မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသား ကော်မတီဥပဒေ
(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄၁။)
၁၃၇၇ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၁၃ ရက်
(၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဌာန်းလိုက်သည်။
အခန်း (၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက် အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။
ဤဥပဒေကို မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ ဥပဒေဟု ခေါ်တွင် စေရမည်။
၂။
ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-
(က)
ကော်မတီ ဆိုသည်မှာ မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသား ကော်မတီကို ဆိုသည်။
(ခ)
တမံကြီးများဆိုသည်မှာ အမြင့် ၁၅ မီတာနှင့်အထက် သို့မဟုတ် အမြင့် ၅ မီတာမှ ၁၅ မီတာအထိရှိ၍ ရေထုထည်ပမာဏ ၃ သန်း ကုဗမီတာနှင့် အထက် သိုလှောင်နိုင်သော မြေသားတမံ၊ ကျောက်ဖြည့်တမံ၊ ကွန်ကရစ် တမံများကို ဆိုသည်။
(ဂ)
အပြည်ပြည်ဆိုင်ရာ တမံကြီးများကော်မရှင်  ဆိုသည်မှာ ၁၉၂၈ ခုနှစ်၊ ဇူလိုင်လတွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ဌာနချုပ်ရုံးကို ဖွဲ့စည်းတည်ထောင်၍ ရေလှောင်တမံများနှင့် ဆက်စပ်ရေအား အဆောက်အအုံများ လုံခြုံ စိတ်ချ ရမှု၊ စီးပွားရေးတွက်ခြေကိုက်မှု ရှိစေရန် တည်ဆောက်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူမှုဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြစ်တည် ပေါ်ပေါက် စေနိုင်မည့် အင်ဂျင်နီယာပညာရပ်ပိုင်းဆိုင်ရာ အတွေ့အကြုံများ နှီးနှောဖလှယ်ရေးနှင့် စံနှုန်းများသတ်မှတ်ရာတွင် ကျွမ်းကျင်မှုပေးသော အဖွဲ့အစည်းကို ဆိုသည်။
(ဃ)
ဒေသတွင်းအဖွဲ့ခွဲများ ဆိုသည်မှာ မြန်မာနိုင်ငံတွင် အနည်းဆုံး ကော်မတီ အဖွဲ့ဝင် ၁၅ ဦး ရှိသောဒေသများတွင် ဖွဲ့စည်းထားသည့် အဖွဲ့ခွဲများကို ဆိုသည်။
(င)
နည်းပညာဆိုင်ရာအဖွဲ့ခွဲများ ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ တမံကြီးများ ကော်မရှင်၏ နည်းပညာဆိုင်ရာ အဖွဲ့ခွဲများကို အခြေခံ၍ ဘာသာရပ် အလိုက်စုစည်းကာ လိုအပ်ချက်နှင့်အညီ ကော်မတီက ဖွဲ့စည်းထားသော အဖွဲ့ခွဲများကို ဆိုသည်။
(စ)
ဝန်ကြီးဌာနဆိုသည်မှာ ပြည်ထောင်စုအစိုးရ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနကို ဆိုသည်။
(ဆ)
ဥက္ကဋ္ဌ ဆိုသည်မှာ ကော်မတီဝင်များက ရွေးချယ်တာဝန်ပေးအပ်သော အလုပ် အမှုဆောင် ကော်မတီ၏ ဥက္ကဋ္ဌကို ဆိုသည်။
(ဇ)
အတွင်းရေးမှူးများအဖွဲ့ ဆိုသည်မှာ သတင်းအချက်အလက်များ ရယူ စိစစ်ခြင်း လုပ်ငန်းနှင့် ကော်မတီရုံးလုပ်ငန်းကို ဦးစီးဆောင်ရွက်သော အမြဲတမ်း အဖွဲ့အစည်းကို ဆိုသည်။

အခန်း(၂)
ဖွဲ့စည်းခြင်းဆိုင်ရာအခြေခံမူများနှင့် ရည်ရွယ်ချက်များ
၃။
ကော်မတီ၏ ဖွဲ့စည်းခြင်းဆိုင်ရာအခြေခံမူများမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က)
မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီသည် တမံကြီးများ၏ ဖွံ့ဖြိုး တိုးတက်မှုနှင့် ဆက်စပ်သည့် လုပ်ငန်းနယ်ပယ်များတွင် စိတ်ပါ ဝင်စား၍ တက်ကြွစွာ ပါဝင်ဆောင်ရွက်လိုသော လူပုဂ္ဂိုလ် တစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်းများ စသည်တို့ကို  စုစည်းထားသော ပညာရပ် ဆိုင်ရာ အဖွဲ့အစည်း ဖြစ်သည်။
(ခ)
