မော်တော်ယာဉ် ဥပဒေ

(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၅၅။)

၁၃၇၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက်

(၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်)

 

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို မော်တော်ယာဉ်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်းအဓိပ္ပာယ် သက်ရောက်စေရမည်-

(က) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ရထားပို့ဆောင်ရေးဝန်ကြီးဌာနကိုဆိုသည်။

(ခ) ဦးစီးဌာန ဆိုသည်မှာ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကို ဆိုသည်။

(ဂ) မော်တော်ယာဉ် ဆိုသည်မှာ စက်အားကိုဖြစ်စေ၊ လျှပ်စစ်အားကိုဖြစ်စေ၊ အခြားစွမ်းအင်တစ်မျိုးမျိုးကို ဖြစ်စေ၊ လျှပ်စစ်အားကိုဖြစ်စေ၊ အခြားစွမ်းအင်တစ်မျိုးမျိုးကို ဖြစ်စေ အသုံးပြု၍ မောင်းနှင့်သော ဘီးတပ်ယာဉ်ကို ဆိုသည်။

(ဃ) နောက်တွဲယာဉ် ဆိုသည်မှာ မော်တော်ယာဉ်ဖြင့် ဆွဲသည့် ဘီးတပ်ယာဉ်ကိုဆိုသည်။

(င)လိုင်စင်ထုတ်ပေးသူအရာရှိ ဆိုသည်မှာ ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်အကူလက်မှတ် ထုတ်ပေးရန် ဦးစီးဌာနက အာဏာအပ်နှင်းခံရသည့်အရာရှိကိုဆိုသည်။

(စ)မှတ်ပုံတင်အရာရှိ ဆိုသည်မှာ မော်တော်ယာဉ်များကို မှတ်ပုံတင်ရန် ဦးစီးဌာနက အာဏာအပ်နှင်းခြင်း ခံရသည့်အရာရှိကိုဆိုသည်။

(ဆ) မော်တော်ယာဉ်မှတ်ပုံတင်အထောက်အထား ဆိုသည်မှာ မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်၏ မှတ်တမ်းအထောက်အထားကိုဆိုသည်။

(ဇ)မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် ဆိုသည်မှာ မော်တော်ယာဉ်ကို မှတ်ပုံတင်ထား ရှိကြောင်းနှင့် အများပြည်သူ ဆိုင်ရာနေရာတွင် မောင်းနှင့်နိုင်ကြောင်း အသိအမှတ်ပြု ထုတ်ပေးသော အထောက်အထားသက်သေခံလက်မှတ်ကို ဆိုသည်။

(ဈ)မော်တော်ယာဉ်မှတ်ပုံတင်သူ ဆိုသည်မှာ မော်တော်ယာဉ်မှတ်ပုံတင် မှတ်တမ်းတွင် မှတ်ပုံတင်ထားသူ အဖြစ် အမည်ဖော်ပြထားသူကို ဆိုသည်။

(ည)မော်တော်ယာဉ်ပိုင်ရှင် ဆိုသည်မှာ မော်တော်ယာဉ်မှတ်ပုံတင် မှတ်တမ်းတွင် မှတ်ပုံတင်ထားသူ သို့မဟုတ် မော်တော်ယာဉ် လက်ရှိ ဖြစ်သူသည် အရွယ်မရောက်သေးသူ ဖြစ်လျှင် အဆိုပါ အရွယ်မရောက် သေးသူ၏ အုပ်ထိန်းသူ သို့မဟုတ် သဘောတူစာချုပ်အရ အဆိုပါ မော်တော်ယာဉ်ကို လက်ရှိဖြစ်သူ တို့ကိုဆိုသည်။

(ဋ)မော်တော်ယာဉ်အတွက် တာဝန်ရှိသူ ဆိုသည်မှာ မော်တော်ယာဉ် မှတ်ပုံတင်သူ သို့မဟုတ် မော်တော်ယာဉ်နှင့် စပ်လျဉ်း၍ ကြီးကြပ်တာဝန်ယူဆောင်ရွက်သူကို ဆိုသည်။

(ဌ)စီးပွားရေးလုပ်ငန်းသုံးမော်တော်ယာဉ် ဆိုသည်မှာ လူ သို့မဟုတ် ကုန်စည်ကို အဖိုးအခရယူ၍ သယ်ယူ ပို့ဆောင်သော မော်တော်ယာဉ်ကို ဆိုသည်။

(ဍ)မော်တော်ယာဉ်၏ အဓိကအစိတ်အပိုင်းဆိုသည်မှာ မော်တော်ယာဉ်၏ ရုပ်သဏ္ဍာန်၊ ကိုယ်ထည်၊ အင်ဂျင်၊ ဂီယာ၊ ဘောင်၊ဝင်ရိုး၊ မောင်းနှင့်တံ အထိုင်စနစ်ကို ဆိုသည်။

(ဎ) ဝန်တင်အား ဆိုသည်မှာ မော်တော်ယာဉ်တွင် ဦးစီးဌာနက သတ်မှတ်တင်ဆောင်ခွင့်ပြုသည့် ကုန်အလေးချိန် သို့မဟုတ် ခရီးသည်အရေအတွက် သို့မဟုတ် ကုန်အလေးချိန်နှင့် ခရီးသည် အရေအတွက် စုစုပေါင်းကို ဆိုသည်။

(ဏ)မော်တော်ယာဉ်စစ်ဆေးခြင်းပုဂ္ဂလိကလုပ်ငန်း ဆိုသည်မှာ မော်တော်ယာဉ် စစ်ဆေးခြင်း လုပ်ငန်းကို သတ်မှတ်ချက်နှင့်အညီ လုပ်ကိုင်ခွင့်ရရှိသည့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းက ဆောင်ရွက်သည့်လုပ်ငန်းကို ဆိုသည်။

(တ) မော်တော်ယာဉ်ရောင်းချခြင်းလုပ်ငန်း ဆိုသည်မှာ မော်တော်ယာဉ်ကို အရောင်းပြခန်းများ ဖွင့်လှစ်၍ဖြစ်စေ၊ သိုလှောင်၍ဖြစ်စေ ရောင်းချခြင်းကို ဆိုသည်။

(ထ) ယာဉ်စစ်ဆေးချက်သက်သေခံလက်မှတ် ဆိုသည်မှာ ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် မော်တော်ယာဉ်ကို စစ်ဆေး၍ မော်တော်ယာဉ် ကြံ့ခိုင်မှုရှိကြောင်း ထုတ်ပေးသော အထောက်အထား သက်သေခံလက်မှတ်ကို ဆိုသည်။

(ဒ) မော်တော်ယာဉ်မှတ်ပုံတင်နံပါတ်ပြား ဆိုသည်မှာ မော်တော်ယာဉ်၏ မှတ်ပုံတင်အမှတ်ကို ဖော်ပြလျက် မော်တော်ယာဉ်၏ အရှေ့နှင့် အနောက်တွင် တပ်ဆင် အသုံးပြုရန် ဦးစီးဌာနက ထုတ်ပေးထားသော နံပါတ်ပြားကိုဆိုသည်။

(ဓ) အများပြည်သူဆိုင်ရာနေရာ ဆိုသည်မှာ အများပြည်သူတို့ ဝင်ထွက်သွားလာခွင့်ရှိသောနေရာ၊ လမ်းနယ်၊ လမ်းမကြီး၊ လမ်းသွယ်နှင့်လမ်းကြောင်းတို့ကို ဆိုသည်။

(န) လမ်းညွှန်၊ လမ်းအမှတ်အသားနှင့် အချက်ပြများ ဆိုသည်မှာ မော်တော်ယာဉ်မောင်းသူများ အပါအဝင် လမ်းအသုံးပြုသူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် အချက်ပြအညွှန်း၊ အမှတ်အသားနှင့် အချက်ပြ ကိရိယာများကိုဆိုသည်။

(ပ) ယာဉ်မောင်းလိုင်စင်ဆိုသည်မှာ လိုင်စင်ထုတ်ပေးသူအရာရှိက သီးခြားဖော်ပြထားသူအား မော်တော်ယာဉ်ကိုဖြစ်စေ၊ သီးခြားဖော်ပြထားသည့် အတန်းအစား သို့မဟုတ် အမျိုးအစား တစ်ခုခုတွင်ပါဝင်သော မော်တော်ယာဉ်ကိုဖြစ်စေ မောင်းနှင့်ခွင့်ပြုကြောင်း ထုတ်ပေးသည့် စာတမ်းအမှတ်အသားကိုဆိုသည်။

(ဖ) ယာဉ်အကူလက်မှတ် ဆိုသည်မှာ ခရီးသည်တင် မော်တော်ယာဉ်တွင်ဖြစ်စေ၊ ကုန်တင်မော်တော်ယာဉ် တွင်ဖြစ်စေ မော်တော်ယာဉ်မောင်းသူနှင့်ခရီးသည်များကို ကူညီဆောင်ရွက်သူကို ထုတ်ပေးသည့် စာတမ်းအမှတ်အသားကို ဆိုသည်။

(ဗ) မော်တော်ယာဉ်နှင့်စပ်လျဉ်းသော ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုသည်မှာ မော်တော်ယာဉ်ကြောင့် လေထု၊ ရေထု၊မြေထု ညစ်ညမ်းခြင်းနှင့် အသံဆူညံခြင်းတို့ လျော့နည်းစေရန် ထိန်းသိမ်းရေးကိုဆိုသည်။

အခန်း(၂)

