ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ
(၂ဝ၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၅ ။)
၁၃၇၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက်
(၂ဝ၁၄ ခုနှစ်၊ မတ်လ ၂၄ ရက်)
ပြည်ထောင်စုလွှတ်တော်သည်ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ (က) ဤဥပဒေကို ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။
(ခ) ဤဥပဒေသည် ၂ဝ၁၄-၂ဝ၁၅ ဝင်ငွေနှစ်မှစ၍ အကျိုးသက်ရောက်စေရမည်။
၂။ ဝင်ငွေခွန်ဥပဒေတွင် ပါရှိသော –
(က) ”တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အခွန်ဦးစီးဌာနမှူး သို့မဟုတ်ကုမ္ပဏီများဆိုင်ရာ ”အခွန်ရုံးဌာနမှူး” ဆိုသည့် စကားရပ်ကို”ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူးသို့မဟုတ်တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် အခွန်ဦးစီးဌာနမှူး သို့မဟုတ် ကုမ္ပဏီများ ဆိုင်ရာအခွန်ရုံးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး ဌာနမှူး”ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း အသီးသီး အစားထိုးရမည်။
(ခ) ”ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် ဝင်ငွေ” ဆိုသည့် စကားရပ်အစား”စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေ” ဆိုသည့် စကားရပ်ဖြင့်အသီးသီး အစားထိုးရမည်။
၃။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၃ တွင် –
(က) ပုဒ်မခွဲ (ထ) နှင့် (ဓ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည် –
“(ထ) အခြေပစ္စည်းဆိုသည်မှာ မြေ၊ အဆောက်အအုံနှင့် ယင်းတို့၏အခန်းများ၊ ယာဉ်နှင့် လုပ်ငန်းဆိုင်ရာ မတည်ပစ္စည်းကိုဆိုသည်။ယင်းစကားရပ်တွင် အစုရှယ်ယာနှင့် ကတိဝန်ခံချုပ်တို့အပြင်ငွေချေး သက်သေခံလက်မှတ်များ၊ ယင်းတို့ ကဲ့သို့သောအလားတူ စာချုပ် စာတမ်းများလည်း ပါဝင်သည်။
(ဓ) မြို့နယ်အခွန်ဦးစီးဌာနမှူး ဆိုသည်မှာ ဤဥပဒေအရအခွန်ထမ်းက ပေးဆောင်ရမည့် အခွန်ကို စည်းကြပ်ကောက်ခံရန် တာဝန်ပေးထားသည့် သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူး ရုံး၏ တာဝန်ခံအရာရှိနှင့် ကုမ္ပဏီများဆိုင်ရာအခွန်ရုံး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတို့၌အခွန်စည်းကြပ် ကောက်ခံရန် တာဝန်ပေးအပ်ထားသောဦးစီးအရာရှိများကို ဆိုသည်။”
(ခ) ပုဒ်မခွဲွ (န)၏ နောက်တွင်ပုဒ်မခွဲ (ပ)၊ (ဖ) နှင့် (ဗ) တို့ကိုအောက်ပါအတိုင်း ဖြည့်စွက်ရမည် –
“(ပ) ငွေချေးသက်သေခံ လက်မှတ်ဆိုသည်မှာ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေတွင် အဓိပ္ပာယ်ဖွင့်ဆိုထာသည့် ငွေချေးသက်သေခံ လက်မှတ်ကိုဆိုသည်။
