ဝိနည်းပိဋက

မဟာဝဂ်ပါဠိတော်

မြန်မာပြန်

------

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁-မဟာခန္ဓက

၁-ဘုရားဖြစ်တော်မူခြင်း

၁။ အခါတစ်ပါး၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဥရုဝေလတော နေရဉ္ဇရာမြစ် ကမ်းနားဖြစ်သော ဗောဓိပင်ရင်း၌ ရှေးဦးစွာ သစ္စာလေးပါးကို သိတော်မူသည်ဖြစ်၍ နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ ခုနစ်ရက်ပတ်လုံး အရဟတ္တဖိုလ် ချမ်းသာကို ခံစားလျက် တင်ပျဉ်ခွေကာ တစ်ထိုင်တည်းဖြင့် နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ညဉ့်ဦးယံပတ်လုံး ပဋိစ္စသမုပ္ပါဒ်ကို အနုလုံ ပဋိလုံ 'အဖြစ်အပျက်' အားဖြင့် နှလုံးသွင်းတော်မူ၏။

အနုလုံ

''မသိခြင်း 'အဝိဇ္ဇာ' ဟူသော အကြောင်းကြောင့် ပြုပြင်စီရင်ခြင်း 'သင်္ခါရ' တို့ ဖြစ်ကုန်၏၊ ပြုပြင်စီရင်ခြင်း 'သင်္ခါရ' ဟူသော အကြောင်းကြောင့် 'ဝိညာဉ်' ဖြစ်၏၊ 'ဝိညာဉ်' ဟူသော အကြောင်းကြောင့် 'နာမ်ရုပ်' ဖြစ်၏၊ 'နာမ်ရုပ်' ဟူသော အကြောင်းကြောင့် တည်ရာ 'အာယတန' ခြောက်မျိုး ဖြစ်၏၊ တည်ရာ 'အာယတန' ခြောက်မျိုးဟူသော အကြောင်းကြောင့် တွေ့ထိခြင်း 'ဖဿ' ဖြစ်၏၊ တွေ့ထိခြင်း 'ဖဿ' ဟူသော အကြောင်းကြောင့် ခံစားခြင်း 'ဝေဒနာ' ဖြစ်၏၊ ခံစားခြင်း 'ဝေဒနာ' ဟူသော အကြောင်းကြောင့် တပ်မက်ခြင်း 'တဏှာ' ဖြစ်၏၊ တပ်မက်ခြင်း 'တဏှာ' ဟူသော အကြောင်းကြောင့် စွဲလမ်းခြင်း 'ဥပါဒါန်' ဖြစ်၏၊ စွဲလမ်းခြင်း 'ဥပါဒါန်' ဟူသော အကြောင်းကြောင့် ဖြစ်ကြောင်းကံ 'ဘဝ' ဖြစ်၏၊ ဖြစ်ကြောင်းကံ 'ဘဝ' ဟူသော အကြောင်းကြောင့် ဖြစ်ခြင်း 'ဇာတိ' ဖြစ်၏၊ ဖြစ်ခြင်း 'ဇာတိ' ဟူသော အကြောင်းကြောင့် အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့ ဖြစ်ကုန်၏၊ ဤနည်းဖြင့် ဆင်းရဲအစုသက်သက်သည် ဖြစ်ပေါ်၏။

ပဋိလုံ

''မသိခြင်း 'အဝိဇ္ဇာ'၏ အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့်သာလျှင် ပြုပြင်စီရင်ခြင်း 'သင်္ခါရ' ချုပ်၏၊ ပြုပြင်စီရင်ခြင်း 'သင်္ခါရ' ချုပ်ခြင်းကြောင့် ဝိညာဉ် ချုပ်၏၊ ဝိညာဉ် ချုပ်ခြင်းကြောင့် နာမ်ရုပ် ချုပ်၏၊ နာမ်ရုပ် ချုပ်ခြင်းကြောင့် တည်ရာ 'အာယတန' ခြောက်မျိုး ချုပ်၏၊ တည်ရာ 'အာယတန' ခြောက်မျိုးချုပ်ခြင်းကြောင့် တွေ့ထိခြင်း 'ဖဿ' ချုပ်၏၊ တွေ့ထိခြင်း 'ဖဿ' ချုပ်ခြင်းကြောင့် ခံစားခြင်း 'ဝေဒနာ' ချုပ်၏၊ ခံစားခြင်း 'ဝေဒနာ' ချုပ်ခြင်းကြောင့် တပ်မက်ခြင်း 'တဏှာ' ချုပ်၏၊ တပ်မက်ခြင်း 'တဏှာ' ချုပ်ခြင်းကြောင့် စွဲလမ်းခြင်း 'ဥပါဒါန်' ချုပ်၏၊ စွဲလမ်းခြင်း 'ဥပါဒါန်' ချုပ်ခြင်းကြောင့့် ဖြစ်ကြောင်းကံ 'ဘဝ' ချုပ်၏၊ ဖြစ်ကြောင်းကံ 'ဘဝ' ချုပ်ခြင်းကြောင့် ဖြစ်ခြင်း 'ဇာတိ' ချုပ်၏၊ ဖြစ်ခြင်း 'ဇာတိ' ချုပ်ခြင်းကြောင့် အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့ ချုပ်ကုန်၏၊ ဤနည်းဖြင့် ဆင်းရဲအစု သက်သက်သည် ချုပ်လေ၏''ဟု (နှလုံးသွင်းတော်မူ၏)။

ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းကို သိတော်မူ၍ ထိုအချိန်အခါ၌ ဤဥဒါန်းကို ကျူးရင့်တော်မူ၏-

ဥဒါန်း

''ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသော၊ မကောင်းမှုကို ရှို့မြှိုက်တတ်သော၊ မကောင်းမှုကို အပပြုပြီးသော ရဟန္တာအား ဗောဓိပက္ခိယတရား သုံးဆယ့်ခုနစ်ပါးတို့သည် အကြင်အခါ၌ စင်စစ် ထင်ရှားဖြစ်ပေါ်ကုန်၏။ ထိုအခါ၌ အကြောင်းနှင့် တကွဖြစ်သော ပဋိစ္စသမုပ္ပါဒ်တရားကို အပြားအားဖြင့် သိသောကြောင့် ထိုရဟန္တာအား ယုံမှားခြင်းအားလုံးတို့သည် ကင်းပျောက်ကုန်၏''ဟု (ဥဒါန်းကျူးရင့်တော်မူ၏)။

၂။ ထို့နောက် မြတ်စွာဘုရားသည် သန်းခေါင်ယံပတ်လုံး ပဋိစ္စသမုပ္ပါဒ်ကို အနုလုံ ပဋိလုံ 'အဖြစ် အပျက်' အားဖြင့် နှလုံးသွင်းတော်မူ၏-

အနုလုံ ပဋိလုံ

''မသိခြင်း 'အဝိဇ္ဇာ' ဟူသော အကြောင်းကြောင့် ပြုပြင်စီရင်ခြင်း 'သင်္ခါရ' တို့ ဖြစ်ကုန်၏၊ ပြုပြင် စီရင်ခြင်း 'သင်္ခါရ' ဟူသော အကြောင်းကြောင့် ဝိညာဉ်ဖြစ်၏၊ ဝိညာဉ်ဟူသော အကြောင်းကြောင့် နာမ်ရုပ် ဖြစ်၏။ပ။ ဤနည်းဖြင့် ဆင်းရဲအစု သက်သက်သည် ဖြစ်ပေါ်၏။ပ။ ချုပ်လေ၏''။

ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းကို သိတော်မူ၍ ထိုအချိန်အခါ၌ ဤဥဒါန်းကို ကျူးရင့်တော်မူ၏-

ဥဒါန်း

''ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသော၊ မကောင်းမှုကို ရှို့မြှိုက်တတ်သော၊ မကောင်းမှုကို အပပြုပြီးသော ရဟန္တာအား ဗောဓိပက္ခိယတရား သုံးဆယ့် ခုနစ်ပါးတို့သည် အကြင်အခါ၌ စင်စစ် ထင်ရှားဖြစ်ပေါ်ကုန်၏။ ထိုအခါ၌ (အဝိဇ္ဇာ စသော) အကြောင်းတရားတို့၏ကုန်ရာ နိဗ္ဗာန်ကို သိသောကြောင့် ထိုရဟန္တာအား ယုံမှားခြင်းအားလုံးတို့သည် ကင်းပျောက်ကုန်၏''ဟု (ဥဒါန်းကျူးရင့်တော်မူ၏)။

၃။ ထို့နောက် မြတ်စွာဘုရားသည် မိုးသောက်ယံပတ်လုံး ပဋိစ္စသမုပ္ပါဒ်ကို အနုလုံ ပဋိလုံ 'အဖြစ် အပျက်' အားဖြင့် နှလုံးသွင်းတော်မူ၏-

အနုလုံ ပဋိလုံ

''မသိခြင်း 'အဝိဇ္ဇာ' ဟူသော အကြောင်းကြောင့် ပြုပြင်စီရင်ခြင်း 'သင်္ခါရ' တို့ ဖြစ်ကုန်၏၊ ပြုပြင်စီ ရင်ခြင်း 'သင်္ခါရ' ဟူသော အကြောင်းကြောင့် ဝိညာဉ် ဖြစ်၏။ပ။ ဤနည်းဖြင့် ဆင်းရဲအစု သက်သက်သည် ဖြစ်ပေါ်၏။ပ။ ချုပ်လေ၏''။

ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းကို သိတော်မူ၍ ထိုအချိန်အခါ၌ ဤဥဒါန်းကို ကျူးရင့် တော်မူ၏-

ဥဒါန်း

''ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသော၊ မကောင်းမှုကို ရှို့မြှိုက်တတ်သော၊ မကောင်းမှုကို အပပြုပြီးသော ရဟန္တာအား ဗောဓိပက္ခိယတရား သုံးဆယ့် ခုနစ်ပါးတို့သည် အကြင်အခါ၌ စင်စစ် ထင်ရှားဖြစ်ကုန်၏။ ထိုအခါ၌ ကောင်းကင်ကို တောက်ပစေသော နေမင်းသည် (အမိုက်တိုက်ကို ဖျက်ဆီးလျက်) တည်နေသကဲ့သို့ (ထိုရဟန္တာသည်) မာရ်စစ်သည်ကို ဖျက်ဆီးလျက် တည်နေ၏''ဟု (ဥဒါန်းကျူးရင့် တော်မူ၏)။

ဘုရားဖြစ်တော်မူခြင်း ပြီး၏။

------

၁။ အနုလုံ ပဋိလုံ = ဤဗောဓိကထာသည် ဥဒါန်းပါဠိတော်နှင့် မတူ၊ ဥဒါန်းပါဠိတော်၌ ဥဒယဉာဏ်, ဝယဉာဏ်, ဥဒယဗ္ဗယဉာဏ်၊ အနုလောမ, ပဋိလောမ, အနုလောမပဋိလောမ သတ္တာဟ သုံးကြိမ်ဖြစ်ပုံကို ပြဆိုသည်။

၂။ နှစ်သက်ဝမ်းမြောက်သောစကား

၂-အဇပါလ (ဆိတ်ကျောင်း) ညောင်ပင်ရင်း၌ စံနေတော်မူခြင်း

၄။ ထို့နောက် မြတ်စွာဘုရားသည် ခုနစ်ရက်လွန်သဖြင့် ထို (အရဟတ္တဖိုလ်) သမာဓိမှ ထတော်မူ၍ ဗောဓိပင်ရင်းမှ အဇပါလညောင်ပင်သို့ ချဉ်းကပ်တော်မူ၍ အဇပါလညောင်ပင်ရင်း၌ ခုနစ်ရက်ပတ်လုံး အရဟတ္တဖိုလ်ချမ်းသာကို ခံစားလျက် တင်ပျဉ်ခွေကာ တစ်ထိုင်တည်းဖြင့် နေတော်မူ၏။

ထိုအခါ တဟုံဟုံ (မာန်မူခြင်းကို) ပြုတတ်သော သဘောရှိသော ပုဏ္ဏားတစ်ယောက်သည် မြတ်စွာ ဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကား ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ တည်နေ၏၊ တစ်ခုသော နေရာ၌ တည်နေသော ထိုပုဏ္ဏားသည် မြတ်စွာဘုရားအား ''အသျှင်ဂေါတမ အဘယ်မျှသော အတိုင်း အရှည်ဖြင့် 'ဗြာဟ္မဏ' မည်ပါသနည်း၊ ဗြာဟ္မဏအဖြစ်ကို ပြုတတ်သော တရားတို့ကား အဘယ်တို့ပါနည်း''ဟု လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းကို သိတော်မူ၍ ထိုအချိန်အခါ၌ ဤဥဒါန်းကို ကျူးရင့် တော်မူ၏-

ဥဒါန်း

''အကြင်ရဟန္တာသည် မကောင်းမူကို အပပြုပြီးဖြစ်၏၊ တဟုံဟုံ (မာန်မူခြင်းကို) မပြုတတ်၊ (ကိလေသာတည်းဟူသော) ဖန်ရည်မရှိ၊ (ဘာဝနာစီးဖြန်း) အားထုတ်သော စိတ်ရှိ၏၊ မဂ်ဉာဏ်တို့၏အဆုံး (အရဟတ္တဖိုလ်) သို့ ရောက်၏၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးဖြစ်၏၊ ထိုရဟန္တာသည်ဟုတ်မှန်သော သဘောဖြင့် ငါ ဗြာဟ္မဏဟူသော စကားကို ပြောဆိုထိုက်၏။ ယင်းရဟန္တာပုဂ္ဂိုလ်အား လောကအားလုံးဝယ် တစ်စုံ တစ်ခုသော အာရုံ၌ တပ်မက်မှုစသည် ဖြစ်ပွါးခြင်းတို့ မရှိကုန်''ဟု (ဥဒါန်းကျူးရင့် တော်မူ၏)။

ဆိတ်ကျောင်းညောင်ပင်ရင်း၌ စံနေတော်မူခြင်း ပြီး၏။

------

၃-ကျည်းပင်ရင်း၌ စံနေတော်မူခြင်း

၅။ ထို့နောက် မြတ်စွာဘုရားသည် ခုနစ်ရက်လွန်သဖြင့် ထို (အရဟတ္တဖိုလ်) သမာဓိမှ ထတော်မူ၍ ဆိတ်ကျောင်းညောင်ပင်ရင်းမှ ကျည်းပင်သို့ ချဉ်းကပ်၍ ကျည်းပင်ရင်း၌ ခုနစ်ရက်ပတ်လုံး အရဟတ္တဖိုလ် ချမ်းသာကို ခံစားလျက် တင်ပျဉ်ခွေကာ တစ်ထိုင်တည်းဖြင့် နေတော်မူ၏။

ထိုအခါ၌ ချမ်းအေးသော လေနှိပ်စက်သည့် ခုနစ်ရက်စွေသော အခါမဲ့မိုးကြီးသည် ရွာသွန်း၏။ ထို အခါ မုစလိန္ဒနဂါးမင်းသည် မိမိဗိမာန်မှ ထွက်လာပြီးလျှင် ''မြတ်စွာဘုရားကို အအေး အပူ ခြင် မှက် လေ နေ မြွေ ကင်း သန်းတို့၏ အတွေ့သည် မဖြစ်ပါစေလင့်''ဟု နှလုံးသွင်း၍ မြတ်စွာဘုရား၏ ကိုယ်တော် ကို အခွေတို့ဖြင့် ခုနစ်ပတ်ရစ်ပတ်၍ ဦးထိပ်ထက်၌ ကြီးစွာသော ပါးပျဉ်းကို မိုးလျက် တည်နေ၏။

ထိုအခါ မုစလိန္ဒနဂါမင်းသည် ခုနစ်ရက်လွန်သဖြင့် ကောင်းကင်၌ တိမ်တိုက် ပျောက်ပျက်ကင်းစင်သည်ကို သိ၍ မြတ်စွာဘုရားကိုယ်တော်မှ အခွေတို့ကို ဖြေ၍ မိမိအသွင်ကို ပယ်ဖျောက်ကာ လုလင်အသွင် ကို ဖန်ဆင်းပြီးလျှင် မြတ်စွာဘုရားကို လက်အုပ်ချီကာ ရှိခိုးလျက် မြတ်စွာဘုရား၏ ရှေ့မှောက်၌ ရပ်တည်၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းကို သိတော်မူ၍ ထိုအချိန်အခါ၌ ဤဥဒါန်းကို ကျူးရင့်တော်မူ၏-

ဥဒါန်း

''မဂ်ဉာဏ်လေးပါးတည်းဟူသော ရောင့်ရဲခြင်းရှိသည် ဖြစ်၍ ထင်ရှားသိပြီးသော တရားရှိသည့် ခပ်သိမ်းသော တရားတို့ကို မြင်သော ရဟန္တာပုဂ္ဂိုလ်အား (နိဗ္ဗာန် ဟူသော) ဝိဝေကသည် ချမ်းသာ၏၊ လောက၌ အမျက်မထွက်ခြင်းသည်လည်းကောင်း၊ သတ္တဝါအပေါင်းတို့၌ မညှဉ်းဆဲခြင်းသည်လည်းကောင်း ချမ်းသာ၏။

လောက၌ ကာမဂုဏ်တို့ကို လွန်မြောက်ခြင်းဟုဆိုအပ်သော စွဲမက်မှု ရာဂကင်းသည်၏ အဖြစ်သည် ချမ်းသာ၏၊ ငါဟူသော မာနကို ဆုံးမနိုင်ခြင်းသည် စင်စစ် အမြတ်ဆုံးချမ်းသာ ဖြစ်၏''ဟု (ဥဒါန်းကျူးရင့်တော်မူ၏)။

ကျည်းပင်ရင်း၌ စံနေတော်မူခြင်း ပြီး၏။

------

၄-လင်းလွန်းပင်ရင်း၌ စံနေတော်မူခြင်း

၆။ ထို့နောက် မြတ်စွာဘုရားသည် ခုနစ်ရက်လွန်သဖြင့် ထို (အရဟတ္တဖိုလ်) သမာဓိမှ ထတော်မူ၍ ကျည်းပင်ရင်းမှ လင်းလွန်းပင်သို့ ချဉ်းကပ်၍ လင်းလွန်ပင်ရင်း၌ ခုနစ်ရက်ပတ်လုံး အရဟတ္တဖိုလ် ချမ်းသာကို ခံစားလျက် တင်ပျဉ်ခွေကာ တစ်ထိုင်တည်းဖြင့် နေတော်မူ၏။

ထိုအခါ တပုဿ ဘလိ္လကကုန်သည် (ညီနောင်) တို့သည် ဥက္ကလာဇနပုဒ်မှ ထိုအရပ်သို့ ခရီးရှည် သွားကုန်၏။ ထိုအခါ တပုဿ ဘလိ္လကကုန်သည် (ညီနောင်) တို့၏ ဆွေမျိုးသားချင်း ဖြစ်ဖူးသော ဘုမ္မစိုးနတ်သည် တပုဿ ဘလိ္လကကုန်သည် (ညီနောင်) တို့အား ''အချင်းတို့ ဤမြတ်စွာဘုရားသည် ရှေးဦးစွာ သစ္စာလေးပါးကို သိတော်မူသည်ဖြစ်၍ လင်းလွန်ပင်ရင်း၌ သီတင်းသုံးနေတော်မူ၏၊ သွားကုန် လော့၊ ထိုမြတ်စွာဘုရားကို မုန့်ကြွက်ကျစ်ဖြင့်လည်းကောင်း၊ ပျားမုန့်ဆုပ်ဖြင့်လည်းကောင်း လုပ်ကျွေးကုန်လော့၊ ထိုသို့လုပ်ကျွေးခြင်းသည် သင်တို့အား ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး စီးပွါးချမ်းသာခြင်းသည် ဖြစ်လတ္တံ့''ဟု ဆိုလေ၏။

ထိုအခါ တပုဿ ဘလိ္လကကုန်သည် (ညီနောင်) တို့သည် မုန့်ကြွက်ကျစ်ကိုလည်းကောင်း၊ ပျားမုန့် ဆုပ်ကိုလည်းကောင်း ယူ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုးလျက် တစ်ခုသော နေရာ၌ တည် နေကြပြီးသော် မြတ်စွာဘုရားအား ''အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်တို့၏ မုန့်ကြွက်ကျစ်ကိုလည်းကောင်း၊ ပျားမုန့်ဆုပ်ကိုလည်းကောင်း အလှူခံတော်မူပါ၊ ယင်းသို့ အလှူခံတော်မူခြင်းသည် အကျွန်ုပ်တို့အား ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး စီးပွါးချမ်းသာ ဖြစ်ရာပါ၏''ဟု လျှောက်ကုန်၏။

ထိုအခါ မြတ်စွာဘုရားအား ''ဘုရားတို့မည်သည် လက်ဖြင့် မခံယူကုန်၊ ငါသည် မုန့်ကြွက်ကျစ်ကိုလည်းကောင်း၊ ပျားမုန့်ဆုပ်ကိုလည်းကောင်း အဘယ်သို့ ခံယူရအံ့နည်း''ဟု အကြံဖြစ်ပေါ်၏။ ထိုအခါ နတ်မင်းကြီးလေးယောက်တို့သည် မိမိတို့၏ စိတ်ဖြင့် မြတ်စွာဘုရား၏ စိတ်အကြံကို သိ၍ အရပ်လေး မျက်နှာတို့မှ ကျောက်ညိုဖြင့်ပြီးကုန်သော သပိတ်လေးလုံးတို့ကို မြတ်စွာဘုရားအား ''အသျှင်ဘုရား မြတ်စွာဘုရားသည် ဤသပိတ်ဖြင့် မုန့်ကြွက်ကျစ်ကိုလည်းကောင်း၊ ပျားမုန့်ဆုပ်ကိုလည်းကောင်း ခံယူ တော်မူပါ''ဟု ဆက်ကပ်ကုန်၏။ မြတ်စွာဘုရားသည် အသီးအသီး အဖိုးများစွာ ထိုက်တန်သည့် ကျောက် ညိုဖြင့်ပြီးသော သပိတ်ဖြင့် မုန့်ကြွက်ကျစ်ကိုလည်းကောင်း၊ ပျားမုန့်ဆုပ်ကိုလည်းကောင်း ခံယူ၍ ဘုဉ်းပေးတော်မူ၏။

ထိုအခါ တပုဿ ဘလိ္လကကုန်သည် (ညီနောင်) တို့သည် မြတ်စွာဘုရားသည် သပိတ်မှ လက်ကို ဖယ်ပြီးပြီဟု သိ၍ မြတ်စွာဘုရား၏ ခြေတော်စုံကို ဦးခိုက်၍ မြတ်စွာဘုရားကို ''အသျှင်ဘုရား အကျွန်ုပ် တို့သည်-

- မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ - တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊

မြတ်စွာဘုရားသည် အကျွန်ုပ်တို့ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာ တို့ဟူ၍ မှတ်ယူတော်မူပါ''ဟု လျှောက်ကုန်၏။

ထိုကုန်သည် (ညီနောင်) နှစ်ယောက်တို့သည်ကား လောက၌ ရှေးဦးစွာ ''ဒွေဝါစိကသရဏဂုံ'' တည်သော ဥပါသကာတို့ ဖြစ်ကုန်၏။

လင်းလွန်းပင်ရင်း၌ စံနေတော်မူခြင်း ပြီး၏။

------

၁။ ဒွေဝါစိက သရဏဂုံ = နှစ်ကြိမ်ရွတ်ဆို၍ ဆောက်တည်အပ်သော သရဏဂုံ၊ (ထိုစဉ်က သံဃာရတနာ မပေါ်သေး)။

၅။ ဗြဟ္မာတောင်းပန်ခြင်း

၇။ ထို့နောက် မြတ်စွာဘုရားသည် ခုနစ်ရက်လွန်သဖြင့် ထို (အရဟတ္တဖိုလ်) သမာဓိမှ ထတော်မူ၍ လင်းလွန်းပင်ရင်းမှ ဆိတ်ကျောင်းညောင်ပင်သို့ ချဉ်းကပ်၍ ထိုဆိတ်ကျောင်းညောင်ပင်ရင်း၌ နေတော်မူ၏။

ထိုအခါ ဆိတ်ကွယ်ရာသို့ ကပ်လျက် တစ်ပါးတည်း ကိန်းအောင်းနေတော်မူစဉ် မြတ်စွာဘုရားအား ဤသို့ စိတ်အကြံ ဖြစ်တော်မူ၏-

''ငါသိအပ်ပြီးသော ဤတရားကား နက်နဲ၏၊ မြင်နိုင်ခဲ၏၊ သိနိုင်ခဲ၏၊ ငြိမ်သက်၏၊ မွန်မြတ်၏၊ တက္ကီပုဂ္ဂိုလ်တို့၏ ကျက်စားရာမဟုတ်၊ သိမ်မွေ့၏၊ ပညာရှိတို့သာ သိနိုင်၏။ ဤသတ္တဝါများကား ကာမဂုဏ်တို့၌ မွေ့လျော်ကုန်၏၊ ကာမဂုဏ်တို့၌ ပျော်ပိုက်ကုန်၏၊ ကာမဂုဏ်တို့၌ အလွန် နှစ်ခြိုက်ကုန်၏၊ ကာမဂုဏ်တို့၌ မွေ့လျော်ပျော်ပိုက် အလွန်နှစ်ခြိုက်ကြသော ဤသတ္တဝါများသည် အကျိုးတရားတို့၏ အကြောင်းဖြစ်သော ဤပဋိစ္စသမုပ္ပါဒ်တရားကို မြင်နိုင်ခဲ၏၊ ပြုပြင်မှုအားလုံး၏ ငြိမ်းရာ ဥပဓိအားလုံးကို ပယ်စွန့်ရာ တဏှာ၏ကုန်ရာ ရာဂ၏ ကင်းရာ ချုပ်ရာ ငြိမ်းရာ ဖြစ်သော ဤ (နိဗ္ဗာန်) တရားကိုလည်း မြင်နိုင်ခဲ၏။ ငါသည်လည်း တရားကို ဟောငြားအံ့၊ သူတစ်ပါးတို့သည်လည်း ငါ၏ တရားကို မသိနား မလည်နိုင်ကုန်ငြားအံ့၊ သို့ဖြစ်လျှင် ထို (တရားဟောခြင်း) သည် ငါ့အား ပင်ပန်းရုံသာ ဖြစ်ရာ၏၊ ငါ့ကိုယ် (ငါ) ညှဉ်းဆဲခြင်းသာ ဖြစ်ရာ၏''ဟု စိတ်အကြံဖြစ်တော်မူ၏)။

ထို့ပြင် အလွန်အံ့ဩဖွယ်ကောင်းသော ဤဂါထာတို့သည်လည်း ရှေးက မကြားဖူးဘဲ မြတ်စွာ ဘုရား၏ စိတ်တော်၌ ထင်ပေါ်လာပြန်ကုန်၏-

'ငါသည် ခဲယဉ်းစွာ ကျင့်သဖြင့် သိအပ်ပြီးသော တရားကို ယခုအခါ ဟောပြခြင်းငှါ မသင့်လျော်ချေ၊ ရာဂ ဒေါသ နှိပ်စက်အပ်သော သူတို့သည် ဤတရားကို လွယ်ကူစွာ သိနိုင်ကြမည် မဟုတ်ချေ။

အဝိဇ္ဇာတည်းဟူသော အမိုက်တိုက်သည် ဖုံးလွှမ်းအပ်သည် ဖြစ်၍ ရာဂတပ်စွဲနေသော သူတို့သည် သိမ်မွေ့နက်နဲ၍ အဏုမြူသဖွယ် မြင်နိုင်ခဲသော (သံသရာ) အဆန် တရားကို မြင်နိုင်ကြမည် မဟုတ်ချေ'ဟု (စိတ်တော်၌ ထင်ပေါ်လာပြန်ကုန်၏)။

ဤသို့ ဆင်ခြင်တော်မူစဉ် မြတ်စွာဘုရား၏ စိတ်နှလုံးတော်သည် တရားဟောရန် ညွတ်တော်မမူဘဲကြောင့်ကြမဲ့နေရန် ညွတ်တော်မူ၏။

၈။ ထိုအခါ မြတ်စွာဘုရား၏ စိတ်အကြံကို မိမိစိတ်ဖြင့် သိ၍ သဟမ္ပတိ ဗြဟ္မာအား- ''အချင်းတို့ လောကသည် ပျက်စီးတော့မည်တကား၊ အချင်းတို့ လောကသည် ပျက်စီးတော့ မည်တကား၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ စိတ်နှလုံးတော်သည် တရားဟောရန် ညွတ်တော်မမူဘဲကြောင့်ကြ့မဲ့နေရန် ညွတ်တော်မူတုံဘိ၏''ဟု အကြံဖြစ်ပေါ်လေ၏။

ထို့နောက် ခွန်အားရှိသော ယောက်ျားသည် ကွေးထားသော လက်ရုံးကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်ရုံးကို ကွေးသကဲ့သို့လည်းကောင်း သဟမ္ပတိဗြဟ္မာသည် ဗြဟ္မာ့ဘုံမှ ကွယ်ခဲ့ပြီးလျှင် မြတ်စွာဘုရား၏ ရှေ့တော်၌ ထင်ရှားပေါ်လာ၏။ ထိုအခါ သဟမ္ပတိဗြဟ္မာသည် အပေါ်ရုံကို ပခုံးတစ်ဖက်၌ တင်၍ လက်ယာဒူးကို မြေ၌ ထောက်လျက် မြတ်စွာဘုရားသို့ လက်အုပ်ချီပြီးလျှင်-

''မြတ်စွာဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် တရားဟောတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် တရားဟောတော်မူပါလော့၊ (ပညာ) မျက်စိ၌ (ကိလေသာ) မြူနည်းပါးသော သတ္တဝါတို့သည် ရှိပါကုန်၏၊ (ထိုသတ္တဝါတို့သည်) တရားကို မနာရသောကြောင့် ဆုံးရှုံးနေပါကုန်၏၊ တရားကို သိသူတို့သည် ရှိပါကုန်လတ္တံ့''ဟု လျှောက်၏။

သဟမ္ပတိဗြဟ္မာသည် ဤစကားကို လျှောက်ပြီးနောက် ထိုမှတစ်ပါး ဤစကားကိုလည်း လျှောက်ပြန်၏- ''ရှေးအခါ မဂဓတိုင်းတို့၌ (ရာဂစသော) အညစ်အကြေးရှိသူ ဂိုဏ်းဆရာကြီးတို့ ကြံဆအပ်သော မစင်ကြယ်သော မိစ္ဆာအယူတရားသည် ထင်ရှားဖြစ်ပေါ်ခဲ့ပါသည်၊ အမြိုက်နိဗ္ဗာန်၏ တံခါးကို ဖွင့်လှစ်တော်မူပါလော့၊ အညစ်အကြေး ကင်းဝေးတော်မူသော မြတ်စွာဘုရားသည် သဘာဝနှင့်အလျော် သိတော်မူအပ်သော (သစ္စာလေးပါး) တရားကို (သတ္တဝါအများ) နာကြားကြပါစေကုန်လော့။

ကောင်းမြတ်သော ပညာ့ရှင် ဖြစ်တော်မူသော မြတ်စွာဘုရား၊ ထက်ဝန်းကျင် (မြင်စွမ်းနိုင်သော ဉာဏ်) မျက်စိ ရှိတော်မူသော မြတ်စွာဘုရား၊ ကျောက်တောင် ထိပ်၌ ရပ်တည်လျက်ရှိသော ယောက်ျားသည် ထက်ဝန်းကျင် လူအပေါင်းကို ကြည့်ရှုသကဲ့သို့ ထို့အတူ စိုးရိမ်ပူဆွေး ကင်းဝေးတော်မူသော အသျှင်ဘုရားသည် ပညာ (ဓမ္မ)ဖြင့် ပြီးသော ပြာသာဒ်ထက်သို့ တက်တော်မူ၍ ပဋိသန္ဓေနေခြင်း အိုခြင်းတို့ နှိပ်စက်အပ်သဖြင့် စိုးရိမ်ပူဆွေးခြင်းသို့ သက်ဆင်းကျရောက်နေသော သတ္တဝါအပေါင်းကို ကြည့်ရှု့ တော်မူပါလော့။

ရဲရင့်တော်မူသော မြတ်စွာဘုရား၊ အောင်ပွဲယင်တော်မူပြီးသော မြတ်စွာဘုရား ထတော်မူပါလော့။ ယာဉ်မှူးနှင့်တူတော်မူသော မြတ်စွာဘုရား၊ (ကိလေသာ) ကြွေး ကင်းဝေးတော်မူသော မြတ်စွာဘုရား လောက၌ လှည့်လည်တော်မူပါလော့။ ဘုန်းတော် ကြီးသော မြတ်စွာဘုရား တရားဟောတော်မူပါလော့။ (တရားကို) သိသူတို့သည် ရှိပါကုန်လတ္တံ့''ဟု (လျှောက်ပြန်၏)။ ဤသို့ လျှောက်သော် မြတ်စွာဘုရားသည် သဟမ္ပတိဗြဟ္မာအား ဤစကားကို မိန့်တော်မူ၏-

''ဗြဟ္မာ ငါ့အားလည်း ဤသို့သော အကြံသည် ဖြစ်၏။ 'ငါသိအပ်ပြီးသော ဤတရားကား နက်နဲ၏၊ မြင်နိုင်ခဲ၏၊ သိနိုင်ခဲ၏၊ ငြိမ်သက်၏၊ မွန်မြတ်၏၊ တက္ကီပုဂ္ဂိုလ်တို့၏ ကျက်စားရာ မဟုတ်၊ သိမ်မွေ့၏၊ ပညာရှိတို့သာ သိနိုင်၏။ ဤသတ္တဝါများကား ကာမဂုဏ်တို့၌ မွေ့လျော်ကုန်၏၊ ကာမဂုဏ်တို့၌ ပျော်ပိုက်ကုန်၏၊ ကာမဂုဏ်တို့၌ အလွန်နှစ်ခြိုက်ကုန်၏၊ ကာမဂုဏ်တို့၌ မွေ့လျော်ပျော်ပိုက် အလွန် နှစ်ခြိုက်ကြသော ဤသတ္တဝါများသည် အကျိုးတရားတို့၏ အကြောင်း တရားဖြစ်သော ဤပဋိစ္စသမုပ္ပါဒ် တရားကို မြင်နိုင်ခဲ၏၊ ပြုပြင်မှုအားလုံး၏ငြိမ်းရာ ဥပဓိအားလုံးကို ပယ်စွန့်ရာ တဏှာ၏ကုန်ရာ ရာဂ၏ ကင်းရာ ချုပ်ရာ ငြိမ်းရာဖြစ်သော ဤ (နိဗ္ဗာန်) တရားကိုလည်း မြင်နိုင်ခဲ၏။ ငါသည် တရားကို ဟောငြားအံ့၊ သူတစ်ပါးတို့သည်လည်း ငါ၏ တရားကို မသိနားမလည်နိုင်ကုန်ငြားအံ့၊ သို့ဖြစ်လျှင် ထို (တရားဟောခြင်း) သည် ငါ့အား ပင်ပန်းရုံသာ ဖြစ်ရာ၏၊ ငါ့ကိုယ် (ငါ) ညှဉ်းဆဲခြင်းသာ ဖြစ်ရာ၏ '၊ ဤသို့ (အကြံဖြစ်ဟု မိန့်တော်မူ၏) ''။

ဗြဟ္မာ ထို့ပြင် အလွန်အံ့ဖွယ်ကောင်းသော ဤဂါထာတို့သည်လည်း ရှေးကမကြားဖူးဘဲ ငါ၏ (စိတ် ထဲ၌) ထင်ပေါ်လာပြန်ကုန်၏-

'ငါသည် ခဲယဉ်းစွာ ကျင့်သဖြင့် သိအပ်ပြီးသော တရားကို ယခုအခါ ဟောပြခြင်းငှါ မသင့်လျော်ချေ၊ ရာဂ ဒေါသ နှိပ်စက်အပ်သော သူတို့သည် ဤတရားကို လွယ်ကူစွာ သိနိုင်ကြမည် မဟုတ်ချေ၊ အဝိဇ္ဇာတည်းဟူသော အမိုက်တိုက်သည် ဖုံးလွှမ်းအပ်သည် ဖြစ်၍ ရာဂတပ်စွဲနေသော သူတို့သည် သိမ်မွေ့နက်နဲ၍ အဏုမြူသဖွယ် မြင်နိုင်ခဲသော (သံသရာ) အဆန် တရားကို မြင်နိုင်ကြမည် မဟုတ်ချေဟု (ငါ၏ စိတ်ထဲ၌ ထင်ပေါ်လာပြန်ကုန်၏)။

ဗြဟ္မာ ဤသို့ ဆင်ခြင်စဉ် ငါ၏စိတ်နှလုံးသည် တရားဟောရန် မညွတ်ဘဲ ကြောင့်ကြမဲ့နေရန် ညွတ်ခဲ့၏''ဟု (မိန့်တော်မူ၏)။

နှစ်ကြိမ်မြောက်လည်း သဟမ္ပတိဗြဟ္မာသည် မြတ်စွာဘုရားအား- ''မြတ်စွာဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် တရားဟောတော်မူပါလော့၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် တရားဟောတော်မူပါလော့၊ (ပညာ) မျက်စိ၌ (ကိလေသာ) မြူနည်းပါးသော သတ္တဝါတို့သည် ရှိပါကုန်၏၊ (ထိုသတ္တဝါတို့သည်) တရားကို မနာရသောကြောင့် ဆုံးရှုံးနေပါကုန်၏၊ တရားကို သိသူတို့သည် ရှိပါကုန်လတ္တံ့''ဟု လျှောက်၏။ ဤစကားကို လျှောက်ပြီးနောက် ထိုမှတစ်ပါး ဤစကားကို လျှောက်ပြန်၏-

''ရှေးအခါ မဂဓတိုင်းတို့၌ (ရာဂစသော) အညစ်အကြေးရှိသူ ဂိုဏ်းဆရာကြီးတို့ ကြံဆအပ်သော မစင်ကြယ်သော မိစ္ဆာအယူတရားသည် ထင်ရှားဖြစ်ပေါ်ခဲ့ပါသည်၊ အမြိုက်နိဗ္ဗာန်၏ တံခါးကို ဖွင့်လှစ်တော်မူပါလော့၊ အညစ်အကြေး ကင်းဝေးတော်မူသော မြတ်စွာဘုရားသည် သဘာဝနှင့်အလျော် သိတော်မူအပ်သော (သစ္စာလေးပါး) တရားကို (သတ္တဝါအများ) နာကြားကြပါစေကုန်လော့။

ကောင်းမြတ်သော ပညာ့ရှင် ဖြစ်တော်မူသော မြတ်စွာဘုရား၊ ထက်ဝန်းကျင် (မြင်စွမ်းနိုင်သော ဉာဏ်) မျက်စိရှိတော်မူသော မြတ်စွာဘုရား၊ ကျောက်တောင်ထိပ်၌ ရပ်တည်လျက် ရှိသော ယောက်ျားသည် ထက်ဝန်းကျင် လူအပေါင်းကို ကြည့်ရှုသကဲ့သို့ ထို့အတူ စိုးရိမ်ပူဆွေး ကင်းဝေးတော်မူသော အသျှင်ဘုရားသည် ပညာ (ဓမ္မ)ဖြင့် ပြီးသော ပြာသာဒ်ထက်သို့ တက်တော်မူ၍ ပဋိသန္ဓေနေခြင်း အိုခြင်းတို့ နှိပ်စက်အပ်သဖြင့် စိုးရိမ်ပူဆွေးခြင်းသို့ သက်ဆင်းကျရောက်နေသော သတ္တဝါအပေါင်းကို ကြည့် ရှုတော်မူပါလော့။

ရဲရင့်တော်မူသော မြတ်စွာဘုရား၊ အောင်ပွဲယင်တော်မူပြီးသော မြတ်စွာဘုရား၊ ထတော်မူပါလော့၊ ယာဉ်မှူးနှင့် တူတော်မူသော မြတ်စွာဘုရား၊ (ကိလေသာ) ကြွေး ကင်းဝေးတော်မူသော မြတ်စွာဘုရား လောက၌ လှည့်လည်တော်မူပါလော့။ ဘုန်းတော် ကြီးသော မြတ်စွာဘုရား တရားဟောတော်မူပါလော့။ (တရားကို) သိသူတို့သည် ရှိပါကုန်လတ္တံ့''ဟု (လျှောက်ပြန်၏)။

နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် သဟမ္ပတိဗြဟ္မာအား ဤစကားကို မိန့်တော်မူ၏- ''ဗြဟ္မာ စင်စစ် ငါ့အားလည်း ဤသို့သော အကြံ ဖြစ်ဖူး၏။ 'ငါသိအပ်ပြီးသော ဤတရားကား နက်နဲ၏၊ မြင်နိုင်ခဲ၏၊ သိနိုင်ခဲ၏၊ ငြိမ်သက်၏၊ မွန်မြတ်၏၊ တက္ကီပုဂ္ဂိုလ်တို့၏ ကျက်စားရာ မဟုတ်၊ သိမ်မွေ့၏၊ ပညာရှိတို့သာ သိနိုင်၏။ ဤသတ္တဝါများကား ကာမဂုဏ်တို့၌ မွေ့လျော်ကုန်၏၊ ကာမဂုဏ်တို့၌ ပျော်ပိုက်ကုန်၏၊ ကာမဂုဏ်တို့၌ အလွန်နှစ်ခြိုက်ကုန်၏၊ ကာမဂုဏ်တို့၌ မွေ့လျော်ပျော်ပိုက် အလွန်နှစ်ခြိုက်ကြသော ဤသတ္တဝါများကား အကျိုးတရားတို့၏ အကြောင်း တရားဖြစ်သော ဤပဋိစ္စသမုပ္ပါဒ်တရားကို မြင်နိုင်ခဲ၏၊ ပြုပြင်မှုအားလုံး၏ ငြိမ်းရာ ဥပဓိအားလုံး ကို ပယ်စွန့်ရာ တဏှာ၏ကုန်ရာ ရာဂ၏ ကင်းရာ ချုပ်ရာ ငြိမ်းရာဖြစ်သော ဤ (နိဗ္ဗာန်) တရားကိုလည်း မြင်နိုင်ခဲ၏။ ငါသည်လည်း တရားကို ဟောငြားအံ့၊ သူတစ်ပါးတို့သည်လည်း ငါ၏ တရားကို မသိနားမလည်နိုင်ကုန်ငြားအံ့၊ သို့ဖြစ်လျှင် ထို (တရားဟောခြင်းသည်) ငါ့အား ပင်ပန်း ရုံသာ ဖြစ်ရာ၏၊ ငါ့ကိုယ် (ငါ) ညှဉ်းဆဲခြင်းသာ ဖြစ်ရာ၏''ဟု အကြံဖြစ်ဖူး၏)။

ဗြဟ္မာ ထို့ပြင် အလွန်အံ့ဖွယ်ကောင်းသော ဤဂါထာတို့သည်လည်း ရှေးက မကြားဖူးဘဲ ငါ၏့ (စိတ်ထဲ၌) ထင်ပေါ်လာပြန်ကုန်၏- ''ငါသည် ခဲယဉ်းစွာ ကျင့်သဖြင့် သိအပ်ပြီးသော တရားကို ယခုအခါ ဟောပြခြင်းငှါ မသင့်လျော်ချေ၊ ရာဂ ဒေါသ နှိပ်စက်အပ်သော သူတို့သည် ဤတရားကို လွယ်ကူစွာ သိနိုင်ကြမည် မဟုတ်ချေ။

အဝိဇ္ဇာတည်းဟူသော အမိုက်တိုက်သည် ဖုံးလွှမ်းအပ်သည် ဖြစ်၍ ရာဂတပ်စွဲနေသော သူတို့သည် သိမ်မွေ့နက်နဲ၍ အဏုမြူသဖွယ် မြင်နိုင်ခဲသော (သံသရာ) အဆန် တရားကို မြင်နိုင်ကြမည် မဟုတ်ချေ''ဟု (စိတ်ထဲ၌ ထင်ပေါ်လာပြန်ကုန်၏)။

ဗြဟ္မာ ဤသို့ဆင်ခြင်စဉ် ငါ၏ စိတ်နှလုံးသည် တရားဟောရန် မညွတ်ဘဲကြောင့်ကြမဲ့နေရန်သာ ညွတ်ခဲ့၏''ဟု (မိန့်တော်မူ၏)။

သုံးကြိမ်မြောက်လည်း သဟမ္ပတိဗြဟ္မာသည် မြတ်စွာဘုရားအား- ''မြတ်စွာဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် တရားဟောတော်မူပါလော့၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် တရားဟောတော်မူပါလော့၊ (ပညာ) မျက်စိ၌ (ကိလေသာ) မြူနည်းပါးသော သတ္တဝါတို့သည် ရှိပါကုန်၏၊ (ထိုသတ္တဝါတို့သည်) တရားကို မနာရသောကြောင့် ဆုံးရှုံးနေပါကုန်၏၊ တရားကို သိသူတို့သည် ရှိပါကုန်လတ္တံ့''ဟု လျှောက်၏။

သဟမ္ပတိဗြဟ္မာသည် ဤစကားကို လျှောက်ပြီးနောက် ထိုမှတစ်ပါး ဤစကားကိုလည်း လျှောက် ပြန်၏- ''ရှေးအခါ မဂဓတိုင်းတို့၌ (ရာဂစသော) အညစ်အကြေးရှိသူ ဂိုဏ်းဆရာကြီးတို့ ကြံဆအပ်သော မစင်ကြယ်သော မိစ္ဆာအယူတရားသည် ထင်ရှားဖြစ်ပေါ်ခဲ့ပါသည်၊ အမြိုက်နိဗ္ဗာန်၏ တံခါးကို ဖွင့်လှစ်တော်မူပါလော့၊ အညစ်အကြေး ကင်းဝေးတော်မူသော မြတ်စွာဘုရားသည် သဘာဝနှင့်အလျော် သိတော်မူအပ်သော (သစ္စာလေးပါး) တရားကို (သတ္တဝါအများ) နာကြားကြပါစေကုန်လော့။

