မြန်မာ့ပုလဲလုပ်ငန်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ
(၂၀၀၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၄။)
၁၃၇၆ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက်
(၂၀၀၄ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို မြန်မာ့ပုလဲလုပ်ငန်းဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ မြန်မာ့ပုလဲလုပ်ငန်းဥပဒေ ပုဒ်မ ၂ တွင်-
(က) ပုဒ်မခွဲ (ခ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
‘‘(င) မုတ်ကောင် ပြုစုစောင့်ရှောက်ခြင်း လုပ်ငန်း ဆိုသည်မှာ ဖမ်းဆီးစုဆောင်းရရှိသော မုတ်ကောင်များကိုဖြစ်စေ၊ မွေးမြူထားသော မုတ်ကောင် များကို ဖြစ်စေ၊ ပုလဲဝတ်ဆံသွင်းထားသည့် မုတ်ကောင်များကို ဖြစ်စေ မွေးမြူ ပြုစု စောင့်ရှောက်ခြင်း လုပ်ငန်းကို ဆိုသည်။’’

(ခ) ပုဒ်မခွဲ(စ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
‘‘(စ) ပုလဲမွေးမြူရေးလုပ်ငန်း ဆိုသည်မှာ မုတ်ကောင်များကို ခွဲစိတ် ဝတ်ဆံသွင်းခြင်း၊ ဝတ်ဆံသွင်းပြီးသော မုတ်ကောင်များကို ပင်လယ်ပြင်အတွင်း ချထားမွေးမြူခြင်း၊ ခွဲစိတ် ပုလဲဖော်ခြင်း၊ ပုလဲဖော်ပြီးသော မုတ်ကောင်များကို ပြန်လည် ဝတ်ဆံသွင်းခြင်း လုပ်ငန်းကို
ဆိုသည်။’’

(ဂ) ပုဒ်မခွဲ(ဏ)တွင်ပါရှိသော ‘‘သတ္တုတွင်းဝန်ကြီးဌာန’’ ဆိုသည့် စကားရပ်၏ ရှေ့တွင်

‘‘ပြည်ထောင်စုအစိုးရ’’ ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။

(ဃ) ပုဒ်မခွဲ(တ) ၏ နောက်၌ ပုဒ်မခွဲ(ထ) နှင့်(ဒ) တို့အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
‘‘(ထ) စပက်ကော်လက်တာ ဆိုသည်မှာ ဓာတ်ခွဲခန်းအတွင်း၌ မုတ်ကောင် အထီးနှင့် မုတ်ကောင်အမ တို့အား မျိုးစပ်၍ ရရှိလာသော မုတ်ကောင် သားပေါက်များ တွယ်ကပ်နေသည့် ကြိုးထုံး သို့မဟုတ် အမာခံပစ္စည်းကို ဆိုသည်။
(ဒ) တန်ဖိုးဖြတ်အဖွဲ့ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော ပုလဲတန်ဖိုးဖြတ်အဖွဲ့ကို ဆိုသည်။’’

၃။ မြန်မာ့ပုလဲလုပ်ငန်းဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ဃ)၏ နောက်၌ ပုဒ်မခွဲ (င) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
‘‘(င) ပုလဲထုတ်လုပ်ခြင်း လုပ်ငန်းကြောင့် ပင်လယ်ပြင်နှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိစေရေး စီမံဆောင်ရွက်ရန်။’’

၄။ မြန်မာ့ပုလဲလုပ်ငန်းဥပဒေ ပုဒ်မ ၅ ကို အောက်ပါအတိုင်း အစားထိုးရမည်-
‘‘၅။ ဝန်ကြီးဌာနသည်-
(က) ပုဒ်မ ၄၊ ပုဒ်မခွဲ(က) အရ တင်သွင်းသည့် လျှောက်လွှာကို စိစစ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ခွင့်ပြုမိန့်ကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပေးရမည်။
(ခ) ပုဒ်မ ၄၊ ပုဒ်မခွဲ(ခ) အရ တင်သွင်းသည့် လျှောက်လွှာကို စိစစ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ခွင့်ပြုမိန့်ကို ထုတ်ပေးရမည်။’’

