စံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုင်ရာ ဥပဒေ
(၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၈။)
၁၃၇၆ ခုနှစ်၊ ၀ါဆိုလဆန်း ၇ ရက်
(၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း (၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာဥပဒေဟုခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည် –
(က) အစိုးရအဖွဲ့ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ကိုဆိုသည်။
(ခ) စံချိန်စံညွှန်းဆိုသည်မှာ နယ်ပယ်တစ်ခုတွင်ရှိသော သက်ဆိုင်ရာ ကဏ္ဍတစ်ခု၌ အနိမ့်ဆုံး သတ်မှတ်ချက်ပြည့်မီစေရန် ရည်ရွယ်၍ စံချိန်စံညွှန်းဆိုင်ရာ သက်ဆိုင်သည့် လုပ်ပိုင်ခွင့်ရှိသော အဖွဲ့အစည်းက အများသဘောတူညီချက်ကို အခြေခံ၍ ပြုစုရေးဆွဲအတည်ပြုထားသည့် ယေဘူယျ နှင့် အကြိမ်ကြိမ် အသုံးချနိုင် သော စည်းမျဉ်းစည်းကမ်းများ၊ လမ်းညွှန်ချက်များ၊ ဆောင်ရွက်မှုသွင်ပြင် လက္ခဏာ များ သို့မဟုတ် ယင်းတို့၏ အကျိုးဆက်များကို ဖွင့်ဆိုရှင်းပြသည့် သတ်မှတ်ချက် များကို ဆိုသည်။
(ဂ) စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုသည်မှာ လုပ်ကိုင်ဆောင်ရွက်မည့် ကိစ္စတစ်ခုတွင် ထုတ်လုပ်သူများနှင့် စားသုံးသူများ၊ သုံးစွဲသူများ၏ အကျိုးအတွက် လက်တွေ့ အသုံးဝင်မှု အခြေအနေ နှင့် ဘေးအန္တရာယ်ကင်းရှင်းရေး လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားပြီး စီးပွားရေးတိုးတက်မြင့်မားစေရန် သက်ဆိုင်ရာ ကျွမ်းကျင်သူ များ စုပေါင်းပါဝင်၍ စံချိန်စံညွှန်း ရေးဆွဲသတ်မှတ်သည့် ဆောင်ရွက်မှု လုပ်ငန်းများ ကို ဆိုသည်။
(ဃ) မြန်မာနိုင်ငံစံချိန်စံညွှန်း ဆိုသည်မှာ အမျိုးသားစံချိန်စံညွှန်းကောင်စီ က သတ်မှတ်သော စံချိန်စံညွှန်းကို ဆိုသည်။
(င) ပြည်ပနိုင်ငံစံချိန်စံညွှန်းဆိုသည်မှာ ပြည်ပနိုင်ငံတခုခုတွင် ဥပဒေအရ လုပ်ပိုင်ခွင့် ရှိသော အဖွဲ့အစည်းက သတ်မှတ်သော ယင်းနိုင်ငံ၏ အမျိုးသား စံချိန်စံညွှန်း ကို ဆိုသည်။
(စ) ဒေသဆိုင်ရာစံချိန်စံညွှန်း ဆိုသည်မှာ ဒေသဆိုင်ရာစံချိန်စံညွှန်း အဖွဲ့က သတ်မှတ် သော ံစံချိန်စံညွှန်း ကို ဆိုသည်။
(ဆ) ဒေသဆိုင်ရာစံချိန်စံညွှန်းအဖွဲ့ဆိုသည်မှာ အာဆီယံဒေသဆိုင်ရာ အဖွဲ့အစည်း သို့မဟုတ် ဥရောပဒေသဆိုင်ရာ အဖွဲ့အစည်းကဲ့သို့သော အဖွဲ့အစည်းများ၏ စံချိန်စံညွှန်းအဖွဲ့ကို ဆိုသည်။
(ဇ) အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်း ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်း အဖွဲ့ တစ်ခုခုက သတ်မှတ်သော စံချိန်စံညွှန်း ကိုဆိုသည်။
(ဈ) မဖြစ်မနေလိုက်နာရမည့် စံချိန်စံညွှန်း ဆိုသည်မှာ လူ့ ကျန်းမာရေး၊ ပုဂ္ဂလိကပစ္စည်း လုံခြုံရေး နှင့် စပ်လျဉ်း၍ အမျိုးသားစံချိန်စံညွှန်း ကောင်စီ က ဤဥပဒေအရ မဖြစ် မနေ လိုက်နာရမည်ဟု သတ်မှတ်သည့် စံချိန်စံညွှန်း ကိုဆိုသည်။
(ည) ဆန္ဒအလျောက်လိုက်နာနိုင်သည့် စံချိန်စံညွှန်း ဆိုသည်မှာ မဖြစ်မနေလိုက်နာရမည့် စံချိန်စံညွှန်း တွင် အကျုံးမဝင်သော စံချိန်စံညွှန်း ကို ဆိုသည်။