ကောင်းမြတ်သော ပညာ့ရှင်ဖြစ်တော်မူသော မြတ်စွာဘုရား၊ ထက်ဝန်းကျင် (မြင်စွမ်းနိုင်သော ဉာဏ်) မျက်စိရှိတော်မူသော မြတ်စွာဘုရား၊ ကျောက်တောင်ထိပ်၌ ရပ်တည်လျက်ရှိသော ယောက်ျားသည် ထက်ဝန်းကျင် လူအပေါင်းကို ကြည့်ရှုသကဲ့သို့ ထို့အတူ စိုးရိမ်ပူဆွေးကင်းဝေးတော်မူသော အသျှင်ဘုရားသည် ပညာ (ဓမ္မ)ဖြင့် ပြီးသော ပြာသာဒ်ထက်သို့ တက်တော်မူ၍ ပဋိသန္ဓေနေခြင်း အိုခြင်းတို့ နှိပ်စက် အပ်သဖြင့် စိုးရိမ်ပူဆွေးခြင်းသို့ သက်ဆင်းကျရောက်နေသော သတ္တဝါအပေါင်းကို ကြည့်ရှုတော်မူပါလော့။

ရဲရင့်တော်မူသော မြတ်စွာဘုရား၊ အောင်ပွဲယင်တော်မူပြီးသော မြတ်စွာဘုရား၊ ထတော်မူပါလော့။ ယာဉ်မှူးနှင့် တူတော်မူသော မြတ်စွာဘုရား၊ (ကိလေသာ) ကြွေး ကင်းဝေးတော်မူသော မြတ်စွာဘုရား လောက၌ လှည့်လည်တော်မူပါလော့။ ဘုန်းတော် ကြီးသော မြတ်စွာဘုရား တရားဟောတော်မူပါလော့။ (တရားကို) သိသူတို့သည် ရှိပါကုန်လတ္တံ့''ဟု (လျှောက်ပြန်၏)။

၉။ ထိုအခါ မြတ်စွာဘုရားသည် ဗြဟ္မာ၏ တောင်းပန်ခြင်းကို အသိအမှတ် ပြုုပြီးလျှင် သတ္တဝါတို့၌ သနားခြင်းကိုလည်း အကြောင်းပြု၍ ဗုဒ္ဓစက္ခုဖြင့် လောကကို ကြည့်တော်မူ၏၊ မြတ်စွာဘုရားသည် ဗုဒ္ဓစက္ခုဖြင့် လောကကို ကြည့်တော်မူလတ်သော် (ပညာ) မျက်စိ၌ (ကိလေသာ) မြူနည်းပါးသူ၊ (ပညာ) မျက်စိ၌ (ကိလေသာ) မြူများပြားသူ၊ ဣန္ဒြေရင့်ကျက်ပြီးသူ ဣန္ဒြေနုသေးသောသူ၊ ကောင်းသော အခြင်းအရာရှိသူ မကောင်းသော အခြင်းအရာရှိသူ၊ သိစေရန် လွယ်ကူသူ သိစေရန် ခက်ခဲသူ၊ တမလွန် လောက အပြစ်တို့ကို ဘေးဟု ရှုလျက် နေလေ့ရှိသူအချို့နှင့် တမလွန်လောက အပြစ်တို့ကို ဘေးဟု ရှုလျက် နေလေ့မရှိသူအချို့တို့ကို မြင်တော်မူ၏၊ ဥပမာသော်ကား ဥပ္ပလကြာတော၌လည်းကောင်း၊ ပဒုမ္မာကြာတော၌လည်းကောင်း၊ ပုဏ္ဍရိက်ကြာတော၌လည်းကောင်း အချို့သော ဥပ္ပလကြာ ပဒုမ္မာကြာ ပုဏ္ဍရိက်ကြာတို့သည် ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီးပွားကုန်၏၊ ရေမှ မပေါ်ထွက်သေးကုန်၊ ရေထဲ၌ မြုပ်၍ ဖွံ့ဖြိုးကုန်၏၊ အချို့သော ဥပ္ပလကြာ ပဒုမ္မာကြာ ပုဏ္ဍရိက်ကြာတို့သည် ရေ၌့ပေါက်ကုန်၏။ ရေ၌ ကြီးပွါးကုန်၏၊ ရေနှင့်အညီ တည်ကုန်၏၊ အချို့သော ဥပ္ပလကြာ ပဒုမ္မာကြာ ပုဏ္ဍရိက် ကြာတို့သည် ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီးပွားကုန်၏၊ ရေပေါ်သို့ တက်၍ တည်ကုန်၏၊ ရေနှင့် မလိမ်းကပ်ကုန်၊ ဤ အတူသာလျှင် မြတ်စွာဘုရားသည် ဗုဒ္ဓစက္ခုဖြင့် လောကကို ကြည့်တော်မူလတ်သော် (ပညာ) မျက်စိ၌ (ကိလေသာ) မြူနည်းပါးသူ၊ (ပညာ) မျက်စိ၌ (ကိလေသာ) မြူများပြားသူ၊ ဣန္ဒြေရင့်ကျက်ပြီးသူ ဣန္ဒြေ နုသေးသူ၊ ကောင်းသော အခြင်းအရာရှိသူ မကောင်းသော အခြင်းအရာရှိသူ၊ သိစေရန် လွယ်ကူသူ၊ သိစေရန် ခက်ခဲသူ၊ တမလွန်လောက အပြစ်တို့ကို ဘေးဟု ရှုလေ့ရှိသူအချို့နှင့် တမလွန်လောက အပြစ် တို့ကို ဘေးဟု မရှုဘဲ နေလေ့ရှိသူ အချို့တို့ကို မြင်တော်မူသောကြောင့် သဟမ္ပတိဗြဟ္မာအား-

'' ဗြဟ္မာ လေ့လာပြီးသော တရားမြတ်ကို ပင်ပန်းရုံသာဟု အမှတ်ရှိသည်ဖြစ်၍ လူတို့အား မဟောခဲ့ပြီ (မဟောဘဲ နေရန် အကြံ ဖြစ်ခဲ့ပြီ)၊ ပညာတည်းဟူသော နားနှင့်ပြည့်စုံသော သူတို့သည် ယုံကြည်ခြင်း (သဒ္ဓါတရား) ကို စေလွှတ်ကြကုန်လော့၊ ထိုသူတို့အတွက် နိဗ္ဗာန်တံခါးကို ငါဖွင့်အပ်ပြီ''ဟု ဂါထာဖြင့် မိန့်တော်မူ၏။

ထိုအခါ သဟမ္ပတိဗြဟ္မာသည် ''မြတ်စွာဘုရားသည် တရားဟောရန် ငါ့အား ခွင့်ပြုတော်မူပြီ''ဟု (သိသဖြင့်) မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုပြီးလျှင် ထိုနေရာ၌ပင် ကွယ်သွားလေ၏။ ဗြဟ္မာတောင်းပန်ခြင်း ပြီး၏။

------

၁။ ဥပဓိ= တည်ရာ၊ ချမ်းသာဆင်းရဲတို့၏ တည်ရာ၊ ဝါ- ဘေး။

၂။ ဗုဒ္ဓစက္ခုဖြင့်= (၁) သတ္တဝါတို့၏ ဣန္ဒြေအနုအရင့်ကို သိသော ဣန္ဒြိယပရောပရိယတ္တိဉာဏ် (၂) သတ္တဝါတို့၏ စိတ်ဓာတ်ကိန်းဝပ်ရာ အာသယနှင့် အနုသယကိလေသာတို့ကို သိသော အာသယာနုသယဉာဏ် ဤဉာဏ်နှစ်ပါးကို ဗုဒ္ဓစက္ခုဟု ခေါ်သည်။

၃။ အခြင်းအရာရှိသူ= အခြားပါဠိတော်များ၌ ဒွါကာရေ ဒုဝိညာပယေ အပ္ပေကစ္စေ န ပရလောက ဝဇ္ဇဘယဒဿာဝိနေ ဝိဟရန္တေ ပုဒ်များမပါ။

၄။ ဥပ္ပလကြာ= ကြာဖြူ ကြာနီ ကြာညို။

၆။ ပဉ္စဝဂ္ဂီတို့အား တရားဟောတော်မူခြင်း

၁၀။ ထို့နောက် ''ငါသည် အဘယ်သူ့ကို ရှေးဦးစွာ တရားဟောရအံ့နည်း၊ အဘယ်သူသည် ဤ တရားကို လျင်မြန်စွာ သိနိုင်လတ္တံ့နည်း''ဟု မြတ်စွာဘုရားအား အကြံဖြစ်တော်မူ၏၊ ထို့နောက်-

ဤကာလာမအနွယ်ဖြစ်သော အာဠာရရသေ့သည် ပညာရှိ၏၊ လိမ္မာ၏၊ ထက်မြက်သော ဉာဏ်ရှိ၏၊ ကာလရှည်မြင့်စွာကပင် (ပညာ) မျက်စိ၌ (ကိလေသာ) မြူနည်းပါးခဲ့၏။ ငါသည် ကာလာမအနွယ်ဖြစ်သော အာဠာရရသေ့အား တရားကို ရှေးဦးစွာ ဟောရမူကား ကောင်းလေစွ၊ ထို (အာဠာရရသေ့) သည် ဤတရားကို လျင်စွာပင် သိနိုင်လတ္တံ့''ဟု အကြံဖြစ်တော်မူပြန်၏။

ထိုအခါ ကိုယ်ထင်ရှား မပြသော နတ်သည် မြတ်စွာဘုရားအား ''အသျှင်ဘုရား ကာလာမအနွယ် ဖြစ်သော အာဠာရရသေ့သည် သေပြီး၍ ခုနစ်ရက်ရှိပါပြီ''ဟု လျှောက်၏။

မြတ်စွာဘုရားအားလည်း ''ကာလာမအနွယ်ဖြစ်သော အာဠာရရသေ့သည် သေပြီး၍ ခုနစ်ရက်ရှိပြီ''ဟု အသိဉာဏ် ထင်ရှားဖြစ်ပေါ်ခဲ့ပြီ။

ထိုအခါ မြတ်စွာဘုရားအား ''ကာလာမအနွယ်ဖြစ်သော အာဠာရရသေ့သည် ဆုံးရှုံးခြင်းကြီး ဆုံးရှုံး ခဲ့ပြီ၊ အကြောင်းမူကား အကယ်၍ ထိုအာဠာရရသေ့သည် ဤတရားကို နာရပါမူ လျင်စွာပင် သိနိုင်ရာ၏''ဟု သနားခြင်းဖြစ်တော်မူ၏။

ထု့ိနောက် ''ငါသည် အဘယ်သူ့ကို ရှေးဦးစွာ တရားဟောရအံ့နည်း၊ အဘယ်သူသည် ဤတရားကို လျင်မြန်စွာ သိနိုင်လတ္တံ့နည်း''ဟု မြတ်စွာဘုရားအား အကြံဖြစ်ပြန်၏။ ထို့နောက်-

ဤရာမ၏ သားဖြစ်သော ဥဒကရသေ့သည် ပညာရှိ၏၊ လိမ္မာ၏၊ ထက်မြက်သော ဉာဏ်ရှိ၏၊ ကာလရှည်မြင့်စွာကပင် (ပညာ) မျက်စိ၌ (ကိလေသာ) မြူနည်းပါးခဲ့၏၊ ငါသည် ရာမ၏ သားဖြစ်သော ဥဒကရသေ့အား တရားကို ရှေးဦးစွာ ဟောရမူကား ကောင်းလေစွ၊ ထို (ဥဒကရသေ့) သည် ဤတရားကို လျင်စွာပင် သိနိုင်လတ္တံ့''ဟု အကြံဖြစ်တော်မူပြန်၏။

ထိုအခါ ကိုယ်ထင်ရှားမပြသော နတ်သည် မြတ်စွာဘုရားအား ''အသျှင်ဘုရား ရာမ၏ သားဖြစ်သော ဥဒကရသေ့သည် ယမန်နေ့က သေဆုံးခဲ့ပါပြီ''ဟု လျှောက်၏။

မြတ်စွာဘုရားအားလည်း ''ရာမ၏ သားဖြစ်သော ဥဒကရသေ့သည် ယမန်နေ့က သေဆုံးခဲ့ပြီ''ဟု အသိဉာဏ် ထင်ရှားဖြစ်ပေါ်ခဲ့ပြီ။

ထိုအခါ မြတ်စွာဘုရားအား ''ရာမ၏ သားဖြစ်သော ဥဒကရသေ့သည် ဆုံးရှုံးခြင်းကြီး ဆုံးရှုံးခဲ့ပြီ၊ အကြောင်းမူကား အကယ်၍ ထိုဥဒကရသေ့သည် ဤတရားကို နာရပါမူ လျင်စွာပင် သိနိုင်ရာ၏''ဟု သနားခြင်းဖြစ်တော်မူ၏။

ထို့နောက် ''ငါသည် အဘယ်သူ့ကို ရှေးဦးစွာ တရားဟောရအံ့နည်း၊ အဘယ်သူသည် ဤတရားကို လျင်မြန်စွာ သိနိုင်လတ္တံ့နည်း''ဟု မြတ်စွာဘုရားအား အကြံဖြစ်ပြန်၏။

ထို့နောက် မြတ်စွာဘုရားအား '' (ငါးယောက်အစုရှိသော) ပဉ္စဝဂ္ဂီရဟန်းတို့သည် ငါ့အား ကျေးဇူး များကုန်၏၊ ယင်းပဉ္စဝဂ္ဂီရဟန်းတို့သည် ပဓာနအလုပ်ကို အားထုတ်နေသော ငါ့ကို လုပ်ကျွေးဖူးကုန်၏၊ ငါသည် ပဉ္စဝဂ္ဂီရဟန်းတို့အား တရားကို ရှေးဦးစွာ ဟောရမူ ကောင်းလေစွ''ဟု အကြံဖြစ်တော်မူပြန်၏။ ထို့နောက် မြတ်စွာဘုရားအား ''ယခုအခါ ပဉ္စဝဂ္ဂီရဟန်းတို့သည် အဘယ်အရပ်၌ နေကြကုန်သနည်း''ဟု ဆင်ခြင်ခြင်း ဖြစ်တော်မူ၏။

မြတ်စွာဘုရားသည် အထူးသဖြင့် သန့်ရှင်းစင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော မျက်စိ 'ဒိဗ္ဗစက္ခုအဘိညာဉ်'ဖြင့် ပဉ္စဝဂ္ဂီရဟန်းတိုု့ကို ဗာရာဏသီပြည် ဣသိပတန မည်သော မိဂဒါဝုန်တော၌ နေကြသည်ကို မြင်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ဥရုဝေလတော၌ မွေ့လျော်တော်မူသရွေ့ နေတော်မူပြီးလျှင် ဗာရာဏသီ ပြည်သို့ ဒေသစာရီ ကြွချီတော်မူ၏။

------

ဥပကနှင့်တွေ့တော်မူခြင်း

၁၁။ ဥပက အာဇီဝက 'တက္ကတွန်း'သည် ဂယာနှင့် ဗောဓိပင်အကြား ခရီးရှည်ကြွသွား တော်မူသော မြတ်စွာဘုရားကို မြင်၍ မြတ်စွာဘုရားကို ''ငါ့သျှင် သင်၏ ဣန္ဒြေတို့သည် အထူးသဖြင့် ကြည်လင်ကုန်၏၊ အရေအဆင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ ငါ့သျှင် သင်သည် အဘယ်သူကို ရည်ညွှန်း၍ ရဟန်းပြု သနည်း၊ သင်၏ ဆရာကား အဘယ်သူနည်း၊ သင်သည် အဘယ်သူ၏ တရားကို နှစ်သက်သနည်း''ဟု ဆိုလတ်သော် မြတ်စွာဘုရားသည် ဥပကအာဇီဝက 'တက္ကတွန်း'ကို - '' ဥပက ငါသည် အလုံးစုံကို လွှမ်းမိုးနိုင်၏၊ အလုံးစုံကို သိ၏၊ တရားအားလုံးတို့၌ (ကိလေသာဖြင့်) မလိမ်းကျံ၊ အလုံးစုံကို စွန့်အပ်ပြီ၊ တဏှာ၏ကုန်ရာ (နိဗ္ဗာန်) ကို အာရုံပြုရသောကြောင့် ကိလေသာမှ လွတ်ပြီ၊ ကိုယ်တိုင် အထူးသိမြင်ပြီး ဖြစ်၍ အဘယ်သူကို (ဆရာဟူ၍) ညွှန်းရအံ့နည်း။

ဥပက ငါ့အား ဆရာမရှိ ငါနှင့်တူသောသူ မရှိ၊ နတ်နှင့်တကွသော လောက၌ ငါ့အား ဖက်ပြိုင်နိုင်သော ပုဂ္ဂိုလ်လည်း မရှိ။

ငါသည် လောက၌ ရဟန္တာတည်း၊ ငါသည် အတုမရှိသောသူတည်း၊ နတ်လူတို့၏ ဆရာတည်း၊ ငါသည်သာလျှင် (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိသော တစ်ဆူတည်းသော ဘုရားတည်း၊ ကိလေသာမီး ငြိမ်းသည်ဖြစ်၍ ချမ်းမြ၏၊

ငါသည် ဓမ္မစကြာတရားကို ဟောခြင်းငှါ ကာသိတိုင်း ဗာရာဏသီပြည်သို့ သွားအံ့၊ သူကန်းသဖွယ်ဖြစ်သော လောက၌ (တရားတည်းဟူသော) အမြိုက်စည်ကြီးကို တီးခတ် ပေအံ့''ဟု ဂါထာတို့ဖြင့် မိန့်တော်မူ၏။

ငါ့သျှင် သင်ဝန်ခံသည့်အတိုင်း အဆုံးမရှိသော ဉာဏ်နှင့် ပြည့်စုံသော၊ မာရ်ငါးပါးကို အောင်သော ဘုရား ဖြစ်ထိုက်ပါသလောဟု (မေးရာ) -

''ဥပက အာသဝေါတရားကုန်ခြင်းသို့ ရောက်သော ငါကဲ့သို့ ပုဂ္ဂိုလ်တို့သည် စင်စစ် ဇိနမည်ကုန်၏၊ ငါသည် ယုတ်မာသော အကုသိုလ်တရားတို့ကို အောင်အပ်ပြီး ဖြစ်သောကြောင့် ဇိနမည်၏''ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသော် ဥပကတက္ကတွန်းသည် ''ငါ့သျှင်ဟုတ်ပေရာ၏''ဟု ဆိုကာ ဦးခေါင်းကို ညိတ်လျက် လမ်းဖယ်၍ သွားလေ၏။

၁၂။ ထိုအခါ မြတ်စွာဘုရားသည် အစဉ်အတိုင်း ဒေသစာရီ ကြွချီတော်မူသော် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော ပဉ္စဝဂ္ဂီရဟန်းတို့ထံသို့ ချဉ်းကပ်တော်မူ၏။

ပဉ္စဝဂ္ဂီရဟန်းတို့သည် အဝေးမှ ကြွလာတော်မူသော မြတ်စွာဘုရားကို မြင်ကြ၍ ''ငါ့သျှင်တို့ လာဘ်များခြင်းငှါ ကျင့်၍ ကမ္မဋ္ဌာန်းလုပ်ငန်းမှ ထွက်သော လာဘ်များခြင်းငှါ လှည့်လည်သော ဤရဟန်း ဂေါတမသည် ကြွလာ၏၊ ထိုရဟန်းဂေါတမကို ရှိမခိုးရ၊ ခရီးဦးကြိုမပြုရ၊ ထိုရဟန်းဂေါတမ၏ သပိတ် သင်္ကန်းကို လှမ်းမယူရ၊ (သို့ရာတွင်) နေရာကိုကား ထားထိုက်၏၊ ရဟန်းဂေါတမသည် အကယ်၍ အလိုရှိလျှင် ထိုင်လိမ့်မည်''ဟု အချင်းချင်း ကတိကဝတ် ပြုကုန်၏။

မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့ထံ ချဉ်းကပ်တော်မူသော် ပဉ္စဝဂ္ဂီရဟန်းတို့သည် မိမိတို့ ကတိကဝတ်ဖြင့် မတည်နိုင်ကုန်ဘဲ မြတ်စွာဘုရားကို ခရီးဦးကြိုပြုုကြပြီးလျှင် တစ်ယောက်က မြတ်စွာ ဘုရား၏ သပိတ်သင်္ကန်းကို လှမ်းယူ၏၊ တစ်ယောက်က နေရာခင်း၏၊ တစ်ယောက်က ခြေဆေးရေကို တည်၏၊ တစ်ယောက်က ခြေဆေးအင်းပျဉ်ကို တည်ထား၏၊ တစ်ယောက်က ခြေပွတ်အိုးခြမ်းကို အနီး၌ ထား၏။ မြတ်စွာဘုရားသည် ခင်းထားသော နေရာ၌ ထိုင်တော်မူပြီးလျှင် ခြေတော်တို့ကို ဆေးတော်မူ၏၊ သို့သော် မြတ်စွာဘုရားကို 'ဂေါတမ' ဟူသော အမည်တော်ဖြင့်လည်းကောင်း၊ 'ငါ့သျှင်' ဟူသော ခေါ်ဝေါ်ခြင်းဖြင့်လည်းကောင်း ခေါ်ဝေါ်ပြောဆိုကုန်၏။

ဤသို့ ပြောဆိုကုန်သည်ရှိသော် မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့အား- ''ရဟန်းတို့ ငါဘုရားကို အမည်ဖြင့်လည်းကောင်း၊ ငါ့သျှင် ဟူသော ခေါ်ဝေါ်ခြင်းဖြင့်လည်းကောင်း မပြောဆိုကြကုန်လင့်၊ ရဟန်းတို့ ငါဘုရားသည် ရဟန္တာတည်း၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိသော ဘုရားတည်း၊ ရဟန်းတို့ နားထောင်ကုန်လော့၊ အမြိုက်နိဗ္ဗာန် ကို (ငါ) ရပြီ၊ ငါသည် ဆုံးမအံ့၊ ငါသည် တရားဟောအံ့၊ ငါဆုံးမသည့်အတိုင်း ကျင့်သည်ရှိသော် လူ့ဘောင်မှ ရဟန်းဘောင်သို့ ကောင်းစွာ ဝင်သော အမျိုးသားတို့ လိုလားအပ်သော မြတ်သော အကျင့်၏ အဆုံးဖြစ်သော အတုမရှိသော အရဟတ္တဖိုလ်သို့ မကြာမီ ယခုဘဝ၌ ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေရလတ္တံ့''ဟု မိန့်တော်မူ၏။

ဤသို့ မိန့်တော်မူသော် ပဉ္စဝဂ္ဂီရဟန်းတို့သည် မြတ်စွာဘုရားအား- ''ငါ့သျှင်ဂေါတမ သင်သည် ထိုပြုနိုင်ခဲသော ဣရိယာပုထ်ကို ပြုသဖြင့် ထိုကျင့်နိုင်ခဲသော အကျင့်ကို ကျင့်သဖြင့် ထိုပြုနိုင်ခဲသော အမှုကို ပြုသဖြင့်လည်း လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက့်လွန်မြတ်သော အရိယာအဖြစ်ကို ပြုစွမ်းနိုင်သော ဉာဏ်အမြင်အထူးကို မရခဲ့ပေ၊ လာဘ်များခြင်းငှါ ကျင့်၍ ကမ္မဋ္ဌာန်း (လုပ်ငန်း) မှ ထွက်လျက် လာဘ်များခြင်းငှါ လှည့်လည်သော သင်သည် ယခုအခါ လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော အရိယာ အဖြစ်ကို ပြုစွမ်းနိုင်သော ဉာဏ်အမြင်အထူးကို အဘယ်မှာ (သင်) ရနိုင်ပါအံ့နည်း''ဟုဆိုကုန်၏။

ဤသို့ ဆိုကုန်လတ်သော် မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့အား- ''ရဟန်းတို့ ငါဘုရားသည် လာဘ်များခြင်းငှါ ကျင့်သည်မဟုတ်၊ ကမ္မဋ္ဌာန်းလုပ်ငန်းမှ ထွက်သည် မဟုတ်၊ လာဘ်များခြင်းငှါ လှည့်လည်နေသည်မဟုတ်၊ ရဟန်းတို့ ငါဘုရားသည် ရဟန္တာတည်း၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိသော ဘုရားတည်း၊ ရဟန်းတို့ နားထောင်ကုန်လော့၊ အမြိုက်နိဗ္ဗာန်ကို ငါရပြီ၊ ငါသည် ဆုံးမအံ့၊ ငါသည် တရားဟောအံ့၊ ငါဆုံးမသည့်အတိုင်း ကျင့်သည်ရှိသော် လူ့ဘောင်မှ ရဟန်းဘောင်သို့ ကောင်းစွာ ဝင်သော အမျိုးသားတို့ လိုလားအပ်သော မြတ်သော အကျင့်၏ အဆုံးဖြစ်သော အတုမရှိသော အရဟတ္တဖိုလ်သို့ မကြာမီ ယခုဘဝ၌ ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေရလတ္တံ့''ဟု မိန့်တော်မူ၏။

နှစ်ကြိမ်မြောက်လည်း ပဉ္စဝဂ္ဂီရဟန်းတို့သည် မြတ်စွာဘုရားအား ဤသို့ ဆိုကုန်၏။ပ။ နှစ်ကြိမ် မြောက်လည်း မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့အား ဤသို့ပင် မိန့်တော်မူ၏။ပ။ သုံးကြိမ်မြောက်လည်း ပဉ္စဝဂ္ဂီရဟန်းတို့သည် မြတ်စွာဘုရားအား -

''ငါ့သျှင်ဂေါတမ သင်သည် ထိုပြုနိုင်ခဲသော ဣရိယာပုထ်ကို ပြုသဖြင့် ထိုကျင့်နိုင်ခဲသော အကျင့်ကို ကျင့်သဖြင့် ထိုပြုနိုင်ခဲသော အမှုကို ပြုသဖြင့်လည်း လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော အရိယာအဖြစ်ကို ပြုစွမ်းနိုင်သော ဉာဏ်အမြင်အထူးကို မရခဲ့ပေ၊ လာဘ်များခြင်းငှါ ကျင့်၍ ကမ္မဋ္ဌာန်း (လုပ်ငန်း) မှ ထွက်သော လာဘ်များခြင်းငှါ လှည့်လည်သော သင်သည် ယခုအခါ လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော အရိယာအဖြစ်ကို ပြုစွမ်းနိုင်သော ဉာဏ်အမြင် အထူးကို အဘယ်မှာ (သင်) ရနိုင်ပါအံ့နည်း''ဟု ဆိုကုန်၏။

ဤသို့ ဆိုကုန်လတ်သော် မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့အား ''ရဟန်းတိုု့ ဤမှ ရှေးအခါ၌ ဤသို့သော စကားကို ငါပြောဖူးသည်ကို သင်တို့ မှတ်မိကြကုန်သလော''ဟု မိန့်တော်မူ၏။

မမှတ်မိပါ အသျှင်ဘုရားဟု (လျှောက်ကြကုန်၏)။ ''ရဟန်းတို့ ငါသည် ရဟန္တာတည်း၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိသော ဘုရားတည်း၊ ရဟန်းတို့ နားထောင်ကုန်လော့၊ အမြိုက်နိဗ္ဗာန်ကို ငါရပြီ၊ ငါသည် ဆုံးမအံ့၊ ငါသည် တရားဟောအံ့၊ ငါဆုံးမသည့်အတိုင်း ကျင့်သည်ရှိသော် လူ့ဘောင်မှ ရဟန်းဘောင်သို့ ကောင်းစွာ ဝင်သော အမျိုးကောင်းသားတို့ လိုလားအပ်သော မြတ်သော အကျင့်၏ အဆုံးဖြစ်သော အတုမရှိသော အရဟတ္တ ဖိုလ်သို့ မကြာမီ ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေရလတ္တံ့''ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့အား (ဘုရားအဖြစ်ကို) သိစေရန် တတ်နိုင်ခဲ့လေပြီ။ ထိုအခါ ပဉ္စဝဂ္ဂီရဟန်းတို့သည် မြတ်စွာဘုရားစကားတော်ကို ကောင်းစွာ နာယူကုန်၏၊ နားထောင်ကုန်၏၊ အရဟတ္တဖိုလ်ကို ဖြစ်စေရန် စိတ်ကို ရှေးရှုထားကုန်၏။

------

၁။ အာဇီဝက= ချိုင်းကြားထိအောင်သွင်း၍ အဝတ်ဝတ်သူ တက္ကတွန်း။

ဓမ္မစကြာသုတ်

၁၃။ ထိုအခါ မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့ကို မိန့်တော်မူ၏-

ရဟန်းတို့ ရဟန်းဖြစ်သူသည် ဤအစွန်းနှစ်ပါးတို့ကို မမှီဝဲအပ်ကုန်၊ အဘယ်နှစ်ပါးတို့နည်း၊ ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အလေ့အကျင့် မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကာမဂုဏ်တို့၌ ကာမဂုဏ်ချမ်းသာကို ကပ်ငြိသောအားဖြင့် အဖန်တလဲလဲ လိုက်စားအားထုတ်ခြင်းလည်းကောင်း၊ ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်းလည်းကောင်း ဤနှစ်ပါးတို့တည်း။

ရဟန်းတို့ ထိုအစွန်းနှစ်ပါးတို့သို့ မကပ်ရောက်မူ၍ ငါဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သော ဉာဏ်အမြင်ကို ပြုတတ်သော အလယ်အလတ်ဖြစ်သော အကျင့်သည် ကိလေသာ ငြိမ်းရန်အလို့ငှါ ဖြစ်၏၊ ထူးသောဉာဏ်ဖြင့် သိရန်အလို့ငှါ ဖြစ်၏၊ (သစ္စာလေးပါးကို) သိရန် အလို့ငှါ ဖြစ်၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အလို့ငှါ ဖြစ်၏။

ရဟန်းတို့ ငါဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သော ဉာဏ် အမြင်ကို ပြုတတ်သော ကိလေသာငြိမ်းခြင်း ထူးသောဉာဏ်ဖြင့် သိခြင်း သစ္စာလေးပါးကို သိခြင်း နိဗ္ဗာန် ကို မျက်မှောက် ပြုခြင်းငှါဖြစ်သော ထိုအလယ်အလတ်ဖြစ်သော မြတ်သောအကျင့်ကား အဘယ်နည်း။

ဤအင်္ဂါရှစ်ပါးရှိသော အရိယမဂ်ပင်တည်း။ ဤအင်္ဂါရှစ်ပါးရှိသော အရိယမဂ်ဟူသည် အဘယ်နည်း။ မှန်စွာ သိမြင်ခြင်း 'သမ္မာဒိဋ္ဌိ'၊ မှန်စွာ ကြံခြင်း 'သမ္မာသင်္ကပ္ပ'၊ မှန်စွာ ပြောဆိုခြင်း 'သမ္မာဝါစာ'၊ မှန်စွာ ပြုလုပ်ခြင်း 'သမ္မာကမ္မန္တ'၊ မှန်စွာ အသက်မွေးခြင်း 'သမ္မာအာဇီဝ'၊ မှန်စွာ အားထုတ်ခြင်း 'သမ္မာဝါယာမ'၊ မှန်စွာ အောက်မေ့ခြင်း 'သမ္မာသတိ'၊ မှန်စွာ တည်ကြည်ခြင်း 'သမ္မာသမာဓိ' ဤသည်တို့တည်း။

ရဟန်းတို့ ငါဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သော ဉာဏ် အမြင်ကို ပြုတတ်သော ဤအလယ်အလတ်ဖြစ်သော မြတ်သောအကျင့်သည် ကိလေသာငြိမ်းရန် အလို့ငှါ ဖြစ်၏၊ ထူးသောဉာဏ်ဖြင့် သိရန်အလို့ငှါ ဖြစ်၏၊ (သစ္စာလေးပါးကို) သိရန်အလို့ငှါ ဖြစ်၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှါ ဖြစ်၏။

၁၄။ ရဟန်းတို့ ဤသည်ကား ဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာ' ပေတည်း၊ ပဋိသန္ဓေတည်နေရခြင်းသည်လည်း ဆင်းရဲ၏၊ အိုရခြင်းသည်လည်း ဆင်းရဲ၏၊ နာရခြင်းသည်လည်း ဆင်းရဲ၏၊ သေရခြင်းသည်လည်း ဆင်းရဲ၏၊ မချစ်သောသူတို့နှင့် အတူနေရခြင်းသည်လည်း ဆင်းရဲ၏၊ ချစ်သော သူတို့နှင့် ကွေကွင်းရခြင်းသည်လည်း ဆင်းရဲ၏၊ လိုချင်ရာကို မရခြင်းသည်လည်း ဆင်းရဲ၏၊ အကျဉ်းအားဖြင့် စွဲလမ်းရာ အာရုံဖြစ်သော ခန္ဓာငါးပါးတို့သည်လည်း ဆင်းရဲကုန်၏။

ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရား 'သမုဒယ အရိယသစ္စာ' ပေတည်း၊ အကြင်တဏှာသည် ဘဝသစ်၌ ဖြစ်စေတတ်၏၊ နှစ်သက်ခြင်း တပ်မက်ခြင်းနှင့် တကွ ဖြစ်၏၊ ထိုထို အာရုံ၌ လွန်စွာ နှစ်သက်တတ်၏။

ဤတပ်မက်မှုတဏှာဟူသည် အဘယ်နည်း၊ ကာမဘုံတို့၌ တပ်မက်မှု တဏှာ 'ကာမတဏှာ'၊ တည်မြဲ၏ဟု ယူသော သဿတဒိဋ္ဌိနှင့် တကွဖြစ်သော တပ်မက်မှုတဏှာ 'ဘဝတဏှာ'၊ သေလျှင် ပြတ်စဲ၏ဟု ယူသော ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သော တပ်မက်မှုတဏှာ 'ဝိဘဝတဏှာ' တို့တည်း။

ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ ချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရား 'နိရောဓအရိယ သစ္စာ' ပေတည်း၊ ယင်းဆင်းရဲ၏ ချုပ်ငြိမ်းရာဟူသည် ထိုတပ်မက်မှုတဏှာ၏သာလျှင် အကြွင်းမဲ့ စွဲမက်မှု ကင်းပျောက် ချုပ်ငြိမ်းရာ စွန့်လွှတ်ရာ တစ်ဖန်စွန့်ပယ်ရာ လွတ်မြောက်ရာ မကပ်ငြိရာ (နိဗ္ဗာန်) ပင် ဖြစ်၏။

ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာ တို့၏ အမှန်တရား 'မဂ္ဂအရိယသစ္စာ' ပေတည်း၊ ဤအရိယမဂ်သည် အင်္ဂါရှစ်ပါးရှိ၏။ အင်္ဂါရှစ်ပါးဟူသော် ကား-

မှန်စွာ သိမြင်ခြင်း 'သမ္မာဒိဋ္ဌိ '၊ မှန်စွာ ကြံခြင်း 'သမ္မာသင်္ကပ္ပ'။ပ။ မှန်စွာ တည်ကြည်ခြင်း 'သမ္မာ သမာဓိ ' ဤသည်တို့တည်း။

ဒုက္ခသစ္စာ၌ ဉာဏ်သုံးပါး

၁၅။ ရဟန်းတို့ ''ဤတရားသည် ဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာ' မည်၏''ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (ဒုက္ခသစ္စာ) တရားတို့၌ ငါဘုရား၏ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် 'ပညာ' သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ (သစ္စဉာဏ်) ရဟန်းတို့ ငါဘုရားသည် ထိုဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာ' ကို စင်စစ် ပိုင်းခြား၍ သိထိုက်၏၊ဟု။ပ။ (ကိစ္စဉာဏ်) ရဟန်းတိုု့ ငါဘုရားသည် ထိုဆင်းရဲဖြစ်သော ဤအရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာ' ကို ပိုင်းခြား၍ သိခဲ့ပြီးပြီဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (ဒုက္ခသစ္စာ) တရားတို့၌ ငါ ဘုရား၏ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် 'ပညာ' သည် ထင်ရှား ဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှား ဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ (ကတဉာဏ်)

သမုဒယသစ္စာ၌ ဉာဏ်သုံးပါး

ရဟန်းတို့ ''ဤတရားသည် ဆင်းရဲခြင်း၏ အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရား 'သမုဒယ အရိယသစ္စာ' မည်၏''ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (သမုဒယသစ္စာ) တရားတို့၌ ငါဘုရား၏ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် 'ပညာ' သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ (သစ္စဉာဏ်) ရဟန်းတို့ ငါဘုရားသည် ''ထိုဆင်းရဲခြင်း၏ အကြောင်းဖြစ်သော ဤအရိယာတို့၏ အမှန်တရား 'သမုဒယ အရိယသစ္စာ' ကို ပယ်အပ်၏''ဟု။ပ။ (ကိစ္စဉာဏ်) ရဟန်းတို့ ငါဘုရားသည် ''ထိုဆင်းရဲခြင်း၏ အကြောင်းဖြစ်သော ဤအရိယာတို့၏ အမှန်တရား 'သမုဒယ အရိယသစ္စာ' ကို ပယ်ပြီးပြီ''ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (သမုဒယသစ္စာ) တရားတို့၌ ငါဘုရား၏ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် 'ပညာ' သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသောဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှား ဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ (ကတဉာဏ်)

နိရောဓသစ္စာ၌ ဉာဏ်သုံးပါး

ရဟန်းတို့ ''ဤနိဗ္ဗာန်သည် ဆင်းရဲခြင်း၏ ချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရား 'နိရောဓ အရိယသစ္စာ' မည်၏''ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (နိရောဓသစ္စာ) တရားတို့၌ ငါ ဘုရား၏ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သောဉာဏ် 'ပညာ' သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ (သစ္စဉာဏ်) ရဟန်းတို့ ငါဘုရားသည် ''ထိုဆင်းရဲခြင်း၏ ချုပ်ရာဖြစ်သော ဤအရိယာတို့၏ အမှန်တရား 'နိရောဓ့အရိယသစ္စာ' ကို မျက်မှောက်ပြုအပ်၏''ဟု။ပ။ (ကိစ္စဉာဏ်) ရဟန်းတို့ ငါဘုရားသည် ''ထိုဆင်းရဲခြင်း၏ ချုပ်ရာဖြစ်သော ဤအရိယာတို့၏ အမှန်တရား 'နိရောဓ အရိယသစ္စာ' ကို မျက်မှောက်ပြုပြီးပြီ''ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (နိရောဓ သစ္စာ) တရားတို့၌ ငါဘုရား၏ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှား ဖြစ်၏။ (ကတဉာဏ်)

မဂ္ဂ္ဂသစ္စာ၌ ဉာဏ်သုံးပါး

ရဟန်းတို့ ''ဤတရားသည် ဆင်းရဲခြင်း၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဖြစ်သော အရိယာတို့၏ အမှန်တရား 'မဂ္ဂအရိယသစ္စာ' မည်၏''ဟု (ဘုရားမဖြစ်မီ) ရှေးက မကြားဖူးကုန်သော (မဂ္ဂသစ္စာ) တရားတို့၌ ငါဘုရား၏ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏။ပ။ အလင်းရောင်သည် ထင်ရှား ဖြစ်၏။ (သစ္စဉာဏ်) ရဟန်းတို့ ငါဘုရားသည် ''ထိုဆင်းရဲခြင်း၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဖြစ်သော ဤအရိယာတို့၏ အမှန်တရား 'မဂ္ဂအရိယသစ္စာ' ကို ပွါးများအပ်၏''ဟု။ပ။ (ကိစ္စဉာဏ်) ရဟန်းတို့ ငါဘုရားသည် ''ထိုဆင်းရဲခြင်း၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဖြစ်သော ဤအရိယာတို့၏ အမှန်တရား 'မဂ္ဂအရိယသစ္စာ' ကို ပွါးများပြီးပြီ''ဟု (ဘုရားမဖြစ်မီ) ရှေးက မကြား ဖူးကုန်သော (မဂ္ဂသစ္စာ) တရားတို့၌ ငါဘုရား၏ (ပညာ) မျက်စိသည် ထင်ရှားဖြစ်၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်၏၊ အပြားအားဖြင့် သိတတ်သော ဉာဏ် 'ပညာ' သည် ထင်ရှားဖြစ်၏၊ ထိုးထွင်း၍ သိသော ဉာဏ် 'ဝိဇ္ဇာ' သည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။ (ကတဉာဏ်) ဘုရားဟု ဝန်ခံချိန်

၁၆။ ရဟန်းတို့ ဤအရိယာတို့၏ အမှန်တရားလေးပါးတို့၌ ဤသို့ သုံးပါးသော အပြန်, တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော မှန်ကန်သော ဉာဏ်အမြင် မစင်ကြယ်သေးသမျှ ကာလပတ်လုံး ငါဘုရားသည် နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ ''အတုမရှိသော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိသော အရဟတ္တမဂ်ဉာဏ်ကို သိပြီ'' ဟူ၍ ဝန်မခံခဲ့ချေ။

ရဟန်းတို့ ဤအရိယာတို့၏ အမှန်တရားလေးပါးတို့၌ ဤသို့ သုံးပါးသော အပြန်, တစ်ဆယ့် နှစ်ပါးသော အခြင်းအရာရှိသော မှန်ကန်သောဉာဏ်အမြင်သည် စင်ကြယ်လာသော အခါ၌သာလျှင် ငါဘုရားသည် နတ် မာရ် နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော ဤလူ့လောက၌ ''အတုမရှိသော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိသော အရဟတ္တမဂ်ဉာဏ်ကို သိပြီ'' ဟူ၍ ဝန်ခံခဲ့၏။ ငါ၏ ကိလေသာတို့မှ လွတ်မြောက်မှုသည် မပျက် စီးနိုင်ပြီ၊ ဤကား အဆုံးစွန်သော ဘဝတည်း၊ ယခုအခါ ဘဝသစ်၌ ဖြစ်ခြင်းမရှိတော့ပြီဟု ငါ့အား ဉာဏ်အမြင် (ပစ္စဝေက္ခဏာဉာဏ်) သည်လည်း ထင်ရှားဖြစ်ပေါ်ခဲ့ပြီဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူလတ်သော် ပဉ္စဝဂ္ဂီရဟန်းတို့သည် နှစ်လိုကုန်သည် ဖြစ်၍ မြတ်စွာဘုရား၏ စကားတော်ကို ဝမ်းမြောက်စွာ လက်ခံကြလေကုန်သတည်း။

ဤဂါထာမဖက် သက်သက်သော ဒေသနာတော်ကို ဟောကြားတော်မူလတ်သော် အသျှင်ကောဏ္ဍည အား ''ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်းသဘောရှိ၏''ဟု (ကိလေသာ) မြူအညစ် အကြေးကင်းသော တရားမျက်စိ 'သောတာပတ္တိမဂ်ဉာဏ်' သည် ဖြစ်ပေါ်လာ၏။

နတ်ဗြဟ္မာတို့ ကြွေးကြော်ကြခြင်း

၁၇။ မြတ်စွာဘုရားသည် ဓမ္မစကြာတရားကို ဟောတော်မူလတ်သော် ''ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ ရဟန်း ပုဏ္ဏား နတ် မာရ်နတ် ဗြဟ္မာ တစ်စုံတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာတရားတော်ကို မြတ်စွာဘုရား ဟောတော်မူအပ်ပြီ''ဟု ဘုမ္မစိုး နတ်တို့သည် ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကုန်၏။

ဘုမ္မစိုးနတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ စာတုမဟာရာဇ်နတ်တို့သည် ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကုန်၏။ပ။

စာတုမဟာရာဇ်နတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ တာဝတိံသာနတ်။ပ။ ယာမာနတ်။ပ။ တုသိတာနတ်။ပ။ နိမ္မာနရတိနတ်။ပ။ ပရနိမိ္မတဝသဝတ္တိနတ်။ပ။ ဗြဟ္မာ့ပြည်၌ ဖြစ်သော ဗြဟ္မာ တို့သည် ''ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ ရဟန်း ပုဏ္ဏား နတ် မာရ်နတ် ဗြဟ္မာ တစ်စုံတစ်ယောက်မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာတရားတော်ကို မြတ်စွာဘုရား ဟောတော် မူအပ်ပြီ''ဟု ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကုန်၏။

ဤသို့လျှင် ထိုအချိန် ထိုအခါ ထိုကာလတွင် (အကနိဋ္ဌ) ဗြဟ္မာ့ပြည်တိုင်အောင် ကောင်းချီးသံသည် ပျံ့နှံ့၍ တက်၏။

ဤတစ်သောင်းသော လောကဓာတ်သည်လည်း တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ ထက်ဝန်းကျင် တုန်လှုပ်၏၊ အတိုင်းအရှည်မရှိ ကြီးမားသော အရောင်အလင်းသည်လည်း လောက၌ နတ်တို့၏ အာနု ဘော်ကို ကျော်လွန်၍ ထင်ရှားဖြစ်ပေါ်၏။

ထိုအခါ မြတ်စွာဘုရားသည် ''ရဟန်းတို့ ကောဏ္ဍညသည် သစ္စာလေးပါးတရားကို သိလေပြီတကား၊ ရဟန်းတို့ ကောဏ္ဍညသည် သစ္စာလေးပါးတရားကို သိလေပြီတကား''ဟု ဥဒါန်းကို ကျူးရင့်တော်မူ၏။

