လျှပ်စစ်ဥပဒေ

(၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၄။)

၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်

(၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို လျှပ်စစ်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။  ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-

(က)

လျှပ်စစ်ဓာတ်အား ဆိုသည်မှာ စွမ်းအင်အရင်းအမြစ် တစ်မျိုးမျိုးကို အသုံးပြု၍ ထုတ်လုပ်ရရှိသည့် လျှပ်စစ်ဓာတ်အားကို ဆိုသည်။

(ခ)

လျှပ်စစ်ဆိုင်ရာလုပ်ငန်း ဆိုသည်မှာ လျှပ်စစ်ဓာတ်အားနှင့် စပ်လျဉ်း၍ စူးစမ်းရှာဖွေခြင်း၊ တည်ဆောက်ခြင်း၊ ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ အသုံးပြုခြင်း၊ ရောင်းဝယ်ခြင်း၊ ဖလှယ်ခြင်း၊ ဓာတ်အားစနစ် ကွပ်ကဲခြင်း၊ လျှပ်စစ် စမ်းသပ်စစ်ဆေးခြင်းနှင့် လျှပ်စစ်ဆိုင်ရာ လုပ်ငန်း စစ်ဆေးခြင်းများကို ဆိုသည်။

(ဂ)
လျှပ်စစ်ဆိုင်ရာ လုပ်ပိုင်ခွင့် ဆိုသည်မှာ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင် ခွင့်ပြုနိုင်သည့် လုပ်ပိုင်ခွင့်ကို ဆိုသည်။

(ဃ)
ခွင့်ပြုမိန့် ဆိုသည်မှာ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းတစ်ခုခုကို လုပ်ကိုင် ဆောင်ရွက်ရန် ပုဒ်မ ၇ အရ ခွင့်ပြုမိန့် ထုတ်ပေးနိုင်သူအဖြစ် သတ်မှတ်ခြင်း ခံရသူက ထုတ်ပေးသော ခွင့်ပြုမိန့်ကို ဆိုသည်။

(င)
လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်း ဆိုသည်မှာ နည်းပညာတစ်ခုခု အသုံးပြု၍ စွမ်းအင် အရင်းအမြစ် တစ်မျိုးမျိုးမှ စီးပွားဖြစ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို ဆိုသည်။

(စ)

ဓာတ်အားပို့လွှတ်ရေးစနစ် ဆိုသည်မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် ပင်ရင်းမှ ပင်မဓာတ်အားခွဲရုံသို့လည်းကောင်း၊ ပင်မဓာတ်အားခွဲရုံ အချင်းချင်းသို့ လည်းကောင်း ဓာတ်အားလိုင်းကြိုးများ၊ ဓာတ်အားလိုင်း တိုင်များ၊ ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများနှင့် ဆက်စပ် ပစ္စည်းများကို အသုံးပြု၍ ဓာတ်အားပို့လွှတ်သည့် စနစ်ကို ဆိုသည်။

(ဆ)

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်း ဆိုသည်မှာ လျှပ်စစ်ဓာတ်အား သုံးစွဲသူများ ထံသို့ သတ်မှတ်ထားသော ဗို့အား၊ လျှပ်စီးနှင့် ကြိမ်နှုန်းတို့ဖြင့် စနစ်တကျ ဓာတ်အား ဖြန့်ဖြူးခြင်းကို ဆိုသည်။

(ဇ)

လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးစနစ် ဆိုသည်မှာ လျှပ်စစ်ဓါတ်အား ထုတ်လုပ် သည့် စက်ရုံနှင့် ဓာတ်အားခွဲရုံတို့မှ ဓာတ်အားလိုင်း ကြိုးများ၊ ဓာတ်အား လိုင်းတိုင်များ၊ ဓာတ်အား ခွဲရုံများ၊ ထရန်စဖော်မာများနှင့် ဆက်စပ် ပစ္စည်းများကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးသည့်စနစ်ကို ဆိုသည်။

(ဈ)

လျှပ်စစ်ဓါတ်အား ရောင်းဝယ်ခြင်း ဆိုသည်မှာ ပြည်တွင်းမှ ဖြစ်စေ၊ ပြည်ပမှဖြစ်စေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်း နှင့် ဖလှယ်ခြင်းကိစ္စရပ်များကို လျှပ်စစ်ဆိုင်ရာ လုပ်ငန်း လုပ်ကိုင်သူနှင့် ဆက်သွယ်၍ စီးပွားရေး လုပ်ငန်းအဖြစ် ဆောင်ရွက်ခြင်းကို ဆိုသည်။

(ည)

လျှပ်စစ်ဓါတ်အား အသုံးပြုခြင်း ဆိုသည်မှာ သတ်မှတ်ထားသည့် ဗို့အား၊ လျှပ်စီးနှင့် ကြိမ်နှုန်းရှိသော လျှပ်စစ်ဓာတ်အားကို သတ်မှတ်ချက်များနှင့် အညီ ရယူ အသုံးပြုခြင်းကို ဆိုသည်။

(ဋ)

လျှပ်စစ်ဓါတ်အား စနစ် ဆိုသည်မှာ မဟာဓာတ်အားလိုင်း စနစ်နှင့် ဒေသ ဆိုင်ရာ လျှပ်စစ်ဓာတ်အား စနစ်တို့ကို ဆိုသည်။

(ဌ)

မဟာဓာတ်အားလိုင်းစနစ် ဆိုသည်မှာ လျှပ်စစ် ဓာတ်အားပေးစက်ရုံကြီးများ၊ ပင်မ ဓာတ်အားခွဲရုံများ၊ ဓာတ်အား ပို့လွှတ်ရေးလိုင်းများ၊ ဓာတ်အား ဖြန့်ဖြူးရေး ခွဲရုံများနှင့် ဓာတ်အားဖြန့်ဖြူးရေး လိုင်းများကို ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်း ပြုလုပ်နေသော တစ်နိုင်ငံလုံးနှင့်ဆိုင်သော စနစ်ကို ဆိုသည်။

(ဍ)

ဒေသဆိုင်ရာ လျှပ်စစ်ဓါတ်အားစနစ် ဆိုသည်မှာ မဟာဓာတ်အားလိုင်းနှင့် ဆက်သွယ်မှု မရှိဘဲ နယ်နိမိတ် တစ်ခုအတွင်း၌ သီးခြား စနစ်တစ်ခုအဖြစ် ဓာတ်အားပေးနေသော လျှပ်စစ် ဓာတ်အားစနစ်ကို ဆိုသည်။

(ဎ)

လျှပ်စစ်ဓါတ်အားလိုင်းနယ်မြေ ဆိုသည်မှာ လျှပ်စစ်ဓါတ်အားလိုင်း တစ်လျှောက် လျှပ်စစ်အန္တရာယ် ကင်းရှင်းရန် ဝန်ကြီးဌာနက သတ်မှတ် ထားသော အကွာအဝေး အတွင်းရှိ နယ်မြေကို ဆိုသည်။

(ဏ)

ဓာတ်အားစနစ်ကွပ်ကဲခြင်း ဆိုသည်မှာ မဟာဓာတ်အားလိုင်း စနစ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းတို့ကို နည်းပညာ စံချိန်စံညွှန်းနှင့် အညီ စီမံကွပ်ကဲခြင်းကို ဆိုသည်။

(တ)

လျှပ်စစ်ဆိုင်ရာလုပ်ငန်းစစ်ဆေးခြင်း ဆိုသည်မှာ လျှပ်စစ် စူးစမ်းရှာဖွေခြင်း၊ လျှပ်စစ် ဓာတ်အားစနစ် ကွပ်ကဲခြင်း၊ လျှပ်စစ်ဓာတ်အား ရောင်းဝယ်ခြင်းနှင့် လျှပ်စစ်ဓာတ်အား ဖလှယ်ခြင်း လုပ်ငန်းတို့မှအပ အခြား လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန် သတ်မှတ် ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ မရှိ စစ်ဆေးခြင်းကို ဆိုသည်။

(ထ)

