ဒီဃနိကာယ်

သီလက္ခန်ပါဠိတော်

မြန်မာပြန်

------

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁-ဗြဟ္မဇာလသုတ် ပရိဗ္ဗာဇကကထာ

နိဒါန်း

၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -

အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ငါးရာခန့်မျှသော ရဟန်းသံဃာနှင့်အတူ ရာဇဂြိုဟ် (ပြည်) နှင့် နာဠန္ဒာ (မြို့) အကြား၌ ခရီးရှည်ကြွတော်မူ၏၊ သုပ္ပိယပရိဗိုဇ်သည်လည်း တပည့်ဖြစ်သော ဗြဟ္မဒတ်လုလင်နှင့်အတူ ရာဇဂြိုဟ် (ပြည်) နှင့် နာဠန္ဒာ (မြို့) အကြား၌ပင် ခရီးရှည်သွား၏။

ထို (ခရီး) ၌ သုပ္ပိယပရိဗိုဇ်သည် ဘုရား တရား သံဃာ၏ အပြစ်ကို များစွာသော အကြောင်းဖြင့် ပြော၏၊ သုပ္ပိယပရိဗိုဇ်၏ တပည့်ဖြစ်သော ဗြဟ္မဒတ်လုလင်သည်ကား ဘုရား တရား သံဃာ၏ဂုဏ်ကို များစွာသော အကြောင်းဖြင့် ပြော၏၊ ဤသို့လျှင် ထိုဆရာတပည့်နှစ်ဦးတို့သည် အချင်းချင်း တိုက်ရိုက်ဆန့်ကျင်သော စကားကို ပြောလျက် မြတ်စွာဘုရားနှင့် ရဟန်းသံဃာ၏ နောက်မှ နောက်မှ အစဉ်လိုက်ကုန်၏။

၂။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းသံဃာနှင့်အတူ အမ္ဗလဋ္ဌိကာ (ဥယျာဉ်) မင်းကွန်း၌ တစ်ညဉ့်တည်းခိုရန် ချဉ်းကပ်တော်မူ၏၊ သုပ္ပိယပရိဗိုဇ်သည်လည်း တပည့်ဖြစ်သော ဗြဟ္မဒတ်လုလင်နှင့် အတူအမ္ဗလဋ္ဌိကာ (ဥယျာဉ်) မင်းကွန်း၌ပင် တစ်ညဉ့်တည်းခိုရန် ချဉ်းကပ်၏၊ ထိုအမ္ဗလဋ္ဌိကာ (ဥယျာဉ်) ၌လည်း သုပ္ပိယပရိဗိုဇ်သည် ဘုရား တရား သံဃာ၏အပြစ်ကို များစွာသောအကြောင်းဖြင့် ပြော၏၊ သုပ္ပိယပရိဗိုဇ်၏ တပည့်ဖြစ်သော ဗြဟ္မဒတ်လုလင်သည်ကား ဘုရား တရား သံဃာ၏ဂုဏ်ကို များစွာသောအကြောင်းဖြင့် ပြော၏၊ ဤသို့လျှင် ထိုဆရာတပည့် နှစ်ဦးတို့သည် အချင်းချင်း တိုက်ရိုက်ဆန့်ကျင်သောစကားကို ပြောလျက် နေကုန်၏။

၃။ ထိုအခါ ညဉ့်၏ (အဆုံး) မိုးသောက်ချိန်၌ (အိပ်ရာမှ) ထကြ၍ တန်ဆောင်းဝန်း၌ များစွာသော ရဟန်းတို့ စုဝေးထိုင်နေကြရာတွင် ဤစကားဖြစ်ပေါ်၏ -

''အံ့ဖွယ်ရှိပါပေစွ ငါ့သျှင်တို့၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ ငါ့သျှင်တို့၊ သိတော်မူသော မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် သတ္တဝါတို့၏ အထူးထူးသော အလိုဆန္ဒကို (အတိုင်းမသိ) ကောင်းစွာ ထိုးထွင်းသိတော်မူပါပေ၏၊ ဤသုပ္ပိယပရိဗိုဇ်သည် ဘုရား တရား သံဃာ၏အပြစ်ကို များစွာသောအကြောင်း ဖြင့် ပြော၏၊ သုပ္ပိယပရိဗိုဇ်၏ တပည့်ဖြစ်သော ဗြဟ္မဒတ်လုလင်သည်ကား ဘုရား တရား သံဃာ၏ဂုဏ်ကို များစွာသောအကြောင်းဖြင့် ပြော၏၊ ဤသို့လျှင် ဤဆရာတပည့် နှစ်ဦးတို့သည် အချင်းချင်း တိုက်ရိုက်ဆန့်ကျင်သော စကားကို ပြောလျက် မြတ်စွာဘုရားနှင့် ရဟန်းသံဃာ၏ နောက်မှ နောက်မှ အစဉ်လိုက်ကုန်၏''ဟု စကားဖြစ်ပေါ်၏။

၄။ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏ စကားကို သိတော်မူသဖြင့် တန်ဆောင်းဝန်းသို့ ကြွတော်မူ၍ ခင်းထားသောနေရာ၌ ထိုင်တော်မူပြီးလျှင် ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စုဝေးထိုင်နေကုန်သနည်း၊ သင်တို့၏ မပြီးသေးသော အကြားစကားသည်ကား အဘယ်နည်း''ဟု မိန့်တော်မူ၏၊ ဤသို့ မိန့်တော်မူသောအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤသို့ လျှောက်ကြကုန်၏ -

''အသျှင်ဘုရား ညဉ့်၏ (အဆုံး) မိုးသောက်ချိန်၌ (အိပ်ရာမှ) ထကြ၍ ဤတန်ဆောင်းဝန်း၌ အကျွန်ုပ်တို့ စုဝေးထိုင်နေကြရာတွင် ဤစကားဖြစ်ပေါ်ပါသည် -

'အံ့ဖွယ်ရှိပါပေစွ ငါ့သျှင်တို့၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ ငါ့သျှင်တို့၊ သိတော်မူသော မြင်တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် သတ္တဝါတို့၏ အထူးထူးသော အလိုဆန္ဒကို (အတိုင်းမသိ) ကောင်းစွာ ထိုးထွင်းသိတော်မူပါပေ၏၊ ဤသုပ္ပိယပရိဗိုဇ်သည် ဘုရား တရား သံဃာ၏အပြစ်ကို များစွာသော အကြောင်းဖြင့် ပြော၏၊ သုပ္ပိယပရိဗိုဇ်၏ တပည့်ဖြစ်သော ဗြဟ္မဒတ်လုလင်သည်ကား ဘုရား တရား သံဃာ၏ဂုဏ်ကို များစွာသော အကြောင်းဖြင့် ပြော၏၊ ဤသို့လျှင် ဤဆရာတပည့် နှစ်ဦးတို့သည် အချင်းချင်း တိုက်ရိုက်ဆန့်ကျင်သော စကားကို ပြောလျက် မြတ်စွာဘုရားနှင့် ရဟန်းသံဃာ၏ နောက်မှနောက်မှ အစဉ်လိုက်ကုန်၏'ဟု စကား ဖြစ်ပေါ်ပါသည်။

ဤသည်ကား အကျွန်ုပ်တို့၏ မပြီးသေးသော အကြားစကားဖြစ်ပါသည်၊ ထိုအခါ မြတ်စွာဘုရား ကြွရောက်တော်မူလာပါသည် အသျှင်ဘုရား''ဟု လျှောက်ကြကုန်၏။

၅။ ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြလျှင် ထို (ပြောကြရာ) ၌ သင်တို့သည် ရန်ငြိုးထားခြင်း နှလုံးမသာခြင်း စိတ်မကျေချမ်းခြင်း မဖြစ်စေသင်။

ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ သံဃာ၏အပြစ်ကိုဖြစ်စေ ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြလျှင် နှလုံးမသာကြလျှင် သင်တို့အားသာလျှင် အန္တရာယ် ဖြစ်ရာ၏။

ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြလျှင် နှလုံးမသာကြလျှင် သင်တို့သည် သူတစ်ပါးတို့၏ စကားကောင်း စကားဆိုးကို သိနိုင်ကြပါမည်လော။

မသိနိုင်ကြပါ အသျှင်ဘုရား။

ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြရာ၌ ''ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့်လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ''ဟု မဟုတ်သည်ကို မဟုတ်သည့်အတိုင်း သင်တို့ ဖြေရှင်းရမည်။

၆။ ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ဂုဏ်ကိုဖြစ်စေ တရား၏ဂုဏ်ကိုဖြစ်စေ သံဃာ၏ဂုဏ်ကိုဖြစ်စေ ပြောကြလျှင် ထို (ပြောကြရာ) ၌ သင်တို့သည် နှစ်သက်ခြင်း ဝမ်းသာခြင်း စိတ်တက်ကြွခြင်း မဖြစ်စေသင်။

ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ဂုဏ်ကိုဖြစ်စေ တရား၏ဂုဏ်ကိုဖြစ်စေ သံဃာ၏ဂုဏ်ကိုဖြစ်စေ ပြောကြရာ၌ သင်တို့သည် နှစ်သက်ကြလျှင် ဝမ်းသာကြလျှင် စိတ်တက်ကြွကြလျှင် သင်တို့အားသာလျှင် အန္တရာယ်ဖြစ်ရာ၏။

ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ဂုဏ်ကိုဖြစ်စေ တရား၏ဂုဏ်ကိုဖြစ်စေ သံဃာ၏ဂုဏ်ကိုဖြစ်စေ ပြောကြရာ၌ ''ဤစကားသည် ဤအကြောင်းကြောင့်လည်းဟုတ်ပေ၏၊ ဤအကြောင်းကြောင့်လည်း မှန်ပေ၏၊ စင်စစ်အားဖြင့် ဤဂုဏ်သည် ငါတို့၌ ထင်ရှားရှိပေ၏''ဟုဟုတ်မှန်သည်ကိုဟုတ်မှန်သည့်အတိုင်း သင်တို့ ဝန်ခံရမည်။

------

၁။ မင်းကွန်း = မင်းတို့၏ နားနေရန် ပြုလုပ်ထားသော အဆောက်အအုံ။

၂။ အကြားစကား ဟူသည် = ကမ္မဋ္ဌာန်းနှလုံးသွင်းခြင်း စာသင်ခြင်း စသည်တို့၏ အကြား၌ ဖြစ်သော အလွတ်စကား (ဗြဟ္မဇာလသုတ်ဖွင့် အဋ္ဌကထာ)၊ ငါဘုရားမလာမီ အကြား၌ ဖြစ်သောစကား (ပေါဋ္ဌပါဒသုတ်ဖွင့် အဋ္ဌကထာ)။

စူဠသီလခန်း

၇။ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် အနည်းငယ်မျှသာဖြစ်သော နိမ့်ကျသော သီလမျှဖြင့်သာ ပြောနိုင်ရာ၏၊ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ပြောနိုင်ရာသည့် အနည်းငယ်မျှသာဖြစ်သော နိမ့်ကျသော ထိုသီလမျှဟူသည် အဘယ်နည်း -

၈။ ''ရဟန်းဂေါတမသည် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ တုတ်ကို ချထားပြီးဖြစ်၏၊ လက်နက်ကို ချထားပြီးဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွားကို လိုလားလျက် နေတော်မူ၏''၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကိုပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

''ရဟန်းဂေါတမသည် မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်တော် မူ၏၊ ပေးသည်ကိုသာ ယူ၏၊ ပေးသည်ကိုသာ အလိုရှိ၏၊ မခိုးမဝှက်၊ စင်ကြယ်သောကိုယ်ဖြင့် နေတော်မူ၏''၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

''ရဟန်းဂေါတမသည် မမြတ်သော အကျင့်ကို ပယ်၍ မြတ်သော အကျင့်ကို ကျင့်တော်မူ၏၊ ယုတ်သော အကျင့်ကို ကျင့်လေ့မရှိ၊ ရွာသူတို့၏ အလေ့ဖြစ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်တော်မူ၏''၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

၉။ ''ရဟန်းဂေါတမသည် မမှန်ပြောခြင်းကို ပယ်၍ မမှန်ပြောခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ အမှန်ကိုသာ ဆိုလေ့ရှိတော်မူ၏၊ မှန်သော စကားချင်း ဆက်စပ်စေတော်မူတတ်၏၊ တည်သောစကား ရှိ၏၊ ယုံကြည်ထိုက်သော စကားရှိ၏၊ လောကကို လှည့်စားတော်မမူ''၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

''ရဟန်းဂေါတမသည် ကုန်းစကားကို ပယ်၍ ကုန်းစကားမှ ရှောင်ကြဉ်တော်မူ၏၊ ဤသူတို့ထံမှ နားထောင်၍ (ထိုသူတို့နှင့်) ဤသူတို့ ကွဲပြားခြင်းငှါ ထိုသူတို့ထံ၌ မပြောတတ်၊ ထိုသူတို့ထံမှ နားထောင်၍ (ဤသူတို့နှင့်) ထိုသူတို့ ကွဲပြားခြင်းငှါ ဤသူတို့ထံ၌ မပြောတတ်၊ ဤသို့ ကွဲပြားသူတို့ကိုလည်း စေ့စပ်တော်မူတတ်၏၊ ညီညွတ်သူတို့ကိုလည်း အားပေးတော်မူတတ်၏၊ ညီညွတ်ခြင်း၌ မွေ့လျော်တော်မူ၏၊ ညီညွတ်ခြင်း၌ ပျော်ပိုက်တော်မူ၏၊ ညီညွတ်ခြင်းကို နှစ်သက်တော်မူ၏၊ ညီညွတ်ခြင်းကိုပြုသော စကားကို ဆိုတော်မူတတ်၏''၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

''ရဟန်းဂေါတမသည် ကြမ်းသောစကားကို ပယ်၍ ကြမ်းသောစကားမှ ရှောင်ကြဉ်တော်မူ၏၊ အကြင်စကားသည် အပြစ်ကင်း၏၊ နားချမ်းသာ၏၊ နှစ်လိုဖွယ်ရှိ၏၊ နှလုံးသို့သက်၏၊ ယဉ်ကျေး၏၊ လူအများ နှစ်သက်၏၊ လူအများ နှစ်ခြိုက်၏၊ ထိုသို့ သဘောရှိသော စကားကိုသာ ဆိုတော်မူတတ်၏''၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

''ရဟန်းဂေါတမသည် ပြိန်ဖျင်းသောစကားကို ပယ်၍ ပြိန်ဖျင်းသောစကားမှ ရှောင်ကြဉ်တော်မူ၏၊ (သင့်သော) အခါ၌သာ ဆိုလေ့ရှိ၏၊ဟုတ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အကျိုးနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ တရားနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အဆုံးအမနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ (သင့်သော) အခါ၌ အကြောင်းနှင့်တကွသော အပိုင်းအခြားရှိသော အစီးအပွားနှင့် စပ်သော မှတ်သားလောက်သော စကားကိုသာ ဆိုတော်မူတတ်၏''၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

၁၀။ ''ရဟန်းဂေါတမသည် မျိုးစေ့အပေါင်း အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်တော်မူ၏''၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

''ရဟန်းဂေါတမသည် ဆွမ်းတစ်နပ်သာ စားလေ့ရှိတော်မူ၏၊ ညစာစားခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ နေလွဲစားခြင်းမှ ရှောင်ကြဉ်တော်မူ၏။

ရဟန်းဂေါတမသည် ကခြင်း သီခြင်း တီးမှုတ်ခြင်း (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော (ပွဲ) ကြည့်ခြင်းမှ ရှောင်ကြဉ်တော်မူ၏။

ရဟန်းဂေါတမသည် ပန်းပန်ခြင်း နံ့သာခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းဂေါတမသည် မြင့်သောနေရာ မြတ်သောနေရာမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းဂေါတမသည် ရွှေငွေကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းဂေါတမသည် ကောက်စိမ်းကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏။

ရဟန်းဂေါတမသည် အသားစိမ်းကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းဂေါတမသည် မိန်းမအို မိန်းမပျိုကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းဂေါတမသည် ကျွန်မိန်းမ ကျွန်ယောက်ျားကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းဂေါတမသည် ဆိတ်နှင့်သိုးကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းဂေါတမသည် ကြက် ဝက်ကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းဂေါတမသည် ဆင် နွား မြင်း မြည်းကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းဂေါတမသည် လယ်နှင့်ယာကို ခံယူခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းဂေါတမသည် တမန်အမှု အစေအပါးအမှုကို ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်း ဂေါတမသည် ဝယ်မှု ရောင်းမှုမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းဂေါတမသည် ချိန်စဉ်းလဲ အသပြာစဉ်းလဲ ခြင်တွယ်တိုင်းတာ စဉ်းလဲခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းဂေါတမသည် တံစိုးယူခြင်း လှည့်ဖြားခြင်း အတုပြု၍လိမ်ခြင်းတည်းဟူသော ကောက်ကျစ်ခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းဂေါတမသည် ဖြတ်ခြင်း သတ်ခြင်း နှောင်ဖွဲ့ခြင်း (ခရီးသွားတို့ကို) လုယက်ခြင်း (ရွာ နိဂုံးတို့ကို) ဖျက်ဆီးခြင်း ဓားပြတိုက်ခြင်းမှ ရှောင်ကြဉ်တော်မူ၏''၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကိုပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

စူဠသီလခန်း ပြီး၏။

------

၁။ ပုထုဇဉ် = အရိယာမဟုတ်သူများ။

၂။ ကောက်စိမ်း = ဟူသည် ၁-သလေး (ကောက်ကြီး)၊ ၂-ကောက်လတ်၊ (ကောက်ကြမ်း)၊ ၃-လူး၊ ၄-နတ်ကောက် (ဂျုံ)၊ ၅-ပြောင်း၊ ၆-မုယော (ဗာလီ)၊ ၇-ဆပ် ဤစပါး ခုနစ်မျိုးတည်း။

မဇ္ဈိမသီလခန်း

၁၁။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍ လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော မျိုးစေ့အပေါင်း အပင်အပေါင်း ဖျက်ဆီးခြင်းကို ပြုလုပ်လျက် နေကြ၏၊ ဤသည်တို့ကား အဘယ်နည်း၊ အမြစ်မျိုးစေ့ ပင်စည်မျိုးစေ့ အဆစ်မျိုးစေ့ အညွန့်မျိုးစေ့ ငါးခုမြောက် အစေ့မျိုးစေ့တို့တည်း။ ရဟန်းဂေါတမသည် ဤသို့သော မျိုးစေ့အပေါင်း အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

၁၂။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော သိုမှီး သုံးဆောင်ခြင်းကို ပြုလျက်နေကြ၏၊ ဤသည်တို့ကား အဘယ်နည်း၊ ဆွမ်းကို သိုမှီးခြင်း အဖျော်ကို သိုမှီးခြင်း အဝတ်ကို သိုမှီးခြင်း ယာဉ်ကို သိုမှီးခြင်း အိပ်ရာကို သိုမှီးခြင်း နံ့သာကို သိုမှီးခြင်း (အခြား) စားသုံးဖွယ်ကို သိုမှီးခြင်းတို့တည်း။ ရဟန်းဂေါတမသည် ဤသို့သော သိုမှီးသုံးဆောင်ခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

၁၃။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော (ပွဲ) ကြည့်ခြင်းကို ပြုလျက်နေကြ၏၊ ဤသည်တို့ကား အဘယ်နည်း၊ ကခြင်း သီခြင်း တီးမှုတ်ခြင်း သဘင်ပွဲ စာဟောပွဲ လက်ဝါးတီးပွဲ ကြေးနင်းခွက်ခွင်း စသည်တီးပွဲ စည်တီးပွဲ ပန်းချီပြပွဲ သံလုံးကစားပွဲ ဝါးထောင်၍ကစားပွဲ အရိုးဆေးပွဲ ဆင်တိုက်ပွဲ မြင်းတိုက်ပွဲ ကျွဲတိုက်ပွဲ နွားတိုက်ပွဲ ဆိတ်တိုက်ပွဲ သိုးတိုက်ပွဲ ကြက်တိုက်ပွဲ ငုံးတိုက်ပွဲ တုတ်သိုင်းပွဲ လက်ဝှေ့ထိုးပွဲ လက်ပမ်းလုံးပွဲ စစ်ထိုးပွဲ စစ်သည်စစ်ဆေးပွဲ စစ်ဆင်ပွဲ စစ်အင်ကျင်းပွဲတို့တည်း။ ရဟန်းဂေါတမသည် ဤသို့သော (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော (ပွဲ) ကြည့်ခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကိုပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

၁၄။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မေ့လျော့ကြောင်းဖြစ်သော လောင်းကစားခြင်းကို ပြုလျက်နေကြ၏၊ ဤသည်တို့ကား အဘယ်နည်း၊ ရှစ်ကွက်ကျားကစားခြင်း ဆယ်ကွက်ကျားကစားခြင်း ကောင်းကင်ကျားကစားခြင်း ဖိုးလမင်းကျားကစားခြင်း ဇယ်တောက်ကစားခြင်း အန်ကစားခြင်း ကျည်းသားရိုက်ကစားခြင်း စုတ်ခတ်ရေးကစားခြင်း ဂေါ်လီကစားခြင်း ပီပီမှုတ်ကစားခြင်း ထွန်ငယ်ဖြင့်ကစားခြင်း ကျွမ်းထိုးကစားခြင်း စကြာဖြင့်ကစားခြင်း ခြင်ခွက်ငယ်ဖြင့်ကစားခြင်း ရထားငယ်ဖြင့်ကစားခြင်း လေးငယ်ဖြင့်ကစားခြင်း အက္ခရာဝှက်ကစားခြင်း စိတ်အကြံဖော်တမ်းကစားခြင်း ကျိုးယောင်ကန်းယောင်ပြု၍ ကစားခြင်းတို့တည်း။ ရဟန်းဂေါတမသည် ဤသို့သော မေ့လျော့ကြောင်းဖြစ်သော လောင်းကစားပြုခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

၁၅။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော မြင့်သောနေရာ မြတ်သောနေရာကို (သုံးစွဲခြင်း) ပြုလျက် နေကြ၏၊ ဤသည်တို့ကား အဘယ်နည်း၊ မြင့်လွန်းသောနေရာ ပလ္လင်မွေးရှည်ကော်ဇောကြီး ဆန်းကြယ်သော သားမွေးအခင်း ဖြူသော သားမွေးအခင်း ပန်းပြောက်ခြယ် သားမွေးအခင်း လဲသွတ်အခင်း ရုပ်ပုံခြယ်သားမွေးအခင်း နှစ်ဖက်မွေးရှိအခင်း တစ်ဖက်မွေးရှိအခင်း ရွှေချည်ထိုးအခင်း ပိုးချည်အခင်း သားမွေးအခင်းကြီး ဆင်ကုန်းနှီး မြင်းကုန်းနှီး ရထားခင်းနှီး သစ်နက်ရေအခင်း ဝံပိုင့်ရေ အခင်းမြတ် (နီသော) မျက်နှာကြက်နှင့် အုံးနီနှစ်ဖက်ရှိသောနေရာတို့တည်း။ ရဟန်းဂေါတမသည် ဤသို့သော မြင့်သောနေရာ မြတ်သောနေရာမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

၁၆။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော လိမ်းခြယ်ခြင်း ဆင်ယင်ခြင်းကို ပြုလျက် နေကြ၏၊ ဤသည်တို့ကား အဘယ်နည်း၊ (နံ့သာဖြင့်) ပွတ်သပ်ခြင်း (ဆီဖြင့်) ဆုပ်နယ်ခြင်း (နံ့သာဖြင့်) ရေချိုးခြင်း (လက်ရုံးကြီးထွားရန်) ထုရိုက်ခြင်း မှန်ကြည့်ခြင်း မျက်စဉ်းဆေးခြယ်ခြင်း ပန်းပန်ခြင်း နံ့သာခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်း မျက်နှာကို ခြယ်ခြင်း မျက်နှာကို လိမ်းကျံခြင်း လက်ဝတ်တန်ဆာဆင်ခြင်း သျှောင်ထုံးခြင်း လက်ကိုင်တုတ်ဆောင်ခြင်း ကျည်တောက်လွယ်ခြင်း သန်လျက်ဆောင်ခြင်း (ဆန်းကြယ်သော) ထီးကို ဆောင်းခြင်း ဆန်းကြယ်သော ဖိနပ်ကိုစီးခြင်း သင်းကျစ်ဖွဲ့ခြင်း ပတ္တမြားဆံကျင်ထိုးခြင်း သားမြီး ယပ်ဆောင်ခြင်း အမြိတ်ရှည်ဝတ်ဖြူတို့ကို ဝတ်ခြင်းတို့တည်း။ ရဟန်းဂေါတမသည် ဤသို့သော လိမ်းခြယ်ခြင်း ဆင်ယင်ခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

၁၇။ ထို့ပြင်လည်း အချို့သော အသျှင်သမဏ ဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော ဖီလာစကားကို ပြောလျက်နေကြ၏၊ ဤသည်တို့ကားအဘယ်နည်း၊ မင်းနှင့်စပ်သောစကား ခိုးသူနှင့်စပ်သောစကား အမတ်ကြီးနှင့်စပ်သောစကား စစ်သည်နှင့်စပ်သောစကား ကြောက်ဖွယ်နှင့်စပ်သောစကား စစ်ထိုးခြင်းနှင့်စပ်သောစကား စားဖွယ်နှင့်စပ်သောစကား သောက်ဖွယ်နှင့်စပ်သောစကား အဝတ်နှင့်စပ်သောစကား အိပ်ရာနှင့်စပ်သောစကား ပန်းနှင့်စပ်သောစကား နံ့သာနှင့်စပ်သောစကား ဆွေမျိုးနှင့်စပ်သောစကား ယာဉ်နှင့်စပ်သောစကား ရွာနှင့်စပ်သောစကား နိဂုံးနှင့်စပ်သောစကား မြို့နှင့်စပ်သောစကား နယ်နှင့်စပ်သောစကား မိန်းမနှင့်စပ်သောစကား ယောက်ျားနှင့်စပ်သောစကား သူရဲကောင်းနှင့်စပ်သောစကား လမ်းနှင့်စပ်သောစကား ရေခပ်ဆိပ်နှင့်စပ်သောစကား သေလွန်သူနှင့်စပ်သောစကား အထွေထွေနှင့်စပ်သောစကား လောက (အကြောင်း) နှင့် စပ်သောစကား သမုဒ္ဒရာ (အကြောင်း) နှင့် စပ်သောစကား ကြီးပွါးခြင်း ဆုတ်ယုတ်ခြင်းနှင့်စပ်သော စကားတို့တည်း။ ရဟန်းဂေါတမသည် ဤသို့သော ဖီလာစကားကိုပြောခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

၁၈။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော အငြင်းစကားကို ပြောလျက် နေကြ၏၊ ဤသည်တို့ကား အဘယ်နည်း၊ သင်သည် ဤ ဓမ္မဝိနယကို မသိ၊ ငါသည် ဤဓမ္မဝိနယကို သိ၏၊ သင်သည် ဤဓမ္မဝိနယကို အသို့သိနိုင်အံ့နည်း၊ သင်သည် မှားသောအကျင့်ရှိသူ ဖြစ်၏၊ ငါသည် မှန်သောအကျင့်ရှိသူ ဖြစ်၏၊ ငါ၏ စကားသည် စေ့စပ်၏၊ သင်၏ စကားသည် မစေ့စပ်၊ သင်သည် ရှေးဦးဆိုသင့်သည်ကို နောက်မှ ဆို၏၊ နောက်မှ ဆိုသင့်သည်ကို ရှေးဦးဆို၏၊ သင်၏ ကြာမြင့်စွာ လေ့လာထားသော စကားသည် (သင့်ဆီသို့) ပြန်လှည့်၍ တည်လေပြီ၊ သင့်အယူ၌ ရှိသော အပြစ်ကို ငါ တင်ပြပြီ၊ သင် အရေးနိမ့်ပြီ၊ (ငါ တင်ပြသော) အပြစ်မှ လွတ်မြောက်ရန် ရှာကြံချေဦးလော့၊ အကယ်၍ စွမ်းနိုင်လျှင်လည်း (ယခုပင်) ဖြေရှင်းလော့၊ ဤသည်တို့တည်း။ ရဟန်းဂေါတမသည်ဤသို့သော အငြင်းစကား (ကိုပြောခြင်း) မှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

၁၉။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် တမန်အမှု အစေအပါးအမှု ဆောင်ရွက်ခြင်းကို ပြုလျက် နေကြ၏၊ ဤသည်တို့ကား အဘယ်နည်း၊ မင်းတို့၏ အမတ်ကြီးတို့၏ မင်းမျိုးတို့၏ ပုဏ္ဏားတို့၏ သူကြွယ်တို့၏ လုလင်ပျိုတို့၏ 'ဤအရပ်မှ (ထိုအရပ်သို့) သွားလော့၊ ထိုအရပ်မှ (ဤအရပ်သို့) လာလော့၊ ဤသည်ကို (ဤအရပ်မှ) ဆောင်သွားလော့၊ ဤသည်ကို (ထိုအရပ်မှ) ဆောင်ခဲ့လော့' ဟူသော အမှုတို့တည်း။ ရဟန်းဂေါတမသည် ဤသို့သော တမန်အမှု အစေအပါးအမှု ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်းပြောနိုင်ရာ၏။

၂၀။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် လာဘ်အလို့ငှါ အံ့ဖွယ်ကိုလည်း ဖြစ်စေကုန်၏၊ မြှောက်ပင့်၍လည်း ပြောကုန်၏၊ အရိပ်အခြည်လည်း ပြကုန်၏၊ အတင်းအကျပ်လည်း ပြုကုန်၏၊ လာဘ်ဖြင့် လာဘ်ကိုလည်း ရှာမှီးကုန်၏၊ ဤသည်တို့တည်း။ ရဟန်းဂေါတမသည် ဤသို့သော လာဘ်အလို့ငှါ အံ့ဖွယ်ကိုဖြစ်စေခြင်း မြှောက်ပင့်ခြင်းမှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

မဇ္ဈိမသီလခန်း ပြီး၏။

------

၁။ ဤ၌ ယုံကြည်ခြင်းဟူသည် = ကံ ကံ၏အကျိုး စသည်ကို ယုံကြည်ခြင်းပင်တည်း။

၂။ သဘင်ပွဲဟူသည် ဇာတ် ရုပ်သေး အငြိမ့် စသည်ပင်တည်း။

၃။ မြင့်လွန်းသောနေရာဟူသည် မြတ်စွာဘုရား လက်ရှစ်သစ် ပမာဏထက်လွန်သော အခြေရှိသော ညောင်စောင်း အင်းပျဉ်။

၄။ ပလ္လင်ဟူသည် ခြေထောက်တို့၌ သားရဲရုပ်တပ်ထားသော နေရာတည်း။

၅။ ဤ၌ ဖီလာစကားဟူသည် နတ်ရွာနိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်နှင့် ဆန့်ကျင်ဘက် စကားတို့တည်း။

၆။ လမ်းဟူသည် မြို့တွင်းရှိလမ်းကို ဆိုသည်။

၇။ ဓမ္မဝိနယဟူသည် ဓမ္မ = တရား၊ ဝိနယ = အဆုံးအမ။

မဟာသီလခန်း

၂၁။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သော ဖီလာအတတ်ဖြင့် အသက်မွေးကြ၏။ ဤသည်တို့ကား အဘယ်နည်း၊ အင်္ဂကျမ်း နိမိတ်ကျမ်း ဥပ္ပါတကျမ်း အိပ်မက်ကျမ်း လက္ခဏာကျမ်း ကြွက်ကိုက်ကျမ်း မီးပူဇော်ခြင်း ယောက်မဖြင့်ပူဇော်ခြင်း ဖွဲဖြင့်ပူဇော်ခြင်း ဆန်ကွဲဖြင့်ပူဇော်ခြင်း ဆန်ဖြင့်ပူဇော်ခြင်း ထောပတ်ဖြင့်ပူဇော်ခြင်း ဆီဖြင့်ပူဇော်ခြင်း ခံတွင်းဖြင့်ပူဇော်ခြင်း သွေးဖြင့်ပူဇော်ခြင်း အင်္ဂဝိဇ္ဇာအတတ် မြေကြန်အတတ် မင်းမှုရေးရာအတတ် ဘေးငြိမ်းခြင်းကို ပြုတတ်သောအတတ် ဖုတ်တစ္ဆေအတတ် မြေအိမ်၌ သင်ယူရသောအတတ် မြွေအတတ် အဆိပ်အတတ် ကင်းမြီးကောက်အတတ် ကြွက်ခဲနာကုအတတ် ငှက်သံအတတ် ကျီးသံအတတ် အသက်ဟောအတတ် မြားလွှဲအတတ် သားမြည်သံအတတ် ဤသည်တို့တည်း။ ရဟန်းဂေါတမသည် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သော ဖီလာအတတ် (ဖြင့် အသက်မွေးခြင်း) မှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

၂၂။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သော ဖီလာအတတ်ဖြင့် အသက်မွေးကြ၏။ ဤသည်တို့ကား အဘယ်နည်း၊ ကျောက်မျက်လက္ခဏာ အဝတ်အထည်လက္ခဏာ တုတ်တောင်ဝှေးလက္ခဏာ ဓားလက္ခဏာ သန်လျက်လက္ခဏာ မြားလက္ခဏာ လေးလက္ခဏာ (ကြွင်းသော) လက်နက်လက္ခဏာ မိန်းမလက္ခဏာ ယောက်ျားလက္ခဏာ သတို့သားလက္ခဏာ သတို့သမီးလက္ခဏာ ကျွန်ယောက်ျားလက္ခဏာ ကျွန်မိန်းမလက္ခဏာ ဆင်လက္ခဏာ မြင်းလက္ခဏာ ကျွဲလက္ခဏာ နွားလားလက္ခဏာ နွားလက္ခဏာ ဆိတ်လက္ခဏာ သိုးလက္ခဏာ ကြက်လက္ခဏာ ငုံးလက္ခဏာ ဖွတ်လက္ခဏာ အထွတ် 'ကဏ္ဏိကာ' လက္ခဏာ လိပ်လက္ခဏာ သားကောင်လက္ခဏာ ဤသည်တို့တည်း။ ရဟန်းဂေါတမသည် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သော ဖီလာအတတ် (ဖြင့် အသက်မွေးခြင်း) မှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

၂၃။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သော ဖီလာအတတ်ဖြင့် အသက်မွေးကြ၏။ ဤသည်တို့ကား အဘယ်နည်း၊ မင်းတို့ (စစ်) ထွက်လတ္တံ့၊ မင်းတို့ (စစ်) ပြန်လာလတ္တံ့၊ ပြည်တွင်းမင်းတို့ (စစ်) တက်လတ္တံ့၊ ပြည်ပမင်းတို့ (စစ်) ဆုတ်လတ္တံ့၊ ပြည်ပမင်းတို့ (စစ်) တက်လတ္တံ့၊ ပြည်တွင်းမင်းတို့ (စစ်) ဆုတ်လတ္တံ့၊ ပြည်တွင်းမင်းတို့ (စစ်) အောင်လတ္တံ့၊ ပြည်ပမင်းတို့ (စစ်) ရှုံးလတ္တံ့၊ ပြည်ပမင်းတို့ (စစ်) အောင်လတ္တံ့၊ ပြည်တွင်းမင်းတို့ (စစ်) ရှုံးလတ္တံ့။ ဤသို့ ဤမင်း (စစ်) နိုင်လတ္တံ့၊ ဤမင်း (စစ်) ရှုံးလတ္တံ့ဟူသော အတတ်တို့တည်း။ ရဟန်းဂေါတမသည် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သော ဖီလာအတတ် (ဖြင့်အသက်မွေးခြင်း) မှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

၂၄။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သော ဖီလာအတတ်ဖြင့် အသက်မွေးကြ၏။ ဤသည်တို့ကား အဘယ်နည်း။ လကြတ်လတ္တံ့၊ နေကြတ်လတ္တံ့၊ နက္ခတ်ကြတ်လတ္တံ့၊ လနေတို့ လမ်းမှန်သွားလတ္တံ့၊ လနေတို့ လမ်းလွဲသွားလတ္တံ့၊ နက္ခတ်တို့ လမ်းမှန်သွားလတ္တံ့၊ နက္ခတ်တို့ လမ်းလွဲသွားလတ္တံ့၊ ဥက္ကာကျလတ္တံ့၊ ကြိတ်ထွက်လတ္တံ့၊ ငလျင်လှုပ်လတ္တံ့၊ မိုးထစ်ကြိုးလတ္တံ့၊ လနေ နက္ခတ်တို့ တက်ခြင်း သက်ခြင်း မှေးမှိန်ခြင်း တောက်ပခြင်း ဖြစ်လတ္တံ့၊ လကြတ်ခြင်းကြောင့် ဤသို့ အကျိုးဖြစ် လတ္တံ့၊ နေကြတ်ခြင်းကြောင့် ဤသို့ အကျိုး ဖြစ်လတ္တံ့၊ နက္ခတ်ကြတ်ခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့၊ လနေတို့ လမ်းမှန်သွားခြင်းကြောင့်ဤသို့ အကျိုးဖြစ်လတ္တံ့၊ လနေတို့ လမ်းလွဲသွားခြင်းကြောင့် ဤသို့ အကျိုး ဖြစ်လတ္တံ့၊ နက္ခတ်တို့လမ်းမှန်သွားခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့၊ နက္ခတ်တို့ လမ်းလွဲ သွားခြင်းကြောင့် ဤသို့အကျိုး ဖြစ်လတ္တံ့၊ ဥက္ကာကျခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့၊ ကြိတ်ထွက်ခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့၊ ငလျင်လှုပ်ခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့၊ မိုးထစ်ကြိုးခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့၊ လနေနက္ခတ်တို့ တက်ခြင်း သက်ခြင်း မှေးမှိန်ခြင်း တောက်ပခြင်းကြောင့် ဤသို့ အကျိုးဖြစ်လတ္တံ့၊ ဤသည်တို့တည်း။ ရဟန်းဂေါတမသည် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သော ဖီလာအတတ် (ဖြင့် အသက်မွေးခြင်း) မှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

၂၅။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သော ဖီလာအတတ်ဖြင့် အသက်မွေးကြ၏။ ဤသည်တို့ကား အဘယ်နည်း။ မိုးကောင်းလတ္တံ့၊ မိုးခေါင်လတ္တံ့၊ ဝပြောလတ္တံ့၊ ခေါင်းပါးလတ္တံ့၊ ငြိမ်းချမ်းလတ္တံ့၊ ဘေးများလတ္တံ့၊ ရောဂါများလတ္တံ့၊ ရောဂါကင်းလတ္တံ့၊ လက်ချိုးရေခြင်းအတတ်၊ ဂဏန်းအတတ်၊ သင်္ချာအတတ်၊ ကဗျာအတတ်၊ လောကာယတကျမ်းအတတ်၊ ဤသည်တို့တည်း။ ရဟန်းဂေါတမသည် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သော ဖီလာအတတ် (ဖြင့်အသက်မွေးခြင်း) မှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

၂၆။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သော ဖီလာအတတ်ဖြင့် အသက်မွေးကြ၏။ ဤသည်တို့ကား အဘယ်နည်း၊ သတို့သမီးဆောင်ယူ၍ ထိမ်းမြားခြင်း သတို့သမီးပေး၍ ထိမ်းမြားခြင်း စေ့စပ်ပေးခြင်း ကွာရှင်းပေးခြင်း ဥစ္စာသိမ်းဆည်းစေခြင်း ဥစ္စာဖြန့်ဖြူးစေခြင်း ကျက်သရေတိုးစေခြင်း ကျက်သရေယုတ်စေခြင်း ကိုယ်ဝန်မတည်မြဲသည်ကို တည်မြဲစေခြင်း လျှာခိုင်စေခြင်း မေးခိုင်စေခြင်း လက်ဟန့်မန္တန်စုတ်ခြင်း နားပင်းမန္တာန်စုတ်ခြင်း မှန်၌နတ်သွင်း၍မေးခြင်း သတို့သမီး၌ နတ် သွင်း၍မေးခြင်း နတ်မေးခြင်း နေကိုလုပ်ကျွေးခြင်း ဗြဟ္မာကိုလုပ်ကျွေးခြင်း ခံတွင်းမှမီးတောက်စေခြင်း သိရိနတ်သမီးကို ပင့်ခေါ်ခြင်း ဤသည်တို့တည်း။ ရဟန်းဂေါတမသည် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သော ဖီလာအတတ် (ဖြင့် အသက်မွေးခြင်း) မှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

