သတင်းမီဒီယာဥပဒေ
( ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၂ ။)
၁၃၇၅ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်
(၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း(၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို သတင်းမီဒီယာဥပဒေဟု ခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-
(က) သတင်းမီဒီယာ ဆိုသည်မှာ သတင်းရှာဖွေခြင်း၊ ရယူခြင်း၊ ပိုင်ဆိုင်ခြင်း၊မှတ်တမ်းတင်ခြင်း၊ သတင်းအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်း၊ဖြန့်ချိခြင်း အစရှိသည်တို့ကို စာ၊ အသံ၊ အရုပ်၊ ရုပ်သံ၊ ကိန်းဂဏန်းအချက်အလက်၊ ရုပ်ပုံဒီဇိုင်းစသည့် အသွင်သဏ္ဌာန်များ အသုံးပြုကာပုံနှိပ်မီဒီယာ၊ ရုပ်သံလွှင့်မီဒီယာ၊ အယ်ဒီတာ တာဝန်ယူမှုရှိသောအင်တာနက်မီဒီယာ သို့မဟုတ် အခြားနည်းလမ်းများဖြင့် လုပ်ကိုင်သည့်အများပြည်သူဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးလုပ်ငန်းများကို ဆိုသည်။
(ခ) သတင်းမီဒီယာသမား ဆိုသည်မှာ သတင်းမီဒီယာနှင့် စပ်လျဉ်းသောလုပ်ငန်းတစ်ရပ်ရပ် လုပ်ကိုင်သူကိုဆိုသည်။
(ဂ) ကောင်စီ ဆိုသည်မှာ ဤဥပဒေနှင့်အညီ ဖွဲ့စည်းသော မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီကို ဆိုသည်။
(ဃ) သတင်းထုတ်လွှင့်ပြသခြင်း ဆိုသည်မှာ အသံဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ရုပ်ပုံဖြင့် ဖြစ်စေ အများပြည်သူအား ထုတ်လွှင့်ပြသခြင်းကို ဆိုသည်။
(င) သတင်းစာ ဆိုသည်မှာ နေ့စဉ် ဖြစ်ပျက်နေသော ပြည်တွင်း ပြည်ပသတင်းများ၊ ယင်းတို့နှင့်စပ်လျဉ်းသော ရေးသားဖော်ပြမှုများကို ပုံမှန်ဖြန့်ချိသော ထုတ်ဝေစာကို ဆိုသည်။
(စ) သတင်းထောက် ဆိုသည်မှာ သတင်းအချက်အလက်များ ရှာဖွေရယူ၍သတင်းမီဒီယာ တစ်ခုခုသို့ ပေးပို့သူကိုဆိုသည်။
(ဆ) စာနယ်ဇင်း ဆိုသည်မှာ သတင်းမီဒီယာ လုပ်ငန်းကို အချိန်မှန်ဖြစ်စေ၊အချိန်ကာလ မသတ်မှတ်ဘဲဖြစ်စေ လုပ်ကိုင်လျက် သတင်း၊ ဝတ္ထု၊ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ရုပ်ပုံ၊ ဓာတ်ပုံ၊ သရုပ်ဖော်ပုံ စသည်တို့ကိုရုပ်သံလွှင့် နည်းပညာဖြင့် ဖြစ်စေ၊ အင်တာနက် နည်းပညာဖြင့်ဖြစ်စေ၊အခြားနည်းပညာ တစ်ရပ်ရပ်ဖြင့်ဖြစ်စေ ဖော်ပြထားသော စာအုပ်၊စာစောင်၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း စသည့် ထုတ်ဝေစာတို့ကို ဆိုသည်။
(ဇ) သတင်းအေဂျင်စီ ဆိုသည်မှာ ပြည်တွင်းပြည်ပမှ သတင်းအချက်အလက်များကို စုဆောင်းရယူ၍ နည်းတစ်မျိုးမျိုးဖြင့် မီဒီယာများသို့အခကြေးငွေဖြင့် ဖြစ်စေ၊ အခကြေးငွေ မယူဘဲ ဖြစ်စေ ဖြန့်ဝေပေးသည့်လုပ်ငန်း၊ ကော်ပိုရေးရှင်း၊ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ဆိုသည်။
(ဈ) စိစစ်ခြင်း ဆိုသည်မှာ စာနယ်ဇင်းတစ်ခုခုတွင် ပါဝင်သည့် အကြောင်းအရာများကို ပုံနှိပ်ခြင်းမပြုမီ ဖြတ်တောက်ခြင်း၊ ဖယ်ရှားခြင်း၊ တားမြစ်ခြင်း၊ပိတ်ပင်ခြင်းတို့ကို ဆိုသည်။
