၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ
(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၅၆။)
၁၃၇၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက်
(၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။
ဤဥပဒေကို ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။
၂။
၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ) တွင် ပါရှိသော “ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ကို လည်းကောင်း၊” ဆိုသည့် စကားရပ် နောက်တွင် “ပြည်ထောင်စုလွှတ်တော်က ဥပဒေ ပြဋ္ဌာန်း၍ အဆိုပါဥပဒေတွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် သတ်မှတ်ဖွဲ့စည်းသည့် နိုင်ငံတော် အဆင့် သို့မဟုတ် ဗဟိုအဆင့် အဖွဲ့အစည်းများကိုလည်းကောင်း၊” ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။
၃။
၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ည) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(ည)
လွှတ်တော်ရုံးဆိုသည်မှာ ညွှန်ကြားရေးမှူးချုပ်တစ်ဦးက ဦးဆောင်သည့် ပြည်သူ့လွှတ်တော်၏ ရုံးလုပ်ငန်းနှင့် အုပ်ချုပ်မှု ကိစ္စအဝဝတို့ကို ကြီးကြပ် ဆောင်ရွက်ရန် ဖွဲ့စည်းထားသောရုံးကို ဆိုသည်။”
၄။
၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (ဋ) ကို ပယ်ဖျက် ရမည်။
၅။
၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (ည) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(ည)
လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လေ့လာလိုသော ပြည်သူများ အား ဥက္ကဋ္ဌ၏ သဘောတူညီချက်ဖြင့် ဖိတ်ကြားခြင်း။”
၆။
၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲ ငယ် (၂) တွင် ပါရှိသော “တရားရုံးတစ်ခုခုက” ဆိုသည့် စကားရပ်ကို “တရားရုံး သို့မဟုတ် စုံစမ်းစစ်ဆေးမှုပြုသည့် အဖွဲ့အစည်းတစ်ခုခုက” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၇။
၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၁၃ တွင် ပါရှိသော “နယ်မြေ ဒေသခံ ပြည်သူများနှင့် ညှိနှိုင်းပြီး သတ်မှတ်ချက်များနှင့်အညီ” ဆိုသည့် စကားရပ်ကို “ဥပဒေနှင့်အညီ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၈။
၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၇ မှ ပုဒ်မ ၁၉ အထိ သက်ဆိုင်သော “တာဝန်ထမ်းဆောင်ခြင်း” ဆိုသည့် အစုခေါင်းစဉ်ကို “တာဝန် ထမ်းဆောင်ခြင်းနှင့်နုတ်ထွက်ခြင်း” ဆိုသည့် အစုခေါင်းစဉ်ဖြင့် အစားထိုးရမည်။
၉။
၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၇ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၁၇။
ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် နောက်တစ်ကြိမ် လွှတ်တော်သက်တမ်း ပထမပုံမှန် အစည်းအဝေး စတင်မကျင်းပမီ အချိန်အထိ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ရမည်။”
၁၀။
၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၈ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၃၈။
(က)
လွှတ်တော် သက်တမ်းတစ်ရပ်၏ ပထမပုံမှန် အစည်းအဝေးသို့ တက်ရောက်လာသော လွှတ်တော် ကိုယ်စားလှယ်များအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပေးသည့် အသိ အမှတ်ပြုလွှာဖြင့် စိစစ်အတည်ပြုရန် လွှတ်တော်က လွှတ်တော် အခွင့်အရေးကော်မတီ မဖွဲ့စည်းရသေးမီ ဥက္ကဋ္ဌသည် လွှတ်တော် ကိုယ်စားလှယ်များစိစစ်ရေးကော်မတီတစ်ရပ်ကို သင့်လျော်သော နိုင်ငံသားများဖြင့် ဖွဲ့စည်းရမည်။
(ခ)
လွှတ်တော်အခွင့်အရေးကော်မတီ ဖွဲ့စည်းပြီးချိန်မှစ၍ ယင်း ကော်မတီသည် လွှတ်တော်သက်တမ်းအတွင်း ဆက်လက် ကျင်းပသည့် လွှတ်တော် အစည်းအဝေးများသို့ တက်ရောက် လာသော လွှတ်တော် ကိုယ်စားလှယ်များအား စိစစ်၍ အတည်ပြုရမည်။”
၁၁။
၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၄၇ နှင့် ပုဒ်မ ၄၈ တို့၌ ပါရှိသော “အခြားဘာသာသာသနာကို ပုတ်ခတ်ပြောဆိုခြင်း” ဆိုသည့်စကားရပ်ကို “ဘာသာ သာသနာကို ပုတ်ခတ်ပြောဆိုခြင်း” ဆိုသည့်စကားရပ်ဖြင့် အသီးသီး အစားထိုးရမည်။
၁၂။
၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၅၀ ၏ ခြေဆင်းကို အောက်ပါ အတိုင်း အစားထိုးရမည်-
“၅၀။
ပြည်ထောင်စုအဆင့် အဖွဲ့အစည်း တစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင် များသည်”
၁၃။
၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၆၃ နှင့် ၆၆ တို့တွင် ပါရှိသော “ပြည်သူ့လွှတ်တော်ရုံး” ဆိုသည့် စကားရပ်ကို “လွှတ်တော်ရုံး” ဆိုသည့် စကားရပ်ဖြင့် အသီးသီး အစားထိုးရမည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်