ယှဉ်ပြိုင်မှုဥပဒေ

(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၉။)

၁၃၇၆ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက်

(၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်)

     ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။

(က)

ဤဥပဒေကို ယှဉ်ပြိုင်မှု ဥပဒေဟု ခေါ်တွင်စေရမည်။

(ခ)

ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့် နေ့ရက်တွင် စတင် အာဏာတည်စေရမည်။

၂။

ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-

(က)

နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။

(ခ)

အစိုးရအဖွဲ့ ဆိုသည်မှာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရ အဖွဲ့ကို ဆိုသည်။

(ဂ)

ကော်မရှင် ဆိုသည်မှာဤဥပဒေအရ ဖွဲ့စည်းသော မြန်မာနိုင်ငံ ယှဉ်ပြိုင်မှု ကော်မရှင်ကို ဆိုသည်။

(ဃ)

ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန် ပေးအပ်သော ဝန်ကြီးဌာနကို ဆိုသည်။

(င)

ယှဉ်ပြိုင်မှု ဆိုသည်မှာ ဈေးကွက်အတွင်းရှိ စီးပွားရေးလုပ်ငန်း လုပ်ကိုင် သူများ အကြား မိမိတို့၏ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူ အသုံးပြုမည့် ဝယ်ယူသူအရေအတွက်၊ ဈေးကွက်ဝေစုနှင့် ဈေးကွက် လွှမ်းမိုး နိုင်မှုတို့ကို ပိုမိုရရှိစေရန် စီးပွားရေး လုပ်ငန်းများကို အပြိုင်အဆိုင် ပြုလုပ်သည့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ယှဉ်ပြိုင်ဆောင်ရွက်မှုကို ဆိုသည်။

(စ)

ယှဉ်ပြိုင်မှုမူဝါဒ ဆိုသည်မှာ ဈေးကွက်အတွင်း မျှတသော ယှဉ်ပြိုင်မှု တစ်ရပ် ဖြစ်ထွန်း ပေါ်ပေါက်စေရေးနှင့် စားသုံးသူများ၏ အကျိုးကို လက်ဝါးကြီးအုပ် ဆောင်ရွက်မှုမှ တားဆီး ကာကွယ်နိုင်ရေးတို့အတွက် ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများအပေါ် တိုက်ရိုက်အကျိုး သက်ရောက်စေရန် နိုင်ငံတော်က ချမှတ် လုပ်ဆောင် သော မူဝါဒများကို ဆိုသည်။

(ဆ)

ယှဉ်ပြိုင်မှုကို ကန့်သတ်ထိန်းချုပ်သော ဆောင်ရွက်ချက် ဆိုသည်မှာ ဈေးကွက် အတွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်မှုကို လျော့နည်း စေရန် သို့မဟုတ် အတားအဆီး ဖြစ်စေရန် လုပ်ဆောင်ခြင်းကို ဆိုသည်။ ယင်းစကားရပ်တွင် ယှဉ်ပြိုင်မှုကို ထိန်းချုပ်သည့် သဘောတူညီချက်များ၊ ဈေးကွက်အတွင်းရှိ လွှမ်းမိုးထားသည့် အခြေအနေ အပေါ် အခွင့်အရေးယူ၍ အလွဲသုံးစားပြုခြင်းနှင့် တစ်ဦးတစ်ယောက်က ဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ်ဆောင်ရွက်ခြင်းတို့ ပါဝင်သည်။

(ဇ)

တရားမျှတမှု မရှိသော ယှဉ်ပြိုင်မှု ဆိုသည်မှာ စီးပွားရေးလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ အကျိုးစီးပွားကို ဖြစ်စေ၊ အခြား စီးပွားရေး လုပ်ငန်း သို့မဟုတ် စားသုံးသူတို့၏ တရားဝင်ရထိုက်သော အခွင့်အရေး များနှင့် အကျိုးစီးပွားများကို ဖြစ်စေ ထိခိုက်စေသော သို့မဟုတ် ထိခိုက် စေနိုင်သော ယှဉ်ပြိုင်မှု ဆောင်ရွက်ချက်များကို ဆိုသည်။

(ဈ)

စီးပွားရေးလုပ်ငန်း ဆိုသည်မှာ ကုန်စည် ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ လဲလှယ်ခြင်း စသည့်လုပ်ငန်း သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်း တစ်ရပ်ရပ်ကို ဆိုသည်။

(ည)

စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူ ဆိုသည်မှာ စီးပွားရေးလုပ်ငန်း တစ်ရပ်ရပ် သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်း တစ်ရပ်ရပ်ကို လုပ်ကိုင်သော ပုဂ္ဂိုလ်ကို ဆိုသည်။ ယင်းစကားရပ်တွင် စီးပွားရေးလုပ်ငန်း သို့မဟုတ် ဝန်ဆောင်မှု လုပ်ငန်းကို လုပ်ကိုင်သော အဖွဲ့အစည်းလည်း ပါဝင်သည်။

(ဋ)

ကုန်စည် ဆိုသည်မှာ ဤဥပဒေအလို့ငှာ ကုန်သွယ်ခြင်း သို့မဟုတ် ထုတ်လုပ်ခြင်း သို့မဟုတ် စားသုံးခြင်းပြုသော ပစ္စည်းကိုဆိုသည်။ ယင်းစကားရပ်တွင် ငွေချေးသက်သေခံ အထောက်အထားများ၊ စတော့ခ် များနှင့် ရှယ်ယာများလည်း ပါဝင်သည်။

(ဌ)

ဝန်ဆောင်မှု ဆိုသည်မှာ ဤဥပဒေ အလို့ငှာ အခကြေးငွေ သို့မဟုတ် အဖိုးအခ သို့မဟုတ် အဖိုးစားနားဖြင့် ဆောင်ရွက်ပေးသော လုပ်ငန်းကို ဆိုသည်။ ယင်းစကားရပ်တွင် အစိုးရအဖွဲ့က ဝန်ဆောင်မှု ဖြစ်သည်ဟု အခါ အားလျော်စွာ သတ်မှတ်သည့် လုပ်ငန်းများလည်း ပါဝင်သည်။

(ဍ)

ဈေးကွက် ဆိုသည်မှာ ကုန်စည်နှင့် ဝန်ဆောင်မှုများအား ရောင်းလိုသူနှင့် ဝယ်လိုသူတို့ အကြား ရောင်းဝယ်ဖောက်ကားမှု ပြုလုပ်သော နယ်ပယ်ကို ဆိုသည်။

(ဎ)

ဈေးကွက်ဝေစု ဆိုသည်မှာ ဈေးကွက်၏ စုစုပေါင်း ရောင်းချနိုင်သော ပမာဏတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူက ရောင်းချသော သို့မဟုတ် ဝန်ဆောင်မှုပေးသော ရာခိုင်နှုန်း သို့မဟုတ် အချိုးအစားကို ဆိုသည်။

(ဏ)

ဈေးနှုန်း ဆိုသည်မှာ ကုန်စည်ရောင်းချမှု သို့မဟုတ် ဝန်ဆောင်မှု ပြုရာတွင် သတ်မှတ်သော တန်ဖိုးကို ဆိုသည်။

(တ)

ကော်မတီ ဆိုသည်မှာ ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ဆက်လက် ဆောင်ရွက်နိုင်ရန် ကော်မရှင်က ဖွဲ့စည်းသော စုံစမ်းစစ်ဆေးရေး ကော်မတီ အပါအဝင် အခြားကော်မတီများကို ဆိုသည်။

(ထ)

လုပ်ငန်းအဖွဲ့ ဆိုသည်မှာ ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် ကော်မတီက ဖွဲ့စည်းသော လုပ်ငန်းအဖွဲ့ကို ဆိုသည်။

အခန်း(၂)

ရည်ရွယ်ချက်

၃။

ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)

အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းများတွင် တရားသဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦး တစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့က ဖြစ်စေ လက်ဝါးကြီးအုပ် ဆောင်ရွက်မှု သို့မဟုတ် ဈေးကစားမှု ပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီး ကာကွယ်ရန်၊

(ခ)

ပြည်တွင်း၊ ပြည်ပ ကုန်သွယ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ အပေါ်တွင် မျှတမှုမရှိသော ဈေးကွက်ပြိုင်ဆိုင်မှုကို ထိန်းချုပ်နိုင်ရန်၊

(ဂ)

ဈေးကွက်အပေါ် ထိန်းချုပ်နိုင်စွမ်းကို အလွဲသုံးစားပြုခြင်းမှ တားဆီးနိုင်ရန်၊

(ဃ)

