မြန်မာအမျိုးသားလေကြောင်းဥပဒေ

(၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၅၂။)

၁၃၇၆ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်

(၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်)

     ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်များ

၁။

ဤဥပဒေကိုမြန်မာအမျိုးသားလေကြောင်းဥပဒေဟု ခေါ်တွင်စေရမည်။

၂။

ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည် –

(က)

ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ပို့ဆောင်ရေးဝန်ကြီးဌာနကို ဆိုသည်။

(ခ)

မြန်မာအမျိုးသားလေကြောင်း ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် မြန်မာအမျိုးသား လေကြောင်းကို ဆိုသည်။

(ဂ)

စီမံခန့်ခွဲရေးအဖွဲ့ ဆိုသည်မှာ ဤဥပဒေ ပုဒ်မ ၈ အရ ဖွဲ့စည်းသော မြန်မာ  အမျိုးသား လေကြောင်း စီမံခန့်ခွဲရေးအဖွဲ့ကို ဆိုသည်။

(ဃ)

လေကြောင်းလုပ်ငန်း ဆိုသည်မှာ ဤဥပဒေ ပုဒ်မ ၇ ပါ မြန်မာအမျိုးသား လေကြောင်းက လုပ်ကိုင်ဆောင်ရွက်သည့် လုပ်ငန်းများကို ဆိုသည်။

(င)

အမှုဆောင် အရာရှိချုပ် ဆိုသည်မှာ မြန်မာအမျိုးသားလေကြောင်း၏ အကြီးအမှူးကို ဆိုသည်။

(စ)

ဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ အခကြေးငွေ၊ အဖိုးအခ၊ အဖိုးစားနား သို့မဟုတ် သဘောတူညီချက်ဖြင့် ဆောင်ရွက်ပေးသည့် လုပ်ငန်းကို ဆိုသည်။ ယင်းစကားရပ်တွင် လေကြောင်းဖြင့် ခရီးသည်နှင့် ကုန်စည် သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ မြေပြင်ဝန်ဆောင်မှု လုပ်ငန်း၊ ဖျော်ဖြေမှုလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ခရီးသွားလာရေး လုပ်ငန်း၊ တည်းခိုခန်းနှင့် စားသောက်ဆိုင်လုပ်ငန်း၊ ခရီးသွားလာရေးလုပ်ငန်းနှင့် ပြည်ထောင်စု အစိုးရအဖွဲ့က ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည်ဟု အခါ အားလျော်စွာ သတ်မှတ်သည့် လုပ်ငန်းများလည်း ပါဝင်သည်။

အခန်း (၂)

ရည်ရွယ်ချက်များ

၃။

ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)

မြန်မာအမျိုးသား လေကြောင်းလုပ်ငန်းကို နည်းလမ်းတကျ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာအမျိုးသား လေကြောင်းနှင့် စီမံခန့်ခွဲရေးအဖွဲ့အား လုပ်ပိုင်ခွင့်များ အပ်နှင်းနိုင်ရန်၊

(ခ)

မြန်မာအမျိုးသား လေကြောင်းလုပ်ငန်း ပိုမိုဖွံ့ဖြိုး တိုးတက်စေရေးနှင့် လေကြောင်း ခရီးသွားလာမှုတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံမှု ရှိစေရန်၊

(ဂ)

မြန်မာအမျိုးသားလေကြောင်း၏ စီမံအုပ်ချုပ်မှုနှင့် ငွေကြေးသုံးစွဲမှု စနစ် များကို ဈေးကွက် စီးပွားရေးစနစ်နှင့်အညီ စီးပွားရေးဆန်ဆန် လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန်၊

(ဃ)

မြန်မာအမျိုးသား လေကြောင်းလုပ်ငန်းများကို ပြည်တွင်းပြည်ပမှ ရင်းနှီး မြှုပ်နှံသူများအား စည်းကမ်းချက်များသတ်မှတ်၍ စနစ်တကျ လုပ်ကိုင် ခွင့်ပြုနိုင်ရေးအတွက် မြန်မာ အမျိုးသားလေကြောင်းကို ပြောင်းလဲ ဖွဲ့စည်းရန်၊

(င)

မြန်မာအမျိုးသား လေကြောင်းကို အပြည်ပြည်ဆိုင်ရာ စီးပွားရေး အဖွဲ့အစည်းများနှင့် ဆက်သွယ် ပါဝင်ဆောင်ရွက်နိုင်ရန်။

အခန်း (၃)

မြန်မာအမျိုးသားလေကြောင်း ဖွဲ့စည်းခြင်း

၄။

(က)

မြန်မာအမျိုးသားလေကြောင်းကို ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြု ထားသည့် ဖွဲ့စည်းပုံအတိုင်း ဖွဲ့စည်းတည်ထောင်ထားရှိရမည်။

