အမြန်လမ်းမကြီးများဥပဒေ

(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်၂၄။)

၁၃၇၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်

( ၂၀၁၅ ခုနှစ်၊ ဧပြီလ ၉ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။
ဤဥပဒေကို အမြန်လမ်းမကြီးများ ဥပဒေဟု ခေါ်တွင်စေရမည်။

၂။
ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်

(က)
နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို ဆိုသည်။

(ခ)
အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ ကို ဆိုသည်။

(ဂ)
ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ဆောက်လုပ်ရေး ဝန်ကြီးဌာနကို ဆိုသည်။

(ဃ)
အမြန်လမ်းမကြီး ဆိုသည်မှာ ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် အမြန်လမ်းမကြီး အဖြစ် အမိန့်ကြော်ငြာစာထုတ်ပြန် သတ်မှတ်ထားသည့် လမ်းမကြီးကို ဆိုသည်။
ယင်းစကားရပ်တွင် ယင်းလမ်းမကြီး၏ လမ်းတစ်ဖက်တစ်ချက်ရှိ လမ်း နယ်နိမိတ်နှင့် ယင်းလမ်းမကြီးပေါ်ရှိ တံတားများလည်း ပါဝင်သည်။

(င)
တိရစ္ဆာန် ဆိုသည်မှာ အိမ်မွေးတိရစ္ဆာန်များနှင့် တောရိုင်းတိရစ္ဆာန်များ ကို ဆိုသည်။

(စ)
မော်တော်ယာဉ် ဆိုသည်မှာ စက်အားကိုဖြစ်စေ၊ လျှပ်စစ်ဓာတ်အားကို ဖြစ်စေ၊ စွမ်းအင်တစ်မျိုးမျိုးကိုဖြစ်စေ အားလုံးသော်လည်းကောင်း၊ အချို့အဝက်သော် လည်းကောင်းအသုံးပြု၍ လမ်းပေါ်တွင် မောင်းနှင် သွားလာသည့် သို့မဟုတ် မောင်းနှင်သွားလာနိုင်သည့် ယာဉ်ကို ဆိုသည်။

(ဆ)
လမ်းကွန်ရက် ဆိုသည်မှာ အမြန်လမ်းမကြီးများနှင့် လမ်းမကြီးများကို ဆက်သွယ် ချိတ်ဆက်ထားသည့် လမ်းအစုအဝေးကိုဆိုသည်။

(ဇ)
ကူးပြောင်းလမ်း ဆိုသည်မှာ အမြန်လမ်းမကြီးနှင့် အခြားလမ်းများဆုံသည့် နေရာတွင် မော်တော်ယာဉ်များ ကူးပြောင်း ဝင်ထွက်သွားလာနိုင်ရန် တည်ဆောက်ထားသော တံတားနှင့် လမ်းအဆောက်အအုံကိုဆိုသည်။

(ဈ)
လမ်းတာပေါင် ဆိုသည်မှာ လမ်းဖောက်လုပ်ရေးအတွက် နည်းပညာဆိုင်ရာ စံချိန်စံညွှန်းနှင့်အညီ မြေဖို့ တည်ဆောက် ထားသော တာပေါင်ကို ဆိုသည်။

(ည)
လမ်းပခုံး ဆိုသည်မှာ ယာဉ်သွားလမ်း၏ တစ်ဖက်တစ်ချက်စီ၌ရှိပြီး လမ်း တာပေါင် ပေါ်တွင် မော်တော်ယာဉ် အရေးပေါ်ရပ်နားနိုင်ရန်နှင့် လမ်းမပျက်စီး စေရန် ထိန်းသိမ်းထားသော အစိတ်အပိုင်းကို ဆိုသည်။

( ဋ)
လမ်းဆိုင်းဘုတ် ဆိုသည်မှာ အမြန်လမ်းမကြီးတစ်လျှောက်နှင့် လမ်းဆုံ၊ လမ်းခွဲများတွင် အကွာအဝေး သိရှိစေရန် ဖော်ပြထားသည့် ဆိုင်းဘုတ်၊ လမ်းညွှန် ဆိုင်းဘုတ်၊ မော်တော်ယာဉ်များ အန္တရာယ်မဖြစ်စေရန် သတိပေး ဆိုင်းဘုတ်နှင့် စည်းကမ်းတကျ မောင်းနှင်သွားလာနိုင်ရေး အတွက် တားမြစ်ချက်ဆိုင်းဘုတ်များကို ဆိုသည်။

( ဌ )
ယာဉ်ရပ်နားစခန်း ဆိုသည်မှာ မော်တော်ယာဉ်နှင့် ခရီးသည်များ ခေတ္တရပ်နားရန် သတ်မှတ်ထားသော ရပ်နားစခန်း ကို ဆိုသည်။