ရည်ရွယ်ချက်

ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) မော်တော်ယာဉ်များကို အများပြည်သူဆိုင်ရာနေရာတွင် အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန် သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးပြီး မှတ်ပုံတင်ပေးရန်၊

(ခ) မော်တော်ယာဉ် အမျိုးအစားအလိုက် မောင်းနှင်မည့်သူများအား သတ်မှတ်ထားသည့် အရည်အချင်း များ ပြည့်မီမှု ရှိမရှိ စစ်ဆေးပြီး ယာဉ်းမောင်းလိုင်စင် ထုတ်ပေးရန်၊

(ဂ) ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားစေရန်နှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ရာတွင် အဆင့်မြင့်နည်းပညာသုံး ပို့ဆောင်ရေးစနစ်ကို ထိရောက်စွာ အသုံးပြုရန်၊

(င) မော်တော်ယာဉ်ကြောင့် ဖြစ်ပေါ်လာသော သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ လျော့နည်းစေရေး ဆောင်ရွက်ရန်၊

အခန်း(၃)

မော်တော်ယာဉ် မှတ်ပုံတင်ခြင်း

၄။ မော်တော်ယာဉ်ပိုင်ရှင်သည် မော်တော်ယာဉ်ကို မှတ်ပုံတင်အရာရှိထံ မှတ်ပုံတင်ထားရှိရမည်။

၅။ မော်တော်ယာဉ်ပိုင်ရှင်သည် မော်တော်ယာဉ်ကို အန္တရာယ်ကင်းရှင်းစွာ မောင်းနှင့်နိုင်ရန် စံချိန်စံညွှန်း များနှင့်အညီ ထိန်းသိမ်းပြုပြင်ထားရှိရမည်။

၆။ မည်သည့်မော်တော်ယာဉ်မဆို စက်ချွတ်ယွင်းနေလျှင်ဖြစ်စေ၊ ပုဒ်မ ၅ ပါ လိုအပ်ချက်များနှင့် သော်လည်းကောင်း၊ ဤဥပဒေအရပြုသည့် နည်းဥပဒေများပါ သတ်မှတ်ချက်များနှင့် သော်လည်းကောင်း မညီညွတ်လျှင်ဖြစ်စေ၊ လျှောက်ထားသူက ယင်းမော်တော်ယာဉ်နှင့် စပ်လျဉ်း၍ ယခင်က မှတ်ပုံတင်ခဲ့ဘူး သည့် အကြောင်းအရာများကို ဖော်ပြရန် ပျက်ကွက်လျှင်ဖြစ်စေ မှတ်ပုံတင်အရာရှိသည် ယင်းမော်တော်ယာဉ်ကို မှတ်ပုံတင်ခွင့်မပြုရ။

၇။ ဦးစီးဌာနသည် မော်တော်ယာဉ် ကနဦးမှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ရန် စည်းကမ်းချက်များ သတ်မှတ်ရမည်။ ထို့ပြင် နှစ်လဲသက်တမ်းတိုးမှတ်ပုံတင်ခြင်း၊ အခြားမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသော စည်းကမ်းချက်များကိုလည်း သတ်မှတ်ရမည်။

၈။ (က) မော်တော်ယာဉ်ပိုင်ရှင်သည် မော်တော်ယာဉ်ကို သတ်မှတ်သည့် နည်းလမ်းအတိုင်း ယာယီ မှတ်ပုံတင် ပေးရန် လည်းကောင်း၊ သတ်မှတ်သည့်နည်းလမ်းအတိုင်း ယာယီမှတ်ပုံတင် သက်သေခံ လက်မှတ်နှင့် ယာယီမှတ်ပုံတင်အမှတ်အသား ထုတ်ပေးရန်လည်းကောင်း မှတ်ပုံတင်အရာရှိထံ လျှောက်ထားနိုင်သည်။

(ခ) ဤပုဒ်မအရ ပြုလုပ်သည့် ယာယီမှတ်ပုံတင်ခြင်းမှာ သုံးလထက်မပိုသော ကာလအပိုင်းအခြားအတွက် သာ အတည်ဖြစ်စေရမည်။ ယင်းသို့ ယာယီမှတ်ပုံတင်ခြင်းကို အသစ်တဖန် ပြုလုပ်ခွင့် မရှိစေရ။

၉။ ဦးစီးဌာနသည် မော်တော်ယာဉ်ကိုယ်ထည် တည်ဆောက်မှု ပုံသဏ္ဍာန်နှင့် ဝန်တင်အားပေါ်မူတည်၍ မော်တော်ယာဉ်အမျိုးအစား ခွဲခြားသတ်မှတ်ရမည်။

၁၀။ မော်တော်ယာဉ်မှတ်ပုံတင်သူသည် မော်တော်ယာဉ်တွင် ပြောင်းလဲပြင်ဆင်ခြင်းများ ဆောင်ရွက် လိုလျှင် မှတ်ပုံတင်အရာရှိထံ ကြိုတင်လျှောက်ထားရမည်။

၁၁။ စီးပွားရေးလုပ်ငန်းသုံးမော်တော်ယာဉ်ကို အငှားယာဉ်အဖြစ် မှတ်ပုံတင်ရမည်။

၁၂။ မော်တော်ယာဉ်ကို လွဲပြောင်းပိုင်ဆိုင်သူ၊ တရားဝင်ပိုင်ဆိုင်ခွင့်ရရှိသူ သို့မဟုတ် အမွေဆက်ခံခွင့် ရရှိသူသည် သတ်မှတ်သည့်နည်းလမ်းနှင့်အညီ မော်တော်ယာဉ်မှတ်ပုံတင်သူ အမည် ပြောင်းလဲရေး ဆောင်ရွက်ရမည်။

၁၃။ မော်တော်ယာဉ်မှတ်ပုံတင်သူသည် နေရပ်လိပ်စာ ပြောင်းလဲသည့်အခါတိုင်း ပြောင်းလဲသည့် နေရပ်လိပ်စာကို မှတ်တမ်းတင်ရန် ဦးစီးဌာနသို့ အကြောင်းကြားရမည်။

၁၄။ မှတ်ပုံတင်အရာရှိသည်-

(က) ပုဒ်မ ၁၀ သို့မဟုတ် ပုဒ်မ ၁၁ ပါကိစ္စရပ်တစ်ခုခုနှင့်စပ်လျဉ်း၍ လွှဲအပ်ထားသည့် ယာဉ်စစ်ဆေးရေး အဖွဲ့၏ တင်ပြချက်အပေါ် သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီးခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်း သို့မဟုတ် ပြန်လည်ပြင်ဆင်စေခြင်း ပြုနိုင်သည်။

(ခ) ပုဒ်မ ၁၂ သို့မဟုတ် ပုဒ်မ ၁၃ ပါကိစ္စရပ်တစ်ခုခုနှင့် စပ်လျဉ်း၍ သတ်မှတ်ချက်များ နှင့်အညီ စိစစ်ပြီး ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်း သို့မဟုတ် ပြန်လည် ပြင်ဆင်စေခြင်း ပြုနိုင်သည်။

၁၅။ မည်သည့် မော်တော်ယာဉ်ပိုင်ရှင်မျှ မှတ်ပုံတင်အရာရှိ၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ မော်တော်ယာဉ် တွင် ပြောင်းလဲပြင်ဆင်ခြင်းများမပြုရ။

၁၆။ ဝန်ကြီးဌာနသည် မော်တော်ယာဉ် မှတ်ပုံတင်သက်တမ်းကို သတ်မှတ်ပေးရမည်။

အခန်း(၄)

မော်တော်ယာဉ်မှတ်ပုံတင်ခြင်းကို ခေတ္တရပ်စဲခြင်း၊ ဖျက်သိမ်းခြင်း

၁၇။ မှတ်ပုံတင်အရာရှိသည် အောက်ပါအကြောင်းကိစ္စတစ်ရပ်ရပ်တွင် မော်တော်ယာဉ်မှတ်ပုံတင်ခြင်းကို ခေတ္တရပ်စဲနိုင်သည်။

(က) မော်တော်ယာဉ်တွင် အများပြည်သူကို အန္တရာယ်ဖြစ်စေနိုင်သော သို့မဟုတ် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သော ချွတ်ယွင်းချက်တစ်ခုခုကို စစ်ဆေးတွေ့ရှိခြင်း၊

(ခ) မော်တော်ယာဉ်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ မော်တော်ယာဉ်မှတ်ပုံတင်သူကို ဆင့်ခေါ်ရာတွင် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လာရောက်ရန် ပျက်ကွက်ခြင်း၊

(ဂ) ကြိုတင်ခွင့်ပြုချက်မရှိဘဲမော်တော်ယာဉ်၏ အဓိကအစိတ်အပိုင်းကို ပြောင်းလဲပြင်ဆင်ခြင်း။

(ဃ) သက်ဆိုင်ရာဌာန သို့မဟုတ် မော်တော်ယာဉ်နှင့် သက်ဆိုင်သူက သတ်မှတ်ချက်များနှင့်အညီ ခိုင်လုံသော အထောက်အထားဖြင့် ကန့်ကွက်လာခြင်း၊

(င) တစ်ဦးတစ်ယောက်က မော်တော်ယာဉ်သည် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်နှင့် ပတ်ဝန်းကျင် ထိခိုက်မှု ရှိကြောင်း ခိုင်လုံသော အထောက်အထားဖြင့် ကန့်ကွက်လာခြင်း၊