ဤသို့ ဥဒါန်း ကျူးရင့်တော်မူသောကြောင့် အသျှင်ကောဏ္ဍညအား ''အညာသိ ကောဏ္ဍည'' ဟူ၍ သာလျှင် အမည်တွင်၏။

၁၈။ ထို့နောက် အသျှင်အညာသိကောဏ္ဍညသည် တရားကို မြင်ပြီးသည်ဖြစ်၍ တရားသို့ ရောက် ပြီးသည် ဖြစ်၍ တရားကို သိပြီးသည်ဖြစ်၍ တရားသို့ သက်ဝင်ပြီးသည်ဖြစ်၍ ယုံမှားခြင်းကို ကူး မြောက်ပြီးသည် ဖြစ်၍ သို့လောသို့လော (တွေးတောခြင်း) ကင်းပြီးသည် ဖြစ်၍ မြတ်စွာဘုရားသာသနာ၌ ရဲရင့်ခြင်းသို့ ရောက်ပြီးသည် ဖြစ်၍ ဘုရားမှတစ်ပါး ကိုးစားထိုက်သူ မရှိသည်ဖြစ်၍ မြတ်စွာဘုရားကို ''အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားအထံ၌ ရှင့်အဖြစ်ကို ရလိုပါ၏၊ ရဟန်းအဖြစ်ကို ရလိုပါ၏''ဟု လျှောက်၏။

''ရဟန်း လာလော့'' ''တရားကို ကောင်းစွာ ဟောအပ်ပြီ၊ ဆင်းရဲ၏ အဆုံးကိုပြုခြင်းငှါ မြတ်သော အကျင့်ကို ကောင်းစွာ ကျင့်လော့''ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ထိုစကားတော်သည်ပင်လျှင် ထိုအသျှင်အညာသိကောဏ္ဍည၏ ပဉ္စင်းအဖြစ် ပြီးလေ၏။

၁၉။ ထို့နောက် မြတ်စွာဘုရားသည် အညာသိ ကောဏ္ဍညမှ ကြွင်းသော ရဟန်းတို့ကို တရား စကားဖြင့် သွန်သင်ဆုံးမတော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် တရားစကားဖြင့်သွန်သင် ဆုံးမအပ်ကုန်သည်ရှိသော် အသျှင်ဝပ္ပအားလည်းကောင်း၊ အသျှင်ဘဒ္ဒိယအားလည်းကောင်း ''ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်း သဘောရှိ၏''ဟု (ကိလေသာ) မြူအညစ်အကြေးကင်းသော တရားမျက်စိ 'သောတာပတ္တိမဂ်ဉာဏ်' သည် ထင်ရှား ဖြစ်ပေါ်၏။

ထိုအသျှင်ဝပ္ပ အသျှင်ဘဒ္ဒိယတို့သည် တရားကို မြင်ပြီးကုန်သည်ဖြစ်၍ တရားသို့ ရောက်ပြီးကုန်သည် ဖြစ်၍ တရားကို သိပြီးကုန်သည်ဖြစ်၍ တရားသို့ သက်ဝင်ပြီးကုန်သည်ဖြစ်၍ ယုံမှားခြင်းကို ကူးမြောက်ပြီးကုန်သည်ဖြစ်၍ သို့လောသို့လော (တွေးတောခြင်း) ကင်းပြီးကုန်သည်ဖြစ်၍ မြတ်စွာဘုရား သာသနာတော်၌ ရဲရင့်ခြင်းသို့ ရောက်ပြီးကုန်သည်ဖြစ်၍ ဘုရားမှတစ်ပါး ကိုးစားထိုက်သူ့မရှိကုန်သည် ဖြစ်၍ မြတ်စွာဘုရားကို ''အသျှင်ဘုရား အကျွန်ုပ်တို့သည် မြတ်စွာဘုရားအထံ၌ ရှင့်အဖြစ်ကို ရလိုပါကုန်၏၊ ရဟန်းအဖြစ်ကို ရလိုပါကုန်၏''ဟု လျှောက်ကုန်၏။

''ရဟန်းတို့ လာကုန်လော့'' ''တရားကို ကောင်းစွာ ဟောအပ်ပြီ၊ ဆင်းရဲ၏ အဆုံးကို ပြုခြင်းငှါ မြတ်သော အကျင့်ကို ကောင်းစွာ ကျင့်ကုန်လော့''ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ထိုစကားတော်သည်ပင်လျှင် ထိုအသျှင်ဝပ္ပ အသျှင်ဘဒ္ဒိယတို့၏ ပဉ္စင်းအဖြစ် ပြီးလေ၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ဆောင်အပ်သော ဆွမ်းရှိသည်ဖြစ်၍ ထိုသုံးယောက်တို့မှ ကြွင်းသော ရဟန်းတို့ကို တရားစကားဖြင့် သွန်သင် ဆုံးမတော်မူ၏။ (ကောဏ္ဍည ဝပ္ပ ဘဒ္ဒိယ) ရဟန်း သုံးပါးတို့ ဆွမ်းအလို့ငှါ လှည့်လည်၍ ဆောင်ယူခဲ့သော ထိုဆွမ်းဖြင့် ခြောက်ပါးအစုသည် မျှတ၏။

ထို့နောက် မြတ်စွာဘုရားသည် တရားစကားဖြင့် သွန်သင် ဆုံးမတော်မူသည်ရှိသော် အသျှင် မဟာနာမ်နှင့် အသျှင်အဿဇိတို့အား ''ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်းသဘောရှိ၏''ဟု (ကိလေသာ) မြူအညစ်အကြေးကင်းသော တရားမျက်စိ 'သောတာပတ္တိမဂ်ဉာဏ်သည်' ထင်ရှားဖြစ် ပေါ်၏။

ထိုအသျှင်မဟာနာမ် အသျှင်အဿဇိတို့သည် တရားကို မြင်ပြီးကုန်သည်ဖြစ်၍ တရားသို့ ရောက် ပြီးကုန်သည်ဖြစ်၍ တရားကို သိပြီးကုန်သည်ဖြစ်၍ တရားသို့ သက်ဝင်ပြီးကုန်သည်ဖြစ်၍ ယုံမှားခြင်းကို ကူးမြောက်ပြီးကုန်သည်ဖြစ်၍ သို့လော သို့လော (တွေးတောခြင်း) ကင်းပြီးကုန်သည်ဖြစ်၍ မြတ်စွာဘုရား သာသနာတော်၌ ရဲရင့်ခြင်းသို့ ရောက်ပြီးကုန်သည်ဖြစ်၍ ဘုရားမှတစ်ပါး ကိုးစားထိုက်သူ မရှိကုန်သည် ဖြစ်၍ မြတ်စွာဘုရားကို ''အသျှင်ဘုရား အကျွန်ုပ်တို့သည် မြတ်စွာဘုရားအထံ၌ ရှင့်အဖြစ်ကို ရလိုပါကုန်၏၊ ရဟန်းအဖြစ်ကို ရလိုပါကုန်၏''ဟု လျှောက်ကုန်၏။

မြတ်စွာဘုရားသည် ''ရဟန်းတို့ လာကုန်လော့'' ''တရားကို ကောင်းစွာ ဟောအပ်ပြီ၊ ဆင်းရဲ၏ အဆုံးကို ပြုခြင်းငှါ မြတ်သောအကျင့်ကို ကောင်းစွာ ကျင့်ကုန်လော့''ဟု မိန့်တော်မူ၏။ ထိုစကားတော်သည်ပင်လျှင် ထိုအသျှင်မဟာနာမ် အသျှင်အဿဇိတို့၏ ပဉ္စင်းအဖြစ် ပြီးလေ၏။

------

အနတ္တ လက္ခဏ သုတ်

၂၀။ ထို့နောက် မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့ကို - ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ဤရုပ်သည် အတ္တဖြစ်ခဲ့လျှင် ရုပ်သည် နာကျင်ခြင်းငှါ မဖြစ်ရာ၊ ''ငါ၏ ရုပ်သည် ဤသို့ ဖြစ်စေ၊ ငါ၏ ရုပ်သည် ဤသို့ မဖြစ်စေလင့်'' ဟူ၍လည်း ရုပ်၌ (စီရင်၍) ရရာ၏။

ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်း ဖြစ်၏၊ ''ငါ၏ ရုပ်သည် ဤသို့ ဖြစ်စေ၊ ငါ၏ ရုပ်သည် ဤသို့ မဖြစ်စေလင့်'' ဟူ၍လည်း ရုပ်၌ (စီရင်၍) မရအပ်။

ရဟန်းတို့ ဝေဒနာသည် အတ္တမဟုတ်၊ ရဟန်းတို့ ဝေဒနာသည် အတ္တဖြစ်ခဲ့လျှင် ဝေဒနာသည် နာကျင်ခြင်း မဖြစ်ရာ၊ ''ငါ၏ ဝေဒနာသည် ဤသို့ ဖြစ်စေ၊ ငါ၏ ဝေဒနာသည် ဤသို့ မဖြစ်စေလင့်'' ဟူ၍လည်း ဝေဒနာ၌ (စီရင်၍) ရရာ၏။

ရဟန်းတို့ ဝေဒနာသည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်း ဖြစ်၏၊ ''ငါ၏ ဝေဒနာသည် ဤသို့ ဖြစ်စေ၊ ငါ၏ ဝေဒနာသည် ဤသို့ မဖြစ်စေလင့်'' ဟူ၍လည်း ဝေဒနာ၌ (စီရင်၍) မရအပ်။

ရဟန်းတို့ သညာသည် အတ္တမဟုတ်၊ ရဟန်းတို့ သညာသည် အတ္တဖြစ်ခဲ့လျှင် သညာသည် နာကျင်ခြင်း မဖြစ်ရာ၊ ''ငါ၏ သညာသည် ဤသို့ ဖြစ်စေ၊ ငါ၏ သညာသည် ဤသို့ မဖြစ်စေလင့်'' ဟူ၍လည်း သညာ၌ (စီရင်၍) ရရာ၏။

ရဟန်းတို့ သညာသည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်း ဖြစ်၏၊ ''ငါ၏ သညာသည် ဤသို့ဖြစ်စေ၊ ငါ၏ သညာသည် ဤသို့ မဖြစ်စေလင့်'' ဟူ၍လည်း သညာ၌ (စီရင်၍) မရအပ်။ ရဟန်းတို့ သင်္ခါရတို့သည် အတ္တမဟုတ်ကုန်၊ ရဟန်းတို့ သင်္ခါရတို့သည် အတ္တဖြစ်ခဲ့ကြလျှင် ဤသင်္ခါရတို့သည် နာကျင်ခြင်း မဖြစ်ကုန်ရာ၊ ''ငါ၏ သင်္ခါရတို့သည် ဤသို့ ဖြစ်စေကုန်၊ ငါ၏ သင်္ခါရ တို့သည် ဤသို့ မဖြစ်စေကုန်လင့်'' ဟူ၍လည်း သင်္ခါရတို့၌ (စီရင်၍) ရကုန်ရာ၏။

ရဟန်းတို့ သင်္ခါရတို့သည် အတ္တမဟုတ်ကုန်သောကြောင့် နာကျင်ခြင်း ဖြစ်ကုန်၏၊ ''ငါ၏ သင်္ခါရတို့သည် ဤသို့ ဖြစ်စေကုန်၊ ငါ၏ သင်္ခါရတို့သည် ဤသို့ မဖြစ်စေကုန်လင့်'' ဟူ၍လည်း သင်္ခါရတို့၌ (စီရင်၍) မရအပ်။

ရဟန်းတို့ ဝိညာဏ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ဝိညာဏ်သည် အတ္တဖြစ်ခဲ့လျှင် ဝိညာဏ်သည် နာကျင်ခြင်း မဖြစ်ရာ၊ ''ငါ၏ ဝိညာဏ်သည် ဤသို့ ဖြစ်စေ၊ ငါ၏ ဝိညာဏ်သည် ဤသို့ မဖြစ်စေလင့်'' ဟူ၍လည်း ဝိညာဏ်၌ (စီရင်၍) ရရာ၏။

ရဟန်းတို့ ဝိညာဏ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်း ဖြစ်၏၊ ''ငါ၏ ဝိညာဏ်သည် ဤသို့ ဖြစ်စေ၊ ငါ၏ ဝိညာဏ်သည် ဤသို့ မဖြစ်စေလင့်'' ဟူ၍လည်း ဝိညာဏ်၌ (စီရင်၍) မရအပ်ဟု (မိန့်တော်မူ၏)။

၂၁။ ရဟန်းတို့ သင်တို့သည် ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း။ ရုပ်သည် မြဲသလော၊ မမြဲသလောဟု (မေးတော်မူရာ) မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကုန်၏)။ မမြဲသော ရုပ်သည် ဆင်းရဲလော၊ ချမ်းသာလောဟု (မေးတော်မူပြန်ရာ) ဆင်းရဲဖြစ်ပါသည် အသျှင်ဘုရားဟု (လျှောက်ကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော ရုပ်ကို ''ဤဟာ ငါ့ဥစ္စာ ဖြစ်၏၊ ဤဟာ ငါဖြစ်၏၊ ဤဟာ ငါ့အတ္တတည်း''ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လောဟု (မေးတော်မူပြန်ရာ) မသင့်လျော်ပါ အသျှင်ဘုရားဟု (လျှောက်ကုန်၏)။ ဝေဒနာသည်။ပ။ သညာသည်။ပ။ သင်္ခါရတို့သည်။ပ။ ဝိညာဏ်သည် မြဲသလော၊ မမြဲသလောဟု (မေးတော်မူရာ) မမြဲပါ အသျှင်ဘုရားဟု (လျှောက်ကုန်၏)။ မမြဲသော ဝိညာဏ်သည် ဆင်းရဲလော၊ ချမ်းသာလောဟု (မေးတော်မူပြန်ရာ) ဆင်းရဲဖြစ်ပါသည် အသျှင်ဘုရားဟု (လျှောက်ကုန်၏)။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော ဝိညာဏ်ကို ''ဤဟာ ငါ့ဥစ္စာ ဖြစ်၏၊ ဤဟာ ငါ ဖြစ်၏၊ ဤဟာ ငါ့အတ္တတည်း''ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လောဟု (မေးတော်မူပြန်ရာ) မသင့်လျော်ပါ အသျှင်ဘုရားဟု (လျှောက်ကုန်၏)။

၂၂။ ရဟန်းတို့ ထို့ကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန်၊ အတွင်း အပြင်၊ အကြမ်း အနု၊ အယုတ် အမြတ်၊ အဝေးအနီး ဖြစ်သော အလုံးစုံသော ရုပ်ကို ''ငါ၏ ဥစ္စာမဟုတ်၊ ငါ မဟုတ်၊ ငါ့အတ္တမဟုတ်''ဟုဟုတ်မှန်သည့်အတိုင်း (အမှန်အကန်) ကောင်းသော ပညာဖြင့် ရှုအပ်၏။

အလုံးစုံသော ဝေဒနာကို။ပ။ အလုံးစုံသော သညာကို။ပ။ အလုံးစုံသော သင်္ခါရတို့ကို။ပ။ အတိတ် အနာဂတ် ပစ္စုပ္ပန်၊ အတွင်း အပြင်၊ အကြမ်း အနု၊ အယုတ် အမြတ်၊ အဝေး အနီး ဖြစ်သော အလုံးစုံသော ဝိညာဏ်ကို ''ငါ၏ ဥစ္စာမဟုတ်၊ ငါ မဟုတ်၊ ငါ့အတ္တမဟုတ်''ဟုဟုတ်မှန်သည့် အတိုင်း (အမှန်အကန်) ကောင်းသော ပညာဖြင့် ရှုအပ်၏။

၂၃။ ရဟန်းတို့ ဤသို့ ရှုသည်ရှိသော် အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့ခြင်းကြောင့် မတပ်မက်၊ မတပ်မက်ခြင်းကြောင့် ကိလေသာမှ လွတ်၏၊ ကိလေ သာမှ လွတ်ပြီးသော် ငါသည် ကိလေသာမှ လွတ်ပြီဟု အသိဉာဏ် ဖြစ်၏၊ ''ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးအပ်ပြီ၊ မဂ်ကိစ္စကို ပြုအပ်ပြီ၊ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိတော့ပြီ''ဟု သိ၏ဟု (မိန့်တော်မူ၏)။

၂၄။ မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏၊ ပဉ္စဝဂ္ဂီရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်၏။

ဤဂါထာမဖက် သက်သက်သော ဒေသနာတော်ကို ဟောတော်မူအပ်သည်ရှိသော် ပဉ္စဝဂ္ဂီရဟန်းတို့၏ စိတ်တို့သည် (တစ်စုံတစ်ခုကိုမျှ) မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်မြောက်လေကုန်သတည်း။

ထိုအခါဝယ် လောက၌ ရဟန္တာခြောက်ယောက် ဖြစ်ကုန်၏။

ပဉ္စဝဂ္ဂီတို့အား တရားဟောတော်မူခြင်း ပြီး၏။

ပဌမခန်းတည်း။

------

၇-ရှင်ရဟန်းပြုကြခြင်း

ယသသူဌေးသား ရဟန်းပြုခြင်းအကြောင်း

၂၅။ တစ်ရံရောအခါ ဗာရာဏသီပြည်၌ နူးညံ့သိမ်မွေ့သော သူဌေးသား ယသအမည်ရှိသော အမျိုး ကောင်းသား တစ်ယောက်ရှိလေ၏။

ထိုယသအမျိုးကောင်းသားအား ဆောင်းအခါနေသော ပြာသာဒ်တစ်ဆောင်၊ နွေအခါနေသော ပြာသာဒ်တစ်ဆောင်၊ မိုးအခါနေသော ပြာသာဒ်တစ်ဆောင်ဟူ၍ သုံးဆောင်သော ပြာသာဒ်တို့သည် ရှိကုန်၏။

ထိုယသအမျိုးကောင်းသားသည် မိုးအခါနေသော ပြာသာဒ်၌ မိုးလေးလပတ်လုံး ယောက်ျားမပါ မိန်းမတို့သာ တီးမှုတ်သော တူရိယာတို့ဖြင့် စည်းစိမ်ခံစားလျက် ပြာသာဒ်အောက်သို့ပင် မဆင်းသက်ချေ။

ထိုအခါ ငါးပါးသော ကာမဂုဏ်တို့ဖြင့် ကုံလုံပြည့်ဝစွာ စည်းစိမ်ခံစားလျက်ရှိသော ယသအမျိုး ကောင်းသားသည် စောစောကပင် အိပ်ပျော်ခြင်းသို့ ရောက်လေ၏၊ ဖြေဖျော်သူ အပေါင်းသည်လည်း အိပ်ပျော်ခြင်းသို့ ရောက်၏၊ တစ်ညဉ့်လုံး ဆီမီးညှိထွန်းထား၏။

ထိုအခါ ယသအမျိုးကောင်းသားသည် စောစောပင် နိုး၍ မိန်းမတစ်ယောက်က လက်ကတီး၌ စောင်းကို (ပိုက်လျက်) မိန်းမတစ်ယောက်က လည်၌ မုရိုးစည်ကို (လွယ်လျက်) မိန်းမတစ်ယောက်က လက်ကတီး၌ ထက်စည်ကို (ပိုက်လျက်) မိန်းမတစ်ယောက်ကား ဆံပင်ဖရိုဖရဲကြဲလျက် မိန်းမတစ်ယောက် ကား သွားရည်ယိုစီးလျက် အခြားသော မိန်းမတို့ကား ယောင်ယမ်းကုန်လျက် လက်သို့ ရောက်သော သုသာန်သချင်္ိုင်းကဲ့သို့ အိပ်ပျော်နေသော မိမိ၏ ဖြေဖျော်သူ အပေါင်းကို မြင်၍ ထိုယသအမျိုးကောင်း သားအား အပြစ်ကို မြင်လာပြီးလျှင် ငြီးငွေ့စိတ် ဖြစ်ပေါ်လာ၏။

ထိုအခါ ယသအမျိုးကောင်းသားသည် ''အချင်းတို့ (တဏှာအစရှိသော ကိလေသာတို့သည်) နှိပ် စက်အပ် ပေစွတကား၊ အချင်းတို့ (တဏှာအစရှိသော ကိလေသာတို့သည်) ညှဉ်းဆဲအပ်ပေစွတကား''ဟု ဥဒါန်းကို ကျူးရင့်မြွက်ဆိုလေ၏။

ထို့နောက် ယသအမျိုးကောင်းသားသည် ရွှေခြေနင်းတို့ကို စီးလျက် အိမ်တံခါးသို့ ချဉ်းကပ်လေ၏၊ ''ယသအမျိုးကောင်းသားအား တစ်စုံတစ်ယောက်သော သူမျှ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ခြင်း၏့အန္တရာယ်ကို မပြုပါစေလင့်''ဟု နတ်တို့သည် တံခါးကို ဖွင့်ကုန်၏။

ထိုအခါ ယသအမျိုးကောင်းသားသည် မြို့တံခါးသို့ ချဉ်းကပ်လေ၏။ ''ယသအမျိုးကောင်းသားအား တစ်စုံတစ်ယောက်သော သူမျှ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ခြင်း၏ အန္တရာယ်ကို မပြုပါစေလင့်''ဟု (နှလုံးပြု၍) နတ်တို့သည် တံခါးကို ဖွင့်ကုန်၏။

ထို့နောက် ယသအမျိုးကောင်းသားသည် ဣသိပတနမည်သော မိဂဒါဝုန်တောသို့ ချဉ်းကပ်၏။

၂၆။ ထိုအခါ မြတ်စွာဘုရားသည် ညဉ့်၏ မိုးသောက်ယံအခါ၌ စောစောထ၍ ဟင်းလင်းပြင် 'လွင်တီးခေါင်' ၌ စင်္ကြံကြွတော်မူ၏။

မြတ်စွာဘုရားသည် အဝေးမှ လာသော ယသအမျိုးကောင်းသားကို မြင်တော်မူလျှင် စင်္ကြံမှ ဆင်းသက်၍ ခင်းထားသော နေရာ၌ ထိုင်နေတော်မူ၏။

ထိုအခါ ယသအမျိုးကောင်းသားသည် မြတ်စွာဘုရား၏ အနီး၌ ''အချင်းတို့ (တဏှာအစရှိသော ကိလေသာတို့သည်) နှိပ်စက်အပ်ပေစွတကား၊ အချင်းတို့ (တဏှာအစရှိသော ကိလေသာတို့သည်) ညှဉ်း ဆဲအပ်ပေစွတကား''ဟု ဥဒါန်း ကျူးရင့် မြွက်ဆို၏။

ထိုအခါ မြတ်စွာဘုရားသည် ယသအမျိုးကောင်းသားကို ''ယသ စင်စစ် ဤနိဗ္ဗာန်ကို (တဏှာအစ ရှိသော ကိလေသာတို့သည်) မနှိပ်စက်အပ်၊ ဤနိဗ္ဗာန်ကို (တဏှာအစရှိသော ကိလေသာတို့သည်) မညှဉ်း ဆဲအပ်ပေ၊ ယသ လာလော့၊ ထိုင်လော့၊ သင့်အား တရားဟောအံ့''ဟု မိန့်တော်မူ၏။

ထိုအခါ ယသအမျိုးကောင်းသားသည် ''ဤနိဗ္ဗာန်ကို (တဏှာအစရှိသော ကိလေသာတို့သည်) မနှိပ်စက်အပ်သတတ်၊ ဤနိဗ္ဗာန်ကို (တဏှာအစရှိသော ကိလေသာတို့သည်) မညှဉ်းဆဲအပ်သတတ်''ဟု ရွှင်လန်းဝမ်းမြောက်သည်ဖြစ်၍ ရွှေခြေနင်းတို့မှ သက်ဆင်းလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လေ၏။

မြတ်စွာဘုရားသည် တစ်ခုသော နေရာ၌ ထိုင်နေသော ယသအမျိုးကောင်းသားအား အစဉ်အတိုင်းသော တရားစကားကို ဟောတော်မူ၏၊ ဤသည်တို့ကား အဘယ်နည်း၊ ဒါနနှင့်စပ်သောစကား သီလနှင့် စပ်သောစကား နတ်ပြည်နှင့်စပ်သောစကား ကာမဂုဏ်တို့၏အပြစ် ယုတ်ညံ့ခြင်း ညစ်ညူးခြင်း (ကာမဂုဏ် တို့မှ) လွတ်မြောက်ခြင်း၌ အကျိုးတို့ကို ပြတော်မူ၏။

မြတ်စွာဘုရားသည် ယသအမျိုးကောင်းသား၌ ခံ့သောစိတ် နူးညံ့သောစိတ် အပိတ်အပင် 'နီဝရဏ' မှ ကင်းသောစိတ် တက်ကြွသောစိတ် ယုံကြည်သောစိတ်ရှိသည်ကို သိတော်မူသောအခါ မြတ်စွာဘုရားတို့၏ ကိုယ်တိုင် ထုတ်ဖေါ် သိမြင်ပြီးသော 'သာမုက္ကံသိက' တရားဒေသနာတော်ဖြစ်သော ဆင်းရဲ 'ဒုက္ခသစ္စာ' ကိုလည်းကောင်း၊ ဆင်းရဲဖြစ်ကြောင်း 'သမုဒယသစ္စာ' ကိုလည်းကောင်း၊ ဆင်းရဲချုပ်ရာ 'နိရောဓသစ္စာ' ကိုလည်းကောင်း၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းလမ်းစဉ် 'မဂ္ဂသစ္စာ' ကိုလည်းကောင်း ပြတော်မူ၏။

မည်းညစ်ခြင်းကင်း၍ ဖြူစင်သော အဝတ်သည် ဆိုးရည်ကို ကောင်းစွာ ခံယူရာသကဲ့သို့၊ ယသ သတို့သားအား ထိုနေရာ၌ပင်လျှင် ''ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်းသဘောရှိ၏''ဟု (ကိလေသာ) မြူအညစ်အကြေးမှ ကင်းသော တရားမျက်စိ 'သောတာပတ္တိမဂ်ဉာဏ်' သည် ဖြစ်ပေါ်၏။

၂၇။ ထိုအခါ ယသအမျိုးကောင်းသား၏ မိခင်သည် ပြာသာဒ်ထက်သို့ တက်သည်ရှိသော် ယသ အမျိုးကောင်းသားကို မမြင်ရကား အိမ့်ရှင်သူဌေးကြီးထံ ချဉ်းကပ်ပြီးလျှင် အိမ့်ရှင်သူဌေးကြီးကို ''သူဌေး ကြီး သင်၏သား ယသကို မတွေ့မြင်ပါ''ဟု ပြောကြားလေ၏။ ထိုအခါ အိမ့်ရှင်သူဌေးကြီးသည် အရပ် လေးမျက်နှာတို့သို့ မြင်းတမန်သည်တို့ကို လွှတ်၍ မိမိကိုယ်တိုင်မူကား ဣသိပတနမည်သော မိဂဒါဝုန် တောသို့ ချဉ်းကပ်လေ၏။

အိမ့်ရှင်သူဌေးကြီးသည် ရွှေခြေနင်းချရာကို မြင်၍ ထိုခြေနင်းချရာကိုသာလျှင် အစဉ်အတိုင်း လိုက် လေ၏။

မြတ်စွာဘုရားသည် အဝေးမှ လာသော အိမ့်ရှင်သူဌေးကြီးကို မြင်၍ ''ငါသည် ဤနေရာ၌ ထိုင် နေသော ယသအမျိုးကောင်းသားကို ဤနေရာ၌ ထိုင်နေသော အိမ့်ရှင်သူဌေးကြီး မမြင်အောင် တန်ခိုး ဖန်ဆင်းရမူကား ကောင်းလေရာ၏''ဟု ကြံစည်တော်မူ၍ ထိုသို့သော တန်ခိုးဖန်ဆင်းခြင်းကို ဖန်ဆင်း တော်မူ၏။

ထိုအခါ အိမ့်ရှင်သူဌေးကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ''အသျှင်ဘုရား မြတ်စွာ ဘုရားသည် ယသအမျိုးကောင်းသားကို မြင်တော်မူမိပါသလော''ဟု လျှောက်၏။

သူကြွယ် ထိုသို့ မြင်လိုလျှင် ထိုင်လော့၊ ဤနေရာ၌ ထိုင်နေသော သင်သည် ဤနေရာ၌ ထိုင်နေသော ယသအမျိုးကောင်းသားကို မြင်ရကောင်း မြင်ရလိမ့်မည်ဟု (မိန့်တော်မူ၏)။

ထိုအခါ အိမ့်ရှင်သူဌေးကြီးသည် ''ဤနေရာ၌ ထိုင်နေသော ငါသည် ဤနေရာ၌ ထိုင်နေသော ယသ အမျိုးကောင်းသားကို မြင်ရလိမ့်သတတ်''ဟု ရွှင်လန်းတက်ကြွသော စိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော သူဌေးကြီးအား မြတ်စွာ ဘုရားသည် အစဉ်အတိုင်းသော တရားစကားကို ဟောတော်မူ၏၊ ဤသည်တို့ကား အဘယ်နည်း၊ ဒါနနှင့် စပ်သောစကား သီလနှင့်စပ်သောစကား နတ်ပြည်နှင့်စပ်သောစကား ကာမဂုဏ်တို့၏ အပြစ် ယုတ်ညံ့ခြင်း ညစ်ညူးခြင်း (ကာမဂုဏ်တို့မှ) လွတ်မြောက်ခြင်း၌ အကျိုးတို့ကို ပြတော်မူ၏။

မြတ်စွာဘုရားသည် အိမ့်ရှင်သူဌေးကြီး၌ ခံ့သောစိတ် နူးညံ့သောစိတ် အပိတ်အပင် 'နီဝရဏ' မှ ကင်းသောစိတ် တက်ကြွသောစိတ် ယုံကြည်သောစိတ်ရှိသည်ကို သိတော်မူသောအခါ မြတ်စွာဘုရားတို့၏ ကိုယ်တိုင် ထုတ်ဖော်သိမြင်ပြီးသော 'သာမုက္ကံသိက' တရားဒေသနာတော်ဖြစ်သော ဆင်းရဲ 'ဒုက္ခသစ္စာ' ကိုလည်းကောင်း၊ ဆင်းရဲဖြစ်ကြောင်း 'သမုဒယသစ္စာ' ကိုလည်းကောင်း၊ ဆင်းရဲချုပ်ငြိမ်းရာ 'နိရောဓသစ္စာ' ကိုလည်းကောင်း၊ ဆင်းရဲချုပ်ငြိမ်းရာသို့ ရောက်ကြောင်းလမ်းစဉ် 'မဂ္ဂသစ္စာ' ကိုလည်းကောင်း ပြတော်မူ၏။

မည်းညစ်ခြင်းကင်း၍ ဖြူစင်သော အဝတ်သည် ဆိုးရည်ကို ကောင်းစွာ ခံယူရာသကဲ့သို့၊ အိမ့်ရှင် သူဌေးကြီးအား ထိုနေရာ၌ပင်လျှင် ''ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်း သဘောရှိ၏''ဟု (ကိလေသာ) မြူအညစ်အကြေးမှကင်းသော တရားမျက်စိ 'သောတာပတ္တိမဂ်ဉာဏ်' သည် ဖြစ်ပေါ် လာ၏။

ထို့နောက် အိမ်ရှင်သူဌေးကြီးသည် တရားကိုမြင်ပြီးသည် ဖြစ်၍ တရားသို့ရောက်ပြီးသည် ဖြစ်၍ တရားကို သိပြီးသည် ဖြစ်၍ တရားသို့သက်ဝင်ပြီးသည် ဖြစ်၍ ယုံမှားခြင်းကို ကူးမြောက်ပြီးသည် ဖြစ်၍ သို့လော သို့လော (တွေးတောခြင်း) ကင်းပြီးသည် ဖြစ်၍ မြတ်စွာဘုရားသာသနာတော်၌ ရဲရင့်ခြင်းသို့ ရောက်ပြီးသည် ဖြစ်၍ ဘုရားမှတစ်ပါး ကိုးစားထိုက်သူမရှိသည် ဖြစ်၍ မြတ်စွာဘုရားကို-

''အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဘုရား (တရား တော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဘုရား ဥပမာသော်ကား မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း မျက်စိလည်သောသူအား လမ်းကို ပြောကြားဘိသကဲ့သို့လည်းကောင်း 'မျက်စိရှိသော သူတို့သည် အဆင်း တို့ကို မြင်ကြလိမ့်မည်'ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ထောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင် မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါ ပေ၏။ အသျှင်ဘုရား အကျွန်ုပ်သည်- မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊

တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ''ဟု လျှောက်၏။

ထိုသူဌေးကြီးသည် လောက၌ ရှေးဦးစွာ ''တေဝါစိကသရဏဂုံ'' တည်သူ ဥပါသကာ ဖြစ်လေ၏။

၂၈။ ထို့နောက် ဖခင်အား တရားဟောစဉ် မြင်အပ်ပြီးသည့်အတိုင်း သိအပ်ပြီးသည့်အတိုင်း ဖြစ်သော သစ္စာလေးပါးတရားကို ဆင်ခြင်သော ယသအမျိုးကောင်းသား၏ စိတ်သည် (တစ်စုံတစ်ခုကိုမျှ) မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်၏။

ထိုအခါ မြတ်စွာဘုရားအား- ''ဖခင်အား တရားဟောစဉ် မြင်အပ်ပြီးသည့်အတိုင်း သိအပ်ပြီးသည့်အတိုင်း ဖြစ်သော သစ္စာလေးပါးတရားကို ဆင်ခြင်သော ယသအမျိုးကောင်းသား၏ စိတ်သည် (တစ်စုံတစ်ခုကိုမျှ) မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်မြောက်ခဲ့လေပြီ၊ ယသအမျိုးကောင်းသားသည် လူထွက်၍ ရှေးလူ့ဘောင်၌ နေသော အခါကဲ့သို့ ကာမဂုဏ်တို့ကို သုံးဆောင်ခံစားခြင်းငှါ မထိုက်ပြီ၊ ငါသည် တန်ခိုးဖန်ဆင်းခြင်းကို ငြိမ်းစေရမူ ကောင်းလေစွ''ဟု အကြံဖြစ်လေ၏။

ထိုသို့ ကြံစည်တော်မူပြီးနောက် မြတ်စွာဘုရားသည် ထိုတန်ခိုး ဖန်ဆင်းခြင်းကို ငြိမ်းစေတော်မူ၏။ အိမ့်ရှင်သူဌေးကြီးသည် ယသအမျိုးကောင်းသား ထိုင်နေသည်ကို မြင်၍ ယသအမျိုးကောင်းသားကို ''ချစ်သားယသ သင်၏ အမိသည် ငိုကြွေးခြင်း စိုးရိမ်ခြင်းသို့ ရောက်၏၊ သင့်အမိအသက်ကို ပေးပါလော့''ဟု ပြောဆို၏။

ထိုအခါ ယသအမျိုးကောင်းသားသည် မြတ်စွာဘုရားကို မော်၍ ကြည့်လေ၏။ မြတ်စွာဘုရားသည် အိမ့်ရှင်သူဌေးကြီးအား- ''သူကြွယ် ဤအရာကို အဘယ်သို့ ထင်သနည်း၊ သင်မြင်သကဲ့သို့ အကြင်သူအား သေက္ခဉာဏ် သေက္ခအမြင်ဖြင့် သစ္စာလေးပါးတရားကို မြင်အပ်ပြီ သိအပ်ပြီ၊ ထိုသူအား မြင်သည့် အတိုင်း သိသည့်အတိုင်း သစ္စာလေးပါးတရားကို ဆင်ခြင်သော စိတ်သည် (တစ်စုံတစ်ခုကိုမျှ) မစွဲလမ်းမူ၍ အာသဝေါ တရားတို့မှ လွတ်ပြီ၊ သူကြွယ် ထိုသူသည် လူထွက်၍ ရှေးလူ့ဘောင်၌ နေသောအခါကဲ့သို့ ကာမဂုဏ်တို့ကို သုံးဆောင်ခံစားခြင်းငှါ ထိုက်အံ့လော''ဟု မေးတော်မူ၏။

မထိုက်တော့ပါ အသျှင်ဘုရားဟု (လျှောက်၏)။ သူကြွယ် သင်မြင်သကဲ့သို့ ယသအမျိုးကောင်းသားသည် သေက္ခဉာဏ် သေက္ခအမြင်ဖြင့် သစ္စာ လေးပါးတရားကို မြင်သိပြီ၊ ထိုယသအား မြင်ပြီးသည့်အတိုင်း သိပြီးသည့်အတိုင်း သစ္စာလေးပါးတရားကို ဆင်ခြင်သော စိတ်သည် (တစ်စုံတစ်ခုကိုမျှ) မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်ပြီ၊ သူကြွယ် ယသ အမျိုးကောင်းသားသည် လူထွက်၍ ရှေးလူ့ဘောင်၌ နေသောအခါကဲ့သို့ ကာမဂုဏ်တို့ကို သုံးဆောင်ခံစားခြင်းငှါ မထိုက်တော့ပြီဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ယသအမျိုးကောင်းသားသည် လူအဖြစ်ကို အရတော်ပေစွ၊ အသျှင်ဘုရား ယသ အမျိုးကောင်းသားသည် လူအဖြစ်ကို ကောင်းစွာ ရအပ်ပေစွ၊ ယင်းကျေးဇူးကြောင့် ယသအမျိုးကောင်း သား၏ စိတ်သည် (တစ်စုံတစ်ခုကိုမျှ) မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်ပြီ။

အသျှင်ဘုရား မြတ်စွာဘုရားသည် ယနေ့အတွက် နောက်ပါရဟန်း ယသအမျိုးကောင်းသားနှင့် အတူ အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော်မူပါဟု (လျှောက်၏)။ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။

ထိုအခါ အိမ့်ရှင်သူဌေးကြီးသည် မြတ်စွာဘုရား၏ လက်ခံတော်မူခြင်းကို သိ၍ နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေ ပြုပြီးလျှင် ဖဲခွါသွားလေ၏။

ထိုအခါ ယသအမျိုးကောင်းသားသည် အိမ့်ရှင်သူဌေးကြီး ဖဲသွား၍ မကြာမြင့်မီ မြတ်စွာဘုရားကို ''အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံ၌ ရှင့်အဖြစ်ကို ရလိုပါ၏၊ ရဟန်းအဖြစ်ကို ရလိုပါ၏''ဟု လျှောက်၏။

မြတ်စွာဘုရားသည် ''ရဟန်း လာလော့'' ''တရားကို ကောင်းစွာ ဟောအပ်၏၊ ဝဋ်ဆင်းရဲ၏အဆုံးကို ပြုခြင်းငှါ မြတ်သော အကျင့်ကို ကောင်းစွာ ကျင့်လော့''ဟု မိန့်တော်မူ၏။ ထိုစကားတော်သည်ပင်လျှင် ထိုအသျှင်ယသ၏ ပဉ္စင်းအဖြစ် ပြီးလေ၏။

ထိုအခါ လောက၌ ရဟန္တာခုနစ်ဦး ဖြစ်ပေါ်ကုန်၏။ ယသ သူဌေးသား ရဟန်းပြုခြင်းအကြောင်း ပြီး၏။

------

၁။ သုံးကြိမ်ရွတ်ဆို၍ ဆောက်တည်အပ်သော သရဏဂုံ

ယသသူငယ်ချင်း လေးယောက် ရဟန်းပြုခြင်းအကြောင်း

၂၉။ ထို့နောက် မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် နောက်ပါရဟန်း အသျှင်ယသနှင့် အတူ ဒါယကာ သူဌေးအိမ်သို့ ချဉ်းကပ်ပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်တော်မူ၏။

ထိုအခါ အသျှင်ယသ၏ မိခင်နှင့် မယားဟောင်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြကုန်လျက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်ကုန်၏။ တစ်ခုသော နေရာ၌ ထိုင်နေကုန်သော ထိုမိန်းမတို့အား အစဉ်အတိုင်းသော တရားစကားကို ဟောတော်မူ၏၊ ဤသည်တို့ကား အဘယ်နည်း၊ ဒါနနှင့်စပ်သောစကား သီလနှင့်စပ်သောစကား နတ်ပြည်နှင့်စပ်သောစကား ကာမဂုဏ်တို့၏ အပြစ် ယုတ်ညံ့ခြင်း ညစ်ညူးခြင်း (ကာမဂုဏ်တို့မှ) ထွက်မြောက်ခြင်း၌ အကျိုးတို့ကို ပြတော်မူ၏။

မြတ်စွာဘုရားသည် ထိုမိန်းမတို့၌ ခံ့သောစိတ် နူးညံ့သောစိတ် အပိတ်အပင် 'နီဝရဏ' မှ ကင်းသောစိတ် တက်ကြွသောစိတ် ယုံကြည်သောစိတ် ရှိသည်ကို သိတော်မူသောအခါ မြတ်စွာဘုရားတို့၏ ကိုယ်တိုင် ထုတ်ဖော်သိမြင်အပ်သော 'သာမုက္ကံသိက' တရားဒေသနာတော်ဖြစ်သော ဆင်းရဲ 'ဒုက္ခသစ္စာ' ကိုလည်းကောင်း၊ ဆင်းရဲဖြစ်ကြောင်း 'သမုဒယသစ္စာ' ကိုလည်းကောင်း၊ ဆင်းရဲချုပ်ရာ 'နိရောဓသစ္စာ' ကိုလည်းကောင်း၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းလမ်းစဉ် 'မဂ္ဂသစ္စာ' ကိုလည်းကောင်း ပြတော်မူ၏။

မည်းညစ်ခြင်းကင်း၍ ဖြူစင်သော အဝတ်သည် ဆိုးရည်ကို ကောင်းစွာ ခံယူသကဲ့သို့ ထိုမိန်းမတို့ အား ထိုနေရာ၌ပင်လျှင် ''ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်းသဘောရှိ၏''ဟု (ကိလေ သာ) မြူ အညစ်အကြေးမှ ကင်းသော တရားမျက်စိ 'သောတာပတ္တိမဂ်ဉာဏ်' သည် ဖြစ်ပေါ်၏။ ထိုမိန်းမ တို့သည် တရားကို မြင်ပြီးကုန်သည်ဖြစ်၍ တရားသို့ ရောက်ပြီးကုန်သည်ဖြစ်၍ တရားကို သိပြီးကုန်သည်ဖြစ်၍ တရားသို့ သက်ဝင်ပြီးကုန်သည်ဖြစ်၍ ယုံမှားခြင်းကို ကူးမြောက်ပြီးကုန်သည်ဖြစ်၍ သို့လော သို့လော (တွေးတောခြင်း) ကင်းပြီးကုန်သည် ဖြစ်၍ မြတ်စွာဘုရားသာသနာတော်၌ ရဲရင့်ခြင်းသို့ ရောက် ပြီးကုန်သည်ဖြစ်၍ ဘုရားမှတစ်ပါး ကိုးစားထိုက်သူ မရှိကုန်သည် ဖြစ်၍ မြတ်စွာဘုရားအား-

''အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဘုရား (တရား တော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ပ။ အသျှင်ဘုရား အကျွန်ုပ်တို့သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်တို့ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်ကြသူ ဥပါသိကာမတို့ဟူ၍ မှတ်တော်မူပါ''ဟု လျှောက်ကုန်၏။

ထိုမိန်းမတို့သည်လည်း လောက၌ ရှေးဦးစွာ ''တေဝါစိကသရဏဂုံတည်သော ဥပါသိကာမ'' တို့ ဖြစ်ကုန်၏။

ထို့နောက် အသျှင်ယသ၏ အမိ အဖနှင့် မယားဟောင်းတို့သည် မြတ်စွာဘုရားကိုလည်းကောင်း၊ အသျှင်ယသကိုလည်းကောင်း မွန်မြတ်သော ခဲဖွယ် ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့် တိုင်အောင် ကိုယ်တိုင် လုပ်ကျွေးပြီးလျှင် မြတ်စွာဘုရားသည် သပိတ်မှ လက်ကို ဖယ်ပြီးသောအခါ တစ်ခုသော နေရာ၌ ထိုင်ကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်ယသ၏ အမိ အဖနှင့် မယားဟောင်းတို့အား တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင် လန်းစေပြီးလျှင် နေရာမှထကာ ဖဲခွါကြွသွားတော်မူ၏။

 

 

၃၀။ ဗာရာဏသီပြည်၌ သူဌေးမျိုး သူဌေးနွယ် ဖြစ်ကုန်သော ဝိမလ သုဗာဟု ပုဏ္ဏဇိ ဂဝမ္ပတိ ဟူသော အသျှင်ယသ၏ လူအဖြစ်က သူငယ်ချင်းလေးယောက်တို့သည် ''ယသအမျိုးကောင်းသားသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုး အဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်လျက် ရဟန်းပြုသတတ်''ဟု ကြားကုန်၍ ထိုသူငယ်ချင်းလေးယောက်တို့အား-

''အကြင်ဓမ္မဝိနယ၌ ယသအမျိုးကောင်းသားသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုး အဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏၊ ထို (ယသအမျိုးကောင်းသား ဝင်ရောက်သော) ဓမ္မဝိနယသည် မယုတ်ညံ့ရာ၊ ထိုရဟန်းအဖြစ်သည်လည်း မယုတ်ညံ့ရာ''ဟု အကြံ ဖြစ်၏။

ထိုလေးယောက်သော သူငယ်ချင်းတို့သည် အသျှင်ယသထံသို့ ချဉ်းကပ်ကြပြီးလျှင် အသျှင်ယသကို ရှိခိုး၍ တစ်ခုသောနေရာ၌ ရပ်တည်နေကြကုန်၏။

