မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် ဥပဒေ
(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၀။)
၁၃၇၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက်
(၂၀၁၅ ခုနှစ်၊ မတ်လ ၅ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း (၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်ခွင့်ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-
(က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။
(ခ) အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရ အဖွဲ့ကို ဆိုသည်။
(ဂ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ပို့ဆောင်ရေးဝန်ကြီးဌာနကို ဆိုသည်။
(ဃ) ဦးစီးဌာန ဆိုသည်မှာ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကို ဆိုသည်။
(င) ကြီးကြပ်ရေးဗဟိုအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော မြန်မာ့ ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်း ကြီးကြပ်ရေး ဗဟိုအဖွဲ့ကို ဆိုသည်။
(စ) ဒေသဆိုင်ရာကြီးကြပ်ရေး အဖွဲ့ ဆိုသည်မှာ မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်း ရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း ကြီးကြပ်ရေး ဗဟိုအဖွဲ့ က လွှဲအပ်သည့် လုပ်ငန်း တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံး ဆောင်ရွက်နိုင်ရန်နှင့် မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများကို ကြီးကြပ်နိုင်ရန် ဤဥပဒေ အရ လိုအပ်သော တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များတွင် ဖွဲ့စည်းပေးသော ဒေသဆိုင်ရာ အဖွဲ့များကိုဆိုသည်။
(ဆ) မြန်မာကမ်းရိုးတန်း ဆိုသည်မှာ နိုင်ငံတော်၏ ရေပြင် နယ်နိမိတ် အတွင်းရှိ ကမ်းရိုးတန်းကို ဆိုသည်။
(ဇ) ပြည်တွင်းရေကြောင်း ဆိုသည်မှာ နိုင်ငံတော်အတွင်း ရေယာဉ်များ ခုတ်မောင်း သွားလာနိုင်သော ရေလမ်းကြောင်းကိုဆိုသည်။ ယင်းစကားရပ် တွင် ပို့ဆောင်ရေးဝန်ကြီး ဌာနက အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်သော အခြားရေလမ်းကြောင်း တစ်ခုခုလည်း ပါဝင်သည်။
(ဈ) လုပ်ငန်းလိုင်စင် ဆိုသည်မှာ ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်ရန် ကြီးကြပ်ရေးဗဟိုအဖွဲ့ သို့မဟုတ် ယင်းအဖွဲ့က တာဝန်လွှဲအပ်သည့် ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့က ထုတ်ပေးသည့် ခွင့်ပြုချက်ကို ဆိုသည်။
(ည) ရေယာဉ် ဆိုရာတွင် စီးပွားရေး လုပ်ငန်းအလို့ငှာ ခရီးသည်ကို ဖြစ်စေ၊ ကုန်စည်ကို ဖြစ်စေ၊ ခရီးသည်နှင့် ကုန်စည်နှစ်မျိုးလုံးကိုဖြစ်စေ ရေကြောင်း၌ သယ်ယူ ပို့ဆောင်ရေးအတွက် အသုံးပြုသော စက်တပ်ရေယာဉ် သို့မဟုတ် စက်မဲ့ရေယာဉ် တစ်မျိုးမျိုး ပါဝင်သည်။
(ဋ) ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း ဆိုသည်မှာ မြန်မာ့ကမ်းရိုးတန်း၌ ဖြစ်စေ၊ ပြည်တွင်းရေကြောင်း၌ ဖြစ်စေ စီးပွားရေးအလို့ငှာ ခရီးသည်၊ ကုန်စည် သို့မဟုတ် ခရီးသည်နှင့် ကုန်စည် နှစ်မျိုးလုံးကို ရေယာဉ်ဖြင့် သယ်ယူ ပို့ဆောင်သည့် လုပ်ငန်းကို ဆိုသည်။ ယင်းစကားရပ်တွင် ရေယာဉ်ဖြင့် လုပ်ကိုင်သော အခြားလုပ်ငန်းတစ်ခုခုလည်း ပါဝင်သည်။
