ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ
(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်  ၄၀။)
၁၃၇၇ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၁၃ ရက်
(၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။
၁။
ဤဥပဒေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။
၂။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(ဇ)၊  ပုဒ်မခွဲငယ် (၂) ကို ပုဒ်မ ၂၊ ပုဒ်မခွဲ(ဇ)၊ ပုဒ်မခွဲငယ် (၁) အဖြစ် ပြောင်းလဲ အမှတ်စဉ်ပြီး ပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ)၊ ပုဒ်မခွဲငယ် (၁) တွင် ပါရှိသော “နေပြည်တော်ကော်မရှင် အဖွဲ့ခွဲ” ဆိုသည့် စကားရပ်ကို “ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ” ဆိုသည့် စကားရပ်ဖြင့် အစားထိုး၍ ပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ)၊  ပုဒ်မခွဲငယ် (၂) အဖြစ် ပြောင်းလဲ အမှတ်စဉ်ရမည်။
၃။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ အခန်း (၄) ၏ နောက်တွင် အခန်း(၅)၊ အခန်း (၆) နှင့် အခန်း (၇) တို့ကို အောက်ပါအတိုင်းဖြည့်စွက်ရမည် –
“အခန်း(၅)
ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် ဖွဲ့စည်းခြင်း၊ ခန့်အပ်တာဝန်ပေးခြင်းနှင့် အရည်အချင်းများ
၁၂။
ကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဂ) ပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များအရ အောက်ပါ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်ကို ဖွဲ့စည်းရမည် –
(က)
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊
(ခ)
ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊
(ဂ)
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ၊
(ဃ)
ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊
(င)
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ။
၁၃။
တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသည်  ကော်မရှင်က သတ်မှတ်ထားသည့် မူဝါဒနှင့်အညီ မိမိတို့၏ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အတွင်းရှိ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ များကိုဖွဲ့စည်းရမည်။
၁၄။
ကော်မရှင်သည် ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဂ) အရကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းရာတွင် အများယုံကြည်လေးစားခြင်းခံရသူ ပုဂ္ဂိုလ်အနည်းဆုံး ၃ ဦး ဖြင့် ဖွဲ့စည်းရမည်။ ယင်းအဖွဲ့ဝင်များထဲမှတစ်ဦးကို ဥက္ကဋ္ဌအဖြစ် တာဝန် ပေးအပ်ရမည်။ သက်ဆိုင်ရာ ရွေးကောက်ပွဲအရာရှိကို အတွင်းရေးမှူး အဖြစ် တာဝန်ပေးအပ်ရမည်။ လိုအပ်လျှင် နိုင်ငံ့ဝန်ထမ်းများကို အဖွဲ့ဝင် များ အဖြစ် ထည့်သွင်းဖွဲ့စည်းနိုင်သည်။
