တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ

(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၈။)

၁၃၇၆ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက်

(၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်)

       ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။

ဤဥပဒေကို တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။

ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည် –

(က)

တိုင်းရင်းသားလူမျိုးများ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကို ပင်ရင်းနိုင်ငံအဖြစ် သတ်မှတ်၍ စဉ်ဆက်မပြတ် နေထိုင်ခဲ့ကြသော လူမျိုးများကိုဆိုသည်။ ယင်းစကားရပ်တွင် နိုင်ငံသားပြုခွင့် ရသူများနှင့် ဧည့်နိုင်ငံသားများ မပါဝင်။

(ခ)

ဝန်ကြီးဌာန ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအစိုးရ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနကို ဆိုသည်။

(ဂ)

ပြည်ထောင်စုဝန်ကြီး ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်သော တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို ဆိုသည်။

(ဃ)

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာန ဆိုသည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်၏ သဘောတူညီချက်ဖြင့် တိုင်းရင်းသား လူမျိုးရေးရာ ကိစ္စရပ်များကို ဆောင်ရွက်ရန် ဖွဲ့စည်းတာဝန်ပေးအပ်သော ဝန်ကြီးဌာနကိုဆိုသည်။

( င )

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး ဆိုသည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၏ ဝန်ကြီးကို ဆိုသည်။

(စ)

တိုင်းရင်းသားရေးရာ ဆိုသည်မှာ တိုင်းရင်းသားတို့၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့်ဘာသာ၊ သမိုင်း အမွေအနှစ်၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခွင့်အရေးများ ရရှိရေးတို့ အပါအဝင် လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေး စသည့်ကိစ္စရပ်များကို ဆိုသည်။

အခန်း (၂)

ရည်ရွယ်ချက်များ

၃။

ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် –

(က)

တိုင်းရင်းသားလူမျိုးအားလုံး တန်းတူညီမျှသော နိုင်ငံသားအခွင့်အရေးများ ရရှိစေရန်၊

(ခ)

တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုဖြင့် စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ် အခြေခံ၍ ထာဝစဉ်အတူတကွ လက်တွဲနေထိုင်ကြစေရန်၊

(ဂ)

တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးတမ်း၊ အမျိုးသားရေးလက္ခဏာနှင့် သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်၊

(ဃ)

တိုင်းရင်းသားလူမျိုး အချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည် လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန်၊

(င)

တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေသည့် တိုင်းရင်းသားလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ပါဝင်သော လူမှုစီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန်၊

(စ)

ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကို တိုင်းရင်းသားလူမျိုးများ အပြည့်အဝ ရရှိစေရန်။

အခန်း(၃)

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ

၄။

တိုင်းရင်းသားလူမျိုးများသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေး၊ ပြည်သူတို့၏ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်း ထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် –

(က)

မိမိတို့၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့် ဘာသာသာသနာတို့ကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရှိသည်။

(ခ)

မိမိတို့၏ စကား၊ စာပေတို့ကို နိုင်ငံတော်၏ ပညာရေးမူဝါဒကို ထိခိုက်မှု မရှိစေဘဲ သင်ကြားခွင့်နှင့် သင်ယူခွင့်ရှိသည်။

(ဂ)

မိမိတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအရဆောင်ရွက်သော အခမ်းအနား များနှင့် နေ့ထူးနေ့မြတ်များကို လွတ်လပ်စွာ ကျင်းပခွင့်ရှိသည်။

(ဃ)

မိမိတို့၏ စာပေနှင့်အနုပညာတို့ကို ခေတ်မီတိုးတက်စေရန် တီထွင်ကြံဆ ဖော်ထုတ်ခွင့်နှင့် ယဉ်ကျေးမှု ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လွတ်လပ်စွာ သုတေသနပြု ဖော်ထုတ်ခွင့်ရှိသည်။

(င)