လျှပ်စစ်ဆိုင်ရာ ပစ္စည်းကိရိယာ စစ်ဆေးခြင်း ဆိုသည်မှာ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုသော လျှပ်စစ်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ ဓာတ်အားလိုင်းများ၊ လျှပ်စစ် တိုင်းတာရေး ကိရိယာများ၏ ကြံ့ခိုင်မှုနှင့် စံချိန်စံညွှန်း စစ်ဆေးခြင်းကို ဆိုသည်။

(ဒ)

ဝန်ကြီးဌာန ဆိုသည်မှာ ဤဥပဒေပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် အလို့ငှာ ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ပေးအပ်သော သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန ကို ဆိုသည်။

(ဓ)

ဝန်ကြီးဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ပေးအပ်သော သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးကို ဆိုသည်။

(န)

လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဆိုသည်မှာ သတ်မှတ်ထားသော လျှပ်စစ် ဓာတ်အား ပေးရေး နယ်နိမိတ်တွင် လျှပ်စစ်ဓာတ်အား လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်း ထားသောအဖွဲ့ကို ဆိုသည်။

(ပ)

လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း ဆိုသည်မှာ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့တစ်ခုခုနှင့် သော်လည်းကောင်း၊ ဝန်ကြီးဌာန လက်အောက်ရှိ လုပ်ငန်းတစ်ခုခု သို့မဟုတ် လုပ်ငန်း၏ အစိတ်အပိုင်း တစ်ခုခုနှင့်သော် လည်းကောင်း ပြည်တွင်းပြည်ပ ပုဂ္ဂလိက လုပ်ငန်းရှင်တို့ အစုစပ် လုပ်ငန်းအဖြစ် ဖွဲ့စည်း တည်ထောင်ထားသော လုပ်ငန်းကို ဆိုသည်။

(ဖ)

ပုဂ္ဂလိကလျှပ်စစ်ဓာတ်အား ထုတ်လုပ်သူ ဆိုသည်မှာ လျှပ်စစ်ဆိုင်ရာ လုပ်ငန်း လုပ်ကိုင်ခွင့်ကို တည်ဆဲဥပဒေများနှင့်အညီ ရယူပြီး လျှပ်စစ် ဓာတ်အား ထုတ်လုပ်သူနှင့် ထုတ်လုပ် ရောင်းချသူကိုဆိုသည်။

(ဗ)

လျှပ်စစ်ဓာတ်အားသုံးစွဲသူ ဆိုသည်မှာ တည်ဆဲဥပဒေများနှင့်အညီ လျှပ်စစ် ဓာတ်အား ရယူသုံးစွဲသူကို ဆိုသည်။

(ဘ)

အသေးစားလျှပ်စစ်ဆိုင်ရာ လုပ်ငန်း ဆိုသည်မှာ ၁၀ မဂ္ဂါဝပ်အထိ ထုတ်လုပ် ပေးနိုင်သော လျှပ်စစ်ဆိုင်ရာ လုပ်ငန်းကို ဆိုသည်။

(မ)

အလတ်စား လျှပ်စစ်ဆိုင်ရာလုပ်ငန်း ဆိုသည်မှာ ၁၀ မဂ္ဂါဝပ် အထက်မှ ၃၀ မဂ္ဂါဝပ် အထိ ထုတ်လုပ်ပေးနိုင်သော လျှပ်စစ်ဆိုင်ရာ လုပ်ငန်းကို ဆိုသည်။

(ယ)

အကြီးစား လျှပ်စစ်ဆိုင်ရာ လုပ်ငန်း ဆိုသည်မှာ ၃၀ မဂ္ဂါဝပ် အထက် ထုတ်လုပ် ပေးနိုင်သော လျှပ်စစ်ဆိုင်ရာ လုပ်ငန်းကို ဆိုသည်။

(ရ)

လျှပ်စစ်အန္တရာယ် ကင်းရှင်းကြောင်းလက်မှတ် ဆိုသည်မှာ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများကို သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးပြီး စစ်ဆေးရေးမှူးချုပ် က ထုတ်ပေးသည့် လက်မှတ်ကို ဆိုသည်။

(လ)

လျှပ်စစ်ပစ္စည်း အရည်အသွေး စစ်ဆေးချက်လက်မှတ် ဆိုသည်မှာ လျှပ်စစ် ပစ္စည်းများကို သတ်မှတ်ထားသော ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စစ်ဆေး၍ သတ်မှတ် အရည်အသွေးနှင့် ကိုက်ညီ ကြောင်း တွေ့ရှိရသဖြင့် စစ်ဆေးရေးမှူးချုပ်က ထုတ်ပေးသည့် လက်မှတ် ကို ဆိုသည်။

(၀)

လျှပ်စစ်ပစ္စည်း ထုတ်လုပ်သူ ဆိုသည်မှာ လျှပ်စစ်ဓါတ်အား ထုပ်လုပ်သည့် စက်များ၊ လျှပ်စစ်ဓာတ်အား သုံးစွဲသည့် စက်ပစ္စည်းများနှင့် လုပ်ငန်းသုံး ကိရိယာများကို သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်သူ ကို ဆိုသည်။

(သ)

ကော်မရှင် ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော လျှပ်စစ်ဆိုင်ရာ လုပ်ငန်း ကြီးကြပ်မှု ကော်မရှင်ကို ဆိုသည်။

(ဟ)

စစ်ဆေးရေးမှူးချုပ် ဆိုသည်မှာ ဤဥပဒေပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံး ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဝန်ကြီးဌာနက ခန့်အပ်သော ပုဂ္ဂိုလ်ကိုဆိုသည်။

(ဠ)

လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာ လက်မှတ် ဆိုသည်မှာ သတ်မှတ်ထားသော လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်ရန် စစ်ဆေးရေးမှူးချုပ်က ထုတ်ပေး သော လျှပ်စစ်နှင့် စပ်လျဉ်း၍ ကျွမ်းကျင်ကြောင်း လက်မှတ်ကို ဆိုသည်။

အခန်း(၂)

ရည်ရွယ်ချက်များ

၃။

ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် –

(က)

နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့်အညီ လျှပ်စစ်ဆိုင်ရာ ကိစ္စရပ်များကို စနစ်တကျ စီမံခန့်ခွဲခြင်းဖြင့် လျှပ်စစ်ဓာတ်အားကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက် စေရန်၊ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်စေရန်နှင့် လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရန်၊

(ခ)

ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစားလျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရေး လုပ်ငန်းများအပြင် တိုင်းဒေသကြီးများနှင့် ပြည်နယ် များတွင် အလတ်စားနှင့် အသေးစား လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရေး လုပ်ငန်းများကို ပိုမိုအားပေးရန်၊

(ဂ)

လျှပ်စစ်ဓာတ်အားကို အန္တရာယ် ကင်းရှင်းစွာနှင့် ပိုမိုကျယ်ပြန့်စွာ အသုံးပြု နိုင်စေရန်၊

(ဃ)

လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများကို ပြဋ္ဌာန်းထားသည့် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်စေရန်၊

(င)

လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများတွင် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမို ပါဝင်လာစေရန်

(စ)

ခေတ်နှင့်လျော်ညီသော လျှပ်စစ်ဓာတ်အားခ နှုန်းထားများ သတ်မှတ် နိုင်ရေးအတွက် မျှတသော၊ ပွင့်လင်းမြင်သာသော၊ ကျိုးကြောင်း ဆီလျော် သော နည်းဥပဒေများ၊ စည်းမျဉ်းများ ရေးဆွဲပြဋ္ဌာန်းပေးနိုင်ရန်၊

(ဆ)

လျှပ်စစ်ဓာတ်အား သုံးစွဲသူများသည် စံချိန်စံညွှန်းနှင့် ကိုက်ညီသော ဗို့အား နှင့် ကြိမ်နှုန်းရှိသည့် လျှပ်စစ်ဓာတ်အားကို အသုံးပြုခွင့် ရရှိစေရန်နှင့် စံချိန် စံညွှန်း မကိုက်ညီသော လျှပ်စစ်ဓာတ်အားကြောင့် သုံးစွဲသူများ၏ လျှပ်စစ် ပစ္စည်းများ ပျက်စီးဆုံးရှုံးရခြင်းမှ အကာအကွယ်ပေးနိုင်ရန်၊