စီးပွားရေး လုပ်ငန်းများအကြား ကန့်သတ်ထားရှိသော သဘောတူညီချက်နှင့် အစီအမံများကို ထိန်းချုပ်နိုင်ရန်။

အခန်း (၃)

အခြေခံမူများ

၄။

ယှဉ်ပြိုင်မှု အခြေခံမူများမှာ အောက်ပါအတိုင်းဖြစ်သည် –

(က)

ဈေးကွက်တွင် လွတ်လပ်၍ မျှတသော ယှဉ်ပြိုင်မှု ဝန်းကျင် တစ်ရပ် ဖန်တီးပေးခြင်းအားဖြင့် ဒေသတွင်းနှင့် နိုင်ငံတွင်း စီးပွားရေး ဖွံ့ဖြိုး တိုးတက်သည့် အသိုက်အဝန်းအဖြစ် ရောက်ရှိစေရေး၊

(ခ)

ဈေးကွက်တွင် မျှတသော ယှဉ်ပြိုင်မှုကို အားပေးကူညီခြင်းဖြင့် စီးပွားရေး လုပ်ငန်းများ တစ်ပြေးညီ တိုးတက်လာစေရေးနှင့် သာတူညီမျှ ခံစားခွင့် ရရှိစေရေး၊

(ဂ)

ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက် နစ်နာ စေခြင်းမှ ကာကွယ်စောင့်ရှောက်ပေးနိုင်ရေး၊

(ဃ)

လုပ်ငန်းနယ်ပယ် အသီးသီးတွင် လွတ်လပ်၍ မျှတသော ယှဉ်ပြိုင်မှု ဖြစ်ထွန်း ပေါ်ပေါက်စေရေး၊

(င)

အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာနှင့် နိုင်ငံအချင်းချင်းဆိုင်ရာ ကုန်စည်များ၊ ဝန်ဆောင်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ ကျွမ်းကျင် လုပ်သားများ၊ ငွေကြေး စီးဝင်မှုများအတွက် လွတ်လပ်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်သော စီးပွားရေး အသိုက်အဝန်းတစ်ခုအဖြစ် ဖွဲ့စည်းဖြစ်ပေါ်လာစေရေးနှင့် ယှဉ်ပြိုင်မှု ကွန်ရက်တွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ရေး၊

(စ)

ဈေးကွက်အတွင်း ယှဉ်ပြိုင်မှု မူဝါဒများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊

(ဆ)

ရင်းနှီးမြှုပ်နှံသူ၊ တီထွင်သူနှင့် ထုတ်လုပ်သူတို့၏ အသိဉာဏ်ပစ္စည်း ဆိုင်ရာ အခွင့်အရေးများကို ကာကွယ်ပေးခြင်းဖြင့် တီထွင်ကြံဆနိုင်သော စွမ်းရည်ကို အားပေး မြှင့်တင်ရေး။

အခန်း(၄)

ကော်မရှင်ဖွဲ့စည်းခြင်း

၅။

အစိုးရအဖွဲ့သည် –

(က)

ဤဥပဒေပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် သင့်လျော်သော ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တစ်ဦးကို ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန၊ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်း များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ပညာရှင်များ၊ သင့်လျော် သော ပုဂ္ဂိုလ်များကို အဖွဲ့ဝင်များအဖြစ် လည်းကောင်း ပါဝင်စေလျက် မြန်မာနိုင်ငံ ယှဉ်ပြိုင်မှု ကော်မရှင်ကို ဖွဲ့စည်းရမည်။

(ခ)

ကော်မရှင်ကို ဖွဲ့စည်းရာတွင် အဖွဲ့ဝင်များအနက်မှ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့ကိုသတ်မှတ်၍ တာဝန်ပေးအပ်ရမည်။

(ဂ)

ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသော ကော်မရှင်ကို လိုအပ်သလို ပြင်ဆင် ဖွဲ့စည်းနိုင်သည်။

၆။

နိုင်ငံ့ဝန်ထမ်း မဟုတ်သော ကော်မရှင်အဖွဲ့ဝင်များသည် ဝန်ကြီးဌာနက ခွင့်ပြုသော လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေတို့ကို ခံစားခွင့်ရှိသည်။

၇။

ကော်မရှင်သည် နိုင်ငံတော်က ချမှတ်ထားသည့် စီးပွားရေးဆိုင်ရာ မူဝါဒ များနှင့်အညီ မိမိ၏ လုပ်ငန်းတာဝန်များကို လွတ်လပ်စွာ စီမံ ဆောင်ရွက်နိုင်သည်။

အခန်း (၅)

ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၈။

ကော်မရှင်၏တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)

ယှဉ်ပြိုင်မှုဆိုင်ရာ ကိစ္စရပ်များကို အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ဖြစ်စေ၊ နိုင်ငံအချင်းချင်းဖြစ်စေ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်း၊

(ခ)

နိုင်ငံတော်၏ အကျိုးစီးပွားအတွက် လိုအပ်သော စီးပွားရေး လုပ်ငန်းများနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား ဤဥပဒေကို လိုက်နာ ဆောင်ရွက်ခြင်းမှ လိုအပ်ပါက ကင်းလွတ်ခွင့်ပြုခြင်း၊

(ဂ)

ကော်မတီများနှင့် လုပ်ငန်းအဖွဲ့များကို လိုအပ်ချက်နှင့်အညီ ဖွဲ့စည်းခြင်းနှင့် ယင်းတို့၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်း၊

(ဃ)

ကော်မတီများနှင့် လုပ်ငန်းအဖွဲ့များမှ တင်ပြလာသော ကိစ္စရပ်များကို အဆုံးအဖြတ် ပေးခြင်း၊

(င)

စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် သို့မဟုတ် ယှဉ်ပြိုင်မှုကို ကန့်သတ်ရန် ခွင့်ပြုချက်ရရှိရေးအတွက် လျှောက်ထားရာတွင် လိုအပ်သည့် ပုံစံ၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းကမ်းချက်များကို သတ်မှတ်ခြင်း၊

(စ)

စီးပွားရေးလုပ်ငန်းတစ်ခု၏ ပိုင်ဆိုင်ခွင့် တစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံးကို အခြားစီးပွားရေးလုပ်ငန်းတစ်ခုက လွှမ်းမိုးမှု၊ ဝယ်ယူမှု၊ ရယူမှု သို့မဟုတ် စီးပွားရေး လုပ်ငန်းများ ပေါင်းစည်းမှုကြောင့် ယှဉ်ပြိုင်မှုအပေါ် ထိခိုက်နိုင်သည့် ဈေးကွက်ဝေစု၊ ရောင်းအား၊ ရင်းနှီးငွေပမာဏ၊ အစုရှယ်ယာ အရေအတွက်နှင့် လုပ်ငန်းနှင့်သက်ဆိုင်သည့် ပိုင်ဆိုင်သော ပစ္စည်း ပမာဏ တို့ကို သတ်မှတ်ခြင်း၊

(ဆ)

လက်ဝါးကြီးအုပ်ဆောင်ရွက်သည်ဟု ကော်မရှင်က ယူဆသည့် ဈေးကွက် ဝေစု၊ ရောင်းအား၊ ရင်းနှီးငွေပမာဏ၊ အစုရှယ်ယာ အရေအတွက်နှင့် လုပ်ငန်းနှင့်သက်ဆိုင်သည့် ပိုင်ဆိုင်သော ပစ္စည်းပမာဏတို့ကို သတ်မှတ် ဆုံးဖြတ်ခြင်း၊

(ဇ)

စီးပွားရေးလုပ်ငန်းတစ်ခု သို့မဟုတ် စီးပွားရေး လုပ်ငန်းစုတစ်ခုသည် ဈေးကွက် အတွင်း ယှဉ်ပြိုင်မှုကို ထိခိုက်နိုင်သည်ဟု ကော်မရှင်က သတ်မှတ် ထားသော ဈေးကွက်ဝေစု ပိုင်ဆိုင်မှု ပမာဏထက်ကျော်လွန်လျှင် သို့မဟုတ် ကျော်လွန်သည်ဟု ကော်မရှင်က ယူဆလျှင် ယင်းစီးပွားရေးလုပ်ငန်း သို့မဟုတ် စီးပွားရေးလုပ်ငန်းစု၏ ဈေးကွက်ဝေစုကို သတ်မှတ်ထားသည့် လုပ်ငန်းပမာဏသို့ လျှော့ချရန် ညွှန်ကြားခြင်း၊