(ဌ) မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း ဆိုသည်မှာ မြန်မာ့ကမ်းရိုးတန်း ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းတို့ကို ဆိုသည်။
အခန်း (၂)
ရည်ရွယ်ချက်များ
၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် သော်လည်းကောင်း၊ ဒေသတွင်း ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများနှင့် သော်လည်းကောင်း ချုပ်ဆိုထားသော ရေကြောင်း သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် သဘောတူစာချုပ်များကို အကောင် အထည်ဖော် ဆောင်ရွက်ရန်၊
(ခ) ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းဆိုင်ရာ မူဝါဒများ ချမှတ် ဆောင်ရွက်နိုင်ရန်၊
(ဂ) မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းတွင် ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းများကို သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်စေရန်။
အခန်း (၃)
ကြီးကြပ်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း
၄။ ဝန်ကြီးဌာနသည် ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ကြီးကြပ်ရန် အောက်ပါ ပုဂ္ဂိုလ်များ ပါဝင်သော ကြီးကြပ်ရေးဗဟိုအဖွဲ့ကို အစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် ဖွဲ့စည်းရမည်-
(က)
ဒုတိယဝန်ကြီး
ပို့ဆောင်ရေးဝန်ကြီးဌာန
ဥက္ကဋ္ဌ
(ခ)
ညွှန်ကြားရေးမှူးချုပ်
ပို့ဆောင်ရေးဦးစီးဌာန
အဖွဲ့ဝင်
(ဂ)
ညွှန်ကြားရေးမှူးချုပ်
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
အဖွဲ့ဝင်
(ဃ)
ညွှန်ကြားရေးမှူးချုပ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
အဖွဲ့ဝင်
(င)
ဦးဆောင်ညွှန်ကြားရေးမှူး
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
အဖွဲ့ဝင်
(စ)
ဦးဆောင်ညွှန်ကြားရေးမှူး
ပြည်တွင်းရေကြောင်းပို့ဆောင်ရေး
အဖွဲ့ဝင်
(ဆ)
ဦးဆောင်ညွှန်ကြားရေးမှူး
မြန်မာ့သင်္ဘောကျင်းလုပ်ငန်း
အဖွဲ့ဝင်
(ဇ)
တပ်ဖွဲ့မှူး၊ ရေကြောင်းရဲတပ်ဖွဲ့၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့
အဖွဲ့ဝင်
(ဈ)
အခြားသင့်လျော်သော ပုဂ္ဂိုလ်နှစ်ဦး
အဖွဲ့ဝင်
(ည)
ညွှန်ကြားရေးမှူးချုပ်
ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန
အတွင်းရေးမှူး
၅။ ဝန်ကြီးဌာနသည် –
(က) ပုဒ်မ ၄ အရ ဖွဲ့စည်းရာတွင် လိုအပ်ပါက ဒုတိယဥက္ကဋ္ဌနှင့် တွဲဖက် အတွင်းရေးမှူး တို့ကိုလည်း သတ်မှတ်ပေးနိုင်သည်။
(ခ) ပုဒ်မ ၄ အရ ဖွဲ့စည်းထားသော ကြီးကြပ်ရေးဗဟိုအဖွဲ့ကို လိုအပ်ပါက အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ပြင်ဆင်ဖွဲ့စည်းနိုင်သည်။
အခန်း (၄)
ကြီးကြပ်ရေးဗဟိုအဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ
၆။ ကြီးကြပ်ရေးဗဟိုအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့်သော်လည်းကောင်း၊ ဒေသတွင်း အဖွဲ့အစည်းများနှင့် သော်လည်းကောင်း ချုပ်ဆိုထားသော ရေကြောင်း သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများနှင့် သက်ဆိုင်သည့် သဘောတူ စာချုပ်များကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်း၊
