ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအဖွဲ့ဥပဒေ

(၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၅၁ ။)

၁၃၇၆ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်

(၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။

ဤဥပဒေကို ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအဖွဲ့ဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။

ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-

(က)

ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ပို့ဆောင်ရေးဝန်ကြီးဌာနကို ဆိုသည်။

(ခ)

အဖွဲ့ ဆိုသည်မှာ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအဖွဲ့ကို ဆိုသည်။

(ဂ)

စီမံခန့်ခွဲရေးအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး စီမံခန့်ခွဲရေးအဖွဲ့ကို ဆိုသည်။

(ဃ)

ဆိပ်ကမ်းများ  ဆိုရာတွင် အဖွဲ့ပိုင်ရေယာဉ်များ သွားလာနိုင်သော မြစ်များ၊  ချောင်းများ၊  တူးမြောင်းများနှင့်  ကမ်းရိုးတန်း တစ်လျှောက် မြို့၊ ရွာများရှိ ရေယာဉ် ဆိုက်ကပ်နိုင်သော ဆိပ်ကမ်းများ ပါဝင်သည်။ ထို့အပြင် ဆိပ်ကမ်း လုပ်ငန်းများနှင့် ဆက်စပ်သော နယ်မြေများလည်း ပါဝင်သည်။

(င)

ရေယာဉ် ဆိုရာတွင် ရေကြောင်းသွားလာရာ၌ အသုံးပြုသော စက်တပ် သို့မဟုတ် စက်မဲ့ရေယာဉ် အားလုံးပါဝင်သည်။ ယင်းစကားရပ်တွင်  သစ်ဖောင်၊  ဝါးဖောင် စသည်တို့လည်း ပါဝင်သည်။

(စ)

စက်ရုံ၊ အလုပ်ရုံဆိုသည်မှာ အဖွဲ့ပိုင်ရေယာဉ်ကျင်းများရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနနှင့် အလုပ်ဌာနခွဲများကို ဆိုသည်။

(ဆ)

ဝန်ဆောင်မှုလုပ်ငန်းဆိုသည်မှာ အခကြေးငွေ ၊အဖိုးအခ၊ အဖိုးစားနား သို့မဟုတ် ကတိနှင့် ညီညွတ်ချက်ဖြင့် ဆောင်ရွက်ပေးသည့် လုပ်ငန်းကို ဆိုသည်။ ယင်း စကားရပ်တွင် ရေယာဉ်ဖြင့် ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေးလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ ဖျော်ဖြေမှုလုပ်ငန်း၊ ဟိုတယ် လုပ်ငန်း၊ ခရီး သွားလာရေးလုပ်ငန်း၊ တည်းခိုခန်းနှင့် စားသောက်ဆိုင် လုပ်ငန်း၊ ပြည်ထောင်စု အစိုးရအဖွဲ့က ဝန်ဆောင်မှုလုပ်ငန်း ဖြစ်သည်ဟု အခါအားလျော်စွာ   သတ်မှတ် သည့် လုပ်ငန်းများလည်း ပါဝင်သည်။

(ဇ)

အမှုဆောင်အရာရှိချုပ်  ဆိုသည်မှာ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အဖွဲ့၏ အကြီးအမှူးကို ဆိုသည်။

အခန်း(၂)

ရည်ရွယ်ချက်များ

၃။

ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် –

(က)

မြန်မာနိုင်ငံအတွင်း ရေယာဉ်များ သွားလာနိုင်သည့် မြစ်ဖျား၊ ချောင်းများနှင့် ကမ်းရိုးတန်း တစ်လျှောက်တွင် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်း များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံမှု ရှိစေရန်၊

(ခ)

မြန်မာနိုင်ငံ၏ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးလုပ်ငန်းကို ဈေးကွက် စီးပွားရေး စနစ်နှင့်အညီ  ရေရှည်ရပ်တည်နိုင်သည့် အဖွဲ့အစည်းအဖြစ် ဆောင်ရွက်နိုင်ရန်၊

(ဂ)

ပြည်သူလူထု၏ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေးတို့တွင် အဓိကကျသည့်  ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးကို ထိရောက်စွာ အထောက်အကူ ပြုနိုင်သည့် သယ်ယူပို့ဆောင်ရေး စနစ်အဖြစ် ဆောင်ရွက်နိုင်ရန်၊

(ဃ)

အဖွဲ့၏ စီမံခန့်ခွဲရေးနှင့် ငွေကြေးသုံးစွဲမှုစနစ်တို့ကို ဈေးကွက် စီးပွားရေး စနစ်နှင့်အညီ စီးပွားရေးဆန်ဆန် လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန်၊

(င)

ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းကို နည်းလမ်းတကျ အကောင်အထည်ဖော်  ဆောင်ရွက်ရေးအတွက် အဖွဲ့နှင့် စီမံခန့်ခွဲရေးအဖွဲ့အား လုပ်ပိုင်ခွင့်များ အပ်နှင်းနိုင်ရန်။

အခန်း(၃)

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအဖွဲ့ ဖွဲ့စည်းခြင်း

၄။

(က)

အဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုသည့် ဖွဲ့စည်းပုံအတိုင်း တည်ထောင် ထားရှိရမည်။

(ခ)

အဖွဲ့သည် ဤဥပဒေအရ သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန်၊ ဖွဲ့စည်းပုံနှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရမည်။

၅။

အဖွဲ့သည်-

(က)

ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ တည်ဆဲဥပဒေအရ စီးပွားရေးဆန်ဆန် အောင်မြင်စွာ ဆောင်ရွက်ရန် တရားဝင် လုပ်ပိုင်ခွင့်များ အပ်နှင်းခြင်း ခံရသော အဖွဲ့အစည်းဖြစ်သည်။

(ခ)

ဆောင်ရွက်ရမည့် လုပ်ငန်းအမျိုးအစား၊  မိမိဝန်ထမ်းများ၏ အရည်အချင်း သတ်မှတ်ချက်၊  ဝန်ထမ်းတစ်ဦးချင်း  ရာထူးအဆင့်အလိုက် တာဝန် ခွဲဝေပုံနှင့် တာဝန်ခံမှုတို့ကို ဖွဲ့စည်းပုံအရ လိုအပ်သလို သတ်မှတ်ထား ရှိရမည်။