(ဇ)

မြန်မာနိုင်ငံက အတည်ပြု လက်မှတ်ရေးထိုးထားသော ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာ စာချုပ်များနှင့်အညီ လေးစားလိုက်နာ ဆောင်ရွက်မှု ရှိစေရန်။

အခန်း(၃)

ကော်မရှင်ဖွဲ့စည်းခြင်းနှင့် ကော်မရှင်၏ လုပ်ငန်းတာဝန်များ

၄။

ပြည်ထောင်စုအစိုးရအဖွဲ့သည် –

(က)

လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတက တာဝန်ပေးအပ်သည့် သင့်လျော်သော ပုဂ္ဂိုလ်တစ်ဦးအား ဥက္ကဋ္ဌအဖြစ် ဦးဆောင်စေလျက် သက်ဆိုင်ရာ ပညာရှင်များ ပါဝင်သော ကော်မရှင်ကို ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက် ရယူ၍ ဖွဲ့စည်းရမည်။

(ခ)

ကော်မရှင်ဥက္ကဋ္ဌကို ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ပေးရမည်။

(ဂ)

ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသော ကော်မရှင်တွင် ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ငါးဦး သို့မဟုတ် ခုနစ်ဦးဖြင့် ဖွဲ့စည်းရမည်။

(ဃ)

ကော်မရှင်၏ သက်တမ်းနှင့်လုပ်ထုံးလုပ်နည်းများကို သတ်မှတ်ပေးရမည်။
၅။

ကော်မရှင်၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)

လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရန် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများအား လိုအပ်သော အကြံဉာဏ်ပေးခြင်း၊

(ခ)

အမျိုးသား လျှပ်စစ်စွမ်းအား မူဝါဒပြုစုရေးဆွဲရာတွင် လိုအပ်သော အကြံဉာဏ်ပေးခြင်း၊

(ဂ)

ခေတ်နှင့်လျော်ညီသော လျှပ်စစ်ဓာတ်အားခ နှုန်းထားများ သတ်မှတ်နိုင်ရန် အတွက် လိုအပ်သော အကြံဉာဏ်ပေးခြင်း၊

(ဃ)

တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အသီးသီးတွင် လိုအပ်ပါက လျှပ်စစ်ဆိုင်ရာ လုပ်ငန်း ကြီးကြပ်မှု ကော်မရှင်ခွဲများ ဖွဲ့စည်းပေးခြင်းနှင့် ယင်းကော်မရှင်ခွဲများ၏ လုပ်ငန်း တာဝန်များကို သတ်မှတ်ပေးခြင်း၊
(င)

လျှပ်စစ်ကဏ္ဍ တစ်ခုလုံး၏ အခြေအနေများကို နိုင်ငံတကာ လျှပ်စစ် စံချိန် စံညွှန်းများနှင့် နှိုင်းယှဉ်လေ့လာပြီး စောင့်ကြည့် စစ်ဆေးခြင်း၊ အကဲ ဖြတ်ခြင်း၊ ပြန်လည် ဆန်းစစ်ခြင်းနှင့် တွေ့ရှိချက်များအရ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ရင်းနှီး မြှုပ်နှံသူများအား လိုအပ်သလို ဆောင်ရွက်နိုင်ရန် အကြံဉာဏ်ပေးခြင်း၊

(စ)

ပုဂ္ဂလိက ကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံရန် သင့်လျော်သော အခြေအနေ များ ဖန်တီးပေးရန်နှင့် လျှပ်စစ်ဓာတ်အားကဏ္ဍ၏ နည်းဥပဒေများကို လိုက်နာစေရန် ဆောင်ရွက်ခြင်း၊

(ဆ)

နိုင်ငံပိုင်အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ လုပ်ငန်းအဖွဲ့များ၊ အခြား ဆက်စပ် ဝန်ကြီးဌာန များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

(ဇ)

လျှပ်စစ်ဓာတ်အားကဏ္ဍ တိုးတက်စေရန် လိုအပ်သော နည်းပညာများနှင့် အတတ်ပညာများ ရရှိစေရေးအတွက် ပြည်တွင်းပြည်ပမှ ကျွမ်းကျင်သူများ၊ အဖွဲ့အစည်း များနှင့် ညှိနှိုင်းရယူခြင်း၊

(ဈ)

လျှပ်စစ်ဓာတ်အားစနစ်၏ နည်းပညာဆိုင်ရာ စည်းမျဉ်းများနှင့် စံချိန်စံညွှန်း များ ပြုစု ရေးဆွဲရာတွင် ကြပ်မတ်ဆောင်ရွက်ခြင်း၊
(ည)

လျှပ်စစ်ဓာတ်အားစနစ်နှင့် သင့်လျော်သော လျှပ်စစ်ဓာတ်အား ကွန်ရက် ဆိုင်ရာ လုပ်ထုံးလုပ်နည်း (Grid Code)အားပြင်ဆင်ရေးဆွဲနိုင်ရေး အတွက် ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများ၊ လုပ်ငန်းအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊
(ဋ)

လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းများ ဆောင်ရွက်နေသော ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများက ၎င်းတို့၏ လုပ်ငန်းများတွင် အသုံးပြုနိုင်သည့် ဝန်ဆောင်မှု စံချိန်စံညွှန်းများကို လိုက်နာစေရန် ကြပ်မတ် ဆောင်ရွက်ခြင်း၊

(ဌ)

လျှပ်စစ်ဓာတ်အားကဏ္ဍအပေါ် စောင့်ကြည့်စစ်ဆေးခြင်း၊ အကဲဖြတ်ခြင်းနှင့် ပြန်လည် ဆန်းစစ်ခြင်းတို့ကို ရည်ရွယ်၍ နိုင်ငံတကာ လျှပ်စစ်လုပ်ငန်း စံချိန် စံညွှန်းများ၊ ဝန်ဆောင်မှုများ၊ ဆောင်ရွက်မှု မှတ်တမ်းများနှင့် နှိုင်းယှဉ်ပြီး လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေသော အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံ သူများ၏ ဆောင်ရွက်ချက်များ၊ လျှပ်စစ်ဓာတ်အား စနစ်နှင့် လျှပ်စစ် ဓာတ်အားကဏ္ဍ တစ်ခုလုံး၏ ဆောင်ရွက်ချက်များကို ခွဲခြမ်း စိတ်ဖြာ၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ အစီရင်ခံတင်ပြခြင်း၊

(ဍ)

အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများ၏ ဆောင်ရွက်ချက်များမှ ရရှိလာသည့် သတင်းအချက် အလက်များ အနက်မှ ပြည်သူလူထု သိသင့်သိထိုက်သည့် သတင်းအချက် အလက်များကို ပွင့်လင်း မြင်သာမှု ရှိစေရေးအတွက် ပြည်သူလူထုသို့ အသိပေးခြင်းနှင့် ပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(ဎ)

လျှပ်စစ်ဆိုင်ရာ ပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်း၊ အသုံးပြုခြင်းတို့တွင် သတ်မှတ် စံချိန် စံညွှန်းနှင့် ကိုက်ညီခြင်း ရှိ မရှိ စစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ အကြံပြု တင်ပြခြင်း၊

(ဏ)

ကော်မရှင်၏ လုပ်ငန်း အစီရင်ခံစာကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ အနည်းဆုံး ခြောက်လ တစ်ကြိမ် တင်ပြခြင်း၊
(တ)

ပြည်ထောင်စုအစိုးရအဖွဲ့က ပေးအပ်သော လျှပ်စစ်ဆိုင်ရာအခြား လုပ်ငန်း တာဝန်များကို ဆောင်ရွက်ခြင်း၊

(ထ)

ကော်မရှင်သည် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘက်လိုက်မှု မရှိဘဲ ပွင့်လင်း မြင်သာစွာ ဆောင်ရွက်ခြင်း။

၆။

နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပြည်ထောင်စု အစိုးရအဖွဲ့က သတ်မှတ်ပေးသည့် ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များကို ခံစားခွင့် ရှိသည်။