၂၇။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မှားသော အသက်မွေးမှုဖြစ်သော ဤသို့သော ဖီလာအတတ်ဖြင့် အသက်မွေးကြ၏။ ဤသည်တို့ကား အဘယ်နည်း၊ နတ်ကိုးခြင်း တောင်းဆုပြည့်၍ နတ်ပူဇော်ခြင်း ဖုတ်တစ္ဆေအတတ်ကို လေ့ကျင့်ခြင်း မြေအိမ်၌နေ၍ သင်အပ်သောအတတ်ကို လေ့ကျင့်ခြင်း (ပဏ္ဍုက်ကို) ယောက်ျားဖြစ်စေခြင်း (ယောက်ျားကို) ပဏ္ဍုက်ဖြစ်စေခြင်း မြေကြန်အတတ်ကို လေ့ကျင့်ခြင်း ဆောက်လုပ်မည့်မြေရာ၌ အစီအရင်ပြုခြင်း ခံတွင်းဆေးခြင်း ရေချိုးစေခြင်း မီးပူဇော်ခြင်း ပျို့အန်စေခြင်း ဝမ်းသက်စေခြင်း (သလိပ်စသည့် ဒေါသတို့ကို) အထက်သို့လှန်စေခြင်း အောက်သို့လျှောစေခြင်း ဦးခေါင်းမှ (သွေးစသော ဒေါသတို့ကို) ထွက်စေခြင်း နားဆီချက်ခြင်း မျက်စဉ်းဆီချက်ခြင်း နှာနှတ်ခြင်း (ထက်သော) မျက်စဉ်းဆေးဖော်ခြင်း အေးသောမျက်စဉ်းဆေးဖော်ခြင်း တိမ်သလာကိုဆေးကုခြင်း ခွဲစိတ်ကုသခြင်း သူငယ်နာဆေးကုခြင်း မူလဆေးတို့ကိုပေးခြင်း အနာဆေးတို့ကို (ကပ်ခြင်း) ခွါခြင်း၊ ဤသည်တို့တည်း။ ရဟန်းဂေါတမသည် မှားသောအသက်မွေးမှုဖြစ်သော ဤသို့သော ဖီလာအတတ် (ဖြင့်အသက်မွေးခြင်း) မှ ရှောင်ကြဉ်တော်မူ၏၊ ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ဤသို့သော်လည်း ပြောနိုင်ရာ၏။

ရဟန်းတို့ ပုထုဇဉ်သည် ဘုရား၏ဂုဏ်ကို ပြောခဲ့လျှင် ပြောနိုင်ရာသည့် အနည်းငယ်မျှသာ ဖြစ်သော နိမ့်ကျသော သီလမျှဟူသည် ဤသည်ပင်တည်း။

မဟာသီလခန်း ပြီး၏။

------

၁။ ဤဖီလာအတတ်ဟူသည် နတ်ရွာနိဗ္ဗာန်ရောက်ကြောင်းအကျင့်နှင့် ဆန့်ကျင်ဘက် အတတ်တည်း။

၂။ ဥပ္ပါတကျမ်းဟူသည် မိုးကြိုးကျခြင်း စသည်၏ အကျိုးအပြစ်ကို ဆိုသောကျမ်း။

၃။ သုဓာဘောဇနဇာတ်တွင် ''ကဒလိမိဂါ ဗဟူ စေတ္ထ၊ ဗိဠာရာ သသ ကဏ္ဏိကာ'' ဟူသောဂါထာ၌ ကဏ္ဏိကသဒ္ဒါသည် သမင်ဒရယ်ကို ဟော၏၊ ဝိဓုရဇာတ်၌ကား ''ဗိဠာရာ သသ ကဏ္ဍကာ''ဟု ရှိ၏၊ ကဏ္ဍကသဒ္ဒါသည် ကြံ့ကို ဟော၏၊ ဤသီလက္ခန္ဓဝဂ် အဋ္ဌကထာ၌ကား နားတန်ဆာဟူ၍လည်းကောင်း အထွတ်ဟူ၍လည်းကောင်း ဖွင့်ဆို၏။

မိစ္ဆာဒိဋ္ဌိ ပြခန်း

၂၈။ ရဟန်းတို့ (သီလမှ) တစ်ပါးသာလျှင် ဖြစ်ကုန်သော နက်နဲကုန်သော မြင်နိုင်ခဲကုန်သော သိနိုင်ခဲကုန်သော ငြိမ်သက်ကုန်သော မွန်မြတ်ကုန်သော ကြံစည်ခြင်းဖြင့် မရောက်နိုင်ကုန်သော သိမ်မွေ့ကုန်သော ပညာရှိတို့သာ သိနိုင်ကုန်သော တရားတို့သည် ရှိကုန်သေး၏၊ မြတ်စွာဘုရားသည် ယင်း (တရား) တို့ကို ကိုယ်တော်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၍ ဟောတော်မူ၏၊ မြတ်စွာဘုရား၏ဟုတ်မှန်သောဂုဏ်ကို မှန်စွာ ပြောလိုကြလျှင် ယင်း (တရား) တို့ဖြင့် ပြောကြရာ၏။

ရဟန်းတို့ မြတ်စွာဘုရားသည် အကြင် (တရား) တို့ကို ကိုယ်တော်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၍ ဟောတော်မူ၏၊ မြတ်စွာဘုရား၏ဟုတ်မှန်သောဂုဏ်ကို မှန်စွာ ပြောလိုကြလျှင် အကြင် (တရား) တို့ဖြင့် ပြောကြရာ၏၊ နက်နဲကုန်သော မြင်နိုင်ခဲကုန်သော သိနိုင်ခဲကုန်သော ငြိမ်သက်ကုန်သော မွန်မြတ်ကုန်သော ကြံစည်ခြင်းဖြင့် မရောက်နိုင်ကုန်သော သိမ်မွေ့ကုန်သော ပညာရှိတို့သာ သိနိုင်ကုန်သော ထိုတရားတို့သည်ကား အဘယ်နည်း -

ပုဗ္ဗန္တာနုဒိဋ္ဌိ တစ်ဆယ့်ရှစ်မျိုး

၂၉။ရဟန်းတို့ ရှေးအဖို့ကို ကြံဆကုန်သော ရှေးအဖို့ကို စွဲယူကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် ရှိကုန်၏၊ (ထိုသူတို့သည်) ရှေးအဖို့ကို စွဲမှီ၍ များပြားသော မိစ္ဆာအယူပြစကားတို့ကိုတစ်ဆယ့်ရှစ်မျိုးသော အကြောင်းတို့ဖြင့် ပြောဟောကုန်၏၊ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အဘယ်ကိုအကြောင်းပြု၍ အဘယ်ကို စွဲမှီ၍ ရှေးအဖို့ကို ကြံဆကုန်သနည်း၊ ရှေးအဖို့ကို စွဲယူကုန်သနည်း၊ ရှေးအဖို့ကို စွဲမှီ၍ များပြားသော မိစ္ဆာအယူပြစကားတို့ကို တစ်ဆယ့်ရှစ်မျိုးသော အကြောင်းတို့ဖြင့် ပြောဟောကုန်သနည်း။

သဿတဒိဋ္ဌိ တည်မြဲအယူလေးမျိုး

၃၀။ရဟန်းတို့ တည်မြဲအယူရှိကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် ရှိကုန်၏၊ (ထိုသူတို့သည်) အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း တည်မြဲ၏ဟု လေးမျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏၊ တည်မြဲအယူရှိကုန်သော ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အဘယ်ကို အကြောင်းပြု၍အဘယ်ကို စွဲမှီ၍ အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း တည်မြဲ၏ဟု လေးမျိုးသော အကြောင်းတို့ဖြင့် ပြကုန်သနည်း။

------

၁။ ဤ၌ တရားဟူသည် ဂုဏ်ပင်တည်း။

သဿတဒိဋ္ဌိ ပဌမဝါဒ

၃၁။ ရဟန်းတို့ ဤလောက၌ အချို့သော သမဏသည်လည်းကောင်း ဗြာဟ္မဏသည်လည်းကောင်းပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍မမေ့လျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကိုရ၏၊ ယင်းသို့ စိတ်သည် တည်ကြည်လတ်သော် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် များပြားသော ရှေး၌ နေဖူးသောဘဝကို အောက်မေ့နိုင်၏၊ ဤသည်တို့ကား အဘယ်နည်း -

တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝလေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်း ကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ ဘဝရာပေါင်းများစွာတို့ကိုလည်းကောင်း၊ ဘဝထောင်ပေါင်းများစွာတို့ကိုလည်းကောင်း၊ ဘဝသိန်းပေါင်းများစွာတို့ကိုလည်းကောင်း 'ထို (ဘဝ) ၌ (ငါ) သည် ဤသို့သော အမည် ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်း ရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါ) သည် ထို (ဘဝ) မှ သေခဲ့၍ ထို (ဘဝ) ၌ ဖြစ်ပြန်ခဲ့၏၊ ထို (ဘဝ) ၌လည်း ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ် ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြားရှိခဲ့၏၊ ထို (ငါ) သည် ထို (ဘဝ) မှ သေခဲ့၍ ဤ (ဘဝ) ၌ ဖြစ်ပြန်ခဲ့၏'ဟု အခြင်းအရာနှင့်တကွညွှန်ပြဖွယ် (အမည် အနွယ်) နှင့်တကွ များပြားသော ရှေး၌ နေဖူးသော ဘဝကို အောက်မေ့ နိုင်၏။

ထိုသူသည် ဤသို့ ဆို၏ -

''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏၊ မြုံ၏၊ တောင်ထွတ်ကဲ့သို့ တည်၏၊ ခိုင်မြဲသော တံခါးတိုင်ကဲ့သို့ တည်၏၊ ထိုသတ္တဝါတို့သည်ပင်လျှင် (တစ်ဘဝမှ တစ်ဘဝသို့) ပြေးသွားကုန်၏၊ ကျင်လည်ကုန်၏၊ သေကုန်၏၊ ဖြစ်ပေါ်ကုန်၏။ (အတ္တနှင့်လောကသည်) မြဲသော အရာတို့နှင့်တူစွာ အမြဲရှိနေသည်သာတည်း၊ အဘယ့်ကြောင့်ဆိုသော် ငါသည် ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာအားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍ မမေ့လျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့ သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ်သည် တည်ကြည်လတ်သော် များပြားသော ရှေး၌ နေဖူးသော ဘဝကို အောက်မေ့နိုင်၏၊ ဤသည်တို့ကား အဘယ်နည်း -

တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝလေးဆယ်တို့ကိုလည်းကောင်း ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ ဘဝရာပေါင်းများစွာတို့ကိုလည်းကောင်း၊ ဘဝထောင်ပေါင်းများစွာတို့ကိုလည်းကောင်း၊ ဘဝသိန်းပေါင်းများစွာတို့ကိုလည်းကောင်း ' ထို (ဘဝ) ၌ (ငါ) သည် ဤသို့သော အမည် ရှိခဲ့၏၊ ဤသို့သောအနွယ် ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာ ရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကိုခံစားခဲ့၏၊ ဤသို့ သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါ) သည် ထို (ဘဝ) မှ သေခဲ့၍ ထို (ဘဝ) ၌ဖြစ်ပြန်ခဲ့၏၊ ထို (ဘဝ) ၌လည်း ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သောအဆင်းရှိခဲ့၏၊ ဤသို့ သော အစာ ရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သောအသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါ) သည် ထို (ဘဝ) မှ သေခဲ့၍ ဤ (ဘဝ) ၌ ဖြစ်ပြန်ခဲ့၏'ဟုအခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့် တကွ များပြားသော ရှေး၌ နေဖူးသော ဘဝကိုအောက်မေ့နိုင်၏။ ငါသည် ဤ အကြောင်းကြောင့် -

' အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏၊ ။မုံ၏၊ တောင်ထွတ်ကဲ့သို့ တည်၏၊ ခိုင်မြဲသော တံခါးတိုင်ကဲ့သို့ တည်၏၊ ထိုသတ္တဝါတို့သည်ပင်လျှင် (တစ်ဘဝမှ တစ်ဘဝသို့) ပြေးသွားကုန်၏၊ ကျင်လည်ကုန်၏၊ သေကုန်၏၊ ဖြစ်ပေါ်ကုန်၏၊ (အတ္တနှင့်လောကသည်) မြဲသောအရာတို့နှင့် တူစွာ အမြဲရှိနေသည်သာတည်း'ဟု သိ၏'' ဟူ၍ ဆို၏။

ရဟန်းတို့ ဤသည်ကား ပဌမအကြောင်းတည်း၊ ယင်းကို အကြောင်းပြု၍ ယင်းကို စွဲမှီ၍ တည်မြဲအယူ ရှိကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်းတည်မြဲ၏ဟု ပြကုန်၏။ (၁)

------

၁။ ပုဗ္ဗေနိဝါသ (ပါဠိ) ပုဗ္ဗေ -ရှေး၌၊ နိဝါသ -နေဖူးသောဘဝ။

သဿတဒိဋ္ဌိ ဒုတိယဝါဒ

၃၂။ ဒုတိယဝါဒ၌ကား တည်မြဲအယူရှိကုန်သော အသျှင်သမဏဗြာဟ္မဏတို့သည် အဘယ်ကိုအကြောင်းပြု၍ အဘယ်ကို စွဲမှီ၍ အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း တည်မြဲ၏ဟု ပြကုန်သနည်း။

ရဟန်းတို့ ဤလောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ပြင်းစွာအားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍ မမေ့လျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ်သည် တည်ကြည်လတ်သော် များပြားသော ရှေး၌ နေဖူးသော ဘဝကို အောက်မေ့နိုင်၏၊ ဤသည်တို့ကား အဘယ်နည်း -

တစ်ခုသော ပျက်ကပ်ဖြစ်ကပ်ကိုလည်းကောင်း၊ နှစ်ခုသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း၊ သုံးခုသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း၊ လေးခုသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း၊ ငါးခု သောပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း၊ ဆယ်ခုသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း ' ထို (ဘဝ) ၌ (ငါ) သည် ဤသို့သော အမည် ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သောအဆင်းရှိခဲ့၏၊ ဤသို့ သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာ ဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သောအသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါ) သည် ထို (ဘဝ) မှ သေခဲ့၍ ထို (ဘဝ) ၌ဖြစ်ပြန်ခဲ့၏၊ ထို (ဘဝ) ၌လည်း ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သောအဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာ ဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သောအသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါ) သည် ထို (ဘဝ) မှ သေခဲ့၍ ဤ (ဘဝ) ၌ ဖြစ်ပြန်ခဲ့၏'ဟုအခြင်းအရာနှင့် တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ နေဖူးသော ဘဝကိုအောက်မေ့နိုင်၏၊

ထိုသူသည် ဤသို့ ဆို၏ -

''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏၊ မြုံ၏၊ တောင်ထွတ်ကဲ့သို့ တည်၏၊ ခိုင်မြဲသော တံခါးတိုင်ကဲ့သို့ တည်၏၊ ထိုသတ္တဝါတို့သည်ပင်လျှင် (တစ်ဘဝမှ တစ်ဘဝသို့) ပြေးသွားကုန်၏၊ ကျင်လည်ကုန်၏၊ သေကုန်၏၊ ဖြစ်ပေါ်ကုန်၏၊ (အတ္တနှင့် လောကသည်) မြဲသောအရာတို့နှင့် တူစွာ အမြဲရှိနေသည်သာတည်း၊ အဘယ်ကြောင့် ဆိုသော် -

ငါသည် ပြင်းစွာအားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍မမေ့လျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်း ကိုရ၏၊ ယင်းသို့ စိတ်သည် တည်ကြည်လတ်သော် များပြားသော ရှေး၌နေဖူးသော ဘဝကို အောက်မေ့နိုင်၏၊ ဤသည်တို့ကား အဘယ်နည်း -

တစ်ခုသော ပျက်ကပ်ဖြစ်ကပ်ကိုလည်းကောင်း၊ နှစ်ခုသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း၊ သုံးခုသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း၊ လေးခုသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း၊ ငါးခုသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း၊ ဆယ်ခုသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း ' ထို (ဘဝ) ၌ (ငါ) သည် ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ် ရှိခဲ့၏၊ ဤသို့သောအဆင်း ရှိခဲ့၏၊ ဤသို့သော အစာ ရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သောအသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါ) သည် ထို (ဘဝ) မှ သေခဲ့၍ ထို (ဘဝ) ၌ ဖြစ်ပြန်ခဲ့၏၊ ထို (ဘဝ) ၌လည်း ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာ ဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သောအသက်အပိုင်းအခြားရှိခဲ့၏၊ ထို (ငါ) သည် ထို (ဘဝ) မှ သေခဲ့၍ ဤ (ဘဝ) ၌ ဖြစ်ပြန်ခဲ့၏'ဟုအခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ နေဖူးသော ဘဝကိုအောက်မေ့နိုင်၏၊ ငါသည် ဤအကြောင်းကြောင့် -

' အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏၊ မြုံ၏၊ တောင်ထွတ်ကဲ့သို့ တည်၏၊ ခိုင်မြဲသော တံခါးတိုင်ကဲ့သို့ တည်၏၊ ထိုသတ္တဝါတို့သည်ပင်လျှင် (တစ်ဘဝမှ တစ်ဘဝသို့) ပြေးသွားကုန်၏၊ ကျင်လည်ကုန်၏၊ သေကုန်၏၊ ဖြစ်ပေါ်ကုန်၏၊ (အတ္တနှင့် လောကသည်) မြဲသောအရာတို့နှင့် တူစွာ အမြဲရှိနေသည်သာတည်း'ဟု သိ၏'' ဟူ၍ ဆို၏။

ရဟန်းတို့ ဤသည်ကား ဒုတိယ အကြောင်းတည်း၊ ယင်းကို အကြောင်းပြု၍ ယင်းကို စွဲမှီ၍ တည်မြဲအယူရှိကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်းတည်မြဲ၏ဟု ပြကုန်၏။ (၂)

------

သဿတဒိဋ္ဌိ - တတိယဝါဒ

၃၃။ တတိယဝါဒ၌ကား တည်မြဲအယူရှိကုန်သော အသျှင်သမဏဗြာဟ္မဏတို့သည် အဘယ်ကို အကြောင်းပြု၍ အဘယ်ကို စွဲမှီ၍ အတ္တကိုလည်းကောင်း လောကကိုလည်းကောင်း တည်မြဲ၏ဟု ပြကုန်သနည်း။

ရဟန်းတို့ ဤလောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ပြင်းစွာအားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍ မမေ့လျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ်သည် တည်ကြည်လတ်သော် များပြားသော ရှေး၌ နေဖူးသော ဘဝကို အောက်မေ့နိုင်၏၊ ဤသည်တို့ကား အဘယ်နည်း -

ဆယ်ခုသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း၊ နှစ်ဆယ်သော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း၊ သုံးဆယ်သော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း၊ လေးဆယ်သော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း ' ထို (ဘဝ) ၌ (ငါ) သည် ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သောအသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါ) သည် ထို (ဘဝ) မှ သေခဲ့၍ ထို (ဘဝ) ၌ ဖြစ်ပြန်ခဲ့၏၊ ထို (ဘဝ) ၌လည်း ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သောအစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါ) သည် ထို (ဘဝ) မှ သေခဲ့၍ ဤ (ဘဝ) ၌ ဖြစ်ပြန်ခဲ့၏'ဟု အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့် တကွ များပြားသော ရှေး၌နေဖူးသော ဘဝကို အောက်မေ့နိုင်၏။

ထိုသူသည် ဤသို့ ဆို၏ -

''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏၊ ။မုံ၏၊ တောင်ထွတ်ကဲ့သို့ တည်၏၊ ခိုင်မြဲသော တံခါးတိုင်ကဲ့သို့ တည်၏၊ ထိုသတ္တဝါတို့သည်ပင်လျှင် (တစ်ဘဝမှ တစ်ဘဝသို့) ပြေးသွားကုန်၏၊ ကျင်လည်ကုန်၏၊ သေကုန်၏၊ ဖြစ်ပေါ်ကုန်၏၊ (အတ္တနှင့် လောကသည်) မြဲသောအရာတို့နှင့်တူစွာ အမြဲရှိနေသည်သာတည်း၊ အဘယ်ကြောင့်ဆိုသော် -

ငါသည် ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကိုစွဲ၍ မမေ့လျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည့်ခြင်းကို ရ၏၊ ယင်းသို့ စိတ်သည် တည်ကြည်လတ်သော် များပြားသော ရှေး၌ နေဖူးသော ဘဝကိုအောက်မေ့နိုင်၏၊ ဤသည်တို့ကား အဘယ်နည်း -

ဆယ်ခုသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း၊ နှစ်ဆယ်သော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း၊ သုံးဆယ်သော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း၊ လေးဆယ်သော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း ' ထို (ဘဝ) ၌ (ငါ) သည် ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သောအသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါ) သည် ထို (ဘဝ) မှ သေခဲ့၍ ထို (ဘဝ) ၌ ဖြစ်ပြန်ခဲ့၏၊ ထို (ဘဝ) ၌လည်း ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ် ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သောအစာရှိခဲ့၏၊ ဤသို့သော ချမ်းသာ ဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါ) သည် ထို (ဘဝ) မှ သေခဲ့၍ ဤ (ဘဝ) ၌ ဖြစ်ပြန်ခဲ့၏'ဟု အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့် တကွ များပြားသော ရှေး၌ နေဖူးသော ဘဝ ကို အောက်မေ့နိုင်၏၊ ငါသည် ဤအကြောင်းကြောင့် -

' အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏၊ မြုံ၏၊ တောင်ထွတ်ကဲ့သို့ တည်၏၊ ခိုင်မြဲသော တံခါးတိုင်ကဲ့သို့ တည်၏၊ ထိုသတ္တဝါတို့သည်ပင်လျှင် (တစ်ဘဝမှ တစ်ဘဝသို့) ပြေးသွားကုန်၏၊ ကျင်လည်ကုန်၏၊ သေကုန်၏၊ ဖြစ်ပေါ်ကုန်၏၊ (အတ္တနှင့် လောကသည်) မြဲသောအရာ တို့နှင့်တူစွာ အမြဲရှိနေသည်သာတည်း'ဟု သိ၏'' ဟူ၍ ဆို၏။

ရဟန်းတို့ ဤသည်ကား တတိယ အကြောင်းတည်း၊ ယင်းကို အကြောင်းပြု၍ ယင်းကို စွဲမှီ၍တည်မြဲအယူရှိကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် အတ္တကိုလည်းကောင်း လောကကိုလည်းကောင်း တည်မြဲ၏ဟု ပြကုန်၏။ (၃)

------

သဿတဒိဋ္ဌိ စတုတ္ထဝါဒ

၃၄။ စတုတ္ထဝါဒ၌ကား တည်မြဲအယူရှိကုန်သော အသျှင်သမဏဗြာဟ္မဏတို့သည် အဘယ်ကိုအကြောင်းပြု၍ အဘယ်ကို စွဲမှီ၍ အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း တည်မြဲ၏ဟု ပြကုန်သနည်း။

ရဟန်းတို့ ဤလောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်းကြံစည်လေ့ရှိ၏၊ စူးစမ်းလေ့ရှိ၏၊ ထိုသူသည် အမျိုးမျိုး ကြံစည်၍ စူးစမ်းဆင်ခြင်၍ မိမိ၏ ထင်မြင်ချက်ကို ဤသို့ ဆို၏ -

''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏၊ ။မုံ၏၊ တောင်ထွတ်ကဲ့သို့ တည်၏၊ ခိုင်မြဲသော တံခါးတိုင်ကဲ့သို့ တည်၏၊ ထိုသတ္တဝါတို့သည်ပင်လျှင် (တစ်ဘဝမှ တစ်ဘဝသို့) ပြေးသွားကုန်၏၊ ကျင်လည်ကုန်၏၊ သေကုန်၏၊ ဖြစ်ပေါ်ကုန်၏၊ (အတ္တနှင့် လောကသည်) မြဲသောအရာတို့နှင့် တူစွာ အမြဲရှိနေသည်သာတည်း''ဟု ဆို၏။

ရဟန်းတို့ ဤသည်ကား စတုတ္ထအကြောင်းတည်း၊ ယင်းကို အကြောင်းပြု၍ ယင်းကို စွဲမှီ၍တည်မြဲအယူရှိကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် အတ္တကိုလည်းကောင်း လောကကိုလည်းကောင်း တည်မြဲ၏ဟု ပြကုန်၏။ (၄)

၃၅။ ရဟန်းတို့ တည်မြဲအယူရှိကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည် အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း တည်မြဲ၏ဟု လေးမျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏။

ရဟန်းတို့ တည်မြဲအယူရှိကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည် အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း တည်မြဲ၏ဟု ပြကြလျှင် ဤလေးမျိုးသော အကြောင်းတို့ဖြင့်သော်လည်းကောင်း ဤ (လေးမျိုး) တို့တွင် တစ်မျိုးမျိုးသော အကြောင်းဖြင့်သော်လည်းကောင်း ပြကုန်၏၊ ဤ (လေးမျိုး) တို့မှတစ်ပါးသော အကြောင်း မရှိ။

၃၆။ ရဟန်းတို့ ''ဤအယူတို့သည် ဤသို့ စွဲယူထားလျှင် ဤသို့ မှားယွင်းစွာ သုံးသပ်ထားလျှင် ဤသို့လားရာရှိကုန်၏၊ ဤသို့ တမလွန်ရှိကုန်၏''ဟု မြတ်စွာဘုရားသည် ထို (လေးမျိုးသောအယူ) ကိုသိတော်မူ၏။

မြတ်စွာဘုရားသည် ထို (လေးမျိုးသောအယူ) ကိုလည်း သိတော်မူ၏၊ ထို့ထက် အထူးသဖြင့် လွန်မြတ်သော တရားကိုလည်း သိတော်မူ၏၊ ထို (အထူးသဖြင့် လွန်မြတ်သောတရား) ကို သိတော်မူသော်လည်း မှားယွင်းစွာ မသုံးသပ်၊ မှားယွင်းစွာမသုံးသပ်သောကြောင့် ထို (မြတ်စွာဘုရား) သည် ကိုယ်တော်တိုင်သာလျှင် နိဗ္ဗာန်ကို သိတော်မူ၏။

ရဟန်းတို့ မြတ်စွာဘုရားသည် ဝေဒနာတို့၏ ဖြစ်ကြောင်းကိုလည်းကောင်း၊ ချုပ်ကြောင်းကိုလည်းကောင်း သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ (ဝေဒနာတို့မှ) ထွက်မြောက်ရာကိုလည်းကောင်းဟုတ်မှန်သောအတိုင်း သိတော်မူသဖြင့် (တစ်စုံတစ်ရာ) မစွဲလမ်းမူ၍ လွတ်မြောက်တော်မူ၏။

၃၇။ ရဟန်းတို့ မြတ်စွာဘုရားသည် အကြင် (တရား) တို့ကို ကိုယ်တော်တိုင် ထူးသော ဉာဏ်ဖြင့်မျက်မှောက်ပြု၍ ဟောတော်မူ၏၊ မြတ်စွာဘုရား၏ဟုတ်မှန်သောဂုဏ်ကို မှန်စွာ ပြောလိုကြလျှင် အကြင် (တရား) တို့ဖြင့် ပြောကြရာ၏၊ နက်နဲကုန်သော မြင်နိုင်ခဲကုန်သော သိနိုင်ခဲကုန်သော ငြိမ်သက်ကုန်သော မွန်မြတ်ကုန်သော ကြံစည်ခြင်းဖြင့် မရောက်နိုင်ကုန်သော သိမ်မွေ့ကုန်သော ပညာရှိတို့သာ သိနိုင်ကုန်သော ထိုတရားတို့သည် ဤသည်တို့ပင်တည်း။

ပဌမဘာဏဝါရ ပြီး၏။

------

ဧကစ္စသဿတဒိဋ္ဌိ

အချို့တည်မြဲအယူ လေးမျိုး

၃၈။ ရဟန်းတို့ အချို့တည်မြဲ အချို့မတည်မြဲ အယူရှိကုန်သော အချို့သောသမဏဗြာဟ္မဏ တို့သည်ရှိကုန်၏၊ (ထိုသူတို့သည်) အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း အချို့တည်မြဲ၏၊ အချို့မတည်မြဲဟု လေးမျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏၊ အချို့တည်မြဲ အချို့မတည်မြဲ အယူရှိကုန်သော ထိုသမဏဗြာဟ္မဏတို့သည် အဘယ်ကို အကြောင်းပြု၍ အဘယ်ကို စွဲမှီ၍ အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း အချို့ တည်မြဲ၏ အချို့မတည်မြဲဟု လေးမျိုးသော အကြောင်းတို့ဖြင့် ပြကုန်သနည်း။

ဧကစ္စသဿတဒိဋ္ဌိ ပဌမဝါဒ

၃၉။ ရဟန်းတို့ ရှည်သောကာလလွန်သော် တစ်ရံတစ်ခါ၌ ဤလောကသည် ပျက်၏၊ ထိုအခါသည်ရှိသည်သာတည်း၊ လောကပျက်လတ်သော် သတ္တဝါတို့သည် များသောအားဖြင့် အာဘဿရ ဘုံ၌ ဖြစ်ကုန်၏၊ ထိုသူတို့သည် ထိုဘုံ၌ ဈာန်စိတ်ကြောင့် ဖြစ်ကုန်၏၊ နှစ်သိမ့်ခြင်း (ပီတိ) လျှင် အစာရှိကုန်၏၊ မိမိတို့ ကိုယ်ရောင်ဖြင့် လင်းလျက်ရှိကုန်၏၊ ကောင်းကင်၌ ကျက်စားကုန်၏၊ တင့်တယ်သော နေရာရှိကုန်၏၊ ကြာရှည်စွာသော ကာလပတ်လုံး တည်ကုန်၏။

၄၀။ ရဟန်းတို့ ရှည်သော ကာလလွန်သော် တစ်ရံတစ်ခါ၌ ဤလောကသည် ဖြစ်၏၊ ထိုအခါသည်ရှိသည်သာတည်း၊ လောကဖြစ်လတ်သော် (သတ္တဝါမှ) ဆိတ်သော ဗြဟ္မာ့ဗိမာန်သည် ထင်ရှားဖြစ်ပေါ်၏၊ ထိုအခါ တစ်ဦးတစ်ယောက်သော သတ္တဝါသည် အသက်ကုန်သော ကြောင့်ဖြစ်စေ ကောင်းမှုကံကုန်သော ကြောင့်ဖြစ်စေ အာဘဿရဘုံမှ သေခဲ့၍ (သတ္တဝါမှ) ဆိတ်သော ဗြဟ္မာ့ဗိမာန်၌ ဖြစ်ပေါ်၏၊ ထိုသူသည့်ထိုဘုံ၌ ဈာန်စိတ်ကြောင့် ဖြစ်၏၊ နှစ်သိမ့်ခြင်း (ပီတိ) လျှင် အစာရှိ၏၊ မိမိကိုယ်ရောင်ဖြင့် လင်းလျက်ရှိ၏၊ ကောင်းကင်၌ ကျက်စား၏၊ တင့်တယ်သော နေရာရှိ၏၊ ကြာရှည်စွာသော ကာလပတ်လုံး တည်၏။

၄၁။ ထိုဘုံ၌ ထိုသူသည် တစ်ယောက်ထီးတည်း ကာလရှည်စွာ နေရသောကြောင့် မမွေ့လျော်သည်ဖြစ်၍ ''တစ်ပါးသော သတ္တဝါတို့လည်း ဤဘုံသို့ ရောက်လာဘိမူ ကောင်းလေစွ''ဟု တောင့်တ၏။ထိုအခါ တစ်ပါးသော သတ္တဝါတို့လည်း အသက်ကုန်သော ကြောင့်ဖြစ်စေ ကောင်းမှုကံကုန်သော ကြောင့်ဖြစ်စေ အာဘဿရဘုံမှ သေခဲ့ကုန်၍ ထိုသတ္တဝါ၏ အဖော်အဖြစ်ဖြင့် ဗြဟ္မာ့ဘုံ၌ ဖြစ်ပေါ်ကုန်၏၊ ထိုသူတို့သည်လည်း ထိုဘုံ၌ ဈာန်စိတ်ကြောင့် ဖြစ်ကုန်၏၊ နှစ်သိမ့်ခြင်း (ပီတိ) လျှင် အစာရှိကုန်၏၊ မိမိတို့ ကိုယ် ရောင်ဖြင့် လင်းလျက် ရှိကုန်၏၊ ကောင်းကင်၌ ကျက်စားကုန်၏၊ တင့်တယ်သောနေရာရှိကုန်၏၊ ကြာ ရှည်စွာသော ကာလပတ်လုံး တည်ကုန်၏။

၄၂။ ရဟန်းတို့ ထိုသတ္တဝါတို့တွင် ရှေးဦးစွာ ဖြစ်ပေါ်နှင့်သော သတ္တဝါအား ဤသို့ အကြံဖြစ်၏ -

''ငါသည် ဗြဟ္မာဖြစ်၏၊ မဟာဗြဟ္မာဖြစ်၏၊ လွှမ်းမိုးနိုင်သူဖြစ်၏၊ မည်သူကမျှ မလွှမ်းမိုးနိုင် သူဖြစ်၏၊ စင်စစ် (အလုံးစုံကို) မြင်သူဖြစ်၏၊ အလိုအတိုင်း ဖြစ်စေနိုင်သူဖြစ်၏၊ အစိုးရသူဖြစ်၏၊ ပြုသူဖြစ်၏၊ ဖန်ဆင်းသူ ဖြစ်၏၊ အမြတ်ဆုံးဖြစ်၏၊ စီမံသူဖြစ်၏၊ (ဈာန်၌) လေ့လာပြီးသူဖြစ်၏၊ ဖြစ်ပြီးဖြစ်ဆဲသတ္တဝါတို့၏ အဖဖြစ်၏၊ ဤသတ္တဝါတို့ကို ငါ ဖန်ဆင်းထား၏၊ အဘယ်ကြောင့် ဆိုသော် -

' တစ်ပါးသော သတ္တဝါတို့သည်လည်း ဤဘုံသို့ ရောက်လာဘိမူ ကောင်းလေစွ'ဟု ငါ့အား ရှေး၌အကြံ ဖြစ်ခဲ့၏၊ ငါ့အား ဤသို့ တောင့်တခြင်းလည်း ဖြစ်၏၊ ဤသတ္တဝါတို့သည်လည်း ဤ (ဗြဟ္မာ့) ဘုံသို့ရောက်လာကုန်၏''ဟု အကြံဖြစ်၏။

နောက်မှ ဖြစ်ပေါ်လာသော သတ္တဝါတို့အားလည်း ဤသို့ အကြံဖြစ်၏ -

''ဤအသျှင်သည် ဗြဟ္မာဖြစ်၏၊ မဟာဗြဟ္မာဖြစ်၏၊ လွှမ်းမိုးနိုင်သူဖြစ်၏၊ မည်သူကမျှ မလွှမ်းမိုးနိုင်သူဖြစ်၏၊ စင်စစ် (အလုံးစုံကို) မြင်သူဖြစ်၏၊ အလိုအတိုင်း ဖြစ်စေနိုင်သူဖြစ်၏၊ အစိုးရသူ ဖြစ်၏၊ ပြုသူဖြစ်၏၊ ဖန်ဆင်းသူဖြစ်၏၊ အမြတ်ဆုံးဖြစ်၏၊ စီမံသူဖြစ်၏၊ (ဈာန်၌) လေ့လာပြီးသူဖြစ်၏၊ ဖြစ်ပြီး ဖြစ်ဆဲသတ္တဝါတို့၏ အဖ ဖြစ်၏၊ ငါတို့ကို ဤအရှင်ဗြဟ္မာဖန်ဆင်းထား၏၊ အဘယ့်ကြောင့်ဆိုသော် -

ဤဘုံ၌ ဤဗြဟ္မာကြီး ရှေးဦးစွာ ဖြစ်ပေါ်နေနှင့်သည်ကို ငါတို့ မြင်ရကုန်၏၊ ငါတို့သည်ကား နောက်မှဖြစ်ပေါ်လာကုန်၏''ဟု အကြံဖြစ်၏။

၄၃။ ရဟန်းတို့ ထိုသတ္တဝါတို့တွင် ရှေးဦးစွာ ဖြစ်ပေါ်နှင့်သော သတ္တဝါသည် အသက်လည်း သာ လွန်၍ရှည်၏၊ အဆင်းလည်း သာလွန်၍ လှ၏၊ တန်ခိုးလည်း သာလွန်၍ ကြီး၏၊ နောက်မှ ဖြစ်ပေါ်လာကုန်သော သတ္တဝါတို့သည်ကား (ရှေးဦးစွာ ဖြစ်ပေါ်နှင့်သော သတ္တဝါနှင့် နှိုင်းစာလျှင်) အသက်လည်းတိုကုန်၏၊ အဆင်းလည်း မလှကုန်၊ တန်ခိုးလည်း နည်းကုန်၏။

၄၄။ ရဟန်းတို့ ဤသို့သော အကြောင်းသည် ရှိသေး၏၊ တစ်ဦးတစ်ယောက်သော သတ္တဝါသည် ထို (ဗြဟ္မာ့) ဘုံမှ စုတေခဲ့၍ ဤ (လူ့ဘုံ) သို့ ရောက်လာသော် လူ့ဘောင်မှ ရသေ့ရဟန်းဘောင်သို့ ဝင်ပြီးလျှင် ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ မြမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍မမေ့လျော့ခြင်းကို စွွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကိုရ၏၊ ယင်းသို့ စိတ်သည် တည်ကြည်လတ်သော် ရှေး၌ နေဖူးသော ထို (ဗြဟ္မာ့) ဘဝကို အောက်မေ့နိုင်၏၊ ထို့ထက် လွန်၍ မအောက်မေ့နိုင်၊ ထိုသူသည် ဤသို့ ဆို၏ -

''အကြင်အသျှင်သည် ဗြဟ္မာဖြစ်၏၊ မဟာဗြဟ္မာဖြစ်၏၊ လွှမ်းမိုးနိုင်သူဖြစ်၏၊ မည်သူကမျှမလွှမ်းမိုးနိုင်သူဖြစ်၏၊ စင်စစ် (အလုံးစုံကို) မြင်သူဖြစ်၏၊ အလိုအတိုင်း ဖြစ်စေနိုင်သူဖြစ်၏၊ အစိုးရသူဖြစ်၏၊ ပြုသူဖြစ်၏၊ ဖန်ဆင်းသူဖြစ်၏၊ အမြတ်ဆုံးဖြစ်၏၊ စီမံသူဖြစ်၏၊ (ဈာန်၌) လေ့လာပြီးသူဖြစ်၏၊ ဖြစ်ပြီးဖြစ်ဆဲ သတ္တဝါတို့၏ အဖဖြစ်၏၊ ငါတို့ကို ယင်းအရှင်ဗြဟ္မာ ဖန်ဆင်းထား၏၊ ထို (ဗြဟ္မာ) သည် (ဖြစ်ပေါ်ခြင်းမရှိ၍) မြဲ၏၊ (သေခြင်းမရှိ၍) ခိုင်မြဲ၏၊ (ထာဝစဉ်ရှိနေ၍) တည်မြဲ၏၊ ဖောက်ပြန်ခြင်းသဘော မရှိ၊ (ထို့ကြောင့်) မြဲသော အရာတို့နှင့် တူစွာ တည်မြဲတိုင်းပင် တည်လတ္တံ့၊ ထိုအရှင်ဗြဟ္မာ ဖန်ဆင်းထားသော ငါတို့သည်ကား (ဖြစ်ပေါ်ခြင်းရှိ၍) မမြဲကုန်၊ (သေခြင်းရှိ၍) မခိုင်မြဲကုန်၊ အသက်တိုကုန်၏၊ သေခြင်းသဘောရှိကုန်၏၊ (ထို့ကြောင့်) ဤ (လူ့) ဘုံသို့ရောက်လာကုန်၏''ဟု ဆို၏။