(ဂ)

နိုင်ငံတော်က မတည်ထုတ်ပေးထားသော ရင်းနှီးငွေများကို လည်းကောင်း၊  ဌာနက ပိုင်ဆိုင်သောငွေကြေးနှင့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများ၊ မရွှေ့ပြောင်း နိုင်သော ပစ္စည်းများကိုလည်းကောင်း၊ ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်များကို လည်းကောင်း ဆက်ခံရမည်။

(ဃ)

အဖွဲ့က ပိုင်ဆိုင်သည့် သို့မဟုတ် ဆက်ခံရရှိသည့် ငွေကြေးနှင့် ရွှေ့ပြောင်း နိုင်သော ပစ္စည်းများ၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ၊ နိုင်ငံတော်က လွှဲအပ် ပေးသော သို့မဟုတ် လုပ်ကိုင်ခွင့်ပေးသော ရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် မရွှေ့ မပြောင်းနိုင်သော ပစ္စည်းများကို ရယူခွင့်၊ လက်ဝယ် ထားပိုင်ခွင့်နှင့် အသုံးပြုပိုင်ခွင့်ရှိသည်။

(င)

ကိုယ်ပိုင်အမည်၊ ကိုယ်ပိုင်တံဆိပ်တို့ဖြင့် ဆောင်ရွက်ပိုင်ခွင့်၊ စဉ်ဆက်မပြတ်  ဆက်ခံ ဆောင်ရွက်ခွင့်၊  တရားစွဲဆိုခွင့်နှင့်  စွဲဆိုခံပိုင်ခွင့်၊ နိုင်ငံတော်က သတ်မှတ်ပေးထားသော ပိုင်ဆိုင်မှု ပစ္စည်းများ အားလုံးတို့ကို ရယူခွင့်၊ လက်ဝယ်ထားရှိခွင့်နှင့် ပိုင်ဆိုင်ခွင့်များ ရှိသည်။

၆။

ဝန်ကြီးဌာနသည် ဤဥပဒေအာဏာ မတည်မီက ဖွဲ့စည်းခဲ့သည့် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးတွင် တာဝန်ထမ်းဆောင်ခဲ့သော ဝန်ထမ်းများ ဤဥပဒေ အရ ဖွဲ့စည်းသည့် အဖွဲ့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည့်အခါ ယင်းတို့ တာဝန် ထမ်းဆောင်စဉ်က ရရှိခဲ့သည့် ရာထူးနှင့် ရပိုင်ခွင့်အောက် လျော့နည်းခြင်း မရှိစေရန် ညှိနှိုင်းဆောင်ရွက် ပေးရမည်။

အခန်း(၄)

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၇။

အဖွဲ့၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)

နိုင်ငံတော်အတွင်း ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း အားလုံးကို ဆောင်ရွက်ခြင်းနှင့် ဤဥပဒေအရ အခြားဆက်စပ်သည့် ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊

(ခ)

အဖွဲ့အတွက် ယာဉ်၊ ဗောတံတား၊ ကုန်လှောင်ရုံ၊ ကမ်းတက်ဆိပ်နှင့်  အခြား လိုအပ်သည့်   ပစ္စည်းများကို   ဝယ်ယူခြင်း၊ တည်ဆောက်ခြင်းနှင့် အဖွဲ့ပိုင် ပစ္စည်းများကို အငှားချထားခြင်း၊ ထုခွဲရောင်းချခြင်း၊ အာမခံထား ရှိခြင်း၊

(ဂ)

ဝန်ကြီးဌာနက သတ်မှတ်ထားသော မြစ်ကြောင်းများနှင့် မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်တွင် ရေယာဉ်များဖြင့် ပို့ဆောင်ရေး ဝန်ဆောင်မှုကို ကိုယ်တိုင် ဖြစ်စေ၊ ဖက်စပ်စနစ် ဖြင့်ဖြစ်စေ ဆောင်ရွက်ခြင်း၊

(ဃ)

ရေယာဉ်များကို တစ်စီးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ အစိုးရဌာန၊  အစိုးရ အဖွဲ့အစည်းများ၊  ပြည်တွင်း  ပြည်ပ  ပုဂ္ဂလိက နှင့် အဖွဲ့အစည်းများအား ငှားရမ်းခြင်း၊

(င)

ကူးတို့ရေယာဉ်များ ပြေးဆွဲခြင်း၊

(စ)

ရေယာဉ်ကျင်းများနှင့်  ရေယာဉ်တည်ဆောက် ပြင်ဆင်ခြင်းဆိုင်ရာ လုပ်ငန်း များအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ၊ စက်ပစ္စည်း ကိရိယာများနှင့် စက်သုံးဆီများ ဝယ်ယူဖြည့်တင်းခြင်း၊

(ဆ)

အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ ပြည်တွင်း ပြည်ပ ပုဂ္ဂလိကနှင့် အဖွဲ့ အစည်းပိုင် ရေယာဉ်များကို မွမ်းမံပြင်ဆင်ခြင်း၊ ရေယာဉ်အသစ် တည်ဆောက် ရောင်းချ ခြင်းနှင့် အခြားလုပ်ငန်းများကို လက်ခံ ဆောင်ရွက်ခြင်း၊

(ဇ)

အဖွဲ့ပိုင်မြေနှင့် အဆောက်အအုံများကိုအသုံးပြု၍ စီးပွားရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊

(ဈ)

တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ပေးအပ်သော လုပ်ငန်းတာဝန် များကို ဆောင်ရွက်ခြင်း။

၈။

အဖွဲ့၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် –

(က)

မိမိပိုင်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ သို့မဟုတ် ဆက်ခံရရှိသည့် ငွေကြေးနှင့် နိုင်ငံတော်က လွှဲအပ် ပေးသော သို့မဟုတ် လုပ်ကိုင်ခွင့်ပေးသော ရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို ရယူခွင့်၊ လက်ဝယ် ထားပိုင်ခွင့်နှင့် အသုံးပြုပိုင်ခွင့်၊

(ခ)