ပညာသင်ကြားခွင့်၊ ဆေးကုသခွင့်၊ အလုပ်အကိုင်ရပိုင်ခွင့်နှင့် စီးပွားရေး လုပ်ငန်းများတွင် တန်းတူညီမျှသော အခွင့်အရေးများ ရပိုင်ခွင့်ရှိသည်။

(စ)

မိမိတို့၏ရိုးရာတိုင်းရင်းဆေးပညာများ တိမ်ကောပပျောက်မှု မရှိစေရေး အတွက် ထိန်းသိမ်းခြင်း၊ ဖော်ထုတ်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်စေခြင်းတို့ကို ဆောင်ရွက်ခွင့်ရှိသည်။

(ဆ)

မိမိတို့၏ ရှေးဟောင်း အမွေအနှစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက် ခွင့် ရှိသည်။

(ဇ)

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်သော လူဦးရေရှိပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု ဥပဒေပြုရေးတွင် မိမိတို့ ကိုယ်စားလှယ်များ ပါဝင်နိုင်ရန် ဆောင်ရွက်ခွင့် ရှိသည်။

(ဈ )

ပုဒ်မခွဲ (ဇ) အရ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စု ဥပဒေပြုရေးတွင် ကိုယ်စားလှယ် ပါဝင်ခွင့် ရရှိသည့် တိုင်းရင်းသား လူမျိုးဖြစ်လျှင် ထိုတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု အုပ်ချုပ်ရေးတွင် အဓိကအားဖြင့် ထိုတိုင်းရင်းသား လူမျိုးများရေးရာကို ဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်များ ပါဝင်ခွင့်ပြုရမည်။

(ည)

မိမိတို့ တိုင်းရင်းသားများ၏ သမိုင်းဖြစ်စဉ်များကို ထုတ်ဖော်ခွင့်နှင့် အမွေအနှစ်များကို ဥပဒေနှင့်အညီ ထိန်းသိမ်းကာကွယ်ခွင့်ရှိရမည်။

အခန်း(၄)

ဝန်ကြီးဌာနဖွဲ့စည်းခြင်းနှင့် ပြည်ထောင်စုဝန်ကြီး ခန့်အပ်ခြင်း

၅။

တိုင်းရင်းသားလူမျိုးများ၏ ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ စီမံကိန်းကြီးများ၊ စီးပွားရေး လုပ်ငန်းများ၊ သဘာဝသယံဇာတ ထုတ်ယူသုံးစွဲခြင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက စီမံကိန်း အကြောင်း အရာ များကို သက်ဆိုင်ရာဌာနေ တိုင်းရင်းသား လူမျိုးများအား ပြည့်စုံတိကျစွာ ကြိုတင်ချပြ အသိပေး၍ ညှိနှိုင်းဆောင်ရွက်ရမည်။

၆။

နိုင်ငံတော်သမ္မတသည် တိုင်းရင်းသားလူမျိုးများရေးရာ ကိစ္စရပ်များကို အလေးထား ဆောင်ရွက်နိုင်ရန် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနကို ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းရမည်။

၇။

နိုင်ငံတော်သမ္မတသည် –

(က)

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများရေးရာ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးရန် လွှတ်တော်ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၃၂၊ ပုဒ်မခွဲ (က) ပါ အရည်အချင်း သတ်မှတ်ချက်နှင့် ပြည့်စုံသော သင့်လျော်သည့် ပုဂ္ဂိုလ်ကို ရွေးချယ်၍ ယင်း၏ အမည်စာရင်း ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည်။

(ခ)

ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စုလွှတ်တော် ၏ သဘောတူညီချက် မရရှိပါက ယင်းပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို ပြည်ထောင်စု လွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်။

(ဂ)

ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရရှိပြီးသည့် ပုဂ္ဂိုလ်အား ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးရမည်။

၈။

ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်။ ပြည်ထောင်စု ဝန်ကြီး၏ ရာထူးသက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူး သက်တမ်း အတိုင်းဖြစ်သည်။

