ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ

(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၈ ။)

၁၃၇၆ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက်

(၂၀၁၅ ခုနှစ်၊ ဧပြီလ ၂ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ဤဥပဒေကို ကုန်သွယ်လုပ်ငန်းခွန် ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။
ဤ ဥပဒေသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှစ၍ အကျိုးသက်ရောက်စေရမည်။

၃။
ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၂၁ တွင်-

(က)

“သတ်မှတ်ရာခိုင်နှုန်းအတိုင်း” ဆိုသည့် စကားရပ်အစား “သတ်မှတ် ရာခိုင်နှုန်း သို့မဟုတ် သတ်မှတ်ငွေပမာဏ အတိုင်း” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

(ခ)
ပုဒ်မခွဲ (စ) ကို အောက်ပါအတိုင်း အစားထိုးရမည်-

(စ)
ပြေစာ သို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထားကို ထားရှိသော်လည်း ဝယ်ယူသူ သို့မဟုတ် ဝန်ဆောင်မှု ရယူသူထံသို့ ထုတ်ပေးရန် ပျက်ကွက်ခြင်း သို့မဟုတ် ပြေစာအား ထုတ်ပေးသော်လည်း စည်းမျဉ်းများဖြင့် သတ်မှတ်ထားသော ကျသင့်အခွန် တန်ဖိုးအတိုင်း အခွန် အမှတ်တံဆိပ်ကပ်နှိပ်ပေးရန် ပျက်ကွက်ခြင်း တို့ကို မြို့နယ် အခွန်ဦးစီး ဌာနမှူးက စစ်ဆေးတွေ့ရှိပါက   ယင်းသို့  ပျက်ကွက်ခြင်း အတွက်   ပြေစာ  သို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထားတန်ဖိုးအပေါ် ကျသင့် အခွန်၏ တစ်ရာ ရာခိုင်နှုန်း ပေးဆောင်စေရမည့်အပြင် ဘဏ္ဍာရေးနှစ် တစ်နှစ်အတွင်း ပျက်ကွက်မှု အကြိမ် အလိုက် အောက်ပါ ငွေပမာဏကိုပါ ပေးဆောင် စေရမည်-

(၁)
ပထမအကြိမ် ပျက်ကွက်ခြင်းအတွက် ကျပ် နှစ်သိန်း၊

(၂)
ဒုတိယအကြိမ် ပျက်ကွက်ခြင်းအတွက် ကျပ်ငါးသိန်း၊

(၃)
တတိယအကြိမ် ပျက်ကွက်ခြင်းအတွက် ကျပ်ခုနစ်သိန်း၊

(၄)

တတိယအကြိမ်အထက် ပျက်ကွက်ခြင်းအတွက် တစ်ကြိမ်လျှင် ကျပ်တစ်ဆယ်သိန်း။”
၄။

ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ ပုဒ်မ ၂၃၊ ပုဒ်မခွဲ (ဃ) နောက်တွင် ပုဒ်မခွဲ (င) ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

“(င)
ဤဥပဒေတွင်  ပြဋ္ဌာန်းထားသည့်အတိုင်း   လုံလောက်သော အကြောင်းမရှိဘဲ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်း။”

၅။
ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၃၃ ၏ နောက်တွင် ပုဒ်မ ၃၄ ကို အောက်ပါ အတိုင်း ဖြည့်စွက်ရမည်-

၃၄။
ပြေစာ သို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထားကို ထားရှိသော်လည်း ဝယ်ယူသူ သို့မဟုတ် ဝန်ဆောင်မှု ရယူသူထံသို့ ထုတ်ပေးရန်  ပျက်ကွက်ခြင်း၊   ပြေစာအား ထုတ်ပေးသော်လည်း ကျသင့် အခွန် တန်ဖိုးနှင့် ညီမျှသော အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးရန် ပျက်ကွက်ခြင်းတို့အတွက် အထောက်အထားဖြင့် သတင်းပေးတင်ပြသူအား ပုဒ်မ ၂၁၊ ပုဒ်မခွဲ (စ) အရ ကျသင့်အခွန်၏ တစ်ရာ ရာခိုင်နှုန်းဖြစ်သော ဒဏ်ငွေ၏ တစ်ဆယ်ရာခိုင်နှုန်းအပြင် အကြိမ်အလိုက်  ပျက်ကွက်ခြင်း အတွက်  ဒဏ်တပ်ရိုက်သည့်  ဒဏ်ငွေ၏ တစ်ဆယ် ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ချီးမြှင့်ရမည်။ သတင်းပေး တင်ပြသူ မည်သူဖြစ်ကြောင်းကို အစိုးရကိစ္စမှ တစ်ပါး ဖော်ထုတ်ခြင်း မပြုရ။”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။