(ခ)

မြန်မာအမျိုးသား လေကြောင်းသည် ဤဥပဒေအရ သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန်၊ ဖွဲ့စည်းပုံနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာ ဆောင်ရွက် ရမည်။

၅။

ဝန်ကြီးဌာနသည် –

(က)

ဤဥပဒေအာဏာမတည်မီက ဖွဲ့စည်းခဲ့သည့် မြန်မာ့လေကြောင်းတွင် တာဝန် ထမ်းဆောင်ခဲ့သော ဝန်ထမ်းများ ဤဥပဒေအရ ဖွဲ့စည်းသော မြန်မာ အမျိုးသား လေကြောင်းသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်သည့် အခါ ယင်းဝန်ထမ်းများ ယခင်က မြန်မာ့လေကြောင်းတွင် တာဝန် ထမ်းဆောင် ခဲ့စဉ်က ရရှိခဲ့သည့် ရာထူးတာဝန်နှင့် ရပိုင်ခွင့်အောက် လျော့နည်းခြင်း မရှိစေရန် ညှိနှိုင်းဆောင်ရွက်ပေးရမည်။

(ခ)

ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် ဆန္ဒမပြုသော ဝန်ထမ်းများကို ဝန်ကြီးဌာန လက်အောက်ရှိ သင့်လျော်သည့် ဌာန၊ အဖွဲ့အစည်းတစ်ခုခုသို့ လွှဲပြောင်းပေးနိုင်သည်။

(ဂ)

ဤဥပဒေအရ ဖွဲ့စည်းသည့် မြန်မာအမျိုးသားလေကြောင်းသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်သော ဝန်ထမ်းများအတွက် ကရုဏာကြေး၊ ချီးမြှင့်ငွေ၊ ပင်စင်၊ အငြိမ်းစားယူမှု ဆိုင်ရာ ကိစ္စရပ်များအား ယင်းတို့ တာဝန် ထမ်းဆောင်ခဲ့သော အချိန်ကာလအတိုင်း တွက်ချက်၍ ခွင့်ပြုပေးရမည်။

၆။

မြန်မာအမျိုးသားလေကြောင်းသည် –

(က)

ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ဆောင်ရွက်ရန် တရားဝင် လုပ်ပိုင်ခွင့်များ အပ်နှင်းခြင်း ခံရသော အဖွဲ့အစည်းဖြစ်သည်။

(ခ)

နိုင်ငံတော်က မတည်ထုတ်ပေးထားသော ရင်းနှီးငွေများကို လည်းကောင်း၊ ဝန်ကြီးဌာနက ပိုင်ဆိုင်သော ငွေကြေးနှင့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို လည်းကောင်း၊ ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်များကို လည်းကောင်း ဆက်ခံရမည်။

(ဂ)

မိမိပိုင်ဆိုင်သည့် သို့မဟုတ် ဆက်ခံရရှိသည့်ငွေကြေးနှင့် ရွှေ့ပြောင်း နိုင်သော ပစ္စည်းများ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို လည်းကောင်း၊ နိုင်ငံတော်က လွှဲအပ်ပေးသော သို့မဟုတ် လုပ်ကိုင်ခွင့်ရရှိသော မြေ၊ အဆောက်အအုံ၊ လေယာဉ်၊ ရဟတ်ယာဉ်၊ လေယာဉ်နှင့် သက်ဆိုင်သည့် ယာဉ်၊ ယန္တရား၊ စက်ပစ္စည်းကိရိယာ တန်ဆာပလာများ၊ ကုန်ပစ္စည်းစသည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို လည်းကောင်း ရယူခွင့်၊ လက်ဝယ်ထားပိုင်ခွင့်နှင့် အသုံးပြုပိုင်ခွင့်ရှိသည်။

(ဃ)

ကိုယ်ပိုင်အမည်၊ ကိုယ်ပိုင်တံဆိပ်ဖြင့် စဉ်ဆက်မပြတ် ဆက်ခံ ဆောင်ရွက် ပိုင်ခွင့်၊ တရားစွဲဆိုပိုင်ခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့်ရှိသည်။

အခန်း (၄)

မြန်မာအမျိုးသားလေကြောင်း၏ လုပ်ငန်းအမျိုးအစားများ

၇။

မြန်မာအမျိုးသားလေကြောင်းသည် သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ အောက်ပါ လုပ်ငန်းများကို ဆောင်ရွက်နိုင်သည်-

(က)

ပြည်တွင်း ပြည်ပလေကြောင်း ခရီးစဉ်နှင့် စင်းလုံးငှားခရီးစဉ်များ ပြေးဆွဲခြင်း၊

(ခ)