(ည) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနကိုဆိုသည်။
အခန်း(၂)
ရည်ရွယ်ချက်များ
၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံသားတိုင်းလွတ်လပ်စွာ ရေးသားထုတ်ဝေဖြန့်ချိခွင့်ရှိသည့် သတင်းမီဒီယာလုပ်ငန်းများ ဖြစ်ပေါ်စေရန်၊
(ခ) သတင်းမီဒီယာ လုပ်ငန်းသည် စတုတ္ထမဏ္ဍိုင်အဖြစ် ပီပြင်စွာ ရပ်တည်နိုင်စေရန်၊
(ဂ) သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များ အပြည့်အဝရရှိစေရန်၊
(ဃ) သတင်းမီဒီယာသမားများ လိုက်နာရမည့်တာဝန်၊ ကျင့်ဝတ်၊ စည်းကမ်းနှင့်ကျင့်စဉ်များကို ဆိုင်ရာလုပ်ငန်း၊ အဖွဲ့အစည်းများအတွင်း သတ်မှတ်ရေးဆွဲရန်၊
(င) နိုင်ငံသားတိုင်း၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးရန်၊
(စ) သတင်းမီဒီယာတစ်ခုခုတွင် ရေးသားဖော်ပြထုတ်လွှင့်မှု တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ တစ်စုံတစ်ယောက်၏ တိုင်ကြားချက်၊ အငြင်းပွားချက်များကိုနှစ်ဖက် ညှိနှိုင်းဖြေရှင်းသော နည်းလမ်းဖြင့် ကျေအေးပြေငြိမ်းစေရန်။
အခန်း(၃)
သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များ
၄။ သတင်းမီဒီယာသမားများသည်-
(က) ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်စွာဝေဖန်၊ထောက်ပြ၊ အကြံပြု ရေးသားခွင့်ရှိသည်။
(ခ) နိုင်ငံသားတိုင်း သိခွင့်ရှိသော သတင်းအချက်အလက်များနှင့် သဘောထားအမြင်များကို ကျင့်ဝတ်စည်းကမ်းနှင့်အညီ စုံစမ်းဖော်ထုတ် ရေးသားခွင့်နှင့်သတင်း ထုတ်လွှင့်ခွင့်တို့ ရှိသည်။
(ဂ) နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဆုံးရှုံးမှုဆိုင်ရာ ကိစ္စရပ်များကို ဖော်ထုတ်ရေးသားခွင့်ရှိသည်။
(ဃ) သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းက သတ်မှတ်ထားသော စည်းကမ်းနှင့်အညီ အစိုးရရုံး၊ ဌာန၊ အဖွဲ့အစည်းများတွင် သတင်းအချက်အလက်ရယူခွင့်၊ နေရာထိုင်ခင်း ရခွင့်နှင့် ဝင်ထွက်သွားလာခွင့်တို့ ရှိသည်။
၅။ သတင်းမီဒီယာ လုပ်ငန်း၏ ထုတ်ဝေစာသည် စိစစ်ခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။
၆။ သတင်းမီဒီယာသမားတစ်ဦးသည်-
(က) ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ အာဏာပိုင် အဖွဲ့အစည်း တစ်ရပ်ရပ်ကဖြစ်စေ၊ အမိန့် ညွှန်ကြားချက်ဖြင့် လုံခြုံရေးအဆင့်အတန်း သတ်မှတ်ထားသော စာရင်းဇယား၊ ဓာတ်ပုံ၊ မှတ်တမ်းရေးသားချက်များမှအပအများပြည်သူ သိခွင့်ရှိသော သတင်း အချက်အလက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများထံမှ တောင်းယူကြည့်ရှုခွင့် ရှိသည်။
(ခ) အများပြည်သူ၏ ရန်ပုံငွေဖြင့် ဖွဲ့စည်းထားသော အစိုးရမဟုတ်သည့်အသင်း၊ အဖွဲ့၊ လုပ်ငန်းများမှ သတင်းအချက်အလက်များကို ပုဒ်မခွဲ (က)ပါ ပြဋ္ဌာန်းချက်နှင့်အညီ တောင်းယူကြည့်ရှုခွင့် ရှိသည်။
