မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥပဒေ
(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၅၂။)
၁၃၇၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက်
(၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤ ဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း(၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်
၁။
ဤဥပဒေကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေ ဟု ခေါ်တွင်စေရမည်။
၂။
ဤဥပဒေတွင်ပါရှိသော အောက်ပါ စကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-
(က)
အသင်းဆိုသည်မှာ မြန်မာနိုင်ငံကြက်ခြေနီအသင်းကို ဆိုသည်။
(ခ)
ကောင်စီဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းထားသည့် ကြက်ခြေနီဗဟို ကောင်စီကို ဆိုသည်။
(ဂ)
နိုင်ငံတော်ဆိ်ုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနို်င်ငံတော်ကို ဆိုသည်။
(ဃ)
အစိုးရအဖွဲ့ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့ကို ဆိုသည်။
(င)
ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ကျန်းမာရေး ဝန်ကြီးဌာနကို ဆိုသည်။
(စ)
ကြက်ခြေနီအခြေခံမူများ ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ နှင့် လခြမ်းနီလှုပ်ရှားမှု၏ အခြေခံမူ ခုနှစ်ချက်ဖြစ်သော လူသားချင်း စာနာထောက်ထားခြင်း၊ ခွဲခြားမှု မရှိခြင်း၊ ကြားနေခြင်း၊ လွတ်လပ်ခြင်း၊ စေတနာ့ဝန်ထမ်း အကျိုးဆောင်ခြင်း၊ စည်းလုံးညီညွတ်ခြင်းနှင့် ကမ္ဘာတစ်ဝန်း ပျံ့နှံ့ခြင်းတို့ကို ဆိုသည်။
(ဆ)
ဂျီနီဗာသဘောတူညီချက်များ ဆိုသည်မှာ ၁၉၄၉ ခုနှစ် ၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် ဂျီနီဗာမြို့၌ အတည်ပြုပြဋ္ဌာန်းခဲ့သော သဘောတူညီချက်များ ကို ဆိုသည်။
(ဇ)
နောက်ဆက်တွဲသဘောတူညီချက်များဆိုသည်မှာ ၁၉၇၇ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် ဂျီနီဗာမြို့၌ အတည်ပြုပြဋ္ဌာန်းခဲ့သည့် နောက်ဆက်တွဲ သဘောတူညီချက်(၁)နှင့်(၂)တို့ အပြင် ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက် နေ့တွင် ဂျီနီဗာမြို့၌အတည်ပြုပြဋ္ဌာန်းခဲ့သည့် နောက်ဆက်တွဲ သဘော တူညီချက် (၃)ကို ဆိုသည်။
အခန်း(၂)
အသင်း၏အဆင့်အတန်းနှင့် လုပ်ငန်းတာဝန်များ
၃။
အသင်းသည် လွတ်လပ်စွာ စေတနာအလျောက် ကူညီဆောင်ရွက်ပေးသော အသင်း တစ်ရပ်ဖြစ်၍ လူသားချင်း စာနာထောက်ထားမှုနယ်ပယ်တွင် နိုင်ငံတော်၏ အရန်အင်အား ဖြစ်သည်။
၄။
နိုင်ငံတော်သမ္မတသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ နာယက ဖြစ်သည်။
၅။
အသင်းသည် နိုင်ငံတော်တွင် တစ်ခုတည်းသော အမျိုးသား ကြက်ခြေနီ အသင်းဖြစ်ပြီး ယင်း၏လုပ်ငန်းများကို မြန်မာနိုင်ငတစ်ဝန်းလုံးတွင် ဖြန့်ကြက် ဆောင်ရွက်နိုင်သည်။ ထို့ပြင် နိုင်ငံတကာ နယ်ပယ်တွင်လည်း အလားတူ ပူးပေါင်းဆောင်ရွက် နိုင်သည်။
၆။