၅။ မြန်မာ့ပုလဲလုပ်ငန်း ဥပဒေ ပုဒ်မ ၇ တွင်ပါရှိသော ‘‘ခွင့်ပြုမိန့်ကို ထုတ်ပေးနိုင်သည်’’ ဆိုသည့် စကားရပ်ကို ‘‘ပြည်ထောင်စုဝန်ကြီး၏ သဘောတူညီချက်ဖြင့် ခွင့်ပြုမိန့်ထုတ်ပေးရမည်’’ ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၆။ မြန်မာ့ပုလဲလုပ်ငန်း ဥပဒေ အခန်း(၄) ခေါင်းစဉ်အား အောက်ပါအတိုင်း အစားထိုးရမည်-

အခန်း(၄)
ခွင့်ပြုမိန့်ရရှိသူ၏ တာဝန်နှင့်အခွင့်အရေးများ

၇။ မြန်မာ့ပုလဲလုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
‘‘၈။ (ဂ) ပုဒ်မ ၅၊ ပုဒ်မခွဲ(က) အရ ခွင့်ပြုမိန့်ရရှိသူသည် ဝန်ကြီးဌာနက သတ်မှတ် ထားသည့် အခကြေးငွေများကို နိုင်ငံခြားငွေဖြင့် သတ်မှတ်ချက်များနှင့်အညီ ပေးဆောင်ရမည်။’’

၈။ မြန်မာ့ပုလဲလုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ) ၏ နောက်၌ ပုဒ်မခွဲ (ဃ)၊(င)၊ (စ)၊ (ဆ)၊(ဇ) နှင့်