အခန်း(၄)

ခွင့်ပြုမိန့်ထုတ်ပေးနိုင်သူများနှင့်ယင်းတို့၏တာဝန်များ

၇။

အောက်ဖော်ပြပါ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများအား ခွင့်ပြုမိန့် ထုတ်ပေး နိုင်သူများ အဖြစ်သတ်မှတ်သည် –
(က)

ဝန်ကြီးဌာနနှင့် အခြားသက်ဆိုင်ရာဝန်ကြီးဌာန၊

(ခ)

သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊

(ဂ)
သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့များ။

၈။

ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့်-

(က)

ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစား လျှပ်စစ်ဓာတ်အား စူးစမ်း ရှာဖွေခြင်း၊ တည်ဆောက်ခြင်း၊ ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ်ခြင်းနှင့် ဖလှယ်ခြင်း လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်ခွင့် ရှိသည်။
(ခ)

ပုဒ်မခွဲ (က) ပါ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်တွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဆောင်ရွက်လိုသူများအား ခွင့်ပြုမိန့် ထုတ်ပေးခြင်း၊ ကြီးကြပ် စစ်ဆေးခြင်းနှင့် ခွင့်ပြုမိန့် ရုပ်သိမ်းခြင်းတို့ကို တည်ဆဲ ဥပဒေများနှင့်အညီ ပွင့်လင်း မြင်သာစွာ ဆောင်ရွက်နိုင်သည်။

(ဂ)

ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစား လျှပ်စစ်ဓာတ်အားနှင့် စပ်လျဉ်း၍ စူးစမ်းရှာဖွေခြင်း၊ တည်ဆောက်ခြင်း၊ ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ်ခြင်း လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်နိုင်ရန် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ သို့မဟုတ် လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကို ဖွဲ့စည်းနိုင်သည်။

(ဃ)

ပုဒ်မခွဲ (ဂ) အရ လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကို ဖွဲ့စည်း ရာတွင်-
(၁)

သက်ဆိုင်ရာ လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့၏ နိုင်ငံတော်က မတည် ထုတ်ပေးထားသော ရင်းနှီးငွေများကို လည်းကောင်း၊ ဌာနက ပိုင်ဆိုင်သော ငွေကြေးနှင့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကိုလည်းကောင်း၊ ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်များကိုလည်းကောင်း လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ဆက်ခံစေရမည်။

(၂)

ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို ယင်းလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက သီးခြား လွတ်လပ်စွာ စီမံခွင့်ရှိစေရန် ဆောင်ရွက် ပေးရမည်။
(င)

ပုဒ်မခွဲ (ဂ) အရ ဖွဲ့စည်းသော လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ သို့မဟုတ် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကို စီးပွားရေးဆန်ဆန် ဆောင်ရွက်နိုင်ရန် အများနှင့် သက်ဆိုင်သော ကော်ပိုရေးရှင်းအဖြစ် သင့်လျော်သည့် အချိန်တွင် တည်ထောင် ဆောင်ရွက်ခွင့် ပြုနိုင်သည်။

၉။

(က)
သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် မိမိ ဒေသအတွင်း ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစား လျှပ်စစ် ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရေးမှအပ မဟာဓာတ်အားလိုင်းနှင့် ဆက်သွယ်ခြင်း မရှိသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံ ခန့်ခွဲခွင့်ရှိသည့် အလတ်စားနှင့် အသေးစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်း လုပ်ငန်းတို့ကို ခွင့်ပြုမိန့် ထုတ်ပေးခြင်း၊ ကြီးကြပ်စစ်ဆေးခြင်းနှင့် ခွင့်ပြုမိန့် ရုပ်သိမ်းခြင်းတို့ကို တည်ဆဲဥပဒေ များနှင့်အညီ ဆောင်ရွက်ရမည်။
(ခ)

သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့သည် မိမိဒေသအတွင်းရှိ မြို့နှင့်ကျေးရွာများ အတွက် လျှပ်စစ်ဆိုင်ရာ လုပ်ငန်း လုပ်ပိုင်ခွင့် ခွင့်ပြုမိန့် ထုတ်ပေးခြင်း၊ ကြီးကြပ် စစ်ဆေးခြင်းနှင့် ခွင့်ပြုမိန့်ရုပ်သိမ်းခြင်းကို တည်ဆဲ ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။
(ဂ)

သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့သည် ပုဒ်မခွဲ (က) သို့မဟုတ် (ခ) တို့အရ ဆောင်ရွက်ရာတွင် ပြည်ထောင်စုလျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရေး ဆိုင်ရာ လုပ်ငန်းများနှင့် ဆက်စပ်ပါက ဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက် ရမည်။
၁၀။
ဝန်ကြီးဌာန၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့များသည် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်ရာတွင်-

(က)

အသုံးပြုရန် လိုအပ်သော မြေပမာဏကို တည်ဆဲဥပဒေများနှင့်အညီ ရယူ အသုံးပြုခွင့် ရှိသည်။
(ခ)

ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေနှင့်အညီ ပတ်ဝန်းကျင်နှင့် လူမှုစီးပွား ဝန်းကျင် သက်ရောက်မှု တို့ကို ဆန်းစစ်ခြင်း၊ ထိခိုက်မှု အနည်းဆုံး နည်းလမ်းဖြင့် ဆောင်ရွက်ခြင်း၊ ထိခိုက်မှုများအတွက် ပြန်လည် ပေးလျော်ခြင်းနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရန်ပုံငွေ ထည့်ဝင်ခြင်းတို့ကို ဆောင်ရွက်ရမည်။ ယင်းအချက်များကို ပုဂ္ဂလိက လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိသူများလည်း လိုက်နာစေရန် ဆောင်ရွက်ရမည်။

(ဂ)

လျှပ်စစ်ဓာတ်အားစနစ်အတွင်း တည်ဆောက် အသုံးပြုနေသော လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးနှင့် ပို့လွှတ်ရေး လိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ဓာတ်အားပေးစက်ရုံများနှင့် ဆက်စပ် အဆောက်အအုံများကို တည်ဆဲ ဥပဒေများနှင့်အညီ တိုးချဲ့ခြင်း၊ ပြုပြင်ခြင်းနှင့် ပြောင်းရွှေ့တည်ဆောက်ခြင်း တို့ ဆောင်ရွက်ခွင့်ရှိသည်။

အခန်း(၅)

လျှပ်စစ်ဆိုင်ရာလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခွင့်

၁၁။

လျှပ်စစ်ဆိုင်ရာလုပ်ငန်းတစ်ခုခုကို ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံ လုပ်ကိုင် ဆောင်ရွက်လိုသူသည် ခွင့်ပြုမိန့်ရရှိရန် ခွင့်ပြုမိန့် ထုတ်ပေးနိုင်သူထံ သတ်မှတ်ချက် များနှင့်အညီ လျှောက်ထားရမည်။

၁၂။

ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစား လျှပ်စစ်ဆိုင်ရာလုပ်ငန်းများဖြစ်ပါက ခွင့်ပြုမိန့် ထုတ်ပေးနိုင်သူ ဝန်ကြီးဌာနသည် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံ လုပ်ကိုင် ဆောင်ရွက်လိုသည့် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြုမိန့် ထုတ်ပေးနိုင်သည်။

၁၃။

ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိသည့် အကြီးစား လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးရေးမှအပ မဟာဓာတ်အားလိုင်းနှင့် ဆက်သွယ်ခြင်းမရှိသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိသည့် အလတ်စားနှင့် အသေးစား လျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်း လုပ်ငန်းဖြစ်ပါက ခွင့်ပြုမိန့်ထုတ်ပေးနိုင်သူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံ လုပ်ကိုင် ဆောင်ရွက်လိုသည့် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို တည်ဆဲဥပဒေများနှင့်အညီ ခွင့်ပြုမိန့် ထုတ်ပေးနိုင်သည်။