အသင်းသည် နိုင်ငံတော်ကထုတ်ပြန်ထားသော ဥပဒေများနှင့်အညီ ဂျီနီဗာ သဘောတူညီချက်များ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ ညီလာခံက အတည်ပြုသော အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီ လှုပ်ရှားမှုဆိုင်ရာ အခြေခံမူများ၊ မူဝါဒများ၊ ဆုံးဖြတ်ချက်များနှင့်အညီ အမြဲတမ်း လိုက်နာ လုပ်ကိုင် ဆောင်ရွက်ရမည်။
၇။
အသင်းသည် အသင်း၏လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြားအဖွဲ့အစည်းများ ၏ ဝင်ရောက်စွက်ဖက်ခြင်းကင်းရမည်။ ထို့ပြင် ပါတီ နိုင်ငံရေးကင်းရှင်းရမည်။
၈။
အသင်းသည် ကြက်ခြေနီ လှုပ်ရှားမှုအတွင်း သဘောတူထားသည့် သက်ဆိုင်ရာ လမ်းညွှန်ချက်များ၊ မူဝါဒများနှင့်အညီ လူမှု ကရုဏာ လုပ်ငန်းများကို တူညီသော ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ရာတွင် အခြားလူမှု ကရုဏာ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရမည်။
၉။
အသင်းသည် လူမှုကရုဏာလုပ်ငန်းနယ်ပယ်များတွင် နိုင်ငံတော်၏ အရန် အင်အား အဖြစ် ပါဝင်ဆောင်ရွက်ပေးခြင်းဖြင့် အပြန်အလှန် တာဝန်ယူမှု နှင့် အကျိုး ကျေးဇူးများ ဖြစ်ထွန်းစေရန် ပူးပေါင်းဆောင်ရွက်ရမည်။
၁၀။
အသင်းသည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီညီလာခံတွင် အဖွဲ့ဝင် နိုင်ငံများက သဘောတူထားသည့်အတိုင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ လှုပ်ရှားမှု၏ အခြေခံမူများ၊ ဆုံးဖြတ်ချက်များနှင့်အညီ အသင်း၏ လူသားချင်း စာနာထောက်ထားသော ဝန်ဆောင်မှု လုပ်ငန်းများကို အမြဲတမ်း ဆောင်ရွက်ပေးနိုင်ရမည်။
၁၁။
အစိုးရအဖွဲ့သည် အသင်း၏ စေတနာ့ဝန်ထမ်းဆောင်ရွက်မှုနှင့် လွတ်လပ်သော သဘော သဘာဝကိုအလေးထား၍ ရည်ရွယ်ချက်များ အောင်မြင်ရန် အသင်း၏ လုပ်ငန်း ဆောင်ရွက်မှုများကို ကူညီထောက်ပံ့ ပေးရမည်။
၁၂။
အသင်းသည် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် လည်းကောင်း၊ လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်းကောင်း ပြည်ထောင်စု အစိုးရအဖွဲ့မှတစ်ဆင့် လုပ်ငန်းကဏ္ဍအလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ခွင့်ရှိသည်။
၁၃။
အသင်းသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အသင်း၏အမည်ဖြင့် တရားစွဲဆိုပိုင်ခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့်ရှိသည်။
အခန်း(၃)
အသင်း၏ ရည်ရွယ်ချက်များ
၁၄။
အသင်း၏ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က)
ဂျီနီဗာသဘောတူညီချက်များနှင့့် ယင်းတို့၏ နောက်ဆက်တွဲ သဘောတူညီ ချက်များနှင့်အညီ နိုင်ငံတော်က အသိအမှတ်ပြုထားသည့် ကြက်ခြေနီ အသင်းဖြစ်သည့် အားလျော်စွာ ဥပဒေနှင့်အညီ အသင်း၏လုပ်ငန်းများကို နိုင်ငံတစ်ဝန်းလုံး၌ ဖြစ်စေ၊ နိုင်ငံတကာ နယ်ပယ်၌ဖြစ်စေ ဆောင်ရွက် နိုင်စေရန်၊
(ခ)
လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ အသားအရောင်၊ အဆင့်အတန်း၊ ဆင်းရဲ ချမ်းသာ၊ အမျိုးသား၊ အမျိုးသမီး၊ ဘာသာစကား၊ နိုင်ငံရေး အယူဝါဒတို့ ခွဲခြားခြင်း အလျဉ်း မရှိစေဘဲ မည်သူ့ကိုမဆို ကူညီစောင့်ရှောက်ရန်၊
(ဂ)
လူသားအချင်းချင်း အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုနှင့် နားလည်မှု တိုးတက်ရရှိစေရေး၊ ငြိမ်းချမ်းသာယာမှု တိုးတက် ခိုင်မြဲစေရေးအတွက် ကြက်ခြေနီအခြေခံမူများနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာ ထောက်ထားမှု ဥပဒေပြန့်ပွားရေးတို့ကို မြှင့်တင်ဆောင်ရွက်နိုင်ရန်၊
