အခန်း (၂) ကုမ္ပဏီများနှင့်အဖွဲ့အစည်းများ ဖွဲ့စည်းတည်ထောင်မှတ်ပုံတင်နိုင်သော ကုမ္ပဏီများနှင့်အဖွဲ့အစည်းများ ၂။ အောက်ပါကုမ္ပဏီများကို ဤဥပဒေအရ ဖွဲ့စည်းတည်ထောင်၍ မှတ်ပုံတင်နိုင်သည် – (က) အောက်ပါအစုရှယ်ယာဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီအမျိုးအစားနှစ်ခုအနက်မှ တစ်ခု – (၁) ကုမ္ပဏီ၏ ဝန်ထမ်းအဖြစ်ခန့်ထားသူများ ပါဝင်ခြင်းမရှိသော ပါဝင်သူဦးရေ ၅ဝ ဦးထက် မပိုသည့်သူများ ပါရှိနိုင်သော အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီ သို့မဟုတ် (၂) ကုမ္ပဏီတွင် ပါဝင်သူဦးရေ အကန့်အသတ်မရှိ ပါရှိနိုင်သော အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီ။ ( ခ ) ကုမ္ပဏီတွင် ပါဝင်သူဦးရေ အကန့်အသတ်မရှိသည့် ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ် ထားသည့်ကုမ္ပဏီ၊ ( ဂ ) ကုမ္ပဏီတွင် ပါဝင်သူဦးရေ အကန့်အသတ်မရှိသည့် တာဝန်ကန့်သတ်မထားသည့် ကုမ္ပဏီ။ ဤဥပဒေအရ မှတ်ပုံတင်နိုင်သော အခြားကော်ပိုရေးရှင်း အဖွဲ့အစည်းများ ၃။ အခန်း (၉) ပါပြဋ္ဌာန်းချက်များနှင့်အညီ ဤဥပဒေအရသော်လည်းကောင်း၊ အခြားသော ဥပဒေများအရသော်လည်းကောင်း ဖွဲ့စည်းတည်ထောင်ထားသည့် အောက်ပါအခြားကော်ပိုရေးရှင်း အဖွဲ့အစည်းများသည် ဤဥပဒေအရ မှတ်ပုံတင်နိုင်သည် – (က) စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့၊ ( ခ ) ပြည်ပကော်ပိုရေးရှင်း၊ ( ဂ ) ဤဥပဒေအရသော်လည်းကောင်း၊ အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အရ သော်လည်းကောင်း ကုမ္ပဏီတစ်ခုအဖြစ် မှတ်ပုံတင်ခွင့်ရှိသည့် အခြားကော်ပိုရေးရှင်း တစ်ရပ်ရပ်နှင့် (ဃ) အခါအားလျော်စွာ ပြည်ထောင်စုဝန်ကြီးမှ သတ်မှတ်ဖော်ပြထားသည့် အခြားသော အဖွဲ့အစည်းများ။ အခန်း (၃) ကုမ္ပဏီများ၏ အခြေခံလိုအပ်ချက်နှင့် အခွင့်အာဏာများ ကုမ္ပဏီတစ်ခု၏ အခြေခံလိုအပ်ချက်များ ၄။ (က) ဤဥပဒေအရ ဖွဲ့စည်းတည်ထောင် မှတ်ပုံတင်ထားသောကုမ္ပဏီသည် အောက်ပါအချက်များ ရှိရမည် – (၁) အမည်၊ (၂) ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၊ (၃) ထုတ်ဝေသည့်အစုရှယ်ယာအနည်းဆုံးတစ်ခုရှိခြင်း (သို့ရာတွင် ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့်ကုမ္ပဏီတစ်ခုတွင် အစုရှယ်ယာ မတည်ငွေရင်း ထားရှိရန် မလိုအပ်)၊ (၄) ပါဝင်သူဦးရေ အနည်းဆုံးတစ်ဦး၊ (၅) ပုဒ်မခွဲငယ် (၆) နှင့်အညီ အနည်းဆုံး ဒါရိုက်တာတစ်ဦးရှိရမည်ဖြစ်ပြီး ၎င်းသည် နိုင်ငံတော်အတွင်း အများအားဖြင့် နေထိုင်သူတစ်ဦး၊ (၆) ကုမ္ပဏီသည်အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်ပါက အနည်းဆုံး ဒါရိုက်တာ သုံးဦး ရှိရမည်ဖြစ်ပြီး ၎င်းတို့အနက်မှတစ်ဦးသည် နိုင်ငံတော်အတွင်း အများအားဖြင့် နေထိုင်သူမြန်မာနိုင်ငံသားတစ်ဦး နှင့် (၇) နိုင်ငံတော်အတွင်း မှတ်ပုံတင်ထားသည့် ရုံးခန်း လိပ်စာတစ်ခု။ ( ခ ) ကုမ္ပဏီတစ်ခုသည် ကုမ္ပဏီအတွင်းရေးမှူးတစ်ဦးကို ခန့်အပ်နိုင်သည့်အပြင် အများသုံး ရုံးတံဆိပ်တစ်ခုလည်း ထားရှိနိုင်သည်။ ကုမ္ပဏီ၏ လုပ်ကိုင်ဆောင်ရွက်နိုင်မှုနှင့် အခွင့်အာဏာများ ၅။ (က) ကုမ္ပဏီသည် – (၁) ၎င်းတွင် ပါဝင်သူများ၏အခွင့်အရေးနှင့် သီးခြားဖြစ်သောကိုယ်ပိုင်အခွင့်အရေးများ ရှိသည့် တရားဝင်အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး မှတ်ပုံတင်ခြင်းမှ ပယ်ဖျက်ခြင်းမပြုသရွေ့ အခွင့်အရေးများ၊ အခွင့်အာဏာများနှင့် အကျိုးခံစားခွင့်များ အပြည့်အဝ ဆက်လက်တည်ရှိရမည်။ ၎င်းအပြင် (၂) ဤဥပဒေနှင့် အခြားဥပဒေတစ်ရပ်ရပ်တို့အရ နိုင်ငံတော်အတွင်း၌သော်လည်းကောင်း၊ ပြင်ပ၌သော်လည်းကောင်း အောက်ပါကိစ္စရပ်များအား ဆောင်ရွက်နိုင်ခွင့် အပါအဝင် စီးပွားရေးလုပ်ငန်းတစ်ရပ်ရပ် သို့မဟုတ် ဆောင်ရွက်မှုတစ်ရပ်ရပ် လုပ်ကိုင်ရန်၊ လုပ်ငန်းဆောင်ရွက်မှုများပြုလုပ်ရန် တရားဝင်လုပ်ကိုင်ဆောင်ရွက် နိုင်ခွင့် အပြည့်အဝရှိသည် – (ကက) အစုရှယ်ယာများ၊ ဒီဘင်ချာများ သို့မဟုတ် ကုမ္ပဏီတွင် အစုရှယ်ယာများ အဖြစ်ပြောင်းလဲနိုင်သောအခြား ငွေချေးသက်သေခံလက်မှတ်များကို ထုတ်ဝေခြင်း၊ ( ခခ ) ကုမ္ပဏီ၌ အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ ပိုင်ဆိုင်နိုင်သည့် အော့ပ်ရှင် (option) များ ပေးခြင်း၊ ( ဂဂ ) ကုမ္ပဏီပိုင်ပစ္စည်းတစ်ရပ်ရပ်အပေါ်တွင် အာမခံအကျိုးခံစားခွင့်တစ်ရပ် ပေးခြင်း၊ (ဃဃ) ကုမ္ပဏီ၏ပစ္စည်းတစ်ရပ်ရပ်ကို ကုမ္ပဏီတွင် ပါဝင်သူများအား ပစ္စည်း အနေဖြင့်သော်လည်းကောင်း၊ အခြားနည်းဖြင့်သော်လည်းကောင်း ခွဲဝေပေးခြင်း။ ( ခ ) ကုမ္ပဏီ၏ လုပ်ကိုင်ဆောင်ရွက်နိုင်မှု။ အခွင့်အရေးများ၊ အခွင့်အာဏာများ သို့မဟုတ် အကျိုးခံစားခွင့်များကို ကန့်သတ်ထားရှိမှသာလျှင် ယင်းတို့နှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက် တစ်ရပ်ရပ်သည် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ပါရှိနိုင်သည်။ ( ဂ ) ကုမ္ပဏီတစ်ခုသည် အခြားကုမ္ပဏီ၏အစုများပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နိုင်ပြီး လက်အောက်ခံကုမ္ပဏီများစွာကို တည်ထောင်နိုင်သည့်အပြင် ယင်းတို့၏ အစုရှယ်ယာများကိုလည်း ပိုင်ဆိုင်နိုင်သည်။ အခန်း (၄) ဤဥပဒေအရ ကုမ္ပဏီများ ဖွဲ့စည်းတည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း ကုမ္ပဏီတစ်ခုအား ဖွဲ့စည်းတည်ထောင်သည့်နည်းလမ်း ၆။ (က) တစ်ဦးတစ်ယောက်ကသော်လည်းကောင်း၊ သင်းဖွဲ့ဆောင်ရွက်ကြသူများကသော်လည်းကောင်း ကုမ္ပဏီတစ်ရပ်ရပ်ကို ဤဥပဒေအရ ဖွဲ့စည်းတည်ထောင်ရန်နှင့်မှတ်ပုံတင်ရန် မှတ်ပုံတင် အရာရှိထံသို့ လျှောက်ထားတင်ပြနိုင်သည် – (၁) အစုအားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီဖြစ်သော ကုမ္ပဏီတွင်ပါဝင် သူတို့၏တာဝန်ကို ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ ၎င်းတို့ထည့်ဝင်ထားသည့် အစုများအတွက် ပေးချေရန် ကျန်ငွေတစ်စုံတစ်ရာရှိလျှင် ၎င်းအရေအတွက် အထိကန့်သတ်ထားသည့် ကုမ္ပဏီ သို့မဟုတ် (၂) ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီဖြစ်သော ကုမ္ပဏီတွင် ပါဝင်သူတို့၏ တာဝန်ကို ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ ၎င်းကုမ္ပဏီဖျက်သိမ်း သည့်အခါ ၎င်းကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များအဖြစ် ကူဝင်ထောက်ပံ့ရန် အသီးသီး တာဝန်ခံကြသည့် ငွေပမာဏအထိ ကန့်သတ်ထားသည့် ကုမ္ပဏီ သို့မဟုတ် (၃) တာဝန်ကန့်သတ်မထားသည့် ကုမ္ပဏီတွင်ပါဝင်သူတို့၏ တာဝန်ကို တစ်စုံတစ်ရာ ကန့်သတ်မထားသည့် ကုမ္ပဏီ။ (ခ) ကုမ္ပဏီတစ်ရပ်ရပ်ကို ဤဥပဒေအရ မှတ်ပုံတင်အရာရှိထံသို့ လျှောက်ထားမှုအား သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် တင်ပြရမည်ဖြစ်ပြီး အောက်ပါအချက်များကို ထည့်သွင်း ဖော်ပြရမည် – (၁) အဆိုပြုတင်ပြသော ကုမ္ပဏီ၏အမည်၊ (၂) အဆိုပြု တင်ပြသော ကုမ္ပဏီအမျိုးအစား၊ (၃) လျှောက်ထားသူတစ်ဦးစီ၏ အမည်အပြည့်အစုံနှင့် လိပ်စာ၊ (၄) အဆိုပြုတင်ပြသော ကုမ္ပဏီ၏ ဒါရိုက်တာများနှင့် အတွင်းရေးမှူးများ၏အမည် အပြည့်အစုံ၊ မွေးသက္ကရာဇ်၊ ကျား/မ၊ နိုင်ငံသားနှင့်လိပ်စာ၊ (၅) အဆိုပြုတင်ပြသော ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းတို့မှ စာဖြင့်ရေးသားထားသည့် သဘောတူညီချက်၊ (၆) အခြားအကြောင်းကြားစာဖြင့် တင်ပြခြင်းမရှိလျှင် အဆိုပြုတင်ပြသော ကုမ္ပဏီ၏ မှတ်ပုံတင်ထားသော ရုံးခန်းလိပ်စာ၊ အဆိုပါလိပ်စာကို အဆိုပြုတင်ပြသော ကုမ္ပဏီ၏ ပို့ဆောင်ဆက်သွယ်နိုင်သည့် လိပ်စာဖြစ်ရန် သတ်မှတ်ရမည်။ (၇) မှတ်ပုံတင်ထားသော ရုံးခန်းလိပ်စာနှင့် ကွဲလွဲခဲ့လျှင် ကုမ္ပဏီ၏စီးပွားရေး လုပ်ငန်းများကို အဓိကလုပ်ဆောင်သည့် နေရာလိပ်စာ၊ (၈) အများနှင့် မသက်ဆိုင်သည့်ကုမ္ပဏီ၊ အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီ သို့မဟုတ် တာဝန်ကန့်သတ်မထားသည့် ကုမ္ပဏီတို့နှင့် သက်ဆိုင်သည့်ကိစ္စရပ်တွင် – (ကက) အဆိုပြုတင်ပြသော ကုမ္ပဏီတွင် ပါဝင်သူများအားလုံး၏ အမည် အပြည့်အစုံနှင့် လိပ်စာ၊ ( ခခ ) အဆိုပြုတင်ပြသောကုမ္ပဏီတွင် ပါဝင်သူတစ်ဦးစီက ၎င်းတို့သည် ကုမ္ပဏီတွင်ပါဝင်မည့်သူအဖြစ်လည်းကောင်း၊ ၎င်းတို့အတွက် အချိုးကျ သတ်မှတ်ပေးထားသည့် အစုရှယ်ယာများအတွက် ငွေကြေးထည့်ဝင် ကြမည်ကိုလည်းကောင်း စာဖြင့်ရေးသားထားသည့် သဘောတူညီချက်၊ ( ဂဂ ) ကုမ္ပဏီတွင် ပါဝင်မည့်သူတစ်ဦးစီသို့ ထုတ်ဝေမည့်အစုရှယ်ယာ အရေအတွက်နှင့် အမျိုးအစား၊ (ဃဃ) ကုမ္ပဏီ၏အစုရှယ်ယာ မတည်ငွေရင်းကို ဖော်ပြမည့်ငွေကြေး၊ ( ငင ) အစုရှယ်ယာတစ်ခုစီအတွက် ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးစီက ပေးချေရန် သဘောတူညီကြသည့် ငွေပမာဏရှိခဲ့လျှင် ယင်းငွေပမာဏ၊ ( စစ ) မှတ်ပုံတင်သည့်အချိန်တွင် အဆိုပါ အစုရှယ်ယာများအတွက် အပြည့်အဝ ငွေပေးချေပြီးခြင်း ရှိ မရှိ ဖော်ပြချက်၊ (ဆဆ) အဆိုပြုတင်ပြသောကုမ္ပဏီသည် မူရင်းအစုများပိုင်ဆိုင်သည့်ကုမ္ပဏီ တစ်ခု ရှိ မရှိ ဖော်ပြချက်။ ( ဇဇ ) အဆိုပြုတင်ပြသောကုမ္ပဏီသည် ဖွဲ့စည်းတည်ထောင်သည့်အချိန်တွင် နိုင်ငံခြားကုမ္ပဏီတစ်ခု ဟုတ် မဟုတ် ဖော်ပြချက်။ (၉) ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီနှင့်သက်ဆိုင်သည့် ကိစ္စရပ်တွင် – (ကက) အဆိုပြုတင်ပြသောကုမ္ပဏီတွင် ပါဝင်သူများအားလုံး၏ အမည်အပြည့် အစုံနှင့် လိပ်စာ၊ ( ခခ ) အဆိုပြုတင်ပြသောကုမ္ပဏီတွင် ပါဝင်သူတစ်ဦးစီက ၎င်းတို့သည် ကုမ္ပဏီတွင်ပါဝင်မည့်သူအဖြစ် စာဖြင့်ရေးသားထားသည့် သဘော တူညီချက်၊ ( ဂဂ ) ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးစီကသဘောတူ၍ ထည့်ဝင်မည့် အဆိုပြု တင်ပြသော အာမခံပမာဏ၊ (ဃဃ) ကုမ္ပဏီတွင် အစုရှယ်ယာမတည်ငွေရင်းရှိခဲ့လျှင် – (၁) ထုတ်ဝေမည့်အစုရှယ်ယာအရေအတွက်နှင့် အမျိုးအစား၊ (၂) ကုမ္ပဏီ၏အစုရှယ်ယာမတည်ငွေရင်းကို ဖော်ပြမည့်ငွေကြေး၊ (၃) အစုရှယ်ယာတစ်ခုစီအတွက် ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးစီက ပေးချေရန် သဘောတူညီကြသည့် ငွေပမာဏရှိခဲ့လျှင် ယင်းငွေပမာဏ၊ (၄) မှတ်ပုံတင်သည့်အချိန်တွင် အဆိုပါအစုရှယ်ယာများအတွက် အပြည့်အဝငွေပေးချေပြီးခြင်း ရှိမရှိ။ ( ဂ ) မှတ်ပုံတင်ဆောင်ရွက်ခြင်းအတွက် တင်ပြသည့်လျှောက်လွှာသည် – (၁) လျှောက်ထားသူတစ်ဦးစီက လက်မှတ်ရေးထိုးပြီးဖြစ်ရမည်။ (၂) လျှောက်လွှာတွင်ဖော်ပြပါရှိသည့် အချက်အလက်များအားလုံးသည် မှန်ကန်ကြောင်း လျှောက်ထားသူတစ်ဦးစီက တာဝန်ယူ ထုတ်ဖော်ကြေညာချက်တစ်ရပ် ပါရှိရမည်။ ၎င်းအပြင် (၃) ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပုံစံနှင့် များစွာခြားနားမှုရှိသော ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းတစ်ရပ်ကို အသုံးပြုရန် ကုမ္ပဏီက တင်ပြလာသည့်အခါ အနည်းဆုံး လျှောက်ထားတင်ပြသူတစ်ဦးက မှန်ကန်ကြောင်းအတည်ပြုထားသည့် အဆိုပြု ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း မိတ္တူတစ်စောင်အား ပူးတွဲတင်ပြပါရှိ ရမည် သို့မဟုတ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပုံစံကို ကုမ္ပဏီက အသုံးပြုရန် ရည်ရွယ်ကြောင်းဖော်ပြပါရှိသည့် ရေးသားဖော်ပြချက်တစ်စောင်ကို တင်ပြရမည်။ (ဃ) လျှောက်လွှာတင်သွင်းသည့်အခါတွင် သတ်မှတ်ဖော်ပြထားသည့် အခကြေးငွေကို မှတ်ပုံတင်အရာရှိထံသို့ ပေးသွင်းရမည်။ ( င ) လျှောက်ထားသူသည် လျှောက်လွှာမူရင်းကွဲများနှင့် လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြသည့် စာရွက်စာတမ်းများအားလုံးကို ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ်(၅)၊ (၈) နှင့် (၉) တို့တွင် ရည်ညွှန်း ဖော်ပြထားသည့် သဘောတူညီချက်မူရင်းများနှင့်အတူ သိမ်းဆည်းထားရမည်။ ကုမ္ပဏီအား ဖွဲ့စည်းတည်ထောင်သည့်အခါ ထိုစာရွက်စာတမ်းများအား ကုမ္ပဏီထံသို့ ပေးအပ်၍ ကုမ္ပဏီ၏ မှတ်တမ်းများအဖြစ် ဆက်လက် ထိန်းသိမ်းထားရှိရမည်။ ၇။ ပုဒ်မ ၆ နှင့်စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် လျှောက်ထားသူက လျှောက်လွှာတွင် အချက်အလက် များအား မမှန်မကန်တင်ပြခဲ့ပါက ယင်းအတွက် ဒဏ်ကြေးငွေ ကျပ် ၂၅ သိန်းကို ပေးဆောင်ရမည်။ မှတ်ပုံတင်ခြင်း ၈။ (က) မှတ်ပုံတင်အရာရှိသည် ဤဥပဒေပါ လိုအပ်ချက်များနှင့်အညီ ပြည့်စုံစွာဆောင်ရွက် တင်ပြလာသည့် လျှောက်လွှာတစ်စောင်အား လက်ခံရရှိသည့်အခါ လိုအပ်သည့် စိစစ်မှုများ ဆောင်ရွက်လျက် – (၁) လျှောက်လွှာအား မှတ်ပုံတင်ရမည်။ ၎င်းအပြင် (၂) အောက်ပါအချက်များကိုဖော်ပြလျက် ကုမ္ပဏီဖွဲ့စည်းတည်ထောင်မှု သက်သေခံ လက်မှတ်တစ်စောင်ကို ထုတ်ပေးရမည် – (ကက) ကုမ္ပဏီ၏အမည်၊ (ခခ) ကုမ္ပဏီအမျိုးအစား၊ (ဂဂ) ကုမ္ပဏီသည် ဤဥပဒေအရ ကုမ္ပဏီတစ်ခုအဖြစ် ဖွဲ့စည်းတည်ထောင်၍ မှတ်ပုံတင်ထားကြောင်း၊ (ဃဃ) မှတ်ပုံတင်သည့်နေ့၊ (ငင) သတ်မှတ်ဖော်ပြထားသည့် အခြားအကြောင်းအရာများ။ (ခ) မှတ်ပုံတင်အရာရှိသည် မှတ်ပုံတင်စာအုပ်အား ထိန်းသိမ်းထားရှိရမည်။ (ဂ) မှတ်ပုံတင်အရာရှိသည် ပုဒ်မ ၆၊ ပုဒ်မခွဲ (ခ) နှင့် (ဂ) တို့အရ သို့မဟုတ် ပြည်ထောင်စု ဝန်ကြီးက သတ်မှတ်ဖော်ပြထားသည့်အတိုင်း လိုအပ်သော စာရွက်စာတမ်းများမှအပ အခြားစာရွက်စာတမ်းများကို တောင်းဆိုခြင်းမပြုရ။ မှတ်ပုံတင်ခြင်း၏ အကျိုးသက်ရောက်မှု ၉။ ကုမ္ပဏီဖွဲ့စည်းတည်ထောင်မှု သက်သေခံလက်မှတ်တွင် ဖော်ပြပါရှိသည့် ကုမ္ပဏီမှတ်ပုံတင်သည့် နေ့ရက်မှစတင်၍ လျှောက်လွှာတွင် အမည်စာရင်းတင်ပြခဲ့သည့်ကုမ္ပဏီတွင် ပါဝင်မည့်သူများသည် ကုမ္ပဏီဖွဲ့စည်းတည်ထောင်မှု သက်သေခံလက်မှတ်တွင်ပါရှိသည့်အမည်ဖြင့် သီးခြားဥပဒေဆိုင်ရာ အရည်အချင်းရှိသည့်ကုမ္ပဏီတွင် ပါဝင်သူများဖြစ်ရမည်။ ဤဥပဒေ၏ ပုဒ်မ ၅ သို့မဟုတ် အခြား ပြဋ္ဌာန်းချက်တစ်ရပ်ရပ်က ကန့်သတ်ထားခြင်းမရှိစေဘဲ ကုမ္ပဏီသည် ယင်း၏လုပ်ငန်းတာဝန်များ အားလုံးကို လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည့်အပြင် အစဉ်အဆက် ဆက်ခံဆောင်ရွက်ခွင့်ရှိရမည်။ ကုမ္ပဏီဖွဲ့စည်းတည်ထောင်မှု သက်သေခံလက်မှတ်၏ ပြည့်စုံခိုင်လုံမှုရှိခြင်း ၁၀။ ပုဒ်မ ၈ အရ မှတ်ပုံတင်အရာရှိမှ ထုတ်ပေးသည့် ကုမ္ပဏီဖွဲ့စည်းတည်ထောင်မှု သက်သေခံ လက်မှတ်သည် ဤဥပဒေအရ မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့် လိုအပ်ချက်များအားလုံးကို ပြည့်စုံစွာ လိုက်နာဆောင်ရွက်ပြီးဖြစ်၍ ထိုသက်သေခံလက်မှတ်တွင် ဖော်ပြပါရှိသည့် ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်သည့် နေ့မှစ၍ ကုမ္ပဏီသည် ဤဥပဒေအရ တရားဝင်မှတ်ပုံတင် ဖွဲ့စည်းတည်ထောင်ပြီးဖြစ်ကြောင်း ပြည့်စုံ ခိုင်လုံသည့် သက်သေခံအထောက်အထားဖြစ်သည်။ အခန်း (၅) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအတွက် လိုအပ်ချက်များနှင့် ယင်း၏ အကျိုးသက်ရောက်မှု ၁၁။ (က) ကုမ္ပဏီတစ်ခုစီတွင် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတစ်ခုရှိရမည်ဖြစ်ပြီး ယင်း၏ စည်းကမ်းချက် များအရ ကုမ္ပဏီနှင့် ကုမ္ပဏီတွင် ပါဝင်သူများသည် ၎င်းတို့ တစ်ဦးစီက အသီးသီး ပါဝင် လက်မှတ်ရေးထိုးခဲ့ကြသကဲ့သို့ ၎င်းတို့အပေါ်တွင် စည်းနှောင်မှုရှိသည်။ ထိုဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းသည် ကုမ္ပဏီ၌ပါဝင်သူတစ်ဦးစီနှင့် ၎င်းတို့၏ဆက်ခံသူများ၊ တရားဝင် ကိုယ်စားလှယ်များက ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၏ စည်းကမ်းချက်များကို လိုက်နာရမည့် သဘောတူညီချက်တစ်ရပ်ဖြစ်သည်။ ( ခ ) ကုမ္ပဏီ၊ ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့၊ ဒါရိုက်တာတစ်ဦးစီနှင့် ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးစီ တို့သည် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ဤဥပဒေနှင့်အညီ ပြင်ဆင်ဖော်ပြထားသည် မှတစ်ပါး ဤဥပဒေတွင် ပြဋ္ဌာန်းဖော်ပြထားသည့် အခွင့်အရေးများ၊ အခွင့်အာဏာများ၊ တာဝန်များနှင့် ဝတ္တရားများရှိသည်။ ( ဂ ) ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ရန်အတွက် တင်ပြသည့်လျှောက်လွှာတွင် အမည်စာရင်း ဖော်ပြပါရှိသည့်ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးစီနှင့် နောက်ပိုင်း၌ ကုမ္ပဏီတွင်ပါဝင်မည့် သူများသည် ကုမ္ပဏီ၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအား လိုက်နာဆောင်ရွက်ကြမည် ဖြစ်ကြောင်း မှတ်ယူရမည်။ (ဃ) ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီသို့ပေးသွင်းရမည့် ငွေအားလုံးကို ၄င်းတို့မှ ကုမ္ပဏီသို့ပေးချေရမည့် အကြွေးတစ်ရပ်ကဲ့သို့ ဖြစ်စေရမည်။ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင်ပါရှိရမည့် အကြောင်းအရာများ ၁၂။ (က) ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ထည့်သွင်းဖော်ပြရန်အတွက် ဤဥပဒေတွင် သတ်မှတ် ဖော်ပြထားသည့်ကိစ္စရပ်များနှင့် ကုမ္ပဏီမှ ထည့်သွင်းဖော်ပြလိုသော အခြားကိစ္စရပ်များ ပါရှိနိုင်သည်။ သို့ရာတွင် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းသည် ဤဥပဒေနှင့် ဆန့်ကျင်နေပါက ဆန့်ကျင်နေသောအပိုင်းများသည် အကျိုးသက်ရောက်ခြင်းရှိမည်မဟုတ်။ (ခ) ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ကုမ္ပဏီ၏ လုပ်ငန်းရည်ရွယ်ချက်ကို ကုမ္ပဏီတွင် ပါဝင်သူများ၏ ဆန္ဒအလျောက် သတ်မှတ်နိုင်သည်။ (ဂ) ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ကုမ္ပဏီ၏ မှတ်ပုံတင်ထားသောရုံးခန်းကို နိုင်ငံတော် အတွင်း၌ တည်ရှိကြောင်း ဖော်ပြရမည်။ (ဃ) ပုဒ်မခွဲ (င) နှင့်အညီ တည်ဆဲကုမ္ပဏီတစ်ခု၏ သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်း နှင့် အခြားသော ဖွဲ့စည်းဆောင်ရွက်မှုဆိုင်ရာ စာရွက်စာတမ်းများသည် ဤဥပဒေစတင်အာဏာ သက်ရောက်ပြီး နောက်ပိုင်းတွင် ယင်းကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကဲ့သို့ အကျိုး သက်ရောက်စေရမည်။ သို့ရာတွင် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းသည် ဤဥပဒေ နှင့် ဆန့်ကျင်နေပါက ဆန့်ကျင်နေသောအပိုင်းများသည် အကျိုးသက်ရောက်ခြင်းရှိမည်မဟုတ်။ (င) တည်ဆဲကုမ္ပဏီတစ်ခု၏ ယခင်သင်းဖွဲ့စည်းမျဉ်းတွင် အတိအလင်း ဖော်ပြထားသော လုပ်ငန်းရည်ရွယ်ချက်များသည် ဤဥပဒေနှင့်အညီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ပြင်ဆင်ရန် ကုမ္ပဏီတွင် ပါဝင်သူများက မဲပေးဆုံးဖြတ်၍ ပယ်ဖျက်ခြင်းမပြုခဲ့လျှင် ကူးပြောင်းကာလ ကုန်ဆုံးသည်အထိ ဆက်လက်အသုံးပြုနိုင်သည်။ ကုမ္ပဏီ၏ အဆိုပါ ရည်ရွယ်ချက်များအား ဆက်လက်ထားရှိမည်ဖြစ်သည်ဟု ကုမ္ပဏီမှ အထူးဆုံးဖြတ်ချက်တစ်ရပ်ချမှတ်ပြီးကြောင်းကို သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် ပြုစုထားသည့် အကြောင်းကြားစာတစ်စောင်အား မှတ်ပုံတင်အရာရှိထံသို့ တင်ပြခဲ့ခြင်းမရှိလျှင် ကုမ္ပဏီ၏ ရည်ရွယ်ချက်များကို အဆိုပါ ကူးပြောင်းကာလကုန်ဆုံးပြီးနောက် ပယ်ဖျက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။ ဤပုဒ်မခွဲသည် ပုဒ်မ ၂၉ အား ထိခိုက်စေခြင်း မရှိစေရ။ တာဝန်ကန့်သတ်ထားသည့်ကုမ္ပဏီများ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများအတွက် သီးခြားလိုအပ်ချက်များ ၁၃။ အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထားသည့်ကုမ္ပဏီများ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် အောက်ပါတို့ကို ဖော်ပြရမည် – (က) အများနှင့် မသက်ဆိုင်သော ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီအမည်၏ နောက်ဆုံးတွင် ‘လီမိတက်’ ဟုလည်းကောင်း၊ အများနှင့်သက်ဆိုင်သော ကုမ္ပဏီဖြစ်ပါက ‘အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်’ ဟုလည်းကောင်း ဖော်ပြချက်၊ (ခ) ကုမ္ပဏီတွင်ပါဝင်သူများ၏ တာဝန်ကို ကန့်သတ်ထားကြောင်း၊ ( ဂ ) ကုမ္ပဏီမှထုတ်ဝေရန် အဆိုပြုထားသည့် အစုရှယ်ယာအမျိုးအစားများနှင့် အဆိုပါ အစုရှယ်ယာများအတွက် သတ်မှတ်သည့်ငွေကြေး၊ (ဃ) ကုမ္ပဏီတွင် အစုရှယ်ယာအတွက် ကနဦးငွေကြေးထည့်ဝင်သူများနှင့် နောက်ပိုင်းငွေကြေး ထည့်ဝင်သူများသည် အနည်းဆုံးအစုရှယ်ယာတစ်စု ထည့်ဝင်ရမည်ဖြစ်ကြောင်း။ ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီများ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများအတွက် သီးခြားလိုအပ်ချက်များ ၁၄။ (က) ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့်ကုမ္ပဏီများ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် အောက်ပါတို့ကို ဖော်ပြရမည် – (၁) ကုမ္ပဏီအမည်ကို ယင်းအမည်၏ နောက်ဆုံးတွင် “ခံဝန်ချက်အားဖြင့် တာဝန် ကန့်သတ်ထားသော” ဟု ဖော်ပြချက်၊ (၂) ကုမ္ပဏီတွင်ပါဝင်သူများ၏တာဝန်ကို ခံဝန်ချက်ပမာဏတစ်ရပ်ဖြင့် ကန့်သတ် ထားကြောင်း၊ (၃) ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးစီသည် ၎င်းတို့အနေဖြင့် ကုမ္ပဏီတွင်ပါဝင်သူအဖြစ် ရှိနေကြစဉ်ကာလတွင် ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းသည့်အခါတွင် ငွေပမာဏများ ပေးချေရန်အတွက် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များတွင် ထည့်ဝင်ရန် တာဝန်ယူကြောင်း သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်ခြင်းမပြုသည့် နောက်ပိုင်း တစ်နှစ် ကာလအတွင်း၌ ကုမ္ပဏီတွင်ပါဝင်သူအဖြစ်မှ ရပ်စဲခြင်းမပြုမီက ပဋိညာဉ်ပြုလုပ် ထားသော ကုမ္ပဏီ၏ တာဝန်များနှင့် အကြွေးများပေးရန် တာဝန်ယူကြောင်း၊ ၎င်းအပြင် စာရင်းရှင်းလင်း ဖျက်သိမ်းသည့်အခါတွင် ကုန်ကျစရိတ်များနှင့် အခွန်အခများပေးချေရန်၊ ကုမ္ပဏီတွင်ပါဝင်သူများအကြား စုပေါင်းထည့်ဝင်ကြေး နှင့် သက်ဆိုင်သောအခွင့်အရေးများကို စာရင်းညှိနှိုင်းရန်၊ သတ်မှတ်ထားသော ငွေပမာဏထက် မကျော်လွန်သည့် အဆိုပါငွေပမာဏများ ပေးချေရန်အတွက် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များတွင် ထည့်ဝင်ရန် တာဝန်ယူကြောင်း၊ ( ခ ) ကုမ္ပဏီတွင် အစုရှယ်ယာမတည်ငွေရင်းရှိခဲ့လျှင် – (၁) ကုမ္ပဏီမှထုတ်ဝေရန် အဆိုပြုထားသည့် အစုရှယ်ယာအမျိုးအစားများနှင့် အဆိုပါ အစုရှယ်ယာများအတွက် သတ်မှတ်သည့်ငွေအမျိုးအစားနှင့် (၂) ကုမ္ပဏီတွင် ငွေကြေးထည့်ဝင်သူက အနည်းဆုံး အစုရှယ်ယာတစ်စု ထည့်ဝင် ရမည် ဖြစ်ကြောင်း။ (ဂ) ခံဝန်ချက်အားဖြင့်တာဝန်ကန့်သတ်ထားပြီး အစုရှယ်ယာ မတည်ငွေရင်းမပါရှိသည့်အပြင် ယခင်ဥပဒေ စတင်အကျိုးသက်ရောက်သည့် နေ့ရက်နောက်ပိုင်းတွင် မှတ်ပုံတင်သည့် ကုမ္ပဏီများသည် ကုမ္ပဏီမှခွဲဝေပေးရမည့်အကျိုးအမြတ်ကို ရထိုက်ခွင့်ရှိသည့် အခွင့်အရေး တစ်ရပ်အား ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးဦးမှအပ အခြားသူတစ်ဦးဦးအဖြစ် ပေးအပ်ရန် ရည်ရွယ်သည့် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း သို့မဟုတ် ကုမ္ပဏီ၏ ဆုံးဖြတ်ချက်တစ်ရပ်ရပ်တွင် ပါရှိသည့် စည်းကမ်းချက်တစ်ရပ်ရပ်ကို ပျက်ပြယ်သည်။ တာဝန်ကန့်သတ်မထားသည့် ကုမ္ပဏီတစ်ခု၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများအတွက် သီးခြားလိုအပ်ချက်များ ၁၅။ တာဝန်ကန့်သတ်မထားသည့်ကုမ္ပဏီများသည် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် အောက်ပါတို့ကို ဖော်ပြရမည် – (က) ကုမ္ပဏီအမည်၊ ယင်းကုမ္ပဏီအမည်၏နောက်ဆုံးတွင် ‘တာဝန်ကန့်သတ်မှုမရှိသော ကုမ္ပဏီ’ ဟု ပါရှိရမည်။ ( ခ ) ကုမ္ပဏီတွင် ပါဝင်သူများ၏တာဝန်ကို ကန့်သတ်ထားခြင်းမရှိကြောင်း၊ ( ဂ ) ကုမ္ပဏီမှ ထုတ်ဝေရန် အဆိုပြုထားသည့် အစုရှယ်ယာအမျိုးအစားများနှင့် အဆိုပါ အစုရှယ်ယာများအတွက် သတ်မှတ်သည့်ငွေအမျိုးအစား၊ (ဃ) ကုမ္ပဏီတွင် အစုရှယ်ယာအတွက် ကနဦး ငွေကြေးထည့်ဝင်သူများနှင့် နောက်ပိုင်း ငွေကြေး ထည့်ဝင်သူများသည် အနည်းဆုံးအစုရှယ်ယာတစ်စု ထည့်ဝင်ရမည်ဖြစ်ကြောင်း။ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတစ်ခု၏ ဖွဲ့စည်းမှုပုံစံ ၁၆။ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းသည် – (က) မြန်မာဘာသာဖြင့် ရေးသားပြုစုရမည်။ (ခ) မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့်လည်း ရေးသားပြုစုနိုင်သည်။ ၎င်းအပြင် ( ဂ ) စာပိုဒ်များဖြင့် ခွဲခြားပြုစုလျက် အမှတ်စဉ်များကို တစ်ဆက်တည်း ရေးသားဖော်ပြရမည်။ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအား ပြောင်းလဲပြင်ဆင်ခြင်း ၁၇။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင်ပါရှိသော သီးခြား စည်းကမ်းချက်များနှင့်အညီ ကုမ္ပဏီတစ်ခုသည် အထူးဆုံးဖြတ်ချက်ချမှတ်၍ ၎င်း၏ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းပါ စည်းကမ်းချက်များကို ပြောင်းလဲပြင်ဆင်ခြင်း သို့မဟုတ် ဖြည့်စွက်ခြင်းများ ပြုလုပ်နိုင်ပြီး ထိုသို့ပြုလုပ်သည့် ပြောင်းလဲပြင်ဆင်မှု သို့မဟုတ် ဖြည့်စွက်မှုသည် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် မူလကတည်းက ထည့်သွင်းပြဋ္ဌာန်းထားသည့် စည်းကမ်းချက်များကဲ့သို့ပင် အကျိုးသက်ရောက် စေရမည့်အပြင် ယခုကဲ့သို့ အထူးဆုံးဖြတ်ချက်အရ ပြောင်းလဲပြင်ဆင်နိုင်သည်။ ပြောင်းလဲပြင်ဆင်မှုအား အတည်ပြုခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း ၁၈။ (က) ကုမ္ပဏီသည် သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် အကြောင်းကြားစာကို ပြောင်းလဲပြင်ဆင်ထားသည့် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း မိတ္တူတစ်စောင်နှင့်အတူ ထိုသို့ ပြောင်းလဲပြင်ဆင်ရန် အထူးဆုံးဖြတ်ချက် ချမှတ်သည့်နေ့မှ ၂၈ ရက်အတွင်း မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည်ဖြစ်ပြီး မှတ်ပုံတင်အရာရှိသည် ထိုတင်ပြချက်အား မှတ်ပုံတင်ရမည်။ မှတ်ပုံတင် သက်သေခံအထောက်အထားလက်မှတ်သည် ထိုသို့ပြောင်းလဲပြင်ဆင်မှုများအတွက် ဤဥပဒေအရ လိုအပ်သည့် ပြဋ္ဌာန်းချက်များကို အပြည့်အဝ လိုက်နာဆောင်ရွက်ပြီး ဖြစ်ကြောင်း သက်သေခံအထောက်အထား ဖြစ်စေရမည်ဖြစ်ပြီး ထိုသို့ ပြောင်းလဲပြင်ဆင် ထားသည့် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းသည် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း ဖြစ်စေရမည်။ ( ခ ) တရားရုံးသည် သင့်သည်ထင်မြင်ပါက ဤပုဒ်မအရ မှတ်ပုံတင်အရာရှိထံ စာရွက်စာတမ်းများ တင်ပြရမည့်ကာလကို မည်သည့်အချိန်တွင်မဆို တိုးမြှင့်ပေးရန် အမိန့်တစ်ရပ် ချမှတ်နိုင်သည်။ ပြောင်းလဲပြင်ဆင်မှုအား ၂၈ ရက်အတွင်း မှတ်ပုံတင်ရန် ပျက်ကွက်ခြင်းအတွက် အကျိုးသက်ရောက်မှုများ ၁၉။ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအား ပြောင်းလဲပြင်ဆင်မှုသည် ပုဒ်မ ၁၈ ပါပြဋ္ဌာန်းချက်များနှင့်အညီ တရားဝင်မှတ်ပုံတင် ဆောင်ရွက်ရခြင်းမရှိသေးလျှင် အကျိုးတစ်စုံတစ်ရာ သက်ရောက်ခြင်းမရှိစေရ။ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအား ပြောင်းလဲပြင်ဆင်မှု၏ အကျိုးသက်ရောက်မှုများ ၂၀။ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ဖော်ပြပါရှိသည့် စည်းကမ်းချက်တစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိသော်လည်း ကုမ္ပဏီတွင်ပါဝင်သူများသည် ၎င်းတို့အနေဖြင့် ကုမ္ပဏီတွင် ပါဝင်သူများ အဖြစ် ဆောင်ရွက်သည့်နေ့ရက်နောက်ပိုင်းတွင် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ပြောင်းလဲပြင်ဆင်မှုကြောင့် ပြောင်းလဲပြင်ဆင်သည့်နေ့ရက်က ၎င်းတို့လက်ဝယ်ရှိသော အစုရှယ်ယာအရေအတွက်ထက် ပိုမိုသည့် အစုရှယ်ယာများကို ရယူရန် သို့မဟုတ် ထည့်ဝင်ရန် လိုအပ်လာလျှင် သို့မဟုတ် အစုရှယ်ယာ မတည်ဆွေရင်း ထည့်ဝင်ရမည့်တာဝန်များကို ပိုမိုဖြစ်ပေါ်လာစေခဲ့လျှင် သို့မဟုတ် ကုမ္ပဏီသို့ အခြားနည်းအားဖြင့် ငွေပေးချေရန်ရှိလာခဲ့လျှင် ထိုသို့ပြောင်းလဲပြင်ဆင်မှုသည် ၎င်းတို့အပေါ်တွင် သက်ဆိုင်ခြင်းမရှိစေရ။ သို့ရာတွင် ကုမ္ပဏီတွင်ပါဝင်သူများက ပြောင်းလဲပြင်ဆင်မှုမပြုမီသော်လည်းကောင်း၊ ပြုလုပ် ပြီးသည့်အခါတွင်သော်လည်းကောင်း စာဖြင့်ရေးသားလျက် ထိုပြောင်းလဲပြင်ဆင်မှုနှင့်သက်ဆိုင်စေမည် ဖြစ်ကြောင်း သဘောတူညီကြသည်ဆိုလျှင် ဤပုဒ်မနှင့် သက်ဆိုင်ခြင်း မရှိစေရ။ ကုမ္ပဏီတွင် ပါဝင်သူများသို့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း မိတ္တူများကို ပေးအပ်ရခြင်း ၂၁။ ကုမ္ပဏီအားလုံးသည် ကုမ္ပဏီတွင် ပါဝင်သူများအနက်တစ်ဦးဦးမှ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း မိတ္တူတစ်စောင်ကို တောင်းဆိုလာပါက တောင်းဆိုသည့် နေ့ရက်မှ ၁၄ ရက်အတွင်း ကုမ္ပဏီမှ သတ်မှတ် ထားသည့် သင့်လျော်သောငွေပမာဏကို သတ်မှတ်ဖော်ပြထားသည့် ငွေပမာဏ မကျော်လွန်စေဘဲ ပေးဆောင်စေလျက် ပေးပို့ရမည်။ ၂၂။ ကုမ္ပဏီသည် ပုဒ်မ ၂၁ ပါပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ခြင်းပျက်ကွက်ခဲ့လျှင် ကျူးလွန်မှု တစ်ရပ်စီအတွက် ဒဏ်ကြေးငွေ ကျပ်တစ်သိန်းကို ပေးဆောင်ရမည်။ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ပြောင်းလဲပြင်ဆင်မှုများအား မိတ္တူအားလုံးတွင် မှတ်သားဖော်ပြရခြင်း ၂၃။ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ပြောင်းလဲပြင်ဆင်မှုတစ်ရပ် ပြုလုပ်သည့်အခါတွင် ပြောင်းလဲပြင်ဆင်မှုပြုလုပ်သည့်နေ့ရက်နောက်ပိုင်း ထုတ်ဝေသည့် အဆိုပါဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၏ မိတ္တူအားလုံးသည် ပြောင်းလဲပြင်ဆင်မှုနှင့်အညီ ဖြစ်စေရမည်။ ၂၄။ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ပြောင်းလဲပြီးသည့်အခါတွင် ကုမ္ပဏီသည် ပြောင်းလဲ ပြင်ဆင်မှုကို ပြုလုပ်သည့်နေ့ရက်နောက်ပိုင်း ပြောင်းလဲပြင်ဆင်မှုနှင့်အညီမဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း၏ မိတ္တူများကို ထုတ်ဝေခဲ့လျှင် ထိုသို့ထုတ်ဝေခဲ့သည့် မိတ္တူတစ်စောင်စီအတွက် ဒဏ်ကြေးငွေ ကျပ်တစ်သိန်းကို ပေးဆောင်ရမည်။ ထို့အပြင်အဆိုပါ ပျက်ကွက်မှုကို သိလျက်နှင့် တမင်ပြုလုပ်ခဲ့သည့် ကုမ္ပဏီ၏ ဒါရိုက်တာအားလုံး သို့မဟုတ် အခြားအရာရှိများသည်လည်း အလားတူပြစ်ဒဏ်အတွက် တာဝန်ရှိသည်။ အခန်း (၆) ကုမ္ပဏီအမည်များ ကုမ္ပဏီအမည်နှင့် အမည်ပြောင်းလဲခြင်း ၂၅။ (က) ကုမ္ပဏီတစ်ခုသည် လိမ်လည်လိုသော သို့မဟုတ် အခြားနည်းအားဖြင့် လှည့်စားနိုင်သော သို့မဟုတ် ရှုပ်ထွေးစေနိုင်သော ကိစ္စရပ်များပေါ်ပေါက်စေနိုင်သည့် အမည်ကို မှတ်ပုံတင်ထားသည့် တည်ဆဲအဖွဲ့အစည်းတစ်ခု၏အမည်နှင့်တူညီသော အမည်ကိုသော်လည်းကောင်း၊ ထိုအမည်နှင့် ဆင်တူသောအမည်ကိုသော်လည်းကောင်း၊ တည်ဆဲအဖွဲ့အစည်းမှ ဖျက်သိမ်းရန် ဆောင်ရွက်နေသည့် အမည်အား အသုံးပြုနိုင်ရန် ထိုအဖွဲ့အစည်း၏ သဘောတူညီချက်ကို မှတ်ပုံတင်အရာရှိထံ တင်ပြနိုင်သည့်အခါမှတစ်ပါး မှတ်ပုံတင်ဆောင်ရွက်ခြင်းမပြုရ။ ( ခ ) ကုမ္ပဏီတစ်ခုသည် တမင်ကြံရွယ်ချက် သို့မဟုတ် အခြားသော အကြောင်းမရှိဘဲ အထက်တွင်ဖော်ပြထားသော သဘောတူညီချက်မပါရှိဘဲ လိမ်လည်လိုသော သို့မဟုတ် အခြားနည်းအားဖြင့် လှည့်စားနိုင်သော သို့မဟုတ် ရှုပ်ထွေးစေနိုင်သော ကိစ္စရပ်များ ပေါ်ပေါက်စေနိုင်သည့် ယခင်ကမှတ်ပုံတင်ထားပြီးဖြစ်သော တည်ဆဲအဖွဲ့အစည်း တစ်ခု၏အမည်နှင့် တူညီသောအမည်ကိုသော်လည်းကောင်း၊ ထိုအမည်နှင့်ဆင်တူသော အမည်ကိုသော်လည်းကောင်း မှတ်ပုံတင်ခဲ့လျှင် ဖော်ပြပါအဖွဲ့အစည်းသည် မှတ်ပုံတင် အရာရှိ၏ ညွှန်ကြားချက်နှင့်အညီ ယင်း၏ ကုမ္ပဏီအမည်အား ပြောင်းလဲနိုင်သည်။ (ဂ ) ပြည်ထောင်စုဝန်ကြီး၏ စာဖြင့်ရေးသားထားသော ကြိုတင်သဘောတူညီချက်ပါရှိသည့် ကိစ္စရပ်မှအပ မည်သည့်ကုမ္ပဏီမဆို အောက်ပါစကားရပ်များပါဝင်သောအမည်ဖြင့် မှတ်ပုံတင်ခြင်းမပြုရ – (၁) ‘နိုင်ငံတော်အစိုးရ’၊ ‘နိုင်ငံတော်’၊ ‘ဗဟိုဘဏ်’၊ ‘ပြည်ထောင်စုအစိုးရ’၊ ‘သမ္မတ’၊ ‘ဝန်ကြီးဌာန’ သို့မဟုတ် မြန်မာနိုင်ငံတော်အစိုးရ သို့မဟုတ် မြန်မာနိုင်ငံတော်၏ ဝန်ကြီးဌာန၊ ဦးစီးဌာန၊ ရုံးဌာန သို့မဟုတ် အဖွဲ့ အစည်း တစ်ရပ်ရပ်က အဆိုပြုသော သို့မဟုတ် ယင်းတို့က ထောက်ခံတင်ပြသော စကားရပ် တစ်ခုခုပါဝင်သည့်အမည် သို့မဟုတ် (၂) ‘စည်ပင်သာယာရေး’ သို့မဟုတ် နိုင်ငံတော်အမိန့်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်း တစ်ရပ်ရပ် သို့မဟုတ် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့အစည်းတစ်ရပ်ရပ် သို့မဟုတ် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း သို့မဟုတ် လူမှုအဖွဲ့အစည်း သို့မဟုတ် အခြားသက်ဆိုင်ရာဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်းတည်ထောင်ထားသည့် အဖွဲ့အစည်းတစ်ရပ်ရပ်ကဲ့သို့ ယူဆနိုင်သည့် စကားရပ်တစ်ခုခု ပါဝင်သည့်အမည်။ (ဃ) ကုမ္ပဏီတစ်ခုခုသည် အထူးဆုံးဖြတ်ချက်ချမှတ်ပြီး ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်လျက် မှတ်ပုံတင်အရာရှိထံသို့ သတ်မှတ်ဖော်ပြထားသည့် ပုံစံဖြင့် အကြောင်းကြားစာတင်ပြ၍ ယင်း၏ အမည်အား ပြောင်းလဲနိုင်သည်။ ကုမ္ပဏီသည် အဆိုပါအထူးဆုံးဖြတ်ချက် ချမှတ်ပြီးနောက် ၂၈ ရက်အတွင်း ထိုအကြောင်းကြားစာကို တင်ပြရမည်။ ( င ) ကုမ္ပဏီတစ်ခုသည် ယင်း၏အမည်အား ပြောင်းလဲသည့်အခါတွင် မှတ်ပုံတင်အရာရှိ အနေဖြင့် အဆိုပါအမည်သစ်သည် လက်ခံဆောင်ရွက်ပေးနိုင်သည့် အမည်ဖြစ်ပြီး ဤဥပဒေကို သော်လည်းကောင်း၊ အခြားဥပဒေတစ်ရပ်ရပ်ကိုသော်လည်းကောင်း ချိုးဖောက်ခြင်း မရှိကြောင်းတွေ့ရှိရလျှင် အဆိုပါအမည်သစ်ကို မှတ်ပုံတင်စာအုပ်ရှိ ယခင်အမည်၏ နေရာတွင် ထည့်သွင်းရေးသား ဖော်ပြရမည့်အပြင် ပြင်ဆင်ချက်များနှင့်အညီ ဖြစ်စေသည့် ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းဆိုင်ရာ သက်သေခံလက်မှတ်တစ်ခုကို ထုတ်ပေးရမည်။ ကုမ္ပဏီအမည် ပြောင်းလဲမှုသည် အဆိုပါသက်သေခံလက်မှတ်ကို ထုတ်ပေးသည့်အခါတွင် စတင်အကျိုးသက်ရောက်စေရမည်။ (စ) အမည်ပြောင်းလဲပြင်ဆင်ခြင်းသည် ပုဒ်မခွဲ (ဃ) နှင့် (င) တို့ပါ ပြဋ္ဌာန်းချက်များ နှင့်အညီ မှတ်ပုံတင်ခြင်းမရှိသေးလျှင် အဆိုပါအမည်ပြောင်းလဲပြင်ဆင်ခြင်းအား တရားဝင် အသုံးပြုနိုင်ခြင်းမရှိ။ အထူးဆုံးဖြတ်ချက် ချမှတ်ပြီးနောက် ၂၈ ရက်အတွင်း မှတ်ပုံတင်ခြင်း မရှိလျှင် အဆိုပါ အမည်ပြောင်းလဲပြင်ဆင်မှုသည် လုံးဝပျက်ပြယ်သည်။ (ဆ) အမည်ပြောင်းလဲမှုသည် ကုမ္ပဏီ၏ အခွင့်အရေး သို့မဟုတ် တာဝန် တစ်စုံတစ်ရာကို အကျိုးသက်ရောက်ခြင်း မရှိစေရ။ အမည်ပြောင်းလဲထားသည့် ကုမ္ပဏီသည် ၎င်းက သော်လည်းကောင်း၊ ၎င်းအပေါ်တွင်လည်းကောင်း တရားစွဲဆို ဆောင်ရွက်မှုတစ်စုံ တစ်ရာတွင် ထိခိုက်ခြင်းမရှိစေရ။ ယခင်ကုမ္ပဏီအမည်ဖြင့် ၎င်းအပေါ်ဆက်လက် ပြုလုပ်သော သို့မဟုတ် စတင်ဆောင်ရွက်သော တရားစွဲဆိုမှုတစ်စုံတစ်ရာသည် ကုမ္ပဏီ၏ အမည်သစ်ဖြင့်လည်း ဆက်လက်ဆောင်ရွက်နိုင်သည်။ အမည်ပြောင်းလဲရန် ညွှန်ကြားခြင်း ၂၆။ (က) မှတ်ပုံတင်အရာရှိသည် ကုမ္ပဏီတစ်ခု၏ မှတ်ပုံတင်ထားခဲ့သည့်အမည်ဖြင့် မှတ်ပုံတင် ဆောင်ရွက်ခြင်း မပြုသင့်ကြောင်း သင့်လျော်သည့် အကြောင်းပြချက်များကို လက်ခံ ယုံကြည်လျှင် အကြောင်းကြားစာတွင် သတ်မှတ်ဖော်ပြထားသည့် နေ့ရက်၌ ကုမ္ပဏီ အမည်အားပြောင်းလဲရန် စာဖြင့်ရေးသား၍ အကြောင်းကြားစာအား မှတ်ပုံတင်အရာရှိမှ ကုမ္ပဏီသို့ ပေးပို့နိုင်သည်။ သတ်မှတ်ဖော်ပြထားသည့်နေ့ရက်သည် အကြောင်းကြားစာ ပေးပို့သည့်နေ့ရက်မှ ရက်ပေါင်း ၆ဝ ထက် မနည်းသည့် နေ့ရက်ဖြစ်ရမည်။ ( ခ ) ကုမ္ပဏီသည် ယင်း၏အမည်အား အကြောင်းကြားစာတွင် သတ်မှတ်ဖော်ပြထားသည့် အချိန်ကာလအတွင်း ပြောင်းလဲခြင်းမပြုခဲ့လျှင် မှတ်ပုံတင်အရာရှိသည် ကုမ္ပဏီအတွက် ၎င်းမှ ရွေးချယ်ပေးသော အမည်အသစ်တစ်ခုကို မှတ်ပုံတင်စာအုပ်တွင် ထည့်သွင်း ရေးသားဖော်ပြနိုင်ပြီး အဆိုပါ အမည်အသစ်သည် ဤအပိုင်းအရ မှတ်ပုံတင်နိုင်သည့် အမည် ဖြစ်စေရမည်။ (ဂ) မှတ်ပုံတင်အရာရှိသည် ပုဒ်မခွဲ (ခ) အရ အမည်အသစ်တစ်ခုကို မှတ်ပုံတင်ပေးခဲ့လျှင် ကုမ္ပဏီ၏ အမည်အသစ်ကို မှတ်တမ်းတင်ပြီး ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ခြင်း ဆိုင်ရာ သက်သေခံလက်မှတ်တစ်စောင်ကို ထုတ်ပေးရမည်။ ကုမ္ပဏီ၏ အမည်အသစ်အား မှတ်ပုံတင်ခြင်းသည် ပုဒ်မ ၂၅ အရ ပြောင်းလဲသကဲ့သို့ အကျိုးသက်ရောက်စေရမည်။ ကုမ္ပဏီအမည်အား အသုံးပြုခြင်း ၂၇။ ကုမ္ပဏီတစ်ခုအနေဖြင့် ယင်း၏အမည်သည် အောက်ပါကိစ္စရပ်များတွင် ရှင်းလင်းစွာဖော်ပြရမည် – (က) ကုမ္ပဏီမှသော်လည်းကောင်း၊ ကုမ္ပဏီ၏ ကိုယ်စားသော်လည်းကောင်း ပေးပို့ဆောင်ရွက်သည့် စာဖြင့်ရေးသား ဆက်သွယ်ဆောင်ရွက်မှုများအားလုံး နှင့် ( ခ ) ကုမ္ပဏီ၏ တရားဝင်တာဝန်တစ်ရပ်ကို ထင်ရှားစေသော သို့မဟုတ် ဖြစ်တည်စေမည့် ကုမ္ပဏီမှသော်လည်းကောင်း၊ ကုမ္ပဏီ၏ကိုယ်စားသော်လည်းကောင်း ထုတ်ပြန်သော သို့မဟုတ် လက်မှတ်ရေးထိုးသော စာရွက်စာတမ်းများအားလုံး။ အခန်း (၇) ကုမ္ပဏီ၏ ဆက်သွယ်ဆောင်ရွက်မှုများ ဆောင်ရွက်ချက်များ တရားဝင်ခြင်း ၂၈။ (က) ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်စုံတစ်ရာကို ကန့်သတ်ထားခြင်း မရှိစေဘဲ ကုမ္ပဏီတွင် ထိုဆောင်ရွက်ချက်အား ပြုလုပ်ရန် သို့မဟုတ် ထိုပစ္စည်းအားလွှဲပြောင်းရန် သို့မဟုတ် လက်ခံရယူရန်အတွက် လုပ်ကိုင်နိုင်စွမ်း သို့မဟုတ် အခွင့်အရေး သို့မဟုတ် အခွင့်အာဏာ မရှိခဲ့သည်ဆိုသည့် အကြောင်းကြောင့် ကုမ္ပဏီ၏ ဆောင်ရွက်ချက်များ၊ ကုမ္ပဏီသို့ သော်လည်းကောင်း၊ ကုမ္ပဏီမှသော်လည်းကောင်း ပစ္စည်းလွှဲပြောင်းခြင်းများတို့သည် ပျက်ပြယ်ခြင်း မရှိစေရ၊ ( ခ ) ဆောင်ရွက်ချက်တစ်ခုသည် ကုမ္ပဏီ၏ အကျိုးစီးပွားအတွက် အကောင်းဆုံးမဖြစ်သော်လည်း ထိုသို့ဆောင်ရွက်ရန် ကုမ္ပဏီ၏ လုပ်ကိုင်နိုင်စွမ်းကို ထိခိုက်ခြင်းမရှိစေရ။ ပဋိညာဉ်စာချုပ်များ နှင့် စာချုပ်စာတမ်းများ ချုပ်ဆိုဆောင်ရွက်ခြင်း ၂၉။ (က) ပဋိညာဉ်စာချုပ်တစ်ရပ်နှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် သီးခြားလုပ်ထုံးလုပ်နည်းတစ်ရပ်ပါရှိသော ဥပဒေတစ်ရပ်ရပ်ကိုလိုက်နာလျက် ကုမ္ပဏီက ပဋိညာဉ်စာချုပ်တစ်ရပ်ကို ချုပ်ဆိုခြင်း၊ ပြောင်းလဲပြင်ဆင်ခြင်း၊ အတည်ပြုခြင်း သို့မဟုတ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများ ပြုလုပ်ခွင့်ကို ကုမ္ပဏီမှ အတိအလင်းဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ အခွင့်အာဏာအပ်နှင်းခံရပြီး ကုမ္ပဏီကိုယ်စား ဆောင်ရွက်ခွင့်ရှိသူတစ်ဦးဦးက ကျင့်သုံး ဆောင်ရွက်နိုင်သည်။ အဆိုပါအခွင့်အာဏာကို ရုံးတံဆိပ်ခတ်နှိပ်ခြင်းမပြုဘဲ ကျင့်သုံး ဆောင်ရွက်နိုင်သည်။ (ခ) စာချုပ်စာတမ်းအား အောက်ပါပုဂ္ဂိုလ်များက လက်မှတ်ရေးထိုးခဲ့လျှင် ကုမ္ပဏီသည် ရုံးတံဆိပ်ခတ်နှိပ်ရန်မလိုဘဲ စာချုပ်စာတမ်းတစ်ရပ်အား ချုပ်ဆိုနိုင်သည် – (၁) ကုမ္ပဏီတွင် ဒါရိုက်တာတစ်ဦးတည်းရှိပါက အဆိုပါ ဒါရိုက်တာသို့မဟုတ် (၂) ကုမ္ပဏီ၏ ဒါရိုက်တာ နှစ်ဦး သို့မဟုတ် (၃) ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးနှင့် ကုမ္ပဏီ၏အတွင်းရေးမှူး။ (ဂ) ကုမ္ပဏီတစ်ခုသည် စာချုပ်စာတမ်းတစ်ခုအား ရုံးတံဆိပ်ခတ်နှိပ်ပြီး ထိုသို့ ရုံးတံဆိပ်ခတ်နှိပ်ခြင်းကို အောက်ပါပုဂ္ဂိုလ်တို့က သက်သေပြုခြင်းဖြင့် ချုပ်ဆိုဆောင်ရွက်နိုင်သည် – (၁) ကုမ္ပဏီတွင် ဒါရိုက်တာတစ်ဦးတည်းရှိပါက အဆိုပါ ဒါရိုက်တာ သို့မဟုတ် (၂) ကုမ္ပဏီ၏ ဒါရိုက်တာ နှစ်ဦး သို့မဟုတ် (၃) ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးနှင့် ကုမ္ပဏီ၏အတွင်းရေးမှူး။ (ဃ) ကုမ္ပဏီတစ်ခုသည် ပဋိညာဉ်စာချုပ်စာတမ်းတစ်ခုကို တရားဝင် သဘောတူစာချုပ်အဖြစ် ချုပ်ဆိုမည်ဖြစ်ကြောင်း အတိအလင်းဖော်ပြပြီး ပုဒ်မခွဲ (ခ) နှင့် (ဂ) တို့နှင့်အညီ ချုပ်ဆိုခြင်း ဖြစ်ပါက ပဋိညာဉ်စာချုပ်စာတမ်းတစ်ခုအား တရားဝင်သဘောတူ စာချုပ်တစ်ခုအဖြစ် ချုပ်ဆိုနိုင်သည်။ (င) ဤပုဒ်မသည် ကုမ္ပဏီတစ်ခုက တရားဝင်သဘောတူစာချုပ် အပါအဝင် စာချုပ်စာတမ်း တစ်ခုကို ဤဥပဒေတွင် ဖော်ပြထားသည့် နည်းလမ်းများအပါအဝင် စာချုပ်ချုပ်ဆို ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို ကန့်သတ်ထားခြင်း မရှိစေရ။ ကုမ္ပဏီတစ်ခု နှင့် အခြားပုဂ္ဂိုလ်များအကြား ဆက်သွယ်ဆောင်ရွက်ခြင်း ၃၀။ (က) ပုဂ္ဂိုလ်တစ်ဦးဦးသည် ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်ရာ၌ ပုဒ်မ ၃၁ တွင် ဖော်ပြမှတ်ယူခြင်းများကို အသုံးပြုနိုင်သည်။ ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီအား အာမခံသူတစ်ဦးဦးသည် ဆက်သွယ်ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ တရားစွဲဆိုခြင်းတွင် အဆိုပါမှတ်ယူရမည့် အချက်များသည် မှန်ကန်ခြင်းမရှိပါဟု ပြောဆိုခွင့်မရှိစေရ၊ (ခ) ပုဂ္ဂိုလ်တစ်ဦးဦးသည် ကုမ္ပဏီထံမှ ပစ္စည်းတစ်စုံတစ်ရာကို ရရှိသူ သို့မဟုတ် ရထိုက်ခွင့်ရှိသူ တစ်ဦးဦးနှင့် ဆက်သွယ်လုပ်ကိုင်ဆောင်ရွက်ရာတွင် ပုဒ်မ ၃၁ ပါမှတ်ယူရမည့် အချက်များကို အထောက်အထားပြု ဆောင်ရွက်နိုင်ခွင့်ရှိသည်။ ကုမ္ပဏီနှင့် အခြားပုဂ္ဂိုလ် များသည် ဆက်သွယ်ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ တရားစွဲဆိုခြင်းတွင် အဆိုပါ မှတ်ယူရမည့်အချက်များသည် မှန်ကန်ခြင်းမရှိပါဟု ပြောဆိုခွင့်မရှိစေရ၊ (ဂ) ဆက်သွယ်ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အရာရှိ သို့မဟုတ် ကိုယ်စားလှယ်တစ်ဦးဦးက လိမ်လည်လှည့်ဖြား၍ပြုမူခဲ့ခြင်း သို့မဟုတ် စာချုပ် စာတမ်းတစ်ခုကို လိမ်လည်အတုပြုခဲ့ခြင်းများရှိခဲ့လျှင်ပင် အဆိုပါမှတ်ယူရမည့်အချက်များကို ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်သူများသည် အထောက်အထားပြု ဆောင်ရွက်နိုင်သည်။ (ဃ) ပုဂ္ဂိုလ်တစ်ဦးဦးသည် ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်မှုပြုသည့်အချိန်တွင် အောက်ပါ အချက်အလက်များကို သိရှိခဲ့လျှင် သို့မဟုတ် သံသယရှိခဲ့လျှင် ၎င်းအနေဖြင့် ပုဒ်မ ၃၁ ပါ မှတ်ယူရမည့်အချက်များကို အထောက်အထားပြု ဆောင်ရွက်နိုင်မည်မဟုတ် – (၁) မှတ်ယူရမည့်အချက်မှာ မှန်ကန်မှုမရှိကြောင်း သို့မဟုတ် (၂) ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အရာရှိ သို့မဟုတ် ကိုယ်စားလှယ်သည် လိမ်လည်လှည့်ဖြားဆောင်ရွက်ခဲ့ကြောင်း သို့မဟုတ် (၃) သက်ဆိုင်ရာစာရွက်စာတမ်းသည် လိမ်လည်အတုပြုလုပ်ထားခြင်းဖြစ်ကြောင်း သို့မဟုတ် (၄) ဖော်ပြပါကိစ္စရပ်သည် သက်ဆိုင်ရာဥပဒေတစ်ရပ်ရပ်နှင့်ဆန့်ကျင်လျက်ရှိခဲ့ကြောင်း။ ကုမ္ပဏီများနှင့် ဆက်သွယ်လုပ်ကိုင်ဆောင်ရွက်သည့်ပုဂ္ဂိုလ်များက အထောက်အထားပြုနိုင်သည့် မှတ်ယူနိုင်သည့် အချက်များ ၃၁။ (က) ပုဂ္ဂိုလ်တစ်ဦးဦးသည် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ လိုက်နာဆောင်ရွက် ထားသည်ဟု မှတ်ယူနိုင်သည်။ ( ခ ) ပုဂ္ဂိုလ်တစ်ဦးဦးသည် မှတ်ပုံတင်စာအုပ်၌ ရေးသားဖော်ပြထားသော အချက်အလက် များတွင်ပါရှိသည့် ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အတွင်းရေးမှူးဖြစ်သူ တစ်ဦးအပေါ်အောက်ပါအတိုင်းမှတ်ယူနိုင်သည် – (၁) တရားဝင်ခန့်အပ်တာဝန်ပေးထားသည်ဟု ၎င်းအပြင် (၂) ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အတွင်းရေးမှူးရှိခဲ့လျှင် ထိုတစ်ဦးဦးက သာမန်အားဖြင့် ကျင့်သုံးခွင့် သို့မဟုတ် ဆောင်ရွက်ခွင့်ရှိသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးရန်နှင့် တာဝန်များကို ဆောင်ရွက်ရန် အခွင့်အာဏာရှိသည်ဟု။ (ဂ) ပုဂ္ဂိုလ်တစ်ဦးဦးသည် ကုမ္ပဏီ၏အရာရှိသို့မဟုတ် ကိုယ်စားလှယ်တစ်ဦးအဖြစ် ကုမ္ပဏီက တင်ပြထားသူတစ်ဦးကို အောက်ပါအတိုင်းမှတ်ယူနိုင်သည် – (၁) တရားဝင် ခန့်အပ်တာဝန်ပေးထားသည်ဟု ၎င်းအပြင် (၂) ကုမ္ပဏီ၏ အရာရှိ သို့မဟုတ် ကိုယ်စားလှယ်က သာမန်အားဖြင့် ကျင့်သုံးခွင့် သို့မဟုတ် ဆောင်ရွက်ခွင့်ရှိသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးရန်နှင့် တာဝန်များကို ဆောင်ရွက်ရန် အခွင့်အာဏာရှိသည်ဟု။ (ဃ) ပုဂ္ဂိုလ်တစ်ဦးဦးသည် ကုမ္ပဏီ၏ ဒါရိုက်တာ၊ အတွင်းရေးမှူး၊ အခြားအရာရှိ သို့မဟုတ် ကိုယ်စားလှယ်တစ်ဦးဦးက သာမန်အားဖြင့် ကျင့်သုံးဆောင်ရွက်ခွင့်မရှိသည့် လုပ်ပိုင်ခွင့် တစ်ရပ်ရပ်ကို ကုမ္ပဏီ၏ ဒါရိုက်တာ၊ အတွင်းရေးမှူး၊ အခြားအရာရှိ သို့မဟုတ် ကိုယ်စားလှယ်တစ်ဦးဦးအဖြစ် ကုမ္ပဏီက တင်ပြထားသူတစ်ဦးဦးသည် အဆိုပါ လုပ်ပိုင်ခွင့်အား ကျင့်သုံးရန် အခွင့်အာဏာအပ်နှင်းထားခြင်းခံရသည်ဟု မှတ်ယူနိုင်သည်။ (င) ပုဂ္ဂိုလ်တစ်ဦးဦးသည် ကုမ္ပဏီ၏ ဒါရိုက်တာများ၊ အတွင်းရေးမှူး၊ အခြားအရာရှိများ နှင့်ကိုယ်စားလှယ်များက ကုမ္ပဏီနှင့်သက်ဆိုင်သော ၎င်းတို့၏ တာဝန်များကို လျော်ကန်စွာ ဆောင်ရွက်ကြောင်း မှတ်ယူနိုင်မည်။ (စ) ပုဂ္ဂိုလ်တစ်ဦးဦးသည် စာချုပ်စာတမ်းတစ်ရပ်ကို ပုဒ်မ ၂၉၊ ပုဒ်မခွဲ (ခ) နှင့်အညီ လက်မှတ် ရေးထိုးဆောင်ရွက်ထားလျှင် အဆိုပါစာချုပ်စာတမ်းအား ကုမ္ပဏီမှ တရားဝင်ချုပ်ဆို ဆောင်ရွက်ထားသည်ဟု မှတ်ယူနိုင်မည်။ (ဆ) ပုဂ္ဂိုလ်တစ်ဦးဦးသည် စာချုပ်စာတမ်းတစ်ရပ်ကို ပုဒ်မ ၂၉၊ ပုဒ်မခွဲ(ဂ) နှင့်အညီ စာချုပ်စာတမ်းတွင် ကုမ္ပဏီ၏ ရုံးတံဆိပ်ကို ခတ်နှိပ်ထားခြင်းနှင့် ထိုသို့ ရုံးတံဆိပ် ခတ်နှိပ်ခြင်းအား သက်သေပြုခြင်းဆောင်ရွက်ထားလျှင် ကုမ္ပဏီမှ တရားဝင်ချုပ်ဆို ဆောင်ရွက်ထားသည်ဟု မှတ်ယူနိုင်မည်။ ( ဇ ) ပုဂ္ဂိုလ်တစ်ဦးဦးသည် ကုမ္ပဏီ၏ကိုယ်စား စာရွက်စာတမ်းတစ်ခုခု သို့မဟုတ် စာရွက်စာတမ်းတစ်ခုခု၏ မိတ္တူမှန်ကို ထုတ်ပေးရန် အခွင့်အာဏာရှိသည့် ကုမ္ပဏီ၏ ဒါရိုက်တာ၊ အတွင်းရေးမှူး၊ အခြားအရာရှိ သို့မဟုတ် ကိုယ်စားလှယ်တစ်ဦးဦးသည် အဆိုပါ စာရွက်စာတမ်းမှာ အစစ်အမှန်ဖြစ်ကြောင်း သို့မဟုတ် မိတ္တုမှန်ဖြစ်ကြောင်း အာမခံနိုင်သည့် အခွင့်အာဏာလည်းရှိသည်ဟု မှတ်ယူနိုင်မည်။ အခန်း (၈) ကုမ္ပဏီမှတ်ပုံတင်ခြင်းမပြုမီက ဆောင်ရွက်ချက်များ ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းမတိုင်မီ ကုန်ကျစရိတ်များ ၃၂။ ဤအခန်းတွင်ဖော်ပြထားသော ပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီအား တည်ထောင်မှတ်ပုံတင်ခြင်း မတိုင်မီ အမှန်ကုန်ကျခဲ့သည့်စရိတ်များကို ရရန်ပိုင်ခွင့်များမှ ကျခံပေးချေနိုင်သည်။ ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းမပြုမီက ချုပ်ဆိုထားသည့် ပဋိညာဉ်စာချုပ်များ ၃၃။ (က) ဤပုဒ်မနှင့် ပုဒ်မ ၃၄ မှ ၃၆ အထိ ပါရှိသော ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းမပြုမီက ချုပ်ဆို ထားသည့် ပဋိညာဉ်စာချုပ်ဟူသည် အောက်ပါတို့ကိုဆိုသည် – (၁) ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ခြင်းမပြုမီက ကုမ္ပဏီအနေဖြင့် ရည်ရွယ်ပြီး ချုပ်ဆို ထားသည့် ပဋိညာဉ်စာချုပ် သို့မဟုတ် (၂) ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ခြင်းမပြုမီနှင့် ကုမ္ပဏီဖွဲ့စည်းတည်ထောင်ရန် စဉ်းစားသုံးသပ်နေသည့်အချိန်တို့တွင် ကုမ္ပဏီကိုယ်စား လူတစ်ဦးကချုပ်ဆိုသော ပဋိညာဉ်စာချုပ်။ ( ခ ) ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းမပြုမီက ချုပ်ဆိုထားသည့် ပဋိညာဉ်စာချုပ်တစ်ရပ်ကို စာချုပ်တွင် သတ်မှတ်ဖော်ပြထားသည့် ကာလအတွင်း သို့မဟုတ် ထိုသို့ဖော်ပြပါရှိခြင်း မရှိခဲ့လျှင် ကုမ္ပဏီဖွဲ့စည်းတည်ထောင်ပြီးနောက် သင့်လျော်သည့်ကာလအတွင်း ကုမ္ပဏီသည် အတည်ပြုဆောင်ရွက်နိုင်သည်။ ( ဂ ) အတည်ပြုထားသည့် ပဋိညာဉ်စာချုပ်တစ်ရပ်သည် ယင်းအားချုပ်ဆိုစဉ်က ကုမ္ပဏီသည် စာချုပ်ဝင်တစ်ဦးဖြစ်ဘိသကဲ့သို့ တရားဝင် အကျိုးသက်ရောက်သည်။ (ဃ) ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ခြင်းမပြုမီက ချုပ်ဆိုထားသည့် ပဋိညာဉ်စာချုပ်တစ်ရပ်ကို အကျိုးသက်ရောက်စေရန်အတွက် ဒါရိုက်တာများက ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခြင်းဖြင့် သော်လည်းကောင်း၊ ပုဒ်မ ၂၉ အရ ပဋိညာဉ်စာချုပ်တစ်ရပ်အား ကုမ္ပဏီကိုယ်စား ချုပ်ဆို