက်ရမည်။ လိုအပ်သည်ဟု ယူဆလျှင်အကောက်ခွန် လက်ရောက် စစ်ဆေးခြင်းကို ဆောင်ရွက်နိုင်၍ ၎င်းစစ်ဆေးခြင်းအား ရင်းနှီးမြှုပ်နှံသူ၏လုပ်ငန်း တည်ရှိသည့်နေရာ၌ ပြုလုပ်ရမည်။
(ဃ) ပုဒ်မခွဲငယ် (ဂ) အရ စစ်ဆေးရာတွင် သတ်မှတ်ချက်များနှင့် ညီညွတ်မှု မရှိကြောင်း တွေ့ရှိပါက သက်ဆိုင်ရာ အကောက်ခွန် လုပ်ထုံးလုပ်နည်းများ အတိုင်းအရေးယူဆောင်ရွက်နိုင်သည်။

၁၉။ အကောက်ခွန်ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနတို့သည် ကင်းလွတ်ဇုန်တွင် ထုတ်လုပ်သည့် ပစ္စည်းများအား ပြည်တွင်းဈေးကွက် သို့မဟုတ် လုပ်ငန်းမြှင့်တင်ရေး ဇုန်သို့သယ်ယူပို့ဆောင်မှုအတွက် အကောက်ခွန် ရှင်းလင်းခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို သတ်မှတ်ရမည်။

၂ဝ။ ကင်းလွတ်ဇုန်မှ ပြည်တွင်းသို့ဖြစ်စေ၊ လုပ်ငန်းမြှင့်တင်ရေးဇုန်သို့ဖြစ်စေ သယ်ယူပို့ဆောင်သည့် ပစ္စည်းများကို ပြည်ပမှတင်သွင်းသည့် ပစ္စည်းများဟု လည်းကောင်း၊ပြည်ပမှ ကင်းလွတ်ဇုန်အတွင်းသို့ တင်သွင်းလာသည့် ကုန်ကြမ်းပစ္စည်းများကိုကင်းလွတ်ဇုန်အတွင်း၌ ကုန်ချော သို့မဟုတ် တစ်စိတ်တစ်ပိုင်း ကုန်ချောအဖြစ်ထုတ်လုပ်ပြီး ပြည်တွင်းသို့ဖြစ်စေ၊ လုပ်ငန်းမြှင့်တင်ရေးဇုန်သို့ဖြစ်စေ သယ်ယူပို့ဆောင်ခြင်းကို ပြည်တွင်းသို့ တင်သွင်းခြင်းဟုလည်းကောင်း မှတ်ယူရမည်။

၂၁။ ပုဒ်မ ၂ဝ ပါ ပစ္စည်းများအတွက် အခြားနည်းပြဋ္ဌာန်းထားခြင်း မရှိပါက အကောက်ခွန်နှင့်အခြားသက်ဆိုင်ရာ အခွန်အခများကို တည်ဆဲဥပဒေများနှင့်အညီ ပေးဆောင်ရမည်။

၂၂။ ပြည်တွင်း သို့မဟုတ် လုပ်ငန်းမြှင့်တင်ရေးဇုန်မှ ကင်းလွတ်ဇုန်သို့ သယ်ယူပို့ဆောင်သည့်ပစ္စည်းများကို နိုင်ငံတော်၏ ပို့ကုန်ပစ္စည်းများဟု မှတ်ယူရမည်။

၂၃။ ကင်းလွတ်ဇုန်တွင် တည်ရှိသော ကုန်ထုတ်လုပ်ငန်းများ သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းများသည် အဓိကအားဖြင့် ပြည်ပပို့ကုန်အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများဖြစ်ရမည်။ ကင်းလွတ်ဇုန်နှင့် လုပ်ငန်းမြှင့်တင်ရေးဇုန်များ သီးခြားသတ်မှတ်ခြင်းမရှိသည့် အထူးစီးပွားရေးဇုန်တွင် ယင်းအထောက်အကူပြုလုပ်ငန်းများနှင့် ပြည်ပပို့ကုန်အားဦးတည်သည့်လုပ်ငန်းများကို ကင်းလွတ်ဇုန်လုပ်ငန်းများဟု သတ်မှတ်နိုင်သည်။

၂၄။ ကင်းလွတ်ဇုန်အတွင်းတွင် ရာခိုင်နှုန်းပြည့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအဖြစ် သော်လည်းကောင်း၊ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ်သော်လည်းကောင်း၊ နိုင်ငံသားနှင့်နိုင်ငံခြားဖက်စပ်ရင်းနှီးမြှုပ်နှံမှုအဖြစ်သော်လည်းကောင်း လုပ်ကိုင်နိုင်သည်။

၂၅။ ကင်းလွတ်ဇုန်တွင် ထုတ်လုပ်၍ ပြည်တွင်းဈေးကွက် သို့မဟုတ် လုပ်ငန်းမြှင့်တင်ရေးဇုန်သို့ ပို့ဆောင်ရောင်းချနိုင်သည့် ကုန်ပစ္စည်းပမာဏ၏ အများဆုံး ရာခိုင်နှုန်းကို နည်းဥပဒေတွင် ပြဋ္ဌာန်းနိုင်သည်။

၂၆။ အထူးစီးပွားရေးဇုန်အတွင်းမှ အခြားနိုင်ငံသို့ ကုန်စည်များ သယ်ယူပို့ဆောင်ရာတွင်အထူးစီးပွားရေးဇုန်ပြင်ပရှိ နယ်မြေအား ဖြတ်သန်းမည်ဆိုပါက ချိတ်ပိတ် ကုန်သေတ္တာများဖြင့် သယ်ယူပို့ဆောင်ရမည်။

၂၇။ လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်းတွင် ရာခိုင်နှုန်းပြည့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု အဖြစ်သော်လည်းကောင်း၊ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် သော်လည်းကောင်း၊နိုင်ငံသားနှင့် နိုင်ငံခြားဖက်စပ် ရင်းနှီးမြှုပ်နှံမှုအဖြစ်သော်လည်းကောင်း လုပ်ကိုင်နိုင်သည်။

၂၈။ (က) လုပ်ငန်းမြှင့်တင်ရေးဇုန်သည် ပြည်တွင်းဈေးကွက် သို့မဟုတ် အထူးစီးပွားရေးဇုန်အတွင်းရှိ ဈေးကွက်ကို အခြေခံသည့်လုပ်ငန်းများ တည်ရှိရာနေရာဖြစ်ပြီး ပြည်တွင်းဈေးကွက်ကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်း၊ အိမ်ရာ၊ ကုန်တိုက်၊ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ကျောင်း၊ ဆေးရုံ၊ အပန်းဖြေနားနေရာ စသည့်လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံနိုင်သည့်နေရာလည်း ဖြစ်သည်။

(ခ) လုပ်ငန်းမြှင့်တင်ရေးဇုန်ရှိ ကုန်ထုတ်လုပ်ငန်းများသည် အဓိကအားဖြင့် ပြည်တွင်းဈေးကွက်ကိုအခြေခံပြီး ယင်းလုပ်ငန်းများမှ တိုက်ရိုက်တင်ပို့ခြင်းနှင့် ကင်းလွတ်ဇုန် လုပ်ငန်းများသို့ တင်ပို့ရောင်းချခြင်း ပြုလုပ်နိုင်သည်။

(ဂ) လုပ်ငန်းမြှင့်တင်ရေးဇုန် သို့မဟုတ် ကင်းလွတ်ဇုန်ဟူ၍ သီးခြား သတ်မှတ်ခြင်းမရှိသည့် အထူးစီးပွားရေးဇုန်အတွင်း တည်ရှိပြီး ကင်းလွတ်ဇုန်လုပ်ငန်းမဟုတ်သော အခြားလုပ်ငန်းများအား လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများဟု မှတ်ယူရမည်။

