၂ဝ၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ
(၂ဝ၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၅ ။)
၁၃၇၇ ခုနှစ်၊ ပထမဝါဆိုလဆန်း ၉ ရက်
( ၂ဝ၁၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်)

 ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဌာန်းလိုက်သည်။

၁။ဤဥပဒေကို ၂ဝ၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင် စေရမည်။

၂။၂ဝ၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ) တွင်ပါရှိသော ”ပြည်ထောင်စု ရာထူးဝန် အဖွဲ့တို့ကိုလည်းကောင်း၊” ဆိုသည့် စကားရပ်၏ နောက်တွင် ”ပြည်ထောင်စု လွှတ်တော်ကဥပဒေ ပြဌာန်း၍ အဆိုပါဥပဒေတွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် သတ်မှတ် ဖွဲ့စည်းသည့် နိုင်ငံတော် အဆင့် သို့မဟုတ် ဗဟိုအဆင့်အဖွဲ့အစည်းများကိုလည်းကောင်း၊” ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။
၃။၂ဝ၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ည) ကိုအောက်ပါ အတိုင်းအစားထိုးရမည်-
”(ည)လွှတ်တော်ရုံးဆိုသည်မှာ အမျိုးသားလွှတ်တော်၏ ရုံးလုပ်ငန်းနိုင် အုပ်ချုပ်မှုကိစ္စအဝဝ တို့ကို ကြီးကြပ်ဆောင်ရွက်ရန် ဖွဲ့စည်းထားသောရုံးကို ဆိုသည်။”

၄။၂ဝ၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၄ ကို အောက်ပါအတိုင်း အစားထိုးရမည်-
”၄။လွှတ်တော်၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့်အညီ ဖြစ်သည်။ ပြည်သူ့လွှတ်တော်၏ သက်တမ်း ကုန်ဆုံးသောနေ့တွင် လွှတ်တော်၏ သက်တမ်း သည်လည်း ကုန်ဆုံးသည်။”

၅။၂ဝ၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁ဝ၊ ပုဒ်မခွဲ (ည) ကို အောက်ပါအတိုင်းအစားထိုးရမည် –

”(ည)လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လေ့လာလိုသော ပြည်သူများ အား ဥက္ကဌ၏ သဘောတူညီချက်ဖြင့် ဖိတ်ကြားခြင်း။”

၆။၂ဝ၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၂) တွင် ပါရှိသော ”တရားရုံးတစ်ခုခုက” ဆိုသည့်စကားရပ်ကို ”တရားရုံး သို့မဟုတ် စုံစမ်းစစ်ဆေးမှုတစ်ခုခုက” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၇။၂ဝ၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၁၃ တွင် ပါရှိသော ”နယ်မြေ ဒေသခံ ပြည်သူများနှင့်ညှိနှိုင်းပြီး သတ်မှတ်ချက်များနှင့် အညီ” ဆိုသည့် စကားရပ် ကို ”ဥပဒေနှင့် အညီ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၈။၂ဝ၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၇ မှ ပုဒ်မ ၁၉ အထိ သက်ဆိုင်သော ”တာဝန်ထမ်းဆောင်ခြင်း” ဆိုသည့် ခေါင်းစဉ်ကို ”တာဝန် ထမ်းဆောင်ခြင်းနှင့် နုတ်ထွက်ခြင်း” ဆိုသည့် ခေါင်းစဉ်ဖြင့် အစားထိုးရမည်။

၉။၂ဝ၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၁၇ ကိုအောက်ပါအတိုင်း အစားထိုးရမည် –

၁၇။”ဥက္ကဌနှင့်  ဒုတိယဥက္ကဌတို့သည် နောက်တစ်ကြိမ် လွှတ်တော် သက်တမ်း ပထမပုံမှန် အစည်းအဝေး စတင်မကျင်းပမီ အချိန်အထိ ဥက္ကဌနှင့် ဒုတိယ ဥက္ကဌ တာဝန်ကို ထမ်းဆောင်ရမည်။”

၁ဝ။၂ဝ၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော် ဆိုင်ရာဥပဒေပုဒ်မ ၃၄ ကိုအောက်ပါအတိုင်း အစားထိုးရမည်-
”၃၄။
(က)လွှတ်တော်သက်တမ်း စတင်သည့် နေ့ရက်သည် ပြည်သူ့ လွှတ်တော် သက်တမ်း စတင်သည့် နေ့ရက်ဖြစ်သည်။

(ခ)လွှတ်တော်၏ ပထမပုံမှန် အစည်းအဝေးကို ယင်းလွှတ်တော်၏ သက်တမ်း စတင်သည့်နေ့မှ ခုနစ်ရက် အတွင်းကျင်းပရမည်။”

၁၁။၂ဝ၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၃၈ ကိုအောက်ပါအတိုင်း အစားထိုးရမည် –

”၃၈။
(က)လွှတ်တော်သက်တမ်း တစ်ရပ်၏ ပထမပုံမှန် အစည်းအဝေးသို့ တက်ရောက်လာသော လွှတ်တော် ကိုယ်စားလှယ်များအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပေးသည့် အသိအမှတ်ပြုလွှာဖြင့် စိစစ်အတည်ပြုရန် လွှတ်တော်က လွှတ်တော်အခွင့်အရေးကော်မတီ မဖွဲ့စည်းရသေးမီ ဥက္ကဌသည် လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီတစ်ရပ်ကို သင့်လျော်သော နိုင်ငံသားများဖြင့် ဖွဲ့စည်းရမည်။
(ခ)လွှတ်တော်အခွင့်အရေး ကော်မတီ ဖွဲ့စည်းပြီးချိန်မှစ၍ ယင်း ကော်မတီသည် လွှတ်တော်သက်တမ်းအတွင်း ဆက်လက် ကျင်းပသည့် လွှတ်တော်အစည်း အဝေးများသို့ တက်ရောက် လာသော လွှတ်တော်ကိုယ်စားလှယ်များအားစိစစ်၍ အတည်ပြု ရမည်။”

၁၂။၂ဝ၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၄၇ နှင့် ပုဒ်မ ၄၈ တို့တွင် ပါရှိသော ”အခြားဘာသာသာသနာကို ပုတ်ခတ် ပြောဆိုခြင်း” ဆိုသည့် စကားရပ် များကို ”ဘာသာသာသနာကို ပုတ်ခတ် ပြောဆိုခြင်း” ဆိုသည့် စကားရပ်ဖြင့် အသီးသီး အစားထိုးရမည်။

၁၃။၂ဝ၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၅ဝ ၏ ခြေဆင်းကို အောက်ပါအတိုင်း အစားထိုးရမည်-
”၅ဝ။ပြည်ထောင်စုအဆင့် အဖွဲ့အစည်း တစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များသည်-”

၁၄။၂ဝ၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၆၃ နှင့် ပုဒ်မ ၆၆ တို့တွင် ပါရှိသော ”အမျိုးသားလွှတ်တော်ရုံး”ဆိုသည့် စကားရပ်များကို ”လွှတ်တော်ရုံး” ဆိုသည့် စကားရပ်ဖြင့် အသီးသီး အစားထိုးရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွနု်ပ်လက်မှတ်ရေး ထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။