ပြည်ထောင်စုတရားစီရင်ရေးဥပဒေကိုစတုတ္ထအကြိမ်ပြင်ဆင်သည့်ဥပဒေ

(၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၅ ။)

၁၃၈၁ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၅ ရက်

(၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၀ ရက် )

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေ ဟု ခေါ်တွင်စေရမည်။ ၂။ ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၂၃ ကို အောက်ပါအတိုင်း အစားထိုးရမည်“၂၃။ (က) နိုင်ငံတော်သမ္မတက ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ရွေးချယ်ခန့်ထားခြင်းခံရသူများသည် စတင်တာဝန်ထမ်းဆောင်ခြင်းမပြုမီ ပြည်ထောင်စုလွှတ်တော်နာယကရှေ့မှောက်၌ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရမည်။ (ခ) နိုင်ငံတော်သမ္မတက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများအဖြစ် ရွေးချယ်ခန့်ထားခြင်းခံရသူများသည် စတင်တာဝန် ထမ်းဆောင်ခြင်းမပြုမီ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ရှေ့မှောက်၌ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရမည်။ ( ဂ ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်(၁) တရားသူကြီးအဖြစ် ရွေးချယ်ခန့်ထားခြင်းခံရသူများအား တရားသူကြီးအဖြစ် စတင်တာဝန်ပေးသည့်အချိန်တွင် ကျမ်းသစ္စာ သို့မဟုတ် ကတိ သစ္စာပြုရန်အတွက် စီစဉ်ဆောင်ရွက်ရမည်။ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုခြင်း မဆောင်ရွက်ရသေးသော တရားသူကြီးများအတွက်လည်း | ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရန်အတွက် စီစဉ်ဆောင်ရွက်ရမည်။ (၂) ပုဒ်မခွဲငယ် (၁) အရ ရွေးချယ်ခန့်ထားခြင်းခံရသည့် တရားသူကြီးများကနေ့စဉ်တရားခွင်တက်ရန် စတင်ဆောင်ရွက်သည့်အချိန်တွင် တရားခွင်၌ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရန်အတွက် စီစဉ်ဆောင်ရွက်ရမည်။ ခြွင်းချက်။ တရားသူကြီးများသည် ဥပဒေတစ်ရပ်ရပ်အရ ကျမ်းသစ္စာပြုရန် ကင်းလွတ်ခွင့်ရှိသူဖြစ်ပါက ကတိသစ္စာပြုရန် စီစဉ် ဆောင်ရွက်ရမည်။ (၃) နိုင်ငံတော်အတွင်းရှိ တရားရုံးအားလုံးကို ကြီးကြပ်ကွပ်ကဲရမည်။ (၄) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးနှင့် ခရိုင်တရားရုံး များတွင်ရှိသော အရေးကြီးသောအမှုများကို တရားသူကြီးတစ်ဦးထက်ပိုသော ခုံရုံးဖြင့် စစ်ဆေးစီရင်ရန် ညွှန်ကြားနိုင်သည်။”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။