ထိုအခါ အသျှင်ယသသည် လူအဖြစ်က သူငယ်ချင်းလေးယောက်တို့ကို ခေါ်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်၏၊ တစ်ခုသော နေရာ၌ ထိုင်ပြီးသော အသျှင်ယသသည် မြတ်စွာဘုရားအား ''အသျှင်ဘုရား ဗာရာဏသီပြည်၌ သူဌေးမျိုး သူဌေးနွယ် ဖြစ်ကုန်သော ဝိမလ သုဗာဟု ပုဏ္ဏဇိ ဂဝမ္ပတိ ဟူသော ဤလေးယောက်သောသူတို့သည် အကျွန်ုပ်၏ လူအဖြစ်က သူငယ်ချင်းများ ဖြစ်ကြပါသည်၊ မြတ်စွာဘုရားသည် ဤလေးယောက်သော သူငယ်ချင်းတို့ကို သွန်သင်ဆုံးမတော်မူပါ''ဟု လျှောက်၏။

မြတ်စွာဘုရားသည် ထိုသူတို့အား အစဉ်အတိုင်းသော တရားစကားကို ဟောတော်မူ၏၊ ဤသည် တို့ကား အဘယ်နည်း၊ ဒါနနှင့်စပ်သောစကား သီလနှင့်စပ်သောစကား နတ်ပြည်နှင့်စပ်သောစကား ကာမဂုဏ်တို့၏ အပြစ် ယုတ်ညံ့ခြင်း ညစ်ညူးခြင်း (ကာမဂုဏ်တို့မှ) ထွက်မြောက်ခြင်း၌ အကျိုးတို့ကို ပြတော်မူ၏။

မြတ်စွာဘုရားသည် ထိုသူတို့၌ ခံ့သောစိတ် နူးညံ့သောစိတ် အပိတ်အပင် 'နီဝရဏ' မှ ကင်းသော စိတ် တက်ကြွသောစိတ် ယုံကြည်သောစိတ် ရှိသည်ကို သိတော်မူသောအခါ မြတ်စွာဘုရားတို့၏ ကိုယ်တိုင် ထုတ်ဖော် သိမြင်အပ်သော 'သာမုက္ကံသိက' တရားဒေသနာတော်ဖြစ်သော ဆင်းရဲ 'ဒုက္ခသစ္စာ' ကိုလည်းကောင်း၊ ဆင်းရဲဖြစ်ကြောင်း 'သမုဒယသစ္စာ' ကိုလည်းကောင်း၊ ဆင်းရဲချုပ်ရာ 'နိရောဓသစ္စာ' ကိုလည်းကောင်း၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းလမ်းစဉ် 'မဂ္ဂသစ္စာ' ကိုလည်းကောင်း ပြတော်မူ၏။

မည်းညစ်ခြင်းကင်း၍ ဖြူစင်သော အဝတ်သည် ဆိုးရည်ကို ကောင်းစွာခံယူသကဲ့သို့ ထိုသူတို့အား ထိုနေရာ၌ပင်လျှင် ''ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်းသဘောရှိ၏''ဟု (ကိလေ သာ) မြူ အညစ်အကြေးမှ ကင်းသော တရားမျက်စိ 'သောတာပတ္တိမဂ်ဉာဏ်' သည် ဖြစ်ပေါ်၏။

ထိုသူလေးယောက်တို့သည် တရားကို မြင်ပြီးကုန်သည် ဖြစ်၍ တရားသို့ ရောက်ပြီးကုန်သည်ဖြစ်၍ တရားကို သိပြီးကုန်သည် ဖြစ်၍ တရားသို့ သက်ဝင်ပြီးကုန်သည် ဖြစ်၍ ယုံမှားခြင်းကို ကူး မြောက်ပြီးကုန်သည်ဖြစ်၍ သို့လော သို့လော (တွေးတောခြင်း) ကင်းပြီးကုန်သည် ဖြစ်၍ မြတ်စွာဘုရား သာသနာတော်၌ ရဲရင့်ခြင်းသို့ ရောက်ပြီးကုန်သည် ဖြစ်၍ ဘုရားမှတစ်ပါး ကိုးစားထိုက်သူ မရှိကုန်သည့်ဖြစ်၍ ''အသျှင်ဘုရား အကျွန်ုပ်တို့သည် မြတ်စွာဘုရားအထံတော်၌ ရှင့်အဖြစ်ကို ရလိုပါကုန်၏၊ ရဟန်း အဖြစ်ကို ရလိုပါကုန်၏''ဟု လျှောက်ကုန်၏။

မြတ်စွာဘုရားသည် ''ရဟန်းတို့ လာကြကုန်လော့'' ''တရားကို ကောင်းစွာ ဟောအပ်၏၊ ဝဋ် ဆင်းရဲ၏ အဆုံးကို ပြုခြင်းငှါ မြတ်သောအကျင့်ကို ကောင်းစွာ ကျင့်ကုန်လော့''ဟု မိန့်တော်မူ၏။ ထိုစကား တော်သည်ပင်လျှင် ထိုအသျှင်တို့၏ ပဉ္စင်းအဖြစ် ပြီးလေ၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းတို့ကို တရားစကားဖြင့် သွန်သင်ဆုံးမ၏၊ မြတ်စွာဘုရားသည် တရားစကားဖြင့် သွန်သင်ဆုံးမအပ်ကုန်သည် ဖြစ်၍ လေးယောက်သော ရဟန်းတို့၏ စိတ်တို့သည် (တစ်စုံတစ်ခုကိုမျှ) မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်မြောက်ကြကုန်ပြီ။

ထိုအခါ လောက၌ ရဟန္တာတစ်ကျိပ်တစ်ယောက် ဖြစ်ကုန်၏။ ယသသူငယ်ချင်း လေးယောက် ရဟန်းပြုခြင်းအကြောင်း ပြီး၏။

------

ယသသူငယ်ချင်း ငါးကျိပ် ရဟန်းပြုခြင်းအကြောင်း

၃၁။ အစဉ်အဆက်အားဖြင့် အမျိုးကောင်းသားချည်းဖြစ်ကြ၍ အသျှင်ယသ၏ လူအဖြစ်က သူငယ် ချင်းများဖြစ်ကြသော ဇနပုဒ်သား ငါးကျိပ်တို့သည် ''ယသအမျိုးကောင်းသားသည် ဆံမုတ်ဆိတ်ကို ပယ် ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်လျက် ရဟန်းပြုသတတ်''ဟု ကြားကုန်၍ ထိုအမျိုးသားငါးကျိပ်တို့အား-

''အကြင်ဓမ္မဝိနယ၌ ယသအမျိုးကောင်းသားသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုး အဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏၊ ထို (ယသအမျိုးကောင်းသား ဝင်ရောက်သော) ဓမ္မဝိနယသည် မယုတ်ညံ့ရာ၊ ထိုရဟန်းအဖြစ်သည်လည်း မယုတ်ညံ့ရာ''ဟု အကြံ ဖြစ်၏။

ထိုအဆွေခင်ပွန်းတို့သည် အသျှင်ယသထံသို့ ချဉ်းကပ်ကြပြီးလျှင် အသျှင်ယသကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်ကုန်၏။

ထိုအခါ အသျှင်ယသသည် ငါးကျိပ်အတိုင်းအရှည်ရှိကုန်သော လူအဖြစ်က သူငယ်ချင်းတို့ကို ခေါ်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်၏၊ တစ်ခုသော နေရာ၌ ထိုင်ပြီးသော အသျှင်ယသသည် မြတ်စွာဘုရားကို ''အသျှင်ဘုရား ဤသူတို့သည် အစဉ် အဆက်အားဖြင့် အမျိုးကောင်းသားချည်းဖြစ်ကြ၍ အကျွန်ုပ်၏ လူအဖြစ်က သူငယ်ချင်းဖြစ်ကြသော ဇနပုဒ် သား ငါးကျိပ်တို့ ဖြစ်ကြပါသည်၊ မြတ်စွာဘုရားသည် ဤငါးကျိပ်အတိုင်းအရှည်ရှိသော သူငယ်ချင်းတို့ကို သွန်သင်ဆုံးမတော်မူပါ''ဟု လျှောက်၏။

မြတ်စွာဘုရားသည် ထိုသူတို့အား အစဉ်အတိုင်းသော တရားစကားကို ဟောတော်မူ၏၊ ဤသည် တို့ကား အဘယ်နည်း၊ ဒါနနှင့်စပ်သောစကား သီလနှင့်စပ်သောစကား နတ်ပြည်နှင့်စပ်သောစကား ကာမဂုဏ်တို့၏ အပြစ် ယုတ်ညံ့ခြင်း ညစ်ညူးခြင်း (ကာမဂုဏ်တို့မှ) ထွက်မြောက်ခြင်း၌ အကျိုးတို့ကို ပြတော်မူ၏။

မြတ်စွာဘုရားသည် ထိုသူတို့၌ ခံ့သောစိတ် နူးညံ့သောစိတ် အပိတ်အပင် 'နီဝရဏ' မှ ကင်းသော စိတ် တက်ကြွသောစိတ် ယုံကြည်သောစိတ် ရှိသည်ကို သိတော်မူသောအခါ မြတ်စွာဘုရားတို့၏ ကိုယ်တိုင် ထုတ်ဖော် သိမြင်အပ်သော 'သာမုက္ကံသိက' တရားဒေသနာတော်ဖြစ်သော ဆင်းရဲ 'ဒုက္ခသစ္စာ' ကိုလည်းကောင်း၊ ဆင်းရဲဖြစ်ကြောင်း 'သမုဒယသစ္စာ' ကိုလည်းကောင်း၊ ဆင်းရဲချုပ်ရာ 'နိရောဓသစ္စာ' ကိုလည်းကောင်း၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းလမ်းစဉ် 'မဂ္ဂသစ္စာ' ကိုလည်းကောင်း ပြတော်မူ၏။

မည်းညစ်ခြင်းကင်း၍ ဖြူစင်သောအဝတ်သည် ဆိုးရည်ကို ကောင်းစွာခံယူသကဲ့သို့ ထိုသူတို့အား ထိုနေရာ၌ပင်လျှင် ''ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်းသဘောရှိ၏''ဟု (ကိလေသာ) မြူ အညစ်အကြေးမှကင်းသော တရားမျက်စိ 'သောတာပတ္တိမဂ်ဉာဏ်' သည် ဖြစ်ပေါ်၏။

ထိုသူတို့သည် တရားကို မြင်ပြီးကုန်သည် ဖြစ်၍ တရားသို့ ရောက်ပြီးကုန်သည် ဖြစ်၍ တရားကို သိပြီးကုန်သည် ဖြစ်၍ တရားသို့ သက်ဝင်ပြီးကုန်သည် ဖြစ်၍ ယုံမှားခြင်းကို ကူးမြောက်ပြီးကုန်သည် ဖြစ်၍ သို့လော သို့လော (တွေးတောခြင်း) ကင်းပြီးကုန်သည် ဖြစ်၍ မြတ်စွာဘုရားသာသနာတော်၌ ရဲရင့်ခြင်းသို့ ရောက်ပြီးကုန်သည် ဖြစ်၍ ဘုရားမှတစ်ပါး ကိုးစားထိုက်သူမရှိကုန်သည် ဖြစ်၍ ''အသျှင် ဘုရား အကျွန်ုပ်တို့သည် မြတ်စွာဘုရားထံ၌ ရှင့်အဖြစ်ကို ရလိုပါကုန်၏၊ ရဟန်းအဖြစ်ကို ရလိုပါကုန်၏''ဟု လျှောက်ကုန်၏။

မြတ်စွာဘုရားသည် ''ရဟန်းတို့ လာကုန်လော့'' ''တရားကို ကောင်းစွာ ဟောအပ်၏၊ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုခြင်းငှါ မြတ်သော အကျင့်ကို ကောင်းစွာ ကျင့်ကုန်လော့''ဟု မိန့်တော်မူ၏။ ထိုစကား တော်သည်ပင်လျှင် ထိုအသျှင်တို့၏ ပဉ္စင်းအဖြစ် ပြီးလေ၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းတို့ကို တရားစကားဖြင့် သွန်သင်ဆုံးမတော်မူ၏၊ မြတ်စွာ ဘုရားသည် တရားစကားဖြင့် သွန်သင်ဆုံးမအပ်ကုန်သည်ရှိသော် ငါးကျိပ်အတိုင်းအရှည် ရှိကုန်သော ရဟန်းတို့၏ စိတ်တို့သည် (တစ်စုံတစ်ခုကိုမျှ) မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်ကြလေကုန်၏။

ထိုအခါ လောက၌ ရဟန္တာခြောက်ကျိပ်တစ်ဦး ဖြစ်ကုန်၏။

ယသသူငယ်ချင်း ငါးကျိပ် ရဟန်းပြုခြင်းအကြောင်း ပြီး၏။

------

၈-မာရ်နတ်အကြောင်း

၃၂။ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းတို့ကို- ''ရဟန်းတို့ ငါဘုရားသည် လူ နတ်တို့၌ ဖြစ်သော (ကိလေသာ) ကျော့ကွင်း အားလုံးတို့မှ လွတ်တော်မူပြီ။

ရဟန်းတို့ သင်တို့သည်လည်း လူ နတ်တို့၌ ဖြစ်သော (ကိလေသာ) ကျော့ကွင်းတို့မှ လွတ်ကြကုန်ပြီ။ ရဟန်းတို့ များစွာသော လူတို့၏ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ လောကကို စောင့် ရှောက်ရန်အလို့ငှါ နတ် လူတို့၏ အကျိုးစီးပွါး ဖြစ်ခြင်း ချမ်းသာခြင်းငှါ ဒေသစာရီ လှည့်လည်ကုန် လော့၊ ခရီးတစ်ကြောင်းလျှင် နှစ်ပါးမသွားကြကုန်လင့်။

ရဟန်းတို့ အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောကုန်လော့၊ အလုံးစုံပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ပြကုန်လော့။

ပညာမျက်စိ၌ ကိလေသာ မြူနည်းသော သဘောရှိကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ တရားတော်ကို မကြားနာရသဖြင့် ဆုတ်ယုတ်ကြရကုန်၏၊ တရားတော်ကို သိလွယ်သော သူတို့ ရှိကုန်လတံ္တ့။

ရဟန်းတို့ ငါဘုရားသည်လည်း ဥရုဝေလမှ သေနနိဂုံးသို့ တရားဟောရန် ချဉ်းကပ်တော်မူ ပေအံ့''ဟု မိန့်တော်မူ၏။

၃၃။ ထိုအခါ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ဂါထာဖြင့်ဆို၏-

''သင့်ကို နတ်လူ၌ ဖြစ်သော ကျော့ကွင်းအားလုံးတို့ဖြင့် နှောင်ဖွဲ့အပ်၏၊ ကြီးစွာသော နှောင်ဖွဲ့ခြင်းဖြင့် နှောင်ဖွဲ့အပ်၏၊ ရဟန်း (သင်သည်) အကျွန်ုပ်နိုင်ငံမှ မလွတ်နိုင်''ဟု (ဆို၏)။

ဟယ် မာရ်နတ်ယုတ် ငါဘုရားသည် နတ်လူတို့၌ ဖြစ်သော (ကိလေသာ) ကျော့ ကွင်း အားလုံးတို့မှ လွတ်မြောက်ပြီ၊ ကြီးစွာသော အနှောင်အဖွဲ့မှ လွတ်မြောက်ပြီ၊ ဟယ် မာရ်နတ်ယုတ် သင်ကား ရှုံးလေပြီဟု (မိန့်တော်မူ၏)။

''ကောင်းကင်၌ ကျက်စားသူကိုသော်လည်း နှောင်ဖွဲ့နိုင်သော စိတ်နှင့် ယှဉ်သော အကြင် (တဏှာ) ကျော့ကွင်းသည် လှည့်လည်သွားလာ၏၊ ထို (တဏှာ) ကျော့ကွင်းဖြင့် သင်ရဟန်းကို ညှဉ်းဆဲအံ့၊ ရဟန်း သင်ကား အကျွန်ုပ်၏ နိုင်ငံမှ မလွတ်နိုင်''ဟု (ဆိုပြန်၏)။

ဟယ် မာရ်နတ်ယုတ် နှလုံးမွေ့လျော်ဖွယ်ရှိသော အဆင်း အသံ အနံ့ အရသာ အတွေ့အထိ အာရုံတို့၌ ငါဘုရားအား လိုလားမှု ကင်းလေပြီ၊ ဟယ် မာရ်နတ်ယုတ် သင်ကား ရှုံးလေပြီဟု (မိန့်တော်မူ၏)။

ထိုအခါ ယုတ်မာသော မာရ်နတ်သည် ''ဘုန်းတော်ကြီးသော မြတ်စွာဘုရားကား ငါ့ကို သိ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားကား ငါ့ကို သိ၏''ဟု ဆင်းရဲခြင်း နှလုံး မသာခြင်းရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။

မာရ်နတ်အကြောင်း ပြီး၏။

------

၉-ရှင်ရဟန်းပြုပေးနိုင်ရန် ခွင့်ပြုခြင်း

၃၄။ ထိုစဉ်အခါ ရဟန်းတို့သည် အထူးထူးသော အရပ် အထူးထူးသော ဇနပုဒ်တို့မှ ရှင်လောင်း ရဟန်းလောင်းတို့ကို ''မြတ်စွာဘုရားသည် ရှင်ပြုလတ္တံ့ ပဉ္စင်းပြုလတ္တံ့''ဟု ခေါ်ဆောင်လာကုန်၏။ ထိုသို့ ခေါ်ဆောင်လာရာ ရဟန်းတို့သည်လည်းကောင်း၊ ရှင်လောင်း ရဟန်းလောင်းတို့သည်လည်းကောင်း ပင် ပန်းကုန်၏။

ထိုအခါ ဆိတ်ငြိမ်ရာသို့ ကပ်၍ တစ်ပါးတည်း ကိန်းအောင်းနေတော်မူသော မြတ်စွာဘုရားအား- ''ယခုအခါ ရဟန်းတို့သည် အထူးထူးသော အရပ် အထူးထူးသော ဇနပုဒ်တို့မှ ရှင်လောင်း ရဟန်းလောင်းတို့ကို မြတ်စွာဘုရားသည် ရှင်ပြုလတ္တံ့ ပဉ္စင်းပြုလတ္တံ့ဟု ခေါ်ဆောင်လာကြရာ ရဟန်းတို့သည်လည်းကောင်း၊ ရှင်လောင်း ရဟန်းလောင်းတို့သည်လည်းကောင်း၊ ပင်ပန်းကြကုန်၏၊ အကယ်၍ ငါဘုရားသည် ရဟန်းတို့ ယခုအခါ သင်တို့ကိုယ်တိုင်သာလျှင် ထိုထိုအရပ် ထိုထိုဇနပုဒ် တို့၌ ရှင်ပြုပေးကုန်လော့ ပဉ္စင်းပြုပေးကုန်လော့ဟု ရဟန်းတို့အား ခွင့်ပြုရမူ ကောင်းလေစွ'' ဟူ၍ အကြံ ဖြစ်ပေါ်တော်မူ၏။

ထို့နောက် မြတ်စွာဘုရားသည် ညချမ်းအချိန်၌ တစ်ပါးတည်း ကိန်းအောင်းရာမှ ထလျက် ဤ အကြောင်း အရာကြောင့် တရားစကားကို ဟောကြားတော်မူပြီးလျှင် ရဟန်းတို့ကို-

''ရဟန်းတို့ ဆိတ်ငြိမ်ရာသို့ ကပ်၍ တစ်ပါးတည်း ကိန်းအောင်းတော်မူသော ငါဘုရားအား 'ယခု အခါ ရဟန်းတို့သည် အထူးထူးသော အရပ် အထူးထူးသော ဇနပုဒ်တို့မှ ရှင်လောင်း ပဉ္စင်းလောင်း တို့ကို မြတ်စွာဘုရားသည် ရှင်ရဟန်းပြုပေးလတ္တံ့ဟု ခေါ်ဆောင်လာကြရာ ရဟန်းတို့သည်လည်းကောင်း၊ ရှင်လောင်း ပဉ္စင်းလောင်းတို့သည်လည်းကောင်း ပင်ပန်းကုန်၏၊ အကယ်၍ ငါဘုရားသည် ရဟန်းတို့ သင်တို့ ကိုယ်တိုင်သာလျှင် ထိုထိုအရပ် ထိုထိုဇနပုဒ်တို့၌ ရှင်ရဟန်းပြုပေးကုန်လော့ဟု ရဟန်းတို့အား ခွင့်ပြုရမူ ကောင်းလေစွ' ဟူ၍ အကြံဖြစ်ပေါ်တော်မူ၏ဟု မိန့်တော်မူ၏။

'ရဟန်းတို့ ယခုအခါ သင်တို့ကိုယ်တိုင်သာလျှင် ထိုထိုအရပ် ထိုထိုဇနပုဒ်တို့၌ ရှင်ရဟန်းပြုပေးကုန်လော့'ဟု ခွင့်ပြုတော်မူ၏။

ရဟန်းတို့ ဤသို့ ရှင်ပြုပေးရမည်၊ ရဟန်းပြုပေးရမည်။ ရှေးဦးစွာ ဆံမုတ်ဆိတ်ကို ပယ်စေပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်စေ၍၊ လက်ဝဲတစ်ဖက် ပခုံးထက်၌ ကိုယ်ဝတ်ကို စံပယ်တင် စေပြီးလျှင် ရဟန်းတို့၏ ခြေတို့ကို ရှိခိုးစေလျက် ဆောင့်ကြောင့်ထိုင်နေစေကာ လက်အုပ်ချီစေပြီးလျှင်-

'ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ။ ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။

တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ'ဟု ဤသို့ရွတ်ဆိုလော့ဟု ပြောဆိုရမည်။ ရဟန်းတို့ ဤသရဏဂုံသုံးပါးတို့ဖြင့် ရှင်ရဟန်းအဖြစ်ကို ခွင့်ပြု တော်မူ၏''ဟု (မိန့်တော်မူ၏)။

သရဏဂုံသုံးပါးတို့ဖြင့် ရှင်ရဟန်းအဖြစ် ခွင့်ပြုတော်မူခြင်း ပြီး၏။

------

၁၀-မာရ်နတ်အကြောင်း ဒုတိယပိုင်း

၃၅။ ထိုအခါ မြတ်စွာဘုရားသည် ဝါမှ ထပြီးသော် ရဟန်းတို့ကို- ''ရဟန်းတို့ ငါဘုရားသည် အသင့်အားဖြင့် နှလုံးသွင်းခြင်းကြောင့် အသင့်အားဖြင့် ကောင်းစွာ အားထုတ်ခြင်းကြောင့် အတုမရှိမြတ်သော အရဟတ္တဖိုလ်သို့ ရောက်တော်မူပြီ၊ အတုမရှိမြတ်သော အရဟတ္တဖိုလ်ကို မျက်မှောက်ပြုအပ်ပြီ။

ရဟန်းတို့ သင်တို့သည်လည်း အသင့်အားဖြင့် နှလုံးသွင်းခြင်း အသင့်အားဖြင့် ကောင်းစွာ အားထုတ်ခြင်းဖြင့် အတုမရှိမြတ်သော အရဟတ္တဖိုလ်သို့ ရောက်ကြကုန်လော့၊ အတုမရှိမြတ်သော အရဟတ္တဖိုလ်ကို မျက်မှောက်ပြုကြကုန်လော့''ဟု မိန့်တော်မူ၏။

ထိုအခါ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ဂါထာဖြင့်ဆို၏။

''သင့်ကို နတ် လူ၌ ဖြစ်သော ကျော့ကွင်းအားလုံးတို့ဖြင့် နှောင်ဖွဲ့အပ်၏၊ ကြီးစွာသော နှောင်ဖွဲ့ခြင်းဖြင့် နှောင်ဖွဲ့အပ်၏။ ရဟန်း (သင်သည်) အကျွန်ုပ်နိုင်ငံမှ မလွတ် နိုင်''ဟု (ဆို၏)။

ဟယ် မာရ်နတ်ယုတ် ငါဘုရားသည် နတ်လူ၌ ဖြစ်ကုန်သော (ကိလေသာ) ကျော့ ကွင်းအားလုံးတို့မှ လွတ်မြောက်ပြီ၊ ကြီးစွာသော အနှောင်အဖွဲ့မှ လွတ်မြောက်ပြီ၊ ဟယ် မာရ်နတ်ယုတ် သင်ကား ရှုံးလေပြီဟု (မိန့်တော်မူ၏)။

ထိုအခါ ယုတ်မာသော မာရ်နတ်သည် ''ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏''ဟု ဆင်းရဲခြင်း နှလုံးမသာခြင်းရှိသည်ဖြစ်၍ ထိုအရပ်၌ပင် ကွယ်လေ၏။

မာရ်နတ်အကြောင်း ဒုတိယပိုင်း ပြီး၏။

------

၁၁- ဘဒ္ဒဝဂ္ဂီ သူငယ်ချင်းသုံးကျိပ်ဝတ္ထု

၃၆။ ထိုအခါ မြတ်စွာဘုရားသည် ဗာရာဏသီပြည်၌ မွေ့လျော်တော်မူသရွေ့ နေတော်မူပြီးလျှင် ဥရုဝေလသို့ ဒေသစာရီ ကြွချီတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် လမ်းမှ ဖဲ၍ တောအုပ်တစ်ခုသို့ ဝင်လျက် တစ်ခုသော သစ်ပင်ရင်း၌ ထိုင်တော်မူ၏။

ထိုအခါ ဘဒ္ဒဝဂ္ဂီသူငယ်ချင်း (မင်းသား) သုံးကျိပ်တို့သည် မယားတို့နှင့်အတူ ထိုတောအုပ်၌ပင်လျှင် ပျော်ပါးနေကြကုန်၏၊ မယားမရှိသူ တစ်ယောက်အတွက် ပြည့်တန်ဆာမကို ခေါ်ဆောင်ခဲ့ရ၏၊ ထို ပြည့်တန်ဆာမသည် ထိုသူတို့ မေ့လျော့ပျော်ပါးကြကုန်စဉ် ဥစ္စာကို ယူ၍ ထွက်ပြေးလေ၏။

ထိုသို့ ပြေးသော အခါ သူငယ်ချင်းတို့သည် သူငယ်ချင်းဖြစ်သူ၏ ကိစ္စကို ဆောင်ရွက်သော အားဖြင့် ထိုမိန်းမကို ရှာကုန်လျက် ထိုတောအုပ်ထဲသို့ လှည့်လည်ကုန်သည်ရှိသော် တစ်ခုသော သစ်ပင်ရင်း၌ ထိုင်နေတော်မူသော မြတ်စွာဘုရားကို မြင်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြပြီးလျှင် ''အသျှင်ဘုရား မြတ်စွာဘုရားသည် မိန်းမတစ်ယောက်ကို မြင်မိပါသလော''ဟု လျှောက်ကုန်၏။

သူငယ်တို့ သင်တို့သည် မိန်းမကို အဘယ့်ကြောင့် မေးကုန်သနည်းဟု (မေးတော်မူရာ) - အသျှင်ဘုရား ယခုအကျွန်ုပ်တို့ ဘဒ္ဒဝဂ္ဂီသူငယ်ချင်း သုံးကျိပ်တို့သည် မိမိတို့ မယားများနှင့်အတူ ဤတောအုပ်၌ မွေ့လျော်ပျော်ပါး နေခဲ့ကြကုန်၏၊ မယားမရှိသူ တစ်ယောက်အတွက် ပြည့်တန်ဆာမကို ခေါ်ဆောင်ခဲ့ပါသည်၊ ထိုအခါ ထိုပြည့်တန်ဆာမသည် အကျွန်ုပ်တို့ မေ့လျော့ပျော်ပါးကုန်စဉ် ဥစ္စာကို ယူ၍ ထွက်ပြေးပါသည်၊ အသျှင်ဘုရား ထိုအကျွန်ုပ်တို့သည် သူငယ်ချင်းများ ဖြစ်ကုန်၍ သူငယ်ချင်းဖြစ်သူ၏ ကိစ္စကို ဆောင်ရွက်သောအားဖြင့် ထိုမိန်းမကို ရှာကြကုန်လျက် ဤတောအုပ်၌ လှည့်လည်ကြပါသည်ဟု (လျှောက်ကြကုန်၏)။

''သူငယ်တို့ ငါဘုရား မိန့်ဆိုလတံ္တ့သော စကားကို သင်တို့ အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ မိန်းမကို ရှာခြင်း မိမိကိုယ်ကို ရှာခြင်းတို့တွင် အဘယ်ရှာခြင်းသည် သင်တို့အတွက် မြတ်သနည်း''ဟု (မေးတော်မူရာ) -

''မိမိကိုယ်ကို ရှာခြင်းသည်သာလျှင် အကျွန်ုပ်တို့အတွက် မြတ်ပါသည် အသျှင်ဘုရား''ဟု (လျှောက် ကြကုန်၏)။

''မင်းသားတို့ သို့ဖြစ်လျှင် သင်တို့ ထိုင်ကုန်လော့၊ သင်တို့အား ငါတရားဟောအံ့''ဟု (မိန့်တော်မူ၏)။

''အသျှင်ဘုရား ကောင်းပါပြီ''ဟု ဝန်ခံကြပြီးလျှင် ဘဒ္ဒဝဂ္ဂီသူငယ်ချင်း (မင်းသား) တို့သည် မြတ်စွာ ဘုရားကို ရိုသေစွာ ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်ကုန်၏။

မြတ်စွာဘုရားသည် ထိုဘဒ္ဒဝဂ္ဂီ (မင်းသား) တို့အား အစဉ်အတိုင်းဖြစ်သော တရားစကားကို ဟော တော်မူ၏၊ ဤသည်တို့ကား အဘယ်နည်း၊ ဒါနနှင့် စပ်သောစကား သီလနှင့် စပ်သောစကား နတ်ပြည်နှင့် စပ်သောစကား ကာမဂုဏ်တို့၏ အပြစ် ယုတ်ညံ့ခြင်း ညစ်ညူးခြင်း (ကာမဂုဏ်တို့မှ) ထွက်မြောက်ခြင်း၌ အကျိုးတို့ကို ပြတော်မူ၏။

မြတ်စွာဘုရားသည် ထိုဘဒ္ဒဝဂ္ဂီ (မင်းသား) တို့၌ ခံ့သောစိတ် နူးညံ့သောစိတ် အပိတ်အပင် 'နီဝရဏ' ကင်းသောစိတ် တက်ကြွသောစိတ် ယုံကြည်သောစိတ်ရှိသည်ကို သိတော်မူသောအခါ မြတ်စွာဘုရားတို့၏ ကိုယ်တိုင် ထုတ်ဖော်သိမြင်အပ်သော 'သာမုက္ကံသိက' တရားဒေသနာတော်ဖြစ်သော ဆင်းရဲ 'ဒုက္ခသစ္စာ' ကိုလည်းကောင်း၊ ဆင်းရဲဖြစ်ကြောင်း 'သမုဒယသစ္စာ' ကိုလည်းကောင်း၊ ဆင်းရဲချုပ်ရာ 'နိရောဓသစ္စာ' ကိုလည်းကောင်း၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းလမ်းစဉ် 'မဂ္ဂသစ္စာ' ကိုလည်းကောင်း ပြတော်မူ၏။

မည်းညစ်ခြင်းကင်း၍ ဖြူစင်သော အဝတ်သည် ဆိုးရည်ကို ကောင်းစွာ ခံယူသကဲ့သို့ ထိုဘဒ္ဒဝဂ္ဂီ (မင်းသား) တို့အား ထိုနေရာ၌ပင်လျှင် ''ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်းသဘော ရှိ၏''ဟု (ကိလေသာ) မြူ အညစ်အကြေးမှ ကင်းသော တရားမျက်စိ 'သောတာပတိ္တ မဂ်ဉာဏ်' သည် ဖြစ်ပေါ်၏။

ထိုဘဒ္ဒဝဂ္ဂီ (မင်းသား) တို့သည် တရားကို မြင်ပြီးကုန်သည် ဖြစ်၍ တရားသို့ ရောက်ပြီးကုန်သည် ဖြစ်၍ တရားကို သိပြီးကုန်သည် ဖြစ်၍ တရားသို့ သက်ဝင်ပြီးကုန်သည် ဖြစ်၍ ယုံမှားခြင်းကို ကူးမြောက်ပြီးကုန်သည် ဖြစ်၍ သို့လော သို့လော (တွေးတောခြင်း) ကင်းပြီးကုန်သည် ဖြစ်၍ မြတ်စွာ ဘုရား သာသနာတော်၌ ရဲရင့်ခြင်းသို့ ရောက်ပြီးကုန်သည် ဖြစ်၍ ဘုရားမှတစ်ပါး ကိုးစားထိုက်သူ မရှိကုန်သည် ဖြစ်၍ ''အသျှင်ဘုရား အကျွန်ုပ်တို့သည် မြတ်စွာဘုရားအထံတော်၌ ရှင့်အဖြစ်ကို ရလိုပါကုန်၏၊ ရဟန်းအဖြစ်ကို ရလိုပါကုန်၏''ဟု လျှောက်ကုန်၏။

''ရဟန်းတို့ လာကုန်လော့'' ''တရားကို ကောင်းစွာ ဟောအပ်၏၊ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုခြင်းငှါ မြတ်သော အကျင့်ကို ကောင်းစွာ ကျင့်ကုန်လော့''ဟု မိန့်တော်မူ၏။ ထိုစကားတော်သည်ပင်လျှင် ထိုအသျှင်တို့၏ ပဉ္စင်းအဖြစ် ပြီးလေ၏။

ဘဒ္ဒဝဂီ္ဂ သူငယ်ချင်း သုံးကျိပ်ဝတ္ထု ပြီး၏။

ဒုတိယခန်းတည်း။

------

၁၂-ဥရုဝေလကဿပ ချွတ်တော်မူခန်း

၃၇။ ထိုအခါ မြတ်စွာဘုရားသည် အစဉ်အတိုင်း ဒေသစာရီ ကြွချီတော်မူသော် ဥရုဝေလသို့ ကောင်းစွာ ရောက်တော်မူ၏။ ထိုအခါ ဥရုဝေလ၌ ဥရုဝေလကဿပ နဒီကဿပ ဂယာကဿပဟူသော ရသေ့သုံးယောက်တို့သည် နေကုန်၏၊ ထိုရသေ့တို့တွင် ဥရုဝေလကဿပရသေ့သည် ငါးရာသောရသေ့ တို့၏ ခေါင်းဆောင်လမ်းပြ ဆုံးမတတ်သူ ဖြစ်၍ အထွတ်အထိပ် အကြီးအမှူး ဖြစ်၏။

နဒီကဿပရသေ့သည် သုံးရာသောရသေ့တို့၏ ခေါင်းဆောင်လမ်းပြ ဆုံးမတတ်သူ ဖြစ်၍ အထွတ် အထိပ် အကြီးအမှူး ဖြစ်၏။

ဂယာကဿပရသေ့သည် နှစ်ရာသောရသေ့တို့၏ ခေါင်းဆောင်လမ်းပြ ဆုံးမတတ်သူ ဖြစ်၍ အထွတ်အထိပ် အကြီးအမှူး ဖြစ်၏။

ထိုအခါ မြတ်စွာဘုရားသည် ဥရုဝေလကဿပရသေ့၏ သင်္ခမ်းကျောင်းသို့ ချဉ်းကပ်ပြီးလျှင် ဥရုဝေလ ကဿပရသေ့ကို ''ကဿပ အကယ်၍ သင့်အား ဝန်မလေးမူ မီးတင်းကုပ်၌ တစ်ညဉ့်မျှ နေလို၏''ဟု မိန့်တော်မူ၏။

ရဟန်းကြီး ငါ့အား ဝန်မလေးပါ၊ ဤမီးတင်းကုပ်၌ ကြမ်းတမ်း၍ တန်ခိုးကြီးမားသော လျင်မြန် ပြင်းထန်သော အဆိပ်ရှိသော နဂါးမင်းသည် ရှိ၏၊ ထိုနဂါးမင်းသည် သင့်ကို မညှဉ်းဆဲစေလင့်ဟု (ဆို၏)။

နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ဥရုဝေလကဿပရသေ့ကို ''ကဿပ အကယ်၍ သင့်အား ဝန်မလေးမူ မီးတင်းကုပ်၌ တစ်ညဉ့်မျှ နေလို၏''ဟု မိန့်တော်မူ၏။ ရဟန်းကြီး ငါ့အား ဝန်မလေးပါ၊ ဤမီးတင်းကုပ်၌ ကြမ်းတမ်း၍ တန်ခိုးကြီးမားသော လျင်မြန်ပြင်းထန်သော အဆိပ်ရှိသော နဂါးမင်းသည် ရှိ၏၊ ထိုနဂါးမင်းသည် သင့်ကို မညှဉ်းဆဲစေလင့်ဟု (ဆို၏)။

သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ဥရုဝေလ ကဿပရသေ့ကို ''ကဿပ အကယ်၍ သင့်အား ဝန်မလေးမူ မီးတင်းကုပ်၌ တစ်ညဉ့်မျှ နေလို၏''ဟု မိန့်တော်မူ၏။ ရဟန်းကြီး ငါ့အား ဝန်မလေးပါ၊ ဤမီးတင်းကုပ်၌ ကြမ်းတမ်း၍ တန်ခိုးကြီးမားသော လျင်မြန် ပြင်းထန်သော အဆိပ်ရှိသော နဂါးမင်းသည် ရှိ၏၊ ထိုနဂါးမင်းသည် သင့်ကို မညှဉ်းဆဲစေလင့်ဟု (ဆို၏)။

ငါ့ကို မညှဉ်းဆဲနိုင်ရာ၊ ကဿပ သင်သည် မီးတင်းကုပ်ကို ခွင့်ပြုလော့ဟု (မိန့်တော်မူ၏)။ ရဟန်းကြီး ချမ်းသာသလို နေပါလော့ဟု (ဆို၏)။ ထိုအခါ မြတ်စွာဘုရားသည် မီးတင်းကုပ်သို့ ဝင်၍ မြက်အခင်းကို ခင်းကာ ထက်ဝယ်ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ (ကမ္မဋ္ဌာန်းသို့) ရှေးရှုသတိကို ဖြစ်စေလျက် ထိုင်တော်မူ၏။

၃၈။ ထိုနဂါးသည် မြတ်စွာဘုရား ဝင်လာတော်မူသည်ကို မြင်လေသော် နှလုံးမသာသဖြင့် အခိုး လွှတ်၏။ ထိုအခါ မြတ်စွာဘုရားအား ''ငါသည် နဂါး၏ အရေပါး အရေထူ အသား အကြော အရိုး ရိုးတွင်း ခြင်ဆီတို့ကို မထိခိုက်စေမူ၍ ငါ၏ တန်ခိုးဖြင့် နဂါး၏ တန်ခိုးကိုကုန်ခန်းစေရမူ ကောင်း၏''ဟု အကြံဖြစ်တော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် ထိုသို့ သဘောရှိသော တန်ခိုးဖန်ဆင်းခြင်းကို ဖန်ဆင်း၍ အခိုးလွှတ်တော်မူ၏။ ထိုအခါ ထိုနဂါးသည် အမျက်ကို သည်းမခံနိုင်သည် ဖြစ်၍ အလျှံ လွှတ်၏။ မြတ်စွာဘုရားသည်လည်း တေဇောကသိုဏ်းလျှင် အာရုံရှိသော ဈာန်ကို ဝင်စားတော်မူ၍ အလျှံလွှတ်တော်မူ၏။ အလျှံနှင့်တကွ ဖြစ်ကုန်သော မီးနှစ်ခုတို့ တောက်ကုန်သည်ရှိသော် မီတင်းကုပ်သည် ထက်ဝန်းကျင် တောက်ပလျက် အလျှံနှင့် တကွ လောင်သကဲ့သို့ ဖြစ်လေ၏။

ထိုအခါ ရသေ့တို့သည် မီးတင်းကုပ်ကို ဝိုင်းကုန်၍ ''အချင်းတို့ အလွန် အဆင်းလှသော ရဟန်း ကြီးကို့နဂါးသည် ညှဉ်းဆဲပြီ''ဟု ဆိုကုန်၏။ ထို့နောက် မြတ်စွာဘုရားသည် ထိုညဉ့် လွန်သောအခါ၌ ထိုနဂါး၏ အရေပါး အရေထူ အသား အကြော အရိုး ရိုးတွင်းခြင်ဆီတို့ကို မထိခိုက်စေမူ၍ မိမိတန်ခိုးဖြင့် နဂါး၏ တန်ခိုးကိုကုန်ခန်းစေပြီးလျှင် သပိတ်၌ ထည့်၍ ဥရုဝေလကဿပရသေ့အား ''ကဿပ ဤသည်ကား သင်၏ နဂါးတည်း၊ ငါ၏ တန်ခိုးဖြင့် ထိုနဂါး၏ တန်ခိုးကိုကုန်စေအပ်ပြီ''ဟု ပြတော်မူ၏။

ထိုအခါ ဥရုဝေလကဿပရသေ့အား ''ရဟန်းကြီးသည် စင်စစ် တန်ခိုးကြီး၏၊ အာနုဘော်ကြီး၏၊ ယင်းသို့ ကြမ်းတမ်း၍ တန်ခိုးကြီးမားသော လျင်မြန် ပြင်းထန်သော အဆိပ်ရှိသော နဂါး၏ တန်ခိုးကို မိမိတန်ခိုးဖြင့်ကုန်စေနိုင်၏၊ သို့ရာတွင် ငါကဲ့သို့ ရဟန္တာကား မဟုတ်သည်သာတည်း''ဟု အကြံဖြစ်၏။

၃၉။ မြတ်စွာဘုရားသည် နေရဉ္ဇရာမြစ်၌ ဥရုဝေလကဿပရသေ့ကို ကဿပ အကယ်၍ သင့်အား ဝန်မလေးပါမူ ယနေ့ တစ်ရက်မျှ မီးတင်းကုပ်၌ နေလို၏ဟု မိန့်တော်မူ၏။

ရဟန်းကြီး အကျွန်ုပ် ဝန်မလေးပါ၊ သင့်ကို ချမ်းသာစေလို၍သာလျှင် ဤမီးတင်း ကုပ်၌ ကြမ်းတမ်း၍ တန်ခိုးကြီးမားသော လျင်မြန် ပြင်းထန်သော အဆိပ်ရှိသော နဂါးမင်းသည် သင်ရဟန်းကြီးကို မညှဉ်းဆဲပါစေလင့်ဟု တားမြစ်ပါ၏ဟု (ဆို၏)။

ငါ့ကို မညှဉ်းဆဲနိုင်ရာ၊ သင်သည် မီးတင်းကုပ်ကိုသာ ခွင့်ပြုပါလော့ဟု ဆို၍ (မီးတင်းကုပ်ကို) ပေးပြီဟု သိတော်မူလေသော် ကြောက်ခြင်းကို လွန်တော်မူပြီးသော မြတ်စွာဘုရားသည် မကြောက်မရွံ့ ဝင်တော်မူလေ၏။

မြွေနဂါးသည် မြတ်စွာဘုရား ဝင်လာတော်မူသည်ကို မြင်၍ နှလုံးမသာသဖြင့် အခိုး လွှတ်၏၊ ကောင်းသောစိတ် မနောက်ကျုသောစိတ် ရှိတော်မူသော (ဘုရားတည်းဟူသော) လူ နဂါးသည်လည်း ထိုမီးတင်းကုပ်၌ အခိုးလွှတ်တော်မူ၏။

မြွေနဂါးသည်လည်း အမျက်ကိုသည်း မခံနိုင်သည်ဖြစ်၍ မီးကဲ့သို့ အလျှံလွှတ်၏။ တေဇောကသိုဏ်းလျှင် အာရုံရှိသော ဈာန်ကို ဝင်စားခြင်းတို့၌ လိမ္မာတော်မူသော (ဘုရားတည်းဟူသော) လူနဂါးသည်လည်း ထိုမီးတင်းကုပ်၌ အလျှံလွှတ်လေ၏။ အလျှံနှင့် တကွ ဖြစ်သော မီးနှစ်ခုတို့ တောက်ကုန်သည်ရှိသော် မီးတင်းကုပ်သည် ထက်ဝန်းကျင် တောက်ပလျက် အလျှံနှင့်တကွ လောင်သကဲ့သို့ ဖြစ်လေ၏၊ အနီး အနားရှိ ရသေ့တို့သည် မီးတင်းကုပ်ကို ဝိုင်းကုန်၍ အချင်းတို့ အလွန်အဆင်းလှသော ရဟန်းကြီးကို နဂါးသည် ညှဉ်းဆဲလေပြီဟု ဆိုကုန်၏။

ထို့နောက် ထိုညဉ့်ကို လွန်သောအခါ နဂါး၏ အလျှံတို့သည် ပျောက်ကင်းကုန်၏၊ တန်ခိုးကြီးတော်မူသော မြတ်စွာဘုရား၏ များစွာသော အဆင်းရှိသော အလျှံတို့သည်ကား တည်ကုန်၏။ ညိုကုန်သော နီကုန်သော မောင်းကုန်သော ရွှေကုန်သော ဖလ်အဆင်းရှိကုန်သော များစွာသော အဆင်းရှိကုန်သော အလျှံတို့သည် မြတ်စွာ ဘုရား၏ ကိုယ်တော်၌ ဖြစ်ကုန်၏။

မြွေနဂါးကို သပိတ်၌ ထည့်၍ ဥရုဝေလကဿပရသေ့အား ကဿပ ဤသည်ကား သင်၏ နဂါးတည်း၊ ငါ၏ တန်ခိုးဖြင့် နဂါး၏ တန်ခိုးကိုကုန်စေအပ်ပြီဟု ပြတော်မူ၏။

ထိုအခါ ဥရုဝေလကဿပရသေ့သည် မြတ်စွာဘုရားအား ဤတန်ခိုးပြခြင်းကြောင့် အလွန်ကြည်ညိုသည် ဖြစ်၍ ''ရဟန်းကြီး ဤအရပ်၌သာလျှင် နေလော့၊ အကျွန်ုပ်သည် သင့်အား အမြဲ ဆွမ်းဝတ်ဖြင့် လုပ်ကျွေးအံ့''ဟု ဆို၏။