ရဟန်းတို့ ဤသည်ကား ပဌမ အကြောင်းတည်း၊ ယင်းကို အကြောင်းပြု၍ ယင်းကို စွဲမှီ၍ အချို့တည်မြဲ အချို့မတည်မြဲ အယူရှိကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် အတ္တကိုလည်းကောင်း လောကကိုလည်းကောင်း အချို့တည်မြဲ၏ အချို့မတည်မြဲဟု ပြကုန်၏။ (၁-၅)

------

၁။ ဒုတိယဈာန်သုံးဘုံတွင် တတိယဘုံ၊ အရောင်အဝါထွက်သော ဗြဟ္မာတို့၏နေရာ။

ဧကစ္စသဿတဒိဋ္ဌိ ဒုတိယဝါဒ

၄၅။ ဒုတိယဝါဒ၌ကား အချို့တည်မြဲ အချို့မတည်မြဲ အယူရှိကုန်သော အသျှင်သမဏဗြာဟ္မဏတို့သည်အဘယ်ကို အကြောင်းပြု၍ အဘယ်ကို စွဲမှီ၍ အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်းအချို့တည်မြဲ၏ အချို့မတည်မြဲဟု ပြကုန်သနည်း -

ရဟန်းတို့ ခိဍ္ဍာပဒေါသိက မည်သော နတ်တို့သည် ရှိကုန်၏၊ ထိုနတ်တို့သည် အလွန်ကြာမြင့်စွာကျီစယ် ပျော်ပါးလျက် နေကုန်၍ (စားသောက်ရန်) သတိမေ့သောကြောင့် ထိုနတ်ဘဝမှ စုတေကုန်၏။

၄၆။ ရဟန်းတို့ ဤသို့သော အကြောင်းသည် ရှိသေး၏၊ တစ်ဦးတစ်ယောက်သော သတ္တဝါသည် ထို (နတ်) ဘုံမှ စုတေခဲ့၍ ဤ (လူ့) ဘုံသို့ ရောက်လာသော် လူ့ဘောင်မှ ရသေ့ရဟန်းဘောင်သို့ ဝင်ပြီးလျှင် ပြင်းစွာအားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍မမေ့လျော့ခြင်းကို စွွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကိုရ၏၊ ယင်းသို့ စိတ်သည် တည်ကြည်လတ်သော် ရှေး၌ နေဖူးသော ထို (နတ်) ဘဝကိုအောက်မေ့နိုင်၏၊ ထို့ထက်လွန်၍ မအောက်မေ့နိုင်၊ ထိုသူသည် ဤသို့ ဆို၏ -

''အကြင်အသျှင်နတ်တို့သည် ခိဍ္ဍာပဒေါသိက မဟုတ်ကုန်၊ ထိုနတ်တို့သည် အလွန်ကြာမြင့်စွာကျီစယ်ပျော်ပါးလျက် မနေကုန်၍ (စားသောက်ရန်) သတိမမေ့သောကြောင့် ထိုနတ်ဘဝမှ မစုတေ ကုန်၊ (ဖြစ်ပေါ်ခြင်းမရှိ၍) မြဲကုန်၏၊ (သေခြင်းမရှိ၍) ခိုင်မြဲကုန်၏၊ (ထာဝစဉ်ရှိနေ၍) တည်မြဲ ကုန်၏၊ ဖောက်ပြန်ခြင်းသဘော မရှိကုန်၊ (ထို့ကြောင့်) မြဲသော အရာတို့နှင့်တူစွာ တည်မြဲ တိုင်းပင်တည်ကုန်လတ္တံ့၊ ခိဍ္ဍာပဒေါသိကဖြစ်သော ငါတို့သည်ကား အလွန်ကြာ မြင့်စွာ ကျီစယ် ပျော်ပါးလျက်နေကုန်၍ (စားသောက်ရန်) သတိမေ့သောကြောင့် ထို (နတ်) ဘဝမှ စုတေခဲ့ကုန်၏၊ (ဖြစ်ပေါ်ခြင်းရှိ၍) မမြဲကုန်၊ (သေခြင်းရှိ၍) မခိုင်မြဲကုန်၊ အသက်တိုကုန်၏၊ သေခြင်းသဘော ရှိကုန်၏။ (ထို့ကြောင့်) ဤ (လူ့) ဘုံသို့ ရောက်လာကုန်၏''ဟု ဆို၏။

ရဟန်းတို့ ဤသည်ကား ဒုတိယ အကြောင်းတည်း၊ ယင်းကို အကြောင်းပြု၍ ယင်းကို စွဲမှီ၍အချို့တည်မြဲ အချို့မတည်မြဲ အယူရှိကုန်သော အချို့သမဏဗြာဟ္မဏတို့သည် အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း အချို့တည်မြဲ၏၊ အချို့မတည်မြဲဟု ပြကုန်၏။ (၂-၆)

------

၁။ ခိဍ္ဍာပဒေါသိက (ပါဠိ) ခဍ္ဍာ = ပျော်ပါးခြင်းကြောင့် + ပဒေါသိက = ပျက်စီးသောနတ်။

ဧကစ္စသဿတဒိဋ္ဌိ တတိယဝါဒ

၄၇။ တတိယဝါဒ၌ကား အချို့တည်မြဲ အချို့မတည်မြဲ အယူရှိကုန်သော အသျှင်သမဏဗြာဟ္မဏတို့သည် အဘယ်ကို အကြောင်းပြု၍ အဘယ်ကို စွဲမှီ၍ အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်းအချို့တည်မြဲ၏ အချို့မတည်မြဲဟု ပြကုန်သနည်း -

ရဟန်းတို့ မနောပဒေါသိက မည်သော နတ်တို့သည် ရှိကုန်၏၊ ထိုနတ်တို့သည် အလွန်ကြာမြင့်စွာအချင်းချင်း တစိန်းစိန်း ကြည့်ကုန်သဖြင့် အချင်းချင်း ဒေါသစိတ်ဖြစ်ကုန်၍ ကိုယ်စိတ်ပင်ပန်းသောကြောင့်ထိုနတ်ဘဝမှ စုတေကုန်၏။

၄၈။ ရဟန်းတို့ ဤသို့သော အကြောင်းသည် ရှိသေး၏၊ တစ်ဦးတစ်ယောက်သော သတ္တဝါသည်ထို (နတ်) ဘုံမှ စုတေခဲ့၍ ဤ (လူ့) ဘုံသို့ ရောက်လာသော် လူ့ဘောင်မှ ရသေ့ရဟန်းဘောင်သို့ ဝင်ပြီးလျှင် ပြင်းစွာအားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍မမေ့ လျော့ခြင်းကို စွွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကိုရ၏၊ ယင်းသို့ စိတ်သည် တည်ကြည်လတ်သော် ရှေး၌ နေဖူးသောထို (နတ်) ဘဝကို အောက်မေ့နိုင်၏၊ ထို့ထက်လွန်၍ မအောက်မေ့နိုင်၊ ထိုသူသည် ဤသို့ ဆို၏ -

''အကြင် အသျှင်နတ်တို့သည် မနောပဒေါသိက မဟုတ်ကုန်၊ ထိုနတ်တို့သည် အလွန်ကြာမြင့်စွာအချင်းချင်း တစိန်းစိန်း မကြည့်ကုန်သဖြင့် အချင်းချင်း ဒေါသစိတ် မဖြစ်ကုန်၍ ကိုယ်စိတ်မပင်ပန်းကုန်သော ကြောင့် ထို (နတ်) ဘဝမှ မစုတေကုန်၊ (ဖြစ်ပေါ်ခြင်း မရှိ၍) မြဲကုန်၏၊ (သေခြင်း မရှိ၍) ခိုင်မြဲကုန်၏၊ (ထာဝစဉ်ရှိနေ၍) တည်မြဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော မရှိကုန်၊ (ထို့ကြောင့်) မြဲသောအရာတို့နှင့် တူစွာ တည်မြဲတိုင်းပင် တည်ကုန်လတ္တံ့၊ မနောပဒေါသိကဖြစ် သော ငါတို့ကားအလွန်ကြာမြင့်စွာ အချင်းချင်း တစိန်းစိန်း ကြည့်ကုန်သဖြင့် အချင်းချင်း ဒေါသ စိတ်ဖြစ်ကုန်၍ကိုယ်စိတ်ပင်ပန်းသောကြောင့် ထို (နတ်) ဘဝမှ စုတေခဲ့ကုန်၏၊ (ဖြစ်ပေါ်ခြင်းရှိ၍) မမြဲကုန်၊ (သေခြင်းရှိ၍) မခိုင်မြဲကုန်၊ အသက်တိုကုန်၏၊ သေခြင်းသဘောရှိကုန်၏။ (ထို့ကြောင့်) ဤလူ့ ဘုံသို့ရောက်လာကုန်၏''ဟု ဆို၏။

ရဟန်းတို့ ဤသည်ကား တတိယ အကြောင်းတည်း၊ ယင်းကို အကြောင်းပြု၍ ယင်းကို စွဲမှီ၍အချို့တည်မြဲ အချို့မတည်မြဲ အယူရှိကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း အချို့တည်မြဲ၏၊ အချို့မတည်မြဲဟု ပြကုန်၏။ (၃-၇)

------

၁။ မနော = ဒေါသစိတ်ကြောင့် + ပဒေါသိက = ပျက်စီးသောနတ်။

ဧကစ္စသဿတဒိဋ္ဌိ စတုတ္ထဝါဒ

၄၉။ စတုတ္ထဝါဒ၌ကား အချို့တည်မြဲ အချို့မတည်မြဲ အယူရှိကုန်သော အသျှင်သမဏဗြာဟ္မဏတို့သည်အဘယ်ကို အကြောင်းပြု၍ အဘယ်ကို စွဲမှီ၍ အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်းအချို့တည်မြဲ၏၊ အချို့မတည်မြဲဟု ပြကုန်သနည်း -

ရဟန်းတို့ ဤလောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်းကြံစည်လေ့ရှိ၏၊ စူးစမ်းလေ့ရှိ၏၊ ထိုသူသည် အမျိုးမျိုး ကြံစည်၍ စူးစမ်းဆင်ခြင်၍ မိမိ၏ ထင်မြင်ချက်ကို ဤသို့ ဆို၏ -

''မျက်စိ နား နှာ လျှာ ကိုယ်ဟုဆိုအပ်သော ဤ (ရုပ်) အတ္တသည် (ဖြစ်ခြင်းရှိ၍) မမြဲ၊ (ပျက်ခြင်းရှိ၍) မခိုင်မြဲ၊ (ထာဝစဉ် ရှိမနေ၍) မတည်မြဲ၊ ဖောက်ပြန်ခြင်း သဘောရှိ၏၊ စိတ် မနော ဝိညာဉ်ဟု့ဆိုအပ်သော ဤ (နာမ်) အတ္တသည် (ဖြစ်ခြင်းမရှိ၍) မြဲ၏၊ (သေခြင်းမရှိ၍) ခိုင်မြဲ၏၊ (ထာဝစဉ်ရှိနေ၍) တည်မြဲ၏၊ ဖောက်ပြန်ခြင်း သဘော မရှိ၊ မြဲသော အရာတို့နှင့် တူစွာ တည်မြဲတိုင်းပင်တည်လတ္တံ့''ဟု ဆို၏။

ရဟန်းတို့ ဤသည်ကား စတုတ္ထ အကြောင်းတည်း၊ ယင်းကို အကြောင်းပြု၍ ယင်းကို စွဲမှီ၍အချို့တည်မြဲ အချို့မတည်မြဲ အယူရှိကုန်သော အချို့သမဏဗြာဟ္မဏတို့သည် အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း အချို့တည်မြဲ၏၊ အချို့မတည်မြဲဟု ပြကုန်၏။ (၄-၈)

၅၀။ ရဟန်းတို့ အချို့တည်မြဲ အချို့မတည်မြဲ အယူရှိကုန်သော သမဏဗြာဟ္မဏတို့သည် အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း အချို့တည်မြဲ၏၊ အချို့မတည်မြဲဟု ဤလေးမျိုးသောအကြောင်း တို့ဖြင့် ပြကုန်၏။

ရဟန်းတို့ အချို့တည်မြဲ အချို့မတည်မြဲ အယူရှိကုန်သော သမဏဗြာဟ္မဏ အားလုံးတို့သည်အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း အချို့တည်မြဲ၏ အချိုမတည်မြဲဟု ပြကြလျှင် ဤလေးမျိုးသော အကြောင်းတို့ဖြင့်သော်လည်းကောင်း၊ ဤ (လေးမျိုး) တို့တွင် တစ်မျိုးမျိုးသော အကြောင်းဖြင့်သော်လည်းကောင်း ပြကုန်၏၊ ဤ (လေးမျိုး) တို့မှ တစ်ပါးသော အကြောင်းမရှိ။

၅၁။ ရဟန်းတို့ ''ဤအယူတို့သည် ဤသို့ စွဲယူထားလျှင် ဤသို့ မှားယွင်းစွာ သုံးသပ်ထားလျှင် ဤသို့လားရာရှိကုန်၏၊ ဤသို့ တမလွန်ရှိကုန်၏''ဟု မြတ်စွာဘုရားသည် ထို (လေးမျိုးသောအယူ) ကိုသိတော်မူ၏။

မြတ်စွာဘုရားသည် ထို (လေးမျိုးသော အယူ) ကိုလည်း သိတော်မူ၏၊ ထို့ထက် အထူးသဖြင့်လွန်မြတ်သော တရားကိုလည်း သိတော်မူ၏၊ ထို (အထူးသဖြင့် လွန်မြတ်သောတရား) ကိုသိတော်မူသော် လည်း မှားယွင်းစွာ မသုံးသပ်၊ မှားယွင်းစွာမသုံးသပ်သောကြောင့်ထို (မြတ်စွာဘုရား) သည် ကိုယ်တော် တိုင်သာလျှင် နိဗ္ဗာန်ကို သိတော်မူ၏။

ရဟန်းတို့ မြတ်စွာဘုရားသည် ဝေဒနာတို့၏ ဖြစ်ကြောင်းကိုလည်းကောင်း၊ ချုပ်ကြောင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ဝေဒနာတို့မှ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်မှန်သောအတိုင်း သိတော်မူသဖြင့် (တစ်စုံတစ်ရာ) မစွဲလမ်းမူ၍ လွတ်မြောက်တော်မူ၏။

 

 

၅၂။ ရဟန်းတို့ မြတ်စွာဘုရားသည် အကြင်တရားတို့ကို ကိုယ်တော်တိုင်ထူးသော ဉာဏ်ဖြင့်မျက်မှောက်ပြု၍ ဟောတော်မူ၏၊ မြတ်စွာဘုရား၏ဟုတ်မှန်သော ဂုဏ်ကို မှန်စွာပြောလိုကြလျှင် အကြင်တရားတို့ဖြင့် ပြောကြရာ၏၊ နက်နဲကုန်သော မြင်နိုင်ခဲကုန်သော သိနိုင်ခဲကုန်သော ငြိမ်သက်ကုန်သော မွန်မြတ်ကုန်သော ကြံစည်ခြင်းဖြင့် မရောက်နိုင်ကုန်သော သိမ်မွေ့ကုန်သော ပညာရှိတို့သာ သိနိုင်ကုန်သော ထိုတရားတို့သည် ဤသည်တို့ပင်တည်း။

------

အန္တာနန္တဒိဋ္ဌိ အဆုံးရှိ အဆုံးမရှိအယူ လေးမျိုး

၅၃။ ရဟန်းတို့ အဆုံးရှိ အဆုံးမရှိ အယူရှိကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် ရှိကုန်၏၊ (ထိုသူတို့သည်) လောက၏ အဆုံးရှိ အဆုံးမရှိကို လေးမျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏၊ အဆုံးရှိအဆုံးမရှိ အယူရှိကုန်သော ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အဘယ်ကို အကြောင်းပြအဘယ်ကို စွဲမှီ၍ လောက၏ အဆုံးရှိ အဆုံးမရှိကို လေးမျိုးသော အကြောင်းတို့ဖြင့် ပြကုန်သနည်း။

------

အန္တာနန္တဒိဋ္ဌိ ပဌမဝါဒ

၅၄။ ရဟန်းတို့ ဤလောက၌ အချို့ သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်းပြင်းစွာအားထုတ်ခြင်းကို စွဲ၍ မြမြံစွာအားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍ မမေ့မလျော့ခြင်းကို စွွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကိုရ၏၊ ယင်းသို့ စိတ်သည် တည်ကြည်လတ်သော် လောက၌ အဆုံးရှိ၏ဟု ထင်မှတ်လျက် နေ၏၊ ထိုသူသည် ဤသို့ ဆို၏ -

''ဤလောကသည် အဆုံးရှိ၏၊ ပတ်၍ သွားနိုင်သော ခရီးရှိ၏၊ အဘယ်ကြောင့်ဆိုသော်-ငါသည်ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ မြမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍မမေ့လျော့ခြင်းကို စွွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကိုရ၏၊ ယင်းသို့ စိတ်သည် တည်ကြည်လတ်သော် လောက၌ အဆုံးရှိ၏ဟု ထင်မှတ် လျက် နေ၏၊ ဤအကြောင်းကြောင့် ဤလောကသည် အဆုံးရှိ၏၊ ပတ်၍ သွားနိုင်သော ခရီးရှိ၏ဟု ငါသိ၏'' ဟူ၍ဆို၏။

ရဟန်းတို့ ဤသည်ကား ပဌမ အကြောင်းတည်း၊ ယင်းကို အကြောင်းပြု၍ ယင်းကို စွဲမှီ၍ အဆုံးရှိအဆုံးမရှိ အယူရှိကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် လောက၏ အဆုံးရှိ အဆုံးမရှိ ကိုပြကုန်၏။ (၁-၉)

------

အန္တာနန္တဒိဋ္ဌိ ဒုတိယဝါဒ

၅၅။ ဒုတိယဝါဒ၌ကား အဆုံးရှိ အဆုံးမရှိ အယူရှိကုန်သော အသျှင်သမဏဗြာဟ္မဏတို့သည် အဘယ်ကိုအကြောင်းပြု၍ အဘယ်ကို စွဲမှီ၍ လောက၏ အဆုံးရှိ အဆုံးမရှိကို ပြကုန်သနည်း -

ရဟန်းတို့ ဤလောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ပြင်းစွာအားထုတ်ခြင်းကို စွဲ၍ မြမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍ မမေ့မလျော့ခြင်းကို စွွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကိုရ၏၊ ယင်းသို့ စိတ်သည် တည်ကြည်လတ်သော် လောက၌ အဆုံးမရှိဟု ထင်မှတ်လျက် နေ၏၊ ထိုသူသည် ဤသို့ ဆို၏ -

''ဤလောကသည် အဆုံးမရှိ၊ အပိုင်းအခြား မရှိ၊ ' ဤလောကသည် အဆုံးရှိ၏၊ ပတ်၍ သွားနိုင်သော ခရီးရှိ၏'ဟု ဆိုကြသော ထိုသမဏဗြာဟ္မဏတို့၏ စကားသည် မှား၏၊ ဤလောကသည်အဆုံးမရှိ အပိုင်းအခြားမရှိ၊ အဘယ်ကြောင့်ဆိုသော် -

ငါသည် ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍ မမေ့မလျော့ခြင်းကို စွွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ်သည် တည်ကြည်လတ်သော် လောက၌ အဆုံး မရှိဟု ထင်မှတ်လျက်နေ၏၊ ဤအကြောင်းကြောင့် ဤလောကသည် အဆုံးမရှိ၊ အပိုင်းအခြားမရှိဟု ငါသိ၏'' ဟူ၍ ဆို၏။

ရဟန်းတို့ ဤသည်ကား ဒုတိယ အကြောင်းတည်း၊ ယင်းကို အကြောင်းပြု၍ ယင်းကို စွဲမှီ၍ အဆုံးရှိအဆုံးမရှိ အယူရှိကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် လောက၏ အဆုံးရှိ အဆုံးမရှိ ကိုပြကုန်၏။ (၂-၁၀)

အန္တာနန္တဒိဋ္ဌိ တတိယဝါဒ

၅၆။ တတိယဝါဒ၌ကား အဆုံးရှိ အဆုံးမရှိ အယူရှိကုန်သော သမဏဗြာဟ္မဏတို့သည် အဘယ်ကိုအကြောင်းပြု၍ အဘယ်ကို စွဲမှီ၍ လောက၏ အဆုံးရှိ အဆုံးမရှိကို ပြကုန်သနည်း -

ရဟန်းတို့ ဤလောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ပြင်းစွာအားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍မမေ့မလျော့ခြင်းကို စွွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့ သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ်သည် တည်ကြည်လတ်သော် လောက၌ အထက်နှင့်အောက်အဆုံးရှိ၏၊ ဖီလာကား အဆုံးမရှိဟု ထင်မြင်လျက် နေ၏။ ထိုသူသည် ဤသို့ ဆို၏ -

''ဤလောကသည် အဆုံးလည်း ရှိ၏၊ အဆုံးလည်း မရှိ၊ 'ဤလောကသည် အဆုံးရှိ၏၊ ပတ်၍သွားနိုင်သော ခရီးရှိ၏'ဟု ဆိုကြသော ထိုသမဏဗြာဟ္မဏတို့၏ စကားသည် မှား၏။ ' ဤလောကသည်အဆုံးမရှိ အပိုင်းအခြား မရှိ'ဟု ဆိုကြသော ထိုသမဏဗြာဟ္မဏတို့၏ စကားသည်လည်းမှား၏။ အဘယ်ကြောင့်ဆိုသော် -

ငါသည် ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကိုစွဲ၍ မမေ့လျော့ခြင်းကို စွွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ်သည် တည်ကြည်လတ်သော် လောက၌ အထက်နှင့် အောက်အဆုံးရှိ၏၊ ဖီလာကား အဆုံးမရှိဟု ထင်မှတ်လျက် နေ၏၊ ဤအကြောင်းကြောင့် ဤ လောကသည်အဆုံးလည်း ရှိ၏၊ အဆုံးလည်း မရှိဟု ငါ သိ၏'' ဟူ၍ ဆို၏။

ရဟန်းတို့ ဤသည်ကား တတိယ အကြောင်းတည်း၊ ယင်းကို အကြောင်းပြု၍ ယင်းကို စွဲမှီ၍ အဆုံးရှိအဆုံးမရှိ အယူရှိကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည်လောက၏ အဆုံးရှိ အဆုံးမရှိကို ပြကုန်၏။ (၃-၁၁)

------

၁။ ဖီလာ -ဘေးပတ်ဝန်းကျင်။

အန္တာနန္တဒိဋ္ဌိ စတုတ္ထဝါဒ

၅၇။ စတုတ္ထဝါဒ၌ကား အဆုံးရှိ အဆုံးမရှိ အယူရှိကုန်သော အသျှင်သမဏဗြာဟ္မဏတို့သည် အဘယ်ကိုအကြောင်းပြု၍ အဘယ်ကို စွဲမှီ၍ လောက၏ အဆုံးရှိ အဆုံးမရှိကို ပြကုန်သနည်း -

ရဟန်းတို့ ဤလောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်းကြံစည်လေ့ရှိ၏၊ စူးစမ်းလေ့ရှိ၏၊ ထိုသူသည် အမျိုးမျိုးကြံစည်၍ စူးစမ်းဆင်ခြင်၍ မိမိ၏ ထင်မြင်ချက်ကို ဤသို့ ဆို၏- ''ဤလောကသည် အဆုံးရှိလည်း မဟုတ်၊ အဆုံးမရှိလည်း မဟုတ်၊ ' ဤလောကသည် အဆုံး ရှိ၏၊ ပတ်၍ သွားနိုင်သော ခရီးရှိ၏'ဟု ပြောကြသော ထိုသမဏဗြာဟ္မဏတို့၏ စကားသည် မှား၏။ ' ဤလောကသည် အဆုံးမရှိ အပိုင်းအခြားမရှိ'ဟု ပြောကြသော ထိုသမဏဗြာဟ္မဏတို့၏စကားသည်လည်း မှား၏၊ ' ဤလောကသည် အဆုံးလည်း ရှိ၏၊ အဆုံးလည်း မရှိ'ဟု ပြောကြ သောထိုသမဏဗြာဟ္မဏတို့၏ စကားသည်လည်း မှား၏၊ ဤလောကသည် အဆုံးရှိလည်း မဟုတ်၊ အဆုံးမရှိလည်း မဟုတ်''ဟု ဆို၏။

ရဟန်းတို့ ဤသည်ကား စတုတ္ထ အကြောင်းတည်း၊ ယင်းကို အကြောင်းပြု၍ ယင်းကို စွဲမှီ၍ အဆုံးရှိအဆုံးမရှိ အယူရှိကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် လောက၏ အဆုံးရှိ အဆုံးမရှိ ကိုပြကုန်၏။ (၄-၁၂)

၅၈။ ရဟန်းတို့ အဆုံးရှိ အဆုံးမရှိ အယူရှိကုန်သော ထိုသမဏဗြာဟ္မဏတို့သည် လောက၏ အဆုံးရှိအဆုံးမရှိကို ဤလေးမျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏။

ရဟန်းတို့ အဆုံးရှိ အဆုံးမရှိ အယူရှိကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည် လောက၏ အဆုံးရှိအဆုံးမရှိကို ပြကြလျှင် ဤလေးမျိုးသော အကြောင်းတို့ဖြင့်သော်လည်းကောင်း၊ ဤ (လေးမျိုး) တို့တွင်တစ်မျိုးမျိုးသော အကြောင်းဖြင့်သော်လည်းကောင်း ပြကုန်၏၊ ဤ (လေးမျိုး) တို့မှ တစ်ပါးသောအကြောင်းမရှိ။

၅၉။ ရဟန်းတို့ ''ဤအယူတို့သည် ဤသို့ စွဲယူထားလျှင် ဤသို့ မှားယွင်းစွာ သုံးသပ်ထားလျှင် ဤသို့လားရာရှိကုန်၏၊ ဤသို့ တမလွန်ရှိကုန်၏''ဟု မြတ်စွာဘုရားသည် ထို (လေးမျိုးသောအယူ) ကိုသိတော်မူ၏။

မြတ်စွာဘုရားသည် ထို (လေးမျိုးသောအယူ) ကိုလည်း သိတော်မူ၏၊ ထို့ထက် အထူးသဖြင့် လွန်မြတ်သော တရားကိုလည်း သိတော်မူ၏၊ ထို (အထူးသဖြင့် လွန်မြတ်သောတရား) ကို သိတော်မူသော်လည်း မှားယွင်းစွာ မသုံးသပ်၊ မှားယွင်းစွာမသုံးသပ်သောကြောင့် ထို (မြတ်စွာဘုရား) သည် ကိုယ်တော်တိုင်သာလျှင် နိဗ္ဗာန်ကို သိတော်မူ၏။

ရဟန်းတို့ မြတ်စွာဘုရားသည် ဝေဒနာတို့၏ ဖြစ်ကြောင်းကိုလည်းကောင်း၊ ချုပ်ကြောင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း ဝေဒနာတို့မှ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်မှန်သောအတိုင်း သိတော်မူသဖြင့် (တစ်စုံတစ်ရာ) မစွဲလမ်းမူ၍ လွတ်မြောက်တော်မူ၏။

၆၀။ ရဟန်းတို့ မြတ်စွာဘုရားသည် အကြင်တရားတို့ကို ကိုယ်တော်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၍ ဟောတော်မူ၏၊ မြတ်စွာဘုရား၏ဟုတ်မှန်သောဂုဏ်ကို မှန်စွာပြောလိုကြလျှင် အကြင်တရားတို့ဖြင့် ပြောကြရာ၏၊ နက်နဲကုန်သော မြင်နိုင်ခဲကုန်သော သိနိုင်ခဲကုန်သော ငြိမ်သက်ကုန်သော မွန်မြတ်ကုန်သော ကြံစည်ခြင်းဖြင့် မရောက်နိုင်ကုန်သော သိမ်မွေ့ကုန်သော ပညာရှိတို့သာ သိနိုင်ကုန်သော ထိုတရားတို့သည် ဤသည်တို့ပင်တည်း။

------

အမရာဝိက္ခေပ ဝါဒ

အဆုံးမရှိပစ်လွှင့်သော အယူလေးမျိုး

၆၁။ ရဟန်းတို့ အဆုံးမရှိပစ်လွှင့်သော အယူရှိကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် ရှိကုန်၏၊ (ထိုသူတို့သည်) ထိုထိုအရာ၌ အမေးခံကြရလျှင် လေးမျိုးသောအကြောင်းတို့ဖြင့် အဆုံးမရှိပစ်လွှင့်သော စကားကို ဆိုကုန်၏။

အဆုံးမရှိ ပစ်လွှင့်သော အယူရှိကုန်သော ထိုအသျှင်သမဏဗြာဟ္မဏတို့သည် ထိုထိုအရာ၌ အမေးခံကြရလျှင် အဘယ်ကို အကြောင်းပြု၍ အဘယ်ကို စွဲမှီ၍ လေးမျိုးသော အကြောင်းတို့ဖြင့် အဆုံးမရှိပစ်လွှင့်သော စကားကို ဆိုကုန်သနည်း။

------

အမရာဝိက္ခေပဒိဋ္ဌိ ပဌမဝါဒ

၆၂။ ရဟန်းတို့ ဤလောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ''ဤကား ကုသိုလ်တည်း''ဟုဟုတ်မှန်သောအတိုင်း မသိ၊ ''ဤကား အကုသိုလ်တည်း''ဟုဟုတ်မှန် သောအတိုင်း မသိ၊ ထိုသူအား ဤသို့ အကြံဖြစ်၏ -

''ဤကား ကုသိုလ်ဟုဟုတ်မှန်သောအတိုင်း ငါ မသိ၊ ဤကား အကုသိုလ်ဟုဟုတ်မှန်သော အတိုင်းငါမသိ၊ ငါသည် ဤကား ကုသိုလ်ဟုဟုတ်မှန်သောအတိုင်း မသိဘဲလျက် ဤကား အကုသိုလ်ဟုဟုတ်မှန်သောအတိုင်း မသိဘဲလျက် ဤကား ကုသိုလ်ဟုသော်လည်း ဖြေငြားအံ၊ ဤ ကားအကုသိုလ်ဟုသော်လည်း ဖြေငြားအံ၊ ငါ၏ ထိုအဖြေသည် အမှားဖြစ်ရာ၏၊ ထိုအမှားကြောင့် ငါ့အားပင်ပန်းခြင်း ဖြစ်ရာ၏၊ ထိုပင်ပန်းခြင်းကြောင့် ငါ့အား အန္တရာယ် ဖြစ်ရာ၏''ဟု အကြံ ဖြစ်၏။

ထိုသူသည် ဤသို့ မမှန်ပြောခြင်းကို ကြောက်သောကြောင့် မမှန်ပြောခြင်းကို စက်ဆုပ်သောကြောင့်ဤကား ကုသိုလ်တည်းဟု မဖြေ၊ ဤကား အကုသိုလ်တည်းဟု မဖြေ၊ ထိုထိုအရာ၌ အမေးခံရလျှင် ''ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ဟုလည်း ငါမယူ၊ (ဤသို့ ထိုသို့ အခြားသို့) မဟုတ်ဟုလည်း ငါမယူ၊ (ဤသို့ ထိုသို့ အခြားသို့) မဟုတ်သည့်မဟုတ်ဟုလည်း ငါမယူ''ဟု အဆုံးမရှိ ပစ်လွှင့်သော စကားကို ဆို၏။

ရဟန်းတို့ ဤသည်ကား ပဌမ အကြောင်းတည်း၊ ယင်းကို အကြောင်းပြု၍ ယင်းကို စွဲမှီ၍ အဆုံး မရှိပစ်လွှင့်သော အယူရှိကုန်သော အချို့သောသမဏဗြာဟ္မတို့သည် ထိုထိုအရာ၌ အမေးခံကြရလျှင်အဆုံးမရှိ ပစ်လွှင့်သော စကားကို ဆိုကုန်၏။ (၁-၁၃)

အမရာဝိက္ခေပ ဒုတိယဝါဒ

၆၃။ ဒုတိယဝါဒ၌ကား အဆုံးမရှိ ပစ်လွှင့်သော အယူရှိကုန်သော အသျှင်သမဏဗြာဟ္မဏတို့သည်ထိုထိုအရာ၌ အမေးခံကြရလျှင် အဘယ်ကို အကြောင်းပြု၍ အဘယ်ကို စွဲမှီ၍ အဆုံးမရှိ ပစ်လွှင့်သောစကားကို ဆိုကုန်သနည်း -

ဤလောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ''ဤကားကုသိုလ်တည်း''ဟုဟုတ်မှန်သောအတိုင်း မသိ၊ ''ဤကား အကုသိုလ်တည်း''ဟုဟုတ်မှန်သောအတိုင်းမသိ၊ ထိုသူအား ဤသို့ အကြံဖြစ်၏ -

''ဤကား ကုသိုလ်ဟုဟုတ်မှန်သောအတိုင်း ငါ မသိ၊ ဤကား အကုသိုလ်ဟုဟုတ်မှန်သော အတိုင်းငါမသိ၊ ငါသည် ဤကား ကုသိုလ်ဟုဟုတ်မှန်သောအတိုင်း မသိဘဲလျက် ဤကား အကုသိုလ်ဟုဟုတ်မှန်သောအတိုင်း မသိဘဲလျက် ဤကား ကုသိုလ်ဟုသော်လည်း ဖြေငြားအံ၊ ဤကားအကုသိုလ်ဟုသော်လည်း ဖြေငြားအံ၊ ထိုဖြေခြင်းကြောင့် ငါ့အား နှစ်သက်ခြင်း 'ဆန္ဒ' သည်လည်းကောင်း၊ တပ်မက်ခြင်း 'ရာဂ' သည်လည်းကောင်း၊ အမျက်ထွက်ခြင်း 'ဒေါသ' သည်လည်းကောင်း၊ စိတ်ထိခိုက်ခြင်း 'ပဋိဃ' သည်လည်းကောင်း ဖြစ်ရာ၏၊ ထို နှစ်သက်ခြင်း 'ဆန္ဒ'၊ တပ်မက်ခြင်း 'ရာဂ'၊ အမျက်ထွက်ခြင်း 'ဒေါသ'၊ စိတ်ထိခိုက်ခြင်း 'ပဋိဃ' ကြောင့် ငါ့အား စွဲလမ်းခြင်း 'ဥပါဒါန်' ဖြစ်ရာ၏၊ ထိုစွဲလမ်းခြင်းကြောင့် ငါ့အား ပင်ပန်းခြင်း ဖြစ်ရာ၏၊ ထိုပင်ပန်းခြင်းကြောင့် ငါ့အားအန္တရာယ်ဖြစ်ရာ၏''ဟု အကြံ ဖြစ်၏။

ထိုသူသည် ဤသို့ စွဲလမ်းခြင်းကို ကြောက်သောကြောင့် စွဲလမ်းခြင်းကို စက်ဆုပ်သောကြောင့် ဤ ကားကုသိုလ်တည်းဟု မဖြေ၊ ဤကား အကုသိုလ်တည်းဟု မဖြေ၊ ထိုထိုအရာ၌ အမေးခံရလျှင် ''ဤသို့ဟုလည်း ငါ မယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ဟုလည်း ငါမယူ၊ (ဤသို့ ထိုသို့ အခြားသို့) မဟုတ်ဟုလည်း ငါ မယူ၊ (ဤသို့ ထိုသို့ အခြားသို့) မဟုတ်သည် မဟုတ်ဟုလည်း ငါမယူ''ဟု အဆုံးမရှိ ပစ်လွှင့်သော စကားကို ဆို၏။

ရဟန်းတို့ ဤသည်ကား ဒုတိယ အကြောင်းတည်း၊ ယင်းကို အကြောင်းပြု၍ ယင်းကို စွဲမှီ၍အဆုံးမရှိ ပစ်လွှင့်သော အယူရှိကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် ထိုထိုအရာ၌ အမေးခံကြရလျှင် အဆုံးမရှိ ပစ်လွှင့်သော စကားကို ဆို၏။ (၂-၁၄)

------

အမရာဝိက္ခေပ တတိယဝါဒ

၆၄။ တတိယဝါဒ၌ကား အဆုံးမရှိ ပစ်လွှင့်သော အယူရှိကုန်သော အသျှင်သမဏဗြာဟ္မဏတို့သည်ထိုထိုအရာ၌ အမေးခံကြရလျှင် အဘယ်ကို အကြောင်းပြု၍ အဘယ်ကို စွဲမှီ၍ အဆုံးမရှိ ပစ်လွှင့်သောစကားကို ဆိုကုန်သနည်း -

ဤလောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ''ဤကားကုသိုလ်တည်း''ဟုဟုတ်မှန်သော အတိုင်း မသိ၊ ''ဤကား အကုသိုလ်တည်း''ဟုဟုတ်မှန်သောအတိုင်း မသိ၊ ထိုသူအား ဤသို့ အကြံဖြစ်၏ -

''ဤကား ကုသိုလ်ဟုဟုတ်မှန်သောအတိုင်း ငါ မသိ၊ ဤကား အကုသိုလ်ဟုဟုတ်မှန်သော အတိုင်း ငါ မသိ၊ ငါသည် ဤကား ကုသိုလ်ဟုဟုတ်မှန်သောအတိုင်း မသိဘဲလျက် ဤကား အကုသိုလ်ဟုဟုတ်မှန်သောအတိုင်း မသိဘဲလျက် ဤကား ကုသိုလ်ဟုသော်လည်း ဖြေငြားအံ၊ ဤ ကားအကုသိုလ်ဟုသော်လည်း ဖြေငြားအံ၊ ပညာရှိကုန်သော သိမ်မွေ့သော ဉာဏ်ရှိကုန်သော သူတစ်ပါးတို့အယူကို လေ့လာပြီးဖြစ်ကုန်သော သားမြီးဖျားကို ပစ်ခွဲနိုင်သည့် လေးသမားနှင့် တူကုန် သောသမဏဗြာဟ္မဏတို့သည် ရှိကုန်၏၊ ထိုသူတို့သည် မှားသောအယူတို့ကို ပညာဖြင့် ဖျက်ဆီးနေဘိသကဲ့သို့ ကျက်စားနေကုန်၏၊ ထိုသူတို့သည် ငါ့ကို ထို (ကုသိုလ် အကုသိုလ်) တို့၌ မေးစစ်ကုန်ရာ၏၊ စိစစ်ကုန်ရာ၏၊ ဆိုဆုံးမကုန်ရာ၏၊ ထိုသို့မေးစစ်ကြလျှင် စိစစ်ကြလျှင် ဆိုဆုံးမကြလျှင်ထိုသူတို့အား ငါသည် ပြည့်စုံစွာ မဖြေနိုင်ရာ၊ ထို (မဖြေနိုင်ခြင်း) ကြောင့် ငါ့အား ပင်ပန်းခြင်းဖြစ် ရာ၏၊ ထို (ပင်ပန်းခြင်း) ကြောင့် ငါ့အား အန္တရာယ်ဖြစ်ရာ၏''ဟု အကြံဖြစ်၏။

ထိုသူသည် ဤသို့ မေးစစ်ခြင်းကို ကြောက်သောကြောင့် မေးစစ်ခြင်းကို စက်ဆုပ်သောကြောင့် ဤကားကုသိုလ်တည်းဟု မဖြေ၊ ဤကား အကုသိုလ်တည်းဟု မဖြေ၊ ထိုထိုအရာ၌ အမေးခံရလျှင် ''ဤသို့ဟုလည်း ငါ မယူ၊ ထိုသို့ဟုလည်း ငါ မယူ၊ အခြားသို့ဟုလည်း ငါ မယူ၊ (ဤသို့ ထိုသို့အခြားသို့) မဟုတ်ဟုလည်း ငါ မယူ၊ (ဤသို့ ထိုသို့ အခြားသို့) မဟုတ်သည် မဟုတ်ဟုလည်း ငါမယူ''ဟု အဆုံးမရှိ ပစ်လွှင့်သော စကားကို ဆို၏။

ရဟန်းတို့ ဤသည်ကား တတိယ အကြောင်းတည်း၊ ယင်းကို အကြောင်းပြု၍ ယင်းကို စွဲမှီ၍အဆုံးမရှိ ပစ်လွှင့်သော အယူရှိကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် ထိုထိုအရာ၌ အမေးခံကြရလျှင် အဆုံးမရှိ ပစ်လွှင့်သော စကားကို ဆိုကုန်၏။ (၃-၁၅)

