အခန်း(၂၉) တရားရုံးများ၏ စီရင်ပိုင်ခွင့်အာဏာနှင့် တရားစွဲဆိုစစ်ဆေးဆောင်ရွက်ခြင်းများ တရားရုံးများ၏ စီရင်ပိုင်ခွင့်အာဏာ ၄၃၂။ ဤဥပဒေအရ စီရင်ပိုင်ခွင့်အာဏာရှိသောတရားရုံးသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် ဖြစ်သည်။ သို့ရာတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ခရိုင်တရားရုံး တစ်ခုခုသို့ စီရင်ပိုင်ခွင့်အာဏာအပ်နှင်းနိုင်သည်။ တရားစွဲဆိုစစ်ဆေးဆောင်ရွက်ခြင်းများ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်မရှိခြင်း ၄၃၃။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၌ပါရှိသော ပြဋ္ဌာန်းချက်တစ်ရပ်ရပ်တွင် မည်သို့ပင်ဖော်ပြထားစေကာမူ ဤဥပဒေပါပြစ်မှုအားလုံးသည် အဆိုပါကျင့်ထုံးဥပဒေ၏ ကိစ္စရပ်များအတွက် ရဲအရေးယူပိုင်ခွင့် မရှိသောပြစ်မှုများဖြစ်သည်ဟု မှတ်ယူရမည်။ ကုန်ကျစရိတ်အတွက် တာဝန်ကန့်သတ်ထားသည့်ကုမ္ပဏီသို့ အာမခံတင်သွင်းစေရန် ညွှန်ကြားနိုင် သည့် အခွင့်အာဏာ ၄၃၄။ တရားစွဲဆိုမှု သို့မဟုတ် စစ်ဆေးဆောင်ရွက်မှုတစ်ရပ်ရပ်တွင် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတစ်ခုသည် တရားလိုသော်လည်းကောင်း၊ လျှောက်ထားသူသော်လည်းကောင်း ဖြစ်ခဲ့လျှင် အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ တရားရုံးသည် တရားပြိုင်က ခုခံချေပမှုများအောင်မြင်ခဲ့လျှင် ကုမ္ပဏီ၏ တရားရုံးကုန်ကျစရိတ်များကို ကုမ္ပဏီအနေဖြင့်ပေးချေနိုင်မည်မဟုတ်ကြောင်း ယုံကြည်ပါက အဆိုပါ ကုန်ကျစရိတ်များအတွက် ကုမ္ပဏီကို လုံလောက်သည့်အာမခံတစ်ရပ်ထားရှိစေနိုင်ပြီး ထိုအာမခံကို တင်သွင်းပြီးသည့်အချိန်ကာလအထိ တရားစွဲဆိုစစ်ဆေးဆောင်ရွက်မှုအားလုံးကို ဆိုင်းငံ့ထားနိုင်သည်။ အချို့သောမှုခင်းကိစ္စများတွင် တရားရုံးက သက်သာခွင့် ပေးအပ်နိုင်သည့် အခွင့်အာဏာ ၄၃၅။ (က) ဤဥပဒေအရ တာဝန်ရှိမှုတစ်ရပ်ရပ်နှင့်စပ်လျဉ်းသည့် ကိစ္စရပ်အပါအဝင် ပေါ့လျော့မှု၊ ပျက်ကွက်မှု၊ ဆန့်ကျင်ဆောင်ရွက်မှုများ၊ ဤပုဒ်မပါပြဋ္ဌာန်းချက်များနှင့်သက်ဆိုင်သည့် ပုဂ္ဂိုလ်တစ်ဦးဦးအပေါ် ဆောင်ရွက်ပေးရမည့်တာဝန်အား ချိုးဖောက်ခြင်း၊ သို့မဟုတ် ယုံကြည်အပ်နှံမှုကို ချိုးဖောက်ခြင်းများအတွက် စွဲဆိုဆောင်ရွက်သည့် မှုခင်းကိစ္စရပ် များတွင် အဆိုပါကိစ္စရပ်များကိုကြားနာသည့်တရားရုံး၌ ထိုပုဂ္ဂိုလ်သည် ပေါ့လျော့မှု၊ ပျက်ကွက်မှု၊ ဆောင်ရွက်ပေးရမည့်တာဝန်အားချိုးဖောက်မှု သို့မဟုတ် ယုံကြည်အပ်နှံခြင်းကို ချိုးဖောက်မှုများအတွက် တာဝန်ရှိကြောင်း သို့မဟုတ် တာဝန်ရှိနိုင်ကြောင်း၊ သို့သော် ၎င်းအားခန့်အပ်ခြင်းနှင့် သက်ဆိုင်သည့်ကိစ္စရပ်အပါအဝင် မှုခင်းကိစ္စရပ်အားလုံးတွင် သဘောရိုးဖြင့် လျော်ကန်သည့်အတိုင်း ဆောင်ရွက်ခဲ့ကြောင်း၊ ပေါ့လျော့မှု၊ ပျက်ကွက်မှု၊ ဆောင်ရွက်ပေးရမည့်တာဝန်အား ချိုးဖောက်မှု သို့မဟုတ် ယုံကြည်အပ်နှံခြင်းကို ချိုးဖောက် မှုများအတွက် ၎င်းအပေါ်မျှတစွာ စီရင်ဆောင်ရွက်သင့်ကြောင်းတွေ့ရှိရလျှင် တရားရုံးသည် သင့်သည်ထင်မြင်သည့် စည်းကမ်းချက်များဖြင့် ထိုသူအား၎င်း၏တာဝန်ရှိမှုမှ အားလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ သက်သာခွင့်ပြုနိုင်သည်။ ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သည့် ပုဂ္ဂိုလ်တစ်ဦးဦးသည် ဤဥပဒေအရ တာဝန်ရှိမှုတစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့်ကိစ္စရပ် အပါအဝင် ပေါ့လျော့မှု၊ ပျက်ကွက်မှု၊ ဆန့်ကျင်ဆောင်ရွက်မှုတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ၎င်းအပေါ်တွင် စွဲဆိုဆောင်ရွက်လျက် ရှိသည့် မှုခင်းတစ်ရပ်ရပ်ကိုပြုလုပ်မည်ဟု ယုံကြည်ရန်အကြောင်းရှိလျှင် ထိုသူသည် သက်သာခွင့်အတွက် တရားရုံးသို့တင်ပြတောင်းခံနိုင်သည်။ အဆိုပါလျှောက်ထားမှုအား လက်ခံရရှိသည့်အခါ တရားရုံးသည် ပေါ့လျော့မှု၊ ပျက်ကွက်မှု၊ ဆောင်ရွက်ပေးရမည့် တာဝန်အား ချိုးဖောက်မှု သို့မဟုတ် ယုံကြည်အပ်နှံခြင်းကို ချိုးဖောက်မှုများအတွက် ထိုသူအပေါ် စွဲဆိုဆောင်ရွက်လျက်ရှိသည့် မှုခင်းကိစ္စရပ်များတွင် ဤပုဒ်မပါပြဋ္ဌာန်းချက်အရ ထိုသူအပေါ် သက်သာခွင့်ပြုနိုင်သည့်အတိုင်း အလားတူဆောင်ရွက်နိုင်သည့် အခွင့်အာဏာများ ရှိသည်။ (ဂ) ဤပုဒ်မပါပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သည့်ပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်းဖြစ်သည် (၁) ကုမ္ပဏီ၏ဒါရိုက်တာများ၊ (၂) ကုမ္ပဏီ၏အတွင်းရေးမှူးများရှိခဲ့လျှင် ၎င်းပုဂ္ဂိုလ်များ၊ (၃) ကုမ္ပဏီ၏အခြားအရာရှိများနှင့် (၄) ကုမ္ပဏီ၏အရာရှိများဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ စာရင်းစစ်များအဖြစ် ကုမ္ပဏီကခန့်အပ်ထားသည့်ပုဂ္ဂိုလ်များ။ တရားစွဲဆိုစစ်ဆေးဆောင်ရွက်မှုများကို မည်သို့ ပြုလုပ်ရခြင်း ၄၃၆။ ဤဥပဒေနှင့်အညီ ဤဥပဒေအရ ပြစ်မှုတစ်ရပ်ရပ်ကို တရားစွဲဆိုစစ်ဆေးဆောင်ရွက်သည့် ကိစ္စတစ်ရပ်ရပ်တွင် သတင်းအချက်အလက်များ၊ စွဲချက်များ၊ တိုင်တန်းချက်များ သို့မဟုတ် လျှောက်ထားမှုများကို အောက်ပါပုဂ္ဂိုလ်များက ပြုလုပ်နိုင်သည် – (က) ကိုယ်တိုင်တွေ့ရှိဆောင်ရွက်ခြင်းဖြစ်စေ၊ လျှောက်ထားချက် သို့မဟုတ် တောင်းဆိုချက် တစ်ရပ်ရပ်အပေါ် ပြန်ကြားခြင်းဖြစ်စေ ဆောင်ရွက်မည့်မှတ်ပုံတင်အရာရှိ သို့မဟုတ် ( ခ) ပုဒ်မ ၄၃၅ တွင်ဖော်ပြပါရှိသော ဤဥပဒေကိုချိုးဖောက်မှုအတွက် ၎င်းအပေါ်တရား စွဲဆိုမှုပြုလုပ်နိုင်မည့် ဖမ်းဆီးရန် အကြောင်းပြချက်ရှိသူဖြစ်သည့် ဤဥပဒေအရ သက်သာခွင့်အတွက် လျှောက်ထားခွင့်ရှိသော ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် ( ဂ ) တရားစွဲဆိုဆောင်ရွက်မှုပြုလုပ်ရန်အတွက် ပြည်ထောင်စုဝန်ကြီးက စာဖြင့်ရေးသား၍ အခွင့်အာဏာ အပ်နှင်းခြင်းခံရသူတစ်ဦးဦး။ တရားစွဲဆိုစစ်ဆေးဆောင်ရွက်မှုများတွင် ကြားဝင်ဆောင်ရွက်နိုင်သည့် မှတ်ပုံတင်အရာရှိ၏အခွင့်အာဏာ ၄၃၇။ (က) မှတ်ပုံတင်အရာရှိသည် ဤဥပဒေအရပေါ်ပေါက်လာသည့် ကိစ္စရပ်တစ်ခုခုနှင့်စပ်လျဉ်း၍ တရားစွဲဆို စစ်ဆေးဆောင်ရွက်မှုတစ်ရပ်ရပ်တွင် ကြားဝင်ဆောင်ရွက်နိုင်သည်။ ( ခ ) မှတ်ပုံတင်အရာရှိက ပုဒ်မခွဲ (က) တွင်ဖော်ပြပါရှိသည့် တရားစွဲဆိုစစ်ဆေးဆောင်ရွက်မှု တစ်ရပ်ရပ်တွင် ကြားဝင်ဆောင်ရွက်ခဲ့ပါက မှတ်ပုံတင်အရာရှိသည် အဆိုပါတရားစွဲဆို စစ်ဆေးဆောင်ရွက်မှုတွင် အမှုသည်တစ်ဦးအဖြစ်ပါဝင်နိုင်ပြီး ဤဥပဒေနှင့်အညီ အမှုသည်တစ်ဦး၏ အခွင့်အရေးများ၊ တာဝန်များနှင့် တာဝန်ရှိမှုများအားလုံးကို ရရှိသည်။ ပြစ်မှုကြောင်းအရ တရားစွဲဆိုစစ်ဆေးဆောင်ရွက်မှုများကို ပြုလုပ်ရမည့်အချိန်ကာလ ၄၃၈။ အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ ဤဥပဒေပါပြစ်မှု တစ်ရပ်ရပ်အတွက် တရားစွဲဆို စစ်ဆေးဆောင်ရွက်မှုများကို ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသော ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှု စတင်သည့်နေ့မှ ခြောက်နှစ်အတွင်း တရားစွဲဆိုဆောင်ရွက်နိုင်သည်။ ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ အကြောင်းကြားခြင်း ၄၃၉။ (က) ပုဂ္ဂိုလ်တစ်ဦးဦးသည် ဤဥပဒေပါပြစ်မှုတစ်ရပ်ကို ကျူးလွန်သည်ဟု မှတ်ပုံတင် အရာရှိက ယုံကြည်ရန်အကြောင်းရှိလျှင် ပြစ်ဒဏ် သို့မဟုတ် အမြင့်ဆုံးပြစ်ဒဏ်ကို အတိအလင်းသတ်မှတ်ဖော်ပြထားပါက ဤပုဒ်မတွင် “သတ်မှတ်ဖော်ပြထားသောပြစ်မှု”ဟု ခေါ်တွင်မည်။ မှတ်ပုံတင်အရာရှိသည် ပုဒ်မခွဲ (ခ) နှင့်အညီ အဆိုပါပုဂ္ဂိုလ်ထံသို့ သတ်မှတ် ဖော်ပြထားသည့်ပုံစံဖြင့် အကြောင်းကြားစာတစ်စောင်အား ပေးပို့နိုင်သည် – (၁) သတ်မှတ်ဖော်ပြထားသောပြစ်မှုကို ကျူးလွန်ခဲ့ကြောင်းစွပ်စွဲခြင်းနှင့် ထိုပြစ်မှုနှင့် စပ်လျဉ်းသည့် သတ်မှတ်ဖော်ပြထားသည့် အချက်အလက်များကိုဖော်ပြခြင်း၊ (၂) သတ်မှတ်ဖော်ပြထားသော ပြစ်မှုနှင့်ပတ်သက်၍ သတ်မှတ်ဖော်ပြထားသည့် ပြစ်ဒဏ် သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့် အမြင့်ဆုံးပြစ်ဒဏ်အထိ မှတ်ပုံတင် အရာရှိက သတ်မှတ်သောပြစ်ဒဏ်ကိုဖော်ပြခြင်းနှင့် (၃) အောက်ပါတို့ကို ဖော်ပြပါရှိစေခြင်း – (ကက) ဆောင်ရွက်ရမည့် ပြုလုပ်မှု သို့မဟုတ် အကြောင်းအရာတစ်ရပ်ကို