တမံကြီးများတည်ဆောက်ခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ လေ့လာခြင်း၊ စီမံခြင်း၊ စူးစမ်းခြင်း၊ ဒီဇိုင်းပုံစံရေးဆွဲခြင်း၊ တည်ဆောက်ခြင်း၊ တည်ဆောက်ပြီး တမံကြီးများ ထိန်းသိမ်းလည်ပတ်ခြင်းနှင့် စီမံခန့်ခွဲခြင်း၊ စက်ယန္တရား၊ ယာဉ် နှင့် စက်ပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်း၊ တည်ဆောက်ရေး ပစ္စည်းများ ထုတ်လုပ်ခြင်း၊ နည်းပညာအချက်အလက်များဖလှယ်ခြင်းနှင့် ပစ္စည်း ကိရိယာများ ထုတ်လုပ်ခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့် ရှောက်ခြင်းနှင့် တမံကြီးများနှင့်သက်ဆိုင်သည့် စီးပွားရေးလုပ်ငန်း အပါ အဝင် အခြားလုပ်ငန်းတစ်ခုခုတွင် သတ်မှတ်ချက်များနှင့် အညီ ပါဝင် ဆောင်ရွက်နေသည့် လူပုဂ္ဂိုလ်တစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်း များကို ကော်မတီအဖွဲ့ဝင်များဖြင့် အခြေခံ၍ ဖွဲ့စည်းရမည်။
(ဂ)
ကော်မတီကို လွတ်လပ်၍ ကိုယ်ပိုင်ရပ်တည်နိုင်သော အခြေခံမူများနှင့် အညီ တည်ထောင်ရမည်။
၄။
ကော်မတီ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က)
ကော်မတီအဖွဲ့ဝင်များသည် တမံကြီးများ၏ လုပ်ငန်းဆိုင်ရာ တာဝန်ဝတ္တရား များကို သိရှိနားလည်စေရန်၊
(ခ)
ကော်မတီ အဖွဲ့ဝင်များ၏ စိတ်အားထက်သန်မှုနှင့် ခံယူချက်ကို မြှင့်တင် ပေးရန်၊
(ဂ)
ကော်မတီအဖွဲ့ဝင်များ အချင်းချင်း တမံကြီးများဆိုင်ရာ သတင်းအချက် အလက်များနှင့် မိမိတို့၏ လုပ်ငန်း အတွေ့အကြုံများကို ဖလှယ်ပြီး ပညာရပ် ဆိုင်ရာကျွမ်းကျင်မှုကို မြှင့်တင်ပေးရန်၊
(ဃ)
တမံကြီးများဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး အကျိုးတရားများကို စိစစ် သုံးသပ်ရာတွင် အတိုင်ပင်ခံပညာရှင်များအဖြစ် ဆောင်ရွက်ပေးနိုင်ရန်၊
(င)
မြန်မာနိုင်ငံအတွင်းရှိ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲနှင့် တည်ဆောက် ရန် ရှိသည့် တမံကြီးများ၏ လုံခြုံစိတ်ချရမှု၊ ခိုင်ခံ့တည်ငြိမ်မှု၊ သဘာဝ ပတ်ဝန်းကျင်၊ စီးပွားရေးနှင့် လူမှုရေးပတ်ဝန်းကျင်တို့အပေါ် အကျိုး သက်ရောက်မှု၊ စွမ်းရည် မြင့်မားတိုးတက်မှု၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ အတွက် ကျယ်ပြန့်စွာ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရန်၊
(စ)
တည်ဆဲဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် နိုင်ငံတကာ ဥပဒေများနှင့်အညီ နိုင်ငံတွင်း၊ ဒေသတွင်းအပါအဝင် အပြည်ပြည်ဆိုင်ရာ သိပ္ပံနှင့်နည်းပညာကော်မရှင်များနှင့် ပူးပေါင်းဆက်သွယ်ဆောင်ရွက်ရန်။

အခန်း (၃)
ကော်မတီဖွဲ့စည်းခြင်း ကော်မတီဖွဲ့စည်းခြင်း
၅။
ပြည်ထောင်စုအစိုးရအဖွဲ့သည် ခုနစ်ဦးထက်မပိုသော ကော်မတီ၏ နာယကအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်-
(က)
ပြည်ထောင်စုဝန်ကြီး
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊
(ခ)
ဒုတိယဝန်ကြီး
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊
(ဂ)
ဒုတိယဝန်ကြီး
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊
(ဃ)
ဝါရင့်ပညာရှင်များ။

၆။
နာယကအဖွဲ့သည် –
(က)
ကော်မတီ၏ ပထမအကြိမ် အထွေထွေညီလာခံကို သတ်မှတ်ချက်များနှင့် အညီ ကျင်းပရမည်။
(ခ)
ပုဒ်မခွဲ (က) အရ ကျင်းပသည့် အထွေထွေညီလာခံတွင် စုစုပေါင်း အဖွဲ့ဝင် ၄၅ ဦး ထက်မပိုသောဦးရေဖြင့် ကော်မတီကို ဖွဲ့စည်းရမည်။
၇။
ကော်မတီဝင်များသည် မိမိတို့ကော်မတီဝင်များထဲမှ နိုင်ငံ့ဝန်ထမ်းများ အပါအဝင် အလုပ်အမှုဆောင်ကော်မတီကို စုစုပေါင်း အဖွဲ့ဝင် ၁၅ ဦးဖြင့် အောက်ပါအတိုင်း ရွေးကောက် တင်မြှောက်ရမည် –
(က)
ဥက္ကဋ္ဌ
၁ ဦး၊
(ခ)
ဒုတိယဥက္ကဋ္ဌ
၂ ဦး၊
(ဂ)
အတွင်းရေးမှူး
၁ ဦး၊
(ဃ)
တွဲဖက်အတွင်းရေးမှူး
၂ ဦး၊
(င)
ဘဏ္ဍာရေးမှူး
၁ ဦး၊
(စ)
စာရင်းစစ်
၁ ဦး၊
(ဆ)
အလုပ်အမှုဆောင်အဖွဲ့ဝင်
၇ ဦး။
၈။
နာယကအဖွဲ့သည် ကော်မတီနှင့် အလုပ်အမှုဆောင်ကော်မတီတို့ကို လိုအပ်သော လမ်းညွှန်မှုများ ပြုလုပ်ဆောင်ရွက်ခွင့်ရှိသည်။
၉။
ကော်မတီသည် ကော်မတီ၏ဖွဲ့စည်းပုံကို အထွေထွေညီလာခံ၏ အတည်ပြုချက်ဖြင့် ပြင်ဆင်ဖြည့်စွက်ခွင့်ရှိသည်။