(ဈ) တို့အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
‘‘(ဃ) ပုဒ်မ ၅၊ ပုဒ်မခွဲ(ခ)အရ ခွင့်ပြုမိန့်ရရှိသူသည် မုတ်ကောင် တစ်ကောင်အား တစ်ကြိမ် ဝတ်ဆံသွင်းလျှင် ကျပ် ၂၀၀၀ နှုန်းဖြင့် နိုင်ငံတော်သို့ အခွန်အဖြစ် ပေးဆောင်ရမည်။
(င) အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ရမည်-
(၁) ပုလဲ ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ဝန်ထမ်းများ၊ အလုပ်သမားများ ခန့်ထားခြင်း၊အလုပ်ခိုင်းစေခြင်း၊ အသက်၊ လုပ်ခ၊ လစာနှင့် အခြား အခကြေးငွေများ သတ်မှတ်ခြင်း၊
(၂) ပုလဲထုတ်လုပ်ခြင်း လုပ်ငန်းနှင့်စပ်လျဉ်း၍ ရေပေါ်ရေအောက်၌ အလုပ်လုပ်ရက်နှင့် အလုပ်ချိန်နာရီများ သတ်မှတ်ခြင်း၊
(၃) ပုလဲထုတ်လုပ်ခြင်းလုပ်ငန်း၌ ဘေးအန္တရာယ်ကင်းရှင်းရန်နှင့် မတော်တဆဖြစ်ပွားမှုမှ ကာကွယ်ရန် စီမံဆောင်ရွက်ခြင်း၊
(၄) ပုလဲထုတ်လုပ်ခြင်းလုပ်ငန်းမှ ဝန်ထမ်းများ၊ အလုပ်သမားများ၏ သက်သာ ချောင်ချိရေး၊ ကျန်းမာရေး၊ သန့်ရှင်းရေးနှင့် စည်းကမ်းထိန်းသိမ်းရေးတို့အတွက် စီမံချက်များ ရေးဆွဲ အကောင်အထည် ဖော်ခြင်း၊
(၅) ပုလဲ ထုတ်လုပ်ခြင်းကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ထိခိုက် ပျက်စီးမှု မရှိစေရန် စီမံဆောင်ရွက်ခြင်း၊
(၆) ပုလဲထုတ်လုပ်ခြင်းလုပ်ငန်း၌ မတော်တဆ ဖြစ်ပွားမှုများနှင့် ယင်းမတော်တဆ ဖြစ်ပွားမှုကြောင့် လူ့အသက် ဆုံးရှုံးခြင်းနှင့် ကိုယ်ခန္ဓာ ထိခိုက်ဒဏ်ရာရမှုများကို သတင်းပို့ အစီရင်ခံခြင်း၊
(၇) စစ်ဆေးရေးအရာရှိချုပ်နှင့် စစ်ဆေးရေးအရာရှိများ၏ စစ်ဆေးမှုကို ခံယူခြင်း။
(စ) ထုတ်လုပ် ရရှိသည့် ပုလဲများကို ပြည်တွင်း၌ လွတ်လပ်စွာ သယ်ယူ၍ မြန်မာ ကျပ်ငွေဖြင့် ဖြစ်စေ၊ နိုင်ငံခြားငွေဖြင့် ဖြစ်စေ ရောင်းချခွင့် ရှိသည်။
(ဆ) ထုတ်လုပ်ရရှိသည့် ပုလဲများကို နိုင်ငံခြားသို့ နိုင်ငံခြားငွေဖြင့် တင်ပို့ ရောင်းချခွင့်ရှိသည်။
(ဇ) ထုတ်လုပ်ရရှိသည့် ပုလဲများကို နိုင်ငံခြားမှ ရတနာ ကုန်သည်များအား ဖိတ်ခေါ်၍ သတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ မိမိ အစီအစဉ်ဖြင့် ရောင်းချခွင့်ရှိသည်။
(ဈ) ပုဒ်မခွဲ(ဃ) အရ အခွန်ပေးဆောင်ပြီးနောက် ပုလဲထုတ်လုပ်ခြင်း လုပ်ငန်း လုပ်ကိုင်ခြင်း အတွက် ငွေကြေးဖြင့် ဖြစ်စေ၊ ပစ္စည်းဖြင့် ဖြစ်စေ ထပ်မံ ပေးဆောင်ရခြင်း မရှိစေရ။’’
၉။ မြန်မာ့ပုလဲလုပ်ငန်းဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (ခ) ၏ နောက်၌ ပုဒ်မခွဲ (ဂ)၊ (ဃ) နှင့် (င) တို့အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
‘‘(ဂ) မုတ်ကောင်သားဖောက် ကျွမ်းကျင်သူ အဖြစ် လုပ်ကိုင်ခြင်း၊
(ဃ) မုတ်ကောင် ပြုစုစောင့်ရှောက်သည့် လုပ်ငန်း ကျွမ်းကျင်သူအဖြစ် လုပ်ကိုင်ခြင်း၊
(င) ပုလဲမွေးမြူရေး၊ ရေငုပ်ကျွမ်းကျင်သူအဖြစ် ကိုင်ကိုင်ခြင်း’’
၁၀။ မြန်မာ့ပုလဲလုပ်ငန်းဥပဒေ ပုဒ်မ ၁၈ ၌ ပါရှိသော ‘‘ဦးဆောင်ညွှန်ကြားရေးမှူး’’ ဆိုသည့် စကားရပ်ကို ‘‘သတ္တုတွင်းဦးစီဌာန ညွှန်ကြားရေးမှူးချုပ်‘‘ ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၁၁။ မြန်မာ့ပုလဲလုပ်ငန်းဥပဒေ ပုဒ်မ ၂၄ တွင်ပါရှိသော ‘‘ဦးဆောင်ညွှန်ကြားရေးမှူးသည်’’ ဆိုသည့် စကားရပ်၏ နောက်၌ ‘‘ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့်’’ ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။
၁၂။ မြန်မာ့ပုလဲလုပ်ငန်းဥပဒေ အခန်း(၁၁) ၏ နောက်၌ အခန်း(၁၂) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