(ဍ)
အမြန်လမ်းမကြီးအင်္ဂါရပ်များ ဆိုရာတွင် အမြန်လမ်းမကြီးပေါ်တွင် ဖွဲ့စည်း ပါဝင်သည့် လမ်းကွန်ရက်၊ ကူးပြောင်းလမ်း၊ လမ်းတာပေါင်၊ တံတား၊ ရေထုတ်ပြွန်၊ ယာဉ်သွားလမ်း၊ လမ်းပခုံး၊ လမ်းလယ်ကျွန်း၊ ရေမြောင်း၊ မိုင်တိုင် သို့မဟုတ် ကီလိုမီတာတိုင်၊ လမ်းနယ်တိုင်၊ လမ်း ဆိုင်းဘုတ်၊ သတိပေးခြင်းဆိုင်ရာ အီလက်ထရောနစ် ကိရိယာ၊ ယာဉ် ရပ်နားစခန်း၊ ဆက်သွယ်ရေးလမ်း သို့မဟုတ် ကုန်ထုတ်လမ်း၊ အကာအကွယ်၊ လမ်းအသုံးပြုခ ကောက်ခံရေးစခန်း၊ အုပ်ချုပ်မှုနှင့်ထိန်းသိမ်းရေးစခန်းတို့ ပါဝင်သည်။

(ဎ)
အမြန်လမ်းမကြီး အုပ်ချုပ်မှုကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်း ထားသော အမြန်လမ်းမကြီး အုပ်ချုပ်မှုကော်မတီကို ဆိုသည်။

အခန်း (၂)
ရည်ရွယ်ချက်များ

၃။
ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် –

(က)
အမြန်လမ်းမကြီးများကို ဖောက်လုပ်ခြင်း၊ တိုးချဲ့ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်းနှင့် မော်တော်ယာဉ်များသွားလာမှုကို စီမံခန့်ခွဲခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊ လမ်းအသုံးပြုခ ကောက်ခံခြင်းတို့ကိုစနစ်တကျဆောင် ရွက်နိုင်ရန်၊

( ခ )
အမြန်လမ်းမကြီးများကို အသုံးပြုသူများ  ဘေးအန္တရာယ်ကင်းရှင်း စေရန်နှင့် လမ်းလုံခြုံမှုနှင့် သက်ဆိုင်သော ကိစ္စများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန်၊

( ဂ )
အမြန်လမ်းမကြီးများကို အသုံးပြု၍ ခရီးသည်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေခြင်းဖြင့် သယ်ယူပို့ဆောင် စရိတ် သက်သာကာ နိုင်ငံသား တို့၏ လူမှုစီးပွားဘဝတိုးတက်ပြီး လူနေမှု အဆင့်အတန်း မြင့်မားလာစေရန်၊

(ဃ)
အမြန်လမ်းမကြီးများကို  ဒေသတွင်းနိုင်ငံများ၏  အမြန်လမ်းမကြီးများနှင့် ကွန်ရက်ချိတ်ဆက်ခြင်းဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန် ဖြင့်တိုးမြှင့်ဆောင် ရွက်နိုင်စေရန်။

အခန်း(၃)

ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်နှင့်လုပ်ပိုင်ခွင့်များ

၄။
ဝန်ကြီးဌာနသည် အမြန်လမ်းမကြီးများနှင့်စပ်လျဉ်း၍ အောက်ပါလုပ်ငန်း တာဝန်များ ကို ဆောင်ရွက်ရမည် –

(က)
နိုင်ငံတော်အတွင်း လမ်းပန်းဆက်သွယ်မှု ခေတ်မီ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အစိုးရအဖွဲ့၏ သဘောတူညီချက် ဖြင့် မူဝါဒများ ချမှတ်ခြင်း၊

( ခ )
အမြန်လမ်းမကြီးများ ဖောက်လုပ်ရေးနှင့် လမ်းကွန်ရက် ပေါ်ထွန်း လာစေရေး တို့အတွက် နှစ်တို၊ နှစ်ရှည် စီမံကိန်းများနှင့် အထူးစီမံကိန်းများကို အစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ချမှတ်ဆောင်ရွက်ခြင်း၊

( ဂ)
အိမ်နီးချင်း နိုင်ငံများနှင့် ဆက်သွယ်သည့် အမြန်လမ်းမကြီးများကို အစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် စီမံကိန်းချမှတ်၍ ဖောက်လုပ်ခြင်း၊

(ဃ)
အမြန်လမ်းမကြီးများဆိုင်ရာ စီမံကိန်းများကို သတ်မှတ်ကာလအတွင်း  အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ကြီးကြပ်ခြင်း၊

(င)
အမြန်လမ်းမကြီးများ ဖောက်လုပ်ခြင်း၊ တိုးချဲ့ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်း၊ စီမံခန့်ခွဲခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်း၊ စောင့်ကြည့် ကြီးကြပ်ခြင်း၊ အခြားလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းကို လမ်းညွှန်ခြင်း၊