(ဈ)

လက်ဝါးကြီးအုပ် ချုပ်ကိုင်ရန်ရှိသည်ဟု ကော်မရှင်က ယူဆသည့် စီးပွားရေး လုပ်ငန်း လုပ်ကိုင်သူတစ်ဦးဦး၏ ဈေးကွက်ဝေစုနှင့် အရောင်းမြှင့်တင်မှု များကို ကန့်သတ်သည့် အမိန့်ကြော်ငြာစာများ ထုတ်ပြန်၍ တားမြစ်ခြင်း၊

(ည)

ဤဥပဒေပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ကော်မရှင်က သံသယရှိလျှင်သော် လည်းကောင်း၊ ခိုင်လုံသော တိုင်ကြားချက်ရရှိလျှင် သော်လည်းကောင်း စုံစမ်းစစ်ဆေးရန် တာဝန်ပေးခြင်း၊

(ဋ)

စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးဦးထံမှ ယှဉ်ပြိုင်မှုနှင့် စပ်လျဉ်း၍ လိုအပ်သည့် အထောက်အထားများနှင့် အချက်အလက်များကို တောင်း ဆိုခြင်း၊

(ဌ)

ယှဉ်ပြိုင်မှုနှင့် စပ်လျဉ်းသည့် လိုအပ်သော စုံစမ်းမေးမြန်းမှုများ ဆောင်ရွက် ရန် သက်ဆိုင်သူများကို ခေါ်ယူမေးမြန်းခြင်း၊

(ဍ)

ယှဉ်ပြိုင်မှုနှင့်စပ်လျဉ်းသည့် အချက်အလက်များ၊ ရှင်းလင်းချက်များ၊ အကြံပြု ချက်များ သို့မဟုတ် ထင်မြင်ချက်များပေးရန် လိုအပ်ချက်နှင့် အညီ ပညာရှင်များ၊ ကျွမ်းကျင်သူများကို ဖိတ်ခေါ်ဆွေးနွေးခြင်း၊

(ဎ)

ကိစ္စတစ်ရပ်ချင်းအလိုက် သတ်မှတ်ချက်နှင့်အညီ လိုအပ်သော အထောက် အထားများနှင့် ပစ္စည်းများကို စစ်ဆေးရေးအတွက် သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခြင်း၊ ယင်းအထောက်အထား သို့မဟုတ် ပစ္စည်းကို ခံဝန်ချုပ်ဖြင့် ပြန်လည်ပေးအပ်ထားရန် ခွင့်ပြုသည့် အမိန့်ချမှတ်ခြင်း၊ ငြင်းပယ်ခြင်း သို့မဟုတ် ခွင့်ပြုချက်ကို ပြန်လည်ရုပ်သိမ်းခြင်း၊

(ဏ)

စုံစမ်းစစ်ဆေးရေးကော်မတီက တင်ပြသော စုံစမ်းစစ်ဆေး တွေ့ရှိချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ စိစစ်ခြင်းနှင့် လိုအပ်ပါက တရားစွဲဆိုရန် ညွှန်ကြားခြင်း၊

(တ)

ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူက ပြစ်မှုနှင့် စပ်လျဉ်း၍ တရားရုံးတွင် မိမိကိုယ်တိုင် ပါဝင်ကျူးလွန်ခဲ့ကြောင်း မခြွင်းမချန်ထွက်ဆိုခဲ့လျှင် ထိုသူကို စည်းကမ်းချက်ဖြင့် ပြစ်ဒဏ် ကင်းလွတ်ခွင့်ပြုနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း၊

(ထ)

ယှဉ်ပြိုင်မှုနှင့်သက်ဆိုင်သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနမှ တစ်ဆင့် အစိုးရအဖွဲ့သို့ အကြံပြုတင်ပြခြင်း၊

(ဒ)

ယှဉ်ပြိုင်မှုနှင့်သက်ဆိုင်သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အစိုးရအဖွဲ့က အခါ အားလျော်စွာ ပေးအပ်သည့် တာဝန်များကို ဆောင်ရွက်ခြင်း။

၉။

ကော်မရှင်သည် မိမိ၏လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် တိုးတက် ဖြစ်ပေါ်မှု အခြေ အနေများကို အစိုးရအဖွဲ့သို့ သုံးလလျှင်တစ်ကြိမ် အစီရင်ခံ တင်ပြရမည်။

၁၀။

ထူးခြားသည့် အခြေအနေ ပေါ်ပေါက်ပါက ကော်မရှင်သည် မိမိ၏ လုပ်ငန်း ဆောင်ရွက်ချက်များကို အစိုးရအဖွဲ့သို့ ဆောလျင်စွာ တင်ပြရမည်။

အခန်း (၆)

စုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

၁၁။

ကော်မရှင်သည် –

(က)

စုံစမ်းစစ်ဆေးရေးကော်မတီကို ကော်မတီဝင် အနည်းဆုံး ငါးဦး၊ အများဆုံး ကိုးဦးဖြင့် ဖွဲ့စည်းရမည်။ ယင်းတို့အနက်မှ သင့်လျော်သူ တစ်ဦးကို ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန် ပေးအပ်ရမည်။

(ခ)

ပုဒ်မခွဲ (က) အရ ဖွဲ့စည်းရာတွင် ကော်မတီဝင်များသည် စီးပွားရေး ပညာရပ်၊ ဥပဒေပညာရပ်၊ ကူးသန်းရောင်းဝယ်ရေး ပညာရပ်နှင့် သက်ဆိုင်ရာ အခြားပညာရပ်များတွင် အတွေ့အကြုံနှင့် ဗဟုသုတရှိသူ ဖြစ်ရမည်။

(ဂ)

ပုဒ်မခွဲ (က) အရ ဖွဲ့စည်းရာတွင် စုံစမ်းစစ်ဆေးရေး ကော်မတီဝင်အဖြစ် ဆောင်ရွက်သူသည် စုံစမ်းစစ်ဆေးရမည့် စီးပွားရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ် များနှင့် တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း သက်ဆိုင်သူ မဖြစ်စေရ။

(ဃ)

ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသော စုံစမ်းစစ်ဆေးရေးကော်မတီကို လိုအပ်သလို ပြင်ဆင် ဖွဲ့စည်းနိုင်သည်။

၁၂။

စုံစမ်းစစ်ဆေးရေးကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် –

(က)

စုံစမ်းစစ်ဆေးရေး ကိစ္စရပ်များအတွက် လိုအပ်သည့် သက်သေခံ အထောက် အထား၊ စာရွက်စာတမ်း၊ ငွေရေးကြေးရေး အထောက်အထားများနှင့် ခိုင်လုံသော အကျိုးအကြောင်း ဖော်ပြချက်များ တောင်းယူစစ်ဆေးခြင်း၊ လိုအပ်သော သက်သေများကို ခေါ်ယူ မေးမြန်းခြင်း၊

(ခ)

ပုဒ်မခွဲ (က) ပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ လိုက်နာရန် ပျက်ကွက်ပါက အရေးယူ ဆောင်ရွက်မှု ပြုနိုင်ရန် ကော်မရှင်မှတစ်ဆင့် သက်ဆိုင်ရာဌာန အဖွဲ့အစည်း များသို့ တင်ပြခြင်း၊

(ဂ)

စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူ သို့မဟုတ် စုံစမ်းစစ်ဆေးခြင်း ခံရသူ သို့မဟုတ် ယင်းတို့နှင့် ဆက်စပ် ပါဝင်နိုင်ဖွယ်ရှိသော ပုဂ္ဂိုလ် တစ်ဦးဦး၏ အဆောက်အအုံ၊ မြေ၊ လုပ်ငန်းနေရာတို့ကို ဥပဒေနှင့်အညီ ဝင်ရောက် ကြည့်ရှု စစ်ဆေးခြင်းနှင့် ရှာဖွေခြင်း၊

(ဃ)

စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာများနှင့် ဤဥပဒေအရ လိုအပ်သော အရေးယူ ဆောင်ရွက်မှုများကို ပြုနိုင်ရန် ကော်မရှင်သို့ တင်ပြခြင်း၊

(င)

လိုအပ်သော လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းခြင်းနှင့် ၎င်းတို့၏ လုပ်ငန်း တာဝန်များကို သတ်မှတ်ခြင်း။

(စ)

လုပ်ငန်းအဖွဲ့များ၏ စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာများကို လက်ခံစစ်ဆေး ဆောင်ရွက်ခြင်း။