(ဃ)
စစ်မက်ကာလတွင်ဖြစ်စေ၊ ငြိမ်းချမ်းသောကာလတွင် ဖြစ်စေ ဘေးဒုက္ခ ကျရောက် သော လက်နက်ကိုင် တပ်ဖွဲ့ဝင်များနှင့် အရပ်သားများအား ၁၉၄၉ ခုနှစ်၊ ဂျီနီဗာ သဘောတူညီချက်များနှင့် ယင်းတို့၏ နောက်ဆက်တွဲ သဘောတူညီချက်များ၊ အခြား သက်ဆိုင်ရာသဘောတူညီချက်များနှင့် ဥပဒေများအရ ကယ်ဆယ်ရေး၊ ဆင်းရဲဒုက္ခ နည်းပါးစေရေး၊ လူသားချင်း စာနာထောက်ထားသော အကူအညီပေးရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်ရန်၊
(င)
အသင်းသည် သဘာဝဘေးအန္တရာယ်များ၊ လူ့ပယောဂကြောင့် ဖြစ်သော ဘေးအန္တရာယ်များနှင့် အခြားအရေးပေါ်ကိစ္စများတွင် အမျိုးသားအဆင့် ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်မှုအစီအစဉ်များ၌ ပါဝင်ဆောင်ရွက်ရန်၊
(စ)
ကျန်းမာရေး၊ ရောဂါဘယ ကြိုတင်ကာကွယ်တားဆီးရေး၊ လူမှုဝန်ထမ်း လုပ်ငန်းများနှင့် ယင်းတို့အတွက် အသိပညာပေးရေး နယ်ပယ်များတွင် အသင်း၏အစီအစဉ်ဖြင့် ပြည်သူများကို ကူညီစောင့်ရှောက်ရန်၊
(ဆ)
လက်နက်ကိုင် ပဋိပက္ခများ၊ အကြမ်းဖက်မှုများ၊ သဘာဝ သို့မဟုတ် လူ့ပယောဂကြောင့်ဖြစ်သော ဘေးအန္တရာယ်များကြောင့် လူသားချင်း စာနာထောက်ထားမှု လိုအပ်နေသည့် အခြေအနေများတွင် ကွဲကွာ နေသော ပြည်သူများအကြား မိသားစုု အဆက်အသွယ်များ ပြန်လည် ရရှိရေးအတွက် ထိရောက်သော အမျိုးသားအဆင့် လုပ်ငန်းကွန်ရက်ကို စီမံ ဆောင်ရွက်ရန်၊
(ဇ)
ဂျီနီဗာသဘောတူညီချက်များနှင့် ယင်းတို့၏ နောက်ဆက်တွဲ သဘော တူညီချက်များအရ အသိအမှတ်ပြုထားသော ကြက်ခြေနီအမှတ်အသားနှင့် အလားတူ အမှတ်တံဆိပ်များကို လွဲမှားစွာ သုံးစွဲခြင်းမှ ကာကွယ်ရေး၊ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေများအား အများပြည်သူ လေးစားလိုက်နာစေရေးတို့ကို ရည်ရွယ်၍ အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန်၊
(ဈ)
အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ၊ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီလှုပ်ရှားမှု၏ အခြေခံမူများနှင့် စေတနာ လုပ်အားရှင် စိတ်ဓာတ်တို့ကို အများပြည်သူများအကြား တိုးတက် ထွန်းကားလာစေရေးနှင့် အသိပညာပြန့်ပွားရေးတို့ကို တိုးမြှင့်ဆောင်ရွက် ရန်၊
(ည)
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီလှုပ်ရှားမှု၏ အခြေခံမူများ နှင့်အညီ ကြက်ခြေနီ လှုပ်ရှားမှုများကို ဘက်မလိုက်ဘဲ လွတ်လပ်စွာ ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန်။
အခန်း(၄)
ကြက်ခြေနီလှုပ်ရှားမှုဝင် အခြားသောအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်မှု
၁၅။
အသင်းသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ လှုပ်ရှားမှု၏ အစိတ်အပိုင်း တစ်ခုအနေဖြင့် လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ နှင့် လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်း၏ အဖွဲ့ဝင်အနေဖြင့် လည်းကောင်း ထမ်းဆောင်ရမည့် တာဝန်များကို လိုက်နာဆောင်ရွက်ရမည်။