(စ)
အမြန်လမ်းမကြီးများ ဖောက်လုပ်ခြင်း၊ တိုးချဲ့ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်း၊ စီမံခန့်ခွဲခြင်း၊ စံချိန်စံညွှန်းနှင့် စည်းမျဉ်း သတ်မှတ်ခြင်း၊ သုတေသနပြုခြင်း အပါအဝင် အမြန်လမ်းမကြီးဆိုင်ရာ ကိစ္စရပ်များတွင် အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာနှင့် နိုင်ငံအချင်းချင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ခြင်း၊

(ဆ)
အမြန်လမ်းမကြီးများ တစ်လျှောက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးအတွက် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ဖွဲ့စည်းနိုင်ရန် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊

( ဇ)
အစိုးရအဖွဲ့က တာဝန်ပေးအပ်သည့် အမြန်လမ်းမကြီးဆိုင်ရာ အခြားလုပ်ငန်း တာဝန်များကို ဆောင်ရွက်ခြင်း။

၅။
ဝန်ကြီးဌာနသည် ဤဥပဒေကို အကောင်အထည်ဖော်ရန် အောက်ပါလုပ်ပိုင်ခွင့် များကို ကျင့်သုံး ဆောင်ရွက်ခွင့်ရှိသည်-

(က)
အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမြန်လမ်းမကြီးအဖြစ် သတ်မှတ် ကြေညာခြင်း၊

(ခ)
အမြန်လမ်းမကြီး၏ နယ်နိမိတ်၊ လမ်းအမည်၊ လမ်းအမှတ်၊  စတင်သည့် နေရာ၊ လမ်းဆုံးရောက်ရှိသည့် နေရာ၊ ဖြတ်သန်းသွားသည့် နေရာများ၊ အမြန် လမ်းမကြီးပေါ်သို့ ဝင်ခြင်း၊ ထွက်ခြင်း၊ ဆက်သွယ်ကူးပြောင်းခြင်း ပြုနိုင်သည့် နေရာများ၊ လမ်းအသုံးပြုခ ကောက်ခံမည့် နေရာများ၊ ယာဉ်ရပ်နားစခန်း နေရာများနှင့် အခြားလိုအပ်သည် တို့ကို သတ်မှတ်ကြေညာခြင်း၊

(ဂ)
အမြန်လမ်းမကြီးများ ဖောက်လုပ်ရန်၊ ထိန်းသိမ်းပြုပြင်ရန်နှင့်  တိုးချဲ့ရန် လုပ်ငန်း အစီအစဉ်များ ချမှတ်ခြင်း၊ လိုအပ်ပါက သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ ပုဂ္ဂလိကအဖွဲအစည်းများ၊ ပြည်တွင်း ပြည်ပကျွမ်းကျင် သူများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊

(ဃ)
အမြန်လမ်းမကြီးများ ထိန်းသိမ်းပြုပြင်ရန် လမ်းညွှန်ခြင်းနှင့်  ကြီးကြပ်ခြင်း၊

(င)
အမြန်လမ်းမကြီးများ ဖောက်လုပ်ခြင်း၊ တိုးချဲ့ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်း တို့နှင့် စပ်လျဉ်း၍ တည်ဆဲဥပဒေများနှင့်အညီ ပြည်တွင်းပြည်ပ စီးပွားရေး အဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးနှင့် ဖက်စပ် လုပ်ကိုင် ဆောင်ရွက်ခြင်း၊ ပဋိညာဉ်ချုပ်ဆို၍ လုပ်ကိုင် ဆောင်ရွက်ခြင်း၊ စည်းကမ်း ချက်များ သတ်မှတ်၍ လုပ်ကိုင် ဆောင်ရွက်ခွင့်ပြုခြင်း၊

(စ)
အမြန်လမ်းမကြီးများ ဖောက်လုပ်ခြင်းနှင့် တိုးချဲ့ခြင်းတို့ ပြုလုပ်ရာတွင် မြေသိမ်းယူခြင်း နှင့်အဆောက်အအုံ ဖယ်ရှားခြင်းတို့ကို တည်ဆဲ ဥပဒေများနှင့် အညီ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ခြင်း၊

(ဆ)
အမြန်လမ်းမကြီးများ ဖောက်လုပ်ခြင်းနှင့် ထိန်းသိမ်းပြုပြင်ခြင်း  ဆောင်ရွက်ရာတွင် အသုံးပြုရန် လိုအပ်သည့် ယာဉ်ယန္တရားနှင့် စက်ကိရိယာ ပစ္စည်းများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ပြည်ပမှ မှာယူ တင်သွင်းခြင်း၊