အခန်း (၇)

ယှဉ်ပြိုင်မှုကို ကန့်သတ်ထိန်းချုပ်သော ဆောင်ရွက်ချက်

၁၃။

မည်သူမျှယှဉ်ပြိုင်မှုကို ကန့်သတ်ထိန်းချုပ်သော ဆောင်ရွက်ချက်ကို ဖြစ်ပေါ် စေသည့် အောက်ပါဆောင်ရွက်မှုတစ်ခုခုကို မပြုရ –

(က)

ဝယ်ယူသည့်ဈေးနှုန်း သို့မဟုတ် ရောင်းချသည့်ဈေးနှုန်း သို့မဟုတ် အခြား ကူးသန်းရောင်းဝယ်သည့် အခြေအနေများ၌ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ဈေးနှုန်းညှိနှိုင်း သတ်မှတ်ခြင်း၊

(ခ)

ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုကို ကန့်သတ်ထိန်းချုပ်သည့် သဘောတူညီချက် များ ပြုလုပ်ခြင်း၊

(ဂ)

မိမိ၏ စီးပွားရေးလုပ်ငန်းသည် သက်ဆိုင်ရာဈေးကွက်အတွင်း လွှမ်းမိုး ထားနိုင်သည့် အခြေအနေအပေါ် အခွင့်အရေးယူ၍ အလွဲသုံးစားမှုပြုခြင်း၊

(ဃ)

တစ်ဦး တစ်ယောက်ကဖြစ်စေ၊ အဖွဲ့အစည်းကဖြစ်စေ ဈေးကွက် ကန့်သတ် ထိန်းချုပ်မှုကို ဆောင်ရွက်ခြင်း၊

(င)

ဈေးကွက် သို့မဟုတ် ထောက်ပံ့မှု အရင်းအမြစ်များကို မျှဝေရန် ကန့်သတ် တားဆီးခြင်း၊

(စ)

ထုတ်လုပ်မှု၊ ဈေးကွက်ရရှိမှု၊ နည်းပညာနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု၊ ရင်းနှီးမြှုပ်နှံမှု တို့ကို ကန့်သတ်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်း၊

(ဆ)

တင်ဒါ သို့မဟုတ် လေလံဆွဲရာတွင် ညှိနှိုင်းသတ်မှတ်ခြင်း။

၁၄။

ကော်မရှင်သည် ယှဉ်ပြိုင်မှုကို ကန့်သတ်ထိန်းချုပ်သည့် သဘောတူညီချက် များနှင့်စပ်လျဉ်း၍ စားသုံးသူတို့ကို စရိတ်လျော့နည်းစေရန် ရည်ရွယ် ဆောင်ရွက် သည့် အောက်ပါ ကိစ္စရပ်တစ်ခုခုတွင် အကျုံးဝင်ပါက တိကျသော ကာလတစ်ရပ် သတ်မှတ်၍ ကင်းလွတ်ခွင့်ပြုနိုင်သည် –

(က)

လုပ်ငန်းစွမ်းဆောင်ရည် တိုးမြှင့်စေရန် စီးပွားရေးလုပ်ငန်း တစ်ရပ်ရပ်၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းပုံစံတို့ကို ပြုပြင်ပြောင်းလဲခြင်း၊

(ခ)

ကုန်စည်နှင့်ဝန်ဆောင်မှု အရည်အသွေး တိုးတက်စေရန် နည်းပညာနှင့် နည်းပညာ အဆင့် မြင့်မားမှုကို တိုးတက်စေခြင်း၊

(ဂ)

ကွဲပြားသော ထုတ်ကုန်အမျိုးမျိုး၏ နည်းပညာဆိုင်ရာ စံချိန်စံညွှန်းများနှင့် အရည်အသွေး အဆင့်အတန်း တစ်ပြေးညီ တိုးတက်စေခြင်း၊

(ဃ)

ဈေးနှုန်းနှင့်ဖြစ်စေ၊ ဈေးနှုန်းဆိုင်ရာ အချက်အလက်များနှင့် ဖြစ်စေ သက်ဆိုင်ခြင်း မရှိဘဲ စီးပွားရေးလုပ်ငန်းဆောင်ရွက်ခြင်း၊ ကုန်စည်များ ဖြန့်ဖြူးခြင်းနှင့် ငွေပေးချေခြင်း ကိစ္စများ တစ်ပြေးညီ ဖြစ်စေခြင်း၊

(င)

အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ ယှဉ်ပြိုင်မှု စွမ်းအားကို မြင့်မားစေခြင်း၊

(စ)

နိုင်ငံတကာ ဈေးကွက်တွင် မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်မှု စွမ်းအားကို မြင့်မားစေခြင်း။

အခန်း (၈)

ယှဉ်ပြိုင်မှုတွင် ဈေးကွက်လက်ဝါးကြီးအုပ် ဆောင်ရွက်ခြင်း

၁၅။

မည်သည့်စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူမျှ ဈေးကွက် လက်ဝါးကြီးအုပ် ဆောင်ရွက် ခြင်းကို ဖြစ်ပေါ်စေသည့် အောက်ပါဆောင်ရွက်မှု တစ်ခုခုကို မပြုရ-

(က)

ကုန်စည်ဝယ်ယူသည့် ဈေးနှုန်း သို့မဟုတ် ကုန်စည် ရောင်းချသည့် ဈေးနှုန်း သို့မဟုတ် ဝန်ဆောင်မှုအတွက် အခကြေးငွေကို ထိန်းချုပ်ထားခြင်း၊

(ခ)

ဈေးနှုန်း ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် ဝန်ဆောင်မှုကိုဖြစ်စေ၊ ထုတ်လုပ်မှု ကို ဖြစ်စေ ကန့်သတ်ခြင်း သို့မဟုတ် ကုန်စည်ဝယ်ယူခြင်း၊ ရောင်းချခြင်း ပြုရာတွင် အခွင့်အလမ်း များကို ကန့်သတ်ခြင်း သို့မဟုတ် အခြား စီးပွားရေး လုပ်ငန်း လုပ်ကိုင်သူများက မဖြစ်မနေ ဆောင်ရွက်ရမည့် စည်းကမ်းချက် များကို တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း သတ်မှတ်ခြင်း၊

(ဂ)

ဝန်ဆောင်မှု၊ ထုတ်လုပ်မှု၊ ဝယ်ယူမှု၊ ဖြန့်ဖြူးမှု၊ လွှဲပြောင်းပေးမှု သို့မဟုတ် တင်သွင်းမှုတို့ကို သင့်လျော်သည့် အကြောင်းပြချက် မရှိဘဲ ဆိုင်းငံ့ထားခြင်း၊ လျှော့ချခြင်း၊ ကန့်သတ်ခြင်း သို့မဟုတ် ဈေးကွက်ဝယ်လိုအားအောက် လျော့နည်းစေရေး အတွက် အရည်အသွေးကို လျှော့ချရန် အလို့ငှာ ကုန်စည် များကို ဖျက်ဆီးခြင်း၊ ပျက်စီးစေရန် ပြုလုပ်ခြင်း၊

(ဃ)

အခြားစီးပွားရေး လုပ်ကိုင်သူများကို ဈေးကွက်အတွင်း ဝင်ရောက်မလာ နိုင်စေရန်နှင့် ဈေးကွက်ဝေစုကို ထိန်းချုပ်ရန် အလို့ငှာ ကုန်စည်နှင့် ဝန်ဆောင်မှုများ ရောင်းဝယ် ဖောက်ကားမှု ပြုရာတွင် နယ်မြေဧရိယာ ထိန်းချုပ် ကန့်သတ်မှုပြုခြင်း၊

(င)

အခြားသူ၏ စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရာတွင် တရားမျှတမှု မရှိဘဲ ဝင်ရောက် စွက်ဖက်ခြင်း။

၁၆။

စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူသည် အခြားစီးပွားရေး လုပ်ငန်း တစ်ခုခု၏ အခြေအနေကို ထိန်းသိမ်းခြင်း သို့မဟုတ် စီးပွားရေးလုပ်ငန်းသစ်တစ်ခု ဖန်တီးခြင်း ကို အကျိုးသက်ရောက်မှု ရှိစေရန် ကော်မရှင်ခွင့်ပြုချက်ဖြင့် အောက်ဖော်ပြပါ ကိစ္စရပ်များကို ဆောင်ရွက်နိုင်သည် –

(က)

