ဒီဃနိကာယ်

မဟာဝဂ်ပါဠိတော်

မြန်မာပြန်

------

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁-မဟာပဒါနသုတ်

ပုဗ္ဗေနိဝါသဉာဏ်နှင့် စပ်သော စကား

နိဒါန်း

၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းတိုက်ဝယ် ရေခံတက်ပင်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုစဉ်အခါ၌ ဆွမ်းခံရာမှ ဖဲခဲ့၍ဆွမ်းစားပြီးနောက် ရေခံတက်ပင်တန်ဆောင်းဝန်း၌ များစွာသော ရဟန်းတို့ စုဝေးနေထိုင်ကြရာတွင် ''ပုဗ္ဗေနိဝါသဉာဏ်သည် ဤသို့သဘောရှိ၏၊ ပုဗ္ဗေနိဝါသဉာဏ်သည် ဤသို့သဘောရှိ၏''ဟု ပုဗ္ဗေနိဝါသဉာဏ်နှင့်စပ်သော တရားစကားသည် ဖြစ်ပေါ်၏။

၂။ ထိုရဟန်းတို့ ဤသို့ ပြောဆိုနေသည်ကို မြတ်စွာဘုရားသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏နားထက် သာလွန်သော နတ်တို့၏ နားနှင့် တူသော (ဒိဗ္ဗသောတ) ဉာဏ်ဖြင့် ကြားသိတော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် နေရာမှ ထတော်မူ၍ ရေခံတက်ပင် တန်ဆောင်းဝန်းဆီသို့ ချဉ်းကပ်တော်မူပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်တော်မူလျက် ရဟန်းတို့အား (ဤသို့) မိန့်တော်မူ၏-

''ရဟန်းတို့ သင်တို့သည် ယခုအခါ အဘယ်စကားဖြင့် စုဝေးထိုင်နေကုန်သနည်း၊ သင်တို့၏ မပြီးသေးသော အကြားစကားသည်ကား အဘယ်နည်း''ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသော် ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကြကုန်၏ -

''အသျှင်ဘုရား ဆွမ်းခံရာမှ ဖဲခဲ့၍ ဆွမ်းစားပြီးနောက် ဤရေခံတက်ပင် တန်ဆောင်းဝန်း၌အကျွန်ုပ်တို့ စုဝေးထိုင်နေကြရာတွင် 'ပုဗ္ဗေနိဝါသဉာဏ်သည် ဤသို့သဘောရှိ၏၊ ပုဗ္ဗေနိဝါသဉာဏ်သည် ဤသို့သဘောရှိ၏'ဟု ပုဗ္ဗေနိဝါသဉာဏ်နှင့် စပ်လျဉ်းသော တရားစကားသည် ဖြစ်ပေါ်ပါ၏။ ဤသည်ကား အကျွန်ုပ်တို့၏ မပြီးသေးသော အကြားစကားဖြစ်ပါသည်၊ ထိုအခါ မြတ်စွာဘုရားသည် ကြွတော်မူလာပါသည် အသျှင်ဘုရား''ဟု (လျှောက်ကြကုန်၏)။

၃။ ရဟန်းတို့ သင်တို့သည် ပုဗ္ဗေနိဝါသဉာဏ်နှင့် စပ်သော တရားစကားကို နာလိုကုန်သလောဟု (မိန့်တော်မူရာ) -

ဘုန်းတော်ကြီးသော မြတ်စွာဘုရား - မြတ်စွာဘုရားသည် ပုဗ္ဗေနိဝါသဉာဏ်နှင့် စပ်သော တရားစကားကို ဟောကြားတော်မူရန် အချိန်ဖြစ်ပါသည်၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား - မြတ်စွာဘုရားသည် ပုဗ္ဗေနိဝါသဉာဏ်နှင့် စပ်သော တရားစကားကို ဟောကြားတော်မူရန် အခါဖြစ်ပါသည်၊ ရဟန်းတို့သည် မြတ်စွာဘုရား၏ (စကားတော်ကို) နာကြား၍ ဆောင်ထားကြပါလိမ့်မည်ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ သို့ဖြစ်လျှင် နာကြားကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။