------

အမရာဝိက္ခေပ စတုတ္ထဝါဒ

၆၅။ စတုတ္ထဝါဒ၌ကား အဆုံးမရှိ ပစ်လွှင့်သော အယူရှိကုန်သော အသျှင်သမဏဗြာဟ္မဏတို့သည်ထိုထိုအရာ၌ အမေးခံကြရလျှင် အဘယ်ကို အကြောင်းပြု၍ အဘယ်ကို စွဲမှီ၍ အဆုံးမရှိ ပစ်လွှင့်သောစကားကို ဆိုကုန်သနည်း -

ရဟန်းတို့ ဤလောက၌ ပညာနုံ့သော အလွန်တွေဝေသော အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ထိုထိုအရာ၌ အမေးခံကြရလျှင် ပညာနုံ့ခြင်း အလွန်တွေဝေခြင်းကြောင့် ထိုအဆုံးမရှိ ပစ်လွှင့်သော စကားကို ဆို၏။

''တစ်ပါးသော လောကရှိသလော''ဟု (သင်) ငါ့ကို မေးသော် ''တစ်ပါးသော လောကရှိ၏''ဟုငါအယူရှိခဲ့လျှင် ''တစ်ပါးသော လောကရှိ၏''ဟု သင့်အား ငါ ဖြေရာ၏၊ (သို့ရာတွင်) ဤသို့ဟုလည်းငါ မယူ၊ ထိုသို့ဟုလည်း ငါ မယူ၊ အခြားသို့ဟုလည်း ငါ မယူ၊ (ဤသို့ ထိုသို့ အခြားသို့) မဟုတ်ဟုလည်း ငါ မယူ၊ (ဤသို့ ထိုသို့ အခြားသို့) မဟုတ်သည် မဟုတ်ဟုလည်း ငါ မယူ။

တစ်ပါးသော လောက မရှိသလော။ပ။

တစ်ပါးသော လောက ရှိလည်းရှိ မရှိလည်း မရှိသလော။ပ။

တစ်ပါးသော လောက ရှိသည်လည်း မဟုတ်၊ မရှိသည်လည်း မဟုတ်သလော။ပ။

(သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့ ရှိကုန်သလော။ပ။

(သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့ မရှိကုန်သလော။ပ။

(သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့ ရှိလည်းရှိ မရှိလည်း မရှိကုန်သလော။ပ။

(သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့ ရှိသည်လည်း မဟုတ်၊ မရှိသည်လည်း မဟုတ်သလော။ပ။

ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက်ရှိသလော။ပ။ ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် မရှိသလော။ပ။

ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် ရှိလည်းရှိ မရှိလည်း မရှိသလော။ပ။

ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် ရှိသည်လည်း မဟုတ်၊ မရှိသည်လည်း မဟုတ်သလော။ပ။

သတ္တဝါသည် သေပြီးသည့်နောက်၌ ရှိသလော။ပ။

သတ္တဝါသည် သေပြီးသည့်နောက်၌ မရှိသလော။ပ။

သတ္တဝါသည် သေပြီးသည့်နောက်၌ ရှိလည်းရှိ မရှိလည်း မရှိသလော။ပ။

သတ္တဝါသည် သေပြီးသည့်နောက်၌ ရှိသည်လည်း မဟုတ်၊ မရှိသည်လည်း မဟုတ်သလော''ဟု

(သင်) ငါ့ကို မေးသော် ''သတ္တဝါသည် သေပြီးသည့်နောက်၌ ရှိသည်လည်း မဟုတ်၊ မရှိသည်လည်းမဟုတ်''ဟု ငါ အယူရှိခဲ့လျှင် ''သတ္တဝါသည် သေပြီးသည့်နောက်၌ ရှိသည်လည်း မဟုတ်၊ မရှိသည်လည်း မဟုတ်''ဟု သင့်အား ငါ ဖြေရာ၏၊ (သို့ရာတွင်) ဤသို့ဟုလည်း ငါ မယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ဟုလည်း ငါ မယူ၊ (ဤသို့ ထိုသို့ အခြားသို့) မဟုတ်ဟုလည်း ငါ မယူ၊ (ဤသို့ထိုသို့ အခြားသို့) မဟုတ်သည် မဟုတ်ဟုလည်း ငါ မယူဟု ဆို၏။

ရဟန်းတို့ ဤသည်ကား စတုတ္ထ အကြောင်းတည်း၊ ယင်းကို အကြောင်းပြု၍ ယင်းကို စွဲမှီ၍အဆုံးမရှိ ပစ်လွှင့်သော အယူရှိကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် ထိုထိုအရာ၌ အမေးခံကြရလျှင် အဆုံးမရှိ ပစ်လွှင့်သော စကားကို ဆိုကုန်၏။ (၄-၁၆)

၆၆။ ရဟန်းတို့ အဆုံးမရှိ ပစ်လွှင့်သော အယူရှိကုန်သော အသျှင်သမဏဗြာဟ္မဏတို့သည် ထိုထိုအရာ၌ အမေးခံကြရလျှင် အဆုံးမရှိပစ်လွှင့်သော စကားကို ဤလေးမျိုးသော အကြောင်းတို့ဖြင့် ဆိုကုန်၏။

ရဟန်းတို့ အဆုံးမရှိပစ်လွှင့်သော အယူရှိကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည် ထိုထိုအရာ၌အမေးခံကြရ၍ အဆုံးမရှိပစ်လွှင့်သော စကားကို ဆိုကြလျှင် ဤလေးမျိုးသော အကြောင်းတို့ဖြင့်သော်လည်းကောင်း၊ ဤ (လေးမျိုး) တို့တွင် တစ်မျိုးမျိုးသော အကြောင်းဖြင့်သော်လည်းကောင်း ဆိုကုန်၏၊ ဤ (လေးမျိုး) တို့မှ တစ်ပါးသော အကြောင်း မရှိ။ပ။ မြတ်စွာဘုရား၏ဟုတ်မှန်သောဂုဏ်ကို မှန်စွာပြောလိုကြလျှင် အကြင် (တရား) တို့ဖြင့် ပြောကြရာ၏။ နက်နဲကုန်သော ။ပ။ ထိုတရားတို့သည် ဤသည်တို့ပင်တည်း။

------

၁။ ပ -အပိုဒ် ၅၉ ပြန်ကြည့်ပါ။

၂။ ပ -အပိုဒ် ၆၀ ပြန်ကြည့်ပါ။

အဓိစ္စသမုပ္ပန္နဝါဒ

အကြောင်းမဲ့အယူနှစ်မျိုး

၆၇။ ရဟန်းတို့ အကြောင်းမဲ့ အယူရှိကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် ရှိကုန်၏၊ (ထိုသူတို့သည်) အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း အကြောင်းမဲ့ ဖြစ်ပေါ်၏ဟုနှစ်မျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏။ အကြောင်းမဲ့ အယူရှိကုန်သော အသျှင်သမဏဗြာဟ္မဏတို့သည် အဘယ်ကို အကြောင်းပြု၍ အဘယ် ကိုစွဲမှီ၍ အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း အကြောင်းမဲ့ ဖြစ်ပေါ်၏ဟု နှစ်မျိုးသောအကြောင်းတို့ဖြင့် ပြကုန်သနည်း -

အဓိစ္စသမုပ္ပန္န ပဌမဝါဒ

၆၈။ ရဟန်းတို့ အသညသတ်မည်သော ဗြဟ္မာတို့သည် ရှိကုန်၏၊ ထိုဗြဟ္မာတို့သည် (ပဋိသန္ဓေ) သညာဖြစ်ပေါ်ခြင်းကြောင့် ထို (ဗြဟ္မာ့) ဘုံမှ စုတေကုန်၏၊ ရဟန်းတို့ ဤသို့သော အကြောင်းသည် ရှိသေး၏၊ တစ်ဦး တစ်ယောက်သော သတ္တဝါသည် ထို (ဗြဟ္မာ့) ဘုံမှ စုတေ၍ ဤ (လူ့) ဘုံသို့ ရောက် လာသော်လူ့ဘောင်မှ ရသေ့ ရဟန်းဘောင်သို့ ဝင်ပြီးလျှင် ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာအားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍ မမေ့လျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကို စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ်သည် တည်ကြည်လတ်သော် ပဋိသန္ဓေသညာဖြစ်ပေါ်ခြင်းကို အောက်မေ့နိုင်၏၊ ထို့ထက် အလွန်မအောက်မေ့နိုင်။ ထိုသူသည်ဤသို့ ဆို၏ -

''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အကြောင်းမဲ့ ဖြစ်ပေါ်၏၊ အဘယ်ကြောင့်ဆိုသော် ငါသည် ရှေး၌ မရှိခဲ၊ ထိုငါသည် မရှိခဲ့ဘဲလျက် ယခု ထင်ရှားရှိလာ၏''ဟု ဆို၏။

ရဟန်းတို့ ဤသည်ကား ပဌမ အကြောင်းတည်း၊ ယင်းကို အကြောင်းပြု၍ ယင်းကို စွဲမှီ၍အကြောင်းမဲ့ အယူရှိကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း အကြောင်းမဲ့ ဖြစ်ပေါ်၏ဟု ပြကုန်၏။ (၁-၁၇)

အဓိစ္စသမုပ္ပန္န ဒုတိယဝါဒ

၆၉။ ဒုတိယဝါဒ၌ကား အကြောင်းမဲ့ အယူရှိကုန်သော အသျှင်သမဏဗြာဟ္မဏတို့သည် အဘယ်ကိုအကြောင်းပြု၍ အဘယ်ကို စွဲမှီ၍ အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း အကြောင်းမဲ့ဖြစ်ပေါ်၏ဟု ပြကုန်သနည်း -

ရဟန်းတို့ ဤလောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်းကြံစည်လေ့ရှိ၏၊ စူးစမ်းလေ့ရှိ၏၊ ထိုသူသည် အမျိုးမျိုးကြံစည်၍ စူးစမ်း ဆင်ခြင်၍ မိမိ၏ထင်မြင်ချက်ကိုဤသို့ ဆို၏ -

''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အကြောင်းမဲ့ ဖြစ်၏''ဟု ဆို၏။

ရဟန်းတို့ ဤသည်ကား ဒုတိယ အကြောင်းတည်း၊ ယင်းကို အကြောင်းပြု၍ ယင်းကို စွဲမှီ၍အကြောင်းမဲ့ အယူရှိကုန်သော အချို့သော သမဏ ဗြာဟ္မဏတို့သည် အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း အကြောင်းမဲ့ ဖြစ်ပေါ်၏ဟု ပြကုန်၏။ (၂-၁၈)

၇၀။ ရဟန်းတို့ အကြောင်းမဲ့ အယူရှိကုန်သော သမဏဗြာဟ္မဏတို့သည် အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း အကြောင်းမဲ့ ဖြစ်ပေါ်ကုန်၏ဟု ဤ နှစ်မျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏။

ရဟန်းတို့ အကြောင်းမဲ့ အယူရှိကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည် အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း အကြောင်းမဲ့ ဖြစ်ပေါ်၏ဟု ဤ နှစ်မျိုးသော အကြောင်းတို့ဖြင့် သော်လည်းကောင်း၊ ဤ (နှစ်မျိုး) တို့တွင် တစ်မျိုးမျိုးသော အကြောင်းဖြင့်သော်လည်းကောင်း ပြကုန်၏၊ ဤ (နှစ်မျိုး) တို့မှ တစ်ပါးသော အကြောင်းမရှိ။ပ။ မြတ်စွာဘုရား၏ ဟုတ်မှန်သော ဂုဏ်ကို မှန်စွာပြောလိုကြလျှင် အကြင်တရားတို့ဖြင့် ပြောကြရာ၏၊ နက်နဲကုန်သော ။ပ။ ထိုတရားတို့သည်ဤသည်တို့ ပင်တည်း။

၇၁။ ရဟန်းတို့ ရှေးအဖို့ကို ကြံဆကုန်သော ရှေးအဖို့ကို စွဲယူကုန်သော ထိုသမဏဗြာဟ္မဏတို့သည်ရှေးအဖို့ကို စွဲမှီ၍ များပြားသော မိစ္ဆာအယူပြစကားတို့ကို ဤတစ်ဆယ့်ရှစ်မျိုးသော အကြောင်း တို့ဖြင့်ပြောဟောကုန်၏။

ရဟန်းတို့ ရှေးအဖို့ကို ကြံဆကုန်သော ရှေးအဖို့ကို စွဲယူကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည့်ရှေးအဖို့ကို စွဲမှီ၍ များပြားသော မိစ္ဆာအယူပြစကားတို့ကို ဟောပြောကြလျှင် ဤတစ်ဆယ့်ရှစ်မျိုး သောအကြောင်းတို့ဖြင့်သော်လည်းကောင်း၊ ဤ (တစ်ဆယ့်ရှစ်မျိုး) တို့တွင် တစ်မျိုးမျိုးသောအကြောင်းဖြင့်သော်လည်းကောင်း ပြောဟောကုန်၏။ ဤ (တစ်ဆယ့်ရှစ်မျိုး) တို့မှ တစ်ပါးသော အကြောင်းမရှိ။

၇၂။ ရဟန်းတို့ ''ဤအယူတို့သည် ဤသို့ စွဲယူထားလျှင် ဤသို့ မှားယွင်းစွာ သုံးသပ်ထားလျှင်ဤသို့ လားရာရှိကုန်၏၊ ဤသို့ တမလွန်ရှိကုန်၏''ဟု မြတ်စွာဘုရားသည် ထို (တစ်ဆယ့်ရှစ်မျိုးသောအယူ) ကို သိတော်မူ၏။

မြတ်စွာဘုရားသည် ထို (တစ်ဆယ့်ရှစ်မျိုးသော အယူ) ကိုလည်း သိတော်မူ၏။ ထို့ထက် အထူး သဖြင့်လွန်မြတ်သော တရားကိုလည်း သိတော်မူ၏၊ ထို (အထူးသဖြင့် လွန်မြတ်သောတရား) ကို သိတော်မူသော်လည်း မှားယွင်းစွာ မသုံးသပ်၊ မှားယွင်းစွာ မသုံးသပ်သောကြောင့် ထို (မြတ်စွာဘုရားသည်) ကိုယ်တော်တိုင်သာလျှင် နိဗ္ဗာန်ကို သိတော်မူ၏။

ရဟန်းတို့ မြတ်စွာဘုရားသည် ဝေဒနာတို့၏ ဖြစ်ကြောင်းကိုလည်းကောင်း၊ ချုပ်ကြောင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ဝေဒနာတို့မှ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်မှန်သောအတိုင်း သိတော်မူသဖြင့် (တစ်စုံတစ်ရာ) မစွဲလမ်းမူ၍ လွတ်မြောက်တော်မူ၏။

၇၃။ ရဟန်းတို့ မြတ်စွာဘုရားသည် အကြင် (တရား) တို့ကို ကိုယ်တော်တိုင် ထူးသော ဉာဏ်ဖြင့်မျက်မှောက်ပြု၍ ဟောတော်မူ၏၊ မြတ်စွာဘုရား၏ဟုတ်မှန်သောဂုဏ်ကို မှန်စွာ ပြောလိုကြလျှင် အကြင် (တရား) တို့ဖြင့် ပြောကြရာ၏၊ နက်နဲကုန်သော မြင်နိုင်ခဲကုန်သော သိနိုင်ခဲကုန်သော ငြိမ်သက်ကုန်သော မွန်မြတ်ကုန်သော ကြံစည်ခြင်းဖြင့် မရောက်နိုင်ကုန်သော သိမ်မွေ့ကုန်သော ပညာရှိတို့သာ သိနိုင်ကုန်သော ထိုတရားတို့သည် ဤသည်တို့ပင်တည်း။

------

၁။ ပ -အပိုဒ် ၆၀ ပြန်ကြည့်ပါ။

၂။ ပ -အပိုဒ် ၆၀ ပြန်ကြည့်ပါ။

အပရန္တာနုဒိဋ္ဌိ လေးဆယ့်လေးမျိုး

၇၄။ ရဟန်းတို့ နောက်အဖို့ကို ကြံဆကုန်သော နောက်အဖို့ကို စွဲယူကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည် ရှိကုန်၏၊ (ထိုသူတို့သည်) နောက်အဖို့ကို စွဲမှီ၍ များပြားသော မိစ္ဆာအယူပြစကားတို့ကို လေးဆယ့်လေးမျိုးသော အကြောင်းတို့ဖြင့် ပြောဟောကုန်၏၊ ထိုအသျှင်သမဏဗြာဟ္မဏတို့သည်အဘယ်ကို အကြောင်းပြု၍ အဘယ်ကို စွဲမှီ၍ နောက်အဖို့ကို ကြံဆကုန်သနည်း၊ နောက်အဖို့ကိုစွဲယူကုန် သနည်း၊ နောက်အဖို့ကို စွဲမှီ၍ များပြားသော မိစ္ဆာအယူပြစကားတို့ကို လေးဆယ့်လေးမျိုး သောအကြောင်းတို့ဖြင့် ပြောဟောကုန်သနည်း။

ဥဒ္ဓမာဃာတနိက သညီဝါဒ

သေပြီးနောက် သညာရှိအယူ တစ်ဆယ့်ခြောက်မျိုး

၇၅။ ရဟန်းတို့ သေပြီးနောက် သညာရှိအယူရှိကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည်ရှိကုန်၏၊ (ထိုသူတို့သည်) သေပြီးသည့်နောက် သညာရှိသော အတ္တကို တစ်ဆယ့်ခြောက်မျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏၊ သေပြီးနောက် သညာရှိအယူရှိကုန်သော ထိုအသျှင်သမဏဗြာဟ္မဏတို့သည်အဘယ်ကို အကြောင်းပြု၍ အဘယ်ကို စွဲမှီ၍ သေပြီးနောက် သညာရှိသော အတ္တကိုတစ်ဆယ့်ခြောက်မျိုး သော အကြောင်းတို့ဖြင့် ပြကုန်သနည်း -

၇၆။ အတ္တသည် ရုပ်ရှိ၏၊ သေပြီးနောက် ပျက်စီးခြင်းမရှိ၊ သညာရှိ၏ဟု ပြကုန်၏။

အတ္တသည် ရုပ်မရှိ၊ သေပြီးနောက် ပျက်စီးခြင်းမရှိ၊ သညာရှိ၏ဟု ပြကုန်၏။

အတ္တသည် ရုပ်ရှိလည်းဟုတ်၏၊ ရုပ်မရှိလည်းဟုတ်၏။ပ။

အတ္တသည် ရုပ်ရှိလည်း မဟုတ်၊ ရုပ်မရှိလည်း မဟုတ်။

အတ္တသည် အဆုံးရှိ၏။

အတ္တသည် အဆုံးမရှိ။

အတ္တသည် အဆုံးရှိလည်းဟုတ်၏၊ အဆုံးမရှိလည်းဟုတ်၏၊

အတ္တသည် အဆုံးရှိလည်း မဟုတ်၊ အဆုံးမရှိလည်း မဟုတ်။

အတ္တသည် တစ်မျိုးတည်းသော သညာရှိ၏။

အတ္တသည် အမျိုးမျိုးသော သညာရှိ၏။

အတ္တသည် သေးငယ်သော သညာရှိ၏။

အတ္တသည် ကြီးကျယ်သော သညာရှိ၏။

အတ္တသည် စင်စစ် ချမ်းသာချည်းရှိ၏။

အတ္တသည် စင်စစ် ဆင်းရဲချည်းရှိ၏။

အတ္တသည် ချမ်းသာဆင်းရဲရှိ၏။

အတ္တသည် ချမ်းသာဆင်းရဲ မရှိ၊ သေပြီးနောက် ပျက်စီးခြင်း မရှိ၊ သညာရှိ၏ဟု ပြကုန်၏။ (၁၆-၃၄)

၇၇။ ရဟန်းတို့ သေပြီးနောက် သညာရှိအယူရှိကုန်သော ထိုသမဏဗြာဟ္မဏတို့သည် သေပြီးနောက်သညာရှိသော အတ္တကို ဤတစ်ဆယ့်ခြောက်မျိုး သော အကြောင်းတို့ဖြင့် ပြကုန်၏။

ရဟန်းတို့ သေပြီးနောက် သညာရှိအယူရှိကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည် သေပြီးနောက်သညာရှိသော အတ္တကိုပြကြလျှင် ဤတစ်ဆယ့်ခြောက်မျိုးသော အကြောင်းတို့ဖြင့်သော်လည်းကောင်း၊ ဤ (တစ်ဆယ့်ခြောက်မျိုး) တို့တွင် တစ်မျိုးမျိုးသော အကြောင်းဖြင့်သော်လည်းကောင်း ပြကုန်၏။ဤ (တစ်ဆယ့်ခြောက်မျိုး) တို့မှ တစ်ပါးသော အကြောင်းမရှိ။ပ။ မြတ်စွာဘုရား၏ဟုတ်မှန်သောဂုဏ်ကို မှန်စွာပြောလိုကြလျှင် အကြင် (တရား) တို့ဖြင့် ပြောကြရာ၏၊ နက်နဲကုန်သော ။ပ။ထိုတရားတို့သည် ဤသည်တို့ပင်တည်း။

ဒုတိယဘာဏဝါရ ပြီး၏။

------

ဥဒ္ဓမာဃာတနိက အသညီဝါဒ

သေပြီးနောက် သညာမရှိအယူ ရှစ်မျိုး

၇၈။ ရဟန်းတို့ သေပြီးနောက် သညာမရှိအယူရှိကုန်သော အချို့သောသမဏဗြာဟ္မဏတို့သည်ရှိကုန်၏။ (ထိုသူတို့သည်) သေပြီးနောက် သညာမရှိသော အတ္တကို ရှစ်မျိုးသော အကြောင်းတို့ဖြင့်ပြကုန်၏။

သေပြီးနောက် သညာမရှိအယူရှိကုန်သော ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အဘယ်ကို အကြောင်းပြု၍ အဘယ်ကို စွဲမှီ၍ သေပြီးနောက် သညာမရှိသော အတ္တကို ရှစ်မျိုးသော အကြောင်းတို့ဖြင့် ပြကုန်သနည်း -

၇၉။ အတ္တသည် ရုပ်ရှိ၏၊ သေပြီးနောက် ပျက်စီးခြင်းမရှိ၊ သညာမရှိဟု ပြကုန်၏။

အတ္တသည် ရုပ်မရှိ၊ သေပြီးနောက် ပျက်စီးခြင်းမရှိ၊ သညာမရှိဟု ပြကုန်၏။

အတ္တသည် ရုပ်ရှိလည်းဟုတ်၏၊ ရုပ်မရှိလည်းဟုတ်၏။ပ။

အတ္တသည် ရုပ်ရှိလည်း မဟုတ်၊ ရုပ်မရှိလည်း မဟုတ်။ အတ္တသည် အဆုံးရှိ၏။

အတ္တသည် အဆုံးမရှိ။

အတ္တသည် အဆုံးရှိလည်းဟုတ်၏၊ အဆုံးမရှိလည်းဟုတ်၏။

အတ္တသည် အဆုံးရှိလည်း မဟုတ်၊ အဆုံးမရှိလည်း မဟုတ်၊ သေပြီးနောက် ပျက်စီးခြင်း မရှိ၊ သညာမရှိ၏ဟု ပြကုန်၏။ (၈-၂၄-၄၂)

၈၀။ သေပြီးနောက် သညာမရှိအယူရှိကုန်သော ထိုသမဏဗြာဟ္မဏတို့သည် သေပြီးနောက် သညာမရှိသော အတ္တကို ဤရှစ်မျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏။

ရဟန်းတို့ သေပြီးနောက် သညာမရှိအယူရှိကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည် သေပြီး နောက်သညာမရှိသော အတ္တကို ပြကြလျှင် ဤရှစ်မျိုးသော အကြောင်းတို့ဖြင့်သော်လည်းကောင်း၊ ဤ (ရှစ်မျိုး) တို့တွင် တစ်မျိုးမျိုးသော အကြောင်းဖြင့်သော်လည်းကောင်း ပြကုန်၏။ ဤ (ရှစ်မျိုး) တို့မှတစ်ပါးသော အကြောင်းမရှိ။ပ။ မြတ်စွာဘုရား၏ဟုတ်မှန်သော ဂုဏ်ကို မှန်စွာ ပြောလိုကြလျှင် အကြင် (တရား) တို့ဖြင့် ပြောကြရာ၏၊ နက်နဲကုန်သော ။ပ။ ထိုတရားတို့သည် ဤသည်တို့ပင်တည်း။

ဥဒ္ဓမာဃာတနိက နေဝသညီ နာသညီဝါဒ

သေပြီးနောက် သညာရှိလည်းမဟုတ် မရှိလည်းမဟုတ် အယူရှစ်မျိုး

၈၁။ ရဟန်းတို့ သေပြီးနောက် သညာရှိလည်းမဟုတ် မရှိလည်းမဟုတ် အယူရှိကုန်သော အချို့ သောသမဏဗြာဟ္မဏတို့သည် ရှိကုန်၏၊ (ထိုသူတို့သည်) သေပြီးနောက် သညာရှိလည်းမဟုတ် မရှိ လည်းမဟုတ်သော အတ္တကို ရှစ်မျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏။

သေပြီးနောက် သညာရှိလည်းမဟုတ် မရှိလည်းမဟုတ် အယူရှိကုန်သော ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အဘယ်ကို အကြောင်းပြု၍ အဘယ်ကို စွဲမှီ၍ သေပြီးနောက် သညာရှိလည်းမဟုတ် မရှိလည်းမဟုတ်သော အတ္တကို ရှစ်မျိုးသော အကြောင်းတို့ဖြင့် ပြကုန်သနည်း -

၈၂။ အတ္တသည် ရုပ်ရှိ၏၊ သေပြီးနောက် ပျက်စီးခြင်း မရှိ၊ သညာရှိလည်းမဟုတ် မရှိလည်း မဟုတ်ဟုပြကုန်၏။

အတ္တသည် ရုပ်မရှိ။

အတ္တသည် ရုပ်ရှိလည်းဟုတ်၏၊ ရုပ်မရှိလည်းဟုတ်၏။

အတ္တသည် ရုပ်ရှိလည်း မဟုတ်၊ ရုပ်မရှိလည်း မဟုတ်။

အတ္တသည် အဆုံးရှိ၏။

အတ္တသည် အဆုံးမရှိ။

အတ္တသည် အဆုံးရှိလည်းဟုတ်၏၊ အဆုံးမရှိလည်းဟုတ်၏။

အတ္တသည် အဆုံးရှိလည်း မဟုတ်၊ အဆုံးမရှိလည်း မဟုတ်၊ သေပြီးနောက် ပျက်စီးခြင်း မရှိ၊ သညာရှိလည်း မဟုတ်၊ မရှိလည်း မဟုတ်ဟု ပြကုန်၏။ (ဂ-၃၂-၅၀)

၈၃။ ရဟန်းတို့ သေပြီးနောက် သညာရှိလည်းမဟုတ် မရှိလည်းမဟုတ်အယူရှိကုန်သော ထိုသမဏဗြာဟ္မဏတို့သည် သေပြီးနောက် သညာရှိလည်းမဟုတ် မရှိလည်းမဟုတ်သော အတ္တကို ဤ ရှစ်မျိုးသောအကြောင်းတို့ဖြင့် ပြကုန်၏။

ရဟန်းတို့ သေပြီးနောက် သညာရှိလည်းမဟုတ် မရှိလည်းမဟုတ် အယူရှိကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည် သေပြီးနောက် သညာရှိလည်းမဟုတ် မရှိလည်းမဟုတ်သော အတ္တကို ပြကြလျှင် ဤရှစ်မျိုးသော အကြောင်းတို့ဖြင့်သော်လည်းကောင်း၊ ဤ (ရှစ်မျိုး) တို့တွင် တစ်မျိုးမျိုးသော အကြောင်းဖြင့်သော်လည်းကောင်း ပြကုန်၏၊ ဤ (ရှစ်မျိုး) တို့မှ တစ်ပါးသော အကြောင်းမရှိ။ပ။ မြတ်စွာဘုရား၏ဟုတ်မှန်သော ဂုဏ်ကို မှန်စွာ ပြောလိုကြလျှင် အကြင် (တရား) တို့ဖြင့် ပြောကြရာ၏၊ နက်နဲကုန်သော ။ပ။ ထိုတရားတို့သည် ဤသည်တို့ပင်တည်း။

------

ဥစ္ဆေဒဝါဒ

ပြတ်စဲအယူ ခုနစ်မျိုး

၈၄။ ရဟန်းတို့ ပြတ်စဲအယူရှိကုန်သော အချို့သေ သမဏဗြာဟ္မဏတို့သည် ရှိကုန်၏၊ (ထိုသူတို့သည်) ထင်ရှားရှိသော သတ္တဝါ၏ ပြတ်စဲခြင်း ပျက်စီးခြင်း ပျောက်ကင်းခြင်းကို ခုနစ်မျိုးသောအကြောင်း တို့ဖြင့် ပြကုန်၏။

ပြတ်စဲအယူရှိကုန်သော ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အဘယ်ကို အကြောင်းပြု၍ အဘယ်ကိုစွဲမှီ၍ ထင်ရှားရှိသော သတ္တဝါ၏ ပြတ်စဲခြင်း ပျက်စီးခြင်း ပျောက်ကင်းခြင်းကို ခုနစ်မျိုးသော အကြောင်းတို့ဖြင့် ပြကုန်သနည်း -

၈၅။ ရဟန်းတို့ ဤလောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်းဤသို့ ဆိုလေ့ရှိ၏၊ ဤသို့ ယူလေ့ရှိ၏ -

''အချင်း ဤအတ္တသည် ရုပ်ရှိ၏၊ မဟာဘုတ်လေးပါး အစုအဝေးဖြစ်၏၊ မိဘတို့မှ ပေါက်ဖွား၏၊ ကိုယ်ကောင် ပျက်စီးလျှင် ပြတ်စဲ၏၊ ပျက်စီး၏၊ သေပြီးသည်မှ နောက်၌ မရှိ၊ အချင်း ဤမျှဖြင့် ဤအတ္တသည် လုံးဝ ပြတ်စဲ၏''ဟု ဆိုလေ့ရှိ၏၊ ယူလေ့ရှိ၏။

ဤသို့လျှင် အချို့သော သူတို့သည် ထင်ရှားရှိသော သတ္တဝါ၏ ပြတ်စဲခြင်း ပျက်စီးခြင်းပျောက်ကင်းခြင်းကို ပြကုန်၏။ (၁-၃၃-၅၁)

၈၆။ ထိုသူကို အခြားသူက ဤသို့ ဆို၏ -

''အချင်း သင်ဆိုသော ဤအတ္တသည် ရှိသည်သာတည်း၊ မရှိဟု ငါမဆို၊ အချင်း ဤအတ္တသည်ဤမျှဖြင့် လုံးဝပြတ်စဲသည် မဟုတ်သေး၊ ကာမာဝစရနတ်ပြည်၌ဖြစ်သော အစာအာဟာရ စားသောက်သော ရုပ်ရှိသော အခြားအတ္တသည် ရှိသေး၏၊ ထိုအတ္တကို သင် မသိ၊ (သင်) မမြင်၊ ထိုအတ္တကို ငါ သိ၏၊ (ငါ) မြင်၏၊ အချင်း ထိုအတ္တသည် ကိုယ်ကောင် ပျက်စီးလျှင် ပြတ်စဲ၏၊ ပျက်စီး၏၊ သေပြီးသည်မှ နောက်၌ မရှိ၊ အချင်း ဤမျှဖြင့် ဤအတ္တသည် လုံးဝ ပြတ်စဲ၏''ဟု ဆို၏၊

ဤသို့လျှင် အချို့သော သူတို့သည် ထင်ရှားရှိသော သတ္တဝါ၏ ပြတ်စဲခြင်း ပျက်စီးခြင်း ပျောက်ကင်းခြင်းကို ပြကုန်၏။ (၂-၃၄-၅၂)

၈၇။ ထိုသူကို အခြားသူက ဤသို့ ဆို၏ -

''အချင်း သင်ဆိုသော ဤအတ္တသည် ရှိသည်သာတည်း၊ မရှိဟု ငါမဆို၊ အချင်း ဤအတ္တသည်ဤမျှဖြင့် လုံးဝ ပြတ်စဲသည် မဟုတ်သေး၊ ဗြဟ္မာ့ပြည်၌ ဖြစ်သော အင်္ဂါကြီးငယ် အလုံးစုံရှိသော ဣန္ဒြေမချို့တဲ့သော ဈာန်စိတ်ကြောင့်ဖြစ်သော ရုပ်ရှိသော အခြားအတ္တသည် ရှိသေး၏၊ ထိုအတ္တကို သင်မသိ၊ (သင်) မမြင်၊ ထိုအတ္တကို ငါ သိ၏၊ (ငါ) မြင်၏၊ အချင်း ထိုအတ္တသည် ကိုယ်ကောင်ပျက်စီးလျှင် ပြတ်စဲ၏၊ ပျက်စီး၏၊ သေပြီးသည်မှ နောက်၌ မရှိ၊ အချင်း ဤမျှဖြင့် ဤအတ္တသည် လုံးဝပြတ်စဲ၏''ဟု ဆို၏။

ဤသို့လျှင် အချို့သော သူတို့သည် ထင်ရှားသော သတ္တဝါ၏ ပြတ်စဲခြင်း ပျက်စီးခြင်း ပျောက်ကင်းခြင်းကို ပြကုန်၏။ (၃-၃၅-၅၃)

၈၈။ ထိုသူကို အခြားသူက ဤသို့ ဆို၏ -

''အချင်း သင်ဆိုသော ဤအတ္တသည် ရှိသည်သာတည်း၊ မရှိဟု ငါမဆို၊ အချင်း ဤအတ္တသည် ဤမျှဖြင့်လုံးဝ ပြတ်စဲသည် မဟုတ်သေး၊ ရူပသညာ တို့ကို လုံးဝ လွန်မြောက်၍ ပဋိဃသညာ တို့လုံးဝချုပ်သည့်ပြင် နာနတ္တသညာ တို့ကို လုံးဝ နှလုံးမသွင်းမူ၍ 'ကောင်းကင်သည် အဆုံးမရှိ'ဟု (နှလုံးသွင်းလျက်) အာကာသာနဉ္စာယတန ဗြဟ္မာ့ဘုံသို့ ရောက်သော အခြား အတ္တသည် ရှိသေး၏၊ ထိုအတ္တကို သင် မသိ၊ (သင်) မမြင်၊ ထို အတ္တကို ငါသိ၏၊ (ငါ) မြင်၏၊ အချင်း ထိုအတ္တသည်ကိုယ်ကောင် ပျက်စီးလျှင် ပြတ်စဲ၏၊ ပျက်စီး၏၊ သေပြီးသည်မှ နောက်၌ မရှိ၊ အချင်း ဤမျှဖြင့်ဤအတ္တသည် လုံးဝ ပြတ်စဲ၏''ဟု ဆို၏။

ဤသို့လျှင် အချို့သော သူတို့သည် ထင်ရှားရှိသော သတ္တဝါ၏ ပြတ်စဲခြင်း ပျက်စီးခြင်း ပျောက်ကင်းခြင်းကို ပြကုန်၏။ (၄-၃၆-၅၄)

၈၉။ ထိုသူကို အခြားသူက ဤသို့ ဆို၏ -

''အချင်း သင်ဆိုသော ဤအတ္တသည် ရှိသည်သာတည်း၊ မရှိဟု ငါမဆို၊ အချင်း ဤအတ္တသည်ဤမျှဖြင့် လုံးဝ ပြတ်စဲသည် မဟုတ်သေး၊ အာကာသာနဉ္စာယတနဈာန်ကို လုံးဝ လွန်မြောက်၍ 'ဝိညာဉ်သည် အဆုံးမရှိ'ဟု (နှလုံးသွင်းလျက်) ဝိညာဏဉ္စာယတနဗြဟ္မာ့ဘုံသို့ ရောက်သော အခြားအတ္တသည် ရှိသေး၏၊ ထိုအတ္တကို သင် မသိ၊ (သင်) မမြင်၊ ထိုအတ္တကို ငါ သိ၏၊ (ငါ) မြင်၏၊ အချင်း ထိုအတ္တသည် ကိုယ်ကောင် ပျက်စီးလျှင် ပြတ်စဲ၏၊ ပျက်စီး၏၊ သေပြီးသည်မှ နောက်၌ မရှိ၊ အချင်း ဤမျှဖြင့် ဤအတ္တသည် လုံးဝ ပြတ်စဲ၏''ဟု ဆို၏။

ဤသို့လျှင် အချို့သော သူတို့သည် ထင်ရှားရှိသော သတ္တဝါ၏ ပြတ်စဲခြင်း ပျက်စီးခြင်း ပျောက်ကင်းခြင်းကို ပြကုန်၏။ (၅-၃၇-၅၅)

၉၀။ ထိုသူကို အခြားသူက ဤသို့ ဆို၏ -

''အချင်း သင်ဆိုသော ဤအတ္တသည် ရှိသည်သာတည်း၊ မရှိဟု ငါမဆို၊ အချင်း ဤအတ္တသည်ဤမျှဖြင့် လုံးဝ ပြတ်စဲသည် မဟုတ်သေး၊ အချင်း ဝိညာဏဉ္စာယတနဈာန်ကို လုံးဝ လွန်မြောက်၍ 'တစ်စုံတစ်ခုမျှ မရှိ'ဟု (နှလုံးသွင်းလျက်) အာကိဉ္စညာယတနဗြဟ္မာ့ဘုံသို့ ရောက်သော အခြား အတ္တသည်ရှိသေး၏၊ ထိုအတ္တကို သင် မသိ၊ (သင်) မမြင ်၊ ထိုအတ္တကို ငါ သိ၏၊ (ငါ) မြင်၏၊ အချင်းထိုအတ္တသည် ကိုယ်ကောင် ပျက်စီးလျှင် ပြတ်စဲ၏၊ ပျက်စီး၏၊ သေပြီးသည်မှ နောက်၌ မရှိ၊ အချင်းဤမျှဖြင့် ဤအတ္တသည် လုံးဝ ပြတ်စဲ၏''ဟု ဆို၏။

ဤသို့လျှင် အချို့သော သူတို့သည် ထင်ရှားရှိသော သတ္တဝါ၏ ပြတ်စဲခြင်း ပျက်စီးခြင်းပျောက်ကင်းခြင်းကို ပြကုန်၏။ (၆-၃၈-၅၆)

၉၁။ ထိုသူကို အခြားသူက ဤသို့ ဆို၏ -

''အချင်း သင်ဆိုသော ဤအတ္တသည် ရှိသည်သာတည်း၊ မရှိဟု ငါမဆို၊ အချင်း ဤအတ္တသည်ဤမျှဖြင့် လုံးဝ ပြတ်စဲသည် မဟုတ်သေး၊ အာကိဉ္စညာယတနဈာန်ကို လုံးဝ လွန်မြောက်၍ 'ဤဝိညာဉ်သည် ငြိမ်သက်၏၊ ဤဝိညာဉ်သည် မွန်မြတ်၏'ဟု (နှလုံးသွင်းလျက်) နေဝသညာနာသညာယတနဗြဟ္မာ့ဘုံသို့ ရောက်သော အခြားအတ္တသည် ရှိသေး၏၊ ထိုအတ္တကို သင် မသိ၊ (သင်) မမြင်၊ ထို အတ္တကို ငါ သိ၏၊ (ငါ) မြင်၏၊ အချင်း ထိုအတ္တသည် ကိုယ်ကောင် ပျက်စီးလျှင် ပြတ်စဲ၏၊ ပျက်စီး၏၊ သေပြီးသည်မှ နောက်၌ မရှိ၊ အချင်း ဤမျှဖြင့် ဤအတ္တသည် လုံးဝ ပြတ်စဲ၏''ဟု ဆို၏။

ဤသို့လျှင် အချို့သော သူတို့သည် ထင်ရှားရှိသော သတ္တဝါ၏ ပြတ်စဲခြင်း ပျက်စီးခြင်း ပျောက်ကင်းခြင်းကို ပြကုန်၏။ (၇-၃၉-၅၇)

၉၂။ ရဟန်းတို့ ပြတ်စဲအယူရှိကုန်သော ထိုသမဏဗြာဟ္မဏတို့သည် ထင်ရှားရှိသော သတ္တဝါ၏ပြတ်စဲခြင်း ပျက်စီးခြင်း ပျောက်ကင်းခြင်းကို ဤခုနစ်မျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏။