(ခ) လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်သည့် လုပ်ငန်း လိုင်စင် အမျိုးအစား အလိုက် လုပ်ငန်းလိုင်စင် ထုတ်ပေးရန် ခွင့်ပြုခြင်း၊ သက်ဆိုင်သည့် ခရီးစဉ်နှင့် နယ်မြေသတ်မှတ်၍ လုပ်ငန်း လိုင်စင် ထုတ်ပေးခြင်း၊ လုပ်ငန်းလိုင်စင် သက်တမ်း တိုးမြှင့်ခြင်း၊ လုပ်ငန်းလိုင်စင်ပါ လုပ်ငန်းပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း၊ ကာလသတ်မှတ်၍ လုပ်ငန်း လိုင်စင် ရပ်ဆိုင်းခြင်း၊ ပယ်ဖျက်ခြင်းနှင့် အခကြေးငွေများ စည်းကြပ်ကောက်ခံခြင်း၊
(ဂ) ပုဒ်မခွဲ (ခ) ပါလုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဒေသဆိုင်ရာ ကြီးကြပ်ရေး အဖွဲ့များသို့ လွှဲအပ်ခြင်း၊
(ဃ) လုပ်ငန်းလိုင်စင်စည်းကမ်းချက်များသတ်မှတ်ခြင်း၊
(င) မိမိ၏လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် အထောက်အကူပြုရန် ဝန်ထမ်း ဖွဲ့စည်းပုံနှင့်အညီ ရုံးအဖွဲ့ကိုဖွဲ့စည်းပြီး လိုအပ်သည့် အရာထမ်း အမှုထမ်း များ ခန့်အပ်တာဝန်ပေးခြင်း၊
(စ) လိုအပ်ချက်ရှိပါက ရေယာဉ်များကို ရပ်တန့်၍ သတ်မှတ်ချက်များနှင့် ညီညွတ်ခြင်းရှိ၊ မရှိ စစ်ဆေးခြင်း၊ လိုအပ်သည့် စာရွက်စာတမ်း အထောက် အထား စသည်တို့ကို စိစစ် သိမ်းဆည်းခြင်းပြုရန်အတွက် သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊
(ဆ) ဤဥပဒေနှင့် ဤဥပဒေအရပြုသည့် နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်သော ရေယာဉ်ကို တားဆီးခြင်းနှင့် ရေယာဉ်အား ယာယီထိန်းသိမ်းခြင်းတို့ကို သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ခြင်း၊
(ဇ) ဝန်ကြီးဌာနက အခါအားလျော်စွာ ပေးအပ်သည့် ရေကြောင်းသယ်ယူ ပို့ဆောင်ရေး လုပ်ငန်းနှင့်စပ်လျဉ်းသည့် တာဝန်များကိုထမ်းဆောင်ခြင်း။
၇။ ကြီးကြပ်ရေးဗဟိုအဖွဲ့သည် မိမိ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ကျင့်သုံး ဆောင်ရွက်ရာတွင် လိုအပ်ပါက ဦးစီးဌာနကို တာဝန်နှင့်လုပ်ပိုင်ခွင့်များ သတ်မှတ်၍ လွှဲအပ်တာဝန်ပေးနိုင်သည်။
အခန်း (၅)
ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ
၈။ ကြီးကြပ်ရေးဗဟိုအဖွဲ့သည် လိုအပ်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များတွင် မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းကို ကြီးကြပ်နိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်းပြီး ရေကြောင်းသယ်ယူ ပို့ဆောင်ရေး လုပ်ငန်းနှင့် ဆက်စပ်သည့် အစိုးရဌာန၊ အဖွဲ့အစည်းများမှ သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် ဒေသဆိုင်ရာ ကြီးကြပ်ရေး အဖွဲ့များကို ဖွဲ့စည်းနိုင်သည်။
