ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ
(၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂။)
၁၃၇၈ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက်
(၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကိုဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေတွင် –
(က) အခန်း(၄)ခေါင်းစဉ်ပါ “တာဝန်နှင့်လုပ်ပိုင်ခွင့်များ” ဆိုသည့် စကားရပ်ကို “ကော်မရှင်၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ”ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
(ခ) အခန်း(၆)ခေါင်းစဉ်ပါ “တာဝန်နှင့်လုပ်ပိုင်ခွင့်များ” ဆိုသည့် စကားရပ်ကို “ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၃။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၂၁ ကို အောက်ပါအတိုင်း အစားထိုး ရမည်–
“၂၁။ (က) ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၏ ကုန်ကျစရိတ်များ၊ ရွေးကောက်ပွဲ ကျင်းပခြင်းနှင့် စပ်လျဉ်းသည့် ကုန်ကျစရိတ်များကို မိမိ၏ဘဏ္ဍာငွေမှ ကျခံသုံးစွဲရန် နှစ်စဉ်ဘဏ္ဍာငွေအရအသုံး ဥပဒေတွင် ထည့်သွင်းရေးဆွဲရမည်။
(ခ) ကော်မရှင်သည် နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အဆင့်ဆင့်သော ကော်မရှင်အ ဖွဲ့ခွဲဝင်များနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ကျင်းပရသည့် မဲဆန္ဒနယ်မြေ များအတွက် ချီးမြှင့်ငွေနှင့် စရိတ်များကို ရရှိခံစားနိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်ရမည်။”
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်