ရေကြောင်းလမ်းများ တစ်လျှောက်ရှိ မြို့၊ ရွာများတွင် ကုန်စည်များ လက်ခံ တင်ဆောင်ခြင်းနှင့် သိုလှောင်ဖြန့်ဖြူးခြင်းတို့ကို ကိုယ်စားလှယ်လုပ်ငန်း အသွင်ဖြင့် ဆောင်ရွက်ပိုင်ခွင့်၊

(ဂ)

အဖွဲ့ပိုင်မြေ၊ အဆောက်အအုံ၊ ယာဉ်၊  ယန္တရားနှင့် အခြားဆက်စပ်သော ပစ္စည်း များကို စီမံခန့်ခွဲပိုင်ခွင့်၊

(ဃ)

လုပ်ငန်းဆိုင်ရာ ဝန်ဆောင်ခ နှုန်းများ၊ လုပ်ခနှုန်းများ၊ ထုတ်လုပ်မှု စံနှုန်းများ၊ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်သည့် ဝန်ဆောင်ခနှုန်းထားများ၊   အလုပ်ချိန် များ၊   အလုပ်ခွင် စည်းမျဉ်း စည်းကမ်းများကို တည်ဆဲဥပဒေ၊ နည်းဥပဒေများ နှင့်အညီ သတ်မှတ်ပိုင်ခွင့်၊ ပြင်ဆင်ပိုင်ခွင့်၊

(င)

ကုန်ထုတ်လုပ်မှု၊  ဝန်ဆောင်မှု၊  ကုန်သွယ်မှု လုပ်ငန်းများနှင့် ရေယာဉ် တည်ဆောက်မှုကို စီမံခန့်ခွဲမှု ကန်ထရိုက်စနစ်ဖြင့် သော်လည်းကောင်း၊     ငှားရမ်းလုပ်ကိုင်ခြင်း စနစ်ဖြင့် သော်လည်းကောင်း၊ အကျိုးတူစနစ်ဖြင့် သော်လည်းကောင်း၊ တည်ဆောက် လုပ်ကိုင် လွှဲပြောင်းစနစ်ဖြင့် သော်လည်းကောင်း ဆောင်ရွက်ရာတွင် ပြည်တွင်းပြည်ပ လုပ်ငန်းရှင် များနှင့် ပူးပေါင်းဆောင်ရွက်ပိုင်ခွင့်၊

(စ)

မိမိပိုင်ဆိုင်သည့် သို့မဟုတ်  ခွင့်ပြုချက် ရရှိထားသည့်  အသိဉာဏ်ပစ္စည်း ဆိုင်ရာ   မူပိုင်ခွင့်နှင့် စပ်လျဉ်း၍  မည်သူ့ကိုမဆို မိမိခွင့်ပြုချက် မရရှိဘဲ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ အသုံးပြုခြင်း  သို့မဟုတ်  တစ်နည်းနည်းဖြင့်  လွှဲပြောင်းခြင်း ပြုလုပ်လျှင် တရားစွဲဆိုပိုင်ခွင့်၊

(ဆ)

မိမိလုပ်ငန်းအတွက် လိုအပ်သည့် မြေ၊ ဆိပ်ကမ်း၊ အဆောက်အအုံတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သုံးစွဲပိုင်ခွင့်၊

(ဇ)

အဖွဲ့ပိုင် စက်ပစ္စည်းနှင့် စက်ကိရိယာများ၊ မြေ၊ အဆောက်အအုံများနှင့် ရေယာဉ်များ၊ အခြားပိုင်ဆိုင်ခွင့်များကို သက်ဆိုင်ရာ လုပ်ငန်းများအတွက် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များကို ငှားရမ်းခွင့်၊ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ပိုင်ခွင့်၊

(ဈ)

ငှားရမ်းခ၊ အခနှုန်းထားများ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ ပြန်အမ်းခြင်း၊ လျှော့ပေါ့ခြင်းနှင့်အရ ကောက်ခံခြင်းတို့ ဆောင်ရွက်ပိုင်ခွင့်၊

(ည)

အဖွဲ့ပိုင်ရေယာဉ်၊ ယာဉ်နှင့် အသုံးမလိုသည့် ပစ္စည်းများ၊ ရေယာဉ် ပြင်ဆင်ရာမှ ရရှိသည့် အသုံးမလိုသည့် ပိုလျှံပစ္စည်းများကို ထုခွဲ ရောင်းချခြင်းနှင့် လဲလှယ်ခြင်းတို့ ဆောင်ရွက်ပိုင်ခွင့်၊

(ဋ)

ဝန်ထမ်းများနှင့် ပြင်ပပုဂ္ဂိုလ်များကို ပို့ဆောင်ရေးဆိုင်ရာ၊ ရေကြောင်းဆိုင်ရာ သို့မဟုတ် ရေယာဉ်တည်ဆောက်ရေး လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများ အဖြစ် လေ့ကျင့် မွေးထုတ်နိုင်ရေးအတွက် ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သင်တန်းကျောင်းများ ဖွင့်လှစ်ခွင့်နှင့် သုတေသနပြုပိုင်ခွင့်၊

(ဌ)

ဝန်ထမ်းများကို ပြည်တွင်း၊ ပြည်ပသင်တန်းများသို့ စေလွှတ်နိုင်ခွင့်။

အခန်း (၅)

စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းခြင်း

၉။

ဝန်ကြီးဌာနသည် ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်ဦးရေ အများဆုံး ကိုးဦး အထိပါဝင်သော စီမံခန့်ခွဲရေးအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါ အတိုင်း ဖွဲ့စည်းရမည်-

(က)

ဝန်ကြီးဌာနက ခန့်အပ်တာဝန်ပေးအပ်သူ

ဥက္ကဋ္ဌ

(ခ)

အမှုဆောင်အရာရှိချုပ်

အဖွဲ့ဝင်

(ဂ)

ရေကြောင်းသွားလာရေးဆိုင်ရာ  ကျွမ်းကျင်ပညာရှင်တစ်ဦး

အဖွဲ့ဝင်

(ဃ)

ရေယာဉ်တည်ဆောက်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦး

အဖွဲ့ဝင်

(င)