(ဋ) အသိအမှတ်ပြုလွှာဆိုသည်မှာ အရည်အသွေးထောက်ခံချက် ထုတ်ပေးနိုင်ရေး အတွက် နည်းပညာဆိုင်ရာစစ်ဆေးမှု၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု နှင့် လိုအပ်သော အခြားဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်စွမ်းရှိကြောင်း အသိအမှတ်ပြုသော ဤ ဥပဒေအရ ထုတ်ပေးသည့် အထောက်အထားလက်မှတ်ကို ဆိုသည်။
(ဌ) အရည်အသွေးထောက်ခံချက်ဆိုသည်မှာ ထုတ်ကုန်၊ ထုတ်လုပ်မှုနည်းစဉ်၊ ဝန်ဆောင်မှုဆိုင်ရာ စံချိန်စံညွှန်း နှင့် ကိုက်ညီကြောင်း ဤဥပဒေအရ ထုတ်ပေးသည့် ထောက်ခံချက် လက်မှတ်ကို ဆိုသည်။
(ဍ) စံချိန်စံညွှန်းဆိုင်ရာ အမှတ်တံဆိပ်ဆိုသည်မှာ အသိအမှတ်ပြုကြောင်း အမှတ် တံဆိပ် နှင့် အရည်အသွေးအမှတ်တံဆိပ် များဖြစ်သော ထုတ်ကုန်အရည်အသွေး အမှတ်တံဆိပ်၊ ထုတ်လုပ်မှုနည်းစဉ်ဆိုင်ရာ အရည်အသွေးအမှတ်တံဆိပ် နှင့် ဝန်ဆောင်မှု အရည်အသွေးအမှတ်တံဆိပ် တို့ပါဝင်သည်။
(ဎ) ဥပဒေအရ တိကျစွာတိုင်းတာခြင်းနည်းပညာဆိုသည်မှာ တရားဝင်ထိန်းချုပ်ရေး၊ ကုန်သွယ်ရေး၊ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး တို့နှင့် သက်ဆိုင်သော သင့်တင့်လျောက်ပတ်သည့် အရည်အသွေး နှင့် ယုံကြည်စိတ်ချရသော တိုင်းတာမှုများကို ပြည့်စုံတိကျစေရန် သက်ဆိုင်ရ အစိုးရ ဌာန၊ အစိုးရအဖွဲ့အစည်းက သတ်မှတ်သည့် စီမံခန့်ခွဲရေးဆိုင်ရာ၊ ဥပဒေပြုရေး ဆိုင်ရာ နှင့် နည်းပညာပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အစီအစဉ် တစ်ရပ်လုံးကို ဆိုသည်။
(ဏ) ကောင်စီဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် အမျိုးသားစံချိန်စံညွှန်း ကောင်စီ ကို ဆိုသည်။
(တ) ကော်မတီဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် စံချိန်စံညွှန်းလုပ်ငန်း ကော်မတီ ကို ဆိုသည်။
(ထ) ဦးစီးဌာနဆိုသည်မှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန စံချိန်စံညွှန်းသတ်မှတ်ခြင်း ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရန် တာဝန်ပေးသော ဦးစီးဌာနကို ဆိုသည်။
အခန်း (၂)
ရည်ရွယ်ချက်
၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် –
(က) မြန်မာနိုင်ငံစံချိန်စံညွှန်းများကို သတ်မှတ်နိုင်ရန်၊
(ခ) ကုန်ထုတ်လုပ်မှုဆိုင်ရာအဖွဲ့အစည်းများနှင့် ယင်းတို့၏ ထုတ်ကုန်များ၊ ထုတ်လုပ်မှု နည်းစဉ်များ နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ၏ အရည်အသွေးကို မြင့်မားစေပြီး ပြည်ပပို့ကုန် မြှင့်တင်ရေး အထောက်အကူပြုနိုင်ရန်
(ဂ) သွင်းကုန်များနှင့် ထုတ်ကုန်များသည် သတ်မှတ်ထားသည့် စံချိန်စံညွှန်းအောက် မနိမ့်ကျကြောင်း နှင့် လုံခြုံမှုရှိပြီး ကျန်းမာရေး နှင့် ဘေးအန္တရာယ်ကင်းရှင်းကြောင်း အာမခံခြင်းဖြင့် စားသုံးသူများ နှင့် သုံးစွဲသူများကို အကာအကွယ်ပေးနိုင်ရန်၊