၁၀။
ကော်မတီ၏ အထွေထွေညီလာခံကို နှစ်နှစ်လျှင်တစ်ကြိမ်ကျင်းပ၍ ကော်မတီ အသစ် ကို ဖွဲ့စည်းရမည်။
၁၁။
ကော်မတီသည် အောက်ပါလုပ်ငန်းများအပေါ် တာဝန်ခံရမည် –
(က)
အထွေထွေညီလာခံ အစည်းအဝေး၏ ဆုံးဖြတ်ချက်များကို ကော်မတီ၏ ဖွဲ့စည်းပုံ စည်းမျဉ်းများနှင့်အညီ အကောင်အထည်ဖော်ခြင်း၊
(ခ)
လုပ်ငန်း အစီအစဉ်၊ ရသုံးမှန်းခြေငွေစာရင်း၊ ကော်မတီ၏ ဖွဲ့စည်းပုံတို့ကို အဆုံးအဖြတ်ပြုခြင်း၊
(ဂ)
အလုပ်အမှုဆောင်ကော်မတီဝင် ၁၅ ဦးကို ရွေးချယ်ခြင်း။
၁၂။
ကော်မတီရုံးမှ ထုတ်ပြန်ဖြန့်ဝေသည့် အင်ဂျင်နီယာပညာရပ်ပိုင်းဆိုင်ရာ ဖြန့်ဝေစာ များနှင့် မဂ္ဂဇင်းများသည် ကော်မတီ၏ တရားဝင်ထုတ်ပြန်ချက်ဟု မှတ်ယူရမည်။ ကော်မတီ သည် မိမိ၏ ကိုယ်ပိုင်အမှတ်တံဆိပ်နှင့် တံဆိပ်တုံးတို့ကို သုံးစွဲခွင့်ရှိပြီး ပုံသေပိုင်ပစ္စည်းများ၊ ပြည်တွင်းသုံးငွေနှင့် နိုင်ငံခြားငွေဘဏ်စာရင်းများ ထူထောင် ထားရှိနိုင်သည်။

အခန်း (၄)
အဖွဲ့ခွဲများ ဖွဲ့စည်းခြင်း
၁၃။
အလုပ်အမှုဆောင်ကော်မတီသည် အောက်ပါအဖွဲ့ခွဲများကို ဖွဲ့စည်းပေးရမည်-
(က)
ဒေသတွင်းအဖွဲ့ခွဲများ၊
(ခ)
နည်းပညာဆိုင်ရာအဖွဲ့ခွဲများ။
၁၄။
ဒေသတွင်းအဖွဲ့ခွဲများကို အနည်းဆုံး တင်းပြည့်အဖွဲ့ဝင် ၁၅ ဦးရှိသော ဒေသများ တွင် ဖွဲ့စည်းနိုင်သည်။ အဖွဲ့ခွဲ၏အစည်းအဝေးကို တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် ကျင်းပပြီး အောက်ပါတို့ကို ဆောင်ရွက်ရမည် –
(က)
အဖွဲ့ခွဲ၏ ဆောင်ရွက်မည့် လုပ်ငန်းများ သတ်မှတ်ခြင်းနှင့် လုပ်ငန်း အစီ ရင်ခံစာကို ဆွေးနွေးအတည်ပြုခြင်း၊
(ခ)
ကော်မတီ၏ အစီရင်ခံစာများကို ဆွေးနွေးခြင်းနှင့် ကော်မတီသို့ အစီရင်ခံစာ တင်သွင်းခြင်း၊
(ဂ)
အထွေထွေညီလာခံ အစည်းအဝေးတွင် ပါဝင်ရန် ကိုယ်စားလှယ်များ သတ်မှတ်ရွေးချယ်ခြင်းနှင့် အဖွဲ့ခွဲ အမှုဆောင်အဖွဲ့ဝင်များကို ရွေးချယ် တာဝန် ပေးအပ်ခြင်း၊
(ဃ)
အဖွဲ့ခွဲအမှုဆောင်အဖွဲ့ဝင် အရေအတွက်ကို သတ်မှတ်ဆုံးဖြတ်ခြင်း။
၁၅။
နည်းပညာဆိုင်ရာအဖွဲ့ခွဲများကို အပြည်ပြည်ဆိုင်ရာ တမံကြီးများ ကော်မရှင်၏ နည်းပညာဆိုင်ရာ အဖွဲ့များကို အခြေခံ၍ ဘာသာရပ်အလိုက် စုစည်းကာ လိုအပ်ချက်နှင့်အညီ ဖွဲ့စည်းနိုင်သည်။ အဖွဲ့ခွဲများသည် မိမိတို့ ဆက်စပ်ရာ ဘာသာရပ်အလိုက် အဖွဲ့ခွဲဝင်များကိုစုစည်း၍ မိမိတို့အဖွဲ့ခွဲအလိုက် ဆောင်ရွက် မည့် လုပ်ငန်းများ သတ်မှတ်ခြင်း၊ အစည်းအဝေးကျင်းပခြင်း၊ ဆောင်ရွက်ချက်၊ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ကော်မတီသို့ တင်ပြဆောင်ရွက်ရမည်။
၁၆။
အလုပ်အမှုဆောင်ကော်မတီသည် ကော်မတီလုပ်ငန်းများကို အထောက်အကူ ပြုရန်-
(က)
အလုပ်အမှုဆောင်ကော်မတီ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင် ကော်မတီက တာဝန်ပေးအပ်သော အဖွဲ့များမှ အဖွဲ့ဝင်များ ပါဝင်စေလျက် အတွင်းရေးမှူးများအဖွဲ့ကို ဖွဲ့စည်းရမည်။
(ခ)
တမံကြီးများနှင့် သက်ဆိုင်သည့် လိုအပ်သော အထူးအဖွဲ့များကို သတ်မှတ်ချက်များနှင့် အညီ ဖွဲ့စည်းနိုင်သည်။
အခန်း (၅)
ကော်မတီ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ
၁၇။
ကော်မတီ၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က)
တမံကြီးများ တည်ဆောက်၍ အသုံးချရာတွင် သဘာဝပတ်ဝန်းကျင် ရေရှည် တည်တံ့ရေး၊ ဘေးကင်းလုံခြုံစိတ်ချစေရေးနှင့် စွမ်းဆောင်ရည် မြင့်မားသော ရင်းနှီးမြှုပ်နှံမှု ဖြစ်စေရေးအတွက် အဖွဲ့ဝင်များ၏ အသိအမြင် များကို မြှင့်တင်ပေးခြင်း၊ ဖန်တီးနိုင်စွမ်းနှင့် စိတ်အားထက်သန်မှုတို့ကို တိုက်တွန်းအားပေးခြင်း၊
(ခ)
အရည်အသွေး မြင့်မားသော တမံကြီးများ ဖွံ့ဖြိုး တိုးတက်လာစေရေး အတွက် ပါဝင်ကြသော လူ့စွမ်းအား အရင်းအမြစ်များကို လေ့ကျင့် ပညာ ပေးခြင်းနှင့် လုပ်ငန်းစွမ်းရည်အဆင့် တိုးတက်မြင့်မားစေရန် ကူညီ ဆောင်ရွက်ပေးခြင်း၊ တိုက်တွန်းအားပေးခြင်း၊