( ဇ )
အမြန်လမ်းမကြီးများ  ဖောက်လုပ်ခြင်း၊  ထိန်းသိမ်းပြုပြင်ခြင်းနှင့်  စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများနှင့် နည်းပညာဖလှယ်ခြင်းနှင့် အထောက်အပံ့ အကူအညီ ရရှိရေး ဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်ခြင်း၊

(ဈ)
အမြန်လမ်းမကြီးများ  ဖောက်လုပ်နိုင်ရေးအတွက်  ပတ်ဝန်းကျင်၊ လူမှုရေးနှင့် ကျန်းမာရေး သက်ရောက်မှုများကို ဆန်းစစ်စေခြင်းနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(ည)
အမြန်လမ်းမကြီးများ ဖောက်လုပ်ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်းတို့နှင့် စပ်လျဉ်း၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(ဋ)
အမြန်လမ်းမကြီးဆိုင်ရာ ကိစ္စရပ်များတွင် အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာနှင့် နိုင်ငံအချင်းချင်း ဆိုင်ရာအဆင့်တို့တွင် ပူးပေါင်းဆောင်ရွက်ခြင်း။

၆။
ဝန်ကြီးဌာနသည်-

(က)
ပြည့်စုံကောင်းမွန်သော လမ်းကွန်ရက် ဖြစ်ပေါ်စေရေး၊ အမြန်လမ်းမကြီး စီမံကိန်းများ အကောင်အထည်ဖော်ရန် အမြန်လမ်းမကြီး အုပ်ချုပ်မှု ကော်မတီကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဝန်ကြီးဌာန၏ လက်အောက်တွင် ဖွဲ့စည်းနိုင်သည်။

(ခ )
ပုဒ်မခွဲ(က)အရ အမြန်လမ်းမကြီး အုပ်ချုပ်မှုကော်မတီကို ဖွဲ့စည်း ရာတွင် ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတစ်ဦး ဥက္ကဋ္ဌအဖြစ် ပါဝင်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ပေးအပ်သည့် ကိုယ်စားလှယ်များ၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ သက်ဆိုင်ရာ အရာထမ်းများ၊ ပြည်ထောင်စုအဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ပြင်ပပညာရှင်များနှင့် ဖွဲ့စည်းနိုင်သည်။

( ဂ )
အမြန်လမ်းမကြီးအုပ်ချုပ်မှုကော်မတီ၏  လုပ်ငန်းတာဝန်များနှင့်  လုပ်ပိုင်ခွင့် များကို အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ပေးနိုင်သည်။

အခန်း (၄)
ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၇။
ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါ အတိုင်းဖြစ်သည်-

(က)
နိုင်ငံတော်အတွင်း လမ်းပန်းဆက်သွယ်မှု ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဝန်ကြီးဌာနက ချမှတ်ထားသည့် မူဝါဒများနှင့်အညီ အကောင် အထည်ဖော် ဆောင်ရွက်ခြင်း၊

( ခ)
အမြန်လမ်းမကြီးများဖောက်လုပ်ခြင်း၊ တိုးချဲ့ခြင်းများ၊ အဆင့်မြှင့်တင်ခြင်း များနှင့် ထိန်းသိမ်းပြုပြင်ခြင်း၊ စီမံခန့်ခွဲခြင်း လုပ်ငန်းများ နှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနသို့ နှစ်တို၊ နှစ်ရှည် စီမံချက်များ၊ ဘဏ္ဍာရေးနှင့် လုပ်ငန်း အစီအစဉ်များ ရေးဆွဲတင်ပြခြင်း၊

(ဂ)
အမြန်လမ်းမကြီးများဆိုင်ရာ စီမံကိန်းများ သတ်မှတ်ကာလအတွင်း  ပြီးစီးရေးအတွက် အကောင် အထည်ဖော် ဆောင်ရွက်ခြင်း၊

(ဃ)
အမြန်လမ်းမကြီးများ ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်း  ပြုပြင်ခြင်း၊

(င)
အမြန်လမ်းမကြီးများ၏ နယ်နိမိတ်အတွင်း သတ်မှတ်သည့် အပင်များ  စိုက်ပျိုးခြင်းနှင့် အန္တရာယ်ရှိသော အပင်များကို ရှင်းလင်းခြင်း၊ အများပြည်သူ သွားလာရာတွင် ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရန် စီစဉ် ဆောင်ရွက်ခြင်း၊

( စ)
သက်ဆိုင်ရာ အမြန်လမ်းမကြီးများ၏ လမ်းအသုံးပြုခနှုန်းထားများကို ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် သတ်မှတ်ကြေညာခြင်း၊