၁၆။
အသင်းကို ဖွဲ့စည်းတည်ထောင်ရာတွင်ဖြစ်စေ၊ ကြက်ခြေနီ အခြေခံမူများနှင့် အညီ လူမှု ကရုဏာလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဖြစ်စေ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၏ အကူအညီလိုအပ်ပါက အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက် ပေးရမည်။
အခန်း(၅)
ဖွဲ့စည်းခြင်း
၁၇။
မြန်မာနိုင်ငံကြက်ခြေနီညီလာခံကို အောက်ပါပုဂ္ဂိုလ်များ တက်ရောက်ခွင့်နှင့် မဲပေးပိုင်ခွင့်ရှိသည်-
(က)
ကောင်စီဝင်များ၊
(ခ)
ကောင်စီက အဆိုပြုသော ပုဂ္ဂိုလ်များ၊
(ဂ)
တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ပြည်ထောင်စုနယ်မြေ ကိုယ်စားလှယ် များ၊
(ဃ)
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိုယ်စားလှယ် များ၊
(င)
ခရိုင်ကိုယ်စားလှယ်များ၊
(စ)
မြို့နယ်ကိုယ်စားလှယ်များ၊
(ဆ)
အသင်းသားလူငယ်ကိုယ်စားလှယ်များ၊
(ဇ)
ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ကိုယ်စားလှယ်များ၊
(ဈ)
ဌာနဆိုင်ရာ ကိုယ်စားလှယ်များ။
၁၈။
ကောင်စီကို ညီလာခံက ဖွဲ့စည်းရမည်။ ယင်းကောင်စီသည် အသင်း၏ အုပ်ချုပ်ရေး အဖွဲ့လည်းဖြစ်သည်။ ကောင်စီဝင်ဦးရေကို လိုအပ်ချက်နှင့်အညီ ပြောင်းလဲတာဝန် ပေးအပ်နိုင်သည်။ ထိုကောင်စီတွင် အောက်ပါ ပုဂ္ဂိုလ်များ ပါဝင်စေရမည်-
(က)
ပြည်ထောင်စုနယ်မြေက ရွေးချယ်တင်မြှောက်သော ကိုယ်စားလှယ်တစ်ဦး၊
(ခ)
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များမှ ရွေးချယ်တင်မြှောက်သည့် ကိုယ်စားလှယ် တစ်ဦးစီ၊
(ဂ)
ကြက်ခြေနီလှုပ်ရှားမှုနှင့် ဆက်စပ်သည့် ဝန်ကြီးဌာနများမှ အဆိုပြုသည့် ညွှန်ကြားရေးမှူးချုပ် ရာထူးအောက် မနိမ့်သော ကိုယ်စားလှယ် ၁၃ ဦး၊
(ဃ)
ကြက်ခြေနီလှုပ်ရှားမှုနှင့် ဆက်စပ်သည့် လူမှုအဖွဲ့အစည်းများမှ ရွေးချယ် တင်မြှောက်သည့် ၁၀ ဦး ထက်မပိုသော ကိုယ်စားလှယ်များ၊
(င)
အစိုးရအဖွဲ့က အဆိုပြုသူ ၁၀ ဦး၊
(စ)
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီနှင့် ပြည်ထောင်စု နယ်မြေ ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီတို့မှ အဆိုပြုသော ကြက်ခြေနီ အသင်းဝင် တစ်ဦးစီ။
၁၉။
(က)
ကောင်စီသည် ကောင်စီဝင်များထဲမှ အဖွဲ့ဝင် ၁၁ ဦး ပါဝင်သော အလုပ် အမှုဆောင်အဖွဲ့ကို ရွေးချယ်တင်မြှောက်ရမည်။
(ခ)
ပုဒ်မခွဲ (က) အရ ရွေးချယ်တင်မြှောက်ခြင်းခံရသည့် အလုပ်အမှုဆောင် အဖွဲ့ဝင်များသည် မိမိတို့ အဖွဲ့ဝင်များအနက်မှ ဥက္ကဋ္ဌတစ်ဦး၊ ဒုတိယဥက္ကဋ္ဌ တစ်ဦး၊ အထွေထွေအတွင်းရေးမှူး တစ်ဦး၊ အချိန်ပြည့် အလုပ် အမှုဆောင် နှစ်ဦးနှင့် အချိန်ပိုင်း အလုပ်အမှုဆောင် ခြောက်ဦးတို့ကို ရွေးကောက် တင်မြှောက်ရမည်။
၂၀။
ကောင်စီသည် ကျွမ်းကျင်သူပညာရှင်များသာ ဆောင်ရွက်နိုင်သည့် အထူးလုပ်ငန်း အရပ်ရပ်ကို ဆောင်ရွက်ရန်အလို့ငှာ ငါးဦးထက်မပိုသော ပုဂ္ဂိုလ်များကို ကောင်စီဝင်များအဖြစ် ဖြည့်စွက် တာဝန်ပေးအပ်နိုင်သည်။
၂၁။
ကောင်စီနှင့် အလုပ်အမှုဆောင်အဖွဲ့တို့၏ တာဝန်များသည် မြန်မာ နိုင်ငံ ကြက်ခြေနီ ညီလာခံကကောင်စီနှင့် အလုပ်အမှုဆောင်အဖွဲ့ အသစ်တို့ကို ရွေးချယ်ပြီးသည့်နေ့ရက်တွင် ကုန်ဆုံးသည်။