အခန်း(၁၂)
တန်ဖိုးဖြတ်အဖွဲ့ ဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်များ
၂၅။ ဝန်ကြီးဌာနသည်-
(က) လုပ်ငန်းတစ်ခုခုမှ ဦးဆောင် ညွှန်ကြားရေးမှူး သို့မဟုတ် ညွှန်ကြားရေးမှူးချုပ် တစ်ဦးကို ဦးဆောင်စေပြီး ပုလဲဆိုင်ရာ ပညာရှင်များနှင့် ကျွမ်းကျင်သူများ ပါဝင်စေလျက် အဖွဲ့ဝင် အနည်းဆုံး ခုနစ်ဦးမှ အများဆုံး ၁၁ ဦးဖြင့် တန်ဖိုးဖြတ်အဖွဲ့ကို ဖွဲ့စည်းရမည်။
(ခ) ပုဒ်မခွဲ(က)အရ ဖွဲ့စည်းသော တန်ဖိုးဖြတ်အဖွဲ့ကို လိုအပ်သလို ပြင်ဆင် ဖွဲ့စည်းနိုင်သည်။
၂၆။ တန်ဖိုးဖြတ်အဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် ခံစားခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) ခွင့်ပြုမိန့်ရရှိသူများက လာရောက်ပြသသော ပုလဲများ၏ အရည်အသွေး၊ အရေအတွက်၊ အလေးချိန်နှင့် အရွယ်အစားတို့ကို သတ်မှတ်ချက်များနှင့် အညီ မှတ်ပုံတင်ခြင်း၊ တန်ဖိုးဖြတ်ခြင်း၊
(ခ) ဝန်ကြီးဌာနက အခါအားလျော်စွာ ပေးအပ်သော လုပ်ငန်း တာဝန်များကို ထမ်းဆောင်ခြင်း၊
(ဂ) အစိုးရ ဝန်ထမ်းမဟုတ်သော တန်ဖိုးဖြတ် အဖွဲ့ဝင်များသည် သတ္တုတွင်းဝန်ကြီးဌာနက သတ်မှတ်သည့် ချီးမြှင့်ငွေကို ခံစားခွင့် ရှိခြင်း၊
၂၇။ ခွင့်ပြုမိန့်ရရှိသူသည် တန်ဖိုးဖြတ်အဖွဲ့က သတ်မှတ်ပေးသည့် ပုလဲတန်ဖိုးအပေါ် ကျေနပ်မှုမရှိပါက တန်ဖိုးပြင်ဆင် သတ်မှတ်ပေးရန် အတွက် တန်ဖိုး သတ်မှတ်သည့် နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဝန်ကြီးဌာနသို့ လျှောက်ထားနိုင်သည်။
၂၈။ ပုဒ်မ ၂၇ အရ လျှောက်ထားလာပါက ဝန်ကြီးဌာနသည်-
(က) ပစ္စည်းတန်ဖိုးများကို ပြင်ဆင်သတ်မှတ်နိုင်သည်။
(ခ) တန်ဖိုးဖြတ်အဖွဲ့၏ သတ်မှတ်ချက်အတိုင်း အတည်ပြုနိုင်သည်။’’
၁၃။ မြန်မာ့ပုလဲလုပ်ငန်းဥပဒေ အခန်း(၁၂)နှင့် အခန်း(၁၃) တို့ကို အခန်း (၁၃) နှင့် အခန်း(၁၄) တို့အဖြစ် ပြန်လည်အမှတ်စဉ်ရမည်။
၁၄။ မြန်မာ့ပုလဲလုပ်ငန်းဥပဒေ ပုဒ်မ ၃၂ ကို ပယ်ဖျက်ရမည်။
၁၅။ မြန်မာ့ပုလဲလုပ်ငန်း ဥပဒေပုဒ်မ ၂၅ တွင် ပါရှိသော ‘‘ငွေဒဏ်ကျပ် ၃၀၀၀၀၀’’ ဆိုသည့် စကားရပ်ကို ‘‘ငွေဒဏ်ကျပ်သိန်းငါးဆယ်’’ ဆိုသည့် စကားရပ်ဖြင့် အစားထိုးပြီး ယင်းပုဒ်မကို ပုဒ်မ ၂၉ အဖြစ် ပြန်လည်အမှတ်စဉ်ရမည်။
၁၆။ မြန်မာ့ပုလဲလုပ်ငန်း ဥပဒေတွင် ပုဒ်မ ၂၆ ကို ပုဒ်မ ၃၀ အဖြစ် အမှတ်စဉ် ပြောင်းလဲ၍ အောက်ပါအတိုင်း အစားထိုးရမည်-