၁၈။မှတ်ပုံတင်အရာရှိသည် အောက်ပါအကြောင်းကိစ္စ တစ်ရပ်ရပ်ဖြစ်ပွားလျှင် မော်တော်ယာဉ် မှတ်ပုံတင်ခြင်းကို ဖျက်သိမ်းရမည်-

(က) မော်တော်ယာဉ်ကို အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်ရန် ပြန်လည်ပြင်ဆင်၍ မရနိုင်သည်အထိ ပျက်စီးခြင်း၊

(ခ)မော်တော်ယာဉ်ကို မြန်မာနိုင်ငံပြင်ပသို့ အပြီးအပိုင် ယူဆောင်သွားခြင်း၊

(ဂ) မော်တော်ယာဉ် မှတ်ပုံတင်သက်တမ်း ကုန်ဆုံးပြီးနောက် အသစ်လဲလှယ်ရန် တစ်ဆက်တည်း ငါးနှစ် ပျက်ကွက်ခြင်း၊

(ဃ) ဝန်ကြီးဌာနမှ သတ်မှတ်သည့် မော်တော်ယာဉ်သက်တမ်းကျော်လွန်ခြင်း၊

(င) ခွင့်ပြုချက်မရှိဘဲ မော်တော်ယာဉ် အမျိုးအမည်၊ ခုနှစ်ပုံစံ၊ ခွင့်ပြု၍ မရသောပုံစံအနေအထား၊ ကိုယ်ထည်ပြောင်းလဲ ထားကြောင်း စစ်ဆေးတွေ့ရှိခြင်း၊

(စ) မော်တော်ယာဉ်မှတ်ပုံတင်ခြင်းကို ဖျက်သိမ်းပေးရန် မှတ်ပုံတင်သူက အထောက်အထား ခိုင်လုံစွာဖြင့် လျှောက်ထားခြင်း၊

၁၉။ (က) မော်တော်ယာဉ်ကို မှတ်ပုံတင်ခွင့် မပြု၍သော်လည်းကောင်း၊ ယာဉ်စစ်ဆေးချက် သက်သေခံ လက်မှတထုတ်မပေး၍ သော်လည်းကောင်း ပုဒ်မ ၆ သို့မဟုတ် ပုဒ်မ ၁၄ အရငြင်းဆိုသည့် အမိန့် ကြောင့်ဖြစ်စေ နစ်နာသည့် မော်တော်ယာဉ် ပိုင်ရှင် တစ်ဦးဦးသည် အဆိုပါ အမိန့်ချမှတ်သည့် အကြောင်းကြားစာ ရရှိသည့်နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနသို့လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိသူသည် အဆိုပါ ဆုံးဖြတ်ချက် ချမှတ်သည့် အကြောင်းကြားစာရရှိသည့်နေ့ရက်မှ ရက်ပေါင်း ၃၀အတွင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့လည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှု မရှိသူသည် အဆိုပါဆုံးဖြတ်ချက် ချမှတ်သည့် အကြောင်းကြားစာရရှိသည့် နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း ဝန်ကြီးဌာနသို့လည်းကောင်း အဆင့်ဆင့် အယူခံဝင်နိုင်သည်။

(ခ) ပုဒ်မခွဲ(က) အရ အယူခံလျှောက်ထားမှုများတွင် ဝန်ကြီးဌာနကချမှတ်သည့် ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်။

အခန်း(၅)

မော်တော်ယာဉ်မောင်းလိုင်စင်၊ ယာဉ်အကူလက်မှတ်နှင့် သင်တန်းကျောင်း လုပ်ငန်းလိုင်စင်များ ထုတ်ပေးခြင်း၊ ငြင်းဆိုခြင်း၊ ခေတ္တရပ်စဲခြင်း၊ ဖျက်သိမ်းခြင်းနှင့် အမြဲတမ်းရုပ်သိမ်းခြင်း

၂၀။ ဦးစီးဌာနသည် မောင်းနှင့်ခွင့်ရှိသည့် မော်တော်ယာဉ်အမျိုးအစားအလိုက် ယာဉ်မောင်းလိုင်စင် အမျိုးအစားအား သတ်မှတ်ရမည်။

၂၁။ ယာဉ်မောင်းလိုင်စင်ရရှိလိုသူသည် လိုင်စင်ထုတ်ပေးသည့် အရာရှိထံ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်။ လိုင်စင်ထုတ်ပေးသည့် အရာရှိသည် သတ်မှတ်ချက်များအနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိပါက ယာဉ်မောင်းလိုင်စင်ထုတ်ပေးရမည်။

၂၂။ လိုင်စင်ထုတ်ပေးသူအရာရှိသည်-

(က) တစ်ဦးတစ်ယောက်သောသူနှင့်ပတ်သက်၍ အောက်ပါအကြာင်း ကိစ္စတစ်ရပ်ရပ်တွင် ယာဉ်မောင်း လိုင်စင်ထုတ်ပေးရန် ငြင်းဆိုခြင်း၊ ခေတ္တရပ်စဲခြင်း၊ ဖျက်သိမ်းခြင်း၊ ရုပ်သိမ်းခြင်း သို့မဟုတ် လိုင်စင်ကို အမြဲတမ်းရုပ်သိမ်းခြင်း ပြုနိုင်သည်။ ထို့ပြင် ယာဉ်မောင်းလိုင်စင် လက်ရှိထားရန်သော် လည်းကောင်း၊ ရရှိရန်သော်လည်းကောင်း သီးခြားဖော်ပြသည့် ကာလအပိုင်းအခြားအတွက် အရည်အချင်း ပျက်ယွင်း ကြောင်း သတ်မှတ်ခြင်းတို့ပြုနိုင်သည်-

(၁) ရောဂါ သို့မဟုတ် မသန်စွမ်းမှုတစ်ခုခုကြောင့် မော်တော်ယာဉ် မောင်းနှင်ရန် မသင့်လျော်သူဟု ယုံကြည်ရန် အကြောင်းရှိခြင်း၊

(၂) စိတ်ကျန်းမာကြံ့ခိုင်ခြင်းမရှိသဖြင့် အများပြည်သူဆိုင်ရာနေရာတွင် မော်တော်ယာဉ် မောင်းနှင်ရန် မသင့်လျော်သူဟု ယုံကြည်ရန် အကြောင်းရှိခြင်း၊

(၃) မော်တော်ယာဉ် မောင်းနှင်ရေးနှင့်စပ်လျဉ်း၍ ပြစ်မှုမကြာခဏ ကျူးလွန်တတက်သူ သို့မဟုတ် အရက်သေစာ အလွန်အကြူး အမြဲတစေ မူးယစ်သောက်စားလေ့ရှိသူ ဟု ယုံကြည်ရန် အကြောင်းရှိခြင်း၊

(၄) ထိုသူ၏ ယခင်မှတ်တမ်းအရ မော်တော်ယာဉ်မောင်းနှင်ခြင်းမှာ အများပြည်သူ တို့အား ဘေးအန္တရာယ်ဖြစ်စေ တန်ရာသည်ဟု ယုံကြည်ရန် အကြောင်းရှိခြင်း၊

(၅) ဤဥပဒေအရ ပြစ်မှု သို့မဟုတ် မော်တော်ယာဉ် မောင်းနှင့်ခြင်းနှင့် စပ်လျဉ်းသည့်ပြစ်မှုအတွက် ပြစ်မှု ထင်ရှားစီရင်၍ ထိုသို့ပြစ်မှုထင်ရှားစီရင်သည့် တရားရုံးက ယာဉ်မောင်းလိုင်စင် ထုတ်မပေးရန် သို့မဟုတ် ရုပ်သိမ်းရန် သို့မဟုတ် ခေတ္တရပ်စဲရန် အဆိုပြုခံရသူဖြစ်ခြင်း။

(ခ) ပုဒ်မခွဲ(က)အရ ဆောင်ရွက်ရသည့် အကြောင်းများကို စာဖြင့် ရေးမှတ်၍ မှတ်တမ်းတင်ထားရမည်။

၂၃။ ဦးစီးဌာနသည် ယာဉ်မောင်းလိုင်စင် အမျိုးအစားတစ်ခုမှ အခြားအမျိုးအစားတစ်ခုသို့ ပြောင်းလဲ ပေးရန်လျှောက်ထားခြင်းတွင် သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးပြီး ယာဉ်မောင်းလိုင်စင် ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

၂၄။ ဦးစီးဌာနသည် အပြည်ပြည်ဆိုင်ရာ ယာဉ်မောင်းခွင့်လက်မှတ် လျှောက်ထားခြင်းကို သတ်မှတ်ချက် များနှင့်အညီ စိစစ်၍ ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

၂၅။ ဦးစီးဌာနသည် ပြည်ပမှ ထုတ်ပေးသော ယာဉ်မောင်းလိုင်စင်တင်ပြ၍ ပြည်တွင်းတွင် မောင်းနှင်ရန် လျှောက်ထားခြင်းကို သတ်မှတ်ချက်များနှင့်အညီ စိစစ်၍ ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

၂၆။ ယာဉ်အကူလက်မှတ်ရရှိလိုသူသည် လိုင်စင်ထုတ်ပေးသည့် အရာရှိထံ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်။

၂၇။ လိုင်စင်ထုတ်ပေးသူအရာရှိသည် ပုဒ်မ ၂၆ အရ လျှောက်ထားမှုကို သတ်မှတ်ချက်များနှင့် အညီ စိစစ်ပြီး ယာဉ်အကူလက်မှတ် ထုတ်ပေးခြင်း သို့မဟုတ် ငြင်းဆိုခြင်း ပြုနိုင်သည်။