အခန်း(၆)
မြန်မာနိုင်ငံကြက်ခြေနီညီလာခံ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
၂၂။
မြန်မာနိုင်ငံ ကြက်ခြေနီညီလာခံ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါ အတိုင်း ဖြစ်သည်-
(က)
မြန်မာနိုင်ငံ ကြက်ခြေနီ ညီလာခံသည်အသင်း၏ အမြင့်ဆုံးသော အာဏာပိုင် အဖွဲ့ဖြစ်သည်။
(ခ)
မြန်မာနိုင်ငံ ကြက်ခြေနီညီလာခံသည် အသင်း အဆင့်ဆင့် အားလုံးကို ကိုယ်စားပြုသည်။
(ဂ)
မြန်မာနိုင်ငံကြက်ခြေနီညီလာခံတွင် ရွေးချယ်တင်မြှောက်ရေး စည်းမျဉ်းနှင့် အညီ ကောင်စီနှင့် အလုပ်အမှုဆောင်အဖွဲ့ကို ရွေးချယ် တင်မြှောက် ရမည်။
(ဃ)
မြန်မာနိုင်ငံကြက်ခြေနီညီလာခံတွင် ကောင်စီ၏ အစီရင်ခံစာကို အတည်ပြု ရမည်။
(င)
မြန်မာနိုင်ငံကြက်ခြေနီညီလာခံ၏ ဆုံးဖြတ်ချက်အရ ဤ ဥပဒေကို ပြင်ဆင်ရန်ရှိပါက ဝန်ကြီးဌာနသို့ တင်ပြရမည်။
(စ)
အစည်းအဝေး အစီအစဉ်ပါ ကိစ္စရပ်များကို ဆုံးဖြတ်ခြင်း၊ အတည်ပြုခြင်း၊ မှတ်တမ်းတင်ခြင်းတို့ ပြုလုပ်ရမည်။
(ဆ)
ကောင်စီက တင်ပြသည့် အသင်းနှင့် စပ်လျဉ်းသည့် မူဝါဒများကို အတည်ပြု ရမည်။
(ဇ)
မြန်မာနိုင်ငံကြက်ခြေနီညီလာခံကို သုံးနှစ်လျှင်တစ်ကြိမ် ကျင်းပရမည်။ မြန်မာနိုင်ငံကြက်ခြေနီညီလာခံတက်ခွင့်ရှိသူ၏ ငါးပုံတစ်ပုံက တောင်းဆို လျှင် မြန်မာနိုင်ငံကြက်ခြေနီညီလာခံ အထူးအစည်းအဝေး ခေါ်ယူကျင်းပ ရမည်။
(ဈ)
မြန်မာနိုင်ငံ ကြက်ခြေနီညီလာခံတက်ခွင့်ရှိသူ တစ်ဦးလျှင် ဆန္ဒမဲ တစ်မဲ သာ ပေးခွင့်ရှိသည်။
အခန်း(၇)
ကောင်စီ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ
၂၃။
ကောင်စီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က)
ကောင်စီသည် အသင်း၏ အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည်။
(ခ)
အသင်း၏ ရည်ရွယ်ချက်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် လမ်းညွှန်မှု ပြုရမည်။
(ဂ)
အလုပ်အမှုဆောင်အဖွဲ့ကို ရွေးချယ်တင်မြှောက်ရမည်။
(ဃ)
ကောင်စီသည် အလုပ်အမှုဆောင်အဖွဲ့ဝင် နေရာလစ်လပ်ပါက အဖွဲ့ဝင် အသစ်ကို သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပေးရမည်။
(င)
မြန်မာနိုင်ငံကြက်ခြေနီညီလာခံက ချမှတ်ပေးသော မူဝါဒများကို အလုပ် အမှုဆောင်အဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက် ရေးအတွက် လမ်းညွှန်မှု ပြုရမည်။
(စ)
လိုအပ်ပါက လုပ်ငန်းကော်မတီများကို ဖွဲ့စည်း၍ ယင်းတို့၏ လုပ်ငန်း တာဝန်များကို သတ်မှတ်ခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို ဆောင်ရွက်ရမည်။
(ဆ)
နှစ်စဉ် အရအသုံးခန့်မှန်းခြေငွေစာရင်းကို စိစစ် အတည် ပြုရမည်။
(ဇ)
အသင်း၏ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း၊ စိစစ်ဆုံးဖြတ်ခြင်းတို့ကို ဆောင်ရွက်ရမည်။
(ဈ)
အလုပ်အမှုဆောင်အဖွဲ့က တင်ပြသော အသင်းပိုင်ငွေနှင့် ပစ္စည်း ဆုံးရှုံးမှုအတွက် သတ်မှတ်ထားသည့် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း များနှင့် အညီ တန်ဖိုးကို စာရင်းမှပယ်ဖျက် ခွင့်ရှိသည်။
(ည)