''ကောင်းပါပြီ မြတ်စွာဘုရား''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဝန်ခံကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ -

၄။ ရဟန်းတို့ ဤ (ကမ္ဘာ) မှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော ဝိပဿီမြတ်စွာဘုရားသည် လောက၌ပွင့်တော်မူ၏။ ရဟန်းတို့ ဤ (ကမ္ဘာ) မှ သုံးဆယ့်တစ်ကမ္ဘာထက်၌ သိခီမြတ်စွာဘုရားသည် လောက၌ပွင့်တော်မူ၏။ ရဟန်းတို့ ထိုသုံးဆယ့်တစ်ကမ္ဘာထက်၌ပင်လျှင် ဝေဿဘူမြတ်စွာဘုရားသည် လောက၌ပွင့်တော်မူ၏။ ရဟန်းတို့ ဤဘဒ္ဒကမ္ဘာ၌ပင်လျှင် ကကုသန်မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၏။ ရဟန်းတို့ ဤဘဒ္ဒကမ္ဘာ၌ပင်လျှင် ကောဏာဂုံမြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၏။ ရဟန်းတို့ဤဘဒ္ဒကမ္ဘာ၌ပင်လျှင် ကဿပမြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၏။ ရဟန်းတို့ ဤဘဒ္ဒကမ္ဘာ၌ပင်လျှင် ယခုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ငါဘုရားသည် လောက၌ ပွင့်တော်မူ၏။

၅။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ဝိပဿီမြတ်စွာဘုရားသည် အမျိုးအားဖြင့် မင်းမျိုးတည်း၊ မင်းမျိုး၌ ဖြစ်တော်မူ၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော သိခီမြတ်စွာဘုရားသည် အမျိုးအားဖြင့် မင်းမျိုးတည်း၊ မင်းမျိုး၌ ဖြစ်တော်မူ၏။ ရဟန်းတို့ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောဝေဿဘူ မြတ်စွာဘုရားသည် အမျိုးအားဖြင့် မင်းမျိုးတည်း၊ မင်းမျိုး၌ ဖြစ်တော်မူ၏။ ရဟန်းတို့ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောကကုသန်မြတ်စွာဘုရား သည် အမျိုးအားဖြင့် ပုဏ္ဏားမျိုးတည်း၊ ပုဏ္ဏားမျိုး၌ ဖြစ်တော်မူ၏။ ရဟန်းတို့ပူဇော်အထူးကို ခံတော်မူ ထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသောကောဏာဂုံမြတ်စွာဘုရားသည် အမျိုးအားဖြင့် ပုဏ္ဏားမျိုးတည်း၊ ပုဏ္ဏားမျိုး၌ ဖြစ်တော်မူ၏။ ရဟန်းတို့ပူဇော်အထူးကို ခံတော်မူထိုက် သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောကဿပမြတ်စွာဘုရားသည် အမျိုး အားဖြင့် ပုဏ္ဏားမျိုးတည်း၊ ပုဏ္ဏားမျိုး၌ ဖြစ်တော်မူ၏။ ရဟန်းတို့ယခုအခါ ပူဇော်အထူးကို ခံတော်မူ ထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ငါဘုရားသည် အမျိုးအားဖြင့် မင်းမျိုးတည်း၊ မင်းမျိုး၌ ဖြစ်တော်မူ၏။

၆။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ဝိပဿီမြတ်စွာဘုရားသည် အနွယ်အားဖြင့် ကောဏ္ဍညအနွယ် ဖြစ်တော်မူ၏။ ရဟန်းတို့ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော သိခီမြတ်စွာဘုရားသည် အနွယ်အားဖြင့် ကောဏ္ဍညအနွယ် ဖြစ်တော်မူ၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝေဿဘူမြတ်စွာဘုရားသည်အနွယ်အားဖြင့် ကောဏ္ဍညအနွယ် ဖြစ်တော်မူ၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံး စုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကကုသန်မြတ်စွာဘုရားသည်အနွယ်အားဖြင့် ကဿပအနွယ် ဖြစ်တော်မူ၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကောဏာဂုံမြတ်စွာဘုရားသည်အနွယ်အားဖြင့် ကဿပအနွယ် ဖြစ်တော် မူ၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရားသည် အနွယ်အားဖြင့်ကဿပအနွယ် ဖြစ်တော်မူ၏။ ရဟန်းတို့ ယခုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူ သော ငါဘုရားသည် အနွယ်အားဖြင့်ဂေါတမအနွယ် ဖြစ်တော်မူ၏။