၂၈။ လိုင်စင်ထုတ်ပေးသူ အရာရှိသည် ယာဉ်မောင်းလိုင်စင် သို့မဟုတ် ယာဉ်အကူ လက်မှတ် ကိုင်ဆောင် သူက သတ်မှတ်ထားသည့် စည်းကမ်းကို လိုက်နာရန် ပျက်ကွက်လျှင် မှတ်တမ်းတင်ထားရမည်။ ယင်းမှတ်တမ်းသည် ယာဉ်မောင်းလိုင်စင် သို့မဟုတ် ယာဉ်အကူလက်မှတ် သက်တမ်းတိုးခြင်းနှင့် ယာဉ်မောင်းလိုင်စင်အမျိုးအစား ပြောင်းလဲပေးရန် လျှောက်ထားခြင်း၊ လိုင်စင်ကို ခေတ္တရပ်စဲခြင်း၊ ဖျက်သိမ်းခြင်းနှင့် လိုင်စင် အမြဲတမ်းရုပ်သိမ်းခြင်းကိစ္စတို့တွင် ထည့်သွင်းစဉ်းစားရမည့်အချက်များ ဖြစ်စေရမည်။

၂၉။ လိုင်စင်ထုတ်ပေးသူအရာရှိသည် ဤဥပဒေအရ ပြုလုပ်သည့် နည်းဥပဒေ ပြဋ္ဌာန်းချက် တစ်ခုခုကို ဖောက်ဖျက်ကျူးလွန်သည့် ယာဉ်အကူကို ကာလ သတ်မှတ်၍ ယာဉ်အကူလက်မှတ် ခေတ္တရပ်စဲခြင်း၊ ဖျက်သိမ်းခြင်း သို့မဟုတ် ယာဉ်အကူလက်မှတ် အမြဲတမ်းရုပ်သိမ်းခြင်းပြုနိုင်သည်။

၃၀။ မော်တော်ယာဉ်မောင်း သင်တန်းကျောင်း ဖွင့်လှစ်လိုသူသည် လုပ်ငန်းလိုင်စင်ရရှိရန် သတ်မှတ်ချက် များနှင့်အညီ ဦးစီးဌာနသို့ လျှောက်ထားရမည်။

၃၁။ ဦးစီးဌာနသည် ပုဒ်မ ၃၀ အရ လျှောက်ထားမှုကို သတ်မှတ်ချက်များအညီ စိစစ်၍ လုပ်ငန်းလိုင်စင် ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

၃၂။ ပုဒ်မ ၂၃၊ ပုဒ်မ ၂၄၊ ပုဒ်မ ၂၅ သို့မဟုတ် ပုဒ်မ ၃၁ အရ ငြင်းပယ်သည့် အမိန့်ကို ကျေနပ်မှု မရှိသူသည် အဆိုပါအမိန့်ချမှတ်သည့် နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း ဝန်ကြီးဌာနသို့ အယူခံဝင်နိုင်သည်။ ဝန်ကြီးဌာန၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်။

၃၃။ (က) ပုဒ်မ ၂၃၊ ပုဒ်မ ၂၄၊ ပုဒ်မ ၂၅ သို့မဟုတ် ပုဒ်မ ၃၁ အရ ချမှတ်သည့် အမိန့်မှအပ ဤအခန်းအရ ချမှတ်သည့် အခြားအမိန့် တစ်စုံတစ်ရာအပေါ် ကျေနပ်မှုမရှိသူသည် အဆိုပါ အမိန့်ချမှတ်သည့် အကြောင်းကြားစာ ရရှိသည့်နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့ လည်းကောင်း၊ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိသူသည် အဆိုပါ ဆုံးဖြတ်ချက်ချမှတ်သည့် အကြောင်းကြားစာ ရရှိသည့် နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း ဝန်ကြီးဌာနသို့ လည်းကောင်း အဆင်ဆင့် အယူခံဝင်နိုင်သည်။

(ခ) ပုဒ်မခွဲ(က) အရ အယူခံလျှောက်ထားမှုများတွင် ဝန်ကြီးဌာနကချမှတ်သည့် ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်။

အခန်း(၆)

မော်တော်ယာဉ်တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ တည်ဆောက်တပ်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် စစ်ဆေးခြင်း

၃၄။ ဦးစီးဌာနသည် မော်တော်ယာဉ် တင်သွင်းခြင်း၊ မော်တော်ယာဉ်ထုတ်လုပ်ခြင်း၊ မော်တော်ယာဉ် တည်ဆောက်တပ်ဆင်ခြင်း၊ မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းခြင်း တို့နှင့် စပ်လျဉ်း၍ ဘေးအန္တရာယ် ကင်းရှင်းမှုဆိုင်ရာ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စည်းကမ်းချက် များနှင့် စံချိန်စံညွှန်းများကို သတ်မှတ်ရမည်။

၃၅။ မော်တော်ယာဉ်ထုတ်လုပ်ခြင်းလုပ်ငန်း၊ မော်တော်ယာဉ် ရောင်းချခြင်းလုပ်ငန်း၊ မော်တော်ယာဉ် တည်ဆောက်တပ်ဆင်ခြင်းလုပ်ငန်း၊ မော်တော်ယာဉ်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်း သို့မဟုတ် မော်တော်ယာဉ်စစ်ဆေးခြင်း ပုဂ္ဂလိကလုပ်ငန်းလုပ်ကိုင်လိုသူသည် ဦးစီးဌာနသို့ သတ်မှတ်ချက်နှင့်အညီ လုပ်ငန်းလိုင်စင်လျှောက်ထားရမည်။

၃၆။ ဦးစီးဌာနသည် ပုဒ်မ ၃၅အရ လျှောက်ထားမှုကို သတ်မှတ်ချက်များနှင့်အညီစိစစ်ပြီး လုပ်ငန်းလိုင်စင် ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

၃၇။ ပုဒ်မ ၃၆ အရ လုပ်ငန်းလိုင်စင်ထုတ်ပေးရန် ငြင်းပယ်ခြင်း ပြုသည့်အမိန့်ကို ကျေနပ်မှု မရှိသူသည် အဆိုပါအမိန့်ချမှတ်သည့်ရက်မှ ရက်ပေါင်း ၃၀ အတွင်း ဝန်ကြီးဌာနသို့ အယူခံဝင်နိုင်သည်။

ဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်။

အခန်း(၇) ဝန်ကြီးဌာန၏လုပ်ပိုင်ခွင့်များ

၃၈။ ဝန်ကြီးဌာနသည်-

(က) ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်နိုင်ရန် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီကို ဖွဲ့စည်း၍ ယင်း၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ရမည်။

(ခ) လိုအပ်သော ကော်မတီများကို ဖွဲ့စည်း၍ ယင်းတို့၏ လုပ်ငန်းတာဝန်များကို သတ်မှတ်နိုင်သည်။

(ဂ) ကော်မတီအသီးသီးတွင် ထိရောက်စွာ တာဝန်ထမ်းဆောင်နိုင်ရန် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများကို ထည့်သွင်းဖွဲ့စည်းနိုင်သည်။

(ဃ)အများပြည်သူဆိုင်ရာနေရာတွင် ဆောင်ရွက်သည့် တည်ဆောက်မှု လုပ်ငန်းများအပေါ်ကြိုတင် ပြင်ဆင်ဆဲ ကာလတွင်ဖြစ်စေ၊ ဆောက်လုပ်ဆဲကာလတွင်ဖြစ်စေ၊ အသုံးပြု နေသည့် ကာလတွင်ဖြစ်စေ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် အကြံပြုချက်များနှင့်သုံးသပ်ချက်များကို ထုတ်ပြန်ပေးပို့နိုင်သည်။

၃၉။ (က) အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီသည် ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေတို့တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီများကို ဖွဲ့စည်း၍ ယင်းတို့၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ရမည်။

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီသည် ခရိုင်နှင့် မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီတို့ကို ဖွဲ့စည်း၍ ယင်းတို့၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ရမည်။

၄၀။ ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါကိစ္စရပ်များကို ဆောင်ရွက်ရမည်-

(က) ပြည်ပမှတင်သွင်းသည့် မော်တော်ယာဉ်အမျိုးအစား၊ ထုတ်လုပ်သည့်ခုနှစ်နှင့် အရေအတွက် သတ်မှတ်ခြင်း၊

(ခ) ပြည်တွင်း၌အသုံးပြုသည့် မော်တော်ယာဉ် အမျိုးအစားအလိုက် သွားလာခွင့်ရှိသည့် နေရာဒေသ သတ်မှတ်ခြင်း၊

(ဂ) နိုင်ငံအချင်းချင်း သို့မဟုတ် နိုင်ငံဖြတ်ကျော်ခရီးသည်နှင့် ကုန်စည်ပို့ဆောင်သွားလာခြင်း ဆိုင်ရာ စည်းကမ်းချက်များ သတ်မှတ်ခြင်း။

၄၁။ ဝန်ကြီးဌာနသည် ဤဥပဒေ၊ ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေနှင့်အညီ ကောက်ခံသည့် ဒဏ်ကြေးငွေနှင့် အောက်ပါအခငွေများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ရမည်-