(ဂ)
နိုင်ငံတော်က တည်ဆောက်ဆဲ၊ တည်ဆောက်မည့် တမံကြီးစီမံကိန်းများကို ကော်မတီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်အရ စူးစမ်းလေ့လာမှုအပိုင်း၊ ဒီဇိုင်း စနစ် ချမှတ်မှုအပိုင်း၊ အသေးစိတ် ဒီဇိုင်းပုံစံထုတ်လုပ်မှုအပိုင်း၊ တည်ဆောက် အကောင်အထည်ဖော်မှု အပိုင်းတို့ကို စိစစ်ခြင်း၊ ထောက်ခံ အကြံပြုချက် ပေးခြင်း၊
(ဃ)
နိုင်ငံတော်၏ တည်ဆောက်ပြီး တမံကြီးစီမံကိန်းများကို ကော်မတီက ကြံ့ခိုင်မှု စစ်ဆေးခြင်း ဆက်စပ်လုပ်ငန်းများနှင့် ရေအား အဆောက်အအုံ များအား လည်ပတ် အသုံးချမှု၊ ထိန်းသိမ်းထားရှိမှုတို့ကို စစ်ဆေးခြင်း၊ အကြံပြုထောက်ခံချက်ပေးခြင်း၊
(င)
တမံကြီးများ၏ ဖွံ့ဖြိုးမှုနှင့်ဆက်နွယ်သော သိပ္ပံနှင့်နည်းပညာ ဘာသာရပ် ဆိုင်ရာ အသိပညာ ဗဟုသုတများ အသိပေးဖြန့်ဖြူးခြင်း၊
(စ)
လုပ်ထုံးလုပ်နည်း ပြဋ္ဌာန်းချက်များ၊ ပညာရပ်ပိုင်းဆိုင်ရာ ကျင့်ဝတ်များ၊ စံချိန်စံညွှန်း များနှင့်အညီ တမံကြီးများကို လေ့လာစိစစ်ခြင်း၊ တည် ဆောက်ခြင်း၊ နည်းဗျူဟာများ ချမှတ်ခြင်း၊ ဆက်စပ်စီမံခန့်ခွဲခြင်းနှင့် အသုံးပြုခြင်းတို့ ဆောင်ရွက်ရာတွင် လိုအပ်သည့် အထောက်အပံ့များ ပေးခြင်း၊ တမံကြီးများဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေသည့် ဌာန၊ အဖွဲ့အစည်း အသီးသီးသို့ သဘောထားမှတ်ချက်များ ဖြန့်ဝေပေးခြင်း၊ ကော်မတီ၏ လေ့လာသုံးသပ်ချက်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းတိုင်ပင် အကြံပြုဆောင်ရွက်ခြင်း၊
(ဆ)
ကော်မတီသည် ရေအရင်းအမြစ်များ ထုတ်နုတ်အသုံးချမှုဆိုင်ရာ အခြား ဆက်စပ် အဖွဲ့အစည်းများနှင့် ပေါင်းစည်း ညှိနှိုင်း၍ တမံကြီးများကို တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပူးပေါင်း တာဝန်ယူဆောင်ရွက်ခြင်း၊
(ဇ)
သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းမှတစ်ဆင့် အပြည်ပြည်ဆိုင်ရာ တမံကြီးများ ကော်မရှင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်ဆံ ဆောင်ရွက်မှု များကို တိုးမြှင့်ဆောင်ရွက်ခြင်း၊
(ဈ)
ကော်မတီအဖွဲ့ဝင်ဖြစ်သည့် လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် အဖွဲ့အစည်းများ၏ ပညာရပ်ပိုင်း ကျွမ်းကျင်မှုဆိုင်ရာ အခွင့်အရေးများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးခြင်း။
၁၈။
ကော်မတီ၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် –
(က)
နိုင်ငံတော်မှ တမံကြီးများ ဖွံ့ဖြိုးတိုးတက်မှုအတွက် မူဝါဒများ၊ လုပ်ငန်း အစီအစဉ်များ၊ စီမံကိန်းများ ချမှတ်ဆောင်ရွက်ရာတွင် လိုအပ်သည့် ရှင်းလင်းချက်နှင့် သဘောထား မှတ်ချက်တို့ကို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများမှတစ်ဆင့် တင်ပြခြင်းဖြင့် နိုင်ငံတော်၏ လူမှု စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရည်မှန်းချက်များ ပေါက်မြောက် အောင်မြင်ရန် ပံ့ပိုးဆောင်ရွက်ပေးခြင်း၊
(ခ)
နိုင်ငံတော်အတွင်း တည်ဆောက်ဆဲ၊ တည်ဆောက်မည့် တမံကြီး စီမံကိန်း များကို ကော်မတီ၏ တာဝန်အရ လည်းကောင်း၊ အထူးလိုအပ်ချက် အခြေအနေအရလည်းကောင်း အတိုင်ပင်ခံအဖြစ် ဆောင်ရွက်ခြင်း၊ ဆန်းစစ ဝေဖန်ခြင်း၊ ပြန်လည်သုံးသပ်ခြင်း၊ နည်းပညာ ဆိုင်ရာ ကြီးကြပ်အကြံပြုခြင်းတို့တွင် ပါဝင်ဆောင်ရွက်ခြင်း၊
(ဂ)
တမံကြီးများ ဖွံ့ဖြိုးမှုဆိုင်ရာ သတင်း အချက်အလက်များ ဖလှယ်ခြင်း၊ သုတေသန ပြုလုပ်ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းတို့ကို ဆောင်ရွက်ရန် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင် ညှိနှိုင်းဆောင်ရွက်ခြင်း၊
(ဃ)
တမံကြီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ထုံးလုပ်နည်း စည်းမျဉ်းများနှင့် အညီ အကြံပေးခြင်း၊ သတင်းပေးခြင်းစသည် တို့ကို ပူးပေါင်း ပါဝင် ဆောင်ရွက်ခြင်း၊ တမံကြီးများ ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများဖြစ်သည့် ဒီဇိုင်းပုံ ထုတ်လုပ်ခြင်း၊ အသုံးပြုခြင်း၊ အဆင့်မြင့် နည်းပညာများသုံးစွဲခြင်း၊ စီမံခန့်ခွဲခြင်း စသည်တို့အတွက် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊
(င)
မိမိ၏ လက်အောက်ခံအဖွဲ့အစည်းများကို ဖွဲ့စည်းထူထောင်ခြင်း၊
(စ)
ညီလာခံများ၊ စာတမ်းဖတ်ပွဲများ၊ ဆွေးနွေး နှီးနှော ဖလှယ်ပွဲများ ခေါ်ယူကျင်းပခြင်း၊
(ဆ)
တမံကြီးများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အတွေ့အကြုံများ ဖလှယ် ဖြန့်ဝေခြင်း၊ လေ့ကျင့်မှု၊ ပို့ချမှုများပြုလုပ်ခြင်း၊ သုတေသန တွေ့ရှိချက်များ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခြင်း၊
(ဇ)
ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ နိုင်ငံတွင်းနှင့် နိုင်ငံတကာ တမံကြီးများနှင့်ဆိုင်သော လုပ်ငန်းအုပ်စုများတွင် မိမိ၏ အဖွဲ့ဝင်များကို ဥပဒေများနှင့်အညီ ပါဝင်ဆောင်ရွက်ရန် တာဝန် သတ်မှတ်ပေးခြင်း၊
(ဈ)
အဖွဲ့ဝင်များနှင့် တမံကြီးများဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းအသီးသီးတွင် ပါဝင် ဆောင်ရွက်နေသူများကို လုပ်ငန်းဆိုင်ရာ သင်တန်းများ ပို့ချခြင်း၊
(ည)
သုတေသန ဖော်ထုတ်ချက်များ၊ လေ့လာပြီးလုပ်ငန်းများ၊ သုတေသန တွေ့ရှိချက်များနှင့် ပညာရပ်ဆိုင်ရာ စာစောင်များကို ထုတ်ဝေခြင်း၊ ကြေညာခြင်းနှင့် လုပ်ငန်းဆိုင်ရာ အသိပညာများကိုဖြန့်ဖြူးပေးခြင်း၊
(ဋ)
ရရှိသော ငွေကြေးအရင်းအမြစ်များကို ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း နှင့်အညီ သုံးစွဲခြင်း၊
(ဌ)
အဖွဲ့ဝင်များအတွက် ပညာရပ်ပိုင်းဆိုင်ရာ အသိအမှတ်ပြု လက်မှတ်များ၊ စိစစ်ရေး ကတ်ပြားများ ထုတ်ဝေပေးခြင်း၊
(ဍ)
အဖွဲ့ဝင် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအတွက် အရည်အသွေးနှင့် စည်းကမ်း လိုက်နာမှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ၊ ဂုဏ်ပြု မှတ်တမ်းများ ချီးမြှင့်ပေးအပ်ခြင်း။

အခန်း (၆)
ကော်မတီအဖွဲ့ဝင်များ၏ တာဝန်နှင့်အခွင့်အရေးများ
၁၉။
ကော်မတီအဖွဲ့ဝင်များ၏တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က)
ကော်မတီ၏ ဖွဲ့စည်းပုံစည်းမျဉ်းများကို အကောင်အထည်ဖော်ခြင်း၊ ကော်မတီ၏ ညွှန်ကြားချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ မိမိ၏ စွမ်းဆောင်ရည်အလိုက် ကော်မတီ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊
(ခ)
မိမိတို့၏ လုပ်ငန်း စွမ်းဆောင်ရည်ကို စဉ်ဆက်မပြတ် တိုးတက်စေရန် ဆောင်ရွက်ခြင်း ဖြင့် လုပ်ငန်းဆိုင်ရာ အရည်အသွေးကို ထိန်းသိမ်းခြင်း၊
(ဂ)
ကော်မတီ၏အကျိုးစီးပွားကို ကာကွယ်ခြင်း၊ ကော်မတီ၏ ဆောင်ရွက်ချက် များကို အများပြည်သူ သဘောပေါက်နားလည်စေရန် ရှင်းလင်းဖြန့်ဝေခြင်း၊ အဖွဲ့ဝင်သစ်များ တိုးပွားစေရန် စည်းရုံးခြင်း၊
(ဃ)
အဖွဲ့ဝင်များသည် ကော်မတီ၏ ရည်ရွယ်ချက်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီ၏ လုပ်ငန်း ရပ်များကို အခကြေးငွေ ရယူခြင်းမရှိဘဲ အစဉ်တစိုက် ပါဝင်ဆောင်ရွက်ခြင်း၊
(င)
ကော်မတီသို့ သတ်မှတ်ထားသည့် အခကြေးငွေများ ပေးသွင်းခြင်း။
၂၀။
ကော်မတီအဖွဲ့ဝင်များ၏ အခွင့်အရေးများမှာ အောက်ပါအတိုင်းဖြစ်သည်-
(က)
ကော်မတီ၏ဆောင်ရွက်မှုများ၊ ဆွေးနွေးမှုများတွင် ပါဝင် ဆောင်ရွက်ခွင့် ရှိခြင်း၊
(ခ)
တွဲဖက်အဖွဲ့ဝင်များနှင့် ဂုဏ်ထူးဆောင် အဖွဲ့ဝင်များမှအပ ကျန်အဖွဲ့ဝင် များသည် မဲပေးရွေးချယ်မှုနှင့် ဖွဲ့စည်းတာဝန်ပေးမှုတို့တွင် ပါဝင်ဆောင်ရွက် ခွင့်ရှိခြင်း၊