၇။ သတင်းမီဒီယာသမားတစ်ဦးသည် စစ်မက်ဖြစ်ပွားရာဒေသ၊ အရေးအခင်း၊အဓိကရုဏ်း၊ အများပြည်သူဆန္ဒပြရာ နေရာဒေသတို့၌ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းက သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ သတင်းရယူစဉ်တွင်-
(က) လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်း၊သတင်းမှတ်တမ်း စသည့် သတင်းရယူခြင်းနှင့် သက်ဆိုင်သော ကိရိယာများကို သိမ်းယူ ခံရခြင်းနှင့်ဖျက်ဆီးခံရခြင်းတို့မှ ကင်းလွတ် စေရမည်။
(ခ) လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများရှိက ယင်းတို့၏ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံခွင့် ရှိစေရမည်။
၈။ သတင်းမီဒီယာသမား တစ်ဦးသည်-
(က) ကျင့်ဝတ်နှင့်အညီ မိမိအမည်ကို ထုတ်ဖော်ပြောဆို၍ သတင်းရယူရမည်။သို့ရာတွင် အများပြည်သူနှင့်သက်ဆိုင်သော ကိစ္စရပ်များဖြစ်သည့် ပြည်သူ့ကျန်းမာရေး၊ ပြည်သူတို့၏ ဘေးကင်းလုံခြုံရေးနှင့် သဘာဝ ပတ်ဝန်းကျင်တို့ကို ထိခိုက်စေနိုင်သော ကိစ္စရပ်များ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊တရားစီရင်ရေးနှင့် လူမှုစီးပွားရေးဆိုင်ရာ ဆောင်ရွက်ချက် များတွင်မမှန်မကန် ဆောင်ရွက်မှုများ၊ အကျင့်ပျက် ခြစားမှုများကို ဖော်ထုတ်ရန်မဖြစ်မနေ စုံစမ်းရမည့် သတင်းဖြစ်ပါက သတ်မှတ်ချက် များနှင့်အညီသက်ဆိုင်ရာ အယ်ဒီတာ၏ ခွင့်ပြုချက်ဖြင့် အမည်မဖော်ပြဘဲ စုံစမ်းခွင့်ရှိပြီးထိုသို့ ဆောင်ရွက်ခဲ့ကြောင်းကို ဖော်ပြပေးရမည်။
(ခ) ဤဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ဖြင့် အရေးယူခံရသော အမှုတွင်တရားရုံး၏ အမိန့်အရမဟုတ်ဘဲ သတင်းမီဒီယာဆိုင်ရာ လုပ်ငန်းသုံးပစ္စည်းများကို သိမ်းဆည်းခြင်း၊ ချိပ်ပိတ်ခြင်းနှင့် ဖျက်ဆီးခြင်းတို့မှကင်းလွတ်ခွင့်ရရှိစေရမည်။
အခန်း(၄)
သတင်းမီဒီယာသမားများ လိုက်နာရမည့်တာဝန်နှင့် ကျင့်ဝတ်များ
၉။ သတင်းမီဒီယာ သမားတစ်ဦးသည် အောက်ပါ ကျင့်ဝတ်စည်းကမ်းများကိုလိုက်နာရန် တာဝန်ရှိသည်-
(က) သတင်းတိုင်းအချက်အလက် တိကျမှန်ကန်စေရန်နှင့် တတ်နိုင်သမျှပြည့်စုံစေရန် စိစစ်ခြင်း၊
(ခ) တိကျမှန်ကန်မှုမရှိသော သတင်းကို ဖော်ပြမိ၍ ပြင်ဆင်ရန်လိုအပ်ပါကပုံနှိပ်မီဒီယာဖြစ်လျှင် ပြင်ဆင်ချက်ကို ထင်ရှားသော စာမျက်နှာ၌လည်းကောင်း၊ အခြားမီဒီယာဖြစ်လျှင် အနီးစပ်ဆုံးအချိန်၌လည်းကောင်းအမြန်ဆုံး ဖော်ပြခြင်း၊
(ဂ) တရားရုံးတွင် စစ်ဆေးဆဲအမှုများနှင့်စပ်လျဉ်း၍ သတင်းဖော်ပြရာတွင်တရားရုံးက ပြစ်မှု ထင်ရှား စီရင်ခြင်းမပြုသမျှ ကာလပတ်လုံး တရားစွဲဆိုခံရသူအား အပြစ်ကင်းစင်သူအဖြစ် မှတ်ယူခြင်းနှင့် တရားရုံးအားမထီမဲ့မြင်ပြုရာ ရောက်သော သတင်း ဝေဖန်ချက်မျိုးကို ဖော်ပြခြင်းမှရှောင်ကြဉ်ခြင်း၊