(က) မော်တော်ယာဉ် မှတ်ပုံတင်ခြင်းဆိုင်ရာ ပြည်ပတင်သွင်းယာဉ် မှတ်ပုံတင်ခ၊ မော်တော်ယာဉ်ကနဦး မှတ်ပုံတင်ခ၊ နှစ်လဲယာဉ်မှတ်ပုံတင်ခ၊ ယာဉ်စစ်ဆေးခနှင့် အခြားမှတ်ပုံတင်အခငွေများ၊

(ခ) ယာဉ်မောင်းလိုင်စင် ယာဉ်အကူလက်မှတ် ထုတ်ပေးခြင်းဆိုင်ရာ မှတ်ပုံတင်ခ၊ စစ်ဆေးခနှင့် အခြား ယာဉ်မောင်လိုင်စင်ဆိုင်ရာအခငွေများ၊

(ဂ) မော်တော်ယာဉ် ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ တည်ဆောက်တပ်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ စစ်ဆေးခြင်းနှင့် ယာဉ်မောင်းသင်တန်းကျောင်း ဖွင့်လှစ်ခြင်းဆိုင်ရာအခငွေများ။

၄၂။ ဝန်ကြီးဌာနသည် ဤဥပဒေ၊ ဤဥပဒေအရပြုသောနည်းဥပဒေနှင့်အညီ ကောက်ခံသည့် ဒဏ်ကြေးငွေ နှင့် အခငွေ ပမာဏများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်ပြင်ဆင်ခြင်းနှင့် ပြောင်းလဲခြင်း ပြုနိုင်သည်။

၄၃။ ဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ မည်သည့်မော်တော်ယာဉ်ကိုမဆို မှတ်ပုံတင်ရာတွင် အခငွေပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့် ပြုနိုင်သည်။

အခန်း(၈)

ဦးစီးဌာန၏ လုပ်ပိုင်ခွင့်များ

၄၄။ ဦးစီးဌာန၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) မော်တော်ယာဉ်မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများ သတ်မှတ်ခြင်း၊

(ခ) မော်တော်ယာဉ်မှတ်ပုံတင်ခြင်း လုပ်ငန်းဆိုင်ရာ စည်းကမ်းချက်များ သတ်မှတ်ခြင်း၊

(ဂ) မော်တော်ယာဉ်စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများ သတ်မှတ်ခြင်း၊

(ဃ) မြန်မာနိုင်ငံအတွင်း ခေတ္တ သို့မဟုတ် ပုံမှန်ဖြတ်သန်းသွားလာမည့် ပြည်ပ မှတ်ပုံတင် မော်တော်ယာဉ် ကိုဖြစ်စေ၊ ပြည်ပသို့ ခေတ္တ သို့မဟုတ် ပုံမှန်ထွက်ခွာသွားမည့် ပြည်တွင်း မှတ်ပုံတင်မော်တော်ယာဉ်ကို ဖြစ်စေ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကုန်းလမ်းပို့ဆောင်ရေးဆိုင်ရာ သဘောတူ စာချုပ်များနှင့်အညီ ဆောင်ရွက်ခြင်း၊

(င) မော်တော်ယာဉ် ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ တည်ဆောက်တပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ စစ်ဆေးခြင်းနှင့် စည်းကမ်းချက်များ သတ်မှတ်ခြင်း၊

(စ)မော်တော်ယာဉ်စစ်ဆေးခြင်း ပုဂ္ဂလိကလုပ်ငန်းနှင့် စပ်လျဉ်း၍ စည်းကမ်းချက်များ သတ်မှတ်ခြင်းနှင့် စစ်ဆေးခြင်း၊

(ဆ) ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်အကူလက်မှတ်လျှောက်ထားမှုကို စစ်ဆေးခြင်း၊ ထုတ်ပေးခြင်း၊ အမျိုးအစားခွဲခြားခြင်း၊ မောင်းနှင်ခွင့်၊ သုံးစွဲခွင့် စည်းကမ်းချက်များ သတ်မှတ်ခြင်း၊

(ဇ) မော်တော်ယာဉ်မောင်း သင်တန်းကျောင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ စည်းကမ်းချက်များ သတ်မှတ်ခြင်း နှင့် စစ်ဆေးခြင်း၊

(ဈ) ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် စပ်လျဉ်း၍ စည်းကမ်းချက်များ သတ်မှတ်ခြင်း၊ ပညာပေးလှုံဆော်ခြင်း၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

(ည) လမ်းညွှန်း၊ လမ်းအမှတ်အသားနှင့် အချက်ပြများ သတ်မှတ်ခြင်း၊

(ဋ) လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အရည်အသွေး စစ်ဆေးခြင်း၊ အကဲဖြတ်ခြင်း၊ ကျွမ်းကျင်သူ စေလွှတ်ခြင်းနှင့် သက်ဆိုင်ရာသို့ အကြံပြုခြင်း၊

(ဌ) ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားစေရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရာတွင် အဆင့်မြင့် နည်းပညာများအသုံးပြု၍ ဆောင်ရွက်ခြင်း၊

(ဍ) ယာဉ်မတော်တဆမှုများနှင့်စပ်လျဉ်း၍ လေ့လာသုံးသပ်ခြင်း၊ ယာဉ်မတော်တဆမှုများ လျော့နည်း စေရန် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း

များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

()ယာဉ်ကြောင့်ဖြစ်ပေါ်သော ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်စပ်လျဉ်း၍ ပညာပေးလှုံ့ဆော်ခြင်း၊ သုတေသနပြုလုပ်ခြင်း၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

(ဏ)အများပြည်သူသုံးလမ်းပေါ်တွင်သွားလာနေသည့် မော်တော်ယာဉ်များအန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် အမြန်နှုန်းသတ်မှတ်ခြင်း။

အခန်း(၉)

တားမြစ်ချက်များ

၄၅။ မည်သူမျှ အောက်ပါအခြေအနေတစ်ရပ်ရပ်၌ မော်တော်ယာဉ်ကို အများပြည်သူဆိုင်ရာနေရာတွင် မောင်းနှင်ခြင်း၊ မောင်းနှင်စေခြင်း သို့မဟုတ် ရပ်နားထားခြင်းမပြုရ-

(က)မော်တော်ယာဉ်ကို မှတ်ပုံတင်သက်သေခံလက်မှတ်ရပ်စဲခြင်း၊ သိမ်းဆည်းခံရခြင်း၊ သက်တမ်း ကုန်ဆုံးခြင်း သို့မဟုတ် သတ်မှတ်သည့်နည်းလမ်းအတိုင်း ပြသမထားခြင်း၊

(ဂ)မော်တော်ယာဉ်မှတ်ပုံတင် ဖျက်သိမ်းခံရခြင်း သို့မဟုတ် သက်တမ်းကုန်ဆုံးခြင်း။

၄၆။မည်သူမျှ မော်တော်ယာဉ်ကို သူတစ်ပါးထိခိုက်မှု အာမခံထားရှိဘဲ အများပြည်သူဆိုင်ရာနေရာတွင် အသုံးမပြုရ သို့မဟုတ် အသုံးပြုခွင့်မပေးရ။ ဤတားမြစ်ချက်သည် ခရီးသည်များနှင့် မသက်ဆိုင်စေရ။

၄၇။(က) မည်သူမျှ မိမိအား ထုတ်ပေးထားသည့် ယာဉ်မောင်းလိုင်စင် လက်ဝယ်မထားလျှင် အများပြည်သူ ဆိုင်ရာနေရာတွင် မော်တော်ယာဉ်ကို မောင်းနှင်ခြင်းမပြုရ။

(ခ) မည်သူမျှ ယာဉ်မောင်းလိုင်စင်မရှိလျှင် မော်တော်ယာဉ်ကို အများပြည်သူဆိုင်ရာ နေရာတွင် မောင်းနှင်ခြင်းမပြုရ။

(ဂ)မည်သည့်မော်တော်ယာဉ်ပိုင်ရှင် သို့မဟုတ် မော်တော်ယာဉ်အတွက် တာဝန်ရှိသူမျှ ယင်းမော်တော်ယာဉ်ကို ယာဉ်မောင်းလိုင်စင် ရရှိမထားသူတစ်ဦးဦးအား မောင်းနှင်စေခြင်း မပြုရ။

၄၈။မည်သူမျှ အများပြည်သူဆိုင်ရာ နေရာတွင် ယာဉ်မောင်းလိုင်စင်၌ ခွင့်ပြုထားခြင်းမရှိသော မော်တော်ယာဉ်ကို မောင်းနှင့်ခြင်းမပြုရ သို့မဟုတ် မောင်းနှင်ခွင့်မပြုရ။

၄၉။မည်သူမျှအများပြည်သူဆိုင်ရာနေရာတွင် အောက်ပါတစ်ခုခုကို မပြုလုပ်ရ-

(က)မော်တော်ယာဉ်ကို သတ်မှတ်ထားသည့် အမြန်နှုန်းထက်ပို၍မောင်းနှင်ခြင်း သို့မဟုတ် သတ်မှတ် ထားသည့် အမြန်နှုန်းအောက် လျှော့၍ မောင်းနှင်ခြင်း၊

(ခ)ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် မော်တော်ယာဉ်ကို မောင်းနှင်ခြင်း၊

(ဂ)မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများသုံးစွဲ၍သော်လည်းကောင်း၊ အရက်သေစာ မူးယစ်သောက်စား၍သော်လည်းကောင်း မော်တော်ယာဉ်ကို မောင်းနှင်ခြင်း။