(ဂ)
တမံကြီးများဆိုင်ရာ သတင်းအချက်အလက်များ ရရှိနိုင်ခြင်းနှင့် တမံကြီးများ ဖွံ့ဖြိုးမှု ဆိုင်ရာ ပညာရပ်ပိုင်းအဆင့်အတန်း တိုးတက်စေရန် ကော်မတီ၏ အကူအညီများ ရယူခွင့် ရှိခြင်း၊
(ဃ)
အဆိုပြုချက်များ၊ တီထွင်မှုများ၊ သုတေသနပြုချက်များအတွက်ကော်မတီ၏ ကူညီ ထောက်ပံ့မှုများ ရယူခွင့်ရှိခြင်း၊
(င)
ပညာရပ်ပိုင်းဆိုင်ရာ ဆောင်ရွက်မှုများအတွက် ကော်မတီ၏ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အကာအကွယ်ပေးမှုကို ရယူခွင့်ရှိခြင်း၊
(စ)
ပညာရပ်ပိုင်းဆိုင်ရာ ဆောင်ရွက်မှုများနှင့် တမံကြီးများဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုများအတွက် ကော်မတီ၏ အသိအမှတ်ပြု ထောက်ခံချက် ရယူဆောင်ရွက်ခွင့်ရှိခြင်း။
၂၁။
ကော်မတီသည် မြန်မာနိုင်ငံ၏ တမံကြီးများနှင့် ဆက်စပ်လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နေသော သို့မဟုတ် စိတ်ပါဝင်စားသော နိုင်ငံ့ဝန်ထမ်းများ အပါအဝင် မြန်မာနိုင်ငံသား လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် မြန်မာနိုင်ငံအတွင်း တရားဝင် ဖွဲ့စည်း ထားသည့် အဖွဲ့အစည်းများက ကော်မတီ၏ ဖွဲ့စည်းပုံစည်းမျဉ်းများကို သဘောတူပြီး ကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုလာလျှင် ကော်မတီ၏ အဖွဲ့ဝင်အဖြစ် သတ်မှတ်ချက်များနှင့် အညီ ခွင့်ပြုနိုင်သည်။
၂၂။
(က)
ကော်မတီအဖွဲ့ဝင်အမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်သည်-
(၁)
အစုအဖွဲ့ဝင်များ ဆိုရာတွင် ဆန်းစစ်လေ့လာမှုအဖွဲ့များ၊ စီးပွားရေး ဆိုင်ရာ အစုအဖွဲ့များ၊ လေ့ကျင့်ရေး၊ တည်ဆောက်ရေး၊ ပစ္စည်း ကိရိယာထုတ်လုပ်ရေး၊ စီမံခန့်ခွဲမှု လုပ်ငန်းများနှင့် ဆက်စပ်သည့် အဖွဲ့များ စသည်တို့ပါဝင်သည်။
(၂)
ပုဂ္ဂိုလ်တစ်ဦးချင်းအဖွဲ့ဝင်များဆိုရာတွင် မန်နေဂျာများ၊ ပညာရှင်များ၊ နည်းပညာ ပါရဂူများ၊ ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင် များ၊ လူမှုရေးဆောင်ရွက်သူများနှင့် တမံကြီးများဆိုင်ရာ လုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်နေသူများ စသည်တို့ ပါဝင်သည်။
(၃)
တင်းပြည့် အဖွဲ့ဝင်များ ဆိုသည်မှာ ကော်မတီ လုပ်ငန်းများနှင့် ဆုံးဖြတ်ချက်များတွင် အပြည့်အဝ ပါဝင်ဆောင်ရွက်ရန် အခြေအနေ ရှိသော ပြည်တွင်းအဖွဲ့ဝင်များဖြစ်သည်။
(၄)
တွဲဖက်အဖွဲ့ဝင်များဆိုသည်မှာ ကော်မတီတွင် ပူးပေါင်းပါဝင်ရန် ဆန္ဒ ရှိသော်လည်း ကော်မတီ လုပ်ငန်းများတွင် အပြည့်အဝ ဆောင်ရွက် ရန် အခြေအနေမရှိသောသူများ ဖြစ်သည်။
(၅)
ဂုဏ်ထူးဆောင်အဖွဲ့ဝင်များ ဆိုသည်မှာ တမံကြီးများ ဆိုင်ရာ မြင့်မားသော လုပ်ငန်း စွမ်းဆောင်ရည်၊ ပညာအရည်အချင်းနှင့် အတွေ့အကြုံရှိသူများ ဖြစ်ကြသော်လည်း ကော်မတီ၏ လုပ်ငန်း များတွင် တိုက်ရိုက်ပါဝင်ဆောင်ရွက်ရန် အခြေအနေ မပေးသည့် အတွက် ဂုဏ်ထူးဆောင်အဖွဲ့ဝင်များအဖြစ် အသိအမှတ်ပြုထားသူ များ ဖြစ်သည်။
(ခ)
ကော်မတီအဖွဲ့ဝင် အမျိုးအစားများ၏ ပါဝင်ဆောင်ရွက်ပိုင်ခွင့် တို့မှာ အောက်ပါအတိုင်း ဖြစ်သည်-
(၁)
မြန်မာနိုင်ငံအတွင်း တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းများ၊ အခြား ကော်မတီတစ်ခုခု၏ အစုအဖွဲ့ဝင်များနှင့်အဖွဲ့ဝင်များသည် ကော်မတီသို့ ပူးပေါင်းရန် စာဖြင့်ဆက်သွယ်ပြီး ကော်မတီ၏ ဖွဲ့စည်းပုံစည်းမျဉ်းများကို လက်ခံလျှင် ကော်မတီ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခံနိုင်ခွင့်ရှိသည်။
(၂)
တွဲဖက်အဖွဲ့ဝင်များနှင့် ဂုဏ်ထူးဆောင်အဖွဲ့ဝင်များသည် ကော်မတီ၊ ဗဟိုအလုပ် အမှုဆောင် ကော်မတီတို့တွင် ရွေးချယ်ခံခွင့်၊ မဲပေးခွင့် တို့မှအပ ကော်မတီက ခွင့်ပြုသည့် ကိစ္စများကို ပါဝင်ဆောင်ရွက် ခွင့်ရှိသည်။