ပြည်တွင်း ပြည်ပလေယာဉ် မြေပြင်ဝန်ဆောင်မှုလုပ်ငန်း၊ အခြားသော ဝန်ဆောင်မှု လုပ်ငန်း အမျိုးမျိုးတို့ကို ဆောင်ရွက်ခြင်းနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်း၊

(ဂ)

လေယာဉ်ဆီ၊ စက်ဆီ၊ ချောဆီများဝယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်း၊

(ဃ)

လေယာဉ်တင် အစားအစာလုပ်ငန်း ဆောင်ရွက်ခြင်း၊

(င)

ပြည်တွင်း ပြည်ပလေကြောင်းလိုင်းများနှင့် လက်မှတ် အရောင်း ကိုယ်စားလှယ် လုပ်ငန်း ဆောင်ရွက်ခြင်း၊

(စ)

ပြည်တွင်း ပြည်ပလေကြောင်းလိုင်းများနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက် ခြင်းနှင့် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံသူတို့နှင့် သီးခြားလုပ်ငန်း သဘောတူ စာချုပ်ချုပ်ဆို၍ ဖက်စပ်ကုမ္ပဏီထူထောင် ဆောင်ရွက်ခြင်း၊

(ဆ)

ပြည်တွင်း ပြည်ပမှ လေယာဉ်နှင့်လေယာဉ်၏ ဆက်စပ်ပစ္စည်းများ ငှားရမ်း လုပ်ကိုင်ခြင်း၊

(ဇ)

ပြည်တွင်း ပြည်ပလေကြောင်းလိုင်းများ၏ လေယာဉ်များ အကြီးစားနှင့် အသေးစား ပြုပြင်ထိန်းသိမ်းခြင်း၊

(ဈ)

လေယာဉ်မှူး၊ လေယာဉ်သား၊ စက်မှုအင်ဂျင်နီယာ၊ စက်ပြင်နှင့် ကျွမ်းကျင် ဝန်ထမ်းများ စုဆောင်းခြင်း၊ ငှားရမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(ည)

လေကြောင်းဆိုင်ရာ သင်တန်းကျောင်းများ ဖွင့်လှစ်၍ နိုင်ငံသား သို့မဟုတ် နိုင်ငံခြားသား လေယာဉ်မှူး၊ လေယာဉ်သား၊ စက်မှုအင်ဂျင်နီယာ၊ စက်ပြင် နှင့် ကျွမ်းကျင် ဝန်ထမ်းများ လေ့ကျင့်မွေးထုတ်ပေးသည့် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(ဋ)

လေယာဉ်အရန်ပစ္စည်းများ ဝယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(ဌ)

လေယာဉ်စီး ခရီးသည်များကို မော်တော်ယာဉ်ဖြင့် ပို့ဆောင်ခြင်း လုပ်ငန်း များ ဆောင်ရွက်ခြင်း၊

(ဍ)

လေဆိပ်ဟိုတယ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(ဎ)

မြန်မာအမျိုးသားလေကြောင်း၏ မတည်ငွေများနှင့် အများပြည်သူတို့၏ အစု ရှယ်ယာများ ဖိတ်ခေါ်ထည့်ဝင်စေပြီး အများနှင့်သက်ဆိုင်သော ကော်ပို ရေးရှင်း အဖြစ် တည်ထောင်ပြီး လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း၊

(ဏ)

လေကြောင်းအာမခံလုပ်ငန်းများကို သင့်လျော်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊

(တ)

ဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်ပေးသည့် လေကြောင်း လုပ်ငန်းများကို ဆောင်ရွက်ခြင်း။

အခန်း (၅)

စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းခြင်း

၈။

ဝန်ကြီးဌာနသည် မြန်မာအမျိုးသားလေကြောင်းက လေကြောင်းလုပ်ငန်းများကို ဈေးကွက် စီးပွားရေးစနစ်နှင့်အညီ ဆောင်ရွက်ရာတွင် ကြီးကြပ် လမ်းညွှန် ဦးဆောင်မှု ပေးနိုင်ရန် စီမံခန့်ခွဲရေးအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့ သဘော တူညီချက်ဖြင့် ကိုးဦးထက် မပိုသော အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည် –

(က)

ဝန်ကြီးဌာနက ခန့်အပ်တာဝန်ပေးသူ

ဥက္ကဋ္ဌ

(ခ)

အမှုဆောင်အရာရှိချုပ်

အဖွဲ့ဝင်

(ဂ)

ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ဥပဒေ ပညာရှင်တစ်ဦး

အဖွဲ့ဝင်

(ဃ)

