နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေ
(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၆၄။)
၁၃၇၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက်
(၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။
ဤဥပဒေကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။
၂။
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂ တွင် –
(က)
ပုဒ်မခွဲ (ခ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
“(ခ)
နိုင်ငံခြားငွေ ဆိုရာတွင် မြန်မာကျပ်ငွေဖြင့် တန်ဖိုးသင့်ထားခြင်း မဟုတ်သော စာတိုက် ငွေလွှဲလွှာများ၊ ချက်လက်မှတ်များ၊ ငွေလွှဲ လက်မှတ်များ၊ ခရီးသွား ချက်လက်မှတ်များ၊ ငွေလွှဲစာတမ်းများ၊ ငွေပေးအမိန့် လက်မှတ်များ၊ ငွေပေး ကတိ စာချုပ်များနှင့် ငွေသား ဒင်္ဂါးများ၊ ငွေစက္ကူများ ပါဝင်သည်။”
(ခ)
ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၁) တွင် ပါရှိသော “နိုင်ငံခြားငွေငွေသား” ဆိုသည့် စကားရပ်ကို “နိုင်ငံခြားငွေ” ဆိုသည့် စကားရပ်ဖြင့် အစားထိုး ရမည်။
(ဂ)
ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၂) ကို ပယ်ဖျက်ရမည်။
(ဃ)
ပုဒ်မခွဲ (ဂ) ၏ နောက်တွင် ပုဒ်မခွဲ (ဂ-၁) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
“(ဂ-၁)
ရွှေ ဆိုသည်မှာ နိုင်ငံပိုင် နိုင်ငံခြားသုံး သီးသန့်ငွေရှိ ရွှေချောင်း၊ ရွှေတုံးနှင့် ရွှေဒင်္ဂါးများ၊ အပြည်ပြည်ဆိုင်ရာ အပေးအယူ ပြုလုပ်မှု၌ သတ်မှတ်အသုံးပြုသည့် စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများနှင့် ပြည်တွင်း၌ နေထိုင်သူများ၏ ပြည်ပရှိ ဘဏ် များတွင် အပ်နှံထားသည့် ရွှေများကိုဆိုသည်။”
၃။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၁၇ ကို အောက်ပါအတိုင်းအစားထိုးရမည်-
“၁၇။
နိုင်ငံတော်နှင့် ပြည်ပနိုင်ငံများအကြား ငွေသားဖြင့် လက်ရောက် လွှဲပြောင်းမှု၊ ပေးချေမှုနှင့် အခြားပေးချေမှုများအပါအဝင် ကျပ်ငွေဖြင့် နိုင်ငံတကာ ပေးချေမှုများနှင့် လွှဲပြောင်းမှုများအား ဗဟိုဘဏ်၏ သတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်ရမည်။”
၄။
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ (ခ) တွင် ပါရှိသည့် “တရား မဝင်သော နည်းလမ်းဖြင့်ရရှိသော ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေ” ဆိုသည့် စကားရပ်ကို “ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၅။
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၁၈ ၏ နောက်တွင် ပုဒ်မ ၁၈-က အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
၁၈-က။
နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် ရရှိသူသည်-
(က)
ယင်းဆောင်ရွက်ပေးသည့် ပြည်တွင်း၌ နေထိုင်သူ၏ နိုင်ငံခြား သုံးငွေဖြင့် ပို့ကုန် ရငွေကို သတ်မှတ်ကာလ အတွင်း ယင်း၏ ဘဏ်ငွေစာရင်းသို့ မှန်ကန်စွာ ဝင်ရောက်ခြင်း ရှိ မရှိ စိစစ်ရမည်။
(ခ)
ပုဒ်မခွဲ (က) အရ စိစစ်ရာတွင် ပြည်တွင်း၌ နေထိုင်သူ၏ ဘဏ် စာရင်းသို့ သတ်မှတ် ကာလအတွင်း ယင်း၏ ပို့ကုန်ရငွေ ဝင်ရောက်ခြင်း မရှိကြောင်း တွေ့ရှိပါက သုံးသပ်ချက်နှင့်အတူ ဗဟိုဘဏ်သို့ ဆောလျင်စွာ အစီရင်ခံ တင်ပြရမည်။”
၆။
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ အခန်း (၇) ကို အောက်ပါအတိုင်း အစားထိုး ရမည် –
“အခန်း (၇)
ရွှေ၊ နိုင်ငံခြားသုံးငွေ၊ လက်ဝတ်ရတနာ ပြည်တွင်းပြည်ပသို့ ယူဆောင်ခြင်း
၂၃။
ပြည်တွင်း၌ နေထိုင်သူနှင့် ပြည်ပ၌ နေထိုင်သူများသည် ရွှေ၊ နိုင်ငံခြား သုံးငွေ၊ လက်ဝတ် ရတနာကို ပြည်တွင်းမှပြည်ပသို့ ယူဆောင်သွားခြင်း၊ ပြည်ပမှ ပြည်တွင်းသို့ ယူဆောင်လာခြင်းတို့နှင့် စပ်လျဉ်း၍ ဗဟိုဘဏ်က အခါအားလျော်စွာ ထုတ်ပြန်သည့် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်။”