(ဖ) စည်းကြပ်မှု ဆိုသည်မှာ ဤဥပဒေအရ မြို့နယ်အခွန်ဦးစီးဌာနမှူး က အခွန်ကို တွက်ချက် စည်းကြပ်ခြင်းအပြင်အခွန်ထမ်း ကိုယ်တိုင်မှ ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီဝင်ငွေ ကြေညာလွှာနှင့်အတူ မိမိ ပေးဆောင်ရမည့်အခွန်ကိုပေးသွင်း၍ စည်းကြပ်မှု ခံယူခြင်း၊ ယာယီ စည်းကြပ်မှုခံယူခြင်းနှင့် ဝင်ငွေ နှစ်အတွင်း စည်းကြပ်မှု ခံယူခြင်း တို့လည်းပါဝင်သည်။
(ဗ) ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်ထောင်စု လွှတ်တော်သို့နှစ်စဉ်တင်သွင်းရမည့် အခွန် အကောက်များ ဆိုင်ရာ ဥပဒေကိုဆိုသည်။”
၄။ ဝင်ငွေခွန်ဥပဒေပုဒ်မ ၄ ကို အောက်ပါအတိုင်း အစားထိုးရမည် –
“၄။(က) မည်သည့် စည်းကြပ်နှစ် အတွက်မဆို ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေဖြင့် အောက်ပါဝင်ငွေနှင့် ဝင်ငွေခွန်နှုန်းများကိုသတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်း တို့ပြုနိုင်သည် –
ဝင်ငွေခွန် ကျသင့်စေခြင်း (၁) ဝင်ငွေခွန် စည်းကြပ်ထိုက်သည့် စုစုပေါင်း ဝင်ငွေ၊
(၂) ဝင်ငွေ အမျိုးအစားတစ်ခုစီအတွက် ဝင်ငွေနှုန်းများ၊
(၃) နိုင်ငံခြားငွေဖြင့် ဝင်ငွေရရှိမှုအပေါ် စည်းကြပ်ထိုက်သည့်ဝင်ငွေ အမျိုး အစား တစ်ခုစီအတွက် ဝင်ငွေခွန်နှုန်း။
(ခ) ပုဒ်မခွဲ(က)အရ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်းပြုသည့်အခါ အဆိုပါစည်းကြပ်နှစ်နှင့် သက်ဆိုင်သော ဝင်ငွေနှစ်အတွင်း စည်းကြပ်ထိုက်သည့် စုစုပေါင်း ဝင်ငွေရရှိသူ အားလုံးအား ဝင်ငွေ အမျိုးအစား တစ်ခုစီအတွက် သတ်မှတ်သည့်နှုန်းများဖြင့် ဝင်ငွေခွန် စည်းကြပ်စေရမည်။”
၅။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၅ ကို အောက်ပါအတိုင်း အစားထိုးရမည် –
“၅။ (က) ဤဥပဒေသည် အောက်ပါဝင်ငွေ အမျိုးအစားတို့နှင့် မသက်ဆိုင်စေရ-
ကင်းလွတ်ခွင့်များ (၁) ဘာသာရေး သို့မဟုတ် ကုသိုလ်ရေး အဖွဲ့အစည်းတစ်ခုခုက ရရှိ၍ ဘာသာရေး သို့မဟုတ် ကုသိုလ်ရေးကိစ္စများ အတွက် သက်သက် အသုံးပြု သောဝင်ငွေ၊
(၂) ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း၏ အခွန်အခရရှိငွေ၊
(၃) ပင်စင်မှ ပြောင်းလဲ၍ ရရှိသော ငွေ၊ လစာဝင်ငွေခေါင်းစဉ်တွင် ပါဝင်သည့် ကရုဏာကြေး၊
(၄) သေဆုံး၍ သို့မဟုတ် ဒဏ်ရာရ၍ ရရှိသည့် လျော်ကြေး၊
(၅) အာမခံပေါ်လစီအတွက်ထုတ်ပေး၍ ရရှိငွေ၊
(၆) အဖန်တလဲလဲမဟုတ်ဘဲ တစ်ခါတစ်ရံ ရရှိသည့် ဝင်ငွေ၊
သို့သော် အောက်ပါတို့မပါဝင်စေရ –
(ကက) အခြေပစ္စည်းမှ မြတ်စွန်းငွေ၊
( ခခ ) လုပ်ငန်း တစ်ရပ်ရပ်မှရရှိသည့် ဝင်ငွေ၊
(၇) ပုဂ္ဂိုလ်စု တစ်ခုခုမှ ဝင်ငွေခွန် ပေးဆောင်ပြီး ရရှိသည့်
မြတ်ဝေစု။
(ခ) (၁) ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေဖြင့်ဝင်ငွေ
ရရှိသူ တစ်ဦးဦး သို့မဟုတ် ဝင်ငွေရရှိသူ တစ်မျိုးမျိုးနှင့်စပ်လျဉ်း၍ ဖြစ်စေ၊ ဝင်ငွေ တစ်ရပ်ရပ် သို့မဟုတ် ဝင်ငွေအမျိုးအစား တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ဖြစ်စေ အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်၊ အခွန်နှင့် စပ်လျဉ်းသည့်အခြားခံစားခွင့် ပေးခြင်းတို့ကို ဆောင်ရွက်နိုင်သည်။
(၂) ပြည်ထောင်စုအစိုးရသည် အောက်ပါဝင်ငွေ အမျိုးအစားများနှင့် စပ်လျဉ်း၍ ဝင်ငွေ ခွန်ကင်းလွတ်ခွင့်ပေးခြင်းသို့မဟုတ် သက်သာခွင့် ပေးခြင်း သို့မဟုတ် အခွန်နှင့်စပ်လျဉ်းသည့် အခြားခံစားခွင့်ပေးခြင်း တို့ကိုပြုလုပ်နိုင်သည် –
(ကက) ပြည်တွင်းပြည်ပ အလှူရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ နိုင်ငံတော် အတွင်းလူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေး၊ပညာရေး ကိစ္စရပ် များအတွက် လှူဒါန်းခြင်းမှရရှိသည့်ဝင်ငွေ၊
(ခခ) နိုင်ငံတော် အတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများမှ ပေးအပ်သည့် အထောက်အပံ့များ၊
(ဂဂ) နိုင်ငံတော်မှ ရယူသည့် သက်သာသောချေးငွေ သို့မဟုတ် တရားဝင်ဖွ့ံဖြိုးမှုအကူအညီ ချေးငွေတို့ အတွက် ပေးချေရသည့် အတိုး၊
(ဃဃ) သဘာဝ ဘေးအန္တရာယ်များ ကျရောက်ချိန်တွင် ပြည်တွင်း ပြည်ပမှ အဖွဲ့အစည်းများမှထောက်ပံ့ လှူဒါန်းသည့် ပစ္စည်း သို့မဟုတ်အလှူငွေ။
(ဂ) အသစ် ထူထောင်သော စက်မှုလက်မှုကို အခြေခံသည့်အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း တစ်ခုခု သို့မဟုတ်တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ လုပ်ငန်း စတင်သောနှစ် အပါအဝင်တစ်ဆက်တည်း သုံးနှစ်ကာလ အထိ ပြည်ထောင်စု၏အခွန်အကောက် ဥပဒေဖြင့် သတ်မှတ်ကင်းလွတ်ခွင့် ပြုသည့်ဝင်ငွေပမာဏအထိ ဝင်ငွေခွန်ကင်းလွတ် ခွင့်ပြုရမည်။
(ဃ) တည်ဆဲ အခြားဥပဒေ တစ်ရပ်ရပ်တွင် ဝင်ငွေခွန်နှင့်စပ်လျဉ်းသည့် အကျိုးခံစားခွင့်များ ပြဋ္ဌာန်းပါရှိလျှင် ယင်းပြဋ္ဌာန်းချက် များနှင့်အညီ ခံစားခွင့်ရှိစေရမည်။”
၆။ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ တွင် –
(က) ပုဒ်မခွဲ (က) တွင်ပါရှိသော ”ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသည်ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်၍ ”ဆိုသည့် စကားရပ်ကို ”မည်သည့်စည်းကြပ်နှစ်အတွက်မဆို ပြည်ထောင်စု၏ အခွန် အကောက် ဥပဒေဖြင့် ‘ ဟူသောစကားရပ်ဖြင့် အစားထိုးရမည်။