အခြားစီးပွားရေး လုပ်ငန်းတစ်ခုခု၏ ထုတ်လုပ်သူ၊ ဖြန့်ဖြူးသူ၊ ပံ့ပိုး ကူညီသူတို့နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခြင်း၊

(ခ)

အခြားစီးပွားရေး လုပ်ငန်းတစ်ခုခု၏ ပိုင်ဆိုင်မှု ပစ္စည်းများ သို့မဟုတ် အစုရှယ်ယာများ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ ဝယ်ယူခြင်း။

အခန်း (၉)

တရားမျှတမှု မရှိသော ယှဉ်ပြိုင်မှု

၁၇။

ဤဥပဒေအရ တရားမျှတမှုမရှိသော ယှဉ်ပြိုင်မှု အလို့ငှာ ဆောင်ရွက်ချက်တို့မှာ အောက်ပါအတိုင်း ဖြစ်သည် –

(က)

စားသုံးသူများ အထင်အမြင်လွဲမှားစေရန် ဆောင်ရွက်ခြင်း၊

( ခ)

စီးပွားရေးလုပ်ငန်း လျှို့ဝှက်ချက်ကို ပေါက်ကြားစေခြင်း၊

(ဂ)

စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူအချင်းချင်း အနိုင်အထက် ပြုလုပ်ခြင်း၊

(ဃ)

အခြားစီးပွားရေးလုပ်ငန်း၏ နာမည်ဂုဏ်သတင်းကို ပျက်ပြားစေခြင်း၊

(င)

အခြားစီးပွားရေးလုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်မှုကို နှောင့်ယှက်ခြင်း၊

(စ)

မျှတမှုမရှိသော ယှဉ်ပြိုင်မှုအလို့ငှာ ကြော်ငြာခြင်းနှင့် အရောင်းမြှင့်တင်ခြင်း၊

(ဆ)

စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအကြား ခွဲခြားဆက်ဆံခြင်း၊

(ဇ)

ထုတ်လုပ်မှုကုန်ကျစရိတ်အောက် လျော့နည်းသော ဈေးနှုန်းဖြင့် ဖြစ်စေ၊ ဆိပ်ကမ်းရောက် တန်ဖိုးအောက် လျော့နည်းသော ဈေးနှုန်းဖြင့်ဖြစ်စေ ဈေးကွက်အတွင်း ရောင်းချခြင်း၊

(ဈ)

မိမိလုပ်ငန်း၏ အရှိန်အဝါ ဩဇာကို အလွဲသုံးစားပြုခြင်း၊ အခြား လုပ်ငန်း များနှင့် သဘောတူ စာချုပ်ချုပ်ဆိုထားသူအား စာချုပ်ဖောက်ဖျက်ရန် ဆွဲဆောင်ခြင်း၊ လှုံ့ဆော်ခြင်း၊

(ည)

ကော်မရှင်က စားသုံးသူများ၏ အကျိုးအတွက် လိုအပ်သည့်အခါတွင် သတ်မှတ်သည့် ယှဉ်ပြိုင်မှုတွင် မျှတမှုမရှိသော ဆောင်ရွက်ချက်ကို ပြုလုပ်ခြင်း။

၁၈။

မည်သည့်စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူမျှ စားသုံးသူများ အထင်အမြင် လွဲမှား စေသည့် အောက်ပါဆောင်ရွက်မှု တစ်ခုခုကို မပြုရ –

(က)

တရားဝင် မှတ်ပုံတင်ထားသည့် ကုန်စည်အမည်၊ လုပ်ငန်းဆောင်ပုဒ်၊ အမှတ်တံဆိပ်၊ ထုပ်ပိုးမှု၊ ပထဝီဒေသဆိုင်ရာ အညွှန်းများနှင့် အခြား အရာများကို အထင်အမြင် လွဲမှားမှု ဖြစ်စေသည့် အချက်အလက် များကို အသုံးပြု၍ ယှဉ်ပြိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်း၊

(ခ)

ပုဒ်မခွဲ (က) ပါ သတင်းအချက်အလက်များကို အသုံးပြု၍ ကုန်စည် ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်း စသည့် စီးပွားရေး လုပ်ငန်းကို လုပ်ဆောင်ခြင်း။

၁၉။

မည်သည့်စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူမျှ အခြားစီးပွားရေး လုပ်ငန်း တစ်ခုခု၏ လျှို့ဝှက်ချက်များကို ပေါက်ကြားစေခြင်းနှင့် စပ်လျဉ်း၍ အောက်ပါ ဆောင်ရွက်မှု တစ်ခုခုကို မပြုလုပ်ရ-

(က)

စီးပွားရေး လုပ်ငန်းတစ်ခု၏ လျှို့ဝှက်ချက်များ၊ ယင်းလျှို့ဝှက်ချက်နှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကိုရယူခြင်း၊ စုဆောင်းခြင်း ပြုလုပ်ရာတွင် အဆိုပါ လျှို့ဝှက်ချက် များကို ဥပဒေ အရ ပိုင်ဆိုင်သူများက ကာကွယ်ထားသည့် လုံခြုံရေးဆိုင်ရာ အစီအမံများကို ချိုးဖောက်၍ ဆောင်ရွက်ခြင်း၊

(ခ)

စီးပွားရေးလုပ်ငန်း လျှို့ဝှက်ချက်များကို ဥပဒေနှင့်အညီ ပိုင်ဆိုင်သူ၏ တရားဝင် ခွင့်ပြုချက် မရရှိဘဲ အသုံးပြုခြင်း သို့မဟုတ် ဖော်ထုတ်ခြင်း၊

(ဂ)

စီးပွားရေးလုပ်ငန်း၏ လျှို့ဝှက်ချက်များ၊ ယင်းလျှို့ဝှက်ချက်နှင့် သက်ဆိုင် သည့် သတင်း အချက်အလက်များကို ရယူခြင်း၊ စုဆောင်းခြင်း သို့မဟုတ် ဖော်ထုတ်ခြင်း ပြုရာတွင် ယင်းလျှို့ဝှက်ချက်ကို ထိန်းသိမ်းရန် တာဝန်ရှိသူ၏ ယုံကြည်မှုရရှိရန် သွေးဆောင် ဖြားယောင်းခြင်း သို့မဟုတ် ယုံကြည်မှုအပေါ် အခွင့်အရေးရယူခြင်း၊

(ဃ)

ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ နည်းလမ်းတကျ ဆောင်ရွက်သည့် အခြား ပုဂ္ဂိုလ်များ ပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်း၏ လျှို့ဝှက်ချက်များ၊ ထုတ်ကုန် ဖြန့်ဖြူးခြင်းများနှင့် ဆိုင်သော လုပ်ငန်းစဉ်များကို ပေါက်ကြားစေခြင်း၊

(င)

နိုင်ငံပိုင် အဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသော လုံခြုံမှုဆိုင်ရာ အစီအမံများကို ချိုးဖောက်၍ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက် များကို ပေါက်ကြားစေခြင်း၊

(စ)

ပုဒ်မခွဲ (င) ပါ သတင်းအချက်အလက် များကို အသုံးပြု၍ စီးပွားရေး လုပ်ငန်း ကိစ္စအတွက် ဆောင်ရွက်ခြင်း သို့မဟုတ် စီးပွားရေးလုပ်ငန်း လိုင်စင်ရယူရန် လျှောက်ထားခြင်း သို့မဟုတ် ကုန်စည်များ ဖြန့်ဖြူးခြင်း။

၂၀။

မည်သည့် စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူမျှ စားသုံးသူများကိုဖြစ်စေ၊ အခြား စီးပွားရေး လုပ်ငန်းနှင့် တွဲဖက်လုပ်ကိုင်သူများကိုဖြစ်စေ ထိုလုပ်ငန်းနှင့် ဆက်သွယ် ဆောင်ရွက်ခြင်း မပြုရန် သို့မဟုတ် ဆက်သွယ်ဆောင်ရွက်ခြင်းကို ရပ်စဲရန် ခြိမ်းခြောက်၍သော် လည်းကောင်း၊ အတင်းအကျပ်ပြု၍သော် လည်းကောင်း ချုပ်ချယ်မှု ပြုလုပ်ခြင်းဖြင့် အနိုင်အထက် မပြုရ။

၂၁။

မည်သည့်စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူမျှ အခြားစီးပွားရေး လုပ်ငန်းများ၏ နာမည် ဂုဏ်သတင်း၊ ငွေကြေးဆိုင်ရာ အခြေအနေနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ပျက်ပြား စေရန် မမှန်ကန်သော သတင်းများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ထုတ်လွှင့်ခြင်း မပြုရ။