အခန်း (၈)
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံသူ၏ တာဝန်နှင့်ကင်းလွတ်ခွင့်များ
၂၉။ ရင်းနှီးမြှုပ်နှံသူသည် အထူးစီးပွားရေးဇုန်အတွင်း အောက်ပါရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို သတ်မှတ်ချက်များနှင့်အညီ လုပ်ကိုင်ခွင့်ရှိသည်-
(က) ကုန်ချောပစ္စည်း ထုတ်လုပ်ခြင်း၊ ကုန်ပစ္စည်းအဆင့်ဆင့် ထုတ်လုပ်ခြင်း၊ ကုန်လှောင်ရုံ လုပ်ငန်းလုပ်ကိုင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်း၊
(ခ) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင် အသုံးပြုမည့် ကုန်ကြမ်းပစ္စည်းများ၊ ထုပ်ပိုးပစ္စည်းများ၊ စက်ပစ္စည်းကိရိယာ တန်ဆာပလာများနှင့် စက်သုံးဆီများကို ပြည်တွင်းပြည်ပမှ အထူးစီးပွားရေးဇုန်အတွင်းသို့ သယ်ယူ တင်သွင်းခြင်း၊
(ဂ) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ ထုတ်လုပ်သည့် ပစ္စည်းများအား သတ်မှတ်ချက်နှင့်အညီပြည်တွင်း၊ ပြည်ပသို့ ကူးသန်းရောင်းဝယ်ခြင်း၊
(ဃ) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့် ပြည်ပဝန်ဆောင်မှု လုပ်ငန်းရုံးများကို အထူးစီးပွားရေးဇုန်ရှိ သတ်မှတ်နေရာတွင် စီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုမိန့်ဖြင့် တည်ထောင်ဖွင့်လှစ်ခြင်း၊
(င) နိုင်ငံတော်က တားမြစ်ထားခြင်းမရှိသော အခြားစီးပွားရေး လုပ်ငန်းများကို စီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်း။

၃ဝ။ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံလိုသူတစ်ဦးသည် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိရန် ဤဥပဒေအရ ထုတ်ပြန်ထားသော နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စီမံခန့်ခွဲမှုကော်မတီသို့ လျှောက်ထားရမည်။

၃၁။ ရင်းနှီးမြှုပ်နှံသူသည် စီမံခန့်ခွဲမှုကော်မတီက သတ်မှတ်ထားသော ကာလအတွင်းတည်ဆောက်မှု လုပ်ငန်းများပြီးစီး၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စီးပွားဖြစ် လည်ပတ်နိုင်ရမည်။ သတ်မှတ်ထားသော ကာလအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပြီးစီးနိုင်ခြင်းမရှိပါက ခိုင်လုံသော အကြောင်းပြချက်ကို စီမံခန့်ခွဲမှုကော်မတီသို့ ကြိုတင် တင်ပြရမည်။ ခိုင်လုံသည့် အကြောင်းပြချက် မရှိဘဲ ကြန့်ကြာမှုရှိကြောင်း တွေ့ရှိရပါက စီမံခန့်ခွဲမှု ကော်မတီက စည်းမျဉ်းစည်းကမ်း များနှင့်အညီ ခွင့်ပြုမိန့်ကို ပြန်လည်ရုပ်သိမ်းနိုင်သည်။

၃၂။ ရင်းနှီးမြှုပ်နှံသူသည် အောက်ပါ ဝင်ငွေခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်တို့ကို ခံစားခွင့်ရှိသည်-

(က) ကင်းလွတ်ဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းတွင် စီးပွားဖြစ်လုပ်ငန်း စတင်လည်ပတ်သည့်နေ့မှ ပထမ ခုနစ်နှစ်အတွက် ဝင်ငွေခွန် ကင်းလွတ်ခွင့်၊
( ခ ) လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း သို့မဟုတ် အထူးစီးပွားရေးဇုန် နယ်နိမိတ်အတွင်းရှိ အခြားလုပ်ငန်းများတွင် စီးပွားဖြစ် လုပ်ငန်းစတင်လည်ပတ်သည့်နေ့မှ ပထမငါးနှစ်အတွက် ဝင်ငွေခွန် ကင်းလွတ်ခွင့်၊
( ဂ ) ကင်းလွတ်ဇုန်နှင့် လုပ်ငန်းမြှင့်တင်ရေးဇုန်များအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွင် ဒုတိယငါးနှစ်အတွက် တည်ဆဲဥပဒေအရ သတ်မှတ်သည့် ဝင်ငွေခွန်နှုန်းထား၏ ၅ဝ ရာခိုင်နှုန်းသက်သာခွင့်၊
(ဃ) ကင်းလွတ်ဇုန်နှင့် လုပ်ငန်းမြှင့်တင်ရေးဇုန်များအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွင် တတိယငါးနှစ်အတွက် လုပ်ငန်းမှရရှိသည့် အမြတ်ငွေကို ပြန်လည်ရင်းနှီးမြှုပ်နှံရန် သီးသန့်ရန်ပုံငွေထား၍ တစ်နှစ်အတွင်း ယင်းလုပ်ငန်းတွင်ပြန်လည်ရင်းနှီးမြှုပ်နှံလျှင် ထိုရင်းနှီးမြှုပ်နှံသည့် မြတ်စွန်းငွေအပေါ် တည်ဆဲဥပဒေအရ သတ်မှတ်သည့် ဝင်ငွေခွန်နှုန်း ထား၏ ၅ဝ ရာခိုင်နှုန်း သက်သာခွင့်။

၃၃။ ပုဒ်မ ၃၂ ပါကင်းလွတ်ခွင့်နှင့် သက်သာခွင့်ကာလ ကုန်ဆုံးပြီးနောက် ဤဥပဒေ အရကင်းလွတ်ခွင့်နှင့် သက်သာခွင့်ကို ထပ်မံခွင့်ပြုခြင်းမရှိလျှင် တည်ဆဲဥပဒေအရသတ်မှတ်သည့် ဝင်ငွေခွန်နှုန်းထားအတိုင်း ထမ်းဆောင်ရမည်။

၃၄။ ရင်းနှီးမြှုပ်နှံသူသည်-
(က) အထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်မည့်လုပ်ငန်း၊ ကုမ္ပဏီအဖွဲ့အစည်းတို့ကိုသတ်မှတ်ချက်များနှင့်အညီ အထူးစီးပွားရေးဇုန်အတွင်းရှိ စီမံခန့်ခွဲမှုကော်မတီရုံးတွင် ပူးတွဲဖွင့်လှစ်ထားရှိသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရုံးခွဲတွင် မှတ်ပုံတင်ရမည်။
( ခ ) မိမိ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေကို စီမံခန့်ခွဲမှုကော်မတီသို့ သတ်မှတ်ချက်များနှင့်အညီ တင်ပြရမည်။
( ဂ ) လုပ်ငန်းဆိုင်ရာ စာရင်းဇယား၊ ငွေစာရင်းနှင့် မှတ်တမ်းများကို အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ မှန်ကန်စွာပြုစု၍ ထိန်းသိမ်းထားရှိရမည်။
(ဃ) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအနက် ပျက်စီးယိုယွင်း၍ အသုံးမပြုနိုင်သောသို့မဟုတ် စံချိန်စံညွှန်း မမီသော ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများကိုသတ်မှတ်သည့် နေရာ၌ စီမံခန့်ခွဲမှုကော်မတီ၏ သတ်မှတ်ချက်များနှင့်အညီဖျက်ဆီးရမည်။

၃၅။ ရင်းနှီးမြှုပ်နှံသူသည် မြန်မာနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေပါ စံချိန်စံညွှန်းများနှင့် နိုင်ငံတကာစံချိန်စံညွှန်းများကို လိုက်နာရမည့်အပြင် လူမှုရေးနှင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများ မရှိစေရန် တည်ဆဲဥပဒေများနှင့်အညီ လိုက်နာ ဆောင်ရွက်ရမည်။

၃၆။ ရင်းနှီးမြှုပ်နှံသူသည် မိမိ၏လုပ်ငန်း၊ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ပိတ်သိမ်းခြင်းသို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း ပြုလုပ်လိုပါက သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ ကြိုတင်အကြောင်းကြား၍ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်။

၃၇။ ရင်းနှီးမြှုပ်နှံသူသည် မိမိ၏လုပ်ငန်း၊ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း၏ အစုရှယ်ယာအားလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ လွှဲပြောင်းသည့်အခါ စီမံခန့်ခွဲမှုကော်မတီအား ကြိုတင်အကြောင်းကြား၍ ပြန်လည်မှတ်ပုံတင်ရမည်။

အခန်း (၉)
ရင်းနှီးတည်ဆောက်မှုလုပ်ငန်းများ၊ ရင်းနှီးတည်ဆောက်သူ၏တာဝန်နှင့် ကင်းလွတ်ခွင့်များ

၃၈။ ရင်းနှီးတည်ဆောက်မှုလုပ်ငန်းများကို အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည် –
(က) ပုဂ္ဂလိကကဖြစ်စေ၊ အစိုးရကဖြစ်စေ၊ ပုဂ္ဂလိကနှင့် အစိုးရပူးပေါင်း၍ဖြစ်စေ ရင်းနှီးတည်ဆောက်သူအဖြစ် ဆောင်ရွက်နိုင်သည်။
(ခ) အထူးစီးပွားရေးဇုန်တည်ထောင်ရာတွင် ရာခိုင်နှုန်းပြည့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့်သော်လည်းကောင်း၊ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့်သော်လည်းကောင်း၊ နိုင်ငံသားနှင့် နိုင်ငံခြားဖက်စပ် ရင်းနှီးမြှုပ်နှံမှုဖြင့် သော်လည်းကောင်း၊ အစိုးရအချင်းချင်း ရင်းနှီးမြှုပ်နှံမှုဖြင့် သော်လည်းကောင်း၊ရင်းနှီးတည်ဆောက်သူအဖြစ် ဆောင်ရွက်နိုင်သည်။