ရှေးဦးစွာသော တန်ခိုးပြာဋိဟာ ပြီး၏။

------

၄၀။ ထို့နောက် မြတ်စွာဘုရားသည် ဥရုဝေလကဿပရသေ့၏ သင်္ခမ်းကျောင်းအနီး တစ်ခုသော တောအုပ်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ နတ်မင်းကြီးလေးယောက်တို့သည် ညဉ့်ဦးယံလွန်ပြီးသော ည (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်လိုဖွယ်ကောင်းသော အဆင်းရှိသည်ဖြစ်၍ ထက်ဝန်းကျင် အလုံးစုံသော တောအုပ်ကို အရောင်ဖြင့် လင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ကြီးစွာသော မီးပုံကြီးတို့ကဲ့သို့ အရပ်လေးမျက်နှာတို့၌ ရပ်တည်ကုန်၏။

ထိုအခါ ဥရုဝေလကဿပရသေ့သည် ထိုညဉ့်ကို လွန်သောအခါ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ''ရဟန်းကြီး အချိန်တန်ပြီ၊ ဆွမ်းပြင်ပြီးပြီ၊ ရဟန်းကြီး ညဉ့်ဦးယံလွန်ပြီးသော ည (သန်းခေါင်ယံ) အခါက အလွန်နှစ်လိုဖွယ်သော အဆင်းရှိသည်ဖြစ်၍ ထက်ဝန်းကျင် အလုံးစုံသော တောအုပ် ကို အရောင်ဖြင့် လင်းစေလျက် သင် ရဟန်းကြီးထံသို့ ချဉ်းကပ်၍ သင် ရဟန်းကြီးကို ရှိခိုးပြီးလျှင် ကြီးစွာသော မီးပုံကြီးတို့ကဲ့သို့ အရပ်လေးမျက်နှာတို့၌ ရပ်တည်လာကုန်သော သူတို့ကား အဘယ်သူတို့ နည်း''ဟု မေး၏။

ကဿပ ဤသူတို့ကား နတ်မင်းကြီးလေးယောက်တို့တည်း၊ ငါ့ထံသို့ တရားနာရန် ချဉ်းကပ်လာကုန်၏ဟု (မိန့်တော်မူ၏)။

ထိုအခါ ဥရုဝေလကဿပရသေ့အား ''ရဟန်းကြီးသည် တန်ခိုးကြီး၏၊ အာနုဘော်ကြီး၏၊ ယင်းသို့ နတ်မင်းကြီးလေးယောက်တို့ပင်သော်လည်း တရားနာရန် ချဉ်းကပ်ကုန်ဘိ၏၊ သို့ရာတွင် ငါကဲ့သို့ ရဟန္တာကား မဟုတ်သည်သာတည်း''ဟု အကြံဖြစ်၏။ ထို့နောက် မြတ်စွာဘုရားသည် ဥရုဝေလ ကဿပ ရသေ့၏ ဆွမ်းကို ဘုဉ်းပေးတော်မူ၍ ထိုတောအုပ်၌ပင် သီတင်းသုံးနေတော်မူ၏။

နှစ်ခုမြောက်သော တန်ခိုးပြာဋိဟာ ပြီး၏။

------

၄၁။ ထို့နောက် နတ်တို့အရှင် သိကြားမင်းသည် ညဉ့်ဦးယံလွန်ပြီးသော ည (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်လိုဖွယ်သော အဆင်းရှိသည်ဖြစ်၍ ထက်ဝန်းကျင် အလုံးစုံသော တောအုပ်ကို အရောင်ဖြင့် လင်းစေလျက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ရှေး၌ ဖြစ်သော အရောင်အဆင်းတို့ထက် အလွန် နှစ်သက်ဖွယ်ရှိသည့်ပြင် အထူးသဖြင့်လည်း မြတ်သည်ဖြစ်၍ ကြီးစွာသော မီးပုံကြီးကဲ့သို့ တစ်ခုသော နေရာ၌ ရပ်တည်လေ၏။

ထိုအခါ ဥရုဝေလကဿပရသေ့သည် ထိုညဉ့်ကို လွန်သောအခါ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ''ရဟန်းကြီး အချိန်တန်ပြီ၊ ဆွမ်းပြင်ပြီးပြီ၊ ရဟန်းကြီး ညဉ့်ဦးယံလွန်ပြီးသော ည (သန်းခေါင်ယံ) အခါက အလွန်နှစ်လိုဖွယ်သော အဆင်းရှိသည်ဖြစ်၍ ထက်ဝန်းကျင် အလုံးစုံသော တောအုပ်ကို အရောင်ဖြင့် လင်းစေလျက် သင် ရဟန်းကြီးထံသို့ ချဉ်းကပ်၍ သင်ရဟန်းကြီးကို ရှိခိုးပြီး လျှင် ရှေး၌ ဖြစ်သော အရောင်အဆင်းတို့ထက် အလွန်နှစ်သက်ဖွယ်ရှိသည့်အပြင် အထူးသဖြင့်လည်း မြတ်သည်ဖြစ်၍ ကြီးစွာသော မီးပုံကြီးကဲ့သို့ တစ်ခုသော နေရာ၌ ရပ်တည်လာသော သူကား အဘယ် သူနည်း''ဟု မေး၏။

ကဿပ ဤသူကား နတ်တို့အရှင် သိကြားမင်းတည်း၊ ငါ့ထံသို့ တရားနာရန် ချဉ်းကပ်လာ၏ဟု (မိန့်တော်မူ၏)။

ထိုအခါ ဥရုဝေလကဿပရသေ့အား ''ရဟန်းကြီးသည် တန်ခိုးကြီး၏၊ အာနုဘော်ကြီး၏၊ ယင်းသို့ နတ်တို့အရှင် သိကြားမင်းပင်သော်လည်း တရားနာရန် ချဉ်းကပ်ဘိ၏၊ သို့ရာတွင် ငါကဲ့သို့ ရဟန္တာကား မဟုတ်သည်သာတည်း''ဟု အကြံဖြစ်၏။ ထို့နောက် မြတ်စွာဘုရားသည် ဥရုဝေလကဿပရသေ့၏ ဆွမ်းကို ဘုဉ်းပေးတော်မူ၍ ထိုတောအုပ်၌ပင် သီတင်းသုံး နေတော်မူ၏။

သုံးခုမြောက်သော တန်ခိုးပြာဋိဟာ ပြီး၏။

------

၄၂။ ထို့နောက် သဟမ္ပတိဗြဟ္မာသည် ညဉ့်ဦးယံလွန်ပြီးသော ည (သန်းခေါင်ယံ) အချိန်၌ အလွန် နှစ်လိုဖွယ်သော အဆင်းရှိသည်ဖြစ်၍ ထက်ဝန်းကျင် အလုံးစုံသော တောအုပ်ကို အရောင်ဖြင့် လင်းစေ လျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ရှေး၌ ဖြစ်သော အရောင်အဆင်း တို့ထက် အလွန်နှစ်လိုဖွယ်ရှိသည့်ပြင် အထူးသဖြင့်လည်း မြတ်သည်ဖြစ်၍ ကြီးစွာသော မီးပုံကြီးကဲ့သို့ တစ်ခုသော နေရာ၌ ရပ်တည်၏။

ထိုအခါ ဥရုဝေလကဿပ ရသေ့သည် ထိုညဉ့်ကို လွန်သောအခါ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ''ရဟန်းကြီး အချိန်တန်ပြီ၊ ဆွမ်းပြင်ပြီးပြီ၊ ရဟန်းကြီး ညဉ့်ဦးယံလွန်ပြီးသော ည (သန်းခေါင်ယံ) အခါက အလွန်နှစ်လိုဖွယ်သော အဆင်းရှိသည်ဖြစ်၍ ထက်ဝန်းကျင် အလုံးစုံသော တော အုပ်ကို အရောင်ဖြင့် လင်းစေလျက် သင် ရဟန်းကြီးထံသို့ ချဉ်းကပ်၍ သင် ရဟန်းကြီးကို ရှိခိုးပြီးလျှင် ရှေး၌ဖြစ်သော အရောင်အဆင်းတို့ထက် အလွန်နှစ်လိုဖွယ်ရှိသည့်အပြင် အထူးသဖြင့်လည်း မြတ်သည် ဖြစ်၍ ကြီးစွာသော မီးပုံကြီးကဲ့သို့ တစ်ခုသောနေရာ၌ ရပ်တည်လာသော သူကား အဘယ်သူနည်း''ဟု မေး၏။

ကဿပ ဤသူကား သဟမ္ပတိဗြဟ္မာတည်း၊ ငါ့ထံသို့ တရားနာရန် ချဉ်းကပ်လာ၏ဟု (မိန့်တော်မူ၏)။ ထိုအခါ ဥရုဝေလကဿပ ရသေ့အား ''ရဟန်းကြီးသည် တန်ခိုးကြီး၏၊ အာနုဘော်ကြီး၏၊ ယင်းသို့ သဟမ္ပတိဗြဟ္မာကြီးပင်သော်လည်း တရားနာရန် ချဉ်းကပ်ဘိ၏၊ သို့ရာတွင် ငါကဲ့သို့ ရဟန္တာကား မဟုတ်သည်သာတည်း''ဟု အကြံဖြစ်၏။ ထို့နောက် မြတ်စွာဘုရားသည် ဥရုဝေလကဿပရသေ့၏ ဆွမ်း ကို ဘုဉ်းပေးတော်မူ၍ ထိုတောအုပ်၌ပင် သီတင်းသုံး နေတော်မူ၏။

လေးခုမြောက်သော တန်ခိုးပြာဋိဟာ ပြီး၏။

------

၄၃။ ထိုအခါ ဥရုဝေလကဿပရသေ့အား ကြီးစွာသော ပူဇော်ပွဲသည် ဖြစ်ပေါ်လာ၏၊ ထက်ဝန်းကျင် အလုံးစုံသော အင်္ဂတိုင်း မဂဓတိုင်း၌ နေသူတို့သည် များစွာသော ခဲဖွယ်ဘောဇဉ်တို့ကို ယူ၍ လာလိုကုန်၏။ ထိုအခါ ဥရုဝေလကဿပရသေ့အား ''ယခုအခါ ငါ့အား ကြီးစွာသော ပူဇော်ပွဲသည် ဖြစ်ပေါ်လာ၏၊ ထက်ဝန်းကျင် အလုံးစုံသော အင်္ဂတိုင်း မဂဓတိုင်း၌ နေသူတို့သည် များစွာသော ခဲဖွယ် ဘောဇဉ်တို့ကို ယူ၍ လာကုန်လတံ္တ့၊ အကယ်၍ ရဟန်းကြီးသည် များစွာသော လူတို့အလယ်၌ တန်ခိုး ဖန်ဆင်းခြင်းကို ပြုငြားအံ့၊ ရဟန်းကြီးအား လာဘ်ပူဇော်သကာ တိုးပွါးလတ္တံ့၊ ငါ့အား လာဘ်ပူဇော်သကာ ဆုတ်ယုတ်လတံ္တ့၊ ရဟန်းကြီးသည် နက်ဖြန် မလာမူ ကောင်းလေစွ''ဟု အကြံဖြစ်၏။

ထိုအခါ မြတ်စွာဘုရားသည် ဥရုဝေလကဿပရသေ့၏ စိတ်အကြံကို ကိုယ်တော်၏ စိတ်ဖြင့် သိ၍ မြောက်ကျွန်းသို့ ကြွတော်မူကာ ထိုမြောက်ကျွန်းမှ ဆွမ်းကို ဆောင်ယူ၍ အနဝတတ်ရေအိုင်နား၌ ဘုဉ်းပေးတော်မူပြီးလျှင် ထိုအနဝတတ်ရေအိုင်နား၌ပင် နေ့သန့်စင်တော်မူ၏။

ထိုအခါ ဥရုဝေလကဿပရသေ့သည် ထိုညဉ့်ကို လွန်သောအခါ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ''ရဟန်းကြီး အချိန်တန်ပြီ၊ ဆွမ်းပြင်ပြီးပြီ၊ ရဟန်းကြီး ယမန်နေ့က အဘယ့်ကြောင့် မလာသနည်း၊ စင်စစ်သော်ကား အကျွန်ုပ်တို့သည် 'သင် ရဟန်းကြီးသည် အဘယ့်ကြောင့် မလာပါသနည်း'ဟု အောက်မေ့မိကုန်၏၊ သင့်အဖို့ ခဲဖွယ်ဘောဇဉ်ကို ချန်ထား၏''ဟု ဆို၏။

ကဿပ သင့်အား ဤသို့ အကြံဖြစ်သည် မဟုတ်လော ''ယခု ငါ့အား ကြီးစွာသော ပူဇော်ပွဲသည် ဖြစ်ပေါ်လာ၏၊ ထက်ဝန်းကျင် အလုံးစုံသော အင်္ဂတိုင်း မဂဓတိုင်း၌ နေသူတို့သည် များစွာသော ခဲဖွယ် ဘောဇဉ်တို့ကို ယူ၍ လာကုန်လတံ္တ့၊ အကယ်၍ ရဟန်းကြီးသည် များစွာသော လူတို့အလယ်၌ တန်ခိုး ဖန်ဆင်းခြင်းကို ပြုငြားအံ့၊ ရဟန်းကြီးအား လာဘ်ပူဇော်သကာ တိုးပွါးလတံ္တ့၊ ငါ့အား လာဘ်ပူဇော် သကာ ဆုတ်ယုတ်လတံ္တ့၊ ရဟန်းကြီးသည် နက်ဖြန် မလာမူ ကောင်းလေစွ''ဟု အကြံဖြစ်သည် မဟုတ် လော။ ကဿပ ငါသည် သင်၏ စိတ်အကြံကို ငါ၏ စိတ်ဖြင့် သိ၍ မြောက်ကျွန်းသို့ ကြွကာ ထိုကျွန်းမှ ဆွမ်းကို ဆောင်၍ အနဝတတ် ရေအိုင် အနား၌ ဘုဉ်းပေးပြီးလျှင် ထိုအနဝတတ်ရေအိုင် အနား၌ပင် နေ့သန့်စင်၏ဟု (မိန့်တော်မူ၏)။

ထိုအခါ ဥရုဝေလကဿပရသေ့အား ''ရဟန်းကြီးသည် တန်ခိုးကြီး၏၊ အာနုဘော်ကြီး၏၊ ယင်းသို့ မိမိစိတ်ဖြင့် သူတစ်ပါး၏ စိတ်ကိုပင်သော်လည်း သိနိုင်ပေ၏၊ သို့ရာတွင် ငါကဲ့သို့ ရဟန္တာကား မဟုတ်သည်သာတည်း''ဟု အကြံဖြစ်လေ၏။ ထို့နောက် မြတ်စွာဘုရားသည် ဥရုဝေလကဿပရသေ့၏ ဆွမ်းကို ဘုဉ်းပေးတော်မူ၍ ထိုတောအုပ်၌ပင် နေတော်မူ၏။

ငါးခုမြောက်သော တန်ခိုးပြာဋိဟာ ပြီး၏။

------

၄၄။ အခါတစ်ပါး၌ မြတ်စွာဘုရားအား ပံ့သကူသင်္ကန်းလျာ ဖြစ်ပေါ်လာ၏။ ထိုအခါ မြတ်စွာဘုရား အား ''အဘယ်အရပ်၌ ငါသည် ပံ့သကူသင်္ကန်းလျာကို ဖွပ်လျှော်ရပါအံ့နည်း''ဟု အကြံ ဖြစ်တော်မူ၏။ ထိုအခါ သိကြားမင်းသည် မြတ်စွာဘုရား၏ စိတ်အကြံကို မိမိစိတ်ဖြင့် သိ၍ လက်ဖြင့် ရေကန်ကို တူးကာ မြတ်စွာဘုရားကို ''အသျှင်ဘုရား မြတ်စွာဘုရားသည် ဤရေကန်၌ ပံ့သကူသင်္ကန်းလျာကို ဖွပ်လျှော်တော် မူပါ''ဟု လျှောက်၏။

ထို့နောက် မြတ်စွာဘုရားအား ''ငါသည် ပံ့သကူ သင်္ကန်းလျာကို အဘယ်အရပ်၌ နယ်ရပါအံ့နည်း''ဟု အကြံဖြစ်တော်မူ၏။ ထိုအခါ သိကြားမင်းသည် မြတ်စွာဘုရား၏ စိတ်အကြံကို မိမိစိတ်ဖြင့် သိ၍ ''အသျှင်ဘုရား မြတ်စွာဘုရားသည် ဤကျောက်ဖျာကြီး၌ ပံ့သကူသင်္ကန်းလျာကို နယ်တော်မူပါ''ဟု ကြီးစွာသော ကျောက်ဖျာကို ချထားလေ၏။

ထို့နောက် မြတ်စွာဘုရားအား ''ငါသည် ပံ့သကူ သင်္ကန်းလျာကို အဘယ်အရပ်၌ ဆွဲ၍ ဖြန့်ရပါ အံ့နည်း''ဟု အကြံ ဖြစ်တော်မူ၏။ ထိုအခါ ရေခံတက်ပင်စောင့်နတ်သည် မြတ်စွာဘုရား၏ စိတ်အကြံကို မိမိစိတ်ဖြင့် သိ၍ ''အသျှင်ဘုရား မြတ်စွာဘုရားသည် ဤရေခံတက်ကိုင်း၌ ဆွဲ၍ ဖြန့်တော်မူပါ''ဟု ရေခံ တက်ကိုင်းကို ညွတ်စေ၏။

ထို့နောက် မြတ်စွာဘုရားအား ''ငါသည် အဘယ်အရပ်၌ ပံ့သကူ သင်္ကန်းလျာကို ဖြေဖြန့်ရပါ အံ့နည်း''ဟု အကြံ ဖြစ်တော်မူ၏။ ထိုအခါ သိကြားမင်းသည် မြတ်စွာဘုရား၏ စိတ်အကြံကို မိမိစိတ်ဖြင့် သိ၍ ''အသျှင်ဘုရား မြတ်စွာဘုရားသည် ဤကျောက်ဖျာကြီး၌ ပံ့သကူသင်္ကန်းလျာကို ဖြေဖြန့်တော်မူပါ''ဟု ကြီးစွာသော ကျောက်ဖျာကို ချထားလေ၏။

ထိုအခါ ဥရုဝေလကဿပရသေ့သည် ထိုညဉ့်ကို လွန်သဖြင့် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ''ရဟန်းကြီး အချိန်တန်ပြီ၊ ဆွမ်းပြင်ပြီးပြီ၊ ရဟန်းကြီး ရှေ့အခါက ဤအရပ်၌ ဤ ရေကန် မရှိ၊ ယခု ဤအရပ်၌ ထိုရေကန် အဘယ့်ကြောင့် ရှိပါသနည်း။

ရှေ့အခါက ဤကျောက်ဖျာကြီးကို ချမထားပါ၊ ယခု ဤကျောက်ဖျာကြီးကို အဘယ်သူ ချထား သနည်း။ ရှေ့အခါက ဤရေခံတက်ပင် အကိုင်းအခက်သည် မကိုင်းမညွတ်၊ ယခု ထိုရေခံတက်ပင်၏ အကိုင်း အခက်ကို အဘယ်သူ ကိုင်းညွတ်စေသနည်း''ဟု မေး၏။

ကဿပ ဤအရပ်၌ ငါ့အား ပံ့သကူသင်္ကန်းလျာသည် ဖြစ်ပေါ်လာ၏၊ ကဿပ ငါ့အား ''ငါသည် အဘယ်အရပ်၌ ပံ့သကူသင်္ကန်းလျာကို ဖွပ်လျှော်ရပါအံ့နည်း''ဟု အကြံဖြစ်၏။ ကဿပ ထိုအခါ သိကြား မင်းသည် ငါ၏ စိတ်အကြံကို မိမိစိတ်ဖြင့် သိ၍ လက်ဖြင့် ရေကန်တူး၍ ငါ့ကို ''အသျှင်ဘုရား မြတ်စွာ ဘုရားသည် ဤရေကန်၌ ပံ့သကူသင်္ကန်းလျာကို ဖွပ်လျှော်တော်မူပါ''ဟု လျှောက်၏။ ထိုရေကန်ကို သိကြားမင်းသည် လက်ဖြင့် တူးအပ်၏။

ကဿပ ငါ့အား ''ငါသည် ပံ့သကူ သင်္ကန်းလျာကို အဘယ်အရပ်၌ နယ်ရပါအံ့နည်း''ဟု အကြံ ဖြစ်၏၊ ကဿပ ထိုအခါ သိကြားမင်းသည် ငါ၏ စိတ်အကြံကို မိမိစိတ်ဖြင့် သိ၍ ''အသျှင်ဘုရား မြတ်စွာ ဘုရားသည် ဤကျောက်ဖျာကြီး၌ ပံ့သကူသင်္ကန်းလျာကို နယ်တော်မူပါ''ဟု ကြီးစွာသော ကျောက်ဖျာကို ချထားလေ၏၊ ကဿပ ထိုကျောက်ဖျာကို သိကြားမင်းသည် ချထားအပ်၏။

ကဿပ ငါ့အား ''ငါသည် ပံ့သကူ သင်္ကန်းလျာကို အဘယ်အရပ်၌ ဆွဲ၍ ဖြန့်ရပါအံ့နည်း''ဟု အကြံဖြစ်၏၊ ကဿပ ထိုအခါ ရေခံတက်ပင်စောင့်နတ်သည် ငါ၏ စိတ်အကြံကို မိမိစိတ်ဖြင့် သိ၍ ''အသျှင်ဘုရား မြတ်စွာဘုရားသည် ဤရေခံတက်ကိုင်းကို ဆွဲ၍ ဖြန့်တော်မူပါ''ဟု ရေခံတက်ကိုင်းကို ကိုင်းညွတ်စေ၏၊ ထိုရေခံတက်ပင်သည် လက်၏ အနီးသို့ ကိုင်းညွတ်၏။

ကဿပ ငါ့အား ''ငါသည် အဘယ်အရပ်၌ ပံ့သကူသင်္ကန်းလျာကို ဖြေဖြန့်ရပါအံ့နည်း''ဟု အကြံ ဖြစ်၏၊ ကဿပ ထိုအခါ သိကြားမင်းသည် ငါ၏ စိတ်အကြံကို မိမိစိတ်ဖြင့် သိ၍ ''အသျှင်ဘုရား မြတ်စွာ ဘုရားသည် ဤကျောက်ဖျာကြီး၌ ပံ့သကူသင်္ကန်းလျာကို ဖြေဖြန့်တော်မူပါ''ဟု ကြီးစွာသော ဤကျောက် ဖျာကို ချထားလေ၏၊ ထိုကျောက်ဖျာကို သိကြားမင်းသည် ချထားအပ်၏ဟု (မိန့်တော်မူ၏)။

ထိုအခါ ဥရုဝေလကဿပရသေ့အား ''ရဟန်းကြီးသည် တန်ခိုးကြီး၏၊ အာနုဘော်ကြီး၏၊ ယင်းသို့ လျှင် နတ်တို့ကို အစိုးရသော သိကြားမင်းပင်သော်လည်း အမှုကြီးငယ်ကို ပြုဘိ၏၊ သို့ရာတွင် ငါကဲ့သို့ ရဟန္တာကား မဟုတ်သည်သာတည်း''ဟု အကြံဖြစ်၏။ ထို့နောက် မြတ်စွာဘုရားသည် ဥရုဝေလကဿပ ရသေ့၏ ဆွမ်းကို ဘုဉ်းပေးတော်မူ၍ ထိုတောအုပ်၌ပင် နေတော်မူ၏။

ထိုအခါ ဥရုဝေလကဿပရသေ့သည် ထိုညဉ့်လွန်သောအခါ၌ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ''ရဟန်းကြီး အချိန်တန်ပြီ၊ ဆွမ်းပြင်ပြီးပြီ''ဟု မြတ်စွာဘုရားအား အချိန်တန်ကြောင်းကို ပြောကြား၏။

''ကဿပ သင်သွားနှင့်ချေ၊ ငါလာခဲ့အံ့''ဟု မိန့်တော်မူ၍ ဥရုဝေလကဿပရသေ့ကို လွှတ်လိုက်ပြီး လျှင် အကြင်ဇမ္ဗူ့သပြေပင်ကြောင့် ဇမ္ဗူဒိပ်ကျွန်းသည် ထင်ရှား၏၊ ထိုဇမ္ဗူ့သပြေပင်မှ အသီးကို ယူဆောင် ပြီးလျှင် ရှေးဦးစွာ လာလတ်၍ မီးတင်းကုပ်၌ ထိုင်နေတော်မူ၏။

ဥရုဝေလကဿပရသေ့သည် မီးတင်းကုပ်၌ ထိုင်နေတော်မူသော မြတ်စွာဘုရားကို မြင်၍ မြတ်စွာ ဘုရားကို ''ရဟန်းကြီး သင်သည် အဘယ်လမ်းခရီးဖြင့် လာသနည်း၊ အကျွန်ုပ်သည် သင်၏ ရှေးဦးစွာ ပြန်လာခဲ့၏၊ သင်သည် ရှေးဦးစွာ ရောက်၍ မီးတင်းကုပ်၌ ထိုင်နေ၏''ဟု ဆို၏။

ကဿပ ငါသည် သင့်ကို လွှတ်လိုက်၍ အကြင် ဇမ္ဗူ့သပြေပင်ကြောင့် ဇမ္ဗူဒိပ်ကျွန်းသည် ထင်ရှား၏၊ ထိုဇမ္ဗူ့သပြေပင်မှ အသီးကို ယူဆောင်ပြီးလျှင် ရှေးဦးစွာ ရောက်၍ မီးတင်းကုပ်၌ ထိုင်နေ၏။

ကဿပ ဤဇမ္ဗူ့သပြေသီးသည် အဆင်းအနံ့အရသာနှင့် ပြည့်စုံ၏၊ အကယ်၍ အလိုရှိလျှင် သုံး ဆောင်လော့ဟု မိန့်တော်မူ၏။ ရဟန်းကြီး တန်ပြီ၊ ထိုအသီးကား သင့်အားသာလျှင် ထိုက်တန်၏၊ သင်သည်သာလျှင် ထိုအသီးကို သုံးဆောင်လော့ဟု ဆို၏။ ထို့နောက် ဥရုဝေလကဿပရသေ့အား ''ရဟန်းကြီးသည် တန်ခိုးကြီး၏၊ အာနုဘော်ကြီး၏၊ ယင်းသို့လျှင် ရဟန်းကြီးသည် ငါ့ကို ရှေးဦးစွာ လွှတ်လိုက်၍ အကြင် ဇမ္ဗူ့သပြေပင်ကြောင့် ဇမ္ဗူဒိပ်ကျွန်းသည် ထင်ရှား၏၊ ထိုဇမ္ဗူ့သပြေပင်မှ အသီးကို ယူပြီးလျှင် ရှေ့ဦးစွာ ရောက်၍ မီးတင်းကုပ်၌ ထိုင်နေဘိ၏၊ သို့ရာတွင် ငါကဲ့သို့ ရဟန္တာကား မဟုတ်သည်သာတည်း''ဟု အကြံဖြစ်၏။ ထို့နောက် မြတ်စွာဘုရားသည် ဥရုဝေလကဿပရသေ့၏ ဆွမ်းကို ဘုဉ်းပေးတော်မူ၍ ထိုတောအုပ်၌ပင် နေတော်မူ၏။

၄၅။ ထို့နောက် ဥရုဝေလကဿပရသေ့သည် ထိုညဉ့်လွန်သောအခါ၌ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ''ရဟန်းကြီး အချိန်တန်ပြီ၊ ဆွမ်းပြင်ပြီးပြီ''ဟု မြတ်စွာဘုရားအား အချိန်တန်ကြောင်းကို ပြောကြား၏။ ''ကဿပ သင်သွားနှင့်ချေ၊ ငါလာခဲ့အံ့''ဟု မိန့်တော်မူ၍ ဥရုဝေလကဿပရသေ့ကို လွှတ် လိုက်ပြီးလျှင် အကြင်ဇမ္ဗူ့သပြေပင်ကြောင့် ဇမ္ဗူဒိပ်ကျွန်းသည် ထင်ရှား၏၊ ထိုဇမ္ဗူ့သပြေပင်၏ အနီး၌ သရက်ပင်ရှိ၏။ပ။

ထိုဇမ္ဗူ့သပြေပင်၏ အနီး၌ သျှိသျှားပင် ရှိ၏။ပ။

ထိုဇမ္ဗူ့သပြေပင်၏ အနီး၌ ဖန်ခါးပင်ရှိ၏။ပ။ တာဝတိံသာနတ်ပြည်သို့ ကြွတော်မူ၍ ပင်လယ်ကသစ်ပွင့်ကို ယူဆောင်ပြီးလျှင် ရှေးဦးစွာ ရောက်၍ မီးတင်းကုပ်၌ ထိုင်နေတော်မူ၏။ ဥရုဝေလကဿပရသေ့သည် မီးတင်းကုပ်၌ ထိုင်နေတော်မူသော မြတ်စွာ ဘုရားကို မြင်၍ မြတ်စွာဘုရားကို ''ရဟန်းကြီး သင်သည် အဘယ်လမ်းခရီးဖြင့် လာသနည်း၊ ငါသည် သင်၏ ရှေ့ဦးစွာ ပြန်လာခဲ့၏၊ သင်သည် ရှေးဦးစွာ ရောက်၍ မီးတင်းကုပ်၌ ထိုင်နေ၏''ဟု ဆို၏။

ကဿပ ငါသည် သင့်ကို လွှတ်လိုက်၍ တာဝတိံသာနတ်ပြည်သို့ သွား၍ ပင်လယ်ကသစ်ပွင့်ကို ယူဆောင်ပြီးလျှင် ရှေ့ဦးစွာ ရောက်၍ မီးတင်းကုပ်၌ ထိုင်နေ၏။

ကဿပ ဤပင်လယ်ကသစ်ပွင့်သည် အဆင်းနှင့် ပြည့်စုံ၏၊ အနံ့ကောင်း၏၊ အကယ်၍ အလိုရှိလျှင် ယူလော့ဟု (မိန့်တော်မူ၏)။

ရဟန်းကြီး တန်ပြီ၊ သင့်အားသာလျှင် ထိုက်တန်၏၊ သင်သည်သာလျှင် ထိုပင်လယ်ကသစ်ပွင့်ကို ယူ လော့ဟု (ဆို၏)။

ထို့နောက် ဥရုဝေလကဿပရသေ့အား ''ရဟန်းကြီးသည် တန်ခိုးကြီး၏၊ အာနုဘော်ကြီး၏၊ ယင်း သို့လျှင် ရဟန်းကြီးသည် ငါ့ကို ရှေးဦးစွာ လွှတ်လိုက်၍ တာဝတိံသာနတ်ပြည်သို့ သွား၍ ပင်လယ် ကသစ်ပွင့်ကို ယူဆောင်ပြီးလျှင် ရှေးဦးစွာ ရောက်၍ မီးတင်းကုပ်၌ ထိုင်နေဘိ၏၊ သို့ရာတွင် ငါကဲ့သို့ ရဟန္တာကား မဟုတ်သည်သာတည်း''ဟု အကြံဖြစ်၏။

၄၆။ ထိုအခါ မီးကို လုပ်ကျွေးလိုသော ရသေ့တို့သည် ထင်းကို ခွဲခြင်းငှါ မတတ်နိုင်ကုန်။ ထိုအခါ၌ ထိုရသေ့တို့အား ''မချွတ်ဧကန် ရဟန်းကြီး၏ တန်းခိုးအာနုဘော် ဖြစ်လတံ္တ့၊ ယင်းတန်ခိုး အာနုဘော်ကြောင့် ငါတို့သည် ထင်းတို့ကို ခွဲခြင်းငှါ မတတ်နိုင်ကုန်''ဟု အကြံဖြစ်၏။

ထိုအခါ မြတ်စွာဘုရားသည် ဥရုဝေလကဿပရသေ့ကို ''ကဿပ ထင်းတို့ကို ကွဲစေလိုကုန်သ လော''ဟု မိန့်တော်မူ၏။ ရဟန်းကြီး ကွဲစေလိုပါကုန်၏ဟု (ဆို၏)။ ငါးရာသော ထင်းတို့သည် တစ်ကြိမ် တည်းသာလျှင် ကွဲကုန်၏။

ထို့နောက် ဥရုဝေလကဿပရသေ့အား ''ရဟန်းကြီးသည် တန်ခိုးကြီး၏၊ အာနုဘော်ကြီး၏၊ ယင်း ထင်းတို့ကိုသော်လည်း (တစ်ကြိမ်တည်း) ကွဲစေနိုင်ဘိ၏၊ (သို့ရာတွင်) ငါကဲ့သို့ ရဟန္တာကား မဟုတ်သည် သာတည်း''ဟု အကြံဖြစ်၏။

၄၇။ ထိုအခါ ထိုမီးကို လုပ်ကျွေးလိုသော ရသေ့တို့သည် မီးကို တောက်စေခြင်းငှါ 'စွဲညိစေခြင်းငှါ' မတတ်နိုင်ကုန်။ ထိုအခါ ထိုရသေ့တို့အား ''မချွတ်ဧကန် ရဟန်းကြီး၏ တန်ခိုးအာနုဘော် ဖြစ်လတံ္တ့၊ ယင်းတန်ခိုး အာနုဘော်ကြောင့် ငါတို့သည် မီးကို တောက်စေခြင်းငှါ 'စွဲညိစေခြင်းငှါ' မတတ်နိုင်ကုန်''ဟု အကြံဖြစ်၏။

ထို့နောက် မြတ်စွာဘုရားသည် ဥရုဝေလကဿပရသေ့ကို ''ကဿပ မီးတို့ကို တောက်စေလို 'စွဲညိစေလို'ကုန်သလော''ဟု မိန့်တော်မူ၏။ ရဟန်းကြီး တောက်စေလို 'စွဲညိစေလို'ကုန်၏ဟု (ဆို၏)။ ငါးရာသော မီးတို့သည် (တစ်ပြိုင်နက်တည်းသာလျှင်) တောက် 'စွဲညိ 'ကုန်၏။ ထို့နောက် ဥရုဝေလ ကဿပရသေ့အား ''ရဟန်းကြီးသည် တန်ခိုးကြီး၏၊ အာနုဘော်ကြီး၏၊ ယင်းမီးတို့ကိုသော်လည်း (တစ်ပြိုင်နက်တည်း) တောက်စေ 'စွဲညိစေ' နိုင်ဘိ၏။ (သို့ရာတွင်) ငါကဲ့သို့ ရဟန္တာကား မဟုတ်သည်သာ တည်း''ဟု အကြံဖြစ်၏။

၄၈။ ထိုအခါ ထိုရသေ့တို့သည် မီးကို လုပ်ကျွေးပြီးနောက် မီးကို ငြိမ်းစေခြင်းငှါ မတတ်နိုင်ကုန်။ ထိုအခါ ထိုရသေ့တို့အား ''မချွတ်ဧကန် ရဟန်းကြီး၏ တန်ခိုးအာနုဘော် ဖြစ်လတံ္တ့၊ ယင်းတန်ခိုးအာနုဘော်ကြောင့် ငါတို့သည် မီးကို ငြိမ်းစေခြင်းငှါ မတတ်နိုင်ကုန်''ဟု အကြံဖြစ်၏။

ထို့နောက် မြတ်စွာဘုရားသည် ဥရုဝေလကဿပရသေ့ကို ''ကဿပ မီးတို့ကို ငြိမ်းစေလိုကုန် သလော''ဟု မိန့်တော်မူ၏။ ရဟန်းကြီး ငြိမ်းစေလိုပါကုန်၏ဟု (ဆို၏)။ ငါးရာသော မီးတို့သည် တစ်ပြိုင်နက်တည်းသာလျှင် ငြိမ်းကုန်၏။

ထို့နောက် ဥရုဝေလကဿပရသေ့အား ''ရဟန်းကြီးသည် တန်ခိုးကြီး၏၊ အာနုဘော်ကြီး၏၊ ယင်း သို့ မီးတို့ကိုပင်သော်လည်း (တစ်ပြိုင်နက်တည်း) ငြိမ်းစေနိုင်ဘိ၏၊ (သို့ရာတွင်) ငါကဲ့သို့ ရဟန္တာကား မဟုတ်သည်သာတည်း''ဟု အကြံဖြစ်၏။

၄၉။ ထိုအခါ ထိုရသေ့တို့သည် ချမ်းအေးသော ဆောင်းဥတု အကြား ရှစ်ညဉ့်တို့၌ ဆီးနှင်းကျသောအခါ နေရဉ္ဇရာမြစ်၌ ငုပ်လည်း ငုပ်ကုန်၏၊ ပေါ်လည်း ပေါ်ကုန်၏၊ ငုပ်ခြင်း ပေါ်ခြင်းကိုလည်း ပြုကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် မီးအိုးကင်းငါးရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုရသေ့တို့သည် ရေမှ တက်ကုန်၍ ယင်းသည့် မီးအိုးကင်းတို့၌ လှုံကုန်၏။ ထိုအခါ ရသေ့တို့အား ''မချွတ်ဧကန် ရဟန်းကြီး၏ တန်ခိုးအာနု ဘော်ဖြစ်လတံ္တ့၊ ယင်းသည့် တန်ခိုးအာနုဘော်ဖြင့် ဤမီးအိုးကင်းငါးရာတို့ကို ဖန်းဆင်းအပ်ကုန်၏''ဟု အကြံဖြစ်၏။

ထိုအခါ ဥရုဝေလကဿပရသေ့အား ''ရဟန်းကြီးသည် တန်ခိုးကြီး၏၊ အာနုဘော်ကြီး၏၊ များစွာသော ယင်းသည့် မီးအိုးကင်းတို့ကို ဖန်ဆင်းနိုင်ဘိ၏၊ (သို့ရာတွင်) ငါကဲ့သို့ ရဟန္တာကား မဟုတ်သည် သာတည်း''ဟု အကြံဖြစ်လေ၏။

၅၀။ ထိုစဉ်အခါ၌ အခါမဲ့ မိုးကြီးသည် သည်းထန်စွာ ရွာသွန်း၏၊ ကြီးစွာသော ရေအလျဉ်သည် ဖြစ်၏၊ မြတ်စွာဘုရား သီတင်းသုံးတော်မူရာ အရပ်ကို ရေမလွှမ်းမိုးချေ၊ ထိုအခါ မြတ်စွာဘုရားအား ''ငါသည် ထက်ဝန်းကျင်မှရေကို ဖယ်ရှား၍ မြူတစ်ထောင်းထောင်းထသော မြေပြင်အလယ်၌ စင်္ကြံသွားရမူ ကောင်းလေစွ''ဟု အကြံဖြစ်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ထက်ဝန်းကျင်မှ ရေကို ဖယ်ရှား၍ မြူတစ်ထောင်းထောင်းထသော မြေပြင်အလယ်၌ စင်္ကြံကြွတော်မူ၏။

ထိုအခါ ဥရုဝေလကဿပရသေ့သည် ''ရဟန်းကြီး ရေမမျောပါစေလင့်''ဟု လှေဖြင့် များစွာသော ရသေ့တို့နှင့်အတူ မြတ်စွာဘုရား သီတင်းသုံးတော်မူရာ အရပ်သို့ သွားလေ၏။

ဥရုဝေလကဿပရသေ့သည် ထက်ဝန်းကျင်မှ ရေကို ဖယ်ရှား၍ မြူတစ်ထောင်းထောင်းထသော မြေပြင်အလယ်၌ စင်္ကြံကြွတော်မူသော မြတ်စွာဘုရားကို မြင်၍ ''ရဟန်းကြီး ဤရပ်လျက်နေသော သူကား သင်ပင်လော''ဟု မေး၏၊ ''ကဿပ ဤရပ်လျက်နေသော သူကား ငါပင်တည်း''ဟု မိန့်တော်မူ၍ မြတ်စွာဘုရားသည် ကောင်းကင်သို့ ပျံတက်၍ လှေ၌ တည်တော်မူ၏။

ထိုအခါ ဥရုဝေလကဿပရသေ့အား ''ရဟန်းကြီးသည် တန်ခိုးကြီး၏၊ အာနုဘော်ကြီး၏၊ ယင်းသို့သော ရေသည်ပင်သော်လည်း မမျောစေနိုင်၊ (သို့ရာတွင်) ငါကဲ့သို့ ရဟန္တာကား မဟုတ်သည်သာတည်း''ဟု အကြံဖြစ်၏။

၅၁။ ထိုအခါ မြတ်စွာဘုရားအား ''ဤအချည်းနှီးသော ယောက်ျားအား 'ရဟန်းကြီးသည် တန်ခိုး ကြီး၏၊ အာနုဘော်ကြီး၏၊ (သို့ရာတွင်) ငါကဲ့သို့ ရဟန္တာကား မဟုတ်သည်သာတည်း''ဟု အကြံဖြစ် နေသည်ကား ကြာမြင့်လှပေပြီ၊ ငါသည် ဤဥရုဝေလကဿပရသေ့ကို အကယ်၍ ထိတ်လန့်စေရမူ ကောင်းလေစွ''ဟု အကြံဖြစ်တော်မူ၏။

ထို့နောက် မြတ်စွာဘုရားသည် ဥရုဝေလကဿပရသေ့ကို ''ကဿပ သင်ကား ရဟန္တာလည်း မဟုတ်၊ အရဟတ္တမဂ်နှင့် ပြည့်စုံသူလည်း မဟုတ်၊ သင့်အား ရဟန္တာဖြစ်ရန်သော်လည်းကောင်း၊ အရဟတ္တမဂ်နှင့် ပြည့်စုံရန်သော်လည်းကောင် ဖြစ်နိုင်သော အကျင့်လည်း မရှိ''ဟု မိန့်တော်မူ၏။ ထိုအခါ့ဥရုဝေလကဿပရသေ့သည် မြတ်စွာဘုရား၏ ခြေတို့၌ ဦးခိုက်၍ မြတ်စွာဘုရားကို ''အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားအထံတော်၌ ရှင့်အဖြစ် ရဟန်းအဖြစ်ကို ရလိုပါ၏''ဟု လျှောက်၏။

ကဿပ သင်ကား ငါးရာသော ရသေ့တို့၏ ခေါင်းဆောင် လမ်းပြ ဆုံးမတတ်သူ ဖြစ်၍ အထွတ် အထိပ် အကြီးအမှူးလည်း ဖြစ်၏၊ ထိုရသေ့တို့ကိုလည်း ပန်ကြားဦးလော့၊ ထိုရသေ့တို့သည် ထင်မြင်သည့် အတိုင်း ပြုကြကုန်လတံ္တ့ဟု (မိန့်တော်မူ၏)။

ထို့နောက် ဥရုဝေလကဿပရသေ့သည် ထိုရသေ့တို့ထံသို့ ချဉ်းကပ်၍ ''ရသေ့တို့ ငါသည် ရဟန်းကြီးထံ၌ မြတ်သော အကျင့်ကို ကျင့်လို၏၊ အသျှင်ရသေ့တို့သည် ထင်မြင်သည့်အတိုင်း ပြုကုန် လော့''ဟု ပြောဆို၏။ အသျှင်ရသေ့ အကျွန်ုပ်တို့သည်ကား ရဟန်းကြီး၌ ကြည်ညိုခဲ့ကြသည်မှာ ကြာမြင့် ချေပြီ၊ အသျှင်ရသေ့သည် ရဟန်းကြီးထံ၌ မြတ်သော အကျင့်ကို အကယ်၍ ကျင့်ပါမူ အကျွန်ုပ်တို့ အားလုံးပင် ရဟန်းကြီးထံ၌ မြတ်သော အကျင့်ကို ကျင့်ပါကုန်အံ့ဟု (ပြောဆိုကုန်၏)။

ထိုအခါ ထိုရသေ့တို့သည် ဆံ ဆံကျစ် ပရိက္ခရာဆောင်ထမ်းပိုး မီးမွှေယောက်မစသော ရသေ့အသုံး အဆောင်တို့ကို ရေ၌ မျှောပြီးလျှင် မြတ်စွာဘုရား ရှိတော်မူရာသို့ ချဉ်းကပ်ကုန်၍ ခြေတော်တို့၌ ဦးခိုက်ကုန်လျက် ''အသျှင်ဘုရား အကျွန်ုပ်တို့သည် မြတ်စွာထံတော်၌ ရှင့်အဖြစ် ရဟန်းအဖြစ်ကို ရလိုပါကုန်၏''ဟု လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ''ရဟန်းတို့ လာကုန်လော့'' ''တရားကို ကောင်းစွာ ဟောအပ်၏၊ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုခြင်းငှါ မြတ်သော အကျင့်ကို ကောင်းစွာ ကျင့်ကုန်လော့''ဟု မိန့်တော်မူ၏။ ထိုစကားတော်သည်ပင်လျှင် ထိုအသျှင်တို့၏ ပဉ္စင်းအဖြစ် ပြီးလေ၏။

၅၂။ နဒီကဿပရသေ့သည် ရေ၌ မျောလာသော ဆံ ဆံကျစ် ပရိက္ခရာဆောင်ထမ်းပိုး မီးမွှေ ယောက်မစသော ရသေ့အသုံးအဆောင်တို့ကို မြင်လတ်သော် ''ငါ၏ နောင်တော်အား ဘေးရန်မဖြစ်ပါစေ လင့်''ဟု (အကြံဖြစ်၍) ''သွားကုန်လော့ ငါ့နောင်တော် (အကြောင်း) ကို သိအောင် ပြုကုန်လော့''ဟု ပြော ဆို၍ ရသေ့တို့ကို စေလွှတ်လိုက်၏။

