အခန်း (၁၆) ကုမ္ပဏီရုံးခန်းနှင့် အမည် မှတ်ပုံတင်ထားသော ကုမ္ပဏီရုံးခန်း ၁၄၁။ (က) ကုမ္ပဏီတစ်ခုသည် ယင်းအား စတင်ဖွဲ့စည်းတည်ထောင်သည့်နေ့မှစ၍ ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်မှုများ၊ အကြောင်းကြားမှုများအတွက် လိပ်မူပေးပို့နိုင်မည့် မှတ်ပုံတင်ထားသော ကုမ္ပဏီရုံးခန်းတစ်ခု ရှိရမည်။ ( ခ ) ကုမ္ပဏီသည် မှတ်ပုံတင်ထားသော ရုံးခန်းလိပ်စာရှိ အဆောက်အအုံဥပစာတွင် လုပ်ငန်း ဆောင်ရွက်ရန် မလိုအပ်။ သို့ရာတွင် အဆိုပါအဆောက်အအုံဥပစာတွင် ဝင်ရောက် နေထိုင်သူက ယင်းနေရာအား ကုမ္ပဏီ၏မှတ်ပုံတင်ထားသော ရုံးခန်းအဖြစ် အသုံးပြုခွင့် ပေးကြောင်း သဘောတူညီချက်ကို ရယူထိန်းသိမ်းထားရမည်။ အဆိုပါသဘောတူညီချက်အား ပြန်လည်ရုပ်သိမ်းခဲ့လျှင် ကုမ္ပဏီသည် မှတ်ပုံတင်ထားသော ရုံးခန်းအသစ်တစ်ခုကို ထပ်မံဖော်ပြရမည်။ မှတ်ပုံတင်အရာရှိသည် ဤပုဒ်မခွဲအရ လိုအပ်သော သဘောတူညီချက် အထောက်အထားကို ကုမ္ပဏီအားတင်ပြစေနိုင်သည်။ (ဂ) ကုမ္ပဏီဖွဲ့စည်းတည်ထောင်သည့် လျှောက်လွှာတွင် မှတ်ပုံတင်ထားသော ရုံးခန်းလိပ်စာ အပြည့်အစုံကို အကြောင်းကြား ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး အဆိုပါလိပ်စာတွင် အဆိုပြုပြောင်းလဲပြင်ဆင်မှု တစ်စုံတစ်ရာရှိခဲ့ပါက ထိုသို့ပြောင်းလဲပြင်ဆင်သည့်နေ့ မတိုင်မီ သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည်။ မှတ်ပုံတင်အရာရှိသည် အဆိုပါပြောင်းလဲမှုများကို မှတ်တမ်းတင်ထားရှိရမည်။ (ဃ) ကုမ္ပဏီ၏ နှစ်စဉ်အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည့် မှတ်ပုံတင်ထားသော ကုမ္ပဏီရုံးခန်းလိပ်စာသည် ဤပုဒ်မပါ ပြဋ္ဌာန်းချက်များအရ သတ်မှတ်ထားသည့် တာဝန်အတွက် ပြည့်စုံလုံလောက်သည်ဟု သတ်မှတ်ခြင်း မရှိစေရ။ (င) မှတ်ပုံတင်အရာရှိသည် အောက်ပါကိစ္စရပ်များပေါ်ပေါက်ကြောင်း ထင်မြင်ခဲ့လျှင် နိုင်ငံအတွင်းနေထိုင်သည့် ဒါရိုက်တာတစ်ဦးဦးထံသို့ အကြောင်းကြားစာပေးပို့၍ မှတ်ပုံတင်ထားသော ရုံးခန်းလိပ်စာကို အဆိုပါဒါရိုက်တာ၏လိပ်စာဖြင့် ပြောင်းလဲ သတ်မှတ်လိုကြောင်း အသိပေးနိုင်သည်(၁) အကယ်၍ မှတ်ပုံတင်ထားသောရုံးခန်းသည် ကုမ္ပဏီလုပ်ငန်းဆောင်ရွက်သည့် အဆောက်အအုံဥပစာတွင် တည်ရှိခဲ့သော်လည်း ထိုအဆောက်အအုံဥပစာတွင် ကုမ္ပဏီက ဆက်လက်လုပ်ငန်းဆောင်ရွက်ခြင်းမရှိလျှင် သို့မဟုတ် (၂) အကယ်၍ မှတ်ပုံတင်ထားသောရုံးခန်းသည် ကုမ္ပဏီလုပ်ငန်းဆောင်ရွက်သည့် အဆောက်အအုံဥပစာတွင် လုပ်ငန်းဆောင်ရွက်ခြင်းမရှိလျှင် ထိုအဆောက်အအုံ ဥပစာတွင် ဝင်ရောက်နေထိုင်သူက ယင်းဥပစာအား ကုမ္ပဏီ၏ မှတ်ပုံတင်ထားသော ရုံးခန်းအဖြစ် အသုံးပြုခွင့်ပေးရန် သဘောတူညီခြင်းမရှိလျှင် သို့မဟုတ် ပြန်လည် ရုပ်သိမ်းလျှင် သို့မဟုတ် ၎င်းအနေဖြင့် ယင်းဥပစာတွင် ဆက်လက်နေထိုင်ခြင်း မရှိလျှင် အဆိုပါအကြောင်းကြားစာအား ထုတ်ပြန်သည့်နေ့မှ ၂၈ ရက်အတွင်း ကုမ္ပဏီသည် ရုံးခန်းလိပ်စာအသစ်ကို သတ်မှတ်ဖော်ပြနိုင်ခြင်းမရှိပါက မှတ်ပုံတင် အရာရှိသည် အထက်ပါလိပ်စာကို မှတ်ပုံတင်ထားသော ရုံးခန်းလိပ်စာအဖြစ် ပြောင်းလဲသတ်မှတ်နိုင်သည်။ ၁၄၂။ ကုမ္ပဏီတစ်ခုသည် ပုဒ်မ ၁၄၁ အရ သတ်မှတ်ထားသည့်အချက်များကိုလိုက်နာရန် ပျက်ကွက်ခဲ့လျှင် ဒဏ်ကြေးငွေကျပ်လေးသိန်းကို ပေးဆောင်ရမည်။ တာဝန်ကန့်သတ်ထားသည့်ကုမ္ပဏီ၏အမည်ကို ဖော်ပြရခြင်း ၁၄၃။ တာဝန်ကန့်သတ်ထားသည့်ကုမ္ပဏီအားလုံးသည် – (က) ယင်း၏အမည်အား မှတ်ပုံတင်ထားသော ကုမ္ပဏီရုံးခန်းတွင်လည်းကောင်း၊ အများ ပြည်သူနှင့် ဆက်သွယ်ဆောင်ရွက်သည့်ရုံးခန်း သို့မဟုတ် နေရာအားလုံးတို့တွင် လည်းကောင်း မြင်သာသည့်နေရာ၌ မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့် ရှင်းလင်းစွာ ရေးသားဖော်ပြရမည်။ ( ခ) ကုမ္ပဏီ၏ရုံးတံဆိပ်ရှိခဲ့လျှင် ယင်းရုံးတံဆိပ်တွင် ၎င်း၏အမည်အား ရှင်းလင်းလွယ်ကူသည့် စာလုံးများဖြင့် ဖော်ပြပါရှိစေရမည်။ (ဂ) အောက်ပါကိစ္စရပ်များအားလုံးတွင် ယင်း၏အမည်အား မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့် လွယ်ကူစွာဖတ်ရှုနိုင်စေရန်ဖော်ပြရမည် – (၁) ကုမ္ပဏီကသော်လည်းကောင်း၊ ကုမ္ပဏီ၏ ကိုယ်စားသော်လည်းကောင်းစာဖြင့် ရေးသားပေးပို့သည့် ဆက်သွယ်ဆောင်ရွက်မှုများနှင့် (၂) ကုမ္ပဏီကသော်လည်းကောင်း၊ ကုမ္ပဏီ၏ကိုယ်စားသော်လည်းကောင်း ထုတ်ပြန်သည့် သို့မဟုတ် လက်မှတ်ရေးထိုးပြီး ကုမ္ပဏီအတွက် ဥပဒေအရတာဝန်ရှိမှုတစ်ရပ်ရပ်ကို ဖြစ်စေသည့် စာရွက်စာတမ်းများ။ ကုမ္ပဏီ၏အမည်ကို ဖော်ပြခြင်းမပြုသည့်အတွက် ပြစ်ဒဏ် ၁၄၄။ (က) တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတစ်ခုသည် ယင်း၏အမည်အား ဤဥပဒေအရ ညွှန်ကြားထားသည့် နည်းလမ်းများအတိုင်း ရှင်းလင်းထင်ရှားစွာ လိုက်နာဖော်ပြခြင်း မရှိလျှင် ဒဏ်ကြေးငွေကျပ်ငါးသောင်းကို ပေးဆောင်ရမည်ဖြစ်ပြီး သိလျက်ဖြင့်တမင် ပျက်ကွက် စေခဲ့သည့် သို့မဟုတ် ပျက်ကွက်ရန်ခွင့်ပြုခဲ့သည့် ကုမ္ပဏီအရာရှိတစ်ဦးစီသည် အလားတူ ပြစ်ဒဏ်အတွက် တာဝန်ရှိစေရမည်။ ( ခ) တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတစ်ခု၏အရာရှိတစ်ဦးဦး သို့မဟုတ် ယင်းကိုယ်စား ဆောင်ရွက်သူတစ်ဦးဦးသည် အထက်တွင်ပြဋ္ဌာန်းထားသည့်အတိုင်း ယင်း၏အမည်ကို ရှင်းလင်းထင်ရှားစွာဖော်ပြခြင်းမပြုဘဲ ကုမ္ပဏီ၏ရုံးတံဆိပ်တစ်ခုအဖြစ် ရည်ရွယ်လျက် ရုံးတံဆိပ်တစ်ခုခုကိုအသုံးပြုခဲ့လျှင် သို့မဟုတ် ထိုသို့အသုံးပြုရန်ခွင့်ပြုခဲ့လျှင် သို့မဟုတ် အထက်တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ယင်း၏အမည်ကို ပုဒ်မ ၁၄၃၊ ပုဒ်မခွဲ (ဂ) တွင် ဖော်ပြပါရှိသည့် ဆက်သွယ်ဆောင်ရွက်မှု သို့မဟုတ် စာရွက်စာတမ်းတစ်ခုခုကို ဖော်ပြခြင်း မပြုဘဲ ပြုလုပ်ဆောင်ရွက်ခဲ့လျှင် သို့မဟုတ် ထိုသို့ပြု လုပ်ဆောင်ရွက်ရန်ခွင့်ပြုခဲ့လျှင် ဒဏ်ကြေးငွေကျပ်ငါးသောင်းကို ပေးဆောင်ရမည်။ ၎င်းအပြင် အဆိုပါစာရွက်စာတမ်းသည် ကုမ္ပဏီအတွက် ဥပဒေအရတာဝန်ရှိမှုတစ်ရပ်ရပ်ကို ဖြစ်ပေါ်စေခဲ့ပြီး အောက်ပါကိစ္စရပ်များ မပေါ်ပေါက်ခဲ့လျှင် ထိုတာဝန်ရှိမှုကို ကုမ္ပဏီက မဆောင်ရွက်နိုင်သဖြင့် ကုမ္ပဏီအပေါ်တွင် ဖြစ်ပေါ်လာသည့် တာဝန်ရှိမှုများအတွက်လည်း ထိုသူက တာဝန်ယူဆောင်ရွက်ရမည်(၁) အခြားပုဂ္ဂိုလ်အတွက် ကုမ္ပဏီသည် တာဝန်ယူဆောင်ရွက်မည်ဟု အဆိုပါ ပုဂ္ဂိုလ်သည် သိရှိသူ သို့မဟုတ် သိရှိသည်ဟု မှတ်ယူခံရသူပုဂ္ဂိုလ်ဖြစ်ကြောင်း စာရွက်စာတမ်းကို ထုတ်ပြန်ခဲ့သူ သို့မဟုတ် လက်မှတ်ရေးထိုးခဲ့သူက ထင်ရှား ပြသနိုင်ခြင်း၊ သို့မဟုတ် (၂) တရားရုံးက အဆိုပါစာရွက်စာတမ်းကို ထုတ်ပြန်ခဲ့သူ သို့မဟုတ် လက်မှတ်ရေး ထိုးခဲ့သူအပေါ် ထိုသို့တာဝန်ရှိစေခြင်းမှာ တရားမျှတမှုမရှိကြောင်းတွေ့ရှိခြင်း။ အခန်း (၁၇) အစည်းအဝေးများနှင့် ကုမ္ပဏီများ၏ ဆောင်ရွက်မှုများ ဒါရိုက်တာများ၏ အစည်းအဝေးများ ၁၄၅။ (က) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ – (၁) ဒါရိုက်တာများ၏အစည်းအဝေးတစ်ရပ်ကို ဒါရိုက်တာတစ်ဦးက အခြားဒါရိုက်တာ များထံသို့ သင့်လျော်သော အချိန်ကာလအတွင်း အကြောင်းကြားစာပေးပို့၍ ခေါ်ယူကျင်းပနိုင်သည်။ (၂) အစည်းအဝေးအား ဒါရိုက်တာများအားလုံးက သဘောတူလက်ခံသည့်နည်းလမ်း တစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ၊ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် သတ်မှတ်ဖော်ပြထားသည့် နည်းလမ်းဖြင့်ဖြစ်စေခေါ်ယူနိုင်သည် သို့မဟုတ် ကျင်းပနိုင်သည်။ ၃) ဒါရိုက်တာများ၏အစည်းအဝေးတစ်ရပ်အတွက် အစည်းအဝေးအထမြောက်စေရန် တက်ရောက်ရမည့် ဒါရိုက်တာဦးရေမှာ နှစ်ဦး သို့မဟုတ် ကုမ္ပဏီ၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းတွင် သတ်မှတ်ဖော်ပြထားသည့်အရေအတွက် ရှိရမည်ဖြစ်ပြီး ထိုဒါရိုက်တာအားလုံးသည် အစည်းအဝေးအချိန်ကာလတစ်လျှောက်လုံး တက်ရောက် ရမည်။ ၎င်းအပြင် (၄) အစည်းအဝေး ဆုံးဖြတ်ချက်တစ်ရပ်အား အဆိုပါဆုံးဖြတ်ချက်အတွက် မဲပေးခွင့် ရရှိသူ ဒါရိုက်တာများ၏ ဆုံးဖြတ်မဲအများစုဖြင့် ချမှတ်ဆောင်ရွက်ရမည်။ ( ခ ) ဒါရိုက်တာများ၏ အစည်းအဝေးများနှင့် ကုမ္ပဏီ၏အစည်းအဝေးများတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် ပုဂ္ဂိုလ်တစ်ဦးကို ဒါရိုက်တာများက ရွေးချယ်ရမည်။ အစည်းအဝေး တစ်ရပ်တွင်ဖြစ်စေ၊ အစည်းအဝေးဆောင်ရွက်နေသည့် အချိန်ကာလအပိုင်းအခြား တစ်ရပ်တွင်ဖြစ်စေ ရွေးချယ်ခံထားရသောဥက္ကဋ္ဌက တက်ရောက်ရန် ပျက်ကွက်ခဲ့လျှင် အစားထိုးဆောင်ရွက်မည့် ဥက္ကဋ္ဌတစ်ဦးကို ရွေးချယ်နိုင်သည်။ (ဂ ) ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ ဥက္ကဋ္ဌသည် ဒါရိုက်တာများ၏ အစည်းအဝေးတွင် အဆုံးအဖြတ်မဲတစ်မဲ ပေးခွင့်ရှိသည်။ နှစ်ပတ်လည် အထွေထွေအစည်းအဝေး ၁၄၆။ (က) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီအားလုံးသည် ယင်း၏ နှစ်ပတ်လည် အထွေထွေအစည်းအဝေးအဖြစ် အထွေထွေအစည်းအဝေးတစ်ရပ်ကို ယင်းကုမ္ပဏီအား စတင်ဖွဲ့ စည်းတည်ထောင်သည့်နေ့ရက်မှ ၁၈ လအတွင်း ကျင်းပရမည်ဖြစ်ပြီး ၎င်းအစည်းအဝေးအား ကျင်းပပြီးနောက်ပိုင်း ပြက္ခဒိန်နှစ်တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ်ကျင်းပရမည်။ ထိုသို့ဆောင်ရွက်ရာတွင် နောက်ဆုံးအကြိမ် ခေါ်ယူကျင်းပခဲ့သည့် နှစ်ပတ်လည် အထွေထွေအစည်းအဝေးမှ ၁၅ လထက်မပိုသောကာလအတွင်း ဖြစ်စေ၊ ရမည်။ ( ခ ) ဤဥပဒေအရဖြစ်စေ၊ အခြားသက်ဆိုင်ရာဥပဒေတစ်ရပ်ရပ်အရဖြစ်စေ နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်မည့် အကြောင်းအရာများသည် အစည်းအဝေးအကြောင်းကြားစာ၌ ဖော်ပြထားခြင်းမရှိစေကာမူ အောက်ပါကိစ္စရပ်များ ပါဝင်ရမည်(၁) ကုမ္ပဏီအနေဖြင့် နှစ်စဉ်ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာ၊ ဒါရိုက်တာများ၏ အစီရင်ခံစာများနှင့် စာရင်းစစ်အစီရင်ခံစာများကိုပြုစုရန် လိုအပ်သည့်အခါ ထိုအစီရင်ခံစာများအတွက် ဆွေးနွေးဆုံးဖြတ်ခြင်း၊ (၂) ဒါရိုက်တာများကို ရွေးချယ်ခြင်းနှင့် (၃) ကုမ္ပဏီအနေဖြင့် စာရင်းစစ်တစ်ဦးခန့်ထားရန်လိုအပ်သည့်အခါ အဆိုပါစာရင်းစစ်အား ခန့်ထားခြင်း။ (ဂ ) ဥက္ကဋ္ဌသည် ကုမ္ပဏီတွင်ပါဝင်သူများအား ကုမ္ပဏီ၏စီမံအုပ်ချုပ်မှုများနှင့် စပ်လျဉ်း၍ မေးခွန်းများမေးမြန်းရန် သို့မဟုတ် သဘောထားမှတ်ချက်များပေးရန်တို့အတွက် သင့်လျော်သော အခွင့်အရေးပေးရမည်။ (ဃ) ကုမ္ပဏီ၏စာရင်းစစ်သည် နှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့ တက်ရောက်ရမည် ဖြစ်ပြီး ဥက္ကဋ္ဌသည် ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီ၏စာရင်းစစ်ဆေးခြင်း၊ စာရင်းစစ် အစီရင်ခံစာ သို့မဟုတ် ငွေစာရင်းများနှင့်စပ်လျဉ်း၍ စာရင်းစစ်သို့ မေးခွန်းများ မေးမြန်းနိုင်ရန်အတွက် သင့်လျော်သောအခွင့်အရေး ပေးရမည်။ (င) အောက်ပါကိစ္စရပ်များပေါ်ပေါက်ခြင်းမှတစ်ပါး ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် အသေးစား ကုမ္ပဏီများနှင့် သက်ဆိုင်ခြင်းမရှိစေရ(၁) ထိုအသေးစားကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းသည် ဤပုဒ်မရှိ ပြဋ္ဌာန်းချက် များကို ကျင့်သုံးဆောင်ရွက်မှုရှိခြင်း သို့မဟုတ် အလားတူ သတ်မှတ်ချက်များ ပါရှိခြင်း သို့မဟုတ် ထိုအသေးစားကုမ္ပဏီတွင် ပါဝင်သူများက သာမန်ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်၍ ဤပုဒ်မရှိ ပြဋ္ဌာန်းချက်များကို ကျင့်သုံးဆောင်ရွက်စေရန် ဆုံးဖြတ်ခြင်း သို့မဟုတ် (၃) မှတ်ပုံတင်အရာရှိက ထိုအသေးစား ကုမ္ပဏီအနေဖြင့် ဤပုဒ်မပါ ပြဋ္ဌာန်းချက် များအား ကျင့်သုံးဆောင်ရွက်သင့်သည်ဟု ဆုံးဖြတ်ခြင်း။ ပုဒ်မ ၁၄၆ ပါ ပြဋ္ဌာန်းချက်များအား ပျက်ကွက်ခြင်း ၁၄၇။ ပုဒ်မ ၁၄၆ ပါပြဋ္ဌာန်းချက်များအရ နှစ်ပတ်လည်အထွေထွေ အစည်းအဝေးတစ်ရပ်အား ကျင်းပရာတွင် ပျက်ကွက်မှုတစ်စုံတစ်ရာ ပြုလုပ်ခဲ့ပါက(က) ထိုပျက်ကွက်မှုတွင် သိလျက်ဖြင့်တမင် ပါဝင်ခဲ့သောကုမ္ပဏီ၊ ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးစီသည် ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။ ၎င်းအပြင် ( ခ ) တရားရုံးသည် ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဦး၏ တင်ပြလျှောက်ထားချက်အရ ကုမ္ပဏီ၏ နှစ်ပတ်လည် အထွေထွေအစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပစေနိုင်သည် သို့မဟုတ် ခေါ်ယူကျင်းပရန်ညွှန်ကြားနိုင်သည်။ တရားရုံးသည် သင့်သည်ထင်မြင်သည့်အတိုင်း အစည်းအဝေးကျင်းပဆောင်ရွက်ခြင်းနှင့်စပ်လျဉ်းသည့် ညွှန်ကြားချက်များကို ပြုလုပ်နိုင်သည်။ ဥပဒေအရ လိုက်နာကျင်းပရသည့် ကုမ္ပဏီအစည်းအဝေး ၁၄၈။ (က) အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီများ၊ ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီများအားလုံးသည် ကုမ္ပဏီဖွဲ့စည်းတည်ထောင်သည့်နေ့မှစ၍ ၂၈ ရက်အောက် မနည်း ခြောက်လထက်မများသောကာလအတွင်း ကုမ္ပဏီတွင်ပါဝင်သူများ၏ အထွေထွေ အစည်းအဝေးတစ်ရပ်ကို ကျင်းပရမည်။ ထိုအစည်းအဝေးကို ဥပဒေအရ လိုက်နာကျင်းပ ရသည့် ကုမ္ပဏီအစည်းအဝေးဟု ခေါ်တွင်စေရမည်။ ( ခ ) ဒါရိုက်တာများသည် အစည်းအဝေးကျင်းပမည့်နေ့ရက်မတိုင်မီ အနည်းဆုံး ၂၁ ရက် ကြိုတင်၍ ဤပုဒ်မတွင် သတ်မှတ်ဖော်ပြထားသည့် နည်းလမ်းနှင့်အညီ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးထားသည့် ဤဥပဒေအရ ပြုစုဆောင်ရွက်ရမည့် အစီရင်ခံစာတစ်စောင်ကို ကုမ္ပဏီတွင်ပါဝင်သူ အားလုံးထံသို့ ဖြန့်ဝေရမည်။ ( ဂ ) ဥပဒေအရ ပြုစုဆောင်ရွက်ရမည့် အစီရင်ခံစာအား ကုမ္ပဏီ၏ ဒါရိုက်တာများအနက်မှ နှစ်ဦးထက်မနည်းသော ဒါရိုက်တာများမှဖြစ်စေ၊ ဒါရိုက်တာတစ်ဦးတည်းရှိသော ကုမ္ပဏီတွင် တစ်ဦးတည်းရှိသော ဒါရိုက်တာမှဖြစ်စေ၊ ဒါရိုက်တာများကိုယ်စား ဆောင်ရွက်ရန် အခွင့်အာဏာအပ်နှင်းခြင်းခံရသော ဒါရိုက်တာများ၏ဥက္ကဋ္ဌကဖြစ်စေ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးရမည်ဖြစ်ပြီး ယင်းအစီရင်ခံစာတွင် အောက်ပါတို့ကိုဖော်ပြရမည် – (၁) ခွဲဝေသတ်မှတ်ထားသည့် အစုရှယ်ယာအရေအတွက်စုစုပေါင်း၊ ယင်းတို့တွင် အပြည့်အဝကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ငွေသားဖြင့်ပေးချထားသော ခွဲဝေသတ်မှတ်ထားသည့် အစုရှယ်ယာများအား ပိုင်းခြားဖော်ပြချက်၊ ငွေသားဖြင့် မဟုတ်ဘဲ အခြားနည်းတစ်ရပ်ရပ်ဖြင့် ပေးချထားသော အစုရှယ်ယာ ပိုင်းခြား ဖော်ပြချက်၊ တစ်စိတ်တစ်ဒေသကို ပေးချေထားသည့် အစုရှယ်ယာဖြစ်လျှင် ထိုသို့ပေးချေထားသည့်ပမာဏနှင့် အပြည့်အဝကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကို ဖြစ်စေ ပေးချေထားသည့် အစုရှယ်ယာတန်ဖိုး၊ (၂) အထက်တွင် ဖော်ပြပါရှိသကဲ့သို့ ခွဲဝေသတ်မှတ်ပြီး ပိုင်းခြားဖော်ပြထားသော အစုရှယ်ယာအားလုံးနှင့်စပ်လျဉ်း၍ ကုမ္ပဏီက လက်ခံရရှိပြီးဖြစ်သည့် ငွေသား ပမာဏစုစုပေါင်း၊ (၃) ခေါင်းစဉ်အလိုက် ခွဲခြားဖော်ပြထားသော အစုရှယ်ယာများ၊ ဒီဘင်ချာများနှင့် အခြားကဏ္ဍများမှ ကုမ္ပဏီကလက်ခံရရှိမှု၊ ငွေပေးချေမှု၊ လက်ဝယ်ရှိ ရငွေသုံးငွေ ဆိုင်ရာနှင့်သက်ဆိုင်သည့် အသေးစိတ်ဖော်ပြချက်များ၊ အစုရှယ်ယာများ ထုတ်ဝေခြင်း သို့မဟုတ် ရောင်းချခြင်းနှင့်စပ်လျဉ်း၍ပေးချေရသော ကော်မရှင်ကြေး သို့မဟုတ် လျှော့ပေါ့တန်ဖိုးတို့ကို သီးခြားစီဖော်ပြလျက် ကုမ္ပဏီ၏ ကနဦးကုန်ကျစရိတ်များ အတွက် ငွေစာရင်း သို့မဟုတ် ခန့်မှန်းတွက်ချက်မှုများနှင့်အတူ အစီရင်ခံစာ ပြုလုပ်သည့်နေ့မှ ခုနစ်ရက်တာကာလအတွင်းရှိ နေ့ရက်တစ်ရက်ရက်အထိ ကုမ္ပဏီက လက်ခံရရှိမှုများ၊ ပြုလုပ်ခဲ့သော ငွေပေးချေမှုများနှင့်စပ်လျဉ်း၍ အကျဉ်းချုပ် ဖော်ပြချက်၊ (၄) ကုမ္ပဏီဖွဲ့စည်းတည်ထောင်သည့်နေ့မှစ၍ ဖော်ပြပါရှိခဲ့သော ကုမ္ပဏီ၏ဒါရိုက်တာများ၊ စာရင်းစစ်များနှင့် အတွင်းရေးမှူးရှိခဲ့လျှင် ၎င်းတို့၏အမည်များ၊ နေရပ်လိပ်စာများ၊ နိုင်ငံသားနှင့် အခြားသက်ဆိုင်သည့်ဖော်ပြချက်များ၊ ယင်းတို့အား ပြောင်းလဲ ပြင်ဆင်ထားသည့် ဖော်ပြချက်များရှိခဲ့လျှင် ယင်းပြင်ဆင်ဖော်ပြချက်များ၊ (၅) အစည်းအဝေးတွင် အတည်ပြုချက်ရယူရန် တင်ပြမည့် ပဋိညာဉ်စာချုပ်တစ်ရပ်ရပ်ပါ အကြောင်းအရာများ၊ ပြင်ဆင်ချက်များနှင့် ပြင်ဆင်မည့်အကြောင်းအရာများ သို့မဟုတ် အဆိုပြု တင်ပြသည့် ပြင်ဆင်ချက်များ၊ (၆) အာမခံပဋိညာဉ်စာချုပ်များရှိခဲ့လျှင် ယင်းစာချုပ်များအရ ဆောင်ရွက်ပေးရမည့် တာဝန်များကို မည်သည့်အတိုင်းအတာအထိ ဆောင်ရွက်ပြီးစီးခြင်းများ၊ (၇) ဒါရိုက်တာများထံမှ တောင်းဆိုမှုအရ ပေးချေရမည့် ကြွေးကျန်များရှိခဲ့လျှင် ယင်းကြွေးကျန်များနှင့် (၈) အစုရှယ်ယာများအား ထုတ်ဝေခြင်း သို့မဟုတ် ရောင်းချခြင်းနှင့် စပ်လျဉ်း၍ ဒါရိုက်တာ သို့မဟုတ် အရာရှိထံသို့ ပေးချေခဲ့သော သို့မဟုတ် ပေးချေရမည်ဖြစ်သော ကော်မရှင်ကြေး သို့မဟုတ် ပွဲစားခများအတွက် ဖော်ပြချက်များ။ (ဃ) ကုမ္ပဏီမှ ခွဲဝေသတ်မှတ်ထားသည့် အစုရှယ်ယာများနှင့်လည်းကောင်း၊ ကုမ္ပဏီမှ အဆိုပါ အစုရှယ်ယာများအတွက် လက်ခံရရှိခဲ့သည့်ငွေကြေး၊ လက်ခံရရှိမှုများ၊ ပေးချေမှုများ နှင့်လည်းကောင်း သက်ဆိုင်ခဲ့လျှင် ဥပဒေအရ ပြုစုဆောင်ရွက်ရမည့် အစီရင်ခံစာအား ကုမ္ပဏီ၏စာရင်းစစ်များမှ မှန်ကန်ကြောင်းလက်မှတ်ရေးထိုးရမည်။ (င) ဒါရိုက်တာများသည် ဥပဒေအရ ပြုစုဆောင်ရွက်ရမည့်အစီရင်ခံစာအား ကုမ္ပဏီတွင် ပါဝင်သူများထံသို့ ပေးပို့ပြီးနောက် ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်အညီ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးထားသည့် အဆိုပါအစီရင်ခံစာ၏ မိတ္တူတစ်စောင်ကို မှတ်ပုံတင် ထားရှိနိုင်ရန်အတွက် မှတ်ပုံတင်အရာရှိထံသို့ ပေးပို့ရမည်။ ( စ ) ဒါရိုက်တာများသည် ကုမ္ပဏီတွင်ပါဝင်သူများ၏ အမည်များ၊ ၎င်းတို့နှင့် သက်ဆိုင်သည့် ဖော်ပြချက်များ၊ နိုင်ငံသားနှင့် နေရပ်လိပ်စာတို့ကိုလည်းကောင်း၊ ကုမ္ပဏီတွင်ပါဝင်သူ အသီးသီးက ပိုင်ဆိုင်ထားသည့် အစုရှယ်ယာအရေအတွက်ကိုလည်းကောင်း ဖော်ပြ ထားသည့် စာရင်းတစ်ခုကို အစည်းအဝေးစတင်သည့်အခါတွင် တင်ပြနိုင်ရန်အတွက် ပြုစုထားရှိရမည်ဖြစ်ပြီး အစည်းအဝေးကျင်းပနေစဉ် ကာလတစ်လျှောက် ကုမ္ပဏီတွင် ပါဝင်သူများက အလွယ်တကူ ရယူအသုံးပြုနိုင်စေရန် ထားရှိရမည်။ (ဆ) အစည်းအဝေးသို့တက်ရောက်ကြသော ကုမ္ပဏီတွင်ပါဝင်သူများသည် ကုမ္ပဏီဖွဲ့စည်းမှုနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဥပဒေအရပြုစုဆောင်ရွက်ရမည့် အစီရင်ခံစာနှင့်စပ်လျဉ်း၍ လည်းကောင်း ကြိုတင်အကြောင်းကြားခြင်းပြုခဲ့သည်ဖြစ်စေ၊ မပြုခဲ့သည်ဖြစ်စေ၊ ပေါ်ပေါက်လာသည့် ကိစ္စရပ်များကို လွတ်လပ်စွာ ဆွေးနွေးခွင့်ရှိသည်။ သို့ရာတွင် ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း သို့မဟုတ် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အကြောင်းကြားခြင်း မရှိခဲ့လျှင် မည်သည့်ဆုံးဖြတ်ချက်ကိုမျှ ချမှတ်ခြင်းမပြုရ။ ( ဇ ) အစည်းအဝေးကို အခါအားလျော်စွာ ရွေ့ဆိုင်းနိုင်ပြီး ထိုသို့ရွေ့ဆိုင်းကျင်းပသည့် အစည်းအဝေးတစ်ရပ်ရပ်တွင် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း သို့မဟုတ် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီအကြောင်းကြား၍ ယခင်အစည်းအဝေး မကျင်းပမီတွင် လည်းကောင်း၊ ကျင်းပပြီးနောက်ပိုင်းတွင်လည်းကောင်း ဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်။ ထိုသို့ရွှေ့ဆိုင်းဆောင်ရွက်သည့်အစည်းအဝေးသည် ပုံမှန်ကျင်းပသည့် အစည်းအဝေးတစ်ရပ်ကဲ့သို့ အလားတူဆောင်ရွက်နိုင်ခွင့်အာဏာများ ရှိစေရမည်။ (ဈ) ဥပဒေအရ ပြုစုဆောင်ရွက်ရမည့်အစီရင်ခံစာအား တင်ပြဆောင်ရွက်ရာတွင်လည်းကောင်း၊ ဥပဒေအရလိုက်နာဆောင်ရွက်ရသည့် ကုမ္ပဏီအစည်းအဝေးအား ကျင်းပရာတွင်လည်းကောင်း ပျက်ကွက်မှုတစ်စုံတစ်ရာရှိသောအကြောင်းကြောင့် ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းရန် အတွက် လျှောက်ထားမှုတစ်ရပ်ကို အပိုင်း (၅) တွင် သတ်မှတ်ဖော်ပြထားသော နည်းလမ်းများနှင့်အညီ တရားရုံးသို့ တင်ပြလာပါက တရားရုံးသည် ကုမ္ပဏီအား စာရင်း ရှင်းလင်းဖျက်သိမ်းရန် ညွှန်ကြားမည့်အစား ဥပဒေအရ ပြုစုဆောင်ရွက်ရမည့် အစီရင်ခံစာကို တင်ပြဆောင်ရွက်စေခြင်း သို့မဟုတ် ဥပဒေအရ လိုက်နာဆောင်ရွက်ရသည့် ကုမ္ပဏီ အစည်းအဝေးအားကျင်းပစေခြင်းတို့အတွက် လမ်းညွှန်မှုများ ပြုလုပ်နိုင်သည် သို့မဟုတ် သင့်လျော်မျှတမည့် အခြားဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်နိုင်သည်။ ၁၄၉။ ပုဒ်မ ၁၄၈ ပါပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရန်ပျက်ကွက်ပါက အဆိုပါပျက်ကွက်မှု အတွက် အပြစ်ရှိသော သို့မဟုတ် သိလျက်ဖြင့်တမင်ဆောင်ရွက်ခွင့်ပြု သော ကုမ္ပဏီ၏ ဒါရိုက်တာ တစ်ဦးစီသည် ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။ အစည်းအဝေးများ ၁၅၀။ ကုမ္ပဏီ၏အထွေထွေအစည်းအဝေးတစ်ရပ်အား အောက်ပါအတိုင်းသတ်မှတ်နိုင်မည်ဖြစ်သည် (က) ပုဒ်မ ၁၄၆ အရ ကျင်းပသည့် နှစ်ပတ်လည်အထွေထွေအစည်းအဝေး သို့မဟုတ် (ခ ) ပုဒ်မ ၁၄၈ ပါပြဋ္ဌာန်းချက်အရ လိုက်နာကျင်းပရသည့်အစည်းအဝေး သို့မဟုတ် (ဂ ) အထူးကျင်းပသည့် အထွေထွေအစည်းအဝေး ယင်းသည် ပုဒ်မ ၁၅၁၊ ပုဒ်မခွဲ(က) အပါအဝင် ဤဥပဒေ၌ ဖော်ပြထားသည့် အခွင့်အရေးနှင့် လုပ်ထုံးလုပ်နည်းများအရ ခေါ်ယူကျင်းပသော ကုမ္ပဏီတွင်ပါဝင်သူများ၏ အခြားသော အထွေထွေအစည်းအဝေး တစ်ရပ်ရပ်ဖြစ်သည်။ အစည်းအဝေးများ ခေါ်ယူကျင်းပခြင်း ၁၅၁။ (က) ကုမ္ပဏီတစ်ခု၏ အထွေထွေအစည်းအဝေးတစ်ရပ်ကို – (၁) လျော်ကန်သင့်မြတ်သည့် ကိစ္စရပ်အတွက် သင့်လျော်သောအချိန်နှင့် နေရာတွင် ကျင်းပရမည်။ (၂) အစည်းအဝေးကျင်းပနေစဉ်ကာလတစ်လျောက် ကုမ္ပဏီတွင်ပါဝင်သူအနည်းဆုံး နှစ်ဦး သို့မဟုတ် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် သတ်မှတ်ထားသည့် ပိုမိုများပြားသည့် အရေအတွက်ရှိမှသာ အစည်းအဝေးအထမြောက်စေရမည်။ ( ၃ ) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ ဒါရိုက်တာများက ရွေးချယ်ထားသော ပုဂ္ဂိုလ်တစ်ဦးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမည်။ သို့ရာတွင် အစည်းအဝေးသို့ ထိုပုဂ္ဂိုလ်မတက်ရောက်နိုင်ပါက အစည်းအဝေးတက်ရောက်သူများက ဥက္ကဋ္ဌကို ရွေးချယ်ရမည်။ ( ၄ ) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ အစည်းအဝေးတွင် မဲအရေအတွက် အများစုပိုင်ဆိုင်ကြသည့် တက်ရောက်သူများက ဥက္ကဋ္ဌအား အစည်းအဝေးရွှေ့ဆိုင်း ပေးစေရန် သဘောတူညီလျှင် သို့မဟုတ် ညွှန်ကြားလျှင် အစည်းအဝေးအား ရွှေ့ဆိုင်းရမည်။ ( ၅ ) ကုမ္ပဏီ၏စာရင်းစစ်သည် တက်ရောက်နိုင်၍ ထိုစာရင်းစစ်သည် အစည်းအဝေး အကြောင်းကြားစာများအားလုံးကို လက်ခံနိုင်ပြီး၊ အစည်းအဝေးတွင် စာရင်းစစ်နှင့် သက်ဆိုင်သည့် အစည်းအဝေးလုပ်ငန်း အစိတ်အပိုင်းအားလုံးနှင့်စပ်လျဉ်း၍ ပါဝင်ဆွေးနွေးခွင့်ရှိသည်။ ( ၆ ) ဒါရိုက်တာအဖွဲ့၏ဥက္ကဋ္ဌသည် အခါအားလျော်စွာ ခေါ်ယူကျင်းပနိုင်သည်။ ( ၇ ) ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ ဒါရိုက်တာတစ်ဦးဦးက သို့မဟုတ် ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းတွင် သတ်မှတ်ဖော်ပြထားသည့် အခြားသူတစ်ဦးဦးက ခေါ်ယူ နိုင်သည်။ ( ၈ ) ပုဒ်မခွဲ (ခ) နှင့်အညီ ကုမ္ပဏီတွင် ပါဝင်သူများက တရားဝင်စာဖြင့် ရေးသား တောင်းဆိုလျှင် ဒါရိုက်တာများက ခေါ်ယူကျင်းပရမည်။ ( ၉ ) ကုမ္ပဏီ၏အစည်းအဝေး၌ အဆုံးအဖြတ်မဲအဖြစ် ဆောင်ရွက်နိုင်မည့် တစ်ဆယ်ပုံ တစ်ပုံအောက်မနည်းသည့် ဆန္ဒမဲများကိုပိုင်ဆိုင်ထားသော ကုမ္ပဏီတွင်ပါဝင်သူ များက ခေါ်ယူကျင်းပဆောင်ရွက်နိုင်သည်။ သို့ရာတွင် အဆိုပါကုမ္ပဏီတွင် ပါဝင်သူများသည် အစည်းအဝေးခေါ်ယူကျင်းပသည့်စရိတ်များကို ကျခံရမည် ဖြစ်ပြီး ဒါရိုက်တာများမှခေါ်ယူကျင်းပသည့် ကုမ္ပဏီ၏အစည်းအဝေးများတွင် ဆောင်ရွက်သည့် နည်းလမ်းများအတိုင်း ဖြစ်နိုင်သမျှ လိုက်နာဆောင်ရွက်ကျင်းပ ရမည်။ ၎င်းအပြင် (၁ဝ) ကုမ္ပဏီ၏ အစည်းအဝေး၌ အခြားနည်းဖြင့် ခေါ်ယူကျင်းပရန် မသင့်လျော်၍ ဖြစ်စေ၊ ထိုသို့ဆောင်ရွက်ရန် သင့်လျော်မျှတမှုမရှိသည်ဟု တွေ့ရှိလျှင်ဖြစ်စေ၊ တရားရုံးသည် အမိန့်တစ်ရပ်ရပ်ချမှတ်၍ အစည်းအဝေးအား ခေါ်ယူကျင်းပ နိုင်သည်။ အစည်းအဝေးတွင် မဲပေးခွင့်ရှိသော ဒါရိုက်တာ သို့မဟုတ် ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးဦးက လျှောက်ထားတင်ပြလာလျှင် တရားရုံးသည် အမိန့်တစ်ရပ်ကို ချမှတ်နိုင်သည်။ တရားရုံးသည် သင့်သည်ထင်မြင်သည့်အတိုင်း အစည်းအဝေး ခေါ်ယူကျင်းပခြင်းနှင့် စပ်လျဉ်းသည့် ညွှန်ကြားချက်များကို ပြုလုပ်နိုင်သည်။ ( ခ ) ကုမ္ပဏီ၏ အစည်းအဝေး၌ အဆုံးအဖြတ်မဲအဖြစ်ဆောင်ရွက်နိုင်မည့် တစ်ဆယ်ပုံ တစ်ပုံအောက်မနည်းသည့် ဆန္ဒမဲများကို ပိုင်ဆိုင်ထားသော အစုရှယ်ယာရှင်များက ဖြစ်စေ သို့မဟုတ် အစည်းအဝေး၌ဆန္ဒမဲပေးခွင့်ရှိသောကုမ္ပဏီတွင်ပါဝင်သူ အနည်းဆုံး ဦးရေ ၁၀၀ ကဖြစ်စေ စာဖြင့် ရေးသားတောင်းဆိုသည့် အခါ အဆိုပြုထားသော ဆောင်ရွက်မည့်လုပ်ငန်းသည် အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ရမည့်ကိစ္စရပ်ဖြစ်ခဲ့လျှင် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင်ဖော်ပြပါရှိသည့်စည်းကမ်းချက် မရှိစေကာမူ အစုရှယ်ယာ မတည်ငွေရင်းပါရှိသော ကုမ္ပဏီ၏ဒါရိုက်တာများသည် ကုမ္ပဏီ၏အစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပရန် ဆက်လက်ဆောင်ရွက်ရမည်။ ( ဂ ) လျှောက်ထားတောင်းဆိုမှုကို စာဖြင့်ရေးသား ပြုလုပ်ရမည်ဖြစ်ပြီး အစည်းအဝေး၏ ရည်ရွယ်ချက်များနှင့် အဆိုပြု လိုသည့် ဆုံးဖြတ်ချက်တစ်ရပ်ရပ်တို့ကို ဖော်ပြပါရှိ စေရမည်။ ၎င်းအားလျှောက်ထားသူများက လက်မှတ်ရေးထိုး၍ ကုမ္ပဏီ၏မှတ်ပုံ တင်ထားသော ရုံးခန်းသို့ပေးပို့ရမည်။ ထိုလျှောက်ထားမှုတွင် အလားတူ စာရွက်စာတမ်း များစွာပါရှိနိုင်ပြီး ထိုစာရွက်စာတမ်းတစ်ခုစီတွင် လျှောက်ထားသူတစ်ဦးကဖြစ်စေ၊ အများကဖြစ်စေ လက်မှတ်ရေးထိုးထားရမည်။ (ဃ) သို့ရာတွင် အစည်းအဝေးမှာ ပုဒ်မခွဲ (ခ) အရ ခေါ်ယူကျင်းပခြင်းမပြုသင့်ကြောင်း ဒါရိုက်တာ များက ဆုံးဖြတ်ခဲ့ပြီး ထိုအကြောင်းအရာအား လျှောက်ထားသူများသို့ အကြောင်းကြား ခဲ့ခြင်းမှအပ ဒါရိုက်တာများသည် အစည်းအဝေးအား ခေါ်ယူကျင်းပ မည်ဖြစ်ကြောင်း လျှောက်ထားတင်ပြ အကြောင်းကြားသည့်နေ့မှစ၍ ၂၁ ရက်အတွင်း ဆောင်ရွက်ခြင်း မပြုခဲ့လျှင် လျှောက်ထားသူများကဖြစ်စေ၊ ၎င်းတို့အနက်မှ မဲအများစုပေးခွင့်ရှိသူမှဖြစ်စေ၊ ၎င်းတို့ကိုယ်တိုင် အစည်းအဝေးအားခေါ်ယူကျင်းပနိုင်သည်။ သို့သော် ထိုသို့ခေါ်ယူ ကျင်းပသည့်အစည်းအဝေးသည် လျှောက်ထားတင်ပြ အကြောင်းကြားသည့်နေ့မှစ၍ သုံးလအတွင်း ကျင်းပရမည်။ (င) လျှောက်ထားသူများက ဤပုဒ်မအရခေါ်ယူကျင်းပသည့်အစည်းအဝေးကို ဒါရိုက်တာများက ခေါ်ယူကျင်းပသည့် အစည်းအဝေးများတွင် ဆောင်ရွက်သည့်နည်းလမ်းများအတိုင်း ဖြစ်နိုင်သမျှ လိုက်နာဆောင်ရွက်ကျင်းပရမည်။ လျှောက်ထားသူများက ဤကိစ္စရပ် အတွက် မှတ်ပုံတင်စာရင်း၏ မိတ္တုတစ်ရပ်ရပ်ကိုတောင်းဆိုလျှင် ကုမ္ပဏီသည် အဆိုပါ မိတ္တူ ကို ၎င်းတို့ထံတင်ပြရမည်။ ( စ ) ဒါရိုက်တာများက အစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပရန် ပျက်ကွက်ခဲ့သည့်အတွက် လျှောက်ထားသူများကကျခံခဲ့ရသည့် ထိုက်သင့်သည့်ကုန်ကျစရိတ်များကို ကုမ္ပဏီက လျှောက်ထားသူများထံ ပြန်လည်ပေးချေရမည်။ ထိုသို့ ပြန်လည်ပေးချေခဲ့သည့် ငွေပမာဏကိုကုမ္ပဏီသည် ပျက်ကွက်ခဲ့သည့်ဒါရိုက်တာများသို့ ၎င်းတို့၏ တာဝန် ထမ်းဆောင်မှုအတွက် ကုမ္ပဏီမှပေးချေရမည့်အဖိုးအခ သို့မဟုတ် အခြားအခကြေးငွေတို့မှ ထုတ်နုတ်၍ ပြန်လည် ရယူရမည်။ (ဆ) ကုမ္ပဏီ၏အစည်းအဝေး၌ အဆုံးအဖြတ်မဲအဖြစ် ဆောင်ရွက်နိုင်မည့် တစ်ဆယ်ပုံ တစ်ပုံအောက်မနည်းသည့် ဆန္ဒမဲများကို ပိုင်ဆိုင်ရရှိထားသော အစုရှယ်ယာရှင်များမှ ဖြစ်စေ သို့မဟုတ် အစည်းအဝေး၌ ဆန္ဒမဲပေးခွင့်ရှိသော ကုမ္ပဏီတွင်ပါဝင်သူ အနည်းဆုံး ဦးရေ ၁ဝဝ မှဖြစ်စေ ကုမ္ပဏီ၏အစည်းအဝေး၌ ပြောင်းလဲရမည့် အဆိုပြုထားသော ဆုံးဖြတ်ချက်အတွက် ကုမ္ပဏီသို့ အကြောင်းကြားစာ ပေးပို့နိုင်သည်။ ( ဇ ) ပုဒ်မခွဲ (ဆ) အရ ပေးပို့သည့်အကြောင်းကြားစာအား စာဖြင့်ရေးသား ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပြုသည့်ဆုံးဖြတ်ချက်ကို ရေးသားဖော်ပြပါရှိစေရမည်။ ထိုအကြောင်းကြားစာအား ယင်းသို့ဆောင်ရွက်ရန်အဆိုပြုသည့် ကုမ္ပဏီတွင်ပါဝင်သူများမှ လက်မှတ်ရေးထိုးရမည်။ အကြောင်းကြားစာတွင် အကျဉ်းချုပ် ရှင်းလင်းဖော်ပြချက်ကို ပူးတွဲ၍ တင်ပြနိုင်သည်။ ပုဒ်မခွဲ (ဆ) တွင် ဖော်ပြထားသည့် အဆိုပြုထားသော ဆုံးဖြတ်ချက်သည် အစည်းအဝေး၌ တင်ပြရမည့် အဆိုပြုထားသောဆုံးဖြတ်ချက်ဖြစ်ပြီး ဆုံးဖြတ်ချက်သည်လည်းကောင်း၊ ပူးတွဲတင်ပြသည့် ရှင်းလင်းဖော်ပြချက်သည်လည်းကောင်း အလွန်ရှည်လျားခြင်း သို့မဟုတ် တစ်စုံတစ်ဦးကို ထိခိုက်နစ်နာစေခြင်းမရှိလျှင် ကုမ္ပဏီသည် အဆိုပါ အကြောင်းကြားစာနှင့် ရှင်းလင်းဖော်ပြချက်များကို ကုမ္ပဏီသို့ပေးပို့သော နောက်တစ်ကြိမ် ကျင်းပမည့် အစည်းအဝေးအကြောင်းကြားစာနှင့်အတူ ထည့်သွင်းဖော်ပြရမည်။ သို့ရာတွင် နောက်တစ်ကြိမ်ကျင်းပမည့် အစည်းအဝေးသည် ဆုံးဖြတ်ချက်ဆိုင်ရာ အကြောင်းကြားစာအား လက်ခံရရှိသည့်နေ့မှ နှစ်လအတွင်း၌ ကျင်းပမည်ဆိုလျှင် အဆိုပါအကြောင်းကြားစာကို ပေးပို့ရန်မလို။ သို့သော် အကြောင်းကြားစာကို ပေးပို့၍ အစည်းအဝေးအား လက်ခံ ရရှိသည့်နေ့မှ ၁၂ လအတွင်း ကျင်းပရမည်။ ဤဥပဒေအရ သတ်မှတ်ထားသော အစည်းအဝေးအကြောင်းကြားချက်များနှင့် မဲပေး ခြင်းဆိုင်ရာများအတွက် သတ်မှတ်ချက်များကိုလိုက်နာလျက် ကုမ္ပဏီတွင်ပါဝင်သူများက အစည်းအဝေးကိုသင့်လျော်စွာ ကျင်းပဆောင်ရွက်ပြီး ပါဝင်နိုင်ကြမည့်နည်းလမ်း တစ်ရပ်ဖြင့် အစည်းအဝေးများကျင်းပနိုင်စေရန် ကုမ္ပဏီသည် ယင်း၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် အစည်းအဝေးခေါ်ယူကျင်းပခြင်းအတွက် ကုမ္ပဏီတွင်ပါဝင်သူများ ဆောင်ရွက်နိုင်မည့် နည်းလမ်းတစ်ရပ်ရပ်ဖြင့် ဆောင်ရွက်နိုင်စေရန် သတ်မှတ်ထည့်သွင်း ဖော်ပြနိုင်သည်။ အစည်းအဝေးများအတွက် အကြောင်းကြားခြင်းနှင့် မဲပေးခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ ၁၅၂။ (က) အောက်ပါပြဋ္ဌာန်းချက်များသည် ကုမ္ပဏီ၏အစည်းအဝေးများခေါ်ယူခြင်းနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအတွက် အကျိုးသက်ရောက်စေရမည် – (၁) ကုမ္ပဏီ၏အစည်းအဝေးတစ်ရပ်ကို စာဖြင့်ရေးသား၍ ၂၁ ရက်ထက်မနည်းသော သို့မဟုတ် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် သတ်မှတ်ဖော်ပြထားသော ပိုမိုကြာမြင့်သည့်ကာလအတွင်း ကြိုတင်အကြောင်းကြားစာ သို့မဟုတ် အများနှင့် သက်ဆိုင်သည့်ကုမ္ပဏီဖြစ်ခဲ့လျှင် စာဖြင့်ရေးသား၍ ၂၈ ရက်အတွင်း ကြိုတင် အကြောင်းကြားစာဖြင့် ခေါ်ယူကျင်းပနိုင်သည်။ သို့သော် အစည်းအဝေးတစ်ရပ်ရပ် အတွက် အကြောင်းကြားစာကို လက်ခံရရှိနိုင်သည့်ကုမ္ပဏီတွင်ပါဝင်သူများအားလုံး၏ သဘောတူညီချက်ဖြင့် အစည်းအဝေးကို ပိုမိုတိုတောင်းသည့် ကာလအတွင်း ပေးပို့သည့် အကြောင်းကြားစာဖြင့်ခေါ်ယူနိုင်ပြီး ကုမ္ပဏီတွင် ပါဝင်သူများကသင့်သည်ထင်မြင်သော နည်းလမ်းများဖြင့် ကျင်းပနိုင်သည်။ (၂) ကုမ္ပဏီ၏အစည်းအဝေးအတွက် စာဖြင့်ရေးသားထားသည့် အကြောင်းကြားစာကို အစည်းအဝေးတွင်မဲပေးခွင့်ရှိသော ကုမ္ပဏီတွင်ပါဝင်သူများအားလုံး၊ ဒါရိုက်တာ အားလုံးနှင့် စာရင်းစစ်များထံသို့ပေးပို့ရမည်။ အကြောင်းကြားစာကို အောက်ပါ နည်းလမ်းများဖြင့် ပေးပို့နိုင်သည် – (ကက) လူကိုယ်တိုင်သော်လည်းကောင်း၊ ( ခခ ) ကုမ္ပဏီတွင်ပါဝင်သူများ၏ မှတ်ပုံတင်စာရင်းတွင် ဖော်ပြပါရှိသော ၎င်းတို့၏လိပ်စာများ သို့မဟုတ် ဤကိစ္စရပ်အလို့ငှာ ကုမ္ပဏီတွင် ပါဝင်သူများက သတ်မှတ်ဖော်ပြထားသည့် အခြားလိပ်စာများသို့စာတိုက်မှ ဖြစ်စေ၊ အခြားတိုက်ရိုက်ပေးပို့သည့် နည်းလမ်းဖြင့်ဖြစ်စေ ဆောင်ရွက် ခြင်းဖြင့်လည်းကောင်း၊ ( ဂဂ ) ဤကိစ္စရပ်အလို့ငှာ ကုမ္ပဏီတွင်ပါဝင်သူများက သတ်မှတ်ဖော်ပြ ထားသည့် ဖက်(စ်)နံပါတ် သို့မဟုတ် အီလက်ထရောနစ် လိပ်စာသို့ အီလက်ထရောနစ်နည်း ဖြင့်လည်းကောင်း၊ (ဃဃ) ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် သတ်မှတ်ထားသည့် အခြားနည်းလမ်း တစ်ရပ်ရပ်ဖြင့်လည်းကောင်း၊ သို့ရာတွင် ကုမ္ပဏီတွင်ပါဝင်သူများထံသို့ အကြောင်းကြားစာ ပေးပို့ရာတွင် မတော်တဆကျန်ရစ်ခဲ့ခြင်း သို့မဟုတ် အကြောင်းကြားစာ မရရှိခြင်းတို့သည် အစည်းအဝေးတစ်ရပ်ရပ်၏ ဆောင်ရွက်ရမည့် လုပ်ငန်း များကို တရားမဝင်ခြင်း မရှိစေရ။ (၃) အစည်းအဝေးအကြောင်းကြားစာတွင် အောက်ပါတို့ကို ဖော်ပြပါရှိစေရမည် (ကက) အစည်းအဝေးကျင်းပမည့် နေရာ၊ နေ့ရက် နှင့် အချိန်၊ ( ခခ ) အစည်းအဝေးတွင်ဆွေးနွေးဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာအထွေထွေ ဖော်ပြချက်များ၊ ( ဂဂ ) အစည်းအဝေးသည် နှစ်ပတ်လည်အထွေထွေအစည်းအဝေး၊ ဥပဒေအရ လိုက်နာကျင်းပရသည့်အစည်းအဝေး သို့မဟုတ် အထူးကျင်းပသည့် အထွေထွေ အစည်းအဝေးတစ်ရပ်ရပ်ဖြစ်ကြောင်း ဖော်ပြချက်များ၊ (ဃဃ) ကုမ္ပဏီတွင်ပါဝင်သူများကအဆိုပြုသည့် ဆုံးဖြတ်ချက်များ သို့မဟုတ် အထူးဆုံးဖြတ်ချက်များပါရှိခြင်း သို့မဟုတ် မပါရှိခြင်းဆိုသောအချက်များ အပါအဝင် လိုအပ်သောရှင်းလင်းတင်ပြချက်များနှင့်တကွ အစည်းအဝေးတွင် အဆိုပြုမည့် ဆုံးဖြတ်ချက်များ၊ (cc ) ကိုယ်စားလှယ်များ သို့မဟုတ် ကုမ္ပဏီကိုယ်စားပြုပုဂ္ဂိုလ်ခန့်အပ်ခြင်း နှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များနှင့် လမ်းညွှန်ချက်များ၊ ယင်းတို့တွင် အဆိုပါခန့်အပ်မှုများအတွက် အကြောင်းကြားစာများ လက်ခံရရှိနိုင်သည့်အချိန်၊ အဆိုပါခန့်အပ်မှုများအား ပေးပို့ရမည့် နည်းလမ်းများပါဝင်ရမည်၊ ၎င်းအပြင် ( စစ ) ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင်ဖြစ်စေ၊ ဤဥပဒေတွင်ဖြစ်စေ သတ်မှတ် ဖော်ပြထားသော လိုအပ်သည့် အခြားအချက်အလက်များ။ (၄) ကုမ္ပဏီ၏ အစုရှယ်ယာရှင်များ၏ မှတ်ပုံတင်စာရင်းတွင် အမည်စာရင်းဖော်ပြ ပါရှိသော အစုရှယ်ယာပိုင်ရှင်တစ်ဦးဦးသည် တူညီသော အစုရှယ်ယာအမျိုးအစားကို ပိုင်ဆိုင်ကြသော အခြားအစုရှယ်ယာရှင်များကဲ့သို့ တူညီသည့်အခွင့်အရေးများ ရရှိခံစားနိုင်ပြီး တူညီသောတာဝန်ရှိမှုများနှင့်လည်း သက်ဆိုင်စေရမည်။ ( ခ ) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ အောက်ပါပြဋ္ဌာန်းချက်များသည် ကုမ္ပဏီ၏အစည်းအဝေးများ၌ မဲပေးခြင်းနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအတွက် အကျိုး သက်ရောက်စေရမည် – (၁) အစုရှယ်ယာအမျိုးအစားတစ်ရပ်ရပ်နှင့်အတူ ဆက်စပ်ပါရှိသော အခွင့်အရေးများ သို့မဟုတ် ကန့်သတ်ချက်များနှင့်အညီ ကုမ္ပဏီ၏အစည်းအဝေး၌ – (ကက) ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးစီကလက်ပြ၍ ဆန္ဒမဲတစ်မဲပေးခွင့်ရှိသည်။ ( ခခ ) ဆန္ဒမဲပေးရာတွင် ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးစီသည် ၎င်းတို့ပိုင်ဆိုင်သော အစုရှယ်ယာတစ်ခုစီအတွက် ဆန္ဒမဲတစ်မဲ ပေးခွင့်ရှိသည်။ ( ဂဂ ) အစုရှယ်ယာတစ်ခုအား ပူးတွဲပိုင်ဆိုင်ကြလျှင် အမည်စာရင်းတင်သွင်း ထားသော အစုရှယ်ယာပိုင်သူများအနက်မှတစ်ဦးက မဲပေးခွင့်ရှိသည်။ ၎င်းအပြင် (ဃဃ) ဥက္ကဋ္ဌသည် အဆုံးအဖြတ်မဲတစ်မဲ ပေးခွင့်ရှိသည်၊ မဲပေးနိုင်သည့် အခွင့်အရေးတစ်စုံတစ်ရာအပေါ် ဆန့်ကျင်တင်ပြလိုလျှင် အစည်းအဝေး ၌သာ ပြုလုပ်နိုင်ပြီး ယင်းနှင့်စပ်လျဉ်း၍ ဥက္ကဋ္ဌ၏အဆုံးအဖြတ်သည် အပြီးသတ် ဖြစ်စေရမည်။ (၃) အစည်းအဝေးတွင် မဲခွဲဆောင်ရွက်ရန် တင်ပြသည့် ဆုံးဖြတ်ချက်ကို ဆန္ဒမဲပေးရန် တောင်းဆိုခြင်းမရှိလျှင် လက်ပြ၍ ဆန္ဒပြုခြင်းဖြင့် ဆုံးဖြတ်ရမည်။ (၄) ဆုံးဖြတ်ချက်တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ဆန္ဒမဲပေးရန် အောက်ပါပုဂ္ဂိုလ်များက တောင်းဆိုဆောင်ရွက်နိုင်သည် – (ကက) ဥက္ကဋ္ဌ သို့မဟုတ် ( ခခ ) ကုမ္ပဏီတွင်ပါဝင်သူများမှ အနည်းဆုံး ငါးဦး သို့မဟုတ် ( ဂဂ ) ဆန္ဒမဲပေးရာတွင် အဆုံးအဖြတ်ပေးနိုင်သည့် မဲအရေအတွက် အနည်းဆုံး ၁ဝ ရာခိုင်နှုန်းကို ရရှိထားသည့် ကုမ္ပဏီတွင်ပါဝင်သူများ။ (၅) လက်ပြ၍ ဆန္ဒမဲပေးခြင်း မပြုမီအချိန်တွင်သော်လည်းကောင်း၊ လက်ပြ၍ ဆန္ဒမဲပေးသည့် ရလဒ်များကို ကြေညာခြင်းမပြုမီ သို့မဟုတ် ကြေညာပြီးနောက် ချက်ချင်းအချိန်တွင်လည်းကောင်း ဆန္ဒမဲပေးခြင်းကိုပြုလုပ်ရန် တောင်းဆိုနိုင်သည်။ (၆) ဆန္ဒမဲပေးခြင်းကို ဥက္ကဋ္ဌက ညွှန်ကြားသည့်နည်းလမ်းဖြင့် ဆောင်ရွက်ရမည်။ (၇) လက်ပြ၍ဖြစ်စေ၊ ဆန္ဒမဲဖြင့်ဖြစ်စေ ဆန္ဒမဲပေးခြင်းမပြုလုပ်မီအချိန်တွင် ဥက္ကဋ္ဌသည် လက်ခံရရှိထားသော ကိုယ်စားလှယ်ဖြင့်ပေးသည့် မဲများနှင့် အဆိုပါမဲများကို မည်သို့အဆုံးအဖြတ်ပြုစေမည်ဆိုသည်ကို အစည်းအဝေးသို့ အသိပေးပြောကြား ရမည်။ ၎င်းအပြင် လက်ပြ၍ဆန္ဒမဲပေးရာတွင် ဥက္ကဋ္ဌ၏ကြေညာချက်သည် အဆုံးအဖြတ်ရလဒ်အတွက် ပြည့်စုံခိုင်လုံသော သက်သေခံချက်ဖြစ်စေရမည်။ သို့ရာတွင် အဆိုပါကြေညာချက်သည် လက်ပြ၍ဆန္ဒပြုမှုများနှင့် လက်ခံရရှိထားသော ကိုယ်စားလှယ်များ၏ ဆန္ဒပြု မှုများကို အခြေခံရမည်။ ( ဂ ) ကုမ္ပဏီ၏အစည်းအဝေးတစ်ရပ်ရပ်ကို ခေါ်ယူကျင်းပနိုင်မည့် နည်းလမ်းတစ်ရပ်ရပ်အရ အစည်းအဝေးအား ခေါ်ယူကျင်းပရန်အတွက်ဖြစ်စေ၊ ကုမ္ပဏီ၏ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းအရ သို့မဟုတ် ဤဥပဒေအရသတ်မှတ်ထားသည့် နည်းလမ်းဖြင့် ကုမ္ပဏီ၏ အစည်းအဝေးအား ကျင်းပရန်အတွက်ဖြစ်စေ အကြောင်းတစ်စုံတစ်ရာကြောင့် မပြုလုပ် နိုင်ခဲ့လျှင် တရားရုံးသည် ကိုယ်တိုင်အရေးယူဆောင်ရွက်ခြင်းဖြင့်ဖြစ်စေ၊ အစည်းအဝေးတွင် မဲပေးခွင့်ရရှိသော ကုမ္ပဏီ၏ဒါရိုက်တာတစ်ဦးဦး သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်သူ တစ်ဦးဦး၏ လျှောက်ထားချက်အရဖြစ်စေ ကုမ္ပဏီ၏အစည်းအဝေးတစ်ရပ်ကို တရားရုံးမှ သင့်သည်ထင်မြင်သည့်နည်းလမ်းဖြင့် ခေါ်ယူကျင်းပစေရန် အမိန့်ချမှတ်နိုင်သည်။ အဆိုပါအမိန့်တစ်ရပ်ကို ချမှတ်သည့် အခါ တရားရုံးသည် လိုအပ်မည်ထင်သော အထောက်အပံ့ဖြစ်စေမည့် ညွှန်ကြားချက်များကို ချမှတ်နိုင်သည်။ ဖော်ပြပါအမိန့် တစ်ရပ်ရပ်နှင့်အညီ ခေါ်ယူကျင်းပသည့် အစည်းအဝေးတစ်ရပ်ရပ်ကို ကုမ္ပဏီ၏ နည်းလမ်းတကျ ခေါ်ယူကျင်းပသော အစည်းအဝေးတစ်ရပ်အဖြစ် မှတ်ယူရမည်။ ကုမ္ပဏီများ၏အစည်းအဝေးများသို့တက်ရောက်ရန် ကုမ္ပဏီကိုယ်စားပြုပုဂ္ဂိုလ်များ ခန့်ထားခြင်း ၁၅၃။ (က) အခြားကုမ္ပဏီတစ်ခု၏ အဖွဲ့ဝင်ဖြစ်သော ကုမ္ပဏီတစ်ခုသည် ဒါရိုက်တာများ၏ ဆုံးဖြတ်ချက်ဖြင့် ယင်း၏အရာရှိတစ်ဦးဦးကိုဖြစ်စေ၊ အခြားသူတစ်ဦးဦးကိုဖြစ်စေ၊ ဖော်ပြပါ အခြားကုမ္ပဏီ၏ အစည်းအဝေးတစ်ရပ်ရပ်၌ ယင်း၏ ကိုယ်စားပြုပုဂ္ဂိုလ် အဖြစ် ဆောင်ရွက်စေရန်နှင့် မဲပေးရန်အတွက် ယင်း၏ အခွင့်အာဏာများကို ကျင့်သုံး ဆောင်ရွက်နိုင်စေရန် အပ်နှင်းနိုင်သည်။ ထိုသို့ အခွင့်အာဏာအပ်နှင်းခြင်းခံရသူသည် အခြားကုမ္ပဏီ၏ အစည်းအဝေး၌လည်းကောင်း၊ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ဆန္ဒမဲ ပေးရာ၌လည်းကောင်း ၎င်းအား အခွင့်အာဏာအပ်နှင်းသည့် ကုမ္ပဏီက ကျင့်သုံး ဆောင်ရွက်သကဲ့သို့ ယင်းကုမ္ပဏီ၏ ကိုယ်စား အလားတူ အခွင့်အာဏာများကို ကျင့်သုံး ဆောင်ရွက်ခွင့်ရှိသည်။ ( ခ ) ကုမ္ပဏီသည် ပုဒ်မခွဲ (က) အရ တစ်ဦးထက်ပိုသော ကုမ္ပဏီကိုယ်စားပြု ပုဂ္ဂိုလ်များကို ခန့်ထားနိုင်သည်။ သို့ရာတွင် ဖော်ပြပါအခွင့်အာဏာများကို တစ်ကြိမ်တွင် ကိုယ်စားပြု ပုဂ္ဂိုလ်တစ်ဦးကသာလျှင် ကျင့်သုံးဆောင်ရွက်နိုင်သည်။ (ဂ) ပုဒ်မခွဲ (က) အရ ခန့်အပ်ထားသော ကုမ္ပဏီကိုယ်စားပြုပုဂ္ဂိုလ်အား ကုမ္ပဏီ၏ အစည်းအဝေးသို့ တက်ရောက်စေခြင်းနှင့်စပ်လျဉ်း၍ ကုမ္ပဏီသည် ယင်းကိုယ်စားပြု ပုဂ္ဂိုလ်အား တရားဝင်ခန့်ထားခြင်းနှင့်သက်ဆိုင်သော အထောက်အထားများကို ကြည့်ရှုရန် အတွက် တောင်းဆိုနိုင်သည်။ ထို့အပြင် ကုမ္ပဏီကိုယ်စားပြုပုဂ္ဂိုလ်များ ခန့်အပ်ခြင်းအတွက် ပုံစံတစ်ခုကို ကုမ္ပဏီဒါရိုက်တာများ၏ ဆုံးဖြတ်ချက်ဖြင့် သတ်မှတ်နိုင်သည်။ ကုမ္ပဏီများ၏အစည်းအဝေးများသို့ တက်ရောက်ရန် ကိုယ်စားလှယ်များအား ခန့်ထားခြင်း ၁၅၄။ (က) ကုမ္ပဏီ၏အစည်းအဝေးသို့တက်ရောက်၍ မဲပေးခွင့်ရှိသော ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဦးသည် ဤပုဒ်မပါပြဋ္ဌာန်းချက်များ၊ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများနှင့်အညီ ၎င်းကိုယ်စား အစည်းအဝေးသို့ တက်ရောက်စေရန်နှင့် မဲပေးရန်အတွက် ယင်း၏အခွင့်အာဏာများကို ကျင့်သုံးဆောင်ရွက်နိုင်စေရန် ကိုယ်စားလှယ်တစ်ဦးဦးကို ခန့်ထားနိုင်သည်။ ( ခ ) ကိုယ်စားလှယ်သည် ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးဖြစ်ရန်မလို။ ၎င်းသည် ကုမ္ပဏီ၏ အစည်းအဝေး၌လည်းကောင်း၊ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ဆန္ဒမဲပေးရာ၌လည်းကောင်း ၎င်းအားခန့်အပ်သည့် ကုမ္ပဏီတွင်ပါဝင်သူက ကျင့်သုံးဆောင်ရွက်သကဲ့သို့ ၎င်းကိုယ်စား အလားတူ အခွင့်အာဏာများကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်။ (ဂ ) ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးက ကိုယ်စားလှယ်တစ်ဦးကို ခန့်ထားရာတွင် အသုံးပြုမည့် လျှောက်လွှာပုံစံကို ယင်းကုမ္ပဏီက ဒါရိုက်တာများ၏ဆုံးဖြတ်ချက်ဖြင့်သတ်မှတ်ထား နိုင်ပြီး ထိုသို့သတ်မှတ်ထားသည့်လျှောက်လွှာပုံစံရှိခဲ့လျှင် ၎င်းအားကုမ္ပဏီတွင် ပါဝင် သူများအားလုံးထံသို့ ပေးပို့ရမည်။ ကုမ္ပဏီသည် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နိုင်သူများ၏ စာရင်းတစ်ခုကို ထိုလျှောက်လွှာပုံစံနှင့်အတူ ထည့်သွင်းဖော်ပြနိုင်သည်။ (ဃ) ပုဒ်မခွဲ (ဂ) အရ လျှောက်လွှာပုံစံတစ်ခုကို သတ်မှတ်ထားခြင်း ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ ကိုယ်စားလှယ်ခန့်အပ်မှုသည် ခန့်အပ်သူက လက်မှတ်ရေးထိုးပြီး ၎င်းတွင် အောက်ပါ အချက်အလက်များပါဝင်ခဲ့လျှင် တရားဝင်သည် – (၁) ကုမ္ပဏီတွင်ပါဝင်သူ၏အမည်နှင့် နေရပ်လိပ်စာ၊ (၂) ကုမ္ပဏီ၏အမည်၊ (၃) ကိုယ်စားလှယ်၏အမည်နှင့် (၄) ကိုယ်စားလှယ်မှ တက်ရောက်မည့်အစည်းအဝေးများ။ (အစည်းအဝေးများအားလုံးလည်း ဖြစ်နိုင်သည်။) (င) ကိုယ်စားလှယ်ခန့်အပ်မှုတစ်ရပ် စတင်အကျိုးသက်ရောက်စေရန်အတွက် ကိုယ်စားလှယ် ခန့်အပ်သည့်စာရွက်စာတမ်းကို သက်ဆိုင်ရာအစည်းအဝေးမစတင်မီ အနည်းဆုံး ၄၈ နာရီကြိုတင်၍ ကုမ္ပဏီမှလက်ခံရရှိပြီးဖြစ်ရမည်။ အကြောင်းကိစ္စအသီးသီးတွင် အဆိုပါစာရွက်စာတမ်းများကို ကုမ္ပဏီ၏မှတ်ပုံတင်ထားသောရုံးခန်း သို့မဟုတ် အစည်းအဝေးအကြောင်းကြားစာတွင် ကုမ္ပဏီကဖော်ပြထားသည့် အခြားနေရာ၊ လိပ်စာ သို့မဟုတ် နံပါတ်များသို့ ပေးပို့ရမည်။ ( စ ) ကုမ္ပဏီသည် ကိုယ်စားလှယ်ခန့်အပ်သောကုမ္ပဏီတွင်ပါဝင်သူတစ်ဦးထံမှ စာရွက်စာတမ်း တစ်ခုထက်ပိုမို၍ လက်ခံရရှိခဲ့လျှင် နောက်ဆုံးလက်ခံရရှိခဲ့သော စာရွက်စာတမ်းသည် ယခင် ပေးပို့ခဲ့သောစာရွက်စာတမ်းကို ပြန်လည်ရုပ်သိမ်းသည်ဟု မှတ်ယူရမည်။ (ဆ) ကိုယ်စားလှယ်ခန့်အပ်သည့် စာရွက်စာတမ်းတွင် ဆုံးဖြတ်ချက်တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ကိုယ်စားလှယ်က မည်သို့ဆန္ဒမဲပေးရမည်ကို သတ်မှတ်ဖော်ပြရမည် သို့မဟုတ် ကိုယ်စားလှယ်၏ဆုံးဖြတ်ချက်ဖြင့် မဲပေးနိုင်ခွင့်ရှိကြောင်းဖော်ပြနိုင်ပြီး မည်သို့မဲပေးရန် သတ်မှတ်ထားလျှင် ကိုယ်စားလှယ်သည် အဆိုပါသတ်မှတ်ချက်အတိုင်း ဆန္ဒမဲပေးရမည်။ (ဇ ) ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးသည် အကြောင်းတစ်ခုခုကြောင့် ဆုံးဖြတ်ချက်တစ်ခုအတွက် မဲပေးနိုင်ခွင့်မရှိခဲ့လျှင် ထိုသူ၏ကိုယ်စားလှယ်သည် ၎င်း၏ကိုယ်စားမဲပေးခွင့်မရှိစေရ။ သာမန်ဆုံးဖြတ်ချက်များ ၁၅၅။ ဤဥပဒေတွင်ဖြစ်စေ၊ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင်ဖြစ်စေ အထူးဆုံးဖြတ်ချက် သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်သူများ၏ သတ်မှတ်ထားသောရာခိုင်နှုန်း သို့မဟုတ် အရေအတွက်ဖြင့် အတည်ပြု၍ဆောင်ရွက်ရမည်ဟု အတိအလင်းဖော်ပြထားသည့်ကိစ္စများမှတစ်ပါး ဤဥပဒေအရဖြစ်စေ၊ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရဖြစ်စေ ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်ရန် လိုအပ်သည့်ကိစ္စရပ်တွင် ထိုကိစ္စရပ်ကို သာမန်ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်၍ ဆောင်ရွက်နိုင်သည်။ အစည်းအဝေးများ ကျင်းပခြင်းမပြုဘဲ စာဖြင့်ရေးသား၍ ဆုံးဖြတ်ချက်များချမှတ်ခြင်း ၁၅၆။ (က) ဒါရိုက်တာတစ်ဦးသာရှိသောကုမ္ပဏီတစ်ခုတွင် ဒါရိုက်တာများ၏ အစည်းအဝေးများကို ခေါ်ယူကျင်းပရန်မလို။ လိုအပ်သောဆုံးဖြတ်ချက်များကို စာဖြင့်ရေးသား မှတ်တမ်းတင် လက်မှတ်ရေးထိုးပြီး ချမှတ်နိုင်သည်။ ( ခ) ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးသာရှိသော ကုမ္ပဏီတစ်ခုတွင် ကုမ္ပဏီတွင်ပါဝင်သူများ၏ အစည်းအဝေးများကိုခေါ်ယူကျင်းပရန်မလို။ လိုအပ်သော ဆုံးဖြတ်ချက်များကိုစာဖြင့် ရေးသားမှတ်တမ်းတင် လက်မှတ်ရေးထိုးပြီး ချမှတ်နိုင်သည်။ ( ဂ ) ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ မဲပေးခွင့်ရှိသောဒါရိုက်တာအားလုံးသည် စာရွက်စာတမ်းတွင် ရေးသားထားသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ထောက်ခံကြောင်းဖော်ပြချက်ပါရှိသော စာရွက်စာတမ်းကို လက်မှတ်ရေးထိုးခဲ့ကြလျှင် ကုမ္ပဏီတစ်ခုခုသည် ဒါရိုက်တာများ၏ အစည်းအဝေးကို ခေါ်ယူကျင်းပခြင်းမပြုဘဲ ဒါရိုက်တာများ၏ ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်နိုင်သည်။ အဆိုပါစာရွက်စာတမ်း၏ သီးခြားမိတ္တုများတွင်လည်း လက်မှတ်ရေးထိုး နိုင်ပြီး နောက်ဆုံးဒါရိုက်တာတစ်ဦးက လက်မှတ်ရေးထိုးပြီးသည့်အခါတွင် ထိုဆုံးဖြတ်ချက်ကို ချမှတ်ပြီးဖြစ်သည်ဟု သတ်မှတ်ရမည်။ (ဃ) ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ မဲပေးခွင့်ရှိသောကုမ္ပဏီတွင် ပါဝင်သူအားလုံးသည် စာရွက်စာတမ်းတွင် ရေးသားထားသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ထောက်ခံကြောင်း ဖော်ပြချက်ပါရှိသော စာရွက်စာတမ်းကို လက်မှတ်ရေးထိုးခဲ့ကြလျှင် အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီတစ်ခုခုသည် အထွေထွေအစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပခြင်းမပြုဘဲ ကုမ္ပဏီတွင်ပါဝင်သူများ၏ ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်နိုင်သည်။ အဆိုပါစာရွက်စာတမ်း၏ သီးခြားမိတ္တုများတွင်လည်း လက်မှတ်ရေးထိုးနိုင်ပြီး ကုမ္ပဏီတွင် ပါဝင်သူနောက်ဆုံး တစ်ဦးက လက်မှတ်ရေးထိုးပြီးသည့်အခါတွင် ထိုဆုံးဖြတ် ချက်ကို ချမှတ်ပြီးဖြစ်သည်ဟု သတ်မှတ်ရမည်။ (င) ပုဒ်မခွဲ (ဃ) အရဆုံးဖြတ်ချက်တစ်ရပ်ကိုချမှတ်ခဲ့သည့် ကုမ္ပဏီသည် ဆုံးဖြတ်ချက်တစ်ရပ်အား အထွေထွေအစည်းအဝေး၌ ချမှတ်ရာတွင်လိုအပ်သော ယင်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ သို့မဟုတ် ဤဥပဒေအရ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ပြီးဖြစ်စေရမည့်အပြင် ဤဥပဒေအရ အောက်ပါလိုအပ်ချက်များကိုလည်း လိုက်နာဆောင်ရွက်ပြီး ဖြစ်စေရမည်(၁) ကုမ္ပဏီတွင်ပါဝင်သူများထံသို့ ဆုံးဖြတ်ချက်နှင့်သက်ဆိုင်သော အချက်အလက်များ သို့မဟုတ် စာရွက်စာတမ်းများအား လက်မှတ်ရေးထိုးမည့် စာရွက်စာတမ်းနှင့် အတူပေးပို့ရန်၊ (၂) မှတ်ပုံတင်အရာရှိထံသို့ ဆုံးဖြတ်ချက်ချမှတ်ရန်အတွက် ခေါ်ယူကျင်းပသည့် အစည်းအဝေးအကြောင်းကြားစာတင်ပြရန် ကုမ္ပဏီတွင်ပါဝင်သူများက လက်မှတ် ရေးထိုးမည့် စာရွက်စာတမ်း၏ မိတ္တုတစ်စောင်တို့အား ပေးပို့တင်ပြရန်နှင့် (၃) ဆုံးဖြတ်ချက်ချမှတ်ရန်အတွက် ခေါ်ယူကျင်းပသည့် အစည်းအဝေးအကြောင်းကြားစာ တင်ပြရန် နှင့် ပုဒ်မခွဲ(င)၊ ပုဒ်မခွဲငယ် (၁)တွင် သတ်မှတ်ဖော်ပြထားသော အချက်အလက် သို့မဟုတ် စာရွက်စာတမ်းများ၏မိတ္တု တစ်စောင်စီကို ပေးပို့တင်ပြရန်။ အထွေထွေအစည်းအဝေးများ၊ ဒါရိုက်တာများ၏ အစည်းအဝေးများနှင့်စာဖြင့်ရေးသား ချမှတ်သည့် ဆုံးဖြတ်ချက်များဆိုင်ရာ ဆောင်ရွက်မှုမှတ်တမ်းများ ၁၅၇။ (က) ကုမ္ပဏီအားလုံးသည် အထွေထွေအစည်းအဝေးများ၊ ဒါရိုက်တာများ၏ အစည်းအဝေးများ နှင့်စာဖြင့်ရေးသားချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များနှင့် သက်ဆိုင်သည့်ဆောင်ရွက်မှုများ အားလုံး၏မှတ်တမ်းများကို ယင်းတို့အတွက် ပြုလုပ်ထားရှိသော မှတ်တမ်းစာအုပ်အသီးသီးတွင် ရေးသားဖော်ပြရန်အတွက် ပြုလုပ်ဆောင်ရွက်ရမည်။ သက်ဆိုင်ရာမှတ်တမ်းများ သို့မဟုတ် ဆုံးဖြတ်ချက်များကို ယင်းတို့နှင့်သက်ဆိုင်သည့် မှတ်တမ်းစာအုပ်များတွင် အစည်းအဝေး ကျင်းပသည့်နေ့ရက် သို့မဟုတ် စာဖြင့်ရေးသားပြုလုပ်သည့် ဆုံးဖြတ်ချက်ချမှတ်သော နေ့ရက်မှစ၍ ၂၁ ရက်အတွင်း ရေးသားဖော်ပြရမည်ဖြစ်ပြီး ဥက္ကဋ္ဌ သို့မဟုတ် အခွင့် အာဏာအပ်နှင်းခြင်းခံရသည့် အခြားဒါရိုက်တာတစ်ဦးဦးက လက်မှတ်ရေးထိုးထားရမည်။ ( ခ ) အဆိုပါမှတ်တမ်း သို့မဟုတ် စာဖြင့်ရေးသားချမှတ်သည့် ဆုံးဖြတ်ချက်တစ်ရပ်ရပ်သည် ၎င်းတို့အား ပြုလုပ်ဆောင်ရွက်ခဲ့သည့် အစည်းအဝေး၏ ဥက္ကဋ္ဌကဖြစ်စေ၊ နောက်တစ်ကြိမ် ကျင်းပမည့်အစည်းအဝေး၏ ဥက္ကဋ္ဌကဖြစ်စေ လက်မှတ်ရေးထိုးသကဲ့သို့ ဆောင်ရွက် ခဲ့လျှင် ၎င်းဆောင်ရွက်မှုများ သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ်ခဲ့မှုများအတွက် သက်သေ ထင်ရှားပြီး ဖြစ်စေရမည်။ (ဂ ) ဆန့်ကျင်ကွဲလွဲမှု တစ်စုံတစ်ရာမရှိခဲ့လျှင် အတည်ပြု လက်မှတ် ရေးထိုးထားသော မှတ်တမ်းများတွင်ပါရှိသော ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ကုမ္ပဏီ၏ အထွေထွေ အစည်းအဝေး သို့မဟုတ် ဒါရိုက်တာအစည်းအဝေးများအားလုံးကို နည်းလမ်းတကျ ခေါ်ယူကျင်းပဆောင်ရွက်ခဲ့သည်ဟု မှတ်ယူရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်မှုအားလုံးသည် နည်းလမ်းတကျရှိခဲ့သည်ဟု သတ်မှတ်ရမည့်အပြင် ဒါရိုက်တာများ သို့မဟုတ် စာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိများ ခန့်အပ်မှုအားလုံးသည်လည်း တရားဝင်သည်ဟု မှတ်ယူရမည်။(ဃ) ကုမ္ပဏီတစ်ခု၏ အထွေထွေအစည်းအဝေးဆိုင်ရာ ဆောင်ရွက်မှုမှတ်တမ်းများနှင့် ကုမ္ပဏီတွင်ပါဝင်သူများ၏ စာဖြင့်ရေးသားချမှတ်ခဲ့သော ဆုံးဖြတ်ချက်များ ပါရှိသော စာရင်းစာအုပ်များကို ကုမ္ပဏီ၏မှတ်ပုံတင်ထားသော ရုံးခန်း၌ဖြစ်စေ၊ ဤဥပဒေနှင့်အညီ ထိန်းသိမ်းထားရှိရမည့် ကုမ္ပဏီ၏မှတ်ပုံတင်စာရင်းများထားရှိရာ အခြားနေရာတွင် ဖြစ်စေ ထိန်းသိမ်းထားရှိရမည်။ ယင်းတို့အား ရုံးလုပ်ငန်းအချိန်ကာလအတွင်း ကုမ္ပဏီတွင်ပါဝင်သူ တစ်ဦးဦး၏ စစ်ဆေးဆောင်ရွက်မှုအတွက် အခမဲ့ခွင့်ပြုရမည်။ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်း သို့မဟုတ် အထွေထွေအစည်းအဝေးတွင် စစ်ဆေးဆောင်ရွက်ခြင်းအတွက် တစ်နေ့လျှင် အချိန်နှစ်နာရီ အောက်မနည်းသောကာလကို ခွင့်ပြုရန် သတ်မှတ်နိုင်သည် ဟူသော ကန့်သတ်ချက်များကို လိုက်နာဆောင်ရွက်ရမည်။ (င) အစည်းအဝေးကျင်းပသည့်နေ့မှ ခုနစ်ရက်ကာလနောက်ပိုင်း မည်သည့်အချိန်တွင်မဆို ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးဦးသည် ပုဒ်မခွဲ (ဃ) တွင် ဖော်ပြပါရှိသော မှတ်တမ်း သို့မဟုတ် ဆုံးဖြတ်ချက်တစ်ရပ်ရပ်၏ မိတ္တုတစ်စောင်ကို ဒါရိုက်တာများက သတ်မှတ်ထားသော သင့်လျော်သည့်အဖိုးအခကိုပေးသွင်း၍ ၎င်းတောင်းဆိုသည့်နေ့ရက်မှ ခုနစ်ရက်အတွင်း ရရှိခွင့်ရှိစေရမည်။ ၁၅၈။ ပုဒ်မ ၁၅၇၊ ပုဒ်မခွဲ (ဃ) အရ ဆောင်ရွက်သည့် စစ်ဆေးမှုတစ်ရပ်ရပ်ကို ငြင်းပယ်ခဲ့လျှင် သို့မဟုတ် ပုဒ်မ ၁၅၇၊ ပုဒ်မခွဲ (င) အရ တောင်းဆိုသည့် မိတ္တူ တစ်စုံတစ်ရာကို ပုဒ်မ ၁၅၇၊ ပုဒ်မခွဲ (င) တွင် သတ်မှတ်ထားသည့်အချိန်အတွင်း ပေးအပ်ခြင်းမပြုခဲ့လျှင် ထိုသို့ပျက်ကွက်မှု၌ သိလျက်ဖြင့် တမင် ပြုလုပ်ဆောင်ရွက်ခဲ့သော အဆိုပါကုမ္ပဏီနှင့် ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိများ တစ်ဦးစီသည် ပြစ်မှုတစ်ရပ်စီအတွက် ဒဏ်ကြေးငွေ ကျပ်တစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။ ၁၅၉။ ပုဒ်မ ၁၅၈ တွင်ဖော်ပြထားသည့် ငြင်းပယ်ခြင်း သို့မဟုတ် ပျက်ကွက်ခြင်းအတွက် တရားရုံးသည် အမိန့်တစ်ရပ်ချမှတ်၍ အထွေထွေအစည်းအဝေး၏ ဆောင်ရွက်မှုများအားလုံး သို့မဟုတ် စာဖြင့် ရေးသားချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များနှင့်သက်ဆိုင်သော စာရင်းစာအုပ်များကို ချက်ချင်းစစ်ဆေး ဆောင်ရွက်မှု ပြုလုပ်စေနိုင်သည် သို့မဟုတ် မိတ္တုတောင်းခံသော ပုဂ္ဂိုလ်များထံသို့ လိုအပ်သော မိတ္တုများကိုပေးပို့စေရန် ညွှန်ကြားနိုင်သည်။ အခန်း (၁၈) ဒါရိုက်တာများ၊ ၎င်းတို့၏ လုပ်ပိုင်ခွင့်များနှင့် တာဝန်များ ဒါရိုက်တာများ၏ လုပ်ပိုင်ခွင့်များ ၁၆၀။ ဒါရိုက်တာများ၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်(က) ကုမ္ပဏီ၏စီးပွားရေးလုပ်ငန်းများကို ဒါရိုက်တာအဖွဲ့၏ ညွှန်ကြားချက်ဖြင့် သို့မဟုတ် ညွှန်ကြားချက်နှင့်အညီ စီမံခန့်ခွဲဆောင်ရွက်ရမည် သို့မဟုတ် ဒါရိုက်တာ တစ်ဦးတည်း ရှိသည့်ကုမ္ပဏီတွင် အဆိုပါဒါရိုက်တာတစ်ဦးတည်း၏ ညွှန်ကြားချက်ဖြင့်ဆောင်ရွက် ရမည်။ ( ခ ) ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများကို စီမံဆောင်ရွက်ရာတွင် ဒါရိုက်တာများ သို့မဟုတ် တစ်ဦးတည်းရှိသော ဒါရိုက်တာသည် ကုမ္ပဏီ၏လုပ်ပိုင်ခွင့်များအားလုံးကို ဤဥပဒေတွင် လည်းကောင်း၊ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင်လည်းကောင်း အတိအလင်း ဖော်ပြပါရှိသည့်အတိုင်း ကုမ္ပဏီတွင် ပါဝင်သူများက ကျင့်သုံးဆောင်ရွက်ရန် လိုအပ်သော လုပ်ပိုင်ခွင့်များနှင့်အညီ ကျင့်သုံးဆောင်ရွက်နိုင်သည်။ (ဂ) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ ဒါရိုက်တာအဖွဲ့သည် ဒါရိုက်တာများက ကျင့်သုံးဆောင်ရွက်နိုင်သော လုပ်ပိုင်ခွင့်များမှ တစ်ရပ်ရပ်ကို အုပ်ချုပ်မှုဒါရိုက်တာ (managing director) တစ်ဦးထံသို့ အပ်နှင်းနိုင်သည်။ (ဃ) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ ဒါရိုက်တာအဖွဲ့သည် ယင်း၏လုပ်ပိုင်ခွင့်များမှ တစ်ရပ်ရပ်ကို အောက်ပါပုဂ္ဂိုလ်များထံသို့ အပ်နှင်းနိုင်သည်(၁) ဒါရိုက်တာများမှ ပါဝင်သော ကော်မတီတစ်ရပ်ရပ်၊ (၂) ဒါရိုက်တာတစ်ဦးဦး၊ (၃) ကုမ္ပဏီ၏ ဝန်ထမ်းတစ်ဦးဦး၊ (၄) အခြားပုဂ္ဂိုလ်တစ်ဦးဦး။ (င ) ပုဒ်မခွဲ (ဃ) အရ လုပ်ပိုင်ခွင့်များအပ်နှင်းခြင်းခံရသူသည် ဒါရိုက်တာအဖွဲ့မှ ချမှတ်ထားသည့် ညွှန်ကြားချက်များနှင့်အညီ အဆိုပါလုပ်ပိုင်ခွင့်များအား ကျင့်သုံးဆောင်ရွက်ရမည့်အပြင် ထိုသို့အပ်နှင်းခြင်းခံရသူက လုပ်ပိုင်ခွင့်များအား ကျင့်သုံးဆောင်ရွက်မှုသည် ဒါရိုက်တာများက အဆိုပါလုပ်ပိုင်ခွင့်များအား ကျင့်သုံးဆောင်ရွက်သည့်အတိုင်း အကျိုးသက်ရောက်သည်။ ( စ ) ပုဒ်မခွဲ (ဃ) အရ ဒါရိုက်တာများသည် လုပ်ပိုင်ခွင့်တစ်ရပ်ကို အပ်နှင်းခဲ့သည့်အခါ အောက်ပါအချက်များကို ဖော်ပြနိုင်ခြင်းမရှိခဲ့လျှင် ဒါရိုက်တာများ ကိုယ်တိုင် အဆိုပါ လုပ်ပိုင်ခွင့်အား ကျင့်သုံးဆောင်ရွက်သကဲ့သို့ လုပ်ပိုင်ခွင့်အပ်နှင်းခြင်းခံရသူ၏ဆောင်ရွက်မှု အတွက် တာဝန်ရှိစေရမည်(၁) လုပ်ပိုင်ခွင့်အပ်နှင်းခြင်းခံရသူသည် ဤဥပဒေနှင့် ကုမ္ပဏီ၏ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းတို့အရ ကုမ္ပဏီ၏ဒါရိုက်တာများအပေါ် သတ်မှတ်ထားသည့် တာဝန် ဝတ္တရားများနှင့်အညီ လုပ်ပိုင်ခွင့်အား အမြဲကျင့်သုံးဆောင်ရွက်သည်ဟု သင့်လျော်သည့် အကြောင်းပြချက်များရှိခြင်း၊ နှင့် သဘောရိုးဖြင့် သင့်လျော်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် စုံစမ်း စစ်ဆေးရန် လိုအပ်သည့် အခြေအနေရှိခဲ့လျှင် လုပ်ပိုင်ခွင့်အပ်နှင်းခြင်းခံရသူသည် လွှဲအပ်ထားသည့် လုပ်ပိုင်ခွင့်နှင့်စပ်လျဉ်း၍ အားထားရသောအရည်အချင်း ပြည့်ဝသူဖြစ်သည်ဟု သင့်လျော်သည့် အကြောင်းပြချက်များရှိခြင်း။ ဒါရိုက်တာများက အချက်အလက်များကို ရယူနိုင်ခြင်း ၁၆၁။ (က) ဒါရိုက်တာတစ်ဦးသည် သင့်လျော်သည့်အချိန်တိုင်းတွင် ကုမ္ပဏီ၏ စာရင်းစာအုပ်များနှင့် မှတ်တမ်းများကို စစ်ဆေးကြည့်ရှုနိုင်သည်။ ( ခ ) ဒါရိုက်တာအဖြစ်မှ ရပ်နားခဲ့သူတစ်ဦးဦးသည် ဒါရိုက်တာအဖြစ်မှ ရပ်နားပြီးနောက် ခုနစ်နှစ်ကာလအတွင်း သင့်လျော်သည့်အချိန်တိုင်းတွင် အောက်ပါတရားစွဲဆို ဆောင်ရွက်မှု များအတွက် ကုမ္ပဏီ၏ စာရင်းစာအုပ်များနှင့် မှတ်တမ်းများကို စစ်ဆေးကြည့်ရှုနိုင်ပြီး ယင်းတို့၏ မိတ္တုများကို ရယူနိုင်သည်(၁) ဖော်ပြပါပုဂ္ဂိုလ်သည် အမှုသည်အဖြစ်ပါဝင်နေသောကိစ္စ၊ (၂) ဖော်ပြပါပုဂ္ဂိုလ်သည် သဘောရိုးဖြင့် တရားစွဲဆိုရန် ရည်ရွယ်ခြင်း၊ (၃) ဖော်ပြပါပုဂ္ဂိုလ်သည် ယင်းအပေါ် တရားစွဲဆိုရန်အကြောင်းရှိခြင်း။ ဒါရိုက်တာများ၏ လုပ်ပိုင်ခွင့်များနှင့်စပ်လျဉ်းသည့် ကန့်သတ်ချက်များ ၁၆၂။ အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီတစ်ခု သို့မဟုတ် အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခု သို့မဟုတ် အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီတစ်ခု၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းတွင် ကန့်သတ်ထားလျှင် အဆိုပါကုမ္ပဏီ၏ ဒါရိုက်တာများသည် အထွေထွေအစည်းအဝေးတွင် သဘောတူညီချက်ဖြင့် ဆောင်ရွက်သည့်ကိစ္စရပ်မှအပ အောက်ပါတို့ကို ဆောင်ရွက်ခြင်း မပြုရ – (က) ကုမ္ပဏီ၏ အဓိကလုပ်ငန်းဆောင်ရွက်မှုများကို ရောင်းချခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် ဖယ်ရှားခြင်း၊ သို့မဟုတ် (ခ) ဒါရိုက်တာတစ်ဦးက ပေးချေရမည့် ကြွေးမြီတစ်ရပ်ရပ်ကို ပေးချေခြင်း။ မဲပေးခြင်းနှင့်စပ်လျဉ်းသည့် ကန့်သတ်ချက်များ ၁၆၃။ (က) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့် ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးသည် ဒါရိုက်တာအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်မည့် ကုမ္ပဏီ၏ လုပ်ငန်းကိစ္စများတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုးခံစားခွင့် တစ်ရပ်ရပ်ရှိခဲ့လျှင် ယင်းဒါရိုက်တာသည် အစည်းအဝေးတွင် အဆိုပါကိစ္စရပ်အား ဆုံးဖြတ်ဆောင်ရွက်နေချိန်၌ တက်ရောက်ခြင်း မပြုရသည့်အပြင် ယင်းကိစ္စရပ်အတွက် မဲပေးခြင်း မပြုရ။ ( ခ ) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ အစည်းအဝေးတွင် ဆုံးဖြတ်မည့်ကိစ္စ တစ်ရပ်ရပ်၌ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုးခံစားခွင့်တစ်ရပ်ရပ် ပါရှိသော ဒါရိုက်တာ တစ်ဦးသည် အောက်ပါအချက်များရှိခဲ့လျှင် ဒါရိုက်တာအစည်းအဝေးသို့ တက်ရောက်နိုင်ပြီး ထိုကိစ္စရပ်နှင့်စပ်လျဉ်း၍ မဲပေးခွင့်ရှိသည် – (၁) ပုဒ်မ ၁၇၂ အရ ဒါရိုက်တာသည် ကုမ္ပဏီ၏လုပ်ငန်းများတွင် ၎င်း၏ အကျိုး ခံစားခွင့်နှင့်ပါဝင်ပတ်သက်မှုများ၏ အခြေအနေနှင့် အတိုင်းအတာများကို ထုတ်ဖော်ပြောဆိုခြင်း၊ အခြားဒါရိုက်တာများက အဆိုပါဒါရိုက်တာနှင့်အကျိုး ခံစားခွင့်၏ အခြေအနေကို ဖော်ပြသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်၍ အဆိုပါအကျိုးခံစားခွင့်သည် ထိုဒါရိုက်တာအား အစည်းအဝေးသို့ တက်ရောက်ခြင်း သို့မဟုတ် မဲပေးခြင်းများအတွက် ထိခိုက်စေခြင်းမရှိဟု တွေ့ရှိရကြောင်း ဖော်ပြ ခဲ့ခြင်းများရှိခဲ့လျှင် သို့မဟုတ် (၂) ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ်(၁) ၌ ဖော်ပြထားသော ဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်ချက်ကဲ့သို့ အလားတူအကျိုးသက်ရောက်မှုရှိသော ဆုံးဖြတ်ချက်တစ်ရပ်အား ကုမ္ပဏီ၏ အထွေထွေအစည်းအဝေး၌ ချမှတ်ခဲ့လျှင် သို့မဟုတ် (၃) အကျိုးခံစားခွင့်သည် ပုဒ်မ ၁၇၂ အရ ထုတ်ဖော်ပြောဆိုရန် မလိုအပ်သောအကျိုး ခံစားခွင့်တစ်ရပ်ဖြစ်ခဲ့လျှင်။ (ဂ) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ ပုဒ်မခွဲ (ခ) တွင် ပါရှိသည့် သတ်မှတ်ချက်များ နှင့် ညီညွတ်လျှင် – (၁) အဆိုပါဒါရိုက်တာသည် အကျိုးခံစားခွင့် ပါရှိသော ကိစ္စရပ်နှင့်စပ်လျဉ်း၍ မဲပေး နိုင်သည်။ (၂) အကျိုးခံစားခွင့်ပါရှိသော လုပ်ငန်းဆောင်ရွက်မှုတစ်ရပ်ရပ်ကို ဆက်လက်ပြုလုပ် နိုင်သည်။ (၃) ဒါရိုက်တာတွင် အကျိုးခံစားခွင့်ရှိစေကာမူ အဆိုပါဒါရိုက်တာသည် လုပ်ငန်း ဆောင်ရွက်မှုမှ ရရှိသည့် အကျိုးအမြတ်များကို ရယူနိုင်သည်။ ၎င်းအပြင် (၄) အကျိုးခံစားခွင့်ပါရှိသည်ဆိုကာမျှဖြင့် ကုမ္ပဏီသည် လုပ်ငန်းဆောင်ရွက်မှုကို ရှောင်ရှားခြင်း မပြုနိုင်။ ဒါရိုက်တာများနှင့် အရာရှိများ၏ တာဝန်များ တာဝန်များ ၁၆၄။ ပုဒ်မ ၁၆၅ မှ ပုဒ်မ ၁၇၂ အထိတွင် ဒါရိုက်တာများနှင့် အရာရှိများအား ပေးအပ်ထားသည့် အဓိကတာဝန်များကို ပြဋ္ဌာန်းထားပါသည်။ သို့သော် ဤဥပဒေအရဖြစ်စေ၊ အခြားသက်ဆိုင်ရာ ဥပဒေ တစ်ရပ်ရပ်အရဖြစ်စေ ပေးအပ်ထားသော တာဝန်များကို ကန့်သတ်ထားခြင်း မရှိစေရ။ ထိုက်သင့်သောဂရုပြုမှု နှင့် လုံ့လဝီရိယဖြင့် ဆောင်ရွက်ရန်တာဝန် ၁၆၅။ (က) ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးဦးသည် အောက်ပါအခြေအနေများတွင် သာမန် ပုဂ္ဂိုလ်တစ်ဦးက ထားရှိသော ဂရုပြုမှုနှင့် လုံ့လဝီရိယတို့ဖြင့် ၎င်းတို့၏ လုပ်ပိုင်ခွင့်များကို ကျင့်သုံးခြင်း နှင့် တာဝန်များကို ထမ်းဆောင်ခြင်းတို့ကို ပြုလုပ်ရမည် – (၁) ဖော်ပြပါပုဂ္ဂိုလ်သည် ကုမ္ပဏီ၏အခြေအနေအရပ်ရပ်တို့တွင် ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးအဖြစ်ရှိခဲ့ကြလျှင် သို့မဟုတ် (၂) ဖော်ပြပါ ပုဂ္ဂိုလ်သည် ကုမ္ပဏီတွင် ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးအဖြစ် ရာထူးရယူခဲ့ပြီး ယင်းတို့ကဲ့သို့ အလားတူတာဝန်များရှိခဲ့ကြလျှင်။ ( ခ) ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိတစ်ဦးသည် ယင်းတို့၏ လုပ်ပိုင်ခွင့်များကို ကျင့်သုံး ဆောင်ရွက်ခြင်းနှင့် တာဝန်များကို ထမ်းဆောင်သောအခါ ကုမ္ပဏီ၏ စီးပွားရေး လုပ်ငန်းအားဆောင်ရွက်ခြင်းနှင့် စပ်လျဉ်းသော လုပ်ဆောင်မှုတစ်ရပ်ရပ်ကို ပြုလုပ်မည်။ မပြုလုပ်မည် ဟူသည့် ဆုံးဖြတ်ချက်တစ်ရပ်ရပ် ချမှတ်ရာတွင် အောက်ပါကိစ္စရပ်များကို ပြုလုပ်ခဲ့လျှင် ဤပုဒ်မ၏ ပုဒ်မခွဲ (က) အရ သတ်မှတ်ချက်များ၊ အလားတူဥပဒေနှင့်အညီ ဖြစ်သော တာဝန်များနှင့် ပုဒ်မ ၁၇ဝ ပါတာဝန်များကို လိုက်နာဆောင်ရွက်သည်ဟု မှတ်ယူရမည် – (၁) ဆုံးဖြတ်ချက်အား လျော်ကန်သင့်မြတ်သော ကိစ္စရပ်အတွက် သဘောရိုးဖြင့် ချမှတ်ခဲ့လျှင်၊ (၂) ဆုံးဖြတ်ချက်ချမှတ်သည့်ကိစ္စရပ်တွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုးခံစားခွင့်မပါရှိလျှင်၊ (၃) ဆုံးဖြတ်ချက် ချမှတ်သည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ ဒါရိုက်တာများကိုယ်တိုင် သင့်လျော်မျှတသည်ဟု ယုံကြည်လျှင်၊ ၎င်းအပြင် (၄) ဆုံးဖြတ်ချက်သည် ကုမ္ပဏီ၏ အကျိုးအတွက် အကောင်းဆုံးဖြစ်သည်ဟု ကျိုးကြောင်းညီညွတ်စွာ ယုံကြည်လျှင်။ ကုမ္ပဏီ၏အကျိုးအတွက် အကောင်းဆုံးဖြစ်စေရန် သဘောရိုးဖြင့် ဆောင်ရွက်ရမည့်တာဝန် ၁၆၆။ (က) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးသည် ၎င်းတို့၏ လုပ်ပိုင်ခွင့်များ နှင့် တာဝန်များကို အောက်ပါအတိုင်း ကျင့်သုံးဆောင်ရွက်ရမည် – (၁) ကုမ္ပဏီ၏အကျိုးအတွက် အကောင်းဆုံးဖြစ်စေရန် ဆောင်ရွက်ခြင်းနှင့်သဘောရိုးဖြင့် ဆောင်ရွက်ခြင်း နှင့် (၂) လျော်ကန်သင့်မြတ်သောကိစ္စရပ်အတွက် ဆောင်ရွက်ခြင်း။ ( ခ ) ရာနှုန်းပြည့်လက်အောက်ခံကုမ္ပဏီ (wholly-owned subsidiary) ဖြစ်သည့် ကုမ္ပဏီ တစ်ခု၏ ဒါရိုက်တာ သို့မဟုတ် အရာရှိ တစ်ဦးဦးသည် ဒါရိုက်တာ သို့မဟုတ် အရာရှိ တစ်ဦးအဖြစ် လုပ်ပိုင်ခွင့်များကို ကျင့်သုံးသည့်အခါ သို့မဟုတ် တာဝန်များကို ထမ်းဆောင်သည့် အခါတွင် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၌ ထိုသို့လိုက်နာဆောင်ရွက်ရန် အတိအလင်း ခွင့်ပြုထားလျှင် အဆိုပါ လက်အောက်ခံကုမ္ပဏီအတွက် အကောင်းဆုံး အကျိုးရလဒ် မရှိစေကာမူ ထိုကုမ္ပဏီ၏ အစုများပိုင်ဆိုင်သည့်ကုမ္ပဏီ (holding company) အတွက် အကောင်းဆုံး အကျိုးရလဒ်များရှိသည်ဟု ၎င်းတို့ ယုံကြည်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်သည်။ (ဂ ) ရာနှုန်းပြည့် ပိုင်ဆိုင်ထားသော လက်အောက်ခံ ကုမ္ပဏီတစ်ခုမဟုတ်သည့် လက်အောက်ခံ ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးဦးသည် ၎င်း၏လုပ်ပိုင်ခွင့်များကို ကျင့်သုံးသည့်အခါ သို့မဟုတ် တာဝန်များကို ထမ်းဆောင်သည့်အခါတွင် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၌ ထိုသို့လိုက်နာဆောင်ရွက်ရန် အတိအလင်းခွင့်ပြုထားပြီး ယင်း၏ အစုများပိုင်ဆိုင်သည့် ကုမ္ပဏီမှအပ ကုမ္ပဏီတွင် အခြားပါဝင်သူများ၏ ကြိုတင် သဘောတူညီမှုရှိခဲ့လျှင် လက်အောက်ခံကုမ္ပဏီအတွက် အကောင်းဆုံး အကျိုးရလဒ် မရှိစေကာမူ ထိုကုမ္ပဏီ၏ အစုများပိုင်ဆိုင်သည့် ကုမ္ပဏီအတွက် အကောင်းဆုံး အကျိုး ရလဒ်များရှိသည်ဟု ၎င်းတို့ ယုံကြည်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်သည်။ (ဃ) အစုရှယ်ယာရှင်များအကြား ဖက်စပ်လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးဦးသည် ဖက်စပ်လုပ်ငန်း ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ဒါရိုက်တာတစ်ဦးအဖြစ် လုပ်ပိုင်ခွင့်များကို ကျင့်သုံးသည့်အခါ သို့မဟုတ် တာဝန်များကို ထမ်းဆောင်သည့်အခါတွင် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၌ ထိုသို့လိုက်နာ ဆောင်ရွက်ရန်အတိအလင်းခွင့်ပြုထားလျှင် ကုမ္ပဏီအတွက် အကောင်းဆုံးအကျိုးရလဒ် မရှိစေကာမူ အစုရှယ်ယာရှင်တစ်ဦး သို့မဟုတ် အစုရှယ်ယာရှင်များအတွက် အကောင်းဆုံး အကျိုးရလဒ်များရှိသည်ဟု ၎င်းတို့ယုံကြည်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်သည်။ ( င ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ်(၁) အရတာဝန်များနှင့်စပ်လျဉ်း၍ ၎င်းတို့၏ အခွင့်အာဏာများကို ကျင့်သုံးခြင်းနှင့် ၎င်းတို့၏တာဝန်များကို ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်သည့်အခါ ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးသည် အောက်ပါကိစ္စရပ်များကို ထည့်သွင်း စဉ်းစား ရမည် – (၁) အောက်ပါတို့အပေါ် အကျိုးသက်ရောက်ခြင်း အပါအဝင် ဆုံးဖြတ်ချက်ကြောင့် ကာလရှည် ဖြစ်ပေါ်မည့် အကျိုးဆက်များ – (ကက) ကုမ္ပဏီ၏ ဝန်ထမ်းများ၊ ( ခခ ) ကုမ္ပဏီ၏စီးပွားရေးအရဆက်သွယ် ဆောင်ရွက်နေမှုများတွင် ကုမ္ပဏီ၏ ဝန်ဆောင်မှုများကို သုံးစွဲနေသူများနှင့် ကုမ္ပဏီသို့ ပစ္စည်းပေးသွင်းနေသူများ၊ ( ဂဂ ) သဘာဝပတ်ဝန်းကျင်၊ (ဃဃ) ကုမ္ပဏီ၏ ဂုဏ်သိက္ခာ။ (၂) ကုမ္ပဏီတွင်ပါဝင်သူများအကြား တရားမျှတစွာ ဆောင်ရွက်ရန် လိုအပ်သည်များ။ ရာထူးနေရာကို အသုံးပြုခြင်းနှင့် စပ်လျဉ်းသည့်တာဝန် ၁၆၇။ ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးဦးသည် ၎င်းတို့၏ ရာထူးနေရာအား အောက်ပါကိစ္စရပ်များ အတွက် မလျော်မကန် အသုံးပြုခြင်းမရှိစေရ – (က) မိမိကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အခြားသူတစ်ဦးဦးအတွက်သော်လည်းကောင်း အကျိုးတစ်စုံတစ်ရာရရှိစေရန် သို့မဟုတ် (ခ) ကုမ္ပဏီအား အကျိုးထိခိုက်နစ်နာစေရန်။ သတင်းအချက်အလက်များကို အသုံးပြုခြင်းနှင့်စပ်လျဉ်းသည့်တာဝန် ၁၆၈။ ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးဦးသည် ဒါရိုက်တာ သို့မဟုတ် အရာရှိ တစ်ဦးအနေဖြင့် ၎င်းတို့ လက်ခံရရှိထားသော သတင်းအချက်အလက်များကို အောက်ပါကိစ္စရပ်များအတွက် မလျော် မကန် အသုံးပြုခြင်း မရှိစေရ – (က) မိမိကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အခြားသူတစ်ဦးဦးအတွက်သော်လည်းကောင်း အကျိုးတစ်စုံတစ်ရာရရှိစေရန် သို့မဟုတ် ( ခ ) ကုမ္ပဏီအား အကျိုးထိခိုက်နစ်နာစေရန်။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတို့အား လိုက်နာရန်တာဝန် ၁၆၉။ ဒါရိုက်တာ သို့မဟုတ် အရာရှိ တစ်ဦးဦးသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များ သို့မဟုတ် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတို့အား ဆန့်ကျင်သော နည်းလမ်းတစ်ရပ်ရပ်ဖြင့် ဆောင်ရွက်ခြင်းမပြုရ သို့မဟုတ် ကုမ္ပဏီတွင် ထိုသို့ဆန့်ကျင်လျက် ဆောင်ရွက်မည်ဟု သဘောတူလက်ခံခြင်း မပြုရ။ ကျိုးကြောင်းစဉ်းစားမှုမပြုဘဲကုန်သွယ်ခြင်းမှ ရှောင်ကြဉ်ရန်တာဝန် ၁၇၀။ ဒါရိုက်တာ သို့မဟုတ် အရာရှိ တစ်ဦးဦးသည် ကုမ္ပဏီ၏စီးပွားရေးလုပ်ငန်းအား ဆောင်ရွက်ရာတွင် ကုမ္ပဏီ၏ မြီရှင်များအတွက် ကြီးမားသည့်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေမည့် နည်းလမ်းများဖြင့် ဆောင်ရွက်ခြင်း သို့မဟုတ် ဆောင်ရွက်ရန် သဘောတူခြင်းကို မပြုလုပ်ရ သို့မဟုတ် ထိုသို့ပြုလုပ်ရန် ခွင့်မပြုရ။ တာဝန်များရယူဆောင်ရွက်ခြင်းနှင့်စပ်လျဉ်းသည့်တာဝန် ၁၇၁။ ကုမ္ပဏီသည် တာဝန်တစ်ရပ်ရပ်ကို လိုအပ်ချက်များနှင့်အညီ ကုမ္ပဏီက ဆောင်ရွက်နိုင်သည် ဟု သင့်လျော်သော အကြောင်းများရှိကြောင်း ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးက ယုံကြည်ခြင်း မရှိလျှင် ၎င်းသည် ကုမ္ပဏီမှ ဆောင်ရွက်ပေးရမည့် တာဝန်တစ်ရပ်ရပ်ကို သဘောတူလက်ခံခြင်း မပြုရ။ အချို့သော အကျိုးခံစားခွင့်များကို ထုတ်ဖော်ပြောဆိုရမည့်တာဝန် ၁၇၂။ (က) ကုမ္ပဏီ၏လုပ်ငန်းကိစ္စများတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုးခံစားခွင့် တစ်ရပ်ရပ်ပါရှိသော ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးသည် အောက်ပါအကြောင်းအရာများအပြင် ယင်း၏အကျိုး ခံစားခွင့်နှင့်စပ်လျဉ်းသည့်ကိစ္စများအတွက် အကြောင်းကြားစာကို အခြားဒါရိုက်တာများ ထံသို့ ပေးပို့ရမည် – (၁) အကျိုးခံစားခွင့်သည် – (ကက) ဒါရိုက်တာမှာ ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးဖြစ်ပြီး အခြားပါဝင်သူများနှင့် အလားတူ ပိုင်ဆိုင်မှုကြောင့် ရရှိခြင်း၊ ( ခခ ) ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးအဖြစ် ဒါရိုက်တာလုပ်အားခနှင့်စပ်လျဉ်း၍ ရရှိခြင်း၊ ( ဂဂ ) ကုမ္ပဏီတွင်ပါဝင်သူများ၏ အတည်ပြုချက်လိုအပ်ပြီး ကုမ္ပဏီတွင်ပါဝင် သူများက အတည်မပြုခဲ့လျှင် ကုမ္ပဏီအပေါ် တာဝန်တစ်ရပ်ရပ် မဖြစ်ပေါ် စေမည့် ကုမ္ပဏီက ပါဝင်ချုပ်ဆိုရန် အဆိုပြု ထားသည့် ပဋိညာဉ် တစ်ရပ်ရပ်နှင့် သက်ဆိုင်ခြင်း၊ (ဃဃ) ဒါရိုက်တာက အာမခံသူဖြစ်ခြင်း သို့မဟုတ် ၎င်းအား ကုမ္ပဏီက ရယူသည့် ချေးငွေ သို့မဟုတ် အဆိုပြုထားသောချေးငွေအားလုံး သို့မဟုတ် တစ်စိတ် တစ်ဒေသအတွက် လျော်ကြေးငွေ တစ်ရပ်ရပ် သို့မဟုတ် အာမခံချက် တစ်ရပ်ရပ်ပေးခြင်းကြောင့် ဖြစ်ပေါ်လာခြင်း၊ ( ငင ) ပုဒ်မခွဲငယ်စိတ် (ဃဃ) တွင် ဖော်ပြထားသည့် အာမခံချက် သို့မဟုတ် လျော်ကြေးငွေတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ဒါရိုက်တာသည် အစားထိုး ဆောင်ရွက်နိုင်ခွင့် (light of subrogation) ရှိခြင်းကြောင့် ဖြစ်ပေါ်လာခြင်း၊ ( စစ ) ကုမ္ပဏီကိုဖြစ်စေ၊ ဆက်စပ်သည့်အဖွဲ့အစည်းကိုဖြစ်စေ အာမခံချက်ပေးသူ အဖြစ် ဆောင်ရွက်စေခြင်းမရှိစေဘဲ ကုမ္ပဏီ၏ အရာရှိတစ်ဦးအဖြစ် ဒါရိုက်တာက ဆောင်ရွက်ပေးရသော တာဝန်ရှိမှုများအပေါ် အာမခံစေသော သို့မဟုတ် အာမခံစေမည်ဖြစ်သော ပဋိညာဉ်စာချုပ် တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ဖြစ်ပေါ်လာခြင်း၊ (ဆဆ) ပုဒ်မ ၁၈၁ အရ ခွင့်ပြုထားသောလျော်ကြေးငွေ သို့မဟုတ် အဆိုပါ လျော်ကြေးငွေနှင့် သက်ဆိုင်သည့် ပဋိညာဉ်စာချုပ်တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ကုမ္ပဏီ သို့မဟုတ် ဆက်စပ်သည့် အဖွဲ့အစည်းက ငွေပေး ချေမှုတစ်ရပ်ရပ်နှင့် ပတ်သက်၍ ဖြစ်ပေါ်လာခြင်း၊ ( ဇဇ ) ဆက်စပ်သည့်အဖွဲ့အစည်းတစ်ခုနှင့်ဖြစ်စေ၊ ထိုအဖွဲ့အစည်း၏အကျိုးအတွက် ဖြစ်စေ၊ သို့မဟုတ် ထိုအဖွဲ့အစည်း၏ ကိုယ်စားဖြစ်စေ ချုပ်ဆိုသော သို့မဟုတ် ချုပ်ဆိုမည့် ပဋိညာဉ်စာချုပ်တွင်ပါရှိပြီး ဒါရိုက်တာသည် ဆက်စပ်သည့်အဖွဲ့အစည်း၏ ဒါရိုက်တာဖြစ်သော အကြောင်းကြောင့် ဖြစ်ပေါ်လာခြင်း။ (၂) ဒါရိုက်တာသည် အကျိုးခံစားခွင့်၏ အခြေအနေ၊ အတိုင်းအတာပမာဏနှင့် ကုမ္ပဏီ၏ လုပ်ငန်းကိစ္စများတွင် ယင်း၏ သက်ဆိုင်မှုတို့နှင့်စပ်လျဉ်းသော အကြောင်းကြားစာကို ဤပုဒ်မပါ ပြဋ္ဌာန်းချက်နှင့်အညီ ပေးပို့ဆောင်ရွက်ပြီး ဖြစ်သည့်အပြင် ထိုအကြောင်းကြားစာမှာ ဆက်လက်အကျိုးသက်ရောက်နေခြင်း၊ သို့မဟုတ် ကုမ္ပဏီတွင် ဒါရိုက်တာတစ်ဦးသာရှိပြီး အဆိုပါဒါရိုက်တာ၊ ၎င်းနှင့် ဆက်နွယ်သည့် ပုဂ္ဂိုလ်များသည် ကုမ္ပဏီ၏ အစုရှယ်ယာရှင်များသာလျှင်ဖြစ်ခြင်း၊ တစ်ဦးတည်း ဒါရိုက်တာရှိသည့် ကုမ္ပဏီတွင် အခြားအစုရှယ်ယာရှင်ရှိခဲ့လျှင် ပုဒ်မခွဲ (က) အရ ပေးပို့ရန်လိုအပ်သည့် အကြောင်းကြားစာကို ထိုအစုရှယ်ယာရှင်များထံသို့ ပေးပို့ရမည်။ ( ခ ) အကျိုးခံစားခွင့်နှင့် သက်ဆိုင်သည့် အကြောင်းကြားစာကို လိုအပ်သည့် အချိန်တိုင်းတွင် ပေးပို့နိုင်သည် သို့မဟုတ် ပေါ်ပေါက်လာသည့်ကိစ္စရပ်တွင် အကျိုးခံစားခွင့် ပါရှိသော ကုမ္ပဏီ၏ ဒါရိုက်တာသည် အခြားဒါရိုက်တာများထံသို့ အကျိုးခံစားခွင့်၏ အခြေအနေနှင့် အတိုင်းအတာ ပမာဏတို့နှင့် သက်ဆိုင်သော တည်မြဲအကြောင်းကြားစာ (standing notice) ကို ပေးပို့နိုင်သည်။ ( ဂ ) အကြောင်းကြားစာ ပေးပို့သည့်အချိန်တွင် ကုမ္ပဏီ၏ လုပ်ငန်းကိစ္စများနှင့် သက်ဆိုင်သော ကိစ္စရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တည်မြဲအကြောင်းကြားစာကို မည်သည့်အချိန်တွင် မဆို ပေးပို့နိုင်သည်။ သို့ရာတွင် ဒါရိုက်တာအဖွဲ့တွင် ဒါရိုက်တာအသစ်တစ်ဦးအား ခန့်ထားပါက ယခင်က ပေးပို့ထားသော တည်မြဲအကြောင်းကြားစာများကို အသစ်ဖွဲ့စည်း ထားသော ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးတွင် ပြန်လည်တင်ပြရမည်။ (ဃ) အကြောင်းကြားစာတွင် ဖော်ပြထားသော အကျိုးခံစားခွင့်၏ အခြေအနေ သို့မဟုတ် အတိုင်းအတာပမာဏမှာ သိသာစွာ တိုးမြင့်လာလျှင် အဆိုပါတည်မြဲ အကြောင်းကြားစာ၏ အကျိုးသက်ရောက်မှုမှာ ရပ်စဲသည်။ (င) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပေးပို့ထားသော အကြောင်းကြားစာတစ်ရပ်ရပ်သည် – (၁) အကျိုးခံစားခွင့်၏ အခြေအနေ၊ အတိုင်းအတာ ပမာဏတို့နှင့် သက်ဆိုင်သော အချက်အလက်အသေးစိတ်ကို ဖော်ပြပါရှိစေရမည်။ ၎င်းအပြင် (၂) ဒါရိုက်တာအဖွဲ့အစည်းအဝေးတွင် ပေးပို့တင်ပြရမည်ဖြစ်ပြီး မှတ်တမ်းများတွင် စာရင်းရေးသွင်းထားရမည်။ ( စ) ဒါရိုက်တာတစ်ဦးဦးက ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်လျက် ဆောင်ရွက်ခြင်း များသည် မည်သည့်ဆောင်ရွက်ချက်၊ လုပ်ငန်းဆောင်ရွက်မှု၊ သဘောတူညီချက်၊ စာချုပ် စာတမ်း၊ ဆုံးဖြတ်ချက် သို့မဟုတ် အခြားကိစ္စရပ်များ၏ တရားဝင် အတည်ဖြစ်မှုကို ထိခိုက်စေခြင်း မရှိစေရ။ (ဆ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များအပြင် အကျိုးစီးပွားဆန့်ကျင်ခြင်းနှင့်သက်ဆိုင်သော ဥပဒေ တစ်ရပ်ရပ်နှင့်ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတို့ကိုလည်း လိုက်နာဆောင်ရွက် ရမည်။ ဒါရိုက်တာများအား ခန့်အပ်ခြင်း၊ ၎င်းတို့၏အခကြေးငွေ နှင့် ခန့်အပ်မှုအား ရပ်စဲခြင်း ဒါရိုက်တာများအား ခန့်အပ်ခြင်း ၁၇၃။ (က) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ဖော်ပြပါရှိခြင်းမရှိလျှင် ယင်း၏ အခြားစည်းမျဉ်း စည်းကမ်းများနှင့်အညီ – (၁) ကုမ္ပဏီ၏ ပထမဦးဆုံးဒါရိုက်တာများမှာ ဤဥပဒေ၏ အပိုင်း(၂) အရ ပြုလုပ်သော ကုမ္ပဏီဖွဲ့စည်းတည်ထောင်မှုအတွက် လျှောက်လွှာတွင် အမည်စာရင်း ဖော်ပြထားသော ပုဂ္ဂိုလ်များ ဖြစ်သည်။ ယင်းနောက်ပိုင်းတွင် ကုမ္ပဏီ၏ဒါရိုက်တာများကို အထွေထွေအစည်းအဝေး၌ သာမန်ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်၍ ကုမ္ပဏီတွင်ပါဝင်သူများက ခန့်အပ်ရမည်။ ၎င်းအပြင် (၃) ဒါရိုက်တာများအနက် ရုတ်တရက် လစ်လပ်သွားသော ဒါရိုက်တာနေရာတွင် အဆိုပါ ဒါရိုက်တာများသည် အစည်းအဝေးအထမြောက်စေမည့် အရေအတွက်တွင် မပါဝင်သော်လည်း ထိုသို့လစ်လပ်သွားသော နေရာအတွက် ဒါရိုက်တာများက ဖြည့်စွက်ခန့်ထားရမည်။ သို့သော် ထိုသို့ခန့်အပ်ခံရသူအတွက် အဆိုပါ ခန့်အပ်မှုကို ပြုလုပ်ပြီးနောက်တွင် ကျင်းပသည့် ကုမ္ပဏီ၏ အထွေထွေအစည်းအဝေး၌ ကုမ္ပဏီတွင် ပါဝင်သူများ၏ အတည်ပြုချက်ကို ရယူရမည်။ အဆိုပါ အစည်းအဝေးအား ခန့်အပ်မှုပြုလုပ်ပြီး နောက်ခြောက်လအတွင်း ခေါ်ယူကျင်းပရမည်။ ( ခ ) အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီဖြစ်ခဲ့လျှင် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း သို့မဟုတ် အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်နှင့်အညီ နှစ်ပတ်လည် အထွေထွေ အစည်းအဝေးတစ်ရပ်စီ၌ ဒါရိုက်တာဦးရေ စုစုပေါင်း၏ သုံးပုံတစ်ပုံ သို့မဟုတ် သုံးပုံ တစ်ပုံနှင့် အနီးစပ်ဆုံးဖြစ်သည့် အရေအတွက်သည် ရာထူးမှ အငြိမ်းစားယူရမည်။ အစည်းအဝေး တစ်ရပ်ရပ်တွင် အငြိမ်းစားယူရမည့် ဒါရိုက်တာများသည် နောက်ဆုံး ရွေးကောက်တင်မြှောက်ထားသည့် အချိန်မှစ၍ ရာထူးနေရာတွင် သက်တမ်း အကြာဆုံး ထမ်းဆောင်ပြီးသူများဖြစ်ရမည်။ သို့သော် တစ်နေ့တည်းတွင် ဒါရိုက်တာများအဖြစ် ရွေးချယ်ခံခဲ့ရသူများ အကြားအနားယူရမည့်သူကို ရွေးချယ်ရာတွင် ဥက္ကဋ္ဌက ဆုံးဖြတ် ရမည်။ (ဂ ) ဒါရိုက်တာတစ်ဦးကို ခန့်အပ်နိုင်ရန်အတွက် အထွေထွေအစည်းအဝေး၌ ချမှတ်သည့် ဆုံးဖြတ်ချက်တစ်ရပ်တွင် အဆိုပြု ထားသည့် ဒါရိုက်တာတစ်ဦးကိုသာလျှင် ဖော်ပြနိုင် မည်ဖြစ်သည်။ သို့သော် အခြားဒါရိုက်တာများ ခန့်ထားရန် သီးခြားဆုံးဖြတ်ချက်များကို အစည်းအဝေး တစ်ရပ်တည်း၌ ချမှတ်နိုင်သည်။ (ဃ) ဒါရိုက်တာများသည်ယင်းတို့အနက်မှ ဒါရိုက်တာတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော ဒါရိုက်တာများကို ကာလတစ်ရပ်အတွက် ဒါရိုက်တာများက သင့်သည်ထင်မြင်သော စည်းကမ်းချက်များဖြင့် ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ (managing director) အဖြစ် ခန့်အပ်နိုင်သည်။ ထိုသူသည် ဒါရိုက်တာတစ်ဦးအဖြစ်မှရပ်စဲလျှင် အုပ်ချုပ်မှုဒါရိုက်တာ အဖြစ်မှ ရပ်စဲရမည်။ (င) အခြားဒါရိုက်တာများ၏ အတည်ပြုချက်ဖြင့် ဒါရိုက်တာတစ်ဦးသည် သတ်မှတ်ထားသော ကာလတစ်ရပ်အတွက် ထိုဒါရိုက်တာ၏ လုပ်ပိုင်ခွင့် အချို့ကိုဖြစ်စေ သို့မဟုတ် အားလုံးကို ဖြစ်စေ ကျင့်သုံးစေရန် အခြားသူတစ်ဦးကို ခန့်အပ်နိုင်သည်။ အဆိုပါ အလှည့်ကျ ဒါရိုက်တာအဖြစ် ခန့်အပ်ခံရသူသည် ဒါရိုက်တာများ၏ လုပ်ပိုင်ခွင့်ကို ကျင့်သုံးရာတွင် ဒါရိုက်တာကကျင့်သုံးဆောင်ရွက်သကဲ့သို့ အကျိုးသက်ရောက်စေရမည်။ ခန့်အပ်မှုအား စာဖြင့်ရေးသား ဆောင်ရွက်ရမည်ဖြစ်ပြီး ကုမ္ပဏီသို့ ပေးပို့တင်ပြရမည်။ ခန့်အပ်မှုအား ထိုသို့ ခန့်အပ်သည့် ဒါရိုက်တာက မည်သည့်အချိန်တွင်မဆို ပြန်လည် ရုပ်သိမ်းနိုင်သည်။ ( စ ) အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီတစ်ခု၏တစ်ဦးတည်းသော ဒါရိုက်တာလည်း ဖြစ်သော၊ တစ်ဦးတည်းသော အစုရှယ်ယာရှင်လည်းဖြစ်သော ဒါရိုက်တာသည် စာဖြင့် ရေးသားချမှတ်သည့် ဆုံးဖြတ်ချက်ဖြင့် အခြားဒါရိုက်တာတစ်ဦးကို ခန့်အပ်နိုင်သည်။ (ဆ) ကုမ္ပဏီတစ်ခု၏ တစ်ဦးတည်းသော ဒါရိုက်တာလည်းဖြစ်သော၊ တစ်ဦးတည်းသော အစုရှယ်ယာရှင်လည်းဖြစ်သော ပုဂ္ဂိုလ်တစ်ဦးဦး သေဆုံးခြင်း သို့မဟုတ် မသန်စွမ်းသူ တစ်ဦးဖြစ်လာခြင်းရှိခဲ့လျှင် ထိုပုဂ္ဂိုလ်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိုယ်စားလှယ် သို့မဟုတ် ယုံကြည်အပ်နှံခြင်းခံရသူသည် ပုဂ္ဂိုလ်တစ်ဦးဦးအား ကုမ္ပဏီ၏ ဒါရိုက်တာအဖြစ် ခန့်အပ် နိုင်သည်။ ကုမ္ပဏီတွင် ဒါရိုက်တာများမရှိခဲ့လျှင် သို့မဟုတ် ဒါရိုက်တာဦးရေသည် ဒါရိုက်တာ အစည်းအဝေးတစ်ရပ် ကျင်းပရာတွင် အထမြောက်စေရန် သတ်မှတ်ထားသည့် အနည်းဆုံး ဦးရေမပြည့်မီခဲ့လျှင် ဤဥပဒေပါပြဋ္ဌာန်းချက်များ သို့မဟုတ် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းများနှင့်အညီ ဒါရိုက်တာများကို ခန့်ထားရန်မဖြစ်နိုင်လျှင် သို့မဟုတ် ဆောင်ရွက်၍ မရခဲ့လျှင် အစုရှယ်ယာရှင်တစ်ဦး သို့မဟုတ် မှတ်ပုံတင်အရာရှိသည် ကုမ္ပဏီအတွက် ဒါရိုက်တာ တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော ဒါရိုက်တာများကို ခန့်ထားပေးစေရန် အတွက် တရားရုံးသို့ လျှောက်ထား တင်ပြနိုင်သည်။ တရားရုံးသည် ကုမ္ပဏီ၏ အကျိုးအတွက် ထိုသို့ခန့်အပ်ရန် ဆုံးဖြတ်လျှင် ထိုခန့်အပ်မှုအား ပြုလုပ်နိုင်ပြီး ထိုသို့ ခန့်အပ်မှုတစ်ရပ်ရပ်ကို တရားရုံးက သင့်သည်ထင်မြင်သည့် စည်းကမ်းချက်များဖြင့် ပြုလုပ်ဆောင်ရွက်နိုင်သည်။ ဒါရိုက်တာများကို ဖယ်ရှားခြင်း ၁၇၄။ ကုမ္ပဏီတစ်ခုသည် ဒါရိုက်တာတစ်ဦးဦးအား ဖယ်ရှားရန် ရည်ရွယ်ချက်ဖြင့် ခေါ်ယူကျင်းပသည့် အထွေထွေအစည်းအဝေး၌ သာမန်ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်၍ဖြစ်စေ၊ ဤဥပဒေနှင့်အညီ စာဖြင့် ရေးသားထားသော ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်၍ဖြစ်စေ ဒါရိုက်တာတစ်ဦးဦးကို ဖယ်ရှားနိုင်သည်။ ဒါရိုက်တာ၏ အရည်အချင်းများ ၁၇၅။ (က) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ သတ်မှတ်ထားသော အစုရှယ်ယာများကို ပိုင်ဆိုင်ရန် လိုအပ်ပြီး ထိုသို့သတ်မှတ်ချက်နှင့် မပြည့်စုံသေးသော ဒါရိုက်တာ အားလုံးသည် ၎င်းအား ဒါရိုက်တာအဖြစ် ခန့်အပ်သည့်နေ့မှ နှစ်လအတွင်း သို့မဟုတ် ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းအရ သတ်မှတ်နိုင်သည့် ပိုမိုတိုတောင်းသောကာလအတွင်း အဆိုပါသတ်မှတ်ချက် နှင့်ကိုက်ညီစေရန် ဆောင်ရွက်ရမည့်တာဝန်ရှိသည်။ ( ခ ) အနည်းဆုံး အသက် ၁၈ နှစ်ပြည့်ပြီးသည့် လူပုဂ္ဂိုလ်ကိုသာလျှင် ဒါရိုက်တာတစ်ဦးအဖြစ် ခန့်ထားရမည်။ (ဂ ) ဒါရိုက်တာသည် စိတ်ပေါ့သွပ်သောသူ မဖြစ်စေရ။ (ဃ) ဤဥပဒေအရဖြစ်စေ၊ အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ဒါရိုက်တာတစ်ဦး အဖြစ် ဆောင်ရွက်ရန် တားမြစ်ထားခြင်းခံရသူတစ်ဦးသည် ထိုသို့တားမြစ်ထားသည့် အချိန်ကာလအတွင်း ဒါရိုက်တာတစ်ဦးအဖြစ် ဆောင်ရွက်ခြင်းမပြုနိုင်။ (င) လူမွဲအဖြစ်ခံယူထားသူတစ်ဦးသည် ဒါရိုက်တာတစ်ဦးအဖြစ် ဆောင်ရွက်ခြင်းမပြုနိုင်။ (စ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ကုမ္ပဏီက ထည့်သွင်း သတ်မှတ်နိုင်သော သီးခြားအရည်အချင်းများကို ထိခိုက်စေခြင်း မရှိစေရ၊ သို့သော် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များသည် ဤပုဒ်မပါ ပြဋ္ဌာန်းချက်များအရ လိုအပ်သော အရည်အချင်းတစ်ရပ်ရပ်နှင့် မဆန့်ကျင် သရွေ့အတည်ဖြစ်စေရမည်။ (ဆ) ဒါရိုက်တာတစ်ဦးအဖြစ်၎င်းအား ခန့်အပ်ရာတွင် အရည်အချင်းတစ်ရပ်ရပ်နှင့် ပြည့်စုံမှု မရှိဟုဆိုစေကာမူ ယင်းတာဝန်တွင် ထမ်းဆောင်သူသည် ဤဥပဒေအရဖြစ်စေ၊ အခြား သက်ဆိုင်ရာဥပဒေ တစ်ရပ်ရပ်အရဖြစ်စေ သတ်မှတ်ထားသည့် ဒါရိုက်တာတစ်ဦး၏ တာဝန်ဝတ္တရားများကို ဖောက်ဖျက်ခြင်းအတွက် တာဝန်ရှိသည်ဟု သတ်မှတ်နိုင်သည်။ ( ဇ ) မှတ်ပုံတင်အရာရှိသည် သီးခြားလွတ်လပ်သော ဒါရိုက်တာ၏ အရည်အချင်း၊ လုပ်ပိုင်ခွင့်၊ တာဝန်များနှင့်ပတ်သက်၍ အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်နိုင်သည်။ ဒါရိုက်တာများ၏ ဆောင်ရွက်မှုများသည် တရားဝင်အတည်ဖြစ်ခြင်း ၁၇၆။ ဒါရိုက်တာတစ်ဦး၏ ဆောင်ရွက်မှုများသည် ၎င်းအား ခန့်အပ်ပြီးနောက်ပိုင်း ချို့ယွင်းချက် တစ်ခုခုတွေ့ရှိခြင်း သို့မဟုတ် ဤဥပဒေအရဖြစ်စေ၊ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင်ဖြစ်စေ၊ ဒါရိုက်တာအဖြစ် ခန့်အပ်ရန် သတ်မှတ်ထားသည့် အရည်အချင်း တစ်ရပ်ရပ်နှင့် မညီညွတ်စေကာမူ တရားဝင်အတည်ဖြစ်စေရမည်။ သို့ရာတွင် ပုဂ္ဂိုလ်တစ်ဦးဦးအား ဒါရိုက်တာအဖြစ် ခန့်အပ်ခြင်းသည် တရားဝင် အတည်ဖြစ်ခဲ့သော်လည်း တရားဝင်မဟုတ်သော ဆောင်ရွက်မှုတစ်ရပ်ရပ်ကို တရားဝင်အတည်ဖြစ်စေ၊ သည်ဟု ဤပုဒ်မတွင်ပါရှိသော မည်သည့် ပြဋ္ဌာန်းချက်ကမျှ မှတ်ယူခြင်း မရှိစေရ။ ဒါရိုက်တာများ၏ လုပ်ငန်းများကို လွှဲပြောင်းခြင်း ၁၇၇။ မည်သည့်ကုမ္ပဏီတွင်မဆို ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးအား ယင်း၏ လုပ်ငန်းကို အခြားသူတစ်ဦးဦးသို့ လုပ်ပိုင်ခွင့်လွှဲအပ်နိုင်ရေးအတွက် စည်းကမ်းချက်များကို ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ဖြစ်စေ သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးနှင့် ကုမ္ပဏီအကြား ချုပ်ဆိုခဲ့သော သဘောတူစာချုပ်ဖြင့်ဖြစ်စေ၊ သတ်မှတ်ခဲ့လျှင် အဆိုပါစည်းကမ်းချက်နှင့်အညီ ပြုလုပ်သည့်လုပ်ငန်း လွှဲအပ်ခြင်းသည် တစ်စုံတစ်ရာ နှင့်ဆန့်ကျင်စေကာမူ ကုမ္ပဏီ၏ အထူးဆုံးဖြတ်ချက်ဖြင့် အတည်မပြုမီ ကာလအထိအကျိုးသက်ရောက်ခြင်း မရှိစေရ။ သို့ရာတွင် ဒါရိုက်တာတစ်ဦးသည် ၎င်းအနေဖြင့် လုပ်ငန်းမဆောင်ရွက်နိုင်သည့် ကာလအတွင်း အလှည့်ကျ ဒါရိုက်တာတစ်ဦးကို ခန့်အပ်ရန်အတွက် လုပ်ပိုင်ခွင့်အား ကျင့်သုံးခြင်းကို ဤပုဒ်မ၏ အဓိပ္ပာယ် ဖော်ပြချက်အတွင်း လုပ်ငန်းလွှဲပြောင်းခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရ။ ထို့အပြင် အဆိုပါအလှည့်ကျ ဒါရိုက်တာသည် ယင်းအားခန့်အပ်သောသူက လုပ်ငန်းဆောင်ရွက်နေသည့်ကာလ များတွင် ဒါရိုက်တာတစ်ဦးအဖြစ် လုပ်ပိုင်ခွင့်တစ်ရပ်ရပ်ကို ကျင့်သုံး ဆောင်ရွက်ခြင်းမပြုရ။ ဒါရိုက်တာ၏ ရာထူးနေရာ ရပ်နားရခြင်း ၁၇၈။ (က) ဒါရိုက်တာတစ်ဦး၏ ရာထူးနေရာတွင် အောက်ပါကိစ္စတစ်ရပ်ရပ် ဖြစ်ပေါ်လာခဲ့လျှင် ရပ်နားရမည် – (၁) ဒါရိုက်တာအဖြစ် ခန့်အပ်နိုင်ရေးအတွက် လိုအပ်သော အစုရှယ်ယာပိုင်ဆိုင်မှု သတ်မှတ်ချက်ရှိပါက ပုဒ်မ ၁၇၅၊ ပုဒ်မခွဲ (က) တွင် သတ်မှတ်ဖော်ပြထားသည့် အချိန်ကာလအတွင်း သို့မဟုတ် ယင်းကာလနောက်ပိုင်းကာလ တစ်ရပ်ရပ်တွင် ထားရှိရန် ပျက်ကွက်ခဲ့လျှင်၊ (၂) စီရင်ပိုင်ခွင့် အာဏာရှိသော တရားရုံးတစ်ခုခုက စိတ်ပေါ့သွပ်သောသူဖြစ်ကြောင်း တွေ့ရှိခဲ့လျှင်၊ (၃) ဒေဝါလီခံရကြောင်း သို့မဟုတ် လူမွဲဖြစ်ကြောင်းဆုံးဖြတ်ခြင်းခံရလျှင်၊ (၄) အစုရှယ်ယာများအတွက် ငွေပေးချေရန် တောင်းခေါ်မှုပြုလုပ်သည့်နေ့မှ ခြောက်လ အတွင်း ဒါရိုက်တာများ ပိုင်ဆိုင်ထားသည့် အစုရှယ်ယာများနှင့်စပ်လျဉ်း၍ ၎င်းတို့အပေါ်တောင်းဆိုသည့်ငွေအား ပေးချေရန် ပျက်ကွက်လျှင်၊ (၅) တစ်ဆက်တစ်စပ်တည်း ပြုလုပ်သော ဒါရိုက်တာများအစည်းအဝေး သုံးရပ် သို့မဟုတ် တစ်ဆက်တစ်စပ်တည်းဖြစ်သော ပြက္ခဒိန်လ သုံးလ၊ ယင်းတို့အနက် ပိုမိုကြာမြင့်သည့် ကာလအတွင်း ကျင်းပပြုလုပ်သော ဒါရိုက်တာများ အစည်းအဝေးအားလုံးသို့ ဒါရိုက်တာအဖွဲ့ထံမှ ခွင့်ယူခြင်းမရှိဘဲ သို့မဟုတ် အလှည့်ကျဒါရိုက်တာအား ခန့်အပ်ခြင်းမပြုဘဲ တက်ရောက်ရန် ပျက်ကွက်လျှင်၊ ( ကုမ္ပဏီသို့ စာဖြင့်ရေးသားအကြောင်းကြား၍ ဒါရိုက်တာအဖြစ် ၎င်း၏ ရာထူးနေရာမှ နုတ်ထွက်လျှင်၊ (၇) သေဆုံးခဲ့လျှင်၊ (၈) ဤဥပဒေပါ ပြဋ္ဌာန်းချက်များ သို့မဟုတ် ကုမ္ပဏီ၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများ နှင့်အညီ လုပ်ငန်းမှ ဖယ်ရှားခြင်းခံရလျှင်၊ (၉) ဤဥပဒေပါ ပြဋ္ဌာန်းချက်များ သို့မဟုတ် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများတွင် သတ်မှတ်ဖော်ပြထားသော ဒါရိုက်တာရာထူးနေရာအတွက် လိုအပ်သည့် အရည်အချင်း တစ်ရပ်ရပ်ကို ရရှိရန် သို့မဟုတ် ညီညွတ်ရန် ပျက်ကွက်လျှင်။ ( ခ ) ဤပုဒ်မတွင် ပါရှိသော