(ခ) ပုဒ်မ ၆ ၏ ပုဒ်မခွဲ (ခ)နှင့် (ဃ) တို့ကို ပယ်ဖျက်ရမည်။
(ဂ) ပုဒ်မ ၆ ၏ နောက်တွင် ပုဒ်မ ၆-က အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည် –
”၆-က။လှူဒါန်းငွေများ
ပုဒ်မ ၆၊ ပုဒ်မခွဲ (ဂ) အရ တွက်ချက်ပြီး စည်းကြပ်ရာတွင်နိုင်ငံတော် အဖွဲ့အစည်း အဆင့်ဆင့်က ကမကထ ပြုသောသို့မဟုတ် ပြည်ထောင်စုအစိုးရ အဖွဲ့၏ ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့် ကြော်ငြာစာ ထုတ်ပြန်၍ အသိအမှတ် ပြုသောဘာသာရေး သို့မဟုတ် ကုသိုလ်ရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုသို့ ဖြစ်စေ၊ ယင်းကိစ္စ နှင့်သက်ဆိုင် သည့် ရန်ပုံငွေတစ်ရပ်ရပ်သို့ဖြစ်စေ လှူဒါန်းထည့်ဝင်ငွေ ကိုလည်း နုတ်ပယ်ရမည်။ ယင်းသို့ လှူဒါန်း ထည့်ဝင်ငွေ သည် အခွန်ထမ်း၏စုစုပေါင်းဝင်ငွေ၏ နှစ်ဆယ့်ငါး ရာခိုင်နှုန်းနှင့် ညီမျှသောငွေထက် မပိုစေရ။ရှင်းလင်းချက်။ ကုသိုလ်ရေး ဆိုသည်တွင် ပညာရေး၊ ကျန်းမာရေး၊ဆင်းရဲ နွမ်းပါးသူများနှင့် သဘာဝဘေးအန္တရာယ် ကျရောက်ခံရသူများအား ကယ်ဆယ်စောင့်ရှောက်ရေး စသည့် အများပြည်သူအကျိုးအတွက် ထောက်ပံ့ ပေးကမ်းခြင်းများ ပါဝင်သည်။”
၇။ ဝင်ငွေခွန်ဥပဒေပုဒ်မ ၈ တွင် –
(က) ပုဒ်မခွဲ(ခ)ကို အောက်ပါအတိုင်း အစားထိုးရမည် –
“(ခ) လစာမှ ဝင်ငွေ၊ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ ဝင်ငွေ၊ပစ္စည်းမှ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်းမှ ဝင်ငွေနှင့် အခြားရလမ်းမှဝင်ငွေဖြစ်လျှင် ဝင်ငွေကို စုပေါင်း ပြီး စုစုပေါင်းဝင်ငွေအပေါ်တွင်အခွန်စည်းကြပ်ရမည်။ ကျန်ခေါင်းစဉ်များမှ ဝင်ငွေဖြစ်လျှင်ဝင်ငွေခေါင်းစဉ် တစ်ချင်းအလိုက် ခွဲခြားပြီး အခွန်ကို သီးခြားစီစည်းကြပ်ရမည်။”
(ခ) ပုဒ်မခွဲ(ဂ)ကို ပယ်ဖျက်ရမည်။
၈။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၁ ၏ ရှင်းလင်းချက်ကို အောက်ပါအတိုင်း အစားထိုးရမည်-
”ရှင်းလင်းချက်။ စီးပွားရေးလုပ်ငန်း ဆိုသည်တွင် –
(က) မည်သည့် ကုန်သွယ်မှုလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းသို့မဟုတ် ကုန်ထုတ်လုပ်မှု လုပ်ငန်း သို့မဟုတ် ယင်းလုပ်ငန်းများ၏သဘောသဘာဝ ပါဝင်သက်ရောက်မှုရှိသော လုပ်ငန်းများနှင့် မည်သည့်ဝန်ဆောင်မှု လုပ်ငန်းများမဆို ပါဝင်သည်။
(ခ) ထို့ပြင် ငွေချေးသက်သေခံ လက်မှတ်များကို နှစ်တစ်နှစ်အတွင်းစီးပွားရေး လုပ်ငန်းသဖွယ် အဖန်တလဲလဲ ဝယ်ယူခြင်း၊ လဲလှယ်၊လွှဲပြောင်းခြင်းနှင့် အတိုးရရန် ရင်းနှီးမြှုပ်နှံခြင်းတို့ ပါဝင်သည်။”
