၄၀၁။ (က) ယခင်ကဖြစ်စေ၊ ယခုဖြစ်စေ တာဝန်ထမ်းဆောင်ခဲ့သော ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိများသည် စွပ်စွဲခံရသည့် ပြစ်မှုအား ကျူးလွန်သည့်အချိန်၌ တရားရုံးကဖြစ်စေ၊ တရားရုံး၏ ကြီးကြပ်မှုဖြင့်ဖြစ်စေ ကုမ္ပဏီဖျက်သိမ်းသည့် ကိစ္စရပ်တွင်လည်းကောင်း၊ ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းသည့်ကိစ္စရပ်တွင်လည်းကောင်း သို့မဟုတ် စွပ်စွဲခံရသည့် ပြစ်မှုအား ကျူးလွန်ပြီးနောက် ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းရန်အတွက် တရားရုံးက အမိန့်ချမှတ်သည့်အခါ သို့မဟုတ် ကုမ္ပဏီ၏ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်သည့်အခါတွင် လည်းကောင်း – (၁ ) ကုမ္ပဏီ၏စီးပွားရေးလုပ်ငန်းများကို သာမန်နည်းလမ်းဖြင့် ဆောင်ရွက်ခြင်းမှတစ်ပါး ကုမ္ပဏီ၏ အမှန်တည်ရှိနေသောပစ္စည်းများ၊ တစ်ဦးချင်းနှင့်ဆိုင်သောပစ္စည်းများ အားလုံးကိုလည်းကောင်း၊ ယင်းတို့၏ တစ်စိတ်တစ်ဒေသကို မည်သို့၊ မည်သူ့ထံသို့၊ မည်သည့် အဖိုးစားနားဖြင့်၊ မည်သည့်အချိန်တွင် စီမံဆောင်ရွက်ခဲ့သည်ကိုလည်းကောင်း စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံသို့ ပြည့်စုံမှန်ကန်စွာ မိမိတို့သိရှိကြသည့် အလျောက် တင်ပြခဲ့ခြင်းမပြုလျှင် သို့မဟုတ် (၂) ဥပဒေအရ တင်ပြအပ်နှံရမည့်ဖြစ်သော ပုဂ္ဂိုလ်တစ်ဦးဦးသည် ၎င်း၏ထိန်းသိမ်းမှု သို့မဟုတ် ကြီးကြပ်မှုအောက်ရှိ ကုမ္ပဏီ၏ အမှန်တည်ရှိနေသောပစ္စည်းများ၊ တစ်ဦးချင်းနှင့်ဆိုင်သော ပစ္စည်းများအားလုံးကို စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိထံသို့ဖြစ်စေ၊ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက ညွှန်ကြားသည့်အတိုင်း ဖြစ်စေ တင်ပြအပ်နှံမှုမပြုလျှင် သို့မဟုတ် ( ၃ ) ဥပဒေအရတင်ပြအပ်နှံရမည်ဖြစ်သော ပုဂ္ဂိုလ်တစ်ဦးဦးသည် ၎င်း၏ ထိန်းသိမ်းမှု သို့မဟုတ် ကြီးကြပ်မှုအောက်ရှိ ကုမ္ပဏီနှင့်သက်ဆိုင်သော စာရင်းစာအုပ်များနှင့် စာရွက်စာတမ်းများအားလုံးကို စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံသို့ဖြစ်စေ၊ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက ညွှန်ကြားသည့်အတိုင်းဖြစ်စေ တင်ပြအပ်နှံမှု မပြုလျှင် သို့မဟုတ် ( ၄ ) ကုမ္ပဏီဖျက်သိမ်းမှုစတင်သည့်နေ့မတိုင်မီ ၁၂ လအတွင်း သို့မဟုတ် ယင်းနောက် မည်သည့်အချိန်တွင်မဆို ကုမ္ပဏီ၏ ပစ္စည်းတစ်ရပ်ရပ်ကို ဝှက်သိမ်းထားလျှင် သို့မဟုတ် ကုမ္ပဏီသို့ဖြစ်စေ၊ ကုမ္ပဏီထံမှဖြစ်စေ ပေးရန်ရှိသည့် ကြွေးတစ်ရပ်ရပ်ကို ဝှက်သိမ်းထားလျှင် သို့မဟုတ် ( ၅ ) ကုမ္ပဏီဖျက်သိမ်းမှုစတင်သည့်နေ့မတိုင်မီ ၁၂ လအတွင်း သို့မဟုတ် ယင်းနောက် မည်သည့်အချိန်တွင်မဆို ကုမ္ပဏီ၏ပစ္စည်းတစ်ရပ်ရပ်ကို လိမ်လည်လှည့်ဖြား လိုသောသဘောဖြင့် ဖယ်ရှားထားလျှင် သို့မဟုတ် ( ၆ ) ကုမ္ပဏီ၏ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ရေးသားဖော်ပြချက်တစ်ရပ်ရပ်တွင် အရေးကြီးသည့် အကြောင်းအရာများကို ချန်လှပ်ထားလျှင် သို့မဟုတ် ( ၇ ) ကုမ္ပဏီဖျက်သိမ်းသည့်အခါ တစ်ဦးတစ်ယောက်က မှားယွင်းသည့်ကြွေးမြီကို တင်ပြလာကြောင်း သိရှိ သို့မဟုတ် ယုံကြည်ပြီး ထိုအကြောင်းအရာအား စာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိထံသို့ တစ်လအတွင်းတင်ပြရန် ပျက်ကွက်ခဲ့လျှင် သို့မဟုတ် ( ၈ ) ကုမ္ပဏီဖျက်သိမ်းမှုစတင်ပြီးနောက် ကုမ္ပဏီ၏ပစ္စည်းများ သို့မဟုတ် ကုမ္ပဏီ၏ ကိစ္စရပ်များနှင့်သက်ဆိုင်သော စာရင်းစာအုပ် သို့မဟုတ် စာရွက်စာတမ်းများကို ပြုစုတင်ပြရန် တားမြစ်ထားလျှင် သို့မဟုတ် ( ၉ ) ကုမ္ပဏီဖျက်သိမ်းမှုစတင်သည့်နေ့ မတိုင်မီ ၁၂ လအတွင်း သို့မဟုတ် ယင်းနောက် မည်သည့်အချိန်တွင်မဆို ကုမ္ပဏီ၏ပစ္စည်းများ သို့မဟုတ် ကုမ္ပဏီ၏ကိစ္စရပ်များနှင့် သက်ဆိုင်သော စာရင်းစာအုပ် သို့မဟုတ် စာရွက်စာတမ်းများကို ဝှက်သိမ်းထားခြင်း၊ ဖျက်ဆီးခြင်း၊ ပုံသဏ္ဍာန်ပျက်ယွင်းစေခြင်း၊ လိမ်လည်အတုပြုခြင်းများ ပြုလုပ်လျှင် သို့မဟုတ် ထိုသို့ပြုလုပ်သည်ကို ခွင့်ပြုလျှင် သို့မဟုတ် (၁၀) ကုမ္ပဏီဖျက်သိမ်းမှု စတင်သည့်နေ့မတိုင်မီ ၁၂ လအတွင်း သို့မဟုတ် ယင်းနောက် မည်သည့်အချိန်တွင်မဆို ကုမ္ပဏီ၏ပစ္စည်းများ သို့မဟုတ် ကုမ္ပဏီ၏ကိစ္စရပ်များနှင့် သက်ဆိုင်သောစာရင်းစာအုပ် သို့မဟုတ် စာရွက်စာတမ်းများတွင် မှားယွင်းရေးသွင်းမှု များကိုပြုလုပ်လျှင် သို့မဟုတ် ထိုသို့ပြုလုပ်သည်ကို ခွင့်ပြုလျှင် သို့မဟုတ် (၁၁) ကုမ္ပဏီဖျက်သိမ်းမှုစတင်သည့်နေ့မတိုင်မီ ၁၂ လအတွင်း သို့မဟုတ် ယင်းနောက် မည်သည့်အချိန်တွင်မဆို ကုမ္ပဏီ၏ပစ္စည်းများ သို့မဟုတ် ကုမ္ပဏီ၏ကိစ္စရပ်များနှင့် သက်ဆိုင်သော စာရွက်စာတမ်းများတွင် လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့် တစ်စိတ်တစ်ဒေသအား ပြောင်းလဲပြင်ဆင်လျှင် သို့မဟုတ် ချန်လှပ်ထားခဲ့လျှင် သို့မဟုတ် ထိုသို့ပြုလုပ်ရန် ခွင့်ပြုခဲ့လျှင် သို့မဟုတ် ၊ (၁၂) ကုမ္ပဏီဖျက်သိမ်းမှုစတင်ပြီးနောက် သို့မဟုတ် ကုမ္ပဏီဖျက်သိမ်းမှု စတင်သည့်နေ့ မတိုင်မီ ၁၂ လအတွင်း ကုမ္ပဏီ၏မြီရှင်များအစည်းအဝေး၌ ကုမ္ပဏီ၏ပစ္စည်း တစ်ရပ်ရပ်ကို အစစ်အမှန်မဟုတ်သော ဆုံးရှုံးမှုများ သို့မဟုတ် အသုံးစရိတ်များဖြင့် စာရင်းပြုစုရန် ကြိုးစားလျှင် သို့မဟုတ် (၁၃) ကုမ္ပဏီဖျက်သိမ်းမှု စတင်သည့်နေ့မတိုင်မီ ၁၂ လအတွင်း သို့မဟုတ် ယင်းနောက် မည်သည့်အချိန်တွင်မဆို မှားယွင်းတင်ပြ၍ဖြစ်စေ၊ အခြားနည်း လိမ်လည်၍ဖြစ်စေ၊ ကုမ္ပဏီအတွက်သော်လည်းကောင်း၊ ကုမ္ပဏီ၏ ကိုယ်စားသော်လည်းကောင်း ကုမ္ပဏီက နောင်တွင်ပေးချေမည်မဟုတ်သည့် အကြွေးဖြင့် ပစ္စည်းတစ်ရပ်ရပ်ကို ရယူခဲ့လျှင် သို့မဟုတ် (၁၄) ကုမ္ပဏီဖျက်သိမ်းမှု စတင်သည့်နေ့မတိုင်မီ ၁၂ လအတွင်း သို့မဟုတ် ယင်းနောက် မည်သည့်အချိန်တွင်မဆို ကုမ္ပဏီသည် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက် နေကြောင်း မှားယွင်းဖော်ပြ၍ ကုမ္ပဏီအတွက်သော်လည်းကောင်း၊ ကုမ္ပဏီ၏ကိုယ်စား သော်လည်းကောင်း ကြွေးမြီဖြင့် ကုမ္ပဏီက နောင်တွင်ပေးချေမည်မဟုတ်သည့် ပစ္စည်းတစ်ရပ်ရပ်ကိုရယူလျှင် သို့မဟုတ် (၁၅) ထိုသို့ပြု လုပ်ဆောင်ရွက်ခြင်းသည် ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းကို သာမန် နည်းလမ်းဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုလျှင်မှတစ်ပါး၊ ကုမ္ပဏီဖျက်သိမ်းမှု စတင်သည့်နေ့မတိုင်မီ ၁၂ လအတွင်း သို့မဟုတ် ယင်းနောက် မည်သည့်အချိန်တွင်မဆို ကြွေးမြီဖြင့်ရယူထားပြီး ငွေပေးချေခြင်းမပြုရသေးသည့် ကုမ္ပဏီ၏ပစ္စည်း တစ်ရပ်ရပ်ကို ငွေကြေးဖြင့်အလဲအလှယ်ပြုလုပ်လျှင်၊ ပေါင်နှံလျှင် သို့မဟုတ် စီမံ ဆောင်ရွက်လျှင် သို့မဟုတ် (၁၆) ကုမ္ပဏီ၏ကိစ္စရပ်များအတွက်လည်းကောင်း၊ ကုမ္ပဏီကို ဖျက်သိမ်းရန်အတွက် လည်းကောင်း ကုမ္ပဏီ၏ မြီရှင်များ သို့မဟုတ် ၎င်းတို့တစ်ဦးဦးထံမှ သဘော တူညီချက်ရယူရန်အတွက် မှားယွင်းတင်ပြမှု သို့မဟုတ် အခြားလိမ်လည်မှု တစ်ရပ်ရပ်အရအပြစ်ရှိလျှင် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁၃)၊ (၁၄)၊ နှင့် (၁၅) တို့တွင် အသီးသီးဖော်ပြထားသောပြစ်မှုများအား ကျူးလွန်သူသည် ငါးနှစ်ထက်မပိုသော ထောင်ဒဏ်တစ်ရပ်ရပ်ကိုကျခံရမည်ဖြစ်ပြီး အခြားပြစ်မှုများကို ကျူးလွန်သူသည် နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်တစ်ရပ်ရပ်ကို ကျခံရမည်။ သို့ရာတွင် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂)၊ (၃)၊ (၄)၊ (၆)၊ (၁၄) နှင့် (၁၅) တို့အရ စွဲချက်တင်ခံရသော တရားခံသည် ၎င်းအနေဖြင့် လိမ်လည်ရန်ကြံရွယ်ခဲ့ခြင်းမရှိကြောင်း ကောင်းစွာ သက်သေထင်ရှားပြသ၍ ခုခံကာကွယ်နိုင်သည့်အပြင် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁)၊ (၈)၊ (၉) နှင့် (၁ဝ) တို့အရ စွဲချက်တင်ခံရသော တရားခံသည် ကုမ္ပဏီ၏ကိစ္စရပ်များကို ကွယ်ဝှက်ရန် သို့မဟုတ် ဥပဒေအားချိုးဖောက်ရန် ကြံရွယ်ခဲ့ခြင်းမရှိကြောင်း ကောင်းစွာသက်သေထင်ရှားပြသ၍ ခုခံကာကွယ်နိုင်သည်။ ( ခ ) ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် (၁၅) အရ ပြစ်မှုတစ်ရပ် ဖြစ်ပေါ်စေနိုင်သည့်အခြေအနေတွင် တစ်ဦးတစ်ယောက်သည် ပစ္စည်းတစ်ရပ်ရပ်ကို ငွေကြေးဖြင့်အလဲအလှယ်ပြုလုပ်ခြင်း၊ ပေါင်နှံခြင်း သို့မဟုတ် စီမံဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ပါက ထိုသို့သောအခြေအနေတွင် ငွေကြေးဖြင့်အလဲအလှယ်ပြုလုပ်သည့်၊ ပေါင်နှံသည့် သို့မဟုတ် စီမံဆောင်ရွက်သည့် ပစ္စည်းကို သိလျက်ဖြင့်ပြုလုပ်ခဲ့လျှင် သို့မဟုတ် လက်ခံခဲ့လျှင် ထိုသူသည် သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ကိုကျခံရမည်။ မြီရှင်များ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများ၏ သဘောဆန္ဒကိုစိစစ်ရန် အစည်းအဝေးများကျင်းပရခြင်း ၄၀၂။ (က) ဤဥပဒေအရ တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းခြင်းနှင့်စပ်လျဉ်း၍ သက်သေထင်ရှား ပြသနိုင်သော မြီရှင်များနှင့် ကြွေးမြီ ပေးဆပ်ရသူများ၏ သဘောဆန္ဒကို ထည့်သွင်း သုံးသပ်ရန် အခွင့်အာဏာအပ်နှင်းထားရာ ၎င်းတို့၏ သဘောဆန္ဒများကို စိစစ်ရန်အတွက် တရားရုံးသည် သင့်သည်ထင်မြင်သည့်အတိုင်း မြီရှင်များနှင့် ကြွေးမြီပေးဆပ်ရသူများ၏ အစည်းအဝေးများကို တရားရုံးက ညွှန်ကြားသည့် နည်းလမ်းများဖြင့် ခေါ်ယူကျင်းပ ဆောင်ရွက်ရန် ညွှန်ကြားနိုင်သည့်အပြင် အဆိုပါ အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ရန်နှင့် ထိုအစည်းအဝေးမှ ရလဒ်များကို တရားရုံးသို့ တင်ပြစေရန် ပုဂ္ဂိုလ် တစ်ဦးဦးကို ခန့်အပ်နိုင်သည်။ ( ခ ) မြီရှင်များနှင့်သက်ဆိုင်သည့်ကိစ္စရပ်တွင် မြီရှင်တစ်ဦးချင်းစီ၏ ကြွေးမြီတန်ဖိုးကို ထည့်သွင်း သုံးသပ်ရမည်။ ( ဂ) ကြွေးမြီပေးဆပ်ရသူများနှင့် သက်ဆိုင်သည့်ကိစ္စရပ်တွင် ဤဥပဒေ၊ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်း သို့မဟုတ် ယင်းတို့၏ အစုရှယ်ယာဆိုင်ရာ စည်းကမ်းချက်များအရ ကြွေးမြီ ပေးဆပ်ရသူတစ်ဦးချင်းစီအပေါ် ခွင့်ပြုထားသည့် မဲပေးနိုင်သည့်အရေအတွက်ကို ထည့်သွင်း သုံးသပ်ရမည်။ ကုမ္ပဏီ၏ စာရွက်စာတမ်းများကို သက်သေခံအဖြစ် လက်ခံရခြင်း ၄၀၃။ ကုမ္ပဏီတစ်ခုခုကို ဖျက်သိမ်းသည့်အခါ ကုမ္ပဏီနှင့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိတို့၏ စာရွက်စာတမ်းများကို ကုမ္ပဏီကြွေးမြီပေးဆပ်ရသူများအကြား သက်ဆိုင်သည့်ကိစ္စရပ်၌ အဆိုပါ စာရွက်စာတမ်းများတွင် မှတ်တမ်းတင်ထားသည့် ကိစ္စရပ်များအားလုံးသည် မှန်ကန်၍ ခိုင်လုံသည့် သက်သေခံချက်များ ဖြစ်စေရမည်။ စာရွက်စာတမ်းများကို စစ်ဆေးခြင်း ၄၀၄။ တရားရုံးကဖြစ်စေ၊ တရားရုံး၏ ကြီးကြပ်မှုဖြင့်ဖြစ်စေ ကုမ္ပဏီဖျက်သိမ်းရန်အတွက် အမိန့်တစ်ရပ် ချမှတ်ပြီးသည့်အခါ တရားရုံးသည် ၎င်းသင့်သည်ထင်မြင်သည့်အတိုင်း ကုမ္ပဏီ၏စာရွက်စာတမ်း များကို ကုမ္ပဏီ၏ မြီရှင်များနှင့် ကြွေးမြီပေးဆပ်ရသူများက စစ်ဆေးနိုင်ရန်အတွက် အမိန့်တစ်ရပ် ချမှတ် နိုင်သည်။ ကုမ္ပဏီ၏ လက်ဝယ်တွင်ရှိသော မည်သည့်စာရွက်စာတမ်းကိုမဆို မြီရှင်များ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများက အဆိုပါအမိန့်အရ စစ်ဆေးနိုင်သည်။ သို့သော် ထပ်မံ၍သော်လည်းကောင်း၊ အခြားနည်းဖြင့်သော်လည်းကောင်း စစ်ဆေးခြင်းမပြုရ။ ကုမ္ပဏီ၏ စာရွက်စာတမ်းများကို ရှင်းလင်းဆောင်ရွက်ခြင်း ၄၀၅။ (က) ကုမ္ပဏီတစ်ခုကို စာရင်းရှင်းလင်းပြီး ဖျက်သိမ်းမည့်အခါ ကုမ္ပဏီနှင့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိတို့၏ စာရွက်စာတမ်းများကို အောက်ပါအတိုင်း စီမံခန့်ခွဲဆောင် ရွက်နိုင်သည် – (၁) တရားရုံးကဖြစ်စေ၊ တရားရုံး၏ ကြီးကြပ်မှုဖြင့်ဖြစ်စေ ကုမ္ပဏီဖျက်သိမ်းသည့် ကိစ္စရပ်တွင် တရားရုံးကညွှန်ကြားသည့်နည်းလမ်းများအတိုင်း ဆောင်ရွက်ရမည် သို့မဟုတ် (၂) ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းသည့်ကိစ္စရပ်တွင် အထူးဆုံးဖြတ်ချက်ဖြင့် ကုမ္ပဏီကညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ရမည်။ ( ခ ) ကုမ္ပဏီဖျက်သိမ်းသည်မှ သုံးနှစ်ကြာပြီးနောက်တွင် စာရွက်စာတမ်းများနှင့် သက်ဆိုင်သူက အဆိုပါစာရွက်စာတမ်းများ မရရှိသည်ဆိုသောအကြောင်းကြောင့် မည်သည့်တာဝန်ရှိမှုမျှ ကုမ္ပဏီအပေါ်တွင်လည်းကောင်း၊ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများ အပေါ်တွင် လည်းကောင်း သို့မဟုတ် စာရွက်စာတမ်းများအား ထိန်းသိမ်းထားရသူတစ်ဦးဦးအပေါ်တွင် လည်းကောင်းမရှိစေရ။ ကုမ္ပဏီဖျက်သိမ်းမှု ပျက်ပြယ်ကြောင်းကြေညာနိုင်သည့် တရားရုံး၏အခွင့်အာဏာ ၄၀၆။ ကုမ္ပဏီတစ်ခုကိုဖျက်သိမ်းပြီးသည့်အခါ ထိုသို့ဖျက်သိမ်းသည့်နေ့မှ နှစ်နှစ်အတွင်း မည်သည့် အချိန်တွင်မဆို ကုမ္ပဏီ၏စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကဖြစ်စေ၊ တရားရုံးက အကျိုးသက်ဆိုင်သူ ဖြစ်သည်ဟုယူဆသော ပုဂ္ဂိုလ်တစ်ဦးဖြစ်စေ လျှောက်ထားလာလျှင် တရားရုံးသည် သင့်သည်ထင်မြင်သည့် စည်းကမ်းချက်များသတ်မှတ်၍ ကုမ္ပဏီဖျက်သိမ်းမှုပျက်ပြယ်ကြောင်း ကြေညာသည့်အမိန့်တစ်ရပ်ကို ချမှတ်နိုင်သည်။ ယင်းနောက် ကုမ္ပဏီကို ဖျက်သိမ်းခြင်းမပြုသကဲ့သို့ အမှုဆိုင်ရာ ဆောင်ရွက်ချက်များ ပြုလုပ်ရမည်။ ၄၀၇။ ပုဒ်မ ၄၀၆ ပါ အမိန့်ချမှတ်သည့် လျှောက်လွှာကို တင်ပြသူသည် ထိုအမိန့်အားချမှတ်ပြီးနောက် ၂၁ ရက်အတွင်း အဆိုပါအမိန့်၏ မူရင်းမိတ္တုမှန်တစ်စောင်ကို မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည် ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရန် ပျက်ကွက်ပါက ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။ ဆိုင်းငံ့ထားသော စာရင်းရှင်းလင်းဖျက်သိမ်းခြင်းများနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များ ၄၀၈။ (က) ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းပြီးသည့်အခါ စာရင်းရှင်းလင်းဖျက်သိမ်းမှုသည် ယင်းအား စတင်ဆောင်ရွက်သည့်နေ့မှ တစ်နှစ်အတွင်း ပြီးစီးခြင်းမရှိခဲ့လျှင် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိသည် တစ်နှစ်လျှင်တစ်ကြိမ်နှင့် ၁၂ လထက် မပိုသောကာလအတွင်း စာရင်းရှင်းလင်းဖျက်သိမ်းမှုပြီးစီးသည်အထိ တရားရုံး သို့မဟုတ် မှတ်ပုံတင်အရာရှိထံသို့ စာရင်းရှင်းလင်းဖျက်သိမ်းရေးအတွက် ၎င်း၏ပြုလုပ်ဆောင်ရွက်မှုများနှင့် စာရင်းရှင်းလင်း ဖျက်သိမ်းမှုအခြေအနေနှင့်စပ်လျဉ်း၍ သီးခြားကိစ္စရပ်များပါဝင်သော သတ်မှတ်ဖော်ပြ ထားသည့်ပုံစံဖြင့် ပြုစုထားသည့် ရေးသားဖော်ပြချက်တစ်ရပ်ကို ရှင်းလင်းတင်ပြရမည်။ ( ခ ) ကုမ္ပဏီ၏ မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူတစ်ဦးဖြစ်ကြောင်း စာဖြင့်ရေးသား၍ ဖော်ပြသူတစ်ဦးသည် ၎င်းကိုယ်တိုင်ဖြစ်စေ၊ ၎င်း၏ကိုယ်စားလှယ်ဖြင့်ဖြစ်စေ မည်သည့် အချိန်တွင်မဆို သတ်မှတ်ဖော်ပြထားသည့် အခကြေးငွေကို ပေးသွင်းလျက် ရေးသား ဖော်ပြချက်များကို စစ်ဆေးကြည့်ရှုခြင်း၊ ယင်းတို့၏ မိတ္တူကိုဖြစ်စေ၊ ကောက်နုတ် ချက်ကိုဖြစ်စေရယူနိုင်သည်။ သို့သော် မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူတစ်ဦး ဖြစ်သည်ဟု မမှန်မကန်ထုတ်ဖော်ခဲ့လျှင် ထိုသူသည် ရာဇသတ်ကြီး ပုဒ်မ ၁၈၂ အရ ပြစ်မှုအတွက်အပြစ်ရှိပြီး စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက လျှောက်ထားလာလျှင် ထိုပြစ်မှုအရ ပြစ်ဒဏ်ကျခံစေရမည်။ (ဂ) တရားရုံးသို့ရေးသားဖော်ပြချက်အား တင်ပြသည့်အခါ ယင်း၏ မိတ္တုတစ်စောင်ကို မှတ်ပုံတင်အရာရှိထံသို့ တစ်ချိန်တည်းတွင် တင်ပြရမည်ဖြစ်ပြီး မှတ်ပုံတင်အရာရှိသည် ယင်းအားကုမ္ပဏီ၏ အခြားမှတ်တမ်းများနှင့်အတူသိမ်းဆည်းထားရမည်။ ၄၀၉။ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် ပုဒ်မ ၄၀၈ ပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန် ပျက်ကွက်လျှင် ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက ဘဏ်သို့ငွေပေးချေမှုများ ၄၁၀။ (က) တရားရုံးကဖျက်သိမ်းသည့် ကုမ္ပဏီ၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ အားလုံးသည် သတ်မှတ်ဖော်ပြထားသည့် နည်းလမ်းများနှင့်အညီ သတ်မှတ်ဖော်ပြထားသည့် အချိန်ကာလ၌ ၎င်းမှ လက်ခံရရှိထားသည့် ငွေကြေးများကို သတ်မှတ်စီစဉ်ထားသည့် ဘဏ်သို့ ပေးသွင်းရမည်။ သို့ရာတွင် ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရန် သို့မဟုတ် ကြိုတင်ပေးငွေများကို လက်ခံရယူရန် သို့မဟုတ် မြီရှင်များ သို့မဟုတ် ကြွေးမြီ ပေးဆပ်ရသူများ၏ အကျိုးပါရှိသော အခြားအကြောင်းများကြောင့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိသည် အခြားဘဏ်တစ်ခုခုတွင် ငွေစာရင်း ဖွင့်လှစ်သင့်ကြောင်း တရားရုံးက ကျေနပ်လက်ခံလျှင် တရားရုံးသည် ယင်းကရွေးချယ်သည့် အခြားဘဏ် တစ်ခုခုတွင် ငွေပေးချေမှုများပြုလုပ်ရန် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသို့ ခွင့်ပြုနိုင်ပြီး အဆိုပါငွေပေးချေမှုများကို သတ်မှတ်ဖော်ပြထားသည့် နည်းလမ်းများအတိုင်း ဆောင်ရွက်ရမည်။ ( ခ ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် မည်သည့်အချိန်တွင်မဆို ကျပ်နှစ်သိန်း ငါးသောင်းထက်ပိုမိုသည့်ငွေတစ်ရပ် သို့မဟုတ် သီးခြားကိစ္စရပ်များတွင် တရားရုံးက ထိန်းသိမ်းရန် သတ်မှတ်ပေးထားသည့်ငွေပမာဏကို ၁၀ ရက်ထက်ကျော်လွန်၍ ထိန်းသိမ်းထားပြီး ထိုသို့ထိန်းသိမ်းထားရခြင်းအတွက် တရားရုံးက ကျေနပ်လက်ခံ နိုင်သည်အထိ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက တင်ပြနိုင်ခြင်းမရှိလျှင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် တစ်နှစ်လျှင် ၂၀ ရာခိုင်နှုန်းအတိုးနှုန်းဖြင့် ထိန်းသိမ်းထားသည့် ငွေပမာဏအပေါ် အတိုးပေးရမည်။ တရားရုံးက သင့်သည် ထင်မြင်သည့်အတိုင်း အဆိုပါစာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ အခကြေးငွေ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ခံစားခွင့်မပြုဘဲထားနိုင်သည့်အပြင် ၎င်း၏တာဝန်မှ ထုတ်ပယ်နိုင်သည်။ ထို့ပြင် ၎င်း၏ပျက်ကွက်မှုကြောင့် ဖြစ်ပေါ်လာသည့် ကုန်ကျစရိတ်များကို ပေးချေရမည်။ (ဂ) ဖျက်သိမ်းသည့် ကုမ္ပဏီ၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိတစ်ဦးသည် သီးခြားဘဏ် ငွေစာရင်းတစ်ရပ်ကို ဖွင့်လှစ်ထားရမည်ဖြစ်ပြီး အဆိုပါငွေစာရင်းသို့ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိအဖြစ် ၎င်းကလက်ခံရရှိသည့် ငွေပမာဏအားလုံးကို ပေးသွင်းရမည်။ ကျမ်းကျိန်လွှာပြုလုပ်နိုင်သည့် တရားရုံး သို့မဟုတ် ပုဂ္ဂိုလ် ၄၁၁။ (က) ဤအပိုင်းတွင် ဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက်များ သို့မဟုတ် ကိစ္စရပ်များအတွက် လိုအပ်သော ကျမ်းကျိန်လွှာတစ်ရပ်ရပ်ကို နိုင်ငံတော်အတွင်း မည်သည့်နေရာတွင်မဆို တရားရုံး တစ်ခုခု၊ တရားသူကြီး သို့မဟုတ် ကျမ်းကျိန်လွှာများကို လက်ခံပြုလုပ်ပေးရန် တရားဝင် အခွင့်အာဏာအပ်နှင်းထားခြင်းခံရသော ပုဂ္ဂိုလ်တစ်ဦးဦး၏ ရှေ့မှောက်တွင်လည်းကောင်း၊ နိုင်ငံတော်ပြင်ပတွင် နိုင်ငံတော်၏ကောင်စစ်ဝန်၊ ဒုတိယကောင်စစ်ဝန် သို့မဟုတ် သံအမတ်ကြီးတို့၏ရှေ့မှောက်တွင်လည်းကောင်း ကျမ်းကျိန်ဆိုနိုင်သည်။ ( ခ ) နိုင်ငံတော်အတွင်းရှိ တရားရုံးများ၊ တရားသူကြီးများ၊ တရားသူကြီးချုပ်များ၊ ကော်မရှင် အဖွဲ့ဝင်များ၊ တရားစီရင်ရေးတာဝန်များကို ဆောင်ရွက်နေရသူများသည် ဤအပိုင်းတွင် ပါရှိသော ကိစ္စရပ်များအတွက် အသုံးပြုမည့်ကျမ်းကျိန်လွှာများ သို့မဟုတ် အခြား စာရွက်စာတမ်းများတွင် ပူးတွဲဖော်ပြထားသော အဆိုပါ တရားရုံး၊ တရားသူကြီး၊ ပုဂ္ဂိုလ်၊ ကောင်စစ်ဝန် သို့မဟုတ် ဒုတိယကောင်စစ်ဝန် သို့မဟုတ် သံအမတ်ကြီးတို့၏ တံဆိပ်၊ လက်မှတ်များပါရှိသော တရားစီရင်ရေးဆိုင်ရာ အကြောင်းကြားမှုကို လက်ခံရယူရမည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က နည်းဥပဒေများကို ပြဋ္ဌာန်းနိုင်သည့် အခွင့်အာဏာ ၄၁၂။ (က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ယင်းနှင့် လက်အောက်ခံတရားရုံးများတွင် ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းရန်အတွက်ဖြစ်စေ၊ ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းရန် အတွက်ဖြစ်စေ (ကုမ္ပဏီတွင်ပါဝင်သူများနှင့် မြီရှင်များကဖျက်သိမ်းခြင်း နှစ်ရပ်လုံး)၊ ပုဒ်မ ၂၈၇ အရ ဆောင်ရွက်သည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မြီရှင်များနှင့် ကုမ္ပဏီတွင် ပါဝင်သူများ၏ အစည်းအဝေးများကို ကျင်းပရန်အတွက်ဖြစ်စေ၊ ဤဥပဒေပါပြဋ္ဌာန်းချက် များအရ တရားရုံးသို့တင်ပြသည့် လျှောက်ထားမှုများအတွက်ဖြစ်စေ ဆောင်ရွက်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ ဤဥပဒေနှင့်လည်းကောင်း၊ တရားမကျင့်ထုံးဥပဒေ နှင့်လည်းကောင်း လိုက်လျောညီထွေရှိသည့် နည်းဥပဒေများကို အခါအားလျော်စွာ ပြုလုပ်နိုင်သည့်အပြင် ဤဥပဒေအရသတ်မှတ်ဖော်ပြထားသည့် ကုမ္ပဏီဖျက်သိမ်းခြင်းနှင့် သက်ဆိုင်သည့်ကိစ္စရပ်များအားလုံးအတွက် နည်းဥပဒေများကို ပြဋ္ဌာန်းနိုင်သည်။ (ခ) အထက်တွင်ဖော်ပြပါရှိသော အခွင့်အာဏာများကို ထိခိုက်ခြင်းမရှိစေဘဲ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် အဆိုပါနည်းဥပဒေများအရ အောက်ပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ တရားရုံး၏အခွင့်အာဏာနှင့် တာဝန်များဖြစ်သော တရားဝင်ခန့်အပ်ထားသည့် စာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိကဖြစ်စေ၊ တရားရုံး၏ကြီးကြပ်မှုဖြင့်ဖြစ်စေ ကျင့်သုံး ဆောင်ရွက်နိုင်သည့်ဤဥပဒေအရ တရားရုံးသို့အပ်နှင်းထားသော အခွင့်အာဏာများနှင့် တာဝန်များအားလုံးကိုလည်းကောင်း၊ တစ်စိတ်တစ်ဒေသကိုလည်းကောင်း ရယူ ဆောင်ရွက်နိုင်သည် – (၁) မြီရှင်များနှင့် ကြွေးမြီပေးဆပ်ရသူများ၏ သဘောဆန္ဒကို ရရှိရန်အတွက် အစည်းအဝေးများ ခေါ်ယူကျင်းပခြင်း၊ (၂) ကြွေးမြီပေးဆပ်ရသူများ၏ စာရင်းကို ရှင်းလင်းဆောင်ရွက်ခြင်း၊ ကုမ္ပဏီတွင် ပါဝင်သူများ၏ မှတ်ပုံတင်စာရင်းကို လိုအပ်ပါကအတည်ပြု ရခြင်း၊ ရရန်ပိုင်ခွင့် များကို စုဆောင်းခြင်းနှင့် အသုံးပြုခြင်း၊ (၃) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံသို့ ပစ္စည်း သို့မဟုတ် စာရွက်စာတမ်းများကို ပေးပို့ရန်လိုအပ်ခြင်း၊ (၄) ငွေကြေးထည့်ဝင်ရန်အတွက် တောင်းခေါ်မှုများ ပြုလုပ်ခြင်း၊ (၅) ကြွေးမြီများနှင့် တင်ပြတောင်းဆိုမှုများကို သက်သေထင်ရှားပြသစေရန် အချိန်ကာလ သတ်မှတ်ပေးခြင်း။ သို့ရာတွင် တရားရုံး၏ အထူးခွင့်ပြုချက်မပါရှိဘဲ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ကုမ္ပဏီတွင်ပါဝင်သူများ၏ မှတ်ပုံတင် စာရင်းကို အတည်ပြုခြင်းမပြုရ။ ထို့ပြင် တရားရုံး၏ အထူးခွင့်ပြုချက်မပါရှိဘဲ ငွေကြေးထည့်ဝင်ရန်အတွက် တောင်းခေါ်မှုများကို မပြုလုပ်ရ။ အခန်း(၂၇) မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီများကို ဖျက်သိမ်းခြင်းနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီများကို ဖျက်သိမ်းခြင်း ၄၁၃။ (က) ဤအခန်း (၂၇) တွင် ဖော်ပြပါရှိသော ကိစ္စရပ်များအတွက် “မှတ်ပုံတင်ထားခြင်း မရှိသည့်ကုမ္ပဏီ” ဆိုသည်မှာ ဤဥပဒေအရ မှတ်ပုံတင်ထားသော ကုမ္ပဏီမဟုတ်ဘဲ အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်းတည်ထောင်ထားသည့် ကော်ပိုရေးရှင်း၊ အစုစပ်လုပ်ငန်း၊ အသင်းအဖွဲ့ သို့မဟုတ် ကုမ္ပဏီအဖွဲ့အစည်း တစ်ရပ်ရပ်လည်းပါဝင်သည်။ ( ခ ) ဤအပိုင်းတွင် ဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက်များ၊ အခြားသက်ဆိုင်သည့် ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီတစ်ခုခုကို ဤဥပဒေအရ ဖျက်သိမ်းနိုင်သည်။ ကုမ္ပဏီဖျက်သိမ်းခြင်းနှင့် စပ်လျဉ်းသည့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များ အားလုံးသည် အောက်ပါခြွင်းချက်များ၊ ဖြည့်စွက်ချက်များနှင့်အတူ မှတ်ပုံတင်ထားခြင်း မရှိသည့် ကုမ္ပဏီတစ်ခုခုနှင့် သက်ဆိုင်စေရမည် – (၁) နိုင်ငံတော်အတွင်း ကုမ္ပဏီ၏ အဓိကစီးပွားရေးလုပ်ငန်း လုပ်ကိုင်သည့်နေရာသည် ကုမ္ပဏီ၏မှတ်ပုံတင်ထားသောရုံးခန်းဖြစ်သည်ဟု မှတ်ယူရမည်။ (၂) မှတ်ပုံတင်ထားခြင်းမရှိသည့် မည်သည့်ကုမ္ပဏီကိုမျှ ဤဥပဒေအရ ဆန္ဒအလျောက် ဖြစ်စေ၊ ကြီးကြပ်မှုဖြင့်ဖြစ်စေ ဖျက်သိမ်းခြင်းမပြုရ။ (၃) မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီတစ်ခုခုကို ဖျက်သိမ်းနိုင်သည့် အခြေအနေ များမှာ အောက်ပါအတိုင်းဖြစ်သည် – (ကက) မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီတစ်ခုခုကို စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းမှ ဖျက်သိမ်းလျှင် သို့မဟုတ် ရပ်စဲခဲ့လျှင် သို့မဟုတ် ကုမ္ပဏီ၏ ကိစ္စရပ်များကို စာရင်းရှင်းလင်းဖျက်သိမ်းရန်အတွက်သာလျှင် စီးပွားရေး လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျှင် သို့မဟုတ် ( ခခ ) မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီသည် ယင်း၏ကြွေးမြီများကို ပေးဆပ်နိုင်ခြင်း မရှိလျှင် သို့မဟုတ် ( ဂဂ ) မှတ်ပုံတင်ထားခြင်းမရှိသည့်ကုမ္ပဏီကို ဖျက်သိမ်းခြင်းသည် သင့်လျော် မှန်ကန်သည်ဟု တရားရုံးကထင်မြင်လျှင် ၎င်းအပြင် (၄) မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီသည် ဤဥပဒေပါ ကိစ္စရပ်များအတွက် အောက်ပါကိစ္စရပ် တစ်ရပ်ရပ်ပေါ်ပေါက်ပါက ယင်း၏ ကြွေးမြီများကို ပေးချေ နိုင်ခြင်းမရှိဟု မှတ်ယူရမည်(ကက) လွှဲအပ်ခြင်းဖြင့်ဖြစ်စေ၊ အခြားနည်းတစ်ရပ်ရပ်ဖြင့်ဖြစ်စေ ကုမ္ပဏီက ကျပ်နှစ်သိန်းငါးသောင်းထက်ပိုမိုသော ငွေတစ်ရပ်ကို ပေးချေရန်ရှိသည့် မြီရှင်တစ်ဦးက မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီအပေါ်တွင် ထိုကုမ္ပဏီထံမှ ၎င်းကရရှိမည့်ငွေများကို ပေးချေစေရန်အတွက် တောင်းဆိုချက်တစ်ရပ်ကို ထိုကုမ္ပဏီ၏ အဓိကစီးပွားရေးလုပ်ငန်း နေရာသို့ပေးပို့ခြင်းဖြင့်ဖြစ်စေ၊ ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အရာရှိများ ထံသို့ ပေးပို့၍ဖြစ်စေ၊ တရားရုံးကလက်ခံသော သို့မဟုတ် ညွှန်ကြားသော နည်းလမ်းတစ်ရပ်ရပ်ဖြင့်ဖြစ်စေ ပေးပို့ခဲ့လျှင်၊ မှတ်ပုံတင်ထားခြင်း မရှိသည့်ကုမ္ပဏီသည် တောင်းဆိုချက်ကို လက်ခံရရှိပြီးနောက် ၂၁ ရက် အတွင်း ထိုငွေကိုပေးချေရန် ပျက်ကွက်ခဲ့လျှင်၊ သို့မဟုတ် မြီရှင်က ကျေနပ်လက်ခံစေမည့် အာမခံထားရှိခြင်း သို့မဟုတ် အတိုးပေးခြင်းများ ပြုလုပ်ရန် ပျက်ကွက်ခဲ့လျှင်၊ ခခ ) မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီ သို့မဟုတ် ထိုကုမ္ပဏီတွင် ပါဝင်သူအဖြစ် ရှိသူထံမှ ကြွေးမြီ သို့မဟုတ် တောင်းဆိုထားသည့် ငွေများအတွက် ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဦးအပေါ် တရားစွဲဆိုမှု သို့မဟုတ် စစ်ဆေးဆောင်ရွက်မှု တစ်ရပ်ရပ်ကို ဆောင်ရွက်ခဲ့လျှင်၊ အဆိုပါ တရားစွဲဆိုမှု သို့မဟုတ် စစ်ဆေးဆောင်ရွက်မှု တစ်ရပ်ရပ်အတွက် စာဖြင့်ရေးသားထားသည့် အကြောင်းကြားစာကို မှတ်ပုံတင်ထားခြင်း မရှိသည့် ကုမ္ပဏီထံသို့ ထိုကုမ္ပဏီ၏ အဓိကစီးပွားရေးလုပ်ငန်းနေရာသို့ ပေးပို့ခြင်းဖြင့်ဖြစ်စေ၊ ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အရာရှိများထံသို့ ပေးပို့၍ဖြစ်စေ၊ တရားရုံးကလက်ခံသော သို့မဟုတ် ညွှန်ကြားသော နည်းလမ်းတစ်ရပ်ရပ်ဖြင့်ဖြစ်စေ ပေးပို့ခဲ့လျှင် မှတ်ပုံတင်ထားခြင်း မရှိသည့်ကုမ္ပဏီသည် အကြောင်းကြားစာအား လက်ခံရရှိပြီးနောက် ၁၀ ရက်အတွင်း အဆိုပါကြွေးမြီ သို့မဟုတ် တောင်းဆိုချက်ကိုပေးချေခြင်း၊ အာမခံထားရှိခြင်း သို့မဟုတ် အတိုးပေးခြင်းများပြုလုပ်ရန် ပျက်ကွက်လျှင် သို့မဟုတ် တရားစွဲဆိုမှု သို့မဟုတ် စစ်ဆေးဆောင်ရွက်မှုကို ဆိုင်းငံ့ ထားစေရန် မပြုလုပ်ခဲ့လျှင် သို့မဟုတ် ထိုသို့တရားစွဲဆိုမှု သို့မဟုတ် စစ်ဆေးဆောင်ရွက်မှုအပေါ် တရားပြိုင်က ကျေနပ်လက်ခံနိုင်သည့် လျော်ကြေးကို ပေးချေမှုမပြုခဲ့လျှင် အထက်ပါအတိုင်း ၎င်းကကျခံရမည့် ကုန်ကျစရိတ်များ၊ နစ်နာကြေးများနှင့် အသုံးစရိတ်များကို ပေးချေမှု မပြုခဲ့လျှင်၊ ( ဂဂ ) မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီ သို့မဟုတ် ထိုကုမ္ပဏီတွင် ပါဝင်သူများ သို့မဟုတ် ထိုကုမ္ပဏီ၏ကိုယ်စား အမည်ခံတရားပြိုင်အဖြစ် တရားစွဲဆိုခံရန် သတ်မှတ်ခံရသူတစ်ဦးဦးအား ဆန့်ကျင်၍ တရားရုံးတစ်ခုခုတွင် မြီရှင်အား အနိုင်ပေးသည့် ဒီကရီ သို့မဟုတ် အမိန့်အပေါ် အတည်ပြုခြင်း သို့မဟုတ် အခြားကိစ္စများကို ဆောင်ရွက်ခြင်းသည် ကျေနပ်ဖွယ်ရာမရှိခဲ့လျှင်၊ (ဃဃ) မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီသည် ယင်း၏ ကြွေးမြီများကို ပေးဆပ်နိုင်ခြင်းမရှိကြောင်း တရားရုံးကလက်ခံနိုင်မည့် အခြားသော သက်သေခံတင်ပြချက်များရှိခဲ့လျှင်။ (ဂ) ဤအပိုင်းတွင် ပါရှိသော မည်သည့်ပြဋ္ဌာန်းချက်ကမျှ အခြားသက်ဆိုင်ရာဥပဒေ သို့မဟုတ် ဤဥပဒေအရဖျက်သိမ်းထားသည့် ဥပဒေတစ်ရပ်ရပ်အရ ကုမ္ပဏီတစ်ခုအဖြစ်လည်းကောင်း၊ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီတစ်ခုအဖြစ်လည်းကောင်း ဖျက်သိမ်းမည့် ကော်ပို ရေးရှင်း၊ အစုစပ်လုပ်ငန်း၊ အသင်းအဖွဲ့ သို့မဟုတ် မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီတစ်ခုခုအတွက် ဖော်ပြထားသည့် ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ထိခိုက်ခြင်းမရှိစေရ။ သို့သော် ဖျက်သိမ်းထားသည့် ပြဋ္ဌာန်းချက်များကို ရည်ညွှန်းထားသည့်ကိစ္စရပ်များကို ဤဥပဒေ၏ သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ (ရှိခဲ့လျှင်) ကို ရည်ညွှန်းသည်ဟု မှတ်ယူရမည်။ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီများကို ဖျက်သိမ်းရာတွင် ကြွေးမြီပေးဆပ်ရသူများ ၄၁၄။ (က) မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီကို ဖျက်သိမ်းသည့်ကိစ္စရပ်တွင် ကုမ္ပဏီ၏ ကြွေးမြီ သို့မဟုတ် တာဝန်ရှိမှုတစ်ရပ်ရပ်ကိုပေးချေရန် သို့မဟုတ် ထည့်ဝင်ရန်အတွက် လည်းကောင်း၊ ကုမ္ပဏီတွင်ပါဝင်သူများအကြား အခွင့်အရေးများကို ညှိနှိုင်းဆောင်ရွက်ရန် အတွက် ငွေကြေးတစ်ရပ်ရပ်ပေးချေရန် သို့မဟုတ် ထည့်ဝင်ရန်အတွက်လည်းကောင်း၊ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီကို ဖျက်သိမ်းရာတွင် ကျသင့်သည့် ကုန်ကျစရိတ် များနှင့် အသုံးစရိတ်များကိုပေးချေရန် သို့မဟုတ် ထည့်ဝင်ရန်အတွက်လည်းကောင်း တာဝန်ရှိသူများအားလုံးကို ကြွေးမြီပေးဆပ်ရသူများအဖြစ် မှတ်ယူရမည်ဖြစ်သည်။ ကြွေးမြီပေးဆပ်ရသူများအားလုံးသည် ဖော်ပြပါတာဝန်ရှိမှုတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ၎င်းတို့ထံမှ ပေးချေရမည့် ငွေပမာဏအားလုံးကို မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များသို့ ထည့်ဝင်ရန် တာဝန်ရှိသည်။ ( ခ ) ကြွေးမြီပေးဆပ်ရသူတစ်ဦးဦးသည် သေဆုံးခြင်း သို့မဟုတ် လူမွဲအဖြစ် သတ်မှတ်ခံရခြင်းများ ဖြစ်ပေါ်ခဲ့လျှင် သေဆုံးသွားသော ကြွေးမြီပေးဆပ်ရသူများ၏ တရားဝင်ကိုယ်စားလှယ်များနှင့် အမွေဆက်ခံသူများ၊ လူမွဲအဖြစ်ခံယူရသော ကြွေးမြီပေးဆပ်ရသူများ၏ လွှဲအပ်ခြင်း ခံရသူများနှင့် စပ်လျဉ်း၍ ဤဥပဒေပါပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေရမည်။ တရားစွဲဆိုစစ်ဆေးမှုများကိုဆိုင်းငံ့ရန် သို့မဟုတ် ရပ်နားထားရန်ဆောင်ရွက်နိုင်သည့် အခွင့်အာဏာ ၄၁၅။ ကုမ္ပဏီဖျက်သိမ်းရန် လျှောက်ထားတင်ပြပြီးနောက် ကုမ္ပဏီဖျက်သိမ်းသည့်အမိန့်ချမှတ်ခြင်း မပြုမီကာလအတွင်း မည်သည့်အချိန်တွင်မဆို ကုမ္ပဏီအပေါ်တရားစွဲဆိုမှုနှင့် စစ်ဆေးဆောင်ရွက်မှု များကို ဆိုင်းငံ့ထားခြင်း၊ ရပ်နားထားခြင်းတို့နှင့် သက်ဆိုင်သည့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီတွင် မြီရှင်က ထိုသို့ဆိုင်းငံ့ထားရန် သို့မဟုတ် ရပ်နားထားရန် လျှောက်ထားတင်ပြခဲ့လျှင် မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီ၏ ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးအပေါ် စွဲဆိုသည့်မှုခင်းများနှင့် စစ်ဆေးဆောင်ရွက်မှုများကို ဆိုင်းငံ့ထားရမည်။ ကုမ္ပဏီဖျက်သိမ်းရန်အမိန့်အား ဆိုင်းငံ့ထားစေရန် စွဲဆိုမှု ၄၁၆။ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းရန်အတွက် အမိန့်တစ်ရပ်ချမှတ် သည့်အခါ တရားရုံး၏ခွင့်ပြုချက်နှင့် တရားရုံးကသတ်မှတ်သည့် စည်းကမ်းချက်များဖြင့် ဆောင်ရွက် သည်မှအပ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီ၏ ကြွေးမြီတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ထိုကုမ္ပဏီ၏ ကြွေးမြီပေးဆပ်ရသူတစ်ဦးဦးအပေါ် တရားစွဲဆိုမှု သို့မဟုတ် စစ်ဆေးဆောင်ရွက်မှုတစ်ရပ်ရပ်ကို ပြုလုပ်ခြင်း သို့မဟုတ် ဆက်လက်ဆောင်ရွက်ခြင်းမပြုရ။ အချို့သောကိစ္စများတွင် ပစ္စည်းများနှင့်စပ်လျဉ်းသည့် ညွှန်ကြားချက်များ ၄၁၇။ မှတ်ပုံတင်ထားခြင်းမရှိသည့်ကုမ္ပဏီတွင် ယင်း၏အမည်ဖြင့် တရားစွဲဆိုခြင်း သို့မဟုတ် တရားစွဲဆိုခံနိုင်ခြင်းအတွက် အခွင့်အာဏာမရှိခဲ့လျှင် သို့မဟုတ် အကြောင်းတစ်ရပ်ရပ်ကြောင့် ဖြစ်ပေါ် လာလျှင် တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်ဖြင့်ဖြစ်စေ၊ နောက်ထပ် အမိန့်တစ်ရပ်ရပ်ဖြင့်ဖြစ်စေ၊ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီ သို့မဟုတ် ယင်းကုမ္ပဏီကိုယ်စား ယုံကြည်အပ်နှံခြင်းခံရသူများနှင့် သက်ဆိုင်သောရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများနှင့် စပ်လျဉ်းသည့် အကျိုး ခံစားခွင့်နှင့်အခွင့်အရေးများ၊ တာဝန်များ၊ တရားစွဲဆို တောင်းဆိုမှုများအပါအဝင် ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများအားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို တရားဝင် ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံသို့ ၎င်း၏အမည်ဖြင့်အပ်နှံရမည်။ ယင်းနောက် အမိန့်တွင် သတ်မှတ်ဖော်ပြထားသော အဆိုပါပစ္စည်း သို့မဟုတ် ယင်း၏တစ်စိတ်တစ်ဒေသကို ဖော်ပြပါအတိုင်း အပ်နှံရမည်။ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် တရားရုံးက ညွှန်ကြားသည့်အတိုင်း လျော်ကြေးငွေများ (ရှိခဲ့လျှင်)ကို ပေးပြီးနောက် အဆိုပါပစ္စည်းများနှင့် စပ်လျဉ်း၍ ၎င်း၏အမည်ဖြင့် အမှုများကိုစွဲဆိုဆောင်ရွက်ခြင်း သို့မဟုတ် စွဲဆိုသည့်မှုခင်းများနှင့် စစ်ဆေးဆောင်ရွက်မှုများတွင် ခုခံချေပခြင်းတို့ကို မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီကိုဖျက်သိမ်း ခြင်းနှင့် ထိုကုမ္ပဏီ၏ပစ္စည်းများကို ပြန်လည်ရယူခြင်းများအား ထိရောက်စွာဆောင်ရွက်နိုင်စေရန် အတွက် လိုအပ်သလိုတရားစွဲဆိုခြင်း သို့မဟုတ် ခုခံချေပခြင်းများကို ပြုလုပ်ရမည်။ ဤအပိုင်းတွင် ပါရှိသည့် ပြဋ္ဌာန်းချက်များကို ဆက်စပ်အသုံးပြုရခြင်း ၄၁၈။ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီနှင့်စပ်လျဉ်း၍ ဤအပိုင်းတွင် ဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက် များသည် တရားရုံးဖြင့် ကုမ္ပဏီကို ဖျက်သိမ်းခြင်းနှင့်သက်ဆိုင်သော ဤဥပဒေ၏ ရှေ့ပိုင်းတွင် ဖော်ပြပါရှိသော ပြဋ္ဌာန်းချက်များအား ကန့်သတ်ထားခြင်းမရှိဘဲ ယင်းတို့နှင့် ဆက်စပ်အသုံးပြု ရမည်။ တရားရုံးနှင့် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိတို့သည် မှတ်ပုံတင် ထားခြင်းမရှိသည့် ကုမ္ပဏီနှင့်စပ်လျဉ်းသည့်ကိစ္စရပ်တွင် ဤဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားသည့် ကုမ္ပဏီ သို့မဟုတ် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများကို ဖျက်သိမ်းရာတွင် ၎င်းတို့အနေဖြင့် ကျင့်သုံး ဆောင်ရွက်နိုင်သည့် အခွင့်အာဏာများကို ကျင့်သုံးနိုင်သည်။ သို့သော် မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီတစ်ခုသည် ယင်းအားဖျက်သိမ်းသည့် ကိစ္စရပ်မှတစ်ပါး ဤဥပဒေအရ ကုမ္ပဏီတစ်ခု ဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရ။ ဤအပိုင်းတွင် ဖော်ပြပါရှိသည့်ကိစ္စရပ်များအတွက်သာလျှင် ကုမ္ပဏီဖြစ်သည်ဟု မှတ်ယူရမည်။

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။