အခန်း(၅)

ဝန်ကြီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၉။

ဝန်ကြီးဌာန၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် –

(က)

ဤဥပဒေပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် မူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊

(ခ)

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဤဥပဒေပါ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ အပြည့်အဝရရှိ ခံစားနိုင်ရေးအတွက် ကာကွယ်စောင့်ရှောက်ခြင်း၊

(ဂ)

တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ ထုံးတမ်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက်ခြင်း၊ သမိုင်းနှင့် ရှေးဟောင်းအမွေအနှစ် တို့ကို စူးစမ်းရှာဖွေဖော်ထုတ်ရေးနှင့် ထိန်းသိမ်း စောင့်ရှောက်ရေး အတွက် ဆောင်ရွက်ခြင်း၊

(ဃ)

တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်း ကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ဆောင်ရွက်ခြင်း၊

(င)

ဖွံ့ဖြိုးတိုးတက်မှု နည်းပါးသော တိုင်းရင်းသားလူမျိုးများ၏ လူမှုဘ၀ မြင့်မားရေး အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်း ဆက်သွယ်ရေး စသည့် လုပ်ငန်းရပ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်ခြင်း၊

( စ )

တိုင်းရင်းသား လူမျိုးတစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသား လူမျိုး အချင်းချင်းကို လည်းကောင်း၊ အခြားဘာသာ သာသနာကို လည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိ ချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ခြင်း၊

(ဆ)

တိုင်းရင်းသားများ၏ အခွင့်အရေးကို ဥပဒေနှင့်အညီ ထိရောက်စွာ အကာ အကွယ် ပေးခြင်း၊

( ဇ )

တိုင်းရင်းသား အချင်းချင်း သို့မဟုတ် တိုင်းရင်းသား လူမျိုးများအကြား ဖြစ်ပွားသည့် အငြင်းပွားမှုနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် ဖြေရှင်းခြင်း၊

( ဈ )

တိုင်းရင်းသား လူမျိုးများ၏ ဘက်စုံဖွံ့ဖြိုး တိုးတက်စေမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(ည)

လူနည်းစုဖြစ်သော၊ ကွယ်ပျောက်လုနီးပါး ဖြစ်နေသော တိုင်းရင်းသား မျိုးနွယ်စုများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ ထုံးတမ်းတို့ကို ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းခြင်း၊ စောင့်ရှောက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်း၊

( ဋ )

ဤဥပဒေပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊

(ဌ)

ပြည်ထောင်စုအစိုးရအဖွဲ့ကဖြစ်စေ၊ ဥပဒေတစ်ရပ်ရပ်အရ ဖြစ်စေ ပေးအပ်သော တိုင်းရင်းသား လူမျိုးရေးရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

၁၀။

ဝန်ကြီးဌာနသည် လိုအပ်သည့် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ထမ်း အဖွဲ့အစည်း အသီးသီးကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်း ဆောင်ရွက်ရမည်။

၁၁။

ဝန်ကြီးဌာနသည် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ပါက ကော်မတီနှင့် လုပ်ငန်းအဖွဲ့များကို သက်ဆိုင်ရာ အခြားပြည်ထောင်စုဝန်ကြီးဌာနများနှင့် ညှိနှိုင်း၍ ဖွဲ့စည်းနိုင်ပြီး ယင်းတို့ကို ဖွဲ့စည်းပါက လုပ်ငန်းတာဝန်များကို တစ်ပါတည်း သတ်မှတ်ပေးရမည်။

၁၂။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနသည် ယင်း၏ လက်အောက်တွင် လိုအပ်သည့် သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ထမ်းအဖွဲ့အစည်း အသီးသီးကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ သဘော တူညီချက်ဖြင့် ဖွဲ့စည်းဆောင်ရွက်ရမည်။