(ဃ) သတင်းဓာတ်ပုံနှင့် အရုပ်အသံများ ဖော်ပြရာတွင် နည်းပညာတစ်ရပ်ရပ်အသုံးပြု၍ မလျော်ကန်သော ပြုပြင်ပြောင်းလဲခြင်းမှ ရှောင်ကြဉ်ခြင်း၊
(င) သတင်းဝေဖန်ချက်၊ အာဘော်နှင့်ဆောင်းပါး ရေးသားခြင်းမှတစ်ပါးသတင်း ရေးသားသူ၏ ထင်မြင်ယူဆချက်၊ အာဘော်လုံးဝ မပါရှိစေခြင်း၊
(စ) တစ်ပါးသူပိုင်ဆိုင်သည့် ဉာဏဆိုင်ရာ ပစ္စည်းများကို ခွင့်ပြုချက်မရဘဲကူးယူ ဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်း၊
(ဆ) အများပြည်သူ၏ အကျိုးစီးပွားနှင့်စပ်ဆိုင်သည့် သတင်းရေးသားခြင်းမဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့်အရေးကို ထိခိုက်စေသောအရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်း၊
(ဇ) ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ လူမျိုးတစ်မျိုးကို အကြောင်းပြု၍ ပဋိပက္ခဖြစ်စေနိုင်သော လှုံ့ဆော်ရေးသားမှုမှ ရှောင်ကြဉ်ခြင်း၊
(ဈ) မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ထုတ်ပြန်သည့် ကျင့်ဝတ်နှင့်စည်းကမ်းများကို လိုက်နာခြင်း။
အခန်း(၅)
သတင်းမီဒီယာလုပ်ငန်း ထူထောင်ခြင်း
၁၀။ သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်လိုသူသည် အောက်ပါ နည်းလမ်းတစ်ရပ်ရပ်အရလုပ်ငန်း ထူထောင်ခွင့်ရှိသည်-
(က) တည်ဆဲမြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ အများနှင့် မသက်ဆိုင်သော ကုမ္ပဏီကိုဖြစ်စေ၊ အများနှင့် သက်ဆိုင်သော ကုမ္ပဏီကို ဖြစ်စေဖွဲ့စည်း၍ တည်ထောင် လုပ်ကိုင်ခြင်း၊ ဖက်စပ် ကုမ္ပဏီကိုဖြစ်စေ ဖွဲ့စည်း၍လုပ်ငန်း ထူထောင်ခြင်း၊
(ခ) တည်ဆဲ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေ သို့မဟုတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ငန်းထူထောင်ခြင်း။၁၁။ သတင်းမီဒီယာ လုပ်ငန်းလုပ်ကိုင်လိုသူသည် လုပ်ငန်း အမျိုးအစားအလိုက် သက်ဆိုင်ရာ ဥပဒေနှင့်အညီ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် သို့မဟုတ်လုပ်ငန်း လိုင်စင်ရယူရမည်။
အခန်း(၆)
ကောင်စီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ
၁၂။ ကောင်စီသည် စာနယ်ဇင်းသမားများနှင့် စပ်လျဉ်း၍ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်သည်။
၁၃။ နိုင်ငံတော်သမ္မတသည် ဤဥပဒေပါ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များကိုဆောင်ရွက်နိုင်ရန် အောက်ပါအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ ပါဝင်သော မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီကို အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ဖွဲ့စည်းပေးရမည်-
(က) ကောင်စီဝင်များအဖြစ် နိုင်ငံတော်သမ္မတက အဆိုပြုသည့် ကိုယ်စားလှယ်တစ်ဦး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ကအဆိုပြုသည့် ကိုယ်စားလှယ် တစ်ဦးစီ၊