၃၉။ ရင်းနှီးတည်ဆောက်သူသည်-
(က) သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် မြေငှားစာချုပ်ချုပ်ဆိုပြီးနောက် အထူးစီးပွားရေးဇုန်တွင် လုပ်ငန်းအကောင်အထည်ဖော်ခြင်း၊ ရင်းနှီး မြှုပ်နှံသူများအားထပ်ဆင့်မြေ အငှားချထားခြင်းနှင့် အထူးစီးပွားရေးဇုန် မွမ်းမံထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းများကို စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် လုပ်ကိုင်နိုင်သည်။
( ခ ) ပြည်ထောင်စုအစိုးရအဖွဲ့သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်အစိုးရအဖွဲ့သော်လည်းကောင်း ဖြစ်ပါက အထူးစီးပွားရေး ဇုန်တွင်တည်ဆောက်ခြင်း၊ စီမံခန့်ခွဲခြင်း၊ မွမ်းမံထိန်းသိမ်းခြင်းစသည့် လုပ်ငန်းများကိုတိုက်ရိုက်ဖြစ်စေ၊ အခြားအဖွဲ့အစည်းများအား လုပ်ငန်းအပ်နှံ၍ဖြစ်စေ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်သည်။
( ဂ ) တည်ဆောက်ရေး စီမံကိန်းတစ်ခုစီအတွက် သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးဆုံးစေရန် ဆောင်ရွက်ရမည်။ သတ်မှတ်ထားသော ကာလအတွင်းတည်ဆောက်မှု လုပ်ငန်းပြီးစီးနိုင်ခြင်း မရှိပါက ခိုင်လုံသော အကြောင်းပြချက်ကို စီမံခန့်ခွဲမှုကော်မတီသို့ ကြိုတင်တင်ပြရမည်။ ခိုင်လုံသည့် အကြောင်းပြချက် မရှိဘဲ ကြန့်ကြာမှုရှိကြောင်း တွေ့ရှိရပါက သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ရင်းနှီးတည်ဆောက်သူတို့ ချုပ်ဆိုထားသော မြေငှားစာချုပ်သည်ပျက်ပြယ်မည် ဖြစ်သည်။
(ဃ) အထူးစီးပွားရေးဇုန်အတွင်းရှိ အခြေခံအဆောက်အအုံများကို မိမိ ကိုယ်တိုင်ဖြစ်စေ၊ အခြားအဖွဲ့အစည်းများအား လုပ်ငန်းအပ်နှံ၍ဖြစ်စေ ဆောင်ရွက်နိုင်သည်။
( င ) အထူးစီးပွားရေးဇုန်ပြင်ပရှိ အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်လျက်ရှိသောအခြေခံအဆောက်အအုံများကို ရင်းနှီးတည်ဆောက်မည်ဆိုပါက ဗဟိုအဖွဲ့၏သဘောတူညီချက်ဖြင့် အခြေခံအဆောက်အအုံတစ်ခုချင်းစီ တည်ဆောက်ရေးအတွက် သီးခြားအဖွဲ့အစည်းများ တည်ထောင်ကာ ရင်းနှီးတည်ဆောက်နိုင်သည်။ ယင်းအဖွဲ့အစည်းများသည် သီးခြား ငွေစာရင်းများ ထားရှိရမည်။ယင်းဆက်စပ်အဆောက်အအုံ ရင်းနှီး တည်ဆောက်သူသည် အထူးစီးပွားရေးဇုန် ရင်းနှီးတည်ဆောက်သူ၏ အခွင့်အရေးများအတိုင်း ခံစားခွင့်ရှိနိုင်သည်။ရင်းနှီးမြှုပ်နှံမှု ပြန်လည်ကာမိရန် အချိန်ကြာမြင့်သည့် လမ်း၊ ရထားလမ်း၊တံတား၊ ရေပေးဝေရေး စသည့် ဆက်စပ်အခြေခံအဆောက်အအုံများတည်ဆောက်ခြင်းအား ဗဟိုအဖွဲ့၏ သဘောတူညီချက်ဖြင့် အခွင့်အရေးများပိုမို၍ ပေးနိုင်သည်။
( စ ) ဆက်စပ် အခြေခံအဆောက်အအုံတစ်ခုသည် ၎င်းဝန်ဆောင်မှုအား အထူးစီးပွားရေးဇုန် အတွင်းတွင် သာမက ဇုန်ပြင်ပသို့ပါ ဝန်ဆောင်မှုပေးမည် ဆိုပါကယင်းဇုန် ပြင်ပဝန်ဆောင်မှုလုပ်ငန်းများအတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် ကဏ္ဍအလိုက် စာချုပ်များ ချုပ်ဆိုရမည်။

၄ဝ။ ရင်းနှီးတည်ဆောက်သူသည် အောက်ပါ ဝင်ငွေခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်တို့ကို ခံစားခွင့်ရှိသည်-
(က) စီးပွားဖြစ် စတင်လည်ပတ်သည့်နေ့မှ ပထမရှစ်နှစ်အတွက် ဝင်ငွေခွန်ကင်းလွတ်ခွင့်၊
( ခ ) ဒုတိယငါးနှစ်အတွက် တည်ဆဲဥပဒေအရ သတ်မှတ်သည့် ဝင်ငွေခွန်နှုန်းထား၏ ၅ဝ ရာခိုင်နှုန်း သက်သာခွင့်၊
( ဂ ) တတိယငါးနှစ်အတွက် လုပ်ငန်းမှရရှိသည့် အမြတ်ငွေကို ပြန်လည် ရင်းနှီးမြှုပ်နှံရန် သီးသန့်ရန်ပုံငွေထား၍ တစ်နှစ်အတွင်း ယင်းလုပ်ငန်း၌ ပြန်လည်ရင်းနှီးမြှုပ်နှံလျှင် ထိုရင်းနှီးမြှုပ်နှံသည့် မြတ်စွန်းငွေအပေါ် တည်ဆဲဥပဒေအရသတ်မှတ်သည့် ဝင်ငွေခွန်နှုန်းထား၏ ၅ဝ ရာခိုင်နှုန်း သက်သာခွင့်။

၄၁။ ရင်းနှီးတည်ဆောက်သူသည် ပုဒ်မ ၄ဝ ပါ ကင်းလွတ်ခွင့်နှင့် သက်သာခွင့် ကာလကုန်ဆုံးပြီးနောက် ဤဥပဒေအရ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ကို ထပ်မံ ခွင့်ပြုခြင်းမရှိလျှင် တည်ဆဲဥပဒေအရ သတ်မှတ်သည့် ဝင်ငွေခွန်နှုန်းထားအတိုင်း ထမ်းဆောင်ရမည်။

၄၂။ ရင်းနှီးတည်ဆောက်သူကိုယ်တိုင် အထူးစီးပွားရေးဇုန်တွင် လုပ်ငန်းလုပ်ကိုင်ခြင်းဖြစ်ပါက ခွင့်ပြုမိန့်ရရှိထားသည့် ကာလအတွင်းဖြစ်စေ၊ လုပ်ငန်းလည်ပတ်ရန်သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် မြေငှားစာချုပ်ချုပ်ဆိုထားသည့် ကာလအတွင်းဖြစ်စေ ရင်းနှီးမြှုပ်နှံသူများအား အထူးစီးပွားရေးဇုန်အတွင်းရှိမြေနှင့် အဆောက်အအုံများကို ထပ်ဆင့် အငှားချထားနိုင်သည်။

၄၃။ ရင်းနှီးတည်ဆောက်သူသည် မြေအသုံးပြုခွင့်နှင့် လုပ်ငန်းလုပ်ကိုင်ခွင့်တို့အတွက်ပေးရန်ရှိသည့် အဖိုးအခကို သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် သဘောတူချုပ်ဆိုထားသော မြေငှားစာချုပ်အရ တစ်လုံးတစ်ခဲတည်းဖြစ်စေ၊ ပုံမှန်အရစ်ကျဖြစ်စေ သက်ဆိုင်ရာဌာနသို့ ပေးသွင်းရမည်။

အခန်း (၁ဝ)
ရင်းနှီးတည်ဆောက်သူနှင့် ရင်းနှီးမြှုပ်နှံသူတို့၏ သွင်းကုန်ဆိုင်ရာ အခွန်အခကင်းလွတ်ခွင့်နှင့်သက်သာခွင့်