ရဟန်းတို့ ပြတ်စဲအယူရှိကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည် ထင်ရှားရှိသော သတ္တဝါ၏ပြတ်စဲခြင်း ပျက်စီးခြင်း ပျောက်ကင်းခြင်းကို ပြကြလျှင် ဤခုနစ်မျိုးသော အကြောင်းတို့ဖြင့်သော်လည်း ကောင်း၊ ဤ (ခုနစ်မျိုး) တို့တွင် တစ်မျိုးမျိုးသော အကြောင်းဖြင့်သော်လည်းကောင်း ပြကုန်၏၊ ဤ (ခုနစ်မျိုး) တို့မှ တစ်ပါးသော အကြောင်း မရှိ။ပ။ မြတ်စွာဘုရား၏ဟုတ်မှန်သောဂုဏ်ကို မှန်စွာ ပြောလိုကြလျှင် အကြင် (တရား) တို့ဖြင့် ပြောကြရာ၏၊ နက်နဲကုန်သော ။ပ။ ထိုတရားတို့သည် ဤသည်တို့ပင်တည်း။

------

၁။ ရူပသညာ=ရူပဈာန်၌ဖြစ်သောသညာ။

၂။ ပဋိဃသညာ= စက္ခုစသောဝတ္ထုရုပ်ငါးပါး၌ ရူပါရုံစသောအာရုံငါးပါးတို့ ထိခိုက်သောအခါ ဖြစ်ပေါ်သော ပဉ္စဝိညာဉ်သညာ။

၃။ နာနတ္တသညာ= ပဋိဃသညာမှတစ်ပါးသော အမျိုးမျိုးသော ကာမာဝစရသညာ၊

ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒ

မျက်မှောက် (လောကီ) နိဗ္ဗာန်အယူ ငါးမျိုး

၉၃။ ရဟန်းတို့ မျက်မှောက် (လောကီ) နိဗ္ဗာန်အယူရှိကုန်သော အချို့သောသမဏဗြာဟ္မဏ တို့သည်ရှိကုန်၏၊ (ထိုသူတို့သည်) ထင်ရှားရှိသော သတ္တဝါ၏ အမြတ်ဆုံးမျက်မှောက် (လောကီ) နိဗ္ဗာန်ကို ငါးမျိုး

သော အကြောင်းတို့ဖြင့် ပြကုန်၏။

မျက်မှောက် (လောကီ) နိဗ္ဗာန် အယူရှိကုန်သော ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အဘယ်ကိုအကြောင်းပြု၍ အဘယ်ကို စွဲမှီ၍ ထင်ရှားရှိသော သတ္တဝါ၏ အမြတ်ဆုံး မျက်မှောက် (လောကီ) နိဗ္ဗာန်ကိုငါးမျိုးသော အကြောင်းတို့ဖြင့် ပြကုန်သနည်း -

၉၄။ ရဟန်းတို့ ဤလောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်းဤသို့ ဆိုလေ့ရှိ၏၊ ဤသို့ ယူလေ့ရှိ၏ -

''အချင်း ဤအတ္တသည် ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံ ပြည့်စုံစွာ ပျော်ရွှင်စံစားရ၏၊ အချင်း ဤမျှဖြင့်ဤအတ္တသည် အမြတ်ဆုံး မျက်မှောက် (လောကီ) နိဗ္ဗာန်သို့ ရောက်၏''ဟု ဆိုလေ့ရှိ၏၊ ယူလေ့ရှိ၏။

ဤသို့လျှင် အချို့သော သူတို့သည် ထင်ရှားရှိသော သတ္တဝါ၏ အမြတ်ဆုံး မျက်မှောက် (လောကီ) နိဗ္ဗာန်ကို ပြကုန်၏။ (၁-၄၀-၅၈)

၉၅။ ထိုသူကို အခြားသူက ဤသို့ ဆို၏ -

''အချင်း သင်ဆိုသော ဤအတ္တသည် ရှိသည်သာတည်း၊ မရှိဟု ငါမဆို၊ အချင်း ဤအတ္တသည်ဤမျှဖြင့် အမြတ်ဆုံး မျက်မှောက် (လောကီ) နိဗ္ဗာန်သို့ မရောက်သေး၊ အဘယ်ကြောင့်ဆိုသော် အချင်းကာမဂုဏ်တို့သည် မမြဲကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန် ပြောင်းလဲခြင်း သဘောရှိကုန်၏၊ ထို (ကာမဂုဏ်) တို့၏ ဖောက်ပြန် ပြောင်းလဲခြင်းကြောင့် ပူဆွေးခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာ ပူပန်ခြင်း ဖြစ်ကုန်၏၊ အချင်း ဤအတ္တသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း (ဝိတက်) နှင့် တကွဖြစ်သောသုံးသပ်ဆင်ခြင်ခြင်း (ဝိစာရ) နှင့် တကွဖြစ်သော (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့် ဖြစ်သောနှစ်သိမ့်ခြင်း (ပီတိ) ချမ်းသာခြင်း (သုခ) ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏၊ အချင်း ဤမျှဖြင့်ဤအတ္တသည် အမြတ်ဆုံး မျက်မှောက် (လောကီ) နိဗ္ဗာန်သို့ ရောက်၏''ဟု ဆို၏၊

ဤသို့လျှင် အချို့သော သူတို့သည် ထင်ရှားရှိသော သတ္တဝါ၏ အမြတ်ဆုံး မျက်မှောက် (လောကီ) နိဗ္ဗာန်ကို ပြကုန်၏။ (၂-၄၁-၅၉)

၉၆။ ထိုသူကို အခြားသူက ဤသို့ ဆို၏ -

''အချင်း သင်ဆိုသော ဤအတ္တသည် ရှိသည်သာတည်း၊ မရှိဟု ငါမဆို၊ အချင်း ဤအတ္တသည်ဤမျှဖြင့် အမြတ်ဆုံး မျက်မှောက် (လောကီ) နိဗ္ဗာန်သို့ မရောက်သေး၊ အဘယ်ကြောင့်ဆိုသော် ထို (ပဌမဈာန်) ၌ ကြံစည်ခြင်း (ဝိတက်) သုံးသပ်ဆင်ခြင်ခြင်း (ဝိစာရ) ရှိသောကြောင့် ထို (ဈာန်) ကိုကြမ်းတမ်း၏ဟု ဆိုအပ်၏၊ အချင်း ဤအတ္တသည် ဝိတက် ဝိစာရငြိမ်းခြင်းကြောင့် မိမိကိုယ်၌ စိတ်ကိုကြည်လင်စေတတ်သော စိတ်တည်ကြည်ခြင်း (သမာဓိ) ကို ပွါးစေတတ်သော ကြံစည်ခြင်း (ဝိတက်) မရှိသော သုံးသပ်ဆင်ခြင်ခြင်း (ဝိစာရ) မရှိသော တည်ကြည်ခြင်း (သမာဓိ) ကြောင့် ဖြစ် သော နှစ်သိမ့်ခြင်း (ပီတိ) ချမ်းသာခြင်း (သုခ) ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏၊ အချင်း ဤမျှဖြင့် ဤအတ္တသည်အမြတ်ဆုံး မျက်မှောက် (လောကီ) နိဗ္ဗာန်သို့ ရောက်၏''ဟု ဆို၏။

ဤသို့လျှင် အချို့သော သူတို့သည် ထင်ရှားရှိသော သတ္တဝါ၏ အမြတ်ဆုံး မျက်မှောက် (လောကီ) နိဗ္ဗာန်ကို ပြကုန်၏။ (၃-၄၂-၆၀)

၉၇။ ထိုသူကို အခြားသူက ဤသို့ ဆို၏ -

''အချင်း သင်ဆိုသော ဤအတ္တသည် ရှိသည်သာတည်း၊ မရှိဟု ငါမဆို၊ အချင်း ဤအတ္တသည်ဤမျှဖြင့် အမြတ်ဆုံး မျက်မှောက် (လောကီ) နိဗ္ဗာန်သို့ မရောက်သေး၊ အဘယ့်ကြောင့်ဆိုသော် ထို (ဒုတိယဈာန်) ၌ နှစ်သိမ့်ခြင်း (ပီတိ) ဟူသော စိတ်တက်ကြွခြင်းရှိသောကြောင့် ထို (ဈာန်) ကို ကြမ်းတမ်း၏ဟု ဆိုအပ်၏၊ အချင်း ဤအတ္တသည် နှစ်သိမ့်ခြင်း (ပီတိ) ကိုလည်း မတပ်မက်ခြင်းကြောင့်သတိသမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာ (သုခ) ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင် (တတိယဈာန်) ကြောင့် ထိုသူကို 'လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ ရှိသူ'ဟုအရိယာ (ပုဂ္ဂိုလ်) တို့သည် ပြောကြားကုန်၏၊ ထိုတတိယဈာန်သို့ (ဤအတ္တသည်) ရောက်၍ နေ၏၊ အချင်း ဤမျှဖြင့် ဤအတ္တသည် အမြတ်ဆုံး မျက်မှောက် (လောကီ) နိဗ္ဗာန်သို့ ရောက်၏''ဟု ဆို၏။

ဤသို့လျှင် အချို့သော သူတို့သည် ထင်ရှားရှိသော သတ္တဝါ၏ အမြတ်ဆုံး မျက်မှောက် (လောကီ) နိဗ္ဗာန်ကို ပြကုန်၏။ (၄-၄၃-၆၁)

၉၈။ ထိုသူကို အခြားသူက ဤသို့ ဆို၏ -

''အချင်း သင်ဆိုသော ဤအတ္တသည် ရှိသည်သာတည်း၊ မရှိဟု ငါမဆို၊ အချင်း ဤအတ္တသည်ဤမျှဖြင့် အမြတ်ဆုံး မျက်မှောက် (လောကီ) နိဗ္ဗာန်သို့ မရောက်သေး၊ အဘယ့်ကြောင့်ဆိုသော် ထို (တတိယဈာန်) ၌ ချမ်းသာဟု စိတ်၏ နှလုံးသွင်းခြင်း ရှိသောကြောင့် ထို (ဈာန်) ကို ကြမ်းတမ်း၏ဟုဆိုအပ်၏၊ အချင်း ဤအတ္တသည် ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင် လျှင်ဝမ်းမြောက်ခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာ မရှိသောလျစ်လျူရှုမှုကြောင့် ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ အချင်းဤမျှဖြင့် ဤအတ္တသည် အမြတ်ဆုံး မျက်မှောက် (လောကီ) နိဗ္ဗာန်သို့ ရောက်၏''ဟု ဆို၏။

ဤသို့လျှင် အချို့သော သူတို့သည် ထင်ရှားရှိသော သတ္တဝါ၏ အမြတ်ဆုံး မျက်မှောက် (လောကီ) နိဗ္ဗာန်ကို ပြကုန်၏။ (၅-၄၄-၆၂)

၉၉။ ရဟန်းတို့ အမြတ်ဆုံး မျက်မှောက် (လောကီ) နိဗ္ဗာန် အယူရှိကုန်သော ထိုသမဏဗြာဟ္မဏတို့သည် ထင်ရှားရှိသော သတ္တဝါ၏ အမြတ်ဆုံး မျက်မှောက် (လောကီ) နိဗ္ဗာန်ကို ဤငါးမျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏။ ရဟန်းတို့ အမြတ်ဆုံး မျက်မှောက် (လောကီ) နိဗ္ဗာန်အယူရှိကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည် ထင်ရှားရှိသော သတ္တဝါ၏ အမြတ်ဆုံး မျက်မှောက် (လောကီ) နိဗ္ဗာန်ကို ပြကြလျှင် ဤငါးမျိုးသော အကြောင်းတို့ဖြင့်သော်လည်းကောင်း၊ ဤ (ငါးမျိုး) တို့တွင် တစ်မျိုးမျိုးသော အကြောင်းဖြင့်သော်လည်းကောင်း ပြကုန်၏။ ဤ (ငါးမျိုး) တို့မှ တစ်ပါးသော အကြောင်းမရှိ။ပ။ မြတ်စွာဘုရား၏ဟုတ်မှန်သော ဂုဏ်ကို မှန်စွာ ပြောလိုကြလျှင် အကြင် (တရား) တို့ဖြင့် ပြောကြရာ၏၊ နက်နဲကုန်သော ။ပ။ ထိုတရားတို့သည် ဤသည်တို့ပင်တည်း။

၁၀၀။ ရဟန်းတို့ နောက်အဖို့ကို ကြံဆကုန်သော နောက်အဖို့ကို စွဲယူကုန်သော ထိုသမဏဗြာဟ္မဏတို့သည် နောက်အဖို့ကိုစွဲမှီ၍ များပြားသော မိစ္ဆာအယူပြစကားတို့ကို ဤလေးဆယ့်လေးမျိုးသောအကြောင်းတို့ဖြင့် ပြောဟောကုန်၏။

ရဟန်းတို့ နောက်အဖို့ကို ကြံဆကုန်သော နောက်အဖို့ကို စွဲယူကုန်သော သမဏဗြာဟ္မဏအားလုံးတို့သည် နောက်အဖို့ကို စွဲမှီ၍ များပြားသော မိစ္ဆာအယူပြစကားတို့ကို ပြောဟောကြလျှင် ဤလေးဆယ့်လေးမျိုးသော အကြောင်းတို့ဖြင့်သော်လည်းကောင်း၊ ဤ (လေးဆယ့်လေးမျိုး) တို့တွင် တစ်မျိုးမျိုးသော အကြောင်းဖြင့်သော်လည်းကောင်း ပြောဟောကုန်၏၊ ဤ (လေးဆယ့်လေးမျိုး) တို့မှ တစ်ပါးသော အကြောင်းမရှိ။ပ။ မြတ်စွာဘုရား၏ဟုတ်မှန်သော ဂုဏ်ကို မှန်စွာ ပြောလိုကြလျှင် အကြင် (တရား) တို့ဖြင့် ပြောကြရာ၏၊ နက်နဲကုန်သော ။ပ။ ထိုတရားတို့သည် ဤသည်တို့ပင်တည်း။

၁၀၁။ ရဟန်းတို့ ရှေးအဖို့ကို ကြံဆကုန်သော နောက်အဖို့ကို ကြံဆကုန်သော ရှေးအဖို့နောက်အဖို့ကို ကြံဆကုန်သော ရှေးအဖို့ နောက်အဖို့ကို စွဲယူကုန်သော သမဏဗြဟ္မဏတို့သည်ရှေးအဖို့ နောက်အဖို့ကို စွဲမှီ၍ ဤခြောက်ဆယ့်နှစ်မျိုးသော အကြောင်းတို့ဖြင့် များပြားသောမိစ္ဆာအယူပြစကား တို့ကို ပြောဟောကုန်၏။

၁၀၂။ ရဟန်းတို့ ရှေးအဖို့ကို ကြံဆကုန်သော နောက်အဖို့ကို ကြံဆကုန်သော ရှေးအဖို့ နောက်အဖို့ကို ကြံဆကုန်သော ရှေးအဖို့ နောက်အဖို့ကို စွဲယူကုန်သော သမဏဗြဟ္မဏအားလုံးတို့သည် ရှေးအဖို့ နောက်အဖို့ကို စွဲမှီ၍ များပြားသော မိစ္ဆာအယူပြစကားတို့ကို ပြောဟောကြလျှင် ဤခြောက်ဆယ့်နှစ်မျိုးသော အကြောင်းတို့ဖြင့်သော်လည်းကောင်း၊ ဤ (ခြောက်ဆယ့်နှစ်မျိုး) တို့တွင် တစ်မျိုးမျိုးသောအကြောင်းတို့ဖြင့်သော်လည်းကောင်း ပြောဟောကြကုန်၏၊ ဤ (ခြောက်ဆယ့်နှစ်မျိုး) တို့မှ တစ်ပါးသောအကြောင်းမရှိ။

၁၀၃။ ရဟန်းတို့ ''ဤခြောက်ဆယ့်နှစ်မျိုးသော အယူတို့သည် ဤသို့ စွဲယူထားလျှင် ဤသို့မှားယွင်းစွာ သုံးသပ်ထားလျှင် ဤသို့ လားရာရှိကုန်၏၊ ဤသို့ တမလွန်ရှိကုန်၏''ဟု မြတ်စွာဘုရားသည် ဤခြောက်ဆယ့်နှစ်မျိုးသော အယူကို သိတော်မူ၏။

မြတ်စွာဘုရားသည် ထို (ခြောက်ဆယ့်နှစ်မျိုးသောအယူ) ကိုလည်း သိတော်မူ၏။ ထို့ထက် အထူး သဖြင့်လွန်မြတ်သော တရားကိုလည်း သိတော်မူ၏၊ ထို (အထူးသဖြင့် လွန်မြတ်သောတရား) ကို သိတော်မူသော်လည်း မှားယွင်းစွာ မသုံးသပ်၊ မှားယွင်းစွာ မသုံးသပ်သောကြောင့် ထို (မြတ်စွာဘုရား) သည်ကိုယ်တော်တိုင်သာလျှင် (နိဗ္ဗာန်ကို) သိတော်မူ၏။

ရဟန်းတို့ မြတ်စွာဘုရားသည် ဝေဒနာတို့၏ ဖြစ်ကြောင်းကိုလည်းကောင်း၊ ချုပ်ကြောင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ဝေဒနာတို့မှ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်မှန်သောအတိုင်း သိတော်မူသဖြင့် (တစ်စုံတစ်ရာ) မစွဲလမ်းမူ၍ လွတ်မြောက်တော်မူ၏။

၁၀၄။ ရဟန်းတို့ မြတ်စွာဘုရားသည် အကြင် (တရား) တို့ကို ကိုယ်တော်တိုင် ထူးသော ဉာဏ်ဖြင့်မျက်မှောက်ပြု၍ ဟောတော်မူ၏၊ မြတ်စွာဘုရား၏ဟုတ်မှန်သော ဂုဏ်ကို မှန်စွာပြောလိုကြလျှင် အကြင် (တရား) တို့ဖြင့် ပြောကြရာ၏၊ နက်နဲကုန်သော မြင်နိုင်ခဲကုန်သော သိနိုင်ခဲကုန်သော ငြိမ်သက်ကုန်သော မွန်မြတ်ကုန်သော ကြံစည်ခြင်းဖြင့် မရောက်နိုင်ကုန်သော သိမ်မွေ့ကုန်သော ပညာရှိတို့သာ သိနိုင်ကုန်သော ထိုတရားတို့သည် ဤသည်တို့ပင်တည်း။

------

၁။ မိစ္ဆာအယူခြောက်ဆယ့်နှစ်မျိုးကား ပုဗ္ဗန္တကပ္ပိက တစ်ဆယ့်ရှစ်, အပရန္တကပ္ပိက လေးဆယ့်လေးမျိုးတည်း။

ပရိတဿိတဝိပ္ဖန္ဒိတဝါရ

၁၀၅။ ရဟန်းတို့ ထိုသူတို့တွင် တည်မြဲအယူရှိကုန်သော အကြင်သမဏဗြဟ္မဏတို့သည် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း တည်မြဲ၏ဟု လေးမျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏။ ထို (ဝေဒနာ) သည်လည်း (အမှန်ကို) မသိကုန်သော (အမှန်ကို) မမြင်ကုန်သော တဏှာပူးကပ်ကုန်သော ထိုအသျှင်သမဏဗြာဟ္မဏတို့၏ ခံစားခြင်းဖြစ်၍ တောင့်တခြင်းဖြင့် တုန်လှုပ်သည်သာတည်း။

၁၀၆။ ရဟန်းတို့ ထိုသူတို့တွင် အချို့တည်မြဲ အချို့မတည်မြဲ အယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း အချို့တည်မြဲ၏ အချို့မတည်မြဲဟု လေးမျိုးသော အကြောင်းတို့ဖြင့်ပြကုန်၏။ ထို (ဝေဒနာ) သည်လည်း (အမှန်ကို) မသိကုန်သော (အမှန်ကို) မမြင်ကုန်သော တဏှာပူးကပ်ကုန်သော ထိုအသျှင်သမဏဗြာဟ္မဏတို့၏ ခံစားခြင်းဖြစ်၍ တောင့်တခြင်းဖြင့် တုန်လှုပ်သည်သာတည်း။

၁၀၇။ ရဟန်းတို့ ထိုသူတို့တွင် အဆုံးရှိ အဆုံးမရှိ အယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) လောက၏ အဆုံးရှိ အဆုံး မရှိကိုုလေးမျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏။ ထို (ဝေဒနာ) သည်လည်း (အမှန်ကို) မသိကုန်သော (အမှန်ကို) မမြင်ကုန်သော တဏှာပူးကပ်ကုန်သော ထိုအသျှင်သမဏဗြာဟ္မဏတို့၏ ခံစားခြင်းဖြစ်၍တောင့်တခြင်းဖြင့် တုန်လှုပ်သည်သာတည်း။

၁၀၈။ ရဟန်းတို့ ထိုသူတို့တွင် အဆုံးမရှိ ပစ်လွှင့်သော အယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် ထိုထိုအရာ၌ အမေးခံကြရလျှင် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) အဆုံးမရှိ ပစ်လွှင့်သော စကားကိုု လေးမျိုးသော အကြောင်းတို့ဖြင့် ဆိုကုန်၏။ ထို (ဝေဒနာ) သည်လည်း (အမှန်ကို) မသိကုန်သော (အမှန်ကို) မမြင်ကုန်သော တဏှာပူးကပ်ကုန်သော ထိုအသျှင်သမဏဗြာဟ္မဏတို့၏ ခံစားခြင်းဖြစ်၍ တောင့်တခြင်းဖြင့် တုန်လှုပ်သည်သာတည်း။

၁၀၉။ ရဟန်းတို့ ထိုသူတို့တွင် အကြောင်းမဲ့အယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း အကြောင်းမဲ့ ဖြစ်ပေါ်၏ဟု နှစ်မျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏။ ထို (ဝေဒနာ) သည်လည်း (အမှန်ကို) မသိကုန်သော (အမှန်ကို) မမြင်ကုန်သော တဏှာပူးကပ်ကုန်သော ထိုအသျှင်သမဏဗြာဟ္မဏတို့၏ ခံစားခြင်းဖြစ်၍ တောင့်တခြင်းဖြင့် တုန်လှုပ်သည်သာတည်း။

၁၁၀။ ရဟန်းတို့ ထိုသူတို့တွင် ရှေ့အဖို့ကို ကြံဆကုန်သော ရှေးအဖို့ကို စွဲယူကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) ရှေးအဖို့ကို စွဲမှီ၍ များပြားသော မိစ္ဆာအယူပြစကားတို့ကို တစ်ဆယ့်ရှစ်မျိုးသော အကြောင်းတို့ဖြင့် ပြောဟောကုန်၏။ ထို (ဝေဒနာ) သည်လည်း (အမှန်ကို) မသိကုန်သော (အမှန်ကို) မမြင်ကုန်သော တဏှာပူးကပ်ကုန်သော ထိုအသျှင်သမဏဗြာဟ္မဏတို့၏ ခံစားခြင်းဖြစ်၍ တောင့်တခြင်းဖြင့် တုန်လှုပ်သည်သာတည်း။

၁၁၁။ ရဟန်းတို့ ထိုသူတို့တွင် သေပြီးနောက် သညာရှိ အယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) သေပြီးနောက် သညာရှိသော အတ္တကို တစ်ဆယ့်ခြောက်မျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏။ ထို (ဝေဒနာ) သည်လည်း (အမှန်ကို) မသိကုန်သော (အမှန်ကို) မမြင်ကုန်သော တဏှာပူးကပ်ကုန်သော ထိုအသျှင်သမဏဗြာဟ္မဏတို့၏ ခံစားခြင်းဖြစ်၍ တောင့်တခြင်းဖြင့် တုန်လှုပ်သည်သာတည်း။

၁၁၂။ ရဟန်းတို့ ထိုသူတို့တွင် သေပြီးနောက် သညာမရှိ အယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) သေပြီးနောက်သညာမရှိသော အတ္တကို ရှစ်မျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏။ ထို (ဝေဒနာ) သည်လည်း (အမှန်ကို) မသိကုန်သော (အမှန်ကို) မမြင်ကုန်သော တဏှာပူးကပ်ကုန်သော ထိုအသျှင်သမဏဗြာဟ္မဏတို့၏ ခံစားခြင်းဖြစ်၍ တောင့်တခြင်းဖြင့် တုန်လှုပ်သည်သာတည်း။

၁၁၃။ ရဟန်းတို့ ထိုသူတို့တွင် သေပြီးနောက် သညာရှိလည်းမဟုတ် မရှိလည်းမဟုတ် အယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) သေပြီးနောက် သညာရှိလည်းမဟုတ် မရှိလည်းမဟုတ်သော အတ္တကို ရှစ်မျိုးသောအကြောင်း တို့ဖြင့် ပြကုန်၏။ ထို (ဝေဒနာ) သည်လည်း (အမှန်ကို) မသိကုန်သော (အမှန်ကို) မမြင်ကုန်သော တဏှာပူးကပ်ကုန်သော ထိုအသျှင်သမဏဗြာဟ္မဏတို့၏ ခံစားခြင်းဖြစ်၍ တောင့်တခြင်းဖြင့် တုန်လှုပ်သည်သာတည်း။

၁၁၄။ ရဟန်းတို့ ထိုသူတို့တွင် ပြတ်စဲအယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် (မိမိ အယူ၌နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) ထင်ရှားရှိသော သတ္တဝါ၏ ပြတ်စဲခြင်းပျက်စီးခြင်း ပျောက်ကင်းခြင်းကို ခုနစ်မျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏။ ထို (ဝေဒနာ) သည်လည်း (အမှန်ကို) မသိကုန်သော (အမှန်ကို) မမြင်ကုန်သော တဏှာပူးကပ်ကုန်သော ထိုအသျှင်သမဏဗြာဟ္မဏတို့၏ ခံစားခြင်းဖြစ်၍ တောင့်တခြင်းဖြင့် တုန်လှုပ်သည်သာတည်း။

၁၁၅။ ရဟန်းတို့ ထိုသူတို့တွင် မျက်မှောက် (လောကီ) နိဗ္ဗာန် အယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) ထင်ရှားရှိသောသတ္တဝါ၏ အမြတ်ဆုံး မျက်မှောက် (လောကီ) နိဗ္ဗာန်ကို ငါးမျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏။ထို (ဝေဒနာ) သည်လည်း (အမှန်ကို) မသိကုန်သော (အမှန်ကို) မမြင်ကုန်သော တဏှာပူးကပ်ကုန်သော ထိုအသျှင်သမဏ ဗြာဟ္မဏတို့၏ ခံစားခြင်းဖြစ်၍ တောင့်တခြင်းဖြင့် တုန်လှုပ်သည်သာတည်း။

၁၁၆။ ရဟန်းတို့ ထိုသူတို့တွင် နောက်အဖို့ကို ကြံဆကုန်သော နောက်အဖို့ကို စွဲယူကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) နောက်အဖို့ကို စွဲမှီ၍ များပြားသော မိစ္ဆာအယူပြစကားတို့ကို လေးဆယ့်လေးမျိုးသော အကြောင်းတို့ဖြင့်ပြောဟောကုန်၏။ ထို (ဝေဒနာ) သည်လည်း (အမှန်ကို) မသိကုန်သော (အမှန်ကို) မမြင်ကုန်သော တဏှာပူးကပ်ကုန်သော ထိုအသျှင်သမဏဗြာဟ္မဏတို့၏ ခံစားခြင်းဖြစ်၍ တောင့်တခြင်းဖြင့် တုန်လှုပ်သည်သာတည်း။

၁၁၇။ ရဟန်းတို့ ထိုသူတို့တွင် ရှေးအဖို့ကို ကြံဆကုန်သော နောက်အဖို့ကို ကြံဆကုန်သော ရှေးအဖို့နောက်အဖို့ကို ကြံဆကုန်သော ရှေးအဖို့နောက်အဖို့ကို စွဲယူကုန်သော အကြင်သမဏဗြာဟ္မဏ တို့သည် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) ရှေးအဖို့နောက်အဖို့ကို စွဲမှီ၍များပြားသော မိစ္ဆာအယူပြစကားတို့ကို ခြောက်ဆယ့်နှစ်မျိုးသော အကြောင်းတို့ဖြင့် ပြောဟောကုန်၏။ထို (ဝေဒနာ) သည်လည်း (အမှန်ကို) မသိကုန်သော (အမှန်ကို) မမြင်ကုန်သော တဏှာပူးကပ် ကုန်သော ထိုအသျှင်သမဏ ဗြာဟ္မဏတို့၏ ခံစားခြင်းဖြစ်၍ တောင့်တခြင်းဖြင့် တုန်လှုပ်သည်သာတည်း။

------

ဖဿပစ္စယာဝါရ

၁၁၈။ ရဟန်းတို့ ထိုသူတို့တွင် တည်မြဲအယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် (မိမိ အယူ၌နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း တည်မြဲ၏ဟု လေးမျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏။ ထို (သမဏဗြာဟ္မဏတို့၏ ဝေဒနာ) သည်လည်း ဖဿဟူသော အကြောင်းကြောင့် ဖြစ်၏။

၁၁၉။ ရဟန်းတို့ ထိုသူတို့တွင် အချို့တည်မြဲ အချို့မတည်မြဲ အယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း အချို့တည်မြဲ၏ အချို့မတည်မြဲဟု လေးမျိုးသော အကြောင်းတို့ဖြင့်ပြကုန်၏။ ထို (သမဏဗြာဟ္မဏတို့၏ ဝေဒနာ) သည်လည်း ဖဿဟူသော အကြောင်းကြောင့် ဖြစ်၏။

၁၂၀။ ရဟန်းတို့ ထိုသူတို့တွင် အဆုံးရှိ အဆုံးမရှိ အယူရှိကုန်သော အကြင်သမဏ ဗြာဟ္မဏတို့သည် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) လောက၏အဆုံးရှိ အဆုံး မရှိကို လေးမျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏။ထို (သမဏဗြာဟ္မဏတို့၏ဝေဒနာ) သည်လည်း ဖဿ ဟူသော အကြောင်းကြောင့် ဖြစ်၏။

၁၂၁။ ရဟန်းတို့ ထိုသူတို့တွင် အဆုံးမရှိပစ်လွှင့်သော အယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် ထိုထိုအရာ၌ အမေးခံကြရလျှင် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) အဆုံးမရှိ ပစ်လွှင့်သော စကားကို လေးမျိုးသော အကြောင်းတို့ဖြင့် ဆိုကုန်၏။ ထို (သမဏဗြာဟ္မဏတို့၏ ဝေဒနာ) သည်လည်း ဖဿ ဟူသော အကြောင်းကြောင့် ဖြစ်၏။

၁၂၂။ ရဟန်းတို့ ထိုသူတို့တွင် အကြောင်းမဲ့ အယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) အတ္တကိုလည်းကောင်း လောကကိုလည်းကောင်း အကြောင်းမဲ့ဖြစ်၏ဟု နှစ်မျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏။ ထို (သမဏဗြာဟ္မဏတို့၏ ဝေဒနာ) သည်လည်း ဖဿဟူသော အကြောင်းကြောင့် ဖြစ်၏။

၁၂၃။ ရဟန်းတို့ ထိုသူတို့တွင် ရှေးအဖို့ကို ကြံဆကုန်သော ရှေးအဖို့ကို စွဲယူကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင် ဝေဒနာဖြင့် ခံစားကုန်လျက်) ရှေးအဖို့ ကို စွဲမှီ၍ တစ်ဆယ့်ရှစ်မျိုးသော အကြောင်းတို့ဖြင့် များပြားသော မိစ္ဆာအယူပြစကားတို့ကိုပြောဟော ကုန်၏။ ထို (သမဏဗြာဟ္မဏတို့၏ ဝေဒနာ) သည်လည်း ဖဿဟူသော အကြောင်းကြောင့်ဖြစ်၏။

၁၂၄။ ရဟန်းတို့ ထိုသူတို့တွင် သေပြီးနောက် အတ္တရှိ သညာရှိ အယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) သေပြီးနောက် သညာရှိသော အတ္တကို တစ်ဆယ့်ခြောက်မျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏။ ထို (သမဏဗြာဟ္မဏတို့၏ ဝေဒနာ) သည်လည်း ဖဿဟူသော အကြောင်းကြောင့် ဖြစ်၏။

၁၂၅။ ရဟန်းတို့ ထိုသူတို့တွင် သေပြီးနောက် သညာမရှိ အယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) သေပြီးနောက်သညာမရှိသော အတ္တကို ရှစ်မျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏။ ထို (သမဏဗြာဟ္မဏတို့၏ ဝေဒနာ) သည်လည်း ဖဿဟူသော အကြောင်းကြောင့် ဖြစ်၏။

၁၂၆။ ရဟန်းတို့ ထိုသူတို့တွင် သေပြီးနောက် သညာရှိလည်းမဟုတ် မရှိလည်းမဟုတ် အယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) သေပြီးနောက် သညာရှိလည်းမဟုတ် မရှိလည်းမဟုတ်သော အတ္တကို ရှစ်မျိုးသောအကြောင်း တို့ဖြင့် ပြကုန်၏။ ထို (သမဏဗြာဟ္မဏတို့၏ ဝေဒနာ) သည်လည်း ဖဿ ဟူသောအကြောင်းကြောင့် ဖြစ်၏။

၁၂၇။ ရဟန်းတို့ ထိုသူတို့တွင် ပြတ်စဲအယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် (မိမိ အယူ၌နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) ထင်ရှားရှိသော သတ္တဝါ၏ ပြတ်စဲခြင်းပျက်စီးခြင်း ပျောက်ကင်းခြင်းကို ခုနစ်မျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏။ ထို (သမဏဗြာဟ္မဏတို့၏ဝေဒနာ) သည်လည်း ဖဿဟူသော အကြောင်းကြောင့် ဖြစ်၏။

၁၂၈။ ရဟန်းတို့ ထိုသူတို့တွင် မျက်မှောက် (လောကီ) နိဗ္ဗာန် အယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) ထင်ရှားရှိသော သတ္တဝါ၏ အမြတ်ဆုံး မျက်မှောက် (လောကီ) နိဗ္ဗာန်ကို ငါးမျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏။ထို (သမဏ ဗြာဟ္မဏတို့၏ ဝေဒနာ) သည်လည်း ဖဿဟူသော အကြောင်းကြောင့် ဖြစ်၏။

၁၂၉။ ရဟန်းတို့ ထိုသူတို့တွင် နောက်အဖို့ကို ကြံဆကုန်သော နောက်အဖို့ကို စွဲယူကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) နောက်အဖို့ကို စွဲမှီ၍ များပြားသော မိစ္ဆာအယူပြစကားတို့ကို လေးဆယ့်လေးမျိုးသော အကြောင်းတို့ဖြင့်ပြောဟောကုန်၏။ ထို (သမဏဗြာဟ္မဏတို့၏ ဝေဒနာ) သည်လည်း ဖဿ ဟူသော အကြောင်းကြောင့်ဖြစ်၏။

၁၃၀။ ရဟန်းတို့ ထိုသူတို့တွင် ရှေးအဖို့ကို ကြံဆကုန်သော နောက်အဖို့ကို ကြံဆကုန်သော ရှေးအဖို့ နောက်အဖို့ကို ကြံဆကုန်သော ရှေးအဖို့ နောက်အဖို့ကို စွဲယူကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) ရှေးအဖို့ နောက်အဖို့ကို စွဲမှီ၍ များပြားသော မိစ္ဆာအယူပြစကားတို့ကို ခြောက်ဆယ့်နှစ်မျိုးသော အကြောင်းတို့ဖြင့် ပြောဟောကုန်၏။ ထို (သမဏဗြာဟ္မဏတို့၏ ဝေဒနာ) သည်လည်း ဖဿဟူသော အကြောင်းကြောင့် ဖြစ်၏။

------

နေတံ ဌာနံ ဝိဇ္ဇတိဝါရ

၁၃၁။ ရဟန်းတို့ ထိုသူတို့တွင် တည်မြဲအယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် (မိမိ အယူ၌နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း တည်မြဲ၏ဟု လေးမျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏။ ထို (သမဏဗြာဟ္မဏ) တို့သည်ဖဿနှင့် ကင်း၍ (ထိုဝေဒနာကို) စင်စစ် ခံစားနိုင်ရာသော အကြောင်းမရှိ။

၁၃၂။ ရဟန်းတို့ ထိုသူတို့တွင် အချို့တည်မြဲ အချို့မတည်မြဲ အယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း အချို့တည်မြဲ အချို့မတည်မြဲဟု လေးမျိုးသော အကြောင်းတို့ဖြင့်ပြကုန်၏။ ထို (သမဏဗြာဟ္မဏ) တို့သည် ဖဿနှင့် ကင်း၍ (ထိုဝေဒနာကို) စင်စစ် ခံစားနိုင်ရာသောအကြောင်းမရှိ။

၁၃၃။ ရဟန်းတို့ ထိုသူတို့တွင် အဆုံးရှိ အဆုံးမရှိ အယူရှိကုန်သော အကြင်သမဏဗြာဟ္မဏ တို့သည် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) လောက၏ အဆုံးရှိ အဆုံးမရှိကိုလေးမျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏။ ထို (သမဏဗြာဟ္မဏ) တို့သည် ဖဿနှင့်ကင်း၍ (ထိုဝေဒနာကို) စင်စစ် ခံစားနိုင်ရာသော အကြောင်းမရှိ။

၁၃၄။ ရဟန်းတို့ ထိုသူတို့တွင် အဆုံးမရှိပစ်လွှင့်သော အယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် ထိုထိုအရာ၌ အမေးခံကြရလျှင် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင် ဝေဒနာဖြင့် ခံစားကုန်လျက်) အဆုံးမရှိ ပစ်လွှင့်သော စကားကို လေးမျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏။ ထို (သမဏဗြာဟ္မဏ) တို့သည် ဖဿနှင့် ကင်း၍ (ထိုဝေဒနာကို) စင်စစ် ခံစားနိုင်ရာသော အကြောင်းမရှိ။

၁၃၅။ ရဟန်းတို့ ထိုသူတို့တွင် အကြောင်းမဲ့ အယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း အကြောင်းမဲ့ ဖြစ်ပေါ်၏ဟု နှစ်မျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏။ ထို (သမဏဗြာဟ္မဏ) တို့သည် ဖဿနှင့် ကင်း၍ (ထိုဝေဒနာကို) စင်စစ် ခံစားနိုင်ရာသော အကြောင်းမရှိ။

၁၃၆။ ရဟန်းတို့ ထိုသူတို့တွင် ရှေးအဖို့ကို ကြံဆကုန်သော ရှေးအဖို့ကို စွဲယူကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) ရှေးအဖို့ကို စွဲမှီ၍ များပြားသော မိစ္ဆာအယူပြစကားတို့ကို တစ်ဆယ့်ရှစ်မျိုးသော အကြောင်းတို့ဖြင့် ပြောဟောကုန်၏။ ထို (သမဏဗြာဟ္မဏ) တို့သည် ဖဿနှင့် ကင်း၍ (ထိုဝေဒနာကို) စင်စစ် ခံစားနိုင်ရာသောအကြောင်းမရှိ။

၁၃၇။ ရဟန်းတို့ ထိုသူတို့တွင် သေပြီးနောက် သညာရှိအယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) သေပြီးနောက် သညာရှိသော အတ္တကို တစ်ဆယ့်ခြောက်မျိုးသော အကြောင်းတို့ဖြင့် ပြောဟောကုန်၏။ထို (သမဏဗြာဟ္မဏ) တို့သည် ဖဿနှင့် ကင်း၍ (ထိုဝေဒနာကို) စင်စစ် ခံစားနိုင်ရာသောအကြောင်းမရှိ။

၁၃၈။ ရဟန်းတို့ ထိုသူတို့တွင် သေပြီးနောက် သညာမရှိအယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) သေပြီးနောက် သညာမရှိသော အတ္တကို ရှစ်မျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏။ ထို (သမဏဗြာဟ္မဏ) တို့သည် ဖဿနှင့် ကင်း၍ (ထိုဝေဒနာကို) စင်စစ် ခံစားနိုင်ရာသော အကြောင်းမရှိ။