(ခ) သတင်းမီဒီယာသမားများ၊ သတင်းအေဂျင်စီများ၊ ပုံနှိပ်ထုတ်ဝေသူများ၊စာရေးဆရာများ၊ ကဗျာဆရာများ၊ ကာတွန်းရုပ်ပြဆရာများက သတ်မှတ်အချိုးအစား အလိုက် အဆိုပြုသည့် ကိုယ်စားလှယ်များ၊
(ဂ) လူမှုရေး၊ စီးပွားရေး၊ စာပေယဉ်ကျေးမှု၊ ဥပဒေရေးရာ၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်သည့် လူထုအဖွဲ့အစည်းများက ရွေးချယ်သည့် ကိုယ်စားလှယ်များ၊
(ဃ) ကောင်စီဝင်ဦးရေကို အနည်းဆုံး ၁၅ ဦးမှ အများဆုံး ၃၀ ဦးအထိသတ်မှတ်ပေးရမည်။
၁၄။ (က) ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူးများကို ကောင်စီဝင်များထဲမှ အများဆန္ဒအရ ရွေးချယ် တင်မြှောက်ရမည်။
(ခ) ပုဒ်မခွဲ(က)အရ ရွေးချယ်တင်မြှောက်သည့် ကောင်စီဝင်များ၏ အမည်စာရင်းကို ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် နိုင်ငံတော်သမ္မတထံ တင်ပြရမည်။
၁၅။ (က) ကောင်စီဝင်တစ်ဦး၏ သက်တမ်း တစ်ကြိမ်သည် ရွေးချယ် တင်မြှောက်ခံရသည့် နေ့မှစ၍ သုံးနှစ်ဖြစ်သည်။
(ခ) ကောင်စီဝင်တစ်ဦးသည် သက်တမ်း နှစ်ကြိမ်ထက်ပို၍ တစ်ဆက်တည်းဆောင်ရွက်ခွင့် မရှိစေရ။
၁၆။ ကောင်စီဝင်တစ်ဦးသည် အောက်ဖော်ပြပါ အကြောင်းတစ်ရပ်ရပ်ကြောင့်ကောင်စီဝင် အဖြစ်မှ ရပ်စဲသည်-
(က) မိမိသဘောဆန္ဒအရ နုတ်ထွက်ခြင်း၊
(ခ) ကောင်စီဝင်တစ်ဦးဦးက သတင်းမီဒီယာသမားများ လိုက်နာရမည့်တာဝန်နှင့် ကျင့်ဝတ်များကို တမင် ဖောက်ဖျက်ခြင်းကြောင့်သော်လည်းကောင်း၊ ကောင်စီဝင်၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်မှု မရှိခြင်းကြောင့် သော်လည်းကောင်း၊ ကောင်စီကသတ်မှတ်ထားသော စည်းကမ်းများကို တမင်ချိုးဖောက်မှု တစ်ခုခုကြောင့်ဆက်လက် တာဝန်ပေးရန် မသင့်လျှင်သော်လည်းကောင်း ကောင်စီဝင်များ၏ သုံးပုံ နှစ်ပုံ ထောက်ခံတင်ပြချက်အရ နိုင်ငံတော်သမ္မတကရာထူးမှ ရပ်စဲခြင်း၊
(ဂ) အကျင့်သိက္ခာ ပျက်ပြားရာရောက်သည့် ပြစ်မှုပြစ်ဒဏ် တစ်မျိုးမျိုးအပြစ်ပေးခံရခြင်း၊
(ဃ) ရူးသွပ်ခြင်း သို့မဟုတ် ကွယ်လွန်အနိစ္စရောက်ခြင်း။
၁၇။ ကောင်စီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) သတင်းမီဒီယာကို စောင့်ကြည့်ခြင်းနှင့်အရည်အသွေးမြှင့်တင်ပေးခြင်း၊
(ခ) သတင်းမီဒီယာလုပ်ငန်းသုံး ပစ္စည်းများ ပြည်ပမှ တင်သွင်းရာတွင်အဆင်ပြေချောမွေ့ စေရေးအတွက် သက်ဆိုင်ရာ အစိုးရဌာနများနှင့်ညှိနှိုင်းခြင်း၊
(ဂ) သတင်းမီဒီယာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ ဟောပြောပွဲများကျင်းပရန် စီစဉ်ခြင်း၊
(ဃ) သတင်းဆိုင်ရာထူးချွန်သူများကို ဆုချီးမြှင့်ရေးအတွက် စာနယ်ဇင်းအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊
(င) သတင်းမီဒီယာလုပ်ငန်း တိုးတက်ရေးအတွက် စီမံချက်များ ရေးဆွဲဆောင်ရွက်ခြင်း၊
(စ) လိုအပ်သည့် အချိန်တိုင်း သတင်းထုတ်ပြန်ခြင်း၊
(ဆ) ပြည်သူများ သတင်းမှန်သိခွင့် ရရှိရေးအတွက် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ လူထု အခြေပြုအဖွဲ့အစည်းများတွင် သတင်းထုတ်ပြန်ရေးတာဝန်ခံတစ်ဦး သတ်မှတ်ထားရှိရေးအတွက် ကောင်စီက ညှိနှိုင်းဆောင်ရွက်ခြင်း၊