၂၂။

မည်သည့်စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူမျှ အခြားစီးပွားရေး လုပ်ငန်းများကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တားဆီးခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း မပြုရ။

၂၃။

မည်သည့်စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူမျှ တရားမျှတမှုမရှိသော ယှဉ်ပြိုင်မှု အလို့ငှာ ကြော်ငြာလုပ်ငန်းဆိုင်ရာ အောက်ပါဆောင်ရွက်မှုတစ်ခုခုကို မပြုရ-

(က)

စီးပွားရေးလုပ်ငန်း တစ်ခု၏ ကုန်စည်နှင့်ဝန်ဆောင်မှုများကို အခြား စီးပွားရေး လုပ်ငန်း များ၏ အလားတူ ကုန်စည်၊ ဝန်ဆောင်မှုများနှင့် တိုက်ရိုက် နှိုင်းယှဉ်ခြင်း၊

(ခ)

သူတစ်ပါး၏ ကုန်စည်နှင့် ဆင်တူယိုးမှား ကြော်ငြာခြင်းဖြင့် ကုန်စည် ဝယ်ယူသူတို့ကို သွေးဆောင်ဖြားယောင်းခြင်း၊

(ဂ)

အောက်ပါအကြောင်းအချက်များအနက် တစ်ခုခုအပေါ် မှားယွင်းသော သို့မဟုတ် သွေးဆောင် ဖြားယောင်းသော သတင်းအချက်အလက်များကို ကုန်စည်ဝယ်ယူသူများသို့ ထုတ်ပြန်ခြင်း-

(၁)

ဈေးနှုန်း၊ ပမာဏ၊ အရည်အသွေး၊ အသုံးဝင်မှုများ၊ ဒီဇိုင်းပုံစံများ၊ အမျိုးအစားများ၊ ထုပ်ပိုးမှုများ၊ ထုတ်လုပ်သည့် ရက်စွဲ၊ ကြာရှည် အသုံးခံမှု၊ မူလအရင်းအမြစ်၊ ထုတ်လုပ်သူ များ၊ ထုတ်လုပ်သည့် နေရာများ၊ ပြုပြင်ထုတ်လုပ်သူများ၊ ပြုပြင်ထုတ်လုပ်သည့် နေရာများ၊

(၂)

အသုံးပြုပုံ၊ ဝန်ဆောင်မှုပေးပုံ၊ အာမခံကာလ၊

(၃)

အခြားမှားယွင်းသော သို့မဟုတ် သွေးဆောင်ဖြားယောင်းသော သတင်း အချက်အလက်များ။

(ဃ)

တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ တားမြစ်ထားသည့် ကြော်ငြာလုပ်ငန်းများ။

၂၄။

မည်သည့် စီးပွားရေး လုပ်ငန်း လုပ်ကိုင်သူမျှ တရားမျှတမှု မရှိသော ယှဉ်ပြိုင်မှုကို ဖြစ်စေသည့် အောက်ပါဆောင်ရွက်မှု တစ်ခုခုကို မပြုရ-

(က)

လိမ်လည်လှည့်ဖြားလိုသော ရည်ရွယ်ချက်ဖြင့် အရောင်းမြှင့်တင်ရန် စည်းရုံး ဆောင်ရွက်ခြင်း၊

(ခ)

တူညီသော အရောင်းမြှင့်တင်ရေး အစီအစဉ်တွင် ကုန်စည်ဝယ်ယူသူများကို ခွဲခြား ဆက်ဆံခြင်း၊

(ဂ)

တည်ဆဲဥပဒေတစ်ရပ်ရပ်အရ တားမြစ်ထားသော အရောင်းမြှင့်တင်မှု နည်းလမ်းများကို ကျင့်သုံးဆောင်ရွက်ခြင်း။

၂၅။

မည်သည့်စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူမျှ ခွဲခြားဆက်ဆံခြင်းကို ဖြစ်ပေါ်စေသည့် အောက်ပါဆောင်ရွက်မှု တစ်ခုခုကို မပြုရ –

(က)

စီးပွားရေးလုပ်ငန်း တစ်ခုကို မိမိအဖွဲ့အစည်းသို့ ဝင်ရောက်ရန် သတ်မှတ် ထားသော အရည်အချင်း ပြည့်မီသော်လည်း ဝင်ခွင့်ပြုရန် ငြင်းဆန်ခြင်းဖြင့် ဖြစ်စေ၊ နုတ်ထွက်ခွင့်ပြုရန် ငြင်းဆန်ခြင်း ဖြင့်ဖြစ်စေ ယှဉ်ပြိုင်မှုတွင် အဟန့်အတား ဖြစ်စေခြင်း၊

(ခ)

စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းတွင် ပါဝင်သော စီးပွားရေး လုပ်ငန်း၏ ရည်ရွယ်ချက်နှင့် လုပ်ဆောင်မှုများကို ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ကန့်သတ်ခြင်း။

၂၆။

မည်သည့်စီးပွားရေး လုပ်ငန်း လုပ်ကိုင်သူမျှ မိမိ၏ ကုန်စည်ကို ဈေးကွက်အတွင်း ယှဉ်ပြိုင်ရောင်းချရာ၌ အခြားစီးပွားရေး လုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်း လျော့နည်း သွားစေရန် ရည်ရွယ်၍ ယင်းကုန်စည်၏ ထုတ်လုပ်မှု ကုန်ကျစရိတ်အောက် လျော့နည်း သော ဈေးနှုန်းဖြင့် လည်းကောင်း၊ သွင်းကုန်ဖြစ်ပါက ဆိပ်ကမ်းရောက် တန်ဖိုးအောက် လျော့နည်းသော ဈေးနှုန်းဖြင့်လည်းကောင်း ရောင်းချခြင်း မပြုရ။

၂၇။

မည်သည့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူမျှ ဈေးကွက်အတွင်း အရှိန်အဝါ ဩဇာကို အလွဲသုံးစားပြု၍ အောက်ပါဆောင်ရွက်မှုတစ်ခုခုကိုမပြုရ-

(က)

ယှဉ်ပြိုင်သူများ ဈေးကွက်အတွင်းမှ ထွက်သွားစေရန် အလို့ငှာ ထုတ်လုပ်မှု ကုန်ကျစရိတ်အောက် လျော့နည်းသော ဈေးနှုန်း သို့မဟုတ် ဆိပ်ကမ်း ရောက် တန်ဖိုး အောက် လျော့နည်းသော ဈေးနှုန်းဖြင့် ကုန်စည်များ ရောင်းချခြင်း သို့မဟုတ် ဝန်ဆောင်မှု ပေးခြင်း၊

(ခ)

ဈေးကွက်ပေါက်ဈေးနှင့် ကိုက်ညီမှုမရှိသော ဈေးနှုန်းဖြင့် ကုန်စည်များ ရောင်းချခြင်း၊ ဝယ်ယူခြင်း သို့မဟုတ် ဝန်ဆောင်မှု ပေးခြင်း သို့မဟုတ် ပြန်လည်ရောင်းချသူများ အပေါ် ရောင်းချရမည့် ဈေးနှုန်း သတ်မှတ် ပေးခြင်းဖြင့် စားသုံးသူများကို ထိခိုက် နစ်နာစေခြင်း၊

(ဂ)

ကုန်စည်ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းတို့ကို ထိန်းချုပ်ခြင်း၊ ဈေးကွက်ကို ကန့်သတ်ထားခြင်း၊ သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေခြင်းနှင့် စားသုံးသူများကို ထိခိုက်နစ်နာစေခြင်း၊

(ဃ)

တရားမျှတမှု မရှိသော ယှဉ်ပြိုင်မှု ဖြစ်ပေါ်စေရန် အလို့ငှာ တူညီသော ဈေးကွက် အတွင်း တစ်ပြေးညီ မဟုတ်သော ကူးသန်းရောင်းဝယ်မှုဆိုင်ရာ စည်းကမ်းချက်များ ချမှတ်ခြင်း၊

(င)

ကုန်စည်များ၊ ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ အရောင်းအဝယ် စာချုပ်များ ချုပ်ဆိုရာ၌ အခြား စီးပွားရေးလုပ်ငန်းများအပေါ် တရားမျှတမှု မရှိသော စည်းကမ်းချက်များ ချမှတ်ခြင်း သို့မဟုတ် ယင်းစာချုပ်များနှင့် တိုက်ရိုက် သက်ဆိုင်ခြင်းမရှိသော တာဝန်ဝတ္တရားများကို လက်ခံရန် အတင်း အကျပ်ပြုခြင်း၊