၉။ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့များသည် ကြီးကြပ်ရေးဗဟိုအဖွဲ့က အခါ အားလျော်စွာ လွှဲအပ်သည့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်။ ယင်းသို့ ဆောင်ရွက်ရာတွင်လိုအပ်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ သဘော တူညီချက်ရယူ၍ ခရိုင် သို့မဟုတ် မြို့နယ်များတွင် သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် ရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်စေနိုင်သည်။
၁၀။ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့များသည် မိမိတို့ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ကြီးကြပ်ရေးဗဟိုအဖွဲ့သို့ သတ်မှတ်ချက်များနှင့်အညီ အစီရင်ခံရမည်။
အခန်း (၆)
မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်
၁၁။ ရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းတစ်ခုခုကိုဖြစ်စေ၊ အားလုံးကို ဖြစ်စေ လုပ်ကိုင်လိုသူသည်သက်ဆိုင်သည့် ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့သို့ လုပ်ငန်း လိုင်စင် ရရှိရန် သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်။
၁၂။ ပုဒ်မ ၁၁ အရ လျှောက်ထားချက်ကိုရရှိသည့် ဒေသဆိုင်ရာ ကြီးကြပ်ရေး အဖွဲ့များသည်-
(က) ကြီးကြပ်ရေးဗဟိုအဖွဲ့က သတ်မှတ်ထားသည့် ရေယာဉ် အမျိုးအစား အလိုက် မိမိတို့ လုပ်ငန်းလိုင်စင် ထုတ်ပေးနိုင်ခွင့်ရှိသော ရေယာဉ် အမျိုးအစား ဖြစ်ပါက သတ်မှတ်ချက် များနှင့်အညီ စိစစ်ပြီး လုပ်ငန်းလိုင်စင် ထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရ ခွင့်ပြုပါက နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ လုပ်ငန်း အမျိုးအစား အလိုက် စည်းကမ်းချက်များ သတ်မှတ်၍ လုပ်ငန်းလိုင်စင်ကို ထုတ်ပေးရမည်။
(ဂ) မိမိတို့အဖွဲ့က လုပ်ငန်းလိုင်စင် ထုတ်ပေးနိုင်ခွင့်ရှိသော ရေယာဉ် အမျိုးအစား မဟုတ်ပါက ကြီးကြပ်ရေးဗဟိုအဖွဲ့သို့ ဆက်လက်တင်ပြရမည်။
၁၃။ ကြီးကြပ်ရေးဗဟိုအဖွဲ့သည် ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဂ) အရ တင်ပြချက်ကို ရရှိသည့်အခါ သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး –
(က) လုပ်ငန်းလိုင်စင်ထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။
(ခ) ပုဒ်မခွဲ (က)အရ ခွင့်ပြုပါက သက်ဆိုင်သည့် ဒေသဆိုင်ရာ ကြီးကြပ်ရေး အဖွဲ့မှ တစ်ဆင့် လျှောက်ထားသူအား လုပ်ငန်းအမျိုးအစားအလိုက် စည်းကမ်းချက်များ သတ်မှတ်၍ လုပ်ငန်းလိုင်စင်ကို ထုတ်ပေးရမည်။
၁၄။ လုပ်ငန်းလိုင်စင်ရရှိသူသည် –
(က) သတ်မှတ်ထားသော လုပ်ငန်းလိုင်စင်ခကို ကြီးကြပ်ရေးဗဟိုအဖွဲ့ သို့မဟုတ် သက်ဆိုင်သည့် ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့သို့ ပေးသွင်းရမည်။
(ခ) လုပ်ငန်းလိုင်စင် အမျိုးအစားအလိုက် သတ်မှတ်ထားသော စည်းကမ်းချက် များကို လိုက်နာရမည်။
(ဂ) လုပ်ငန်းလိုင်စင် သက်တမ်းကုန်ဆုံးပြီးနောက် ရေကြောင်းသယ်ယူ ပို့ဆောင်ရေး လုပ်ငန်းကို ဆက်လက်၍ လုပ်ကိုင်လိုပါက လိုင်စင်သက်တမ်း တိုးမြှင့်ပေးရန် သတ်မှတ်ချက် များနှင့်အညီ လျှောက်ထားရမည်။
၁၅။ ဝန်ကြီးဌာနသည် –
(က) အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းကို လုပ်ကိုင်သော အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းပိုင် ရေယာဉ် များအား လုပ်ငန်းလိုင်စင် ရယူခြင်းနှင့်စပ်လျဉ်း၍ ကင်းလွတ်ခွင့်ပြုနိုင်သည်။
(ခ) ယင်းသို့ ကင်းလွတ်ခွင့်ပြုကြောင်းကို အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ရမည်။
၁၆။ ဤဥပဒေ အာဏာတည်သည့်နေ့ရက်တွင် မြန်မာ့ကမ်းရိုးတန်း ရေကြောင်း သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းကို ၁၉၅၄ ခုနှစ်၊ သင်္ဘောသွားလာမှုအုပ်ချုပ်ရေး အက်ဥပဒေအရ လိုင်စင်ဖြင့် လုပ်ကိုင်နေသူသည် လည်းကောင်း၊ ပြည်တွင်း ရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ၁၉၆၃ ခုနှစ်၊ ကုန်းလမ်းနှင့် ပြည်တွင်း ရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဥပဒေအရ လိုင်စင်ဖြင့် လုပ်ကိုင်နေသူသည် လည်းကောင်း အဆိုပါ လိုင်စင်သက်တမ်းကုန်ဆုံးပြီးနောက် ဆက်လက်လုပ်ကိုင်လိုပါက သတ်မှတ်ပေးသည့် ကာလအတွင်း ပုဒ်မ ၁၁ နှင့်အညီ လုပ်ငန်းလိုင်စင် လျှောက်ထားရမည်။
အခန်း (၇)
စီမံခန့်ခွဲရေးဆိုင်ရာ အရေးယူဆောင်ရွက်မှု
၁၇။ ကြီးကြပ်ရေးဗဟိုအဖွဲ့ သို့မဟုတ် ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့သည် မိမိ ထုတ်ပေးထားသည့် လုပ်ငန်းလိုင်စင်ရရှိသူက ဤဥပဒေအရပြုသည့် နည်းဥပဒေ များ၊ အမိန့် သို့မဟုတ် ညွှန်ကြားချက်တစ်ခုခုကို ဖြစ်စေ၊ လုပ်ငန်း လိုင်စင်ပါ စည်းကမ်းချက် တစ်ခုခုကိုဖြစ်စေ လိုက်နာရန် ပျက်ကွက်လျှင် ထိုသူအား အောက်ပါစီမံခန့်ခွဲရေးဆိုင်ရာ အရေးယူဆောင်ရွက်မှုတစ်ခုခုကို ပြုလုပ်နိုင်သည်-
(က) သတိပေးပြီး သတ်မှတ်ထားသော ဒဏ်ကြေးကို ပေးဆောင်စေခြင်း၊
(ခ) လုပ်ငန်းလိုင်စင်ကို ကာလသတ်မှတ်၍ ရပ်ဆိုင်းခြင်း၊
(ဂ) လုပ်ငန်းလိုင်စင်ကို ပယ်ဖျက်ခြင်း။
အခန်း (၈)
အယူခံခြင်း
၁၈။ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့က ပုဒ်မ ၁၇ အရပြုလုပ်သည့် စီမံခန့်ခွဲရေးဆိုင်ရာ အရေးယူ ဆောင်ရွက်မှု တစ်ခုခုကို မကျေနပ်သူသည် အရေးယူ ဆောင်ရွက် သည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း ကြီးကြပ်ရေးဗဟိုအဖွဲ့သို့ အယူခံနိုင်သည်။
၁၉။ ကြီးကြပ်ရေးဗဟိုအဖွဲ့သည် ပုဒ်မ ၁၈ အရ အယူခံခြင်းကို စိစစ်ပြီး ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့၏ အရေးယူဆောင်ရွက်မှုကို အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်းပြုနိုင်သည်။
၂၀။ ကြီးကြပ်ရေးဗဟိုအဖွဲ့က ပုဒ်မ ၁၇ အရ ပြုလုပ်သည့် စီမံခန့်ခွဲရေးဆိုင်ရာ အရေးယူ ဆောင်ရွက်မှုတစ်ခုခုကို မကျေနပ်သူသည် အရေးယူ ဆောင်ရွက်သည့် နေ့မှ ရက်ပေါင်း ၆၀ အတွင်း ဝန်ကြီးဌာနသို့အယူခံနိုင်သည်။
၂၁။
(က) ဝန်ကြီးဌာနသည် ပုဒ်မ ၂၀ အရ အယူခံခြင်းကို စိစစ်ပြီး ကြီးကြပ်ရေး ဗဟိုအဖွဲ့၏ အရေးယူဆောင်ရွက်မှုကို အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း ပြုနိုင်သည်။
(ခ)ဝန်ကြီးဌာန၏ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်။
အခန်း (၉)
တားမြစ်ချက်နှင့်ပြစ်ဒဏ်
၂၂။မည်သူမျှလုပ်ငန်းလိုင်စင်မရှိဘဲ ရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်ခြင်း သို့မဟုတ် လုပ်ကိုင်စေခြင်း မပြုရ။
၂၃။