၁၃။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနသည် သက်ဆိုင်ရာ တိုင်းရင်းသား ရေးရာ ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ ရသုံးမှန်းခြေ ငွေစာရင်းတွင် နှစ်စဉ် ထည့်သွင်း ရေးဆွဲရမည်။

အခန်း (၆)

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်း

၁၄။

တိုင်းရင်းသားလူမျိုးများသည် မိမိတို့တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး နစ်နာ ဆုံးရှုံးပါက ကာကွယ်စောင့်ရှောက်မှု ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြနိုင်သည်။

၁၅။

သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် ပုဒ်မ ၁၄ အရ တင်ပြချက်ကို လက်ခံရရှိသည့်အခါ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး နစ်နာ ဆုံးရှုံးမှု မရှိစေရေးအတွက် လိုအပ်သည့် ကာကွယ်စောင့်ရှောက်မှုပေးရန်-

(က)

သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တိုင်းရင်းသား လူမျိုး ရေးရာ ဝန်ကြီးအား တာဝန်ပေးအပ်ရမည်။

   (ခ)

ပုဒ်မခွဲ (က) အရ တာဝန်ပေးအပ်နိုင်ခြင်းမရှိပါက သင့်လျော်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးဦးအား တာဝန်ပေးအပ်ရမည်။

၁၆။

ပုဒ်မ ၁၅ အရ တာဝန်ပေးအပ်ခြင်းခံရသော ဝန်ကြီးသည် –

(က)

မိမိအား တာဝန်ပေးအပ်သော ကိစ္စရပ်နှင့်စပ်လျဉ်း၍ တိုင်းရင်းသား လူမျိုး များ၏ အခွင့်အရေး နစ်နာဆုံးရှုံးမှု ပေါ်ပေါက်ခြင်း ရှိ မရှိ စိစစ်ရမည်။

(ခ)

ပုဒ်မခွဲ (က) အရ စိစစ်သည့်အခါ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး နစ်နာ ဆုံးရှုံးမှု ပေါ်ပေါက်ကြောင်း တွေ့ရှိပါက ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရှိ ဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရ အဖွဲ့အစည်းများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များနှင့် လိုအပ်သလို ပေါင်းစပ်ညှိနှိုင်း၍ လည်းကောင်း ဆောင်ရွက်ရမည်။

(ဂ)

ပုဒ်မခွဲ (ခ) အရ ဆောင်ရွက်ရာတွင် ပြည်ထောင်စုအဆင့်ရှိ အခြား ဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်း များ၏ ပံ့ပိုးမှု ရရှိရန် လိုအပ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့သို့ လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့မှ တစ်ဆင့် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနသို့ လည်းကောင်း တင်ပြရမည်။

၁၇။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် ပုဒ်မ ၁၆၊ ပုဒ်မခွဲ (ဂ) အရ တင်ပြချက်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုအဆင့်ရှိ ဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရ အဖွဲ့အစည်းများ၏ ပံ့ပိုးမှုရရှိရန် လိုအပ်ကြောင်း သုံးသပ်တွေ့ရှိပါက ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြရမည်။

၁၈။

ဝန်ကြီးဌာနသည် ပုဒ်မ ၁၆၊ ပုဒ်မခွဲ (ဂ) အရ တင်ပြချက်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုအဆင့်ရှိ ဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများ၏ ပံ့ပိုးမှုရရှိရန် လိုအပ်ကြောင်း သုံးသပ်တွေ့ရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရမည်။

၁၉။

ပုဒ်မ ၁၅ အရ တာဝန်ပေးအပ်ခြင်းခံရသော ဝန်ကြီးသည် မိမိ ဆောင်ရွက်ရသော ကိစ္စတွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ခြင်း မရှိပါက အကျိုးအကြောင်းပြည့်စုံစွာ ဖော်ပြ၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့သို့ တင်ပြရမည်။