၉။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၄ ကို အောက်ပါအတိုင်း အစားထိုးရမည် –
“၁၄။ မည်သူမဆို မိမိမည်ကဲ့သို့ ရရှိခဲ့သည်ကို အတိအကျ မဖြေရှင်းနိုင်သည့်မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း၊ သို့မဟုတ် ငွေအပါအဝင်ဖြစ်သောရွှေ့ပြောင်းနိုင်သည့် ပစ္စည်းတစ်ရပ်ရပ်အတွက် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေခေါင်းစဉ်ဖြင့် ယင်းပစ္စည်းတန်ဖိုး၊ သို့မဟုတ် ငွေအပေါ်တွင် အခွန် ထမ်းဆောင်ရမည်။
စည်းကြပ်မှုမှလွတ်ကင်းနေသောဝင်ငွေ
ဤပုဒ်မအရ ဝင်ငွေကို နည်းဥပဒေများဖြင့် ပြဋ္ဌာန်းသည့်အတိုင်းတွက်ချက်ရ မည်။”
၁ဝ။ ဝင်ငွေခွန် ဥပဒေပုဒ်မ ၁၄-ခ တွင်ပါရှိသော ”ဇနီးနှင့် အိမ်ထောင်မကျသေးသည့်သားသမီး” ဆိုသည့် စကားရပ်အစား ”အိမ်ထောင်ဖက်နှင့် အိမ်ထောင် မကျသေးသည့် သားသမီး”ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၁၁။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၆ ကို အောက်ပါအတိုင်း အစားထိုးရမည် –
“၁၆။ဝင်ငွေရရှိသည့်အချိန်၌အခွန်
(က) လစာခေါင်းစဉ်နှင့် အကျုံးဝင်သော ဝင်ငွေ တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ငွေထုတ်ပေးရန် တာဝန်ရှိသူသည် ထိုငွေထုတ်ပေးချိန်၌ ထုတ်ပေးသည့် ငွေမှ ကျသင့်သော အခွန်ကိုနုတ်ယူရမည်။ ထိုသို့ နုတ်ယူရာတွင် သက်ဆိုင်သူ၏ နှစ်တစ်ထုတ်ပေးငွေမှနုတ်ယူပေးသွင်းရန် နည်းလမ်းများနှစ်အတွင်း အဆိုပါ ခေါင်းစဉ်မှ ဝင်ငွေ အရပ်ရပ် ပေါင်း အပေါ်ကျသင့်သည့်အခွန်ကို ခန့်မှန်းတွက်ချက်၍ အတတ်နိုင်ဆုံးအညီအမျှ အရစ်များဖြင့် နုတ်ယူပြီး ပေးသွင်းရမည်။ သို့ရာတွင်ဝင်ငွေရရှိသည့် နှစ်အတွင်းအခွန်ကို ပိုမိုနုတ်မိလျှင် သော်လည်းကောင်း၊ လျော့နည်းနုတ်မိလျှင် သော်လည်းကောင်းကျန်အရစ် သို့မဟုတ် အရစ်များကို လျှော့၍ ဖြစ်စေ၊တိုး၍ဖြစ်စေ နုတ်ယူနိုင်သည်။
(ခ) လစာခေါင်းစဉ်ဖြင့် ရရှိသော ဝင်ငွေမှအပ ကျန်ခေါင်းစဉ်များဖြင့် ရရှိသော ဝင်ငွေအမျိုးအစား တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ငွေထုတ်ပေးချိန်၌ အခွန် နုတ်ယူပေးသွင်း စေရန် ကိစ္စအလို့ငှာပြည်ထောင်စု အစိုးရအဖွဲ့၏ ဘဏ္ဍာရေးဝန်ကြီး ဌာနသည်ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီ ချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန် သတ်မှတ်နိုင်သည်။
(ဂ) ပုဒ်မခွဲ (က) နှင့် (ခ)အရ နုတ်ယူသော ငွေအားလုံးကို နုတ်ယူသူသည် စည်းမျဉ်းများဖြင့် သတ်မှတ်ထားသော အချိန်နှင့်နည်းလမ်းများ အတိုင်း ပြည်ထောင်စု အစိုးရသို့ ပေးသွင်းရမည်ဖြစ်ပြီး ဤကိစ္စနှင့် စပ်လျဉ်းသော သတ်မှတ်ချက်အားလုံးကို လည်း လိုက်နာရမည်။