နိုင်သည့် အခြားသောနည်းလမ်းများအတိုင်းသော်လည်းကောင်း ကုမ္ပဏီမှ အတည်ပြု နိုင်သည်။ ( င ) ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းမပြုမီက ချုပ်ဆိုထားသည့် ပဋိညာဉ်စာချုပ်တစ်ရပ်ကို ထိုကုမ္ပဏီက အတည်မပြုနိုင်ခဲ့လျှင် သို့မဟုတ် ပုဒ်မ ၃၅ အရ တရားရုံးက တရားဝင်ကြောင်း မသတ်မှတ်ခဲ့လျှင် ကုမ္ပဏီသည် အဆိုပါပဋိညာဉ်စာချုပ်အား အတည်ပြုခြင်း သို့မဟုတ် အဆိုပါပဋိညာဉ်စာချုပ်မှ အကျိုးခံစားခွင့်တစ်စုံတစ်ရာကို ရယူခံစားခြင်း မပြုရ။ ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းမပြုမီက ချုပ်ဆိုထားသည့်ပဋိညာဉ်စာချုပ်ပါ သဘောသက်ရောက်သော အာမခံချက်များ ၃၄။ (က) ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ခြင်းမပြုမီက ချုပ်ဆိုထားသည့် ပဋိညာဉ်စာချုပ်တွင် အတိအလင်း ဖော်ပြထားသည့် ပြဋ္ဌာန်းချက်တစ်ရပ်ရပ်မှတစ်ပါး ကုမ္ပဏီဖွဲ့စည်း တည်ထောင်ခြင်း မပြုမီက ချုပ်ဆိုထားသည့် ပဋိညာဉ်စာချုပ်တစ်ရပ်ကို ပြုလုပ်ထားသည့် ပုဂ္ဂိုလ်က သဘောသက်ရောက်သော အာမခံချက်တစ်ရပ်ကို အောက်ပါအတိုင်းထားရှိရာ ရောက်သည် – (၁) ကုမ္ပဏီအား ပဋိညာဉ်စာချုပ်တွင် သတ်မှတ်ဖော်ပြထားသည့် ကာလတစ်ရပ်ရပ်အတွင်း သို့မဟုတ် ထိုသို့ဖော်ပြပါရှိခြင်းမရှိခဲ့လျှင် စာချုပ်ချုပ်ဆိုပြီးနောက် သင့်လျော်သည့် ကာလအတွင်း ကုမ္ပဏီကို ဖွဲ့စည်းတည်ထောင်မည်ဟုလည်းကောင်း၊ (၂) ကုမ္ပဏီသည် ပဋိညာဉ်စာချုပ်ကို စာချုပ်တွင်သတ်မှတ်ဖော်ပြထားသည့် ကာလ အတွင်း သို့မဟုတ် ထိုသို့ဖော်ပြပါရှိခြင်းမရှိခဲ့လျှင် ကုမ္ပဏီဖွဲ့စည်းတည်ထောင်ပြီးနောက် သင့်လျော်သည့်ကာလအတွင်း အတည်ပြု ဆောင်ရွက်မည်ဟု လည်းကောင်း။ (ခ) ပုဒ်မခွဲ (က) အရ သဘောသက်ရောက်သော အာမခံချက်တစ်ရပ်ကို ချိုးဖောက်ခြင်းအတွက် တရားစွဲဆိုဆောင်ရွက်မှုတစ်ရပ်တွင် ရရှိထိုက်သော နစ်နာကြေးပမာဏသည် ပဋိညာဉ်စာချုပ်အား အတည်ပြုပြီးနောက် ပယ်ဖျက်သကဲ့သို့ စာချုပ်အရ တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမပြုခဲ့သည့်အတွက် ကုမ္ပဏီ၏ ချိုးဖောက်မှုအပေါ် နစ်နာကြေးတောင်းဆိုသည့် တရားစွဲဆိုမှုတွင် ရရှိထိုက်သော နစ်နာကြေးပမာဏအတိုင်း ဖြစ်စေရမည်။ (ဂ) ကုမ္ပဏီအား ဖွဲ့စည်းတည်ထောင်ပြီးနောက်တွင် ပုဒ်မ ၃၃ အရ ကုမ္ပဏီမှ အတည်ပြုထားသည့် ပဋိညာဉ်စာချုပ်တစ်ရပ်မှတစ်ပါး ကုမ္ပဏီသည် ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းမပြုမီက ချုပ်ဆိုထားသည့် ပဋိညာဉ်စာချုပ်ပါ အလားတူစည်းကမ်းချက်များဖြင့် သို့မဟုတ် အစားထိုး ပြင်ဆင်ဖော်ပြထားသည့် စည်းကမ်းချက်များဖြင့် ပဋိညာဉ်စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့လျှင် သက်ဆိုင်သောပုဂ္ဂိုလ်၏ ဆန်ရှိမှုသည် ပုဒ်မခွဲ (က) အရ နစ်နာမှုအတွက် လျော်ကြေးပေးရန် တရားရုံးကချမှတ်သည့် အမိန့်တစ်ရပ်အရ တာဝန်ရှိမှုအပါအဝင် ကင်းလွတ်ခွင့်ပြုရမည်။ အတည်ပြုရန် ပျက်ကွက်ခြင်း ၃၅။ (က) ကုမ္ပဏီအား ဖွဲ့စည်းတည်ထောင်ပြီးနောက်တွင်ကုမ္ပဏီက အတည်မပြုသော ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းမပြုမီက ချုပ်ဆိုထားသည့် ပဋိညာဉ်စာချုပ်အပေါ် စာချုပ်ဝင် တစ်ဦးသည် တရားရုံးသို့တင်ပြ၍ အောက်ပါတို့နှင့်စပ်လျဉ်းသည့် အမိန့်တစ်ရပ် ချမှတ်ပေးရန် လျှောက်ထားနိုင်သည် – (၁) ပဋိညာဉ်စာချုပ်အရ မြေပစ္စည်းဖြစ်စေ၊ အခြားပစ္စည်းဖြစ်စေ ရရှိထားသည့်ပစ္စည်းများကို အဆိုပါစာချုပ်ဝင်ထံသို့ပြန်ပေးစေရန် ကုမ္ပဏီသို့ ညွှန်ကြားခြင်း သို့မဟုတ် (၂) အဆိုပါပစ္စည်း သို့မဟုတ် ပဋိညာဉ်စာချုပ်နှင့်သက်ဆိုင်သည့် စာချုပ်ဝင်အား ခံစားခွင့်ပြုသည့် အခြားသက်သာခွင့်များ သို့မဟုတ် (၃) ပဋိညာဉ်စာချုပ်တစ်ရပ်လုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ အတည်ပြုခြင်း။ ( ခ ) ပုဒ်မ ၃၄၊ ပုဒ်မခွဲ (ခ) နှင့်အညီ အမိန့်တစ်ရပ်အား ချမှတ်ပြီးသည်ဖြစ်စေ၊ မပြီးသည်ဖြစ်စေ တရားရုံးသည် သင့်လျော်မျှတသည်ဟုယူဆလျှင် ၎င်းမှသင့်သည် ထင်မြင်သည့် အမိန့်တစ်ရပ်ရပ်ကိုသော်လည်းကောင်း၊ သက်သာခွင့်တစ်ရပ်ရပ်ကိုသော်လည်းကောင်း ချမှတ်ဆောင်ရွက်နိုင်သည်။ ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းမပြုမီက ချုပ်ဆိုထားသည့်ပဋိညာဉ်စာချုပ်အားချိုးဖောက်ခြင်း ၃၆။ ကုမ္ပဏီက အတည်ပြုထားသော ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းမပြုမီက ချုပ်ဆိုထားသည့် ပဋိညာဉ်စာချုပ်အား ချိုးဖောက်မှုအတွက် ကုမ္ပဏီအပေါ်ပြုလုပ်သည့် တရားစွဲဆိုမှုတွင် တရားရုံးသည် ကုမ္ပဏီ၊ တရားစွဲဆိုမှုတွင်ပါဝင်သည့် အခြားစာချုပ်ဝင်များ၏ လျှောက်ထားချက် သို့မဟုတ် ၎င်းကိုယ်တိုင် တွေ့ရှိချက်များအပေါ်အခြေခံ၍ လျော်ကြေးပေးစေရန်ကိုသော်လည်းကောင်း၊ တရားရုံးကသင့်သည်ထင်မြင်သည့် အခြားသက်သာခွင့်ပေးစေရန်ကိုသော်လည်းကောင်း ချမှတ်နိုင်သည့်အပြင် ကုမ္ပဏီအပေါ်တွင်လည်းကောင်း၊ ပဋိညာဉ်စာချုပ် ချုပ်ဆိုခဲ့သည့် ပုဂ္ဂိုလ်အပေါ်တွင်လည်းကောင်း အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်။ အခန်း(၉) ဤဥပဒေအရ မှတ်ပုံတင်ခွင့်ရှိသော သို့မဟုတ် မှတ်ပုံတင်ရမည့် အခြားကော်ပိုရေးရှင်းများ နိုင်ငံတော်အတွင်းအာဏာတည်လျက်ရှိသော အခြားသောဥပဒေများအရ ဖွဲ့စည်းတည်ထောင်ထားသည့် ကော်ပိုရေးရှင်းများ မှတ်ပုံတင်ဆောင်ရွက်နိုင်သည့် ကော်ပိုရေးရှင်းများ ၃၇။ (က) ဤအခန်းတွင် ဖော်ပြပါရှိသည့် ခွင်းချက်များနှင့် ပြဋ္ဌာန်းချက်များကို အထောက်အထားပြု၍ နိုင်ငံတော်အတွင်းအာဏာတည်သည့် အခြားသက်ဆိုင်ရာဥပဒေ တစ်ရပ်ရပ်အရ ဖွဲ့စည်းတည်ထောင်ထားသည့် အဖွဲ့အစည်းများသည် ဤဥပဒေအရ တာဝန်ကန့်သတ် မထားသည့် ကုမ္ပဏီ သို့မဟုတ် အစုရှယ်ယာဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီ သို့မဟုတ် ခံဝန်ချက်အားဖြင့်တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတစ်ခုခုအဖြစ် မှတ်ပုံတင် နိုင်သည်။ အဆိုပါအဖွဲ့အစည်းကို ဖျက်သိမ်းရန်ရည်ရွယ်၍ မှတ်ပုံတင်ခြင်းသည် တရားမဝင် ဖြစ်သည်ဟု မှတ်ယူခြင်းမပြုရ။ (ခ) အထူးကုမ္ပဏီများအက်ဥပဒေ သို့မဟုတ် ယခင်ဥပဒေမတိုင်မီက အာဏာတည်လျက် ရှိသည့် ကုမ္ပဏီအက်ဥပဒေတစ်ရပ်ရပ်အရ တည်ထောင်ထားသည့် ဤဥပဒေ စတင်အာဏာတည်သည့်နေ့အထိတည်ရှိသော ကော်ပိုရေးရှင်းများအားလုံးသည် အစုရှယ်ယာ အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီများအဖြစ် သတ်မှတ်ဖော်ပြထားသည့် လိုအပ်ချက်များနှင့်အညီ ဤဥပဒေအရ မှတ်ပုံတင်ဆောင်ရွက်ရမည်။ (ဂ) ပုဒ်မ ၃၇၊ ပုဒ်မခွဲ (က) နှင့် (ခ)၊ ပုဒ်မ ၃၈ နှင့် ပုဒ်မ ၃၉ တို့ပါပြဋ္ဌာန်းချက်များသည် ပြည်ပကော်ပိုရေးရှင်းများနှင့်သက်ဆိုင်ခြင်း မရှိစေရ။ ကော်ပိုရေးရှင်း၏အမည်တွင် “လီမိတက်” စာသားအား ဖြည့်စွက်ခြင်း ၃၈။ ကော်ပိုရေးရှင်းတစ်ခုကို ဤဥပဒေအရ တာဝန်ကန့်သတ်ထားရှိပြီး မှတ်ပုံတင်သည့် အခါ “လီမိတက်’ သို့မဟုတ် ‘အများပိုင်ကုမ္ပဏီလီမိတက်” သို့မဟုတ် အခန်း (၆) တွင် ဖော်ပြထားသည့် အလားတူ စကားရပ်များကို ကော်ပိုရေးရှင်းအမည်တွင် ထည့်သွင်းလျက် မှတ်ပုံတင်ရမည်။ တည်ဆဲကော်ပိုရေးရှင်းများအား မှတ်ပုံတင်ခြင်းဆိုင်ရာ သက်သေခံလက်မှတ် ၃၉။ မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့် ဤအခန်းပါ ပြဋ္ဌာန်းချက်များနှင့် ဤဥပဒေပါ သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ပြီး သတ်မှတ်ဖော်ပြထားသည့် လျှောက်လွှာကြေးများကို ပေးသွင်းသည့်အခါတွင် မှတ်ပုံတင်အရာရှိသည် ကော်ပိုရေးရှင်းကို ဤဥပဒေအရ မှတ်ပုံတင်စာရင်း ရေးသွင်းရမည်။ ထိုသို့ဆောင်ရွက်ပြီးနောက် အဆိုပါကော်ပိုရေးရှင်းသည် ဤဥပဒေအရ ဖွဲ့စည်း တည်ထောင်၍ မှတ်ပုံတင်ထားသည်ဟု မှတ်ယူရမည်။ ၎င်းအပြင် အဆိုပါ ကော်ပိုရေးရှင်းသည် အစဉ်အဆက် ဆက်ခံဆောင်ရွက်ခွင့် ရှိစေရမည်ဖြစ်ပြီး လိုအပ်လျှင် ရုံးတံဆိပ်ထားရှိနိုင်သည်။ စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့များ အသင်းအဖွဲ့များအတွက် ကန့်သတ်တားမြစ်ချက်များ ၄၀။ အခြားသက်ဆိုင်ရာဥပဒေတစ်ရပ်ရပ်ကိုကန့်သတ်တားမြစ်ထားခြင်းမရှိစေဘဲ – (က) အသင်းအဖွဲ့ကို ယင်းအသင်းအဖွဲ့ကသော်လည်းကောင်း၊ ယင်းတို့၏ အဖွဲ့ဝင်များကသော်လည်းကောင်း အကျိုးအမြတ်ရယူရန် ရည်ရွယ်ချက်ဖြင့် အခြားစီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ဤဥပဒေအရ ဖွဲ့စည်းခြင်း မပြုရ။ ( ခ ) ဤပုဒ်မနှင့်ဆန့်ကျင်ပြီး စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်သော အသင်းအဖွဲ့တစ်ခုခုတွင် ပါဝင်သူအားလုံးသည် အဆိုပါစီးပွားရေးလုပ်ငန်းတွင် ဆောင်ရွက်ရသည့် တာဝန်ရှိမှုများအားလုံးအတွက် တစ်ဦးချင်းအလိုက် တာဝန်ရှိသည်။ ၄၁။ ပုဒ်မ ၄ဝ နှင့် ဆန့်ကျင်ပြီးဖွဲ့စည်းထားသည့် အသင်းအဖွဲ့တစ်ခုခုတွင်ပါဝင်သူတစ်ဦးဦးသည် ဒဏ်ကြေးငွေ ကျပ်တစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။ စီးပွားရေးလုပ်ငန်းနှင့် အလားတူကိစ္စရပ်များအတွက် တည်ထောင်သည့် အသင်းအဖွဲ့များကို မှတ်ပုံ တင်ရန် အခွင့်အာဏာ ၄၂။ (က) တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတစ်ခုအဖြစ် တည်ထောင်နိုင်သော အသင်းအဖွဲ့ တစ်ခုသည် စီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုရန် သို့မဟုတ် အခြားသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်အတွက် တည်ထောင်ခဲ့ကြောင်း၊ သို့မဟုတ် တည်ထောင်ရန်ဆောင်ရွက်ခဲ့ကြောင်း၊ ယင်း၏ အကျိုးအမြတ် (ရှိခဲ့လျှင် ) သို့မဟုတ် ယင်း၏ ရည်ရွယ်ချက်များကို မြှင့်တင်ဆောင်ရွက်ရာမှ ရရှိသောအခြား ဝင်ငွေများကို အသုံးပြုကြောင်း သို့မဟုတ် အသုံးပြုရန် ရည်ရွယ်ကြောင်းနှင့် ယင်း အဖွဲ့အစည်းတွင် ပါဝင်သူများသို့ အကျိုးအမြတ် တစ်စုံတစ်ရာ ခွဲဝေပေးခြင်းကိုတားမြစ် ထားကြောင်း မှတ်ပုံတင်အရာရှိမှ ကျေနပ်လက်မံစေရန် တင်ပြနိုင်လျှင် ယင်း၏အမည်တွင် “တရားဝင်တည်ထောင်ထားသော” ဟူသည့်စကားရပ်ဖြည့်စွက်၍ လိုင်စင်ပေးအပ်ခြင်းဖြင့် အဆိုပါအသင်းအား မှတ်ပုံတင်ခွင့်ပြုနိုင်သည်။ (ခ) ဤပုဒ်မအရ မှတ်ပုံတင်အရာရှိသည် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ၎င်းက သင့်သည်ထင်မြင်သည့် စည်းကမ်းသတ်မှတ်ချက်များဖြင့် လိုင်စင်တစ်ရပ်ကို ပေးအပ် နိုင်သည်။ အဆိုပါ စည်းမျဉ်းစည်းကမ်းများသည် ဖော်ပြပါ အသင်းအဖွဲ့ အပေါ်တွင် စည်းနှောင်မှုရှိပြီး မှတ်ပုံတင်အရာရှိကညွှန်ကြားလျှင် အသင်းအဖွဲ့၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်း၌ ထည့်သွင်းဖော်ပြရမည်။ (ဂ ) အသင်းအဖွဲ့သည် မှတ်ပုံတင်ပြီးနောက် ယင်း၏အမည်တွင် “လီမိတက်” ဟူသော စကားရပ်အား ထည့်သွင်းအသုံးပြုခြင်းမှအပ တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီများမှ ရရှိသော အခွင့်အရေးများအားလုံးကို ရရှိခံစားနိုင်ပြီး ကုမ္ပဏီများ၏ တာဝန်များ အားလုံးကိုလည်း လိုက်နာဆောင်ရွက်ရမည်။ (ဃ) ဤပုဒ်မအရပေးအပ်ထားသည့် လိုင်စင်တစ်ရပ်ကို မည်သည့်အခါတွင်မဆို မှတ်ပုံတင် အရာရှိက ပြန်လည်ရုပ်သိမ်းနိုင်ပြီး ထိုသို့ရုပ်သိမ်းခဲ့လျှင် မှတ်ပုံတင်အရာရှိသည် အသင်းအဖွဲ့အား မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ရမည်ဖြစ်ပြီး အသင်းအဖွဲ့သည် ဤပုဒ်မအရ ပေးအပ်ထားသည့် သက်သာခွင့်များနှင့်အခွင့်အရေးများကို ရရှိခံစားနိုင်ခြင်းမှ ရပ်စဲ စေရမည်။ သို့ရာတွင် လိုင်စင်အား ထိုသို့ရုပ်သိမ်းခြင်းမပြုမီ မှတ်ပုံတင်အရာရှိသည် ထိုသို့ပြုလုပ်ဆောင်ရွက်မည်ဖြစ်ကြောင်း စာဖြင့်ရေးသားဖော်ပြထားသည့် သင့်လျော်သည့် အကြောင်းကြားစာကို ၂၈ ရက်ထက်နောက်မကျစေဘဲ အသင်းအဖွဲ့ထံသို့ ပေးပို့ရမည် ဖြစ်ပြီး အဆိုပါအကြောင်းကြားသည့်ကာလအတွင်း အသင်းအဖွဲ့အနေဖြင့် ထိုသို့ရုပ်သိမ်းခြင်း မပြုထိုက်ကြောင်း တင်ပြချက်တစ်ရပ်ကို ပြုလုပ်ဆောင်ရွက်နိုင်သည့် အခွင့်အရေး ရရှိမည်ဖြစ်သည်။ (င ) မှတ်ပုံတင်အရာရှိသည် – (၁) လိုင်စင်တွင် လိုက်နာဆောင်ရွက်ရန် ဖော်ပြခဲ့သော စည်းမျဉ်းစည်းကမ်းများ ရှိခဲ့လျှင် ယင်းစည်းမျဉ်းစည်းကမ်းများအစား သို့မဟုတ် ယင်းစည်းမျဉ်း စည်းကမ်းများအပြင် မှတ်ပုံတင်အရာရှိမှ သင့်သည်ထင်မြင်သည့် စည်းမျဉ်း စည်းကမ်းများဖြင့် လိုင်စင်ကို ပြောင်းလဲပြင်ဆင်နိုင်သည် သို့မဟုတ် (၂) ယခင်ထုတ်ပေးခဲ့သောလိုင်စင်အစား လိုင်စင်အသစ်တစ်ရပ်ကို ထုတ်ပေးနိုင်သည်။ ( စ) ပြည်ထောင်စုဝန်ကြီးသည် ပုဒ်မခွဲ (င) အရ မှတ်ပုံတင်အရာရှိ၏ ဆုံးဖြတ်ချက်ဖြင့် ပြောင်းလဲပြင်ဆင်မှု သို့မဟုတ် လိုင်စင်တစ်ရပ်ထုတ်ပေးမှု သို့မဟုတ် ကျင့်သုံးဆောင်ရွက်မှု တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိထံ ညွှန်ကြားနိုင်သည်။ (ဆ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် အခြားသက်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ထိခိုက်ခြင်းမရှိစေဘဲ အဆိုပါပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရမည်။ ပြည်ပကော်ပိုရေးရှင်းများအား မှတ်ပုံတင်ခြင်း ပြည်ပကော်ပိုရေးရှင်းတစ်ခုသည် နိုင်ငံတော်အတွင်းစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း ၄၃။ (က) ပြည်ပကော်ပိုရေးရှင်းတစ်ခု သို့မဟုတ် အခြားကော်ပိုရေးရှင်းအဖွဲ့အစည်း တစ်ခုခုသည် ဤအခန်းအရ မှတ်ပုံတင်ထားခြင်းမရှိဘဲ နိုင်ငံတော်အတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရ။ (ခ) ပြည်ပကော်ပိုရေးရှင်းတစ်ခု သို့မဟုတ် ကော်ပိုရေးရှင်းအဖွဲ့အစည်း တစ်ခုခုသည် နိုင်ငံတော်အတွင်း အောက်ပါတို့ကိုပြုလုပ်ဆောင်ရွက်ခြင်းရှိကာမျှနှင့် နိုင်ငံတော်အတွင်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သည်ဟု မှတ်ယူခြင်းမရှိစေရ – (၁) တရားစွဲဆိုမှုတစ်ရပ်တွင် အမှုသည်တစ်ဦးဖြစ်ခြင်း သို့မဟုတ် ဖြစ်လာခြင်း၊ သို့မဟုတ် တရားစွဲဆိုမှုတစ်ရပ် သို့မဟုတ် တောင်းဆိုမှု သို့မဟုတ် အငြင်းပွားမှု တစ်ရပ်ကို ဖြေရှင်းခြင်း သို့မဟုတ် (၂) ဒါရိုက်တာများ သို့မဟုတ် အစုရှယ်ယာရှင်များ၏ အစည်းအဝေးများကို ကျင်းပခြင်း သို့မဟုတ် ၎င်းတို့၏အဖွဲ့အစည်းအတွင်းပိုင်း စီမံအုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်ခြင်း သို့မဟုတ် (၃) ဘဏ်ငွေစာရင်းတစ်ခု ဖွင့်လှစ်ထားရှိခြင်း သို့မဟုတ် (၄) သီးခြားကန်ထရိုက်တာတစ်ဦးမှ တစ်ဆင့်ပစ္စည်းများရောင်းချမှုကို ပြုလုပ်ခြင်း သို့မဟုတ် (၅) လုပ်ငန်းလက်ခံရရှိခြင်းတစ်ရပ်သည် နိုင်ငံတော်၏ပြင်ပတွင် လက်ခံရရှိခဲ့မှသာလျှင် စည်းနှောင်မှုရှိသော ပဋိညာဉ်စာချုပ်တစ်ရပ်ဖြစ်လာမည့် လက်ခံခြင်း သို့မဟုတ် ရရှိခြင်း သို့မဟုတ် (၆) ငွေကြေးများ ချေးပေးခြင်း၊ ကြွေးမြီသက်သေခံချက် ပြုလုပ်ခြင်း သို့မဟုတ် ပစ္စည်းများအပေါ်တွင် ကြွေးမြီတာဝန်တင်ရှိခြင်း သို့မဟုတ် (၇) ယင်း၏ကြွေးမြီများမှ တစ်ရပ်ရပ်ကို ရရှိခြင်း သို့မဟုတ် တောင်းယူခြင်း သို့မဟုတ် အဆိုပါကြွေးမြီများနှင့်စပ်လျဉ်းသည့် ငွေချေးသက်သေခံလက်မှတ်များနှင့် သက်ဆိုင်သည့် အခွင့်အရေးများကို အတည်ပြုဆောင်ရွက်ခြင်း သို့မဟုတ် (၈) အခါအားလျော်စွာ အကြိမ်ကြိမ်ဆောင်ရွက်ခဲ့သည့် အလားတူလုပ်ငန်းဆောင်ရွက်မှုများ မဟုတ်သည့် ရက်ပေါင်း ၃ဝ ကာလအတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့် သီးခြား လုပ်ငန်းဆောင်ရွက်ချက်တစ်ရပ်ကို ပြုလုပ်ခြင်း သို့မဟုတ် (၉) ယင်း၏ရန်ပုံငွေများကို ရင်းနှီးမြှုပ်နှံခြင်း သို့မဟုတ် ပစ္စည်းများကို ထိန်းသိမ်းထားခြင်း။ (ဂ) နိုင်ငံတော်အတွင်း စီးပွားရေးလုပ်ငန်းများကို ပြည်ပကော်ပိုရေးရှင်းတစ်ခု သို့မဟုတ် အခြားကော်ပိုရေးရှင်း အဖွဲ့အစည်းတစ်ခုခုက ဆောင်ရွက်ခြင်း ရှိ မရှိ နှင့်စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိသည် အခါအားလျော်စွာ လမ်းညွှန်ချက်များကို ထုတ်ပြန်နိုင်သည်။ သို့ရာတွင် အဆိုပါလမ်းညွှန်ချက်များသည် ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်စေရမည်။ (ဃ) ပြည်ထောင်စုဝန်ကြီးသည် ပုဂ္ဂိုလ်တစ်ဦးဦး၏ လျှောက်ထားချက်အရသော်လည်းကောင်း၊ မိမိ၏ တွေ့ရှိချက်အရသော်လည်းကောင်း အလားတူအခြေအနေတွင် ကော်ပိုရေးရှင်း တစ်ခုခုကိုဖြစ်စေ သို့မဟုတ် ကော်ပိုရေးရှင်းအမျိုးအစား တစ်ရပ်ရပ်ဖြစ်စေ၊ နိုင်ငံတော်အတွင်း စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းရှိမရှိကို သတ်မှတ်ဖော်ပြထားနိုင်သည်။ ပြည်ပကော်ပိုရေးရှင်း၏အမည် ၄၄။ (က) ပြည်ပကော်ပိုရေးရှင်းတစ်ခုသည် လိမ်လည်လိုသော သို့မဟုတ် အခြားနည်းအားဖြင့် လှည့်စားနိုင်သော သို့မဟုတ် ရှုပ်ထွေးစေနိုင်သော ကိစ္စရပ်များ ပေါ်ပေါက်စေနိုင်သည့် မှတ်ပုံတင်ထားပြီးဖြစ်သော တည်ဆဲအဖွဲ့အစည်းတစ်ခု၏ အမည်နှင့်တူညီသော အမည်ကို သော်လည်းကောင်း၊ ထိုအမည်နှင့်ဆင်တူသော အမည်ကိုသော်လည်းကောင်း၊ တည်ဆဲ အဖွဲ့အစည်းမှ ဖျက်သိမ်းရန်ဆောင်ရွက်နေသည့်အမည်အား အသုံးပြုနိုင်ရန် ထိုအဖွဲ့ အစည်း၏ သဘောတူညီချက်ကို မှတ်ပုံတင်အရာရှိထံ တင်ပြနိုင်သည့်အခါမှတစ်ပါး မှတ်ပုံတင် ဆောင်ရွက်ခြင်းမပြုရ။ ပြည်ပကော်ပိုရေးရှင်းတွင် ဖြစ်ပေါ်လာနိုင်သည့် ရှုပ်ထွေးမှုများကို ရှောင်ရှားနိုင်စေရန်အတွက် ယင်း၏အမည်တွင် ယင်းနိုင်ငံ သို့မဟုတ် အခြားခွဲခြားသိမြင်နိုင်သည့်စာသား သို့မဟုတ် စကားရပ်များကို ထည့်သွင်းဖော်ပြနိုင်သည်။ ( ခ ) ပြည်ပကော်ပိုရေးရှင်းတစ်ခုသည် ယင်း၏အမည်အား ပြောင်းလဲရန် ပြုလုပ်သည့်အခါ အမည်ပြောင်းလဲပြီးနောက် ၂၈ ရက်အတွင်းအမည်ပြောင်းရန် တင်ပြရမည့် သတ်မှတ် ဖော်ပြထားသည့်ပုံစံဖြင့် မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည်။ ပုဒ်မခွဲ (က) ပါပြဋ္ဌာန်းချက် များသည် လိုအပ်သော ပြောင်းလဲချက်များအားလုံးနှင့်အတူ အမည်ပြောင်းလဲမှုတစ်ရပ်အား မှတ်ပုံတင်ရာတွင် သက်ဆိုင်စေရမည်ဖြစ်ပြီး မှတ်ပုံတင်အရာရှိသည် ဤဥပဒေနှင့်အညီ အမည်ပြောင်းလဲမှုအား မှတ်ပုံတင်ပေးရမည်။ (ဂ ) မှတ်ပုံတင်အရာရှိသည် ပြည်ပကော်ပိုရေးရှင်းတစ်ခု၏ မှတ်ပုံတင်ထားသောအမည်ကို ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်စေရန်အတွက် လိုအပ်ပါက အဆိုပါအမည်အား ပြောင်းလဲစေရန် ညွှန်ကြားနိုင်ပြီး အဆိုပါပြည်ပကော်ပိုရေးရှင်းသည် မှတ်ပုံတင်အရာရှိက ညွှန်ကြားချက်ကို လက်ခံရရှိသည့်နေ့မှ နှစ်လအတွင်း ယင်း၏ မှတ်ပုံတင်ထားသည့် အမည်ကို ပြောင်းလဲရန် လိုအပ်သည့်အတိုင်း လိုက်နာဆောင်ရွက်ရမည်။ ၄၅။ ပြည်ပကော်ပိုရေးရှင်းတစ်ခုသည် ပုဒ်မ ၄၄ တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို လိုက်နာရန်ပျက်ကွက်လျှင် အဆိုပါကော်ပိုရေးရှင်း၊ ဒါရိုက်တာများနှင့် အခွင့်အာဏာအပ်နှင်းခြင်းခံရသော အရာရှိများသည် ဒဏ်ကြေးငွေ ကျပ်တစ်သိန်းငါးသောင်းစီ ပေးဆောင်ရန် တာဝန်ရှိသည်။ လုပ်ငန်းဆောင်ရွက်မှုများ တရားဝင်ဖြစ်ခြင်း ၄၆။ ပြည်ပကော်ပိုရေးရှင်းတစ်ခုက ပုဒ်မ ၄၃ သို့မဟုတ် ပုဒ်မ ၄၄ ပါပြဋ္ဌာန်းချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့် အဆိုပါပြည်ပကော်ပိုရေးရှင်းမှ ချုပ်ဆိုဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်မှုတစ်ရပ်ရပ်၏ တရားဝင်မှု သို့မဟုတ် အတည်ပြုနိုင်မှုကို ထိခိုက်စေခြင်း မရှိစေရ။ မှတ်ပုံတင်ရန်အတွက် လျှောက်ထားခြင်း ၄၇။ (က) ဤအပိုင်းအရ ပြည်ပကော်ပိုရေးရှင်းတစ်ခုအား မှတ်ပုံတင်ရန်အတွက် လျှောက်ထားမှု တစ်ရပ်ကို မှတ်ပုံတင်အရာရှိထံပေးပို့တင်ပြရမည်ဖြစ်ပြီး ၎င်းသည်(၁) သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် လျှောက်ထားခြင်းဖြစ်ရမည်။ ၎င်းအပြင် (၂) ပြည်ပကော်ပိုရေးရှင်းက သော်လည်းကောင်း၊ ယင်းကိုယ်စားသော်လည်းကောင်း လက်မှတ်ရေးထိုးထားခြင်း ဖြစ်ရမည်။ ( ခ ) ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်များအပြင် လျှောက်လွှာတွင် (၁) ပြည်ပကော်ပိုရေးရှင်း၏အမည်ကို ဖော်ပြရမည်။ (၂) လျှောက်လွှာတင်သည့်နေ့တွင် ပြည်ပကော်ပိုရေးရှင်း၏ ဒါရိုက်တာများနှင့် အတွင်းရေးမှူးတို့၏ အမည်အပြည့်အစုံ၊ မွေးသက္ကရာဇ်၊ ကျား/မ၊ နိုင်ငံသားနှင့် နေရပ်လိပ်စာများကို ဖော်ပြရမည်။ (၃) ပြည်ပကော်ပိုရေးရှင်းမှ ခန့်အပ်ထားသည့် အခွင့်အာဏာအပ်နှင်းခြင်းခံရသော အရာရှိတစ်ဦးကို ခန့်အပ်ထားသည်ဟု ဖော်ပြရမည်ဖြစ်ပြီး ၎င်း၏အမည် အပြည့်အစုံ၊ မွေးသက္ကရာဇ်နှင့် နေရပ်လိပ်စာများကို ဖော်ပြရမည်။ ၎င်းအရာရှိသည် ပြည်ပ ကော်ပိုရေးရှင်း၏ကိုယ်စား နိုင်ငံတော်အတွင်း စာရွက်စာတမ်း၊ စာချုပ်စာတမ်း များကို လက်ခံဆောင်ရွက်ရန် အခွင့်အာဏာအပ်နှင်းခြင်းခံရသူဖြစ်သည်။ (၄) အခွင့်အာဏာအပ်နှင်းခြင်းခံရသော အရာရှိအဖြစ် အမည်ဖော်ပြထားသော ပုဂ္ဂိုလ်သည် ပြည်ပကော်ပိုရေးရှင်း၏ အခွင့်အာဏာအပ်နှင်းခြင်းခံရသော အရာရှိအဖြစ် ဆောင်ရွက်ရန်အတွက် စာဖြင့်ရေးသား သဘောတူညီချက် ပြုလုပ် ထားကြောင်း ဖော်ပြရမည်။ (၅) ပြည်ပကော်ပိုရေးရှင်း၏ နိုင်ငံတော်အတွင်း၌ မှတ်ပုံတင်ထားသော ရုံးခန်းလိပ်စာ အပြည့်အစုံကို ဖော်ပြရမည်။ မှတ်ပုံတင်ထားသော ရုံးခန်းလိပ်စာနှင့် ကွဲလွဲခဲ့လျှင် ပြည်ပကော်ပိုရေးရှင်းသည် နိုင်ငံတော်အတွင်း၌ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မည့်နေရာ၏ လိပ်စာ အပြည့်အစုံ သို့မဟုတ် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မည့်နေရာ တစ်နေရာထက်ပိုနေပါက အဓိကနေရာ၏ လိပ်စာအပြည့်အစုံအား ဖော်ပြရမည်။ (၇) ကော်ပိုရေးရှင်း၏ မှတ်ပုံတင်ထားသော ရုံးခန်းလိပ်စာ သို့မဟုတ် ၎င်း၏ မူလ နိုင်ငံရှိ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သော အဓိကနေရာ၏ လိပ်စာ အပြည့်အစုံကို ဖော်ပြရမည်။ (၈) လျှောက်လွှာတွင် ဖော်ပြပါရှိသည့် အချက်အလက်များအားလုံးသည် မှန်ကန်ကြောင်း ပြည်ပကော်ပိုရေးရှင်းမှ တာဝန်ယူထုတ်ဖော်ကြေညာချက်တစ်ရပ်ပါရှိရမည်။၎င်းအပြင် (၉) ပြည်ပကော်ပိုရေးရှင်းကို ဖွဲ့စည်းတည်ထောင်သည့် သက်သေခံအထောက်အထားအား ပူးတွဲတင်ပြရမည့်အပြင် ကော်ပိုရေးရှင်းဖွဲ့စည်းခြင်းဆိုင်ရာ စာရွက်စာတမ်း သို့မဟုတ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၏ မိတ္တုတစ်စောင်၊ ယင်းအား မြန်မာဘာသာဖြင့် ရေးသား ထားခြင်းမရှိလျှင် အဆိုပါကော်ပိုရေးရှင်းကိုယ်စား ဒါရိုက်တာတစ်ဦးက တရားဝင် အတည်ပြုထားသည့် အင်္ဂလိပ်ဘာသာဖြင့် အကျဉ်းချုပ်ဖော်ပြချက်နှင့် မြန်မာ ဘာသာဖြင့်လည်း ပြန်ဆိုထားသည့် စာရွက်စာတမ်းကို တင်ပြရမည်။ (ဂ ) လျှောက်လွှာတင်သွင်းသည့်အခါသတ်မှတ်ဖော်ပြထားသည့် အခကြေးငွေကို မှတ်ပုံတင် အရာရှိထံ ပေးသွင်းရမည်။ (ဃ) လျှောက်လွှာ၊ ယင်းနှင့်အတူ ပူးတွဲတင်ပြသည့် စာရွက်စာတမ်းများ၏ မူရင်းကွဲများနှင့် ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၄) တွင် ဖော်ပြပါရှိသည့် သဘောတူညီချက်၏ မူရင်းကို အခွင့်အာဏာ အပ်နှင်းခြင်းခံရသောအရာရှိက သိမ်းဆည်းထားရမည်ဖြစ်ပြီး ပြည်ပကော်ပိုရေးရှင်း၏ မှတ်တမ်းများနှင့်အတူ ထိန်းသိမ်းထားရမည်။ ၄၈။ ပုဒ်မ ၄၇ အရ လျှောက်ထားရာတွင် လျှောက်ထားသူက လျှောက်လွှာတွင် အချက်အလက်များအား မမှန်မကန်တင်ပြခဲ့ပါက ပြည်ပကော်ပိုရေးရှင်းသည် ဒဏ်ကြေးငွေကျပ်သိန်း ၅၀ ကို ပေးဆောင်ရမည်။ ပြည်ပကော်ပိုရေးရှင်းအား မှတ်ပုံတင်ခြင်း ၄၉။ (က) မှတ်ပုံတင်အရာရှိသည် ဤဥပဒေပါ လိုအပ်ချက်များနှင့်အညီ ပြည့်စုံစွာဆောင်ရွက် တင်ပြလာသည့် ပြည်ပကော်ပိုရေးရှင်း လျှောက်လွှာတစ်စောင်အား ၎င်းအနေဖြင့် ဤအခန်းအတွက် ထားရှိသော မှတ်ပုံတင်စာအုပ်၏အပိုင်းတစ်ခုတွင် မှတ်ပုံတင်သွင်း ရမည်။ ၎င်းအပြင် အောက်ပါအချက်များကိုဖော်ပြလျက် မှတ်ပုံတင်ခြင်းဆိုင်ရာ သက်သေခံလက်မှတ်တစ်စောင်ကို ထုတ်ပေးရမည် – (၁) ကော်ပိုရေးရှင်း၏အမည်၊ (၂) ကော်ပိုရေးရှင်းအား ဤဥပဒေအရ ပြည်ပကော်ပိုရေးရှင်းတစ်ခုအဖြစ် မှတ်ပုံတင် ထားကြောင်း၊ (၃) မှတ်ပုံတင်သည့်နေ့၊ (၄) သတ်မှတ်ဖော်ပြထားသည့် အခြားအကြောင်းအရာများ။ ( ခ ) မှတ်ပုံတင်အရာရှိသည် မှတ်ပုံတင်စာအုပ်ကို ထိန်းသိမ်းထားရှိရမည်။ (ဂ ) ပြည်ပကော်ပိုရေးရှင်းမှာ ကောင်းမွန်ခိုင်မာစွာ ရပ်တည်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းကို သိရှိနိုင်စေရန်အတွက် မှတ်ပုံတင်အရာရှိက စာရွက်စာတမ်းများ ထပ်မံလိုအပ်သည်ဟု သင့်သည်ထင်မြင်သည်မှအပ ပုဒ်မ ၄၇ တွင် ဖော်ပြထားသော သို့မဟုတ် ယင်းပုဒ်မအရ လိုအပ်သော မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ အခြားစာရွက် စာတမ်းတစ်စုံတစ်ရာကို ပြည်ထောင်စုဝန်ကြီးမှ သတ်မှတ်ဖော်ပြထားသည့်အကြောင်းအချက်မှတစ်ပါး တင်ပြရန် လိုအပ်ခြင်းမရှိစေရ။ ပြည်ပကော်ပိုရေးရှင်းမှ အမည်အား အသုံးပြုခြင်း ၅၀။ နိုင်ငံတော်အတွင်း၌ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ကြသော ပြည်ပကော်ပိုရေးရှင်း အားလုံးသည် ၎င်းတို့၏ အမည်အပြည့်အစုံနှင့် ၎င်းတို့အား ဖွဲ့စည်းတည်ထောင်ခဲ့သည့်နိုင်ငံ၏ အမည်တို့ကို အောက်ပါကိစ္စရပ်များတွင် သေချာစေရန် – (က) ကော်ပိုရေးရှင်းမှသော်လည်းကောင်း၊ ကော်ပိုရေးရှင်း၏ကိုယ်စားသော်လည်းကောင်း ပေးပို့ဆောင်ရွက်သည့် စာဖြင့်ရေးသားဆက်သွယ်ဆောင်ရွက်မှုများ အားလုံးတွင် ရှင်းလင်းစွာ ဖော်ပြရမည်။ ( ခ ) ကော်ပိုရေးရှင်း၏ တရားဝင်တာဝန်တစ်ရပ်ကို ထင်ရှားစေမည့် သို့မဟုတ် ဖြစ်တည် စေမည့် ကော်ပိုရေးရှင်းမှသော်လည်းကောင်း၊ ကော်ပိုရေးရှင်း၏ ကိုယ်စားသော်လည်းကောင်း ထုတ်ပြန်သော သို့မဟုတ် လက်မှတ်ရေးထိုးသော စာရွက်စာတမ်းများအားလုံးတွင် ရှင်းလင်းစွာဖော်ပြရမည်။ ၎င်းအပြင် (ဂ ) မှတ်ပုံတင်ထားသော ရုံးခန်းနေရာနှင့် နိုင်ငံတော်အတွင်း ပြည်ပကော်ပိုရေးရှင်း၏ စီးပွားရေး လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သည့် အဓိကနေရာတို့၌ ပေါ်လွင်ထင်ရှားစွာ ဖော်ပြထားရမည်။ အသေးစိတ်အချက်အလက်များကို ပြောင်းလဲပြင်ဆင်ခြင်း ၅၁။ နိုင်ငံတော်အတွင်း၌ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သော ပြည်ပကော်ပိုရေးရှင်းတစ်ခုသည် အောက်ပါကိစ္စရပ်များအတွက် ပြောင်းလဲပြင်ဆင်ခြင်းဆိုင်ရာ အကြောင်းကြားစာကို မှတ်ပုံတင်အရာရှိထံသို့ ရက်ပေါင်း ၂၈ ရက်အတွင်း သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် ပေးပို့တင်ပြရမည် – (က) ပြည်ပကော်ပိုရေးရှင်းအား ဖွဲ့စည်းသည့် စာရွက်စာတမ်း သို့မဟုတ် ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းအား ပြောင်းလဲပြင်ဆင်ခြင်း၊ ( ခ) ပြည်ပကော်ပိုရေးရှင်း၏ ဒါရိုက်တာများပြောင်းလဲခြင်း သို့မဟုတ် ဒါရိုက်တာများ၏ အမည်များ သို့မဟုတ် နေထိုင်ရာလိပ်စာများ ပြောင်းလဲခြင်း၊ ( ဂ) ပြည်ပကော်ပိုရေးရှင်း၏ မှတ်ပုံတင်ထားသောရုံးခန်း သို့မဟုတ် ထိုသို့ ပြည်ပတွင် လုပ်ကိုင်ဆောင်ရွက်သည့် အဓိကနေရာ၏ လိပ်စာပြောင်းလဲခြင်း သို့မဟုတ် (ဃ) နိုင်ငံတော်အတွင်း ပြည်ပကော်ပိုရေးရှင်း၏ မှတ်ပုံတင်ထားသော ရုံးခန်းလိပ်စာ သို့မဟုတ် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သည့် အဓိကနေရာလိပ်စာ ပြောင်းလဲခြင်း၊ အဆိုပြုချက်ပြောင်းလဲမှုအတွက် အကြောင်းကြားစာကို အဆိုပါလိပ်စာပြောင်းလဲခြင်း မပြုမီ ကြိုတင်ပေးပို့ရမည်။ (င) အခွင့်အာဏာအပ်နှင်းခြင်းခံရသောအရာရှိနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ ယင်း၏ လိပ်စာအတွက်သော်လည်းကောင်း၊ ပြည်ပကော်ပိုရေးရှင်းကိုယ်စား နိုင်ငံတော်အတွင်း စာရွက်စာတမ်း၊ စာချုပ်စာတမ်းဆောင်ရွက်မှုများ လက်ခံပြု လုပ်ရန်အတွက် အာဏာ အပ်နှင်းထားသော အခြားပုဂ္ဂိုလ်တစ်ဦးဦးအား ခန့်အပ်ခြင်း သို့မဟုတ် ၎င်း၏ အသေးစိတ် အချက်အလက်များအတွက်သော်လည်းကောင်း ပြောင်းလဲခြင်း၊ ထိုသို့ပြောင်းလဲမှုအတွက် အကြောင်းကြားစာကို ခုနစ်ရက် အတွင်းပေးပို့ရမည်။ ၅၂။ ပြည်ပကော်ပိုရေးရှင်းတစ်ခုသည် ပုဒ်မ ၅၁ ပါပြဋ္ဌာန်းချက်များကို လိုက်နာရန်ပျက်ကွက်လျှင် အဆိုပါပြည်ပကော်ပိုရေးရှင်း၊ ဒါရိုက်တာများနှင့် အခွင့်အာဏာအပ်နှင်းခြင်းခံရသော အရာရှိများသည် ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းငါးသောင်းစီ ပေးဆောင်ရန် တာဝန်ရှိသည်။ ပြည်ပကော်ပိုရေးရှင်းမှ နှစ်စဉ်တင်ပြဆောင်ရွက်ရမည့်ကိစ္စရပ်များ ၅၃။ (က) နိုင်ငံတော်အတွင်း၌ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သော ပြည်ပကော်ပိုရေးရှင်း အားလုံးသည် အောက်ပါတို့ကို မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည်(၁) ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီး ၂၈ ရက်အတွင်း သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် ပြုစုထားသော နှစ်စဉ်အစီရင်ခံစာနှင့် (၂) ကော်ပိုရေးရှင်းအနေဖြင့် ၎င်း၏ မူလနိုင်ငံတွင် ဥပဒေအရ ပြုစုတင်ပြရန် လိုအပ်သော ပုံစံ၊ ပါဝင်ရမည့် အသေးစိတ်အချက်အလက်များ လိုအပ်သည့် စာရွက်စာတမ်း မိတ္တုများပါရှိစေလျက် ၁၅ လထက်မပိုသောကာလအတွင်းဖြစ်ပြီး ပြက္ခဒိန်နှစ် တစ်ခုထက်မကျော်လွန်စေဘဲ – (ကက) ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည်အထိ ပြုစုထားသော လက်ကျန် ရှင်းတမ်း (balance sheet)၊ ( ခခ ) ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတွက် ဝင်ငွေထွက်ငွေဖော်ပြချက် စာရင်း (Cash Flow Statement) မိတ္တူတစ်စောင်နှင့် ( ဂဂ ) ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတွက် အရှုံးအမြတ်ဖော်ပြချက်စာရင်း (Profit & Loss Statement) မိတ္တူတစ်စောင်၊ ( ခ) ပုဒ်မခွဲ (က) တွင် ဖော်ပြပါရှိသည့်အတိုင်း ကော်ပိုရေးရှင်းမှာ ၎င်း၏ မူလနိုင်ငံဥပဒေအရ ဖော်ပြပါ စာရွက်စာတမ်းများကိုတင်ပြရန် မလိုအပ်ခဲ့လျှင် မှတ်ပုံတင်အရာရှိသည် နိုင်ငံတော်အတွင်း ၎င်း၏စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပုဒ်မခွဲ (က) တွင် ဖော်ပြပါရှိသည့် ဘဏ္ဍာရေး ဆိုင်ရာ စာရွက်စာတမ်းများကို တင်ပြရန် ကုမ္ပဏီအား တောင်းဆိုနိုင်သည်။ ကော်ပိုရေးရှင်းအား ဤဥပဒေအရ အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီအဖြစ် ဖွဲ့စည်းတည်ထောင်ထားသကဲ့သို့ ကော်ပိုရေးရှင်းမှပြုစု တင်ပြရန်လိုအပ်သည့် အဆိုပါပုံစံဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့် သတ်မှတ်ဖော်ပြထားသည့် ပုံစံဖြင့်ဖြစ်စေ အဆိုပါစာရွက်စာတမ်းများအား ပြုစုဆောင်ရွက် ရမည်။ ဤပုဒ်မခွဲအရ ဆုံးဖြတ်ချက်ချမှတ်ရာတွင် မှတ်ပုံတင်အရာရှိသည် ပြည်ပ ကော်ပိုရေးရှင်း၏ စီးပွားရေးလုပ်ငန်းများကို နိုင်ငံတော်အတွင်း အသေးစားကုမ္ပဏီတစ်ခု အဖြစ် ဆောင်ရွက်ခြင်းရှိမရှိကို ထည့်သွင်းစဉ်းစားနိုင်သည်။ ( ဂ ) မှတ်ပုံတင်အရာရှိသည် ဤပုဒ်မအရ တင်ပြရမည့် ဘဏ္ဍာရေးဆိုင်ရာ စာရွက်စာတမ်း တစ်ရပ်ရပ်ကို စာရင်းစစ်ဆေးစေခိုင်းနိုင်သည်။ ဤပုဒ်မခွဲအရ ဆုံးဖြတ်ချက်ချမှတ်ရာတွင် မှတ်ပုံတင်အရာရှိသည် ပြည်ပကော်ပိုရေးရှင်း၏ စီးပွားရေးလုပ်ငန်းများမှာ နိုင်ငံတော်အတွင်း အသေးစားကုမ္ပဏီတစ်ခုအဖြစ် ဆောင်ရွက်ခြင်းရှိမရှိကို ထည့်သွင်းဆုံးဖြတ်နိုင်သည်။ ၅၄။ ပြည်ပကော်ပိုရေးရှင်းတစ်ခုသည် ပုဒ်မ ၅၃ ပါ ဆောင်ရွက်ရမည့်အချက်များအား လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်လျှင် အဆိုပါပြည်ပကော်ပိုရေးရှင်း၊ ဒါရိုက်တာများနှင့်အခွင့်အာဏာ အပ်နှင်းခြင်းခံရသော အရာရှိများသည် သက်ဆိုင်ရာချိုးဖောက်မှုတစ်ရပ်စီအတွက် ဒဏ်ကြေးငွေ ကျပ် နှစ်သိန်းငါးသောင်းစီ ပေးဆောင်ရမည်။ နိုင်ငံတော်အတွင်း၌ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှုအား ရပ်စဲသည့်ပြည်ပကော်ပိုရေးရှင်း ၅၅။ (က) နိုင်ငံတော်အတွင်း၌ ပြည်ပကော်ပိုရေးရှင်းတစ်ခုသည် စီးပွားရေးလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်မှုအား ရပ်စဲပြီး ၂၁ ရက်အတွင်း ထိုသို့ရပ်စဲမှုအား သတ်မှတ်ဖော်ပြထားသည့် ပုံစံတွင်ဖော်ပြလျက် အကြောင်းကြားချက်တစ်ရပ်ကို တင်ပြရမည်ဖြစ်ပြီး အခြားသက်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြည်ပကော်ပိုရေးရှင်းက လိုက်နာဆောင်ရွက်ခြင်းရှိကြောင်း မှတ်ပုံတင်အရာရှိက ယုံကြည်သည့်အခါ မှတ်ပုံတင်စာရင်းမှ အဆိုပါပြည်ပကော်ပိုရေးရှင်း၏ အမည်ကို ပယ်ဖျက်ရမည်။ ( ခ ) ပြည်ပကော်ပိုရေးရှင်းတစ်ခုသည် နိုင်ငံတော်အတွင်း၌ စီးပွားရေးလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်ခြင်းမရှိကြောင်း မှတ်ပုံတင်အရာရှိက သင့်လျော်သည့်အကြောင်းဖြင့် ယုံကြည်သည့်အခါ မှတ်ပုံတင်အရာရှိသည် ထိုသို့တွေ့ရှိချက်များကို ဖော်ပြလျက် အကြောင်းကြားစာ တစ်စောင်အား ပြည်ပကော်ပိုရေးရှင်းထံသို့ ပေးပို့နိုင်သည်။ ထိုအကြောင်းကြားစာတွင် ပေးပို့သည့်နေ့မှ ၂၈ ရက်အတွင်း အကျိုးအကြောင်းတစ်စုံတစ်ရာ ဖော်ပြပြန်ကြားလာခြင်းမရှိခဲ့လျှင် ယင်းပြည်ပကော်ပိုရေးရှင်း၏အမည်ကို မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်ခြင်းအတွက် နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာမည် ဖြစ်ကြောင်း ဖော်ပြပါရှိရမည်။ ပြည်ပကော်ပိုရေးရှင်းသည် နိုင်ငံတော်အတွင်း၌ စီးပွားရေးလုပ်ငန်းကို ဆက်လက် လုပ်ကိုင်ဆောင်ရွက်နေကြောင်း ပြန်ကြားချက်ကို အကြောင်းကြားစာပေးပို့သည့်နေ့မှ ၂၈ ရက်အတွင်း မှတ်ပုံတင်အရာရှိက လက်ခံရရှိခြင်းမရှိခဲ့လျှင် မှတ်ပုံတင်အရာရှိသည် အကြောင်းကြားစာတစ်စောင်အား ထပ်မံပေးပို့နိုင်ပြီး နိုင်ငံတော်ပြန်တမ်းတွင်လည်း ထည့်သွင်းဖော်ပြနိုင်သည်။ ယင်းအကြောင်းကြားစာတွင် အကြောင်းကြားစာပေးပို့သည့် နေ့မှ သုံးလ ကုန်ဆုံးသည့်အခါ ယင်းပြည်ပကော်ပိုရေးရှင်း၏ အမည်အား အခြားသော ထည့်သွင်းစဉ်းစားရမည့်အချက်များ မပေါ်ပေါက်ခဲ့လျှင် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်မည် ဖြစ်ကြောင်း ဖော်ပြပါရှိရမည်။ (ဃ) ပုဒ်မခွဲ (ဂ) အရ ပေးပို့သည့်အကြောင်းကြားစာတွင် ဖော်ပြပါရှိသည့် ကာလကုန်ဆုံးသည့်အခါ မှတ်ပုံတင်အရာရှိသည် အခြားသောထည့်သွင်းစဉ်းစားရမည့် အချက်များမပေါ်ပေါက် ခဲ့လျှင် ပြည်ပကော်ပိုရေးရှင်း၏အမည်အား မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်နိုင်ပြီး ထိုသို့ ပယ်ဖျက်သည့် အကြောင်းကြားစာကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းဖော်ပြရမည်။ (င) မှတ်ပုံတင်အရာရှိသည် အပိုင်း (၅) ပါပြဋ္ဌာန်းချက်များနှင့်အညီ တရားဝင်စာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိကပေးပို့သည့် အကြောင်းကြားစာကို လက်ခံရရှိပြီးနောက် ပြည်ပကော်ပိုရေးရှင်းအား မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ရမည်။ ( စ) ပြည်ပကော်ပိုရေးရှင်းတစ်ခုသည် ယင်း၏ မူလနိုင်ငံတွင် စာရင်းရှင်းလင်းဖျက်သိမ်းရန် စတင်ပြုလုပ်လျှင် သို့မဟုတ် ဖျက်သိမ်းခဲ့လျှင် သို့မဟုတ် မှတ်ပုံတင်ထားခြင်းမှ ပြန်လည်ပယ်ဖျက်ခဲ့လျှင် – (၁) အဆိုပါနေ့မှ ၂၈ ရက်အတွင်း အခွင့်အာဏာအပ်နှင်းခြင်းခံရသောအရာရှိသည် ဖော်ပြပါအကြောင်းများနှင့် စပ်လျဉ်း၍ သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် အကြောင်းကြားစာကို မှတ်ပုံတင်အရာရှိသို့ ပေးပို့တင်ပြရမည်ဖြစ်ပြီး စာရင်း ရှင်းလင်းဖျက်သိမ်းရေး အရာရှိတစ်ဦးအားခန့်အပ်သည့်အခါ ထိုသို့ခန့်အပ်ကြောင်း သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် အကြောင်းကြားစာကို မှတ်ပုံတင်အရာရှိသို့ ပေးပို့ တင်ပြရမည့်အပြင် (၂) တရားရုံးသည် ပြည်ပကော်ပိုရေးရှင်း၏ မူလနိုင်ငံအတွက် တာဝန်ပေးထားသော စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ သို့မဟုတ် မှတ်ပုံတင်အရာရှိမှ လျှောက်ထား တင်ပြလာလျှင် ပြည်ပကော်ပိုရေးရှင်း၏ စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိတစ်ဦးကို နိုင်ငံတော်အတွင်း၌ ခန့်အပ်ပေးရမည်။ (ဆ) ပြည်ပကော်ပိုရေးရှင်းအား ဖျက်သိမ်းပြီးကြောင်း သို့မဟုတ် မှတ်ပုံတင်ထားခြင်းကို ပြန်လည်ပယ်ဖျက်ပြီးကြောင်း အဆိုပါပြည်ပကော်ပိုရေးရှင်း၏ အခွင့်အာဏာအပ်နှင်းခြင်း ခံရသောအရာရှိက