အလုပ်အမှုဆောင်အဖွဲ့ကတင်ပြသော အသင်းက ဝယ်ယူမည့် သို့မဟုတ် ထုခွဲရောင်းချမည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများနှင့် စပ်လျဉ်း၍ စိစစ်ဆုံးဖြတ်မှုပြုရမည်။
(ဋ)
အသင်းသားအဖြစ် လက်ခံခြင်း၊ ငြင်းပယ်ခြင်း၊ အသင်းသားအဖြစ်မှ ထုတ်ပယ်ခြင်းနှင့် စပ်လျဉ်း၍ အပြီးအပြတ် ဆုံးဖြတ်ခွင့်ရှိသည်။
(ဌ)
ဂုဏ်ထူးဆောင် အသင်းသားအဖြစ် အသိအမှတ်ပြုပိုင်ခွင့် ရှိသည်။
(ဍ)
အသင်း၏ ဝန်ထမ်းဖွဲ့စည်းပုံကို အတည်ပြုဆုံးဖြတ်ခွင့်ရှိသည်။
(ဎ)
ကောင်စီအစည်းအဝေးကို အနည်းဆုံးတစ်နှစ်လျှင် တစ်ကြိမ် ကျင်းပရ မည်။ ကောင်စီဝင်သုံးပုံတစ်ပုံက တောင်းဆိုလျှင် ကောင်စီ အထူး အစည်းအဝေး ခေါ်ယူကျင်းပရမည်။
(ဏ)
အလုပ်အမှုဆောင်အဖွဲ့က တင်ပြလာသော ရွေးချယ်တင်မြှောက်ရေး စည်းမျဉ်းကို အတည်ပြုခွင့်နှင့်ပြင်ဆင်ခွင့်ရှိသည်။
(တ)
မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ကို အသင်း၏တစ်စိတ် တစ်ဒေသ အဖြစ် ဖွဲ့စည်းခြင်းနှင့် ကြီးကြပ်အုပ်ချုပ်ခြင်းကိစ္စရပ်များကို ဆောင်ရွက် ရမည်။
၂၄။
ကောင်စီသည် ဤဥပဒေပါ ကိစ္စများ အထမြောက်အောင်မြင်စေရန် ပြဋ္ဌာန်းလိုသော နည်းဥပဒေများကို ရေးဆွဲ၍ ဝန်ကြီးဌာနသို့ တင်ပြနိုင် သည်။
အခန်း(၈)
အလုပ်အမှုဆောင်အဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ
၂၅။
အလုပ်အမှုဆောင်အဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါ အတိုင်း ဖြစ်သည်-
(က)
အသင်း၏ စီမံခန့်ခွဲရေးလုပ်ငန်းများကို ဆောင်ရွက်ရမည်။
(ခ)
ကောင်စီ၏ လမ်းညွှန်ချက်များနှင့်အညီ အသင်းအဆင့်ဆင့်၏ လုပ်ငန်း ဆောင်ရွက်မှုကို ကြီးကြပ်ရမည်။
(ဂ)
ကောင်စီသို့တင်ပြမည့် အစည်းအဝေးအစီအစဉ်များကို ရေးဆွဲ အတည် ပြုရမည်။
(ဃ)
နှစ်စဉ် အရအသုံး ခန့်မှန်းခြေငွေစာရင်း ရေးဆွဲ၍ ကောင်စီသို့ တင်ပြရမည်။
(င)
နှစ်စဉ်ဘဏ္ဍာရေးအစီရင်ခံစာနှင့် ဆောင်ရွက်ချက်များကို ကောင်စီသို့ တင်ပြအစီရင်ခံရမည်။
(စ)
အသင်း၏ကိုယ်စား ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ လက်ခံရယူခြင်း၊ ငှားရမ်းခြင်းတို့နှင့် စပ်လျဉ်း၍ သတ်မှတ်သည့် အတိုင်း ပဋိညာဉ်စာချုပ်ချုပ်ဆိုခွင့်ရှိသည်။
(ဆ)
အသင်းက ဝယ်ယူရင်းနှီးထားသော ငွေချေးသက်သေခံလက်မှတ်များကို ရွေးနုတ်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်းတို့ကို တာဝန်ယူဆောင်ရွက် ရမည်။
(ဇ)
အသင်းသား အမျိုးအစား၊ အသင်းဝင်ကြေး၊ နှစ်စဉ်ကြေးတို့ကို ကောင်စီ၏ သဘောတူညီချက်ဖြင့် သတ်မှတ်ရမည်။
(ဈ)
လိုအပ်ပါက လုပ်ငန်းကော်မတီများကို ဖွဲ့စည်း၍ ယင်းတို့၏ လုပ်ငန်း တာဝန်များကို သတ်မှတ်ခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို ဆောင်ရွက်ရမည်။
(ည)
အသင်းက ဝယ်ယူမည့် သို့မဟုတ် ရောင်းချမည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများနှင့် စပ်လျဉ်း၍ ကောင်စီ၏ သဘောတူညီချက်ဖြင့် ဆောင်ရွက် ရမည်။
(ဋ)
အသင်းပိုင်ငွေ သို့မဟုတ် ပစ္စည်းဆုံးရှုံးမှုအတွက် ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများကို သတ်မှတ်သည့် တန်ဖိုးကို စာရင်းမှ ပယ်ဖျက်ရန် ကောင်စီသို့ တင်ပြရမည်။
(ဌ)