မိမိကိုယ်တိုင်လည်း ရသေ့သုံးရာတို့နှင့်အတူ ဥရုဝေလကဿပထံသို့ ချဉ်းကပ်၍ အသျှင်ဥရုဝေလ ကဿပကို ''ကဿပ ဤရဟန်း အဖြစ်သည် မြတ်ပါသလော''ဟု (ဆို၏)။ ''အိမ်း ငါ့သျှင် ဤရဟန်း အဖြစ်သည် မြတ်ပါပေ၏''ဟု (ဆို၏)။

ထိုအခါ ထိုရသေ့တို့သည် ဆံ ဆံကျစ် ပရိက္ခရာဆောင်ထမ်းပိုး မီးမွှေယောက်မစသော ရသေ့အသုံး အဆောင်တို့ကို ရေ၌ မျှောပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ခြေတော်တို့၌ ဦးခိုက်ကုန်လျက် ''အသျှင်ဘုရား အကျွန်ုပ်တို့သည် မြတ်စွာဘုရားထံတော်၌ ရှင့်အဖြစ် ရဟန်းအဖြစ်ကို ရလိုပါကုန်၏''ဟု လျှောက်ကုန်၏။

မြတ်စွာဘုရားသည် ''ရဟန်းတို့ လာကုန်လော့'' ''တရားကို ကောင်းစွာ ဟောအပ်၏၊ ဝဋ် ဆင်းရဲ၏ အဆုံးကို ပြုခြင်းငှါ မြတ်သော အကျင့်ကို ကောင်းစွာ ကျင့်ကုန်လော့''ဟု (မိန့်တော်မူ၏)။ ထို စကားတော်သည်ပင်လျှင် ထိုအသျှင်တို့၏ ပဉ္စင်းအဖြစ် ပြီးလေ၏။

၅၃။ ဂယာကဿပရသေ့သည် ရေ၌ မျောလာသော ဆံ ဆံကျစ် ပရိက္ခရာဆောင်ထမ်းပိုး မီးမွှေ ယောက်မစသော ရသေ့အသုံးအဆောင်တို့ကို မြင်လတ်သော် ''ငါ၏ နောင်တော်တို့အား ဘေးရန်မဖြစ်ပါ စေလင့်''ဟု (အကြံဖြစ်၍) ''သွားကုန်လော့ ငါ့နောင်တော်တို့ (အကြောင်း) ကို သိအောင် ပြုကုန်လော့''ဟု ပြောဆို၍ ရသေ့တို့ကို လွှတ်လိုက်၏။

မိမိကိုယ်တိုင်လည်း နှစ်ရာသော ရသေ့တို့နှင့်အတူ အသျှင်ဥရုဝေလကဿပထံသို့ ချဉ်းကပ်၍ အသျှင် ဥရုဝေလကဿပကို ''ကဿပ ဤရဟန်း အဖြစ်သည် မြတ်ပါသလော''ဟု (ဆို၏)။ ''အိမ်း ငါ့သျှင် ဤရဟန်း အဖြစ်သည် မြတ်ပေ၏''ဟု (ဆို၏)။

ထိုအခါ ထိုရသေ့တို့သည် ဆံ ဆံကျစ် ပရိက္ခရာဆောင်ထမ်းပိုး မီးမွှေယောက်မစသော ရသေ့အသုံးအဆောင်တို့ကို ရေ၌ မျှောပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ခြေတော်တို့၌ ဦးခိုက်ကုန်လျက် ''အကျွန်ုပ်တို့သည် မြတ်စွာဘုရားထံတော်၌ ရှင့်အဖြစ် ရဟန်းအဖြစ်ကို ရလိုပါကုန်၏''ဟု လျှောက်ကုန်၏။

မြတ်စွာဘုရားသည် ''ရဟန်းတို့ လာကုန်လော့'' ''တရားကို ကောင်းစွာ ဟောအပ်၏၊ ဝဋ် ဆင်းရဲ၏ အဆုံးကို ပြုခြင်းငှါ မြတ်သောအကျင့်ကို ကောင်းစွာ ကျင့်ကုန်လော့''ဟု မိန့်တော်မူ၏။ ထို စကားတော်သည်ပင်လျှင် ထိုအသျှင်တို့၏ ပဉ္စင်းအဖြစ် ပြီးလေ၏။

မြတ်စွာဘုရား၏ အဓိဋ္ဌာန်တော်ကြောင့် ငါးရာသော ထင်းတို့သည် မကွဲကုန် (၅၀၀)။ ကွဲကုန်၏ (၅၀၀) မီး မတောက်ကုန် (၅၀၀) မီးတောက်ကုန်၏ (၅၀၀) မီး မငြိမ်းနိုင်ကုန် (၅၀၀) မီးငြိမ်းကုန်၏ (၅၀၀) ငါးရာသော မီးအိုးကင်းတို့ကို ဖန်ဆင်းတော်မူ၍ ဤသို့သော နည်းဖြင့် သုံးထောင်ငါးရာသော တန်ခိုးပြာဋိဟာတို့သည် ဖြစ်ကုန်၏။

ဥရုဝေလကဿပ ချွတ်တော်မူခန်း ပြီး၏။

------

အာဒိတ္တပရိယာယသုတ်

၅၄။ ထိုအခါ မြတ်စွာဘုရားသည် ဥရုဝေလတော၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံးနေတော်မူပြီး လျှင် ဂယာသီသအရပ်သို့ အလုံးစုံသော ရသေ့ဟောင်းချည်းဖြစ်ကုန်သော များစွာသော တစ်ထောင်သော ရဟန်းသံဃာ နှင့်အတူ ကြွသွားတော်မူ၏။

မြတ်စွာဘုရားသည် ထိုဂယာရွာ၏အနီး ဂယာသီသအရပ်၌ တစ်ထောင်သော ရဟန်းသံဃာနှင့်အတူ သီတင်းသုံးနေတော်မူ၏။ ထိုသို့ သီတင်းသုံးနေတော်မူသောအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို-

''ရဟန်းတို့ အလုံးစုံသော တရားသည် ပြောင်ပြောင်တောက်လောင်၏၊ ရဟန်းတို့ အဘယ်မည်သော အလုံးစုံသော တရားသည် ပြောင်ပြောင်တောက်လောင်သနည်း၊ မျက်စိသည် ပြောင်ပြောင်တောက် လောင်၏၊ အဆင်းတို့သည် ပြောင်ပြောင်တောက်လောင်ကုန်၏၊ မျက်စိအသိသည် ပြောင်ပြောင်တောက် လောင်၏၊ မျက်စိအတွေ့သည် ပြောင်ပြောင်တောက်လောင်၏။

မျက်စိအတွေ့ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသော ချမ်းသာသော ခံစားမှုသည်လည်းကောင်း ဆင်းရဲသော ခံစားမှုသည်လည်းကောင်း မဆင်းရဲမချမ်းသာသော ခံစားမှုသည်လည်းကောင်း ပြောင်ပြောင် တောက်လောင်၏။

အဘယ်ဖြင့် ပြောင်ပြောင်တောက်လောင်သနည်း၊ စွဲမက်မှု 'ရာဂ' မီးဖြင့် အမျက်ထွက်မှု 'ဒေါသ' မီးဖြင့် တွေဝေမှု 'မောဟ' မီးဖြင့် ပြောင်ပြောင်တောက်လောင်၏၊ ပဋိသန္ဓေနေရခြင်း အိုရခြင်း သေရခြင်း ပူပန်ရခြင်း ငိုကြွေးရခြင်း ဆင်းရဲရခြင်း နှလုံးမသာရခြင်း ပြင်းစွာပူဆွေးရခြင်းတို့ဖြင့် ပြောင်ပြောင်တောက် လောင်၏ဟု ဟောတော်မူ၏။

နားသည် ပြောင်ပြောင်တောက်လောင်၏။ အသံတို့သည် ပြောင်ပြောင်တောက်လောင်ကုန်၏။ပ။ နှာခေါင်းသည် ပြောင်ပြောင်တောက်လောင်၏။ အနံ့တို့သည် ပြောင်ပြောင်တောက်လောင်ကုန်၏။ပ။ လျှာသည် ပြောင်ပြောင်တောက်လောင်၏။ အရသာတို့သည် ပြောင်ပြောင်တောက်လောင်ကုန်၏။ပ။ ကိုယ်သည် ပြောင်ပြောင်တောက်လောင်၏။

ကိုယ်အတွေ့တို့သည် ပြောင်ပြောင်တောက်လောင်ကုန်၏။ပ။ စိတ်သည် ပြောင်ပြောင်တောက်လောင်၏။ စိတ်၏ အာရုံတို့သည် ပြောင်ပြောင်တောက်လောင်ကုန်၏။ စိတ်အသိသည် ပြောင်ပြောင်တောက်လောင်၏။ စိတ်အတွေ့သည် ပြောင်ပြောင်တောက်လောင်၏။ စိတ်အတွေ့ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသော ချမ်းသာသော ခံစားမှုသည်လည်းကောင်း ဆင်းရဲသော ခံစားမှုသည်လည်းကောင်း မဆင်းရဲမချမ်းသာသော ခံစားမှုသည်လည်းကောင်း ပြောင်ပြောင် တောက်လောင်၏။ အဘယ်ဖြင့် ပြောင်ပြောင်တောက်လောင်သနည်း၊ စွဲမက်မှု 'ရာဂ' မီးဖြင့် အမျက်ထွက်မှု 'ဒေါသ' မီးဖြင့် တွေဝေမှု 'မောဟ' မီးဖြင့်ပြောင်ပြောင်တောက်လောင်၏၊ ပဋိသန္ဓေနေရခြင်း အိုရခြင်း သေရခြင်း ပူပန်ရခြင်း ငိုကြွေးရခြင်း ဆင်းရဲရခြင်း နှလုံးမသာရခြင်း ပြင်းစွာပူဆွေးရခြင်းတို့ဖြင့် ပြောင် ပြောင်တောက်လောင်၏ဟု ဟောတော်မူ၏။

ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်များသော ငါဘုရား၏ တပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏။ အဆင်းတို့၌လည်း ငြီးငွေ့၏။ မျက်စိအသိ၌လည်း ငြီးငွေ့၏။ မျက်စိအတွေ့၌လည်း ငြီးငွေ့၏။ မျက်စိအတွေ့ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသော ချမ်းသာသော ခံစားမှု၌လည်းကောင်း၊ ဆင်းရဲသော ခံစားမှု၌လည်းကောင်း မဆင်းရဲ မချမ်းသာသော ခံစားမှု၌လည်းကောင်း ငြီးငွေ့၏။

နား၌လည်း ငြီးငွေ့၏။ အသံတို့၌လည်း ငြီးငွေ့၏။ပ။ နှာခေါင်း၌လည်း ငြီးငွေ့၏။ အနံ့တို့၌လည်း ငြီးငွေ့၏။ပ။ လျှာ၌လည်း ငြီးငွေ့၏။ အရသာတို့၌လည်း ငြီးငွေ့၏။ပ။ ကိုယ်၌လည်း ငြီးငွေ့၏။ ကိုယ်အတွေ့၌လည်း ငြီးငွေ့၏။ပ။ စိတ်၌လည်း ငြီးငွေ့၏။ စိတ်၏ အာရုံတို့၌လည်း ငြီးငွေ့၏။ စိတ်အသိ၌လည်း ငြီးငွေ့၏။ စိတ်အတွေ့၌လည်း ငြီးငွေ့၏။ စိတ်အတွေ့ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသော ချမ်းသာသော ခံစားမှု၌လည်းကောင်း၊ ဆင်းရဲသော ခံစားမှု၌လည်းကောင်း၊ မဆင်းရဲမချမ်းသာသော ခံစားမှု၌လည်းကောင်း ငြီးငွေ့၏၊ ငြီးငွေ့သော သူသည် (ငြီးငွေ့သည်ရှိသော်) မစွဲမက်၊ မစွဲမက်ခြင်းကြောင့် ကိလေသာမှ လွတ်၏၊ ကိလေသာမှ လွတ်ပြီးသော် ကိလေသာမှ လွတ်ပြီဟု အသိဉာဏ် ဖြစ်၏၊ ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးအပ်ပြီ၊ မဂ်ကိစ္စကို ပြုအပ်ပြီ၊ ဤမဂ်ကိစ္စ အကျိုးငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီဟု သိ၏။

ဤဂါထာမဖက် သက်သက်သော ဒေသနာတော်ကို ဟောတော်မူသည်ရှိသော် ထိုတစ်ထောင်သော ရဟန်းတော်တို့၏ စိတ်တို့သည် (တစ်စုံတစ်ခုကိုမျှ) မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ်ကြလေကုန် သတည်း။

အာဒိတ္တပရိယာယသုတ် ပြီး၏။

တတိယခန်း ပြီး၏။

------

၁၃-ဗိမ္ဗိသာရမင်းနှင့် တွေ့ဆုံတော်မူခန်း

၅၅။ ထို့နောက် မြတ်စွာဘုရားသည် ဂယာသီသ (အရပ်) ၌ အလိုရှိသမျှ သီတင်းသုံးနေတော် မူပြီးလျှင် ရာဇဂြိုဟ်ပြည်သို့ အလုံးစုံ ရသေ့ဟောင်းချည်း ဖြစ်ကုန်သော တစ်ထောင်သော များစွာသော ရဟန်းသံဃာနှင့် အတူ ဒေသစာရီ ကြွချီတော်မူ၏။ မြတ်စွာဘုရားသည် အစဉ်အတိုင်း ဒေသစာရီ ကြွချီ တော်မူသည်ရှိသော် ရာဇဂြိုဟ်ပြည်သို့ ရောက်တော်မူ၏။

မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ထန်းတောဥယျာဉ် (အတွင်း) သုပ္ပတိဋ္ဌခေါ် (သူခပ်သိမ်းတို့ ပူဇော်ရာ) ပညောင်ပင်ကြီး၌ သီတင်းသုံးနေတော်မူ၏။

မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းသည် (ဤဆိုလတ္တံ့သောအတိုင်း) ကြားသိရလေပြီ။ ''အချင်းတို့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်းဂေါတမသည် ရာဇဂြိုဟ်ပြည်သို့ ရောက်လာတော်မူ၍ ရာဇဂြိုဟ်ပြည် ထန်းတောဥယျာဉ် (အတွင်း) သုပ္ပတိဋ္ဌခေါ် (သူခပ်သိမ်းတို့ ပူဇော်ရာ) ပညောင်ပင်ကြီး၌ သီတင်းသုံးနေတော်မူ၏။

ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်၏။ ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း 'အရဟံ' မည်တော်မူ၏၊ အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း 'သမ္မာသမ္ဗုဒ္ဓ' မည်တော်မူ၏၊ အသိဉာဏ် 'ဝိဇ္ဇာ', အကျင့် 'စရဏ' နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း 'ဝိဇ္ဇာစရဏသမ္ပန္န' မည်တော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း 'သုဂတ' မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း 'လောကဝိဒူ' မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ လွန်မြတ်သော ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'အနုတ္တရောပုရိသဒမ္မသာရထိ' မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'သတ္ထာဒေဝမနုဿာန' မည် တော်မူ၏၊ သစ္စာလေးပါးတရားတို့ကို ကိုယ်တိုင်သိ၍ သူတစ်ပါးတို့ကို သိစေတော်မူသော အကြောင်းကြောင့်လည်း 'ဗုဒ္ဓ' မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း 'ဘဂဝါ ' မည်တော်မူ၏ဟု (ပျံ့နှံ့၍ထွက်၏)။

ထိုမြတ်စွာဘုရားသည် နတ်နှင့်တကွသော မာရ်နတ်နှင့် တကွသော ဗြဟ္မာနှင့် တကွသော ဤဩကာသလောကကိုလည်းကောင်း၊ သမဏဗြာဟ္မဏနှင့် တကွသော မင်းများ လူများနှင့် တကွသော ဤသတ္တလောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြု လျက် ဟောကြားတော်မူ၏။ ထိုမြတ်စွာဘုရားသည် အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုသို့သဘောရှိသော ရဟန္တာ (ပုဂ္ဂိုလ်) တို့ကို ဖူးမြှော်ရခြင်းသည် ကောင်းသည်သာတည်း''ဟု (ကြားသိရလေ၏)။

ထိုအခါ မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းသည် တစ်သိန်းနှစ်သောင်းသော မဂဓတိုင်း သား ပုဏ္ဏားနှင့် အမျိုးသားတို့ဖြင့် ခြံရံလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်၏၊ ထိုတစ်သိန်းနှစ်သောင်းသော မဂဓတိုင်းသား ပုဏ္ဏားနှင့် အမျိုး သား အချို့တို့သည် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် မြတ်စွာ ဘုရားနှင့် အတူ ဝမ်းမြောက် ဝမ်းသာ နှုတ်ဆက် ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် မြတ်စွာဘုရားရှိရာ အရပ်သို့ လက်အုပ် ချီလျက် တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် မြတ်စွာဘုရားထံ၌ အမည်အနွယ်ကို ပြောကြား လျက် တစ်ခုသော နေရာ၌ ထိုင်ကုန်၏၊ အချို့တို့သည် တိတ်ဆိတ်စွာ တစ်ခုသော နေရာ၌ ထိုင်ကုန်၏။

ထိုအခါ တစ်သိန်းနှစ်သောင်းကုန်သော မဂဓတိုင်းသား ပုဏ္ဏားနှင့် အမျိုးသားတို့အား ''ရဟန်းကြီး ကပင် ဥရုဝေလကဿပထံ၌ မြတ်သော အကျင့်ကို ကျင့်သလော၊ သို့မဟုတ် ဥရုဝေလကဿပကပင် ရဟန်းကြီးထံ၌ မြတ်သော အကျင့်ကို ကျင့်လေသလော''ဟု အကြံ ဖြစ်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုတစ်သိန်းနှစ်သောင်းကုန်သော မဂဓတိုင်းသား ပုဏ္ဏားနှင့် အမျိုးသားတို့၏ စိတ်အကြံကို မိမိ စိတ်ဖြင့် သိ၍ အသျှင်ဥရုဝေလကဿပကို ဂါထာဖြင့် မေးတော်မူ၏။ ''ဥရုဝေလတော၌ နေသော ကဿပ သင်သည် အကျင့်ဖြင့် ကြုံလှီသော ရသေ့တို့ကို ဆုံးမတတ်သော ဆရာကြီးဖြစ်လျက် အဘယ်ကို မြင်၍ မီးပူဇော်ခြင်းကို စွန့်လွှတ် သနည်း။

ကဿပ သင့်အား ထိုအကြောင်းကို မေးမြန်းအံ့၊ သင်၏ မီးပူဇော်ခြင်းကို (သင်သည်) အဘယ့်ကြောင့် ပယ်စွန့်သနည်းဟု (မေးတော်မူ၏)။

(မြတ်စွာဘုရား) အဆင်း အသံ အရသာဟူသော ကာမဂုဏ်တို့ကိုလည်းကောင်း၊ မိန်းမတို့ကိုလည်းကောင်း ယဇ်ပူဇော်ခြင်းကြောင့် (ပြည့်စုံကုန်၏ဟု) ပြောဆိုကုန်၏၊ ထိုအလုံးစုံကို (ခန္ဓာဟူသော) ဥပဓိတို့၌ အညစ်အကြေးသာတည်းဟု သိရသောကြောင့် ယဇ်ကြီး ယဇ်ငယ် ပူဇော်ခြင်းတို့၌ မမွေ့လျော်တော့ပါဟု (လျှောက်၏)။

ကဿပ အဆင်း အသံ အရသာဟု ဆိုအပ်သော ဤကာမဂုဏ်တို့၌ သင်၏ စိတ်နှလုံးသည် မမွေ့လျော်သည် ဖြစ်အံ့၊ ထိုသို့ မမွေ့လျော်သည်ရှိသော် အဘယ်မည်သော လူ့ပြည် နတ်ပြည်၌ သင်၏ စိတ်နှလုံးသည် မွေ့လျော်သနည်း၊ ကဿပ ထို အကြောင်းကို ငါဘုရားအား ဖြေဆိုဦးလော့ဟု (မိန့်တော်မူ၏)။

(မြတ်စွာဘုရား) အကြင်နိဗ္ဗာန်သည် ငြိမ်သက်၏၊ ခန္ဓာစသော ဥပဓိလည်း မရှိ၊ (ရာဂစသော)ကြောင့်ကြမှုလည်း မရှိ၊ ကာမဘုံ၌လည်း မငြိကပ်၊ (ပဋိသန္ဓေတည် နေဖြစ်ပွါးရခြင်း အိုရခြင်း သေရခြင်း နာရခြင်းဖြင့်) ဖောက်ပြန်မှုလည်း မရှိ၊ မဂ်မှ တစ်ပါးအခြားသော တရားဖြင့်လည်း မသိအပ်၊ ထိုနိဗ္ဗာန်ကို သိမြင်သောကြောင့် အကျွန်ုပ်၏ စိတ်သည် ယဇ်ကြီး ယဇ်ငယ် ပူဇော်ခြင်းတို့၌ မမွေ့လျော်ပါ''ဟု (လျှောက်၏)။

 

 

၅၆။ ထို့နောက် အသျှင်ဥရုဝေလကဿပသည် နေရာမှထ၍ ပခုံးတစ်ဖက်၌ အပေါ်ရုံသင်္ကန်းကို စံပယ်တင်၍ မြတ်စွာဘုရား၏ ခြေတော်တို့၌ ဦးခိုက်ပြီးလျှင် မြတ်စွာဘုရားကို ''အသျှင်ဘုရား မြတ်စွာ ဘုရားသည် အကျွန်ုပ်၏ ဆရာပါတည်း၊ အကျွန်ုပ်သည်ကား တပည့်ဖြစ်ပါ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်၏ ဆရာပါတည်း၊ အကျွန်ုပ်ကား တပည့်ဖြစ်ပါ၏''ဟု လျှောက်၏။

ထိုအခါ တစ်သိန်းနှစ်သောင်းသော မဂဓတိုင်းသား ပုဏ္ဏားနှင့် အမျိုးသားတို့အား ''ဥရုဝေလ ကဿပသည် ရဟန်းကြီးထံ၌ မြတ်သော အကျင့်ကို ကျင့်၏''ဟု အသိဉာဏ် ဖြစ်ကြလေ၏။

ထို့နောက် မြတ်စွာဘုရားသည် ထိုတစ်သိန်းနှစ်သောင်းသော မဂဓတိုင်းသား ပုဏ္ဏားနှင့် အမျိုး သားတို့၏ စိတ်ကို မိမိစိတ်ဖြင့် သိ၍ အစဉ်အတိုင်းသော တရားစကားကို ဟောတော်မူ၏၊ ဤသည်ကား အဘယ်နည်း-

ဒါနနှင့်စပ်သောစကား သီလနှင့်စပ်သောစကား နတ်ပြည်နှင့်စပ်သောစကား ကာမဂုဏ်တို့၏ အပြစ် ယုတ်ညံ့ခြင်း ညစ်ညူးခြင်း (ကာမဂုဏ်တို့မှ) ထွက်မြောက်ခြင်း၌ အကျိုးတို့ကို ပြတော်မူ၏။

မြတ်စွာဘုရားသည် ထိုပုဏ္ဏားနှင့် အမျိုးသားတို့၌ ခံ့သောစိတ် နူးညံ့သောစိတ် အပိတ်အပင် 'နီဝရဏ' မှ ကင်းသောစိတ် တက်ကြွသောစိတ် ယုံကြည်သောစိတ်ရှိသည်ကို သိတော်မူသောအခါ မြတ်စွာ့ဘုရားတို့၏ ကိုယ်တိုင် ထုတ်ဖော် သိမြင်အပ်သော 'သာမုက္ကံသိက' တရားဒေသနာတော်ဖြစ်သော ဆင်းရဲ 'ဒုက္ခသစ္စာ' ကိုလည်းကောင်း၊ ဆင်းရဲဖြစ်ကြောင်း 'သမုဒယသစ္စာ' ကိုလည်းကောင်း၊ ဆင်းရဲချုပ်ရာ 'နိရောဓ သစ္စာ' ကိုလည်းကောင်း၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းလမ်းစဉ် 'မဂ္ဂသစ္စာ' ကိုလည်းကောင်း ပြတော်မူ၏။

မည်းညစ်ခြင်းကင်း၍ ဖြူစင်သော အဝတ်သည် ဆိုးရည်ကို ကောင်းစွာ ခံယူသကဲ့သို့ ဗိမ္ဗိသာရမင်း အမှူးရှိသော ထိုတစ်သိန်းတစ်သောင်းသော ပုဏ္ဏားနှင့် အမျိုးသားတို့အား ထိုနေရာ၌ပင်လျှင် '' ဖြစ်ခြင်း သဘောရှိသော တရားအလုံးအစုံသည် ချုပ်ခြင်းသဘောရှိ၏''ဟု (ကိလေသာ) မြူ အညစ်အကြေးမှ ကင်းသော တရားမျက်စိ 'သောတာပတ္တိမဂ်ဉာဏ်' သည် ဖြစ်ပေါ်၏၊ တစ်သောင်းသော လူအပေါင်းသည် ဥပါသကာအဖြစ်ကို ကြားလျှောက်၏။

၅၇။ ထိုအခါ မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းကြီးသည် တရားကို မြင်ပြီးသည်ဖြစ်၍ တရားသို့ ရောက်ပြီးသည် ဖြစ်၍ တရားကို သိပြီးသည်ဖြစ်၍ တရားသို့ သက်ဝင်ပြီးသည်ဖြစ်၍ ယုံမှားခြင်းကို ကူးမြောက်ပြီးသည်ဖြစ်၍ သို့လော သို့လော (တွေးတောခြင်း) ကင်းသည်ဖြစ်၍ မြတ်စွာဘုရား သာသနာတော်၌ ရဲရင့်ခြင်းသို့ ရောက်ပြီးသည်ဖြစ်၍ ဘုရားမှတစ်ပါး ကိုးစားထိုက်သူမရှိသည် ဖြစ်၍ မြတ်စွာဘုရားအား-

''အသျှင်ဘုရား အကျွန်ုပ်အား ရှေးအခါ အိမ်ရှေ့မင်းသားဖြစ်စဉ် ငါးပါးသော တောင့်တမှု တို့သည် ဖြစ်ပါကုန်၏၊ အကျွန်ုပ်အား ထိုတောင့်တခြင်းတို့သည် ယခုအခါ ပြည့်စုံပါပြီ။

အသျှင်ဘုရား အကျွန်ုပ်အား ရှေးအခါ အိမ်ရှေ့မင်းသား ဖြစ်စဉ် 'ငါ့ကို မင်းအဖြစ်၌ အဘိသိက်သွန်းပါမူ ကောင်းလေစွ'ဟု အကြံအစည် ဖြစ်ခဲ့ပါ၏၊ အသျှင်ဘုရား ဤသည်ကား အကျွန်ုပ်၏ ရှေ့ဦးစွာ တောင့်တမှု ဖြစ်ပါသည်၊ ထိုတောင့်တမှုသည် အကျွန်ုပ်အား ယခုအခါ ပြည့်စုံပါပြီ။

'ထိုမင်းဖြစ်ပြီးသော အကျွန်ုပ်နိုင်ငံသို့ ပူဇော်အထူးကိုခံထိုက်သော မြတ်စွာဘုရားသည် ကြွ ရောက်လာပါမူ ကောင်းလေစွ'ဟု အကြံအစည် ဖြစ်ခဲ့ပါ၏၊ အသျှင်ဘုရား ဤသည်ကား အကျွန်ုပ်၏ နှစ်ကြိမ်မြောက် တောင့်တမှုဖြစ်ပါသည်၊ ထိုတောင့်တမှုသည် အကျွန်ုပ်အား ယခုအခါ ပြည့်စုံပါပြီ။

'ထိုမြတ်စွာဘုရားကို အကျွန်ုပ်သည် ဆည်းကပ်ရပါမူ ကောင်းလေစွ'ဟု အကြံအစည် ဖြစ်ခဲ့ ပါ၏၊ အသျှင်ဘုရား ဤသည်ကား အကျွန်ုပ်၏ သုံးကြိမ်မြောက် တောင့်တမှု ဖြစ်ပါသည်၊ ထို တောင့်တမှုသည် အကျွန်ုပ်အား ယခုအခါ ပြည့်စုံပါပြီ။

'ထိုမြတ်စွာဘုရားသည် အကျွန်ုပ်အား တရားဟောပါမူ ကောင်းလေစွ'ဟု အကြံအစည် ဖြစ်ခဲ့ပါ၏၊ အသျှင်ဘုရား ဤသည်ကား အကျွန်ုပ်၏ လေးကြိမ်မြောက် တောင့်တမှု ဖြစ်ပါသည်၊ ထိုတောင့်တမှုသည် အကျွန်ုပ်အား ယခုအခါ ပြည့်စုံပါပြီ။

'ထိုမြတ်စွာဘုရား၏ တရားတော်ကို ငါသည် သိရပါမူကား ကောင်းလေစွ'ဟု အကြံအစည် ဖြစ်ခဲ့ပါ၏၊ အသျှင်ဘုရား ဤသည်ကား အကျွန်ုပ်၏ ငါးကြိမ်မြောက် တောင့်တမှု ဖြစ်ပါသည်၊ ထို တောင့်တမှုသည် အကျွန်ုပ်အား ယခုအခါ ပြည့်စုံပါပြီ။

အသျှင်ဘုရား အကျွန်ုပ်အား ရှေးအခါ အိမ်ရှေ့မင်းသားဖြစ်စဉ် ဤငါးပါးသော တောင့်တမှုတို့ ဖြစ်ပါကုန်၏၊ ထိုတောင့်တမှုတို့သည် ယခုအခါ ပြည့်စုံကြပါပြီ။

အသျှင်ဘုရား (တရားတော်သည်) အလွန် နှစ်သက်ဖွယ်ရှိပါပေ၏၊ အသျှင်ဘုရား (တရား တော်သည်) အလွန် နှစ်သက်ဖွယ်ရှိပါပေ၏၊ အသျှင်ဘုရား ဥပမာသော်ကား မှောက်ထားသည်ကို လှန်ပြဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ပြဘိသကဲ့သို့လည်းကောင်း၊ မျက်စိ လည်သောသူအား လမ်းကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ 'မျက်စိရှိသောသူတို့သည် အဆင်း တို့ကို မြင်ကြလိမ့်မည်'ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင် မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါ ပေ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရား တော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ။

အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းသံဃာနှင့်အတူ နက်ဖြန်အဖို့ အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော်မူပါ''ဟု လျှောက်၏။

မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေခြင်းဖြင့် လက်ခံတော်မူ၏။ ထိုအခါ မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းသည် မြတ်စွာဘုရား၏ လက်ခံတော်မူခြင်းကို သိ၍ နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုပြီးလျှင် ဖဲခွါသွားလေ၏။

ထိုအခါ မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းသည် ထိုညဉ့်လွန်မြောက်ပြီးနောက် မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကို စီမံစေပြီးလျှင် ''အသျှင်ဘုရား အချိန်တန်ပါပြီ ဆွမ်းပြင်ပြီးပါပြီ''ဟု မြတ်စွာ ဘုရားအား အချိန် (တန်ကြောင်း) ကို လျှောက်စေ၏။

၅၈။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ် သင်္ကန်းကို ယူလျက် အလုံးစုံ ရသေ့ဟောင်းချည်းဖြစ်ကုန်သော များစွာသော တစ်ထောင်သော ရဟန်းသံဃာနှင့် အတူ ရာဇဂြိုဟ်ပြည်သို့ ဝင်တော်မူ၏။

ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် လုလင်အသွင် ဖန်းဆင်း၍ ဘုရားအမှူးရှိသော ရဟန်း သံဃာ၏ ရှေ့မှ ရှေ့မှ ဤဂါထာတို့ကို သီဆိုလျက် သွား၏။

''ယဉ်ကျေးသော စိတ်နှလုံးရှိတော်မူသော၊ ကိလေသာမှ လွတ်မြောက်တော်မူပြီးသော၊ သိင်္ဂီနိက်ရွှေ အဆင်းရှိတော်မူသော မြတ်စွာဘုရားသည် ယဉ်ကျေးသော စိတ်နှလုံးရှိကုန်သော၊ ကိလေသာမှ လွတ်မြောက်ပြီးကုန်သော ရသေ့ဟောင်း (ရဟန္တာ) တစ်ထောင်တို့နှင့် အတူ ရာဇဂြိုဟ်ပြည်သို့ ဝင်တော်မူလာပါပြီ။

သံသရာဝဋ်ဆင်းရဲမှ လွတ်တော်မူပြီးသော၊ ကိလေသာမှ လွတ်မြောက်တော်မူပြီးသော၊ သိင်္ဂီနိက်ရွှေ အဆင်းရှိတော်မူသော မြတ်စွာဘုရားသည် သံသရာဝဋ်ဆင်းရဲမှ လွတ်ကုန်ပြီးသော၊ ကိလေသာမှ လွတ်ကုန်ပြီးသော ရသေ့ဟောင်း (ရဟန္တာ) တစ်ထောင်တို့နှင့် အတူ ရာဇဂြိုဟ်ပြည်သို့ ဝင်တော်မူလာပါပြီ။

သံသရာဝဋ်ဆင်းရဲမှ ကူးမြောက်တော်မူပြီးသော၊ ကိလေသာမှ လွတ်တော်မူပြီးသော၊ သိင်္ဂီနိက်ရွှေ အဆင်းရှိတော်မူသော မြတ်စွာဘုရားသည် သံသရာဝဋ်ဆင်းရဲမှ ကူးမြောက်ကုန်ပြီးသော၊ ကိလေသာမှ လွတ်ကုန်ပြီးသော ရသေ့ဟောင်း (ရဟန္တာ) တစ်ထောင်တို့နှင့် အတူ ရာဇဂြိုဟ်ပြည်သို့ ဝင်တော်မူလာပါပြီ။

ငြိမ်သက်သော ဣန္ဒြေရှိတော်မူသော၊ ကိလေသာမှ လွတ်တော်မူပြီးသော၊ သိင်္ဂီနိက် ရွှေ အဆင်းရှိတော်မူသော မြတ်စွာဘုရားသည် ငြိမ်သက်သော ဣန္ဒြေရှိကုန်သော၊ ကိလေသာမှ လွတ်ကုန်ပြီးသော ရသေ့ဟောင်း (ရဟန္တာ) တစ်ထောင်တို့နှင့် အတူ ရာဇဂြိုဟ်ပြည်သို့ ဝင်တော်မူလာပါပြီ။

ဆယ်ပါးသော အရိယာတို့၏ နေခြင်းလည်း ရှိတော်မူသော၊ ဆယ်ပါးသော ကိုယ်အား ဉာဏ်အားနှင့်လည်း ပြည့်စုံတော်မူသော၊ ဆယ်ပါးသော (ကုသလကမ္မပထ) တရားကိုလည်း သိတော်မူသော၊ ဆယ်ပါးသော အသေက္ခလက္ခဏာတို့နှင့် ပြည့်စုံတော် မူသော ထိုမြတ်စွာဘုရားသည့်ရဟန္တာတစ်ထောင်ခြံရံလျက် ရာဇဂြိုဟ်ပြည်သို့ ဝင် တော်မူလာပါပြီ''ဟု (ဤဂါထာတို့ကို သီဆိုလျက် သွား၏)။

လူတို့သည် နတ်တို့အရှင် သိကြားမင်းကို မြင်၍ ''ဤလုလင်သည် အလွန် အဆင်းလှပေစွတကား၊ ဤလုလင်သည် ရှုချင်ဖွယ် ရှိပေစွတကား၊ ဤလုလင်သည် ကြည်ညိုဖွယ် ရှိပေစွတကား၊ ဤလုလင်သည် အဘယ်သူ၏သား ဖြစ်ပါလိမ့်မည်နည်း''ဟု ပြောဆိုကုန်၏။ ဤသို့ ပြောဆိုကြကုန်သော် နတ်တို့ကို အစိုးရသော သိကြားမင်းသည် ထိုလူတို့ကို-

''အကြင် မြတ်စွာဘုရားသည် လောက၌ မြဲမြံတည်တံ့သော လုံ့လပညာနှင့် ပြည့်စုံ တော်မူ၏၊ ခပ်သိမ်းသော ဣန္ဒြေတို့၌ ယဉ်ကျေးတော်မူ၏၊ ခပ်သိမ်းသော ကိလေ သာတို့မှ စင်ကြယ်တော်မူ၏၊ တုဘက်ပုဂ္ဂိုလ်လည်း ရှိတော်မမူ၊ (လူနတ်တို့၏) ပူဇော် အထူးကိုလည်း ခံတော်မူထိုက်၏၊ ကောင်းသော တရားစကားကိုလည်း ဟောကြား တော်မူတတ်၏၊ ငါသည်ကား ထိုမြတ်စွာဘုရား၏ အလုပ်အကျွေးပင်တည်း''ဟု ဂါထာဖြင့် ဆို၏။

၅၉။ ထိုအခါ မြတ်စွာဘုရားသည် မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်း၏ နန်းတော်သို့ ချဉ်းကပ်ပြီးနောက် ရဟန်းသံဃာနှင့် အတူ ခင်းထားသောနေရာ၌ ထိုင်တော်မူ၏။

ထိုအခါ မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းသည် မြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏။

မြတ်စွာဘုရား ဆွမ်းဘုဉ်းပေးပြီး၍ သပိတ်မှ လက်ကိုဖယ်ပြီးသောအခါ မဂဓတိုင်းရှင် သေနိယ မည်သော ဗိမ္ဗိသာရမင်းသည် တစ်ခုသောနေရာ၌ ထိုင်၏။

တစ်ခုသော နေရာ၌ ထိုင်နေသော မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းအား- ''အဘယ်အရပ်၌ မြတ်စွာဘုရားသည် သီတင်းသုံးတော်မူသင့်သနည်း၊ ထိုအရပ်သည် ရွာမှ မဝေးလွန်း မနီးလွန်း အသွားအလာနှင့် ပြည့်စုံရာ၏၊ ဘုရားဖူးလိုသူ တရားနာလိုသူတို့အား သွားရောက်ရန် လွယ်ကူရာ၏၊ နေ့အခါ လူမပြွမ်း၊ ညချမ်းအခါလည်း အသံနည်းရာ၏၊ ပြည်ရွာ တွန်သံ 'အုတ်အုတ် ကျက်ကျက် အသံ' မရှိရာ၊ လူစော်မနံရာ 'လူတို့၏ အနံ့အသက်မှ ကင်းရာ၏ '၊ လူတို့၏ လျို့ဝှက်သော အမှုကို ပြုခြင်းငှါထိုက်သော ကိန်းအောင်း၍ နေခြင်းငှါ လျောက်ပတ်သော အရပ်မျိုး ဖြစ်ရာ၏''ဟု အကြံဖြစ်၏။ ထို့နောက် မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းကြီးအား-

''ငါတို့၏ ဤဝေဠုဝန် ဥယျာဉ်သည် ရွာနှင့် မဝေးလွန်း မနီးလွန်း အသွား အလာနှင့် ပြည့်စုံ၏၊ ဘုရားဖူးလိုသူ တရားနာလိုသူတို့အား သွားရောက်ရန် လွယ်ကူ၏၊ နေ့အခါ လူနှင့် မပြွမ်း၊ ညချမ်းအခါလည်း အသံနည်း၏၊ ပြည်ရွာတွန်သံ မရှိ၊ လူတို့၏ အငွေ့အသက် ကင်း၏၊ လူတို့၏ လျို့ဝှက်သော အမှုကို ပြုခြင်းငှါ ထိုက်၏၊ ကိန်းအောင်း၍ နေခြင်းငှါ လျောက်ပတ်၏၊ ငါသည် ဝေဠုဝန်ဥယျာဉ်ကို ဘုရားအမှူးရှိသော ရဟန်းသံဃာအား အကယ်၍ လှူရပါမူကား ကောင်းလေစွ''ဟု အကြံဖြစ်ပြန်၏။

ထို့နောက် မဂဓတိုင်းကို အစိုးရသော သေနိယမည်သော ဗိမ္ဗိသာရမင်းကြီးသည် ရွှေကရားကို ယူ၍ ''အသျှင်ဘုရား အကျွန်ုပ်သည် ဤဝေဠုဝန်ဥယျာဉ်ကို ဘုရားအမှူးရှိသော ရဟန်းအပေါင်းအား လှူပါ၏''ဟု (မြွက်ဆို၍) မြတ်စွာဘုရားအား စွန့်လွှတ် လှူဒါန်း၏။ မြတ်စွာဘုရားသည် ကျောင်းတိုက် အရံကို ခံယူတော်မူ၏။

ထို့နောက် မြတ်စွာဘုရားသည် မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းကြီးကို တရား စကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန့်ရွှင်လန်းစေတော်မူပြီးလျှင် နေရာမှထကာ ဖဲခွါ ကြွသွားတော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ဤသို့သော အကြောင်းအရာကြောင့် တရားစကားကို ဟောတော် မူပြီးလျှင် ရဟန်းတို့အား ''ရဟန်းတို့ အရံကို (အလှူခံစိမ့်သောငှါ) ခွင့်ပြု၏''ဟု မိန့်တော်မူ၏။

ဗိမ္ဗိသာရမင်းနှင့် တွေ့ဆုံတော်မူခန်း ပြီး၏။

------

၁၄-သာရိပုတ္တရာနှင့် မောဂ္ဂလာန် ရဟန်းပြုခန်း

၆၀။ တစ်ရံရောအခါ သိဉ္စည်းပရိဗိုဇ်သည် နှစ်ရာ့ငါးကျိပ် အရေအတွက်ရှိသော များစွာသော ပရိဗိုဇ် ပရိသတ်နှင့်အတူ ရာဇဂြိုဟ်ပြည်၌ နေ၏။ ထိုအခါ သာရိပုတ္တရာ မောဂ္ဂလာန်တို့သည် သိဉ္စည်းပရိဗိုဇ် ထံ၌ မြတ်သော အကျင့်ကို ကျင့်ကုန်၏၊ ထိုသာရိပုတ္တရာ မောဂ္ဂလာန်တို့သည် ''မသေရာ အမြိုက် နိဗ္ဗာန်ကို ရှေးဦးစွာ ရသူသည် ပြောကြားစတမ်း''ဟု ကတိကဝတ်ကို ပြုထားကုန်၏။

ထိုအခါ ဣရိယာပုထ်နှင့် ပြည့်စုံသော အသျှင်အဿဇိသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူကာ မျက်လွှာချလျက် ကြည်ညိုဖွယ်သော ရှေ့သို့ တက်ခြင်း နောက်သို့ ဆုတ်ခြင်း တူရူကြည့်ခြင်း တစောင်းကြည့်ခြင်း ကွေးခြင်း ဆန့်ခြင်းဖြင့် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်တော်မူ၏။

သာရိပုတ္တရာ ပရိဗိုဇ်သည် ချအပ်သော မျက်လွှာရှိသည်ဖြစ်၍ ဣရိယာပုထ်နှင့် ပြည့်စုံစွာ ကြည်ညို ဖွယ်ဂုဏ်ကို ဆောင်သော ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်း တူရူကြည့်ခြင်း တစောင်းကြည့်ခြင်း ကွေးခြင်း ဆန့်ခြင်းဖြင့် ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံလှည့်လည်သော အသျှင်အဿဇိကို တွေ့မြင်၍ ထို သာရိပုတြာ ပရိဗိုဇ်အား-

''လောက၌ အကြင် ရဟန္တာတို့သည်လည်းကောင်း၊ အရဟတ္တမဂ်သို့ ရောက်သူတို့သည်လည်းကောင်း ရှိကုန်၏၊ ထိုသူတို့တွင် ဤရဟန်းကား တစ်ပါးအပါဝင်တည်း၊ ငါသည် ဤ ရဟန်းသို့ ချဉ်းကပ်၍ 'ငါ့သျှင် သင်သည် အဘယ်ဆရာကို ရည်ညွှန်း၍ ရဟန်းပြုသနည်း၊ သင်၏ ဆရာကား အဘယ်သူနည်း၊ အဘယ်သူ၏ တရားကို သင်နှစ်သက်ပါသနည်း'ဟု မေးရပါမူ ကောင်းလေရာ၏''ဟု အကြံဖြစ်၏။

ထို့နောက် သာရိပုတ္တရာပရိဗိုဇ်အား ''ဤရဟန်းကို မေးမြန်းခြင်းငှါ အခါအခွင့် မဟုတ်သေး၊ ရွာတွင်းသို့ ဝင်၍ ဆွမ်းအလို့ငှါ လှည့်လည်နေဆဲ ဖြစ်၏၊ အလိုရှိသော သူတို့သည် မှန်းဆ၍သာ သိအပ်သော အမြိုက်နိဗ္ဗာန်သည် ရှိ၏၊ (ထိုနိဗ္ဗာန်ကို ရှာသော) ငါသည် ဤရဟန်းသို့ နောက်မှ နောက်မှ လိုက်ရပါမူ ကောင်းလေစွ''ဟု အကြံဖြစ်ပြန်၏။

ထိုအခါ အသျှင်အဿဇိသည် ရာဇဂြိုဟ်ပြည်၌ ဆွမ်းအလို့ငှါလှည့်လည်၍ ဆွမ်းကို ယူဆောင်လျက် ကြွသွားတော်မူ၏။ ထိုအခါ သာရိပုတ္တရာပရိဗိုဇ်သည်လည်း အသျှင်အဿဇိထံသို့ ချဉ်းကပ်၍ အသျှင် အဿဇိနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြီးဆုံးစေပြီး၍ တစ်ခုသော နေရာ၌ ရပ်တည်သော သာရိပုတြာပရိဗိုဇ်သည် အသျှင်အဿဇိကို-