၄၄။ သွင်းကုန်ဆိုင်ရာ အခွန်အခ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို အောက်ပါ အတိုင်းခံစားခွင့်ရှိသည်-

(က) ရင်းနှီးတည်ဆောက်သူသည် အခြေခံအဆောက်အအုံများနှင့် ကိုယ်ပိုင်ရုံးခန်းများ တည်ဆောက်ရန် ဆောက်လုပ်ရေးပစ္စည်းများ၊ စက်ပစ္စည်းကိရိယာများ၊ စက်ယန္တရားကြီးများ၊ လုပ်ငန်းသုံး မော်တော်ယာဉ်များနှင့်လုပ်ငန်းသုံး ပစ္စည်းများကို ပြည်ပမှ တင်သွင်းရာတွင် အကောက်ခွန်နှင့် အခြားအခွန်အခများ ကင်းလွတ်ခွင့်၊
( ခ ) ကင်းလွတ်ဇုန်ရှိ ရင်းနှီးမြှုပ်နှံသူသည် ထုတ်လုပ်မှုတွင် အသုံးပြုမည့် ကုန်ကြမ်းပစ္စည်းများ၊ စက်ပစ္စည်းကိရိယာများနှင့် လိုအပ်သည့် အရန် ပစ္စည်းများ၊ စက်ရုံ၊သိုလှောင်ရုံ၊ ကိုယ်ပိုင်ရုံးခန်းတို့ တည်ဆောက်ရန် အတွက် ဆောက်လုပ်ရေးပစ္စည်းများနှင့် လုပ်ငန်းသုံး မော်တော်ယာဉ်တို့ကို ပြည်ပမှ တင်သွင်းရာတွင်အကောက်ခွန်နှင့် အခြားအခွန်အခများ ကင်းလွတ်ခွင့်၊
( ဂ ) ကင်းလွတ်ဇုန်ရှိ ရင်းနှီးမြှုပ်နှံသူသည် အခွန်လွတ် လက်ကားရောင်းဝယ်ရေးလုပ်ငန်း၊ ပြည်ပတင်ပို့သည့် ကုန်သွယ်ရေးလုပ်ငန်းနှင့် ထောက်ပံ့ ပို့ဆောင်ရေးကဲ့သို့သော ဝန်ဆောင်မှုလုပ်ငန်းများအတွက် တင်သွင်းသည့် ကုန်သွယ်မှုပြုလုပ်မည့် ရောင်းကုန်များ၊ ရောင်းချပြီးမှငွေချေမည့် ကုန်စည်များ၊ ယင်းလုပ်ငန်းများအတွက် အမှန်တကယ် လိုအပ်သည့် မော်တော်ယာဉ်များနှင့်အခြားပစ္စည်းများကို ပြည်ပမှ တင်သွင်းရာတွင် အကောက်ခွန်နှင့် အခြားအခွန်အခများ ကင်းလွတ်ခွင့်၊
(ဃ) လုပ်ငန်းမြှင့်တင်ရေးဇုန်ရှိ ရင်းနှီးမြှုပ်နှံသူသည် ရောင်းကုန်မဟုတ်သောစက်ပစ္စည်းကိရိယာများနှင့် ယင်းတို့အတွက် လိုအပ်သည့် အရန်ပစ္စည်းများ၊စက်ရုံ၊ သိုလှောင်ရုံ၊ ကိုယ်ပိုင်ရုံးခန်းတို့အတွက် တည်ဆောက်ရေး ပစ္စည်းများ၊ယင်းလုပ်ငန်းအတွက် အမှန်တကယ် လိုအပ်သည့် မော်တော်ယာဉ်နှင့် အခြားပစ္စည်းများကို သတ်မှတ်ချက်နှင့်အညီ ပြည်ပမှ တင်သွင်းရာတွင် လုပ်ငန်းစတင်သည့်နှစ်မှ ငါးနှစ်အတွင်း အကောက်ခွန်နှင့် အခြားအခွန်အခများကင်းလွတ်ခွင့်၊ တစ်ဆက်တည်း နောက်ထပ် ငါးနှစ်အထိ အကောက်ခွန်နှင့်အခြားအခွန်အခများ၏ ၅ဝ ရာခိုင်နှုန်း သက်သာခွင့်။

၄၅။ လုပ်ငန်းမြှင့်တင်ရေးဇုန်ရှိ ရင်းနှီးမြှုပ်နှံသူသည်-
(က) ကုန်ထုတ်ရာတွင် အသုံးပြုမည့် ကုန်ကြမ်းပစ္စည်းများနှင့် အခြားကုန်စည်များတင်သွင်းသည့်အခါ အကောက်ခွန်နှင့် အခြားအခွန်အခများကို ပုံမှန်အတိုင်းပေးဆောင်ရမည်။
( ခ ) ပုဒ်မခွဲ (က) အရ တင်သွင်းသော ပစ္စည်းများကို အသုံးပြု၍ ထုတ်လုပ်ထားသော ကုန်ချောပစ္စည်းများ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ကုန်ချော ပစ္စည်းများကို ပြည်ပသို့ဖြစ်စေ၊ ကင်းလွတ်ဇုန်အတွင်းသို့ဖြစ်စေ တင်ပို့ခြင်း ဖြစ်လျှင်ယင်းပစ္စည်းများ တင်သွင်းသည့်အချိန်က ပေးဆောင်ခဲ့ရသည့် အကောက်ခွန်နှင့် အခြားအခွန်အခများကို ပြန်လည်ထုတ်ပေးရန် လျှောက်ထားနိုင်သည်။

၄၆။ ရင်းနှီးတည်ဆောက်သူနှင့်ရင်းနှီးမြှုပ်နှံသူတို့သည်-
(က) ပြည်ပမှတင်သွင်းသည့် စက်ယန္တရား၊ ပစ္စည်းကိရိယာနှင့် မော်တော်ယာဉ်များကို အထူးစီးပွားရေးဇုန်ပြင်ပသို့ လွှဲပြောင်းရောင်းချခြင်းမပြုရ။
( ခ ) ပုဒ်မခွဲ (က) ပါ ပစ္စည်းများအား လွှဲပြောင်းရောင်းချခြင်းကို အထူးကိစ္စရပ် အဖြစ်ပြုလုပ်ရလျှင် ယင်းပစ္စည်းများ တင်သွင်းသည့်အချိန်က ရရှိခဲ့သည့်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်များကို ပြန်လည်ပေးသွင်းရမည်။

၄၇။ ရင်းနှီးတည်ဆောက်သူနှင့် ရင်းနှီးမြှုပ်နှံသူတို့သည် ကနဦးတည်ဆောက်ရေးလုပ်ငန်းတွင် အသုံးပြုရန် ကာလတို တင်သွင်းသော စက်ယန္တရားကြီးများနှင့် စက်ကိရိယာပစ္စည်းများ၏ ယာယီတင်သွင်းခွင့်ကာလကို သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အဆုံးအဖြတ် ရယူရမည်။

၄၈။ ရင်းနှီးတည်ဆောက်သူနှင့် အထူးစီးပွားရေးဇုန်အတွင်းရှိ ရင်းနှီးမြှုပ်နှံသူတို့အားအရှုံးငွေ သယ်ယူ ခုနှိမ်မည့် ကာလကို အရှုံးပေါ်သည့်နှစ်မှ နောက်ထပ်ငါးနှစ်သတ်မှတ်ခွင့်ပြုသည်။

၄၉။ ကုန်သွယ်လုပ်ငန်းခွန် သို့မဟုတ် တန်ဖိုးဖြည့်အခွန်နှင့် စပ်လျဉ်း၍-
(က) ကင်းလွတ်ဇုန်တွင် ရင်းနှီးမြှုပ်နှံသူအား ကုန်သွယ်လုပ်ငန်းခွန် သို့မဟုတ်တန်ဖိုးဖြည့်အခွန်ကင်းလွတ်ခွင့်ပြုနိုင်သည်။
( ခ ) လုပ်ငန်းမြှင့်တင်ရေးဇုန်တွင် ရင်းနှီးမြှုပ်နှံသူအား ဤဥပဒေ၌ ပြဋ္ဌာန်းထားသည့်သက်သာခွင့်ကာလအတွင်း ကုန်သွယ်လုပ်ငန်းခွန် သို့မဟုတ် တန်ဖိုးဖြည့်အခွန် ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ပြုနိုင်သည်။ ယင်း သက်သာခွင့်ကာလကျော်လွန်ပြီးနောက် သက်ဆိုင်ရာဥပဒေနှင့်အညီ ကုန်သွယ်လုပ်ငန်းခွန်သို့မဟုတ် တန်ဖိုးဖြည့် အခွန်ကို ပေးဆောင်ရမည်။
( ဂ ) ရင်းနှီးမြှုပ်နှံသူသည် ယင်းတို့ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့မည့် ပို့ကုန်ပစ္စည်းများအတွက် ကုန်သွယ်လုပ်ငန်းခွန် သို့မဟုတ် တန်ဖိုးဖြည့်အခွန် ကင်းလွတ်ခွင့်လျှောက်ထားနိုင်သည်။
(ဃ) ကင်းလွတ်ဇုန်ရှိ ရင်းနှီးမြှုပ်နှံသူသည် ကင်းလွတ်ဇုန်အတွင်းသို့ ပြည်တွင်း မှဖြစ်စေ၊ လုပ်ငန်းမြှင့်တင်ရေးဇုန်မှဖြစ်စေ တင်သွင်းလာသည့် ကုန်စည်များအတွက် သွင်းကုန်လုပ်ငန်းခွန် သို့မဟုတ် တန်ဖိုးဖြည့် အခွန် ကင်းလွတ်ခွင့်လျှောက်ထားနိုင်သည်။