စီးပွားရေးလုပ်ငန်း ကျွမ်းကျင်ပညာရှင်တစ်ဦး

အဖွဲ့ဝင်

(စ)

ဝန်ကြီးဌာနကရွေးချယ်တာဝန်ပေးသည့်  ကိုယ်စားလှယ်များ

အဖွဲ့ဝင်

(ဆ)

ဥက္ကဋ္ဌက တာဝန်ပေးအပ်သော အဖွဲ့ဝင်တစ်ဦး

အတွင်းရေးမှူး

၁၀။

စီမံခန့်ခွဲရေးအဖွဲ့အစည်းအဝေး ကျင်းပခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

၁၁။

(က)

စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်အဖြစ် ခန့်ထားခြင်းခံရသော  ပုဂ္ဂိုလ် တစ်ဦးဦးသည်  ယင်းသို့  မခန့်ထားမီကာလက စီမံခန့်ခွဲရေး အဖွဲ့ ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင် လုပ်ငန်းတာဝန်ဆောင်ရွက်ခြင်းကို ထိခိုက်ဖွယ် ရှိသည့် ငွေရေးကြေးရေး အကျိုးခံစားခွင့် သို့မဟုတ် အခြားအကျိုး သက်ဆိုင် ခွင့်များနှင့် ကင်းရှင်းသူ ဖြစ်ရမည်။

(ခ)

စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင် တစ်ဦးဦးသည် စီမံခန့်ခွဲရေး အဖွဲ့က   ပြုလုပ်သည့်   သို့မဟုတ်  ပြုလုပ်ရန် ကြံရွယ်သည့်  ပဋိညာဉ် တွင်သော် လည်းကောင်း၊  ရောင်းမှု ၊ ဝယ်မှု သို့မဟုတ် ငှားရမ်းမှု တစ်ခုခုတွင် သော်လည်းကောင်း တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ တစ်နည်း နည်းဖြင့် အကျိုးသက်ဆိုင်နေပါက မိမိသည်သို့ အကျိုးသက်ဆိုင်ကြောင်းကို အဖွဲ့၏ အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုရမည်။

(ဂ)

ပုဒ်မခွဲ (ခ) အရ ထုတ်ဖော်ပြောဆိုချက်ကို စီမံခန့်ခွဲရေးအဖွဲ့ အစည်းအဝေး မှတ်တမ်းများတွင်  ရေးမှတ်ထားရမည်ဖြစ်ပြီး သက်ဆိုင်သည့် အဖွဲ့ဝင်သည် ယင်းပဋိညာဉ် နှင့် သော်လည်းကောင်း၊  ရောင်းမှု၊  ဝယ်မှု   သို့မဟုတ်   ငှားရမ်းမှုနှင့်သော် လည်းကောင်း စပ်လျဉ်း၍ စီမံခန့်ခွဲရေး အဖွဲ့က ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းပြုရာတွင် မပါဝင်ရ။

(ဃ)

စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တစ်ဦးဦးမှ ငွေရေးကြေးရေး အကျိုး သက်ဆိုင်ခွင့်   သို့မဟုတ်   အခြားအကျိုး သက်ဆိုင်ခွင့် ရှိ မရှိ ဆုံးဖြတ်ရန် အကြောင်းပေါ်ပေါက်လျှင် အဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်။

၁၂။

(က)

စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့၏ ရာထူးသက်တမ်းသည် စတင် တာဝန် ထမ်းဆောင်သည့်နေ့ရက်မှ ငါးနှစ်ဖြစ်သည်။

(ခ)

စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရာထူးသက်တမ်း ကုန်ဆုံး သည့်အခါ ဝန်ကြီးဌာနက  အသစ်ဖွဲ့စည်း တာဝန်ပေးအပ်ပြီးသည့် အချိန်အထိ မိမိတို့၏ လုပ်ငန်း တာဝန်များကို ဆက်လက် ထမ်းဆောင် ရမည်။

(ဂ)

စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရာထူးသက်တမ်း နှစ်ကြိမ် ထက်ပို၍ ထမ်းဆောင်ခြင်း မပြုရ။

(ဃ)

အကြောင်းတစ်ရပ်ရပ်ကြောင့် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင် ရာထူးနေရာ လစ်လပ်သည့်အတွက် အစားထိုးခန့်ထားပါက စီမံခန့်ခွဲရေး အဖွဲ့ ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်များ၏ ရာထူးသက်တမ်းသည် မူလရာထူး၏ ကျန်ရှိသည့် သက်တမ်းကုန်ဆုံးသည် အထိသာ ဖြစ်ရမည်။

(င)

စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်အဖြစ် ကြားဖြတ် တာဝန်ယူရ သည့် ကာလတို ရာထူးသက်တမ်းတစ်ခုဟု မသတ်မှတ်ရ။

၁၃။

(က)

စီမံခန့်ခွဲရေးအဖွဲ့တွင် အကြောင်းတစ်ခုခုကြောင့် အဖွဲ့ဝင်ရာထူး နေရာ လစ်လပ်ပါက  လစ်လပ်သည့်  နေ့ရက်မှ  ရက်ပေါင်း ၃၀  အတွင်း   ဝန်ကြီးဌာနသည်  အဖွဲ့ဝင်သစ်ကို သတ်မှတ်ချက်များနှင့်အညီ ဖြည့်စွက် ခန့်ထားရမည်။

(ခ)

စီမံခန့်ခွဲရေးအဖွဲ့က ဆောင်ရွက်သည့် ကိစ္စရပ်များသည် အဖွဲ့ဝင်ရာထူး လစ်လပ်သည့် အကြောင်းကြောင့်သော်လည်းကောင်း၊  အဖွဲ့ဝင်တစ်ဦးဦး ခန့်ထားရာတွင် ချို့ယွင်းချက် တစ်ခုခုရှိသည့် အကြောင်းကြောင့် သော်လည်းကောင်း ပျက်ပြယ်ခြင်း မရှိစေရ။