အခန်း (၇)
အထွေထွေညီလာခံနှင့် အစည်းအဝေးများကျင်းပခြင်း
၂၃။
ကော်မတီ၏ အထွေထွေညီလာခံ အစည်းအဝေးကို နှစ်နှစ်လျှင်တစ်ကြိမ် ကော်မတီ က ခေါ်ယူကျင်းပရမည်။
၂၄။
အထူးညီလာခံကို ကော်မတီဝင် သုံးပုံနှစ်ပုံနှင့်အထက် သို့မဟုတ် တရားဝင် အသိအမှတ်ပြုအဖွဲ့ဝင် စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့်အထက်က တောင်းဆိုလျှင် အလုပ်အမှုဆောင် ကော်မတီက ခေါ်ယူပေးရမည်။
၂၅။
ကော်မတီ၏ အထွေထွေညီလာခံသည် ပြီးခဲ့သည့်သက်တမ်းအတွင်း ဆောင်ရွက်ခဲ့ သည့် အလုပ်အမှုဆောင်ကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ ဖွဲ့စည်းပုံစည်းမျဉ်းများ ပြင်ဆင်ခြင်း၊ ကော်မတီရုံးအတွက် ဝန်ထမ်းများကို ခန့်ထားရန်ဆုံးဖြတ်ခြင်းတို့ကို ဆွေးနွေး အတည်ပြု ဆောင်ရွက် ခွင့်ရှိသည်။
၂၆။
ကော်မတီ၏ ပုံမှန်အစည်းအဝေးများကို အနည်းဆုံး တစ်နှစ်လျှင် နှစ်ကြိမ် ကျင်းပရ မည်။ အလုပ်အမှုဆောင် ကော်မတီသည် လိုအပ်ပါက ကော်မတီအထူး အစည်းအဝေးကို ခေါ်ယူနိုင်သည်။
၂၇။
အလုပ်အမှုဆောင်ကော်မတီသည် ကော်မတီ၏ အထွေထွေညီလာခံနှင့် ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရန် တာဝန်ရှိသည်။ အလုပ် အမှုဆောင် ကော်မတီ အစည်းအဝေးကို နှစ်လလျှင် အနည်းဆုံးတစ်ကြိမ် ကျင်းပပြီး ဥက္ကဋ္ဌက သော်လည်းကောင်း၊ အလုပ်အမှုဆောင်ကော်မတီဝင်ဦးရေ ထက်ဝက်ကျော်က သော်လည်းကောင်း အဆိုပြု လျှင် အထူးအစည်းအဝေး ခေါ်ယူနိုင်သည်။

အခန်း (၈)
နုတ်ထွက်ခြင်းနှင့် တာဝန်မှရပ်စဲခြင်း
၂၈။
အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခြင်းနှင့် တာဝန်မှရပ်စဲခြင်းတို့ကို အောက်ပါ နည်းလမ်း များအတိုင်း ဆောင်ရွက်ရမည်-
(က)
အဖွဲ့ဝင်တစ်ဦး သို့မဟုတ် အဖွဲ့ဝင် အဖွဲ့အစည်း တစ်ခုသည် ကော်မတီမှ နုတ်ထွက်လိုလျှင် အလုပ်အမှုဆောင် ကော်မတီသို့ စာဖြင့်တင်ပြ၍ နုတ်ထွက်ရမည်။
(ခ)
အဖွဲ့ဝင်တစ်ဦး သို့မဟုတ် အဖွဲ့ဝင် အဖွဲ့အစည်းတစ်ခုတွင် အောက်ဖော်ပြပါ အကြောင်း တစ်ရပ်ရပ် ပေါ်ပေါက်ကြောင်း စစ်ဆေးတွေ့ရှိခဲ့လျှင် အလုပ် အမှုဆောင် ကော်မတီသည် အဆိုပါ အဖွဲ့ဝင်အား အဖွဲ့ဝင်အဖြစ်မှ ရပ်စဲရမည် –
(၁)
အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်း တစ်ခုခုက ကော်မတီတွင် ပါဝင် ဆောင်ရွက်မှုကို ဥပဒေနှင့်အညီ တားမြစ်ခြင်း၊
(၂)
ကော်မတီ၏ဖွဲ့စည်းပုံစည်းမျဉ်းကို ချိုးဖောက်ခြင်း၊
(၃)
တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်ခြင်း၊
(၄)
လူမွဲအဖြစ် သက်ဆိုင်ရာတရားရုံး၏ ကြေညာခံရခြင်း၊
(၅)
စိတ်ပေါ့သွပ်သည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းသည့် အတိုင်း သတ်မှတ်ခံရခြင်း၊
(၆)
ကွယ်လွန်ခြင်း။
အခန်း (၉)
ရန်ပုံငွေရှာဖွေခြင်းနှင့် သုံးစွဲခြင်း
၂၉။
ကော်မတီ၏ရန်ပုံငွေကို အဖွဲ့ဝင်များနှင့် အစုအဖွဲ့ဝင်များ၏ အသင်းဝင်ကြေးနှင့် ထည့်ဝင်ငွေများ၊ တမံကြီးများနှင့်သက်ဆိုင်သည့် ပညာရပ်ဆိုင်ရာ ဆောင်ရွက်မှု လုပ်ငန်း များမှ ရရှိသည့် ဝင်ငွေများ၊ ပြင်ပပုဂ္ဂိုလ်တစ်ဦးချင်းနှင့် အဖွဲ့အစည်းများ၏ ထောက်ပံ့ငွေ များနှင့် အခြားတရားဝင်ရငွေများဖြင့် ထူထောင်ထားရှိရမည်။
၃၀။
ကော်မတီသည် –
(က)
မိမိရန်ပုံငွေဖြင့် သီးခြားရပ်တည်နိုင်ရန် ကြိုးပမ်းအားထုတ်ရမည်။
(ခ)
မိမိရန်ပုံငွေဖြင့် ရပ်တည်ရာတွင် လုံလောက်မှုမရှိပါက ဝန်ကြီးဌာနမှ တစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေမှ ကျခံသုံးစွဲနိုင်ရန် တင်ပြတောင်းခံနိုင်သည်။
(ဂ)
ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ချက်များကို တည်ဆဲဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ရမည်။
၃၁။