၅ဝ။ ပြည်ထောင်စုအစိုးရအဖွဲ့က တားမြစ်ကန့်သတ်ထားသည့် ပစ္စည်းမှတစ်ပါး အထူးစီးပွားရေးဇုန်မှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ပြန်လည်တင်ပို့ခြင်းဖြစ်စေပြုသည့် ပြည်ပပို့ကုန်ပစ္စည်းများကို အခွန်နှင့် အခြားစည်းကြပ်မှုမှ ကင်းလွတ်ခွင့်ပြုသည်။

၅၁။ ရင်းနှီးတည်ဆောက်သူနှင့် ရင်းနှီးမြှုပ်နှံသူများသည် အခွန်ထမ်းဆောင်ပြီးသည့်ပြည်တွင်းမှရရှိသော အမြတ်အပေါ် ခွဲဝေပေးသည့် အစုရှယ်ယာဝင် တစ်ဦးချင်းစီ၏အမြတ်ဝေစုများအတွက် ဝင်ငွေခွန်ကင်းလွတ်ခွင့် လျှောက်ထားနိုင်သည်။

၅၂။ ကျွမ်းကျင်အလုပ်သမားကိုဖြစ်စေ၊ ကျွမ်းကျင်မှု မပြည့်စုံသေးသည့် အလုပ်သမားကိုဖြစ်စေ၊ စီမံခန့်ခွဲမှုကဏ္ဍမှ ဝန်ထမ်းများကိုဖြစ်စေ ကင်းလွတ်ဇုန် အတွင်းရှိ ရင်းနှီးမြှုပ်နှံသူက ပြည်တွင်း၌ လေ့ကျင့်သင်ကြား ပေးရာတွင်လည်းကောင်း၊ လုပ်ငန်းဆိုင်ရာသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများတွင်လည်းကောင်း အမှန်ကုန်ကျသည့် စရိတ်များကို အခွန်စည်းကြပ်ထိုက်သော ဝင်ငွေမှ နုတ်ပယ်ခွင့် ပြုသည်။

အခန်း (၁၁)
အငြင်းပွားမှုများ ဖြေရှင်းခြင်း

၅၃။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့် စပ်လျဉ်း၍ အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်ပါကအငြင်းပွားသူ ပုဂ္ဂိုလ်များအကြား ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းဆောင်ရွက်ရမည်။

၅၄။ ပုဒ်မ ၅၃ အရ ဖြေရှင်းဆောင်ရွက်သော်လည်း ပြေလည်မှုမရရှိပါက-
(က) သက်ဆိုင်ရာစာချုပ်တွင် အငြင်းပွားမှုဖြေရှင်းနည်း သတ်မှတ်ထားခြင်း ရှိလျှင်ယင်းသတ်မှတ်ထားသည့် ဖြေရှင်းနည်းများနှင့်အညီ ဖြေရှင်း ဆောင်ရွက်ရမည်။
( ခ ) သက်ဆိုင်ရာစာချုပ်တွင် အငြင်းပွားမှုဖြေရှင်းနည်း သတ်မှတ်ထားခြင်း မရှိလျှင်နိုင်ငံတော်၏ တည်ဆဲဥပဒေများနှင့်အညီ ဖြေရှင်းဆောင်ရွက်ရမည်။

အခန်း(၁၂)
ပင်ရင်းမှ နုတ်ယူပေးသွင်းသည့်အခွန်

၅၅။ ပြည်ပနေ နိုင်ငံခြားသားသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းအဖြစ် တည်ထောင်ထားခြင်း မရှိသော်လည်း ပစ္စည်းနှင့်အသိဉာဏ်ပစ္စည်းဆိုင်ရာ အခွင့်အရေးတစ်ခုခုအရ အထူးစီးပွားရေးဇုန်နှင့်ဆက်စပ်၍ လုပ်ငန်းဆောင်ရွက်ခွင့်ရရှိလျှင်-
(က) ခိုင်ကြေး၊ အတိုး၊ လုပ်ငန်းဆောင်ရွက်ပေးစေခြင်းများအတွက် ပေးရမည့်ငွေများ အပေါ်တွင် ဝင်ငွေခွန်ဥပဒေအရ သတ်မှတ်သည့် ဝင်ငွေခွန် နှုန်းထားနှင့်အညီ ငွေပေးချေသူက ပင်ရင်းမှဖြတ်တောက်၍ သက်ဆိုင်ရာသို့ ပေးသွင်းရမည်။
( ခ ) ငှားရမ်းခနှင့် အလားတူ အခြားရငွေများအပေါ် ဝင်ငွေခွန်ဥပဒေအရ သတ်မှတ်သည့် ဝင်ငွေခွန်နှုန်းထားဖြင့် ငွေပေးချေသူက ပင်ရင်းမှဖြတ်တောက်၍သက်ဆိုင်ရာသို့ ပေးသွင်းရမည်။

၅၆။ အထူးစီးပွားရေးဇုန်ရှိ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သည့် ပြည်တွင်း၊ ပြည်ပမှဝန်ထမ်းများနှင့် အလုပ်သမားများ၏ လစာဝင်ငွေအပေါ်တွင် တည်ဆဲဥပဒေအရသတ်မှတ်သည့် ဝင်ငွေခွန်နှုန်းထားတို့နှင့်အညီ ဝင်ငွေခွန်ကို ဗဟိုအဖွဲ့က သတ်မှတ်သည့် ငွေကြေးအမျိုးအစားဖြင့် သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံသူက ကောက်ခံပေးသွင်းရမည်။

အခန်း(၁၃)
ဘဏ်နှင့် ငွေရေးကြေးရေး စီမံခန့်ခွဲခြင်းနှင့် အာမခံလုပ်ငန်း

၅၇။ အထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားငွေဖြင့်ဆောင်ရွက်သော လုပ်ငန်းများသည် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရှိသည့် ဘဏ်တစ်ခုခုတွင်နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခွင့်ရှိပြီး ယင်းနိုင်ငံခြားငွေဖြင့် ရငွေပေးငွေကိစ္စရပ်များကိုသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခွင့်ရှိသည်။

၅၈။ ရင်းနှီးတည်ဆောက်သူနှင့် ရင်းနှီးမြှုပ်နှံသူတို့သည် မိမိတို့၏ နိုင်ငံခြားသုံးငွေကိုအထူးစီးပွားရေးဇုန်အတွင်း၌ ဖြစ်စေ၊ ပြည်ပသို့ဖြစ်စေ သတ်မှတ်ချက်များနှင့်အညီလဲလှယ်ခွင့်နှင့် လွှဲပြောင်းခွင့်ပြုနိုင်သည်။

၅၉။ နိုင်ငံသားပိုင်အာမခံကုမ္ပဏီများ၊ နိုင်ငံခြားသားပိုင် အာမခံကုမ္ပဏီများ သို့မဟုတ်နိုင်ငံသားနှင့် နိုင်ငံခြားသား ဖက်စပ်ဆောင်ရွက်သည့် အာမခံကုမ္ပဏီများသည် အထူးစီးပွားရေးဇုန်အတွင်း ယင်းတို့၏ ကိုယ်စားလှယ်ရုံးများနှင့် အာမခံလုပ်ငန်းများကိုလုပ်ကိုင်ခွင့်ရှိသည်။

အခန်း(၁၄)
အကောက်ခွန်ဦးစီးဌာနက စီမံခန့်ခွဲခြင်းနှင့် ကုန်ပစ္စည်းများ စစ်ဆေးခြင်း

၆ဝ။ ကင်းလွတ်ဇုန်တွင် ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းသည် ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊အမိန့်ကြော်ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာရမည်ဖြစ်ပြီး လုပ်ငန်းမြှင့်တင်ရေးဇုန်တွင် ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် အခြားလုပ်ငန်းသည် တည်ဆဲအကောက်ခွန်ဥပဒေ ပြဋ္ဌာန်းချက်များနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်။