၁၄။

ဝန်ကြီးဌာနသည်  သတ်မှတ်ထားသည့်  အကြောင်းတစ်ရပ်ရပ်နှင့် ငြိစွန်းသော စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင် တစ်ဦးဦးကို ရာထူးမှ နုတ်ထွက်ရန်  ညွှန်ကြားနိုင်သည်။   ညွှန်ကြားသည့်အတိုင်း   လိုက်နာခြင်း မပြုလျှင် ထိုအဖွဲ့ဝင် အား တာဝန်မှ ရပ်စဲရမည်။

၁၅။

စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဝန်ကြီးဌာန၏ သဘော တူညီချက်ဖြင့် စီမံခန့်ခွဲရေးအဖွဲ့က သတ်မှတ်ထားသည့် ချီးမြှင့်ငွေနှင့်စရိတ်တို့ကို ခံစားခွင့်ရှိသည်။

အခန်း(၆)

စီမံခန့်ခွဲရေးအဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၁၆။

စီမံခန့်ခွဲရေးအဖွဲ့၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)

အဖွဲ့ပိုင်ပစ္စည်းများနှင့်  ဘဏ္ဍာငွေများကို  လေလွင့် ၊  ဆုံးရှုံး၊ ပျက်စီး၊ ပျောက်ဆုံးမှု မရှိစေရန် ကြီးကြပ်ထိန်းသိမ်းခြင်း၊

(ခ)

ဝင်ငွေနှင့် အကျိုးအမြတ် တိုးပွားစေရေးအတွက်  သင့်လျော်သော နည်းလမ်းများဖြင့် ဆောင်ရွက်ခြင်း၊

(ဂ)

ဝန်ထမ်းများ၏ ရပိုင်ခွင့်များ ရရှိစေခြင်း၊

(ဃ)

မိမိလုပ်ငန်းတစ်ခုလုံး၏ အောင်မြင်မှု သို့မဟုတ် ဆုံးရှုံးမှုကို တာဝန်ခံခြင်း၊

(င)

အဖွဲ့ပိုင် လုပ်ငန်းအသီးသီး၏ တာဝန်ခံဝန်ထမ်းများက ယင်းတို့ တာဝန်ယူ သည့် လုပ်ငန်း၏ အောင်မြင်မှု သို့မဟုတ် ဆုံးရှုံးမှုကို တာဝန်ခံစေရန် စီမံကြီးကြပ်ခြင်း။

၁၇။

စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)

ဤဥပဒေပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော ငွေကြေး အရင်းအနှီးများကို ဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စု အစိုးရ အဖွဲ့၏ အတည်ပြုချက် ရယူ၍  ပြည်တွင်း၊  ပြည်ပဘဏ်များနှင့်  ငွေရေး ကြေးရေး အဖွဲ့အစည်းများထံမှ  ဥပဒေနှင့်အညီ  ငွေချေးယူခြင်း၊  ပြန်လည် ပေးဆပ်ခြင်း၊   ငွေထုတ်ချေးခြင်း၊   ပြန်လည်ရယူခြင်းနှင့် အထောက်အပံ့ များ ရယူခြင်း၊

(ခ)

အဖွဲ့၏ ရန်ပုံငွေကို ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းနှင့်အညီ စီမံခန့်ခွဲခြင်း၊

(ဂ)

လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊

(ဃ)

လိုအပ်ပါက အကြံပေးပုဂ္ဂိုလ်များကို  သတ်မှတ်ချက်များနှင့်အညီ ခန့်အပ်နိုင် ခြင်း၊ ချီးမြှင့်ငွေနှင့် စရိတ်များကို သတ်မှတ်ပေးခြင်း၊

(င)

တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊  စည်းမျဉ်း၊  စည်းကမ်းများနှင့် အညီ ဝန်ထမ်းများကို ခန့်ထားခြင်း၊ တာဝန်ပေးခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်း၊  အရေးယူအပြစ်ပေးခြင်း၊  ထုတ်ပယ်ခြင်းနှင့် အငြိမ်းစားပေးခြင်း၊

(စ)

အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် လုပ်ငန်း သဘောတူ စာချုပ်များ ချုပ်ဆိုခြင်း။

အခန်း(၇)

ဘဏ္ဍာရေး၊ ငွေရေးကြေးရေးနှင့်စာရင်းများ

၁၈။

အဖွဲ့သည် ပြည်ထောင်စုအစိုးရအဖွဲ့က နှစ်စဉ် သတ်မှတ်ပေးသည့် နိုင်ငံတော်သို့ ထည့်ဝင်ငွေနှင့် တည်ဆဲဥပဒေအရ ကျသင့်သည့် အခွန်အခ များကို ပေးသွင်းရမည်။

၁၉။

အဖွဲ့က လွှဲပြောင်းရယူသည့် နိုင်ငံတော်ပိုင် ပုံသေပိုင်ပစ္စည်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်အရ  ကာလပေါက် ဈေးဖြင့် တန်ဖိုးတွက်ချက် သတ်မှတ်၍ နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးအဖြစ် ဖော်ပြထားရမည်။

၂၀။

ပုဒ်မ ၁၉ အရ အဖွဲ့က လွှဲပြောင်းရယူခဲ့သော အရပ်ရပ်တန်ဖိုးများကို  အဖွဲ့တွင်  နိုင်ငံတော်၏  ရင်းနှီးမြှုပ်နှံမှု  တန်ဖိုးအဖြစ်  သတ်မှတ်ရမည်။ နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးအပေါ် ကျသင့်အမြတ်ဝေစုကို နိုင်ငံတော်သို့ ခွဲဝေပေးရမည်။

၂၁။

အဖွဲ့သည် ဘဏ္ဍာရေးနှစ်အလိုက်  စုစုပေါင်း  အရအသုံးငွေများကို ပြည်ထောင်စု၏  အရအသုံး ခန့်မှန်းခြေငွေစာရင်းတွင် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေနှင့်အညီ သီးခြားဖော်ပြ၍ ထည့်သွင်းရေးဆွဲရမည်။

၂၂။

အဖွဲ့သည် သင့်လျော်သောဘဏ်တွင် မြန်မာကျပ်ငွေနှင့် နိုင်ငံခြား သုံးငွေများကို သီးခြားစီ စာရင်းဖွင့်လှစ်ထားရှိ သုံးစွဲခွင့်ရှိသည်။

