ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့်စရိတ်များဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

(၂ဝ၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁။)

၁၃၇၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက်

(၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်)

      ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။

ဤဥပဒေကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။

ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် ၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင် အကျိုး သက်ရောက်စေရမည်။

၃။

နောင်တွင် အဆိုပါ ဥပဒေဟု ရည်ညွှန်းသည့် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေ ပုဒ်မ ၃ တွင် –

(က)

ပုဒ်မခွဲ (က) တွင်ပါရှိသော ”ကျပ်သုံးသိန်း” ဆိုသည့် စကားရပ်ကို ”ကျပ်တစ်ဆယ်သိန်း” ဆိုသည့် စကားရပ်ဖြင့်အစားထိုးရမည်။

(ခ)

ပုဒ်မခွဲ (ခ) တွင်ပါရှိသော ”ကျပ်နှစ်သိန်း” ဆိုသည့်စကားရပ်ကို ”ကျပ်ငါးသိန်း” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

(ဂ)

ပုဒ်မခွဲ (ဂ) တွင်ပါရှိသော ”ကျပ်နှစ်သိန်း” ဆိုသည့်စကားရပ်ကို ”ကျပ်ငါးသိန်း” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

(ဃ)

ပုဒ်မခွဲ (ဃ) တွင်ပါရှိသော ”ကျပ်တစ်သိန်း” ဆိုသည့်စကားရပ်ကို ”ကျပ်သုံးသိန်း” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၄။

အဆိုပါ ဥပဒေပုဒ်မ ၆ တွင်ပါရှိသော ”ကျပ်၂ဝဝဝ” ဆိုသည့် စကားရပ်နှင့် ”ကျပ် ၃ဝဝဝ” ဆိုသည့် စကားရပ်တို့ကို ” ကျပ် ၅ဝဝဝ” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၅။

အဆိုပါ ဥပဒေပုဒ်မ ၈ တွင်ပါရှိသော ”ကျပ် ၅ဝဝဝ” ဆိုသည့် စကားရပ်ကို ”ကျပ်တစ်သောင်း” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၆။

အဆိုပါ ဥပဒေပုဒ်မ ၁၂ ၏နောက်တွင် ပုဒ်မ ၁၂-က အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

”၁၂-က။

လွှတ်တော် ကိုယ်စားလှယ်များသည် ၂ဝ၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဆိုင်ရာ ဥပဒေ (၂ဝ၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၃) နှင့် ၂ဝ၁၂ ခုနှစ်၊ အမျိုးသား လွှတ်တော်ဆိုင်ရာဥပဒေ (၂ဝ၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၂၄) တို့တွင်ပါရှိသော ပုဒ်မ ၉၊ ပုဒ်မခွဲ (င) နှင့် (စ) တို့ပါ လုပ်ငန်း တာဝန်များ ထမ်းဆောင်ခြင်း၊ ပုဒ်မခွဲ (ဆ) ပါ လုပ်ငန်းတာဝန် ဆောင်ရွက်ရန် အချက်အလက် ရှာဖွေခြင်းနှင့် ပုဒ်မခွဲ (ဇ) ပါလွှတ်တော်က ပေးအပ်သည့် အခြားတာဝန်များကို ထမ်းဆောင်ခြင်းပြုသည့် အခါ၌ လည်း ဤဥပဒေ ပုဒ်မ ၆ နှင့် ၈ တို့အရ ပြဋ္ဌာန်းထားသော စရိတ်များကို ခံစားခွင့်ရှိသည်။ သို့ရာတွင် ရွေးကောက်ခံ မဟုတ်သော လွှတ်တော် ကိုယ်စားလှယ်များသည် ယင်းပုဒ်မ ၉၊ ပုဒ်မခွဲ (ဇ) အတွက်သာ ခံစားခွင့်ရှိသည်။”

၇။

အဆိုပါ ဥပဒေပုဒ်မ ၁၄ ကိုအောက်ပါအတိုင်း အစားထိုးရမည် –

”၁၄။

ဤဥပဒေအရ ခံစားခွင်ပြုသည့် ချီးမြှင့်ငွေအပေါ် ဝင်ငွေခွန် ကောက်ခံရမည်။ သို့ရာတွင် စရိတ်အပေါ် ဝင်ငွေခွန်ကောက်ခံခြင်းမှ ကင်းလွတ်စေရမည်။”

          ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာပုဒ်မ ၁ဝ၆ ပုဒ်မခွဲ (ဂ) နှင့် ပုဒ်မ ၁ဝ၇ တို့အရ ဤဥပဒေကို ထုတ်ပြန်သည်။

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။