၆၁။ အကောက်ခွန်ဦးစီးဌာနသည် ကင်းလွတ်ဇုန်အတွင်းတွင် အကောက်ခွန်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် ထိန်းချုပ်ခြင်းများကို လျှော့ချ၍ စီးပွားရေးနှင့် လူမှုရေးလုံခြုံမှုရှိစေရေး၊ တရားမဝင်ကုန်သွယ်မှုကို တားဆီးရေးနှင့် နိုင်ငံတကာသဘောတူညီမှုများအတိုင်း လိုက်နာကျင့်သုံးရေးဆိုင်ရာ လိုအပ်ချက်ထက် ပိုမို၍ ထိန်းချုပ်မှုမပြုရ။

၆၂။ ကင်းလွတ်ဇုန်အတွင်းသို့ ပြည်ပပို့ကုန်ထုတ်လုပ်ရန် ကုန်ကြမ်းပစ္စည်းနှင့် ပစ္စည်းကိရိယာများ ပို့ဆောင်ရာတွင် လည်းကောင်း၊ ပြည်ပပို့ကုန်ကို ပြည်ပသို့ အပြီးအပိုင်တင်ပို့ရာတွင်လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနသည် အကောက်ခွန်ကြေညာခွင့်ပြုခြင်း၊ အထောက်အထား စာရွက်စာတမ်းများကို စစ်ဆေးခြင်းနှင့် လိုအပ်ပါကကုန်ပစ္စည်းများ စိစစ်ခြင်းတို့ကို နိုင်ငံတကာထုံးစံအတိုင်း တစ်ကြိမ်စီသာ ပြုလုပ်ရမည်။

၆၃။ အကောက်ခွန်ဦးစီးဌာနသည် ကင်းလွတ်ဇုန်အတွင်းသို့ တင်သွင်းသည့် ကုန်စည်များ၏ အန္တရာယ်ရှိနိုင်မှုပေါ် မူတည်၍ အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောက်ခွန်စစ်ဆေးခြင်း နည်းလမ်းကိုအသုံးပြု၍ စစ်ဆေးရာ၌ ယင်းကုန်စည်များအား လိုအပ်သည်ထက် ပိုမို၍ စစ်ဆေးခြင်း မပြုရ။

၆၄။ အကောက်ခွန်ဦးစီးဌာနသည် ထုတ်ကုန်ကွင်းဆင်း စစ်ဆေးခြင်းကို ပြုပြင်ရန် လိုအပ်ပါက ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်းခွင်နေရာတွင် စစ်ဆေးရမည်ဖြစ်သော်လည်းစစ်ဆေးရာတွင်မူ မြန်ဆန်စေရန် အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်း များကိုလျှော့ချရမည်။ စစ်ဆေးပြီး ကုန်စည်များကို ပို့ဆောင်ရာတွင် လေလွင့် ဆုံးရှုံးမှုမရှိစေရေးအတွက် အကောက်ခွန်အရာရှိသည် လိုအပ်လျှင် ချိတ်ပိတ် နိုင်သည်။

၆၅။ အကောက်ခွန်ဦးစီးဌာနသည် အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းများ ချောမွေ့အဆင်ပြေစေရန် ကုန်ပစ္စည်းများကို ထုတ်ယူခွင့်ပြုပြီးနောက် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုတွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ပါဝင်သော ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များ စသည့် ကုန်ပစ္စည်းတင်သွင်း၊ တင်ပို့သူများက ထိန်းသိမ်းထားသော စာရင်းစာအုပ်များ၊ မှတ်တမ်းမှတ်ရာများ၊ လုပ်ငန်းစနစ်များနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ သတင်းအချက်အလက်များကို အကောက်ခွန်ဌာနမှ ကျေနပ်သည် အထိစစ်ဆေးနိုင်သည့် နှောင်းစာရင်းစစ်ဆေးခြင်းနည်းလမ်းကို အသုံးပြုခွင့် ရှိသည်။

၆၆။ ကင်းလွတ်ဇုန်အတွင်း သတ်မှတ်ထားသည့် ကုန်သွယ်မှုနေရာတွင် ကုန်သွယ်သည့်ကုန်စည်များ သို့မဟုတ် ထုတ်ကုန်များကို ပြသသည့် ကုန်စည်ပြပွဲ ကျင်းပရာ၌ခင်းကျင်းပြသသည့် ကုန်စည်များနှင့်စပ်လျဉ်း၍ အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

၆၇။ အကောက်ခွန်ဦးစီးဌာနသည် ကင်းလွတ်ဇုန်အတွင်း ကုန်ထုတ်လုပ်ငန်းအဆင့်ဆင့်တွင် အသုံးပြုသည့် ကုန်စည်များ ရွှေ့ပြောင်းသယ်ယူမှုနှင့် စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ စောင့်ကြည့်စစ်ဆေးနိုင်သည်။

၆၈။ ကင်းလွတ်ဇုန်အတွင်း ရင်းနှီးမြှုပ်နှံသူသည် ပြည်ပပို့ကုန်များထုတ်လုပ်ရန် သို့မဟုတ်ပို့ကုန်လုပ်ငန်းအတွက် အသုံးပြုရန် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ၊ ဖြည့်စွက်ပစ္စည်းများ၊ ကုန်ပစ္စည်းအစိတ်အပိုင်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ထုပ်ပိုးပစ္စည်းများနှင့် တစ်စိတ်တစ်ပိုင်း ကုန်ချောများကို ပြည်တွင်းမှဖြစ်စေ၊ လုပ်ငန်းမြှင့်တင်ရေးဇုန်မှဖြစ်စေ တိုက်ရိုက်ဝယ်ယူနိုင်သည်။ ယင်းကုန်စည်များကို ကင်းလွတ်ဇုန်အတွင်းသို့ သယ်ယူပို့ဆောင်ရာတွင် အကောက်ခွန်ရှင်းလင်းရေး လုပ်ထုံး လုပ်နည်းများကို လိုက်နာရမည်။

အခန်း(၁၅)
ကူးစက်ရောဂါ ရှိမရှိစစ်ဆေးခြင်းနှင့် ပြန့်ပွားမှုမရှိစေရန် သီးသန့်ထားရှိခြင်း

၆၉။ ကျန်းမာရေးဦးစီးဌာန၊ ကူးစက်ရောဂါကာကွယ်ရေးဌာနမှ တာဝန်ရှိသူသည်-
(က) အထူးစီးပွားရေးဇုန်အတွင်းသို့ တိုက်ရိုက်တင်သွင်းမည့် သို့မဟုတ် အထူးစီးပွားရေးဇုန်မှ ယင်းဇုန်၏ ပြင်ပသို့ တိုက်ရိုက်တင်ပို့မည့် ပစ္စည်းများ၊ယာဉ်များ၊ ကုန်သေတ္တာများ၊ တိရစ္ဆာန်များနှင့်အပင်များကို ဆိပ်ကမ်း၊ လေဆိပ်၊ဘူတာရုံနှင့် အထူးစီးပွားရေးဇုန် တစ်ခုနှင့်တစ်ခုအကြား သယ်ယူ ပို့ဆောင်ရာတွင် ကူးစက်ရောဂါ ပြန့်ပွားမှု မရှိစေရေးအတွက် သီးသန့်ထား ရှိခြင်းတို့ကိုလိုအပ်သလို ဆောင်ရွက်ရမည်။
( ခ ) ပို့ကုန်သွင်းကုန် ပစ္စည်းများနှင့် စပ်လျဉ်း၍ဖြစ်စေ၊ အထူးစီးပွားရေးဇုန် အတွင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ကူးစက်ရောဂါ ရှိမရှိစစ်ဆေးခြင်းနှင့် ကူးစက်ရောဂါ ပြန့်ပွားမှုမရှိစေရန် သီးသန့်ထားရှိခြင်း တို့ကိုလိုအပ်သလို ဆောင်ရွက်ရမည်။