(ဃ) ထုတ်ကုန်များ နှင့်လည်းကောင်း၊ ထုတ်လုပ်မှုနည်းစဉ်များ နှင့်လည်းကောင်း၊ ဝန်ဆောင်မှု လုပ်ငန်းများ နှင့်လည်းကောင်း၊ ဆက်စပ်နေသော ပတ်ဝန်းကျင်ကို အန္တရာယ်ကျရောက်ခြင်းမှ ကာကွယ်ရေး နှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်း စောင့်ရှောက်ရေး တို့ကို အထောက်အကူပြုနိုင်ရန်၊
(င) သတ်မှတ်ထားသော စံချိန်စံညွှန်း နှင့် မကိုက်ညီသည့် အရည်အသွေးပြည့်မီခြင်း မရှိသော ကုန်ပစ္စည်းများ၊ ဘေးဥပဒ်မကင်းသော ကုန်ပစ္စည်းများ နှင့် ပတ်ဝန်းကျင်ကို ထိခိုက်နိုင် သောကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးခြင်း နှင့် နိုင်ငံအတွင်းသို့ တင်သွင်းခြင်းမှ ကာကွယ်နိုင်ရန်၊
(စ) အပြည်ပြည်ဆိုင်ရာ လွတ်လပ်သော ကုန်သွယ်မှုဒေသများ ထူထောင်ရာတွင် အထောက်အကူဖြစ်စေရန် နှင့် ကုန်သွယ်ရေးဆိုင်ရာ နည်းပညာအတားအဆီးများ ကိုလျော့ချနိုင်ရန်၊
(ဆ) မြန်မာ့အမျိုးသားဖွ့ံဖြိုးတိုးတက်မှု အစီအစဉ် နှင့်အညီ မြန်မာနိုင်ငံ၏ စီးပွားရေး နှင့် လူမှု ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အတွက် စံချိန်စံညွှန်းများကို အသုံးချ၍ တိုင်းပြည်၏ နည်းပညာ လွှဲပြောင်းမှု နှင့် နည်းပညာတီထွင်မှုတို့ကို လွယ်ကူချောမွေ့စေရန်၊
အခန်း(၃)
အမျိုးသားစံချိန်စံညွှန်းကောင်စီဖွဲ့စည်းခြင်း နှင့် လုပ်ငန်းတာဝန်များ
၄။ အစိုးရအဖွဲ့သည် –
(က) အမျိုးသားစံချိန်စံညွှန်းကောင်စီကို အဖွဲ့ဝင် ၃၀ ဦးထက်မပိုသော ပုဂ္ဂိုလ်များဖြင့် အောက်ပါအတိုင်းဖွဲ့စည်းရမည် –
(၁) အစိုးရအဖွဲ့ကတာဝန်ပေးသော ပြည်ထောင်စုဝန်ကြီး တစ်ဦး၊ ဥက္ကဌ
(၂) ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ အဖွဲ့ဝင်များ
(၃) အစိုးရမဟုတ်သောအဖွဲ့အစည်းများမှကိုယ်စားလှယ်များ အဖွဲ့ဝင်များ
(၄) ထင်ပေါ်ကျော်ကြားသောဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်များနှင့် အခြားသင့်လျော်သောပုဂ္ဂိုလ်များ အဖွဲ့ဝင်များ
(၅) ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် အတွင်းရေးမှူး
(ခ) ပုဒ်မခွဲ(က)အရ ကောင်စီဖွဲ့စည်းရာတွင် လိုအပ်ပါက ဒုတိယဥက္ကဌ နှင့် တွဲဖက် အတွင်းရေးမှူးတို့ကို သတ်မှတ်နိုင်သည်။
(ဂ) ပုဒ်မခွဲ(က) အရ ဖွဲ့စည်းထားသော ကောင်စီကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်း နိုင်သည်။
၅။ ကောင်စီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် –
(က) ဤဥပဒေ၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မူဝါဒ ချမှတ်ခြင်း နှင့် လမ်းညွှန်ခြင်း၊
(ခ) အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းများ၊ ဒေသဆိုင်ရာစံချိန်စံညွှန်းများ နှင့် ပြည်ပနိုင်ငံ စံချိန်စံညွှန်းများအနက် သင့်လျော်သော စံချိန်စံညွှန်း များကို လက်ခံ၍ဖြစ်စေ၊ မြန်မာနိုင်ငံ၏ အခြေအနေ နှင့်အညီပြောင်းလဲ၍ဖြစ်စေ မြန်မာနိုင်ငံစံချိန်စံညွှန်း ကို သတ်မှတ်ခြင်း၊
(ဂ) ကုန်ကြမ်းပစ္စည်း၊ စက်ကိရိယာတန်ဆာပလာ၊ ထုတ်ကုန်၊ ထုတ်လုပ်မှုနည်းစဉ်၊ စမ်းသပ်စစ်ဆေးနည်းများ၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ အတွက် မြန်မာနိုင်ငံစံချိန်စံညွှန်းများကို သတ်မှတ်ခြင်း၊