မည်သည့်ပြဋ္ဌာန်းချက်ကမျှ ဒါရိုက်တာ၏လုပ်ငန်းကို ဤပုဒ်မတွင် သတ်မှတ်ထားသည့် ပြဋ္ဌာန်းချက်များအပြင် အခြားအကြောင်းများကြောင့် ဖယ်ရှားခံ ရမည်ဟု ကုမ္ပဏီ၏ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းတွင် ဖော်ပြပါရှိစေရန်အတွက် ကုမ္ပဏီက ဆောင်ရွက်နိုင်ခြင်းကို ပိတ်ပင်ထားခြင်း မရှိစေရ။ အတွင်းရေးမှူးများ ၁၇၉။ (က) အတွင်းရေးမှူးတစ်ဦးကို ဒါရိုက်တာများ၏ ဆုံးဖြတ်ချက်တစ်ရပ်ဖြင့် ခန့်အပ်နိုင်သည်။ ( ခ ) အနည်းဆုံး အသက် ၁၈ နှစ်ပြည့်ပြီးသည့် လူပုဂ္ဂိုလ်ကိုသာလျှင် အတွင်းရေးမှူးတစ်ဦးအဖြစ် ခန့်ထားရမည်။ (ဂ) အတွင်းရေးမှူးသည် စိတ်ပေါ့သွပ် သောသူ မဖြစ်စေရ။ (ဃ) ဤဥပဒေအရဖြစ်စေ သို့မဟုတ် အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ဒါရိုက်တာ၊ အတွင်းရေးမှူးသို့မဟုတ် အရာရှိတစ်ဦးအဖြစ် ဆောင်ရွက်ရန် တားမြစ်ထားခြင်း ခံရသူတစ်ဦးသည် ထိုသို့ တားမြစ်ထားသည့် အချိန်ကာလအတွင်း အတွင်းရေးမှူး တစ်ဦးအဖြစ် ဆောင်ရွက်ခြင်း မပြုနိုင်။ (င) ဤပုဒ်မပါပြဋ္ဌာန်းချက်များသည် ကုမ္ပဏီ၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ကုမ္ပဏီက ထည့်သွင်းသတ်မှတ်နိုင်သော အတွင်းရေးမှူးတစ်ဦးတွင် ရှိရမည့်သီးခြား အရည်အချင်း များကို ထိခိုက်စေခြင်းမရှိစေရ၊ သို့သော် ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းတွင် သတ်မှတ်ထား သည့် စည်းကမ်းချက်များသည် ဤပုဒ်မပါ ပြဋ္ဌာန်းချက်များအရ လိုအပ်သော အရည် အချင်းတစ်ရပ်ရပ်နှင့် မဆန့်ကျင်သရွေ့ အတည်ဖြစ်စေရမည်။ (စ) အတွင်းရေးမှူးတစ်ဦး၏ ဆောင်ရွက်မှုများသည် ၎င်းတို့အား ခန့်အပ်ပြီးနောက်ပိုင်း ချို့ယွင်းချက်တစ်ခုခု တွေ့ရှိခြင်း သို့မဟုတ် ဤဥပဒေအရဖြစ်စေ သို့မဟုတ် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင်ဖြစ်စေ ၎င်းတို့အား ခန့်အပ်ရန် သတ်မှတ်ထားသည့် အရည်အချင်း တစ်ရပ်ရပ်နှင့် မညီညွတ်စေကာမူ တရားဝင်အတည်ဖြစ်စေရမည်။ သို့ရာတွင် ပုဂ္ဂိုလ်တစ်ဦးဦးအား ဒါရိုက်တာအဖြစ် ခန့်အပ်ခြင်းသည် တရားဝင်အတည် ဖြစ်ခဲ့သော်လည်း တရားဝင်မဟုတ်သော ဆောင်ရွက်မှုတစ်ရပ်ရပ်ကို တရားဝင်အတည်ဖြစ်စေသည်ဟု ဤပုဒ်မတွင်ပါရှိသော မည်သည့်ပြဋ္ဌာန်းချက်ကမျှ မှတ်ယူခြင်းမရှိစေရ။ လျော်ကြေးငွေ၊ အာမခံ၊ တာဝန်ရှိမှုမှ သက်သာခွင့်များနှင့်စပ်လျဉ်းသည့် ကန့်သတ်ချက်များနှင့် အကန့်အသတ်မရှိသော တာဝန်ရှိမှုဆိုင်ရာ ပြဋ္ဌာန်းချက်များ ဒါရိုက်တာများ၊ အရာရှိများနှင့်စာရင်းစစ်များ၏ တာဝန်ရှိမှုမှ ကင်းလွတ်ခွင့်ပြုနိုင်သော ပြဋ္ဌာန်းချက်များကို ရှောင်ရှားခြင်း ၁၈၀။ ဤအခန်းတွင် ပြဋ္ဌာန်းပါရှိသည်မှတစ်ပါး ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အရာရှိကိုလည်း ကောင်း၊ ကုမ္ပဏီ၏အရာရှိတစ်ဦးဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ စာရင်းစစ်အဖြစ်ခန့်အပ်ထားသော အခြားသူတစ်ဦးဦးကိုလည်းကောင်း၊ ၎င်းတို့အပေါ် ဤဥပဒေ သို့မဟုတ် အခြားသက်ဆိုင်ရာ ဥပဒေ တစ်ရပ်ရပ်အရ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း သို့မဟုတ် ကုမ္ပဏီနှင့် အခြားနည်းဖြင့် ချုပ်ဆို ထားသည့် ပဋိညာဉ်စာချုပ်တစ်ရပ်ရပ်တို့တွင် ဖော်ပြထားခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကုမ္ပဏီနှင့် သက်ဆိုင်သော အပြစ်ရှိစေနိုင်မည့် ပေါ့လျော့မှု၊ ပျက်ကွက်မှု၊ တာဝန်ချိုးဖောက်မှု သို့မဟုတ် ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်မှုတို့နှင့် စပ်လျဉ်း၍ ကုမ္ပဏီသို့ တာဝန်ရှိမှုတစ်ရပ်ရပ်မှ ကင်းလွတ်ခွင့် ပြုနိုင်ရေးအတွက် ဖော်ပြထားသည့်ပြဋ္ဌာန်းချက် တစ်ရပ်ရပ်သည်ပျက်ပြယ်စေရမည်။ လျော်ကြေးငွေများ ၁၈၁။ (က) ဤပုဒ်မတွင် ပါရှိသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီ သို့မဟုတ် ဆက်စပ်သည့် အဖွဲ့အစည်းတစ်ခုသည် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကုမ္ပဏီ၏ ဒါရိုက်တာ၊ အရာရှိ သို့မဟုတ် စာရင်းစစ်တစ်ဦးအဖြစ် ကျခံဆောင်ရွက်ပေးရန် ဖြစ်ပေါ်လာသည့် အောက်ပါတာဝန်ရှိမှု တစ်ရပ်ရပ်အတွက် ပုဂ္ဂိုလ်တစ်ဦးဦးအား လျော်ကြေးမပေးရ – (၁) ကုမ္ပဏီ သို့မဟုတ် ဆက်စပ်သည့် အဖွဲ့အစည်းတစ်ခုသို့ ဆောင်ရွက်ပေးရမည့် တာဝန်ရှိမှု တစ်ရပ်ရပ် သို့မဟုတ် (၂) ကုမ္ပဏီ သို့မဟုတ် ဆက်စပ်သည့် အဖွဲ့အစည်းတစ်ခုမှအပ အခြားသူတစ်ဦးဦးသို့ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး သဘောရိုးဖြင့် ဆောင်ရွက်ခြင်းမဟုတ်သည့် တာဝန် ရှိမှု တစ်ရပ်ရပ်။ ( ခ ) ပုဒ်မခွဲ (က) ပါပြဋ္ဌာန်းချက်သည် အောက်ပါကိစ္စရပ်များအတွက် ကုန်ကျစရိတ်ကျခံခြင်း မှတစ်ပါး ကုမ္ပဏီ သို့မဟုတ် ဆက်စပ်သည့် အဖွဲ့အစည်းတစ်ခုအား ကုမ္ပဏီ၏ ဒါရိုက်တာ၊ အရာရှိ သို့မဟုတ် စာရင်းစစ်တစ်ဦးအဖြစ် ကျခံဆောင်ရွက်ပေးရမည့်တာဝန်ရှိမှု တစ်ရပ်အတွက်တရားစွဲဆိုမှုကို ခုခံချေပရာတွင် ကုန်ကျသည့် တရားရုံးစရိတ်များအပေါ် တာဝန်ရှိမှုအတွက် လျော်ကြေးပေးခြင်းကို တားမြစ်ခြင်းမရှိစေရ – (၁) ပုဒ်မခွဲ (က) အရ လျော်ကြေးမပေးရသော တာဝန်ရှိမှုတစ်ရပ်နှင့်စပ်လျဉ်းသော တရားစွဲဆိုမှုများတွင် ခုခံချေပခြင်း သို့မဟုတ် (၂) အပြစ်ရှိသောသူပါဝင်သည့် ပြစ်မှုဆိုင်ရာ တရားစွဲဆိုမှုများတွင် ခုခံချေပခြင်း သို့မဟုတ် (၃) မှတ်ပုံတင်အရာရှိကဖြစ်စေ၊ စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိကဖြစ်စေ၊ တရားရုံး အမိန့်တစ်ရပ်ချမှတ်ရန်အတွက် စွဲဆိုသည့်အမှုများတွင် တရားရုံးက အမိန့်တစ်ရပ် ချမှတ်ရန်လိုအပ်ကြောင်း အထောက်အထားများရှိခဲ့လျှင် ထိုအမှုများကို ခုခံချေပခြင်း သို့မဟုတ် (၄) ဤဥပဒေအရ ပုဂ္ဂိုလ်တစ်ဦးကို သက်သာခွင့်ပြုရန်အတွက် တရားစွဲဆိုသော အမှုဖြစ်ပြီး တရားရုံးက ထိုသက်သာခွင့်ကို ငြင်းပယ်သည့်အမှုများနှင့်စပ်လျဉ်းခြင်း။ (ဂ) ပုဒ်မခွဲ (ခ) ပါကိစ္စရပ်များအတွက် တရားစွဲဆိုမှုတွင် အယူခံမှုများလည်းပါဝင်သည်။ အာမခံထားရှိခြင်း ၁၈၂။ (က) ကုမ္ပဏီ သို့မဟုတ် ဆက်စပ်သည့် အဖွဲ့အစည်းတစ်ခုသည် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ အောက်ပါကိစ္စရပ်တစ်ခုခုကြောင့် ပေါ်ပေါက်လာသော တာဝန်ရှိမှုတစ်ရပ်အပေါ် တရားရုံးစရိတ်များအတွက် တာဝန်ရှိမှုမှအပ ကုမ္ပဏီ၏ ဒါရိုက်တာ၊ အရာရှိ သို့မဟုတ် စာရင်းစစ်ဖြစ်သူအတွက် အာမခံပဋိညာဉ်တစ်ရပ်၏ ပရီမီယံကြေး (premium) ကို ပေးဆောင်ခြင်းမပြု ရ သို့မဟုတ် ပေးဆောင်ရန်သဘောတူခြင်းမပြုရ – (၁) ကုမ္ပဏီနှင့်သက်ဆိုင်သော တာဝန်တစ်ရပ်ရပ်ကို တမင်ဖောက်ဖျက်ခြင်းများ ပါဝင်သော ဆောင်ရွက်မှုများ ပြုလုပ်ခြင်း သို့မဟုတ် (၂) ပုဒ်မ ၁၆၇ သို့မဟုတ် ပုဒ်မ ၁၆၈ ပါပြဋ္ဌာန်းချက်များနှင့်ဆန့်ကျင်ဆောင်ရွက်ခြင်း။ ( ခ ) အခြားသက်ဆိုင်ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) သို့မဟုတ် (၂) တွင် ရည်ညွှန်းသည့်တာဝန်ရှိမှုတစ်ရပ်မှအပ အခြားတာဝန်ရှိမှုကို ကုမ္ပဏီ သို့မဟုတ် ဆက်စပ်သည့် အဖွဲ့အစည်းတစ်ခုသည် ပေးချေရန် သို့မဟုတ် ပေးချေရန် သဘောတူခြင်း၊ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ကုမ္ပဏီ၏ ဒါရိုက်တာ၊ အရာရှိ သို့မဟုတ် စာရင်းစစ်ဖြစ်သူအတွက် အာမခံပဋိညာဉ်တစ်ရပ်၏ ပရီမီယံကြေး (premium) ပေးဆောင်ခြင်းကို ပုဒ်မခွဲ (က) သည် တားမြစ်ခြင်းမရှိ။ တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတွင် ဒါရိုက်တာများ၌အကန့်အသတ်မရှိသော တာဝန်ရှိမှုများ ရှိနိုင်ခြင်း ၁၈၃။ ဤဥပဒေ သို့မဟုတ် အခြားသက်ဆိုင်ရာဥပဒေတစ်ရပ်ရပ်တွင်ပါရှိသော အခြားပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ကန့်သတ်ထားခြင်းမရှိစေဘဲ ဤဥပဒေ စတင်အာဏာသက်ရောက်ခြင်းမရှိမီက ဖွဲ့စည်း တည်ထောင်ခဲ့သည့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတစ်ခုတွင် ဤဥပဒေ စတင်အာဏာ သက်ရောက်ခြင်းမရှိမီက ခန့်အပ်ထားသော ဒါရိုက်တာများ သို့မဟုတ် ဒါရိုက်တာတစ်ဦးဦး၏ တာဝန်ရှိမှုများသည် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ထိုသို့အကန့်အသတ်မရှိကြောင်း သတ်မှတ် ဖော်ပြထားလျှင် အကန့်အသတ်မရှိထားရှိနိုင်သည်။ ဒါရိုက်တာများ၊ အရာရှိများနှင့်အခြားဆက်နွှယ်သည့်ပုဂ္ဂိုလ်များ၏ အကျိုးခံစားခွင့်များနှင့် ၎င်းတို့ နှင့်ဆက်သွယ်ဆောင်ရွက်မှုများဆိုင်ရာ ပြဋ္ဌာန်းချက် အငြိမ်းစားယူခြင်းအတွက် အကျိုးခံစားခွင့်များ ထောက်ပံ့ခြင်း ၁၈၄။ (က) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီတစ်ခုသည် အကျိုးခံစားခွင့်ပေးရန်အတွက် ပုဒ်မ ၁၈၆ အရ ကုမ္ပဏီတွင်ပါဝင်သူများ၏ အတည်ပြုချက်မရရှိဘဲ ကုမ္ပဏီ သို့မဟုတ် ဆက်စပ်သည့် အဖွဲ့အစည်းတစ်ခု၏ အရာရှိတစ်ဦးအဖြစ်မှ ပုဂ္ဂိုလ်တစ်ဦးဦးက အငြိမ်းစားယူခြင်းနှင့် သက်ဆိုင်သောအကျိုးခံစားခွင့်တစ်ရပ်ရပ်ကို ထိုပုဂ္ဂိုလ်အား ပေးအပ်ခြင်း မပြုရ။ ( ခ ) ပုဒ်မခွဲ (က) ပါပြဋ္ဌာန်းချက်သည် အရာရှိ၏ အလုပ်ခန့်ထားခြင်းဆိုင်ရာ ပဋိညာဉ်စာချုပ် သို့မဟုတ် ကုမ္ပဏီနှင့်အလားတူ စီစဉ်ဆောင်ရွက်ထားမှုအရ သို့မဟုတ် ယင်းတို့နှင့်စပ်လျဉ်း၍ ဥပဒေအရသော်လည်းကောင်း၊ သဘောရိုးဖြင့်သော်လည်းကောင်း ပေးချေရန် လိုအပ်သည့် အကျိုးခံစားခွင့်တစ်ရပ်ရပ်ကို ပေးချေခြင်းအား ကန့်သတ်ထားခြင်း မရှိစေရ။ တာဝန်ယူဆောင်ရွက်မှု သို့မဟုတ် ပစ္စည်းကိုလွှဲပြောင်းခြင်းနှင့်စပ်လျဉ်းသည့်အကျိုးခံစားခွင့်များ ပေးအပ်ခြင်း ၁၈၅။ ကုမ္ပဏီတစ်ခုသည် ယင်း၏ သို့မဟုတ် ဆက်စပ်သည့်အဖွဲ့အစည်းတစ်ခုခု၏ အရာရှိ သို့မဟုတ် ယခင်က တာဝန်ထမ်းဆောင်ခဲ့သောအရာရှိတစ်ဦးကိုဖြစ်စေ၊ ယင်းတို့၏ ဇနီးမယား၊ ဆွေမျိုး သို့မဟုတ် တွဲဖက်လုပ်ကိုင်သူတစ်ဦးဦးကိုဖြစ်စေ ပုဒ်မ ၁၈၆ အရ ကုမ္ပဏီတွင် ပါဝင်သူများ၏ အတည်ပြုချက် မရရှိဘဲ ယင်းကုမ္ပဏီ၏ သို့မဟုတ် ဆက်စပ်သည့်အဖွဲ့အစည်းတစ်ခု၏ တာဝန်ယူဆောင်ရွက်မှု သို့မဟုတ် ပစ္စည်းအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ လွှဲပြောင်းပေးခြင်း နှင့် သက်ဆိုင်သော အကျိုးခံစားခွင့်အား ပေးအပ်ခြင်း မပြုရ။ အကျိုးခံစားခွင့်ဆိုင်ရာများကို ကုမ္ပဏီတွင်ပါဝင်သူများက အတည်ပြုခြင်း ၁၈၆။ (က) ပုဒ်မ ၁၈၄ သို့မဟုတ် ၁၈၅ တို့တွင် ဖော်ပြထားသော အကျိုးခံစားခွင့်တစ်မျိုးမျိုးကို ကုမ္ပဏီတစ်ခု၊ အဆိုပါ ကုမ္ပဏီ၏ မူရင်းအစုများပိုင်ဆိုင်သည့် ကုမ္ပဏီ ရှိခဲ့ပါက ၎င်းကုမ္ပဏီ နှင့် အခြားဆက်စပ်သည့် အဖွဲ့အစည်းများမှ ထိုကုမ္ပဏီများတွင် ပါဝင်သူများ၏ အထွေထွေ အစည်းအဝေး၌ အတည်ပြုခဲ့လျှင် ပေးအပ်နိုင်သည်။ ( ခ) ပုဒ်မခွဲ (က) အရ ကျင်းပသော အစည်းအဝေးတစ်ရပ်ရပ်အတွက် အကြောင်းကြားစာတွင် အကျိုးခံစားခွင့်နှင့်သက်ဆိုင်သည့် အသေးစိတ်ဖော်ပြချက်များနှင့် ယင်းအတွက် မည်သို့ မဲပေး ဆောင်ရွက်မည်ဟူသည့် ဆုံးဖြတ်ချက်နှင့်စပ်လျဉ်းသည့် အရေးကြီးသော အချက်အလက် များကို ဖော်ပြပါရှိရမည်။ (ဂ) ပုဒ်မ ၁၈၄ သို့မဟုတ် ၁၈၅ တွင် ဖော်ပြထားသောအရာရှိ သို့မဟုတ် ယခင်က တာဝန် ထမ်းဆောင်ခဲ့သောအရာရှိ သို့မဟုတ် အကျိုးခံစားခွင့်ကို ရရှိနိုင်သော အခြားသူတစ်ဦးဦးသည် အခြားပုဂ္ဂိုလ်တစ်ဦးထံမှ ကိုယ်စားလှယ်အဖြစ် မည်သို့မဲပေးရမည်ကို ညွှန်ကြားထားလျှင် မှတစ်ပါး အဆိုပါအကျိုးခံစားခွင့်နှင့်စပ်လျဉ်းသော ဆုံးဖြတ်ချက်တစ်ရပ်ရပ်အတွက် မဲပေးခြင်း မပြုရ။ ဒါရိုက်တာများ၏ အခကြေးငွေနှင့် ဒါရိုက်တာများနှင့်ဆက်နွယ်သည့် ပုဂ္ဂိုလ်များသို့ ပေးအပ်သည့် အခြား အကျိုးခံစားခွင့်များ ၁၈၇။ (က) ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့သည် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ပါရှိသော ကန့်သတ်ချက်များ၊ ဤဥပဒေတွင် လည်းကောင်း၊ အခြားသက်ဆိုင်ရာဥပဒေတစ်ရပ်ရပ်တွင် လည်းကောင်းပါရှိသော သက်ဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ အောက်ပါကိစ္စရပ်များကို ခွင့်ပြုနိုင်သည် – (၁) ဒါရိုက်တာအဖြစ်ဆောင်ရွက်ခြင်း သို့မဟုတ် အခြားရာထူးနေရာတွင် ဆောင်ရွက်ခြင်း အတွက် ကုမ္ပဏီက ဒါရိုက်တာတစ်ဦးဦး သို့မဟုတ် ၎င်းနှင့်ဆက်နွယ်သည့် ပုဂ္ဂိုလ် တစ်ဦးဦး သို့ပေးရမည့် အခကြေးငွေ သို့မဟုတ် အခြားအကျိုးခံစားခွင့်များကို ပေးချေခြင်း၊ (၂) လုပ်ငန်းလက်လွှတ်ဆုံးရှုံးမှုအတွက် လျော်ကြေးငွေကို ကုမ္ပဏီက ဒါရိုက်တာ သို့မဟုတ် ယခင်က တာဝန်ထမ်းဆောင်ခဲ့သော ဒါရိုက်တာတစ်ဦးဦးသို့ ပေးချေခြင်း၊ (၃) ကုမ္ပဏီက ဒါရိုက်တာတစ်ဦးဦး သို့မဟုတ် ဆက်နွယ်သည့် ပုဂ္ဂိုလ်တစ်ဦးဦးသို့ ချေးငွေထုတ်ပေးခြင်း၊ (၄) ဒါရိုက်တာ သို့မဟုတ် ဆက်နွယ်သည့် ပုဂ္ဂိုလ်တစ်ဦးဦးက ပေးရမည့် ကြွေးမြီများ အတွက် ကုမ္ပဏီက အာမခံချက်များ ပြုလုပ်ပေးခြင်း၊ (၅) ပုဒ်မခွဲငယ် (၁)၊ (၂)၊ (၃) နှင့် (၄) တို့တွင် ဖော်ပြပါရှိသည့် ကိစ္စရပ်များအနက်မှ တစ်ရပ်ရပ်ကို ပြုလုပ်ပေးရန် ပဋိညာဉ်စာချုပ်တစ်ရပ်ရပ် သို့မဟုတ် ဤဥပဒေအရ အခြားနည်းအားဖြင့် သတ်မှတ်ပြဋ္ဌာန်းခြင်းမရှိသည့် ဒါရိုက်တာ သို့မဟုတ် ဆက်နွယ်သည့် ပုဂ္ဂိုလ်အတွက် အခြားသောငွေကြေးဆိုင်ရာ အကျိုးခံစားခွင့် တစ်ရပ်ရပ် ပြုလုပ်ပေးခြင်းနှင့် (၆) ဘုတ်အဖွဲ့သည် အောက်ပါကိစ္စရပ်များကို ကျေနပ်လက်ခံလျှင် – (ကက) ထိုသို့ ဆောင်ရွက်ခြင်းသည် ကုမ္ပဏီ၏ အကောင်းဆုံး အကျိုးစီးပွား အတွက်ဖြစ်ခြင်း၊ ( ခခ ) ထိုသို့ဆောင်ရွက်ခြင်းသည် ဆောင်ရွက်နေသော အခြေအနေများနှင့် ကျိုးကြောင်းညီညွတ်မှုရှိခြင်းနှင့် ( ဂဂ ) ထိုသို့ငွေပေးချေခြင်း သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် ချေးငွေ သို့မဟုတ် အာမခံချက် သို့မဟုတ် ပဋိညာဉ်သည် ကုမ္ပဏီ၏ ရှုထောင့်မှ ကြည့်ပါက နှစ်ဦးနှစ်ဖက် လွတ်လပ်စွာဖြင့် ဘက်လိုက်မှုမရှိသည့် စည်းကမ်းချက်များထက် မလျော့နည်းသည့် စည်းကမ်းချက်များဖြင့် သတ်မှတ်၍ ဆောင်ရွက်ခြင်း။ ( ခ ) ဒါရိုက်တာအဖွဲ့သည် ငွေပေးချေမှုပြုလုပ်ခြင်း၊ အကျိုးခံစားခွင့်များပေးခြင်း၊ ချေးငွေ ထုတ်ပေးခြင်း၊ အာမခံချက်များပေးခြင်း သို့မဟုတ် ပဋိညာဉ်စာချုပ် ချုပ်ဆိုခြင်းများ ပြုလုပ်ရန် ခွင့်ပြုပြီးနောက်တွင် ငွေပေးချေမှု၊ အကျိုးခံစားခွင့်၊ ချေးငွေ၊ အာမခံချက် သို့မဟုတ် ပဋိညာဉ်နှင့်စပ်လျဉ်းသည့် အချက်အလက်များကို ပုဒ်မ ၁၈၉ အရ ကုမ္ပဏီက ထိန်းသိမ်းထားရှိသည့် အကျိုးခံစားခွင့်ဆိုင်ရာမှတ်ပုံတင်စာရင်းတွင် ရေးသွင်း ဖော်ပြရမည်။ (ဂ) ပုဒ်မခွဲ (က) အရ ခွင့်ပြုထားသော ပဋိညာဉ်တစ်ရပ်ရပ်အရ ဒါရိုက်တာတစ်ဦး သို့မဟုတ် ဆက်နွှယ်သည့်ပုဂ္ဂိုလ်တစ်ဦးဦးထံသို့ အခကြေးငွေများ ပေးချေခြင်း သို့မဟုတ် အခြား အကျိုးခံစားခွင့်များ ပေးအပ်ခြင်းတို့ကို အဆိုပါပုဒ်မခွဲအရ ထပ်မံ ခွင့်ပြု ပေးရန်မလို။ (ဃ) ပုဒ်မခွဲ (က) အရ ငွေပေးချေမှု၊ အကျိုးခံစားခွင့်၊ ချေးငွေ၊ အာမခံချက် သို့မဟုတ် ပဋိညာဉ်တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ခွင့်ပြုရန်အတွက် ဆန္ဒမဲပေးသော ဒါရိုက်တာများသည် ၎င်းတို့၏ ထင်မြင်ချက်အရ ငွေပေးချေမှုပြုလုပ်ခြင်း၊ အကျိုး ခံစားခွင့်များပေးခြင်း၊ ချေးငွေထုတ်ပေးခြင်း၊ အာမခံချက်များပေးခြင်း သို့မဟုတ် ပဋိညာဉ်စာချုပ် ချုပ်ဆိုခြင်းများသည် ကုမ္ပဏီ၏ အကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်ကြောင်း၊ ကုမ္ပဏီ၏ ရှုထောင့်မှ ကြည့်ပါက နှစ်ဦးနှစ်ဖက် လွတ်လပ်စွာဖြင့် ဘက်လိုက်မှုမရှိသည့် စည်းကမ်းချက်များထက် မလျော့နည်းသည့် စည်းကမ်းချက်များဖြင့် ပြုလုပ်ကြောင်း၊ ဆောင်ရွက်နေသော အခြေအနေများ နှင့်ကျိုးကြောင်းညီညွတ်မှုရှိကြောင်း၊ အဆိုပါထင်မြင်ယူဆချက်များအတွက် အခြေခံ အထောက်အထားများအား ဖော်ပြထားသည့် မှတ်တမ်းတွင် လက်မှတ်ရေးထိုးကြရမည်။ (င) ငွေပေးချေမှု ပြုလုပ်ခြင်း၊ အကျိုးခံစားခွင့်များပေးခြင်း သို့မဟုတ် အာမခံချက်များ ပေးခြင်းများကို ပုဒ်မခွဲ (က) နှင့်အညီ ဆောင်ရွက်ပြီး အောက်ပါကိစ္စရပ်တစ်ခုခုဖြစ်ပေါ် ခဲ့သည့်အခါတွင် – (၁) ပုဒ်မခွဲ (က) နှင့် (ဃ) တို့ပါပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ထားခြင်း မရှိလျှင် သို့မဟုတ် (၂) ပုဒ်မခွဲ (ဃ) အရ ထုတ်ပေးသည့် အထောက်အထား လက်မှတ်တွင် ဖော်ပြ ပါရှိသည့် ထင်မြင်ချက်များအတွက် သင့်လျော်သော အခြေခံအထောက်အထားများ မရှိခဲ့လျှင် ငွေပေးချေမှုကို လက်ခံခဲ့သည့် သို့မဟုတ် အကျိုးခံစားခွင့် ပေးခြင်းကို ရရှိခဲ့သည့် သို့မဟုတ် အာမခံချက်ပေးခြင်းနှင့် သက်ဆိုင်ခဲ့သည့် ဒါရိုက်တာ သို့မဟုတ် ယခင်က တာဝန်ထမ်းဆောင်ခဲ့သော ဒါရိုက်တာ သို့မဟုတ် ဆက်နွယ်သည့် ပုဂ္ဂိုလ်တစ်ဦးသည် ငွေပေးချေခြင်း၊ အကျိုးခံစားခွင့်ပေးခြင်း၊ အာမခံချက်ပေးခြင်း များကို ပြုလုပ်သည့် အချိန်က ယင်းသို့ဆောင်ရွက်မှုများသည် ကုမ္ပဏီအပေါ် မျှတမှုရှိခဲ့ကြောင်း သက်သေထင်ရှားပြနိုင်သည့် ကိစ္စရပ်မှအပ ပေးချေထားသည့် ငွေပမာဏ၊ အကျိုးခံစားခွင့်အတွက် တန်ဖိုးငွေပမာဏ သို့မဟုတ် အာမခံချက်အရ ကုမ္ပဏီက ပေးချေခဲ့သည့် ငွေပမာဏများအတွက် ကုမ္ပဏီသို့ တစ်ဦးချင်းအလိုက် မိမိတို့ကိုယ်တိုင် တာဝန်ရှိစေရမည်။ ( စ ) ချေးငွေထုတ်ပေးခြင်းကို ပုဒ်မခွဲ (က) နှင့်အညီ ဆောင်ရွက်ပြီး အောက်ပါကိစ္စရပ်တစ်ခုခု ဖြစ်ပေါ်ခဲ့သည့်အခါတွင် – (၁) ပုဒ်မခွဲ (က) နှင့် (ဃ) တို့ပါပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ထားခြင်းမရှိလျှင် သို့မဟုတ် ပုဒ်မခွဲ (ဃ) အရ ထုတ်ပေးသည့် တရားဝင်အထောက်အထား လက်မှတ်တွင် ဖော်ပြ ပါရှိသည့် ထင်မြင်ချက်များအတွက် သင့်လျော်သော အခြေခံအထောက်အထားများ မရှိခဲ့လျှင် ချေးငွေထုတ်ပေးသည့်အချိန်က အဆိုပါချေးငွေကို ပြုလုပ်ခြင်းသည် ကုမ္ပဏီအပေါ် မျှတမှုရှိကြောင်း သက်သေထင်ရှားပြနိုင်သည့် ကိစ္စရပ်မှအပ ချေးငွေနှင့်စပ်လျဉ်း၍ ပြုလုပ်ထားသည့် စည်းကမ်းချက်များ၊ သဘောတူညီချက်များ ရှိစေကာမူ ဒါရိုက်တာ သို့မဟုတ် ဆက်နွယ်သည့် ပုဂ္ဂိုလ်တစ်ဦးသည် ထုတ်ပေး ထားသည့်ချေးငွေကို ကုမ္ပဏီသို့ ချက်ချင်း ပြန်လည် ပေးဆပ်ရမည်။ (ဆ) ဒါရိုက်တာများသည် ငွေပေးချေမှု၊ အကျိုးခံစားခွင့်၊ ချေးငွေ၊ အာမခံချက် သို့မဟုတ် ပဋိညာဉ်တစ်ရပ်ရပ်နှင့်စပ်လျဉ်းသည့် အချက်အလက်များကို ကုမ္ပဏီ၏ နောက်တစ်ကြိမ် ကျင်းပသော နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် ကုမ္ပဏီတွင် ပါဝင်သူများထံသို့ သေချာစွာထုတ်ဖော်တင်ပြရမည်။ ဒါရိုက်တာများ၏ အခကြေးငွေနှင့် ဒါရိုက်တာများ၊ ဆက်နွယ်သည့်ပုဂ္ဂိုလ်များသို့ ပေးအပ်သည့် အကျိုး ခံစားခွင့်များအား ကုမ္ပဏီတွင်ပါဝင်သူများက အတည်ပြုခြင်း ၁၈၈။ (က) ကုမ္ပဏီ၏ဒါရိုက်တာအဖွဲ့သည် ဤပုဒ်မပါ ပြဋ္ဌာန်းချက်များအရ ကုမ္ပဏီတွင် ပါဝင်သူများက အတည်ပြုခဲ့လျှင် ကုမ္ပဏီ၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင်ပါရှိသော ကန့်သတ်ချက်များ၊ ဤဥပဒေနှင့်အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်တွင်ပါရှိသော သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဒါရိုက်တာတစ်ဦး သို့မဟုတ် အခြားဆက်နွယ်သည့် ပုဂ္ဂိုလ် တစ်ဦးသို့ ပုဒ်မ ၁၈၇၊ ပုဒ်မခွဲ(က) တွင် ဖော်ပြပါရှိသော ငွေပေးချေမှု၊ အကျိုးခံစားခွင့်၊ ချေးငွေ၊ အာမခံချက် သို့မဟုတ် ပဋိညာဉ်စာချုပ်တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ခွင့်ပြု နိုင်သည်။ ( ခ ) သက်ဆိုင်ရာအစည်းအဝေးကျင်းပရန်အတွက် အကြောင်းကြားစာအား မှတ်ပုံတင် အရာရှိသို့ ပေးပို့ခြင်းမပြုမီ ကုမ္ပဏီသည် အောက်ပါတို့ကို ပေးပို့တင်ပြရမည်(၁) အဆိုပြုမည့် ဆုံးဖြတ်ချက်စာသားများအား ရေးသားဖော်ပြပါရှိသည့် အဆိုပြု အစည်းအဝေး အကြောင်းကြားစာ၊ (၂) ငွေပေးချေမှု၊ အကျိုးခံစားခွင့်၊ ချေးငွေ၊ အာမခံချက် သို့မဟုတ် ပဋိညာဉ်စာချုပ် တစ်ရပ်ရပ်အား လက်ခံရရှိသော ဒါရိုက်တာ သို့မဟုတ် ဆက်နွယ်သည့် ပုဂ္ဂိုလ်များ၏ အသေးစိတ်အချက်အလက်များ၊ အဆိုပါငွေပေးချေမှု၊ အကျိုးခံစားခွင့်၊ ချေးငွေ၊ အာမခံချက် သို့မဟုတ် ပဋိညာဉ်စာချုပ် တစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့် အသေးစိတ် အချက်အလက်များ အပါအဝင် ဆုံးဖြတ်ချက်ကို မည်သို့မဲပေးဆုံးဖြတ်မည် ဟူသည့်ကိစ္စရပ်အတွက် အရေးပါသောအချက်အလက်များဖြစ်သော ကုမ္ပဏီက သိရှိထားသည့် အချက်အလက်များအားလုံးကို ဖော်ပြထားသည့် အဆိုပြုထားသော ရှင်းလင်းဖော်ပြချက် တစ်စောင်နှင့် (၃) အစည်းအဝေးကျင်းပမည့် အကြောင်းကြားစာနှင့်အတူ ပူးတွဲတင်ပြမည့် အခြား စာရွက်စာတမ်းများနှင့် အဆိုပြုထားသော ဆုံးဖြတ်ချက်နှင့် သက်ဆိုင်သော အခြားစာရွက်စာတမ်းများ။ ( ဂ ) မှတ်ပုံတင်အရာရှိသည် ကုမ္ပဏီမှ ကုမ္ပဏီတွင်ပါဝင်သူများထံသို့ အစည်းအဝေး အကြောင်းကြားစာ ပေးပို့ဆောင်ရွက်နိုင်ခြင်း ရှိ မရှိ ကို ၂၈ ရက်အတွင်း ဆုံးဖြတ်ရမည်။ မှတ်ပုံတင်အရာရှိက အကြောင်းကြားစာပေးပို့ရန် အတည်ပြုခဲ့လျှင် သို့မဟုတ် ယင်းကာလ အတွင်း အတည်ပြုချက်ကို မထုတ်ပြန်လျှင် ကုမ္ပဏီသည် အစည်းအဝေးအကြောင်းကြားစာကို ကုမ္ပဏီတွင် ပါဝင်သူများအား ပေးပို့ဆောင်ရွက်နိုင်သည်။ (ဃ)ပုဒ်မခွဲ (ဂ) အရ အတည်ပြုချက်တစ်ရပ်ရပ်အား ချမှတ်ခဲ့လျှင် မှတ်ပုံတင် အရာရှိသည် ကုမ္ပဏီတွင် ပါဝင်သူများအား အကာအကွယ်ပေးရန်အတွက် လိုအပ်သည်ဟု ယူဆသည့် အခါတွင် ပုဒ်မခွဲ (ခ) အရ တင်ပြသော စာရွက်စာတမ်းတစ်ရပ်ရပ်ကို ရှင်းလင်းစွာ ဖော်ပြရန် သို့မဟုတ် ပြောင်းလဲပြင်ဆင်ရန်အတွက် ကုမ္ပဏီအား ညွှန်ကြားနိုင်သည်။ (င) မှတ်ပုံတင်အရာရှိသည် ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၂) တွင် ပါရှိသည့် သတ်မှတ်ချက်များကို လိုက်နာထားခြင်းမရှိကြောင်း သို့မဟုတ် အလားတူ အရေးကြီးသော အကြောင်းများ ရှိခဲ့ကြောင်းနှင့်စပ်လျဉ်း၍ သင့်လျော်သည့် အကြောင်းအရာများကို တွေ့ရှိရလျှင် အစည်းအဝေး အကြောင်းကြားစာ ထုတ်ဝေပေးပို့ခြင်း ငြင်းပယ်နိုင်သည်။ ( စ ) ဒါရိုက်တာ သို့မဟုတ် သက်ဆိုင်ရာ ဆက်နွယ်သည့်ပုဂ္ဂိုလ်သည် အထွေထွေအစည်းအဝေး၌ အခြားပုဂ္ဂိုလ်တစ်ဦးထံမှကိုယ်စားလှယ်အဖြစ် မည်သို့မဲပေးရမည်ကို ညွှန်ကြားထားလျှင် မှတစ်ပါး ဆုံးဖြတ်ချက်တစ်ရပ်ရပ် ချမှတ်ရန်အတွက် မဲပေးခြင်း မပြုရ။ (ဆ) ကုမ္ပဏီသည် ဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို ချမှတ်ပြီးနောက် ၁၄ ရက်အတွင်း ပုဒ်မခွဲ (က) အရ ယင်းဆုံးဖြတ်ချက်၏ မိတ္တူ တစ်စောင်ကို မှတ်ပုံတင်အရာရှိထံ ပေးပို့တင်ပြရမည်။ ဒါရိုက်တာများ၏ အချက်အလက်များနှင့်အခြားအကြောင်းအရာများ ဒါရိုက်တာများ၊ အတွင်းရေးမှူးများနှင့် သက်ဆိုင်သည့် မှတ်တမ်းများ ၁၈၉။ (က) ကုမ္ပဏီအားလုံးသည် ယင်းတို့၏ မှတ်ပုံတင်ထားသောရုံးခန်း သို့မဟုတ် ယင်းတို့၏ မှတ်ပုံတင် စာရင်းများထားရှိရာ အခြားနေရာ၌ အောက်ပါအချက်အလက်များ ပါဝင်သော ဒါရိုက်တာများ၊ အလှည့်ကျဒါရိုက်တာများ၊ အတွင်းရေးမှူးများ နှင့်သက်ဆိုင်သည့် မှတ်ပုံတင်စာရင်းတစ်ရပ်ကို ထိန်းသိမ်းထားရှိရမည် – (၁) ဒါရိုက်တာ၊ အလှည့်ကျဒါရိုက်တာ သို့မဟုတ် အတွင်းရေးမှူး၏ လက်ရှိအမည် အပြည့်အစုံ၊ ယခင်အသုံးပြုခဲ့သည့်အမည် အပြည့်အစုံ၊ မွေးနေ့၊ အမြဲတမ်းနေရပ် လိပ်စာ၊ နိုင်ငံ၊ နိုင်ငံသားနှင့်အခြားနိုင်ငံသားအဖြစ် ထပ်မံခံယူထားလျှင် ယင်းနိုင်ငံသား၊ စီးပွားရေးအလုပ်အကိုင်ရှိခဲ့လျှင် ယင်းအလုပ်အကိုင်၊ အခြားဒါရိုက်တာနေရာ သို့မဟုတ် ဒါရိုက်တာနေရာများကို ရယူထားခြင်းရှိခဲ့လျှင် အဆိုပါနေရာများ၏ အကြောင်းအရာများ၊ (၂) ပုဒ်မ ၁၇၂ အရ ဒါရိုက်တာတစ်ဦးက ကြေညာသည့် အကျိုးခံစားခွင့်တစ်ရပ်ရပ်နှင့် (၃) ပုဒ်မ ၁၈၇ အရ ဒါရိုက်တာတစ်ဦးထံသို့ ပေးအပ်သည့် အကျိုးခံစားခွင့်တစ်ရပ်ရပ်။ ( ခ ) ဒါရိုက်တာ၊ အလှည့်ကျဒါရိုက်တာနှင့် အတွင်းရေးမှူးတစ်ဦးစီသည် ပုဒ်မခွဲ (က) အရ ထိန်းသိမ်းထားရှိရသော မှတ်ပုံတင်စာရင်းတွင် ရေးသွင်းဖော်ပြရန် လိုအပ်သည့် အချက် အလက်များကို ကုမ္ပဏီသို့ ပေးအပ်ရမည်။ (ဂ ) ကုမ္ပဏီသည် ပုဒ်မ ၉၇ အရ ဆောင်ရွက်သော နှစ်စဉ်အစီရင်ခံစာအား တင်ပြရန် တာဝန်၏ တစ်စိတ်တစ်ဒေသအဖြစ် အဆိုပါ မှတ်ပုံတင်စာရင်းတွင် ဖော်ပြထားသော အကြောင်းအရာများပါဝင်သည့် သတ်မှတ်ဖော်ပြထားသည့် ပုံစံဖြင့် နှစ်စဉ်အစီရင်ခံစာအား မှတ်ပုံတင်အရာရှိထံ ပေးပို့တင်ပြရမည်။ ကုမ္ပဏီသည် မှတ်ပုံတင်စာရင်းတွင်ဖော်ပြပါရှိသော ဒါရိုက်တာများ၊ အလှည့်ကျဒါရိုက်တာများနှင့် အတွင်းရေးမှူးများ ပြောင်းလဲခြင်း သို့မဟုတ် အချက်အလက်တစ်ရပ်ရပ် ပြောင်းလဲခြင်းများအတွက် ထိုသို့ပြောင်းလဲသည့် နေ့မှ ၂၈ ရက်အတွင်း သတ်မှတ်ဖော်ပြထားသည့် ပုံစံဖြင့် အကြောင်းကြားချက်တစ်ရပ်ကို မှတ်ပုံတင်အရာရှိထံ တင်ပြရမည်။ (ဃ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်အရ ထိန်းသိမ်းထားရှိရမည့် မှတ်ပုံတင်စာရင်းကို ရုံးလုပ်ငန်း အချိန်ကာလအတွင်း ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးဦး၏ စစ်ဆေးဆောင်ရွက်မှုအတွက် အခမဲ့ခွင့်ပြုရမည်ဖြစ်ပြီး အခြားသူတစ်ဦးဦး၏ စစ်ဆေးဆောင်ရွက်မှုကို စစ်ဆေးမှု တစ်ရပ်အတွက် ကုမ္ပဏီက သတ်မှတ်ထားသည့် သင့်လျော်သော ငွေပမာဏတစ်ရပ်ကို ပေးသွင်းစေလျက် ခွင့်ပြုရမည်။ သို့ရာတွင် ကုမ္ပဏီသည် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် သို့မဟုတ် အထွေထွေအစည်းအဝေးတွင် စစ်ဆေးဆောင်ရွက်ခြင်းအတွက် တစ်နေ့လျှင် အချိန် နှစ်နာရီ အောက်မနည်းသော ကာလကို ခွင့်ပြုရန် သတ်မှတ်နိုင်သည်။ (င) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များအရ လိုအပ်သော စစ်ဆေးဆောင်ရွက်မှု တစ်ရပ်ရပ်ကို ငြင်းပယ်ခဲ့လျှင် တရားရုံးသည် စစ်ဆေးမှုအတွက် ငြင်းပယ်ခံရသူ၏ လျှောက်ထားချက် နှင့် ကုမ္ပဏီ၏ အကြောင်းကြားချက်တို့အရ မှတ်တမ်းကို ချက်ချင်းစစ်ဆေး ဆောင်ရွက်မှု ပြုလုပ်စေရန် အမိန့်တစ်ရပ် ချမှတ်၍ ညွှန်ကြားနိုင်သည်။ ဤအခန်းပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ခြင်း ဤအခန်းတွင်ပါရှိသည့် သတ်မှတ်ချက်တစ်ရပ်ရပ်အား ဖောက်ဖျက်မှုအတွက် အကျိုးဆက်များ ၁၉၀။ (က) အခန်း (၁၈) ၏ ပုဒ်မတစ်ရပ်ရပ်တွင် ပါရှိသော ပြဋ္ဌာန်းချက်များအား လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ခဲ့လျှင် အဆိုပါပျက်ကွက်မှုတွင် ပတ်သက်သော ဒါရိုက်တာ အားလုံး သို့မဟုတ် သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် အကျုံးဝင်သော အခြားပုဂ္ဂိုလ်တစ်ဦးစီသည် ဒဏ်ကြေးငွေ ကျပ်သိန်း ၁၀၀ ကို ပေးဆောင်ရမည်။ (ခ) ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်အား ကန့်သတ်ခြင်းမရှိစေဘဲ ပျက်ကွက်မှုအား သိလျက်ဖြင့် တမင်ပြုလုပ်ခဲ့သော ဒါရိုက်တာအားလုံး သို့မဟုတ် ဤအခန်းပါ သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များ နှင့် အကျုံးဝင်သော အခြားပုဂ္ဂိုလ် တစ်ဦးဦးကို အောက်ပါအတိုင်း ပြုလုပ်ရမည် – (၁) ပျက်ကွက်မှုတွင် ဒါရိုက်တာ သို့မဟုတ် သက်ဆိုင်ရာပြဋ္ဌာန်းချက်များနှင့် အကျုံးဝင်သော အခြားပုဂ္ဂိုလ်တစ်ဦးဦး၏ မရိုးသားမှုများပါဝင်ခဲ့လျှင် ဤဥပဒေအရ တရားရုံးက သီးခြားပြစ်ဒဏ်ချမှတ်နိုင်သည်။ (၂) မှတ်ပုံတင်အရာရှိက လျှောက်ထားတင်ပြလာလျှင် တရားရုံးက သတ်မှတ်သည့် ကာလအတွင်း ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာ၊ အရာရှိ သို့မဟုတ် အခြားအရာရှိ အဖြစ်ဆောင်ရွက်ရန် တားမြစ်နိုင်သည်။ (ဂ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် ဒါရိုက်တာများ၊ ဤအခန်း၏ သက်ဆိုင်ရာ ပြဋ္ဌာန်း ချက်များနှင့် အကျုံးဝင်သော ပုဂ္ဂိုလ်တစ်ဦးဦး၏ အခြားသော တာဝန်ရှိမှု တစ်ရပ်ရပ်ကို ဖြစ်စေ၊ အောက်တွင်ဖော်ပြပါရှိသော ပုဒ်မ ၁၉၃ နှင့် ၂ဝဝ တို့ပါ ပြဋ္ဌာန်းချက်များ အပါအဝင် ဤဥပဒေ သို့မဟုတ် အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အရ အခြားပုဂ္ဂိုလ်တစ်ဦးဦးက ၎င်းတို့အပေါ် တရားစွဲဆိုဆောင်ရွက်မှု တစ်ရပ်ရပ်ကိုဖြစ်စေ ကန့်သတ်ထားခြင်းမရှိစေရ။ သတင်းအချက်အလက်များ သို့မဟုတ် အကြံဉာဏ်များအပေါ် ယုံကြည်အားထားခြင်း ၁၉၁။ (က) ဒါရိုက်တာတစ်ဦးသည် ဤအခန်းပါ ပြဋ္ဌာန်းချက်အရ တာဝန်တစ်ရပ်ရပ် သို့မဟုတ် အလားတူ ဥပဒေအရ တာဝန်တစ်ရပ်ရပ်ကို ဖောက်ဖျက်မှု ပြုသည်မပြုသည်ကို ဆုံးဖြတ် နိုင်ရန်အတွက် ပြုလုပ်သော တရားစွဲဆိုဆောင်ရွက်မှုများတွင် သတင်းအချက်အလက် သို့မဟုတ် ကျွမ်းကျင်သူ၏ အကြံဉာဏ်အပေါ် ဒါရိုက်တာ သို့မဟုတ် အရာရှိမှ ယုံကြည် အားထားမှုမှာ လျော်ကန်မှုရှိကြောင်း ပေါ်ပေါက်လျှင် အောက်ပါကိစ္စရပ်များ ဖြစ်ပေါ်ပါက ထိုသို့သော သတင်းအချက်အလက် သို့မဟုတ် ကျွမ်းကျင်သူ၏ အကြံဉာဏ်အပေါ် ဒါရိုက်တာ သို့မဟုတ် အရာရှိမှယုံကြည်အားထားမှုမှာ လျော်ကန်မှု ရှိသည်ဟု သတ်မှတ်ရမည်(၁) သတင်းအချက်အလက် သို့မဟုတ် အကြံဉာဏ်ကို အောက်ပါပုဂ္ဂိုလ်များကပေးလျှင် သို့မဟုတ် ပြုစုခဲ့လျှင် – (ကက) သက်ဆိုင်ရာကိစ္စရပ်အတွက် ယုံကြည်အားထားရန် သင့်လျော်သည့် အခြေခံအကြောင်းများရှိပြီး အရည်အချင်းပြည့်ဝကြောင်း ဒါရိုက်တာက ယုံကြည်သည့် ကုမ္ပဏီ၏ဝန်ထမ်းတစ်ဦးဦး သို့မဟုတ် ( ခခ ) လုပ်ငန်းကျွမ်းကျင်မှု သို့မဟုတ် အရည်အချင်းပြည့်ဝမှုရှိကြောင်း ဒါရိုက်တာက ယုံကြည်ရန် သင့်လျော်သည့် အခြေခံအကြောင်းများ ရှိသော သက်ဆိုင်ရာ ကိစ္စရပ်နှင့်စပ်လျဉ်းသည့် အတတ်ပညာဆိုင်ရာ အကြံပေး သို့မဟုတ် ကျွမ်းကျင်သူ တစ်ဦးဦး သို့မဟုတ် ( ဂဂ ) ဒါရိုက်တာ သို့မဟုတ် အရာရှိတို့၏ လုပ်ပိုင်ခွင့်အတွင်းမှ ကိစ္စရပ်များနှင့် ဆက်စပ်သည့် အခြားဒါရိုက်တာ သို့မဟုတ် အရာရှိ သို့မဟုတ် (ဃဃ) အဆိုပါဒါရိုက်တာ မပါဝင်သည့် ဒါရိုက်တာများ၏ ကော်မတီတစ်ရပ်ရပ်၏ လုပ်ပိုင်ခွင့်အတွင်းမှ ကိစ္စရပ်များကို ဆောင်ရွက်နေသည့် ကော်မတီနှင့် (၂) ဒါရိုက်တာများ၏ ကုမ္ပဏီ နှင့်စပ်လျဉ်း၍ သိရှိနားလည်မှု၊ ကုမ္ပဏီ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက်မှုများ ခက်ခဲနက်နဲမှုတို့ အပါအဝင်သတင်းအချက်အလက် သို့မဟုတ် အကြံဉာဏ်ကိုလွတ်လပ်သော လေ့လာအကဲဖြတ်မှုပြုပြီးနောက် ယုံကြည်အားထားမှုကို သဘောရိုးဖြင့် ပြုလုပ်ခဲ့လျှင်။ ( ခ ) ပုဒ်မခွဲ (က) တွင် ဖော်ပြပါရှိသည့် မှတ်ယူဆောင်ရွက်ခြင်းများကို ချေပနိုင်ပြီး ပုဂ္ဂိုလ် တစ်ဦးဦးသည် တရားစွဲဆို၍ မမှန်ကန်ကြောင်း ပြဆိုနိုင်သည်။ အခန်း (၁၉) ကုမ္ပဏီတွင်ပါဝင်သူများ၏ အခွင့်အရေးနှင့် ကုစားခွင့်များ တရားမျှတမှုမရှိသော ကိစ္စရပ်များတွင် ကုမ္ပဏီတွင် ပါဝင်သူများနှင့်အခြားသူများ၏ တရားစွဲဆို ဆောင်ရွက်မှုများ တရားမျှတမှုမရှိသော လုပ်ငန်းဆောင်ရွက်မှုများ ၁၉၂။ အကယ်၍ ကုမ္ပဏီ၏ လုပ်ငန်းကိစ္စများနှင့်သက်ဆိုင်သော ဆောင်ရွက်မှု သို့မဟုတ် ကုမ္ပဏီက ဖြစ်စေ၊ ကုမ္ပဏီ၏ ကိုယ်စားဖြစ်စေ အမှန်တကယ်ဆောင်ရွက်မှု သို့မဟုတ် အဆိုပြု ထားသော ဆောင်ရွက်မှု သို့မဟုတ် ပျက်ကွက်မှု သို့မဟုတ် ကုမ္ပဏီတွင် ပါဝင်သူများ သို့မဟုတ် ကုမ္ပဏီတွင် ပါဝင်သူအမျိုးအစား တစ်ရပ်တွင် ပါရှိသောသူများက ချမှတ်သည့် ဆုံးဖြတ်ချက် သို့မဟုတ် အဆိုပြုသော ဆုံးဖြတ်ချက်တို့သည် အောက်ပါတို့အနက်မှ တစ်ရပ်ရပ်ကို ဖြစ်ပေါ်စေခဲ့လျှင် တရားရုံးသည် ပုဒ်မ ၁၉၃ အရ အမိန့်တစ်ရပ်ချမှတ်နိုင်သည် – (က) ကုမ္ပဏီတွင်ပါဝင်သူများအားလုံး၏ အကျိုးခံစားခွင့်နှင့် ဆန့်ကျင်ခြင်း၊ (ခ) ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဦး သို့မဟုတ် ပါဝင်သူရာထူးနေရာတွင် သော်လည်းကောင်း၊ အခြားရာထူးနေရာတွင်သော်လည်းကောင်း ၎င်းတို့အပေါ် မတရားဖြစ်စေခြင်း၊ မမျှမတ ဖြစ်စေခြင်း သို့မဟုတ် မတရားသဖြင့် ခွဲခြားပြုမူခြင်း။ ဤအခန်းပါကိစ္စရပ်များအတွက် ကုမ္ပဏီရှိ အစုရှယ်ယာတစ်ရပ်ရပ်ကို သေတမ်းစာအရဖြစ်စေ၊ ဥပဒေအရဖြစ်စေ လွှဲပြောင်းပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးအဖြစ် သတ်မှတ်ရမည်။ တရားရုံးက ချမှတ်နိုင်သည့်အမိန့်များ ၁၉၃။ (က) တရားရုံးသည် ဤပုဒ်မအရ အောက်ပါအမိန့်တစ်ရပ်ရပ် အပါအဝင် ကုမ္ပဏီနှင့်စပ်လျဉ်း၍ သင့်လျော်သည်ဟု ၎င်းမှ ထင်မြင်လျှင် အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်( ၁ ) ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းရန်၊ (၂) ကုမ္ပဏီ၏လက်ရှိဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ပြင်ဆင်ရန် သို့မဟုတ် ပယ်ဖျက်ရန်၊ ( ၃ ) နောင်တွင်ဆောင်ရွက်မည့် ကုမ္ပဏီ၏ လုပ်ငန်းကိစ္စရပ်များအတွက် စည်းကမ်းချက်များ သတ်မှတ်ရန်၊ ( ၄ ) ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးဦး သို့မဟုတ် ကုမ္ပဏီရှိ အစုရှယ်ယာတစ်ရပ်ရပ်ကို သေတမ်းစာအရဖြစ်စေ၊ ဥပဒေအရဖြစ်စေ လွှဲပြောင်းပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ် တစ်ဦးဦးက အစုရှယ်ယာတစ်ရပ်ရပ်ကို ဝယ်ယူရန်၊ ( ၅ ) ကုမ္ပဏီ၏အစုရှယ်ယာမတည်ငွေရင်းအား သင့်လျော်သည့် ပမာဏကို လျှော့ချခြင်းဖြင့် အစုရှယ်ယာများကို ဝယ်ယူရန်၊ ( ၆ ) ကုမ္ပဏီအတွက် တရားစွဲဆိုမှုတစ်ရပ်ရပ်ကို ပြုလုပ်ခြင်း၊ စွဲဆိုခြင်း၊ ခုခံချေပခြင်း သို့မဟုတ် ရပ်စဲခြင်းများ ဆောင်ရွက်ရန်၊ ( ၇ ) ကုမ္ပဏီ၏ အမည်ဖြင့် သို့မဟုတ် ကုမ္ပဏီ၏ကိုယ်စား တရားစွဲဆိုမှု တစ်ရပ်ရပ်ကို ပြုလုပ်ခြင်း၊ စွဲဆိုခြင်း၊ ခုခံချေပခြင်း သို့မဟုတ် ရပ်စဲခြင်းများ ဆောင်ရွက်ရန် အတွက် ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဦး သို့မဟုတ် ကုမ္ပဏီရှိ အစုရှယ်ယာ တစ်ရပ်ရပ်ကို သေတမ်းစာအရဖြစ်စေ၊ ဥပဒေအရဖြစ်စေ လွှဲပြောင်းပေးအပ်ခြင်း ခံရသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား ဆောင်ရွက်ခွင့်ပြုရန်၊ ( ၈ ) ကုမ္ပဏီ၏ ပစ္စည်းတစ်ရပ်ရပ် သို့မဟုတ် အားလုံးအတွက် ပစ္စည်းလက်ခံထိန်း သိမ်းသူ (receiver) တစ်ဦးအား ခန့်အပ်ရန်၊ ( ၉ ) ပုဂ္ဂိုလ်တစ်ဦးဦးအား သတ်မှတ်ထားသည့် အပြုအမူကို ပြုမူစေခြင်း သို့မဟုတ် ပြုလုပ်စေခြင်းမှ ရှောင်ကြဉ်စေရန်၊ (၁ဝ) ပုဂ္ဂိုလ်တစ်ဦးဦးအား သတ်မှတ်ထားသည့် ဆောင်ရွက်မှုတစ်ရပ်ရပ်ကို ပြုလုပ် စေရန်။ (၁၁) နစ်နာကြေးများ ပေးလျော်ရန်။ ( ခ ) ဤပုဒ်မအရ ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းရန်အတွက် အမိန့်တစ်ရပ် ချမှတ် ခဲ့လျှင် ကုမ္ပဏီများ စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့် သက်ဆိုင်သည့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် လိုအပ်သလို ပြောင်းလဲ ပြင်ဆင်ထားသည့် ပြဋ္ဌာန်းချက်များအား လိုက်နာရမည်။ (ဂ) ဤပုဒ်မအရ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအား ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်ရန် အတွက် အမိန့်တစ်ရပ်ချမှတ်ခဲ့လျှင် အမိန့်၌ ထိုသို့ ဆောင်ရွက်ခွင့်ပြုထားခြင်းမရှိလျှင် ဖြစ်စေ သို့မဟုတ် ကုမ္ပဏီသည် တရားရုံး၏ခွင့်ပြုမှုကို ဦးစွာရယူ ထားခြင်းမရှိလျှင် ဖြစ်စေ အဆိုပါပြောင်းလဲပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းသည် အမိန့်တွင်ပါရှိသည့် စည်းကမ်းချက်များနှင့် ညီညွတ်ခြင်းမရှိလျှင် ကုမ္ပဏီသည် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအား ပြောင်းလဲပြင်ဆင်ရန် သို့မဟုတ် ပယ်ဖျက်ရန်အတွက် ပုဒ်မ ၁၇ အရ လုပ်ပိုင်ခွင့်မရှိ။ တရားရုံးအမိန့်တစ်ရပ်အတွက် လျှောက်ထားခြင်း ၁၉၄။ ကုမ္ပဏီနှင့်စပ်လျဉ်း၍ ပုဒ်မ ၁၉၃၊ ပုဒ်မခွဲ (က) အရ အမိန့်တစ်ရပ်ချမှတ်ပေးရန် လျှောက်ထားမှုကို အောက်ပါပုဂ္ဂိုလ်များက ပြုလုပ်နိုင်သည် – (က) လျှောက်ထားမှုသည် အောက်ပါပုဂ္ဂိုလ်များနှင့် ဆန့်ကျင်သည့်ဆောင်ရွက်မှု သို့မဟုတ် ပျက်ကွက်မှုတစ်ရပ်ရပ်နှင့် သက်ဆိုင်သော်လည်း ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးဦး – (၁) ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးအဖြစ်မှတစ်ပါး အခြားရာထူးနေရာတစ်ခုခုတွင် ဆောင်ရွက်နေသော ကုမ္ပဏီတွင်ပါဝင်သူ သို့မဟုတ် (၂) ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးအဖြစ် ၎င်းတို့၏ ရာထူးနေရာတွင် ဆောင်ရွက်နေ သောကုမ္ပဏီတွင်ပါဝင်သော အခြားသူများ။ ( ခ ) မတည်ငွေရင်း ရွေးချယ်လျှော့ချခြင်းကြောင့် ကုမ္ပဏီတွင်ပါဝင်သူများ၏ မှတ်ပုံတင် စာရင်းမှ ဖယ်ရှားခံရသူ၊ ( ဂ ) လျှောက်ထားမှုသည် ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးအဖြစ်မှ ရပ်စဲသည့်အခြေအနေနှင့် သက်ဆိုင်ခဲ့လျှင် ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးအဖြစ်မှ ရပ်စဲခံရသူ၊ (ဃ) ကုမ္ပဏီရှိ အစုရှယ်ယာတစ်ရပ်ရပ်ကို သေတမ်းစာအရဖြစ်စေ၊ ဥပဒေအရဖြစ်စေ လွှဲပြောင်း ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် ( င ) ကုမ္ပဏီ၏ လုပ်ငန်းကိစ္စရပ်များ သို့မဟုတ် ကုမ္ပဏီ၏ လုပ်ငန်းကိစ္စရပ်များနှင့်ပတ်သက်သော ကိစ္စရပ်များအား စုံစမ်းစစ်ဆေးနေသည့် သို့မဟုတ် စုံစမ်းစစ်ဆေးပြီးသည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိမှ သင့်လျော်သည်ဟု ထင်မြင်ယူဆသူတစ်ဦးဦး။ ချမှတ်သည့်အမိန့်ကို မှတ်ပုံတင်အရာရှိထံ ပေးပို့တင်ပြရန် လိုအပ်ခြင်း ၁၉၅။ ပုဒ်မ ၁၉၃၊ ပုဒ်မခွဲ (က) အရ အမိန့်တစ်ရပ်အား ချမှတ်ခဲ့လျှင် လျှောက်ထားသူသည် အဆိုပါအမိန့်အား ချမှတ်သည့်နေ့မှ ၂၁ ရက်အတွင်း ယင်းအမိန့်၏ မိတ္တုတစ်စောင်ကို မှတ်ပုံတင် အရာရှိထံသို့ ပေးပို့တင်ပြရမည်။ ကုမ္ပဏီကိုယ်စား တရားစွဲဆိုဆောင်ရွက်မှုများ ကုမ္ပဏီကိုယ်စား တရားစွဲဆိုဆောင်ရွက်ခြင်း သို့မဟုတ် ကြားဝင်ဆောင်ရွက်ခြင်း ၁၉၆။ (က) ကုမ္ပဏီကိုယ်စား တာဝန်ယူဆောင်ရွက်ရန်အတွက် သို့မဟုတ် အဆိုပါတရားစွဲဆိုမှုများတွင် စေ့စပ်ညှိနှိုင်းခြင်း သို့မဟုတ် ဖြေရှင်းဆောင်ရွက်ခြင်းကဲ့သို့ လိုအပ်သည့် ဆောင်ရွက်မှု များကို ပြုလုပ်နိုင်ရန်အတွက် ပုဒ်မ ၁၉၇ အရ ခွင့်ပြုချက်ရရှိထားသည့် အောက်ပါပုဂ္ဂိုလ် တစ်ဦးဦးသည် ကုမ္ပဏီကိုယ်စား တရားစွဲဆို ဆောင်ရွက်နိုင်သည် သို့မဟုတ် ကုမ္ပဏီမှ အမှုသည်အဖြစ် ပါဝင်သော တရားစွဲဆိုမှုတစ်ရပ်ရပ်တွင် ကြားဝင်ဆောင်ရွက်နိုင်သည် – (၁) ကုမ္ပဏီ သို့မဟုတ် ဆက်စပ်သည့်အဖွဲ့ အစည်းတွင် ပါဝင်သူ၊ ယင်းတို့တွင် ပါဝင်ခဲ့သူ (former member) သို့မဟုတ် ယင်းတို့တွင် ပါဝင်သူတစ်ဦးအဖြစ် မှတ်ပုံတင်ခွင့်ရရှိသော ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာ၊ ယခင်က တာဝန်ထမ်းဆောင်ခဲ့သော ဒါရိုက်တာ (former director)၊ အရာရှိ သို့မဟုတ် ယခင်က တာဝန်ထမ်းဆောင်ခဲ့သော အရာရှိ (former officer) ဖြစ်ရမည်။ ( ခ ) ကုမ္ပဏီကိုယ်စား ဆောင်ရွက်သည့် တရားစွဲဆိုမှုများကို ကုမ္ပဏီ၏အမည်ဖြင့်စွဲဆို ဆောင်ရွက်ရမည်။ (ဂ ) ကုမ္ပဏီကိုယ်စား တရားစွဲဆိုဆောင်ရွက်ရန် သို့မဟုတ် ကြားဝင်ဆောင်ရွက်ရန် အခြား ဥပဒေတစ်ရပ်ရပ်၌ ဖော်ပြထားသည့် ပုဂ္ဂိုလ်တစ်ဦးဦး၏ အခွင့်အရေးကို ပယ်ဖျက် ရမည်။ တရားစွဲဆိုခွင့်နှင့်ကြားဝင်ဆောင်ရွက်ခွင့် လျှောက်ထားခြင်းနှင့် ခွင့်ပြုခြင်း ၁၉၇။ (က) ပုဒ်မ ၁၉၆၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၁) တွင် ဖော်ပြထားသော ပုဂ္ဂိုလ်တစ်ဦးဦးသည် တရားစွဲဆိုမှုများဆောင်ရွက်ရန် သို့မဟုတ် တရားစွဲဆိုမှုများတွင် ကြားဝင်ဆောင်ရွက်ခွင့် ရရှိရန် တရားရုံးသို့ လျှောက်ထားနိုင်သည်။ ( ခ ) တရားရုံးသည် အောက်ပါအချက်များကို ကျေနပ်လက်ခံလျှင် လျှောက်ထားမှုအား ခွင့်ပြုရမည်(၁) ကုမ္ပဏီကိုယ်တိုင်က တရားစွဲဆိုမှုများကို မဆောင်ရွက်နိုင်ကြောင်း သို့မဟုတ် အဆိုပါကိစ္စများအတွက် တာဝန်ယူဆောင်ရွက်နိုင်ခြင်း သို့မဟုတ် လိုအပ်သော ( ကိစ္စရပ်များကို ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း၊ (၂) လျှောက်ထားသူသည် သဘောရိုးဖြင့် ဆောင်ရွက်ကြောင်း၊ (၃) လျှောက်ထားသူအပေါ် ခွင့်ပြုချက်ပေးခြင်းသည် ကုမ္ပဏီ၏ အကျိုးအတွက် အကောင်းဆုံးဖြစ်စေမည်ဖြစ်ကြောင်း၊ (၄) လျှောက်ထားသူသည် တရားစွဲဆိုဆောင်ရွက်ရန်အတွက် ခွင့်ပြုချက်လျှောက်ထားလျှင် အရေးကြီးသော ကိစ္စရပ်ကို ဖြေရှင်းရန်ရှိကြောင်း နှင့် အောက်ပါကိစ္စတစ်ရပ်ရပ်ရှိခဲ့လျှင် – (ကက) လျှောက်လွှာမတင်မီ အနည်းဆုံး ၁၄ ရက် ကြိုတင်၍ လျှောက်ထားသူသည် ခွင့်ပြုချက် လျှောက်ထားရန် ရည်ရွယ်ကြောင်းနှင့် ထိုသို့လျှောက်ထား ရသည့်အကြောင်းရင်းတို့ကို စာဖြင့်ရေးသား၍ ကုမ္ပဏီသို့ အကြောင်းကြား ရမည်။ သို့မဟုတ် ( ခခ ) ပုဒ်မခွဲငယ်စိတ် (ကက) ပါဖော်ပြချက်ကို လက်ခံနိုင်ခြင်းမရှိသော်လည်း ခွင့်ပြုချက်ပေးရန် သင့်လျော်မှုရှိရမည်။ (ဂ) အောက်ပါတို့ကို တွေ့ရှိရလျှင် ခွင့်ပြုချက်ပေးခြင်းသည် ကုမ္ပဏီ၏ အကောင်းဆုံး အကျိုးခံစားခွင့်အတွက် မဟုတ်ကြောင်း ချေပနိုင်သည့် မှတ်ယူချက်တစ်ခုဖြစ်သည်(၁) တရားစွဲဆိုခြင်းသည် – (ကက) တတိယပုဂ္ဂိုလ်တစ်ဦးဦးအပေါ် ကုမ္ပဏီမှ တရားစွဲဆိုမှုဖြစ်ခြင်း သို့မဟုတ် ( ခခ ) ကုမ္ပဏီအပေါ် တတိယပုဂ္ဂိုလ်တစ်ဦးဦးက တရားစွဲဆိုမှုဖြစ်ခြင်းနှင့် (၂) ကုမ္ပဏီမှ အောက်ပါတို့ကို ဆုံးဖြတ်ခဲ့လျှင် – (ကက) တရားစွဲဆိုမှုကို မဆောင်ရွက်ရန် သို့မဟုတ် ( ခခ ) တရားစွဲဆိုမှုတွင် ခုခံချေပခြင်း မပြုရန် သို့မဟုတ် ( ဂဂ ) တရားစွဲဆိုမှုကိုရပ်စဲရန်၊ ဖြေရှင်းရန် သို့မဟုတ် စေ့စပ်ညှိနှိုင်းရန်နှင့် (၃) အဆိုပါ ဆုံးဖြတ်ချက်တွင် ပါဝင်ဆောင်ရွက်ခဲ့သော ဒါရိုက်တာများအားလုံးသည် – (ကက) လျော်ကန်သင့်မြတ်သော ကိစ္စရပ်အတွက် သဘောရိုးဖြင့် ဆောင်ရွက်ခဲ့ ကြခြင်း၊ ( ခခ ) ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုးခံစားခွင့် မပါရှိခြင်း၊ ( ဂဂ ) ဆုံးဖြတ်ချက် ချမှတ်သည့်ကိစ္စရပ်နှင့်စပ်လျဉ်း၍ ၎င်းတို့ကိုယ်တိုင် သင့်လျော်မျှတသည်အထိ စုံစမ်းခြင်းနှင့် (ဃဃ) ဆုံးဖြတ်ချက်သည် ကုမ္ပဏီ၏ အကျိုးအတွက် အကောင်းဆုံးဖြစ်သည် ဟု ကျိုးကြောင်းညီညွတ်စွာ ယုံကြည်ခြင်း။ (ဃ) အလားတူအခြေအနေတွင် သာမန်ပုဂ္ဂိုလ်တစ်ဦးက လက်ခံဆောင်ရွက်နိုင်ခြင်း မရှိခြင်း မှတစ်ပါး ထိုဆုံးဖြတ်ချက်သည် ကုမ္ပဏီ၏ အကျိုးအတွက်အကောင်းဆုံးဖြစ်သည်ဟု ဒါရိုက်တာများ၏ ယုံကြည်မှုသည် ကျိုးကြောင်းညီညွတ်သော ယုံကြည်မှုဖြစ်သည်။ ( င ) ပုဒ်မခွဲ (ဂ) တွင် ပါရှိသောကိစ္စရပ်များအတွက် – (၁) ပုဂ္ဂိုလ်တစ်ဦးသည် ကုမ္ပဏီ၏ ဆက်နွယ်သည့်ပုဂ္ဂိုလ်တစ်ဦး မဟုတ်ပါက ထိုပုဂ္ဂိုလ်သည် တတိယပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ၎င်းအပြင် (၂) ကုမ္ပဏီကသော်လည်းကောင်း၊ ကုမ္ပဏီအပေါ်တွင်လည်းကောင်း တရားစွဲဆိုမှုများတွင် ယင်းသို့တရားစွဲဆိုမှုများတွင် ချမှတ်သည့် ဆုံးဖြတ်ချက်တစ်ရပ်အား အယူခံ ဝင်ခြင်းများလည်း ပါဝင်သည်။ တရားစွဲဆိုခွင့်နှင့်ကြားဝင်ဆောင်ရွက်ခွင့်ရရှိသောသူအတွက် အခြားသူတစ်ဦးဦးကို အစားထိုးဖြည့်စွက်ခြင်း ၁၉၈။ (က) ပုဒ်မ ၁၉၇ အရ ခွင့်ပြုချက်ရရှိထားသော ပုဂ္ဂိုလ်တစ်ဦးဦးအတွက် အစားထိုးဖြည့်စွက်ရန် အတွက် အမိန့်တစ်ရပ် ချမှတ်ပေးနိုင်ရန် အောက်ပါပုဂ္ဂိုလ်များအနက်မှတစ်ဦးဦးသည် တရားရုံး သို့ လျှောက်ထားရမည် – (၁) ကုမ္ပဏီ သို့မဟုတ် ဆက်စပ်သည့် အဖွဲ့အစည်းတွင် ပါဝင်သူ၊ ယင်းတို့တွင် ပါဝင်ခဲ့သူ (former member)၊ သို့မဟုတ် ယင်းတို့တွင်ပါဝင်သူတစ်ဦးအဖြစ် မှတ်ပုံတင်ခွင့် ရရှိသော ပုဂ္ဂိုလ်တစ်ဦးဦး၊ (၂) ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာ၊ ယခင်ကတာဝန်ထမ်းဆောင်ခဲ့သော ဒါရိုက်တာ (former director)၊ အရာရှိ သို့မဟုတ် ယခင်ကတာဝန်ထမ်းဆောင်ခဲ့သော အရာရှိ (former officer)။ ( ခ ) တရားရုံးသည် အောက်ပါအချက်များကို ကျေနပ်လက်ခံလျှင် အမိန့်တစ်ရပ်ကို ချမှတ်ရမည် (၁) လျှောက်ထားသူသည် သဘောရိုးဖြင့် ဆောင်ရွက်ကြောင်းနှင့် (၂) အကြောင်းခြင်းရာအားလုံးတွင် အမိန့်ချမှတ်ရန် သင့်လျော်မှုရှိကြောင်း။ (ဂ) ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား အခြားသူတစ်ဦးအတွက် အစားထိုးဖြည့်စွက်ရန် ချမှတ်သည့် အမိန့်သည် အောက်ပါအတိုင်း အကျိုးသက်ရောက်မှုရှိသည် – (၁) ခွင့်ပြုချက်ပေးခြင်းသည် အစားထိုးဖြည့်စွက်သော