၁၃၉။ ရဟန်းတို့ ထိုသူတို့တွင် သေပြီးနောက် သညာရှိလည်းမဟုတ် မရှိလည်းမဟုတ် အယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) သေပြီးနောက် သညာရှိလည်းမဟုတ် မရှိလည်းမဟုတ်သော အတ္တကို ရှစ်မျိုးသောအကြောင်း တို့ဖြင့် ပြကုန်၏။ ထို (သမဏဗြာဟ္မဏ) တို့သည် ဖဿနှင့် ကင်း၍ (ထိုဝေဒနာကို) စင်စစ်ခံစားနိုင်ရာ သော အကြောင်းမရှိ။

၁၄၀။ ရဟန်းတို့ ထိုသူတို့တွင် ပြတ်စဲအယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် (မိမိ အယူ၌နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) ထင်ရှားရှိသော သတ္တဝါ၏ ပြတ်စဲခြင်းပျက်စီးခြင်း ပျောက်ကင်းခြင်းကို ခုနစ်မျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏။ ထို (သမဏဗြာဟ္မဏ) တို့သည် ဖဿနှင့် ကင်း၍ (ထိုဝေဒနာကို) စင်စစ် ခံစားနိုင်ရာသော အကြောင်းမရှိ။

၁၄၁။ ရဟန်းတို့ ထိုသူတို့တွင် မျက်မှောက် (လောကီ) နိဗ္ဗာန် အယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) ထင်ရှားရှိသောသတ္တဝါ၏ မျက်မှောက် (လောကီ) နိဗ္ဗာန်ကို ငါးမျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏။ ထို (သမဏဗြာဟ္မဏ) တို့သည် ဖဿနှင့် ကင်း၍ (ထိုဝေဒနာကို) စင်စစ် ခံစားနိုင်ရာသော အကြောင်းမရှိ။

၁၄၂။ရဟန်းတို့ ထိုသူတို့တွင် နောက်အဖို့ကို ကြံဆကုန်သော နောက်အဖို့ကို စွဲယူကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် (မိမိအယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) နောက်အဖို့ကို စွဲမှီ၍ များပြားသော မိစ္ဆာအယူပြစကားတို့ကို လေးဆယ့်လေးမျိုးသော အကြောင်းတို့ဖြင့်ပြောဟောကုန်၏။ ထို (သမဏဗြာဟ္မဏ) တို့သည် ဖဿနှင့် ကင်း၍ (ထိုဝေဒနာကို) စင်စစ် ခံစားနိုင်ရာသော အကြောင်းမရှိ။

၁၄၃။ ရဟန်းတို့ ထိုသူတို့တွင် ရှေးအဖို့ကို ကြံဆကုန်သော နောက်အဖို့ကို ကြံဆကုန်သော ရှေးအဖို့နောက်အဖို့ကို ကြံဆကုန်သော ရှေးအဖို့ နောက်အဖို့ကို စွဲယူကုန်သော အကြင်သမဏဗြာဟ္မဏ တို့သည် (မိမိ အယူ၌ နှစ်ခြိုက်ဝမ်းသာသော အကြင်ဝေဒနာဖြင့် ခံစားကုန်လျက်) ရှေးအဖို့နောက်အဖို့ကို စွဲမှီ၍များပြားသော မိစ္ဆာအယူပြစကားတို့ကို ခြောက်ဆယ့်နှစ်မျိုးသော အကြောင်းတို့ဖြင့် ပြောဟော ကုန်၏။ထို (သမဏဗြာဟ္မဏ) တို့သည် ဖဿနှင့် ကင်း၍ (ထိုဝေဒနာကို) စင်စစ် ခံစားနိုင်ရာသော အကြောင်းမရှိ။

------

ဒိဋ္ဌိဂတိကာဓိဋ္ဌာနဝဋ္ဋကထာ

၁၄၄။ ရဟန်းတို့ ထိုသူတို့တွင် တည်မြဲ အယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည် အတ္တကိုလည်းကောင်း၊ လောကကိုလည်းကောင်း တည်မြဲ၏ဟု လေးမျိုးသော အကြောင်းတို့ဖြင့် ပြကုန်၏။အချို့ တည်မြဲ အချို့ မတည်မြဲ အယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည်လည်း။ပ။ အဆုံးရှိအဆုံး မရှိ အယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည်လည်း။ အဆုံးမရှိပစ်လွှင့်သောအယူရှိကုန်သော အကြင် သမဏ ဗြာဟ္မဏတို့သည်လည်း။ အကြောင်းမဲ့ အယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည်လည်း။ ရှေးအဖို့ကို ကြံဆကုန်သော ရှေးအဖို့ကို စွဲယူကုန်သော အကြင်သမဏဗြာဟ္မဏ တို့သည်လည်း။ သေပြီးနောက် သညာရှိ အယူရှိကုန်သော အကြင်သမဏ ဗြာဟ္မဏတို့သည်လည်း။ သေပြီးနောက် သညာမရှိ အယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည်လည်း။ သေပြီးနောက် သညာရှိလည်းမဟုတ် မရှိလည်းမဟုတ် အယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည်လည်း။ ပြတ်စဲအယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည်လည်း။ မျက်မှောက် (လောကီ) နိဗ္ဗာန်အယူရှိကုန်သော အကြင်သမဏဗြာဟ္မဏတို့သည်လည်း။ နောက်အဖို့ကို ကြံဆကုန်သော နောက်အဖို့ကို စွဲယူကုန်သော အကြင်သမဏဗြာဟ္မဏတို့သည်လည်း။ ရှေးအဖို့ကို ကြံဆကုန်သော နောက်အဖို့ကို ကြံဆကုန်သော ရှေးအဖို့ နောက်အဖို့ကို ကြံဆကုန်သော ရှေးအဖို့ နောက်အဖို့ကို စွဲယူကုန်သော အကြင်သမဏဗြာဟ္မဏတို့သည်လည်း ရှေးအဖို့ နောက်အဖို့ကို စွဲမှီ၍ များပြားသော မိစ္ဆာအယူပြစကားတို့ကို ခြောက်ဆယ့်နှစ်မျိုးသော အကြောင်းတို့ဖြင့် ပြောဟောကုန်၏။ ထို (သမဏဗြာဟ္မဏ) တို့သည် ဖဿဖြစ်ကြောင်း (ဒွါရ) ခြောက်ပါးတို့ဖြင့် တွေ့ထိ၍ တွေ့ထိ၍ ခံစားကုန်၏၊ ထိုသူတို့အား ဝေဒနာကြောင့် တဏှာ ဖြစ်၏၊ တဏှာကြောင့် ဥပါဒါန် ဖြစ်၏၊ ဥပါဒါန်ကြောင့် ဘဝ ဖြစ်၏၊ ဘဝကြောင့် ဇာတိဖြစ်၏၊ ဇာတိကြောင့်အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာ ပူပန်ခြင်းတို့ဖြစ်ကုန်၏။

------

ဝိဝဋ္ဋကထာဒိ

၁၄၅။ ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် ဖဿဖြစ်ကြောင်း (ဒွါရ) ခြောက်ပါးတို့၏ဖြစ်ကြောင်းကိုလည်းကောင်း၊ ချုပ်ကြောင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ဖဿာယတနတို့မှ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်မှန်သောအတိုင်း သိ၏၊ ဤရဟန်းသည် ဤမိစ္ဆာအယူ အလုံးစုံတို့ထက် အထူးသဖြင့် လွန်မြတ်သော တရားကိုလည်း သိ၏။

၁၄၆။ ရဟန်းတို့ ရှေးအဖို့ကို ကြံဆကုန်သော နောက်အဖို့ကို ကြံဆကုန်သော ရှေးအဖို့နောက်အဖို့ကို ကြံဆကုန်သော ရှေးအဖို့နောက်အဖို့ကို စွဲယူကုန်သော အလုံးစုံသောသမဏဗြာဟ္မဏတို့သည် ရှေးအဖို့ နောက်အဖို့ကို စွဲမှီ၍ များပြားသော မိစ္ဆာအယူပြ စကားတို့ကို ပြောဟောကုန်၏၊ ထိုသမဏဗြာဟ္မဏအားလုံးတို့သည် ဤခြောက်ဆယ့်နှစ်မျိုးသော မိစ္ဆာအယူဖြင့် ဒေသနာကွန်ရက်အတွင်း၌မိကုန်သည်ဖြစ်၍ ပေါ် ကြလျှင် ဤဒေသနာကွန်ရက်အတွင်း၌ တည်ကုန်လျက်သာလျှင် ပေါ်ကုန်၏၊ ဤဒေသနာကွန်ရက်အတွင်း၌ အကျုံးဝင်ကုန်သည်ဖြစ်၍ ပေါ် ကြလျှင် ဒေသနာကွန်ရက်အတွင်း၌ မိကုန်လျက်သာလျှင် ပေါ်ကုန်၏။

ရဟန်းတို့ ဥပမာသော်ကား ကျွမ်းကျင်သော တံငါသည်သည်လည်းကောင်း တံငါသည်၏ တပည့်သည်လည်းကောင်း ကွန်ရက်စိပ်ဖြင့် ရေအိုင်ငယ်ကို လွှမ်းအုပ်ရာ၏၊ ထိုသူအား ဤသို့ စိတ်ဖြစ်ရာ၏ -

''ဤရေအိုင်ငယ်ရှိ ကြီးသော ရေသတ္တဝါအားလုံးတို့သည် ကွန်ရက်စိပ်အတွင်း၌ မိကုန်သည် ဖြစ်၍ပေါ် ကြလျှင် ဤကွန်ရက်စိပ်အတွင်း၌ တည်ကုန်လျက်သာလျှင် ပေါ်ကုန်၏၊ ဤကွန်ရက်စိပ်၌အကျုံးဝင်ကုန်သည်ဖြစ်၍ ပေါ် ကြလျှင် ကွန်ရက်စိပ်အတွင်း၌ မိကုန်လျက်သာလျှင် ပေါ်ကုန်၏''ဟု့စိတ်ဖြစ်ရာ၏။

ရဟန်းတို့ ထို့အတူသာလျှင် ရှေးအဖို့ကို ကြံဆကုန်သော နောက်အဖို့ကို ကြံဆကုန်သော ရှေးအဖို့ နောက်အဖို့ကို ကြံဆကုန်သော ရှေးအဖို့ နောက်အဖို့ကို စွဲယူကုန်သော အလုံးစုံသောသမဏဗြာဟ္မဏတို့သည် ရှေးအဖို့ နောက်အဖို့ကို စွဲမှီ၍ များပြားသော မိစ္ဆာအယူပြစကားတို့ကို ပြောဟောကုန်၏၊ ထိုသမဏဗြာဟ္မဏအားလုံးတို့သည် ဤ ခြောက်ဆယ့်နှစ်မျိုးသော မိစ္ဆာအယူတို့ဖြင့် ဒေသနာကွန်ရက် အတွင်း၌ မိကုန်သည် ဖြစ်၍ ပေါ်ကြလျှင် ဤဒေသနာကွန်ရက်အတွင်း၌တည်ကုန်လျက်သာလျှင် ပေါ်ကုန်၏၊ ဤဒေသနာကွန်ရက် အတွင်း၌ အကျုံးဝင်ကုန်သည်ဖြစ်၍ပေါ်ကြလျှင် ဒေသနာကွန်ရက် အတွင်း၌ မိကုန်လျက်သာလျှင် ပေါ်ကုန်၏။

၁၄၇။ ရဟန်းတို့ မြတ်စွာဘုရား၏ ကိုယ်တော်သည် ဘဝတဏှာ ပြတ်ပြီးဖြစ်လျက် တည်တော်မူ၏၊ မြတ်စွာဘုရား၏ ကိုယ်တော် တည်နေသမျှ ကာလအတွင်း၌သာလျှင် ထို (မြတ်စွာဘုရား) ကို နတ်လူတို့သည် ဖူးမြင်ကြရကုန်လတ္တံ့၊ အသက်တော်ကုန်ဆုံး၍ ကိုယ်တော်ပျက်စီးသည်မှ နောက်၌ထို (မြတ်စွာဘုရား) ကို နတ်လူတို့သည် မဖူးမြင်ကြရကုန်လတ္တံ့။

ရဟန်းတို့ ဥပမာသော်ကား သရက်ခိုင်သည် အညှာပြတ်ခဲ့လျှင် အညှာ၌ တွယ်နေသော သရက်သီးအားလုံးတို့သည် ထိုအညှာသို့သာ လိုက်ပါကုန်၏၊ ရဟန်းတို့ ဤအတူသာလျှင် မြတ်စွာဘုရား၏ကိုယ်တော်သည် ဘဝတဏှာပြတ်ပြီး ဖြစ်လျက် တည်တော်မူ၏၊ မြတ်စွာဘုရား၏ ကိုယ်တော်တည်နေသမျှကာလအတွင်း၌သာလျှင် ထို (မြတ်စွာဘုရား) ကို နတ်လူတို့သည် ဖူးမြင်ကြရကုန်လတ္တံ့၊ အသက်တော် ကုန်ဆုံး၍ ကိုယ်တော်ပျက်စီးသည်မှ နောက်၌ ထို (မြတ်စွာဘုရား) ကို နတ်လူတို့သည်မဖူးမြင်ကြရကုန် လတ္တံ့ဟု (ဟောတော်မူ၏)။

နိဂုံး

၁၄၈။ ဤသို့ ဟောတော်မူသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -

''အံ့ဖွယ်ရှိပါပေစွ အသျှင်ဘုရား၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ အသျှင်ဘုရား၊ ဤတရားဒေသနာ တော်သည်အဘယ်အမည်ရှိပါသနည်း အသျှင်ဘုရား''ဟု လျှောက်၏။

အာနန္ဒာ သို့ဖြစ်၍ သင်သည် ဤတရားဒေသနာတော်ကို 'အတ္ထဇာလ' ဟူ၍လည်း မှတ်လော့၊ 'ဓမ္မဇာလ'ဟူ၍လည်း မှတ်လော့၊ 'ဗြဟ္မဇာလ' ဟူ၍လည်း မှတ်လော့၊ 'ဒိဋ္ဌိဇာလ' ဟူ၍လည်း မှတ်လော့၊ 'အနုတ္တရသင်္ဂါမ 'ဝိဇယ' ဟူ၍လည်း မှတ်လော့ဟု မိန့်တော်မူ၏၊ မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏။

၁၄၉။ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို နှစ်လိုကုန်သည် ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကုန်၏၊ ဤစကားဖြင့် တရားတော်ကို ဟောတော်မူသော် တစ်သောင်းသော လောကဓာတ်သည် တုန်လှုပ်လေသတည်း။

ဗြဟ္မဇာလသုတ် ပြီး၏။

------

၁။ အတ္ထ= အနက်သဘော+ဇာလ= ကွန်ရက်။ အတ္ထဇာလ= အနက်သဘောကွန်ရက်။

၂။ ဓမ္မ= တရားအစဉ်+ဇာလ=ကွန်ရက်၊ ဓမ္မဇာလ=တရားအစဉ်ကွန်ရက်။

၃။ ဗြဟ္မ= မြတ်သောဉာဏ် +ဇာလ=ကွန်ရက်၊ ဗြဟ္မဇာလ= မြတ်သောဉာဏ်ကွန်ရက်။

၄။ ဒိဋ္ဌိ=အယူဝါဒ+ဇာလ=ကွန်ရက်၊ ဒိဋ္ဌိဇာလ= အယူဝါဒကွန်ရက်။

၅။ အနုတ္တရ=အတုမဲ့+သင်္ဂါမ=စစ်ပွဲ+ဝိဇယ=အောင်ခြင်း၊ အနုတ္တရသင်္ဂါမဝိဇယ= အတုမဲ့စစ်အောင်ပွဲ။

၂-သာမညဖလသုတ်

မင်းနှင့်အမတ်တို့ ဆိုင်ရာစကား

၁၅၀။အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -

အခါတစ်ပါး၌ မြတ်စွာဘုရားသည် တစ်ထောင့် နှစ်ရာ့ ငါးကျိပ်ရှိသော များစွာသော ရဟန်းသံဃာနှင့်အတူ ရာဇဂြိုဟ်ပြည် (အဘယ) မင်းသား မွေးစားသော ဇီဝက၏ သရက် (ဥယျာဉ်) ၌ (သီတင်းသုံး) နေတော်မူ၏။

ထိုစဉ်အခါ၌ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် မိုးလေးလအဆုံးကုမုဒြာကြာပွင့်ချိန် နှစ် ဥတု လတို့၏ ပြည့်ရာ တစ်ဆယ့်ငါးရက်မြောက် ဥပုသ်ဖြစ်သော (တန်ဆောင်မုန်း) လပြည့်နေ့ ညဉ့်၌ မင်းအမတ်အပေါင်း ခြံရံလျက် မြတ်သော နန်းပြာသာဒ်၌ နေ၏။

ထိုအခါ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ထိုဥပုသ်နေ့ဝယ် (ဤသို့) ဥဒါန်းကျူးရင့်၏ -

''အချင်းတို့ လသာသော ညဉ့်သည် မွေ့လျော်ဖွယ် ကောင်းစွတကား၊ အချင်းတို့ လသာသောညဉ့်သည် အလွန်လှစွတကား၊ အချင်းတို့ လသာသော ညဉ့်သည် ရှုချင်ဖွယ် ကောင်းစွတကား၊ အချင်းတို့ လသာသော ညဉ့်သည် ကြည်နူးဖွယ် ကောင်းစွတကား၊ အချင်းတို့ လသာသော ညဉ့်သည်မှတ်သားဖွယ် ကောင်းစွတကား၊ ယနေ့ အဘယ်သမဏဗြာဟ္မဏကို ငါတို့ ဆည်းကပ်ရပါ ကုန်အံ့နည်း၊ အဘယ်သမဏဗြာဟ္မဏကို ဆည်းကပ်လျှင် ငါတို့၏ စိတ်သည် ကြည်လင်ရာပါအံ့ နည်း''ဟု ကျူးရင့်၏။

၁၅၁။ ဤသို့ ဥဒါန်းကျူးရင့်သော် မင်းအမတ်တစ်ယောက်သည် ဝေဒေဟီမိဖုရား၏သား မဂဓ တိုင်းရှင်အဇာတသတ်မင်းအား ဤစကားကို လျှောက်၏ -

''မင်းမြတ် ဤပူရဏကဿပသည် တပည့်အပေါင်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းဆရာလည်း ဖြစ်၏၊ ထင်ရှား၏၊ ကျော်စော၏၊ အယူဝါဒ တီထွင်သူ ဖြစ်၏၊ သူတော်ကောင်းဟုလူအများက သမုတ်ထားသူ ဖြစ်၏၊ ရဟန်းဝါ ရင့်၏၊ ရဟန်းသက် ရှည်၏၊ ရှေးမီ၏၊ အဆုံးအရွယ်သို့ရောက်လျက် ရှိ၏၊ မင်းမြတ်သည် ထိုပူရဏကဿပကို ဆည်းကပ် တော်မူပါ၊ ပူရဏကဿပကိုဆည်းကပ်လျှင် မင်းမြတ်၏ စိတ်သည် ကြည်လင်တန်ရာပါ၏''ဟု လျှောက်၏။

ဤသို့ လျှောက်သော် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဆိတ်ဆိတ် နေ၏။

၁၅၂။ မင်းအမတ်တစ်ယောက်သည်လည်း ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ် မင်းအားဤစကားကို လျှောက်၏ -

''မင်းမြတ် ဤမက္ခလိဂေါသာလသည် တပည့်အပေါင်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းဆရာလည်း ဖြစ်၏၊ ထင်ရှား၏၊ ကျော်စော၏၊ အယူဝါဒ တီ်ထွင်သူ ဖြစ်၏၊ သူတော်ကောင်းဟုလူအများက သမုတ်ထားသူ ဖြစ်၏၊ ရဟန်းဝါ ရင့်၏၊ ရဟန်းသက် ရှည်၏၊ ရှေးမီ၏၊ အဆုံးအရွယ်သို့ရောက်လျက် ရှိ၏၊ မင်းမြတ်သည် ထိုမက္ခလိဂေါသာလကို ဆည်းကပ် တော်မူပါ၊ မက္ခလိဂေါသာလကိုဆည်းကပ်လျှင် မင်းမြတ်၏ စိတ်သည် ကြည်လင်တန်ရာပါ၏''ဟု လျှောက်၏။

ဤသို့ လျှောက်သော် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဆိတ်ဆိတ် နေ၏။

၁၅၃။ မင်းအမတ်တစ်ယောက်သည်လည်း ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ် မင်းအားဤစကားကို လျှောက်၏ -

''မင်းမြတ် ဤ အဇိတ ကေသကမ္ဗလသည် တပည့်အပေါင်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းနှင့်လည်းပြည့်စုံ၏၊ ဂိုဏ်းဆရာလည်း ဖြစ်၏၊ ထင်ရှား၏၊ ကျော်စော၏၊ အယူဝါဒ တီထွင်သူ ဖြစ်၏၊ သူတော်ကောင်းဟု လူအများက သမုတ်ထားသူ ဖြစ်၏၊ ရဟန်းဝါ ရင့်၏၊ ရဟန်းသက် ရှည်၏၊ ရှေးမီ၏၊ အဆုံးအရွယ်သို့ ရောက်လျက် ရှိ၏၊ မင်းမြတ်သည် ထိုအဇိတကေသကမ္ဗလကို ဆည်း ကပ်တော်မူပါ၊ အဇိတကေသကမ္ဗလကို ဆည်းကပ်လျှင် မင်းမြတ်၏ စိတ်သည် ကြည်လင်တန်ရာပါ၏''ဟု လျှောက်၏။

ဤသို့ လျှောက်သော် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဆိတ်ဆိတ် နေ၏။

၁၅၄။ မင်းအမတ်တစ်ယောက်သည်လည်း ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ် မင်းအားဤစကားကို လျှောက်၏ -

''မင်းမြတ် ဤပကုဓကစ္စာယနသည် တပည့်အပေါင်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းဆရာလည်း ဖြစ်၏၊ ထင်ရှား၏၊ ကျော်စော၏၊ အယူဝါဒ တီထွင်သူ ဖြစ်၏၊ သူတော်ကောင်းဟု လူအများက သမုတ်ထားသူ ဖြစ်၏၊ ရဟန်းဝါ ရင့်၏၊ ရဟန်းသက် ရှည်၏၊ ရှေးမီ၏၊ အဆုံးအရွယ်သို့ ရောက်လျက် ရှိ၏၊ မင်းမြတ်သည် ထိုပကုဓကစ္စာယနကို ဆည်းကပ်တော်မူပါ၊ ပကုဓကစ္စာယနကို ဆည်းကပ်လျှင် မင်းမြတ်၏ စိတ်သည် ကြည်လင်တန်ရာပါ၏''ဟုလျှောက်၏။

ဤသို့ လျှောက်သော် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဆိတ်ဆိတ် နေ၏။

၁၅၅။ မင်းအမတ်တစ်ယောက်သည်လည်း ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်း အားဤစကားကို လျှောက်၏ -

''မင်းမြတ် ဤသဉ္စယဗေလဋ္ဌပုတ္တသည် တပည့်အပေါင်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းဆရာလည်း ဖြစ်၏၊ ထင်ရှား၏၊ ကျော်စော၏၊ အယူဝါဒ တီထွင်သူ ဖြစ်၏၊ သူတော်ကောင်းဟုလူအများက သမုတ်ထားသူ ဖြစ်၏၊ ရဟန်းဝါ ရင့်၏၊ ရဟန်းသက် ရှည်၏၊ ရှေးမီ၏၊ အဆုံးအရွယ်သို့ရောက်လျက် ရှိ၏၊ မင်းမြတ်သည် ထိုသဉ္စယဗေလဋ္ဌပုတ္တကို ဆည်းကပ် တော်မူပါ၊ သဉ္စယဗေလဋ္ဌပုတ္တကိုဆည်းကပ်လျှင် မင်းမြတ်၏ စိတ်သည် ကြည်လင်တန်ရာပါ၏''ဟု လျှောက်၏။

ဤသို့ လျှောက်သော် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဆိတ်ဆိတ် နေ၏။

၁၅၆။ မင်းအမတ်တစ်ယောက်သည်လည်း ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ် မင်းအားဤစကားကို လျှောက်၏ -

''မင်းမြတ် ဤနိဂဏ္ဌနာဋပုတ္တသည် တပည့်အပေါင်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းနှင့်လည်း ပြည့်စုံ၏၊ ဂိုဏ်းဆရာလည်း ဖြစ်၏၊ ထင်ရှား၏၊ ကျော်စော၏၊ အယူဝါဒ တီထွင်သူ ဖြစ်၏၊ သူတော်ကောင်းဟုလူအများက သမုတ်ထားသူ ဖြစ်၏၊ ရဟန်းဝါ ရင့်၏၊ ရဟန်းသက် ရှည်၏၊ ရှေးမီ၏၊ အဆုံး အရွယ်သို့ရောက်လျက် ရှိ၏၊ မင်းမြတ်သည် ထိုနိဂဏ္ဌနာဋပုတ္တကို ဆည်းကပ်တော်မူပါ၊ နိဂဏ္ဌနာဋပုတ္တ္တကိုဆည်းကပ်လျှင် မင်းမြတ်၏ စိတ်သည် ကြည်လင်တန်ရာပါ၏''ဟု လျှောက်၏။

ဤသို့ လျှောက်သော် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဆိတ်ဆိတ် နေ၏။

၁၅၇။ ထိုစဉ်အခါ၌ (အဘယ) မင်းသားမွေးစားသော ဇီဝကသည် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်း၏ အနီး၌ ဆိတ်ဆိတ် ထိုင်နေလျက် ရှိ၏၊ ထိုအခါ ဝေဒေဟီမိဖုရား၏သားမဂဓတိုင်းရှင် အဇာတသတ်မင်းသည် (အဘယ) မင်းသား မွေးစားသော ဇီဝကအား ''အချင်း ဇီဝကသင်သည်ကား အဘယ်ကြောင့် ဆိတ်ဆိတ် နေဘိသနည်း''ဟု ဆို၏။ ''မင်းမြတ် ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို ကိုယ်တိုင် မှန်စွာသိတော်မူသော ဤမြတ်စွာဘုရားသည် တစ်ထောင့်နှစ်ရာ့ငါးကျိပ်ရှိသော များစွာသော ရဟန်းသံဃာနှင့်အတူ အကျွန်ုပ်တို့၏ သရက်ဥယျာဉ်၌ (သီတင်းသုံး) နေတော်မူပါ၏၊ ထိုမြတ်စွာဘုရား၏ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်ပါ၏ -

'ထို မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း 'အရဟံ' မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း 'သမ္မာသမ္ဗုဒ္ဓ' မည်တော်မူ၏၊ အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ' နှင့် ပြည့်စုံတော်မူသောအကြောင်းကြောင့်လည်း 'ဝိဇ္ဇာစရဏသမ္ပန္န' မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း 'သုဂတ' မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း 'လောကဝိဒူ' မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'အနုတ္တရော ပုရိသဒမ္မသာရထိ' မည်တော်မူ၏၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'သတ္ထာ ဒေဝမနုဿာနံ' မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း 'ဗုဒ္ဓ' မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း 'ဘဂဝါ' မည်တော်မူ၏'ဟု ပျံ့နှံ့၍ ထွက်ပါ၏။

မင်းမြတ်သည် ထိုမြတ်စွာဘုရားကို ဆည်းကပ်တော်မူပါ၊ မြတ်စွာဘုရားကို ဆည်းကပ်လျှင် မင်းမြတ်၏စိတ်သည် ကြည်လင်တန်ရာပါ၏''ဟု လျှောက်၏။

၁၅၈။ ''အချင်း ဇီဝက သို့ဖြစ်လျှင် ဆင်ယာဉ်တို့ကို ပြင်ဆင်စေလော့''။

''မင်းမြတ် ကောင်းပါပြီ''။

ဤသို့ (အဘယ) မင်းသား မွေးစားသော ဇီဝကသည် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင်အဇာတသတ်မင်းအား ဝန်ခံခဲ့၍ ဆင်မငါးရာတို့ကိုလည်းကောင်း၊ မင်း၏ စီးတော်ဆင်ကိုလည်းကောင်းပြင်ဆင်စေပြီးလျှင် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းအား ''မင်းမြတ် သင် (မင်းမြတ်)၏ ဆင်ယာဉ်တို့ကို ပြင်ဆင်ပြီးပါပြီ၊ ယခုအခါ၌ သွားရန် အချိန်ကို သင် မင်းမြတ် သိတော်မူပါသည်'' (သွားရန်မှာ သင် မင်းမြတ်၏ အလိုအတိုင်းပင် ဖြစ်ပါသည်)ဟု ပြန်ကြား၏။

၁၅၉။ ထိုအခါ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဆင်မငါးရာတို့၌မောင်းမတို့ကို တစ်ဦးစီ စီးစေ၍ စီးတော်ဆင်ကို (ကိုယ်တိုင်) စီးပြီးလျှင် မီးရှူးတိုင်တို့ကို ဆောင်စေလျက် ကြီးစွာသော မင်း၏ ကျက်သရေဖြင့် ရာဇဂြိုဟ်ပြည်မှ ထွက်၍ (အဘယ) မင်းသား မွေးစားသောဇီဝက၏ သရက်ဥယျာဉ်သို့ သွားလေ၏။

ထိုအခါ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းအား သရက်ဥယျာဉ်၏ အနီးသို့ရောက်လျှင် ကြောက်ခြင်း တုန်လှုပ်ခြင်း ကြက်သီးမွေးညင်းထခြင်း ဖြစ်၏၊ ထိုအခါဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည်ကြောက်ရွံ့ ထိတ်လန့် ကြက်သီးမွေးညင်းထသည် ဖြစ်၍ (အဘယ) မင်းသား မွေးစားသော ဇီဝကအားဤစကားကို ဆို၏ -

''အချင်း ဇီဝက ငါ့ကို မလှည့်ပတ်သည် မှန်၏လော့၊ အချင်း ဇီဝက ငါ့ကို မဖြားယောင်းသည် မှန်၏လော့၊ အချင်း ဇီဝက ငါ့ကို ရန်သူတို့အား မအပ်နှင်းသည် မှန်၏လော့၊ တစ်ထောင့်နှစ်ရာ့ငါးကျိပ်မျှရှိ မြောက်မြားသော ရဟန်းသံဃာ၏ ချေဆတ်သံ ချောင်းဟန့်သံ စကားပြောသံသည် အဘယ်ကြောင့် မဖြစ်ဘိသနည်း''ဟု ဆို၏။

''မင်းကြီး ကြောက်တော်မမူပါလင့်၊ မင်းကြီး ကြောက်တော်မမူပါလင့်၊ မင်းမြတ် သင့်ကို မလှည့်ပတ်ပါ၊ မင်းမြတ် သင့်ကို မဖြားယောင်းပါ၊ မင်းမြတ် သင့်ကို ရန်သူတို့အား မအပ်နှင်းပါ၊ မင်းကြီး ရှေ့သို့ ကြွတော်မူပါလော့၊ မင်းကြီး ရှေ့သို့ ကြွတော်မူပါလော့၊ တန်ဆောင်းဝန်း၌ဤဆီမီးတို့သည် တောက်ပ လျက် ရှိပါကုန်၏''ဟု လျှောက်၏။

၁၆၀။ ထိုအခါ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဆင်ဖြင့်သွားနိုင်သမျှ သောအရပ်ကို ဆင်ဖြင့် သွား၍ ဆင်မှ သက်ပြီးသော် ခြေကျင်သာလျှင် တန်ဆောင်းဝန်း တံခါးရှိရာသို့ချဉ်းကပ်၍ (အဘယ) မင်းသား မွေးစားသော ဇီဝကအား ''အချင်း ဇီဝက မြတ်စွာဘုရား အဘယ်မှာနည်း''ဟု ဆို၏။ ''မင်းကြီး အလယ်တိုင်ကို မှီ၍ အရှေ့အရပ်သို့ မျက်နှာမူလျက် ရဟန်းသံဃာ၏ ရှေ့၌ ထိုင်နေ သောပုဂ္ဂိုလ်သည် မြတ်စွာဘုရားပါတည်း''ဟု လျှောက်၏။

၁၆၁။ ထိုအခါ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် မြတ်စွာဘုရားထံသို့ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ရပ်ပြီးသော် ကြည်လင်သော အိုင်ကြီးကဲ့သို့ (ငြိမ်သက်သော) ဆိတ်ဆိတ်နေသော ရဟန်းသံဃာကို အဖန်ဖန် ကြည့်ရှု၍ (ဤသို့) ဥဒါန်းကျူးရင့်၏ -

''ယခုအခါ ရဟန်းသံဃာသည် အကြင် ငြိမ်သက်ခြင်းနှင့် ပြည့်စုံ၏၊ ငါ၏ (သား) ဥဒယဘဒ္ဒ မင်းသားသည် ဤငြိမ်သက်ခြင်းနှင့် ပြည့်စုံပါစေသတည်း''ဟု ဥဒါန်း ကျူးရင့်၏။

''မင်းကြီး ချစ်မြတ်နိုးရာသို့ သင် (စိတ်အားဖြင့်) ရောက်သွားလေပြီ''ဟု မြတ်စွာဘုရားက မိန့်တော်မူ၏။

''အရှင်ဘုရား ဥဒယဘဒ္ဒမင်းသားကို အကျွန်ုပ် ချစ်ပါ၏၊ အရှင်ဘုရား ယခုအခါ ရဟန်းသံဃာသည်အကြင် ငြိမ်သက်ခြင်းနှင့် ပြည့်စုံ၏၊ အကျွန်ုပ်၏ (သား) ဥဒယဘဒ္ဒမင်းသားသည် ဤငြိမ်သက်ခြင်းနှင့်ပြည့်စုံပါစေသတည်း''ဟု အဇာတသတ်မင်းက လျှောက်၏။

၁၆၂။ ထို့နောက် ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် မြတ်စွာဘုရားကိုရှိခိုး၍ ရဟန်းသံဃာကို လက်အုပ်ချီပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- ''အရှင်ဘုရား ပြဿနာမေးရန် အကျွန်ုပ်အား အကယ်၍ မြတ်စွာဘုရား ခွင့်ပြုပါက တစ်စုံ တစ်ခုသောအကြောင်းအရာကို မြတ်စွာဘုရားအား အကျွန်ုပ် အနည်းငယ်မျှ မေးမြန်းလိုပါသည်''ဟု လျှောက်၏။ ''မင်းကြီး မေးလိုရာကို မေးလော့''ဟု မိန့်တော်မူ၏။

၁၆၃။ ''အသျှင်ဘုရား များစွာသော အတတ်သည်တို့သည် ရှိပါကုန်၏၊ ဤအတတ်သည်တို့ကားအဘယ်နည်း -

ဆင်စီးသူရဲများ မြင်းစီးသူရဲများ ရထားစီးသူရဲများ လေးသည်များ အောင်လံကိုင်များ စစ်ဆင်သူ များတစ်ဖက်စစ်တပ်သို့ ဝင်၍ ဦးခေါင်းများကို အတုံးအတစ် ဖြတ်တောက်သွားနိုင်သူများ (စစ်၌) ထူးချွန်ကျော်စောသော မင်းသားများ တစ်ဟုန်တည်း ပြေးဝင် (စစ်ထိုး) နိုင်သူများ ဆင်ပြောင်ကြီးကဲ့သို့သော သူရဲများ လွန်စွာ ရဲရင့်သူများ ချပ်ဝတ်သူရဲများ ကျွန်ယုံတော်များ ထမင်းချက်သူများဆတ္တာသည်များ ရေချိုးပေးသူများ စဖိုသည်များ ပန်းကုံးသူများ ခဝါသည်များ ရက်ကန်းသည် များကျူထရံသည်များ အိုးထိန်းသည်များ ဂဏန်းတတ်သူများ လက်ချိုးရေတွက်တတ်သူများထိုမှ တစ်ပါးလည်း ဤနှင့်အလားတူ များစွာသော အတတ်သည်တို့ ရှိပါကုန်သေး၏၊ ထိုသူတို့သည်မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် သိမြင်ရသော အတတ်၏ အကျိုးကို မှီ၍ အသက်မွေးပါ ကုန်၏၊ ထိုသူတို့သည် ထိုအတတ်ဖြင့် မိမိ ကိုယ်ကို ချမ်းသာစေပါကုန်၏၊ (အားအင်) ပြည့်ဖြိုးစေ ပါကုန်၏၊ အမိအဖတို့ကို ချမ်းသာစေပါကုန်၏၊ (အားအင်) ပြည့်ဖြိုးစေပါကုန်၏၊ သားမယား တို့ကိုချမ်းသာစေပါကုန်၏၊ (အားအင်) ပြည့်ဖြိုးစေပါကုန်၏၊ မိတ်ဆွေခင်ပွန်းတို့ကို ချမ်းသာစေ ပါကုန်၏၊ (အားအင်) ပြည့်ဖြိုးစေပါကုန်၏၊ အထက်ဘုံ၌ ဖြစ်စေတတ်သော နတ်ပြည်၌ ဖြစ်စေ တတ်သောကောင်းကျိုးကို ဖြစ်စေတတ်သော မွန်မြတ်သော အကျိုးကို ဖြစ်စေတတ်သော အလှူ ကိုသမဏဗြာဟ္မဏတို့၌ တည်စေပါကုန်၏၊ ဤ (အတတ်တို့၏ အကျိုး) နှင့် တူစွာ မျက်မှောက် ဘဝ၌ပင်ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးကို ပြခြင်းငှါ တတ်နိုင်ပါသလော အရှင်ဘုရား''။

၁၆၄။ ''မင်းကြီး သင်သည် တစ်ပါးသောသမဏဗြာဟ္မဏတို့အား ဤပြဿနာ မေးဖူးသည်ကိုမှတ်မိပါ၏လော''။ ''အကျွန်ုပ်သည် တစ်ပါးသောသမဏဗြာဟ္မဏတို့အား ဤပြဿနာ မေးဖူးသည်ကို မှတ်မိပါသည်အသျှင်ဘုရား''။

''မင်းကြီး ထိုသမဏဗြာဟ္မဏတို့သည် အဘယ်သို့ ဖြေကြားကုန်သနည်း၊ အကယ်၍ သင့်အား ဝန်မလေးမူ ပြောကြားလော့''။

''မြတ်စွာဘုရားဖြစ်စေ မြတ်စွာဘုရားကဲ့သို့သော ပုဂ္ဂိုလ်ဖြစ်စေ ထိုင်နေရာအရပ်၌ အကျွန်ုပ်အားဝန်မလေးပါ အသျှင်ဘုရား''။

''မင်းကြီး သို့ဖြစ်လျှင် ပြောကြားလော့''။

------

၁။ မဟာရာဇ ရှိရာ၌ ''မင်းကြီး''။

၂။ ဒေဝ ရှိရာ၌ ''မင်းမြတ်ဟု ပြန်ဆိုသည်''။

ပူရဏကဿပ၏ အယူဝါဒ

၁၆၅။ အသျှင်ဘုရား အခါတစ်ပါး၌ အကျွန်ုပ်သည် ပူရဏကဿပထံသို့ ချဉ်းကပ်၍ ပူရဏကဿပနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆိုပါ၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်လျက် ပူရဏကဿပအား ဤပြဿနာကို မေးဖူးပါ၏ -