(ဃ) သွင်းကုန်ပစ္စည်း နှင့် ပို့ကုန်ပစ္စည်းများအတွက် မြန်မာနိုင်ငံ စံချိန်စံညွှန်း ကို သတ်မှတ်ခြင်း၊
(င) မြန်မာနိုင်ငံစံချိန်စံညွှန်းများတွင် မဖြစ်မနေလိုက်နာရမည့် စံချိန်စံညွှန်း များကို သတ်မှတ်ခြင်း၊
(စ) မြန်မာနိုင်ငံစံချိန်စံညွှန်းများကို သက်ဆိုင်ရာကုန်ထုတ်လုပ်ငန်း နှင့် ဝန်ဆောင်မှု လုပ်ငန်းများက လက်ခံကျင့်သုံးရေးအတွက် ဆောင်ရွက်ခြင်း
(ဆ) စံချိန်စံညွှန်းဆိုင်ရာအမှတ်တံဆိပ်သုံးစွဲခွင့် ရယူထားသောဌာန၊ အဖွဲ့အစည်းက သက်ဆိုင်ရာစံချိန်စံညွှန်းပါ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ မရှိ စမ်းသပ်စစ်ဆေးရန် ကော်မတီသို့အခါ အားလျော်စွာညွှန်ကြားခြင်း၊
(ဇ) အသိအမှတ်ပြုလွှာနှင့် အရည်အသွေးထောက်ခံချက်များ ထုတ်ပေးခြင်းဆိုင်ရာ စည်းကမ်းချက်များကို သတ်မှတ်ခြင်း၊
(ဈ) အသိအမှတ်ပြုလွှာ နှင့် အရည်အသွေးထောက်ခံချက်များ နှင့် စပ်လျဉ်း၍ ကော်မတီ ၏ တင်ပြချက်ကို အဆုံးအဖြတ်ပေးခြင်း၊
(ည) အသိအမှတ်ပြုလွှာရရှိသောဌာန၊ အဖွဲ့အစည်းက ထုတ်ပေးမည့် အရည်အသွေး ထောက်ခံချက် အမျိုးအစားတစ်ခုစီ၏ စံချိန်စံညွှန်းဆိုင်ရာ အမှတ်တံဆိပ်များကို အတည်ပြုခြင်း၊
(ဋ) ဥပဒေအရ တိကျစွာတိုင်းတာခြင်းနည်းပညာ နှင့်စပ်လျဉ်း၍ ဆောင်ရွက်ရန် ကော်မတီသို့ လိုအပ်သလို ညွှန်ကြားခြင်း၊
(ဌ) အသိအမှတ်ပြုလွှာပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း စစ်ဆေးတွေ့ရှိလျှင် အသိအမှတ်ပြုလွှာရရှိသော သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်အား အသိပေးခြင်း၊ အသိအမှတ်ပြုလွှာကို ကာလအကန့်အသတ် ဖြင့် ရပ်ဆိုင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း၊
(ဍ) မြန်မာနိုင်ငံစံချိန်စံညွှန်းဆိုင်ရာ ကိစ္စများ နှင့် ရန်ပုံငွေဆိုင်ရာကိစ္စများကို အစိုးရအဖွဲ့ သို့ အခါအားလျော်စွာ အစီရင်ခံတင်ပြခြင်း။
အခန်း (၄)
စံချိန်စံညွှန်းလုပ်ငန်းကော်မတီဖွဲ့စည်းခြင်း နှင့် လုပ်ငန်းတာဝန်များ
၆။ ကောင်စီသည်-
(က) ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (သို့မဟုတ်) အခြားသင့်လျော်သည့် ပညာရှင် တစ်ဦး ဦး က ဥက္ကဌ အဖြစ်လည်းကောင်း၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ မှ ပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၊ သိပ္ပံနှင့်အင်ဂျင်နီယာဆိုင်ရာ ပညာရှင်များ နှင့် ဥပဒေပညာရှင်များက အဖွဲ့ဝင် အဖြစ် လည်းကောင်း၊ ပါဝင်သည့် စံချိန်စံညွှန်းလုပ်ငန်းကော်မတီကို ဖွဲ့စည်းရမည်။
(ခ) ပုဒ်မခွဲ(က)အရ ဖွဲ့စည်းရာတွင် အတွင်းရေးမှူးကို သတ်မှတ်တာဝန်ပေးအပ်ပြီး လိုအပ်ပါက ဒုတိယဥက္ကဌ နှင့် တွဲဖက်အတွင်းရေးမှူး တို့ကို သတ်မှတ်တာဝန် ပေးအပ်နိုင်သည်။
(ဂ) ပုဒ်မခွဲ(က) အရ ဖွဲ့စည်းထားသော ကော်မတီကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်း နိုင်သည်။
၇။ ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) မြန်မာနိုင်ငံစံချိန်စံညွှန်းများကို ရေးဆွဲ၍ ကောင်စီသို့ တင်ပြခြင်း၊