၁၄။

ခွင့်ပြုမိန့်ရရှိသူသည် မဟာဓာတ်အားလိုင်း စနစ်သို့ လျှပ်စစ်ဓာတ်အား ရောင်းချ လိုပါက ဝန်ကြီးဌာနသို့ လျှောက်ထားရမည်။ ဝန်ကြီးဌာနသည် ယင်းလျှောက်ထား ချက်ကို စိစစ်ပြီး ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

၁၅။

သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့သည် မိမိဒေသအတွင်းရှိ မြို့နှင့် ကျေးရွာများအတွက် လျှပ်စစ်ဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့် စပ်လျဉ်း၍ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံ လုပ်ကိုင် ဆောင်ရွက် လိုသည့် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီးတည်ဆဲ ဥပဒေများနှင့်အညီ ခွင့်ပြုမိန့်ထုတ်ပေးနိုင်သည်။

၁၆။

ခွင့်ပြုမိန့် ထုတ်ပေးနိုင်သူသည် –

(က)

ပုဒ်မ ၁၁ အရ လျှောက်ထားချက်များကို လက်ခံရရှိသည့်အခါ သတ်မှတ် ချက်များနှင့်အညီ စိစစ်ပြီး ခွင့်ပြုမိန့်ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

(ခ)

ခွင့်ပြုမိန့်ထုတ်ပေးရန် စိစစ်ရာတွင် ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး လျှပ်စစ်ဆိုင်ရာ လုပ်ငန်း၏ ယှဉ်ပြိုင်နိုင်စွမ်းရှိမှုနှင့် ရေရှည် တည်တံ့စွာ ဆောင်ရွက်နိုင်မှု တို့ကို အခြေခံစိစစ်ရမည်။ လုပ်ငန်း ဆောင်ရွက်ရန် ငြင်းပယ်ပါက ငြင်းပယ်ကြောင်း လျှောက်ထားသူအား ပြန်ကြားရမည်။

၁၇။

ခွင့်ပြုမိန့်ထုတ်ပေးနိုင်သူက ခွင့်ပြုမိန့်ထုတ်ပေးရာတွင် လုပ်ကိုင်ခွင့် သက်တမ်း သတ်မှတ်ခြင်းနှင့် သက်တမ်း တိုးမြှင့်ခြင်းတို့ကို တည်ဆဲဥပဒေများနှင့်အညီ သတ်မှတ်ရမည်။

၁၈။

ခွင့်ပြုမိန့်ရရှိသူသည် စစ်ဆေးရေးမှူးချုပ်ထံမှ လျှပ်စစ်အန္တရာယ် ကင်းရှင်းကြောင်း လက်မှတ် ရရှိမှသာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်ခွင့် ရှိသည်။

၁၉။

(က)

ခွင့်ပြုမိန့်ရရှိသူသည် ခွင့်ပြုမိန့်ပါလုပ်ငန်းကို အခြား အဖွဲ့အစည်းများနှင့် ပူးတွဲ ဆောင်ရွက်ခြင်း၊ အခြားအဖွဲ့အစည်းများသို့ လုပ်ငန်း လွှဲပြောင်းခြင်း၊ ခွင့်ပြုမိန့်ပါ လုပ်ငန်း တစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ် တစ်ဒေသကို ဖြစ်စေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ အငှား ချထားခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်း တို့ကို ပြုလုပ်လိုပါက ခွင့်ပြုမိန့် ထုတ်ပေးနိုင်သူထံ သတ်မှတ်ချက် များနှင့်အညီ လျှောက်ထားရမည်။

(ခ)

ပုဒ်မခွဲ (က) အရလျှောက်ထားချက် ရရှိသည့်အခါ ခွင့်ပြုမိန့် ထုတ်ပေးနိုင်သူ သည် စိစစ်ပြီး ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

၂၀။

ခွင့်ပြုမိန့် ရရှိသူသည် ခွင့်ပြုမိန့်ပါ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းကို လုပ်ကိုင် ဆောင်ရွက် ရာတွင် ဝန်ကြီးဌာနက ထုတ်ပြန်သော နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာ ရမည်။

၂၁။

(က)

ခွင့်ပြုမိန့်ရရှိသူသည် ဤဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်း၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက် ရန် ပျက်ကွက်ခြင်းကြောင့် သော်လည်းကောင်း၊ သတ်မှတ်ထားသည့် အရည်အသွေးနှင့် စံချိန်စံညွှန်းဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့်သော် လည်းကောင်း လူပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် လုပ်ငန်းအဖွဲ့အစည်း တစ်ခုခုကို ထိခိုက်နစ်နာ ဆုံးရှုံးမှု ဖြစ်ပွားစေပါက ဥပဒေအရ တာဝန်ရှိစေရမည်။

(ခ)

သက်ဆိုင်ရာဝန်ကြီးဌာနသည် ပုဒ်မခွဲ (က) ပါ ကိစ္စရပ်များအတွက် အရေး ယူရန် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို တိကျစွာ သတ်မှတ် ပြဋ္ဌာန်းရမည်။

၂၂။

(က)

ခွင့်ပြုမိန့်ရရှိသူသည် မိမိ၏ပေါ့ဆစွာ ဆောင်ရွက်မှုကြောင့် လူပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် လုပ်ငန်းအဖွဲ့အစည်းတစ်ခုခုကို ထိခိုက်နစ်နာဆုံးရှုံးမှု ဖြစ်ပွားစေပါက ဥပဒေ အရ တာဝန်ရှိစေရမည်။

(ခ)

သက်ဆိုင်ရာဝန်ကြီးဌာနသည် ပုဒ်မခွဲ (က) ပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများတွင် တိကျစွာ ဖော်ပြသတ်မှတ် ရမည်။

၂၃။

(က)

ခွင့်ပြုမိန့်ရရှိသူများ ဆောင်ရွက်နေသော လျှပ်စစ်ဆိုင်ရာ လုပ်ငန်း တစ်ရပ်ရပ်တွင် သဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ အပါအဝင် မလွန်ဆန်နိုင်သော ဖြစ်ရပ် တစ်ခုခုကြောင့် လူပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် လုပ်ငန်းအဖွဲ့အစည်း တစ်ခုခုကို ထိခိုက်နစ်နာ ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပွားစေပါက ဥပဒေအရ တာဝန် မရှိစေရ။

(ခ)

သက်ဆိုင်ရာ ဝန်ကြီးဌာနသည် လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများနှင့် သက်ဆိုင် သည့် မလွန်ဆန်နိုင်သော ဖြစ်ရပ်များကို နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်း များတွင် တိကျစွာ ဖော်ပြသတ်မှတ်ရမည်။

၂၄။

လျှပ်စစ်ဓာတ်အား သုံးစွဲသူ တစ်ဦးဦး၏ ပေါ့ဆမှုကြောင့် အခြားသော လျှပ်စစ် ဓာတ်အား သုံးစွဲသူကိုဖြစ်စေ၊ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းတစ်ရပ်ရပ်ကို ဖြစ်စေ နစ်နာ ပျက်စီး ဆုံးရှုံးစေပါက ထိခိုက်ဆုံးရှုံးသည့် တန်ဖိုးအတွက် ဝန်ကြီးဌာနက သတ်မှတ် သည့် နည်းလမ်းအတိုင်း တွက်ချက်ထားသည့် နစ်နာကြေးကို ပေးလျော်ရမည်။

၂၅။

ခွင့်ပြုမိန့်ရရှိသူသည် လုပ်ကိုင်ခွင့်ကာလ ကုန်ဆုံးချိန်တွင် ပြန်လည် လွှဲပြောင်း ပေးရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ မူလအခြေအနေအတိုင်းသော် လည်းကောင်း၊ ခွင့်ပြုမိန့် ရရှိစဉ်က စည်းကမ်းချက်များအရ သော်လည်းကောင်း သဘောတူညီထားသည့် အတိုင်း သက်ဆိုင်ရာသို့ လွှဲပြောင်းပေးရမည်။

၂၆။

ခွင့်ပြုမိန့်ရရှိသူသည် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရမည် –

(က)

လျှပ်စစ်ဓာတ်အား စူးစမ်းရှာဖွေခြင်းကို ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။

(ခ)

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းများတွင်-

(၁)