စီးပွားရေးလုပ်ငန်း ကျွမ်းကျင်သူ တစ်ဦး

အဖွဲ့ဝင်

(င)

စီမံခန့်ခွဲရေးလုပ်ငန်း ကျွမ်းကျင်သူတစ်ဦး

အဖွဲ့ဝင်

(စ)

ဝန်ကြီးဌာနက ရွေးချယ် တာဝန် ပေးသည့် ကိုယ်စားလှယ်များ

အဖွဲ့ဝင်

(ဆ)

ဥက္ကဋ္ဌက ခန့်အပ်သူတစ်ဦး

အတွင်းရေးမှူး

၉။

စီမံခန့်ခွဲရေးအဖွဲ့ အစည်းအဝေးကျင်းပခြင်း ကိစ္စများနှင့်စပ်လျဉ်း၍ သတ်မှတ် ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

၁၀။

စီမံခန့်ခွဲရေးအဖွဲ့သည် အစည်းအဝေးသို့ တင်ပြသည့် ကိစ္စရပ်အားလုံးကို အစည်းအဝေး တက်ရောက်လာသည့် အဖွဲ့ဝင်အများစု၏ မဲဆန္ဒဖြင့် ဆုံးဖြတ် ဆောင်ရွက်ရမည်။

၁၁။

(က)

ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်အဖြစ် ခန့်ထားခြင်းခံရသော ပုဂ္ဂိုလ်တစ်ဦးသည် ယင်းအား မခန့်ထားမီ ကာလက ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင် လုပ်ငန်း တာဝန် ဆောင်ရွက်ခြင်းကို ထိခိုက်ဖွယ်ရာရှိသည့် ငွေရေးကြေးရေး အကျိုး ခံစားခွင့် သို့မဟုတ် အခြားအကျိုးသက်ဆိုင်ခွင့်များနှင့် ကင်းရှင်းသူ ဖြစ်ရမည်။

(ခ)

ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင် တစ်ဦးဦးသည် စီမံခန့်ခွဲရေးအဖွဲ့က ပြုလုပ်သည့် သို့မဟုတ် ပြုလုပ်ရန် ကြံရွယ်သည့် ပဋိညာဉ်တွင် သော်လည်းကောင်း၊ ရောင်းမှု၊ ဝယ်မှု သို့မဟုတ် ငှားရမ်းမှု တစ်ခုခုတွင်သော်လည်းကောင်း တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းဖြင့် အကျိုးသက်ဆိုင် နေပါက မိမိမည်သို့ အကျိုးသက်ဆိုင်ကြောင်းကို စီမံခန့်ခွဲရေးအဖွဲ့၏ အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုရမည်။

(ဂ)

ပုဒ်မခွဲ (ခ) အရ ထုတ်ဖော်ပြောဆိုချက်ကို စီမံခန့်ခွဲရေးအဖွဲ့ အစည်းအဝေး မှတ်တမ်းများတွင် ရေးမှတ်ထားရမည်ဖြစ်ပြီး သက်ဆိုင်သည့် အဖွဲ့ဝင်သည် ယင်းပဋိညာဉ်နှင့် သော်လည်းကောင်း၊ ရောင်းမှု၊ ဝယ်မှု သို့မဟုတ် ငှားရမ်းမှု နှင့်သော်လည်းကောင်း စပ်လျဉ်း၍ စီမံခန့်ခွဲရေးအဖွဲ့က ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း ပြုရာတွင် မပါဝင်ရ။

(ဃ)

ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦးနှင့်စပ်လျဉ်း၍ ငွေရေးကြေးရေး အကျိုး သက်ဆိုင်ခွင့် သို့မဟုတ် အခြားအကျိုးသက်ဆိုင်ခွင့် ရှိ/မရှိ ဆုံးဖြတ်ရန် အကြောင်း ပေါ်ပေါက်ပါက အဖွဲ့၏ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်။

၁၂။

(က)

ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့၏ ရာထူးသက်တမ်းသည် ငါးနှစ်ဖြစ်သည်။

(ခ)

ယင်းရာထူးသက်တမ်း ကုန်ဆုံးသော်လည်း ဝန်ကြီးဌာနက အသစ် ရွေးချယ် ခန့်ထားပြီးသည့် အချိန်အထိ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မိမိတို့၏ လုပ်ငန်း တာဝန်များကို ဆက်လက် ထမ်းဆောင်ရမည်။

(ဂ)

ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရာထူးသက်တမ်း နှစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခြင်း မပြုရ။

(ဃ)

ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်အဖြစ် ကြားဖြတ်တာဝန်ယူရသည့် ကာလကို ရာထူး သက်တမ်း တစ်ခုဟု သတ်မှတ်ခြင်း မပြုရ။

(င)