''ငါ့သျှင် သင်၏ ဣန္ဒြေတို့သည် ကြည်လင်ကုန်၏၊ အရေအဆင်းသည် စင်ကြယ်၏၊ ဖြူစင် တောက်ပ၏၊ ငါ့သျှင် သင်သည် အဘယ်သူကို ရည်ညွှန်း၍ ရဟန်းပြုသနည်း၊ သင်၏ ဆရာကား အဘယ်သူနည်း၊ အဘယ်သူ၏ တရားကို သင်နှစ်သက်သနည်း''ဟု မေး၏။

ငါ့သျှင် သာကီဝင်မင်းသားဖြစ်သော သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် ရဟန်းမြတ်သည် ရှိတော်မူ၏၊ ငါသည် ထိုဘုန်းတော်ကြီးသော ရဟန်းမြတ်ကို ရည်ညွှန်း၍ ရဟန်းပြု၏။ ထိုမြတ်စွာဘုရားသည် ငါ၏ ဆရာပေတည်း၊ ငါသည် ထိုမြတ်စွာဘုရား၏ တရားတော်ကို နှစ်သက်၏ဟု (ဆို၏)။

အသျှင်၏ ဆရာသည် အဘယ်အယူရှိသနည်း၊ အဘယ်သို့ ဟောကြားသနည်းဟု (မေးပြန်ရာ) ငါ့သျှင် ငါသည်ကား ဤသာသနာသို့ ယခုပင် ဝင်ရောက်စ ဖြစ်၏၊ ရဟန်းပြု၍ မကြာမြင့်သေးသည့် ရဟန်းသစ် ဖြစ်၏၊ ငါသည် သင့်အား အကျယ်အားဖြင့် တရားကို ဟောခြင်းငှါ မတတ်နိုင်၊ သို့သော်လည်း သင့်အား အကျဉ်းအားဖြင့် အနက်သဘောကို ဟောပေအံ့ဟု (ဆို၏)။

ထိုအခါ သာရိပုတ္တရာပရိဗိုဇ်သည် အသျှင်အဿဇိကို ''ငါ့သျှင် ရှိပါစေ၊ နည်းသည်ဖြစ်စေ၊ များသည် ဖြစ်စေ ဟောပါလော့၊ အနက်ကိုသာလျှင် အကျွန်ုပ်အား ဟောပါလော့၊ အနက်ကိုသာ အကျွန်ုပ် အလိုရှိပါ၏၊ များစွာသော သဒ္ဒါဖြင့် အဘယ်အကျိုးရှိအံ့နည်း''ဟု ဆို၏။

ထို့နောက် အသျှင်အဿဇိသည် သာရိပုတ္တရာပရိဗိုဇ်အား- ''အကြင် (ဒုက္ခ) တရားတို့သည် အကြောင်း 'သမုဒယ'ကြောင့် ဖြစ်ကုန်၏။ ထို (ဒုက္ခ) တရားတို့၏ အကြောင်း 'သမုဒယ' ဖြစ်သော တရားကိုလည်းကောင်း၊ ထိုအကျိုး (ဒုက္ခ), အကြောင်း 'သမုဒယ' တရားတို့၏ ချုပ်ငြိမ်းရာ 'နိရောဓ' နှင့် ချုပ်ငြိမ်းကြောင်း 'မဂ္ဂ' တရားကိုလည်းကောင်း မြတ်စွာဘုရားသည် ဟောတော်မူ၏။ ရဟန်းမြတ်သည် ဤသို့ အယူရှိပါ၏''ဟု တရားအမြွက်ကို ဟော၏။

ထိုအခါ သာရိပုတ္တရာပရိဗိုဇ်အား ဤတရားအမြွက်ကို ကြားနာရ၍ ''ဖြစ်ခြင်းသဘောရှိသော တရား အလုံးစုံသည် ချုပ်ခြင်းသဘောရှိ၏''ဟု (ကိလေသာ) မြူအညစ်အကြေးမှ ကင်းသော တရားမျက်စိ 'သောတာပတ္တိမဂ်ဉာဏ်' သည် ထင်ရှား ဖြစ်ပေါ်လာ၏။

ထိုမျှပင် ဖြစ်စေကာမူ ဤတရားသာလျှင် (ငါတို့ ရှာဖွေသော) တရားတည်း၊ စိုးရိမ်ခြင်း မရှိသော ဤအမြိုက်နိဗ္ဗာန်တရားကို (အသျှင်တို့သည်) သိကုန်ပြီ၊ (ငါတို့မူကား) ဤနိဗ္ဗာန်တရားကို မသိမမြင်ဘဲ များစွာသော နဟုတသချင်္ာကမ္ဘာတို့ ကျော်လွန်ခဲ့လေပြီဟု (ဆို၏)။

၆၁။ ထို့နောက် သာရိပုတ္တရာပရိဗိုဇ်သည် မောဂ္ဂလာန်ပရိဗိုဇ်ထံသို့ ချဉ်းကပ်လေ၏။ မောဂ္ဂလာန် ပရိဗိုဇ်သည် အဝေးမှ လာသော သာရိပုတ္တရာပရိဗိုဇ်ကို မြင်၍ သာရိပုတ္တရာပရိဗိုဇ်အား-

''ငါ့သျှင် သင်၏ ဣန္ဒြေတို့သည် ကြည်လင်ကုန်၏၊ အရေအဆင်းသည် စင်ကြယ်၏၊ ဖြူစင်တောက်ပ၏၊ ငါ့သျှင် အသို့ပါနည်း၊ သင်သည် မသေရာ အမြိုက်နိဗ္ဗာန်တရားကို ရခဲ့ (သိခဲ့) ပြီလော''ဟု မေး၏။

ငါ့သျှင် မသေရာ အမြိုက်နိဗ္ဗာန် တရားကို ရခဲ့ (သိခဲ့) ပါပြီဟု (ပြော၏)။ ငါ့သျှင် ဘယ်နည်းဘယ်ပုံဖြင့် သင်သည် မသေရာ အမြိုက်နိဗ္ဗာန်တရားကို ရခဲ့ (သိခဲ့) ပါသနည်းဟု (မေးပြန်၏)။

ငါ့သျှင် အကျွန်ုပ်သည် ချထားသော မျက်လွှာရှိသည်ဖြစ်၍ ဣရိယာပုထ်နှင့် ပြည့်စုံစွာ ကြည်ညိုဖွယ်သောဂုဏ်ကို ဆောင်သော ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်း တူရူကြည့်ခြင်း တစောင်းကြည့်ခြင်း ကွေးခြင်း ဆန့်ခြင်းဖြင့် ဤရာဇဂြိုဟ်ပြည်၌ ဆွမ်းခံလှည့်လည်သော အဿဇိရဟန်းကို တွေ့မြင်၍ အကျွန်ုပ် အား ''အကြင်သူတို့သည် လောက၌ ရဟန္တာတို့သည်လည်းကောင်း၊ အရဟတ္တမဂ်သို့ ရောက်သူတို့သည်လည်းကောင်း ဖြစ်ကုန်၏၊ ထိုသူတို့တွင် ဤရဟန်းကား တစ်ပါးအပါအဝင်တည်း၊ ငါသည် ဤရဟန်းကို ချဉ်းကပ်၍ 'ငါ့သျှင် သင်သည် အဘယ်သူကို ရည်ညွှန်း၍ ရဟန်းပြုပါသနည်း၊ သင်၏ဆရာကား အဘယ် သူနည်း၊ အဘယ်သူ၏ တရားကို သင်သည် နှစ်သက်သနည်း'ဟု မေးရပါမူ ကောင်းလေစွ''ဟု အကြံ ဖြစ်၏။

''ငါ့သျှင် ထိုအကျွန်ုပ်အား ဤရဟန်းကို မေးမြန်းခြင်းငှါ အခါအခွင့် မဟုတ်သေး၊ ရွာတွင်းသို့ ဝင်၍ ဆွမ်းအလို့ငှါ လှည့်လည်နေဆဲဖြစ်၏။ အလိုရှိသော သူတို့သည် မှန်းဆ၍သာ သိအပ်သော အမြိုက် နိဗ္ဗာန်သည် ရှိ၏၊ (ထိုနိဗ္ဗာန်ကို ရှာသော) ငါသည် ဤရဟန်းသို့ နောက်မှ နောက်မှ လိုက်ရပါမူ ကောင်းလေစွ''ဟု အကြံ ဖြစ်ပြန်ပါသည်။

ငါ့သျှင် ထိုအခါ အသျှင်အဿဇိသည် ရာဇဂြိုဟ်ပြည်၌ ဆွမ်းအလို့ငှါ လှည့်လည်၍ ဆွမ်းကိုယူဆောင် လျက် ဖဲကြွသွားတော်မူ၏။ အကျွန်ုပ်သည်လည်း အသျှင်အဿဇိထံသို့ ချဉ်းကပ်၍ အသျှင်အဿဇိမထေရ် နှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ့်အမှတ်ရဖွယ်စကားကို ပြီးဆုံးစေပြီး နောက် တစ်ခုသောနေရာ၌ ရပ်တည်သော အကျွန်ုပ်သည် အသျှင်အဿဇိရဟန်းကို ''ငါ့သျှင် သင်၏ ဣန္ဒြေတို့သည် ကြည်လင်ကုန်၏၊ အရေအဆင်းသည် စင်ကြယ်၏။ ဖြူစင်တောက်ပ၏၊ ငါ့သျှင် သင်သည် အဘယ်သူကို ရည်ညွှန်း၍ ရဟန်းပြုသနည်း၊ သင်၏ ဆရာကား အဘယ်သူနည်း၊ အဘယ်သူ၏ တရားကို သင်နှစ်သက်သနည်းဟု လျှောက်ခဲ့ပါသည်။

ငါ့သျှင် သာကီဝင်မင်းသားဖြစ်သော သာကီဝင်မင်းမျိုးမှ ရဟန်းပြုသည့် ရဟန်းမြတ်ကို ရည်ညွှန်း၍ ငါသည် ရဟန်းပြု၏၊ ထိုမြတ်စွာဘုရားသည် အကျွန်ုပ်၏ဆရာတည်း၊ ငါသည် ထိုမြတ်စွာဘုရား တရားတော်ကို နှစ်သက်၏ဟု (ပြောဆိုပါသည်)။

အသျှင်ဘုရား၏ ဆရာသည် အဘယ်အယူရှိသနည်း၊ အဘယ်သို့ ဟောကြားသနည်းဟု (မေးမြန်း ခဲ့ပါသည်)။ ငါ့သျှင် ငါသည်ကား ဤသာသနာတော်သို့ ယခုမှပင် ဝင်ရောက်စဖြစ်သော ရဟန်းသစ် ဖြစ်ပါ၏၊ ရဟန်းပြု၍ မကြာမြင့်သေးသည့် ငါသည် သင့်အား တရားကို အကျယ်အားဖြင့် ဟောခြင်းငှါ မတတ်နိုင်၊ သို့သော်လည်း သင့်အား အကျဉ်းအားဖြင့် အနက်သဘောကို ဟောပေအံ့''ဟု (ဆိုပါသည်)။

ငါ့သျှင် ထိုအခါ ငါက အဿဇိ ရဟန်းကို- ''ငါ့သျှင် ရှိပါစေ၊ နည်းသည်ဖြစ်စေ, များသည်ဖြစ်စေ ဟောပါလော့၊ အကျွန်ုပ် အား အနက်ကိုသာလျှင် ဟောပါလော့၊ အနက်ကိုသာ အကျွန်ုပ်အလိုရှိပါ၏၊ များစွာသော သဒ္ဒါဖြင့် အဘယ်အကျိုး ရှိပါအံ့နည်း''ဟု ပြောဆိုခဲ့ပါသည်။

ငါ့သျှင် ထိုအခါ အဿဇိရဟန်းသည်- အကြင် (ဒုက္ခသစ္စာ) တရားတို့သည် အကြောင်း 'သမုဒယ' သစ္စာကြောင့် ဖြစ်ကုန်၏၊ ထို (ဒုက္ခသစ္စာ) တရားတို့၏ အကြောင်း 'သမုဒယသစ္စာ' ဖြစ်သော တရားကိုလည်းကောင်း၊ ထို အကျိုး (ဒုက္ခသစ္စာ), အကြောင်း 'သမုဒယသစ္စာ' တရားတို့၏ ချုပ်ငြိမ်းရာ 'နိရောဓသစ္စာ' နှင့် ချုပ်ငြိမ်းကြောင်း 'မဂ္ဂသစ္စာ' တရားကိုလည်းကောင်း မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ရဟန်း မြတ်ဖြစ်သော မြတ်စွာဘုရားသည် ဤသို့ အယူရှိ၏ဟု ဤတရားအမြွက်ကို ဟောကြားပါ၏ဟု (ဆိုလေ၏)။

ထိုအခါ မောဂ္ဂလာန်ပရိဗိုဇ်အား ဤတရားဒေသနာကို ကြားနာရ၍ ''ဖြစ်ခြင်းသဘောရှိသော တရား အလုံးစုံသည် ချုပ်ခြင်းသဘောရှိ၏''ဟု (ကိလေသာ) မြူ အညစ်အကြေးမှ ကင်းသော တရားမျက်စိ 'သောတာပတ္တိမဂ်ဉာဏ်' သည် ထင်ရှားဖြစ်ပေါ်လေ၏။

ထိုမျှပင် ဖြစ်စေကာမူ ဤတရားသာလျှင် (ငါတို့ရှာဖွေသော) တရားတည်း၊ စိုးရိမ်ခြင်း မရှိသော ဤအမြိုက်နိဗ္ဗာန်တရားကို (အသျှင်တို့သည်) သိကုန်ပြီ၊ (ငါတို့ မှာမူကား) ဤနိဗ္ဗာန် တရားကို မသိမမြင်ဘဲ များစွာသော နဟုတသချင်္ာကမ္ဘာတို့ ကျော်လွန်ခဲ့လေပြီဟု (ဆို၏)။

၆၂။ ထိုအခါ မောဂ္ဂလာန်ပရိဗိုဇ်သည် သာရိပုတ္တရာပရိဗိုဇ်ကို ''ငါ့သျှင် ငါတို့သည် မြတ်စွာဘုရား အထံသို့ သွားကုန်အံ့၊ ထိုမြတ်စွာဘုရားသည် ငါတို့ဆရာပင်တည်း''ဟု ဆို၏။

ငါ့သျှင် ဤနှစ်ရာ့ငါးကျိပ်သော ပရိဗိုဇ်တို့သည် ငါတို့ကို အမှီသဟဲပြု၍ ငါတို့ကို ကြည့်ရှုလျက် ဤ (သိဉ္စည်းအထံ) ၌ နေကုန်၏၊ ထိုသူတို့ကိုလည်း ရှေ့ဦးစွာ ပန်ကြားကုန်အံ့၊ သူတို့ ထင်မြင်သည့် အတိုင်း ပြုကုန်လတ္တံ့ဟု (ဆို၏)။

ထို့နောက် သာရိပုတ္တရာ မောဂ္ဂလာန်တို့သည် ထိုပရိဗိုဇ်တို့ထံသို့ ချဉ်းကပ်၍ ထိုပရိဗိုဇ်တို့ကို ''ငါ့သျှင်တို့ ငါတို့သည် မြတ်စွာဘုရားထံသို့ သွားကုန်အံ့၊ ထိုမြတ်စွာဘုရားသည် ငါတို့၏ ဆရာပင် တည်း''ဟု ဆိုကုန်၏။

အကျွန်ုပ်တို့သည် အသျှင်တို့ကို အမှီပြု၍ အသျှင်တို့ကို ကြည့်ရှုလျက် ဤသိဉ္စည်းထံ၌ နေပါကုန်၏၊ အသျှင်တို့သည် ရဟန်းမြတ်ဖြစ်သော မြတ်စွာဘုရားထံ၌ မြတ်သော အကျင့်ကို ကျင့်မည်ဆိုပါလျှင် အကျွန်ုပ်တို့ အားလုံးသည်လည်း မြတ်စွာဘုရားထံ၌ မြတ်သော အကျင့်ကို ကျင့်ပါကုန်အံ့ဟု (ဆိုကုန်၏)။

ထို့နောက် အသျှင်သာရိပုတ္တရာ အသျှင်မောဂ္ဂလာန်တို့သည် သိဉ္စည်းပရိဗိုဇ်၏ အထံသို့ ချဉ်းကပ်၍ သိဉ္စည်းပရိဗိုဇ်ကို ''ငါ့သျှင် ငါတို့သည် မြတ်စွာဘုရားအထံသို့ သွားကုန်အံ့၊ ထိုမြတ်စွာဘုရားသည် ငါတို့၏ ဆရာပင်တည်း''ဟု ဆိုကုန်၏။

ငါ့သျှင်တို့ မသင့်လျော်ချေ၊ မသွားကုန်လင့်၊ ငါတို့သုံးယောက်လုံးပင် ဤဂိုဏ်းကို (ဤပရိဗိုဇ် အပေါင်းကို) ထိန်းသိမ်းကုန်အံ့ဟု (ဆို၏)။

နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း အသျှင်သာရိပုတြာ အသျှင်မောဂ္ဂလာန်တို့သည် သိဉ္စည်းပရိဗိုဇ်ကို ''ငါ့သျှင် ငါတို့သည် မြတ်စွာဘုရားအထံသို့ သွားကုန်အံ့၊ ထိုမြတ်စွာဘုရားသည် ငါတို့၏ ဆရာပင်တည်း''ဟု ဆိုကုန်၏။

ငါ့သျှင်တို့ မသင့်လျော်ချေ၊ မသွားကုန်လင့်၊ ငါတို့သုံးယောက်လုံးပင် ဤဂိုဏ်းကို (ဤပရိဗိုဇ် အပေါင်းကို) ထိန်းသိမ်းကုန်အံ့ဟု (ဆို၏)။

ထိုအခါ သာရိပုတ္တရာ မောဂ္ဂလာန်တို့သည် ထိုနှစ်ရာ့ငါးကျိပ်သော ပရိဗိုဇ်တို့ကို ခေါ်ဆောင်၍ ဝေဠုဝန်ကျောင်းတော်သို့ ချဉ်းကပ်ကုန်၏။

သိဉ္စည်းပရိဗိုဇ်အား ထိုနေရာ၌ပင် ပူသော သွေးသည် ခံတွင်းမှ အန်ထွက်လေ၏။ မြတ်စွာဘုရားသည် အဝေးမှလာသော ထိုသာရိပုတ္တရာ မောဂ္ဂလာန်တို့ကို မြင်တော်မူ၍ ရဟန်း တို့ကို ''ရဟန်းတို့ ကောလိတ ဥပတိဿ သူငယ်ချင်းနှစ်ယောက်တို့သည် လာကုန်၏၊ ထိုသူနှစ်ယောက်သည် ငါဘုရား၏ ကြီးကဲ မြင့်မြတ်သော တပည့်အစုံ ဖြစ်လတ္တံ့''ဟု မိန့်တော်မူ၏။

နက်နဲသော ဉာဏ်၏ အရာဖြစ်၍ ဥပဓိတို့၏ကုန်ရာ အတုမဲ့မြတ်သော နိဗ္ဗာန်၌ အာရုံပြုသောအားဖြင့် လွတ်ကုန်ပြီးသော ထိုသာရိပုတ္တရာ မောဂ္ဂလာန်တို့ကို ဝေဠုဝန် ကျောင်းတော်သို့ မရောက်မီ မြတ်စွာဘုရားသည်-

''ထိုကောလိတ ဥပတိဿ အဆွေခင်ပွန်း နှစ်ယောက်တို့သည် လာကုန်၏၊ ထိုသူ နှစ်ယောက်သည် ငါဘုရား၏ ကြီးကဲမြင့်မြတ်သော တပည့်အစုံ ဖြစ်လတ္တံ့''ဟု မိန့် ကြားတော်မူ၏။

ထိုအခါ သာရိပုတ္တရာ မောဂ္ဂလာန်တို့သည် မြတ်စွာဘုရားထံတော်သို့ ချဉ်းကပ်၍ မြတ်စွာဘုရား၏ ခြေတော်တို့၌ ဦးခိုက်၍ မြတ်စွာဘုရားကို ''အသျှင်ဘုရား အကျွန်ုပ်တို့သည် မြတ်စွာဘုရားအထံတော်၌ ရှင့်အဖြစ် ရဟန်းအဖြစ်ကို ရလိုပါကုန်၏''ဟု လျှောက်ကုန်၏။

မြတ်စွာဘုရားသည် ''ရဟန်းတို့ လာကုန်လော့'' ''တရားကို ကောင်းစွာ ဟောအပ်၏၊ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုခြင်းငှါ မြတ်သောအကျင့်ကို ကောင်းစွာ ကျင့်ကုန်လော့''ဟု မိန့်တော်မူ၏။

ထိုစကားတော်သည်ပင်လျှင် ထို (နှစ်ရာ့ငါးကျိပ်နှစ်ယောက်သော) အသျှင်တို့၏ ပဉ္စင်းအဖြစ် ပြီးလေ၏။

------

၁။ နဟုတသချင်္ာဟူသည်ကား တစ်ဆယ်တည်၊ တစ်ဆယ်နှင့်မြှောက်၊ တစ်ရာဖြစ်၏။ တစ်ရာတည်၊ တစ်ဆယ်နှင့်မြှောက်၊ တစ်ထောင်ဖြစ်၏။ တစ်ထောင်တည်၊ တစ်ရာနှင့်မြှောက်၊ တစ်သိန်းဖြစ်၏၊။ တစ်သိန်းတည်၊ တစ်ရာနှင့်မြှောက်၊ ကောဋိဖြစ်၏။ ကောဋိတစ်သိန်းတည်၊ တစ်ရာနှင့်မြှောက်၊ ပကောဋိဖြစ်၏။ ပကောဋိတစ်သိန်းတည်၊ တစ်ရာနှင့်မြှောက်၊ ကောဋိပကောဋိ၊ ဖြစ်၏။ ကောဋိပကောဋိ တစ်သိန်းတည်၊ တစ်ရာနှင့်မြှောက်၊ နဟုတသချင်္ာဖြစ်၏။ (သာရတ္ထဒီပနီဋီကာ)

လူကုံထံတို့ ရဟန်းပြုခန်း

၆၃။ တစ်ရံရောအခါ အလွန် ထင်ရှားကျော်စောကုန်သော မဂဓတိုင်းနေ အမျိုးသားတို့သည် မြတ်စွာဘုရားထံတော်၌ မြတ်သော အကျင့်ကို ကျင့်ကုန်၏။

လူတို့သည်-

''ရဟန်းဂေါတမသည် သားမရှိစိမ့်သောငှါ ပြုကျင့်၏၊ ရဟန်းဂေါတမသည် လင်နှင့် ကင်း ကွာစိမ့်သောငှါ ပြုကျင့်၏၊ ရဟန်းဂေါတမသည် အမျိုးပြတ်စိမ့်သောငှါ ပြုကျင့်၏၊ ယခု ဤရဟန်း ဂေါတမသည် ရသေ့တစ်ထောင်ကို ရဟန်းပြုခဲ့ပြီ၊ သိဉ္စည်း၏ တပည့်ဖြစ်သော နှစ်ရာ့ငါးကျိပ်သော ပရိဗိုဇ်တို့ကိုလည်း ရဟန်းပြုခဲ့ပြီ၊ အလွန်ထင်ရှားကျော်စောသော မဂဓတိုင်းနေ အမျိုးသားတို့သည် ရဟန်းဂေါတမထံ၌ မြတ်သောအကျင့်ကို ကျင့်ကုန်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ် ပြပြောဆိုကြကုန်၏။ ထို့ပြင် ရဟန်းတို့ကို မြင်သောအခါ-

''ရဟန်းကြီးဂေါတမသည် တောင်ငါးလုံး ခြံရံအပ်သော မဂဓတိုင်း ရာဇဂြိုဟ်ပြည် ကြီးသို့ လာချေပြီ၊ အလုံးစုံသော သိဉ္စည်း၏ တပည့်တို့ကို ဆောင်ယူခဲ့ပြီးနောက် ယခု အဘယ်သူကို ဆောင်ယူလတ္တံ့နည်း''ဟု ဂါထာဖြင့် ကဲ့ရဲ့ပြစ်တင်ကြကုန်၏။

ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။

ရဟန်းတို့ ထို (ကဲ့ရဲ့သော) အသံသည် ကြာရှည်လေးမြင့်စွာ မဖြစ်လတ္တံ့၊ ခုနစ်ရက်သာ ဖြစ်လတံ္တ့၊ ခုနုစ်ရက်လွန်မြောက်သော် ပပျောက်လတ္တံ့ ရဟန်းတို့ သို့ဖြစ်လျှင် သင်တို့ကို-

''ရဟန်းကြီးဂေါတမသည် တောင်ငါးလုံး ခြံရံအပ်သော မဂဓတိုင်း ရာဇဂြိုဟ်ပြည် ကြီးသို့ လာချေပြီ၊ အလုံးစုံသော သိဉ္စည်း၏ တပည့်တို့ကို ဆောင်ယူခဲ့ပြီးနောက် ယခု အဘယ်သူကို ဆောင်ယူလတံ္တ့နည်း''ဟု ပြစ်တင်ကဲ့ရဲ့ပြောဆိုသော သူတို့ကို သင်တို့သည်-

''ကြီးသော လုံ့လရှိကုန်သော မြတ်စွာဘုရားတို့သည် စင်စစ် သူတော်ကောင်း တရားဖြင့် ဆောင်ယူကုန်၏၊ တရားသဖြင့် ဆောင်ယူသော ပညာရှိတို့ကို ငြူစူစောင်း မြောင်းခြင်းဖြင့် အဘယ်ပြုအံ့နည်း''ဟု ဂါထာဖြင့် ပြန်၍ ပြစ်တင်ပြောဆိုကုန်လော့ဟု မိန့်တော်မူ၏။ ထိုအခါ လူတို့သည် ရဟန်းတို့ကို တွေ့မြင်သော်-

''ရဟန်းကြီးဂေါတမသည် တောင်ငါးလုံး ခြံရံအပ်သော မဂဓတိုင်း ရာဇဂြိုဟ်ပြည် ကြီးသို့ လာချေပြီ၊ အလုံးစုံသော သိဉ္စည်း၏ တပည့်တို့ကို ယူဆောင်ခဲ့ပြီးနောက် ယခု အဘယ်သူကို ယူဆောင်လတံ္တ့နည်း'' ဟူသော ဂါထာဖြင့် ပြစ်တင် ကဲ့ရဲ့ပြောဆိုကုန်၏။ ရဟန်းတို့သည် ထိုလူတို့ကို-

''ကြီးသော လုံ့လရှိကုန်သော မြတ်စွာဘုရားတို့သည် စင်စစ် သူတော်ကောင်း တရားဖြင့် ဆောင်ယူကုန်၏၊ တရားသဖြင့် ဆောင်ယူသော ပညာရှိတို့ကို ငြူစူ စောင်း မြောင်းခြင်းဖြင့် အဘယ်ပြုအံ့နည်း'' ဟူသော ဂါထာဖြင့် ပြန်၍ ပြစ်တင် ကဲ့ရဲ့ပြောဆိုကုန်၏။

လူတို့သည် ''သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတော်တို့သည် တရားသဘောဖြင့် ဆောင်ယူကုန်၏၊ တရားနှင့်မညီ အဓမ္မဆောင်ယူကုန်သည် မဟုတ်''ဟု (သိကုန်၍) ကဲ့ရဲ့သော အသံသည် ခုနစ်ရက်သာ ဖြစ်၏၊ ခုနစ်ရက် လွန်မြောက်သောအခါ ပပျောက်လေ၏။

အသျှင်သာရိပုတ္တရာ အသျှင်မောဂ္ဂလာန်တို့ ရဟန်းပြုခန်း ပြီး၏။

စတုတ္ထခန်း ပြီး၏။

------

၁၅-ဥပဇ္ဈာယ်ဆရာ၌ ပြုရန်ကျင့်ဝတ်ကို ပြဆိုခြင်း

၆၄။ တစ်ရံရောအခါ ရဟန်းတို့သည် ဥပဇ္ဈာယ်ဆရာ နိဿရည်းဆရာမရှိ သွန်သင်ဆုံးမသူ မရှိသည် ဖြစ်၍ မကောင်းသဖြင့် ဝတ်ရုံလျက် ရဟန်းတို့၏ အမူအရာနှင့် မပြည့်စုံဘဲ ဆွမ်းခံလှည့်လည်ကုန်၏၊ ထိုရဟန်းတို့သည် လူတို့ စားသောက်နေစဉ် ဘောဇဉ် ခဲဖွယ် လျက်ဖွယ်သောက်ဖွယ်တို့၏ အထက်၌ ဆွမ်းခံသပိတ်ကို ညွတ်စေကုန် 'ခံလင့်ကုန်'၏၊ ဟင်း ထမင်းကိုလည်း ကိုယ်တိုင် တောင်း၍ စားကုန်၏၊ ဆွမ်းစားဇရပ်၌လည်း ပြင်းပြကျယ်လောင်သော အသံရှိလျက် နေကုန်၏။

လူတို့သည်- ''ဤသာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် အဘယ့်ကြောင့် မကောင်းသဖြင့် ဝတ်ရုံလျက် ရဟန်းတို့၏ အမူအရာနှင့် မပြည့်စုံဘဲ ဆွမ်းခံလှည့်လည်ကုန် ဘိသနည်း၊ ထိုရဟန်းတို့သည် လူတို့စားသောက်နေစဉ် ဘောဇဉ် ခဲဖွယ် လျက်ဖွယ်သောက်ဖွယ် တို့၏ အထက်၌ ဆွမ်းခံသပိတ်ကို ညွတ်စေကုန် 'ခံလင့်ကုန်' ဘိသနည်း၊ ဟင်း ထမင်းကိုလည်း ကိုယ်တိုင် တောင်း၍ စားကုန်ဘိသနည်း၊ ဆွမ်းစားဇရပ်၌လည်း ပုဏ္ဏားစားသောက်ပွဲ၌ ပုဏ္ဏားများ ကဲ့သို့ ပြင်းပြကျယ်လောင်သော အသံရှိလျက် နေကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ရဟန်းတို့သည် ကဲ့ရဲ့ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။ အကြင်ရဟန်းတို့သည် အလိုနည်းကုန်၏၊ ရောင့်ရဲလွယ်ကုန်၏၊ မကောင်းမူကို ရှက်တတ်ကုန်၏၊ တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိကုန်၏၊ သိက္ခာ (သုံးပါး) ကို လိုလားကုန်၏၊ ထိုရဟန်းတို့သည်-

''ရဟန်းတို့သည် အဘယ့်ကြောင့် မကောင်းသဖြင့် ဝတ်ရုံလျက် ရဟန်းတို့၏ အမူအရာနှင့် မပြည့်စုံဘဲ ဆွမ်းခံလှည့်လည်ကုန်ဘိသနည်း၊ ထိုရဟန်းတို့သည် လူတို့ စားသောက်နေစဉ် ဘောဇဉ် ခဲဖွယ် လျက်ဖွယ်သောက်ဖွယ်တို့၏ အထက်၌ ဆွမ်းခံသပိတ်ကို ညွတ်စေကုန် 'ခံလင့်ကုန်' ဘိသ နည်း၊ ဟင်း ထမင်းကိုလည်း ကိုယ်တိုင်တောင်း၍ စားကုန်ဘိသနည်း၊ ဆွမ်းစားဇရပ်၌လည်း ပြင်းပြကျယ်လောင်သော အသံရှိလျက် နေကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ထို့နောက် ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းသံဃာကို စည်းဝေးစေပြီးလျှင် ရဟန်းတို့ကို-

''ရဟန်းတို့ ရဟန်းတို့သည် မကောင်းသဖြင့် ဝတ်ရုံလျက် ရဟန်းတို့၏ အမူအရာနှင့် မပြည့်စုံဘဲ ဆွမ်းခံ လှည့်လည်ကုန်၏။ ထိုရဟန်းတို့သည် လူတို့ စားသောက်နေစဉ် ဘောဇဉ် ခဲဖွယ် လျက်ဖွယ်သောက်ဖွယ်တို့၏ အထက်၌ ဆွမ်းခံသပိတ်ကို ညွတ်စေကုန် 'ခံလင့်ကုန်'၏၊ ဟင်း ထမင်းကိုလည်း ကိုယ်တိုင်တောင်း၍ စားကုန်၏၊ ဆွမ်းစားဇရပ်၌လည်း ပြင်းပြကျယ်လောင်သော အသံရှိလျက် နေကုန်၏ ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ ရဟန်းတို့ '' (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ထိုယောက်ျားတို့၏ ဤ (အမှု) သည် ရဟန်း တို့အား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းတို့ အပြုအမူမဟုတ်၊ မအပ်၊ မပြုသင့်၊ ရဟန်းတို့ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ထိုယောက်ျားတို့သည် အဘယ့်ကြောင့် မကောင်းသဖြင့် ဝတ်ရုံလျက် ရဟန်းတို့၏ အမူအရာနှင့် မပြည့်စုံဘဲ ဆွမ်းခံလှည့်လည်ကုန်ဘိသနည်း၊ ထိုရဟန်း တို့သည် လူတို့စားသောက်နေစဉ် ဘောဇဉ် ခဲဖွယ် လျက်ဖွယ်သောက်ဖွယ်တို့၏ အထက်၌ ဆွမ်းခံသပိတ်ကို ညွတ်စေကုန် 'ခံလင့်ကုန်' ဘိသနည်း၊ ဟင်း ထမင်းကိုလည်း ကိုယ်တိုင်တောင်း၍ စားကုန်ဘိသနည်း၊ ဆွမ်းစားဇရပ်၌လည်း ပြင်းပြကျယ်လောင်သော အသံရှိလျက် နေကုန်ဘိ သနည်း၊ ဤ (ရဟန်းတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း၊ ကြည်ညိုပြီးသော သူတို့အား တိုး၍ ကြည်ညိုစေခြင်းငှါလည်းကောင်း မဖြစ်နိုင်ပေ၊ ရဟန်းတို့ အမှန်စင်စစ် ဤ (ရဟန်းတို့ပြုမိသောအမှု) သည် မကြည်ညိုသေးသောသူတို့အား မကြည်ညိုစေခြင်းငှါလည်းကောင်း၊ ကြည်ညိုပြီးသော အချို့သူတို့အား အကြည်ညိုပျက်စေခြင်းငှါလည်းကောင်း ဖြစ်ပေ၏''ဟု (ကဲ့ရဲ့တော်မူ၏)။

ထို့နောက် မြတ်စွာဘုရားသည် ထိုရဟန်းတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်တော် မူပြီးလျှင် ကိုယ်တိုင် ပြုစုမွေးမြူရန် ခက်ခဲခြင်း သူတစ်ပါးတို့က ပြုစုမွေးမြူရန် ခက်ခဲခြင်း အလိုကြီးခြင်း မရောင့်ရဲနိုင်ခြင်း အပေါင်းအဖေါ်၌ မက်မောခြင်း ပျင်းရိခြင်းတို့၏ ကျေးဇူးမဲ့ (စကား) ကို မိန့်တော်မူပြီး၍ များစွာဧသာ အကြောင်းဖြင့် ကိုယ်တိုင် ပြုစုမွေးမြူလွယ်ခြင်း သူတစ်ပါးတို့က ပြုစုမွေးမြူလွယ်ခြင်း အလိုနည်းခြင်း ရောင့်ရဲလွယ်ခြင်း ကိလေသာကို ခေါင်းပါးစေခြင်း ကိလေသာကို ခါထုတ်ခြင်း ကြည်ညိုဖွယ် ရှိခြင်း ကိလေသာကို မဆည်းပူးခြင်း ဝီရိယဖြင့် အားထုတ်ခြင်းတို့၏ ဂုဏ်ကျေးဇူးကို မိန့်တော်မူပြီးလျှင် ရဟန်းတို့အား ထိုအဖြစ်အပျက်နှင့် လျောက်ပတ်လျော်ညီသော တရားစကားကို ဟောကြားတော်မူပြီး နောက် ရဟန်းတို့ကို-

၆၅။ ''ရဟန်းတို့ (အပြစ်ကြီးငယ်ကို ကြည့်ရှုဆုံးမတတ်သော) ဥပဇ္ဈာယ်ဆရာကို ခွင့်ပြု၏''ဟု မိန့်တော်မူ၏။

ရဟန်းတို့ ဥပဇ္ဈာယ်ဆရာသည် အတူနေတပည့်၌ သားဟူသော စိတ်ကို ထားအံ့၊ အတူနေ တပည့်သည် ဥပဇ္ဈာယ်ဆရာ၌ အဖဟူသော စိတ်ကို ထားအံ့၊ ထိုဆရာတပည့်တို့သည် အချင်းချင်း ရိုသေခြင်း တုပ်ဝပ်ခြင်းတူသော အသက်မွေးခြင်းရှိသည် ဖြစ်၍ နေသည်ရှိသော် ဤသာသနာတော်၌ ကြီးပွါးစည်ပင် ပြန့်ပြောခြင်းသို့ ရောက်ကုန်လတ္တံ့။

ရဟန်းတို့ ဤသို့ ဥပဇ္ဈာယ်ယူရမည် လက်ဝဲတစ်ဖက် ပခုံးထက်၌ ကိုယ်ဝတ်ကို စံပယ်တင်၍ (ဥပဇ္ဈာယ်ဆရာ၏) ခြေတို့ကို ရှိခိုးပြီးလျှင် ဆောင့်ကြောင့်ထိုင်ကာ လက်အုပ်ချီလျက် ''အသျှင်ဘုရား (အသျှင်ဘုရားသည်) အကျွန်ုပ်၏ ဥပဇ္ဈာယ်ဆရာ ဖြစ်တော်မူပါလော့၊ အသျှင်ဘုရား (အသျှင်ဘုရားသည်) အကျွန်ုပ်၏ ဥပဇ္ဈာယ်ဆရာ ဖြစ်တော်မူပါလော့၊ အသျှင်ဘုရား (အသျှင်ဘုရားသည်) အကျွန်ုပ်၏ ဥပဇ္ဈာယ် ဆရာ ဖြစ်တော်မူပါလော့''ဟု ဆိုရမည်။

''ကောင်းပြီဟူ၍သော်လည်းကောင်း'' ''ငါ့အား ဝန်မလေးဟူ၍သော်လည်းကောင်း'' ''ငါ၏ တာဝန် ပေဟူ၍သော်လည်းကောင်း'' ''သင့်တင့်၏ဟူ၍သော်လည်းကောင်း'' ''ကြည်ညိုဖွယ်ကို ဆောင်သော ကိုယ်နှုတ် အမူအရာနှင့် ပြည့်စုံစေလော့ဟူ၍သော်လည်းကောင်း'' ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ ကိုယ်နှုတ်ဖြင့် ဖြစ်စေ သိစေငြားအံ့၊ ဥပဇ္ဈာယ်ယူသည် မည်၏။ ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ ကိုယ်နှုတ်ဖြင့်ဖြစ်စေ မသိစေငြားအံ့၊ ဥပဇ္ဈာယ်ယူသည် မမည်။

၆၆။ ရဟန်းတို့ အတူနေတပည့်သည် ဥပဇ္ဈာယ်ဆရာ၌ ကောင်းစွာ ကျင့်ရမည်။ ဤဆိုလတ္တံ့သည်ကား ကောင်းစွာ ကျင့်ပုံတည်း-

(အတူနေတပည့်သည်) နံနက်စောစောထ၍ ဘိနပ်ချွတ်ပြီးလျှင် လက်ဝဲတစ်ဖက် ပခုံးထက်၌ ကိုယ်ဝတ်ကို စံပယ်တင်၍ ဒန်ပူကပ်ရမည်၊ မျက်နှာသစ်ရေ ကပ်ရမည်၊ နေရာခင်းရမည်၊ ယာဂုရှိခဲ့လျှင် ခွက်ကို ဆေး၍ ယာဂုဆက်ကပ်ရမည်၊ ယာဂုသောက်ပြီးသော ဥပဇ္ဈာယ်ဆရာအား ရေပေး၍ ခွက်ကို လှမ်းယူ ပြီးနောက် ရိုသေကောင်းမွန်စွာ မထိခိုက်မိစေဘဲ ဆေးကြောပြီးလျှင် သိုမှီးသိမ်းဆည်ထားရမည်၊ ဥပဇ္ဈာယ် ဆရာသည် (နေရာမှ) ထခဲ့သော် နေရာကို ရွှေ့ပြောင်းသိမ်းထားရမည်၊ အကယ်၍ အမှိုက်ရှိအံ့၊ ထိုနေရာ ကို တံမြက်လှည်းရမည်၊ ဥပဇ္ဈာယ်ဆရာသည် ရွာသို့ ဝင်လိုငြားအံ့၊ ရွာဝတ်သင်းပိုင်ကို ပေးရမည်၊ ကျောင်းဝတ်သင်းပိုင်ကို ယူရမည်၊ ခါးပန်းကြိုးကို ပေးရမည်၊ ကိုယ်ဝတ်ဒုကုဋ်တို့ကို ထပ်၍ ပေးရမည်၊ ဆေးကြော၍ ရေနှင့်တကွသော သပိတ်ကို ပေးရမည်။

အကယ်၍ ဥပဇ္ဈာယ်ဆရာသည် နောက်လိုက် ရဟန်းကို အလိုရှိအံ့၊ အဝန်းသုံးပါးကို ဖုံးလွှမ်းသဖြင့် အဝန်းညီညွတ်စွာ (သင်းပိုင်ကို) ဝတ်၊ ခါးပန်းကြိုးကို ဖွဲ့ချည်၊ ထပ်ပြီးသော ကိုယ်ဝတ် ဒုကုဋ် တို့ကိုရုံ၊ ကမ္ပတ်သီးကိုတပ်၊ သပိတ်ကို ဆေးကြောယူငင်၍ ဥပဇ္ဈာယ်ဆရာ၏ နောက်လိုက် ရဟန်းဖြစ်ရ မည်။ ဝေးလွန်းစွာ မလိုက်ရ၊ နီးကပ်စွာလည်း မလိုက်ရ၊ သပိတ်လဲလှယ်ခြင်းကို ခံယူရမည်၊ ဥပဇ္ဈာယ် ဆရာ စကားပြောဆိုစဉ် အကြားအကြား၌ ဝင်၍ မပြောရ၊ ဥပဇ္ဈာယ်ဆရာသည် အာပတ်နှင့် နီးစပ်သည်ကို ပြောဆိုခဲ့သော် တားမြစ်ရမည်။

(ဆွမ်းခံရာမှ) ပြန်လာသော် ရှေးဦးစွာ လာ၍ နေရာကို ခင်းထားရမည်၊ ခြေဆေးရေ ခြေဆေး အင်းပျဉ် ခြေပွတ်အိုးခြမ်းကို အနီး၌ ထားရမည်၊ ခရီးဦးကြိုဆို၍ သပိတ်သင်္ကန်းကို ယူရမည်၊ ကျောင်း ဝတ်သင်းပိုင်ကို ပေးရမည်၊ ရွာဝတ်သင်းပိုင်ကို လှမ်းယူရမည်။ အကယ်၍ သင်္ကန်းသည် ချွေးစွတ်အံ့၊ တစ်ခဏမျှ နေပူ၌ လှန်းထားရမည်၊ သို့သော် ကြာမြင့်စွာ မထားရ၊ သင်္ကန်းကို ခေါက်ရမည်၊ သင်္ကန်းကို ခေါက်သည်ရှိသော် ''အလယ်၌ မကျိုးပျက် 'ခေါက်ရိုးမဖြစ်' စေလင့်''ဟု နှလုံးသွင်းလျက် လက်လေးသစ် အနားကို လျော့၍ သင်္ကန်းကို ခေါက်ရမည်၊ သင်္ကန်းခေါက်အတွင်း၌ ခါးပမ်း၊ကိးကို ထားရမည်။

ဆွမ်းရှိ၍ ဥပဇ္ဈာယ်ဆရာလည်း စားလိုသည်ဖြစ်အံ့၊ သုံးရေကို ပေး၍ ဆွမ်းကို ဆက်ကပ်ရမည်၊ ဥပဇ္ဈာယ်ဆရာကိုသောက်ရေဖြင့် (အလိုရှိပါသလောဟု) မေးလျှောက်ရမည်၊ ဆွမ်းစားပြီးသော ဥပဇ္ဈာယ် ဆရာအား ရေကိုပေး၍ သပိတ်ကို လှမ်းယူပြီးလျှင် ရိုသေကောင်းမွန်စွာ မထိခိုက်မိစေဘဲ ဆေးကြောသုတ် သင်လျက် ရေစင်အောင်ပြု၍ တစ်ခဏမျှ နေပူ၌ လှန်းထားရမည်၊ (သို့သော်) ကြာမြင့်စွာ မထားရ။ သပိတ်သင်္ကန်းကို ထားရမည်၊ သပိတ်ကို ထားလိုသော် လက်တစ်ဖက်ဖြင့် သပိတ်ကိုကိုင်၍ လက်တစ် ဖက်ဖြင့် ညောင်စောင်းအောက်ကိုသော်လည်းကောင်း၊ အင်းပျဉ်အောက်ကိုသော်လည်းကောင်း စမ်းသပ်၍ ထားရမည်၊ အခင်းမရှိသော မြေ၌ သပိတ်ကို မထားရ။ သင်္ကန်းကို ထားလိုသော် လက်တစ်ဖက်ဖြင့် သင်္ကန်းကို ကိုင်၍ လက်တစ်ဖက်ဖြင့် သင်္ကန်းတန်း သင်္ကန်း၊ကိးကို ပွတ်သပ်၍ ထိုမှာဘက်၌ အစွန်း ဤမှာဘက်၌ အခွေ 'အခေါက်' ပြုလျက် သင်္ကန်းကို ထားရမည်။