(ဆ)
အမြန်လမ်းမကြီးများ၏ လမ်းအကျယ်၊ လမ်းပခုံးအကျယ်၊ လမ်းနယ်အကျယ် သတ်မှတ်ချက် ကို ကြေညာခြင်းနှင့် သက်ဆိုင်ရာ အမြန်လမ်းမကြီးအင်္ဂါရပ် များနှင့် ပြည့်စုံညီညွတ်မှု ရှိ မရှိ စိစစ်ကြီးကြပ်ခြင်း၊

( ဇ)
အမြန်လမ်းမကြီးများကို တိုးချဲ့ရာတွင် လည်းကောင်း၊ ထိန်းသိမ်း  ပြုပြင်ရာတွင် လည်းကောင်း၊ လမ်းမကြီးပေါ်၌ ဖြတ်သန်းသွားလာမှုကို ယာယီအစီအစဉ်အရ ပိတ်ခြင်း၊ အချိန်ကာလ သတ်မှတ်၍ ပိတ်ထားခြင်းနှင့် လမ်းပိတ်ထားစဉ်တွင် သွားလာရန် လမ်းလွှဲဖောက်လုပ်ခြင်း၊

(ဈ)
အမြန်လမ်းမကြီးများကို ဖြတ်သန်း၍ တစ်စုံတစ်ရာဖောက်လုပ်ခြင်း၊  ဆောက်လုပ်ခြင်းနှင့် အမြန်လမ်းမကြီး၏ နယ်နိမိတ်အတွင်း အဆောက်အအုံ ဆောက်လုပ်ခြင်း၊ ကြော်ငြာဆိုင်းဘုတ် စိုက်ထူခြင်းများအတွက် စိစစ်ခွင့်ပြုခြင်း၊

(ည)
အမြန်လမ်းမကြီးများ ပျက်စီးခြင်းမှ ကာကွယ်ရန် လိုအပ်သည့် တားမြစ်ချက် များ ထုတ်ပြန်ခြင်း၊ စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်းနှင့် အရေးယူစေရန် ဆောင်ရွက်ခြင်း၊

( ဋ)
အမြန်လမ်းမကြီးများပေါ်တွင် မောင်းနှင်ခွင့်မပြုသည့် ယာဉ်များကို  သတ်မှတ်ကြေညာခြင်း၊

(ဌ)
အမြန်လမ်းမကြီးများပေါ်တွင် မော်တော်ယာဉ်များ မောင်းနှင်ရမည့် အမြန်နှုန်းများကို သတ်မှတ်ကြေညာခြင်း၊

(ဍ)
အမြန်လမ်းမကြီးများ၌ ယာဉ်မတော်တဆ ထိခိုက်မှုများ လျော့နည်း  စေရေး အတွက် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ခြင်း၊

( ဎ)
အမြန်လမ်းမကြီးများ ဖောက်လုပ်ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်းတို့နှင့် စပ်လျဉ်း၍ အများပြည်သူ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အချိန်နှင့်တစ်ပြေးညီ သတိပေးခြင်း၊ သတင်းထုတ်ပြန်ခြင်း၊ ကြီးကြပ်ခြင်းနှင့် အရေးယူ ဆောင်ရွက်ခြင်း။

အခန်း(၅)
စည်းကမ်းချက်များနှင့် ကန့်သတ်ချက်များ

၈။
အမြန်လမ်းမကြီးများကို အသုံးပြုရာတွင် အောက်ပါစည်းကမ်းချက်များကို လိုက်နာရမည်-

(က)
အမြန်လမ်းမကြီးသို့ဝင်ခြင်း၊ ထွက်ခြင်း၊ ဆက်သွယ်ကူးပြောင်းသွား  လာခြင်းပြုနိုင်ရန် သတ်မှတ်ထားသည့် နေရာများတွင် လမ်းမကြီးနှင့် ဆက်သွယ်တည်ဆောက်ထားသည့် ကူးပြောင်းလမ်းများမှတစ်ဆင့် သာဝင်ခြင်း၊ ထွက်ခြင်း၊ ဆက်သွယ်ကူးပြောင်း သွားလာခွင့်ပြုခြင်း၊

(ခ)
အမြန်လမ်းမကြီး၏တစ်ဖက်မှ အခြားတစ်ဖက်သို့ ဖြတ်သန်း သွားလာရာတွင် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း ဖြတ်သန်းသွားလာခြင်း၊

(ဂ)
အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်ချက်များနှင့်ကိုက်ညီသော  မော်တော် ယာဉ်များသာ မောင်းနှင်ခြင်း၊

(ဃ)
အမြန်လမ်းမကြီး အုပ်ချုပ်မှုကော်မတီနှင့် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းက အခါအားလျော်စွာ သတ်မှတ်သည့် အမြန်လမ်းမကြီးနှင့် သက်ဆိုင်သော စည်းကမ်းချက်များကို လိုက်နာခြင်း။