(ခ) စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် ထုတ်ကုန်များထုတ်လုပ်နိုင်ရန် လိုအပ်သည့် နည်း ပညာ၊ ထုတ်လုပ်မှုနည်းစဉ် နှင့် စက်ကိရိယာတန်ဆာပလာများကို သတ်မှတ်ခြင်း၊
(ဂ) ထုတ်ကုန်များကို အခါအားလျော်စွာ စစ်ဆေး၍ မဖြစ်မနေလိုက်နာရမည့် မြန်မာနိုင်ငံ စံချိန်စံညွှန်း နှင့် ကိုက်ညီမှု ရှိ မရှိ ဆုံးဖြတ်ခြင်း၊
(ဃ) သွင်းကုန်ပစ္စည်း နှင့် ပို့ကုန်ပစ္စည်း များသည် မြန်မာနိုင်ငံစံချိန်စံညွှန်း နှင့် ကိုက်ညီခြင်း ရှိ မရှိ စစ်ဆေးနိုင်ရန် ညှိနှိုင်းစီစဉ်ပေးခြင်း၊
(င) အသိအမှတ်ပြုလွှာထုတ်ပေးရန် နှင့် သက်တမ်းတိုးမြှင့်ပေးရန် ကိစ္စရပ်များကို ထပ်ဆင့် စိစစ်၍ ကောင်စီသို့ တင်ပြခြင်း၊
(စ) ဥပဒေအရ တိကျစွာ တိုင်းတာခြင်းနည်းပညာ နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ကောင်စီသို့ တင်ပြခြင်း နှင့် ကောင်စီ၏ ညွှန်ကြားချက်များ နှင့် အညီ ဆောင်ရွက်ခြင်း၊
(ဆ) ထုတ်ကုန်၊ အသုံးပြုသောကုန်ကြမ်းပစ္စည်း၊ နည်းပညာ၊ ထုတ်လုပ်မှု နည်းစဉ် နှင့် စက်ကိရိယာတန်ဆာပလာများသည် သက်ဆိုင်ရာ စံချိန်စံညွှန်းများ နှင့် ကိုက်ညီခြင်း ရှိ မရှိ သိရှိနိုင်ရန် အရည်အသွေးထောက်ခံချက်ရရှိသူ၏ လုပ်ငန်းခွင်သို့ အခါ အားလျော်စွာ ဝင်ရောက်စစ်ဆေးခြင်း နှင့် စစ်ဆေးစေခြင်း၊
(ဇ) စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာ သင်တန်းများ နှင့် ဆွေးနွေးပွဲများ ကျင်းပခြင်း၊
(ဈ) မြန်မာနိုင်ငံစံချိန်စံညွှန်းကို ဈေးကွက် နှင့် အခြားအခြေအနေများအရ လိုအပ်ပါက ပြင်ဆင်နိုင်ရန် ကောင်စီသို့ အကြံပြုတင်ပြခြင်း၊
(ည) မြန်မာနိုင်ငံစံချိန်စံညွှန်းများကို ရေးဆွဲ၍ မဖြစ်မနေလိုက်နာမည့် စံချိန်စံညွှန်း နှင့် ဆန္ဒ အလျောက် လိုက်နာနိုင်သည့် စံချိန်စံညွှန်းများကို အကြံပြုချက်ဖြင့် ကောင်စီ သို့ ခွဲခြားတင်ပြခြင်း၊
(ဋ) ကော်မတီ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် နည်းပညာဆပ်ကော်မတီများ ဖွဲ့စည်းခြင်း နှင့် ယင်းဆပ်ကော်မတီများ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်း၊
(ဌ) ကောင််စီက အခါအားလျော်စွာ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက် ခြင်း၊
၈။ ကော်မတီသည် –
(က) မူဝါဒနှင့် သက်ဆိုင်သော အရေးကြီးသည့် ကိစ္စများကို ကောင်စီ သို့ တင်ပြ၍ အဆုံး အဖြတ်ခံယူဆောင်ရွက်ရမည်။
(ခ) မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို သတ်မှတ်ချက်များ နှင့် အညီ ကောင်စီ သို့တင်ပြရမည်။
အခန်း(၅)
အသိအမှတ်ပြုလွှာလျှောက်ထားခြင်း နှင့် ထုတ်ပေးခြင်း
၉။ အရည်အသွေးထောက်ခံချက် ထုတ်ပေးခွင့်ရရှိလိုသော ပြည်တွင်း၊ ပြည်ပ မှ ဌာန၊ အဖွဲ့အစည်းတစ်ခုခုသည်လည်းကောင်း၊ အရည်အသွေးထောက်ခံချက် ထုတ်ပေးခွင့်ရှိ သည့် ဌာန၊ အဖွဲ့အစည်းတစ်ခုခု နှင့် ဆက်နွယ်သည့်လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်လို သော ပုဂ္ဂိုလ်တစ်ဦးဦးသည်လည်းကောင်း အသိအမှတ်ပြုလွှာရရှိရန် သတ်မှတ်ချက်များ နှင့် အညီ ဦးစီးဌာန သို့ လျှောက်ထားရမည်၊
၁၀။ ဦးစီးဌာနသည် အသိအမှတ်ပြုလွှာရရှိရန် ပုဒ်မ ၉ အရ လျှောက်ထားချက်ကို လက်ခံရရှိ သည့် အခါ လျှောက်ထားသော ဌာန၊ အဖွဲ့အစည်း နှင့် ပုဂ္ဂိုလ်များက နည်းပညာဆိုင်ရာ စစ်ဆေးမှုများ၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု များ နှင့် အခြားလိုအပ်သော ဝန်ဆောင်မှုလုပ်ငန်း များကို ဆောင်ရွက်နိုင်စွမ်း ရှိ မရှိ သတ်မှတ်ချက်များ နှင့် အညီ စိစစ်ပြီး သဘောထား မှတ်ချက်ဖြင့် ကော်မတီ မှ တစ်ဆင့် ကောင်စီသို့ တင်ပြရမည်။
၁၁။ ကောင်စီသည် ဦးစီးဌာန၏ သဘောထားမှတ်ချက်ကို စိစစ်သုံးသပ်၍ အသိအမှတ်ပြုလွှာ ထုတ်ပေးရန် သို့မဟုတ် ငြင်းပယ်ရန် ဆုံးဖြတ်ပြီး ကော်မတီ မှ တစ်ဆင့် ဦးစီးဌာန သို့ အကြောင်းကြားရမည်။
၁၂။ အသိအမှတ်ပြုလွှာရရှိသည့် ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်များသည် အသိအမှတ်ပြု ကြောင်း အမှတ်တံဆိပ်ကို သုံးစွဲခွင့်ရှိသည်။
၁၃။ ဦးစီးဌာနသည် ကောင်စီ၏ ဆုံးဖြတ်ချက်နှင့်အညီ ဆောင်ရွက်ရမည်။
၁၄။ (က) အသိအမှတ်ပြုလွှာရရှိသော ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်များသည် အသိအမှတ်ပြုလွှာကို သက်တမ်းတိုးမြှင့်လိုပါက သတ်မှတ်ချက်များ နှင့် အညီ ဦးစီးဌာန သို့ လျှောက်ထားရမည်။
(ခ) ဦးစီးဌာနသည် ပုဒ်မခွဲ (က)အရ လျှောက်ထားချက်ကို သတ်မှတ်ချက်နှင့် အညီ စိစစ် ပြီး သဘောထားမှတ်ချက်ဖြင့် ကော်မတီမှ တဆင့် ကောင်စီသို့ တင်ပြရမည်။
၁၅။ (က) ကောင်စီသည် ပုဒ်မ ၁၄ ပုဒ်မခွဲ (ခ) အရ တင်ပြချက်ကို စိစစ်ပြီး အသိအမှတ်ပြုလွှာ သက်တမ်းတိုးမြှင့်ပေးခြင်း သို့မဟုတ် အသိအမှတ်ပြုလွှာသက်တမ်းတိုးမြှင့်ပေးရန် ငြင်းပယ် ခြင်း ပြုနိုင်သည်။
(ခ) ကောင်စီသည် အသိအမှတ်ပြုလွှာသက်တမ်း၊ အသိအမှတ်ပြုလွှာကြေး နှင့် အသိ အမှတ်ပြုလွာ သက်တမ်းတိုးမြှင့်ခ များကို သတ်မှတ်ရမည်။
၁၆။ အသိအမှတ်ပြုလွှာရရှိသော ဌာန၊ အဖွဲ့အစည်းသည် –
(က) ထုတ်ပေးနိုင်သည့် အရည်အသွေးထောက်ခံချက် အမျိုးအစားတစ်ခုစီ အတွက် စံချိန်စံညွှန်းဆိုင်ရာ အမှတ်တံဆိပ်ကို ကောင်စီ၏ အတည်ပြုချက်ရယူပြီး ဦးစီးဌာနတွင် မှတ်ပုံတင်ရမည်။
(ခ) အရည်အသွေးထောက်ခံချက် ထုတ်ပေးသည့် လုပ်ငန်းများ စာရင်းကို သတ်မှတ်ချက် များနှင့်အညီ ဦးစီးဌာန သို့ တင်ပြရမည်။
အခန်း (၆)
အရည်အသွေးထောက်ခံချက်ရရှိရန် လျှောက်ထားခြင်း နှင့် ထုတ်ပေးခြင်း
၁၇။ အရည်အသွေးထောက်ခံချက် ရရှိလိုသူသည် ဦးစီးဌာန၏ အသိအမှတ်ပြုလွှာရရှိသောဌာန၊ အဖွဲ့အစည်းသို့ လျှောက်ထားရမည်။
၁၈။ အသိအမှတ်ပြုလွှာရရှိသောဌာန၊ အဖွဲ့အစည်းသည် သတ်မှတ်ချက်များ နှင့်အညီ စမ်းသပ် စစ်ဆေး၍ စည်းကမ်းချက်များ ပါရှိသည့် အောက်ပါ အရည်အသွေးထောက်ခံချက် အမျိုးအစားများကို ထုတ်ပေးခွင့်ရှိသည်-
(က) ထုတ်ကုန်အရည်အသွေးထောက်ခံချက်
(ခ) ထုတ်လုပ်မှုနည်းစဉ်အရည်အသွေးထောက်ခံချက်
(ဂ) ဝန်ဆောင်မှုအရည်အသွေးထောက်ခံချက်
အခန်း (၇)
ကော်မတီ၏ အရေးယူပိုင်ခွင့်