အခန်း(၁၆)
အလုပ်သမားရေးရာ ကိစ္စရပ်များ

ရဝ။ စီမံခန့်ခွဲမှုကော်မတီသည် အထူးစီးပွားရေးဇုန်အတွင်းရှိ အလုပ်သမားရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ –
(က) အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ကို သတ်မှတ်ချက်များနှင့်အညီ ချုပ်ဆိုစေရေးအတွက် ကြီးကြပ်ရမည်။
( ခ ) အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ပါ အလုပ်ရှင်နှင့် အလုပ်သမားတို့၏ အခွင့်အရေးနှင့် တာဝန်များကိုလည်းကောင်း၊ အလုပ်အကိုင် ဆိုင်ရာစည်းကမ်းချက်များကိုလည်းကောင်း သတ်မှတ်ရာ၌ အနည်းဆုံး လုပ်ခလစာ၊ခွင့်ရက်၊ အလုပ်ပိတ်ရက်၊ အချိန်ပိုလုပ်ခ၊ အလုပ်ထုတ် နစ်နာကြေးနှင့်အလုပ်သမားလျော်ကြေး စသည်တို့အပါအဝင် တည်ဆဲ အလုပ်သမားဆိုင်ရာဥပဒေများအရ အခွင့်အရေးများ ရရှိစေရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးရမည်။
( ဂ ) အလုပ်သမား၊ အတတ်ပညာရှင်နှင့် ဝန်ထမ်းတို့၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ နစ်နာဆုံးရှုံးခြင်းမရှိစေရန် စစ်ဆေးခြင်းနှင့် ကြီးကြပ်ခြင်းပြုရမည်။
(ဃ) အလုပ်သမားနှင့်ဝန်ထမ်းတို့၏ အနည်းဆုံးလုပ်ခလစာကို သတ်မှတ်နိုင်သည်။

၇၁။ ရင်းနှီးမြှုပ်နှံသူသည် အလုပ်သမားစုဆောင်းခြင်းနှင့်စပ်လျဉ်း၍ အထူးစီးပွားရေး ဇုန်ရှိအလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးမှလည်းကောင်း၊ ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး ကိုယ်စားလှယ်များမှလည်းကောင်း၊ မိမိ၏အစီအစဉ်ဖြင့် လည်းကောင်းလွတ်လပ်စွာ ရှာဖွေစုဆောင်းနိုင်သည်။

၇၂။ အလုပ်ခန့်ထားခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံသားကျွမ်းကျင်သူ အလုပ်သမားများ၊ အတတ်ပညာရှင်များနှင့် ဝန်ထမ်းများခန့်ထားရာတွင် တည်ဆဲအလုပ်သမားဆိုင်ရာ ဥပဒေ၊နည်းဥပဒေများနှင့်အညီ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်ကိုအလုပ်ရှင်နှင့် အလုပ်သမားတို့ နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုး၍ ခန့်ထားရမည်။

၇၃။ ရင်းနှီးမြှုပ်နှံသူသည် နိုင်ငံသားဝန်ထမ်းများအား လုပ်ငန်းကျွမ်းကျင်မှု တိုးတက်လာစေရေးအတွက် လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာ ဘာသာရပ်များနှင့်စပ်လျဉ်း၍ လေ့ကျင့်ပေးခြင်း၊ သင်တန်းဖွင့်လှစ်ခြင်းတို့ကို စီစဉ်ဆောင်ရွက် ပေးရမည်။

၇၄။ ရင်းနှီးမြှုပ်နှံသူသည် အဆင့်မြင့်နည်းပညာနှင့် ကျွမ်းကျင်မှုဆိုင်ရာ မလိုအပ်သောလုပ်ငန်းများတွင် နိုင်ငံသားများကိုသာ ခန့်ထားရမည်။

၇၅။ ရင်းနှီးမြှုပ်နှံသူသည် အဆင့်မြင့်နည်းပညာနှင့် ကျွမ်းကျင်မှုဆိုင်ရာ လိုအပ်သောလုပ်ငန်းများအတွက် နိုင်ငံသားကျွမ်းကျင်သူ အလုပ်သမားများ၊ အတတ်ပညာရှင်များနှင့် ဝန်ထမ်းများကို ခန့်ထားရာတွင် လုပ်ငန်းစတင်သည့်နှစ်မှ ပထမနှစ်နှစ်အတွင်း၌ နိုင်ငံသား အနည်းဆုံး ၂၅ ရာခိုင်နှုန်း၊ ဒုတိယနှစ်နှစ် အတွင်း၌ အနည်းဆုံး၅ဝ ရာခိုင်နှုန်း၊ တတိယနှစ်နှစ်အတွင်း၌ အနည်းဆုံး ၇၅ ရာခိုင်နှုန်း ခန့်ထားပြီးဖြစ်ရမည်။

၇၆။ (က) အထူးစီးပွားရေးဇုန်တွင် အလုပ်ရှင်နှင့်အလုပ်သမား၊ အတတ်ပညာရှင်သို့မဟုတ် ဝန်ထမ်းတို့အကြား ပေါ်ပေါက်သည့် အငြင်းပွားမှုများကိုသက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက စေ့စပ်ညှိနှိုင်းခြင်းနှင့် ဖျန်ဖြေခြင်းပြုလုပ်ရမည်။
( ခ ) ပုဒ်မခွဲ (က) အရ သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက စေ့စပ်ညှိနှိုင်း ဖျန်ဖြေသော်လည်း ပြေလည်မှု မရရှိလျှင် အငြင်းပွားမှုကို အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။

၇၇။ အထူးစီးပွားရေးဇုန်အတွင်း အလုပ်လုပ်ကိုင်သည့် နိုင်ငံခြားသားဝန်ထမ်း များအတွက်အလုပ်လုပ်ခွင့် ပါမစ်ကို အထူးစီးပွားရေးဇုန်ရှိ တစ်နေရာတည်း၌ တစုတစည်းတည်းအလုံးစုံ ဝန်ဆောင်မှုပေးသည့်ဌာနတွင် ဖွင့်လှစ်ထားသည့် အလုပ်သမားဌာန၏ကိုယ်စားလှယ်ရုံးမှ ထုတ်ပေးရမည်။

၇၈။ ရင်းနှီးမြှုပ်နှံသူသည် မိမိ၏ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အခြေအနေအရ နည်းပညာနှင့်စီမံခန့်ခွဲမှု အတွက် နိုင်ငံခြားသားဝန်ထမ်းများအား သတ်မှတ်ထားသည့် အရေအတွက်ထက် ပိုမိုခန့်ထားရန် လိုအပ်ပါက သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုချက်ဖြင့်သာ ခန့်ထားနိုင်သည်။

အခန်း(၁၇)
မြေအသုံးပြုခြင်း

၇၉။ စီမံခန့်ခွဲမှုကော်မတီသည် မြေငှားရမ်းခွင့် သို့မဟုတ် မြေအသုံးပြုခွင့်အတွက် ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူအား မြေငှားရမ်းခ သို့မဟုတ် မြေအသုံးပြုခ ပေးသွင်းစေပြီး နှစ် ၅ဝ အထိ ခွင့်ပြုနိုင်သည်။ ယင်းသက်တမ်း ကုန်ဆုံးပြီးနောက်ရင်းနှီးမြှုပ်နှံသူက ဆက်လက်လုပ်ကိုင်လိုလျှင် ၂၅ နှစ်အထိ သက်တမ်း တိုးမြှင့်ပေးနိုင်သည်။

၈ဝ။ ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူသည်-
(က) ငှားရမ်းခွင့် သို့မဟုတ် အသုံးပြုခွင့်ရရှိထားသည့် မြေပေါ်တွင် လူနေအိမ်ခြေများ၊ အဆောက်အအုံများ၊ လယ်ယာဥယျာဉ်ခြံမြေများ၊ သီးပင် စားပင်များ၊စိုက်ခင်းများ စသည်တို့ကို ပြောင်းရွှေ့ရှင်းလင်းပေးရန်ရှိပါက ယင်းတို့အားပြောင်းရွှေ့နေရာ ချထားခြင်းနှင့် လျော်ကြေးပေးခြင်းတို့ အတွက် ကုန်ကျစရိတ်များကို ချုပ်ဆိုထားသည့် သဘောတူညီချက်များနှင့်အညီ ကျခံရမည်။
( ခ ) ပြောင်းရွှေ့ရသူများအတွက် မူလအဆင့်အတန်းထက် မနိမ့်ကျစေရန်၊ယင်းတို့၏ အခြေခံလိုအပ်ချက်များ ပြည့်စုံစေရန်နှင့် အဆိုပါလုပ်ငန်းများအဆင်ပြေချောမွေ့စေရန်တို့ကို သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ရမည်၊၊
( ဂ ) ငှားရမ်းခွင့် သို့မဟုတ် အသုံးပြုခွင့်ရရှိသောမြေကို သတ်မှတ်ထားသောစည်းကမ်းချက်များနှင့်အညီ အသုံးပြုရမည်။
(ဃ) ငှားရမ်းခွင့် သို့မဟုတ် အသုံးပြုခွင့်ရရှိသော မြေ၏ သဘာဝမြေမျက်နှာသွင်ပြင် သို့မဟုတ် မြေအနိမ့်အမြင့် အနေအထားကို သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ သိသာထင်ရှားစွာ ပြုပြင်ပြောင်းလဲခြင်း မပြုရ။
( င ) ငှားရမ်းခွင့် သို့မဟုတ် အသုံးပြုခွင့်ရရှိသော မြေ၏မြေပေါ်မြေအောက်၌မိမိအား ခွင့်ပြုသည့် လုပ်ငန်းနှင့် မသက်ဆိုင်သည့် မူလစာချုပ်တွင် မပါဝင်သော သဘာဝသယံဇာတ တွင်းထွက်ပစ္စည်းကိုဖြစ်စေ၊ ရှေးဟောင်း ဝတ္ထုပစ္စည်းကိုဖြစ်စေ၊ ရတနာသိုက်ကိုဖြစ်စေ တွေ့ရှိလျှင် စီမံခန့်ခွဲမှု ကော်မတီသို့ချက်ချင်း အကြောင်းကြားရမည်။ စီမံခန့်ခွဲမှုကော်မတီက ခွင့်ပြုလျှင်ယင်းမြေပေါ်၌ ဆက်လက်လုပ်ကိုင်နိုင်သည်။ ခွင့်ပြုချက် မရလျှင် အစားထိုးစီစဉ်ပေးသည့် နေရာသို့ ပြောင်းရွှေ့ဆောင်ရွက်ရမည်။
( စ ) လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရန် ခွင့်ပြုထားသည့်ကာလအတွင်း အခြား သူသို့မဟုတ် အခြားအဖွဲ့အစည်းများသို့ မြေငှားရမ်းခြင်း၊ မြေအသုံးပြုခွင့်နှင့်အဆောက်အအုံများကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းသို့မဟုတ် ပေးကမ်းခြင်းတို့ကို သက်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏သဘောတူညီချက်ဖြင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြုလုပ်နိုင်သည်။