၂၀။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် ပုဒ်မ ၁၉ အရ တင်ပြသော ကိစ္စမှာ ပြည်ထောင်စုအဆင့်တွင် ဆောင်ရွက်ပေးရမည့် ကိစ္စ ဖြစ်ကြောင်း သုံးသပ်တွေ့ရှိပါက လိုအပ်သလို ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြရမည်။

၂၁။

(က)

ပြည်ထောင်စုအစိုးရအဖွဲ့သည် ပုဒ်မ ၂၀ အရ တင်ပြချက်နှင့်စပ်လျဉ်း၍ လိုအပ်သလို ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုဝန်ကြီးအား တာဝန် ပေးအပ်ရမည်။

(ခ)

ပြည်ထောင်စုဝန်ကြီးသည် ပုဒ်မခွဲ (က) အရ တာဝန်ပေးအပ်သည့် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး နစ်နာဆုံးရှုံးသည့် ကိစ္စတွင် ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရေး အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရလည်းကောင်း၊ ပြည်ထောင်စု အဆင့်ရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများနှင့် ပေါင်းစပ် ညှိနှိုင်း၍ လည်းကောင်း ဆောင်ရွက်ရမည်။

အခန်း (၇)

တားမြစ်ချက်များ

၂၂။

မည်သူမျှ ဤဥပဒေပါ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ပိတ်ပင်တားဆီးခြင်း မပြုရ။

၂၃။

မည်သူမျှ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို နိုင်ငံရေးကိစ္စအလို့ငှာ အလွဲသုံးစား မပြုလုပ်ရ။

၂၄။

မည်သူမျှ တိုင်းရင်းသား လူမျိုးများအချင်းချင်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်း ကွဲခြင်း တစ်မျိုးမျိုးကို ဖြစ်ပေါ်စေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူများကို မပြုလုပ်ရ။

အခန်း (၈)

ပြစ်ဒဏ်များ

၂၅။

မည်သူမဆို ပုဒ်မ ၂၂ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၂၆။

မည်သူမဆို ပုဒ်မ ၂၃ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၂၇။

မည်သူမဆို ပုဒ်မ ၂၄ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်နှစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

အခန်း (၉)

အထွေထွေ

၂၈။

ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် အစည်းအဝေးတွင်ဖြစ်စေ နိုင်ငံတော် သို့မဟုတ် အများပြည်သူတို့နှင့် သက်ဆိုင်သည့် အရေးကြီးသော တိုင်းရင်းသား လူမျိုးများ ဆိုင်ရာ အခြေအနေကို အခါအားလျော်စွာ တင်ပြရမည်။

၂၉။

ပြည်ထောင်စုဝန်ကြီးသည် ပုဒ်မ ၉ ပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအား တာဝန်ခွဲဝေအပ်နှင်းခြင်း ပြုနိုင်သည်။

၃၀။

ဝန်ကြီးဌာနသည် ဤဥပဒေအရ ဖွဲ့စည်းသော ကော်မတီနှင့် လုပ်ငန်းအဖွဲ့များ၏ ရုံးလုပ်ငန်းများကို ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ကုန်ကျစရိတ်များကိုလည်း ကျခံရမည်။

၃၁။

ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

၃၂။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် ဤဥပဒေပါ တိုင်းရင်းသား ရေးရာ ကိစ္စတစ်ရပ်ရပ်ကို ဆောင်ရွက်ရန် မိမိတို့အစိုးရအဖွဲ့၏ သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးအား တာဝန်ပေးအပ် ဆောင်ရွက်စေရမည်။ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးမရှိသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် များတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ပေးအပ်သည့် ဝန်ကြီးအား ဆောင်ရွက်စေရမည်။

၃၃။

ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ဖြင့် တရားစွဲဆိုရာတွင် ဝန်ကြီးဌာန၏ ကြိုတင် ခွင့်ပြုချက် ကို ရယူရမည်။

၃၄။

ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် –

(က)

ဝန်ကြီးဌာနသည် နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်ထုတ်ပြန်နိုင်သည်။

( ခ )

ဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

( ဂ )

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

(ဃ)

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။