၁၉။ အရည်အသွေးထောက်ခံချက်ရရှိသူက သက်ဆိုင်ရာထောက်ခံချက်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း စစ်ဆေးတွေ့ရှိလျှင် ကော်မတီသည် အောက်ပါ အရေး ယူမှု တစ်ရပ်ရပ်ကို ဆုံးဖြတ်ဆောင်ရွက်နိုင်သည် –
(က) သတိပေးခြင်း၊
(ခ) အရည်အသွေးထောက်ခံချက်ကိုကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း၊
(ဂ) အရည်အသွေးထောကခံချက်ကို ပယ်ဖျက်ခြင်း။
၂၀။ အသိအမှတ်ပြုလွှာရရှိသူက သက်ဆိုင်ရာ အသိအမှတ်ပြုလွှာပါ စည်းကမ်းချက်တစ်ရပ်ရပ် ကို၊ ဖောက်ဖျက်ကြောင်း စစ်ဆေးတွေ့ရှိလျှင် ကော်မတီသည် အောက်ပါ အရေးယူမှု တစ်ရပ်ရပ်ကို ဆုံးဖြတ်ဆောင်ရွက်နိုင်သည် –
(က) သတိပေးခြင်း၊
(ခ) အသိအမှတ်ပြုလွှာကို ကာလအကန့်အသတ်ဖြင့်ရပ်ဆိုင်းခြင်း၊
(ဂ) အသိအမှတ်ပြုလွှာကို ပယ်ဖျက်ခြင်း။
အခန်း (၈)
အယူခံခြင်း
၂၁။ ကော်မတီက ပုဒ်မ ၁၉ သို့မဟုတ် ပုဒ်မ ၂၀ အရ ဆုံးဖြတ်ဆောင်ရွက်ခဲ့သော အရေးယူမှု တစ်ရပ်ရပ်ကို ဖြစ်စေ၊ ကော်မတီက ချမှတ်ထားသော အခြားဆုံးဖြတ်ချက် တစ်ရပ်ရပ်ကို ဖြစ်စေ မကျေနပ်သူသည် ဆုံးဖြတ်ချက် ချမှတ်သည့် နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း ကောင်စီ သို့ အယူခံနိုင်သည်။
၂၂။ ကောင်စီသည် ကော်မတီ၏ အရေးယူဆောင်ရွက်မှု သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြု ခြင်း၊ ပယ်ဖျက်ခြင်း နှင့် ပြင်ဆင်ပြောင်းလဲခြင်း ပြုနိုင်သည်။
၂၃။ ကောင်စီ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။
အခန်း (၉)
ပြစ်မှုှနှင့်ပြစ်ဒဏ်များ
၂၄။ မည်သူမဆို အသိအမှတ်ပြုလွှာမရရှိဘဲ အရည်အသွေးထောက်ခံချက်ကို ထုတ်ပေးကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် သိန်း သုံးဆယ် ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၂၅။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ခုခုကို ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် သိန်းသုံးဆယ် ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်-
(က) စံချိန်စံညွှန်းဆိုင်ရာ အမှတ်တံဆိပ်တစ်ခုခုကို အတုပြုလုပ်ခြင်း၊
(ခ) ကောင်စီက သုံးစွဲခွင့်ပြုထားခြင်း သို့မဟုတ် အတည်ပြုထားခြင်း မရှိသော စံချိန်စံညွှန်းဆိုင်ရာ အမှတ်တံဆိပ်ကို အသုံးပြုခြင်း၊
(ဂ) ကောင်စီက သတ်မှတ်သည့် မဖြစ်မနေလိုက်နာရမည့် စံချိန်စံညွှန်း နှင့် ကိုက်ညီခြင်း မရှိကြောင်း သိလျက်နှင့်ဖြစ်စေ၊ သိရန် အကြောင်းရှိလျက်နှင့်ဖြစ်စေ၊ ထုတ်ကုန်တစ်ခုခုကို ကြော်ငြာခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန် အလို့ငှာ လက်ဝယ်ထားရှိခြင်း၊ ဝန်ဆောင်မှု တစ်ခုခု ကို ကြော်ငြာခြင်း၊ ဝန်ဆောင်မှုတစ်ခုခုကို ဆောင်ရွက်ခြင်း။
၂၆။ အရည်အသွေးထောက်ခံချက်ရရှိသူ မည်သူမဆို သက်ဆိုင်ရာ စံချိန်စံညွှန်း နှင့် ကိုက်ညီခြင်း မရှိသော ထုတ်ကုန်အပေါ်တွင် ဖြစ်စေ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ဖြစ်စေ စံချိန်စံညွှန်းဆိုင်ရာ အမှတ်တံဆိပ်ကို အသုံးပြုလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်ဆယ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ် လုံး ဖြစ်စေ ချမှတ်ရမည်။