ပျက်ကွက်ခြင်းကြောင့် စွဲဆိုခံရသည့် သတ်မှတ်ဖော်ပြထားသော ပြစ်မှုနှင့် သက်ဆိုင်သည့်ကိစ္စရပ်တွင်(၁) ပြုလုပ်မှု သို့မဟုတ် အကြောင်းအရာတစ်ရပ်ကို ဆောင်ရွက်ရန် တာဝန်ရှိမှုသည် အကြောင်းကြားစာပေးပို့ခြင်း သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့် ပြစ်ဒဏ် သို့မဟုတ် သတ်မှတ် ဖော်ပြထားသည့် အမြင့်ဆုံးပြစ်ဒဏ်အထိ မှတ်ပုံတင်အရာရှိက သတ်မှတ်ထားသော ပြစ်ဒဏ်အတွက် ငွေပေးချေခြင်းပြုပြီး သော်လည်း တာဝန်ရှိမှုသည် ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း၊ အကြောင်းကြားစာတွင်သတ်မှတ်ထားသည့် အနည်းဆုံး ၂၁ ရက် ထက်ပိုသော ကာလတစ်ရပ်အတွင်း ထိုသူသည် သတ်မှတ်ဖော်ပြ ထားသည့်ပြစ်ဒဏ် သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့် အမြင့်ဆုံး ပြစ်ဒဏ်အထိ မှတ်ပုံတင်အရာရှိကသတ်မှတ်သော ပြစ်ဒဏ်အတွက် အကြောင်းကြားစာတွင် သတ်မှတ်ဖော်ပြထားသည့် အာဏာပိုင် အဖွဲ့ထံသို့ငွေပေးချေပြီး အဆိုပါပြုလုပ်မှု သို့မဟုတ် အကြောင်း အရာကို လိုက်နာဆောင်ရွက်ခဲ့လျှင် ထိုသူအပေါ် သတ်မှတ်ဖော်ပြ ထားသောပြစ်မှုနှင့်စပ်လျဉ်း၍ ထပ်မံအရေးယူ ဆောင်ရွက်ခြင်း မပြုကြောင်းနှင့် (၃) အကြောင်းကြားစာတွင် သတ်မှတ်ထားသည့် ကာလကုန်ဆုံး သည်အထိ ထိုသူသည် သတ်မှတ်ဖော်ပြထားသည့် ပြစ်ဒဏ် သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့် အမြင့်ဆုံးပြစ်ဒဏ်အထိ မှတ်ပုံတင်အရာရှိက သတ်မှတ်သော ပြစ်ဒဏ်အတွက် အကြောင်းကြားစာတွင် သတ်မှတ်ထားသည့် အာဏာပိုင်အဖွဲ့ ထံသို့ ငွေပေးချေခြင်းမပြုခဲ့လျှင် သို့မဟုတ် အဆိုပါပြုလုပ်မှု သို့မဟုတ် အကြောင်းအရာကို လိုက်နာဆောင်ရွက်ခြင်း မပြုခဲ့လျှင် ၎င်းအပေါ် တရားစွဲဆိုဆောင်ရွက်မှုကို ပြုလုပ်နိုင်ကြောင်း သို့မဟုတ် ( ခခ ) ဆောင်ရွက်ရမည့် ပြုလုပ်မှု သို့မဟုတ် အကြောင်းအရာတစ်ရပ်ကို ပျက်ကွက်ခြင်းကြောင့် စွဲဆိုခံရသည့် ပြစ်မှုတစ်ရပ်မဟုတ်သော သတ်မှတ် ဖော်ပြထားသည့် ပြစ်မှုတစ်ရပ်နှင့်သက်ဆိုင်သည့်ကိစ္စရပ်တွင် – (၁) အကြောင်းကြားစာတွင် သတ်မှတ်ထားသည့် အနည်းဆုံး ၂၁ ရက် ထက်ပိုသောကာလတစ်ရပ်အတွင်း ထိုသူသည် သတ်မှတ်ဖော်ပြ ထားသည့်ပြစ်ဒဏ် သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့် အမြင့်ဆုံးပြစ်ဒဏ်အထိ မှတ်ပုံတင်အရာရှိက သတ်မှတ်သော ပြစ်ဒဏ်အတွက် အကြောင်းကြားစာတွင် သတ်မှတ်ထားသည့် အာဏာပိုင်အဖွဲ့ထံသို့ ငွေပေးချေခဲ့လျှင် ထိုသူအပေါ် သတ်မှတ် ဖော်ပြထားသော ပြစ်မှုနှင့်စပ်လျဉ်း၍ ထပ်မံအရေးယူဆောင်ရွက် ခြင်းမပြုကြောင်းနှင့် (၂) အကြောင်းကြားစာတွင် သတ်မှတ်ထားသည့်ကာလကုန်ဆုံးသည် အထိ ထိုသူသည် သတ်မှတ်ဖော်ပြထားသည့် ပြစ်ဒဏ် သို့မဟုတ် အမြင့်ဆုံးသတ်မှတ်ဖော်ပြထားသည့် ပြစ်ဒဏ်အထိ မှတ်ပုံတင် အရာရှိကသတ်မှတ်သော ပြစ်ဒဏ်အတွက် အကြောင်းကြားစာ တွင်သတ်မှတ်ထားသည့် အာဏာပိုင်အဖွဲ့ထံသို့ ငွေပေးချေခြင်း မပြုခဲ့လျှင်၎င်းအပေါ်တရားစွဲဆိုဆောင်ရွက်မှုကို ပြုလုပ်နိုင်ကြောင်း။ ( ခ ) ပုဒ်မခွဲ (က) သည် မှတ်ပုံတင်အရာရှိအား အောက်ပါတို့ကို ဆောင်ရွက်ရန် အခွင့်အာဏာ အပ်နှင်းခြင်းမရှိရ(၁) သတ်မှတ်ဖော်ပြထားသော ပြစ်မှုတစ်ရပ်အား ပုဂ္ဂိုလ်တစ်ဦးက ကျူးလွန်ခဲ့ကြောင်း စွပ်စွဲသည့်ကိစ္စအတွက် ပုဒ်မခွဲ (က) အရ အကြောင်းကြားစာ တစ်စောင်ထက်ပိုမို၍ ထိုသူထံသို့ ပေးပို့ခြင်း သို့မဟုတ် (၂) ပုဒ်မ ၄၃၈ ပါပြဋ္ဌာန်းချက်များနှင့်အညီ အဆိုပါပြစ်မှုအတွက် ပုဂ္ဂိုလ်တစ်ဦးဦးအပေါ် တရားစွဲဆို ဆောင်ရွက်နိုင်ခြင်းမရှိလျှင် သတ်မှတ်ဖော်ပြထားသော ပြစ်မှုကို ပုဒ်မခွဲ (က) အရ ၎င်းထံ အကြောင်းကြားစာတစ်စောင်ပေးပို့ခြင်း။ (ဂ ) ပုဒ်မခွဲ (က) အရ ဆောင်ရွက်သည့် အကြောင်းကြားစာကို လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှ ဖြစ်စေ၊ အီလက်ထရောနစ်နည်းဖြင့်ဖြစ်စေ လူပုဂ္ဂိုလ်တစ်ဦးဦးထံသို့ ပေးပို့နိုင်သည်။ (ဃ) သီးခြားပြုလုပ်မှု သို့မဟုတ် အကြောင်းအရာတစ်ရပ်ကို ဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့် စွဲဆိုခံရသည့် သတ်မှတ်ဖော်ပြထားသော ပြစ်မှုတစ်ရပ်ရပ်နှင့် သက်ဆိုင်သည့်ပုဂ္ဂိုလ် တစ်ဦးထံသို့ ပုဒ်မခွဲ (က) အရ အကြောင်းကြားစာတစ်စောင် ပေးပို့သည့်အခါ(၁) အကြောင်းကြားစာတွင် သတ်မှတ်ထားသည့်ကာလအတွင်း ထိုသူသည် သတ်မှတ် ဖော်ပြထားသည့် ပြစ်ဒဏ် သို့မဟုတ် အမြင့်ဆုံး သတ်မှတ်ဖော်ပြထားသည့် ပြစ်ဒဏ်အထိ မှတ်ပုံတင်အရာရှိက သတ်မှတ်သော ပြစ်ဒဏ်အတွက် အကြောင်းကြားစာတွင် သတ်မှတ်ထားသည့် အာဏာပိုင်အဖွဲ့ထံသို့ ငွေပေးချေပြီး အဆိုပါ ပြုလုပ်မှု သို့မဟုတ် အကြောင်းအရာကို လိုက်နာဆောင်ရွက်ခဲ့လျှင်၊ ထိုသူအပေါ် သတ်မှတ်ဖော်ပြထားသော ပြစ်မှုနှင့် စပ်လျဉ်း၍ အရေးယူဆောင်ရွက်ခြင်းမပြုနိုင်၊ (၂) အကြောင်းကြားစာတွင် သတ်မှတ်ထားသည့်ကာလအတွင်း ထိုသူသည် သတ်မှတ် ဖော်ပြထားသည့်ပြစ်ဒဏ် သို့မဟုတ် အမြင့်ဆုံး သတ်မှတ်ဖော်ပြထားသည့် ပြစ်ဒဏ်အထိ မှတ်ပုံတင်အရာရှိက သတ်မှတ်သော ပြစ်ဒဏ်အတွက် အကြောင်းကြားစာတွင် သတ်မှတ်ထားသည့် အာဏာပိုင်အဖွဲ့ထံသို့ ငွေပေးချေသော်လည်း အဆိုပါ ပြုလုပ်မှု သို့မဟုတ် အကြောင်းအရာကို လိုက်နာဆောင်ရွက်ခဲ့ခြင်းမရှိလျှင်၊ ထိုသူအပေါ် သတ်မှတ်ဖော်ပြထားသည့် ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ အရေးယူ ဆောင်ရွက်ခြင်းမပြုနိုင်။ သို့သော် အဆိုပါပြုလုပ်မှု သို့မဟုတ် အကြောင်းအရာကို ဆောင်ရွက်ရန် ဆက်လက် တာဝန်ရှိပြီး ထိုသို့ ဆောင်ရွက်ရန် ဆက်လက်ပျက်ကွက်နေခြင်းနှင့် စပ်လျဉ်း၍ ပုဒ်မ ၄၄၉ ပါ ပြဋ္ဌာန်းချက်များကို သတ်မှတ်ဖော်ပြထားသည့်ပြစ်ဒဏ် သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့်အမြင့်ဆုံး ပြစ်ဒဏ်အထိ မှတ်ပုံတင်အရာရှိက သတ်မှတ်သော ပြစ်ဒဏ်အတွက် ပေးချေခဲ့သည့်နေ့ရက်တွင် အကျိုးသက်ရောက်၍ ထိုသူသည် အဆိုပါ ပြုလုပ်မှု သို့မဟုတ် အကြောင်းအရာတစ်ရပ်ကို ဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့် စွဲဆိုခံရသည့် ပြစ်မှုတစ်ရပ်ကို ကျူးလွန်ရာရောက်သည်။ (၃) အကြောင်းကြားစာတွင် သတ်မှတ်ထားသည့်ကာလ ကုန်ဆုံးသည့်အထိ ထိုသူသည် သတ်မှတ်ဖော်ပြထားသည့်ပြစ်ဒဏ် သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့် အမြင့်ဆုံး ပြစ်ဒဏ်အထိ မှတ်ပုံတင်အရာရှိက သတ်မှတ်သောပြစ်ဒဏ်အတွက် အကြောင်းကြားစာတွင် သတ်မှတ်ထားသည့် အာဏာပိုင်အဖွဲ့ထံသို့ ငွေပေးချေခြင်းမပြုဘဲ အဆိုပါ ပြုလုပ်မှု သို့မဟုတ် အကြောင်းအရာကို လိုက်နာဆောင်ရွက်ခဲ့လျှင် ထိုသူအပေါ် သတ်မှတ် ဖော်ပြထားသောပြစ်မှုနှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်နိုင်သည် သို့မဟုတ် (၄) အကြောင်းကြားစာတွင် သတ်မှတ်ထားသည့်ကာလ ကုန်ဆုံးသည့်အထိ ထိုသူသည် သတ်မှတ်ဖော်ပြထားသည့်ပြစ်ဒဏ် သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့် အမြင့်ဆုံး ပြစ်ဒဏ်အထိ မှတ်ပုံတင်အရာရှိက သတ်မှတ်သောပြစ်ဒဏ်အတွက် အကြောင်းကြား စာတွင် သတ်မှတ်ထားသည့် အာဏာပိုင်အဖွဲ့ထံသို့ ငွေပေးချေမှုမပြုခြင်း၊ အဆိုပါ ပြုလုပ်မှု သို့မဟုတ် အကြောင်းအရာကို လိုက်နာဆောင်ရွက်မှုမပြုခြင်း၊ အဆိုပါ ပြုလုပ်မှု သို့မဟုတ် အကြောင်းအရာကို လိုက်နာဆောင်ရွက်ရန် တာဝန်ဆက်လက် ဖြစ်ပေါ်လျက်ရှိခြင်းများ ပေါ်ပေါက်ခဲ့လျှင် ထိုသူအပေါ် သတ်မှတ်ဖော်ပြထားသော ပြစ်မှုနှင့် စပ်လျဉ်း၍ အရေးယူဆောင်ရွက်နိုင်သည်။ (င) သီးခြားပြုလုပ်မှု သို့မဟုတ် အကြောင်းအရာတစ်ရပ်ကို ဆောင်ရွက်ရန်ပျက်ကွက်ခြင်းကြောင့် စွဲဆိုခံရသည့် ပြစ်မှုတစ်ရပ် မဟုတ်သော သတ်မှတ်ဖော်ပြထားသော ပြစ်မှုတစ်ရပ်နှင့် စပ်လျဉ်း၍ ပုဂ္ဂိုလ်တစ်ဦးဦးထံသို့ ပုဒ်မခွဲ (က) အရ အကြောင်းကြားစာတစ်စောင်ကို ပေးပို့သည့်အခါ – (၁) အကြောင်းကြားစာတွင် သတ်မှတ်ထားသည့်ကာလအတွင်း ထိုသူသည် သတ်မှတ် ဖော်ပြထားသည့်ပြစ်ဒဏ် သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့် အမြင့်ဆုံးပြစ်ဒဏ် အထိ မှတ်ပုံတင်အရာရှိက သတ်မှတ်သောပြစ်ဒဏ်ကို အကြောင်းကြားစာတွင် သတ်မှတ်ထားသည့် အာဏာပိုင်အဖွဲ့ထံသို့ ငွေပေးချေခဲ့လျှင်၊ ထိုသူအပေါ် သတ်မှတ် ဖော်ပြထားသော ပြစ်မှုနှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်ခြင်း