အကြောင်းတစ်ရပ်ရပ်ကြောင့် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်ရာထူး နေရာ လစ်လပ်သည့် အတွက် အစားထိုးခန့်ထားပါက ယင်းဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်၏ ရာထူးသက်တမ်းသည် မူလရာထူး၏ ကျန်ရှိသည့် သက်တမ်း ကုန်ဆုံးသည်အထိသာ ဖြစ်စေရမည်။

၁၃။

ဝန်ကြီးဌာနသည် သတ်မှတ်ထားသည့် အကြောင်းတစ်ရပ်ရပ်နှင့် ငြိစွန်းသော ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦးကို ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့် အတိုင်း လိုက်နာခြင်း မပြုလျှင် တာဝန်မှရပ်စဲရမည်။

၁၄။

ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် စီမံခန့်ခွဲရေးအဖွဲ့က သတ်မှတ်ပြီး ဝန်ကြီးဌာနက သဘောတူ ခွင့်ပြုသည့် ချီးမြှင့်ငွေနှင့်စရိတ်တို့ကို ခံစားခွင့်ရှိသည်။

၁၅။

(က)

 ဝန်ကြီးဌာနသည် အကြောင်းတစ်ခုခုကြောင့် အဖွဲ့ဝင် ရာထူးနေရာ လစ်လပ်လျှင် လစ်လပ်သည့် နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း အဖွဲ့ဝင် အသစ်ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြည့်စွက်ခန့်ထားရမည်။

(ခ)

စီမံခန့်ခွဲရေးအဖွဲ့က စီမံဆောင်ရွက်သည့် ကိစ္စရပ်များသည် အဖွဲ့ဝင်ရာထူး လစ်လပ်သည့် အကြောင်းကြောင့်သော်လည်းကောင်း၊ အဖွဲ့ဝင်တစ်ဦးဦး ခန့်ထားရာတွင် ချို့ယွင်းချက် တစ်ခုခုရှိသည့် အကြောင်းကြောင့် သော် လည်းကောင်း မပျက်ပြယ်စေရ။

အခန်း (၆)

စီမံခန့်ခွဲရေးအဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၁၆။

စီမံခန့်ခွဲရေးအဖွဲ့၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် –

(က)

နိုင်ငံပိုင်ပစ္စည်းများနှင့် ဘဏ္ဍာငွေများကို အလေအလွင့်၊ အဆုံးအရှုံး၊ အပျက်အစီး၊ အပျောက်အရှ အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းခြင်း၊

(ခ)

ဝင်ငွေနှင့် အကျိုးအမြတ် တိုးတက်စေရေးအတွက် သင့်လျော်သော နည်းလမ်းများဖြင့် ဆောင်ရွက်ခြင်း၊

(ဂ)

ဝန်ထမ်းများ၏ ရပိုင်ခွင့်များကို ရရှိစေခြင်း၊

(ဃ)

ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းနှင့်စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ခြင်း၊

(င)

မိမိလုပ်ငန်းတစ်ခုလုံး၏ အောင်မြင်မှု၊ ဆုံးရှုံးမှုကို တာဝန်ခံခြင်း၊

(စ)

လေကြောင်းလုပ်ငန်းဌာနများရှိ တာဝန်ခံဝန်ထမ်းများက ယင်းတို့ တာဝန် ယူသည့် လုပ်ငန်း၏ အောင်မြင်မှု၊ ဆုံးရှုံးမှုကို တာဝန်ခံစေရန် စီမံ ကြီးကြပ်ခြင်း။

၁၇။

စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)

မြန်မာအမျိုးသားလေကြောင်းသည် ဤဥပဒေအရ လုပ်ငန်း ဆောင်ရွက် နိုင်ရေး အတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများကို ဝန်ကြီးဌာန၏ ကြိုတင်သဘော တူညီချက်ဖြင့် ပြည်တွင်း ပြည်ပဘဏ်များနှင့် ငွေရေး ကြေးရေး အဖွဲ့အစည်းများထံမှ ဥပဒေနှင့်အညီ ငွေချေးယူခြင်း၊ ပြန်လည် ပေးဆပ်ခြင်း၊ ငွေထုတ်ချေးခြင်း၊ ပြန်လည်ရယူခြင်းနှင့် အထောက်အပံ့များ ရယူခြင်း၊

(ခ)

မြန်မာအမျိုးသား လေကြောင်းသည် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့် အရေးပေါ်ကိစ္စရပ်များတွင် ငွေကြေး အကျိုးအမြတ် မယူသော နိုင်ငံတော်အလံတင် လေကြောင်းလိုင်းဖြစ်သည့် အားလျော်စွာ သင့်လျော်သည့် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ရရှိရန် ဝန်ကြီးဌာနမှတစ်ဆင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်ခွင့် ရှိခြင်း၊