တင်ပြအကြောင်းကြားခြင်းကို မှတ်ပုံတင်အရာရှိက လက်ခံရရှိသည့်အခါ မှတ်ပုံတင်အရာရှိသည် မှတ်ပုံတင်စာရင်းမှ အဆိုပါပြည်ပကော်ပိုရေးရှင်း၏ အမည်ကို ပယ်ဖျက်ရမည်။ ( ဇ ) တရားရုံးကခန့်အပ်တာဝန်ပေးသည့် ပြည်ပကော်ပိုရေးရှင်းတစ်ခု၏ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိသည် – (၁) ပြည်ပကော်ပိုရေးရှင်း၏ပစ္စည်းများကို ခွဲဝေခြင်းတစ်ရပ်ရပ်မပြုလုပ်မီ သင့်လျော်သည့် အချိန်ကာလအတွင်း နိုင်ငံတော်တစ်ဝှမ်း ထုတ်ဝေဖြန့်ဖြူးလျက်ရှိသော နေ့စဉ်ထုတ် သတင်းစာတစ်ခုခုတွင် ကြေညာခြင်းဖြင့် မြီရှင်များအားလုံးက ပြည်ပကော်ပိုရေးရှင်း အပေါ် တောင်းဆိုမှုများပြုလုပ်နိုင်ရန်အတွက် ဖိတ်ခေါ်ရမည်။ (၂) တရားရုံး၏အမိန့်တစ်ရပ်မပါရှိဘဲ ပြည်ပကော်ပိုရေးရှင်း၏ အခြားမြီရှင်တစ်ဦးကို နုတ်ပယ်၍ မြီရှင်တစ်ဦးသို့ ငွေပေးချေခြင်းမပြုရ။ ၎င်းအပြင် (၃) တရားရုံး၏အမိန့်တစ်ရပ်ရပ်ဖြင့် အခြားနည်းဖော်ပြထားခြင်းမရှိလျှင် နိုင်ငံတော် အတွင်းရှိ ပြည်ပကော်ပိုရေးရှင်း၏ပစ္စည်းများကို ပြန်လည်ရယူခြင်းနှင့် ရောင်းချခြင်း တို့ကိုပြုလုပ်၍ ယင်း၏ မူရင်းနိုင်ငံတွင် တာဝန်ပေးထားသော ပြည်ပကော်ပိုရေးရှင်း၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံသို့ အထက်ပါအတိုင်း ရယူရောင်းချသည့် ပစ္စည်းများ၏ အသားတင်ငွေပမာဏကို ပေးချေရမည်။ (ဈ) ပြည်ပကော်ပိုရေးရှင်းတစ်ခု၏ နိုင်ငံတော်အတွင်းရှိလုပ်ငန်းများကို ဖျက်သိမ်းသည့်အခါ မူရင်းနိုင်ငံအတွက် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ ခန့်အပ်ထားခြင်းမရှိခဲ့လျှင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ပုဒ်မခွဲ (ဇ) အရ ပြန်လည်ရရှိသည့်ငွေ ပမာဏအား ပေးချေနိုင်ရန်အတွက် အမိန့်တစ်ရပ်ချမှတ်ပေးနိုင်ရန် တရားရုံးသို့ တင်ပြ လျှောက်ထားနိုင်သည်။ ဤဥပဒေအရမှတ်ပုံတင်ထားသော ပြည်ပကော်ပိုရေးရှင်းများနှင့်စပ်လျဉ်းသည့် စာရွက်စာတမ်းများ ပေးပို့ဆောင်ရွက်ခြင်း ၅၆။ (က) စာရွက်စာတမ်းတစ်ခုအား အောက်ပါနည်းလမ်းတစ်ရပ်ရပ်ဖြင့် ပြည်ပကော်ပိုရေးရှင်း တစ်ခုထံသို့ ပေးပို့ဆောင်ရွက်ရမည် – (၁) နိုင်ငံတော်အတွင်းရှိ အဆိုပါ ပြည်ပကော်ပိုရေးရှင်း၏ မှတ်ပုံတင်ထားသော ရုံးခန်းသို့ လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှသော်လည်းကောင်း ပေးပို့ခြင်းဖြင့်ဖြစ်စေ၊ ( အဆိုပါ ပြည်ပကော်ပိုရေးရှင်း၏အခွင့်အာဏာ အပ်နှင်းခြင်းခံရသောအရာရှိ၏ လိပ်စာသို့ လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှသော်လည်းကောင်း ပေးပို့ခြင်းဖြင့်ဖြစ်စေ၊ အဆိုပါကိစ္စတစ်ရပ်စီတွင် ဤဥပဒေနှင့်အညီ အကြောင်းကြားဖော်ပြထားသည့် လိပ်စာသို့ ပေးပို့ဆက်သွယ်ဆောင်ရွက်ရမည်။ (ခ ) ပုဒ်မခွဲ (က) အရ ဆောင်ရွက်ခြင်းကို ကန့်သတ်တားမြစ်ခြင်းမရှိစေဘဲ ပြည်ပကော်ပိုရေးရှင်း၏ ဒါရိုက်တာနှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသောသူများသည် နိုင်ငံတော်အတွင်း နေထိုင်ကြလျှင် စာရွက်စာတမ်းတစ်ရပ်အား ပြည်ပကော်ပိုရေးရှင်းသို့ ပေးပို့ရာတွင် အနည်းဆုံး ဖော်ပြပါဒါရိုက်တာနှစ်ဦးထံသို့ စာရွက်စာတမ်းမိတ္တု တစ်စောင်စီကို တရားဝင် ပေးပို့ ဆောင်ရွက်ပေးခြင်းဖြင့် ပြုလုပ်နိုင်သည်။ (ဂ) ပြည်ပကော်ပိုရေးရှင်းတစ်ခု၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိတစ်ဦးအား ခန့်အပ် ခဲ့သည့်အခါ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိ တင်ပြထားသည့် အကြောင်းကြားစာရှိ နောက်ဆုံးရုံးခန်းလိပ်စာသို့ စာရွက်စာတမ်းအား လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှ သော်လည်းကောင်း ပြည်ပကော်ပိုရေးရှင်းသို့ တရားဝင်ပေးပို့ဆောင်ရွက်နိုင်သည်။ (ဃ) ဤပုဒ်မတွင်ပါရှိသော မည်သည့်ပြဋ္ဌာန်းချက်ကမျှ ပြည်ပကော်ပိုရေးရှင်းတစ်ခုသို့ စာရွက်စာတမ်းများပေးပို့ရာတွင် အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်တွင် ဖော်ပြပါရှိသော အခြားနည်းလမ်းတစ်ရပ်ရပ်ဖြင့် ထိုသို့ဆောင်ရွက်ခွင့်ပြုနိုင်သော တရားရုံး၏အခွင့်အာဏာကို ထိခိုက်စေခြင်းမရှိစေရ။ အခန်း (၁၀) ကုမ္ပဏီအမျိုးအစားပြောင်းလဲခြင်း ကုမ္ပဏီအမျိုးအစားပြောင်းလဲခြင်း ၅၇။ (က) ကုမ္ပဏီတစ်ခုသည် ဤအခန်းပါ ပြဋ္ဌာန်းချက်များကိုလိုက်နာလျက် အမျိုးအစား ပြောင်းလဲရန် အထူးဆုံးဖြတ်ချက်တစ်ရပ်ချမှတ်၍ ဤပုဒ်မပါ ပြဋ္ဌာန်းချက်များအရ အခြားသော အမျိုးအစားတစ်ရပ်ရပ်သို့ ပြောင်းလဲနိုင်သည်။ (ခ ) ဤအခန်းပါပြဋ္ဌာန်းချက်များနှင့်အညီ အောက်ပါအတိုင်း ပြောင်းလဲဆောင်ရွက်နိုင်သည်(၁) အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီတစ်ခုမှ အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီတစ်ခုသို့ ပြောင်းလဲခြင်း၊ (၂) အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီတစ်ခုမှ အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီ တစ်ခုသို့ပြောင်းလဲခြင်း၊ (၃) ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတစ်ခုမှအများနှင့်သက်ဆိုင်သော သို့မဟုတ် အများနှင့်မသက်ဆိုင်သော ကုမ္ပဏီတစ်ခုသို့ ပြောင်းလဲခြင်းနှင့် (၄) တာဝန်ကန့်သတ်မထားသည့်ကုမ္ပဏီတစ်ခုမှ အများနှင့်သက်ဆိုင်သော သို့မဟုတ် အများနှင့်မသက်ဆိုင်သော ကုမ္ပဏီတစ်ခုသို့ ပြောင်းလဲခြင်း။ အမျိုးအစားပြောင်းလဲရန်အတွက်လျှောက်ထားခြင်း ၅၈။ (က) ကုမ္ပဏီတစ်ခုသည် ကုမ္ပဏီအမျိုးအစား ပြောင်းလဲရန်အတွက် လျှောက်ထားမှုအား သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် အောက်ပါအချက်အလက်များနှင့်တကွ မှတ်ပုံတင် အရာရှိထံသို့ တင်ပြလျှောက်ထားရမည် – (၁) ကုမ္ပဏီ၏အမျိုးအစားအသစ်နှင့် အမည်ပြောင်းလဲမှုပြုလုပ်ခဲ့လျှင် ကုမ္ပဏီ၏ အမည်သစ်နှင့် ကုမ္ပဏီ၏အမျိုးအစား အသစ်ပြောင်းလဲပြင်ဆင်ရန် ဆုံးဖြတ်သည့် အထူးဆုံးဖြတ်ချက်ကို တရားဝင်ချမှတ်ပြီးဖြစ်ကြောင်း အတည်ပြု ဖော်ပြပါရှိသည့် ရေးသားဖော်ပြချက်၊ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းရှိခဲ့လျှင် ၎င်းကိုပြင်ဆင်ရန်ဆုံးဖြတ်သည့် အထူးဆုံးဖြတ်ချက်ကို တရားဝင်ချမှတ်ပြီးဖြစ်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းပုံစံနှင့်မတူညီသော ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတစ်ရပ်အား ကုမ္ပဏီက အသုံးပြုရန် ရည်ရွယ်သည့်အခါ ပြင်ဆင်ထားသည့်ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၏ မိတ္တုတစ်စောင်ကို အတည်ပြု ဖော်ပြပါရှိသည့် ရေးသားဖော်ပြချက်၊ မှတ်ပုံတင်အရာရှိက မှတ်ပုံတင်စာရင်းတွင် ရေးသွင်းဖော်ပြထားသည့် ကုမ္ပဏီ၏ အသေးစိတ်အချက်အလက်များ၌ ကုမ္ပဏီအမျိုးအစား ပြောင်းလဲမှုနှင့်စပ်လျဉ်း၍ ပေါ်ပေါက်လာသည့် အခြားသောပြောင်းလဲမှုတစ်ရပ်ရပ်ကို ဖြည့်စွက်ဖော်ပြထားသည့် ရေးသားဖော်ပြချက်နှင့် (၄) ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတစ်ခုမှ အများနှင့် သက်ဆိုင်သော သို့မဟုတ် အများနှင့်မသက်ဆိုင်သော ကုမ္ပဏီတစ်ခုသို့ ပြောင်းလဲခြင်း ကိစ္စရပ်အတွက်(ကက) ကုမ္ပဏီ၏ဒါရိုက်တာများက အမျိုးအစားပြောင်းလဲခြင်းကြောင့် မြီရှင်များ အတွက် ကြီးမားစွာထိခိုက်ခြင်းမရှိဟု ယူဆကြောင်းနှင့် ထိုသို့ယူဆ ရသည့် အကြောင်းပြချက်များပါရှိသော ရေးသားဖော်ပြချက်တစ်စောင်နှင့် ( ခခ ) ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတစ်ခုတွင် အစုရှယ်ယာ မတည်ငွေရင်းမရှိပါက ပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ် (၈) အရ လိုအပ်သည့် အချက်အလက်များပါရှိသော ရေးသားဖော်ပြချက်နှင့်အစုရှယ်ယာထုတ်ဝေခြင်းအတွက် အထူးဆုံးဖြတ်ချက် ချမှတ်ပြီး ဖြစ်ကြောင်း ရေးသားဖော်ပြချက်။ ( ခ ) ကုမ္ပဏီသည် ယင်း၏အမျိုးအစား ပြောင်းလဲခြင်းဆိုင်ရာ အသေးစိတ်အချက်အလက် များကိုပြောင်းလဲရန် မှတ်ပုံတင်အရာရှိထံသို့ တင်ပြထားကြောင်းကို နိုင်ငံတော် ပြန်တမ်း နှင့် နိုင်ငံတော်တစ်ဝှမ်း ထုတ်ဝေဖြန့်ဖြူးလျက်ရှိသော နေ့စဉ်ထုတ်သတင်းစာတစ်ခုခုတို့တွင် အသိပေးကြေညာရမည်။ ( ဂ ) ပုဒ်မခွဲ (ခ) အရ ကုမ္ပဏီကထုတ်ပြန်သည့် ကြေညာချက်တွင် နိုင်ငံတော်ပြန်တမ်း၌ ထည့်သွင်းဖော်ပြပြီးနောက် ၂၈ ရက်အတွင်း မှတ်ပုံတင်အရာရှိသည် ကုမ္ပဏီကတင်ပြသည့် လျှောက်ထားမှုကို ပုဒ်မခွဲ (က) နှင့်အညီဖြစ်ကြောင်း ကျေနပ်လက်ခံပြီး တရားရုံး၏ အမိန့်တစ်ရပ်ရပ်အရ တားမြစ်ခြင်းမရှိလျှင် ကုမ္ပဏီ၏ မှတ်ပုံတင်ထားသော ကုမ္ပဏီ အမျိုးအစားပြောင်းလဲခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို ပြောင်းလဲပေးမည် ဖြစ်ကြောင်း ဖော်ပြပါရှိစေရမည်။ (ဃ) ၂၈ ရက်အတွင်း တရားရုံးကချမှတ်သည့် အမိန့်တစ်ရပ်ရပ်မရှိခဲ့လျှင် ပုဒ်မခွဲ (က) နှင့် အညီဖြစ်ကြောင်း ကုမ္ပဏီကတင်ပြသည့် လျှောက်ထားမှုကို ကျေနပ်လက်ခံပြီး ၂၈ ရက် ကျော်လွန်ပြီးနောက် မှတ်ပုံတင်အရာရှိသည် ကုမ္ပဏီအမျိုးအစားအသစ်နှင့် သက်ဆိုင်သော ကုမ္ပဏီ၏ အသေးစိတ်အချက်အလက်များကို မှတ်ပုံတင်စာရင်း၌ ပြောင်းလဲပေးရမည်။ (င ) ကုမ္ပဏီအမျိုးအစား ပြောင်းလဲခြင်းနှင့်ဆိုင်သော အသေးစိတ်အချက်အလက်များကို မှတ်ပုံတင်အရာရှိက မှတ်ပုံတင်စာရင်း၌ ပြောင်းလဲပေးသည့်အခါ ဤပုဒ်မအရ ကုမ္ပဏီ အမျိုးအစားပြောင်းလဲမှုသည် အကျိုးသက်ရောက်စေရမည်။ မှတ်ပုံတင်အရာရှိသည် ကုမ္ပဏီမှတ်ပုံတင်ခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို မှတ်ပုံတင်စာရင်း၌ ပြောင်းလဲပြီးနောက် မှတ်ပုံတင်သက်သေခံလက်မှတ် အသစ်တစ်ခုကို ကုမ္ပဏီသို့ ထုတ်ပေးရမည်။ ကုမ္ပဏီ၏အမည်ကို ဤပုဒ်မအရထုတ်ပေးသည့် မှတ်ပုံတင် သက်သေခံလက်မှတ်တွင် ဖော်ပြထားသောအမည်အတိုင်း ဖြစ်စေရမည်။ ကုမ္ပဏီအမျိုးအစား ပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှု ၅၉။ (က) ကုမ္ပဏီအမျိုးအစားပြောင်းလဲခြင်းသည် (၁) ဥပဒေအရရပ်တည်နိုင်သည့် အဖွဲ့အစည်းအသစ်တစ်ရပ် ပေါ်ပေါက်လာခြင်း မရှိစေရ၊ (၂) ကုမ္ပဏီတွင်ပါဝင်သူများအဖြစ် ဆောင်ရွက်နိုင်သည့်ကိစ္စရပ်တွင် ကုမ္ပဏီတွင် ပါဝင်သူများအပေါ် သတ်မှတ်သည့်ကိစ္စရပ်မှအပ ကုမ္ပဏီ၏လက်ရှိပစ္စည်းများ၊ အခွင့်အရေးနှင့် တာဝန်များကို ထိခိုက်ခြင်းမရှိစေရ၊ (၃) ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီတွင် ပါဝင်သူများကသော်လည်းကောင်း၊ ၎င်းတို့အပေါ်တွင် လည်းကောင်း ဆောင်ရွက်နေသည့်တရားစွဲဆိုမှုများကို ထိခိုက်စေခြင်းမရှိစေရ။ ( ခ ) ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့်ကုမ္ပဏီမှ အစုရှယ်ယာအားဖြင့် တာဝန် ကန့်သတ်ထားသည့် ကုမ္ပဏီတစ်ခုအဖြစ်သို့ ပြောင်းလဲသည့်အခါတွင်(၁) ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့်စပ်လျဉ်း၍ အာမခံသူအဖြစ် ကုမ္ပဏီတွင် ပါဝင်သူနှင့် ယခင်က ပါဝင်ခဲ့သူများ၏ တာဝန်ရှိမှုသည် ရပ်စဲပြီး ဖြစ်စေရမည်။ အာမခံချက်ပေးခြင်း သို့မဟုတ် အာမခံချက်ပေးရန် သဘောတူခြင်းကြောင့် ကုမ္ပဏီတွင်ပါဝင်သူဖြစ်ခဲ့သော ပုဂ္ဂိုလ်သည် ထိုကုမ္ပဏီတွင်ပါဝင်သူအဖြစ်မှ ရပ်စဲသည်။ သို့ရာတွင် ယင်းတို့သည် ကုမ္ပဏီမှ အစုရှယ်ယာများထုတ်ယူပါက ကုမ္ပဏီတွင်ပါဝင်သူများအဖြစ် ဆက်လက်ရှိနေမည်ဖြစ်သည်။ (၃) ပုဒ်မ ၅၈၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄)၊ ပုဒ်မခွဲငယ်စိတ် (ခခ) အရ ဆောင်ရွက်ရန် လိုအပ်သည့် ရေးသားဖော်ပြချက်တွင် ထည့်သွင်းဖော်ပြရန် လိုအပ်သော ကုမ္ပဏီတွင် ပါဝင်သူများ၏စာရင်း၌ သတ်မှတ်ထားသော ပုဂ္ဂိုလ်တစ်ဦးဦးသို့ အစုရှယ်ယာများအား ထုတ်ဝေမည်ဆိုလျှင် အောက်ပါကိစ္စရပ်များကိုမှတ်ယူရမည် – (ကက) အစုရှယ်ယာများအား အဆိုပါပုဂ္ဂိုလ်သို့ ထုတ်ပေးထားကြောင်း၊ ( ခခ ) ထိုပုဂ္ဂိုလ်ကကုမ္ပဏီတွင် ပါဝင်သူအဖြစ်ဆောင်ရွက်ရန် သဘောတူကြောင်း ( ဂဂ ) ထိုပုဂ္ဂိုလ်သည် ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဖြစ်ကြောင်း။

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။