မပြုနိုင်၊ (၂) အကြောင်းကြားစာတွင် သတ်မှတ်ထားသည့်ကာလ ကုန်ဆုံးသည်အထိ ထိုသူသည် သတ်မှတ်ဖော်ပြထားသည့်ပြစ်ဒဏ် သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့် အမြင့်ဆုံး ပြစ်ဒဏ်အထိ မှတ်ပုံတင်အရာရှိက သတ်မှတ်သော ပြစ်ဒဏ်အတွက် အကြောင်းကြား စာတွင် သတ်မှတ်ထားသည့် အာဏာပိုင်အဖွဲ့ထံသို့ ငွေပေးချေမှုမပြုလျှင် ထိုသူအပေါ် သတ်မှတ်ဖော်ပြထားသော ပြစ်မှုနှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်နိုင်သည်။ ( စ) သတ်မှတ်ဖော်ပြထားသော ပြစ်မှုတစ်ရပ်နှင့်စပ်လျဉ်း၍ ဤပုဒ်မအရ ပုဂ္ဂိုလ်တစ်ဦးဦးထံသို့ ပေးပို့သည့် အကြောင်းကြားစာပါ ငွေပမာဏကို ထိုသူက ပေးချေခြင်းသည် သတ်မှတ် ဖော်ပြထားသောပြစ်မှုအား ကျူးလွန်ခြင်းနှင့်စပ်လျဉ်း၍ ထိုသူသည် တာဝန်ရှိမှု တစ်ရပ်ရပ်ကို ကင်းလွတ်ခွင့်ပြု ရာရောက်သည့်အနေဖြင့် ဆောင်ရွက်ခြင်း မပြုရ။ (ဆ) ပုဒ်မခွဲ (ဃ)၊ ပုဒ်မခွဲငယ် (၁)၊ (၂) နှင့် ပုဒ်မခွဲ (င)၊ ပုဒ်မခွဲငယ် (၁) တို့တွင် ဖော်ပြပါရှိသည့် ကိစ္စရပ်များမှအပ ဤပုဒ်မပါပြဋ္ဌာန်းချက်များသည် ဤပုဒ်မပါကိစ္စရပ်များအတွက် သတ်မှတ်ဖော်ပြထားသော ပြစ်မှုများနှင့်စပ်လျဉ်း၍ တရားစွဲဆိုဆောင်ရွက်ခြင်းနှင့် စပ်လျဉ်းသည့် ဤဥပဒေ သို့မဟုတ် အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက် များကို လိုက်နာဆောင်ရွက်ခြင်းအား ထိခိုက်စေခြင်းမရှိစေရ။ တရားစွဲဆိုဆောင်ရွက်ခြင်းတွင် ကူညီဆောင်ရွက်မည့်သူများ ၄၄၀။ (က) ဤပုဒ်မတွင် တရားပြိုင်ဟု ရည်ညွှန်းမည့် ပုဂ္ဂိုလ်တစ်ဦးဦးအပေါ် ဤဥပဒေအရ ပြစ်မှုတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ တရားစွဲဆို ဆောင်ရွက်သည့်အခါ သို့မဟုတ် မှတ်ပုံတင် အရာရှိက ဤဥပဒေအရ ပြစ်မှုတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ တရားစွဲဆို ဆောင်ရွက်သင့်ကြောင်း ထင်မြင်ယူဆသည့်အခါ မှတ်ပုံတင်အရာရှိသည် အောက်ပါပုဂ္ဂိုလ်များကို တရားစွဲဆို ဆောင်ရွက်မှုတွင် ကူညီဆောင်ရွက်စေနိုင်သည်(၁) တရားပြိုင်သည် လူပုဂ္ဂိုလ်တစ်ဦးဦးဖြစ်လျှင် တရားပြိုင်၏ အစုစပ်ဝင်၊ ဝန်ထမ်း သို့မဟုတ် ကိုယ်စားလှယ်ဖြစ်သော ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် (၂) တရားပြိုင်သည် ကော်ပိုရေးရှင်းတစ်ခု ဖြစ်လျှင်၊ တရားပြိုင်၏ အရာရှိ၊ ဝန်ထမ်း သို့မဟုတ် ကိုယ်စားလှယ်တစ်ဦးဦးဖြစ်ခဲ့သော သို့မဟုတ် တစ်ဦးဦးဖြစ်သော ပုဂ္ဂိုလ် တစ်ဦးဦး။ ထိုသို့ ဆောင်ရွက်မည့်သူသည် တရားစွဲဆို ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ၎င်းက သင့်လျော်သည့် အကူအညီများ အားလုံးကိုဆောင်ရွက်ပေးရမည်။ ( ခ ) ပုဂ္ဂိုလ်တစ်ဦးဦးသည် တရားစွဲဆို စစ်ဆေးဆောင်ရွက်မှုများတွင် တရားပြိုင်တစ်ဦးအဖြစ် ဖြင့်ဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦး၏ ရှေ့နေတစ်ဦးအဖြစ်ဖြင့်ဖြစ်စေ ဆောင်ရွက်ရန်အကြောင်းရှိသည်ဟု မှတ်ပုံတင်အရာရှိက ထင်မြင်ယူဆလျှင် ပုဒ်မခွဲ (က) တွင် ဖော်ပြပါရှိသည့် လိုက်နာ ဆောင်ရွက်ရမည့်အချက်ကို ပြုလုပ်ခြင်းမပြုရ။ (ဂ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) သို့မဟုတ် ပုဒ်မခွဲငယ် (၂) တို့ပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သည့်ပုဂ္ဂိုလ်တစ်ဦးဦးသည် ပုဒ်မခွဲ(က)အရ လိုအပ်သည့်အကူအညီများကို ပံ့ပိုးပေးရန် ပျက်ကွက်လျှင် ထိုသူသည် ဤပုဒ်မပါ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်ဆောင်ရွက်သည်ဖြစ်၍ ထိုသို့ဆန့်ကျင်ဆောင်ရွက်မှုအတွက် ထိုသူအပေါ် ထိုက်သင့်သည့် ပြစ်ဒဏ်ကို ထိခိုက်စေခြင်း မရှိစေဘဲ တရားရုံးသည် မှတ်ပုံတင်အရာရှိ၏ လျှောက်ထားမှုအရ အဆိုပါသတ်မှတ်ချက် များကိုလိုက်နာစေရန် အမိန့်ချမှတ်နိုင်ပြီး ထိုအမိန့်တွင်သတ်မှတ်ထားသည့် အချိန်ကာလ အတွင်း သတ်မှတ်ထားသည့် နည်းလမ်းများဖြင့် ဆောင်ရွက်စေနိုင်သည်။ (ဃ) ဤပုဒ်မတွင် တရားပြိုင်နှင့်သက်ဆိုင်သည့် ကိုယ်စားလှယ်ဆိုသည့် စကားရပ်တွင် တရားပြိုင်၏ဝန်ထမ်း သို့မဟုတ် အရာရှိတစ်ဦးဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ တရားပြိုင်၏ ဘဏ်လုပ်ငန်းလုပ်ကိုင်သူ၊ တရားပြိုင်က စာရင်းစစ်အဖြစ် တာဝန်ပေးအပ်ထားသူ တစ်ဦးဦးလည်းပါဝင်သည်။ မြွက်ဟကြေညာခြင်းများ၊ အမိန့်များနှင့် တားမြစ်မိန့်များ တာဝန်များနှင့် စပ်လျဉ်း၍ ဆန့်ကျင်ဆောင်ရွက်မှုအား မြွက်ဟကြေညာခြင်း ၄၄၁။ (က) မှတ်ပုံတင်အရာရှိသည် ဆန့်ကျင်ဆောင်ရွက်မှုအား မြွက်ဟကြေညာခြင်း၊ ပြစ်ဒဏ်အမိန့် သို့မဟုတ် လျော်ကြေးပေးရန် အမိန့်တစ်ရပ်ရပ်ကို ချမှတ်ပေးနိုင်ရေးအတွက် တင်ပြ လျှောက်ထားနိုင်သည်။ ( ခ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် ဤဥပဒေ၏ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဆန့်ကျင်ဆောင်ရွက်ကြောင်း ယုံကြည်လက်ခံနိုင်သော အကြောင်း ရင်းများ ရှိသည်ဟု တရားရုံးက တွေ့ရှိလျှင် တရားရုံးသည် ပုဒ်မ ၁၉ဝ အရ ချမှတ်နိုင်သော ပြစ်ဒဏ် တစ်ရပ်ရပ်အစား အောက်ပါအမိန့်ကိုချမှတ်နိုင်သည် – (၁) ဤပုဒ်မအရဆန့်ကျင်ဆောင်ရွက်မှုအား မြွက်ဟကြေညာချက်တစ်ရပ်ကို ချမှတ်ခြင်းနှင့် (၂) ပုဒ်မ ၄၄၂ အရ ပြစ်ဒဏ်အမိန့်တစ်ရပ်ရပ်ကို ချမှတ်ခြင်း သို့မဟုတ် (၃) ပုဒ်မ ၄၄၃ အရ လျော်ကြေးပေးရန် အမိန့်တစ်ရပ်ရပ်ကို ချမှတ်ခြင်း။ ( ဂ ) ပုဒ်မခွဲ (ခ) အရ ဆန့်ကျင်ဆောင်ရွက်မှုအား မြွက်ဟကြေညာသည့် အမိန့်တစ်ရပ်ကို ချမှတ်ခဲ့လျှင် မှတ်ပုံတင်အရာရှိက ပုဒ်မခွဲ (က) အရ လျော်ကြေးပေးရန် အမိန့်တစ်ရပ်ကို ချမှတ်ပေးနိုင်ရေးအတွက် တင်ပြလျှောက်ထားခြင်း မပြုလုပ်ပါက ကုမ္ပဏီသည် အဆိုပါ လျော်ကြေးပေးရန်အမိန့်တစ်ရပ်အတွက် တင်ပြလျှောက်ထားနိုင်သည်။ (ဃ) ဆန့်ကျင်ဆောင်ရွက်မှုအား မြွက်ဟကြေညာခြင်း၊ ပြစ်ဒဏ်အမိန့် သို့မဟုတ် လျော်ကြေး ပေးရန်အမိန့်တစ်ရပ်ရပ်ကို ချမှတ်ပေးနိုင်ရေးအတွက် တရားစွဲဆို စစ်ဆေးဆောင်ရွက်မှု များကို ထိုသို့ ဆန့်ကျင်ဆောင်ရွက်သည့်အချိန်ကာလမှ ခြောက်နှစ်ထက်မပိုသော ကာလအတွင်း စတင်တရားစွဲဆိုဆောင်ရွက်နိုင်သည်။ ( င ) တရားရုံးသည် သက်ဆိုင်ရာဥပဒေတွင် ဖော်ပြပါရှိသည့်အတိုင်း ဆန့်ကျင်ဆောင်ရွက်မှုအား မြွက်ဟကြေညာခြင်း၊ ပြစ်ဒဏ်အမိန့် သို့မဟုတ် လျော်ကြေးပေးရန် အမိန့်တစ်ရပ်ရပ်ကို ချမှတ်ပေးနိုင်ရေးအတွက် တရားစွဲဆို စစ်ဆေးဆောင်ရွက်မှုများကို ကြားနာသည့်အခါ တရားမမှုခင်းများအတွက် သက်သေခံနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ စည်းမျဉ်းများကို လိုက်နာဆောင်ရွက်ရမည်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် ပြုလုပ်မှုတစ်ရပ်ကြောင့် ပြစ်မှုထင်ရှား စီရင်ခြင်းခံရပြီး ထိုပြုလုပ်မှုသည် ဆန့်ကျင်ဆောင်ရွက်သည့် ပြုလုပ်မှုနှင့် တစ်ထပ်တည်း တူညီနေလျှင် တရားရုံးသည် ထိုသူအပေါ်တွင် ဆန့်ကျင်ဆောင်ရွက်မှုအား မြွက်ဟကြေညာခြင်း၊ ပြစ်ဒဏ် အမိန့် သို့မဟုတ် လျော်ကြေးပေးရန်အမိန့်တစ်ရပ်ရပ်ကို ချမှတ်ခြင်းမပြုရ။ ပြစ်ဒဏ်အမိန့်များ ၄၄၂။ (က) တရားရုံးသည် အောက်ပါအချက်များကိုတွေ့ရှိရလျှင် ထိုသို့ပြု လုပ်ဆောင်ရွက်သူကို ဒဏ်ကြေးငွေ သိန်း ၁၀၀ အထိ ငွေဒဏ်တစ်ရပ်ရပ်အား ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းစေရန် အမိန့်ချမှတ်နိုင်သည် – (၁) ပုဂ္ဂိုလ်တစ်ဦး၏ ဆန့်ကျင်ဆောင်ရွက်မှုအား မြွက်ဟကြေညာခြင်းကို ပုဒ်မ ၄၄၁အရ ပြုလုပ်ခဲ့လျှင်နှင့် (၂) ဆန့်ကျင်ဆောင်ရွက်ခြင်းသည် – (ကက) ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်သူများ၏ အကျိုးစီးပွားကို များစွာ ထိခိုက်စေလျှင် သို့မဟုတ် ( ခခ ) ကုမ္ပဏီ၏ မြီရှင်များသို့ ကုမ္ပဏီက ပေးချေရမည့် လုပ်ကိုင်ဆောင်ရွက် နိုင်မှုကိုများစွာ ထိခိုက်စေလျှင်။ ( ခ ) တရားရုံးမှ ချမှတ်သော ပြစ်ဒဏ်သည် နိုင်ငံတော်၏ကိုယ်စား မှတ်ပုံတင်အရာရှိထံသို့ ပေးချရမည့် တရားမကြွေးမြီတစ်ရပ် ဖြစ်သည်။ ထိုသူအပေါ် တင်ရှိနေသည့် ကြွေးမြီအား ရရှိနိုင်ရေးအတွက် ထိုသူအပေါ်တွင် တရားမမှုစွဲဆိုဆောင်ရွက်ပြီး အမိန့်တစ်ရပ် ချမှတ် ထားသကဲ့သို့ မှတ်ပုံတင်အရာရှိသည် ထိုအမိန့်ကို အတည်ပြု ဆောင်ရွက်နိုင်သည်။ လျော်ကြေးပေးရန်အမိန့်များ ၄၄၃။ (က) ပြစ်ဒဏ်အမိန့်တစ်ရပ်ကို ပုဒ်မ ၄၄၂ အရ လျှောက်ထားခဲ့ခြင်း သို့မဟုတ် ချမှတ်ခဲ့ခြင်း မရှိခဲ့လျှင်၊ တရားရုံးသည် အောက်ပါအချက်များကို တွေ့ရှိရပါက ကုမ္ပဏီအနေဖြင့် ထိခိုက် နစ်နာခဲ့သည်များအတွက် ပုဂ္ဂိုလ်တစ်ဦးက ကုမ္ပဏီသို့ လျော်ကြေးပေးစေရန် အမိန့် ချမှတ်နိုင်သည်(၁) ထိုသူ၏ ဆန့်ကျင်ဆောင်ရွက်မှုအား မြွက်ဟကြေညာခြင်းကို ပုဒ်မ ၄၄၁ အရ ပြုလုပ်ခဲ့လျှင်နှင့် (၂) ထိခိုက်နစ်နာမှုသည် ဆန့်ကျင်ဆောင်ရွက်ခြင်းကြောင့် ဖြစ်ပေါ်ခဲ့လျှင်။ ( ခ ) အမိန့်တွင် လျော်ကြေးပေးရမည့်ပမာဏကို သတ်မှတ်ဖော်ပြရမည်။ (ဂ ) လျော်ကြေးပေးရန်အမိန့်တစ်ရပ် ချမှတ်နိုင်ရေးအတွက် ကုမ္ပဏီမှ ထိခိုက်နစ်နာခဲ့သည် များကိုဆုံးဖြတ်ရာတွင် တရားရုံးသည် ဆန့်ကျင်ဆောင်ရွက်မှု သို့မဟုတ် ပြစ်မှုကြောင့် ပုဂ္ဂိုလ်တစ်ဦးဦးကပြုလုပ်သည့် အကျိုးအမြတ်များကိုလည်း ထည့်သွင်းစဉ်းစား သုံးသပ် နိုင်သည်။ (ဃ) လျော်ကြေးပေးရန် အမိန့်တစ်ရပ်ကို တရားရုံး၏ စီရင်ဆုံးဖြတ်ချက်တစ်ရပ်ကဲ့သို့ အတည်ပြု ဆောင်ရွက်နိုင်သည်။ တားမြစ်အမိန့်များ ၄၄၄။ (က) အောက်ပါကိစ္စရပ်များပေါ်ပေါက်လျှင် (၁) ဤဥပဒေအား ဆန့်ကျင်ဆောင်ရွက်မှု တစ်ရပ်ဖြစ်သည့် သို့မဟုတ် ဖြစ်နိုင်သည့် တစ်ဦးတစ်ယောက်၏ ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ဤဥပဒေအရ ဆောင်ရွက်သည့်အခါ၊ (၂) ဤဥပဒေအား ဆန့်ကျင်ဆောင်ရွက်မှု တစ်ရပ်အတွက် တစ်ဦးတစ်ယောက်ကို တရားစွဲဆိုဆောင်ရွက်သည့်အခါသို့မဟုတ် (၃) ဤဥပဒေအရ တစ်ဦးတစ်ယောက်ကို တရားမမှုခင်းတစ်ရပ် စစ်ဆေးဆောင်ရွက် သည့်အခါ။ ဤပုဒ်မတွင် သက်ဆိုင်သည့်ပုဂ္ဂိုလ်ဟု ခေါ်တွင်မည့် ပုဒ်မခွဲငယ် (၁)၊ (၂) နှင့် (၃) တို့တွင် ဖော်ပြထားသော ပုဂ္ဂိုလ်တစ်ဦးဦးက ကြွေးမြီနှင့် စပ်လျဉ်း၍ဖြစ်စေ၊ လျော်ကြေး သို့မဟုတ် အခြားကိစ္စရပ်အတွက်ဖြစ်စေ ငွေပေးချေရန်သော်လည်းကောင်း သို့မဟုတ် ပစ္စည်းအတွက် ပေးသွင်းရန်သော်လည်းကောင်း တာဝန်ရှိသော သို့မဟုတ် တာဝန်ရှိမည်ဖြစ်သော ဤပုဒ်မတွင် နစ်နာသောပုဂ္ဂိုလ်ဟု ခေါ်တွင်မည့် အခြားပုဂ္ဂိုလ်တစ်ဦး၏ အကျိုးခံစားခွင့်များကို ကာကွယ်စောင့်ရှောက်ရန်အတွက် ထိုသို့ဆောင်ရွက်ရန် လိုအပ်ကြောင်း သို့မဟုတ် ထိုသို့ဆောင်ရွက်စေလိုကြောင်း တရားရုံးကဆုံးဖြတ်လျှင် တရားရုံးသည် မှတ်ပုံတင် အရာရှိကဖြစ်စေ၊ နစ်နာသူတစ်ဦးဦးကဖြစ်စေ တင်ပြလျှောက်ထားလာလျှင် ပုဒ်မခွဲ (ခ) ပါ အမိန့်တစ်ရပ် သို့မဟုတ် အမိန့်များကို ချမှတ်နိုင်သည်။ ( ခ) ပုဒ်မခွဲ(က)နှင့် စပ်လျဉ်း၍ တရားရုံးမှ အောက်ပါအမိန့်တစ်ရပ် သို့မဟုတ် အမိန့်များကို ချမှတ်နိုင်သည်(၁) ကြွေးမြီတင်ရှိနေသည့်ပုဂ္ဂိုလ်တစ်ဦးကို သက်ဆိုင်သည့်ပုဂ္ဂိုလ် သို့မဟုတ် ၎င်း၏ တွဲဖက်လုပ်ကိုင်သူ တစ်ဦးဦးထံသို့ ကြွေးမြီအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကို ဖြစ်စေ ပေးချေခြင်းမှလည်းကောင်း၊ ကြွေးမြီတင်ရှိနေသည့်ပုဂ္ဂိုလ်၏ ညွှန်ကြားချက် သို့မဟုတ် တောင်းဆိုချက်အရ အခြားပုဂ္ဂိုလ်တစ်ဦးဦးသို့ ငွေပေးချေခြင်းမှလည်းကောင်း တားမြစ်သည့်အမိန့်၊ (၂) သက်ဆိုင်သည့်ပုဂ္ဂိုလ်၏ကိုယ်စား သို့မဟုတ် ၎င်း၏ တွဲဖက်လုပ်ကိုင်သူတစ်ဦး၏ ကိုယ်စား ငွေကြေး သို့မဟုတ် အခြားပစ္စည်းများကို လက်ဝယ်ထားရှိသူတစ်ဦးကို ငွေကြေး သို့မဟုတ် အခြားပစ္စည်းကို ကိုယ်စားလက်ဝယ်ထားရှိခွင့်ပြုသူ၏ ညွှန်ကြားချက် သို့မဟုတ် တောင်းဆိုချက်အရ အခြားပုဂ္ဂိုလ်တစ်ဦးဦးထံသို့ ငွေကြေး အားလုံးကိုဖြစ်စေ၊ တစ်ရပ်ရပ်ကိုဖြစ်စေ ပေးချေခြင်းမှလည်းကောင်း၊ အခြား ပစ္စည်းများကို လွှဲပြောင်းခြင်း သို့မဟုတ် ပိုင်ဆိုင်မှုကို ခွဲဝေပေးခြင်းမှလည်းကောင်း တားမြစ်သည့်အမိန့်၊ (၃) သက်ဆိုင်သည့်ပုဂ္ဂိုလ် သို့မဟုတ် ၎င်း၏ တွဲဖက်လုပ်ကိုင်သူတစ်ဦးဦး၏ ငွေကြေးများကို တစ်ဦးတစ်ယောက်က နိုင်ငံတော်၏ ပြင်ပသို့ယူဆောင်ခြင်းကိုဖြစ်စေ၊ ပို့ဆောင်ခြင်းကိုဖြစ်စေ တားမြစ်သည့်အမိန့်၊ (၄) သက်ဆိုင်သည့်ပုဂ္ဂိုလ် သို့မဟုတ် ၎င်း၏တွဲဖက်လုပ်ကိုင်သူတစ်ဦးဦး၏ ပစ္စည်းကို တစ်ဦးတစ်ယောက်က နိုင်ငံတော်၏ ပြည်တွင်းတစ်နေရာမှ နိုင်ငံတော်၏ပြင်ပ တစ်နေရာသို့ ယူဆောင်ခြင်း၊ ပေးပို့ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းကိုတားမြစ်သည့်အမိန့်၊ (၅) ခန့်အပ်သည့်အမိန့် – (ကက) သက်ဆိုင်သည့်ပုဂ္ဂိုလ်သည် လူပုဂ္ဂိုလ်ဖြစ်လျှင် ထိုသူ၏ပစ္စည်း သို့မဟုတ် ထိုသူ၏ ပစ္စည်းတစ်စိတ်တစ်ဒေသနှင့်စပ်လျဉ်း၍ တရားရုံးက ချမှတ်သည့် အမိန့်အရ အခွင့်အာဏာများရရှိသည့် ပစ္စည်းလက်ခံ ထိန်းသိမ်းသူ သို့မဟုတ် ယုံကြည်အပ်နှံခြင်းခံရသူအား ခန့်အပ်သည့်အမိန့် သို့မဟုတ် ( ခခ ) သက်ဆိုင်သည့်ပုဂ္ဂိုလ်သည် ကုမ္ပဏီအပါအဝင် အဖွဲ့အစည်းတစ်ခု ဖြစ်လျှင် ထိုသူ၏ပစ္စည်း သို့မဟုတ် ထိုသူ၏ပစ္စည်းတစ်စိတ်တစ်ဒေသနှင့် စပ်လျဉ်း၍ တရားရုံးက ချမှတ်သည့်အမိန့်အရအခွင့်အာဏာများရရှိသည့် ပစ္စည်းလက်ခံ ထိန်းသိမ်းသူ သို့မဟုတ် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိ ခန့်အပ်သည့် အမိန့်၊ (၆) သက်ဆိုင်သည့်ပုဂ္ဂိုလ်သည် လူပုဂ္ဂိုလ်ဖြစ်လျှင် တရားရုံးက သင့်သည်ထင်မြင်သည့် အတိုင်း ထိုသူ၏ နိုင်ငံကူးလက်မှတ်နှင့် အခြားစာရွက်စာတမ်းများကို တရားရုံးသို့ တင်ပြစေရန် ချမှတ်သည့်အမိန့် သို့မဟုတ် (၇) သက်ဆိုင်သည့်ပုဂ္ဂိုလ်သည် လူပုဂ္ဂိုလ်ဖြစ်လျှင် ထိုသူကို တရားရုံး၏ ခွင့်ပြုချက် မပါရှိဘဲ နိုင်ငံတော်အတွင်းမှ ထွက်ခွာခြင်းကို တားမြစ်သည့်အမိန့်။ (ဂ) ပုဒ်မခွဲ (ခ)အရ ပြုမူဆောင်ရွက်မှုများကို တားမြစ်ရန် အပြည့်အဝဖြင့်သော်လည်းကောင်း၊ ခြွင်းချက်ဖြင့်သော်လည်းကောင်း အမိန့်ချမှတ်နိုင်သည်။ (ဃ) ပုဒ်မခွဲ (က) အရ အမိန့်တစ်ရပ်ရပ်ကို ချမှတ်ပေးနိုင်ရေးအတွက် လျှောက်ထားမှုကို တရားရုံးသို့ တင်ပြရာတွင် တရားရုံးက ဆောင်ရွက်သင့်သည်ဟု ထင်မြင်ပါက လျှောက်ထားမှုကို ဆုံးဖြတ်ခြင်းမပြုမီ တရားရုံးသည် လျှောက်ထားမှုကို ဆုံးဖြတ်ရန် အချိန်ရွှေ့ဆိုင်းကြောင်း ဖော်ပြပါရှိစေမည့် ကြားဖြတ်အမိန့်တစ်ရပ်ကို ချမှတ်နိုင်သည်။ (င) ပုဒ်မခွဲ (က) အရ လျှောက်ထားတင်ပြလာသည့်အခါ တရားရုံးသည် လျှောက်ထားသူကို ဖြစ်စေ၊ အခြားသူတစ်ဦးဦးကိုဖြစ်စေ ပုဒ်မခွဲ (ဃ) အရ ကြားဖြတ်အမိန့်တစ်ရပ်ချမှတ်သည့် စည်းကမ်းချက်တစ်ရပ်အဖြစ် နစ်နာမှုများနှင့်စပ်လျဉ်း၍ တာဝန်ယူမှု ပြုလုပ်စေခြင်း မရှိစေရ။ ( စ ) တရားရုံးသည် တစ်ဦးတစ်ယောက်၏ လျှောက်ထားမှုအပေါ် ဤပုဒ်မအရ အမိန့်တစ်ရပ် ချမှတ်သည့်အခါထိုသူကဖြစ်စေ၊ ချမှတ်သည့်အမိန့်နှင့် သက်ဆိုင်သည့်သူကဖြစ်စေ၊ လျှောက်ထားတင်ပြလာလျှင် တရားရုံးသည် ပထမချမှတ်ထားသည့် အမိန့်ကိုပယ်ဖျက်သည့် သို့မဟုတ် ပြင်ဆင်သည့် အမိန့်တစ်ရပ်အား ထပ်မံချမှတ်နိုင်သည်။ (ဆ) ပုဒ်မခွဲ (က) သို့မဟုတ် (ဂ) အရ ချမှတ်သည့် အမိန့်တစ်ရပ်တွင် သတ်မှတ်ဖော်ပြ ထားသည့် အချိန်ကာလတစ်ရပ်အထိ သို့မဟုတ် ဤပုဒ်မအရ အခြားအမိန့်တစ်ရပ်ဖြင့် ထိုအမိန့်အားပယ်ဖျက်သည့် အချိန်ကာလအထိ အကျိုးသက်ရောက်ကြောင်း ဖော်ပြနိုင်သည်။ တားမြစ်မိန့်များ ချမှတ်နိုင်သည့် အခွင့်အာဏာများ ၄၄၅။ (က) တစ်ဦးတစ်ယောက်သည် အောက်ပါအခြေအနေတစ်ရပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်နေသည့် သို့မဟုတ် ကျူးလွန်မည့် အပြုအမူကို ပြုလုပ်ခဲ့လျှင် သို့မဟုတ် ပြုလုပ်နေလျှင် သို့မဟုတ် ပြုလုပ်မည့်အခြေအနေရှိလျှင် မှတ်ပုံတင်အရာရှိ သို့မဟုတ် ထိုအပြုအမူကြောင့် အကျိုးခံစားခွင့် ထိခိုက်နစ်နာသူ သို့မဟုတ် နစ်နာမည့်သူတစ်ဦးဦး၏ လျှောက်ထားချက်အရ တရားရုံးသည် သင့်သည်ထင်မြင်သည့် စည်းကမ်းချက်များ သတ်မှတ်၍ ဖော်ပြပါပုဂ္ဂိုလ်က အဆိုပါအပြုအမူများကို ဆောင်ရွက်ခြင်းမှတားမြစ်သည့် အမိန့်တစ်ရပ်ကို ချမှတ်နိုင်သည့်အပြင် တရားရုံးက ဆောင်ရွက်ရန် လိုအပ်သည်ဟု ထင်မြင်သည့်အတိုင်း ထိုသူကို ပြုလုပ်မှု သို့မဟုတ် ကိစ္စတစ်ရပ်ရပ်ကိုဆောင်ရွက်စေနိုင်သည်(၁) ဤဥပဒေကို ဆန့်ကျင်ဆောင်ရွက်ခြင်း၊ (၂) ဤဥပဒေကို ဆန့်ကျင်ဆောင်ရွက်ရန် အားထုတ်ခြင်း၊ (၃) ဤဥပဒေကို ဆန့်ကျင်ဆောင်ရွက်ရန်အတွက် တစ်ဦးတစ်ယောက်ကို ကူညီခြင်း၊ အားပေးကူညီခြင်း၊ အကြံပေးခြင်း သို့မဟုတ် တိုက်တွန်းခြင်း၊ (၄) ဤဥပဒေကို ဆန့်ကျင်ဆောင်ရွက်ရန်အတွက် တစ်ဦးတစ်ယောက်ကို