(ဂ)

သင့်လျော်သည့် လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းတာဝန် ပေးအပ်ခြင်း၊

(ဃ)

လိုအပ်ပါက အကြံပေးပုဂ္ဂိုလ်များကို သတ်မှတ်ချက်နှင့်အညီ ခန့်အပ်ခြင်း၊ ချီးမြှင့်ငွေနှင့် စရိတ်များကို သတ်မှတ်ပေးအပ်ခြင်း၊

(င)

နိုင်ငံတော်က လွှဲအပ်သည့် သို့မဟုတ် လုပ်ပိုင်ခွင့် ပေးအပ်သည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို ရယူခွင့်၊ လက်ဝယ်ထားပိုင်ခွင့်နှင့် လေကြောင်းလုပ်ငန်းများတွင် အသုံးပြု ပိုင်ခွင့်ရှိခြင်း၊

(စ)

ကုန်စည်များ လက်ခံတင်ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း တို့ကို ကိုယ်စားလှယ် လုပ်ငန်းအသွင်ဖြင့် ဆောင်ရွက်ပိုင်ခွင့်ရှိခြင်း၊

(ဆ)

လုပ်ငန်းဆိုင်ရာ ဝန်ဆောင်ခနှုန်း၊ လုပ်ခနှုန်း၊ ထုတ်လုပ်မှုနှုန်း၊ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်သည့် ဝန်ဆောင်ခနှုန်းများကို သတ်မှတ်ချက်များနှင့်အညီ သတ်မှတ်ခွင့်၊ ပြင်ဆင်ခွင့်ရှိခြင်း၊

(ဇ)

အလုပ်ချိန်များ အလုပ်ခွင် စည်းမျဉ်းနှင့်စည်းကမ်းများကို တည်ဆဲ ဥပဒေများနှင့်အညီ သတ်မှတ် ဆောင်ရွက်ခွင့်ရှိခြင်း၊

(ဈ)

ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ကုန်သွယ်မှုလုပ်ငန်းများကို ကန်ထရိုက် စနစ်ဖြင့် သော်လည်းကောင်း၊ ငှားရမ်းလုပ်ကိုင်ခြင်း စနစ်ဖြင့်သော် လည်းကောင်း၊ အကျိုးတူစနစ်ဖြင့် သော်လည်းကောင်း၊ တည်ဆောက် လုပ်ကိုင် လွှဲပြောင်းစနစ်ဖြင့်သော် လည်းကောင်း ဆောင်ရွက်ရာတွင် ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ပိုင်ခွင့်ရှိခြင်း၊

(ည)

စက်ပစ္စည်း၊ စက်ကိရိယာ၊ မြေ၊ အဆောက်အအုံ၊ လေယာဉ်နှင့် အခြား ပိုင်ဆိုင်ခွင့် များကို ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များအား သတ်မှတ်ချက် များနှင့်အညီ ငှားရမ်းနိုင်ခြင်း၊

(ဋ)

အခနှုန်းထားများနှင့် ငှားရမ်းခသတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ ပြန်အမ်းခြင်း နှင့် လျှော့ပေါ့ခွင့်ပြုခြင်း၊

(ဌ)

လေယာဉ်၊ ရဟတ်ယာဉ်၊ ယာဉ်နှင့် အသုံးမလိုတော့သည့် ပစ္စည်းများ၊ လေယာဉ်နှင့် စက်ယန္တရားများကို ပြင်ဆင်ရာမှရရှိသည့် အသုံးမလို ပိုလျှံပစ္စည်းများကို ထုခွဲ ရောင်းချခြင်းနှင့် လဲလှယ်ခြင်း၊

(ဍ)

ကျွမ်းကျင်သောဝန်ထမ်းများ လေ့ကျင့်မွေးထုတ်နိုင်ရေးအတွက် ပြည်တွင်း ပြည်ပမှ ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သင်တန်းကျောင်း များ ဖွင့်လှစ်ခြင်းနှင့် ပြည်တွင်း ပြည်ပသင်တန်းများသို့ စေလွှတ်ခြင်း။

၁၈။

စီမံခန့်ခွဲရေးအဖွဲ့သည် –

(က)

မြန်မာအမျိုးသား လေကြောင်းရှိ အရာထမ်းများ၊ အမှုထမ်းများ၊ လေယာဉ်မှူးများ၊ အင်ဂျင်နီယာများကို တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများနှင့်အညီ ခန့်ထားခြင်း၊ တာဝန်ပေးခြင်း၊ ရာထူး တိုးမြှင့်ပေးခြင်း၊ ပြောင်းရွှေ့ခြင်း၊ အရေးယူ အပြစ်ပေးခြင်းနှင့် အငြိမ်းစား ပေးခြင်းတို့ကို ဆောင်ရွက်ရမည်။