(က) မည်သူမဆိုပုဒ်မ ၂၂ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခြင်းခံရမည်။
(ခ) ပုဒ်မခွဲ (က) ပါ ပြစ်မှုကို ထပ်မံကျူးလွန်လျှင် ထိုသူကို ခြောက်လထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည်။ ထို့ပြင် ကျပ်တစ်ဆယ်သိန်းထက် မပိုသော ငွေဒဏ်လည်း ချမှတ်ရမည်။
အခန်း (၁၀)
အထွေထွေ
၂၄။
ဝန်ကြီးဌာနသည် –
(က)ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လုပ်ငန်းလိုင်စင် အမျိုးအစား အလိုက် လုပ်ငန်းလိုင်စင်ကြေး၊ လုပ်ငန်းလိုင်စင် သက်တမ်း တိုးမြှင့်ခ၊ ရက်လွန်ကြေး၊ ဒဏ်ကြေးနှင့် အခြားအခကြေးငွေများကို သတ်မှတ်ထားရမည်။
(ခ) လုပ်ငန်းလိုင်စင် အမျိုးအစားအလိုက် လုပ်ငန်းလိုင်စင်သက်တမ်းနှင့် စည်းကမ်းချက်များကို သတ်မှတ်ရမည်။
၂၅။ ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။
၂၆။ ဤဥပဒေအရ တရားစွဲဆိုတင်ပို့ထားသော ပြစ်မှုတစ်ရပ်ရပ်နှင့် သက်ဆိုင်သည့် သက်သေခံပစ္စည်းသည် တရားရုံးရှေ့သို့ တင်ပို့ရန် မလွယ်ကူသော ပစ္စည်းဖြစ်ပါက ယင်းသက်သေခံပစ္စည်းကို တရားရုံးရှေ့သို့ တင်ပို့ရန် မလိုဘဲ မည်ကဲ့သို့ ထိန်းသိမ်း ထားကြောင်း အစီရင်ခံစာ သို့မဟုတ် သက်ဆိုင်ရာ အခြားစာရွက်စာတမ်း အထောက် အထားများဖြင့် တင်ပြနိုင်သည်။ ယင်းသို့ တင်ပြခြင်းကို တရားရုံးရှေ့သို့ သက်သေခံပစ္စည်း တင်ပြဘိသကဲ့သို့ မှတ်ယူကာ သက်ဆိုင်ရာတရားရုံးက ဥပဒေနှင့်အညီ စီမံခန့်ခွဲသည့် အမိန့်ချမှတ်ရမည်။
၂၇။ ဤဥပဒေ ပုဒ်မ ၂၂ ပါ တားမြစ်ချက်သည် ဖျားနာသော သို့မဟုတ် ထိခိုက်ဒဏ်ရာ ရသော သူများအား သယ်ဆောင်ခြင်း၊ ဘေးအန္တရာယ် တစ်စုံတစ်ရာ ကျရောက်မှုမှ ကယ်ဆယ်ရန် အစားအစာ၊ ဝတ္ထုပစ္စည်း သို့မဟုတ် ဆေးဝါးများ သယ်ယူ ပို့ဆောင်ခြင်းနှင့် အရေးတကြီး လိုအပ်၍ရေယာဉ်ကို အသုံးပြုခြင်းတို့နှင့် သက်ဆိုင်ခြင်း မရှိစေရ။
၂၈။ ကြီးကြပ်ရေးဗဟိုအဖွဲ့နှင့် ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့များသည် ဤဥပဒေအရ ရရန်ရှိသော အခကြေးငွေများနှင့် ဒဏ်ကြေးများအား ပေးဆောင်ရန် ပျက်ကွက်သူ ထံမှ တည်ဆဲအခွန်အခဆိုင်ရာ ဥပဒေများနှင့်အညီ အရကောက်ခံရမည်။
၂၉။ နိုင်ငံ့ဝန်ထမ်း မဟုတ်သော ကြီးကြပ်ရေးဗဟိုအဖွဲ့ဝင်နှင့်ဒေသဆိုင်ရာ ကြီးကြပ်ရေး အဖွဲ့ဝင်များသည် ဤဥပဒေအရ ပေးအပ်သော လုပ်ငန်းတာဝန်များကို ထမ်းဆောင် နေချိန်တွင် ရာဇသတ်ကြီး ပုဒ်မ ၂၁ အရ ပြည်သူ့ဝန်ထမ်းဖြစ်သည်ဟု မှတ်ယူရမည်။
၃၀။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် –
(က) ဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်း များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန် နိုင်သည်။
(ခ) ဝန်ကြီးဌာနနှင့် ကြီးကြပ်ရေးဗဟိုအဖွဲ့တို့သည် လိုအပ်သော အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန် နိုင်သည်။
(ဂ) ဦးစီးဌာနသည် လိုအပ်သော အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန် နိုင်သည်။
၃၁။ သင်္ဘောသွားလာမှုအုပ်ချုပ်ရေး အက်ဥပဒေ (၁၉၅၄ ခုနှစ်၊ အက်ဥပဒေ အမှတ် ၂၀) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်