၅၀။မည်သူမျှ-

(က)လုပ်ငန်းလိုင်စင်မရှိဘဲ မော်တော်ယာဉ် ထုတ်လုပ်ခြင်းလုပ်ငန်း သို့မဟုတ် ရောင်းချခြင်းလုပ်ငန်း သို့မဟုတ် တည်ဆောက်တပ်ဆင်ခြင်းလုပ်ငန်းကို မပြုရ။

(ခ)လုပ်ငန်းလိုင်စင်မရှိဘဲ မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို လုပ်ကိုင်ခြင်းမပြုရ။

၅၁။မည်သူမျှ လုပ်ငန်းလိုင်စင်မရှိဘဲ မော်တော်ယာဉ်မောင်းသင်တန်းကျောင်း ဖွင့်လှစ်ခြင်းမပြုရ။

၅၂။မည်သူမျှလုပ်ငန်းလိုင်စင်မရှိဘဲ မော်တော်ယာဉ်စစ်ဆေးခြင်း ပုဂ္ဂလိကလုပ်ငန်းကို လုပ်ကိုင်ခြင်းမပြုရ။

၅၃။မည်သူမျှအောက်ပါတစ်ခုခုကို မပြုလုပ်ရ-

(က)မော်တော်ယာဉ်နံပါတ်ပြားကို မထင်ရှားအောင်ပြုလုပ်ခြင်း၊

(ခ)မော်တော်ယာဉ်နံပါတ်ပြားကို ထင်ယောင်ထင်မှားဖြစ်စေရန် ပြုလုပ်ခြင်း၊

(ဂ)မမှန်ကန်သော မော်တော်ယာဉ်နံပါတ်ပြားကို မော်တော်ယာဉ်တွင် တပ်ဆင်အသုံးပြုခြင်း။

၅၄။ မည်သူမျှ အောက်ပါတစ်ခုခုကို မပြုလုပ်ရ-

(က)ယာဉ်အကူလက်မှတ်မရှိဘဲ ယာဉ်အကူအဖြစ်ပါဝင်ဆောင်ရွက်ခြင်း၊

(ခ)စိတ်ဖြစ်စေ၊ ကိုယ်ဖြစ်စေ မော်တော်ယာဉ်ကို မောင်းနှင့်ရန် သင့်လျော်ခြင်းမရှိသည့်အခါ မောင်းနှင်ခြင်း၊

(ဂ)သတ်မှတ်ထားသည့် ဝန်တင်အားထက်ပိုသော မော်တော်ယာဉ်ကို မောင်းနှင်ခြင်း၊

(ဃ)မော်တော်ဆိုင်ကယ်ကို စီးနင်းစဉ် မော်တော်ဆိုင်ကယ်ဦးထုပ်ကို မေးသိုင်းကြိုး သေချာစွာတပ်၍ မောင်းနှင်မှုမပြုခြင်း၊

(င)သတ်မှတ်ထားသည့် မော်တော်ယာဉ်ကိုမောင်းနှင်စဉ် ယာဉ်မောင်းနှင့် လိုက်ပါစီးနင်းသူများသည် အသက်ကယ်ထိုင်ခုံခါးပတ်ကို တပ်ဆင်မှုမပြုခြင်း၊

(စ)ခြေကျင် လမ်းကူးနေရာနှင့်သက်ဆိုင်သည့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဆန့်ကျင်၍ မော်တော်ယာဉ်ကို မောင်းနှင့်ခြင်း၊

(ဆ)ဥပဒေနှင့်အညီ အခွင့်အာဏာမရှိဘဲ သို့မဟုတ် ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ မော်တော်ယာဉ်၏ မူလအမျိုးအမည်၊ ရုပ်သဏ္ဍာန် ပျက်ပြားစေသည်အထိ ပြုပြင်ပြောင်းလဲခြင်း သို့မဟုတ် စက်ကိရိယာ တစ်စိတ်တစ်ဒေသကို ပြုပြင်ပြောင်းလဲခြင်း သို့မဟုတ် မော်တော်ယာဉ်စစ်ဆေးချက် သက်သေခံ လက်မှတ်ပါ အနေအထားများကို ပြုပြင်ပြောင်းလဲခြင်း၊

(ဇ)မော်တော်ဆိုင်ကယ်ကို နောက်ကြည့်မှန် သို့မဟုတ် အိတ်ဇောရှိအသံထိန်းကိရိယာမပါဘဲ မောင်းနှင်ခြင်း။

၅၅။မော်တော်ယာဉ်လက်ဝယ်ရှိသူ မည်သူမျှ အောက်ပါတစ်ခုခုကို မပြုလုပ်ရ-

(က)မော်တော်ယာဉ်ပေးကမ်းခြင်းနှင့်ရောင်းချခြင်းတို့တွင် မော်တော်ယာဉ်ပေးကမ်းသည့် နေ့ရက် သို့မဟုတ် အရောင်းအဝယ် စာချုပ်ချုပ်ဆိုသည့်နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း မှတ်ပုံတင်သူ အမည်ပြောင်းလဲပေးနိုင်ရေးအတွက် လျှောက်ထားရန် ပျက်ကွက်ခြင်း၊

(ခ)အမွေဆက်ခံခြင်းဖြင့် မော်တော်ယာဉ် ပိုင်ဆိုင်ခွင့်ရရှိသူသည် မှတ်ပုံတင်သူ အမည်ပြောင်းလဲပေးရန် တရားဝင်ပိုင်ဆိုင်ခွင့်ရရှိသည့်ရက်မှ ရက်ပေါင်း ၃၀ အတွင်းလျှောက်ထားရန် ပျက်ကွက်ခြင်း၊

(ဂ)မှတ်ပုံတင်သူ အမည်ပြောင်းလဲပေးရန် လျှောက်ထားရာတွင် မော်တော်ယာဉ်ပေးကမ်းခြင်း နှင့် ရောင်းဝယ်ခြင်းစာချုပ်၌ အချက်အလက်တစ်စုံတစ်ရာကို မမှန်မကန်ဖော်ပြခြင်း၊ ပြင်ဆင်ခြင်း၊ ချန်လှပ်ခြင်း နှင့် စာချုပ်ချုပ်ဆိုသည့်နေ့ရက်ကို မမှန်မကန်ဖော်ပြခြင်း။

၅၆။မည်သူမျှ ဦးစီးဌာနက ထုတ်ပေးသည့်စာတမ်းအမှတ်အသားကို သက်ဆိုင်ခြင်းမရှိသည့် မော်တော်ယာဉ်တွင် ပြောင်းလဲသုံးစွဲခြင်း သို့မဟုတ် သုံးစွဲစေခြင်းမပြုရ။

၅၇။မည်သူမျှ အခြားသူတစ်ဦးဦး၏ ယာဉ်မောင်းလိုင်စင် သို့မဟုတ် ယာဉ်အကူလက်မှတ်ကို အသုံးပြု၍ မော်တော်ယာဉ်ကို မောင်းနှင့်ခြင်း သို့မဟုတ် ယာဉ်အကူအဖြစ် ပါဝင်ဆောင်ရွက်ခြင်းမပြုရ။

အခန်း(၁၀)

ပြစ်ဒဏ်များ

၅၈။(က)မည်သူမဆို ပုဒ်မ ၄၅၊ ပုဒ်မ ၄၆၊ ပုဒ်မ ၄၇ ပုဒ်မခွဲ(ခ) နှင့် ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၄၈၊ ပုဒ်မ ၄၉ နှင့် ပုဒ်မ ၅၀ ပုဒ်မခွဲ (ခ) ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

(ခ) မည်သူမဆို ပုဒ်မ ၅၀ ပုဒ်မခွဲ (က) ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၅၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

(ဂ)ပုဒ်မခွဲ(က) ပါတားမြစ်ချက်တစ်ရပ်ရပ်ကို တစ်နှစ်အတွင်း ထပ်မံကျူးလွန်လျှင် ထပ်မံကျူးလွန်သော ပြစ်မှုအတွက် သုံးလထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၅၉။ မည်သူမဆို ပုဒ်မ ၅၁ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ကျပ် ငါးသိန်းထက်မပိုသော ငွေဒဏ်ချမှတ်ရမည်။

၆၀။မည်သူမဆို ပုဒ်မ ၅၂ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ကျပ် ၁၀သိန်းထက်မပိုသော ငွေဒဏ်ချမှတ်ရမည်။

၆၁။မည်သူမဆို ပုဒ်မ ၅၃ ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၆၂။မည်သူမဆိုပုဒ်မ ၄၇ ပုဒ်မခွဲ(က)၊ပုဒ်မ ၅၄နှင့် ပုဒ်မ ၅၇ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်ချမှတ်ရမည်။

၆၃။မော်တော်ယာဉ်လက်ဝယ်ရှိသူ မည်သူမဆို ပုဒ်မ ၅၅ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖော်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ချမှတ်ရမည်။

၆၄။ မည်သူမဆို ပုဒ်မ ၅၆ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်၊ ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။

၆၅။မည်သူမဆို ဤဥပဒေအရထုတ်ပြန်သော နည်းဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်ချမှတ်ရမည်။

၆၆။ မည်သူမဆို ဤဥပဒေအရ ဖြစ်စေ၊ ဤဥပဒေအရပြုသည့် နည်းဥပဒေတစ်ခုခုအရဖြစ်စေ ပြစ်ဒဏ်ထိုက်သော ပြစ်မှုကိုကျူးလွန်ရန် အားပေးကူညီလျှင် ယင်းပြစ်မှုအတွက် ဤဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်ချမှတ်ခြင်းခံရမည်။

အခန်း(၁၁)