၉။
အမြန်လမ်းမကြီးပေါ်၌ လမ်းလုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုသော မော်တော်ယာဉ်များမှ အပ အခြားမော်တော်ယာဉ်များသည်-

(က)
အမြန်လမ်းမကြီးအုပ်ချုပ်မှုကော်မတီ သို့မဟုတ် ပြည်သူ့ဆောက်လုပ် ရေး လုပ်ငန်းက သတ်မှတ်သည့် အမြန်နှုန်း အတွင်းသာ မောင်းနှင် ရမည်။

(ခ)
လိုအပ်သည့် နေရာများ၊ လမ်းအကွေ့နေရာများတွင် သတိပေးညွှန်ပြထားသည့် သတ်မှတ်အမြန်နှုန်း အတွင်းသာ မောင်းနှင်ရမည်။

(ဂ)
ရာသီဥတု ဆိုးရွား၍ဖြစ်စေ၊ အခြားအကြောင်း တစ်ရပ်ရပ်ကြောင့်  ဖြစ်စေ မြင်ကွင်းမကောင်းသည့် အခါများတွင် ဘေး အန္တရာယ် ကင်းရှင်းနိုင်သည့် သတ်မှတ်အမြန်နှုန်းထက် ပိုမမောင်းရ။

အခန်း (၆)
ယာဉ်ရပ်နားစခန်းများ

၁၀။
ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းသည် ဝန်ကြီးဌာန၏ အတည်ပြုချက်ဖြင့် အမြန်လမ်းမကြီး နယ်နိမိတ်နှင့် ဆက်စပ် ဧရိယာအတွင်းတွင်

(က)
ယာဉ်ရပ်နားစခန်းကို တည်ဆောက်ခြင်း၊ တည်ဆောက်စေခြင်း  ပြုနိုင်သည်။

(ခ )
ယာဉ်ရပ်နားစခန်းများတွင် ရုံး၊ မော်တော်ယာဉ်ပြင်အလုပ်ရုံ၊ ဟိုတယ်၊  မိုတယ်၊ စားသောက်ဆိုင်၊ ဈေးဆိုင်၊ နားနေခန်းနှင့် ယာဉ်ရပ်နား စခန်းအတွက် လိုအပ်သည့် အဆောက်အအုံများကို တည်ဆောက်ခြင်း၊ တည်ဆောက် ခွင့်ပြုခြင်း၊ ယင်းတို့ကို စီမံခန့်ခွဲခြင်း၊ စည်းကမ်းချက်များ သတ်မှတ်ခြင်း ပြုနိုင်သည်။

(ဂ)
မိမိ၏ဝန်ထမ်းများ နေထိုင်ရန် အိမ်ရာများ၊ အဆောက်အအုံများ  ဆောက်လုပ် နိုင်သည်။

၁၁။
ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းသည် အမြန်လမ်းမကြီး နယ်နိမိတ်ပြင်ပတွင် ယာဉ်ရပ်နားစခန်း အဆောက်အအုံများ အပါအဝင် အမြန်လမ်းမကြီးနှင့် သက်ဆိုင်သည့် အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်း၊ အခကြေးငွေ ကောက်ခံခြင်း၊ စီမံခန့်ခွဲခြင်းတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်ထောင်စုနယ်မြေ ကောင်စီ တို့နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

အခန်း (၇)
ကင်းလွတ်ခွင့်များ

၁၂။
လူနာတင်ယာဉ်၊ မီးသတ်ယာဉ်နှင့်အရေးပေါ်ကိစ္စရပ်များအတွက် အသုံးပြုသည့် ယာဉ်များသည် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက သီးခြားသတ်မှတ်သည့် အန္တရာယ် မဖြစ်နိုင်သည့် အမြန်နှုန်း အတွင်း မောင်းနှင်ခွင့်ရှိသည်။

၁၃။
တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ အမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်ခွင့် မပြုသည့် မော်တော်ယာဉ်၊ လှည်းနှင့် ဖြတ်သန်းသွားလာခွင့် မပြုသည့် အခြားယာဉ်များမောင်းနှင်ခြင်း သို့မဟုတ် ရပ်နားခြင်း၊ လူ၊ တိရစ္ဆာန်များ ဖြတ်သန်းသွားလာခြင်းကြောင့် လူနှင့်ပစ္စည်းထိခိုက်မှု သို့မဟုတ် သေဆုံးမှု ဖြစ်ပေါ်ပါက ဥပဒေနှင့်အညီ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာ၍ မောင်းနှင် သည့် မော်တော်ယာဉ်၏ ယာဉ်မောင်းတွင် တာဝန်မရှိစေရ။