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၌ လျှပ်စစ်ဆိုင်ရာ လုပ်ကိုင်ခွင့် အမိန့်အရ သတ်မှတ်ထားသည့် လျှပ်စစ်စွမ်းအားကိုသာ ထုတ်လုပ် ရမည်၊
(၂)

လျှပ်စစ်ဓာတ်အား တိုင်းတာရေးပစ္စည်း ကိရိယာများ၊ အကာ အကွယ်ပြု ပစ္စည်းကိရိယာများကို သတ်မှတ်ချက်များနှင့် အညီ စနစ်တကျ တပ်ဆင်ထိန်းသိမ်း အသုံးပြု ရမည်။

၂၇။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ လျှပ်စစ်အန္တရာယ် မတော်တဆဖြစ်ပေါ်ခဲ့လျှင် ခွင့်ပြုမိန့် ရရှိသူနှင့် လျှပ်စစ်ဆိုင်ရာ လုပ်ပိုင်ခွင့်ရရှိသူတို့သည် စစ်ဆေးရေးမှူးချုပ်နှင့် သက်ဆိုင်ရာဌာန တာဝန်ခံထံ အမြန်ဆုံးအကြောင်းကြားရမည်။

အခန်း(၆)

အရည်အသွေးနှင့်စံချိန်စံညွှန်းဆိုင်ရာသတ်မှတ်ချက်များ

၂၈။

လျှပ်စစ်ဆိုင်ရာပစ္စည်းကိရိယာများ တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ခွင့်ပြုမိန့်ရရှိသူများသည် ဤဥပဒေအရ ထုတ်ပြန် ထားသော နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများတွင် ပါရှိသည့် လျှပ်စစ်ဆိုင်ရာ ပစ္စည်းကိရိယာများ၏ အရည်အသွေးနှင့် စံချိန်စံညွှန်း ဆိုင်ရာ သတ်မှတ်ချက် တို့ကို လိုက်နာရမည်။

၂၉။

ဝန်ကြီးဌာနသည် စက်ရုံအလုပ်ရုံများ၊ ယင်းတို့တွင် တပ်ဆင်ထားသော စက်ပစ္စည်း ကိရိယာများ၊ စီးပွားရေးဆိုင်ရာ အဆောက်အအုံများ၊ ပြည်တွင်း ပြည်ပမှ ထုတ်လုပ် တင်သွင်းရောင်းချသော လျှပ်စစ်ဆိုင်ရာ ပစ္စည်းကိရိယာများနှင့် စပ်လျဉ်းသည့် အရည်အသွေး နှင့် စံချိန်စံညွှန်းဆိုင်ရာ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ရမည်။

အခန်း(၇)

လျှပ်စစ်ဆိုင်ရာလုပ်ငန်းနှင့် လျှပ်စစ်ဆိုင်ရာ ပစ္စည်းကိရိယာများစစ်ဆေးခြင်း

၃၀။

လျှပ်စစ်ဆိုင်ရာ လုပ်ငန်းစစ်ဆေးခြင်းနှင့် လျှပ်စစ်ဆိုင်ရာ ပစ္စည်းကိရိယာ စစ်ဆေးခြင်း လုပ်ငန်းများကို ဝန်ကြီးဌာနက ဆောင်ရွက်ရမည်။

၃၁။

ဝန်ကြီးဌာနသည် လျှပ်စစ်ဆိုင်ရာ လုပ်ငန်းစစ်ဆေးခြင်းနှင့် လျှပ်စစ်ဆိုင်ရာ ပစ္စည်း ကိရိယာ စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အလို့ငှာ စစ်ဆေးရေး မှူးချုပ် တစ်ဦးကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခန့်အပ် တာဝန်ပေးရမည်။ စစ်ဆေးရေးမှူးချုပ်သည် လျှပ်စစ်ဆိုင်ရာလုပ်ငန်း တစ်ခုခုကို စီးပွားရေးအလို့ငှာ တစ်နည်းနည်းဖြင့် လုပ်ကိုင်ဆောင်ရွက်နေသူ မဖြစ်စေရ။

၃၂။

စစ်ဆေးရေးမှူးချုပ်၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)

လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး ဆောင်ရွက်ခြင်းနှင့် လျှပ်စစ်ဆိုင်ရာ ပစ္စည်းကိရိယာများ၏ အရည်အသွေး စစ်ဆေးခြင်း၊

(ခ)

ပြည်ထောင်စုအစိုးရအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသတွင်းဆိုင်ရာ အဖွဲ့အစည်းများနှင့် ချုပ်ဆိုထားသော စာချုပ်များတွင် ပါရှိသည့် စည်းကမ်းများကို ခွင့်ပြုမိန့်ရရှိသူအား အသိပညာပေးခြင်းနှင့် လိုက်နာစေရန် ဆောင်ရွက်ခြင်း၊

(ဂ)

မည်သည့်ဒေသတွင်မဆို လျှပ်စစ်ဆိုင်ရာ လုပ်ငန်းစစ်ဆေးခြင်းနှင့် လျှပ်စစ် ဆိုင်ရာ ပစ္စည်းကိရိယာ စစ်ဆေးခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်ရန် လျှပ်စစ်ဆိုင်ရာ လုပ်ငန်းတစ်ခုခုကို စီးပွားရေးအလို့ငှာ တစ်နည်းနည်းဖြင့် လုပ်ကိုင် ဆောင်ရွက်နေသူ မဟုတ်သည့် စစ်ဆေးရေးမှူးများအား တာဝန်ပေးအပ်ခြင်း၊

(ဃ)

လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာ လက်မှတ်၊ လျှပ်စစ်ပစ္စည်း အရည်အသွေး စစ်ဆေးချက် လက်မှတ်၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းကြောင်း လက်မှတ် များကို သတ်မှတ်ချက်များနှင့်အညီ စစ်ဆေး၍ထုတ်ပေးခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း၊

(င)

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်း လုပ်ငန်းမှတ်ပုံတင် လက်မှတ်များကို သတ်မှတ်ချက်များနှင့်အညီ ထုတ်ပေးခြင်း၊

(စ)

လျှပ်စစ်အန္တရာယ် ဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် လိုအပ်သော သက်သေများကို စစ်ဆေးခြင်း၊
(ဆ)

ဝန်ကြီးဌာနနှင့် ကော်မရှင်တို့က ပေးအပ်သော စစ်ဆေးခြင်းဆိုင်ရာ အခြား တာဝန်များ ဆောင်ရွက်ခြင်း။

၃၃။

စစ်ဆေးရေးမှူးချုပ်၊ စစ်ဆေးရေးမှူးများနှင့် ယင်းတို့က တာဝန်ပေးအပ်သူများသည် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် မည်သည့်နေရာ၊ မည်သည့် အဆောက် အအုံ အတွင်းသို့မဆို သတ်မှတ်ချက်များနှင့်အညီ ဝင်ရောက် စစ်ဆေးခွင့် ရှိသည်။

၃၄။

ဝန်ကြီးဌာနသည် လျှပ်စစ်ဆိုင်ရာလုပ်ငန်းနှင့် လျှပ်စစ်ဆိုင်ရာပစ္စည်း ကိရိယာ စစ်ဆေးခြင်း လုပ်ငန်းတို့နှင့် စပ်လျဉ်း၍ အရည်အသွေး အတည်ပြုနိုင်ရန် လိုအပ် သော နိုင်ငံတကာ အဆင့်မီ ဓာတ်ခွဲခန်းများကို တည်ထောင် ဖွင့်လှစ်ထားရှိရမည်။

အခန်း (၈)

လျှပ်စစ်ဓာတ်အားစနစ်ဖွံ့ဖြိုးမှုစီမံရေးနှင့် ထိန်းညှိကွပ်ကဲရေး

၃၅။
ဝန်ကြီးဌာနသည် –

(က)

နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို စီမံခြင်းနှင့် ဓာတ်အားစနစ် ကွပ်ကဲခြင်းလုပ်ငန်းကို လျှပ်စစ်ဓာတ်အား ကွန်ရက်ဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ စီမံ ဆောင်ရွက်နိုင်ရန် သင့်လျော်သည့် နေရာများတွင် လျှပ်စစ် ဓာတ်အားကွပ်ကဲရေးဌာနများကို လိုအပ်သလို ဖွဲ့စည်းရမည်။