(ဇ) မိမိလုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များကိုနိုင်ငံတော်သမ္မတထံ တစ်နှစ်လျှင်တစ်ကြိမ် မပျက်မကွက် အစီရင်ခံခြင်း။
၁၈။ ကောင်စီသည် မိမိ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် လိုအပ်သောကော်မတီများကို ဖွဲ့စည်းပြီး ယင်းတို့၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးနိုင်သည်။
အခန်း (၇)
ရန်ပုံငွေနှင့် ထောက်ပံ့ရေး
၁၉။ ကောင်စီသည် မိမိလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အောက်ပါရငွေများဖြင့် ရန်ပုံငွေထူထောင်ရမည်-
(က) ပြည်ထောင်စုအစိုးရအဖွဲ့မှ ထောက်ပံ့ငွေ၊
(ခ) ပြည်တွင်း၊ ပြည်ပ စေတနာရှင်များ၏ လှူဒါန်းငွေများ၊
(ဂ) နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများကထောက်ပံ့ ကူညီမှုများ၊
(ဃ) သတင်းမီဒီယာလုပ်ငန်းများ၏ ထည့်ဝင်ငွေများ။
၂၀။ ကောင်စီသည် မိမိထူထောင်ထားသည့် ရန်ပုံငွေများကို ထိန်းသိမ်းခြင်း၊စာရင်းပြုစုခြင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးမှုခံယူခြင်း၊ ငွေစာရင်းဆိုင်ရာနှင့် ရန်ပုံငွေသုံးစွဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ သတ်မှတ်ခြင်းတို့ကိုဆောင်ရွက်ရမည်။
အခန်း (၈)
အရေးယူခြင်း
၂၁။ နစ်နာသောဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် သတင်းမီဒီယာသမားတစ်ဦးက ပုဒ်မ ၉ တွင် ပြဋ္ဌာန်းထားသည့် တာဝန်နှင့်ကျင့်ဝတ်သိက္ခာ တစ်ရပ်ရပ်ကိုချိုးဖောက်ကြောင်း ယူဆလျှင် ရှေးဦးစွာ ကောင်စီသို့ တိုင်ကြား နိုင်သည်။
၂၂။ ကောင်စီသည် ပုဒ်မ ၂၁ အရ တိုင်ကြားချက်ကို လက်ခံရရှိပါက နှစ်ဖက်တွေ့ဆုံညှိနှိုင်း ဖြေရှင်းခြင်းဆိုင်ရာ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။
၂၃။ ပုဒ်မ ၂၂ အရ ကောင်စီ၏ ရှေ့မှောက်တွင် ညှိနှိုင်းဖြေရှင်းရာ၌ ပြေလည်မှု မရှိပါကတိုင်ကြားသူ သို့မဟုတ် ကျေနပ်မှုမရှိသူသည် သက်ဆိုင်ရာတရားရုံးတွင် ဥပဒေနှင့်အညီ တရားစွဲဆိုနိုင်သည်။
၂၄။ ပုဒ်မ ၆၊ ပုဒ်မခွဲ(က) အရ အများပြည်သူ သိခွင့်ရှိသော သတင်း အချက်အလက်များကို တောင်းယူ ကြည့်ရှုရာတွင် ငြင်းဆန်ခြင်း၊ အချိန်ဆွဲခြင်း သို့မဟုတ်သတင်းယူသူအား နှောင့်ယှက်ခြင်းတို့ မဖြစ်စေရန် သက်ဆိုင်ရာ တာဝန်ရှိသူကစီစဉ်ဆောင်ရွက်ပေးရမည်။
အခန်း (၉)
ပြစ်မှုနှင့်ပြစ်ဒဏ်များ
၂၅။ (က) မည်သည့် သတင်းမီဒီယာသမားမဆို ပုဒ်မ ၉၊ ပုဒ်မခွဲ (ခ) ပါ တာဝန်နှင့်ကျင့်ဝတ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုငွေဒဏ် အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်သုံးသိန်းအထိချမှတ် ရမည်။