အခန်း(၁၀)
ရန်ပုံငွေထူထောင်သုံးစွဲခြင်း
၂၇။ ကော်မတီသည် မိမိ၏ ရန်ပုံငွေကို အောက်ပါ ရငွေများဖြင့် ထူထောင်ပြီး ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်း နှင့်အညီ သုံးစွဲရမည် –
(က) စံချိန်စံညွှန်းများ၊ သက်ဆိုင်ရာစာရွက်စာတမ်းများ နှင့် အခြား စာအုပ်စာတမ်းများကို ရောင်းချရငွေများ၊
(ခ) အဖွဲ့ဝင်ကြေးများ၊
(ဂ) ဝန်ဆောင်မှုအတွက်ရရှိငွေများ၊
(ဃ) နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ငွေများ။
၂၈။ ကော်မတီ၏ ရန်ပုံငွေ နှင့် စပ်လျဉ်း၍ အစိုးရအသိအမှတ်ပြု စာရင်းစစ်များ က စစ်ဆေး၍ စာရင်းစစ်အစီရင်ခံစာကို ကောင်စီမှ တစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဘဏ္ဍာရေးနှစ် အလိုက တင်သွင်းရမည်။
အခန်း(၁၁)
အထွေထွေ
၂၉။ အရည်အသွေးထောက်ခံချက်ရရှိသူ၊ ယင်း၏ ကိုယ်စားလှယ် နှင့် လုပ်ငန်း ဆက်ခံသူ တို့သည် မဖြစ်မနေလိုက်နာရမည့် စံချိန်စံညွှန်းများကို လိုက်နာရမည်။
၃၀။ (က) ဝန်ကြီးဌာနသည် ကောင်စီဝင်များ နှင့် ကော်မတီဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များ ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်ရမည်။
(ခ) ဦးစီးဌာနသည် ပုဒ်မခွဲ(က) အရ သတ်မှတ်သော ချီးမြှင့်ငွေ နှင့် စရိတ်များကို လည်းကောင်း၊ ကောင်စီ နှင့် ကော်မတီတို့၏ ရုံးလုပ်ငန်းများကို လည်းကောင်း တာဝန်ယူ စီစဉ်ဆောင်ရွက်ရမည်။
၃၁။ ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုအဖြစ် သတ်မှတ်သည်။
၃၂။ ဤဥပဒေအရ တရားစွဲဆိုသော ပြစ်မှု နှင့်် သက်ဆိုင်သည့် သက်သေခံပစ္စည်းကို တရားရုံး ရှေ့သို့ တင်ပို့ရန် လွယ်ကူခြင်းမရှိပါက ယင်းသက်သေခံပစ္စည်းကို တရားရုံးသို့ တင်ပို့ခြင်း မပြုဘဲ မည်ကဲ့သို့ ထိန်းသိမ်းထားကြောင်းကို အစီရင်ခံစာ သို့မဟုတ် သက်ဆိုင်ရာအခြား စာရွက်စာတမ်း အထောက်အထားများဖြင့် တင်ပြနိုင်သည်။ ယင်းသို့ တင်ပြခြင်းကို တရားရုံးရှေ့သို့ သက်သေခံပစ္စည်း တင်ပြဘိသကဲ့သို့ မှတ်ယူကာ သက်ဆိုင်ရာ တရားရုံးက ဥပဒေနှင့် အညီ စီမံခန့် ခြင်း ပြုနိုင်သည်။
၃၃။ ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-
(က) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်း နှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ) သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နှင့် ကောင်စီတို့သည် လိုအပ်သော အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက် နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
(ဂ) ကော်မတီ နှင့် ဦးစီးဌာန တို့သည် လိုအပ်သော အမိန့် နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွနု်ပ်လက်မှတ် ရေးထိုးသည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်