၈၁။ ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူသည် မိမိ၏ရင်းနှီးမြှုပ်နှံမှုကိုပိတ်သိမ်းခြင်း သို့မဟုတ် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းပြုလျှင် မြေငှားရမ်းခွင့်သို့မဟုတ် အသုံးပြုခွင့်ကိုပါ ရုပ်သိမ်း၍ မြေကိုပြန်လည်အပ်နှံရမည်ဖြစ်ပြီး လိုအပ်ပါကမြေပေါ်ရှိ အဆောက်အအုံများကို ဖယ်ရှားရမည်။

၈၂။ ပြည်ထဲရေးဝန်ကြီးဌာနသည် ဗဟိုအဖွဲ့က အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်တည်ထောင်ရန် ရည်ရွယ်သော ဒေသတစ်ခုတွင် တည်ရှိသည့် မြေများကို သိမ်းဆည်းရန် သို့မဟုတ် လွှဲပြောင်းပေးရန် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။

အခန်း(၁၈)
အထွေထွေ

၈၃။ ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူ ပိုင်ဆိုင်သည့် ပစ္စည်းများ၊ အကျိုးအမြတ်များနှင့် အခြားအခွင့်အရေးများကို တည်ဆဲဥပဒေများနှင့်အညီ အသိအမှတ်ပြုအကာအကွယ် ပေးရမည်။

၈၄။ ကင်းလွတ်ဇုန် သို့မဟုတ် လုပ်ငန်းမြှင့်တင်ရေးဇုန်မှ ထုတ်လုပ်သော ထုတ်ကုန်ပစ္စည်း၊ဝန်ဆောင်မှုလုပ်ငန်း သို့မဟုတ် ပြည်ပပို့ကုန်များကို ဈေးနှုန်းကန့်သတ် ထိန်းချုပ်ခြင်းမပြုရ။

၈၅။ အထူးစီးပွားရေးဇုန်တွင် နေထိုင်သော ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူနှင့် ယင်း၏ အလုပ်သမားများ၊ အတတ်ပညာရှင်များ၊ ဝန်ထမ်းများနှင့် မိသားစုဝင်တို့သည် ဤဥပဒေပြဋ္ဌာန်းချက်များအပြင် မြန်မာနိုင်ငံ၏ အခြားတည်ဆဲ ဥပဒေများကိုလည်း လိုက်နာကြရမည်။

၈၆။ အထူးစီးပွားရေးဇုန်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုထားသည့် သက်တမ်းကာလအတွင်း နိုင်ငံပိုင် သိမ်းယူခြင်းမပြုဟု အာမခံသည်။

၈၇။ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များသည် ယင်းတို့နှင့်သက်ဆိုင်သည့် ဤဥပဒေပါ လုပ်ငန်းများကိုအကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်။

၈၈။ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တို့၏ တာဝန်ပေးအပ်ခြင်း ခံရသူသည် ဤဥပဒေအရ ရရန်ရှိသော အခွန်အခများနှင့် ဒဏ်ကြေးငွေများကို ပေးဆောင်ရန် ပျက်ကွက်သူထံမှ တည်ဆဲအခွန်အခဆိုင်ရာ ဥပဒေများနှင့်အညီ အရကောက်ခံရမည်။

၈၉။ တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင် ပါရှိစေကာမူ ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဤဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်။

၉ဝ။ တာဝန်ခံဝန်ကြီးဌာနသည် ဗဟိုအဖွဲ့၏ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရမည့်အပြင် ကုန်ကျစရိတ်များကိုလည်း ကျခံရမည်။

၉၁။ ပြည်ထောင်စုအစိုးရအဖွဲ့သည်-
(က) တာဝန်ခံဝန်ကြီးဌာန သို့မဟုတ် အခြားပြည်ထောင်စုဝန်ကြီးဌာန တစ်ခုခုအားဗဟိုလုပ်ငန်းအဖွဲ့၏ ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန်နှင့် ကုန်ကျစရိတ်များကိုကျခံရန် တာဝန်ပေးအပ်နိုင်သည်။
( ခ ) အထူးစီးပွားရေးဇုန်အတွက် ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် လိုအပ်ပါက အထူးကော်မတီတစ်ရပ်ရပ်ကို သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်၍ ဖွဲ့စည်းနိုင်သည်။
( ဂ ) စီမံခန့်ခွဲရေးနှင့် ကြီးကြပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် စီမံခန့်ခွဲမှုကော်မတီ တစ်ရပ်ရပ်ကို သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်၍ ဖွဲ့စည်းနိုင်သည်။
(ဃ) ပုဒ်မခွဲ (က) နှင့် (ခ) ပါ ကော်မတီများ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးနိုင်သည်။

၉၂။ ဤဥပဒေအရ ဗဟိုအဖွဲ့၊ ဗဟိုလုပ်ငန်းအဖွဲ့နှင့် စီမံခန့်ခွဲမှုကော်မတီများကို ဖွဲ့စည်းခြင်းမပြုနိုင်သေးမီ ဤဥပဒေဖြင့်ရုပ်သိမ်းလိုက်သည့် မြန်မာအထူးစီးပွားရေး ဇုန်ဥပဒေ(နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၈/ ၂ဝ၁၁) အရဖွဲ့စည်းထားရှိသည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့၊ ဗဟိုလုပ်ငန်းအဖွဲ့နှင့်စီမံခန့်ခွဲမှုကော်မတီများသည် ဤဥပဒေနှင့်အညီ ဖွဲ့စည်း ထားသည်ဟု မှတ်ယူရမည်။

၉၃။ ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည့် မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၈/၂ဝ၁၁) အရ ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကိုဤဥပဒေနှင့် မဆန့်ကျင်သရွေ့ ကျင့်သုံးခွင့်ရှိသည်။

၉၄။ ဗဟိုအဖွဲ့၊ ဗဟိုလုပ်ငန်းအဖွဲ့နှင့် သက်ဆိုင်ရာ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတို့က ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများသည် ယင်းထုတ်ပြန်ချိန်မတိုင်မီ၌ အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံရန် မှတ်ပုံတင်ပြီးသော လုပ်ငန်းများအပေါ် ထိခိုက်ခြင်းမရှိစေရ။

၉၅။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် –
(က) တာဝန်ခံ ပြည်ထောင်စုဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လိုအပ်သော နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကိုထုတ်ပြန်နိုင်သည်။
( ခ ) ဗဟိုအဖွဲ့၊ ဗဟိုလုပ်ငန်းအဖွဲ့နှင့် စီမံခန့်ခွဲမှုကော်မတီတို့သည် လိုအပ်သောအမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကိုထုတ်ပြန်နိုင်သည်။

၉၆။ မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၈/၂ဝ၁၁) နှင့် ထားဝယ်အထူးစီးပွားရေးဇုန်ဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၁၇/ ၂ဝ၁၁) တို့ကိုဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွနု်ပ်လက်မှတ်ရေးထိုးသည်။

(ပုံ)သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။