(ခ)

ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသော လျှပ်စစ်ဓာတ်အား ကွပ်ကဲရေးဌာန၏ လုပ်ငန်း တာဝန်များကို သတ်မှတ်ပေးရမည်။

၃၆။

ဝန်ကြီးဌာနသည်-
(က)

လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများ ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ခေတ်မီ နည်းစနစ်များ၊ ပညာရှင်များ၊ ကျွမ်းကျင်သူများ ပေါ်ထွက်လာစေရန် လိုအပ်သော သင်တန်းကျောင်းများ ဖွင့်လှစ်ခြင်းနှင့် လေ့ကျင့်ပညာပေးခြင်း တို့ကို ဆောင်ရွက်နိုင်သည်။
(ခ)

ပုဒ်မခွဲ (က) ပါ လုပ်ငန်းများကို အခြားမည်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း ကိုမဆို ဆောင်ရွက်ရန် ခွင့်ပြုနိုင်သည်။

(ဂ)

လျှပ်စစ်ဓာတ်အားစနစ် ဖွံ့ဖြိုးမှုစီမံရေး ဆောင်ရွက်ရာတွင် ကျေးလက်ဒေသ မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်သည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်း များနှင့် ပေါင်းစပ်ညှိနှိုင်းရမည်။

အခန်း (၉)

လျှပ်စစ်ဆိုင်ရာစံချိန်စံညွှန်းများနှင့် စစ်ဆေးမှုနည်းစနစ်များ

၃၇။

ဝန်ကြီးဌာနသည် လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်သော စံချိန် စံညွှန်းများ၊ စစ်ဆေးမှု နည်းစနစ်များကို ထုတ်ပြန်ရမည်။
၃၈။

လျှပ်စစ်ဆိုင်ရာ စံချိန်စံညွှန်းများ စစ်ဆေးချက်ရလဒ်များနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာန ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်စေရမည်။
၃၉။

လျှပ်စစ်ဓာတ်အားစနစ် အတွင်းသို့ ဆက်သွယ်မည့် အခြားဌာန၊ အဖွဲ့အစည်းများ၏ ဓာတ်အားပေး စက်ရုံ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများသည် ဝန်ကြီးဌာန၏ သတ်မှတ် စံချိန်စံညွှန်းများနှင့် ကိုက်ညီရမည်။

၄၀။

ခွင့်ပြုမိန့်ရရှိသူများသည် ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် နည်းဥပဒေများ၊ စံချိန် စံညွှန်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရမည့် အပြင် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၏ လိုအပ်သော စစ်ဆေးမှုကို ခံယူရမည်။

အခန်း(၁၀)

လျှပ်စစ်ဓာတ်အားခနှုန်းထားနှင့် ဝန်ဆောင်မှုစရိတ်များ

၄၁။

ဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အား သုံးစွဲသူများထံမှ လျှပ်စစ်ဓာတ်အားခ နှုန်းထားနှင့် ဝန်ဆောင်မှုစရိတ်များ သတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ ဒေသအလိုက် သင့်လျော်သော နှုန်းထားကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ခွင့်ရှိသည်။ ယင်းလျှပ်စစ်ဓာတ်အားခ နှုန်းထားများကို အခါအားလျော်စွာ ပြောင်းလဲ သတ်မှတ်နိုင်သည်။

၄၂။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များသည် မိမိဒေသအတွင်း မိမိ အစီအစဉ်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးသော ဒေသဆိုင်ရာ လျှပ်စစ်ဓာတ်အားစနစ်တွင် လျှပ်စစ် ဓာတ်အားခ နှုန်းထားနှင့် ဝန်ဆောင်မှုစရိတ်များနှင့်စပ်လျဉ်း၍ ဒေသ အလိုက် သင့်လျော်သော နှုန်းထားကို ဝန်ကြီးဌာနနှင့် ညှိနှိုင်း သတ်မှတ်ခွင့်ရှိသည်။ ယင်းလျှပ်စစ်ဓာတ်အားခ နှုန်းထားများကို အခါအားလျော်စွာ ပြောင်းလဲ သတ်မှတ် နိုင်သည်။

အခန်း (၁၁)

ခွင့်ပြုမိန့် ထုတ်ပေးနိုင်သူ၏ အရေးယူပိုင်ခွင့်
၄၃။

ခွင့်ပြုမိန့်ထုတ်ပေးနိုင်သူသည် ခွင့်ပြုမိန့်ရရှိသူက ခွင့်ပြုမိန့်ပါ စည်းကမ်းချက် သို့မဟုတ် သက်ဆိုင်ရာက ထုတ်ပြန်သောအမိန့် သို့မဟုတ် ညွှန်ကြားချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင်ဖြစ်စေ၊ ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်ဖြစ်စေ ထိုသူကို အောက်ပါ အရေးယူမှု တစ်ရပ်ရပ်ကို ချမှတ်နိုင်သည် –

(က)

ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊

(ခ)

ခွင့်ပြုမိန့်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း။

အခန်း (၁၂)

တားမြစ်ချက်များ

၄၄။

မည်သူမျှ ခွင့်ပြုမိန့်မရှိဘဲ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်ခြင်း မပြုရ။
၄၅။

ခွင့်ပြုမိန့် ရရှိသူ မည်သူမျှ ခွင့်ပြုမိန့်ပါ လုပ်ငန်းမှအပ အခြားမည်သည့် လျှပ်စစ် ဆိုင်ရာ လုပ်ငန်းကိုမျှ လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရ။

၄၆။
မည်သူမျှ လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာ လက်မှတ်မရရှိဘဲ လျှပ်စစ် တပ်ဆင်ခြင်းနှင့် ပြင်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခြင်း မပြုရ။
၄၇။

မည်သူမျှ လျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်မရရှိဘဲ လျှပ်စစ်ဓာတ်အား ကို ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဆက်သွယ်အသုံးပြုခြင်း မပြုရ။

၄၈။

မည်သူမျှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိသော လျှပ်စစ်ဆိုင်ရာ ပစ္စည်းကိရိယာများကို ပြည်ပမှတင်သွင်းခြင်း၊ ပြည်တွင်း၌ ထုတ်လုပ်ခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းမပြုရ။

၄၉။

ခွင့်ပြုမိန့်ရရှိသူမည်သူမျှ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ ခွင့်ပြုချက် မရရှိဘဲ အခြား မည်သည့် အဖွဲ့အစည်းနှင့်မဆို လျှပ်စစ်ဆိုင်ရာလုပ်ငန်းများကို ပူးတွဲ ဆောင်ရွက်ခြင်း မပြုရ။

၅၀။

ခွင့်ပြုမိန့် ရရှိသူမည်သူမျှ ခွင့်ပြုမိန့်ကိုဖြစ်စေ၊ ခွင့်ပြုမိန့်ပါ လုပ်ငန်းတစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကိုဖြစ်စေ လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခွင့် ခွင့်ပြုမိန့် ထုတ်ပေးခဲ့သည့် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၏ ခွင့်ပြုချက် မရှိဘဲ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ အငှားချထားခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းပေးအပ်ခြင်း မပြုရ။

၅၁။

မည်သူမျှ လျှပ်စစ်ဓာတ်အားလိုင်း နယ်မြေအတွင်း အဆောက်အအုံ ဆောက်လုပ် ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းနှင့် အခြားတစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်း မပြုရ။

၅၂။

ခွင့်ပြုမိန့်ရရှိသူ၏ ခွင့်ပြုချက်မရှိဘဲ မည်သူမျှ လျှပ်စစ်ဓာတ်အားကို သွယ်တန်း ရယူခြင်း၊ ဖြုန်းတီးခြင်း၊ အသုံးပြုခြင်းမပြုရ။