လူမှု ကရုဏာလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူများကို ဂုဏ်ထူးဆောင် တံဆိပ်နှင့် ဂုဏ်ပြုလွှာများကို ချီးမြှင့်ခွင့်ရှိသည်။ နိုင်ငံတကာအဆင့် ဂုဏ်ထူးဆောင် တံဆိပ်နှင့် ဂုဏ်ပြုလွှာများ ချီးမြှင့်နိုင်ရေး အတွက် ထောက်ခံတင်ပြခွင့်ရှိသည်။
(ဍ)
တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီနှင့် မြို့နယ်အသင်းခွဲများ ဖွဲ့စည်းခြင်းနှင့် တာဝန် သတ်မှတ်ခြင်းတို့ ပြုနိုင်သည်။
(ဎ)
ပြည်တွင်းပြည်ပရှိ ရည်ရွယ်ချက် တူညီသော အဖွဲ့အစည်းများနှင့့် ဆက်သွယ် ဆောင်ရွက်ခွင့်ရှိသည်။
(ဏ)
အသင်းသားအဖြစ်လက်ခံခြင်း၊ ငြင်းပယ်ခြင်း၊ အသင်းသား အဖြစ်မှ ထုတ်ပယ်ခြင်းနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ခွင့်ရှိသည်။
(တ)
အသင်းဝင်နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်တို့ကို ပြည်ပသို့ စေလွှတ်ခြင်း၊ ပြည်ပမှ ပုဂ္ဂိုလ်များကို ဖိတ်ခေါ်ခြင်း တို့ကို ဆောင်ရွက်ခွင့်ရှိသည်။
(ထ)
ရွေးချယ် တင်မြှောက်ရေး စည်းမျဉ်းကို ရေးဆွဲ၍ ကောင်စီသို့ တင်ပြရမည်။
၂၆။
အလုပ်အမှုဆောင်အဖွဲ့သည် တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စု နယ်မြေ၊ ခရိုင်၊ မြို့နယ်၊ တက္ကသိုလ်ကောလိပ်ရှိ အသင်းအဆင့်ဆင့်များအတွက် နာယက များ တင်မြှောက်ခြင်းကိုအတည်ပြုနိုင်သည်။
အခန်း(၉)
ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲခြင်း
၂၇။
ဝန်ကြီးဌာနသည် အသင်း၏ရည်ရွယ်ချက်များနှင့် လုပ်ငန်းနယ်ပယ်များအတွင်း လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် သင့်လျော်သော ရန်ပုံငွေလျာထားပေးနိုင်ရေးအတွက် အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။
၂၈။
အသင်းသည် ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် မရွှေ့မပြောင်းနိုင် သောပစ္စည်းများ ကို လက်ဝယ်ရယူခြင်း၊ ပိုင်ဆိုင်ခြင်းနှင့် သင့်လျော်သလို စီမံဆောင်ရွက်ခြင်း ပြုနိုင်သည်။
၂၉။
အသင်းသည် ထောက်ပံ့ငွေနှင့် အကူအညီများကို ပြည်တွင်း ပြည်ပ အစိုးရ အဖွဲ့များထံမှဖြစ်စေ၊ ပုဂ္ဂလိက သို့မဟုတ် အဖွဲ့အစည်းများ ထံမှဖြစ်စေ၊ တစ်ဦး ချင်းထံမှဖြစ်စေ လက်ခံ၍ သတ်မှတ်ချက်များနှင့်အညီ သုံးစွဲခွင့်ရှိသည်။
၃၀။
အသင်းသည် ယင်း၏ ဝန်ထမ်းများအတွက် သို့မဟုတ် လုပ်ငန်းတစ်ခုခု အတွက် သီးသန့်ရန်ပုံငွေ၊ အာမခံရန်ပုံငွေ သို့မဟုတ် အခြားရန်ပုံငွေများကို ထူထောင်ခြင်း နှင့် စီမံခန့်ခွဲခြင်းပြုနိုင်သည်။
၃၁။
အသင်းသည် အိမ်ခြံမြေများ အပါအဝင် အသင်း၏ဥပဒေနှင့်အညီ ပိုင်ဆိုင် ပစ္စည်းများနှင့် ရန်ပုံငွေရှာဖွေရေးလုပ်ငန်းများမှ ဝင်ငွေများ အပေါ်တွင် အခွန်အကောက်များ စည်းကြပ်ခြင်းမှ ကင်းလွတ်ခွင့် ရရှိရန် ဝန်ကြီးဌာနမှ တစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာနသို့ လျှောက်ထားနိုင်သည်။
၃၂။
အသင်းသည် ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းတို့၏ လှူဒါန်းငွေနှင့် ပစ္စည်းများအပေါ် အခွန် ကင်းလွတ်ခွင့် ရရှိစေရန် ဝန်ကြီးဌာနမှ တစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာနသို့ လျှောက်ထားနိုင်သည်။
၃၃။