လျော်ကြေးငွေပေးဆောင်ခြင်း

၆၇။မော်တော်ယာဉ်နှင့်စပ်လျဉ်း၍ ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုတစ်ခုခုကြောင့် တစ်ဦးတစ်ယောက်သော သူသည် ရာဇသတ်ကြီး ပုဒ်မ ၂၇၉၊ ပုဒ်မ ၃၃၇၊ပုဒ်မ ၃၃၈ သို့မဟုတ် ပုဒ်မ၃၀၄-က အရ ပြစ်မှုထင်ရှားစီရင်ခံရ၍ ထိုပြုလုပ်သည့် သို့မဟုတ် ပျက်ကွက်သည့် ကိစ္စကြောင့် ပစ္စည်းတစ်ခုခု ပျက်စီးဆုံးရှုံးလျှင် တရားရုံးသည် ယင်းပစ္စည်းပျက်စီးဆုံးရှုံးမှုအတွက် အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

(က)အစိုးရဌာန၊အစိုးရအဖွဲ့အစည်းပိုင် ပစ္စည်းတစ်ခုခုပျက်စီးလျှင် အဆိုပါပစ္စည်းကို ပြုပြင်ရန် သို့မဟုတ် အစားထိုးရန် လုံလောက်သည့် လျော်ကြေးငွေပေးစေရန် အမိန့်ချမှတ်ခြင်း၊

(ခ) ပုဒ်မခွဲ(က) တွင် ဖော်ပြထားသည့်ပစ္စည်းမှအပ အခြားပစ္စည်းတစ်ခုခုပျက်စီးလျှင် ပစ္စည်းပိုင်ရှင်နှင့် ပြစ်မှုကျူးလွန်သူနှစ်ဘက်သဘောတူညီမှုမရပါက အဆိုပါပစ္စည်းကို ပြုပြင်ရန် သို့မဟုတ် အစားထိုးရန်လုံလောက်သည့် လျော်ကြေးငွေပေးစေရန် အမိန့်ချမှတ်ခြင်း၊

(ဂ) ပုဒ်မခွဲ(က) သို့မဟုတ် ပုဒ်မခွဲ(ခ) အရ ချမှတ်သည့် လျော်ကြေးငွေကို ပေးရန် ပျက်ကွက်လျှင် အဆိုပါလျော်ကြေးငွေကို ဝင်ငွေခွန်မပြေ ကျန်ငွေဖြစ်ဘိသကဲ့သို့ အရကောက်ခံရမည်။

အခန်း(၁၂)

စည်းကမ်းထိန်းသိမ်းခြင်းနှင့် အရေးယူခြင်း

၆၉။ ဝန်ကြီးဌာနသည်ဤဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန် ပျက်ကွက်သူများအား စစ်ဆေးအရေးယူရန် ဦးစီးဌာနကိုသော်လည်းကောင်း၊ ဦးစီးဌာနမှ သင့်လျော်သည့် အရာရှိတစ်ဦးဦးကို သော်လည်းကောင်း တာဝန်ပေးအပ်နိုင်သည်။

၇၀။(က) ရဲ၀တ်စုံဝတ်ထားသည့် ရဲအရာရှိသည်အောက်ပါ အခြေအနေတစ်ရပ်ရပ်ကို မော်တော်ယာဉ် မောင်းနှင့်သူအား ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်သည်-

(၁) အရက်သေစာမူးယစ်သောက်စား၍ မော်တော်ယာဉ်ကို မောင်းနှင်ခြင်း၊

(၂) မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများသုံးစွဲ၍ မော်တော်ယာဉ်ကို မောင်းနှင့်ခြင်း၊

(၃) ဘေးအန္တရာယ်ဖြစ်စေနိုင်သည်အထိ မော်တော်ယာဉ်ကို အရမ်း သို့မဟုတ် ပေါ့လျော့စွာ မောင်းနှင်ခြင်း၊

(၄) ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် မော်တော်ယာဉ်ကို မောင်းနှင်ခြင်း။

(ခ) အရက်သေစာသောက်စား၍ မူးယစ်နေစဉ် မော်တော်ယာဉ် မောင်းနှင့်ခြင်းနှင့်စပ်လျဉ်း၍ ထိုသို့ ဖမ်းဆီးခံရသည့် သူတစ်ဦးဦးကို သတ်မှတ်ထားသည့်နည်းလမ်းအတိုင်း စစ်ဆေးပြီး အချုပ်မှလွှတ်ရမည်။

၇၁။ (က) ရဲဝတ်စုံဝတ်ဆင်ထားသည့် ရဲအရာရှိသည် အောက်ပါ တစ်ဦးတစ်ယောက်သော သူကိုဝရမ်းမပါဘဲ ဖမ်းဆီးနိုင်သည်-

(၁) ဤဥပဒေပါ ပြဋ္ဌာန်းချက်များအရ သို့မဟုတ် ဤဥပဒေအရပြုသည့် နည်းဥပဒေများအရ အမည်နှင့်နေရပ် ဖော်ပြစေလိုပါလျက် မဖော်ပြလိုဟု ငြင်းဆိုသူ သို့မဟုတ် ထိုရဲအရာရှိက မမှန်ဟုယုံကြည်ရန်အကြောင်းရှိ သော အမည်နှင့်နေရပ် ဖော်ပြသူ၊

(၂)ဤဥပဒေအရဖြစ်သောပြစ်မှု သို့မဟုတ် ဤဥပဒေအရပြုသည့် နည်းဥပဒေများအရ ဖြစ်သော ပြစ်မှုတစ်ခုခုတွင် ပါဝင်သက်ဆိုင်၍ သို့မဟုတ် ပါဝင်သက်ဆိုင်သည်ဟု သင်္ကာမကင်းဖွယ်ရာ အကြောင်းရှိ၍ ထွက်ပြေးတိမ်းရှောင်မည်ဟုသို့မဟုတ် သမ္မန်စာချအပ်ခြင်းမခံရအောင် အခြားနည်း ရှောင်ရှားနေမည်ဟု အဆိုပါရဲအရာရှိက ယုံကြည်ရန် အကြောင်းရှိသောသူ၊

(ခ) ရဲအရာရှိသည် မော်တော်ယာဉ်မောင်းနှင်သူအား ဝရမ်းမပါဘဲ ဖမ်းဆီးလျှင် မော်တော်ယာဉ်ကိုလုံခြုံစွာ ယာယီထိန်းသိမ်းထားရန် လိုအပ်ပါက မိမိသင့်သည်ဟု ထင်မြင့်ယူဆသည့်အတိုင်းအရေးယူဆောင်ရွက်နိုင် သည် သို့မဟုတ် အရေးယူဆောင်ရွက်စေနိုင်သည်။ ထိုသို့ဆောင်ရွက်ရာတွင် မော်တော်ယာဉ်ကို ရွှေ့ပြောင်းနေရာချထားရန် လိုအပ်ပါက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန်ဆောင်ရွက်ရမည်။

၇၂။(က) ရဲအရာရှိ သို့မဟုတ် ဝန်ကြီးဌာနက တာဝန်ပေးအပ်သည့်ဦးစီဌာနမှ အရာရှိသည်ဤဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်သည့် ယာဉ်မောင်းသူ လက်ရှိထားသော ယာဉ်မောင်းလိုင်စင်ကို သိမ်းယူနိုင်သည်။ ယင်းသို့သိမ်းယူလျှင် ယာဉ်မောင်းလိုင်စင်သိမ်းယူကြောင်း အသိ အမှတ်ပြု လက်မှတ်ထုတ်ပေးရမည်။

(ခ) ယာဉ်မောင်းလိုင်စင်သိမ်းယူကြောင်း အသိအမှတ်ပြုလက်မှတ်ဖြင့် မော်တော်ယာဉ်ကို နေထိုင်ရာ ဥပစာသို့ ပြန်လည်ယူဆောင်ရန်အတွက် ယာဉ်မောင်းနှင်ခွင့်ရှိသည်။

၇၃။ ရဲအရာရှိကဖြစ်စေ၊ ဝန်ကြီးဌာနက တာဝန်ပေးအပ်ခြင်းခံရသည့် ဦးစီးဌာနမှ အရာရှိကဖြစ်စေ မော်တော်ယာဉ် မှတ်ပုံတင်သက်သေခံလက်မှတ်၊ ယာဉ်မောင်းလိုင်စင်၊ ယာဉ်အကူလက်မှတ်၊ မော်တော်ယာဉ် စစ်ဆေးချက်သက်သေခံလက်မှတ်များကို စစ်ဆေးရာတွင် ယင်းလက်မှတ်များမှာ အစစ်အမှန်မဟုတ်ကြောင်း ယုံကြည်ရန်အကြောင်းရှိလျှင် အဆိုပါသက်သေခံအထောက်အထားများကို သိမ်းယူနိုင်သည်။

၇၄။ ရဲအရာရှိ သို့မဟုတ် ဦးစီးဌာနမှအရာရှိသည် အများပြည်သူဆိုင်ရာနေရာတွင် အောက်ပါ မော်တော်ယာဉ်အား စစ်ဆေးတွေ့ရှိလျှင် ယင်းမော်တော်ယာဉ်ကို ယာယီထိန်းသိမ်းနိုင်ရန် အနီးဆုံးရဲစခန်း တွင်အပ်နှံရမည်-

(က) မှတ်ပုံတင်ထားခြင်းမရှိသော မော်တော်ယာဉ်၊

(ခ) မှတ်ပုံတင်ဖျက်သိမ်းထားပြီးသော မော်တော်ယာဉ်။

အခန်း(၁၃)