''အသျှင်ကဿပ များစွာသော အတတ်သည်တို့သည် ရှိပါကုန်၏၊ ဤအတတ်သည်တို့ကားအဘယ်နည်း-ဆင်စီးသူရဲများ မြင်းစီးသူရဲများ ရထားစီးသူရဲများ လေးသည်များ အောင်လံကိုင်များ စစ်ဆင် သူများတစ်ဖက်စစ်တပ်သို့ ဝင်၍ ဦးခေါင်းများကို အတုံးအတစ် ဖြတ်တောက်သွားနိုင်သူများ (စစ်၌) ထူးချွန်ကျော်စောသော မင်းသားများ တစ်ဟုန်တည်း ပြေးဝင် စစ်ထိုးနိုင်သူများ ဆင်ပြောင်ကြီးကဲ့သို့သောသူရဲများ လွန်စွာရဲရင့်သူများ ချပ်ဝတ်သူရဲများ ကျွန်ယုံတော်များ ထမင်းချက်သူများဆတ္တာသည်များ ရေချိုးပေးသူများ စဖိုသည်များ ပန်းကုံးသူများ ခဝါသည်များ ရက်ကန်းသည်များကျူထရံသည်များ အိုးထိန်းသည်များ ဂဏန်းတတ်သူများ လက်ချိုးရေတွက်တတ် သူများထိုမှ တစ်ပါးလည်း ဤနှင့်အလားတူ များစွာသော အတတ်သည်တို့ ရှိပါကုန်သေး၏၊ ထိုသူတို့သည်မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် သိမြင်ရသော အတတ်၏ အကျိုးကို မှီ၍ အသက် မွေးပါကုန်၏၊ ထိုသူတို့သည် ထိုအတတ်ဖြင့် မိမိကိုယ်ကို ချမ်းသာစေပါကုန်၏၊ (အားအင်) ပြည့် ဖြိုးစေပါကုန်၏၊ အမိအဖတို့ကို ချမ်းသာစေပါကုန်၏၊ (အားအင်) ပြည့်ဖြိုးစေပါကုန်၏၊ သား မယားတို့ကိုချမ်းသာစေပါကုန်၏၊ (အားအင်) ပြည့်ဖြိုးစေပါကုန်၏၊ မိတ်ဆွေခင်ပွန်းတို့ကို ချမ်းသာ စေပါကုန်၏၊ (အားအင်) ပြည့်ဖြိုးစေပါကုန်၏၊ အထက်ဘုံ၌ ဖြစ်စေတတ်သော နတ်ပြည်၌ ဖြစ်စေ တတ်သောကောင်းကျိုးကို ဖြစ်စေတတ်သော မွန်မြတ်သော အကျိုးကို ဖြစ်စေတတ်သော အလှူကိုသမဏဗြာဟ္မဏတို့၌ တည်စေပါကုန်၏၊ ဤ (အတတ်တို့၏အကျိုး) နှင့်တူစွာ မျက်မှောက်ဘဝ၌ပင်ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးကို ပြခြင်းငှါ တတ်နိုင်ပါသလော အသျှင်ကဿပ''ဟု မေးဖူးပါ၏။

၁၆၆။ ဤသို့ မေးသော် ပူရဏကဿပသည် အကျွန်ုပ်အား ဤစကားကို ပြောဆိုပါသည် အသျှင်ဘုရား -

''မင်းကြီး ပြုသူ ပြုစေသူ ဖြတ်သူ ဖြတ်စေသူ နှိပ်စက်သူ နှိပ်စက်စေသူ ပူဆွေးအောင်ပြုသူ ပြုစေသူပင်ပန်းအောင် ပြုသူ ပြုစေသူ တုန်လှုပ်သူ တုန်လှုပ်စေသူ အသက်ကို သတ်သူ (သတ်စေသူ) ခိုးယူသူ (ခိုးယူစေသူ) အိမ်ကို ဖောက်ထွင်းသူ (ဖောက်ထွင်းစေသူ) (ရွာကို) တိုက်ခိုက်လုယူသူ့ (တိုက်ခိုက်လုယူစေသူ) တစ်အိမ်တည်းကို တိုက်ခိုက်လုယူသူ (တိုက်ခိုက် လုယူ စေသူ) ခရီးလမ်း၌စောင့်၍ လုယက်သူ (လုယူစေသူ) သူ့မယားကို သွားလာသူ (သွားလာ စေသူ) မမှန်စကားကို ပြောသူ (ပြောစေသူ) များသည် မကောင်းမှုကို ပြုသော်လည်း ပြုသည် မမည်၊ ဤမြေပေါ်ရှိ သတ္တဝါတို့ကိုသင်တုန်းသွားစက်ဖြင့် တစ်ခုတည်းသော အသားစု အသားပုံ ဖြစ်အောင် အကယ်၍ ပြုစေကာမူထိုအကြောင်းကြောင့် မကောင်းမှု မရှိ၊ မကောင်းမှုဖြစ်ခြင်း မရှိ၊ ဂင်္ဂါမြစ်၏ တောင်ဘက်ကမ်း၌နေသော သူသည်လည်း အသက်ကို သတ်လျက် သတ်စေ လျက် ဖြတ်လျက် ဖြတ်စေလျက်နှိပ်စက်လျက် နှိပ်စက်စေလျက် သွားစေကာမူ ထို (သတ်ခြင်း စသော) အကြောင်းကြောင့် မကောင်းမှုမရှိ၊ မကောင်းမှု ဖြစ်ခြင်းမရှိ၊ ဂင်္ဂါမြစ်၏ မြောက်ဘက် ကမ်း၌ နေသော သူသည်လည်း လှူလျက်လှူစေလျက် ပူဇော်လျက် ပူဇော်စေလျက် သွားစေကာမူ ထို (လှူခြင်းစသော) အကြောင်းကြောင့်ကောင်းမှုမရှိ၊ ကောင်းမှု ဖြစ်ခြင်းမရှိ၊ အလှူပေးခြင်း ဣန္ဒြေကို ဆုံးမခြင်း သီလစောင့်စည်းခြင်းအမှန်ဆိုခြင်းတို့ကြောင့် ကောင်းမှုမရှိ၊ ကောင်းမှု ဖြစ်ခြင်းမရှိ''ဟု ပြောဆိုပါသည်။

အသျှင်ဘုရား ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးကို မေးပါလျက် ပူရဏကဿပသည်အကျွန်ုပ်အား ဤသို့ 'ကံမဲ့ဝါဒ' ကို ဖြေကြားပါ၏၊ အသျှင်ဘုရား သရက်ပင်ကို မေးပါလျက် တောင်ပိန္နဲပင်ကို ဖြေသကဲ့သို့လည်းကောင်း၊ တောင်ပိန္နဲပင်ကို မေးပါလျက် သရက်ပင်ကို ဖြေသကဲ့သို့လည်းကောင်း ဤအတူ ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးကို မေးပါလျက် ပူရဏကဿပသည်အကျွန်ုပ် အား 'ကံမဲ့ဝါဒ' ကို ဖြေကြားပါ၏၊ အသျှင်ဘုရား အကျွန်ုပ်အား ဤသို့ အကြံဖြစ်ပါ၏ -

''ငါကဲ့သို့သော မင်းသည် နိုင်ငံတော်၌ နေသောသမဏဗြာဟ္မဏကို ပြစ်တင်မောင်းမဲသင့်သည်ဟုအဘယ်ကြောင့် မှတ်ယူနိုင်ပါအံ့နည်း''ဟု အကြံဖြစ်ပါ၏။

အရှင်ဘုရား အကျွန်ုပ်သည် ပူရဏကဿပ ပြောသော စကားကို နှစ်လည်း မနှစ်သက်ခဲ့ပါ၊ ပယ်လည်းမပယ်ခဲ့ပါ၊ မနှစ်သက်ခဲ့ မပယ်ခဲ့မူ၍ နှလုံးမသာသော်လည်း နှလုံးမသာသော စကားကို မမြွက်ဆိုမူ၍ ထိုစကားကို မနာယူ မမှတ်သားဘဲ နေရာမှ ထကာ ပြန်ခဲ့ပါသည်။

------

၁။ ဂင်္ဂါမြစ် တောင်ဘက်ကမ်းသားတို့သည် ရက်စက်ကြမ်းကြုတ်ကုန်၏။

၂။ ဂင်္ဂါမြစ် မြောက်ဘက်ကမ်းသားတို့သည် သဒ္ဓါတရားရှိကုန်၏၊ ဘုရားတရားသံဃာကို ကြည်ညိုကုန်၏ဟု အဋ္ဌကထာ၌ ဆိုသည်။

မက္ခလိဂေါသာလ၏ အယူဝါဒ

၁၆၇။ အသျှင်ဘုရား အခါတစ်ပါး၌ အကျွန်ုပ်သည် မက္ခလိဂေါသာလထံသို့ ချဉ်းကပ်၍ မက္ခလိဂေါသာလနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆိုပါ၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်လျက် မက္ခလိဂေါသာလအား ဤပြဿနာကို မေးဖူး ပါ၏ -

''အသျှင်ဂေါသာလ များစွာသော အတတ်သည်တို့သည် ရှိပါကုန်၏။ပ။ ဤ (အတတ်တို့၏ အကျိုး) နှင့် တူစွာ မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးကို ပြခြင်းငှါ တတ်နိုင်ပါသလော အသျှင်ဂေါသာလ''ဟု မေးဖူးပါ၏။

၁၆၈။ ဤသို့ မေးသော် မက္ခလိဂေါသာလသည် အကျွန်ုပ်အား ဤစကားကို ပြောဆိုပါသည်အသျှင်ဘုရား -

''မင်းကြီး သတ္တဝါတို့ ညစ်ညူးရန် အကြောင်းသည် မရှိ၊ အထောက်အပံ့သည် မရှိ၊ အကြောင်း မရှိအထောက်အပံ့ မရှိဘဲ သတ္တဝါတို့သည် ညစ်ညူးကုန်၏၊ သတ္တဝါတို့ စင်ကြယ်ရန် အကြောင်းသည့်မရှိ၊ အထောက်အပံ့သည် မရှိ၊ အကြောင်းမရှိ အထောက်အပံ့ မရှိဘဲ သတ္တဝါတို့သည် စင်ကြယ်ကုန်၏၊ မိမိ ပြုလုပ်မှုသည် မရှိ၊ သူတစ်ပါးတို့ ပြုလုပ်ပေးမှုသည် မရှိ၊ ယောက်ျားတို့ ပြုလုပ်မှုသည် မရှိ၊ ခွန်အားသည် မရှိ၊ လုံ့လသည် မရှိ၊ ယောက်ျားတို့ စွမ်းအားသည် မရှိ၊ ယောက်ျားတို့အားထုတ်မှုသည် မရှိ၊ အလုံးစုံသော သတ္တဝါ အလုံးစုံသော သက်ရှူသတ္တဝါ အလုံး စုံသော ထင်ရှားဖြစ်သော သတ္တဝါ အလုံးစုံသော သက်ရှိအရာတို့သည် အစွမ်းမရှိကုန်၊ ခွန်အား မရှိကုန်၊ လုံ့လမရှိကုန်၊ ဖြစ်မြဲအတိုင်း ဆုံစည်းသည့်အတိုင်း သဘာဝအတိုင်း အမျိုးမျိုးဖြစ်ကုန်၍ဇာတ်အထူးခြောက်မျိုးတို့၌သာလျှင် ချမ်းသာဆင်းရဲကို ခံစားကုန်၏၊ ဤတစ်သန်း လေးသိန်းခြောက်ထောင့် ခြောက်ရာသော အဓိကသတ္တဝါမျိုးများ ငါးရာသော ကံများ ငါးပါးသော ကံများသုံးပါးသော ကံများ (ပြည့်သော) ကံများ ထက်ဝက်သော ကံများ ခြောက်ဆယ့်နှစ်ပါးသော အကျင့်များခြောက်ဆယ့်နှစ်ပါးသော အန္တရကပ်များ ခြောက်မျိုးသော ဇာတ်အထူးများ ရှစ်ပါး သောယောက်ျားတို့၏ အရွယ်များ လေးထောင့်ကိုးရာသော အသက်မွေးမှုများ လေးထောင့် ကိုးရာသောပရိဗိုဇ်များ လေးထောင့်ကိုးရာသော နဂါးတို့နေရာများ နှစ်ထောင်သော ဣန္ဒြေများ သုံးထောင်သောငရဲများ သုံးဆယ့်ခြောက်မျိုးသော မြူဓာတ် (တည်ရာ) များ ခုနစ်မျိုးသော သညာရှိပဋိသန္ဓေများခုနစ်မျိုးသော သညာမဲ့ပဋိသန္ဓေများ ခုနစ်မျိုးသော အဆစ် ပဋိသန္ဓေများ ခုနစ်မျိုးသော နတ်များခုနစ်မျိုးသော လူများ ခုနစ်မျိုးသော မြေဖုတ်ဘီလူးများ ခုနစ်ခုသော အိုင်ကြီးများ ခုနစ်ခုသောအဖုကြီးများ ခုနစ်ရာသော အဖုငယ်များ ခုနစ်ခုသော ချောက်ကြီးများ ခုနစ်ရာသော ချောက်ငယ်များခုနစ်ခုသော အိပ်မက်ကြီးများ ခုနစ်ရာသော အိပ်မက်ငယ်များ ရှစ်သန်းလေးသိန်းသော မဟာကပ်များရှိကုန်၏၊ ယင်း (မဟာကပ်တို့) ပတ်လုံး လူမိုက်ဖြစ်စေ ပညာရှိဖြစ်စေ (တစ်ဘဝမှ တစ်ဘဝသို့) ပြေးသွားကျင်လည်၍ ဆင်းရဲကုန်ဆုံးခြင်းကို ပြုကြလတ္တံ့၊ ထိုအတွင်း (ဆင်းရဲကုန်ဆုံးခြင်း) မရှိ၊ 'ငါသည် ဤသီလဖြင့်သော်လည်းကောင်း၊ ဤကျင့်ဝတ်ဖြင့့်သော်လည်းကောင်း၊ ဤခြိုးခြံမှုဖြင့့်သော်လည်းကောင်း၊ ဤအကျင့်မြတ်ဖြင့့်သော်လည်းကောင်း၊ မရင့်သေးသော ကံကိုမူလည်း ရင့်စေမည် ရင့်ပြီးသော ကံကိုမူလည်း တွေ့၍ တွေ့၍ ပျက်စီးစေမည်'ဟုဤသို့ (ပြုပြင်နိုင်ခြင်း မရှိ)၊ ချမ်းသာ ဆင်းရဲသည် စရွတ်တောင်းဖြင့် ခြင်ထားသကဲ့သို့ ဖြစ်၏၊ သံသရာသည် အပိုင်းအခြား ပြုထားပြီးဖြစ်၏၊ အတိုး အဆုတ် မရှိ၊ အလွန် အယုတ် မရှိ၊ ချည်လုံးကိုပစ်လိုက်သော် (ချည်ရှိသရွေ့သာ) ပြေလျက် ပြေးသွားသကဲ့သို့ ဤအတူ လူမိုက်ဖြစ်စေ ပညာရှိဖြစ်စေ (တစ်ဘဝမှ တစ်ဘဝသို့) ပြေးသွားကျင်လည်၍ ဆင်းရဲကုန်ဆုံးခြင်းကို ပြုကြလတ္တံ့''ဟု ပြောဆိုပါသည်။

၁၆၉။ အသျှင်ဘုရား ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးကို မေးပါလျက် မက္ခလိဂေါသာလသည်အကျွန်ုပ်အား ဤသို့ ''သံသရာမှ စင်ကြယ်ခြင်း'' ကို ဖြေကြားပါ၏၊ အသျှင်ဘုရား သရက်ပင်ကိုမေးပါလျက် တောင်ပိန္နဲပင်ကို ဖြေသကဲ့သို့လည်းကောင်း၊ တောင်ပိန္နဲပင်ကို မေးပါလျက် သရက်ပင်ကိုဖြေသကဲ့သို့လည်းကောင်း ဤအတူ ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးကို မေးပါလျက် မက္ခလိဂေါသာလသည် အကျွန်ုပ်အား သံသရာမှ စင်ကြယ်ခြင်းကို ဖြေကြားပါ၏၊ အသျှင်ဘုရား အကျွန်ုပ်အားဤသို့ အကြံဖြစ်ပါ၏ -

''ငါကဲ့သို့သော မင်းသည် နိုင်ငံတော်၌ နေသောသမဏဗြာဟ္မဏကို ပြစ်တင်မောင်းမဲသင့်သည်ဟုအဘယ်ကြောင့် မှတ်ယူနိုင်ပါအံ့နည်း''ဟု အကြံဖြစ်ပါ၏။

အသျှင်ဘုရား အကျွန်ုပ်သည် မက္ခလိဂေါသာလ ပြောသော စကားကို နှစ်လည်း မနှစ်သက်ခဲ့ပါ၊ ပယ်လည်း မပယ်ခဲ့ပါ၊ မနှစ်သက်ခဲ့ မပယ်ခဲ့မူ၍ နှလုံးမသာသော်လည်း နှလုံးမသာသော စကားကိုမမြွက်ဆိုမူ၍ ထိုစကားကို မနာယူ မမှတ်သားဘဲ နေရာမှ ထကာ ပြန်ခဲ့ပါသည်။

------

၁။ (ပ) ၎င်းအမှတ်အသား အတွင်းရှိ စကားများသည် ပူရဏကဿပအား မေးသည့်စကားအတိုင်းဖြစ်သည်။

အဇိတကေသကမ္ဗလ၏ အယူဝါဒ

၁၇၀။ အသျှင်ဘုရား အခါတစ်ပါး၌ အကျွန်ုပ်သည် အဇိတကေသကမ္ဗလထံသို့ ချဉ်းကပ်၍ အဇိတကေသကမ္ဗလနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆိုပါ၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်လျက် အဇိတကေသကမ္ဗလအား ဤပြဿနာကို မေးဖူးပါ၏ -

''အသျှင်အဇိတ များစွာသော အတတ်သည်တို့သည် ရှိပါကုန်၏။ပ။ဤ (အတတ်တို့၏ အကျိုး) နှင့် တူစွာမျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် သိမြင်ရသော ရဟန်း ဖြစ်ကျိုးကို ပြခြင်းငှါ တတ်နိုင်ပါသ လောအသျှင်အဇိတ''ဟု မေးဖူးပါ၏။

၁၇၁။ ဤသို့ မေးသော် အဇိတကေသကမ္ဗလသည် အကျွန်ုပ်အား ဤစကားကို ပြောဆိုပါသည်အသျှင်ဘုရား -

''မင်းကြီး ပေးလှူခြင်းသည် မရှိ၊ ယဇ်ပူဇော်ခြင်းသည် မရှိ၊ဟုံးပူဇော်ခြင်းသည် မရှိ၊ ကောင်းမှုမကောင်းမှုတို့၏ အကျိုးဝိပါက်သည် မရှိ၊ ဤလောကသည် မရှိ၊ တစ်ပါးသော လောကသည် မရှိ၊ အမိသည် မရှိ၊ အဖသည် မရှိ၊ သေ၍ တစ်ဖန်ဖြစ်သော သတ္တဝါတို့သည် မရှိကုန်၊ ဤလောကကိုလည်းကောင်း၊ တစ်ပါးသော လောကကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ဖြောင့်မှန်သော အရိယမဂ်သို့ ရောက်ကုန်သော ကောင်းသော အကျင့် ရှိကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်၊ ဤသတ္တဝါသည်မဟာဘုတ်လေးပါး အစုအဝေး ဖြစ်၏၊ သေသောအခါ မြေဓာတ်သည် မြေဓာတ်အစုသို့ ဆိုက်၏၊ ရောက်၏၊ ရေဓာတ်သည် ရေဓာတ်အစုသို့ ဆိုက်၏၊ ရောက်၏၊ မီးဓာတ်သည် မီးဓာတ်အစုသို့ဆိုက်၏၊ ရောက်၏၊ လေဓာတ်သည် လေဓာတ်အစုသို့ ဆိုက်၏၊ ရောက်၏၊ နာမ်ဣန္ဒြေတို့သည်ကောင်းကင်သို့ ပြောင်းရွှေ့ကုန်၏၊ ညောင်စောင်းလျှင် ငါးခုမြောက်ဖြစ်သော ယောက်ျားတို့သည်သူသေကောင်ကို ယူ၍ သွားကုန်၏၊ သင်းချိုင်းတိုင်အောင် သူသေကောင်တို့သည် ထင်ကုန်၏၊ အရိုးတို့သည် ခိုအဆင်းကဲ့သို့ ဖြစ်ကုန်၏၊ အလှူတို့သည် ပြာအဆုံးရှိကုန်၏၊ အလှူပေးခြင်းကိုလူမိုက်တို့က ပညတ်ထား၏၊ အချို့သူတို့သည် (ပေးလှူခြင်းစသည်) ရှိ၏ ဟူသော ဝါဒကို ဟောပြောကုန်၏၊ ထိုသူတို့၏ စကားသည် အချည်းနှီး ဖြစ်၏၊ မှားယွင်း၏၊ ယောင်ယမ်းပြောဆို သောစကားဖြစ်၏၊ လူမိုက်ဖြစ်စေ ပညာရှိဖြစ်စေ ခန္ဓာကိုယ် ပျက်စီးလျှင် ပြတ်စဲကုန်၏၊ ပျက်စီး ကုန်၏၊ သေသည်မှ နောက်၌ မရှိကုန်''ဟု ပြောဆိုပါသည်။

၁၇၂။ အသျှင်ဘုရား ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးကို မေးပါလျက် အဇိတကေသကမ္ဗလသည် အကျွန်ုပ်အား ဤသို့ ''ပြတ်စဲဝါဒ'' ကို ဖြေကြားပါ၏၊ အသျှင်ဘုရား သရက်ပင်ကို မေးပါလျက် တောင်ပိန္နဲပင်ကို ဖြေသကဲ့သို့လည်းကောင်း၊ တောင်ပိန္နဲပင်ကို မေးပါလျက် သရက်ပင်ကို ဖြေသကဲ့သို့လည်းကောင်း ဤအတူ ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးကို မေးပါလျက် အဇိတကေသကမ္ဗလသည် အကျွန်ုပ်အား ပြတ်စဲဝါဒကို ဖြေကြားပါ၏၊ အသျှင်ဘုရား အကျွန်ုပ်အား ဤသို့ အကြံဖြစ်ပါ၏ -

''ငါကဲ့သို့သော မင်းသည် နိုင်ငံတော်၌ နေသောသမဏဗြာဟ္မဏကို ပြစ်တင်မောင်းမဲသင့်သည်ဟုအဘယ်ကြောင့် မှတ်ယူနိုင်ပါအံ့နည်း''ဟု အကြံဖြစ်ပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် အဇိတကေသကမ္ဗလ ပြောသော စကားကို နှစ်လည်း မနှစ်သက်ခဲ့ပါ၊ ပယ်လည်း မပယ်ခဲ့ပါ၊ မနှစ်သက်ခဲ့ မပယ်ခဲ့မူ၍ နှလုံးမသာသော်လည်း နှလုံးမသာသော စကားကိုမမြွက်ဆိုမူ၍ ထိုစကားကို မနာယူ မမှတ်သားဘဲ နေရာမှ ထကာ ပြန်ခဲ့ပါသည်။

------

၁။ အကျိုးမရှိဟု ဆိုလိုသည်။

၂။ အမိသည်မရှိ အမိ၌ ကောင်းစွာပြုခြင်း မကောင်းစွာပြုခြင်း၏ အကျိုးမရှိဟု ဆိုလိုသည် (အဖသည်မရှိ ဆိုရာ၌လည်း ဤအတူပင်)။

ပကုဓကစ္စာယန၏ အယူဝါဒ

၁၇၃။ အသျှင်ဘုရား အခါတစ်ပါး၌ အကျွန်ုပ်သည် ပကုဓကစ္စာယနထံသို့ ချဉ်းကပ်၍ ပကုဓကစ္စာယနနှင့် အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆိုပါ၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်လျက် ပကုဓကစ္စာယနအား ဤပြဿနာကို မေးဖူးပါ၏ -

''အသျှင်ကစ္စာယန များစွာသော အတတ်သည်တို့သည် ရှိပါကုန်၏။ပ။ ဤ (အတတ်တို့၏ အကျိုး) နှင့်တူစွာ မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် သိမြင်ရသော ရဟန်း ဖြစ်ကျိုးကို ပြခြင်းငှါ တတ်နိုင်ပါသလောအသျှင်ကစ္စာယန''ဟု မေးဖူးပါ၏။

၁၇၄။ ဤသို့ မေးသော် ပကုဓကစ္စာယနသည် အကျွန်ုပ်အား ဤစကားကို ပြောဆိုပါသည် အသျှင်ဘုရား -

''မင်းကြီး ဤခုနစ်ပါးသော အစုတို့သည် ပြုလုပ်ထားသည် မဟုတ်ကုန်၊ ပြုလုပ်ထားစေသည်မဟုတ်ကုန်၊ ဖန်ဆင်းထားသည် မဟုတ်ကုန်၊ ဖန်ဆင်းထားစေသည် မဟုတ်ကုန်၊ မြုံကုန်၏၊ တောင်ထွတ်ကဲ့သို့ တည်ကုန်၏၊ ခိုင်မြဲသော တံခါးတိုင်ကဲ့သို့ တည်ကုန်၏၊ ထိုအစုတို့သည် မတုန်လှုပ်ကုန်၊ မဖောက်ပြန်ကုန်၊ အချင်းချင်း မညှဉ်းဆဲနိုင်ကုန်၊ အချင်းချင်းချမ်းသာရန်လည်းကောင်း ဆင်းရဲရန်လည်းကောင်း ချမ်းသာ ဆင်းရဲရန်လည်းကောင်း မတတ်နိုင်ကုန်၊ ခုနစ်ပါးတို့ ဟူသည်အဘယ်နည်း - မြေအစု၊ ရေအစု၊ မီးအစု၊ လေအစု၊ ချမ်းသာ၊ ဆင်းရဲ၊ ခုနစ်ခုမြောက်အသက်တို့တည်း။ဤခုနစ်ပါးသော အစုတို့သည် ပြုလုပ်ထားသည် မဟုတ်ကုန်၊ ပြုလုပ်ထားစေသည် မဟုတ် ကုန်၊ ဖန်ဆင်းထားသည် မဟုတ်ကုန်၊ ဖန်ဆင်းထားစေသည် မဟုတ်ကုန်၊ မြုံကုန်၏၊ တောင် ထွတ်ကဲ့သို့ တည်ကုန်၏၊ ခိုင်မြဲသော တံခါးတိုင်ကဲ့သို့ တည်ကုန်၏၊ ထိုအစုတို့သည် မတုန်လှုပ် ကုန်၊ မဖောက်ပြန်ကုန်၊ အချင်းချင်း မညှဉ်းဆဲနိုင်ကုန်၊ အချင်းချင်း ချမ်းသာရန်လည်းကောင်း၊ ဆင်းရဲရန်လည်းကောင်း၊ ချမ်းသာဆင်းရဲရန်လည်းကောင်း မတတ်နိုင်ကုန်၊ ထိုအစုတို့၌ သတ်သူ သတ်စေသူ ကြားသူ ကြားစေသူ သိသူ သိစေသူများ မရှိကုန်၊ ထက်စွာသော လက်နက်ဖြင့် ဦးခေါင်းကိုဖြတ်စေကာမူ တစ်ဦးတစ်ယောက်သည် တစ်ဦးတစ်ယောက်ကို သတ်သည် မမည်၊ လက်နက်သည်ခုနစ်ပါးသော အစုတို့၏ အကြား ဟင်းလင်းသို့ ကျရောက်၏''ဟု ပြောဆိုပါသည်။

၁၇၅။ အသျှင်ဘုရား ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးကို မေးပါလျက် ပကုဓကစ္စာယနသည်အကျွန်ုပ်အား ဤသို့ ''အကြောင်းအရာတစ်ပါးဖြင့် အကြောင်းအရာတစ်ပါး'' ကို ဖြေကြားပါ၏၊ အသျှင်ဘုရား သရက်ပင်ကို မေးပါလျက် တောင်ပိန္နဲပင်ကို ဖြေသကဲ့သို့လည်းကောင်း၊ တောင်ပိန္နဲပင်ကိုမေးပါလျက် သရက်ပင်ကို ဖြေသကဲ့သို့လည်းကောင်း ဤအတူ ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးကို မေးပါလျက် ပကုဓကစ္စာယနသည် အကျွန်ုပ်အား အကြောင်းအရာတစ်ပါးဖြင့် အကြောင်းအရာ့တစ်ပါးကို ဖြေကြားပါ၏၊ အသျှင်ဘုရား အကျွန်ုပ်အား ဤသို့ အကြံဖြစ်ပါ၏ -

''ငါကဲ့သို့သော မင်းသည် နိုင်ငံတော်၌ နေသောသမဏဗြာဟ္မဏကို ပြစ်တင်မောင်းမဲသင့်သည်ဟုအဘယ်ကြောင့် မှတ်ယူနိုင်ပါအံ့နည်း''ဟု အကြံဖြစ်ပါ၏။

အသျှင်ဘုရား အကျွန်ုပ်သည် ပကုဓကစ္စာယနပြောသော စကားကို နှစ်လည်း မနှစ်သက်ခဲ့ပါ၊ ပယ်လည်း မပယ်ခဲ့ပါ၊ မနှစ်သက်ခဲ့ မပယ်ခဲ့မူ၍ နှလုံးမသာသော်လည်း နှလုံးမသာသော စကားကို မမြွက်ဆိုမူ၍ ထိုစကားကို မနာယူ မမှတ်သားဘဲ နေရာမှ ထကာ ပြန်ခဲ့ပါသည်။

------

နိဂဏ္ဌနာဋပုတ္တ၏ အယူဝါဒ

၁၇၆။ အသျှင်ဘုရား အခါတစ်ပါး၌ အကျွန်ုပ်သည် နိဂဏ္ဌနာဋပုတ္တထံသို့ ချဉ်းကပ်၍ နိဂဏ္ဌနာဋပုတ္တနှင့် အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆိုပါ၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်လျက် နိဂဏ္ဌနာဋပုတ္တအား ဤပြဿနာကို မေးဖူးပါ၏ -

''အသျှင်အဂ္ဂိဝေဿန များစွာသော အတတ်သည်တို့သည် ရှိပါကုန်၏။ပ။ ဤ (အတတ်တို့၏ အကျိုး) နှင့်တူစွာ မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးကို ပြခြင်းငှါ တတ်နိုင်ပါသလောအသျှင်အဂ္ဂိဝေဿန''ဟု မေးဖူးပါ၏။

၁၇၇။ ဤသို့ မေးသော် နိဂဏ္ဌနာဋပုတ္တသည် အကျွန်ုပ်အား ဤစကားကို ပြောဆိုပါသည် အသျှင်ဘုရား -

''မင်းကြီး ဤ (လောက) ၌ နိဂဏ္ဌသည် လေးမျိုးသော စောင့်စည်းခြင်းဖြင့် စောင့်စည်း၏၊ မင်းကြီးနိဂဏ္ဌသည် လေးမျိုးသော စောင့်စည်းခြင်းဖြင့် အဘယ်သို့ စောင့်စည်းသနည်းဟူမူ-မင်းကြီး ဤလောက၌နိဂဏ္ဌသည် အလုံးစုံသော ရေအေးကို တားမြစ်၏၊ (မကောင်းမှုကို) အလုံးစုံ တားမြစ်၏၊ (မကောင်းမှုကို) အလုံးစုံ တားမြစ်ခြင်းဖြင့် ပယ်ခွါပြီး ဖြစ်၏၊ (မကောင်းမှု ကို) အလုံးစုံတားမြစ်ခြင်းဖြင့် (လွတ်မြောက်ရာကို) တွေ့ပြီးဖြစ်၏၊ မင်းကြီး ဤလေးမျိုးသော စောင့်စည်းခြင်းဖြင့်စောင့်စည်းပြီးသော ဤနိဂဏ္ဌနာဋပုတ္တကို အထွတ်အထိပ်သို့ ရောက်သော စိတ်ရှိသူ စောင့်စည်းသောစိတ်ရှိသူ တည်ကြည်သော စိတ်ရှိသူဟု ဆိုအပ်၏''ဟု ပြောဆို ပါသည်။

၁၇၈။ အသျှင်ဘုရား ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးကို မေးပါလျက် နိဂဏ္ဌနာဋပုတ္တသည်အကျွန်ုပ်အား ဤသို့ ''လေးမျိုးသော စောင့်စည်းခြင်း'' ကို ဖြေကြားပါ၏၊ အသျှင်ဘုရား သရက်ပင် ကိုမေးပါလျက် တောင်ပိန္နဲပင်ကို ဖြေသကဲ့သို့လည်းကောင်း၊ တောင်ပိန္နဲပင်ကို မေးပါလျက် သရက်ပင်ကိုဖြေသကဲ့သို့လည်းကောင်း ဤအတူ ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးကို မေးပါလျက် နိဂဏ္ဌနာဋပုတ္တသည် အကျွန်ုပ်အား လေးမျိုးသော စောင့်စည်းခြင်းကို ဖြေကြားပါ၏၊ အသျှင်ဘုရား အကျွန်ုပ်အားဤသို့ အကြံဖြစ်ပါ၏ -

''ငါကဲ့သို့သော မင်းသည် နိုင်ငံတော်၌ နေသောသမဏဗြာဟ္မဏကို ပြစ်တင်မောင်းမဲသင့်သည်ဟုအဘယ်ကြောင့် မှတ်ယူနိုင်ပါအံ့နည်း''ဟု အကြံဖြစ်ပါ၏။

အသျှင်ဘုရား အကျွန်ုပ်သည် နိဂဏ္ဌနာဋပုတ္တ ပြောသော စကားကို နှစ်လည်း မနှစ်သက်ခဲ့ပါ၊ ပယ်လည်း မပယ်ခဲ့ပါ၊ မနှစ်သက်ခဲ့ မပယ်ခဲ့မူ၍ နှလုံးမသာသော်လည်း နှလုံးမသာသော စကားကိုမမြွက်ဆိုမူ၍ ထိုစကားကို မနာယူ မမှတ်သားဘဲ နေရာမှ ထကာ ပြန်ခဲ့ပါသည်။

------

၁။ နိဂဏ္ဌနာဋပုတ္တကိုပင် အနွယ်မှဖြစ်သော အမည်အားဖြင့် အဂ္ဂိဝေဿနဟု ခေါ်သည်။

သဉ္စယဗေလဋ္ဌပုတ္တ၏ အယူဝါဒ

၁၇၉။ အသျှင်ဘုရား အခါတစ်ပါး၌ အကျွန်ုပ်သည် သဉ္စယဗေလဋ္ဌပုတ္တထံသို့ ချဉ်းကပ်၍ သဉ္စယဗေလဋ္ဌပုတ္တနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆိုပါ၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကား ကို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်လျက် သဉ္စယဗေလဋ္ဌပုတ္တ္တအား ဤပြဿနာကိုမေးဖူးပါ၏ -

''အသျှင်သဉ္စယ များစွာသော အတတ်သည်တို့သည် ရှိပါကုန်၏။ပ။ ဤ (အတတ်တို့၏ အကျိုး) နှင့်တူစွာ မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် သိမြင်ရသော ရဟန်း ဖြစ်ကျိုးကို ပြခြင်းငှါ တတ်နိုင်ပါသလောအသျှင်သဉ္စယ''ဟု မေးဖူးပါ၏။

၁၈၀။ ဤသို့ မေးသော် သဉ္စယဗေလဋ္ဌပုတ္တ္တသည် အကျွန်ုပ်အား ဤစကားကို ပြောဆိုပါသည်အသျှင်ဘုရား -

''တစ်ပါးသော လောက ရှိသလောဟု (သင်) ငါ့ကို မေးသော် တစ်ပါးသော လောကရှိ၏ဟု ငါအယူရှိခဲ့လျှင် တစ်ပါးသော လောကရှိ၏ဟု သင့်အား ငါဖြေရာ၏၊ (သို့ရာတွင်) ဤသို့ဟုလည်း ငါ မယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ဟုလည်း ငါမယူ၊ (ဤသို့ ထိုသို့ အခြားသို့) မဟုတ်ဟုလည်း ငါမယူ၊ (ဤသို့ ထိုသို့ အခြားသို့) မဟုတ်သည် မဟုတ်ဟုလည်း ငါမယူ။

တစ်ပါးသော လောက မရှိပါသလော။ပ။

တစ်ပါးသော လောက ရှိလည်းရှိ မရှိလည်း မရှိသလော။ပ။

တစ်ပါးသော လောက ရှိသည်လည်း မဟုတ်၊ မရှိသည်လည်း မဟုတ်သလော။ပ။

(သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့ ရှိကုန်သလော။ပ။

(သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့ မရှိကုန်သလော။ပ။

(သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့ ရှိလည်းရှိ မရှိလည်း မရှိကုန်သလော။ပ။

(သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့ ရှိသည်လည်း မဟုတ်၊ မရှိသည်လည်း မဟုတ်ကုန်သလော။ပ။

ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် ရှိပါသလော။ပ။

ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် မရှိပါသလော။ပ။

ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် ရှိလည်းရှိ မရှိလည်း မရှိသလော။ပ။

ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် ရှိသည်လည်း မဟုတ်၊ မရှိသည်လည်း မဟုတ်သလော။ပ။

သတ္တဝါသည် သေပြီးနောက်၌ ရှိသလော။ပ။

သတ္တဝါသည် သေပြီးနောက်၌ မရှိသလော။ပ။

သတ္တဝါသည် သေပြီးနောက်၌ ရှိလည်းရှိ မရှိလည်း မရှိသလော။ပ။

သတ္တဝါသည် သေပြီးနောက်၌ ရှိသည်လည်း မဟုတ်၊ မရှိသည်လည်း မဟုတ်သလောဟု (သင်) ငါ့ကိုမေးသော် သတ္တဝါသည် သေပြီးသည့်နောက်၌ ရှိသည်လည်း မဟုတ် မရှိသည်လည်း မဟုတ်ဟုငါ အယူရှိခဲ့လျှင် သတ္တဝါသည် သေပြီးသည့်နောက်၌ ရှိသည်လည်း မဟုတ် မရှိသည်လည်း မဟုတ်ဟုသင့်အား ငါ ဖြေရာ၏၊ (သို့ရာတွင်) ဤသို့ဟုလည်း ငါ မယူ၊ ထိုသို့ဟုလည်း ငါ မယူ၊ အခြားသို့ဟုလည်း ငါ မယူ၊ (ဤသို့ ထိုသို့ အခြားသို့) မဟုတ်ဟုလည်း ငါ မယူ၊ (ဤသို့ ထိုသို့ အခြားသို့) မဟုတ်သည် မဟုတ်ဟု လည်း ငါမယူ''ဟု ပြောဆိုပါသည်။

၁၈၁။ အသျှင်ဘုရား ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးကို မေးပါလျက် သဉ္စယဗေလဋ္ဌ ပုတ္တသည်အကျွန်ုပ်အား ဤသို့ ''ပစ်လွှင့်သော အယူ'' ကို ဖြေကြားပါ၏၊ အသျှင်ဘုရား သရက်ပင်ကို မေးပါလျက့်တောင်ပိန္နဲပင်ကို ဖြေသကဲ့သို့လည်းကောင်း၊ တောင်ပိန္နဲပင်ကို မေးပါလျက် သရက်ပင်ကိုဖြေသကဲ့သို့လည်းကောင်း ဤအတူ ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးကို မေးပါလျက် သဉ္စယဗေလဋ္ဌပုတ္တသည် အကျွန်ုပ်အား ပစ်လွှင့်သော အယူကို ဖြေကြားပါ၏၊ အသျှင်ဘုရား အကျွန်ုပ်အားဤသို့ အကြံဖြစ်ပါ၏ -

''ဤသူကား ဤသမဏဗြာဟ္မဏတို့တွင် ပညာမဲ့ဆုံး ဖြစ်၏၊ အတွေဝေဆုံး ဖြစ်၏၊ ကိုယ်တိုင်သိမြင်ရသော ရဟန်းဖြစ်ကျိုးကို မေးပါလျက် အဘယ်ကြောင့် ပစ်လွှင့်သော အယူကို ဖြေကြားဘိသနည်း၊ ငါကဲ့သို့သော မင်းသည် နိုင်ငံတော်၌ နေသောသမဏဗြာဟ္မဏကို ပြစ်တင်မောင်းမဲသင့်သည်ဟု အဘယ်ကြောင့် မှတ်ယူနိုင်ပါအံ့နည်း''ဟု အကြံဖြစ်ပါ၏။

အသျှင်ဘုရား အကျွန်ုပ်သည် သဉ္စယဗေလဋ္ဌပုတ္တ္တပြောသော စကားကို နှစ်လည်း မနှစ်သက်ခဲ့ပါ၊ ပယ်လည်း မပယ်ခဲ့ပါ၊ မနှစ်သက်ခဲ့ မပယ်ခဲ့မူ၍ နှလုံးမသာသော်လည်း နှလုံးမသာသော စကားကို မမြွက်ဆိုမူ၍ ထိုစကားကို မနာယူ မမှတ်သားဘဲ နေရာမှ ထကာ ပြန်ခဲ့ပါသည်။