၂၃။

အဖွဲ့ပိုင် ရန်ပုံငွေများကို  စီမံခန့်ခွဲရေးအဖွဲ့က  သတ်မှတ်ထားသည့် ဘဏ္ဍာရေး ဆိုင်ရာ  စည်းမျဉ်းစည်းကမ်းများနှင့်အညီ   လိုက်နာဆောင်ရွက်ရမည်။

၂၄။

ဝန်ကြီးဌာနသည်-

(က)

အဖွဲ့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် ဆန္ဒမပြုသော ဝန်ထမ်းများကို မိမိလက်အောက်ရှိ သင့်လျော်သည့် ဌာန အဖွဲ့အစည်းတစ်ခုခုသို့ လွှဲပြောင်းပေးရမည်။

(ခ)

အဖွဲ့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သော ဝန်ထမ်းများအတွက် ကရုဏာ ကြေး၊ ချီးမြှင့်ငွေ၊ ပင်စင်၊ အငြိမ်းစားယူမှုဆိုင်ရာ ကိစ္စရပ်များကို ယင်းတို့ တာဝန် ထမ်းဆောင်ခဲ့သော အချိန်ကာလအတိုင်း တွက်ချက်၍ ခွင့်ပြု ပေးရမည်။

၂၅။

စီမံခန့်ခွဲရေးအဖွဲ့သည်-

(က)

အဖွဲ့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သော ဝန်ထမ်းများအတွက် ယင်းတို့ ခံစားခွင့်ရှိသော  လစာ၊  စရိတ်၊  ကရုဏာကြေး၊  နစ်နာကြေး၊  ချီးမြှင့်ငွေ၊ ပင်စင်နှင့် အငြိမ်စားယူမှုဆိုင်ရာ ကိစ္စရပ်များကို  ယင်းတို့  စတင်ပြောင်းရွှေ့ သည့်နေ့ ရက်မှစ၍ အချိန်ကာလတွက်ချက်ပြီး ခံစားခွင့်ပြုရမည်။

(ခ)

ဝန်ထမ်းများအတွက် ပင်စင်ရန်ပုံငွေကို သီးခြားထားရှိရမည်။

၂၆။

အဖွဲ့သည် စီမံခန့်ခွဲရေးအဖွဲ့၏  သဘောတူညီချက်ဖြင့်  အောက်ပါ ရန်ပုံငွေ များကိုထားရှိရမည်-

(က)

ဆုကြေးရန်ပုံငွေ၊

(ခ)

သက်သာချောင်ချိရေး ရန်ပုံငွေ၊

(ဂ)

ဖွံ့ဖြိုးမှုရန်ပုံငွေ၊

(ဃ)

တန်ဖိုးလျော့ရန်ပုံငွေ၊

(င)

လှည့်ပတ်ရန်ပုံငွေ၊

(စ)

အခြားလိုအပ်သော ရန်ပုံငွေ။

၂၇။

အဖွဲ့သည် သင့်လျော်သည့် အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့် ရရှိရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တစ်ဆင့် ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တည်ဆဲ ဥပဒေများနှင့်အညီ လျှောက်ထားနိုင်သည်။

၂၈။

အဖွဲ့သည် အောက်ပါစာရင်းများကို စီမံခန့်ခွဲရေးအဖွဲ့သို့ သတ်မှတ်ချက်နှင့်အညီ တင်ပြရမည်-

(က)

ဝန်ထမ်းအင်အားစာရင်း၊

(ခ)

ငွေသားအခြေအနေ၊

(ဂ)

ကုန်ပစ္စည်း ထုတ်လုပ်သည့်၊   ရောင်းဝယ်သည့် သို့မဟုတ် ဝန်ဆောင်သည့် စာရင်း၊

(ဃ)

အရှုံး၊ အမြတ်စာရင်း၊

(င)

လက်ကျန်ရှင်းတမ်း။

၂၉။

အဖွဲ့သည် ဝန်ကြီးဌာနအောက်ရှိ စီးပွားရေး အဖွဲ့အစည်းများအကြား ငွေကြေး ဆိုင်ရာ အပြန်အလှန် အကူအညီပေးခြင်းနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာန၏ သဘောတူညီ ချက်ဖြင့် ဆောင်ရွက်နိုင်သည်။

၃၀။

အဖွဲ့တွင် ထိရောက်သည့် စစ်ဆေးကြပ်မတ်မှု ရှိစေရန် ဌာနတွင်း စာရင်းစစ်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရမည်။

၃၁။

အဖွဲ့သည် လုပ်ငန်းနှင့်စာရင်းများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သို့မဟုတ် မြန်မာနိုင်ငံ စာရင်းကောင်စီတွင် မှတ်ပုံတင်ထားသော စာရင်းစစ်အဖွဲ့ သို့မဟုတ် နိုင်ငံတကာ အသိအမှတ်ပြု စာရင်းစစ်အဖွဲ့၏ စစ်ဆေးမှု ခံယူရမည်။

အခန်း(၈)

ဆုကြေးငွေချီးမြှင့်ခြင်း

၃၂။

အဖွဲ့သည် မိမိ၏ စီမံကိန်း လျာထားချက်အတိုင်း အကောင်အထည် ဖော်ရာ၌   သတ်မှတ်ထားသော   လုပ်ငန်း ကုန်ကျစရိတ်နှင့်  ဝင်ငွေအချိုး အတိုင်းသော် လည်းကောင်း၊ ယင်း အချိုးထက် ပိုကောင်းမွန်သော အချိုးအတိုင်းသော် လည်းကောင်း ဆုကြေးငွေ ချီးမြှင့်ပိုင်ခွင့်ရှိသည်။

၃၃။

ပုဒ်မ ၃၂ အရ ဆုကြေးငွေ ချီးမြှင့်ရာတွင် ဆုကြေးရန်ပုံငွေထဲမှ သတ်မှတ်ထားသော ရာခိုင်နှုန်းအချိုးအရ ဝန်ထမ်းများကို ဆုကြေးများခွဲဝေ သတ်မှတ်ပေးပြီးနောက် ကျန်ရှိသော ဆုကြေးရန်ပုံငွေထဲမှ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အလိုက် သော်လည်းကောင်း  အောက်ပါ  အခြေခံမူများအပေါ် မူတည်၍ စွမ်းဆောင်ရည် မြင့်မားမှု ဆုကြေးများ  ထပ်မံ ချီးမြှင့်နိုင်သည်-