ခြိမ်းခြောက်၍ ဖြစ်စေ၊ ကတိပြု၍ သို့မဟုတ် အခြားနည်းဖြင့် ဆောင်ရွက်၍ဖြစ်စေ သွေးဆောင်ခြင်း သို့မဟုတ် သွေးဆောင်ရန်အားထုတ်ခြင်း၊ (၅) ဤဥပဒေကို တစ်ဦးတစ်ယောက်က ဆန့်ကျင်ဆောင်ရွက်ရာတွင် တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အကြောင်းတစ်ရပ်ရပ်ဖြင့် ပါဝင် ပတ်သက်ခဲ့ခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခဲ့ခြင်း၊ (၆) ဤဥပဒေကို ဆန့်ကျင်ဆောင်ရွက်ရန်အတွက် အခြားသူများနှင့် ပူးပေါင်းကြံစည်ခဲ့ခြင်း၊ ( ခ ) တစ်ဦးတစ်ယောက်သည် ဤဥပဒေအရ ဆောင်ရွက်ရမည့် ပြုလုပ်မှု သို့မဟုတ် ကိစ္စရပ်ကို ဆောင်ရွက်ရန် ငြင်းဆိုခဲ့လျှင် သို့မဟုတ် ပျက်ကွက်ခဲ့လျှင်ဖြစ်စေ၊ ငြင်းဆိုနေလျှင် သို့မဟုတ် ပျက်ကွက်နေလျှင်ဖြစ်စေ၊ ငြင်းဆိုမည့် သို့မဟုတ် ပျက်ကွက်မည့် အခြေအနေရှိလျှင်ဖြစ်စေ၊ တရားရုံးသည် – (၁) မှတ်ပုံတင်အရာရှိ၏ လျှောက်ထားမှုအရ သို့မဟုတ် (၂) အဆိုပါ ပြုလုပ်မှု သို့မဟုတ် ကိစ္စရပ်ကို ဆောင်ရွက်ရန် ငြင်းဆိုခြင်း သို့မဟုတ် ပျက်ကွက်ခြင်းကြောင့် အကျိုးခံစားခွင့်များ ထိခိုက်နစ်နာသည့် သို့မဟုတ် ထိခိုက် နစ်နာမည့် ပုဂ္ဂိုလ်တစ်ဦးဦးက လျှောက်ထားမှုအရ သင့်သည်ထင်မြင်သည့် စည်းကမ်းချက်များဖြင့် ထိုသူအား အဆိုပါပြုလုပ်မှု သို့မဟုတ် ကိစ္စရပ်ကို ဆောင်ရွက် စေရန် တားမြစ်အမိန့်တစ်ရပ် ချမှတ်နိုင်သည်။ (ဂ) ပုဒ်မခွဲ(က) သို့မဟုတ် (ခ) တို့အရ တားမြစ်အမိန့်တစ်ရပ်ရပ် ချမှတ်ပေးနိုင်ရေးအတွက် လျှောက်ထားလာလျှင် တရားရုံးက ထိုသို့လျှောက်ထားမှုမှာ သင့်လျော်သည်ဟု ဆုံးဖြတ်ပါက အဆိုပါပုဒ်မခွဲပါ ပြဋ္ဌာန်းချက်ကို လိုက်နာဆောင်ရွက်မည်၊ မဆောင်ရွက်မည်ကို ထည့်သွင်း စဉ်းစားရန်မလိုဘဲ စစ်ဆေးဆောင်ရွက်နေသည့်ကိစ္စရပ်မှ အမှုသည်များ၏ သဘောတူဆန္ဒဖြင့် တားမြစ်အမိန့်တစ်ရပ်အား ချမှတ်နိုင်သည်။ (ဃ) တရားရုံးသည် ပုဒ်မခွဲ (က) သို့မဟုတ် (ခ) တို့အရ ချမှတ်ထားသည့် တားမြစ်အမိန့် တစ်ရပ်ရပ်ကို ပယ်ဖျက်နိုင်သည် သို့မဟုတ် ပြင်ဆင်နိုင်သည်။ ( င ) မှတ်ပုံတင်အရာရှိက ဤပုဒ်မအရ တားမြစ်အမိန့်တစ်ရပ် ချမှတ်ပေးနိုင်ရေးအတွက် တရားရုံးသို့ တင်ပြလျှောက်ထားလာသည့်အခါ တရားရုံးသည်လျှောက်ထားသူကိုဖြစ်စေ၊ အခြားသူတစ်ဦးဦးကိုဖြစ်စေ ကြားဖြတ်အမိန့်တစ်ရပ်ချမှတ်သည့် စည်းကမ်းချက် တစ်ရပ်အဖြစ် နစ်နာမှုများနှင့်စပ်လျဉ်း၍ တာဝန်ယူမှု ပြုလုပ်စေခြင်းမရှိစေရ။ ( စ ) တစ်ဦးတစ်ယောက်ကို ဤပုဒ်မအရ တရားစွဲဆိုစစ်ဆေးဆောင်ရွက်ရာတွင် တရားရုံးသည် ထိုသူနှင့်စပ်လျဉ်း၍ ပုဒ်မ ၄၄၄ အရ အမိန့်တစ်ရပ်ချမှတ်နိုင်သည်။ (ဆ) ဤပုဒ်မအရ တရားရုံးသည် တစ်ဦးတစ်ယောက်အား သီးခြားအပြုအမူတစ်ရပ်ကို ဆောင်ရွက်ခြင်းမှ တားမြစ်ခြင်း၊ သို့မဟုတ် သီးခြားပြု လုပ်မှုကိုဖြစ်စေ၊ ကိစ္စရပ်ကိုဖြစ်စေ ဆောင်ရွက်စေခြင်းတို့အတွက် တားမြစ်အမိန့်တစ်ရပ်ကို ချမှတ်နိုင်သည့် အခွင့်အာဏာရှိရာ တရားရုံးသည် တားမြစ်အမိန့်ချမှတ်ရန်အတွက် ဖြည့်စွက်၍လည်းကောင်း၊ အစားထိုး၍ လည်းကောင်း နစ်နာမှုများအတွက် ထိုသူက အခြားသူသို့ ငွေပေးချေစေရန် အမိန့်ချမှတ် နိုင်သည်။ တရားရုံး၏ အခြားသော အခွင့်အာဏာများကို ကန့်သတ်ထားမှု မရှိခြင်း ၄၄၆။ ဤအခန်းတွင်ပါရှိသော မည်သည့် ပြဋ္ဌာန်းချက်ကမျှ ဤအခန်းပါ အခွင့်အာဏာများအပြင် တရားရုံးကရရှိသည့် အခွင့်အာဏာများကို ထိခိုက်စေခြင်း မရှိစေရ။ မှုခင်းများ စစ်ဆေးဆောင်ရွက်ရာတွင် စာရင်းစာအုပ်များကို အသုံးပြုခြင်းနှင့် စာရင်းစာအုပ်အမျိုးအစား စာရင်းစာအုပ်များကို သက်သေခံအဖြစ် တင်ပြခွင့်ပြုခြင်း ၄၄၇။ (က) ဤဥပဒေပါပြဋ္ဌာန်းချက်များတစ်ရပ်ရပ်အရ ကုမ္ပဏီက ထိန်းသိမ်းပြုစုထားရှိရသော စာရင်းစာအုပ်မူရင်းတစ်ခုခုကို မည်သည့် မှုခင်းစစ်ဆေးဆောင်ရွက်ခြင်းတွင်မဆို သက်သေခံအဖြစ် တင်ပြခွင့်ရှိပြီး ယင်းစာရင်းစာအုပ်သည် ၎င်းတွင်ဖော်ပြထားသော သို့မဟုတ် မှတ်တမ်းတင်ထားသော ကိစ္စရပ်များအတွက် မြင်သာသော အထောက်အထား ရှိပြီးဖြစ်သည့် သက်သေခံချက်တစ်ရပ် ဖြစ်စေရမည်။ ( ( ခ ) ကုမ္ပဏီတစ်ခုက ထိန်းသိမ်းထားရှိရမည့် မူရင်းစာရင်းစာအုပ်အဖြစ် ပြုလုပ်ထားသော စာရွက်စာတမ်းတစ်ရပ်ရပ်သည် ဆန့်ကျင်ကွဲလွဲမှုတစ်စုံတစ်ရာ မရှိခဲ့လျှင် ပုဒ်မခွဲ(က)တွင် ဖော်ပြထားသည့်အတိုင်း ထိန်းသိမ်းထားသော စာရင်းစာအုပ်တစ်အုပ်ဖြစ်သည်။ စာရင်းစာအုပ်အမျိုးအစားများနှင့် သက်သေခံအထောက်အထားတန်ဖိုး ၄၄၈။ (က) ဤဥပဒေအရ ထိန်းသိမ်းထားရှိရန် သို့မဟုတ် ပြုစုထားရှိရန်လိုအပ်သည့် စာရင်းစာအုပ် များကို အောက်ပါအတိုင်း ထိန်းသိမ်းထားရှိရမည် သို့မဟုတ် ပြုစုထားရှိရမည် – (၁) ချုပ်ထားသောစာအုပ် သို့မဟုတ် ချုပ်၍မထားဘဲ စည်းနှောင်ထားသော စာအုပ်တွင် ရေးသွင်းမှုများပြုလုပ်ခြင်း သို့မဟုတ် (၂) သက်ဆိုင်သည့်ကိစ္စရပ်များကို စက်ပစ္စည်းဖြင့်ဖြစ်စေ၊ အီလက်ထရောနစ်နည်းဖြင့် ဖြစ်စေ သို့မဟုတ် အခြားပစ္စည်းတစ်မျိုးမျိုးဖြင့်ဖြစ်စေ မှတ်တမ်းတင်ထားရှိခြင်း သို့မဟုတ် သိမ်းဆည်းထားခြင်း သို့မဟုတ် (၃) မှတ်ပုံတင်အရာရှိက အတည်ပြုလက်ခံသောအခြားနည်းလမ်းတစ်ရပ်ရပ်ဖြင့်ပြုစုထားခြင်း။ ( ခ) ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်များသည် အောက်ပါအတိုင်း ဆောင်ရွက်ထားခြင်းမရှိခဲ့လျှင် စာရင်းစာအုပ်ကို စက်ပစ္စည်းဖြင့်ဖြစ်စေ၊ အီလက်ထရောနစ်နည်းဖြင့်ဖြစ်စေ သို့မဟုတ် အခြားပစ္စည်းတစ်မျိုးမျိုးဖြင့်ဖြစ်စေ ထိန်းသိမ်းထားရှိခြင်း သို့မဟုတ် ပြုစုထားရှိခြင်းကို ခွင့်မပြုရ(၁) မှတ်တမ်းတင်ထားသော သို့မဟုတ် သိမ်းဆည်းထားသော ကိစ္စရပ်များသည် မည်သည့် အချိန်တွင်မဆို စာဖြင့်ရေးသားပြုစုထားသည့်ပုံစံအနေဖြင့် ပြန်လည်ရယူနိုင်သည့် အခြေအနေတွင်ရှိခြင်း သို့မဟုတ် (၂) အဆိုပါ ကိစ္စရပ်များကို မှတ်ပုံတင်အရာရှိက အတည်ပြုလက်ခံသော စာဖြင့်ရေးသား ပြုစုထားသည့် ပုံစံအနေဖြင့် ပြန်လည်ရယူထားခြင်း။ (ဂ ) ကုမ္ပဏီတစ်ခုသည် ဤဥပဒေအရ ၎င်းအနေဖြင့် ထိန်းသိမ်းထားရှိရသော သို့မဟုတ် ပြုစုထားရှိရသော စာရင်းစာအုပ်တစ်ရပ်ရပ် သို့မဟုတ် စာရင်းစာအုပ်၏တစ်စိတ်တစ်ဒေသကို ထိခိုက်ပျက်စီးမှု၊ ဖျက်ဆီးမှု၊ သို့မဟုတ် အချက်အလက်များ မှားယွင်းစေရန် ပြင်ဆင်မှုများ မဖြစ်ပေါ်စေရန်အတွက်သော်လည်းကောင်း၊ ယင်းစာရင်းစာအုပ်ရှိ အချက်အလက် မှားယွင်းမှုများကို ဖော်ထုတ်ရန်အတွက်သော်လည်းကောင်း သတ်မှတ်ဖော်ပြထားသည့် အတိုင်း ကြိုတင်ဆောင်ရွက်မှုများရှိခဲ့လျှင် အဆိုပါဆောင်ရွက်မှုများအပါအဝင် ထိုက်သင့်သည့် ကြိုတင်ဆောင်ရွက်မှုများအားလုံးကို ပြု လုပ်ဆောင်ရွက်ထားရမည်။ (ဃ) ကုမ္ပဏီတစ်ခုသည် အကြောင်းကိစ္စရပ်များကို စက်ပစ္စည်းဖြင့်ဖြစ်စေ၊ အီလက်ထရောနစ် နည်းဖြင့်ဖြစ်စေ သို့မဟုတ် အခြားပစ္စည်းတစ်မျိုးမျိုးဖြင့်ဖြစ်စေ မှတ်တမ်းတင်ထားရှိသည့်အခါ သို့မဟုတ် ထိန်းသိမ်းထားရှိသည့်အခါ အဆိုပါအကြောင်းကိစ္စများပါဝင်သော စာရင်းစာအုပ်ကို စစ်ဆေးကြည့်ရှုနိုင်စေရန် သို့မဟုတ် အဆိုပါအကြောင်းကိစ္စများပါဝင်သော စာရင်းစာအုပ် တစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ မိတ္တုများကူးယူနိုင်စေရန် ဤဥပဒေအရ ဆောင်ရွက်ပေးရမည့် တာဝန်တစ်ရပ်ရပ်သည် စာဖြင့်ရေးသားထားသည့်ပုံစံဖြင့် ထားရှိသော အကြောင်းကိစ္စများကို စစ်ဆေးကြည့်ရှုနိုင်စေရန် သို့မဟုတ် ထိုအကြောင်းကိစ္စတစ်ရပ်လုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ စာဖြင့်ရေးသားထားပြီး ရှင်းလင်းကောင်းမွန်သည့် ပုံစံဖြင့် ရယူထားရှိသော စာရွက်စာတမ်းကို ပြုစုပေးနိုင်စေရန်အတွက် ပြုလုပ်ပေးရမည့် တာဝန်တစ်ရပ်အဖြစ် အဓိပ္ပာယ်ကောက်ယူရမည်။ (င) ပုဒ်မခွဲ (ဃ) အရ ပြုစုထားရှိရမည့် စာရွက်စာတမ်းများတွင် ပါဝင်သော သတင်း အချက်အလက်များကို အချိန်နှင့်တပြေးညီဖြစ်စေရန် မည်သို့ပြင်ဆင် ပြုစုရမည်ဟူသော ညွှန်ကြားချက်များကို မှတ်ပုံတင်အရာရှိက ထုတ်ပြန်နိုင်သည်။ ( စ ) အကယ်၍(၁) ဤဥပဒေပါပြဋ္ဌာန်းချက်များကြောင့် ဤဥပဒေအရ ထိန်းသိမ်းထားရှိရသည့် သို့မဟုတ် ပြုစုထားရှိရသည့် စာရင်းစာအုပ်သည် အကြောင်းကိစ္စတစ်ရပ်ရပ်အတွက် ထင်ရှားမြင်သာသော သက်သေခံအထောက်အထားဖြစ်လျှင်၊ ၎င်းအပြင် (၂) အဆိုပါ စာရင်းစာအုပ် သို့မဟုတ် စာရင်းစာအုပ်၏ တစ်စိတ်တစ်ဒေသဖြစ်သည့် အကြောင်းကိစ္စရပ်များကို စက်ပစ္စည်းဖြင့်ဖြစ်စေ၊ အီလက်ထရောနစ်နည်းဖြင့် ဖြစ်စေ၊ အခြားပစ္စည်းတစ်မျိုးမျိုးဖြင့်ဖြစ်စေ ထိန်းသိမ်းထားရှိလျှင် သို့မဟုတ် မှတ်တမ်းတင်ထားရှိလျှင်။ ထိုသို့မှတ်တမ်းတင်ထားရှိသည့် သို့မဟုတ် ထိန်းသိမ်းထားသည့် အကြောင်းကိစ္စများကို ထုတ်ယူရရှိသည့် စာဖြင့်ရေးသားထားသော စာရွက်စာတမ်းသည် အဆိုပါကိစ္စရပ် အတွက် ထင်ရှားမြင်သာသော သက်သေခံအထောက်အထား ဖြစ်သည်။ (ဆ) စက်ပစ္စည်းဖြင့်ဖြစ်စေ၊ အီလက်ထရောနစ်နည်းဖြင့်ဖြစ်စေ သို့မဟုတ် အခြားပစ္စည်း တစ်မျိုးမျိုးဖြင့်ဖြစ်စေ မှတ်တမ်းတင်ထားရှိသည့် သို့မဟုတ် ထိန်းသိမ်းထားရှိသည့် အကြောင်းကိစ္စတစ်ခုကို စာဖြင့်ရေးသားထုတ်ယူခြင်းသည် ဆန့်ကျင်ကွဲလွဲမှုတစ်စုံတစ်ရာ မရှိလျှင် အဆိုပါအကြောင်းကိစ္စ၏ စာဖြင့်မှတ်တမ်းတင်ထားရှိသည့် အကြောင်းကိစ္စတစ်ရပ် ဖြစ်သည်ဟု သတ်မှတ်ရမည်။ စာရွက်စာတမ်းများကို ပေးပို့ခြင်းနှင့် ၎င်းတို့သည် အစစ်အမှန်ဖြစ်ခြင်းအကြောင်း ကုမ္ပဏီသို့ စာရွက်စာတမ်းများ ပေးပို့ခြင်း ၄၄၉။ စာရွက်စာတမ်းများကို ပေးပို့ဆောင်ရွက်ရမည့် အခြားသောနည်းလမ်းတစ်ရပ်ရပ်ကို ကန့်သတ် တားမြစ်ထားခြင်းမရှိစေဘဲ စာရွက်စာတမ်းတစ်ရပ်ရပ်ကို ကုမ္ပဏီတစ်ခုသို့ အောက်ပါအတိုင်း ပေးပို့ဆောင်ရွက်နိုင်သည်(က) ကုမ္ပဏီ၏ မှတ်ပုံတင်ထားသောရုံးခန်းသို့ ကိုယ်တိုင်ပေးပို့ခြင်း သို့မဟုတ် စာတိုက်မှ တစ်ဆင့်ပေးပို့ခြင်း သို့မဟုတ် ( ခ) ပုဒ်မ ၄၂၁ အရ မှတ်ပုံတင်အရာရှိက ထိန်းသိမ်းထားရှိရသည့် မှတ်ပုံတင်စာရင်းတွင် ကုမ္ပဏီ၏ ဒါရိုက်တာများအဖြစ် အမည်စာရင်းပါရှိသော ပုဂ္ဂိုလ်တစ်ဦးဦးထံသို့ပေးပို့ခြင်း သို့မဟုတ် (ဂ ) ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သောအဓိကနေရပ်ရှိ ကုမ္ပဏီ၏ ဝန်ထမ်း တစ်ဦးဦးထံသို့ပေးပို့ခြင်း သို့မဟုတ် (ဃ) တရားစွဲဆို စစ်ဆေးဆောင်ရွက်မှု တစ်ရပ်ရပ်တွင် စာပေးပို့ရန်အတွက် တရားရုံးက ညွှန်ကြားသည့် နည်းလမ်းများနှင့်အညီပေးပို့ခြင်း သို့မဟုတ် (င ) ကုမ္ပဏီနှင့်ပြုလုပ်ထားသော သဘောတူညီချက်တစ်ရပ်ရပ်နှင့်အညီပေးပို့ခြင်း။ မှတ်ပုံတင်အရာရှိထံသို့ စာရွက်စာတမ်းများ ပေးပို့ခြင်း ၄၅၀။ စာရွက်စာတမ်းတစ်ခုခုကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့ဆောင်ရွက်ရာတွင် ၎င်းထံသို့ စာတိုက်မှ တစ်ဆင့်သော်လည်းကောင်း၊ ကိုယ်တိုင်ပေးပို့ခြင်းဖြင့်သော်လည်းကောင်း၊ ၎င်း၏ ရုံးခန်းသို့ ပေးပို့ခြင်းဖြင့် သော်လည်းကောင်း ဆောင်ရွက်နိုင်သည်။ စာရွက်စာတမ်းများ အစစ်အမှန်ဖြစ်ခြင်း ၄၅၁။ စာရွက်စာတမ်း သို့မဟုတ် မှုခင်းဆောင်ရွက်မှုတစ်ရပ်ရပ်သည် အစစ်အမှန်ဖြစ်သည်ဟု ကုမ္ပဏီကဖော်ပြနိုင်သည့် အခြားသောနည်းလမ်းတစ်ရပ်ရပ်ကိုဖြစ်စေ၊ ပုဒ်မ ၃၁ အရ ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်နေသော ပုဂ္ဂိုလ်တစ်ဦးဦးက ပြုလုပ်ဆောင်ရွက်ခွင့်ရှိသည့် ယူဆချက်များကို ဖြစ်စေ ကန့်သတ်တားမြစ်ထားခြင်း မရှိစေဘဲ ကုမ္ပဏီက အစစ်အမှန်ဖြစ်သည်ဟု ဖော်ပြရန်လိုအပ်သော စာရွက်စာတမ်း သို့မဟုတ် မှုခင်းဆောင်ရွက်မှု တစ်ရပ်ရပ်ကို ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးဦး၊ အတွင်းရေးမှူး သို့မဟုတ် အခြားသော အခွင့်အာဏာ အပ်နှင်းခြင်းခံရသော အရာရှိတို့က လက်မှတ် ရေးထိုးနိုင်သည်။ ဤကိစ္စတွင် ရုံးတံဆိပ်ခတ်နှိပ်ရန် လိုအပ်ခြင်းမရှိ။ အခန်း (၃၀) ပြစ်မှုများနှင့် ခုခံချေပခြင်းအကြောင်း သီးခြားပြစ်မှုများ မှားယွင်းသည့် ရေးသားဖော်ပြချက်အတွက် ပြစ်ဒဏ် ၄၅၂။ မည်သူမဆိုဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်၏ ကိစ္စရပ်များအတွက် ပြုလုပ်ရန်လိုအပ်သည့် အရှုံးအမြတ်စာရင်း၊ အစီရင်ခံစာ၊ သက်သေခံလက်မှတ်၊ ငွေကြေးဆိုင်ရာရေးသားဖော်ပြချက် သို့မဟုတ် အခြားစာရွက်စာတမ်းတစ်ရပ်ရပ်တွင် အရေးပါသောအချက်အလက်များနှင့် စပ်လျဉ်း၍ အဆိုပါအချက်အလက်များမှာ မှားယွင်းနေသည်ကို သိလျက်ဖြင့် မှားယွင်းဖော်ပြခြင်း သို့မဟုတ် လွဲမှားစွာတင်ပြခြင်းတို့ကို တမင်ပြုလုပ်ခဲ့လျှင် သို့မဟုတ် ထိုသို့ပြုလုပ်ရန် ခွင့်ပြုခဲ့လျှင် သို့မဟုတ် အဆိုပါ စာရွက်စာတမ်းများမှ အကြောင်းအရာတစ်ရပ်ရပ်ကို ချန်လှပ်ထားခြင်းသည် စာရွက်စာတမ်းကို မှားယွင်းစေခြင်း သို့မဟုတ် လွဲမှားစွာတင်ပြခြင်းဖြစ်စေကြောင်းသိလျက်ဖြင့် ထိုသို့ချန်လှပ်ထားခြင်း သို့မဟုတ် ထိုသို့ပြုလုပ်ရန်ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့လျှင် ထိုသူသည် တည်ဆဲဥပဒေအရချမှတ်သည့် ပြစ်ဒဏ်ကိုကျခံရမည်။ ပစ္စည်းများကို မှားယွင်း၍ နုတ်ပယ်ထားခြင်း သို့မဟုတ် ဖျက်ဆီးခြင်းအတွက် ပြစ်ဒဏ် ၄၅၃။ ကုမ္ပဏီ၏ပစ္စည်းတစ်ရပ်ရပ်အား လက်ဝယ်ရှိခွင့်ကို မှားယွင်းရရှိထားသော သို့မဟုတ် လက်ဝယ် ရရှိထားသည့် ထိုပစ္စည်းတစ်ရပ်ရပ်ကို မှားယွင်း၍ နုတ်ပယ်ခြင်း သို့မဟုတ် ဤဥပဒေ သို့မဟုတ် ကုမ္ပဏီ၏ အခြေခံစည်းမျဉ်းပြဋ္ဌာန်းချက်များတွင် ဖော်ပြထားသော သို့မဟုတ် ညွှန်ကြားထားသော သို့မဟုတ် ခွင့်ပြုထားသော ကိစ္စရပ်မဟုတ်သော အခြားကိစ္စရပ်များအတွက် တမင်အသုံးပြုခဲ့သော ကုမ္ပဏီ၏ ဒါရိုက်တာ၊ အခြားအရာရှိ သို့မဟုတ် ဝန်ထမ်းတစ်ဦးဦးသည် ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီ၏ မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးက တင်ပြတိုင်တန်းခဲ့ပါက တည်ဆဲ ဥပဒေအရ ချမှတ်သည့် ပြစ်ဒဏ်ကိုကျခံရမည်။ ၎င်းအပြင်တရားရုံးက သတ်မှတ်သည့် အချိန်ကာလအတွင်း မမှန်မကန်ရယူ ထားသော သို့မဟုတ် မှားယွင်း၍ နုတ်ပယ်ထားသော သို့မဟုတ် တမင်လွဲမှားစွာအသုံးပြုထားသော အဆိုပါပစ္စည်းများကို ပြန်လည်ပေးအပ်စေရန် သို့မဟုတ် ငွေကြေးပြန်လည်ပေးဆပ်စေရန် တရားရုံးက အမိန့်ချမှတ်နိုင်သည်။ ဝန်ထမ်းများက အာမခံချက်များကို အလွဲအသုံးပြုခြင်းအတွက် ပြစ်ဒဏ် ၄၅၄။ (က) ကုမ္ပဏီနှင့်ဆောင်ရွက်ထားသည့် တာဝန်ဆောင်ရွက်ခြင်းဆိုင်ရာ ပဋိညာဉ်စာချုပ်များအရ ကုမ္ပဏီ၏ဝန်ထမ်းများက ကုမ္ပဏီတွင် အပ်နှံထားရှိသည့် ငွေကြေး သို့မဟုတ် အာမခံ ချက်များအားလုံးကို သတ်မှတ်စီစဉ်ထားသည့် ဘဏ်တစ်ခုခုတွင် ထိုကိစ္စအတွက် ကုမ္ပဏီက ဖွင့်လှစ်ထားသည့် သီးခြားငွေစာရင်း၌ ကုမ္ပဏီက သိမ်းဆည်းထားရှိရမည် သို့မဟုတ် အပ်နှံထားရှိရမည်ဖြစ်ပြီး အဆိုပါငွေကြေး သို့မဟုတ် အာမခံချက်၏ မည်သည့် အစိတ်အပိုင်းကိုမျှ တာဝန်ဆောင်ရွက်ခြင်းဆိုင်ရာ ပဋိညာဉ်စာချုပ်တွင် သဘောတူညီ ထားသည့် ကိစ္စရပ်များအတွက်မှတစ်ပါး ကုမ္ပဏီက သုံးစွဲခြင်းမပြုရ။ ( ခ ) ကုမ္ပဏီ၏ဝန်ထမ်းများ သို့မဟုတ် ဝန်ထမ်း အမျိုးအစားတစ်ရပ်ရပ်အတွက် အိုနာစာ ရန်ပုံငွေတစ်ရပ်ကို ကုမ္ပဏီက တည်ထောင်ထားရှိသည့်အခါ အဆိုပါရန်ပုံငွေသို့ ကုမ္ပဏီကဖြစ်စေ၊ ဝန်ထမ်းများကဖြစ်စေ ထည့်ဝင်ထားသည့် ငွေကြေးများအားလုံး သို့မဟုတ် အဆိုပါ ရန်ပုံငွေသို့ အတိုး သို့မဟုတ် အခြားနည်းလမ်းတစ်ရပ်ရပ်အရ ရရှိသည့် ငွေကြေးများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တရားဝင်လိုင်စင် ထုတ်ပေးထားသည့် ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုခုတွင် ဖွင့်လှစ်ထားသည့် ငွေစာရင်း၌ အပ်နှံထားရှိရမည် သို့မဟုတ် ယုံကြည်အပ်နှံရေးအက်ဥပဒေ ပုဒ်မ ၂၀၊ ပုဒ်မခွဲ (က) မှ (င) အထိတို့တွင် ဖော်ပြပါရှိသော သို့မဟုတ် ရည်ညွှန်းဖော်ပြထားသော ငွေချေးသက်သေခံလက်မှတ်များအဖြစ် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရမည်ဖြစ်ပြီး အခြားသက်ဆိုင်ရာ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။ (ဂ) ပုဒ်မခွဲ (ခ) နှင့်သက်ဆိုင်သည့် ရန်ပုံငွေတစ်ရပ်ရပ် သို့မဟုတ် ကုမ္ပဏီနှင့် ယင်း၏ ဝန်ထမ်းများအကြားပြုလုပ်ထားသည့် ပဋိညာဉ်စာချုပ်တစ်ရပ်ရပ်ပါ ရန်ပုံငွေတစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့် စည်းမျဉ်းများနှင့် တစ်စုံတစ်ရာဆန့်ကျင်ခြင်းရှိစေကာမူ မည်သည့် ဝန်ထမ်းကမျှ ပုဒ်မခွဲ (ခ) ပါပြဋ္ဌာန်းချက်များနှင့်အညီ ရင်းနှီးမြှုပ်နှံထားသည့် အဆိုပါ ရန်ပုံငွေတွင် ၎င်းထည့်ဝင်ထားသည့် ငွေပမာဏအချိုးကျအတိုင်း အဆိုပါရင်းနှီးမြှုပ်နှံမှုမှ ရရှိသည့်အတိုးနှုန်းထက် ပိုမိုသောနှုန်းထားတစ်ရပ်ဖြင့် အတိုးငွေကို လက်ခံရရှိခွင့် မရှိစေရ။ (ဃ) ဝန်ထမ်းတစ်ဦးသည် ကုမ္ပဏီသို့ တင်ပြတောင်းဆို၍ ပုဒ်မခွဲ (က) နှင့် (ခ) တို့တွင် ရည်ညွှန်းဖော်ပြထားသည့်ငွေကြေးအတွက် ဘဏ်လက်ခံပြေစာများ သို့မဟုတ် ငွေချေး သက်သေခံလက်မှတ်တစ်ရပ်ရပ်ပိုင်ဆိုင်မှု အထောက်အထားများကို ကြည့်ရှုခွင့်ရှိသည်။ (င ) ဤပုဒ်မပါပြဋ္ဌာန်းချက်များကို သိလျက်ဖြင့် ဆန့်ကျင်ဆောင်ရွက်သော သို့မဟုတ် ဆန့်ကျင် ဆောင်ရွက်ရန် ခွင့်ပြုသော သို့မဟုတ် ဆန့်ကျင်ဆောင်ရွက်စေသော ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိတစ်ဦးစီသည် တည်ဆဲဥပဒေအရ ချမှတ်သည့်ပြစ်ဒဏ်ကို ကျခံရမည်။ “လီမိတက်” ဟူသော စကားရပ်ကို မလျော်မကန် သုံးစွဲမှုအတွက် ပြစ်ဒဏ် ၄၅၅။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် ပုဂ္ဂိုလ်များသည် ကူးသန်းရောင်းဝယ်ခြင်း သို့မဟုတ် စီးပွားရေးလုပ်ငန်းများဆောင်ရွက်ခြင်းတို့ကို နောက်ဆုံးစာလုံးအဖြစ် “လီမိတက်” ဟူသော စကားရပ် ပါရှိသည့် အမည် သို့မဟုတ် ခေါင်းစဉ်တစ်ရပ်ရပ်ဖြင့် ဆောင်ရွက်ခဲ့လျှင် တာဝန်ကန့်သတ်ပြီး တရားဝင် ဖွဲ့စည်းတည်ထောင်ထားသည့်ကုမ္ပဏီ သို့မဟုတ် အဖွဲ့ အစည်းမဟုတ်ပါက ထိုသူ သို့မဟုတ် ထိုသူ များသည် တည်ဆဲဥပဒေအရချမှတ်သည့် ပြစ်ဒဏ်ကို ကျခံရမည်။ စာရင်းစာအုပ်များ၏ အချက်အလက်များကို မှားယွင်းစေရန် ပြင်ဆင်မှုများအတွက် ပြစ်မှု ၄၅၆။ (က) ကုမ္ပဏီတစ်ခု၏ အရာရှိ၊ ယခင်က တာဝန်ထမ်းဆောင်ခဲ့သော အရာရှိ၊ ဝန်ထမ်း၊ ယခင်ကတာဝန်ထမ်းဆောင်ခဲ့သော ဝန်ထမ်း၊ ကုမ္ပဏီတွင်ပါဝင်သူ သို့မဟုတ် ကုမ္ပဏီတွင် ယခင်က ပါဝင်ခဲ့သူတစ်ဦးဦးသည် ကုမ္ပဏီက ပိုင်ဆိုင်သည့် သို့မဟုတ် ထုတ်ဝေသည့် ငွေချေးသက်သေခံ လက်မှတ်တစ်ရပ်ရပ် သို့မဟုတ် ကုမ္ပဏီ၏လုပ်ငန်းကိစ္စရပ်များနှင့် သက်ဆိုင်သည့် စာရင်းစာအုပ်တစ်ရပ်ရပ်၏ အချက်အလက်များကို ဖုံးကွယ်ခြင်း၊ ဖျက်ဆီးခြင်း၊ ချို့ယွင်းစေခြင်း သို့မဟုတ် မှားယွင်းစေရန် ပြင်ဆင်ခြင်းတို့ကို ပြုလုပ်မှုသည် ပြစ်မှုတစ်ရပ်ကို ကျူးလွန်ရာရောက်ပြီး ဤဥပဒေအရ ပြစ်မှုမြောက်သည်။ ( ခ) ကုမ္ပဏီ၏ လုပ်ငန်းကိစ္စများနှင့် သက်ဆိုင်သော စာရင်းစာအုပ်များကို ထိန်းသိမ်းထားခြင်းနှင့် စပ်လျဉ်း၍ အသုံးပြုသည့် သို့မဟုတ် အသုံးပြုရန် ရည်ရွယ်ထားသည့် ကိစ္စရပ်ကို စက်ပစ္စည်းဖြင့်ဖြစ်စေ၊ အီလက်ထရောနစ်စက်ပစ္စည်းဖြင့်ဖြစ်စေ သို့မဟုတ် အခြားပစ္စည်း တစ်မျိုးမျိုးဖြင့်ဖြစ်စေ ဖတ်ရှုရန်ခက်ခဲသည့်ပုံစံဖြင့် မှတ်တမ်းတင်ထားရှိသည့် သို့မဟုတ် ထိန်းသိမ်းထားရှိသည့်အခါ – (၁) အရေးကြီးသည့် ကိစ္စရပ်များတွင် မှားယွင်းသည်ဟုလည်းကောင်း၊ သို့မဟုတ် လွဲမှား၍ တင်ပြထားသည်ဟုလည်းကောင်း သိရှိပြီး အဆိုပါပစ္စည်းများဖြင့် ထိုကိစ္စရပ်အား မှတ်တမ်းတင်ထားရှိသူ သို့မဟုတ် ထိန်းသိမ်းထားရှိသူတစ်ဦးဦး၊ (၂) အဆိုပါပစ္စည်းဖြင့် မှတ်တမ်းတင်ထားရှိသော သို့မဟုတ် ထိန်းသိမ်းထားရှိသော ကိစ္စရပ်များ သို့မဟုတ် အဆိုပါပစ္စည်းဖြင့် မှတ်တမ်းတင်ထားရှိရမည့် သို့မဟုတ် ထိန်းသိမ်းထားရှိရမည့် အခြားကိစ္စရပ်များကို မှတ်တမ်းတင်ထားရှိရန် သို့မဟုတ် ထိန်းသိမ်းထားရှိရန် ရည်ရွယ်၍ဖြစ်စေ သို့မဟုတ် ၎င်းတို့ကို စုစည်းဆောင်ရွက်ခြင်း သို့မဟုတ် ပြန်လည်ပြုစုခြင်းတို့တွင် အသုံးပြုရန်အတွက်ဖြစ်စေ ပြုစုဆောင်ရွက်သည့် ကိစ္စရပ်များတွင် ဖျက်ဆီးခြင်း၊ ဖယ်ရှားခြင်း သို့မဟုတ် အချက်အလက်များကို မှားယွင်းစေရန် ပြင်ဆင်ခြင်းတို့ကို ဖြစ်စေသော အပြုအမူများကို ဆောင်ရွက်သူ တစ်ဦးဦး သို့မဟုတ် (၃) အဆိုပါပစ္စည်းဖြင့် အကြောင်းကိစ္စရပ်များကို မှတ်တမ်းတင်ထားရန် သို့မဟုတ် ထိန်းသိမ်းထားရှိရန် တာဝန်ရှိပြီး ထိုသို့လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သူ တစ်ဦးဦးသည် – (ကက) ထိုသို့ မှတ်တမ်းတင်ထားရှိရမည့် သို့မဟုတ် ထိန်းသိမ်းထားရှိရမည့် အကြောင်းကိစ္စရပ်များမှ အချက်အလက် အားလုံးကို ဖြစ်စေ၊ တစ်စိတ် တစ်ဒေသကိုဖြစ်စေ မှားယွင်းစေရန် ရည်ရွယ်၍ ရေးသွင်းချက်များကို ပြုလုပ်ခြင်း သို့မဟုတ် ပြုစုခြင်း သို့မဟုတ် ( ခခ ) အကြောင်းကိစ္စရပ်များကို ထိုသို့ မှတ်တမ်းတင်ထားရှိရန် သို့မဟုတ် ထိန်းသိမ်းထားရှိရန် ပျက်ကွက်ခြင်းသည် ထိုသို့ မှတ်တမ်းတင်ထားသည့် သို့မဟုတ် ထိန်းသိမ်းထားသည့် အခြားသော သီးခြားအရေးကြီးသည့် အကြောင်းကိစ္စများတွင် မှားယွင်းစေမည်ဖြစ်ကြောင်း သို့မဟုတ် လွဲမှားစွာ တင်ပြခြင်းဖြစ်စေကြောင်း သိရှိခြင်းသည် ဤပုဒ်မပါ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်ဆောင်ရွက်ရာရောက်သည်။ (ဂ) တရားပြိုင်သည် ပြစ်မှုမြောက်သော ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှု ဖြစ်ပေါ်စေသည့် အခြေအနေများအားလုံးကို သဘောရိုးဖြင့် ဆောင်ရွက်ခဲ့ကြောင်းနှင့် အပြစ်မှ ကင်းလွတ် ခွင့်ပြုသင့်ကြောင်း သက်သေထင်ရှားတင်ပြနိုင်လျှင် ပုဒ်မခွဲ (က) သို့မဟုတ် ပုဒ်မခွဲ (ခ)အရ ဖြစ်ပေါ်လာသည့် စွဲချက်တစ်ရပ်ရပ်ကို ခုခံချေပရာရောက်သည်။ (ဃ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များကို ပုဒ်မ ၄၅၂ ပါ ပြဋ္ဌာန်းချက်များကို ကန့်သတ်တားမြစ်ခြင်း မရှိစေဘဲ ကျင့်သုံးဆောင်ရွက်ရမည်။ အထွေထွေပြစ်မှုများ အထွေထွေ ပြစ်ဒဏ်ဆိုင်ရာ ပြဋ္ဌာန်းချက်များ ၄၅၇။ (က) ကုမ္ပဏီအပါအဝင် တစ်ဦးတစ်ယောက်သည် – (၁) ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်အရ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားသည့် ပြုလုပ်မှု သို့မဟုတ် အကြောင်းကိစ္စတစ်ရပ်ရပ်ကိုဆောင်ရွက်လျှင် သို့မဟုတ် ၊ (၂) ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်အရ ဆောင်ရွက်ရန်လိုအပ်သည့် သို့မဟုတ် ညွှန်ကြားထားသည့်ပြုလုပ်မှု သို့မဟုတ် အကြောင်းကိစ္စတစ်ရပ်ရပ်ကို ဆောင်ရွက်ခြင်း မပြုလျှင် သို့မဟုတ် (၃) ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို အခြားနည်းတစ်ရပ်ရပ်ဖြင့် ဆန့်ကျင် ဆောင်ရွက်လျှင်၊ ဤဥပဒေပါ အဆိုပါပြဋ္ဌာန်းချက် သို့မဟုတ် အခြားသောပြဋ္ဌာန်းချက်များက ထိုသူသည် ပြစ်မှုတစ်ရပ်အရ အပြစ်မရှိကြောင်း ပေါ်ပေါက်ခဲ့ခြင်းမရှိလျှင် ဤပုဒ်မခွဲအရ ပြစ်မှုတစ်ရပ်ကို ကျူးလွန်ရာရောက်သည်ဟု မှတ်ယူရမည်။ ( ခ ) တစ်ဦးတစ်ယောက်သည် ပုဒ်မခွဲ (က)အရဖြစ်စေ၊ အခြားပြဋ္ဌာန်းချက်များအရဖြစ်စေ၊ ဤဥပဒေအရ ပြစ်မှုတစ်ရပ်နှင့်ပတ်သက်၍ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ပြစ်မှုနှင့် သက်ဆိုင်သည့် ပြစ်ဒဏ်ထက်မပိုသော ပြစ်ဒဏ်တစ်ရပ်ကိုကျခံရမည်။ (ဂ) ဤဥပဒေပါ သီးခြားပြဋ္ဌာန်းချက်တစ်ရပ်ကို ဆန့်ကျင်ဆောင်ရွက်မှုအတွက် သက်ဆိုင်သော ပြစ်ဒဏ်ကို ဤပုဒ်မမှတစ်ပါး ဤဥပဒေ၏ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်တွင် သီးခြားပြစ်ဒဏ်၊ ငွေဒဏ် သို့မဟုတ် အခြားပြစ်ဒဏ်တစ်ရပ်အဖြစ် သတ်မှတ်ဖော်ပြထားလျှင် အဆိုပါ ဆန့်ကျင်ဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်လာသည့်ပြစ်မှုအတွက် သက်ဆိုင်သည့် ပြစ်ဒဏ်သည် သီးခြားသတ်မှတ်ဖော်ပြထားသော ပြစ်ဒဏ် ဖြစ်သည်။ စီရင်ပိုင်ခွင့်နယ်မြေအတွင်း အချို့တဝက်ကျူးလွန်ပြီး စီရင်ပိုင်ခွင့်နယ်မြေပြင်ပတွင် အချို့တဝက် ကျူးလွန်သော ပြစ်မှုများ ၄၅၈။ အကယ်၍(က) တစ်ဦးတစ်ယောက်သည် တားမြစ်ထားသည့် ပြုလုပ်မှုတစ်ရပ်ကို နိုင်ငံတော်၏ ပြင်ပတွင် ဆောင်ရွက်ခဲ့လျှင် သို့မဟုတ် ဆောင်ရွက်ရမည့် ပြုလုပ်မှုတစ်ရပ်ကို နိုင်ငံတော်၏ ပြင်ပတွင် ပျက်ကွက်ခဲ့လျှင်၊ ( ခ) အဆိုပါ ပြုလုပ်မှုအတိုင်း နိုင်ငံတော်အတွင်း ဆောင်ရွက်ခဲ့ခြင်း သို့မဟုတ် ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ခြင်းတို့ဖြင့် ထိုသူသည် နိုင်ငံတော်အတွင်း ပြုလုပ်မှုတစ်ရပ်ကို ဆောင်ရွက်ခဲ့ သကဲ့သို့ သို့မဟုတ် ဆောင်ရွက်ရန် ပျက်ကွက်ခဲ့သကဲ့သို့ ဤဥပဒေနှင့် ဆန့်ကျင်သည့် ပြစ်မှုကိုကျူးလွန်လျှင် ထိုသူသည် အဆိုပါ ပြစ်မှုတစ်ရပ်ရပ်ဖြင့် ပြစ်ဒဏ်ထိုက်သင့်သည်။ ပြစ်မှုများကို ဆက်လက်ကျူးလွန်ခြင်း ၄၅၉။ (က) ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်အရ သတ်မှတ်ထားသည့် အချိန်ကာလအတွင်းတွင် ဖြစ်စေ၊ သတ်မှတ်ထားသည့် အချိန်ကာလမတိုင်မီတွင်ဖြစ်စေ ပြုလုပ်မှုတစ်ရပ်ရပ်ကို