------

ရှေးဦးစွာ မျက်မှောက်ဘဝ၌ ရအပ်သော ရဟန်းဖြစ်ကျိုး

၁၈၂။ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကိုလည်း မေးပါ၏၊ အသျှင်ဘုရား ဤများစွာ သောအတတ်သည်တို့သည် ရှိပါကုန်၏၊ ဤအတတ်သည်တို့ကား အဘယ်နည်း- ''ဆင်စီးသူရဲများ မြင်းစီးသူရဲများ ရထားစီးသူရဲများ လေးသည်များ အောင်လံကိုင်များ စစ်ဆင်သူများတစ်ဖက် စစ်တပ်သို့ ဝင်၍ ဦးခေါင်းများကို အတုံးအတစ် ဖြတ်တောက်သွားနိုင် သူများ (စစ်၌) ထူးချွန်ကျော်စောသော မင်းသားများ တစ်ဟုန်တည်း ပြေးဝင်စစ်ထိုးနိုင်သူများ ဆင်ပြောင်ကြီးကဲ့သို့သောသူရဲများ လွန်စွာရဲရင့်သူများ ချပ်ဝတ်သူရဲများ ကျွန်ယုံတော်များ ထမင်းချက်သူများ ဆတ္တာသည်များရေချိုးပေးသူများ စဖိုသည်များ ပန်းကုံးသူများ ခဝါသည်များ ရက်ကန်းသည်များ ကျူထရံသည်များအိုးထိန်းသည်များ ဂဏန်းတတ်သူများ လက်ချိုးရေတွက် တတ်သူများ ထိုမှ တစ်ပါးလည်းဤနှင့်အလားတူ များစွာသော အတတ်သည်တို့ ရှိပါကုန်သေး၏၊ ထိုသူတို့သည် မျက်မှောက်ဘဝ၌ပင်ကိုယ်တိုင် သိမြင်ရသော အတတ်၏ အကျိုးကို မှီ၍ အသက် မွေးပါကုန်၏၊ ထိုသူတို့သည် ထိုအတတ်ဖြင့် မိမိကိုယ်ကို ချမ်းသာစေပါကုန်၏၊ (အားအင်) ပြည့် ဖြိုးစေပါကုန်၏၊ အမိအဖတို့ကိုချမ်းသာစေပါကုန်၏ (အားအင်) ပြည့်ဖြိုးစေပါကုန်၏၊ သားမယား တို့ကို ချမ်းသာစေပါကုန်၏၊ (အားအင်) ပြည့်ဖြိုးစေပါကုန်၏၊ မိ်တ်ဆွေ ခင်ပွန်းတို့ကို ချမ်းသာ စေပါကုန်၏၊ (အားအင်) ပြည့်ဖြိုးစေပါကုန်၏၊ အထက်ဘုံ၌ ဖြစ်စေတတ်သော နတ်ပြည်၌ ဖြစ်စေတတ်သော ကောင်းကျိုးကိုဖြစ်စေတတ်သော မွန်မြတ်သော အကျိုးကို ဖြစ်စေတတ်သော အလှူကိုသမဏဗြာဟ္မဏတို့၌တည်စေပါကုန်၏၊ ဤ (အတတ်တို့၏ အကျိုး) နှင့်တူစွာ မျက်မှောက် ဘဝ၌ပင် ကိုယ်တိုင်သိမြင်ရသောရဟန်းဖြစ်ကျိုးကို ပြခြင်းငှါ တတ်နိုင်ပါသလော အသျှင်ဘုရား''။

၁၈၃။ မင်းကြီး တတ်နိုင်ပါ၏၊ မင်းကြီး သို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင် ပြန်၍ မေးအံ၊ သင် နှစ်သက်သည့်အတိုင်း ထို (အမေး) ကို ဖြေလော့၊ မင်းကြီး ထို (အရာ) ကို အဘယ်သို့ ထင်သနည်း။

ဤ (တိုင်းပြည်) ၌ ရှေးဦးစွာ ထလေ့ရှိသော နောက်မှ အိပ်လေ့ရှိသော အဘယ်ကို ပြုရအံ့နည်းဟုနာခံလေ့ရှိသော နှစ်ခြိုက်ဖွယ်ကို ပြုလေ့ရှိသော ချစ်ခင်ဖွယ်ကို ဆိုလေ့ရှိသော မျက်နှာရိပ်ကို ကြည့်လေ့ရှိသော အမှုလုပ် ကျွန်ယောက်ျားသည် သင့်အား ရှိရာ၏၊ ထိုသူအား ဤသို့ အကြံဖြစ်ရာ၏ -

''အချင်းတို့ ကောင်းမှုတို့၏ လားရာ ကောင်းမှုတို့၏ အကျိုးသည် အံ့ဖွယ်ရှိပါပေစွတကား၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွတကား၊ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် လူပင်တည်း၊ ငါသည်လည်း လူပင်တည်း၊ (သို့ရာတွင်) ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင့်အဇာတသတ်မင်းကား ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံ ပြည့်စုံစွာ နတ်ကဲ့သို့ ပျော်ရွှင်စံစားရ၏၊ ငါမူကားရှေးဦးစွာ ထလေ့ရှိသော နောက်မှ အိပ်လေ့ရှိသော အဘယ်ကို ပြုရအံ့နည်းဟု နာခံလေ့ ရှိသောနှစ်ခြိုက်ဖွယ်ကို ပြုလေ့ရှိသော ချစ်ခင်ဖွယ်ကို ဆိုလေ့ရှိသော မျက်နှာရိပ်ကို ကြည့်လေ့ရှိ သောထို (မင်း)၏ အမှုလုပ်ကျွန် ဖြစ်၏၊ ငါသည် ကောင်းမှုတို့ကို ပြုရမူ (ထိုမင်းကဲ့သို့) ဖြစ်ရာ၏၊ ငါသည်ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်း ဘောင်သို့ဝင်ရောက်ရမူ ကောင်းလေစွ''ဟု အကြံဖြစ်ရာ၏။

ထိုသူသည် နောင်အခါ၌ ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်ရောက်ရာ၏၊ ထိုသူသည် ဤသို့ ဝင်ရောက်ပြီးသော် ကိုယ်ဖြင့် စောင့်စည်းလျက်နေရာ၏၊ နှုတ်ဖြင့် စောင့်စည်းလျက် နေရာ၏၊ စိတ်ဖြင့် စောင့်စည်းလျက် နေရာ၏၊ အစားအဝတ်မျှဖြင့် ရောင့်ရဲကာ ဆိတ်ငြိမ်ရာ၌ မွေ့လျော်လျက် နေရာ၏၊ ထို (အကြောင်းအရာ) ကိုသင့်အား မင်းချင်း ယောက်ျားတို့သည် ဤသို့ လျှောက်ကြားကုန်ရာ၏ -

''မင်းမြတ် သိတော်မူပါလော့၊ ရှေးဦးစွာ ထလေ့ရှိသော နောက်မှ အိပ်လေ့ရှိသော အဘယ်ကိုပြုရအံ့နည်းဟု နာခံလေ့ရှိသော နှစ်ခြိုက်ဖွယ်ကို ပြုလေ့ရှိသော ချစ်ခင်ဖွယ်ကို ဆိုလေ့ရှိသောမျက်နှာရိပ်ကို ကြည့်လေ့ရှိသော သင် (မင်းမြတ်)၏ အမှုလုပ်ကျွန်ယောက်ျားသည် ဆံမုတ်ဆိတ်ကိုပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါ၏၊ ထိုသူသည် ဤသို့ ဝင်ရောက်ပြီးသော် ကိုယ်ဖြင့် စောင့်စည်းလျက် နေပါ၏၊ နှုတ်ဖြင့် စောင့်စည်း လျက်နေပါ၏၊ စိတ်ဖြင့် စောင့်စည်းလျက် နေပါ၏၊ အစားအဝတ်မျှဖြင့် ရောင့်ရဲကာ ဆိတ်ငြိမ်ရာ၌မွေ့လျော်လျက် နေပါ၏''ဟု လျှောက်ကြားကုန်ရာ၏။

ထိုသို့ လျှောက်ကြားလျှင် သင် (မင်းကြီး) သည် ဤသို့ ဆိုသင့်ပါမည်လော -

''အချင်းတို့ ထိုယောက်ျားသည် ငါ့ထံ ပြန်လာစေလော့၊ ရှေးဦးစွာ ထလေ့ရှိသော နောက်မှ အိပ်လေ့ရှိသော အဘယ်ကို ပြုရအံ့နည်းဟု နာခံလေ့ရှိသော နှစ်ခြိုက်ဖွယ်ကို ပြုလေ့ရှိသော ချစ်ခင် ဖွယ်ကိုဆိုလေ့ရှိသော မျက်နှာရိပ်ကို ကြည့်လေ့ရှိသော အမှုလုပ်ကျွန်ပင် တစ်ဖန် ဖြစ်စေလော့''ဟုဆိုသင့်ပါမည်လော။

၁၈၄။ ဤသို့ မဆိုသင့်ပါ အသျှင်ဘုရား၊ စင်စစ်သော်ကား အကျွန်ုပ်တို့ကပင် ထိုသူကို ရှိခိုးလည်းရှိခိုးကုန်ရာ၏၊ ခရီးဦးကြိုလည်း ပြုကုန်ရာ၏၊ ထိုင်ရန်နေရာကိုလည်း ပေးကုန်ရာ၏၊ သင်္ကန်း ဆွမ်းကျောင်း သူနာ၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ကို အလှူခံရန်လည်း ဖိတ်ကုန်ရာ၏၊ ထိုသူအား တရားနှင့်အညီ စောင့်ရှောက်ကာကွယ်လျက် လုံခြုံမှုကိုလည်း စီမံပေးကုန်ရာ၏ဟု လျှောက်၏။

၁၈၅။ မင်းကြီး ထို (အရာ) ကို အဘယ်သို့ ထင်သနည်း၊ ဤသို့ ဖြစ်ခဲ့သော် ကိုယ်တိုင် သိမြင်ရ သောရဟန်းဖြစ်ကျိုးသည် ရှိသလော မရှိသလော။

''ဤသို့ ဖြစ်ခဲ့သော် ကိုယ်တိုင် သိမြင်ရသော ရဟန်း ဖြစ်ကျိုးသည် ဧကန်ရှိပါ၏ အသျှင်ဘုရား''။

''မင်းကြီး ဤကား ငါသည် သင့်အား ရှေးဦးစွာ ပြသော မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးပေတည်း''။

------

နှစ်ကြိမ်မြောက် မျက်မှောက်ဘဝ၌ ရအပ်သော ရဟန်းဖြစ်ကျိုး

၁၈၆။ အသျှင်ဘုရား ဤအတူ တစ်ပါးလည်း ဖြစ်သော မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် သိမြင်ရ သောရဟန်းဖြစ်ကျိုးကို ပြခြင်းငှါ တတ်နိုင်ပါသေးသလော။

မင်းကြီး တတ်နိုင်ပါ၏၊ မင်းကြီး သို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင် ပြန်၍ မေးအံ၊ သင် နှစ်သက်သည့်အတိုင်း ထိုအမေးကို ဖြေလော့၊ မင်းကြီး ထို (အရာ) ကို အဘယ်သို့ ထင်သနည်း။ ဤ (တိုင်းပြည်) ၌ အခွန်ကို ထမ်းဆောင်သော ဥစ္စာစုကို တိုးပွါးစေတတ်သော အိမ်ရှင် လယ်သမားယောက်ျားသည် သင့်အား ရှိရာ၏၊ ထိုသူအား ဤသို့ အကြံဖြစ်ရာ၏ -

''အချင်းတို့ ကောင်းမှုတို့၏ လားရာ ကောင်းမှုတို့၏ အကျိုးသည် အံ့ဖွယ်ရှိပါပေစွတကား၊ မဖြစ်ဖူးမြဲဖြစ်ပါပေစွတကား၊ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည် လူပင်တည်း၊ ငါသည်လည်း လူပင်တည်း၊ (သို့ရာတွင်) ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းကားကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံစွာ နတ်ကဲ့သို့ ပျော်ရွှင်စံစားရ၏၊ ငါမူကား ထို (မင်း)၏ အခွန်ကိုထမ်းဆောင်သော ဥစ္စာစုကို တိုးပွားစေတတ်သော အိမ်ရှင် လယ်သမားယောက်ျား ဖြစ်၏၊ ငါသည်ကောင်းမှုတို့ကို ပြုရမူ (ထိုမင်းကဲ့သို့) ဖြစ်ရာ၏၊ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင်ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရမူ ကောင်းလေစွ''ဟုအကြံဖြစ်ရာ၏။

ထိုသူသည် နောင်အခါ၌ နည်းသော ဥစ္စာစုကို စွန့်၍ဖြစ်စေ များသော ဥစ္စာစုကို စွန့်၍ဖြစ်စေနည်းသော ဆွေမျိုးစုကို စွန့်၍ဖြစ်စေ များသော ဆွေမျိုးစုကို စွန့်၍ဖြစ်စေ ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင်ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရာ၏၊ ထိုသူသည် ဤသို့ဝင်ရောက်ပြီးသော် ကိုယ်ဖြင့် စောင့်စည်းလျက် နေရာ၏၊ နှုတ်ဖြင့် စောင့်စည်းလျက် နေရာ၏၊ စိတ်ဖြင့်စောင့်စည်းလျက် နေရာ၏၊ အစားအဝတ်မျှဖြင့် ရောင့်ရဲကာ ဆိတ်ငြိမ်ရာ၌ မွေ့လျော်လျက် နေရာ၏၊ ထို (အကြောင်းအရာ) ကို သင့်အား မင်းချင်းယောက်ျားတို့သည် ဤသို့ လျှောက်ကြားကုန်ရာ၏ -

''မင်းမြတ် သိတော်မူပါလော့၊ အသျှင်မင်းမြတ်၏ အခွန်ကို ထမ်းဆောင်သော ဥစ္စာစုကိုတိုးပွားစေတတ်သော အိမ်ရှင် လယ်သမားယောက်ျားသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါ၏၊ ထိုသူသည် ဤသို့ ဝင်ရောက်ပြီးသော် ကိုယ်ဖြင့် စောင့်စည်းလျက် နေပါ၏၊ နှုတ်ဖြင့် စောင့်စည်းလျက် နေပါ၏၊ စိတ် ဖြင့်စောင့်စည်းလျက် နေပါ၏၊ အစား အဝတ်မျှဖြင့် ရောင့်ရဲကာ ဆိတ်ငြိမ်ရာ၌ မွေ့လျော်လျက်နေပါ၏''ဟု လျှောက်ကြားကုန်ရာ၏။

ထိုသို့ လျှောက်ကြားလျှင် သင် (မင်းကြီး) သည် ဤသို့ ဆိုသင့်ပါမည်လော -

''အချင်းတို့ ထိုယောက်ျားသည် ငါ့ထံ ပြန်လာစေလော့၊ အခွန်ကို ထမ်းဆောင်သော ဥစ္စာစုကို တိုးပွားစေတတ်သော အိမ်ရှင် လယ်သမားပင် တစ်ဖန် ဖြစ်စေလော့''ဟု ဆိုသင့်ပါမည်လော။

၁၈၇။ အသျှင်ဘုရား ဤသို့ မဆိုသင့်ပါ၊ စင်စစ်သော်ကား အကျွန်ုပ်တို့ကပင် ထိုသူကို ရှိခိုးလည်းရှိခိုးကုန်ရာ၏၊ ခရီးဦးကြိုလည်း ပြုကုန်ရာ၏၊ (ထိုင်ရန်) နေရာကိုလည်း ပေးကုန်ရာ၏၊ သင်္ကန်း ဆွမ်းကျောင်း သူနာ၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ကို အလှူခံရန်လည်း ဖိတ်ကုန်ရာ၏၊ ထိုသူအား တရားနှင့်အညီ စောင့်ရှောက်ကာကွယ်လျက် လုံခြုံမှုကိုလည်း စီမံပေးကုန်ရာ၏။

၁၈၈။ ''မင်းကြီး ထို (အရာ) ကို အဘယ်သို့ ထင်သနည်း၊ ဤသို့ ဖြစ်ခဲ့သော် ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးသည် ရှိသလော မရှိသလော''။

''ဤသို့ ဖြစ်ခဲ့သော် ကိုယ်တိုင် သိမြင်ရသော ရဟန်းဖြစ်ကျိုးသည် ဧကန်ရှိပါ၏ အသျှင်ဘုရား''။

''မင်းကြီး ဤကား ငါသည် သင့်အား နှစ်ကြိမ်မြောက် ပြသော မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်သိမြင်ရသော ရဟန်းဖြစ်ကျိုးပေတည်း''။

------

သာ၍မွန်မြတ်သော ရဟန်းဖြစ်ကျိုး

၁၈၉။ အသျှင်ဘုရား ကိုယ်တိုင် သိမြင်ရသော ဤရဟန်းဖြစ်ကျိုးတို့ထက် သာ၍ နှစ်သက်ဖွယ် လည်းဖြစ်သော သာ၍ မွန်မြတ်သည်လည်းဖြစ်သော တစ်ပါးလည်းဖြစ်သော မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင့်သိမြင်ရသော ရဟန်းဖြစ်ကျိုးကို ပြခြင်းငှါ တတ်နိုင်ပါသေးသလော။

မင်းကြီး တတ်နိုင်ပါ၏။ မင်းကြီး သို့ဖြစ်လျှင် နာကြားလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားပေအံ။

''ကောင်းပါပြီ အသျှင်ဘုရား''ဟု ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင် အဇာတသတ်မင်းသည်မြတ်စွာဘုရားအား ဝန်ခံ၏။

၁၉၀။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏ -

မင်းကြီး ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော၊ အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ' နှင့် ပြည့်စုံတော်မူသော၊ ကောင်းသောစကားကိုဆိုတော်မူတတ်သော၊ လောကကို သိတော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသော၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူ သော၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည် ဤလောက၌ ပွင့်တော်မူ၏။ ထိုမြတ်စွာဘုရားသည်နတ်နှင့်တကွသော မာရ်နတ်နှင့် တကွသော ဗြဟ္မာနှင့် တကွသော ဤလောကကိုလည်းကောင်း၊ သမဏဗြာဟ္မဏတို့နှင့် တကွသော မင်းများ လူများနှင့် တကွသော သတ္တဝါ အပေါင်းကိုလည်းကောင်းကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြား တော်မူ၏၊ ထိုမြတ်စွာဘုရားသည်အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ ကောင်းခြင်း ရှိသော အနက်နှင့် ပြည့်စုံသောသဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံ ပြည့်စုံ သော စင်ကြယ်သော မြတ်သောအကျင့်ကို ပြတော်မူ၏။

၁၉၁။ ထိုတရားတော်ကို သူကြွယ်သည်လည်းကောင်း၊ သူကြွယ့်သားသည်လည်းကောင်း၊ အခြားဇာတ် တစ်မျိုးမျိုး၌ဖြစ်သော သူသည်လည်းကောင်း ကြားနာရ၏၊ ထိုသူသည် ထိုတရားတော်ကို ကြားနာရ၍ မြတ်စွာဘုရား၌ ယုံကြည်မှုကို ရ၏၊ ထိုသူသည် ယုံကြည်မှုကို ရသည်ဖြစ်၍ ဤသို့ ဆင်ခြင်၏ -

''လူ့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်း၏၊ (ကိလေသာ) မြူထရာ လမ်းကြောင်း ဖြစ်၏၊ ရဟန်းအဖြစ်သည် လွင်ပြင်နှင့် တူ၏၊ လူ့ဘောင်၌ နေသူသည် ဤမြတ်သောအကျင့်ကို စင်စစ် ပြည့်စုံစွာစင်စစ် စင်ကြယ်စွာ ခရုသင်းပွတ်သစ်နှင့်တူစွာ ကျင့်ခြင်းငှါ မလွယ်၊ ငါသည် ဆံမုတ်ဆိတ် ကိုပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရမူကောင်းလေစွ''ဟု ဆင်ခြင်၏။

၁၉၂။ ထိုသူသည် နောင်အခါ၌ နည်းသော ဥစ္စာစုကို စွန့်၍ဖြစ်စေ၊ များသော ဥစ္စာစုကို စွန့်၍ဖြစ်စေ၊ နည်းသော ဆွေမျိုးစုကို စွန့်၍ဖြစ်စေ၊ များသော ဆွေမျိုးစုကို စွန့်၍ဖြစ်စေ၊ ဆံမုတ်ဆိတ်ကိုပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏။

၁၉၃။ ထိုသူသည် ဤသို့ ဝင်ရောက်ပြီးသော် ပါတိမောက္ခသံဝရသီလကို စောင့်ထိန်းလျက် နေ၏၊ အကျင့် ' အာစာရ' ကျက်စားရာ ' ဂေါစရ' နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်းဘေးဟု ရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏၊ ကောင်းသော ကာယကံဝစီကံနှင့် ပြည့်စုံသည်ဖြစ်၍ စင်ကြယ်သော အသက်မွေးမှု ရှိ၏၊ သီလနှင့် ပြည့်စုံ၏၊ ဣန္ဒြေတို့၌ပိတ်ထားသော တံခါးရှိ၏ (ဣန္ဒြေတို့ကို စောင့်စည်း၏)၊ စားဖွယ်၌ အတိုင်းအရှည်ကို သိ၏၊ အောက်မေ့ခြင်း (သတိ) ဆင်ခြင်ခြင်း (သမ္ပဇဉ်) နှင့် ပြည့်စုံ၏၊ ရောင့်ရဲလွယ်၏။

------

၁။ သွားလာဝင်ထွက် ဆက်ဆံရန် သင့်လျော်သော အရပ် ပုဂ္ဂိုလ်စသည်။

စူဠသီလ

၁၉၄။ မင်းကြီး ရဟန်းသည် အဘယ်သို့လျှင် အကျင့်သီလနှင့် ပြည့်စုံသနည်း။ မင်းကြီး ဤလောက၌ရဟန်းသည် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကို ချထားပြီး ဖြစ်၏၊ လက်နက်ကို ချထားပြီး ဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသော သတ္တဝါ တို့၏အစီးအပွားကို လိုလားလျက် နေ၏။ ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။

မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ပေးသည်ကိုသာ ယူ၏၊ ပေးသည်ကိုသာ အလိုရှိ၏၊ မခိုးမဝှက်၊ စင်ကြယ်သော ကိုယ်ဖြင့် နေ၏။ ဤသည်လည်း ထိုရဟန်း၏သီလ ပေတည်း။

မမြတ်သော အကျင့်ကို ပယ်၍ မြတ်သော အကျင့်ကို ကျင့်၏၊ ယုတ်သော အကျင့်ကို ကျင့်လေ့မရှိ၊ ရွာသူတို့၏ အလေ့ဖြစ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်၏၊ ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။

မမှန်ပြောခြင်းကို ပယ်၍ မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏၊ အမှန်ကိုသာ ဆိုလေ့ရှိ၏၊ မှန်သောစကားချင်း ဆက်စပ်စေ၏၊ တည်သော စကားရှိ၏၊ ယုံကြည်ထိုက်သော စကားရှိ၏၊ လောကကိုလှည့်စားတတ်သူ မဟုတ်။ ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။

ကုန်းစကားကို ပယ်၍ ကုန်းစကားမှ ရှောင်ကြဉ်၏၊ ဤသူတို့ထံမှ နားထောင်၍ (ထိုသူတို့နှင့်) ဤသူတို့ ကွဲပြားခြင်းငှါ ထိုသူတို့ထံ၌ မပြောတတ်၊ ထိုသူတို့ထံမှ နားထောင်၍ (ဤသူတို့နှင့်) ထိုသူတို့ကွဲပြားခြင်းငှါ ဤသူတို့ထံ၌ မပြောတတ်၊ ဤသို့ ကွဲပြားသူတို့ကိုလည်း စေ့စပ်တတ်၏၊ ညီညွတ်သူတို့ကိုလည်း အားပေးတတ်၏၊ ညီညွတ်ခြင်း၌ မွေ့လျော်၏၊ ညီညွတ်ခြင်း၌ ပျော်ပိုက်၏၊ ညီညွတ်ခြင်းကိုနှစ်သက်၏၊ ညီညွတ်ခြင်းကို ပြုသော စကားကို ဆိုလေ့ရှိ၏။ ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။

ကြမ်းသော စကားကို ပယ်၍ ကြမ်းသော စကားမှ ရှောင်ကြဉ်၏၊ အကြင် စကားသည် အပြစ်ကင်း၏၊ နားချမ်းသာ၏၊ နှစ်လိုဖွယ်ရှိ၏၊ နှလုံးသို့ သက်၏၊ ယဉ်ကျေး၏၊ လူအများ နှစ်သက်၏၊ လူ အများ နှစ်ခြိုက်၏၊ ထိုသို့သဘောရှိသော စကားကိုသာ ဆို၏။ ဤသည်လည်း ထိုရဟန်း၏သီလပေတည်း။

ပြိန်ဖျင်းသော စကားကို ပယ်၍ ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်၏၊ (သင့်သော) အခါ၌သာ ဆိုလေ့ရှိ၏၊ဟုတ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အကျိုးနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ တရားနှင့်စပ်သည် ကိုသာဆိုလေ့ရှိ၏၊ အဆုံးအမနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ (သင့်သော) အခါ၌ အကြောင်းနှင့် တကွ သောအပိုင်းအခြားရှိသော အစီးအပွားနှင့်စပ်သော မှတ်သားလောက်သော စကားကိုသာ ဆိုလေ့ရှိ၏။ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။

မျိုးစေ့အပေါင်း အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်၏။ပ။

ဆွမ်းတစ်နပ်သာ စားလေ့ရှိ၏၊ ညစာစားခြင်းမှ ရှောင်ကြဉ်၏၊ နေလွဲစားခြင်းမှ ရှောင်ကြဉ်၏၊ ကခြင်းသီခြင်း တီးမှုတ်ခြင်း (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော (ပွဲ) ကြည့်ခြင်းမှ ရှောင်ကြဉ်၏၊ ပန်းပန်ခြင်း နံ့သာခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်းမှ ရှောင်ကြဉ်၏၊ မြင့်သောနေရာ မြတ်သော နေရာမှရှောင်ကြဉ်၏၊ ရွှေငွေကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ ကောက်စိမ်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ အသားစိမ်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ မိန်းမအို မိန်းမပျိုကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ ကျွန်မိန်းမကျွန်ယောက်ျားကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ ဆိတ်နှင့် သိုးကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ ကြက် ဝက်ကိုခံယူခြင်းမှ ရှောင်ကြဉ်၏၊ ဆင် နွား မြင်း မြည်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ လယ်နှင့်ယာကိုခံယူခြင်းမှ ရှောင်ကြဉ်၏၊ တမန်အမှု အစေအပါးအမှုကို ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်၏၊ ဝယ်မှု ရောင်းမှုမှ ရှောင် ကြဉ်၏၊ ချိန်စဉ်းလဲ အသပြာစဉ်းလဲ ခြင်တွယ်တိုင်းတာ စဉ်းလဲခြင်းမှ့ရှောင်ကြဉ်၏၊ တံစိုးယူခြင်း လှည့်ဖြားခြင်း အတုပြု၍ လိမ်ခြင်းတည်းဟူသော ကောက်ကျစ်ခြင်းမှရှောင်ကြဉ်၏၊ ဖြတ်ခြင်း သတ်ခြင်းနှောင်ဖွဲ့ခြင်း (ခရီးသွားတို့ကို) လုယက်ခြင်း (ရွာနိဂုံးတို့ကို) ဖျက်ဆီးခြင်း ဓားပြတိုက်ခြင်းမှရှောင်ကြဉ်၏။ ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။

စူဠသီလ ပြီး၏။

------

၁။ ကောက်စိမ်း ဟူသည် ၁-သလေး (ကောက်ကြီး)၊ ၂-ကောက်လတ် (ကောက်ကြမ်း)၊ ၃-လူး၊ ၄-နတ်ကောက် (ဂျုံ)၊ ၅-ပြောင်း၊ ၆-မုယော (ဗာလီ)၊ ၇-ဆပ် ဤစပါးခုနစ်မျိုးတည်း။

မဇ္ဈိမသီလ

၁၉၅။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍ လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော မျိုးစေ့အပေါင်း အပင်အပေါင်း ဖျက်ဆီးခြင်းကို ပြုလျက် နေကြ၏။ ဤသည်တို့ကား အဘယ်နည်း၊ အမြစ်မျိုးစေ့ ပင်စည်မျိုးစေ့ အဆစ်မျိုးစေ့ အညွန့်မျိုးစေ့ ငါးခုမြောက် အစေ့မျိုးစေ့တို့တည်း၊ (ရဟန်းသည်) ဤသို့သော မျိုးစေ့အပေါင်း အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်၏။ ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။

၁၉၆။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော သိုမှီးသုံးဆောင်ခြင်းကို ပြုလျက် နေကြ၏၊ ဤသည်တို့ကား အဘယ်နည်း၊ ဆွမ်းကို သိုမှီးခြင်း အဖျော်ကို သိုမှီးခြင်း အဝတ်ကို သိုမှီးခြင်း ယာဉ်ကို သိုမှီးခြင်းအိပ်ရာကို သိုမှီးခြင်း နံ့သာကို သိုမှီးခြင်း (အခြား) စားသုံးဖွယ်ကို သိုမှီးခြင်းတို့တည်း၊ (ရဟန်းသည်) ဤသို့သော သိုမှီး သုံးဆောင်ခြင်းမှ ရှောင်ကြဉ်၏။ ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။

၁၉၇။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော (ပွဲ) ကြည့်ခြင်းကို ပြုလျက် နေကြ၏၊ ဤသည်တို့ကား အဘယ်နည်း၊ ကခြင်း သီခြင်း တီးမှုတ်ခြင်းသဘင်ပွဲ စာဟောပွဲ လက်ဝါးတီးပွဲ ကြေးနင်း ခွက်ခွင်းစသည် တီးပွဲ စည်တီးပွဲ ပန်းချီပြပွဲသံလုံးကစားပွဲ ဝါးထောင်၍ ကစားပွဲ အရိုးဆေးပွဲ ဆင်တိုက်ပွဲ မြင်းတိုက်ပွဲ ကျွဲတိုက်ပွဲ နွားတိုက်ပွဲဆိတ်တိုက်ပွဲ သိုးတိုက်ပွဲ ကြက်တိုက်ပွဲ ငုံးတိုက်ပွဲ တုတ်သိုင်းပွဲ လက်ဝှေ့ထိုးပွဲ လက်ပမ်းလုံးပွဲ စစ်ထိုးပွဲစစ်သည် စစ်ဆေးပွဲ စစ်ဆင်ပွဲ စစ်အင်ကျင်းပွဲတို့တည်း၊ (ရဟန်းသည်) ဤသို့သော (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော (ပွဲ) ကြည့်ခြင်းမှ ရှောင်ကြဉ်၏။ ဤသည်လည်း ထိုရဟန်း၏သီလပေတည်း။

၁၉၈။ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် မေ့လျော့ကြောင်းဖြစ်သော လောင်းကစားခြင်းကို ပြုလျက် နေကြ၏၊ ဤသည်တို့ကား အဘယ်နည်း၊ ရှစ်ကွက်ကျားကစားခြင်း ဆယ်ကွက်ကျားကစားခြင်း ကောင်းကင်ကျားကစားခြင်း ဖိုးလမင်းကျားကစားခြင်း ဇယ်တောက်ကစားခြင်း အန်ကစားခြင်း ကျည်းသားရိုက်ကစားခြင်းစုတ်ခတ်ရေးကစားခြင်း ဂေါ်လီကစားခြင်း ပီပီမှုတ်ကစားခြင်း ထွန်ငယ်ဖြင့်ကစားခြင်းကျွမ်းထိုးကစားခြင်း စကြာဖြင့်ကစားခြင်း ခြင်ခွက်ငယ်ဖြင့် ကစားခြင်း ရထားငယ်ဖြင့်ကစားခြင်း လေးငယ်ဖြင့်ကစားခြင်း အက္ခရာဝှက်ကစားခြင်း စိတ်အကြံဖော်တမ်းကစားခြင်းကျိုးယောင် ကန်းယောင်ပြု၍ ကစားခြင်းတို့တည်း၊ (ရဟန်းသည်) ဤသို့သော မေ့လျော့ကြောင်းဖြစ်သော လောင်းကစားခြင်းမှ ရှောင်ကြဉ်၏။ ဤသည် လည်း ထိုရဟန်း၏သီလပေတည်း။

၁၉၉။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော မြင့်သောနေရာ မြတ်သောနေရာကို သုံးစွဲခြင်းပြုလျက်နေကြ၏၊ ဤသည်တို့ကား အဘယ်နည်း၊ မြင့်လွန်းသောနေရာ၊ ပလ္လင်၊ မွေးရှည်ကော်ဇောကြီး၊ ဆန်းကြယ်သော သားမွေးအခင်း၊ ဖြူသောသားမွေးအခင်း၊ ပန်းပြောက်ခြယ် သားမွေးအခင်း၊ လဲသွတ်အခင်း၊ ရုပ်ပုံခြယ်သားမွေးအခင်း၊ နှစ်ဖက်မွေးရှိအခင်း၊ တစ်ဖက်မွေးရှိအခင်း၊ ရွှေချည်ထိုးအခင်း၊ ပိုးချည်အခင်း၊ သားမွေးခင်းကြီး၊ ဆင်ကုန်းနှီး၊ မြင်းကုန်းနှီး၊ ရထားခင်းနှီး၊ သစ်နက်ရေအခင်း၊ ဝံပိုင့်ရေအခင်းမြတ်၊ (နီသော) မျက်နှာကြက်နှင့် အုံးနီနှစ်ဖက်ရှိ နေရာတို့တည်း၊ (ရဟန်းသည်) ဤသို့သော မြင့်သောနေရာ မြတ်သောနေရာမှ ရှောင်ကြဉ်၏။ ဤသည်လည်းထိုရဟန်း၏ သီလပေတည်း။

၂၀၀။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော လိမ်းခြယ်ခြင်း ဆင်ယင်ခြင်းကို ပြုလျက် နေကြ၏။ ဤသည်တို့ကား အဘယ်နည်း။ (နံ့သာဖြင့်) ပွတ်သပ်ခြင်း၊ (ဆီဖြင့်) ဆုပ်နယ်ခြင်း၊ (နံ့သာဖြင့်) ရေချိုးခြင်း၊ (လက်ရုံးကြီးထွားရန်) ထုရိုက်ခြင်း၊ မှန်ကြည့်ခြင်း၊ မျက်စဉ်းဆေးခြယ်ခြင်း၊ ပန်းပန်ခြင်း၊ နံ့သာခြယ်ခြင်း၊ နံ့သာပျောင်းလိမ်းကျံခြင်း၊ မျက်နှာကို ခြယ်ခြင်း၊ မျက်နှာကို လိမ်းကျံခြင်း၊ လက်ဝတ်တန်ဆာဆင်ခြင်း၊ သျှောင်ထုံးခြင်း၊ လက်ကိုင်တုတ် ဆောင်ခြင်း၊ ကျည်တောက်လွယ်ခြင်း၊ သန်လျက်ဆောင်ခြင်း၊ (ဆန်းကြယ်သော) ထီးကို ဆောင်းခြင်း၊ ဆန်း ကြယ်သော ဖိနပ်ကိုစီးခြင်း၊ သင်းကျစ်ဖွဲ့ခြင်း၊ ပတ္တမြားဆံကျင်ထိုးခြင်း၊ သားမြီးယပ် ဆောင်ခြင်း၊ အမြိတ်ရှည်ဝတ်ဖြူတို့ကို ဝတ်ခြင်းတို့တည်း။ (ရဟန်းသည်) ဤသို့ လိမ်းခြယ်ခြင်း ဆင်ယင်ခြင်းမှ ရှောင်ကြဉ်၏။ ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။

၂၀၁။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော ဖီလာစကားကို ပြောလျက် နေကြ၏၊ ဤသည်တို့ကားအဘယ်နည်း၊ မင်းနှင့်စပ်သောစကား ခိုးသူနှင့်စပ်သောစကား အမတ်ကြီးနှင့် စပ်သောစကား စစ်သည်နှင့်စပ်သောစကား ကြောက်ဖွယ်နှင့်စပ်သောစကား စစ်ထိုးခြင်းနှင့် စပ်သောစကား စားဖွယ်နှင့်စပ်သောစကားသောက်ဖွယ်နှင့်စပ်သောစကား အဝတ်နှင့်စပ်သော စကား အိပ်ရာနှင့်စပ်သောစကား ပန်းနှင့်စပ်သောစကား နံ့သာနှင့်စပ်သောစကား ဆွေမျိုးနှင့်စပ်သောစကား ယာဉ်နှင့်စပ်သောစကား ရွာနှင့်စပ်သောစကားနိဂုံးနှင့်စပ်သောစကား မြို့နှင့်စပ်သောစကား နယ်နှင့်စပ်သောစကား မိန်းမနှင့်စပ်သောစကား ယောက်ျားနှင့်စပ်သော စကား သူရဲကောင်းနှင့်စပ်သောစကား လမ်းနှင့်စပ်သောစကား ရေခပ်ဆိပ်နှင့် စပ်သော စကားသေလွန်သူနှင့်စပ်သောစကား အထွေထွေနှင့်စပ်သောစကား လောက (အကြောင်း) နှင့် စပ်သောစကားသမုဒ္ဒရာ (အကြောင်း) နှင့်စပ်သောစကား ကြီးပွားခြင်း ဆုတ်ယုတ်ခြင်းနှင့် စပ်သော စကားတို့တည်း။ (ရဟန်းသည်) ဤသို့သော ဖီလာစကားကို ပြောခြင်းမှ ရှောင်ကြဉ်၏။ ဤသည်လည်း ထိုရဟန်း၏သီလပေတည်း။

၂၀၂။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် ဤသို့သော အငြင်းစကားကို ပြောလျက် နေကြ၏၊ ဤသည်တို့ကားအဘယ်နည်း။ သင်သည် ဤဓမ္မဝိနယကို မသိ၊ ငါသည် ဤဓမ္မဝိနယကို သိ၏၊ သင်သည် ဤဓမ္မ ဝိနယကို အသို့ သိနိုင်အံ့နည်း၊ သင်သည် မှားသောအကျင့်ရှိသူ ဖြစ်၏၊ ငါသည် မှန်သောအကျင့်ရှိသူဖြစ်၏၊ ငါ၏ စကားသည် စေ့စပ်၏၊ သင်၏ စကားသည် မစေ့စပ်၊ သင်သည် ရှေးဦးဆိုသင့်သည်ကိုနောက်မှ ဆို၏၊ နောက်မှ ဆိုသင့်သည်ကို ရှေးဦးဆို၏၊ သင်၏ ကြာမြင့်စွာ လေ့လာထားသော စကားသည် (သင့်ဆီသို့) ပြန်လှည့်၍ တည်လေပြီ၊ သင့်အယူ၌ ရှိသော အပြစ်ကို ငါ တင်ပြပြီ၊ သင်အရေးနိမ့်ပြီ၊ (ငါ တင်ပြသော) အပြစ်မှ လွတ်မြောက်ရန် ရှာကြံချေဦးလော့၊ အကယ်၍စွမ်းနိုင်လျှင်လည်း (ယခုပင်) ဖြေရှင်းလော့၊ ဤသည်တို့တည်း။ (ရဟန်းသည်) ဤသို့သောအငြင်းစကားကို ပြောခြင်းမှ ရှောင်ကြဉ်၏။ ဤသည်လည်း ထိုရဟန်း၏ သီလပေတည်း။

၂၀၃။ ထို့ပြင်လည်း အချို့သော အသျှင်သမဏဗြာဟ္မဏတို့သည် ယုံကြည်၍လှူသော သုံးဆောင်ဖွယ်တို့ကို သုံးဆောင်ကြပြီးလျှင် တမန်အမှု အစေအပါးအမှု ဆောင်ရွက်ခြင်းကို ပြုလျက် နေကြ၏၊ ဤသည်တို့ကား အဘယ်နည်း၊ မင်းတို့၏ အမတ်ကြီးတို့၏ မင်းမျိုးတို့၏ ပုဏ္ဏားတို့၏ သူကြွယ်တို့၏လုလင်ပျိုတို့၏ ဤအရပ်မှ (ထိုအရပ်သို့) သွားလော့၊ ထိုအရပ်မ ှ (ဤအရပ်သို့) လာလော့၊ ဤသည်ကို (ဤအရပ်မှ) ဆောင်သွားလော့၊ ဤသည်ကို (ထို&#