အသင်းသည် အသင်းပိုင်ပစ္စည်းများ၊ ရန်ပုံငွေများ၊ ဘဏ္ဍာငွေသုံးစွဲ ရေးဆိုင်ရာ ကိစ္စရပ်များနှင့် လုပ်ငန်းဆောင်ရွက်ချက်များအတွက် သတ်မှတ်ထားသည့် ဘဏ္ဍာရေးနှင့် လုပ်ငန်းစစ်ဆေးရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ နှစ်စဉ်စာရင်းစစ်ဆေးခြင်းကို ခံယူရမည်။
အခန်း(၁၀)
အသင်း၏အမှတ်အသား၊ အလံနှင့်ရုံးတံဆိပ်
၃၄။
အသင်းသည် ဂျီနီဗာသဘောတူညီချက်များနှင့် ယင်းတို့၏ နောက်ဆက်တွဲ သဘောတူညီချက်များ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီညီလာခံက အတည်ပြုသည့် အမျိုးသားအသင်းများ ကြက်ခြေနီအမှတ်အသား အသုံးပြုခြင်း ဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီညီလာခံက ချမှတ်ထားသော ရည်ရွယ်ချက် အားလုံးအတွက် အတည်ပြုသည့် အောက်ပါ ကြက်ခြေနီအမှတ်အသားကို အသင်းကသုံးစွဲခွင့်ရှိသည်-
၃၅။
အသင်းသည် အောက်တွင် ဖော်ပြထား သည့်အတိုင်း အဖြူရောင် နောက်ခံပေါ်တွင် ကြက်ခြေနီ အမှတ်အသားနှင့်အတူ ခြင်္သေ့နောက်ခံပေါ်တွင် ကြက်ခြေနီ အမှတ် အသားနှင့်အတူ ခြင်္သေ့နှစ်ကောင် ကျောချင်းကပ်လျက် ပါဝင်ပြီး မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းဟု မြန်မာစာဖြင့် ရေးသားထားသည့် အမှတ်တံဆိပ်ကို အသင်း၏ ကိုယ်ပို်င် အမှတ်တံဆိပ်၊ ရုံးတံဆိပ်နှင့် အလံတို့တွင် အသုံးပြုခွင့်ရှိပြီး ယင်းအမှတ်တံဆိပ်သည် အသင်း၏ မူပိုင်ဖြစ်သည်-
၃၆။
အသင်းသည် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ပါ အမှတ်တံဆိပ်ကို အသုံးပြုရမည်-
အခန်း(၁၁)
အထွေထွေ
၃၇။
၁၉၅၉ ခုနှစ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း အက်ဥပဒေအရ ဖွဲ့စည်းထားသည့် ကောင်စီသည် ဤဥပဒေအရ ဖွဲ့စည်းသည့် ကောင်စီကို ဖွဲ့စည်းရန် အလို့ငှာ မြန်မာနိုင်ငံကြက်ခြေနီညီလာခံကို ဤဥပဒေပြဋ္ဌာန်းပြီး တစ်နှစ်အတွင်း ခေါ်ယူ ကျင်းပရမည်။
၃၈။
အသင်းသည် ၁၉၅၉ ခုနှစ်၊ မြန်မာနို်င်ငံကြက်ခြေနီအသင်း အက်ဥပဒေအရ ဖွဲ့စည်းခဲ့သော ကောင်စီပိုင် ရန်ပုံငွေများကိုလည်းကောင်း၊ ရွွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွှေ့ပြောင်းနို်င်သော ပစ္စည်းများကိုလည်းကောင်း၊ ယင်းကောင်စီ၏ ဆောင်ရွက်ပြီး လုပ်ငန်းများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများကိုလည်းကောင်း၊ ရပိုင်ခွင့်နှင့်ပေးရန် တာဝန် များကိုလည်းကောင်း အသီးသီး ဆက်ခံရမည်။
၃၉။
၁၉၅၉ ခုနှစ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း အက်ဥပဒေအရ ထုတ်ပြန်ထား သော နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင်သည်။
၄၀။
(က)
ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ)
ဤဥပဒေပါ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် အလို့ငှာ အသင်းသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
၄၁။
၁၉၅၉ ခုနှစ်၊ မြန်မာနို်င်ငံ ကြက်ခြေနီအသင်း အက်ဥပဒေ (၁၉၅၉ ခုနှစ်၊ အက် ဥပဒေ အမှတ် ၂၅)ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျွနု်ပ် လက်မှတ် ရေးထိုးသည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်