(ခ) မည်သည့် သတင်းမီဒီယာသမားမဆို ပုဒ်မ ၉၊ ပုဒ်မခွဲ (ဃ)၊ ပုဒ်မခွဲ (စ)နှင့် ပုဒ်မခွဲ (ဆ) တို့ပါ တာဝန်နှင့်ကျင့်ဝတ်တစ်ရပ်ရပ်ဖြင့် ပြစ်မှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ငွေဒဏ်အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ် ၁၀ သိန်း အထိ ချမှတ်ရမည်။
၂၆။ မည်သည့် သတင်းမီဒီယာသမားမဆို ပုဒ်မ ၉၊ ပုဒ်မခွဲ (ဇ) ပါ တားမြစ်ချက်ကို ချိုးဖောက်ခဲ့လျှင် တည်ဆဲဥပဒေတစ်ရပ်ရပ်ဖြင့် အရေးယူခြင်းခံရမည်။
အခန်း (၁၀)
အထွေထွေ
၂၇။ ကောင်စီဝင်များသည် ဤဥပဒေအရ ပေးအပ်သောတာဝန်ကို ထမ်းဆောင်ချိန်တွင်ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁ အရ ပြည်သူ့ဝန်ထမ်းဖြစ်သည်ဟု မှတ်ယူရမည်။
၂၈။ ကောင်စီသည် မိမိ၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ရုံးလုပ်ငန်းဆိုင်ရာနေ့စဉ် လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရေးအတွက် ရုံးအဖွဲ့ကို ဖွဲ့စည်း၍လိုအပ်သော အရာထမ်းနှင့်အမှုထမ်းများကို ခန့်အပ် တာဝန်ပေးနိုင်သည်။
၂၉။ ဥပဒေအရ တားမြစ်ပိတ်ပင်ထားပြီး ပြစ်မှုဖြင့် အရေးယူခံရသည့် သတင်းစာ၊ဂျာနယ်၊ စာစောင် စသည့် မီဒီယာဆိုင်ရာ ပစ္စည်းများကို ရှာဖွေသိမ်းဆည်းရာတွင်ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။
၃၀။ ပုဒ်မ ၂၅ အရ တရားစွဲဆိုလျှောက်ထားရန်ရှိက-
(က) သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၏ တာဝန်ပေးအပ်ခြင်း ခံရသူတစ်ဦးဦးက တရားရုံးသို့ တိုက်ရိုက် လျှောက်ထား စွဲဆိုရမည်။
(ခ) ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါက တရားရုံးသို့တိုက်ရိုက်လျှောက်ထား စွဲဆိုနိုင်သည်။
၃၁။ (က) ဤဥပဒေ အာဏာမတည်မီက တည်ဆဲဥပဒေ တစ်ရပ်ရပ်အရတည်ထောင်ထားသော မီဒီယာလုပ်ငန်းသည် သတ်မှတ်သည့် သက်တမ်းကုန်သည်အထိ ဆောင်ရွက်ခွင့် ရှိသည်။
(ခ) သက်တမ်းကုန်ဆုံးပြီး ဆက်လက်၍ လုပ်ငန်း လုပ်ကိုင်လိုပါက သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ သက်တမ်းတိုး၍ ဆက်လက် လုပ်ကိုင်ခွင့်ရှိသည်။
၃၂။ ၁၉၆၂ ခုနှစ်၊ ပုံနှိပ်သူများနှင့်ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေအရ ထုတ်ပြန်ခဲ့သည့် လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ကို ကန့်သတ် တားမြစ်သော အမိန့်များ၊ညွှန်ကြားချက်များ၊ အမှာစာများနှင့် ထုတ်ပြန်ချက်များသည် ဤဥပဒေပါပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်သမျှ ပျက်ပြယ်သည်ဟု မှတ်ယူရမည်။
၃၃။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကိုအကောင်အထည်ဖော် ဆောင်ရွက်ရာတွင်-
(က) ဝန်ကြီးဌာနသည် ကောင်စီနှင့် ညှိနှိုင်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို ထုတ်ပြန်နိုင်သည်။
(ခ) ဝန်ကြီးဌာနနှင့် ကောင်စီတို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။
ပုံ
သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်