‘‘၃၀။ မည်သူမဆို မှတ်ပုံတင်လက်မှတ်မရှိဘဲ ပုဒ်မ ၉ ပါ လုပ်ငန်း တစ်ရပ်ရပ်ကို လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ထောင်ဒဏ်တစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ကျပ် တစ်ဆယ်သိန်းအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။’’
၁၇။ မြန်မာ့ပုလဲလုပ်ငန်းဥပဒေ ပုဒ်မ ၂၇ တွင် ပါရှိသော ‘‘ငွေဒဏ်ကျပ် ၁၀၀၀၀၀’’ ဆိုသည့် စကားရပ်ကို ‘‘ငွေဒဏ်ကျပ်သိန်းနှစ်ဆယ်’’ ဆိုသည့် စကားရပ်ဖြင့် အစားထိုးပြီး ယင်းပုဒ်မကို ပုဒ်မ ၃၁ အဖြစ် ပြန်လည် အမှတ်စဉ်ရမည်။
၁၈။ မြန်မာ့ပုလဲလုပ်ငန်းဥပဒေ ပုဒ်မ ၂၈ တွင် ပါရှိသော ‘‘ငွေဒဏ်ကျပ် ၅၀၀၀၀၀’’ ဆိုသည့် စကားရပ်ကို ‘‘ငွေဒဏ်ကျပ်သိန်းငါးဆယ်’’ ဆိုသည့် စကားရပ်ဖြင့် အစားထိုးပြီး ယင်းပုဒ်မကို ပုဒ်မ ၃၂ အဖြစ် ပြန်လည် အမှတ်စဉ်ရမည်။
၁၉။ မြန်မာ့ပုလဲလုပ်ငန်းဥပဒေ ပုဒ်မ ၂၉ တွင်ပါရှိသာ ‘‘ငွေဒဏ်ကျပ် ၁၀၀၀၀၀’’ ဆိုသည့် စကားရပ်ကို ‘‘ငွေဒဏ်ကျပ်သိန်းနှစ်ဆယ်’’ ဆိုသည့် စကားရပ်ဖြင့် အစားထိုးပြီး ယင်းပုဒ်မကို ပုဒ်မ ၃၃ အဖြစ် ပြန်လည် အမှတ်စဉ်ရမည်။
၂၀။ မြန်မာ့ပုလဲလုပ်ငန်းဥပဒေ ပုဒ်မ ၃၀တွင် ပါရှိသော ‘‘မည်သည့် ပြည်သူ့ ဝန်ထမ်းမဆို’’ ဆိုသည့် စကားရပ်ကို ‘‘မည်သူမဆို’’ ဆိုသည့် စကားရပ်ဖြင့် အစားထိုးပြီး ယင်းပုဒ်မကို ပုဒ်မ ၃၄ အဖြစ် ပြန်လည်အမှတ်စဉ်ရမည်။
၂၁။ မြန်မာ့ပုလဲလုပ်ငန်းဥပဒေ ပုဒ်မ ၃၁ တွင် ပါရှိသော ‘‘ငွေဒဏ်ကျပ် ၁၀၀၀၀’’ ဆိုသည့် စကားရပ်ကို ‘‘ငွေဒဏ်ကျပ်တစ်ဆယ်သိန်း’’ ဆိုသည့် စကားရပ်ဖြင့် အစားထိုးပြီး ယင်းပုဒ်မကို ပုဒ်မ ၃၅ အဖြစ် ပြန်လည် အမှတ်စဉ်ရမည်။
၂၂။ မြန်မာ့ပုလဲလုပ်ငန်းဥပဒေ ပုဒ်မ ၃၃၊၃၄၊၃၅၊၃၆ နှင့် ၃၇ တို့ကို ပုဒ်မ ၃၆၊၃၇၊၃၈၊ ၃၉ နှင့် ၄၀ တို့အဖြစ် အသီးသီး ပြန်လည်အမှတ်စဉ်ရမည်။
၂၃။ မြန်မာ့ပုလဲလုပ်ငန်းဥပဒေတွင် ပုဒ်မ ၃၈ ကို ပုဒ်မ ၄၁ အဖြစ် အမှတ်စဉ် ပြောင်းလဲ၍ အောက်ပါအတိုင်း အစားထိုးရမည်-
‘‘၄၁။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်-
(က) ဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေမျာ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ) ဝန်ကြီးဌာနနှင့် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း တိုသည့် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။’’

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။