အခန်း(၈)
တားမြစ်ချက်များ
၁၄။
အမြန်လမ်းမကြီးပေါ်တွင် လမ်းလုပ်ငန်းဆောင်ရွက်သည့် လုပ်သားများ၊ တာဝန်ယူကြီးကြပ်သူများ၊ မောင်းနှင်ခွင့်ပြုထားသည့် မော်တော်ယာဉ်များ သွားလာ ခြင်းမှအပ မည်သူမျှ ခြေကျင်သွားခြင်း၊ စက်ဘီး သို့မဟုတ် မော်တော်ဆိုင်ကယ် စီးနင်းသွားလာခြင်း၊ ထော်လာဂျီကဲ့သို့ အနှေးယာဉ်ဖြင့် သွားလာခြင်း၊ လှည်းနှင့် တိရစ္ဆာန်များ အပါအဝင် အခြားတားမြစ်သည့် ယာဉ်များသွားလာခြင်းနှင့် အခြား တစ်နည်းနည်းဖြင့် အမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းခြင်း၊ သွားလာခြင်း၊ နားနေခြင်း မပြုရ။

၁၅။
မည်သူမျှ အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို မပြုရ-

(က)
အမြန်လမ်းမကြီးအင်္ဂါရပ်များကို ပျက်စီးစေခြင်း၊

(ခ)
အမြန်လမ်းမကြီးအင်္ဂါရပ်များကို ဖယ်ရှားခြင်း သို့မဟုတ် ယာဉ်သွား လာမှုကို အဟန့်အတား ဖြစ်စေခြင်း၊

(ဂ)
အမြန်လမ်းမကြီး၏ နယ်နိမိတ်အတွင်း ကျူးကျော်ဝင်ရောက်ခြင်း၊

(ဃ)
အမြန်လမ်းမကြီးကို အသုံးပြုသွားလာနေသော မော်တော်ယာဉ်များ နှင့် စီးနင်းလိုက်ပါလာ သူများကို အန္တရာယ် ဖြစ်စေခြင်း။

၁၆။
မည်သူမျှ ဝန်ကြီးဌာနနှင့် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၏ ခွင့်ပြုချက် မရှိဘဲ အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို မပြုရ-

(က)
အမြန်လမ်းမကြီးကို ဖြတ်သန်း၍ တစ်စုံတစ်ရာဖောက်လုပ်ခြင်း  သို့မဟုတ် ဆောက်လုပ်ခြင်း၊

(ခ)
အမြန်လမ်းမကြီး၏ နယ်နိမိတ်အတွင်း အဆောက်အအုံ  ဆောက်လုပ်ခြင်း၊

(ဂ)
အမြန်လမ်းမကြီး၏ နယ်နိမိတ်အတွင်း ကန်တူးဖော်ခြင်း၊ မြေတူးယူခြင်း။

၁၇။
မည်သူမျှ အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို မပြုရ-

(က)
အမြန်လမ်းမကြီးဖောက်လုပ်ခြင်း၊ တိုးချဲ့ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်း  လုပ်ငန်းဆောင်ရွက်ခြင်း တို့ကို နှောင့်ယှက်ခြင်း သို့မဟုတ် ဟန့်တားခြင်း၊

( ခ )
အမြန်လမ်းမကြီးများပေါ်တွင်  မောင်းနှင်သွားလာခွင့် မပြုရန် သတ်မှတ်ထား သည့် ယာဉ်၊ ဘီးအမျိုးအစား၊ ဝန်တင်အလေးချိန်ပါ ယာဉ်ကို ခွင့်ပြုချက် မရှိဘဲ မောင်းနှင်ခြင်း၊

( ဂ )
အမြန်လမ်းမကြီး၏ နယ်နိမိတ်အတွင်း အမြန်လမ်းမကြီးအုပ်ချုပ်မှု  ကော်မတီ နှင့် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၏ ခွင့်ပြုချက်မရှိဘဲ သစ်ပင်သီးနှံ စိုက်ပျိုးခြင်း၊ ခုတ်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း၊ ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းက အန္တရာယ်ရှိသည်ဟု သတ်မှတ်သော သစ်ပင်များကို ရှင်းလင်းခြင်းနှင့် လမ်းတိုးချဲ့ရန်အတွက် သစ်ပင်များကို ရှင်းလင်းရာတွင် နှောင့်ယှက်ခြင်း သို့မဟုတ် ဟန့်တားခြင်း၊

(ဃ)
အမြန်လမ်းမကြီး၏ နယ်နိမိတ်အတွင်း ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း၏ ခွင့်ပြုချက်မရှိဘဲ ကြော်ငြာဆိုင်းဘုတ် စိုက်ထူခြင်း။