ဥပဇ္ဈာယ်ဆရာ (နေရာမှ) ထသည်ရှိသော် နေရာကို ရွှေ့ပြောင်းထားရမည်၊ ခြေဆေးရေ ခြေဆေး အင်းပျဉ် ခြေပွတ်အိုးခြမ်းကို သိုမှီးသိမ်းဆည်းရမည်၊ အကယ်၍ အမှိုက်ရှိအံ့၊ ထိုနေရာကို တံမြက်လှည်း ရမည်။

ဥပဇ္ဈာယ်ဆရာသည် ရေချိုးလိုသည် ဖြစ်အံ့၊ ချိုးရေကို စီရင်ရမည်၊ ရေအေးအလိုရှိငြားအံ့၊ အေးသော ချိုးရေကို စီရင်ရမည်၊ ရေပူအလိုရှိငြားအံ့၊ ပူသော ချိုးရေကို စီရင်ရမည်။

ဥပဇ္ဈာယ်ဆရာသည် ဇရုံးအိမ်သို့ ဝင်လိုသည်ဖြစ်အံ့၊ ကသယ်မှုန့်ကို ရေဖြင့် လုံးရမည်၊ မြေညက်ကို ရေဖြင့် ဆွတ်ရမည်၊ ဇရုံးအိမ် အင်းပျဉ်ကို ယူ၍ ဥပဇ္ဈာယ်ဆရာ၏ နောက်မှ နောက်မှ လိုက်လျက် ဇရုံးအိမ် အင်းပျဉ်ကို ပေးပြီးလျှင် သင်္ကန်းကို လှမ်းယူကာ သင့်ရာအရပ်၌ ထားရမည်၊ ကသယ်မှုန့်ကို ပေးရမည်၊ မြေညက်ကို ပေးရမည်။ စွမ်းနိုင်လျှင် ဇရုံးအိမ်သို့ ဝင်ရမည်၊ ဇရုံးအိမ်သို့ ဝင်သော ရဟန်းသည် ရေဆွတ်သော မြေညက်မှုန့်ဖြင့် မျက်နှာကို လိမ်းကျံ၍ ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း (ရေသနုပ်ဖြင့်) ဖုံးလွှမ်းကာ ဇရုံးအိမ်သို့ ဝင်ရမည်၊ သီတင်းကြီးဖြစ်သော ရဟန်းတို့ကို တိုးဝှေ့၍ မနေ ထိုင်ရ၊ သီတင်းငယ်ဖြစ်သော ရဟန်းတို့ကိုလည်း နေရာ၌ နေခြင်းကို မတားမြစ်ရ၊ ဇရုံးအိမ်၌ ဥပဇ္ဈာယ် ဆရာအတွက် (မီးညှိခြင်းစသော) အမှုခပ်သိမ်းကို ပြုရမည်၊ ဇရုံးအိမ်မှ ထွက်သော ရဟန်းသည် ဇရုံးအိမ် အင်းပျဉ်ကို ယူ၍ ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း (ရေသနုပ်ဖြင့်) ဖုံးလွှမ်းလျက် ဇရုံးအိမ်မှ ထွက်ရမည်။

ရေချိုးရာ၌လည်း ဥပဇ္ဈာယ်ဆရာအတွက် (ကြေးတွန်းခြင်းစသော) အမှုခပ်သိမ်းကို ပြုရမည်၊ ရေချိုးပြီးသော ရဟန်းသည် ဥပဇ္ဈာယ်ဆရာ၏ ရှေ့ဦးစွာ တက်၍ မိမိကိုုယ်ကို ရေစင်အောင် ပြုကာ (သင်းပိုင်ကို) ဝတ်လျက် ဥပဇ္ဈာယ်ဆရာ၏ ကိုယ်မှ ရေကို သုတ်ရမည်၊ သင်းပိုင်ကိုပေးရမည်၊ ကိုယ်ဝတ့်ဒုကုဋ်ကို ပေးရမည်၊ ဇရုံးအိမ်အင်းပျဉ်ကို ယူခဲ့ပြီးလျှင် ရှေးဦးစွာ လာ၍ နေရာကို ခင်းရမည်၊ ခြေဆေးရေ ခြေဆေးအင်းပျဉ် ခြေပွတ်အိုးခြမ်းကို အနီး၌ ထားရမည်၊ ဥပဇ္ဈာယ်ဆရာကိုသောက်ရေဖြင့် (အလိုရှိပါသ လောဟု) မေးလျှောက်ရမည်၊ သင်ကြားစေလိုသည်ဖြစ်အံ့၊ သင်ကြားရမည်၊ အဖန်ဖန်မေးမြန်းစေလိုသည် ဖြစ်အံ့၊ အဖန်ဖန်မေးမြန်းရမည်။

ဥပဇ္ဈာယ်ဆရာနေသော ကျောင်းသည် အမှိုက်ရှိအံ့၊ စွမ်းနိုင်ပါမူ သုတ်သင်ရှင်းလင်းရမည်၊ ကျောင်းကို သုတ်သင်လိုသော ရဟန်းသည် ရှေ့ဦးစွာ သပိတ်သင်္ကန်းကို ထုတ်ဆောင်၍ သင့်ရာအရပ်၌ ထားရမည်၊ နိသီဒိုင် အိပ်ရာခင်းကို ထုတ်ဆောင်၍ သင့်ရာအရပ်၌ ထားရမည်၊ ဘုံလျှိုခေါင်းအုံးကို ထုတ် ဆောင်၍ သင့်ရာ အရပ်၌ ထားရမည်၊ ညောင်းစောင်းကို ရိုရိုသေသေကောင်းမွန်စွာ တံခါးရွက် တံခါး ပေါင်ကို မထိခိုက်စေဘဲ ထုတ်ဆောင်၍ သင့်ရာအရပ်၌ ထားရမည်၊ အင်းပျဉ်ကို ရိုရိုသေသေ ကောင်းမွန်စွာ တံခါးရွက် တံခါးပေါင်ကို မထိခိုက်စေဘဲ ထုတ်ဆောင်၍ သင့်ရာအရပ်၌ ထားရမည်၊ ညောင်စောင်းခြေတို့ကို ထုတ်ဆောင်၍ သင့်ရာ အရပ်၌ ထားရမည်၊ ထွေးခံကို ထုတ်ဆောင်၍ သင့်ရာအရပ်၌ ထားရမည်၊ မှီရာ တံကဲပျဉ်ကို ထုတ်ဆောင်၍ သင့်ရာအရပ်၌ ထားရမည်၊ မြေအခင်းကို ခင်းမြဲနေရာကို မှတ်လျက် ထုတ် ဆောင်၍ သင့်ရာအရပ်၌ ထားရမည်၊ အကယ်၍ ကျောင်း၌ ပိုးအိမ် ပင့်ကူမျှင်ရှိအံ့၊ ဗိတာန်မျက်နှာကြက်မှ ရှေ့ဦးစွာ ဖယ်ရှားရမည်၊ လေသွန်တံခါးနှင့် ထောင့်တို့ကို ပွတ်တိုက်ရမည်။

ဂွေ့နီဖြင့် အပြေအပြစ် ပြုထားသော နံရံသည် မှိုတက်အံ့၊ ပုဆိုးကြမ်းကို ရေဆွတ်၍ ညှစ်ပြီးလျှင် သုတ်ရမည်၊ မည်းသောအဆင်းဖြင့် အပြေအပြစ်ပြုထားသော မြေသည် မှိုတက်အံ့၊ ပုဆိုးကြမ်းကို ရေဆွတ်၍ ညှစ်ပြီးလျှင် သုတ်ရမည်၊ အပြေအပြစ်မပြုသော မြေဖြစ်အံ့၊ ရေဖျန်း၍ ''ကျောင်းကို မြူမ တက်စေလင့်''ဟု (နှလုံးထား၍) တံမြက်လှည်းရမည်၊ တံမြက်ချေးကို စုရုံး၍ သင့်ရာအရပ်၌ စွန့်ပစ်ရ မည်။

မြေအခင်းကို နေလှန်းသုတ်သင်ပြီးလျှင် ခါ၍ ခင်းထားမြဲအတိုင်း ပြန်၍ ခင်းထားရမည်၊ ညောင် စောင်းခြေတို့ကို နေလှန်းသုတ်သင်ပြီးလျှင် ထားမြဲတိုင်းနေရာ၌ ပြန်၍ ထားရမည်၊ ညောင်စောင်းကို နေလှန်း သုတ်သင်ပြီးလျှင် ခါ၍ ရိုရိုသေသေ ကောင်းမွန်စွာ တံခါးရွက် တံခါးပေါင်ကို မထိခိုက်စေဘဲ ခင်းထားမြဲတိုင်း ပြန်၍ ခင်းထားရမည်၊ အင်းပျဉ်ကို နေပူလှန်း သုတ်သင်ပြီးလျှင် ခါ၍ ရိုရိုသေသေ ကောင်းမွန်စွာ တံခါးရွက် တံခါးပေါင်ကို မထိခိုက်စေဘဲ ခင်းထားမြဲတိုင်း ပြန်၍ ခင်းထားရမည်၊ ဘုံလျှိုခေါင်းအုံးကို နေလှန်းသုတ်သင်ပြီးလျှင် ခါ၍ ခင်းထားမြဲတိုင်း ပြန်၍ ခင်းထားရမည်၊ နိသီဒိုင် အိပ်ရာခင်းကို နေလှန်းသုတ်သင်ပြီးလျှင် ခါ၍ ခင်းထားမြဲတိုင်း ပြန်၍ ခင်းထားရမည်၊ ထွေးခံကို နေလှန်းပွတ်တိုက်၍ ထားမြဲတိုင်းနေရာ၌ ပြန်၍ ထားရမည်၊ မှီရာ တံကဲပျဉ်ကို နေလှန်းပွတ်တိုက်၍ ထားမြဲတိုင်းနေရာ၌ ပြန်၍ ထားရမည်၊ သပိတ်သင်္ကန်းကို ထားရမည်၊ သပိတ်ကို ထားလိုသော ရဟန်းသည် လက်တစ်ဖက်ဖြင့် သပိတ်ကို ကိုင်၍ လက်တစ်ဖက်ဖြင့် ညောင်စောင်းအောက်ကိုသော်လည်းကောင်း၊ အင်းပျဉ်အောက်ကိုသော်လည်းကောင်း သုံးသပ်၍ ထားရမည်၊ အခင်းမရှိသော မြေ၌ သပိတ်ကို မထားရ။ သင်္ကန်းကို ထားလိုသော် လက်တစ်ဖက်ဖြင့် သင်္ကန်းကို ကိုင်၍ လက်တစ်ဖက်ဖြင့် သင်္ကန်းတန်း သင်္ကန်းကြိုးကို ပွတ်သပ်၍ ထိုမှာဖက်၌ အစွန်း ဤမှာဖက်၌ အခွေ 'အခေါက်' ပြုလျက် သင်္ကန်းကို ထားရမည်။

အရှေ့အရပ်မှ မြူနှင့်တကွသော လေတို့သည် လာကုန်အံ့၊ အရှေ့မျက်နှာ လေသွန်တံခါးတို့ကို ပိတ်ရမည်။ အနောက်အရပ်မှ မြူနှင့်တကွသော လေတို့သည် လာကုန်အံ့၊ အနောက်မျက်နှာ လေသွန် တံခါးတို့ကို ပိတ်ရမည်။ မြောက်အရပ်မှ မြူနှင့်တကွသော လေတို့သည် လာကုန်အံ့၊ မြောက်မျက်နှာ လေသွန်တံခါးတို့ကို ပိတ်ရမည်။ တောင်အရပ်မှ မြူနှင့်တကွသော လေတို့သည် လာကုန်အံ့၊ တောင့်မျက်နှာ လေသွန်တံခါးတို့ကို ပိတ်ရမည်။ အေးသောအခါဖြစ်မူ နေ့အခါ၌ လေသွန်တံခါးတို့ကို ဖွင့်ရမည်။ ညဉ့်အခါ၌ ပိတ်ထားရမည်။ ပူအိုက်သောအခါဖြစ်မူ နေ့အခါ၌ လေသွန်တံခါးတို့ကို ပိတ်ရမည်၊ ညဉ့်အခါ ၌ ဖွင့်ထားရမည်။

ပရိဝုဏ်သည် အမှိုက်ရှိသည်ဖြစ်အံ့၊ ပရိဝုဏ်ကို တံမြက်လှည်းရမည်။ ရေချိုးအုံသည် အမှိုက်ရှိသည် ဖြစ်အံ့၊ ရေချိုးအုံကို တံမြက်လှည်းရမည်။ စည်းဝေးရာဇရပ်သည် အမှိုက်ရှိသည်ဖြစ်အံ့၊ စည်းဝေး ရာဇရပ်ကို တံမြက်လှည်းရမည်။ မီးတင်းကုပ်သည် အမှိုက်ရှိသည်ဖြစ်အံ့၊ မီးတင်းကုပ်ကို တံမြက်လှည်း ရမည်။ ကျင်ကြီးအိမ်သည် အမှိုက်ရှိသည်ဖြစ်အံ့၊ ကျင်ကြီးအိမ်ကို တံမြက်လှည်းရမည်။သောက်ရေ မရှိအံ့၊သောက်ရေကို တည်ထားရမည်။ သုံးရေမရှိအံ့၊ သုံးရေကို တည်ထားရမည်။ သန့်သက်ရေအိုး၌ ရေမရှိသည်ဖြစ်အံ့၊ ရေလောင်းထည့်ရမည်။

ဥပဇ္ဈာယ်ဆရာ မမွေ့လျော်ခြင်း ဖြစ်ငြားအံ့၊ အတူနေတပည့်သည် (ကိုယ်တိုင်) အရပ်တစ်ပါးသို့ ခေါ်ဆောင်သွားရမည်၊ (သူတစ်ပါးကိုသော်လည်း) ခေါ်ဆောင်သွားစေရမည်၊ ထိုဥပဇ္ဈာယ်ဆရာအား တရား စကားကိုမူလည်း ဟောပြောရမည်။ ဥပဇ္ဈာယ်ဆရာ တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်အံ့၊ အတူနေ တပည့်သည် ပယ်ဖျောက်ရမည်၊ (သူတစ်ပါးကိုသော်လည်း) ပယ်ဖျောက်စေရမည်၊ ထိုဥပဇ္ဈာယ်ဆရာအား တရားစကားကိုမူလည်း ဟောပြောရမည်။ ဥပဇ္ဈာယ်ဆရာ မှားသောအယူ ယူငြားအံ့၊ အတူနေ တပည့်သည် ဖြေရှင်းရမည်။ (သူတစ်ပါးကိုသော်လည်း) ဖြေရှင်းစေရမည်၊ ထိုဥပဇ္ဈာယ်ဆရာအား တရား စကားကိုမူလည်း ဟောပြောရမည်။ ဥပဇ္ဈာယ်ဆရာသည် ဂရုကအာပတ်သို့ ရောက်သည်ဖြစ်၍ ပရိဝါသ် နေခြင်းငှါ ထိုက်ငြားအံ့၊ အတူနေတပည့်သည် ''အဘယ်သို့လျှင် သံဃာသည် ဥပဇ္ဈာယ်ဆရာအား ပရိဝါသ်ကို ပေးရာအံ့နည်း''ဟုကြောင့်ကြစိုက်ရမည်။ ဥပဇ္ဈာယ်ဆရာသည် အရင်းသို့ ပြန်၍ ငင်ထိုက်သည်ဖြစ်အံ့၊ အတူနေတပည့်သည် ''အဘယ်သို့လျှင် သံဃာသည် ဥပဇ္ဈာယ်ဆရာကို အရင်းသို့ ပြန်၍ ငင်ပါအံ့နည်း''ဟုကြောင့်ကြစိုက်ရမည်။ ဥပဇ္ဈာယ်ဆရာသည် မြတ်နိုးဖွယ် 'မာနတ်' ကျင့်ထိုက်သည် ဖြစ်အံ့၊ အတူနေတပည့်သည် ''အဘယ်သို့လျှင် သံဃာသည် ဥပဇ္ဈာယ်ဆရာအား မာနတ်ကို ပေးပါအံ့ နည်း''ဟုကြောင့်ကြစိုက်ရမည်။ ဥပဇ္ဈာယ်ဆရာသည် သွင်းခေါ်ခြင်း 'အဗ္ဘာန်' ထိုက်သည် ဖြစ်အံ့၊ အတူ နေတပည့်သည် ''အဘယ်သို့လျှင် သံဃာသည် ဥပဇ္ဈာယ်ဆရာကို သွင်းခေါ်ပါအံ့နည်း 'အဗ္ဘာန်သွင်းပါ အံ့နည်း'ဟုကြောင့်ကြစိုက်ရမည်။ သံဃာသည် ဥပဇ္ဈာယ်ဆရာအား ခြိမ်းခြောက်မှု 'တဇ္ဇနီယ' ကံကိုသော်လည်းကောင်း၊ နိဿရည်းဆရာနှင့် နေစေမှု 'နိယဿ' ကံကိုသော်လည်းကောင်း၊ နှင်ထုတ်မှု 'ပဗ္ဗာဇနိယ' ကံကိုသော်လည်းကောင်း၊ ဝန်ချတောင်းပန်စေမှု 'ပဋိသာရဏီယ' ကံကိုသော်လည်းကောင်း၊ ပယ်ထားမှု 'ဥက္ခေပနိယ' ကံကိုသော်လည်းကောင်း ပြုလိုသည်ဖြစ်အံ့၊ အတူနေတပည့်သည် ''အဘယ်သို့ လျှင် သံဃာသည် ဥပဇ္ဈာယ်ဆရာအား ကံမပြုဘဲ ရှိပါအံ့နည်း၊ အဘယ်သို့လျှင် အပြစ်ပေါ့စေရပါအံ့နည်း''ဟုကြောင့်ကြစိုက်ရမည်။ သံဃာသည် ထိုဥပဇ္ဈာယ်ဆရာအား ခြိမ်းခြောက်မှု 'တဇ္ဇနီယ' ကံကိုသော်လည်းကောင်း၊ နိဿရည်းဆရာနှင့်နေစေမှု 'နိယဿ' ကံကိုသော်လည်းကောင်း၊ နှင်ထုတ်မှု 'ပဗ္ဗာဇနိယ' ကံကိုသော်လည်းကောင်း၊ ဝန်ချတောင်းပန်စေမှု 'ပဋိသာရဏီယ' ကံကိုသော်လည်းကောင်း၊ ပယ်ထားမှု 'ဥက္ခေပနိယ' ကံကိုသော်လည်းကောင်း ပြုပြီးသည် ဖြစ်အံ့၊ အတူနေတပည့်သည် ''အဘယ်သို့လျှင် ဥပဇ္ဈာယ်ဆရာသည် ကောင်းစွာ ကျင့်ပါအံ့နည်း၊ မာန်တည်းဟူသော အမွေးကို 'အမျက်ဒေါသကို' ချပါ အံ့နည်း၊ ဒဏ်မှ ထွက်မြောက်အံ့သော အကျင့်ကို ကျင့်ပါအံ့နည်း၊ သံဃာသည် ထိုကံကို ငြိမ်းစေပါ အံ့နည်း''ဟုကြောင့်ကြစိုက်ရမည်။

ဥပဇ္ဈာယ်ဆရာ၏ သင်္ကန်းသည် ဖွပ်လျှော်သင့်သည် ဖြစ်အံ့၊ အတူနေတပည့်သည် ဖွပ်လျှော်ရမည်၊ ''အဘယ်သို့လျှင် ဥပဇ္ဈာယ်ဆရာ၏ သင်္ကန်းကို ဖွပ်လျှော်ရပါအံ့နည်း''ဟုကြောင့်ကြသော်လည်း စိုက်ရ မည်။ ဥပဇ္ဈာယ်ဆရာ၏ သင်္ကန်းသည် ချုပ်သင့်သည် ဖြစ်အံ့၊ အတူနေတပည့်သည် ချုပ်ရမည်၊ ''အဘယ်သို့လျှင် ဥပဇ္ဈာယ်ဆရာ၏ သင်္ကန်းကို ချုပ်ရပါအံ့နည်း''ဟုကြောင့်ကြသော်လည်း စိုက်ရမည်။ ဥပဇ္ဈာယ်ဆရာအတွက် ဆိုးရည်ကျိုသင့်သည် ဖြစ်အံ့၊ အတူနေတပည့်သည် ကျိုရမည်၊ ''အဘယ်သို့လျှင် ဥပဇ္ဈာယ်ဆရာအတွက် ဆိုးရည်ကို ကျိုရပါအံ့နည်း''ဟုကြောင့်ကြသော်လည်း စိုက်ရမည်။ ဥပဇ္ဈာယ် ဆရာ၏ သင်္ကန်းသည် ဆိုးသင့်သည် ဖြစ်အံ့၊ အတူနေတပည့်သည် ဆိုးရမည်၊ ''အဘယ်သို့လျှင် ဥပဇ္ဈာယ်ဆရာ၏ သင်္ကန်းကို ဆိုးရပါအံ့နည်း''ဟုကြောင့်ကြသော်လည်း စိုက်ရမည်။ သင်္ကန်းဆိုးသော ရဟန်းသည် ကောင်းစွာ အပြန်ပြန် အလှန်လှန် ဆိုးရမည်၊ ဆိုးရည်ပေါက် မပြတ်စဲမီ ဖဲမသွားရ။

ဥပဇ္ဈာယ်ဆရာကို မပန်ကြားဘဲ အချို့သူအား သပိတ်မပေးရ၊ အချို့သူ၏ သပိတ်ကိုလည်း မယူရ၊ အချို့သူအား သင်္ကန်းကို မပေးရ၊ အချို့သူ၏ သင်္ကန်းကိုလည်း မယူရ၊ အချို့သူအား ပရိက္ခရာ 'အသုံး အဆောင်' ကို မပေးရ၊ အချို့သောသူ၏ ပရိက္ခရာ 'အသုံးအဆောင်' ကိုလည်း မယူရ၊ အချို့သူ၏ ဆံပင်တို့ ကို မရိတ်ဖြတ်ရ၊ အချို့သူအား မိမိဆံပင်တို့ကို မရိတ်ဖြတ်စေရ၊ အချို့သူ၏ အမှုခပ်သိမ်းကို မပြုရ၊ အချို့သူအား (ချေးတွန်းခြင်းစသော) အမှုခပ်သိမ်းကို မပြုစေရ၊ အချို့သူ၏ အမှုကြီးငယ်ကို မပြုရ၊ အချို့သူအား မိမိအမှုကြီးငယ်ကို မပြုစေရ၊ အချို့သူ၏ နောက်လိုက်ရဟန်း မဖြစ်ရ၊ အချို့သူကို နောက်လိုက်ရဟန်း မလုပ်ရ၊ အချို့သူ၏ ဆွမ်းကို မဆောင်ရ၊ အချို့သူအား မိမိဆွမ်းကို မဆောင်စေရ၊ ဥပဇ္ဈာယ်ဆရာကို မပန်ကြားဘဲ ရွာတွင်းသို့ မဝင်ရ၊ သုသာန်သို့ မသွားရ၊ အရပ်တစ်ပါးသို့ ဖဲမသွားရ၊ ဥပဇ္ဈာယ်ဆရာသည် နာဖျားသည်ဖြစ်အံ့၊ အသက်ရှည်သမျှ ကာလပတ်လုံး လုပ်ကျွေးရမည်၊ ထိုဥပဇ္ဈာယ် ဆရာ၏ အနာပျောက်သည့်တိုင်အောင် ဆိုင်းငံ့ရမည်။

ဥပဇ္ဈာယ်ဆရာ၌ ပြုရန်ကျင့်ဝတ် ပြီး၏။

------

၁။ ပုဆစ် ဒူးဝန်းနှစ်ဘက်နှင့် ချက်ကို အဝန်းသုံးပါးဟု ဆိုသည်။

၂။ ဇရုံးအိမ်ဟူသည် ဆီးနှင်းအကျများသော အရပ်တို့၌ ထိုဆီးနှင်းကြောင့် ဖြစ်သော ရောဂါစသည်ကို တားမြစ်ရန် အလို့ငှါ ကိုယ်မှ ချွေးထုတ်ရာ ဌာနတည်း၊ ထိုဇရုံးအိမ်၌ အမှောင်ဖုံးလွှမ်းနေရကား ရဟန်းများ တစ်ပေါင်းတည်း ဝင်လျက် သင်္ကန်းကို ချထားပြီးလျှင် မီးမပူစေရန် အလို့ငှါ မြေညက်ဖြင့် မျက်နှာကို လိမ်းကျံ၍ ကိုယ်ကို အလိုရှိတိုင်း ချွေးထွက်စေပြီးလျှင် ကသယ်မှုန့် စသည်တို့ဖြင့် ပွတ်တိုက်၍ ရေချိုးကြကုန်၏၊ ထို့ကြောင့်ပင် ပါဠိတော်၌ ကသယ်မှုန့်ကို လုံးရမည် စသည်ဖြင့် ဟောတော်မူသည်။ (ဝိမတိဋီကာ)

၁၆-အတူနေတပည့်၌ ပြုရန်ကျင့်ဝတ်ကို ပြဆိုခြင်း

၆၇။ ရဟန်းတို့ ဥပဇ္ဈာယ်ဆရာသည် အတူနေတပည့်၌ ကောင်းစွာ ကျင့်ရမည်၊ ဤဆိုလတ္တံ့သည် ကား ကောင်းစွာ ကျင့်ပုံတည်း-

ရဟန်းတို့ ဥပဇ္ဈာယ်ဆရာသည် အတူနေတပည့်ကို သင်ကြားခြင်း အဖန်ဖန်မေးမြန်းခြင်း သွန်သင်ခြင်း ဆုံးမခြင်းဖြင့် သင်္ဂြိုဟ်ထောက်ပံ့ရမည်။ ဥပဇ္ဈာယ်ဆရာအား သပိတ်ရှိ၍ အတူနေတပည့်အား သပိတ်မရှိအံ့၊ ဥပဇ္ဈာယ်ဆရာသည် အတူနေတပည့်အား သပိတ်ကို ပေးရမည်၊ ''အဘယ်သို့လျှင် အတူ နေတပည့်အား သပိတ်ဖြစ်ပေါ်ပါအံ့နည်း''ဟုကြောင့်ကြသော်လည်း စိုက်ရမည်။ ဥပဇ္ဈာယ်ဆရာအား သင်္ကန်းရှိ၍ အတူနေတပည့်အား သင်္ကန်းမရှိအံ့၊ ဥပဇ္ဈာယ်ဆရာသည် အတူနေတပည့်အား သင်္ကန်းကို ပေးရမည်၊ ''အဘယ်သို့လျှင် အတူနေ တပည့်အား သင်္ကန်းဖြစ်ပေါ်ပါအံ့နည်း''ဟု ကြောင့်ကြသော်လည်း စိုက်ရမည်။ ဥပဇ္ဈာယ်ဆရာအား ပရိက္ခရာ 'အသုံးအဆောင်' ရှိ၍ အတူနေတပည့်အား ပရိက္ခရာ 'အသုံး အဆောင် ' မရှိအံ့၊ ဥပဇ္ဈာယ်ဆရာသည် အတူနေတပည့်အား ပရိက္ခရာ 'အသုံးအဆောင်' ကို ပေးရမည်၊ ''အဘယ်သို့လျှင် အတူနေတပည့်အား ပရိက္ခရာ 'အသုံးအဆောင်' ဖြစ်ပေါ်ပါအံ့နည်း''ဟုကြောင့်ကြသော်လည်း စိုက်ရမည်။

အတူနေတပည့်သည် နာဖျားအံ့၊ နံနက်စောစောထ၍ ဒန်ပူပေးရမည်၊ မျက်နှာသစ်ရေ ပေးရမည်၊ နေရာခင်းရမည်၊ ယာဂုရှိခဲ့လျှင် ခွက်ကို ဆေး၍ ယာဂုကို ပေးရမည်၊ ယာဂုသောက်ပြီးသော အတူနေ တပည့်အား ရေပေး၍ ခွက်ကို လှမ်းယူပြီးနောက် ရိုသေကောင်းမွန်စွာ မထိခိုက်စေဘဲ ဆေးကြောပြီးလျှင် သိုမှီးသိမ်းဆည်းထားရမည်၊ အတူနေတပည့်သည် (နေရာမှ) ထခဲ့သော် နေရာကို ရွှေ့ပြောင်းသိမ်းထား ရမည်။ အကယ်၍ အမှိုက်ရှိအံ့၊ ထိုနေရာကို တံမြက်လှည်းရမည်။

အတူနေတပည့်သည် ရွာသို့ ဝင်လိုငြားအံ့၊ ရွာဝတ်သင်းပိုင်ကို ပေးရမည်၊ ကျောင်းဝတ်သင်းပိုင်ကို လှမ်း ယူရမည်၊ ခါးပန်း၊ကိးကို ပေးရမည်၊ ကိုယ်ဝတ် ဒုကုဋ်တို့ကို ထပ်၍ ပေးရမည်၊ ဆေးကြော၍ ရေနှင့် တကွသော သပိတ်ကို ပေးရမည်။ ''ဤမျှ အတိုင်းအရှည်ရှိသောအခါ ပြန်လာအံ့''ဟု (နှလုံးသွင်း ၍) နေရာကို ခင်းထားရမည်၊ ခြေဆေးရေ ခြေဆေးအင်းပျဉ် ခြေပွတ်အိုးခြမ်းကို အနီး၌ ထားရမည်၊ ခရီးဦး၊ကိဆို၍ သပိတ်သင်္ကန်းကို လှမ်းယူရမည်၊ ကျောင်းဝတ်သင်းပိုင်ကို ပေးရမည်၊ ရွာဝတ်သင်းပိုင်ကို လှမ်းယူရမည်၊ အကယ်၍ သင်္ကန်းသည် ချွေးစွတ်အံ့၊ တစ်ခဏမျှ နေပူ၌ လှန်းထားရမည်၊ သို့သော် ကြာမြင့်စွာ မထားရ၊ သင်္ကန်းကို ခေါက်ရမည်၊ သင်္ကန်းခေါက်သည်ရှိသော် ''အလယ်၌ မကျိုးပျက် ခေါက်ရိုး မဖြစ်စေလင့်''ဟု (နှလုံးသွင်းလျက်) လက်လေးသစ် အနားကို လျှော့၍ သင်္ကန်းကို ခေါက် ရမည်၊ သင်္ကန်းခေါက်အတွင်း၌ ခါးပန်း၊ကိးကို ထားရမည်။

ဆွမ်းရှိ၍ အတူနေတပည့်လည်း စားလိုသည် ဖြစ်အံ့၊ သုံးရေကို ပေး၍ ဆွမ်းကို ပေးရမည်၊ အတူနေတပည့်ကိုသောက်ရေဖြင့် (အလိုရှိသလောဟု) မေးမြန်းရမည်၊ ဆွမ်းစားပြီးသော အတူနေ တပည့်အား ရေကို ပေး၍ သပိတ်ကို လှမ်းယူပြီးလျှင် ရိုသေကောင်းမွန်စွာ မထိခိုက်မိစေဘဲ ဆေးကြော သုတ်သင်လျက် ရေမရှိအောင် ပြု၍ တစ်ခဏမျှ နေပူ၌ လှန်းထားရမည်၊ နေပူ၌ သပိတ်ကို ကြာမြင့်စွာ မထားရ၊ သပိတ်သင်္ကန်းကို ထားရမည်၊ သပိတ်ကို ထားလိုသော် လက်တစ်ဖက်ဖြင့် သပိတ်ကို ကိုင်၍ လက်တစ်ဖက်ဖြင့် ညောင်စောင်းအောက်ကိုသော်လည်းကောင်း၊ အင်းပျဉ်အောက်ကိုသော်လည်းကောင်း စမ်း သပ်၍ ထားရမည်၊ အခင်းမရှိသော မြေ၌ သပိတ်ကို မထားရ။ သင်္ကန်းကို ထားလိုသော် လက်တစ် ဖက်ဖြင့် သင်္ကန်းကို ကိုင်၍ လက်တစ်ဖက်ဖြင့် သင်္ကန်းတန်း သင်္ကန်း၊ကိးကို ပွတ်သပ်၍ ထိုမှာဖက်၌ အစွန်း ဤမှာဖက်၌ အခွေ 'အခေါက်' ပြုလျက် သင်္ကန်းကို ထားရမည်။ အတူနေတပည့် (နေရာမှ) ထသည်ရှိသော် နေရာကို ရွှေ့ပြောင်းသိမ်းထားရမည်၊ ခြေဆေးရေ ခြေဆေးအင်းပျဉ် ခြေပွတ်အိုးခြမ်းကို သိုမှီးသိမ်းဆည်းရမည်။ အကယ်၍ အမှိုက်ရှိအံ့၊ ထိုနေရာကို တံမြက်လှည်းရမည်။

အတူနေတပည့်သည် ရေချိုးလိုသည် ဖြစ်အံ့၊ ချိုးရေကို စီရင်ရမည်၊ ရေအေးအလိုရှိငြားအံ့၊ အေးသော ချိုးရေကို စီရင်ရမည်၊ ရေပူအလိုရှိငြားအံ့၊ ပူသော ချိုးရေကို စီရင်ရမည်။

အတူနေတပည့်သည် ဇရုံးအိမ်သို့ ဝင်လိုသည်ဖြစ်အံ့၊ ကသယ်မှုန့်ကို ရေဖြင့် လုံးရမည်။ မြေညက်ကို ရေဖြင့် ဆွတ်ရမည်၊ ဇရုံးအိမ်အင်းပျဉ်ကို ယူ၍ သွားပြီးနောက် ဇရုံးအိမ်၌ အင်းပျဉ်ကို ပေးပြီးလျှင် သင်္ကန်းကို လှမ်းယူ၍ သင့်ရာအရပ်၌ ထားရမည်၊ ကသယ်မှုန့်ကို ပေးရမည်၊ မြေညက်ကို ပေးရမည်၊ စွမ်းနိုင်လျှင် ဇရုံးအိမ်သို့ ဝင်ရမည်၊ ဇရုံးအိမ်သို့ ဝင်သော ရဟန်းသည် ရေဆွတ်သော မြေညက်မှုန့်ဖြင့် မျက်နှာကို လိမ်းကျံ၍ ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း (ရေသနုပ်ဖြင့်) ဖုံးလွှမ်း၍ ဇရုံးအိမ်သို့ ဝင်ရမည်၊ သီတင်းကြီးဖြစ်သော ရဟန်းတို့ကို တိုးဝှေ့၍ မနေထိုင်ရ၊ သီတင်း ငယ်ဖြစ်သော ရဟန်းတို့ကိုလည်း နေရာ၌ နေခြင်းကို မတားမြစ်ရ။ ဇရုံးအိမ်၌ အတူနေတပည့် အတွက့် (မီးညှိခြင်းစသော) အမှုခပ်သိမ်းကို ပြုရမည်၊ ဇရုံးအိမ်မှ ထွက်သော ရဟန်းသည် ဇရုံးအိမ် အင်းပျဉ်ကို ယူ၍ ရှေ့မှလည်းကောင်း၊ နောက်မှလည်းကောင်း (ရေသနုပ်ဖြင့်) ဖုံးလွှမ်း၍ ဇရုံးအိမ်မှ ထွက်ရမည်။

ရေချိုးရာ၌လည်း အတူနေတပည့်အတွက် (ကြေးတွန်းခြင်းစသော) အမှုခပ်သိမ်းကို ပြုရမည်၊ ရေချိုးပြီးသော ရဟန်းသည် ရှေးဦးစွာ တက်၍ မိမိကိုယ်ကို ရေမရှိအောင်ပြုကာ (သင်းပိုင်ကို) ဝတ်လျက် အတူနေတပည့်၏ ကိုယ်မှ ရေကို သုတ်ရမည်၊ သင်းပိုင်ကို ပေးရမည်၊ ကိုယ်ဝတ်ဒုကုဋ်ကို ပေးရမည်၊ ဇရုံးအိမ် အင်းပျဉ်ကို ယူခဲ့ ပြီးလျှင် ရှေးဦးစွာ လာ၍ နေရာကို ခင်းရမည်၊ ခြေဆေးရေ ခြေဆေးအင်းပျဉ် ခြေပွတ်အိုးခြမ်းကို အနီး၌ ထားရမည်၊ အတူနေတပည့်ကိုသောက်ရေဖြင့် (အလိုရှိသလောဟု) မေးမြန်းရမည်။

အတူနေတပည့်နေသော ကျောင်းသည် အမှိုက်ရှိအံ့၊ စွမ်းနိုင်ပါမူ သုတ်သင်ရှင်းလင်းရမည်။ ကျောင်းကို သုတ်သင်လိုသော ရဟန်းသည် ရှေးဦးစွာ သပိတ်သင်္ကန်းကို ထုတ်ဆောင်၍ သင့်ရာအရပ်၌ ထားရမည်၊ နိသီဒိုင်အိပ်ရာခင်းကို ထုတ်ဆောင်၍ သင့်ရာအရပ်၌ ထားရမည်၊ ဘုံလျှိုခေါင်းအုံးကို ထုတ်ဆောင်၍ သင့်ရာအရပ်၌ ထားရမည်၊ ညောင်စောင်းကို ရိုရိုသေသေ ကောင်းမွန်စွာ တံခါးရွက် တံခါးပေါင်ကို မထိခိုက်စေဘဲ ထုတ်ဆောင်၍ သင့်ရာအရပ်၌ ထားရမည်၊ အင်းပျဉ်ကို ရိုရိုသေသေ ကောင်းမွန်စွာ တံခါးရွက် တံခါးပေါင်ကို မထိခိုက်စေဘဲ ထုတ်ဆောင်၍ သင့်ရာအရပ်၌ ထားရမည်၊ ညောင်စောင်းခြေတို့ကို ထုတ်ဆောင်၍ သင့်ရာအရပ်၌ ထားရမည်၊ ထွေးခံကို ထုတ်ဆောင်၍ သင့်ရာ အရပ်၌ ထားရမည်၊ မှီရာ တံကဲပျဉ်ကို ထုတ်ဆောင်၍ သင့်ရာအရပ်၌ ထားရမည်၊ မြေအခင်းကို ခင်းမြဲ နေရာကို မှတ်လျက် ထုတ်ဆောင်၍ သင့်ရာအရပ်၌ ထားရမည်။ အကယ်၍ ကျောင်း၌ ပိုးအိမ် ပင့်ကူမျှင် ရှိအံ့၊ ဗိတာန် မျက်နှာကြက်မှ စ၍ ပယ်ရှားရမည်၊ လေသွန်တံခါးနှင့် ထောင့်တို့ကို ပွတ်တိုက်ရမည်။ ဂွေ့နီဖြင့် အပြေအပြစ်ပြုထားသော နံရံသည် မှိုတက်အံ့၊ ပုဆိုးကြမ်းကို ရေဆွတ်၍ ညှစ်ပြီးလျှင် သုတ်ရမည်။ မည်းသောအဆင်းဖြင့် အပြေအပြစ်ပြုထားသော မြေသည် မှိုတက်အံ့၊ ပုဆိုးကြမ်းကို ရေဆွတ်၍ ညှစ်ပြီးလျှင် သုတ်ရမည်။ အပြေအပြစ်မပြုသော မြေဖြစ်အံ့၊ ရေဖျန်း၍ ''ကျောင်းကို မြူ မတက်စေလင့်''ဟု (နှလုံးထား၍) တံမြက်လှည်းရမည်၊ တံမြက်ချေးကို စုရုံး၍ သင့်ရာအရပ်၌ စွန့်ပစ် ရမည်။

မြေအခင်းကို နေလှန်းသုတ်သင်ပြီးလျှင် ခါ၍ ခင်းထားမြဲအတိုင်း ပြန်၍ ထားရမည်၊ ညောင်စောင်း ခြေတို့ကို နေလှန်းသုတ်သင်ပြီးလျှင် ခင်းထားမြဲအတိုင်း နေရာ၌ ပြန်၍ ထားရမည်၊ ညောင်စောင်းကို နေလှန်းသုတ် သင်ပြီးလျှင် ခါ၍ ရိုရိုသေသေ ကောင်းမွန်စွာ တံခါးရွက် တံခါးပေါင်ကို မထိခိုက်စေဘဲ ခင်းထားမြဲအတိုင်း ပြန်၍ ခင်းထားရမည်၊ အင်းပျဉ်ကို နေလှန်းသုတ်သင်ပြီးလျှင် ခါ၍ ရိုရိုသေသေ ကောင်းမွန်စွာ တံခါးရွက် တံခါးပေါင်ကို မထိခိုက်စေဘဲ ခင်းထားမြဲအတိုင်း ပြန်၍ ခင်းထားရမည်၊ ဘုံလျှိုခေါင်းအုံးကို နေလှန်းသုတ်သင်ပြီးလျှင် ခင်းထားမြဲအတိုင်း ပြန်၍ ခင်းထားရမည်၊ နိသီဒိုင်အိပ်ရာခင်း ကို နေလှန်းသုတ်သင်ပြီးလျှင် ခါ၍ ခင်းထားမြဲအတိုင်း ပြန်၍ ခင်းထားရမည်၊ ထွေးခံကို နေလှန်းပွတ် တိုက်၍ ထားမြဲအတိုင်း နေရာ၌ ပြန်၍ ထားရမည်၊ မှီရာ တံကဲ ပျဉ်ကို နေလှန်း ပွတ်တိုက်၍ ထားမြဲ အတိုင်း နေရာ၌ ပြန်၍ ထားရမည်။ သပိတ်သင်္ကန်းကို ထားရမည်၊ သပိတ်ကို ထားလိုသော ရဟန်းသည် လက်တစ်ဖက်ဖြင့် သပိတ်ကို ကိုင်၍ လက်တစ်ဖက်ဖြင့် ညောင်စောင်း အောက်ကိုသော်လည်းကောင်း၊ အင်းပျဉ်အောက်ကိုသော်လည်းကောင်း သုံးသပ်၍ သပိတ်ကို ထားရမည်၊ အခင်းမရှိသော မြေ၌ သပိတ်ကို မထားရ။ သင်္ကန်းကို ထားလိုသော ရဟန်းသည် လက်တစ်ဖက်ဖြင့် သင်္ကန်းကို ကိုင်၍ လက်တစ်ဖက်ဖြင့် သင်္ကန်းတန်း သင်္ကန်း၊ကိးကို ပွတ်၍ ထိုမှာဖက်၌ အစွန်း ဤမှာဖက်၌ အခွေ 'အခေါက် ' ပြုလျက် သင်္ကန်းကို ထားရမည်။

အရှေ့အရပ်မှ မြူနှင့်တကွသော လေတို့သည် လာကုန်အံ့၊ အရှေ့မျက်နှာ လေသွန်တံခါးတို့ကို ပိတ်ရမည်။ အနောက်အရပ်မှ မြူနှင့်တကွသော လေတို့သည် လာကုန်အံ့၊ အနောက်မျက်နှာ လေသွန် တံခါးတို့ကို ပိတ်ရမည်။ မြောက်အရပ်မှ မြူနှင့်တကွသော လေတို့သည် လာကုန်အံ့၊ မြောက်မျက်နှာ လေသွန်တံခါးတို့ကို ပိတ်ရမည်။ တောင်အရပ်မှ မြူနှင့်တကွသော လေတို့သည် လာကုန်အံ့၊ တောင်မျက် နှာ လေသွန်တံခါးတို့ကို ပိတ်ရမည်။ အကယ်၍ အေးသောအခါဖြစ်မူ နေ့အခါ၌ လေသွန်တံခါးတို့ကို ဖွင့်ရမည်၊ ညဉ့်အခါ၌ ပိတ်ထားရမည်။ ပူအိုက်သောအခါဖြစ်မူ နေ့အခါ၌ လေသွန်တံခါးတို့ကို ပိတ်ရမည်၊ ညဉ့်အခါ၌ ဖွင့်ထားရမည်။

ပရိဝုဏ်သည် အမှိုက်ရှိသည်ဖြစ်အံ့၊ ပရိဝုဏ်ကို တံမြက်လှည်းရမည်။ ရေချိုးအုံသည် အမှိုက်ရှိသည်ဖြစ်အံ့၊ ရေချိုးအုံကို တံမြက်လှည်းရမည်။ စည်းဝေးရာဇရပ်သည် အမှိုက်ရှိသည်ဖြစ်အံ့၊ စည်းဝေး ရာဇရပ်ကို တံမြက်လှည်းရမည်။ မီးတင်းကုပ်သည် အမှိုက်ရှိသည်ဖြစ်အံ့၊ မီးတင်းကုပ်ကို တံမြက်လှည်း ရမည်။ ကျင်ကြီးအိမ်သည် အမှိုက်ရှိသည်ဖြစ်အံ့၊ ကျင်ကြီးအိမ်ကို တံမြက်လှည်းရမည်။သောက်ရေ မရှိအံ့၊သောက်ရေကို တည်ထားရမည်။ သုံးရေမရှိအံ့၊ သုံးရေကို တည်ထားရမည်။ သန့်သက်ရေအိုး၌ ရေမရှိသည်ဖြစ်အံ့၊ သန့်သက်ရေအိုး၌ ရေကို လောင်းထည့်ရမည်။

အတူနေတပည့် မမွေ့လျော်ခြင်းဖြစ်အံ့၊ ဥပဇ္ဈာယ်ဆရာသည် (ကိုယ်တိုင်) အရပ်တစ်ပါးသို့ ခေါ် ဆောင်သွားရမည်၊ (သူတစ်ပါးကိုသော်လည်း) ခေါ်ဆောင်သွားစေရမည်၊ ထိုအတူနေတပည့်အား တရား စကားကိုမူလည်း ဟောပြောရမည်။ အတူနေတပည့်အား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်အံ့၊ ဥပဇ္ဈာယ် ဆရာသည် ပယ်ဖျောက်ရမည်၊ (သူတစ်ပါးကိုသော်လည်း) ပယ်ဖျောက်စေရမည်၊ အတူနေတပည့်အား တရားစကားကိုမူလည်း ဟ