နည်းဥပဒေများထုတ်ပြန်ရာတွင် ပါဝင်ရမည့်ကိစ္စရပ်များ

၇၅။ ဝန်ကြီးဌာနသည် နည်းဥပဒေများ ထုတ်ပြန်ရာတွင် အောက်ပါကိစ္စတစ်ခုခုဖြစ်စေ၊ အားလုံးဖြစ်စေ ပါဝင်စေရန် ဆောင်ရွက်ရမည်-

(က) မော်တော်ယာဉ် မှတ်ပုံတင်ခြင်းနှင့် သက်ဆိုင်သည့်ကိစ္စ၊

(ခ) မော်တော်ယာဉ်စစ်ဆေးခြင်းနှင့် သက်ဆိုင်သည့်ကိစ္စ၊

(ဂ) မော်တော်ယာဉ်တည်ဆောက်ခြင်း၊ နောက်တွဲယာဉ်တည်ဆောက်ခြင်း၊ ကိရိယာတန်ဆာပလာတပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာကိစ္စ၊

(ဃ) မော်တော်ယာဉ်အမျိုးအစား၊ အလေးချိန်နှင့် တင်ဆောင်သည့်ဝန် သတ်မှတ်ခြင်း ကိစ္စ၊

(င) မော်တော်ယာဉ်ထုတ်လုပ်ခြင်း၊ မော်တော်ယာဉ် ရောင်းချခြင်း၊ မော်တော်ယာဉ် တည်ဆောက် တပ်ဆင်ခြင်းနှင့် မော်တော်ယာဉ် ပြုပြင် ထိန်းသိမ်းခြင်းဆိုင်ရာကိစ္စ၊

(စ) မော်တော်ယာဉ်စစ်ဆေးခြင်း ပုဂ္ဂလိကလုပ်ငန်းဆိုင်ရာကိစ္စ၊

(ဆ) လမ်းအသုံးပြုသူများ၊ သွားလာမှုလွယ်ကူချောမွေ့စေရန်နှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကိစ္စ၊

(ဇ) မော်တော်ယာဉ်ကြောင့် မတော်တဆထိခိုက်မှု ဖြစ်ပွားသည့်အခါ ရဲအရာရှိ၊ မော်တော်ယာဉ်မောင်းနှင့်သူနှင့် မော်တော်ယာဉ်အတွက် တာဝန်ရှိသူဆောင်ရွက်ရမည့်ကိစ္စ၊

(ဈ) ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားစေရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရာတွင် အဆင့်မြင့်နည်းပညာသုံး ပို့ဆောင်ရေးစနစ်ကို ထိရောက်စွာအသုံးပြုရေးကိစ္စ၊

(ည) မော်တော်ယာဉ်ကြောင့်ဖြစ်ပေါ်သော သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းစေရေးကိစ္စ၊

(ဋ) ယာဉ်မောင်းလိုင်စင် ထုတ်ပေးရန် စစ်ဆေးခြင်းကိစ္စ၊

(ဌ) ယာဉ်အကူလက်မှတ် ထုတ်ပေးရန် စစ်ဆေးခြင်းကိစ္စ၊

(ဍ) မော်တော်ယာဉ်မောင်းသင်တန်းကျောင်းဆိုင်ရာကိစ္စ၊

() စီးပွားရေးလုပ်ငန်းသုံး မော်တော်ယာဉ် စည်ကမ်းထိန်းသိမ်းရေးကိစ္စ၊

(ဏ) မော်တော်ယာဉ်သွားလာမှုဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးကိစ္စ၊

(တ) ခြေကျင်လျှောက်သူများ လိုက်နာရန် စည်းကမ်းများကိစ္စ၊

(ထ) စက်ဘီးစီးသူများလိုက်နာရန် စည်ကမ်းများကိစ္စ၊

(ဒ) အချက်ပြအထိမ်းအမှတ်များနှင့် အချက်ပြကိရိယာများဆိုင်ရာကိစ္စ၊

(ဓ) လမ်းညွှန်၊လမ်းအမှတ်အသားနှင့် လမ်းအချက်ပြများဆိုင်ရာကိစ္စ၊

(န) ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ရည်ရွယ်၍ လက်ယာကပ်မောင်းစနစ်နှင့် ကိုက်ညီသည့် ဘယ်မောင်းယာဉ်များသာ အသုံးပြုနိုင်ရေးကိစ္စ၊

(ပ) မော်တော်ယာဉ်တွင် အသက်ကယ်လေအိတ်များ ပါရှိစေရေးကိစ္စ၊

(ဖ) အသက်ကယ်ထိုင်ခံခါးပတ် တပ်ဆင်မောင်းနှင်ရေးကိစ္စ၊

(ဗ) ကလေးသူငယ် အန္တရာယ်ကင်းရှင်းရေး ထိုင်ခုံသုံးစွဲရေးကိစ္စ၊

(ဘ) မော်တော်ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မောင်းနှင်ရေးနှင့် စီးနင်းရေးကိစ္စ၊

(မ)မော်တော်ယာဉ်မောင်းနှင်စဉ် လက်ကိုင်ဖုန်းအသုံးမပြုရေးကိစ္စ၊

(ယ) ဤဥပဒေအရ ပေးဆောင်ရမည့် အခကြေးငွေများနှင့် သက်ဆိုင်သည့်ကိစ္စ၊

(ရ) ဤဥပဒေအရ ပေးဆောင်ရမည့် အခကြေးငွေများမှ ကင်းလွတ်ခွင့်ပေးရေးကိစ္စ၊

(လ) ဤဥပဒေပါ ပြဋ္ဌာန်ချက်တစ်ခုခုမှ ကင်းလွတ်ခွင့်ပေးရေးကိစ္စ၊

(၀) ဤဥပဒေအရ တင်သွင်းနိုင်သည့် အယူခံအမှုများနှင့်သက်ဆိုင်သောကိစ္စ၊

(သ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှ ယာယီထွက်ခွာသွားသော သို့မဟုတ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံအတွင် ယာယီရောက်ရှိလာသော မော်တော်ယာဉ်များနှင့် သက်ဆိုင်သည့်ကိစ္စ၊

(ဟ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း ဖြတ်သန်းသွားလာသော ပြည်ပမော်တော်ယာဉ်များနှင့် သက်ဆိုင်သည့်ကိစ္စ၊

(ဋ္ဌ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း ခေတ္တမျှသာနေထိုင်သူတို့ ယူဆောင်လာသည့် မော်တော်ယာဉ် များနှင့် သင့်တင့်ဆီလျော်စေရန် ပြုလုပ်ရေးကိစ္စ၊

(အ) အများပြည်သူဆိုင်ရာနေရာတွင် မော်တော်ယာဉ်ကို အခပေးငှားရမ်းခြင်းနှင့် သက်ဆိုင်သည့် စည်းကမ်းချက်များနှင့် ပေးဆောင်ရမည့်အခများ သတ်မှတ်ခြင်းကိစ္စ။

အခန်း(၁၄)

အထွေထွေ

၇၆။ ပြည်ထောင်စုအစိုးရအဖွဲ့သည် အမိန့်ကြော်ငြာစာဖြင့် မည်သည့်မော်တော်ယာဉ် သို့မဟုတ် မော်တော်ယာဉ်အမျိုးအစားကိုမဆို ဤဥပဒေပါပြဋ္ဌာန်းချက် အားလုံး သို့မဟုတ် တစ်ခုခု အကျိုးသက်ရောက် စေခြင်းမှ စည်းကမ်းချက်ထား၍ဖြစ်စေ၊ စည်းကမ်းချက်မထားဘဲဖြစ်စေ ကင်းလွတ်ခွင့် ပြုနိုင်သည်။

၇၇။ ဝန်ကြီးဌာနသည် နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကော်မတီဝင်များအတွက် ချီးမြှင့်ငွေနှင့် စရိတ်များကို ကျခံရမည်။

၇၈။ ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

၇၉။ ဤဥပဒေမပြဋ္ဌာန်းမီထုတ်ပေးထားသည့် မော်တော်ယာဉ်မှတ်ပုံတင်မှတ်တမ်း အထောက်အထားနှင့် သက်သေခံလက်မှတ်၊ မော်တော်ယာဉ်မှတ်ပုံတင်မှတ်တမ်း၊ မော်တော်ယာဉ်စစ်ဆေးချက် သက်သေခံလက်မှတ်၊ ယာဉ်မောင်းလိုင်စင်၊ ယာဉ်အကူလက်မှတ်များသည် ဤဥပဒေအရ ထုတ်ပေးသော စာတမ်းအမှတ်အသားများဖြစ်သည်ဟု မှတ်ယူရမည်။

၈၀။ ၁၉၆၄ ခုနှစ်၊ မော်တော်ယာဉ်ဥပဒေအရ ထုတ်ပြန်ထားသော နည်းဥပဒေများ၊ စည်းကမ်းများ၊ အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ ဆက်လက် ကျင့်သုံးနိုင်သည်။

၈၁။ ဤဥပဒေ ပြဋ္ဌာန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

(က) ဝန်ကြီးဌာနသည် နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘော တူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ) ဝန်ကြီးဌာန၊ ဦးစီးဌာနနှင့် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီတို့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၈၂။ ၁၉၆၄ ခုနှစ်၊ မော်တော်ယာဉ် ဥပဒေ (၁၉၆၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၁၇ )ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

(ပုံ)သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။