အခန်း(၉)
ပြစ်မှုနှင့်ပြစ်ဒဏ်များ

၁၈။
မည်သူမဆို ပုဒ်မ ၁၄ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ကျပ်သုံးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၁၉။
မည်သူမဆို ပုဒ်မ ၁၅ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုသုံးနှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံး ကျပ်နှစ်သိန်းမှ အများဆုံး ကျပ်သိန်း ၂၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် အမြန်လမ်းမကြီးဆိုင်ရာ ပစ္စည်းပျက်စီး ဆုံးရှုံးမှု ရှိပါက ပစ္စည်းပျက်စီးဆုံးရှုံးမှု တန်ဖိုးကို ပေးလျော်စေရမည်။

၂၀။
မည်သူမဆို ပုဒ်မ ၁၆ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်တစ်ဆယ်သိန်းအထိ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် အမြန်လမ်းမကြီးဆိုင်ရာပစ္စည်း ပျက်စီး ဆုံးရှုံးမှု ရှိပါက ပစ္စည်းပျက်စီးဆုံးရှုံးမှု တန်ဖိုးကို ပေးလျော်စေရမည်။

၂၁။
မည်သူမဆို ပုဒ်မ ၁ရပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် အမြန်လမ်းမကြီးဆိုင်ရာ ပစ္စည်းပျက်စီး ဆုံးရှုံးမှုရှိပါက ပစ္စည်းပျက်စီးဆုံးရှုံးမှုတန်ဖိုးကို ပေးလျော်စေရမည်။

၂၂။
မည်သူမဆို ဤဥပဒေပါ ပြဋ္ဌာန်းချက် သို့မဟုတ် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်တစ်ခုခုပါ ပြဋ္ဌာန်းချက်တစ်ခုခုကို ဆန့်ကျင်လျှင် ထိုပြစ်မှုအတွက် သီးခြားပြစ်ဒဏ်ပြဋ္ဌာန်း မထားပါက ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသောင်းမှ အများဆုံး ကျပ်သုံးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချ မှတ်ရမည့်အပြင် အမြန် လမ်းမကြီးဆိုင်ရာ ပစ္စည်းပျက်စီးဆုံးရှုံးမှုတန်ဖိုးကို ပေးလျော်စေရမည်။

အခန်း (၁၀)
အထွေထွေ

၂၃။
အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုခုသည် မိမိဌာန၊ အဖွဲ့အစည်း၏ လုပ်ငန်းလိုအပ်ချက်အရ အမြန်လမ်းမကြီးကို ဖြတ်သန်း၍ မြေပေါ် မြေအောက်တွင် ပိုက်လိုင်းဆက်သွယ်ခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်း ဆက်သွယ်ခြင်း၊ ဆက်သွယ်ရေးလိုင်းများ ဆက်သွယ်ခြင်းနှင့် မြောင်းဖောက်လုပ်ခြင်းများ ပြုလုပ်လိုပါက ဝန်ကြီးဌာနနှင့် ကြိုတင်ညှိနှိုင်း၍ ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက် ရမည်။

၂၄။
ဤဥပဒေ ပုဒ်မ ၁၈၊ ပုဒ်မ ၂၁ နှင့် ပုဒ်မ ၂၂ ပါ ပြစ်မှုများကို ရဲအရေးပိုင်သော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

၂၅။
ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့သည် ဤဥပဒေပါ  ပြစ်မှုများ မဖြစ်ပွားရေးအတွက်  အသိပညာပေးရေး၊  တားဆီးကာကွယ်ရေး၊ စောင့်ကြည့် လေ့လာရေးနှင့် ပြစ်မှုများ ဖြစ်ပွားပါက ဥပဒေနှင့်အညီ အရေးယူရေး အတွက် ပူးပေါင်းဆောင်ရွက်ရမည်။

၂၆။
ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းသည်  အမြန်လမ်းမကြီးများနှင့် စပ်လျဉ်း၍ အမြန် လမ်းမကြီးအုပ်ချုပ်မှု ကော်မတီကို တာဝန်ခံရမည်။

၂၇။
ဤဥပဒေအရ  အမြန်လမ်းမကြီးလုပ်ငန်းများ  ဆောင်ရွက်ရန် အလို့ငှာ ခန့်အပ်သည့် သို့မဟုတ် တာဝန်ပေးအပ်ထားသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များသည် အမြန် လမ်းမကြီးဆိုင်ရာ လုပ်ငန်းတာဝန်များ ထမ်းဆောင်နေသည့်အချိန်တွင် ပြည်သူ့ ဝန်ထမ်းဟု မှတ်ယူရမည်။

၂၈။
ဤဥပဒေပါ  ပြဋ္ဌာန်းချက်များကို  အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်-

(က)
ဝန်ကြီးဌာနသည်  နည်းဥပဒေ၊   စည်းမျဉ်းနှင့် စည်းကမ်းများကို အစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ)
ဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်း များကို ထုတ်ပြန်နိုင်သည်။

(ဂ)
ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းသည် အမိန့်နှင့်ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။