၁၅။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသည် ပုဒ်မ ၁၃ အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများကို ဖွဲ့စည်းရာတွင် အများယုံကြည် လေးစားခံရသူ ပုဂ္ဂိုလ် အနည်းဆုံး ၃ ဦးဖြင့် ဖွဲ့စည်းရမည်။ ယင်းအဖွဲ့ဝင်များထဲမှ  တစ်ဦးကို ဥက္ကဋ္ဌအဖြစ်  တာဝန် ပေးအပ်ရမည်။ သက်ဆိုင်ရာ  ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုစာရေးသည် ယင်းရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ၏ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ရမည်။
၁၆။
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ရှိ အများယုံကြည်လေးစားခြင်း ခံရသော ပုဂ္ဂိုလ်များသည် အောက်ပါအရည်အချင်းများနှင့်  ပြည့်စုံရမည် –
(က)
အသက် ၄၀ နှစ်ပြည့်ပြီးသူ (ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်  အဖွဲ့ခွဲ အဖွဲ့ဝင်များအတွက်  အသက် ကန့်သတ်ချက်ကို လျှော့ပေါ့စဉ်းစားနိုင်သည်။)၊
(ခ)
နိုင်ငံသားဖြစ်သူ၊
(ဂ)
သိက္ခာသမာဓိနှင့် ပြည့်စုံပြီး အတွေ့အကြံရင့်ကျက်သူ၊
(ဃ)
နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ၊
(င)
သက်ဆိုင်ရာ ဒေသတွင် အမြဲနေထိုင်ပြီး ဒေသခံပြည်သူများက ယုံကြည်လေးစားသူ၊
(စ)
နိုင်ငံရေးပါတီဝင် မဟုတ်သူ၊
(ဆ)
လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူ ဖြစ်ရမည့်အပြင် မိမိ တာဝန် ကျသည့် ဒေသ/ မြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း၏ မိသားစုဝင်နှင့် အတူနေ ဆွေမျိုးသားချင်းများ မဖြစ်စေရ၊ ကော်မရှင်  အဖွဲ့ခွဲဝင် တစ်ဦးဦး သည် ဤအချက်နှင့်ငြိစွန်းပါက နုတ်ထွက်ရမည်။
(ဇ)
နိုင်ငံရေး ပြစ်မှုဖြင့်သော်လည်းကောင်း၊ အကျင့်စာရိတ္တဆိုင်ရာ ပြစ်မှုဖြင့်သော် လည်းကောင်း တရားရုံး၏  ပြစ်ဒဏ် စီရင်ချက် ကျခံဖူးသူ မဖြစ်စေရ။
၁၇။
ပုဒ်မ  ၁၆ ပါ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီမှု ရှိမရှိ စိစစ်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၂၂ အရ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းနှင့်ပုဂ္ဂိုလ်များထံမှ အကူအညီရယူဆောင်ရွက်နိုင်သည်။
အခန်း (၆)
တာဝန်နှင့်လုပ်ပိုင်ခွင့်များ
၁၈။
ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်၏  တာဝန်နှင့် လုပ်ပိုင်ခွင့် များမှာ အောက်ပါအတိုင်းဖြစ်သည် –
(က)
လွှတ်တော်ရွေးကောက်ပွဲများကျင်းပခြင်း၊
(ခ)
လွှတ်တော်ရွေးကောက်ပွဲများကိုကြီးကြပ်ခြင်း၊
(ဂ)
သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကိုကြီးကြပ်ခြင်း၊
(ဃ)
မဲစာရင်းများပြုစုခြင်း၊ ပြင်ဆင်ခြင်းနှင့် ကြေညာခြင်း၊
(င)
ရရှိသည့် ရန်ပုံငွေများကိုစနစ်တကျသုံးစွဲခြင်း၊ သုံးစွဲစေခြင်း၊
(စ)
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ နိုင်ငံရေး ပါတီများကို ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း၊
(ဆ)
ရွေးကောက်ပွဲနှင့် သက်ဆိုင်သော စာရင်းဇယားများနှင့် မှတ်တမ်း များကို တိကျစွာ ပြုစုထိန်းသိမ်းခြင်း၊
(ဇ)
လျှို့ဝှက်ဆန္ဒမဲပေးခြင်းကို ဖော်ဆောင်ခြင်း၊
(ဈ)
ကော်မရှင်က ထုတ်ပြန်ခွင့်ပြုသော စာရင်း အချက်အလက်များမှ တစ်ပါး အခြားကိစ္စများနှင့် စပ်လျဉ်း၍ ပေါက်ကြားခြင်း မရှိစေရန် စောင့်ထိန်းခြင်း၊
(ည)
ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဦး အတွက် မှန်မှန်ကန်ကန် ဆောင်ရွက်ခြင်း၊ မည်သည့်လွှတ်တော် ကိုယ်စားလှယ်လောင်း အတွက်မျှ မဲမဆွယ်ရခြင်း၊ ဘက် မလိုက်ရခြင်း၊
(ဋ)
ကော်မရှင်ကပေးအပ်သည့် တာဝန်များကို ထမ်းဆောင်ခြင်း။
၁၉။
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၏ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် အောက်ပါတို့ကို လိုက်နာရမည်-
(က)
လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ၊ ညွှန်ကြားချက်များကို တိကျမှန်ကန်စွာ လိုက်နာ ဆောင်ရွက်ခြင်း၊
(ခ)
မိမိတာဝန်ကို ဘက်မလိုက်ဘဲ ဖြောင့်မတ် တည်ကြည်စွာ ထမ်းဆောင်ခြင်း၊
(ဂ)
မိမိ၏ တာဝန်၊ သိက္ခာနှင့်အညီ ပြောဆိုနေထိုင် ကျင့်ကြံခြင်း၊
(ဃ)
ကော်မရှင်က  ညွှန်ကြား၍  ဆောင်ရွက်ရသည်မှအပ ပါတီတွင်း ကိစ္စများတွင် ဝင်ရောက်စွက်ဖက်မှုမပြုရခြင်း။
အခန်း (၇)
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၏ သက်တမ်း
၂၀။
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ရှိ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ သက်တမ်းသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သက်တမ်းနှင့် အညီ ဖြစ်သည်။ သို့ရာတွင် သက်တမ်းကုန်ဆုံးပြီးဖြစ်သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတက ကော်မရှင်အသစ် တစ်ရပ် ဖွဲ့စည်းပြီးနောက် ယင်းကော်မရှင်က ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကို ဖွဲ့စည်းပြီးသည့် အချိန်အထိ မိမိ၏ လုပ်ငန်းတာဝန်များကို ဆက်လက် ထမ်းဆောင်ရမည်။”
၄။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၏ အခန်း (၅) ကို အခန်း (၈) အဖြစ် ပြောင်းလဲ အမှတ်စဉ်ရမည်။
၅။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၂ ကို ပုဒ်မ ၂၁ အဖြစ် အောက်ပါအတိုင်း အစားထိုးရမည် –
“၂၁။
(က)
ယခင်  ဖွဲ့စည်းထားပြီးဖြစ်သော ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်တို့သည် ဤပြင်ဆင်သည့် ဥပဒေအရ ဖွဲ့စည်း ထားသော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် ဖြစ်သည် ဟူ၍ မှတ်ယူရမည်။
(ခ)
ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ ကုန်ကျစရိတ်များ၊ ရွေးကောက်ပွဲကျင်းပခြင်းနှင့် စပ်လျဉ်းသည့် ကုန်ကျစရိတ်များကို မိမိ၏ ဘဏ္ဍာငွေမှ ကျခံသုံးစွဲရန် နှစ်စဉ်ဘဏ္ဍာငွေ အရ အသုံး ဥပဒေတွင်  ထည့်သွင်းရေးဆွဲရမည်။
(ဂ)
ကော်မရှင်သည် နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အဆင့်ဆင့်သော ကော်မရှင် အဖွဲ့ခွဲဝင်များအတွက် ထိုက်သင့်သည့် လစဉ် ချီးမြှင့်ငွေနှင့်  စရိတ်တို့ကို    ရရှိခံစားနိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။”
၆။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၃၊ ပုဒ်မ ၁၄၊ ပုဒ်မ ၁၅၊ ပုဒ်မ ၁၆၊ ပုဒ်မ ၁၇၊ ပုဒ်မ ၁၈၊ ပုဒ်မ ၁၉ နှင့်ပုဒ်မ ၂၀ တို့ကို ပုဒ်မ ၂၂၊ ပုဒ်မ ၂၃၊ ပုဒ်မ ၂၄၊ ပုဒ်မ ၂၅၊ ပုဒ်မ ၂၆၊ ပုဒ်မ ၂၇၊ ပုဒ်မ ၂၈ နှင့်ပုဒ်မ ၂၉ တို့အဖြစ် ပြောင်းလဲ အမှတ်စဉ်ရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။