၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေ

(၂၀၁၄ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၉ ။)

၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်

(၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်)

          ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

အမည်နှင့် အကျိုးသက်ရောက်သည့်ကာလ

၁။

(က)

ဤဥပဒေကို ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေဟု ခေါ်တွင်စေရမည်။

(ခ)

ဤဥပဒေသည် ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ်အတွက် အကျိုး သက်ရောက် စေရမည်။

အခန်း (၂)

နောက်ထပ်အသုံးစရိတ်များကို ခွင့်ပြုလျာထားပေးခြင်းနှင့် စီမံခန့်ခွဲခြင်း

၂။

(က)

ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ စာရင်းပြင်ပမှ ဆောင်ရွက်သော ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ၊ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ စာရင်းပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ၊ တပ်မြို့ စည်ပင်သာယာရေး အဖွဲ့များ၊ နေပြည်တော်ကောင်စီ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီနှင့် စပ်လျဉ်း၍ ဇယား (၁)၊ (၂) (၃)၊ (၄)၊ (၅)၊ (၆)၊ (၇)နှင့် (၈) တို့တွင် ခွင့်ပြုထားသော သုံးငွေတို့အတွက် တာဝန်ပေးအပ်ခြင်း ခံရသည့် ပုဂ္ဂိုလ် အသီးသီးသည် မိမိနှင့်ယှဉ်တွဲဖော်ပြထားသော သက်ဆိုင်ရာ သုံးငွေများကို သုံးစွဲနိုင်သည်။

(ခ)

ပုဒ်မခွဲ(က)တွင် ခွင့်ပြုထားသည့် ဘဏ္ဍာငွေခွဲဝေသုံးစွဲခြင်းသည် ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေအရ ခွင့်ပြုထားသည့် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲခြင်းအပြင် နောက်ထပ်သုံးစွဲခြင်း ဖြစ်သည်ဟု မှတ်ယူရမည်။

၃။

(က)

ပုဒ်မ ၂ ပါ တာဝန်ပေးအပ်ခြင်း ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအား တာဝန်ပေးအပ်သည့် သုံးငွေကို စီမံခန့်ခွဲရန် မိမိလက်အောက်ရှိ လုပ်ငန်း ဆိုင်ရာ ပုဂ္ဂိုလ် အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။

(ခ)

သုံးငွေကို စီမံခန့်ခွဲရာတွင် ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံး လုပ်နည်း များနှင့်အညီ ဆောင်ရွက်ရမည်။

         ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။