ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ
(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၆၃။)
၁၃၇၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက်
(၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။
ဤဥပဒေကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။
၂။
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (စ) တွင် ပါရှိသော “ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ကို လည်းကောင်း၊” ဆိုသည့် စကားရပ် နောက်တွင် “ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်း၍ အဆိုပါဥပဒေတွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် သတ်မှတ်ဖွဲ့စည်းသည့် နိုင်ငံတော် အဆင့် သို့မဟုတ် ဗဟိုအဆင့် အဖွဲ့အစည်းများကို လည်းကောင်း၊” ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။
၃။
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ဆ) ကို အောက်ပါအတိုင်း အစားထိုးရမည် –
“(ဆ)
ပြည်ထောင်စုလွှတ်တော်ရုံး ဆိုသည်မှာ ပြည်ထောင်စုလွှတ်တော်၏ ရုံးလုပ်ငန်းနှင့် အုပ်ချုပ်မှု ကိစ္စအဝဝတို့ကို ဆောင်ရွက်ရန် ဖွဲ့စည်း ထားသော ရုံးကို ဆိုသည်။”
၄။
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၂) တွင် ပါရှိသော “တရားရုံးတစ်ခုခုက” ဆိုသည့် စကားရပ်ကို “တရားရုံး သို့မဟုတ် စုံစမ်းစစ်ဆေးမှု တစ်ခုခုက” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၅။
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ခ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည် –
“၁၄။
(က)
နာယကသည် လွှတ်တော်သက်တမ်းတစ်ရပ်၏ ပထမပုံမှန် အစည်းအဝေးသို့ တက်ရောက်လာသော လွှတ်တော် ကိုယ်စားလှယ်များအား စိစစ်အတည်ပြုရန် လွှတ်တော် ကိုယ်စားလှယ် စိစစ်ရေးအဖွဲ့ကို သင့်လျော်သော နိုင်ငံသား များဖြင့် ဖွဲ့စည်း၍ ယင်းလွှတ်တော် သက်တမ်းအတွက် လွှတ်တော် ကိုယ်စားလှယ် စိစစ်ရေးကော်မတီ ဖွဲ့စည်းပြီးသည် အထိ တာဝန် ပေးအပ်ရမည်။
(ခ)
ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေး အဖွဲ့သည် လွှတ်တော် ပထမပုံမှန်အစည်းအဝေးသို့ တက်ရောက်လာသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအား ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်တွင် ကတိသစ္စာပြုပြီးခြင်း ရှိ မရှိ ကို စိစစ် အတည်ပြု ရမည်။”
၆။
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅၊ ပုဒ်မ ၂၆ နှင့် ပုဒ်မ ၂၈ တို့တွင် ပါရှိသော “အခြားကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့” ဆိုသည့် စကားရပ်ကို “ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့” ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း၊ ပုဒ်မ ၂၅ နှင့် ပုဒ်မ ၂၈ တို့တွင်ပါရှိသော “အခြားဘာသာသာသနာကို ပုတ်ခတ် ပြောဆိုခြင်း” ဆိုသည့် စကားရပ်ကို “ဘာသာသာသနာကို ပုတ်ခတ်ပြောဆိုခြင်း” ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း အသီးသီးအစားထိုးရမည်။
၇။
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ နှင့် ပုဒ်မ ၂၈ တို့တွင် ပါရှိသော “ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း တစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ” ဆိုသည့် စကားရပ်ကို “ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်း ဝင်များ” ဆိုသည့်စကားရပ်ဖြင့် အသီးသီးအစားထိုးရမည်။
၈။
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၈၃-က တွင် ပါရှိသော “ဒေသခံ ပြည်သူများနှင့် ညှိနှိုင်းပြီး သတ်မှတ်ချက်နှင့်အညီ” ဆိုသည့် စကားရပ်ကို “ဒေသခံပြည်သူများနှင့်ညှိနှိုင်းပြီး ဥပဒေနှင့်အညီ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။