(က)

သတ်မှတ်ထားသော  စံနှုန်းထက် တိုး၍   ထုတ်လုပ်ဆောင်ရွက်နိုင်ခြင်း၊ ဝန်ဆောင်မှု ပေးနိုင်ခြင်း၊

(ခ)

ထုတ်လုပ်မှု၊ ဝန်ဆောင်မှု နည်းစနစ်သစ်များ တီထွင်နိုင်ခြင်း၊

(ဂ)

တီထွင်ထုတ်လုပ်နိုင်မှု ရှိခြင်း၊ ထုတ်လုပ်သည့် ကုန်ပစ္စည်း အရည်အသွေး စံချိန်မီခြင်း၊

(ဃ)

ကုန်ကြမ်းသုံးစွဲမှု စံသတ်မှတ်ချက်များနှင့်အညီ စနစ်တကျ သုံးစွဲနိုင်ခြင်း၊

(င)

လေလွင့်၊ ပျက်စီး၊ ဆုံးရှုံးမှု လျော့နည်းခြင်း။

၃၄။

ဝန်ထမ်းများသည်  သီးခြားတာဝန်ပေးခြင်းအရ  ဆောင်ရွက်ရမည့် လုပ်ငန်း တစ်ရပ်ရပ် အတွက်  ချီးမြှင့်ငွေ သို့မဟုတ် အခကြေးငွေကို သက်ဆိုင်ရာ စည်းကမ်း များနှင့်အညီ ခံစားခွင့်ရှိသည်။

အခန်း(၉)

တားမြစ်ချက်များ

၃၅။

မည်သူမျှ အောက်ပါပြုလုပ်မှုတစ်ခုခုကိုမပြုရ –

(က)

ရေယာဉ်ခပေးဆောင်ခြင်းမှ ကင်းလွတ်ရန် ရည်ရွယ်ချက်ဖြင့် အသုံးပြုပြီး လက်မှတ်ဟောင်းကို သုံးစွဲ၍ ဖြစ်စေ၊ ရေယာဉ်ခ  ကြိုတင် ပေးဆောင်ခြင်း မပြုဘဲ  ဖြစ်စေ  အဖွဲ့ပိုင် ရေယာဉ်တွင် စီးနင်းလိုက်ပါခြင်း သို့မဟုတ် စီးနင်း လိုက်ပါရန် အားထုတ်ခြင်း၊

(ခ)

အဖွဲ့ပိုင် ရေယာဉ်တွင် ခရီးတစ်ခုအတွက် လက်မှတ် ဝယ်ယူစီးနင်း လိုက်ပါပြီးနောက် အဆိုပါ ခရီးကို ကျော်လွန်ကြောင်းသိလျက်နှင့် နောက်ထပ် ရေယာဉ်ခ ကြိုတင်ပေးဆောင်ခြင်း မပြုဘဲ  တမင်ဆက်လက်  စီးနင်းလိုက်ပါ ခြင်း သို့မဟုတ် စီးနင်းလိုက်ပါရန် အားထုတ်ခြင်း၊

(ဂ)

အဖွဲ့ပိုင်ရေယာဉ်တွင် ခရီးတစ်ခုအတွက်  လက်မှတ်ဝယ်ယူ စီးနင်း လိုက်ပါပြီးနောက် အဆိုပါ ခရီးသို့ ရောက်ရှိကြောင်း သိလျက်နှင့် ရေယာဉ်မှ ထွက်ခွာရန် တမင် ပျက်ကွက်ခြင်း သို့မဟုတ် ငြင်းဆန်ခြင်း၊

(ဃ)

မိမိနှင့်အတူ ယူဆောင်လာသော ပစ္စည်းများအတွက် တန်ဆာခ ပေးဆောင်ခြင်းမှ ကင်းလွတ်ရန် ရည်ရွယ်ချက်ဖြင့် ကျသင့်သော  တန်ဆာခ ကို  လုံး၀ပေးဆောင်ခြင်းမပြုဘဲ  သို့မဟုတ် အပြည့်အဝ  ပေးဆောင်ခြင်း မပြုဘဲ  အဖွဲ့ပိုင်ရေယာဉ်တွင် မိမိနှင့်အတူ ပစ္စည်းများ သယ်ဆောင်ခြင်း သို့မဟုတ် တင်ဆောင်ရန် အားထုတ်ခြင်း၊

(င)

အမှန်တကယ် ကျသင့်သောရေယာဉ်ခကို ပေးဆောင်ခြင်းမှ ကင်းလွတ်ရန် ရည်ရွယ်ချက်ဖြင့် အဖွဲ့ပိုင်ရေယာဉ်တွင် ရေယာဉ်နေရာ အဆင့်အတန်း  တစ်ခုအတွက်  ရေယာဉ်ခပေးဆောင်လျက်  ထိုနေရာ အဆင့်အတန်း ထက်မြင့်သော သီးသန့်နေရာတွင် သို့မဟုတ် အခန်းတွင် စီးနင်း လိုက်ပါခြင်း၊

(စ)

အဖွဲ့ပိုင်ရေယာဉ်တွင် စီးနင်းလိုက်ပါလျက် ရေယာဉ်လက်မှတ် မဝယ်ယူခြင်း သို့မဟုတ် ရေယာဉ်၏ အရာထမ်း၊ အမှုထမ်းများက ရေယာဉ် လက်မှတ် ထုတ်ပြရန် တောင်းဆိုသည့်အခါ ရေယာဉ်လက်မှတ် ထုတ်ပြရန် ပျက်ကွက်ခြင်း၊

(ဆ)

အဖွဲ့ပိုင်ရေယာဉ်တွင် စီးနင်းလိုက်ပါသော သူတစ်ဦးအတွက် ကျသင့်သော ရေယာဉ်ခကို ပေးဆောင်ခြင်းမှ ကင်းလွတ်စေရန် ရည်ရွယ်ချက်ဖြင့် လက်မှတ်စစ်ကို လိမ်လည် ပြသနိုင်စေခြင်း အလို့ငှာ မိမိ၏ လက်မှတ်ကို ထိုသူအား လွှဲပြောင်းပေးခြင်း၊