(စ)

ဈေးကွက်အတွင်း ယှဉ်ပြိုင်သူအသစ်များ ဝင်ရောက်လာခြင်းကို မတရား သည့် နည်းလမ်းများဖြင့် တားဆီးခြင်း၊

(ဆ)

ဈေးကွက်အတွင်း ယှဉ်ပြိုင်သူအသစ်များ ဝင်ရောက်လာခြင်းကို တားဆီးရန် အတွက် မိမိပိုင်ဆိုင်သည့် သို့မဟုတ် အသုံးပြုလျက်ရှိသည့် အဓိကကျသော အထောက်အကူပြု ပစ္စည်းများ သို့မဟုတ် ရှားပါးအရင်းအမြစ်များအား အသုံးပြုခွင့်ကို ငြင်းပယ်ခြင်း သို့မဟုတ် ခွဲခြားခွင့်ပြုခြင်း။

၂၈။

မည်သည့်စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူမျှ အခြားစီးပွားရေး လုပ်ငန်းများနှင့် သဘောတူစာချုပ် ချုပ်ဆိုထားပြီးဖြစ်သော ပုဂ္ဂိုလ် သို့မဟုတ် စီးပွားရေး လုပ်ငန်း တစ်ခုကို စာချုပ်သက်တမ်း မကုန်ဆုံးမီ စာချုပ်ဖောက်ဖျက်စေရန် သွေးဆောင် ဖြားယောင်းခြင်း သို့မဟုတ် ဆွဲဆောင်ခြင်းမပြုရ။

၂၉။

မည်သည့်စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူမျှ ဈေးကွက်အတွင်း မျှတမှု မရှိသော နည်းလမ်းဖြင့် ကုန်စည်များကို တင်သွင်းခြင်း၊ ယင်းကုန်စည်များကို ဈေးကွက် ပေါက်ဈေး အောက် လျှော့၍ ရောင်းချခြင်း မပြုရ။

အခန်း (၁၀)

စီးပွားရေးလုပ်ငန်း အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း

၃၀။

စီးပွားရေး လုပ်ငန်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းတွင် အောက်ပါ လုပ်ဆောင်ချက်များ ပါဝင်သည် –

(က)

စီးပွားရေးလုပ်ငန်းများ ပေါင်းစည်းခြင်း၊

(ခ)

စီးပွားရေးလုပ်ငန်းများ ပေါင်းစပ်ဖွဲ့စည်းခြင်း၊

(ဂ)

စီးပွားရေးလုပ်ငန်းတစ်ခုက အခြားစီးပွားရေးလုပ်ငန်း တစ်ခုကို ဝယ်ယူခြင်း၊ ရယူခြင်း၊

(ဃ)

စီးပွားရေးလုပ်ငန်းများ ဖက်စပ်လုပ်ကိုင်ခြင်း၊

(င)

ကော်မရှင်က သတ်မှတ်ထားသည့် စီးပွားရေးလုပ်ငန်း အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု အခြားနည်းလမ်းများဖြင့် ဆောင်ရွက်ခြင်း။

၃၁။

မည်သည့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူမျှ ပုဒ်မ ၃၀ ပါ လုပ်ဆောင်ချက်များကို ဆောင်ရွက်ရာတွင် အောက်ဖော်ပြပါ အခြေအနေများ ဖြစ်ပေါ်စေနိုင်သည့် ပူးပေါင်း ဆောင်ရွက်မှုကို မပြုရ-

(က)

အချိန်ကာလတစ်ခုအတွင်း ဈေးကွက်လွှမ်းမိုးမှုကို အလွန်အမင်း မြင့်မား စေရန် ရည်ရွယ်သည့် ပူးပေါင်းဆောင်ရွက်ခြင်း၊

(ခ)

စီးပွားရေးလုပ်ငန်း တစ်ခုတည်း သို့မဟုတ် အနည်းစုသာ ရှိသော ဈေးကွက် ရရှိစေရန် အတွက် ယှဉ်ပြိုင်မှုကို ကျဆင်းစေသည့် ပူးပေါင်း ဆောင်ရွက်ခြင်း။

၃၂။

စီးပွားရေးလုပ်ငန်း အချင်းချင်း ပူးပေါင်းဆောင်ရွက်ရာတွင် ပါဝင်သည့် စီးပွားရေး လုပ်ငန်းများ၏ ပေါင်းစပ်လိုက်သည့် ဈေးကွက်ဝေစုမှာ ကော်မရှင်က သတ်မှတ် ထားသည့် ဈေးကွက်ဝေစု ကန့်သတ်ချက်ထက် ကျော်လွန်ပါက မည်သည့် စီးပွားရေးလုပ်ငန်း အချင်းချင်း ပူးပေါင်းမှုကိုမျှ မပြုလုပ်ရ။

၃၃။

ပုဒ်မ ၃၁ အရ တားမြစ်ထားသည့် စီးပွားရေးလုပ်ငန်း အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု သို့မဟုတ် တားမြစ်ချက် တစ်ခုခုကို အောက်ဖော်ပြပါ အခြေအနေ များတွင် ကင်းလွတ်ခွင့် ပေးနိုင်သည် –

(က)

ပုဒ်မ ၃၀ အရ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ပြီးသော်လည်း ထိုစီးပွားရေး လုပ်ငန်းသည် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ သတ်မှတ်` ထားသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း အရွယ်အစား အတွင်း၌ပင် ရှိနေသေးသည့် အခြေအနေ၊

(ခ)

ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်သည့် စီးပွားရေး လုပ်ငန်းတစ်ခု သို့မဟုတ် တစ်ခုထက် ပိုသော စီးပွားရေးလုပ်ငန်းများသည် ပြိုလဲ ပျက်စီးနိုင်သည့် အခြေအနေ သို့မဟုတ် ဒေဝါလီ ခံရတော့မည့် အခြေအနေ၊

(ဂ)

စီးပွားရေးလုပ်ငန်း အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုသည် ပို့ကုန် တင်ပို့မှု မြှင့်တင်ရေး အပေါ် အကျိုးသက်ရောက်မှုရှိသော အခြေအနေ သို့မဟုတ် နည်းစနစ်နှင့် နည်းပညာ တိုးတက်မှုကို အထောက်အပံ့ပေးသည့် အခြေအနေ သို့မဟုတ် စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းများ တည်ထောင် သည့် အခြေအနေ။

အခန်း (၁၁)

စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူခြင်းနှင့် အယူခံခြင်း

၃၄။

ကော်မတီသည် ဤဥပဒေအရ ထုတ်ပြန်သော အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများကို ဖောက်ဖျက်သည့် စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူကို အောက်ပါ အရေးယူမှု တစ်ရပ်ရပ်ဖြင့်ဖြစ်စေ၊ တစ်ရပ်ထက်ပိုသော အရေးယူမှုများဖြင့် ဖြစ်စေ ဆုံးဖြတ် ဆောင်ရွက်နိုင်သည် –

(က)

သတိပေးခြင်း၊

(ခ)

သတ်မှတ်ထားသော ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊

(ဂ)

လုပ်ငန်းဆောင်ရွက်ခြင်းကို ယာယီ သို့မဟုတ် အမြဲတမ်း ပိတ်သိမ်းရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။

၃၅။

ကော်မတီက ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက် တစ်ရပ်ရပ်ကို မကျေနပ်သူ သည် အဆိုပါအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို လက်ခံရရှိသည့် နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ အယူခံ ဝင်ရောက်ခွင့် ရှိသည်။

၃၆။

(က)

ကော်မရှင်သည် ပုဒ်မ ၃၅ အရ အယူခံသည့်အခါ ကော်မတီ၏ ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။

(ခ)

ပုဒ်မခွဲ (က) အရ ကော်မရှင်၏ အဆုံးအဖြတ်သည် အပြီးအပြတ် အတည်ဖြစ်သည်။

၃၇။

ပုဒ်မ ၃၄၊ ပုဒ်မခွဲ (ခ) ပါသတ်မှတ်ထားသော ဒဏ်ကြေးငွေကို ပေးဆောင်ခြင်း မရှိပါက ဝင်ငွေခွန်မပြေ ကျန်ငွေဖြစ်ဘိသကဲ့သို့ အရ ကောက်ခံရမည်။