ပုဂ္ဂိုလ်အကျိုးငှာ ပြုလုပ်သည် ဟု သတ်မှတ်ရမည်။ ၎င်းအပြင် (၂) အခြားသူတစ်ဦးသည် တရားစွဲဆိုဆောင်ရွက်မှုအား ပြုလုပ်ပြီး သို့မဟုတ် ကြားဝင် ဆောင်ရွက်ပြီးဖြစ်လျှင် အစားထိုးဖြည့်စွက်သောပုဂ္ဂိုလ်သည် အဆိုပါ တရားစွဲဆိုမှုကို ဆောင်ရွက်ပြီး သို့မဟုတ် ကြားဝင်ဆောင်ရွက်ပြီး ဖြစ်သည်ဟု သတ်မှတ်ရမည်။ ကုမ္ပဏီတွင်ပါဝင်သူများက အတည်ပြုဆောင်ရွက်ခြင်း၏ အကျိုးသက်ရောက်မှု ၁၉၉။ (က) ကုမ္ပဏီတွင် ပါဝင်သူများက ပြုလုပ်ဆောင်ရွက်မှုတစ်ရပ်ကို အတည်ပြုခဲ့လျှင် သို့မဟုတ် ထောက်ခံခဲ့လျှင် ထိုအတည်ပြုချက် သို့မဟုတ် ထောက်ခံချက်သည် – (၁) ပုဂ္ဂိုလ်တစ်ဦးဦးအား ပုဒ်မ ၁၉၇ အရ ခွင့်ပြုချက်ဖြင့် တရားစွဲဆိုမှုများကို ပြုလုပ်ခြင်း သို့မဟုတ် ယင်းတို့တွင် ကြားဝင်ဆောင်ရွက်ခြင်းကိုဖြစ်စေ၊ ခွင့်ပြုချက် ရရန်အတွက် လျှောက်ထားခြင်းကိုဖြစ်စေ တားမြစ်ထားခြင်း မရှိစေရ။ (၂) ပုဒ်မ ၁၉၇ အရ ခွင့်ပြုချက်ဖြင့် စွဲဆိုဆောင်ရွက်သော သို့မဟုတ် ကြားဝင် ဆောင်ရွက်သော တရားစွဲဆိုမှုများကို တရားပြိုင်၏ အကျိုးအတွက် ဆုံးဖြတ် ပေးရမည် သို့မဟုတ် ခွင့်ပြုချက်ရရှိရန် လျှောက်ထားခြင်းကို ငြင်းပယ်ရမည်ဟု အကျိုးသက်ရောက်ခြင်း မရှိစေရ။ (ခ) ကုမ္ပဏီတွင်ပါဝင်သူများက ပြုလုပ်ဆောင်ရွက်မှုတစ်ရပ်ကို အတည်ပြုခဲ့လျှင် သို့မဟုတ် ထောက်ခံခဲ့လျှင် တရားရုံးသည် ပုဒ်မ ၁၉၇ အရ ခွင့်ပြုချက်ရရှိ၍ စွဲဆိုဆောင်ရွက်သော သို့မဟုတ် ကြားဝင်ဆောင်ရွက်သော တရားစွဲဆိုမှုများတွင်လည်းကောင်း၊ အဆိုပါ ပုဒ်မပါ ပြဋ္ဌာန်းချက်အရ တရားစွဲဆိုခွင့်နှင့် ကြားဝင်ဆောင်ရွက်ခွင့် ရရှိနိုင်ရန် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း နစ်နာမှုများအပါအဝင် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက် ချမှတ်ရာ၌ ဖော်ပြပါ အတည်ပြုချက် သို့မဟုတ် ထောက်ခံချက်ကို ထည့်သွင်းစဉ်းစားနိုင်သည်။ ထိုသို့ ချမှတ်ဆောင်ရွက်ခဲ့လျှင် ယင်းဆုံးဖြတ်ချက်တွင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားရမည် (၁) ကုမ္ပဏီတွင် ပါဝင်သူများမှ ပြုလုပ်ဆောင်ရွက်မှုတစ်ရပ်ကို အတည်ပြု မပြုသို့မဟုတ် ထောက်ခံခြင်းပြုမပြု ဆုံးဖြတ်ရာတွင် ၎င်းတို့၏ပြုလုပ်ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ပြည့်စုံစွာ သိရှိခဲ့ခြင်းနှင့် ပြုလုပ်ဆောင်ရွက်မှုတစ်ရပ်ကို အတည်ပြုခြင်း သို့မဟုတ် ထောက်ခံခြင်းတို့အား ပြုလုပ်ခဲ့သော ကုမ္ပဏီတွင်ပါဝင်သူများက လျော်ကန်သင့်မြတ်သော ကိစ္စရပ်အတွက် ဆောင်ရွက်ခဲ့ခြင်း ရှိ မရှိ။ တရားရုံး၏ အထွေထွေ လုပ်ပိုင်ခွင့်များ ၂၀၀။ (က) တရားရုံးသည် အောက်ပါကိစ္စများအပါအဝင် ခွင့်ပြုချက်ရရှိ၍ စွဲဆိုဆောင်ရွက်သော သို့မဟုတ် ကြားဝင်ဆောင်ရွက်သော တရားစွဲဆိုမှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ တရားစွဲဆိုခွင့်နှင့် ကြားဝင်ဆောင်ရွက်ခွင့် ရရှိနိုင်ရန် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း သင့်သည်ထင်မြင်သည့်အတိုင်း အမိန့်တစ်ရပ်ရပ် ချမှတ်နိုင်ပြီး ညွန်ကြားချက်များကို ပြုလုပ်နိုင်သည် – (၁) ကြားဖြတ်အမိန့်များ၊ (၂) စေ့စပ်ညှိနှိုင်းခြင်း ဆောင်ရွက်ရန်လိုအပ်ခြင်းအပါအဝင် တရားစွဲဆိုဆောင်ရွက်မှုများ နှင့် စပ်လျဉ်းသည့် ညွှန်ကြားချက်များ၊ (၃) ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီ၏ အရာရှိတစ်ဦးဦးကို ဆောင်ရွက်မှုတစ်ရပ်ရပ် ပြုလုပ်စေရန် သို့မဟုတ် မပြုလုပ်စေရန် ညွှန်ကြားသည့် အမိန့်တစ်ရပ်နှင့် အောက်ပါတို့ကို စုံစမ်းစစ်ဆေးရန်နှင့် တရားရုံးသို့အစီရင်ခံတင်ပြစေရန် လွတ်လပ်သော ပုဂ္ဂိုလ်တစ်ဦးဦးကို ခန့်ထားသည့်အမိန့်တစ်ရပ် – (ကက) ကုမ္ပဏီ၏ ငွေရေးကြေးရေးကိစ္စရပ်များ၊ သို့မဟုတ် ( ခခ ) တရားစွဲဆိုသည့် အကြောင်းအရာနှင့်စပ်လျဉ်း၍ တရားစွဲဆိုရန်အကြောင်း ပေါ်ပေါက်လာရသည့် အချက်အလက်များ သို့မဟုတ် အခြေအနေများ၊ သို့မဟုတ် (ဂဂ) တရားစွဲဆိုမှုတွင် ပါဝင်လျက်ရှိကြသော အမှုသည်များနှင့် ခွင့်ပြုချက် ရရှိသော သူတို့က တရားစွဲဆိုမှုတွင် ကုန်ကျခဲ့သည့်စရိတ်များ။ ( ခ ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄) အရ တရားရုံးက ခန့်အပ်သော ပုဂ္ဂိုလ် တစ်ဦးဦးသည် ကုမ္ပဏီသို့ သင့်လျော်သည့် အကြောင်းကြားမှု ပြုလုပ်၍ ၎င်းအား ခန့်အပ်မှုနှင့် သက်ဆိုင်သော လုပ်ငန်းများအတွက် ကုမ္ပဏီ၏ စာရင်းစာအုပ်များကို စစ်ဆေးခွင့် ရှိသည်။ (ဂ) တရားရုံးသည် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄) အရ ပုဂ္ဂိုလ်တစ်ဦးဦးအား ခန့်အပ်ခဲ့လျှင် – (၁) တရားရုံးသည် ထိုသို့ ခန့်အပ်ထားခြင်းခံရသူအတွက် အခကြေးငွေနှင့် ကုန်ကျ စရိတ်များကို မည်သူက ကျခံရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည့် အမိန့်တစ်ရပ်ကို လည်းချမှတ်ရမည်။ (၂) တရားရုံးသည် အဆိုပါအမိန့်ကို မည်သည့်အချိန်တွင်မဆို ပြောင်းလဲနိုင်သည်။ (၃) အဆိုပါအမိန့်အရ သို့မဟုတ် ထိုသို့ ပြောင်းလဲထားသော အမိန့်အရ ပြုလုပ် ဆောင်ရွက်ရန် တာဝန်ရှိသောပုဂ္ဂိုလ်များမှာ အောက်ပါပုဂ္ဂိုလ်များ ဖြစ်သည်(ကက) တရားစွဲဆိုမှု သို့မဟုတ် လျှောက်ထားမှုတွင် အမှုသည်အဖြစ် ပါဝင်သူ အားလုံး သို့မဟုတ် အမှုသည်တစ်ဦးဦးနှင့် ( ခခ ) ကုမ္ပဏီ။ ၎င်းအပြင် (၄) အဆိုပါအမိန့် သို့မဟုတ် ထိုသို့ပြောင်းလဲထားသော အမိန့်တွင် သက်ဆိုင်သူနှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသောသူများအား တာဝန်ရှိကြောင်း ဖော်ပြထားလျှင် ထိုအမိန့်တွင် ထိုသို့သက်ဆိုင်သူတစ်ဦးစီ၏ တာဝန်ရှိမှုအခြေအနေနှင့် အတိုင်းအတာ ပမာဏကိုလည်း ဆုံးဖြတ်ပေးနိုင်သည်။ (ဃ) ပုဒ်မခွဲ (ဂ) ပါပြဋ္ဌာန်းချက်များသည် ကုန်ကျစရိတ်နှင့်စပ်လျဉ်းသည့် တရားရုံး၏လုပ်ပိုင်ခွင့် | များကို ထိခိုက်စေခြင်း မရှိစေရ။ ကုန်ကျစရိတ်ဆိုင်ရာ အမိန့်များကို ချမှတ်နိုင်သည့် တရားရုံး၏အခွင့်အာဏာ ၂၀၁။ တရားရုံးသည် ပုဒ်မ ၁၉၇ အရ ခွင့်ပြုချက်ရရှိ၍ စွဲဆိုဆောင်ရွက်သော သို့မဟုတ် ကြားဝင် ဆောင်ရွက်သော တရားစွဲဆိုမှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ အဆိုပါပုဒ်မပါ ပြဋ္ဌာန်းချက်အရ တရားစွဲဆိုခွင့်နှင့် ကြားဝင်ဆောင်ရွက်ခွင့်ရရှိနိုင်ရန် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း ယင်းတို့နှင့်သက်ဆိုင်သော အောက်ပါပုဂ္ဂိုလ်များ၏ ကုန်ကျစရိတ်များမှာ သင့်လျော်သည်ဟု ယူဆလျှင် မည်သည့်အချိန်တွင်မဆို အမိန့်တစ်ရပ်ရပ် ချမှတ်နိုင်သည် – (က) တရားစွဲဆိုခွင့်နှင့် ကြားဝင်ဆောင်ရွက်ခွင့် ရရှိနိုင်ရန် လျှောက်ထားသူ သို့မဟုတ် ခွင့်ပြုချက် ရရှိသူ၊ ( ခ ) ကုမ္ပဏီ နှင့် (ဂ ) တရားစွဲဆိုမှု သို့မဟုတ် လျှောက်ထားမှုများတွင် ပါဝင်သောအခြားအမှုသည် တစ်ဦးဦး။ အခန်း (၂၀) အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီများက အစုရှယ်ယာရောင်းချရန် ကမ်းလှမ်းမှုများနှင့် | သက်ဆိုင်သည့် ကိစ္စရပ်များ ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) ဤအခန်းပါ ပြဋ္ဌာန်းချက်များအား လိုက်နာဆောင်ရွက်ခြင်း ၂၀၂။ (က) ပုဒ်မခွဲ (ခ) မှအပ ဤအခန်းတွင် ဖော်ပြပါရှိသော ပြဋ္ဌာန်းချက်များသည် အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီများနှင့် ယင်းတို့၏ အစုရှယ်ယာများ သို့မဟုတ် အခြားငွေချေး သက်သေခံလက်မှတ်များကို အများပြည်သူသို့ ရောင်းချရန် ကမ်းလှမ်းခြင်းများနှင့်သက်ဆိုင် စေရမည်။ ဤပြဋ္ဌာန်းချက်များအား ဤဥပဒေပါ အခြားသော ပြဋ္ဌာန်းချက်များ သို့မဟုတ် အခြားသက်ဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များကို ကန့်သတ်တားမြစ်ခြင်းမရှိစေဘဲ၊ ကျင့်သုံးဆောင်ရွက်ရမည့်အပြင် အဆိုပါသက်ဆိုင်ရာဥပဒေများနှင့်အညီ လိုက်နာ ဆောင်ရွက်ရမည်။ ( ခ ) အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီမှအပ အခြားကုမ္ပဏီအမျိုးအစားများသည် ၎င်းတို့၏ အစုရှယ်ယာများ သို့မဟုတ် အခြားငွေချေးသက်သေခံလက်မှတ်များကို အများပြည်သူသို့ ရောင်းချရန်အတွက် ကမ်းလှမ်းခြင်း သို့မဟုတ် အများပြည်သူသို့ ရောင်းချရန်အတွက် ကမ်းလှမ်းရန်ရည်ရွယ်လျက် ကုမ္ပဏီ၏ ငွေချေးသက်သေခံလက်မှတ်များကို ခွဲဝေ သတ်မှတ်ခြင်း သို့မဟုတ် ခွဲဝေသတ်မှတ်ရန် သဘောတူညီခြင်းတို့ကို မပြုလုပ်ရ။ ကုမ္ပဏီ၏အလားအလာညွှန်းတမ်း (Prospectus) အား တင်ပြခြင်း ၂၀၃။ (က) ကုမ္ပဏီကဖြစ်စေ၊ ကုမ္ပဏီ၏ ကိုယ်စားလှယ်ကဖြစ်စေ၊ အဆိုပြု ကုမ္ပဏီကဖြစ်စေ၊ ထုတ်ဝေသည့် သို့မဟုတ် ယင်းကုမ္ပဏီနှင့်စပ်လျဉ်းသည့် ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) အားလုံးတွင် ရက်စွဲပါရှိရမည်ဖြစ်ပြီး အဆိုပါရက်စွဲသည် ဆန့်ကျင် ကွဲလွဲမှု တစ်စုံတစ်ရာ မရှိခဲ့လျှင် ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) အား ထုတ်ဝေသည့် ရက်စွဲအဖြစ် သတ်မှတ်ရမည်။ ( ခ ) ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) တွင် ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အဆိုပြုထားသော ဒါရိုက်တာအဖြစ် အမည်စာရင်းပါရှိသူအားလုံး သို့မဟုတ် ၎င်းတို့မှ စာဖြင့်ရေးသား၍ အခွင့်အာဏာအပ်နှင်းခြင်းခံရသည့် ၎င်းတို့၏ ကိုယ်စားလှယ် များမှ လက်မှတ်ရေးထိုးထားသော ကုမ္ပဏီ၏အလားအလာညွှန်းတမ်း (Prospectus) အားလုံး၏ မိတ္တူတစ်စောင်ကို ယင်းအား ထုတ်ဝေသည့်နေ့ရက်တွင်ဖြစ်စေ၊ ယင်းနေ့ မတိုင်မီတွင်ဖြစ်စေ၊ မှတ်ပုံတင်ဆောင်ရွက်နိုင်ရေးအတွက် မှတ်ပုံတင်အရာရှိထံသို့ တင်ပြဆောင်ရွက်ရမည်။ အဆိုပါ ကုမ္ပဏီ၏အလားအလာညွှန်းတမ်း (Prospectus) ၏ မိတ္တုတစ်စောင်ကို မှတ်ပုံတင်ခြင်းအတွက် မှတ်ပုံတင်အရာရှိထံ တင်ပြဆောင်ရွက်ခြင်း မရှိသေးလျှင် ထိုကုမ္ပဏီ၏အလားအလာညွှန်းတမ်း(Prospectus) ကို ထုတ်ဝေခြင်း မပြုရ။ (ဂ) မှတ်ပုံတင်အရာရှိသည် ဤပုဒ်မပါ နည်းလမ်းများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်သော ရက်စွဲဖော်ပြခြင်း၊ လက်မှတ်ရေးထိုးခြင်းများမပါရှိသည့် ကုမ္ပဏီ၏အလားအလာ ညွှန်းတမ်း (Prospectus) တစ်ခုခုကို မှတ်ပုံတင်ပေးခြင်း မပြုရ။ (ဃ) ကုမ္ပဏီ၏အလားအလာညွှန်းတမ်း (Prospectus) အားလုံး၏ မျက်နှာဖုံးစာမျက်နှာ အပေါ်တွင် ဤကုမ္ပဏီ၏အလားအလာညွှန်းတမ်း(Prospectus) ၏ မိတ္တူ တစ်စောင်ကို ဤပုဒ်မတွင် ဖော်ပြပါရှိသည့် လိုအပ်ချက်များနှင့်အညီ မှတ်ပုံတင် ဆောင်ရွက်နိုင်ရေး အတွက် တင်ပြပြီးဖြစ်ကြောင်း ဖော်ပြရမည်။ ၂၀၄။ ကုမ္ပဏီ၏အလားအလာညွှန်းတမ်း (Prospectus) ၏ မိတ္တူ ကို ပုဒ်မ ၂ဝ၃ ပါအတိုင်း တင်ပြ ဆောင်ရွက်ခြင်းမပြုဘဲ အဆိုပါကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) အား ထုတ်ဝေ ခဲ့လျှင် ကုမ္ပဏီနှင့် ယင်းအား ထုတ်ဝေရာတွင် သိလျက်ဖြင့် ပါဝင်ခဲ့သူများတစ်ဦးဦးစီသည် ဒဏ်ကြေးငွေ ကျပ်သိန်း ၁၀၀ ကို ပေးဆောင်စေရမည်။ ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း(Prospectus) တွင် သီးခြားဖော်ပြရန် လိုအပ်သည့်အချက်အလက်များ ၂၀၅။ (က) ကုမ္ပဏီကဖြစ်စေ၊ ကုမ္ပဏီ၏ကိုယ်စားလှယ်ကဖြစ်စေ သို့မဟုတ် ကုမ္ပဏီ ဖွဲ့စည်းခြင်းနှင့် ပတ်သက်သောသူကဖြစ်စေ၊ ယင်း၏ ကိုယ်စားကဖြစ်စေ ထုတ်ဝေသည့် ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) တစ်ရပ်ရပ်တွင် အောက်ပါတို့ကို ဖော်ပြရမည်( ၁ ) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပါ အကြောင်းအရာများ၊ မူလအစု ရှယ်ယာရှင်များ၏အမည်များ၊ ရှင်းလင်းဖော်ပြချက်များ၊ နိုင်ငံသားနှင့် နေရပ် လိပ်စာများ၊ ၎င်းတို့တစ်ဦးချင်းစီ ထည့်ဝင်ထားသည့် အစုရှယ်ယာ အရေအတွက်များ၊ ကုမ္ပဏီအား စတင်တည်ထောင်သူများပိုင်ဆိုင်သည့် အစုရှယ်ယာအရေအတွက်၊ ကုမ္ပဏီ၏ ဒါရိုက်တာများနှင့် အရာရှိများ ပိုင်ဆိုင်သည့် အစုရှယ်ယာ (management shares) အရေအတွက် သို့မဟုတ် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များကို ရပိုင်ခွင့် ရွှေ့ဆိုင်း ထားသော အစုရှယ်ယာ(Deferred shares) ရှိခဲ့လျှင် ယင်း၏ အရေအတွက်၊ ကုမ္ပဏီ၏ပစ္စည်းများနှင့် အကျိုးအမြတ်များတွင် ပိုင်ဆိုင်သူများ၏ အကျိုးခံစားခွင့် အခြေအနေနှင့် အတိုင်းအတာပမာဏ၊ ထုတ်ဝေရန်နေ့ရက် သတ်မှတ်ထားသည့် ပြန်လည်ရွေးနုတ်ယူနိုင်သော ဦးစားပေးအစုရှယ်ယာ အရေအတွက်နှင့် ထုတ်ဝေရန် သတ်မှတ်ထားသည့်နေ့ရက် သို့မဟုတ် အဆိုပါနေ့ရက်သတ်မှတ်ထားခြင်းမရှိပါက အကြောင်းကြားစာ ပေးပို့ရမည့်ကာလနှင့် ပြန်လည်ရွေးနုတ်ယူခြင်းအတွက် လိုက်နာ ဆောင်ရွက်ရမည့် နည်းလမ်းများ၊ (၂) ဒါရိုက်တာတစ်ဦးတွင် ရှိရမည့် သတ်မှတ်ချက်တစ်ရပ်အဖြစ် ကုမ္ပဏီ၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းတွင် သတ်မှတ်ထားရှိခဲ့ပါက အစုရှယ်ယာအရေအတွက်၊ ဒါရိုက်တာများ၏ အခကြေးငွေနှင့်စပ်လျဉ်း၍ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းတွင် ဖော်ပြပါရှိသည့် စည်းကမ်းချက်များ၊ ( ၃ ) ဒါရိုက်တာများ၊ အဆိုပြုထားသော ဒါရိုက်တာများ၊ အရာရှိများ သို့မဟုတ် အဆိုပြုထားသော အရာရှိများ၏အမည်များ၊ ရှင်းလင်းဖော်ပြချက်များ၊ နိုင်ငံသားနှင့် နေရပ်လိပ်စာများ၊ အရာရှိများအား ခန့်အပ်မှုနှင့် ၎င်းတို့အား ပေးချေရမည့် အခကြေးငွေများနှင့်စပ်လျဉ်း၍ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် သို့မဟုတ် ပဋိညာဉ်စာချုပ်တစ်ရပ်ရပ်တွင် ဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက်များနှင့် စည်းကမ်းချက်များ၊ ( ၄ ) ဒါရိုက်တာများက အစုရှယ်ယာများ ခွဲဝေသတ်မှတ်နိုင်ရန်အတွက် ထည့်ဝင်ရမည့် အနည်းဆုံးအစုရှယ်ယာပမာဏ၊ အစုရှယ်ယာတစ်ခုစီအတွက် လျှောက်ထားမှု၊ ခွဲဝေမှုများနှင့်စပ်လျဉ်း၍ ပေးချေရမည့် ငွေပမာဏ၊ ဒုတိယအကြိမ် သို့မဟုတ် ယင်းနောက်ပိုင်းတွင် အစုရှယ်ယာများ ကမ်းလှမ်းရောင်းချသည့် အခါလွန်ခဲ့သည့် နှစ်နှစ်အတွင်း ပြုလုပ်ခဲ့သော ခွဲဝေသတ်မှတ်မှုနှင့်စပ်လျဉ်း၍ ကမ်းလှမ်းသည့် အစုရှယ်ယာနှင့် ငွေကြေးပမာဏ၊ အမှန်တကယ် ခွဲဝေသတ်မှတ်ထားသည့် အစုရှယ်ယာပမာဏ၊ ထိုသို့ခွဲဝေသတ်မှတ်ထားသည့် အစုရှယ်ယာများနှင့်စပ်လျဉ်း၍ ပေးချေထားသည့် ငွေပမာဏ၊ ( ၅ ) လွန်ခဲ့သည့် နှစ်နှစ်အတွင်း ထုတ်ဝေခဲ့သည့် သို့မဟုတ် ထုတ်ဝေရန် သဘောတူ ထားသည့် ငွေသားဖြင့် သို့မဟုတ် အခြားနည်းလမ်းတစ်ရပ်ရပ်ဖြင့် အပြည့်အဝ သော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း ပေးချထားသည့် အစုရှယ်ယာများ၊ ဒီဘင်ချာများနှင့် အခြားငွေချေးသက်သေခံလက်မှတ်များ၏ အရေအတွက်နှင့် တန်ဖိုးပမာဏ၊ တစ်စိတ်တစ်ဒေသသာ ပေးချေထားသည့် ကိစ္စရပ်တွင် ထိုသို့ပေးထားသည့် ပမာဏအပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ဒေသကို ဖြစ်စေ ပေးချထားသည့် ကိစ္စရပ်တွင် ထုတ်ဝေထားသည့် သို့မဟုတ် ထုတ်ဝေရန် သဘောတူထားသည့် အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် ငွေချေးသက်သေခံလက်မှတ်များအတွက် အဖိုးစားနား သတ်မှတ်ချက်၊ ( ၆ ) အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် ငွေချေးသက်သေခံလက်မှတ် များအား ထုတ်ဝေခြင်းသည် အာမခံသူ (underwriter) ဖြင့် ဆောင်ရွက်ခြင်း ဖြစ်လျှင် ထိုအာမခံသူများ၏အမည်များ၊ အာမခံသူများသည် အာမခံထားသည့် တာဝန်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် လုံလောက်သည့် အခြေအနေရှိကြောင်း ဒါရိုက်တာများ၏ ထင်မြင်ယူဆချက်၊ ( ၇ ) ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) ဖြင့် ငွေကြေးထည့်ဝင်ရန် ကမ်းလှမ်းမှု အကျိုးအမြတ်မှ အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ ပေးချေထားသည့် ကုမ္ပဏီက ဝယ်ယူထားသော သို့မဟုတ် ရရှိထားသော၊ သို့မဟုတ် ဝယ်ယူရန် သို့မဟုတ် ရယူရန် အဆိုပြုထားသော ပစ္စည်းတစ်ရပ်ရပ်အား ရောင်းချ သူများ၏ အမည်များနှင့် နေရပ်လိပ်စာများ၊ ရောင်းချသူသို့ ထုတ်ပေးသည့် ငွေသားဖြင့် ပေးချေထားသည့် ပမာဏ၊ အစုရှယ်ယာများ၊ ဒီဘင်ချာများ သို့မဟုတ် ငွေချေးသက်သေခံလက်မှတ်များ၊ ရောင်းချသူတစ်ဦးထက်ပိုသည့် အခါတွင်ဖြစ်စေ၊ ကုမ္ပဏီသည် တစ်ဆင့်ခံဝယ်ယူသူဖြစ်သည့် အခါတွင်ဖြစ်စေ၊ ရောင်းချသူတစ်ဦးစီသို့ ပေးချထားသည့် ပမာဏ၊ သို့ရာတွင် ရောင်းချသူများ သို့မဟုတ် ရောင်းချသူတစ်ဦးဦးသည် လုပ်ငန်းစုတစ်ရပ်ဖြစ်ခဲ့လျှင် ထိုလုပ်ငန်းစုတွင် ပါဝင်သူများအား သီးခြားရောင်းချသူများအဖြစ် သတ်မှတ်ခြင်းမပြုရ၊ ( ၈ ) ပုဒ်မခွဲငယ် (၇) တွင် ဖော်ပြပါရှိသည့် ပစ္စည်းတစ်ရပ်ရပ်အား ကုမ္ပဏီ၏ အလားအလာ ညွှန်းတမ်း (Prospectus) ကို ထုတ်ဝေပြီးနောက် နှစ်နှစ်အတွင်း ရောင်းချခြင်းဖြင့် လွှဲပြောင်းသည့်အခါတွင် အဆိုပါ လွှဲပြောင်းမှုတစ်ရပ်စီ၌ ဝယ်ယူသူက ပေးချေသည့် ပမာဏ၊ အဆိုပါပစ္စည်းတစ်ရပ်ရပ်သည် စီးပွားရေးလုပ်ငန်းတစ်ရပ်ဖြစ်သည့် အခါတွင် ကုမ္ပဏီ၏အလားအလာညွှန်းတမ်း (Prospectus) ကို ထုတ်ဝေပြီးနောက် တစ်ဆက်တည်း သုံးနှစ်အတွင်း နှစ်အလိုက် အဆိုပါစီးပွားရေးလုပ်ငန်းမှ ရရှိသည့် အကျိုးအမြတ်များ၊ သို့မဟုတ် စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုမှာ သုံးနှစ် အောက်နည်းသည့် ကာလအတွက်သာရှိပါက လက်ရှိကာလ၏ နှစ်အလိုက် ရရှိသည့် အကျိုးအမြတ်များ၊ ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) နှင့်အတူ ပူးတွဲပါရှိရမည့် ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus)ကို ထုတ်ဝေသည့်နေ့မှ ရက်ပေါင်း ၉ဝ ထက် မများသည့် ကာလအတွင်း ပြုစုထားသော သက်ဆိုင်ရာစီးပွားရေးလုပ်ငန်း၏ လက်ကျန်ရှင်းတမ်း (balance sheet) တစ်စောင်၊ ( ၉ ) အထက်တွင် ဖော်ပြပါရှိသည့် ပစ္စည်းတစ်ရပ်ရပ်အတွက် ဝယ်ယူပေးချေသည့် ငွေအဖြစ် ပေးချေခဲ့သော သို့မဟုတ် ပေးချေမည်ဖြစ်သောငွေသား၊ အစုရှယ်ယာများ၊ ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေးသက်သေခံလက်မှတ်များရှိခဲ့လျှင် ယင်း၏ ပမာဏ ၊ ကုန်ရောင်းကုန်ဝယ် နာမည်ကောင်း ဂုဏ်သတင်း (Goodwill) အတွက် ပေးချေမည်ဖြစ်သော ပမာဏရှိခဲ့လျှင် ယင်းပမာဏ၊ (၁၀) ကုမ္ပဏီ၏ အစုရှယ်ယာ၊ ဒီဘင်ချာ သို့မဟုတ် အခြားငွေချေးသက်သေခံလက်မှတ် တစ်ရပ်ရပ်အတွက် ထည့်ဝင်ကြေးများကို ထည့်ဝင်ခြင်း သို့မဟုတ် ထည့်ဝင်ရန် သဘောတူညီခြင်းအတွက်ဖြစ်စေ၊ ဝယ်ယူခြင်း သို့မဟုတ် ဝယ်ယူရန် သဘောတူညီခြင်း အတွက်ဖြစ်စေ၊ ပေးချေရသည့် ကော်မရှင်ခအဖြစ်သော်လည်းကောင်း၊ ထုတ်ဝေ ထားသော အစုရှယ်ယာများနှင့်စပ်လျဉ်းသည့် လျှော့ငွေ (Discount) အဖြစ် သော်လည်းကောင်း၊ လွန်ခဲ့သည့် နှစ်နှစ်အတွင်း ပေးချေခဲ့လျှင် ယင်းပမာဏ သို့မဟုတ် ပေးချေရမည့် ပမာဏ၊ သို့ရာတွင် တစ်ဆင့်ခံ အာမခံသူများထံသို့ ပေးချေရမည့် ကော်မရှင်ခများကို ဖော်ပြရန်မလို၊ (၁၁) ကနဦးကုန်ကျစရိတ်ပမာဏ သို့မဟုတ် ကနဦးခန့်မှန်းကုန်ကျငွေ ပမာဏ၊ (၁၂) ကမကထပြုသူ (promoter) သို့ လွန်ခဲ့သည့် နှစ်နှစ်အတွင်း ပေးချေခဲ့သည့် ပမာဏ သို့မဟုတ် ပေးချေရန် သတ်မှတ်ထားသည့်ပမာဏ၊ ထိုသို့ပေးချေမှုတစ်ရပ်ရပ် အတွက် အဖိုးစားနားသတ်မှတ်ချက်၊ (၁၃) ပုဒ်မ ၇ နှင့်သက်ဆိုင်သော ပစ္စည်းများရရှိရေးနှင့်စပ်လျဉ်းသည့် ပဋိညာဉ်စာချုပ်များ အပါအဝင် အရေးကြီးသော ပဋိညာဉ်စာချုပ်အားလုံးကို ချုပ်ဆိုသည့် နေ့ရက်များ နှင့် ထိုစာချုပ်များတွင် ပါဝင်သူများ၊ အရေးကြီးသော ပဋိညာဉ်စာချုပ်များ သို့မဟုတ် ယင်းတို့၏ မိတ္တုများကို စစ်ဆေးကြည့်ရှုနိုင်မည့် အချိန်နှင့်နေရာ၊ သို့ရာတွင် ဤပြဋ္ဌာန်းချက်သည် ကုမ္ပဏီက ဆောင်ရွက်ခဲ့သည့် သို့မဟုတ် ဆောင်ရွက်ရန် ရည်ရွယ်ထားသည့် သာမန်ကိစ္စရပ်များအတွက် ချုပ်ဆိုထားသော ပဋိညာဉ်စာချုပ်တစ်ရပ်ရပ် သို့မဟုတ် ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) အား ထုတ်ဝေသည့် နေ့ရက်မတိုင်မီ နှစ်နှစ်ထက်ပိုသော ကာလအတွင်း ချုပ်ဆိုခဲ့သော ပဋိညာဉ်စာချုပ်တစ်ရပ်ရပ်နှင့် သက်ဆိုင်ခြင်း မရှိစေရ၊ (၁၄) ကုမ္ပဏီ၏ စာရင်းစစ်များ ရှိခဲ့ပါက ၎င်းတို့၏ အမည်များနှင့် နေရပ်လိပ်စာများ၊ (၁၅) ကုမ္ပဏီကို မြှင့်တင်ရာတွင်ဖြစ်စေ၊ ကုမ္ပဏီက ရယူရန် အဆိုပြုထားသော ပစ္စည်း တစ်ရပ်ရပ်တွင်ဖြစ်စေ ပါဝင်သော ဒါရိုက်တာအားလုံး၏ အကျိုးခံစားခွင့်ရှိခဲ့လျှင် ယင်းအခြေအနေနှင့် အတိုင်းအတာ ပမာဏတို့၏ ဖော်ပြချက်အပြည့်အစုံ သို့မဟုတ် အဆိုပါဒါရိုက်တာ၏ အကျိုးခံစားခွင့်သည် လုပ်ငန်းစုတစ်ခု၏ ဖက်စပ် လုပ်ကိုင်သူအဖြစ် ပါရှိခြင်းဖြစ်ခဲ့လျှင် အဆိုပါ လုပ်ငန်းစု၏ အကျိုးခံစားခွင့် အခြေအနေနှင့် အတိုင်းအတာပမာဏ၊ ပုဂ္ဂိုလ်တစ်ဦးဦးက ဒါရိုက်တာ ဖြစ်မည့်သူ သို့မဟုတ် ဒါရိုက်တာဖြစ်ရန် အရည်အချင်းပြည့်ဝသူသို့ဖြစ်စေ၊ ကုမ္ပဏီကိုမြှင့်တင်ခြင်း သို့မဟုတ် ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းတို့နှင့်စပ်လျဉ်း၍ ယင်းက သို့မဟုတ် လုပ်ငန်းစုက ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုများအတွက်ဖြစ်စေ၊ ၎င်းတို့ကို သော်လည်းကောင်း၊ လုပ်ငန်းစုကိုသော်လည်းကောင်း ငွေသားဖြင့်ဖြစ်စေ၊ အစုရှယ်ယာအားဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းတစ်ရပ်ရပ်ဖြင့်ဖြစ်စေ ပေးချေ ခဲ့သော သို့မဟုတ် ပေးချေရန် သဘောတူညီခဲ့သော ပမာဏ အားလုံးပါရှိသည့် ရှင်းလင်းဖော်ပြချက်၊ (၁၆) ကုမ္ပဏီသည် အစုရှယ်ယာအမျိုးအစား တစ်ရပ်ထက် ပိုမိုပါရှိပါက ကုမ္ပဏီ၏ အစည်းအဝေးများတွင် မဲပေးနိုင်သည့် အခွင့်အရေး၊ အစုရှယ်ယာ အမျိုးအစား အသီးသီးတွင် ဆက်စပ်ပါရှိသော မတည်ငွေရင်း နှင့် အမြတ်ဝေစုဆိုင်ရာ အခွင့်အရေးများနှင့် (၁၇) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ကုမ္ပဏီ၏ အစည်းအဝေးများသို့ တက်ရောက်ခွင့်၊ ဆွေးနွေးပြောဆိုခွင့် သို့မဟုတ် မဲပေးခွင့်များနှင့် စပ်လျဉ်းသည့် ကန့်သတ်ချက်များ၊ အစုရှယ်ယာလွှဲပြောင်းခွင့်နှင့် စပ်လျဉ်းသည့် ကန့်သတ်ချက်များ သို့မဟုတ် ဒါရိုက်တာများ၏ စီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ပိုင်ခွင့်များအပေါ် ကန့်သတ်ချက်များရှိခဲ့လျှင် ထိုကန့်သတ်ချက်များ၏ အခြေအနေနှင့် အတိုင်းအတာ ပမာဏ။ ( ခ ) ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း(Prospectus) ထုတ်ဝေခြင်းမပြုမီကပင် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီက ထုတ်ဝေသည့် ကုမ္ပဏီ၏အလားအလာ ညွှန်းတမ်း(Prospectus) ဖြစ်ခဲ့လျှင် ထိုကုမ္ပဏီ၏ အလားအညွှန်းတမ်း(Prospectus) ၌ ပုဒ်မခွဲ (က) တွင် ဖော်ပြပါရှိသော ကိစ္စရပ်များအပြင် အောက်ပါအစီရင်ခံစာများကိုလည်း ထည့်သွင်းဖော်ပြရမည် – (၁) လက်အောက်ခံကုမ္ပဏီများရှိခဲ့လျှင် ယင်းကုမ္ပဏီများအပါအဝင် ကုမ္ပဏီ၏ အကျိုးအမြတ်နှင့်စပ်လျဉ်း၍ ကုမ္ပဏီ၏အလားအလာညွှန်းတမ်း (Prospectus) အား ထုတ်ဝေသည့်နေ့မှ လွန်ခဲ့သောဘဏ္ဍာရေးနှစ် သုံးနှစ်အတွက် နှစ်အလိုက် ကုမ္ပဏီ၏ စာရင်းစစ်များက တင်ပြသည့် အစီရင်ခံစာ၊ ယင်းအစီရင်ခံစာတွင် အဆိုပါ သုံးနှစ် ကာလ၏ နှစ်စဉ်ကာလတွင် ကုမ္ပဏီ၏ အစုရှယ်ယာအမျိုးအစား တစ်ရပ်ချင်းအတွက် ကုမ္ပဏီက ပေးချေခဲ့သည့် အမြတ်ဝေစုနှုန်းထားများရှိခဲ့လျှင် ယင်းတို့ကို ဖော်ပြ ရမည့်အပြင် အမြတ်ဝေစုများ ခွဲဝေပေးခဲ့သည့် အစုရှယ်ယာ အမျိုးအစားတစ်ရပ်ချင်း၏ အကြောင်းအရာများ၊ အမြတ်ဝေစုခွဲဝေပေးခဲ့သည့် ငွေကြေးအရင်းအမြစ်များ၊ အဆိုပါနှစ်များတွင် အစုရှယ်ယာ အမျိုးအစားတစ်ရပ်ရပ်အပေါ် အမြတ်ဝေစုခွဲဝေ ပေးခြင်းမပြုခဲ့လျှင် ထိုကိစ္စရပ်များနှင့်သက်ဆိုင်သော အချက်အလက်၊ ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) ထုတ်ဝေခြင်း မပြုမီ သုံးလ အလိုတွင် ကုန်ဆုံးသော သုံးနှစ်ကာလ သက်တမ်းတစ်ရပ်အတွင်း ဘဏ္ဍာရေးစာရင်းပြု လုပ်ဆောင်ရွက်ထားခြင်းမရှိပါက အဆိုပါအချက်အလက် အကြောင်းအရာ များ နှင့် (၂)စီးပွားရေးလုပ်ငန်းတစ်ရပ်ရပ်ကို ဝယ်ယူဆောင်ရွက်ရာတွင် အစုရှယ်ယာများ၊ ဒီဘင်ချာများ၊ အခြားငွေချေးသက်သေခံလက်မှတ်များကို ထုတ်ဝေခြင်းမှ ရရှိသည့် အကျိုးအမြတ် သို့မဟုတ် ယင်း၏ တစ်စိတ်တစ်ဒေသအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ အသုံးပြုခဲ့လျှင် ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) တွင် အမည်စာရင်း ဖော်ပြပါရှိပြီး ပုဒ်မ ၂၇၉ တွင် သတ်မှတ် ထားသော အထောက်အထားလက်မှတ်ကို ရရှိထားသည့် စာရင်းကိုင်တစ်ဦးဦး သို့မဟုတ် စာရင်းကိုင်များက ကုမ္ပဏီ၏အလားအလာညွှန်းတမ်း (Prospectus) အား ထုတ်ဝေပြီးသည့်နေ့မတိုင်မီ ဘဏ္ဍာရေးနှစ် သုံးနှစ်အတွင်း နှစ်အလိုက် အဆိုပါ စီးပွားရေးလုပ်ငန်းမှရရှိသည့် အကျိုးအမြတ်များအပေါ် စစ်ဆေးပြုစု ထားသည့် အစီရင်ခံစာ၊ သို့ရာတွင် စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုမှာ သုံးနှစ်အောက်နည်းသည့် ကာလအတွက်သာရှိသည့် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီ၏ စာရင်းကိုင်များသည် နှစ်နှစ် သို့မဟုတ် ထိုထက်လျော့နည်းသော ကာလအတွက်သာလျှင် အစီရင်ခံစာ ပြုစု ရသည့်အခါ ဤပုဒ်မခွဲပါ ပြဋ္ဌာန်းချက်များသည် နှစ်နှစ် သို့မဟုတ် ထိုထက် လျော့နည်းသောကာလအတွက် ဖော်ပြထားသော ရည်ညွှန်းချက်များကို သုံးနှစ် ကာလအတွက် ဖော်ပြထားသော ရည်ညွှန်းချက်များအတွက် အစားထိုးဆောင်ရွက် သကဲ့သို့ အကျိုးသက်ရောက်စေရမည်။ (ဂ) သက်ဆိုင်ရာဥပဒေအရ ကုမ္ပဏီတစ်ခု၏ သို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ရပ်၏ အကျိုးအမြတ်များနှင့်စပ်လျဉ်း၍ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် (၈) တွင် ပါရှိသည့် ဖော်ပြချက်များ နှင့်ပုဒ်မခွဲ (ခ) တွင်ပါရှိသည့် အစီရင်ခံစာများတွင် ကုန်သွယ်လုပ်ကိုင်မှု ရလဒ်များ၊ ထိုသို့ ဆောင်ရွက်ရာတွင် ကုန်ကျသောအခကြေးငွေများနှင့်စရိတ်များအားလုံးတို့ကို ရှင်းလင်းစွာ ဖော်ပြပါရှိစေရမည်ဖြစ်ပြီး သက်ဆိုင်ရာကာလအတွင်း ကုန်သွယ်လုပ်ကိုင်မှု နှင့် စပ်လျဉ်းခြင်းမရှိသည့် ဝင်ငွေ သို့မဟုတ် အကျိုးအမြတ်များ၊ တစ်ကြိမ်သာရရှိသည့် အကျိုးအမြတ် သို့မဟုတ် ဝင်ငွေအမျိုးအစားများကို ဖော်ပြရန်မလို။ သို့ရာတွင် အခွန် ပေးဆောင်ခြင်း သို့မဟုတ် သီးသန့်ရန်ပုံငွေထားရှိခြင်းကိစ္စရပ်များအတွက် အကျိုးအမြတ် များမှ သင့်လျော်သည့် ငွေပမာဏကို ထည့်သွင်း ဖော်ပြရမည်။ (ဃ) ပုဒ်မ ၂၁၅၊ ပုဒ်မခွဲ (ခ) တွင် ဖော်ပြပါရှိသော ကိစ္စရပ်များအတွက် လိုအပ်သော ငွေပမာဏ၏ တစ်စိတ်တစ်ဒေသကို အစုရှယ်ယာမတည်ငွေရင်းမှအပ အခြားငွေကြေးအရင်းအမြစ် တစ်ရပ်မှပေးအပ်ရလျှင် ထိုသို့ပေးအပ်ရသည့် ငွေပမာဏနှင့် ငွေကြေးအရင်းအမြစ်တို့နှင့် စပ်လျဉ်းသည့် ဖော်ပြချက်များ ပါရှိရမည်။ (င) ဤပုဒ်မတွင် ဖော်ပြပါရှိသည့် ကုမ္ပဏီ၏အလားအလာညွှန်းတမ်း(Prospectus) တစ်ရပ်ရပ်ကို သတင်းစာတွင် ထည့်သွင်းကြေညာခဲ့လျှင် ထိုကြေညာချက်၌ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်း၏ အကြောင်းအရာများ၊ မူလအစုရှယ်ယာရှင်များ၊ ၎င်းတို့ထည့်ဝင်ထားသည့် အစုရှယ်ယာအရေအတွက်များကို ထည့်သွင်းဖော်ပြရန် လိုအပ်ခြင်း မရှိစေရ။ ( စ ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည်ကုမ္ပဏီတွင် လက်ရှိပါဝင်နေသူများ သို့မဟုတ် ကုမ္ပဏီ၏ ဒီဘင်ချာများကို ပိုင်ဆိုင်ထားသူများသို့ အခြားသူတစ်ဦးဦး၏ အကျိုးငှာ စွန့်လွှတ်ခွင့်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကုမ္ပဏီ၏ အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေးသက်သေခံ လက်မှတ်များအတွက် ငွေကြေး ထည့်ဝင်ရန် ဖိတ်ခေါ်သည့် ဖြန့်ဝေစာ သို့မဟုတ် အကြောင်းကြားစာများနှင့် သက်ဆိုင်ခြင်း မရှိစေရ။ (ဆ) ဤပုဒ်မတွင် ဖော်ပြပါရှိသည့် ကနဦးကုန်ကျစရိတ်ပမာဏ သို့မဟုတ် ခန့်မှန်းကုန်ကျစရိတ် ပမာဏနှင့်သက်ဆိုင်သည့် သတ်မှတ်ချက်များသည် ကုမ္ပဏီ စီးပွားရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခွင့်ရှိသည့်နေ့ရက်မှ တစ်နှစ်ထက် ပိုမိုသောကာလတွင် ထုတ်ဝေသော ကုမ္ပဏီ၏ အလားအလားညွှန်းတမ်းနှင့် သက်ဆိုင်ခြင်းမရှိစေရ။ သို့ရာတွင် ယင်း ပြဋ္ဌာန်းချက်များသည် ကနဦးကုန်ကျစရိတ်မာဏ သို့မဟုတ် ခန့်မှန်းကုန်ကျစရိတ် ပမာဏနှင့်သက်ဆိုင်သည့် သတ်မှတ်ချက်များမှအပ အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီမှ ပြောင်းလဲလာသော ကုမ္ပဏီ၏အလားအလာညွှန်းတမ်း (Prospectus) နှင့် သက်ဆိုင်စေရမည်။ ( ဇ ) ဤပုဒ်မတွင် ဖော်ပြပါရှိသော မည်သည့် ပြဋ္ဌာန်းချက်ကမျှ ယေဘုယျဥပဒေ သို့မဟုတ် ဤပုဒ်မမှအပ ဤဥပဒေပါ အခြားပြဋ္ဌာန်းချက် တစ်ရပ်ရပ်အရ ပုဂ္ဂိုလ်တစ်ဦးဦးက ဆောင်ရွက်ပေးရမည့် တာဝန်ရှိမှု တစ်ရပ်ရပ်ကို ကန့်သတ်ခြင်း သို့မဟုတ် လျော့နည်း စေခြင်း မရှိစေရ။ ငှားရမ်းခြင်းဖြင့် ရယူသည့်ပစ္စည်းများနှင့်စပ်လျဉ်းသည့် ကိစ္စရပ်တွင် ပုဒ်မ ၂၀၅ အား လိုက်နာ ဆောင်ရွက်ရခြင်း ၂၀၆။ ကုမ္ပဏီက ရယူမည့် ပစ္စည်းတစ်စုံတစ်ရာကို ငှားရမ်းခြင်းဖြင့် ရရှိရန် ဆောင်ရွက်မည်ဆိုလျှင် ပုဒ်မ ၂၀၅ ၏ ပြဋ္ဌာန်းချက်များပါ“ရောင်းချသူ” ဟူသည့်စကားရပ်တွင် အငှားချထားသူ (lessor) လည်းပါဝင်သည်၊ “ပေးချေရမည့်ငွေ” (purchase-money) ဟူသည့်စကားရပ်တွင် ငှားရမ်းခြင်းအတွက် အဖိုးစားနား (consideration) လည်း ပါဝင်သည်၊ “တစ်ဆင့်ဝယ်ယူသူ” ဟူသည့်စကားရပ်တွင် တစ်ဆင့် အငှားချထားခြင်းခံရသူ (sub-lessee) လည်း ပါဝင်သည်။ စွန့်လွှတ်မှု သို့မဟုတ် အကြောင်းကြားမှုများနှင့်စပ်လျဉ်းသည့် အချို့သောစည်းကမ်းချက်များမှာ တရားဝင် အတည်မဖြစ်ခြင်း ၂၀၇။ (က) အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေးသက်သေခံလက်မှတ် များအတွက် လျှောက်ထားသူ တစ်ဦးဦးအား ပုဒ်မ ၂၀၅ တွင် ပါရှိသည့် သတ်မှတ်ချက်ကို လိုက်နာဆောင်ရွက်ခြင်း မပြုစေရန်အတွက် သတ်မှတ်သည့် သို့မဟုတ် စည်းနှောင်မှု ရှိသည့် စည်းကမ်းချက်တစ်ရပ်ရပ် သို့မဟုတ် ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) တွင် သီးခြားဖော်ပြထားခြင်းမရှိသည့် ပဋိညာဉ်စာချုပ်တစ်ရပ်ရပ်၊ စာရွက် စာတမ်း သို့မဟုတ် အကြောင်းအရာတစ်ရပ်ရပ်နှင့်စပ်လျဉ်းသည်ဟု အကြောင်းကြား၍ ၎င်းအပေါ်တွင် သက်ရောက်စေရန်အတွက် ရည်ရွယ်သည့် စည်းကမ်းချက်တစ်ရပ်ရပ်သည် ပျက်ပြယ်သည်။ ( ခ) ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေး သက်သေခံလက်မှတ်များအတွက် လျှောက်လွှာပုံစံတစ်ရပ်ကို ထုတ်ဝေရာတွင် အဆိုပါ ပုံစံသည် ပုဒ်မ ၂၀၅ တွင် ဖော်ပြပါရှိသည့် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက် ထားသော ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) နှင့်အတူ ထုတ်ဝေ ထားခြင်းမရှိလျှင် ထိုလျှောက်လွှာ ပုံစံထုတ်ဝေမှုမှာ တရားဝင်ခြင်း မရှိစေရ။ သို့ရာတွင် လျှောက်လွှာပုံစံသည် အောက်ပါအခြေအနေများအရ ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရလျှင် ဤပုဒ်မခွဲပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိစေရ – (၁) အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများနှင့် စပ်လျဉ်း၍ အာမခံခြင်းဆိုင်ရာ သဘောတူစာချုပ်တစ်ရပ် (underwriting agreement) ချုပ်ဆိုရန်အတွက် ပုဂ္ဂိုလ်တစ်ဦးဦးအား သဘောရိုးဖြင့် ဖိတ်ခေါ်ခြင်းနှင့် သက်ဆိုင်ခဲ့လျှင်၊ သို့မဟုတ် (၂) အများပြည်သူသို့ ကမ်းလှမ်းရောင်းချခြင်း မပြုသည့် အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေးသက်သေခံလက်မှတ်များနှင့် သက်ဆိုင် ခဲ့လျှင်။ ၂၀၈။ မည်သူမဆို ပုဒ်မ ၂၀၇၊ ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်၍ ပြုမူဆောင်ရွက်လျှင် ဒဏ်ကြေးငွေ ကျပ်သိန်း ၁၀၀ ကို ပေးဆောင်ရမည်။ ပုဒ်မ ၂၀၅ ပါပြဋ္ဌာန်းချက်များကို ညီညွတ်ခြင်းမရှိသည့်ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အကြောင်းများ ၂၀၉။ ပုဒ်မ ၂၀၅ ပါပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသည့် ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) တစ်ရပ်အား ထုတ်ဝေခဲ့လျှင် ထိုကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) အား ထုတ်ဝေရာ၌ သိလျက်ဖြင့် တာဝန်ယူဆောင်ရွက်သူတစ်ဦးစီသည် ဒဏ်ကြေးငွေ ကျပ်သိန်း ၁၀၀ ကို ပေးဆောင်ရမည်။ ၂၁၀။ ပုဒ်မ ၂၀၅ တွင် ဖော်ပြပါရှိသည့် သတ်မှတ်ချက်တစ်ရပ်ရပ်နှင့် ညီညွတ်မှု မရှိလျှင် သို့မဟုတ် ဆန့်ကျင်၍ ဆောင်ရွက်ခြင်းပြုခဲ့လျှင် ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) အတွက် တာဝန်ရှိသော ဒါရိုက်တာ သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးဦးသည် အောက်ပါအခြေအနေများကို သက်သေ ထင်ရှား တင်ပြနိုင်လျှင် သတ်မှတ်ချက်များနှင့်ညီညွတ်မှုမရှိခြင်း သို့မဟုတ် ဆန့်ကျင်၍ ဆောင်ရွက်ခြင်းများ ပြုလုပ်သည့် အကြောင်းကြောင့် တာဝန်တစ်စုံတစ်ရာ မရှိစေရ – (က) ထုတ်ဖော်ပြောဆိုခြင်း မပြုသည့် ကိစ္စတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ၎င်းအနေဖြင့် အသိအမှတ်ပြု လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ သို့မဟုတ် ( ခ ) ဒါရိုက်တာ သို့မဟုတ် အခြား ပုဂ္ဂိုလ်တစ်ဦးဦးသည် သဘောရိုးဖြင့် မှားယွင်းခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာရသော စည်းကမ်းချက်အား မလိုက်နာခြင်း သို့မဟုတ် ဆန့်ကျင်၍ ဆောင်ရွက်ခြင်း၊ သို့မဟုတ် ( ဂ) တရားရုံး၏ ယူဆချက်တွင် လိုက်နာဆောင်ရွက်မှု မရှိခြင်း သို့မဟုတ် ဆန့်ကျင်၍ ဆောင်ရွက်ခြင်းသည် အရေးကြီးသောကိစ္စရပ်နှင့် မသက်ဆိုင်ကြောင်း သို့မဟုတ် အကြောင်းအရာများ အားလုံးကို ထည့်သွင်းစဉ်းစားပြီး ကင်းလွတ်ခွင့်ပြုသင့်ကြောင်း၊ တွေ့ရှိသည့်အခါတွင် ယင်းအတွက် အရေးယူဆောင်ရွက်ခြင်းမှ ကင်းလွတ်ခွင့်ပြုရမည်။ သို့ရာတွင် ပုဒ်မ ၂၀၅၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် (၁၆) တွင်ပါရှိသော သတ်မှတ်ချက် များအား လိုက်နာဆောင်ရွက်မှုမရှိခြင်း သို့မဟုတ် ဆန့်ကျင်၍ ဆောင်ရွက်ခြင်းပြုသည့် ကိစ္စရပ်တွင် ဒါရိုက်တာတစ်ဦးဦး သို့မဟုတ် အခြားသူတစ်ဦးဦးသည် ထုတ်ဖော် မပြောဆိုသည့်အချက်များကို သိရှိသည်ဟု သက်သေထင်ရှားမပေါ်ပေါက်လျှင် ဖော်ပြပါ လိုက်နာဆောင်ရွက်မှုမရှိခြင်း သို့မဟုတ် ဆန့်ကျင်၍ ဆောင်ရွက်ခြင်းပြုခြင်းများနှင့် စပ်လျဉ်း၍ တာဝန်တစ်စုံတစ်ရာ မရှိစေရ။ ကုမ္ပဏီ၏အလားအလာညွှန်းတမ်း (Prospectus) အား ထုတ်ဝေခြင်းမရှိသည့် ကုမ္ပဏီများ၏ တာဝန်များ ၂၁၁။ (က) ကုမ္ပဏီတစ်ခုသည် ယင်း၏ ဖွဲ့စည်းတည်ထောင်ခြင်းနှင့်စပ်လျဉ်း၍ ကုမ္ပဏီ၏ အလားအလာ ညွှန်းတမ်း (Prospectus) တစ်ခုကို ထုတ်ဝေခဲ့ခြင်းမရှိပါက အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေးသက်သေခံလက်မှတ်များကို ပထမ အကြိမ်ခွဲဝေ သတ်မှတ်ခြင်းမပြုမီတွင် ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အဆိုပြုထားသော ဒါရိုက်တာ အဖြစ် သို့မဟုတ် ၎င်း၏စာဖြင့်ရေးသား၍ အခွင့်အာဏာအပ်နှင်းခြင်းခံရသော ကိုယ်စားလှယ် အဖြစ် လက်မှတ်ရေးထိုးထားသည့် ကုမ္ပဏီ၏ အလားအလာညွှန်းတမ်းကို ပြုစုမည့်အစား ရေးသားဖော်ပြချက်တစ်စောင် (Statement in lieu of Prospectus) ကို ပြည်ထောင်စု ဝန်ကြီးမှ သတ်မှတ်ဖော်ပြထားသည့် ပုံစံနှင့်အချက်အလက်များအတိုင်း မှတ်ပုံတင် အရာရှိထံသို့ တင်ပြထားရမည်။ ယင်းသို့ တင်ပြထားခြင်းမရှိပါက ယင်းကုမ္ပဏီ၏ အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေး သက်သေခံ လက်မှတ်များကို ခွဲဝေသတ်မှတ်ခြင်းမပြုရ။ ( ခ ) ဤပုဒ်မသည် ဤဥပဒေ၏ အခြားပြဋ္ဌာန်းချက် တစ်စုံတစ်ရာကို ကန့်သတ်ခြင်းမရှိစေဘဲ အကျိုးသက်ရောက်စေရမည်။ အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေးသက်သေခံလက်မှတ်များကို ရောင်းချရန်အတွက် ကမ်းလှမ်းသည့် စာရွက်စာတမ်းများအား ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) အဖြစ် မှတ်ယူရခြင်း ၂၁၂။ (က) ဤအခန်းတွင် ဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက်များနှင့်သက်ဆိုင်သော ကုမ္ပဏီတစ်ခုသည် ယင်းကုမ္ပဏီ၏ အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေး သက်သေခံလက်မှတ်များအားလုံးဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ၊ အများပြည်သူသို့ ရောင်းချရန်အတွက် ကမ်းလှမ်းရန်ရည်ရွယ်ချက်ဖြင့် ကုမ္ပဏီ၏ အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေးသက်သေခံလက်မှတ်များကို ခွဲဝေ သတ်မှတ်လျှင် သို့မဟုတ် ခွဲဝေသတ်မှတ်ရန် သဘောတူညီခဲ့လျှင် အများပြည်သူသို့ ရောင်းချရန်အတွက် ကမ်းလှမ်းမှု ပြုလုပ်ခဲ့သည့် စာရွက်စာတမ်းတစ်ရပ်ရပ်ကို ကုမ္ပဏီက ထုတ်ဝေသော ကုမ္ပဏီ၏အလားအလာညွှန်းတမ်း (Prospectus) တစ်ရပ်အဖြစ် မှတ်ယူ ရမည်။ ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) ၏ အကြောင်းအရာများ၊ ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) တွင်ပါရှိသည့် ရေးသားဖော်ပြချက်များ၊ ပျက်ကွက်မှုများနှင့်စပ်လျဉ်းသည့် တာဝန်ရှိမှုများ၊ သို့မဟုတ် ကုမ္ပဏီ၏ အလားအလာ ညွှန်းတမ်း (Prospectus) နှင့်စပ်လျဉ်း၍ အခြားကိစ္စရပ်များအတွက် သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများအားလုံးကို လိုက်နာဆောင်ရွက်ရမည်ဖြစ်သည့်အပြင် အများ ပြည်သူသို့ ထည့်ဝင်ကြေးကမ်းလှမ်းသည့် အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ အဖြစ်လည်းကောင်း၊ အစုရှယ်ယာများ သို့မဟုတ် ငွေချေးလက်မှတ်များနှင့်စပ်လျဉ်းသည့် ကမ်းလှမ်းမှုကို လက်ခံသူများအား အဆိုပါအစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ အတွက် ငွေကြေးထည့်ဝင်သူများအဖြစ်လည်းကောင်း အကျိုးသက်ရောက်စေရမည်။ သို့ရာတွင် စာရွက်စာတမ်းတွင်ပါရှိသော မှားယွင်းဖော်ပြမှုများနှင့်စပ်လျဉ်း၍ဖြစ်စေ၊ ယင်းတွင်ပါရှိသော အခြားအကြောင်းအရာများအတွက်ဖြစ်စေ ကမ်းလှမ်းမှုပြုလုပ်ခဲ့သူ အားလုံး၏ တာဝန်ရှိမှုများကို ထိခိုက်စေခြင်းမရှိစေရ။ ( ခ ) ဤဥပဒေတွင် ဖော်ပြပါရှိသော ကိစ္စရပ်များအတွက် ဆန့်ကျင်ကွဲလွဲမှုမရှိလျှင် အောက်ပါ အကြောင်းအရာများ ပေါ်ပေါက်ကြောင်း တွေ့ရှိရပါက အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေးသက်သေခံလက်မှတ်များကို အများပြည်သူသို့ ရောင်းချရန်အတွက် ကမ်းလှမ်းရန်ရည်ရွယ်ချက်ဖြင့် ကုမ္ပဏီ၏ အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေးသက်သေခံလက်မှတ်များကို ခွဲဝေ သတ်မှတ်ခြင်း သို့မဟုတ် ခွဲဝေသတ်မှတ်ရန်အတွက် သဘောတူညီခြင်းကို ပြုလုပ် ခဲ့ကြောင်း သက်သေထင်ရှားဖြစ်စေရမည် – (၁) အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေး သက်သေခံ လက်မှတ်များ သို့မဟုတ် ယင်းတို့အနက် တစ်ရပ်ရပ်ကို အများပြည်သူသို့ ရောင်းချရန်အတွက် ကမ်းလှမ်းမှုတစ်ရပ်အား ခွဲဝေသတ်မှတ်ခြင်း သို့မဟုတ် ခွဲဝေသတ်မှတ်ရန် သဘောတူခြင်းကို ပြုလုပ်ဆောင်ရွက်ပြီးနောက် ခြောက်လအတွင်း ကမ်းလှမ်းခဲ့ခြင်း သို့မဟုတ် (၂) ကမ်းလှမ်းမှုအား ပြုလုပ်သည့်နေ့ရက်တွင် အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေးသက်သေခံလက်မှတ်များအတွက် ကုမ္ပဏီက ရရှိမည့် အဖိုးစားနားအားလုံးကို မရရှိသေးခြင်း။ (ဂ ) ကမ်းလှမ်းမှုကိုပြုလုပ်ခဲ့သူတစ်ဦးဦး သို့မဟုတ် အားလုံးသည် ကုမ္ပဏီ၏ အလားအလာ ညွှန်းတမ်း (Prospectus) တွင် ဒါရိုက်တာများအဖြစ် အမည်စာရင်း ဖော်ပြထားသူများ ဖြစ်သကဲ့သို့ ပုဒ်မ ၂၀၉ နှင့် ၂၁၀ တို့ပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေရမည်။ ပုဒ်မ ၂၀၅ ပါပြဋ္ဌာန်းချက်များသည် ကုမ္ပဏီ၏အလားအလာ ညွှန်းတမ်း (Prospectus) တွင် ဖော်ပြပါရှိရမည့် ယင်းပုဒ်မပါအကြောင်းအရာများအပြင် အောက်ပါတို့ကိုလည်း ထည့်သွင်း ဖော်ပြရန် လိုအပ်သည်ဟု သက်ရောက်စေရမည် – (၁) ကမ်းလှမ်းမှုနှင့်သက်ဆိုင်သည့်အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေး သက်သေခံလက်မှတ်များအတွက် ရရှိသော သို့မဟုတ် ရရှိမည် ဖြစ်သော အသားတင် အဖိုးစားနားပမာဏနှင့် (၂) အဆိုပါ အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေး သက်သေခံလက်မှတ်များအား ခွဲဝေသတ်မှတ်ထားသော သို့မဟုတ် ခွဲဝေသတ်မှတ်ရန် အတွက် ဆောင်ရွက်ထားသော ပဋိညာဉ်စာချုပ်အား စစ်ဆေးနိုင်မည့်နေရာနှင့်အချိန်။ (ဃ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်နှင့် သက်ဆိုင်သော ကမ်းလှမ်းမှုတစ်ရပ်ကို ပြုလုပ်သူသည် ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းစုတစ်ရပ်ရပ်ဖြစ်ခဲ့ပါက အထက်ဖော်ပြပါ စာရွက်စာတမ်းအား ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းစု၏ ကိုယ်စား ကုမ္ပဏီ၏ ဒါရိုက်တာအားလုံးကဖြစ်စေ၊ တစ်ဝက်အောက် မနည်းသော ဖက်စပ်လုပ်ကိုင်သူများကဖြစ်စေ လက်မှတ်ရေးထိုးခဲ့လျှင် ယင်းကမ်းလှမ်းမှုသည် ပြည့်စုံမှုရှိပြီး အဆိုပါဒါရိုက်တာတစ်ဦးဦး သို့မဟုတ် ဖက်စပ်လုပ် ကိုင်သူတစ်ဦးဦးသည် စာဖြင့်ရေးသား၍ အခွင့်အာဏာအပ်နှင်းထားသော ၎င်း၏ ကိုယ်စားလှယ်ဖြင့် လက်မှတ်ရေးထိုးဆောင်ရွက်နိုင်သည်။ ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) သို့မဟုတ် ယင်းအစား ပြုလုပ်သည့် ရေးသား ဖော်ပြချက်တွင် ပါရှိသောစည်းကမ်းချက်များကို ပြောင်းလဲပြင်ဆင်ခြင်းနှင့်စပ်လျဉ်းသည့် ကန့်သတ်ချက် ၂၁၃။ ကုမ္ပဏီတစ်ခုသည် အထွေထွေအစည်းအဝေးတွင်ပြုလုပ်သော အတည်ပြု ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ခြင်းမှတစ်ပါး မည်သည့်အချိန်တွင်မဆို ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) သို့မဟုတ် ယင်းအစား ပြုလုပ်သည့် ရေးသားဖော်ပြချက်တွင် ပါရှိသော ပဋိညာဉ်စည်းကမ်းချက် များကို ပြောင်းလဲခြင်း မပြုလုပ်ရ။ ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) တွင်ပါရှိသော ဖော်ပြချက်များအတွက် တာဝန်ရှိခြင်း ၂၁၄။ (က) ကုမ္ပဏီ၏အလားအလာညွှန်းတမ်း (Prospectus) သည် ကုမ္ပဏီ၏ အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေးသက်သေခံလက်မှတ်များအတွက် ငွေကြေးထည့်ဝင်ရန် ပုဂ္ဂိုလ်တစ်ဦးဦးအား ဖိတ်ခေါ်ထားခဲ့လျှင် ကုမ္ပဏီ၏ အလားအလာ ညွှန်းတမ်း (Prospectus) ကို ထုတ်ဝေသည့်အချိန်က ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်သူများ အားလုံး၊ ၎င်းတို့၏ ကိုယ်စား အခွင့်အာဏာအပ်နှင်းခြင်းခံရသူများအားလုံး၊ ကုမ္ပဏီ၏ အလားအညွှန်းတမ်း (Prospectus) တွင် ဒါရိုက်တာအားလုံး၊ ချက်ချင်းသော်လည်းကောင်း၊ အချိန်ကာလတစ်ရပ်တွင် သော်လည်းကောင်း ဒါရိုက်တာတစ်ဦးအဖြစ် ထားရှိရန် သဘောတူညီပြီးဖြစ်သော ပုဂ္ဂိုလ်များအားလုံး၊ ကမကထပြုသူများအားလုံးနှင့် ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) ကို ထုတ်ဝေရန် အခွင့်အာဏာ အပ်နှင်းခြင်း ခံရသူများအားလုံးသည် အောက်ပါအကြောင်းများပေါ်ပေါက်ခြင်း မရှိခဲ့လျှင်ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) အပေါ် ယုံကြည်၍ အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေးသက်သေခံလက်မှတ်များအတွက် ငွေကြေး ထည့်ဝင်သူများအားလုံးသို့ အဆိုပါကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus)တွင် ဖြစ်စေ၊ ၎င်းတွင်ပါရှိသည့် အစီရင်ခံစာ သို့မဟုတ် မှတ်တမ်းတစ်ရပ်ရပ်တွင်ဖြစ်စေ၊ ၎င်းတွင်ပါရှိသော သို့မဟုတ် ၎င်းနှင့်အတူ ဖော်ပြထားသော ရည်ညွှန်းချက်များတွင် ဖြစ်စေ မှားယွင်းတင်ပြထားသည့် သို့မဟုတ် မှန်ကန်မှုမရှိသည့် ရေးသားဖော်ပြချက်များကြောင့် ငွေကြေးထည့်ဝင်ကြသူများအပေါ် ဖြစ်ပေါ်လာသည့်ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှုများ အတွက် လျော်ကြေးပေးရန် တာဝန်ရှိသည် –

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။