(ဇ)

ကုန်တင်ခပေးဆောင်ခြင်းမှ  လုံးဝ ကင်းလွတ်ရန် ရည်ရွယ်ချက်ဖြင့် ဖြစ်စေ၊ ကုန်တင်ခ   အပြည့် ပေးဆောင်ခြင်းမှ ကင်းလွတ်ရန်  ရည်ရွယ်ချက်ဖြင့် ဖြစ်စေ အဖွဲ့ပိုင် ရေယာဉ်ပေါ်တွင် တရားမဝင်သော နည်းလမ်းဖြင့် ကုန်ပစ္စည်း များ တင်ဆောင်ခြင်း သို့မဟုတ် တင်ဆောင်ရန် အားထုတ်ခြင်း၊

(ဈ)

အဖွဲ့ပိုင်ရေယာဉ်ပေါ်တွင် ခရီးသည်အတွက် နေရာကို တစ်နည်းနည်းဖြင့် ရယူလျက် ထိုနေရာကို အဖိုးအခဖြင့် ရောင်းချခြင်း သို့မဟုတ် ရောင်းရန် အားထုတ်ခြင်း သို့မဟုတ် လူစီး လက်မှတ်ကို အကျိုးအမြတ်ရယူ၍ တစ်ဆင့် ပြန်လည်ရောင်းချခြင်း၊

(ည)

အဖွဲ့ပိုင်ရေယာဉ်ပေါ်ရှိ ရေယာဉ်သုံး ပစ္စည်းကိုဖြစ်စေ၊ ရေယာဉ် အစိတ်အပိုင်း ကို ဖြစ်စေ ဖျက်ဆီးခြင်း၊ မရိုးမဖြောင့်သော သဘောဖြင့် ရယူခြင်း သို့မဟုတ် ယင်းသို့ ဖျက်ဆီးရန်၊ ရယူရန် အားထုတ်ခြင်း၊

(ဋ)

အဖွဲ့ပိုင်ရေယာဉ်တွင် အသုံးပြုသော ခရီးသည်လက်မှတ်များကိုဖြစ်စေ၊    တန်ဆာ   လက်မှတ်များကိုဖြစ်စေ၊   အခြားသော လက်မှတ် သို့မဟုတ် ပုံစံ များကို အတုပြုလုပ်ခြင်း၊  အတုပြုလုပ်ရန်  အားထုတ်ခြင်း သို့မဟုတ် အဆိုပါ လက်မှတ်အတုများကိုဖြစ်စေ၊ ပုံစံများကို ဖြစ်စေ ထိန်းသိမ်း ထားခြင်း သို့မဟုတ် ရောင်းဝယ်ခြင်း။

အခန်း(၁၀)

ပြစ်ဒဏ်များ

၃၆။

မည်သူမဆို-

(က)

ပုဒ်မ ၃၅၊ ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ)၊ (ဃ)၊ (င)၊ (စ)၊ (ဆ)၊ (ဇ) နှင့် (ဈ) တို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်နှစ်သောင်းမှ အများဆုံး ကျပ်တစ်သိန်း ထိ ငွေဒဏ်ချမှတ်ရမည်။

(ခ)

ပုဒ်မ ၃၅၊ ပုဒ်မခွဲ (ည) ပါ တားမြစ်ချက်ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို သုံးလထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊   ကျပ် ငါးသောင်းထက် မပိုသော ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

(ဂ)

ပုဒ်မ ၃၅၊ ပုဒ်မခွဲ (ဋ) ပါ တားမြစ်ချက်များကို ကျူးလွန်ကြောင်း  ပြစ်မှု ထင်ရှား  စီရင်ခြင်း ခံရလျှင်  ထိုသူကို  နှစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

အခန်း(၁၁)

အထွေထွေ

၃၇။

အဖွဲ့ပိုင် ရေယာဉ်ကို တပ်မတော်က ငှားရမ်းအသုံးပြုရာတွင် ၁၉၅၉ ခုနှစ်၊ တပ်မတော် အက်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (က) အရ တန်းပြည့် စစ်မှုထမ်းချိန်ဟူ၍  သတ်မှတ်ထားသည့် ကာလအတွင်း အသုံးပြုသည့် ရေယာဉ်များ ပျက်စီးခြင်း သို့မဟုတ် နစ်မြုပ်ခြင်းသည် သဘာ၀ဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်ခြင်း မဟုတ်လျှင် စတင်ရယူ အသုံးပြုစဉ်က အခြေအနေအတိုင်း ပြန်လည်အပ်နှံရမည် သို့မဟုတ် ရေယာဉ်၏ ကာလတန်ဖိုး အတိုင်း ပေးလျော်ရမည်။

၃၈။

ဤဥပဒေ ပုဒ်မ ၃၅၊ ပုဒ်မခွဲ (ည) နှင့် (ဋ) တို့အရ ကျူးလွန်သောပြစ်မှုကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုအဖြစ် သတ်မှတ်သည်။

၃၉။

အဖွဲ့နှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၏ အရာထမ်း၊ အမှုထမ်း အားလုံးသည် ဤဥပဒေအရ ပေးအပ်သော တာဝန်ကို ထမ်းဆောင်ချိန်တွင် ရာဇသတ်ကြီး ပုဒ်မ ၂၁ အရ ပြည်သူ့ဝန်ထမ်းဖြစ်သည်ဟု မှတ်ယူရမည်။

၄၀။

ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို  အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်-

(က)

ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ)

ဝန်ကြီးဌာနနှင့် အဖွဲ့တို့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၄၁။

၁၉၅၂  ခုနှစ်၊  ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်တွင်းရေကြောင်း သယ်ယူ ပို့ဆောင်ရေး အဖွဲ့  အက်ဥပဒေ  (၁၉၅၂  ခုနှစ်၊  အက်ဥပဒေအမှတ် ၃၅) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။

 (ပုံ) သိန်းစိန်                                                              

နိုင်ငံတော်သမ္မတ                                                           

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်                                             

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။