(ခ)

ပုဒ်မခွဲ (က) အရ အရာထမ်းများ၊ လေယာဉ်မှူးများနှင့် အင်ဂျင်နီယာများကို အသက် ၆၀ ပြည့်ပါက သက်ပြည့်အငြိမ်းစား ယူခွင့်ပေးခြင်း သို့မဟုတ် လုပ်ငန်း လိုအပ်ချက်အရ ကျန်းမာရေးကောင်းမွန်ပြီး ဆက်လက်တာဝန် ထမ်းဆောင်လိုသော အရာထမ်းများ၊ လေယာဉ်မှူးများနှင့် အင်ဂျင်နီယာ များကို အသက် ၆၅ နှစ်ပြည့်သည့် အချိန်ထိ တစ်နှစ်လျှင်တစ်ကြိမ် သက်တမ်းတိုးမြှင့်၍ ဆောင်ရွက်စေနိုင်သည်။

၁၉။

စီမံခန့်ခွဲရေးအဖွဲ့သည် –

(က)

ဤဥပဒေအရ ဖွဲ့စည်းသည့် မြန်မာအမျိုးသားလေကြောင်းသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်သော ဝန်ထမ်းများအတွက် ယင်းတို့ ခံစားခွင့်ရှိသော လစာ၊ စရိတ်၊ ကရုဏာကြေး၊ နစ်နာကြေး၊ ချီးမြှင့်ငွေ၊ ပင်စင်နှင့် အငြိမ်းစားယူမှုဆိုင်ရာ ကိစ္စရပ်များကို ယင်းတို့ စတင်ပြောင်းရွှေ့သည့် နေ့ရက်မှစ၍ အချိန်ကာလတွက်ချက်ပြီး ခံစားခွင့်ပြုရမည်။

(ခ)

မြန်မာအမျိုးသားလေကြောင်း လုပ်ငန်းစီမံကိန်း လျာထားချက်အတိုင်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်သော ဝန်ထမ်းများ အား ဆုကြေးငွေ ချီးမြှင့်နိုင်သည်။

အခန်း (၇)

ဘဏ္ဍာရေး၊ ငွေရေးကြေးရေးနှင့်စာရင်းများ

၂၀။

မြန်မာအမျိုးသားလေကြောင်းသည် –

(က)

မြန်မာအမျိုးသားလေကြောင်းက လွှဲပြောင်းရယူမည့် နိုင်ငံတော်ပိုင် ပုံသေပိုင် ပစ္စည်းများအား ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူ ခွင့်ပြုချက်အရ ကာလ ပေါက်ဈေးဖြင့် တန်ဖိုးတွက်ချက်သတ်မှတ်၍ နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးအဖြစ် ဖော်ပြထားရမည်။

(ခ)

နှစ်စဉ်လုပ်ငန်းစီမံချက်နှင့် အရအသုံးခန့်မှန်းခြေ ငွေစာရင်းတို့ကို ရေးဆွဲ၍ စီမံခန့်ခွဲရေး အဖွဲ့က အတည်ပြုပြီး ဝန်ကြီးဌာနသို့ ပေးပို့ရမည်။

(ဂ)

ဘဏ္ဍာရေးနှစ်အလိုက် စုစုပေါင်း ရငွေသုံးငွေများအား ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေနှင့်အညီ သီးခြား ဖော်ပြ၍ ထည့်သွင်းရေးဆွဲရမည်။

(ဃ)

ရငွေသုံးငွေများကို စီမံခန့်ခွဲရေးအဖွဲ့က သတ်မှတ်သည့် ပြည်တွင်း ပြည်ပဘဏ် များတွင် ငွေစာရင်းများကို ဘဏ္ဍာရေး စည်းမျဉ်းနှင့် စည်းကမ်း များနှင့်အညီ ဖွင့်လှစ်ထားရှိရမည်။

(င)

မိမိရရှိသော နိုင်ငံခြားဝင်ငွေကို စီမံခန့်ခွဲရေးအဖွဲ့၏ သဘောတူ ခွင့်ပြုချက်ဖြင့် ထုတ်ယူသုံးစွဲ ပိုင်ခွင့်ရှိသည်။

(စ)

မိမိလက်အောက်ရှိ လုပ်ငန်းအုပ်စုအလိုက် လည်းကောင်း၊ လုပ်ငန်း တစ်ခုချင်း အလိုက် လည်းကောင်း ရငွေသုံးငွေ အခြေအနေများ ပေါ်လွင် စေရန် သီးခြားငွေစာရင်းများ ဖွင့်လှစ် ထားရှိရမည်။