(ဃ) မည်သူမဆို လုံလောက်သော အကြောင်းမရှိဘဲ ပုဒ်မခွဲ (က)နှင့် (ခ) တို့အရ အခွန်ကို နုတ်ယူပေးသွင်းခြင်း မပြုလျှင်ထိုအခွန်နှင့် စပ်လျဉ်း၍ ပေးဆောင်ရန် ပျက်ကွက်သူအဖြစ်မှတ်ယူ အရေးယူခြင်းခံရမည်။ ယင်းသို့ ပျက်ကွက်သည့်အတွက် ပေးဆောင်ရမည့် ဒဏ်ငွေကို ပြည်ထောင်စု အစိုးရအဖွဲ့၏ဘဏ္ဍာရေးဝန်ကြီးဌာနသည် အမိန့် ကြော်ငြာစာထုတ်ပြန် သတ်မှတ်နိုင်သည်။
ရှင်းလင်းချက်။ ဤပုဒ်မအရ ငွေထုတ်ပေးရန် တာဝန်ရှိသူဆိုသည်မှာတစ်ဦး တစ်ယောက်ပိုင် လုပ်ငန်းဖြစ်လျှင် ပိုင်ရှင်ကိုယ်တိုင်ဖြစ်ပြီးပုဂ္ဂိုလ်စုပိုင်လုပ်ငန်းဖြစ် လျှင်ထိုပုဂ္ဂိုလ်စုသာ ဖြစ်သည်။ ထို့ပြင်ပြည်ထောင်စုအစိုးရ သို့မဟုတ် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းဖြစ်လျှင် သက်ဆိုင်ရာ ငွေထုတ်ပေးရန် တာဝန်ရှိသည့် စီမံခန့်ခွဲရေးဝန်ထမ်း ဖြစ်သည်။”
၁၂။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၆ ၏ နောက်တွင် ၁၆-က နှင့် ၁၆-ခ တို့ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည် –
”၁၆-က။ဝင်ငွေနှစ်အတွင်းအခွန်ကိုကြိုတင်ပေးဆောင်ရန်နည်းလမ်းများ
(က) ပုဒ်မ ၁၆ ပါ ဝင်ငွေရရှိသည့် အချိန်၌ အခွန်နုတ်ယူပေးဆောင်ရမည့် ဝင်ငွေ အမျိုးအစားများမှအပ ကျန်ဝင်ငွေခေါင်းစဉ်ပါ ဝင်ငွေ အမျိုးအစားများနှင့် စပ်လျဉ်း၍အခွန်ထမ်းသည် သက်ဆိုင်ရာ ဝင်ငွေနှစ်အတွင်း မိမိရရှိသည့် စုစုပေါင်း ဝင်ငွေကို ခန့်မှန်းတွက်ချက်၍ ယင်းအပေါ် ကျသင့်မည့် အခွန်ကို ကြိုတင်၍ပေး ဆောင်ရမည်။
( ခ) ပုဒ်မခွဲ (က) ပါ ကျသင့်မည့်အခွန်ကို သုံးလတစ်ကြိမ်အရစ်ဖြင့် သက်ဆိုင်ရာ သုံးလမကုန်မီ သတ်မှတ်ထားသောနည်းလမ်း အတိုင်း ပေးသွင်းရမည်။
(ဂ) ဤပုဒ်မအရ ပေးသွင်းရမည့်အခွန်ကို မပေးသွင်းလျှင်သို့မဟုတ် ပေးသွင်းရမည့် အခွန်သည် သက်ဆိုင်ရာစည်းကြပ်မှုတွင် ကျသင့်သည့် အခွန်ထက် လျော့လျှင် ယင်းပေးသွင်းရန် ပျက်ကွက်သည့်ငွေ သို့မဟုတ် လျော့ငွေ၏တစ်ဆယ်ရာခိုင်နှုန်းနှင့် ညီမျှသောငွေကို ဒဏ်ငွေအဖြစ်ပေးဆောင်စေရမည်။
၁၆-ခ။ ပြည်ထောင်စုအစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ဝင်ငွေရရှိသည့်အချိန်၌ အခွန်ပေးဆောင်စေခြင်း သို့မဟုတ်ဝင်ငွေနှစ်အတွင်း ကြိုတင်ခွန် ပေးဆောင်စေခြင်းတို့အတွက်လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်နိုင်သည်။”