၃၈။

ဤဥပဒေအရ ချမှတ်ထားသော စီမံခန့်ခွဲရေးဆိုင်ရာ အရေးယူမှုသည် ပြစ်မှုကြောင်း အရ ဖြစ်စေ၊ တရားမကြောင်းအရ ဖြစ်စေ အရေးယူခြင်းကို ပိတ်ပင်ခြင်းမရှိစေရ။

အခန်း (၁၂)

ပြစ်မှုနှင့်ပြစ်ဒဏ်များ

၃၉။

မည်သူမဆို ပုဒ်မ ၁၃ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သိန်း တစ်ရာ့ ငါးဆယ် ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၄၀။

မည်သည့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူမဆို ပုဒ်မ ၂၃၊ ပုဒ်မ ၂၄ သို့မဟုတ် ပုဒ်မ ၂၉ ပါ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း တစ်ရာ့ငါးဆယ်ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၄၁။

မည်သူမဆို ပုဒ်မ ၁၅၊ ပုဒ်မ ၁၉၊ ပုဒ်မ ၂၂၊ ပုဒ်မ ၂၆၊ ပုဒ်မ ၂၇၊ ပုဒ်မ ၃၁ သို့မဟုတ် ပုဒ်မ ၃၂ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သိန်း တစ်ရာထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၄၂။

မည်သူမဆို ပုဒ်မ ၁၈၊ ပုဒ်မ ၂၀၊ ပုဒ်မ ၂၁၊ ပုဒ်မ ၂၅ သို့မဟုတ် ပုဒ်မ ၂၈ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းငါးဆယ် ထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၄၃။

မည်သူမဆို စုံစမ်းစစ်ဆေးရေးကော်မတီက ဤဥပဒေအရ စုံစမ်းစစ်ဆေးမှု ပြုရန် သက်သေခံ အထောက်အထား၊ စာရွက်စာတမ်း သို့မဟုတ် ငွေရေးကြေးရေး အထောက် အထား တစ်ခုခုကို တောင်းယူရာတွင် ဖြစ်စေ၊ သက်သေအဖြစ် ခေါ်ယူမေးမြန်းရာတွင် ဖြစ်စေ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်ရမည်။

၄၄။

တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် မည်သို့ပင် ပါရှိစေကာမူ ယှဉ်ပြိုင်မှုနှင့် စပ်လျဉ်း၍ ဤဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို ဤဥပဒေ အရသာ ဆောင်ရွက်ရမည်။

အခန်း (၁၃)

အထွေထွေ

၄၅။

ကော်မရှင်သည် အစည်းအဝေးများကို သတ်မှတ်ချက်များနှင့်အညီ ကျင်းပရမည်။

၄၆။

နိုင်ငံ့ဝန်ထမ်း မဟုတ်သော ကော်မရှင်အဖွဲ့ဝင် သို့မဟုတ် စုံစမ်းစစ်ဆေးရေး ကော်မတီအဖွဲ့ဝင် တစ်ဦးဦးသည် ဤဥပဒေပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်စဉ်တွင် ယင်းတို့အား ရာဇသတ်ကြီး ပုဒ်မ ၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့ဝန်ထမ်းဖြစ်သည်ဟု မှတ်ယူရမည်။

၄၇။

ဤဥပဒေအရ ပြစ်မှုတစ်ရပ်ရပ်ကို တရားစွဲဆိုရာတွင် ကော်မရှင်၏ ကြိုတင်ခွင့်ပြုမိန့် ရယူရမည်။

၄၈။

ပုဒ်မ ၃၄၊ ပုဒ်မခွဲ (ခ) ပါ သတ်မှတ်ထားသော ဒဏ်ကြေးငွေကို ကောက်ခံနိုင်ရန် ဝန်ကြီးဌာနသည် သင့်လျော်သော အရာရှိတစ်ဦးဦးကို ကော်လိပ်တော် အရာရှိ အဖြစ် ခန့်အပ်တာဝန်ပေးနိုင်သည်။

၄၉။

ဤဥပဒေအရ တရားစွဲဆိုခြင်း ခံရသူသည် စီးပွားရေးလုပ်ငန်း အဖွဲ့အစည်း ဖြစ်လျှင် ယင်းအဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်ရာတွင် တာဝန်ရှိသူ တစ်ဦးဦးသည် အဆိုပါ ပြစ်မှုကို ၎င်းမသိရှိဘဲ ကျူးလွန်ကြောင်း သို့မဟုတ် ပြစ်မှုကျူးလွန်ခြင်းကို တားဆီးရန် ထိုက်သင့်သော လုံ့လဝီရိယ စိုက်ထုတ်၍ ဆောင်ရွက်ခဲ့ကြောင်း သက်သေပြနိုင်ခြင်း မရှိပါက အဆိုပါစီးပွားရေး လုပ်ငန်း အဖွဲ့အစည်းနှင့်အတူ ပူးတွဲ စွဲဆိုခြင်း ခံရမည်ဖြစ်ပြီး ယင်းစီးပွားရေး လုပ်ငန်း အဖွဲ့အစည်းကို ပြစ်ဒဏ် ချမှတ်လျှင် အဆိုပါ တာဝန်ရှိသူသည် ယင်းပြစ်မှုအတွက် ပူးတွဲ၍ အပြစ်ရှိသည်ဟု မှတ်ယူခြင်း ခံရမည်။

၅၀။

ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့် ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

၅၁။

ဤဥပဒေအရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူ တစ်ဦးဦးကို နစ်နာသူက မိမိ၏ နစ်နာမှု အတွက် တရားမကြောင်းအရလည်း တရားစွဲဆိုနိုင်သည်။

၅၂။

ဤဥပဒေပါပုဒ်မ ၁၃ ကို ချိုးဖောက်ရာတွင် မိမိကိုယ်တိုင် ပါဝင်ခဲ့ကြောင်း ထုတ်ဖော် သတင်းပေးသူအား ကော်မရှင်သည် ဤဥပဒေအရ ချမှတ်သည့် ပြစ်ဒဏ်များမှ ကင်းလွတ် သက်သာခွင့်ကို သက်ညှာမှုအဖြစ် ခံစားခွင့်ပြုနိုင်ရန် တည်ဆဲ ဥပဒေ များနှင့်အညီ သက်ဆိုင်ရာ တရားရုံး၊ ဥပဒေရုံးတို့နှင့် ညှိနှိုင်းဆောင်ရွက်နိုင်သည်။

၅၃။

သက်ဆိုင်ရာ တရားရုံးသည် သက်ညှာမှုပြုရာတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးဦး လာရောက်ပူးပေါင်း ဆောင်ရွက်သည့်အချိန်နှင့် ပူးပေါင်းပါဝင်မှု အနေအထား အပေါ် မူတည်၍ ကွဲပြားခြားနားသော သက်ညှာမှုပြုနိုင်သည်။

၅၄။

ဝန်ကြီးဌာနသည်ကော်မရှင်၊ ကော်မတီများနှင့် လုပ်ငန်းအဖွဲ့များ၏-

(က)

ရုံးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရမည်။

(ခ)

ကုန်ကျစရိတ်များကို ကျခံရမည်။

၅၅။

ဤဥပဒေအရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များနှင့်အညီ သဘောရိုးဖြင့် ဆောင်ရွက်ကြောင်း သက်သေအထောက်အထား ခိုင်လုံသည့်ကိစ္စ တစ်ရပ်ရပ် အတွက် ကော်မရှင် အဖွဲ့ဝင်တစ်ဦးဦးကိုသော် လည်းကောင်း၊ စုံစမ်းစစ်ဆေးရေး ကော်မတီဝင် တစ်ဦးဦးကိုသော် လည်းကောင်း၊ လုပ်ငန်းအဖွဲ့ဝင် တစ်ဦးဦးကိုသော် လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်း တစ်ဦးဦးကိုသော် လည်းကောင်း ပြစ်မှုကြောင်းအရ ဖြစ်စေ၊ တရား မကြောင်း အရဖြစ်စေ၊ အခြား နည်းလမ်းတစ်ရပ်ရပ်အရဖြစ်စေ အရေးယူ ဆောင်ရွက်ခြင်း မရှိစေရ။

၅၆။

ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်-

(က)

ဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်း များကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ)

ကော်မရှင်သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များကိုလည်းကောင်း၊ ကော်မတီသည် လိုအပ်သော အမိန့်နှင့် ညွှန်ကြားချက်များကို လည်းကောင်း ထုတ်ပြန်နိုင်သည်။

     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။