(ဆ)

ပြည်ထောင်စုအစိုးရအဖွဲ့က နှစ်စဉ်သတ်မှတ်ပေးသည့် နိုင်ငံတော်သို့ ထည့်ဝင်ငွေနှင့် တည်ဆဲဥပဒေအရ ကျသင့်သည့် အခွန်အခများကို ပေးသွင်းရမည်။

(ဇ)

မိမိ၏ ဝန်ထမ်းများအတွက် ပင်စင်ရန်ပုံငွေကို သီးခြားထားရှိရမည်။

(ဈ)

စီမံခန့်ခွဲရေးအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါရန်ပုံငွေများကို ထားရှိရမည်-

(၁)

ဆုကြေး ရန်ပုံငွေ၊

(၂)

သက်သာချောင်ချိရေး ရန်ပုံငွေ၊

(၃)

ဖွံ့ဖြိုးမှု ရန်ပုံငွေ၊

(၄)

တန်ဖိုးယုတ်လျော့မှု ရန်ပုံငွေ၊

(၅)

အခြားလိုအပ်သော ရန်ပုံငွေ။

(ည)

ဌာနတွင်း ကြီးကြပ်ကွပ်ကဲမှုစနစ်ထားရှိပြီး ဌာနတွင်းစာရင်းစစ်အဖွဲ့ ဖွဲ့စည်း ဆောင်ရွက်ရမည်။

(ဋ)

အောက်ပါစာရင်းများကို စီမံခန့်ခွဲရေးအဖွဲ့သို့ သတ်မှတ်ချက်နှင့်အညီ တင်ပြရမည်-

(၁)

ဝန်ထမ်းအင်အားစာရင်း၊

(၂)

ငွေသားအခြေအနေ၊

(၃)

ကုန်ပစ္စည်း ထုတ်လုပ်သည့်၊ ရောင်းဝယ်သည့် သို့မဟုတ် ဝန်ဆောင်သည့် စာရင်း၊

(၄)

အရှုံး အမြတ်စာရင်း၊

(၅)

လက်ကျန်ရှင်းတမ်း။

(ဌ)

မြန်မာအမျိုးသားလေကြောင်း၏ လုပ်ငန်းနှင့် စာရင်းများကို ပြည်ထောင်စု စာရင်း စစ်ချုပ်ရုံး သို့မဟုတ် မြန်မာနိုင်ငံစာရင်းကောင်စီတွင် မှတ်ပုံတင် ထားသော စာရင်းစစ်အဖွဲ့ သို့မဟုတ် နိုင်ငံတကာ အသိအမှတ်ပြု စာရင်းစစ်အဖွဲ့၏ စစ်ဆေးမှုခံယူရမည်။

အခန်း (၈)

ဆုကြေးငွေချီးမြှင့်ခြင်း

၂၁။

မြန်မာအမျိုးသားလေကြောင်းသည် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်စေရေးအတွက် လုပ်ငန်းရပ်တစ်ခုချင်းအလိုက် သတ်မှတ် စံချိန်စံနှုန်းဖြင့် တွက်ချက်ထားသည့် အပိုကြေးကို ခံစားခွင့်ပြုနိုင်သည်။

၂၂။

ဝန်ထမ်းများသည် သီးခြားတာဝန်ပေးချက်အရ ဆောင်ရွက်ရသည့် လုပ်ငန်း တစ်ရပ်ရပ်အတွက် ချီးမြှင့်ငွေ သို့မဟုတ် အခကြေးငွေကို သက်ဆိုင်ရာ စည်းမျဉ်းနှင့် စည်းကမ်းများနှင့်အညီ ခံစားခွင့်ရှိသည်။

အခန်း (၉)

အထွေထွေ

၂၃။

စီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် မြန်မာအမျိုးသားလေကြောင်း၏ အရာထမ်း၊ အမှုထမ်း အားလုံးသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်သောအခါ သို့မဟုတ် ဆောင်ရွက်သည့်သဘော သက်ရောက်သော အပြုအမူကို ပြုသောအခါ ရာဇသတ်ကြီး ပုဒ်မ ၂၁ အရ ပြည်သူ့ဝန်ထမ်းများ ဖြစ်သည်ဟု မှတ်ယူရမည်။

၂၄။

ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် –

(က)

ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ)

ဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးအဖွဲ့နှင့် မြန်မာအမျိုးသား လေကြောင်းသည် အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန် နိုင်သည်။

၂၅။

၁၉၅၂ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ အက်ဥပဒေ (၁၉၅၂ ခုနှစ်၊ အက်ဥပဒေအမှတ် ၃၉) ကို ဤဥပဒေဖြင့် ရုပ်သိမ်း လိုက်သည်။

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

 (ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။