ပြုလုပ်ရန်လိုအပ်ပြီး အဆိုပါအချိန်ကာလအတွင်းတွင်ဖြစ်စေ၊ အဆိုပါအချိန်ကာလ မတိုင်မီတွင်ဖြစ်စေ ထိုပြုလုပ်မှုကိုဆောင်ရွက်ရန် ပျက်ကွက်ခြင်းသည် ပြစ်မှုတစ်ရပ်ရပ် ဖြစ်လျှင် အဆိုပါ အချိန်ကာလအတွင်းတွင်ဖြစ်စေ၊ အဆိုပါအချိန်ကာလမတိုင်မီတွင်ဖြစ်စေ၊ ထိုပြုလုပ်မှုကို ဆောင်ရွက်ခြင်းမပြုလျှင် အောက်ပါအတိုင်းဖြစ်ရမည်(၁) ပြုလုပ်မှုကို ဆောင်ရွက်ရမည့်တာဝန်ကို အဆိုပါအချိန်ကာလ ကုန်ဆုံးသွားပြီး နောက်တွင်သော်လည်းကောင်း၊ အဆိုပါ အချိန်ကျော်လွန်သွားသည့်အခါတွင် သော်လည်းကောင်း ထိုသို့ပြုလုပ်မှုကို ဆောင်ရွက်ရန် ပျက်ကွက်မှုနှင့်စပ်လျဉ်း၍ ပြစ်မှုတစ်ရပ်ဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်း ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ အဆိုပါ ပြုလုပ်မှုကို ဆောင်ရွက်ပြီးသည်အထိ ဆက်လက်ဆောင် ရွက်ရမည့်အပြင် (၂) ပုဒ်မခွဲ (ဂ) ကိုလည်း လိုက်နာဆောင်ရွက်ရမည်။ ( ခ ) ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်အရ ပြုလုပ်ရန် လိုအပ်သည့် ပြုလုပ်မှုတစ်ရပ်ကို ဆောင်ရွက်ရန်အတွက် အချိန်ကာလသတ်မှတ်ထားခြင်းမရှိဘဲ ထိုပြုလုပ်မှုကို ဆောင်ရွက်ရန် ပျက်ကွက်ခြင်းသည် ပြစ်မှုမြောက်ပြီး ယင်းနှင့်စပ်လျဉ်း၍ ပြစ်မှုတစ်ရပ်ဖြင့် ပြစ်မှုထင်ရှား စီရင်ခြင်းခံရသည့်အခါ အောက်ပါအတိုင်းဖြစ်ရမည် – (၁) ပြစ်မှုထင်ရှားစီရင်ခြင်းခံရသော်လည်း ပြုလုပ်မှုကို ဆောင်ရွက်ရမည့်တာဝန်ကို အဆိုပါ ပြုလုပ်မှုကို ဆောင်ရွက်ပြီးသည်အထိ ဆက်လက်ဆောင်ရွက်ရမည့်အပြင် (၂) ပုဒ်မခွဲ (ဂ) ကိုလည်း လိုက်နာဆောင်ရွက်ရမည်။ (ဂ ) သတ်မှတ်ထားသည့် အချိန်ကာလ၌ ပြုလုပ်မှုအား ဆောင်ရွက်ရန် ပျက်ကွက်မှုနှင့် စပ်လျဉ်း၍ပြစ်မှုတစ်ရပ်ဖြင့် ပထမအကြိမ် ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီး ထိုအချိန်ကာလ ပြီးဆုံးပြီးနောက် ပြုလုပ်မှုအား ဆောင်ရွက်ရန် ဆက်လက်ပျက်ကွက်နေလျှင် အောက်ပါ အတိုင်းဖြစ်စေရမည် – (၁) ပြုလုပ်မှုအား ဆောင်ရွက်ရန်ပျက်ကွက်မှုနှင့်စပ်လျဉ်း၍ ပြုလုပ်မှုကို ဆောင်ရွက်ရန် ပျက်ကွက်သည့် ကာလတစ်လျှောက် သို့မဟုတ် အဆိုပါ သတ်မှတ်ချိန်ကုန်ဆုံးပြီး နောက်ထပ်ပြစ်မှုနှင့် သက်ဆိုင်သည့်နေ့ရက်မတိုင်မီ ကာလတစ်လျှောက်အတွက် နောက်ထပ်ပြစ်မှုတစ်ရပ်ဖြင့် အပြစ်ရှိသည်၊ ၎င်းအပြင် (၂) ဤဥပဒေနှင့် အခြားသက်ဆိုင်ရာဥပဒေတစ်ရပ်ရပ်ပါ ကိစ္စရပ်များအတွက် အဆိုပါ အချိန်ကာလအတွင်း ပြုလုပ်မှုကို ဆောင်ရွက်ရန် ပျက်ကွက်မှုကြောင့် နောက်ထပ် ပြစ်မှုတစ်ရပ်ကို ကျူးလွန်ရာရောက်သည်။ (ဃ) တစ်ဦးတစ်ယောက်သည် သတ်မှတ်ကာလတစ်ရပ်အတွင်း သို့မဟုတ် ထိုအချိန်ကာလ၏ အပိုင်းအခြားတစ်ရပ်အတွင်း ပုဒ်မခွဲ (ဂ) အရ ပြစ်မှုတစ်ရပ်ဖြင့် အပြစ်ရှိလျှင် ထိုပြစ်မှုနှင့် သက်ဆိုင်သည့် ပြစ်ဒဏ်သည် အဆိုပါအချိန်ကာလ သို့မဟုတ် အဆိုပါ အချိန်ကာလ၏ အပိုင်းအခြားတစ်ရပ်ရှိ နေ့ရက်တိုင်းစီကို တစ်ရက်လျှင် ဒဏ်ကြေးငွေကျပ် နှစ်သောင်း ငါးထောင်ကို ပေးဆောင်ရမည်။ ခုခံချေပခြင်းနှင့် သက်သာခွင့် ဒါရိုက်တာ သို့မဟုတ် အရာရှိက ခုခံချေပခြင်း ၄၆၀။ (က) ပုဒ်မ ၄၃၅ ပါ ပြဋ္ဌာန်းချက်ကို ကန့်သတ်တားမြစ်ထားခြင်းမရှိစေဘဲ ဒါရိုက်တာ သို့မဟုတ် အရာရှိက အောက်ပါအတိုင်း သက်သေထင်ရှားတင်ပြနိုင်လျှင် ကုမ္ပဏီ၏ ဘုတ်အဖွဲ့က ဆောင်ရွက်ရမည့်တာဝန် သို့မဟုတ် ၎င်းတို့က ဆောင်ရွက်ရမည့်တာဝန် တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ပြစ်မှုတစ်ရပ်ဖြင့် စွဲချက်တင်ထားသော ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးဦး အတွက် ခုခံချေပချက်တစ်ရပ် ဖြစ်သည် – (၁) ဘုတ်အဖွဲ့က ဆောင်ရွက်ရမည့် တာဝန်နှင့်စပ်လျဉ်းသည့် ပြစ်မှုတစ်ရပ်တွင် ဘုတ်အဖွဲ့သည် ဤဥပဒေအရ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန် အတွက် သင့်လျော်သည့်ကိစ္စရပ်များ အားလုံးကို ဆောင်ရွက်ထားကြောင်း သို့မဟုတ် (၂) ဘုတ်အဖွဲ့ က ဆောင်ရွက်ရမည့်တာဝန်နှင့် စပ်လျဉ်းသည့် ပြစ်မှုတစ်ရပ်တွင် ဒါရိုက်တာ သို့မဟုတ် အရာရှိသည် ဘုတ်အဖွဲ့က ဤဥပဒေအရ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန်အတွက် အဆိုပါ ဒါရိုက်တာ သို့မဟုတ် အရာရှိသည် သင့်လျော်သည့်ကိစ္စရပ်များအားလုံးကို ဆောင်ရွက်ထားကြောင်း သို့မဟုတ် (၃) ဒါရိုက်တာ သို့မဟုတ် အရာရှိက ဆောင်ရွက်ရမည့်တာဝန်နှင့် စပ်လျဉ်းသည့် ပြစ်မှုတစ်ရပ်တွင် ဒါရိုက်တာ သို့မဟုတ် အရာရှိသည် ဤဥပဒေအရ သတ်မှတ်ချက် များကို လိုက်နာဆောင်ရွက်ရန်အတွက် သင့်လျော်သည့်ကိစ္စရပ်များအားလုံးကို ဆောင်ရွက်ထားကြောင်း သို့မဟုတ် (၄) ဤကိစ္စရပ်တွင် ဒါရိုက်တာ သို့မဟုတ် အရာရှိသည် ဤဥပဒေအရ သတ်မှတ်ချက် များကို ၎င်းတို့ကိုယ်တိုင်ဖြစ်စေ၊ ဘုတ်အဖွဲ့ကဖြစ်စေ လိုက်နာဆောင်ရွက်ရန်အတွက် သင့်လျော်သည့်ကိစ္စရပ်များကို ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း။ ( ခ ) ပုဒ်မ ၄၃၅ ပါ ပြဋ္ဌာန်းချက်များကို ကန့်သတ်တားမြစ်ထားခြင်း မရှိစေဘဲ ဒါရိုက်တာ သို့မဟုတ် အရာရှိက အောက်ပါအတိုင်း သက်သေထင်ရှားတင်ပြနိုင်လျှင် ကုမ္ပဏီက ဆောင်ရွက်ရမည့် တာဝန်တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ပြစ်မှုတစ်ရပ်ဖြင့် စွဲချက်တင်ထားသော ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးဦးအတွက် ခုခံချေပချက်တစ်ရပ်ဖြစ်သည် – (၁) ကုမ္ပဏီသည် ဤဥပဒေအရ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန်အတွက် သင့်လျော်သည့်ကိစ္စရပ်များအားလုံးကို ဆောင်ရွက်ထားကြောင်း သို့မဟုတ် (၂) ဒါရိုက်တာ သို့မဟုတ် အရာရှိက ကုမ္ပဏီသည် ဤဥပဒေအရ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန်အတွက် သင့်လျော်သည့်ကိစ္စရပ်များအားလုံးကို ဆောင်ရွက် ထားကြောင်း သို့မဟုတ် (၃) ဤကိစ္စရပ်တွင် ဒါရိုက်တာ သို့မဟုတ် အရာရှိက ကုမ္ပဏီသည် ဤဥပဒေအရ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန်အတွက် သင့်လျော်သည့်ကိစ္စရပ်များကို ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း။ ဆန့်ကျင်ဆောင်ရွက်ကြောင်း မြွက်ဟကြေညာပြီးနောက် တာဝန်ရှိမှုများမှ ကင်းလွတ်ခွင့်ပြုခြင်း ၄၆၁။ (က) ပုဒ်မ ၄၃၅ ပါ ပြဋ္ဌာန်းချက်များကို ကန့်သတ်တားမြစ်ထားခြင်းမရှိစေဘဲ ဤအပိုင်းအရ ပုဂ္ဂိုလ်တစ်ဦးဦးအပေါ် တရားစွဲဆိုစစ်ဆေးမှုများအား ဆောင်ရွက်ခြင်းနှင့် တရားစွဲဆို စစ်ဆေးရာတွင် ထိုသူသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ၊ သတ်မှတ် ဖော်ပြထားသည့် အခြားစည်းကမ်းချက်ကိုဖြစ်စေ ဆန့်ကျင်ဆောင်ရွက်ကြောင်း သို့မဟုတ် ဆန့်ကျင်ဆောင်ရွက်နိုင်ကြောင်း တရားရုံးက တွေ့ရှိသော်လည်း အောက်ပါကိစ္စရပ်များ ဖြစ်ပါက(၁) ထိုသူသည် သဘောရိုးဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့လျှင်၊ ၎င်းအပြင် (၂) ထိုသူက ကုမ္ပဏီ၏အရာရှိ သို့မဟုတ် ဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအပါအဝင် အမှုတွင်ပါရှိသည့် အကြောင်းအရာအားလုံးတို့တွင် ထိုသူသည် ဆန့်ကျင်ဆောင်ရွက်ခြင်းအတွက် ကင်းလွတ်ခွင့်ပြုသင့်ကြောင်းတွေ့ရှိခဲ့လျှင် တရားရုံးသည် ဆန့်ကျင်ဆောင်ရွက်မှုအတွက် ထိုသူနှင့် သက်ဆိုင်မည့် သို့မဟုတ် အခြားနည်း တာဝန်ရှိနိုင်မည့် တာဝန်ရှိမှု တစ်ရပ်လုံးကိုဖြစ်စေ၊ ယင်း၏ တစ်စိတ် တစ်ဒေသကိုဖြစ်စေ ထိုသူအား ကင်းလွတ်ခွင့်ပြုနိုင်သည်။ ( ခ ) တစ်ဦးတစ်ယောက်က ဤဥပဒေပါ ပြဋ္ဌာန်းချက်များအား ဆန့်ကျင်ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ဤအပိုင်းပါ ပြဋ္ဌာန်းချက်များအရ တရားစွဲဆို ဆောင်ရွက်မှုများကို ပြုလုပ်မည်ဟု ထင်မြင်လျှင် ထိုသူသည် သက်သာခွင့်ရရှိရေးအတွက် တရားရုံးသို့ တင်ပြလျှောက်ထားနိုင်သည်။ ပုဒ်မခွဲ (ခ) အရ တင်ပြလျှောက်ထားလာလျှင်၊ တရားရုံးသည် တရားစွဲဆို ဆောင်ရွက်မှုကို ပြုလုပ်သကဲ့သို့ ပုဒ်မခွဲ (က) အရ သက်သာခွင့်ကို ပေးအပ်နိုင်သည်။ (ဃ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် သက်သာခွင့် ပေးအပ်နိုင်သည့် တရားရုံး၏ အခြားသော အခွင့်အာဏာများကို ကန့်သတ်တားမြစ်ထားခြင်းမရှိစေရ။

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။