၅၃။

မည်သူမျှ လျှပ်စီးကြောင်း လွှဲပေးခြင်း၊ လျှပ်စစ်ဓာတ်အားပေးသည့် လိုင်းကို ဖြတ်တောက်ခြင်း၊ လျှပ်စစ်ဆိုင်ရာ လုပ်ငန်းတစ်ခုခုတွင် အသုံးပြုသည့် လျှပ်စစ် ပစ္စည်း ကိရိယာများကို ဖျက်ဆီးခြင်းမပြုရ။

အခန်း (၁၃)

ပြစ်မှုနှင့်ပြစ်ဒဏ်များ
၅၄။

မည်သူမဆို ပုဒ်မ ၄၄ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်း အထိ ငွေဒဏ်ချမှတ်ရမည်။ ယင်းပြစ်မှုကို ထပ်မံ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
၅၅။

ခွင့်ပြုမိန့်ရရှိသူ မည်သူမဆို ပုဒ်မ ၄၅ ပါ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ် ချမှတ်ရမည်။ ယင်းပြစ်မှုကို ထပ်မံ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
၅၆။

မည်သူမဆို ပုဒ်မ ၄၆ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ကျပ်သုံးသိန်းအထိ ငွေဒဏ်ချမှတ်ရမည်။

၅၇။

မည်သူမဆို ပုဒ်မ ၄၇ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်တစ်ဆယ်သိန်း အထိ ငွေဒဏ်ချမှတ်ရမည်။
၅၈။

မည်သူမဆို ပုဒ်မ ၄၈ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်နှစ်မှ အများဆုံးသုံးနှစ် အထိ ထောင်ဒဏ် ချမှတ်ရမည့်ပြင် ကျပ်သိန်းသုံးဆယ်အောက် မလျော့သည့် ငွေဒဏ်ချမှတ်ရမည်။ ပြစ်မှုနှင့်သက်ဆိုင်သော ပစ္စည်းများကို ဖျက်ဆီးရမည်။

၅၉။

ခွင့်ပြုမိန့်ရရှိသူ မည်သူမဆို ပုဒ်မ ၄၉ ပါ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ် တစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်ချမှတ်ရမည်။ ယင်းပြစ်မှုကို ထပ်မံ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့် ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။
၆၀။

ခွင့်ပြုမိန့် ရရှိသူ မည်သူမဆို ပုဒ်မ ၅၀ ပါ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ် တစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်ချမှတ်ရမည်။ ယင်းပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ် ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၆၁။

မည်သူမဆို ပုဒ်မ ၅၁ ပါ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင်ထိုသူကို အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်သုံးသိန်း အထိ ငွေဒဏ်ချမှတ်ရမည်။ ယင်းပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၆၂။

မည်သူမဆို ပုဒ်မ ၅၂ ပါ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်သုံးသိန်းအထိ ငွေဒဏ်ချမှတ်ရမည်။ ယင်းပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၆၃။

မည်သူမဆို ပုဒ်မ ၅၃ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ငါးနှစ်မှ အများဆုံး ဆယ်နှစ်အထိ ထောင်ဒဏ် ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

၆၄။

မည်သူမဆို ဤဥပဒေပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ရာတွင် အားပေး ကူညီကြောင်း သို့မဟုတ် ကျူးလွန်ရန် ပူးပေါင်း ကြံစည်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သက်ဆိုင်ရာပြစ်မှုပါ ပြစ်ဒဏ်အတိုင်း ချမှတ်ရမည်။

အခန်း (၁၄)

နစ်နာကြေး၊ လျော်ကြေး

၆၅။

ပုဒ်မ ၅၄၊ ၅၅၊ ၅၆၊ ၅၇၊ ၅၈၊ ၅၉၊ ၆၀၊ ၆၁၊ ၆၂ နှင့် ၆၃ တို့ပါပြစ်မှု တစ်ရပ်ရပ်ကို ကျူးလွန်သူသည် မိမိ၏ကျူးလွန်မှုကြောင့် ခွင့်ပြုမိန့်ရရှိသူတွင် ထိခိုက်ဆုံးရှုံးမှု တစ်စုံတစ်ရာ ပေါ်ပေါက်ပါက ယင်းထိခိုက်ဆုံးရှုံးသည့် တန်ဖိုးအတွက် ဝန်ကြီး ဌာနက သတ်မှတ်သည့် နည်းလမ်းအတိုင်း တွက်ချက်ထားသည့် နစ်နာကြေးကို ပေးလျော်ရမည်။

၆၆။

ပုဒ်မ ၆၅ အရ သတ်မှတ်သည့် နစ်နာကြေးကို သတ်မှတ်ချက်များနှင့်အညီ ကောက်ခံခွင့် ရှိစေရမည်။

၆၇။

မည်သူမဆို ဓာတ်အားပို့လွှတ်ဖြန့်ဖြူးမှုကို ပြတ်တောက်စေရန် ပြုလုပ်ပါက နစ်နာ ဆုံးရှုံးသည့် ဓာတ်အားပမာဏနှင့်ညီမျှသော တန်ဖိုးကို ဝန်ကြီးဌာနက သတ်မှတ် သည့် နည်းလမ်းအတိုင်း တွက်ချက်၍ နစ်နာကြေးအဖြစ် ပေးဆောင်စေရမည်။

၆၈။

ခွင့်ပြုမိန့်ရရှိသူ သို့မဟုတ် ယင်းက တာဝန်ပေးအပ်ထားသူ၏ ပေါ့လျော့မှုကြောင့် ဖြစ်စေ၊ တာဝန်ပျက်ကွက်မှုကြောင့် ဖြစ်စေ ဓာတ်လိုက်မှု၊ မီးလောင်မှု ဖြစ်ပွားပြီး တစ်ဦး တစ်ယောက် ထိခိုက်ဒဏ်ရာရလျှင် သို့မဟုတ် မသန်မစွမ်း ဖြစ်လျှင် သို့မဟုတ် သေဆုံးလျှင် ထိခိုက်နစ်နာသူသည် ခွင့်ပြုမိန့်ရရှိသူထံမှ လျော်ကြေးကို အောက်ပါအတိုင်း တောင်းခံခွင့်ရှိစေရမည်-
(က)

ထိခိုက်နစ်နာသူသည် တည်ဆဲအလုပ်သမားလျော်ကြေး အက်ဥပဒေနှင့် အကျုံးဝင်သူ ဖြစ်ပါက ယင်းဥပဒေအရ သတ်မှတ်ထားသော လျော်ကြေး၊

(ခ)

ထိခိုက်နစ်နာသူသည် တည်ဆဲ အလုပ်သမားလျော်ကြေး အက်ဥပဒေနှင့် အကျုံးဝင်သူ မဟုတ်ပါက ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများက သတ်မှတ်သောလျော်ကြေး။

အခန်း (၁၅)

အယူခံခြင်း

၆၉။

ပုဒ်မ ၆၅၊ ၆၆ နှင့် ၆၇ တို့အရ ချမှတ်သည့် နစ်နာကြေး သို့မဟုတ် လျော်ကြေး ပေးဆောင်ရန် အမိန့်နှင့်စပ်လျဉ်း၍ မကျေနပ်သူသည် အမိန့်ကို လက်ခံ ရရှိသည့် နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဝန်ကြီးထံ အယူခံနိုင်သည်။

၇၀။

ပုဒ်မ ၆၉ အရ အယူခံမှုတွင် ဝန်ကြီးသည် အမိန့်ကိုပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းနှင့် အတည်ပြုခြင်းတို့ ပြုနိုင်သည်။

အခန်း (၁၆)

အထွေထွေ

၇၁။

ဤဥပဒေပါပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

၇၂။

ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် –

(က)

ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ)

ဝန်ကြီးဌာန၊ ကော်မရှင်နှင့်ဝန်ကြီးဌာနက တာဝန်ပေးအပ်သော အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း အသီးသီးတို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၇၃။

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ဥပဒေနှင့် လျှပ်စစ်ဥပဒေ (၁၉၈၄ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၇) အရ ထုတ်ပြန်ခဲ့သည့် နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ဤဥပဒေ နှင့် မဆန့်ကျင်သရွေ့ ကျင့်သုံးနိုင်သည်။

၇၄။

လျှပ်စစ်ဥပဒေ (၁၉၈၄ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၇) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။