၁၃။ ဝင်ငွေခွန် ဥပဒေပုဒ်မ ၁၉ ပုဒ်မ ခွဲ (ခ)ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(ခ) ဝင်ငွေနှစ်အတွင်း သို့မဟုတ် ဝင်ငွေရရှိချိန်၌ ဝင်ငွေပေးဆောင်ထားသူအား ဖြစ်စေ၊ ဝင်ငွေကြေညာလွှာ ပေးပို့ပြီးသူအားဖြစ်စေ၊ဝင်ငွေကြေငြာလွှာ ပေးပို့ရန် သက်ဆိုင်ရာ စည်းကြပ်နှစ် ကုန်ဆုံးပြီးသုံးနှစ်အတွင်း မြို့နယ်အခွန်ဦးစီးဌာန မှူးက အကြောင်းကြားစာအတည်ပြုချအပ်ထားပြီးသူအားဖြစ်စေ၊ မည်သည့် အချိန်တွင်မဆိုသက်သေခံ အထောက်အထားများ၊ စာရင်းများနှင့် ထိုစာရင်းများတွင်မပါဝင်သော ပစ္စည်းစာရင်းပုံစံကို ပြသရန်အကြောင်းကြား နိုင်သည်။ခေါ်ယူစစ်ဆေးခြင်း၊ စည်းကြပ်ခြင်း ပြုလုပ် နိုင်သည်။ ဤပုဒ်မခွဲပါပစ္စည်းစာရင်းကို ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဝင်ငွေခွန် စည်းမျဉ်းများဖြင့်ပြဋ္ဌာန်းနိုင်သည်။”
၁၄။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၉ ပုဒ်မခွဲ (ဃ) ကို အောက်ပါအတိုင်း အစားထိုးရမည် –
“(ဃ) မည်သူမဆို ပုဒ်မ ၁၇ ပုဒ်မခွဲ(က) အရဖြစ်စေ၊ ပုဒ်မခွဲ(ခ) အရဖြစ်စေဝင်ငွေ ကြေညာလွှာပေးပို့ရန် ပျက်ကွက်လျှင်သော်လည်းကောင်း၊ဤပုဒ်မ၏ ပုဒ်မခွဲ (ခ) အရ အကြောင်းကြားစာကို လိုက်နာရန်ပျက်ကွက်လျှင်သော် လည်းကောင်း မြို့နယ်အခွန် ဦးစီးဌာနမှူးသည်ရနိုင်သရွေ့ အထောက်အထားများကို အခြေပြု၍ ဝင်ငွေခွန် စည်းကြပ်ရမည်။ ယင်းသို့ စည်းကြပ် ဆောင်ရွက်နိုင်ရန် နည်းလမ်းများကိုဏ္ဍာရေး ဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ ထုတ်ပြန် သတ်မှတ်နိုင်သည်။”
၁၅။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၂၉ တွင် ပါရှိသော ”ပြည်ထောင်စုအစိုးရ” ဆိုသည့်စကားရပ်အစား ”ပြည်ထောင်စုအစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာန” ဆိုသည့်စကားရပ်ဖြင့် အစားထိုး ရမည်။
၁၆။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၄၃ ကို အောက်ပါအတိုင်း အစားထိုးရမည် –
“၄၃။ မြို့နယ်အခွန်ဦးစီးဌာနမှူး၊ ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူးသို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူးသို့မဟုတ် ကုမ္ပဏီများ ဆိုင်ရာ အခွန်ရုံးဌာနမှူး သို့မဟုတ်အခွန်ထမ်းကြီးများ ဆိုင်ရာ အခွန်ရုံးဌာနမှူး သည် လည်းကောင်း၊ ပုဒ်မရ အရ ဖွဲ့စည်းထားသော အဖွဲ့နှင့်လွှဲအပ်တာဝန် ပေးအပ်ခြင်းခံရသောပုဂ္ဂိုလ်နှင့် အဖွဲ့များသည် လည်းကောင်း ဤဥပဒေပါ လုပ်ပိုင်ခွင့်များကိုတရားမကျင့်ထုံး ဥပဒေနှင့်အညီ ကျင့်သုံးဆောင်ရွက် နိုင်သည်။
”ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျွနု်ပ်လက်မှတ်ရေးထိုးသည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်