အတွင်းရေးမှူးများ အဖွဲ့သည် ရန်ပုံငွေကို အောက်ပါကိစ္စရပ်များအတွက် သုံးစွဲခွင့် ရှိပြီး ရန်ပုံငွေ သုံးစွဲမှုများကို အနီးဆုံးကျင်းပသော အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက်ရယူရမည် –
(က)
စီမံခန့်ခွဲမှုနှင့် သတင်း အချက်အလက်ရယူခြင်း၊ သင်တန်းပေးခြင်း စသည့် လုပ်ငန်းများ အတွက် သုံးစွဲခြင်း၊
(ခ)
ကော်မတီရုံးဝန်ထမ်းများ၏ လစာ၊ ထောက်ပံ့ကြေး၊ ဝန်ထမ်းရေးရာ ကိစ္စများ အတွက် သုံးစွဲခြင်း၊
(ဂ)
ကော်မတီက အဖွဲ့ဝင်အဖြစ် ဝင်ရောက်ထားသော အဖွဲ့အစည်းများသို့ နှစ်စဉ်ကြေး ပေးသွင်းခြင်း၊
(ဃ)
အထွေထွေကုန်ကျစရိတ်များအတွက် သုံးစွဲခြင်း။
၃၂။
(က)
အဖွဲ့ခွဲများသည် ကော်မတီက သတ်မှတ်အတည်ပြုထားသည့် ဘဏ္ဍာရေး နှင့် ငွေစာရင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဘဏ္ဍာရေးနှင့် ငွေစာရင်းကို စီမံခန့်ခွဲရမည်။
(ခ)
အဖွဲ့ခွဲတစ်ခုခုကို ဖျက်သိမ်းလျှင် သို့မဟုတ် ဖျက်သိမ်းရန်ရှိလျှင် ၎င်း၏ ပုံသေပိုင် ပစ္စည်းများနှင့် ဘဏ္ဍာရေး စာရင်းရှင်းတမ်းကို တည်ဆဲ ဘဏ္ဍာရေး ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမည်။
၃၃။
လုပ်ငန်း စစ်ဆေးရေးအဖွဲ့ကို အလုပ်အမှုဆောင် ကော်မတီ၏ ဒုတိယ ဥက္ကဋ္ဌ တစ်ဦးကို ဦးဆောင်စေလျက် အဖွဲ့ဝင်သုံးဦးဖြင့် ကော်မတီက ရွေးချယ် ခန့်ထားရမည်။ လုပ်ငန်း စစ်ဆေးရေး အဖွဲ့သည် ကော်မတီ၊ အဖွဲ့ခွဲများနှင့် အဖွဲ့ဝင်များ၏ လုပ်ငန်း ဆောင်ရွက်ခြင်းများသည် လုပ်ထုံးလုပ်နည်း စည်းမျဉ်း များနှင့်အညီ ဆောင်ရွက်ခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ ကော်မတီ၏ ရန်ပုံငွေသုံးစွဲမှု စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပြီး စစ်ဆေး တွေ့ရှိချက်များကိုကော်မတီ အထွေထွေ ညီလာခံ၊ ကော်မတီနှင့် အလုပ်အမှုဆောင် ကော်မတီအစည်းအဝေးများသို့ တင်ပြရမည်။
အခန်း (၁၀)
ထူးချွန်ဆုချီးမြှင့်ခြင်း၊ အသိအမှတ်ပြု ထောက်ခံခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း
၃၄။
ကော်မတီသည် ကော်မတီ၏ လုပ်ငန်းများနှင့် တမံကြီးများဆိုင်ရာ လုပ်ငန်းနယ်ပယ် များတွင် ထူးချွန်စွာ ဆောင်ရွက်သူ အဖွဲ့ဝင်များနှင့် အဖွဲ့အစည်းများကို ထူးချွန်ဆု များ ချီးမြှင့်ခြင်းကိုသော် လည်းကောင်း၊ နိုင်ငံတော်က အသိအမှတ်ပြုသည့် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံရရေးအတွက် အသိအမှတ်ပြု ထောက်ခံပေးခြင်းကို သော်လည်းကောင်း ဆောင်ရွက်ခွင့်ရှိသည်။
၃၅။
ကော်မတီသည် ကော်မတီ၏ရပ်တည်မှု၊ ဂုဏ်သိက္ခာ၊ ကော်မတီ၏ စည်းမျဉ်းများနှင့် ကိုက်ညီခြင်း မရှိသော မည်သည့်အဖွဲ့ဝင် သို့မဟုတ် အဖွဲ့အစည်းကိုမဆို သတ်မှတ်ချက်များနှင့်အညီ စည်းကမ်းပိုင်းဆိုင်ရာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်သည်။
အခန်း (၁၁)
အထွေထွေ
၃၆။
အလုပ်အမှုဆောင်ကော်မတီသည် ကော်မတီရုံး၏ ဝန်ထမ်းများကို သတ်မှတ်ချက် နှင့်အညီ ခန့်ထားရမည်။ ကော်မတီရုံးသည် အတွင်းရေးမှူးများအဖွဲ့၏ လုပ်ငန်း များကို တာဝန်ခံဆောင်ရွက်ရမည်။
၃၇။
ဝန်ကြီးဌာနသည် ဤဥပဒေပါ လုပ်ငန်းတာဝန်များကို ကော်မတီက ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ထောက်ပံ့ကူညီပေးရမည်။
၃၈။
နိုင်ငံ့ဝန်ထမ်းမဟုတ်သော နာယကအဖွဲ့ဝင်များ၊ ကော်မတီဝင်များနှင့် အလုပ်အမှု ဆောင် ကော်မတီဝင်များသည် ပြည်ထောင်စုအစိုးရအဖွဲ့ သဘောတူညီချက်ဖြင့် ဝန်ကြီး ဌာနက သတ်မှတ်ထားသည့် ချီးမြှင့်ငွေနှင့် စရိတ်များကို ခံစားခွင့်ရှိသည်။
၃၉။
ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-
(က)
ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ)
ကော်မတီနှင့် ဝန်ကြီးဌာနတို့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက် နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။