၇။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၉ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၂၉။
ပြည်တွင်း၌ နေထိုင်သူသည်-
(က)
ပြည်ပနိုင်ငံတစ်ခုခုတွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ရင်းနှီးမြှုပ်နှံလိုပါက ဗဟိုဘဏ်၏ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်။
(ခ)
ပုဒ်မခွဲ (က) အရ ရင်းနှီးမြှုပ်နှံမှုမှ ရရှိသော အမြတ်ခွဲဝေမှုများနှင့် ပြန်လည် ထုတ်ယူနိုင်သော မတည်ငွေရင်းများကို နိုင်ငံခြားငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင် ရရှိသူမှ တစ်ဆင့် ပြည်တွင်းသို့ ပြန်လည်လွှဲပြောင်းပေးပို့ရမည်။”
၈။
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၉ ၏နောက်တွင် ပုဒ်မ ၂၉-က အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
“၂၉-က။
ပြည်တွင်း၌ နေထိုင်သူသည် ပြည်ပမှ ချေးငွေရယူရာ၌ ငွေသားဖြင့် ဖြစ်စေ၊ ပစ္စည်းဖြင့်ဖြစ်စေ ချေးယူခြင်းတို့ကို ဗဟိုဘဏ်၏ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်။”
၉။
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၄ တွင် ပါရှိသော “နိုင်ငံခြား သုံးငွေ လုပ်ငန်းလိုင်စင်” ဆိုသည့်စကားရပ်ကို “နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၁၀။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၄၊ ပုဒ်မခွဲ (င) ၌ ပါရှိသော “ငွေကြေး ခဝါချမှု” ဆိုသည့် စကားရပ်၏ နောက်၌ “အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု” ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။
၁၁။
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၈ ၏ နောက်တွင် ပုဒ်မ ၃၈-က၊ ပုဒ်မ ၃၈-ခ၊ ပုဒ်မ ၃၈-ဂ နှင့် ပုဒ်မ ၃၈-ဃ တို့အဖြစ် အောက်ပါအတိုင်း အသီးသီး ဖြည့်စွက်ရမည်-
“၃၈-က။
မည်သူမျှ ရွှေ၊ နိုင်ငံခြားသုံးငွေ၊ လက်ဝတ်ရတနာကို သတ်မှတ်ချက် များနှင့် အညီ မဟုတ်ဘဲ နိုင်ငံတော်အတွင်းသို့ ယူဆောင်လာခြင်း သို့မဟုတ် ပြည်ပသို့ ယူဆောင်သွားခြင်းမပြုရ။
၃၈-ခ။
မည်သူမျှ ပို့ကုန်ရငွေအားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော် အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်း မရှိစေရ။
၃၈-ဂ။
မည်သူမျှ ပြည်ပနိုင်ငံတစ်ခုတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရင်းနှီးမြှုပ်နှံမှုအတွက် ငွေလုံးငွေရင်း လွှဲပြောင်းမှုများကို သတ်မှတ် ချက်များနှင့်အညီ ဆောင်ရွက်ရန် ပျက်ကွက်ခြင်းမရှိစေရ။
၃၈-ဃ။
မည်သူမျှ သတ်မှတ်ချက်နှင့်အညီမဟုတ်ဘဲ ပြည်ပမှ ငွေ သို့မဟုတ် ပစ္စည်းကို ချေးယူခြင်းနှင့် ပြည်ပမှချေးငွေ ရယူရန်အလို့ငှာ ငွေချေး သက်သေခံလက်မှတ်များ ထုတ်ဝေခြင်း မပြုရ။”
၁၂။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၀ တွင် ပါရှိသော “ဤဥပဒေပါ ပုဒ်မ ၂၀ အရ” ဆိုသည့်စကားရပ်ကို “ဤဥပဒေပါ ပုဒ်မ ၃၃ အရ” ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။
၁၃။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂ တွင် ပါရှိသော “ပုဒ်မ ၃၈ ပါ တားမြစ်ချက်ကို” ဆိုသည့် စကားရပ်ကို “ပုဒ်မ ၃၈ နှင့် ပုဒ်မ ၃၈-က တို့ပါ တားမြစ်ချက်များကို” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၁၄။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂ ၏နောက်တွင် ပုဒ်မ ၄၂-က အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
“၄၂-က။
မည်သူမဆို ပုဒ်မ ၃၈-ခ၊ ပုဒ်မ ၃၈-ဂ နှင့် ပုဒ်မ ၃၈-ဃ တို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက် မပိုသည့် ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။