၇။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ဝိပဿီမြတ်စွာဘုရား၏ အသက်အတိုင်းအရှည်သည် အနှစ်ရှစ်သောင်း ဖြစ်၏။ ရဟန်းတို့ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော သိခီမြတ်စွာဘုရား၏ အသက်အတိုင်းအရှည်သည် အနှစ်ခုနစ်သောင်း ဖြစ်၏။ ရဟန်းတို့ ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောဝေဿဘူမြတ်စွာဘုရား ၏ အသက်အတိုင်းအရှည်သည် အနှစ်ခြောက်သောင်း ဖြစ်၏။ ရဟန်းတို့ပူဇော်အထူးကို ခံတော်မူထိုက် သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသောကကုသန်မြတ်စွာဘုရား၏ အသက် အတိုင်းအရှည်သည် အနှစ်လေးသောင်းဖြစ်၏။ ရဟန်းတို့ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံ သောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောကောဏာဂုံမြတ်စွာဘုရား၏ အသက်အတိုင်းအရှည် သည် အနှစ်သုံးသောင်း ဖြစ်၏။ ရဟန်းတို့ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရား တို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောကဿပမြတ်စွာဘုရား၏ အသက်အတိုင်းအရှည်သည် အနှစ် နှစ်သောင်း ဖြစ်၏။ ရဟန်းတို့ ယခုအခါငါဘုရား၏ အသက်အတိုင်းအရှည်သည် နည်းပါးလှ၏၊ တိုတောင်းလှ၏၊ လျင်မြန်လှ၏၊ အသက်အရှည်ဆုံးသောသူသည် အနှစ်တစ်ရာသော်လည်းကောင်း အနှစ် တစ်ရာထက် အနည်းငယ်ပိုလွန်၍သော်လည်းကောင်း (အသက်ရှင်နေရ၏)။

၈။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ဝိပဿီမြတ်စွာဘုရားသည် သခွတ်ပင်ရင်း၌ သစ္စာလေးပါးကို သိတော်မူ၏။ ရဟန်းတို့ပူဇော် အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော သိခီမြတ်စွာဘုရားသည် သရက်ဖြူပင်ရင်း၌ သစ္စာလေးပါးကို သိတော်မူ၏။ ရဟန်းတို့ ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောဝေဿဘူမြတ်စွာဘုရား သည် အင်ကြင်းပင်ရင်း၌ သစ္စာလေးပါးကို သိတော်မူ၏။ ရဟန်းတို့ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောကကုသန်မြတ်စွာဘုရားသည် ကုက္ကိုပင်ရင်း ၌ သစ္စာလေးပါးကို သိတော်မူ၏။ ရဟန်းတို့ ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရား တို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောကောဏာဂုံမြတ်စွာဘုရားသည် ရေသဖန်းပင်ရင်း၌ သစ္စာလေး ပါးကို သိတော်မူ၏။ ရဟန်းတို့ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ် တိုင် မှန်စွာ သိတော်မူသောကဿပမြတ်စွာဘုရားသည် ပညောင်ပင်ရင်း၌ သစ္စာလေးပါးကို သိတော်မူ၏။ ရဟန်းတို့ ယခုအခါပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောငါဘုရားသည် ညောင်ဗုဒ္ဓဟေပင်ရင်း၌ သစ္စာလေးပါးကို သိတော်မူ၏။

၉။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ဝိပဿီမြတ်စွာဘုရား၏ မြတ်သောတပည့် (အဂ္ဂသာဝက) အစုံသည် ခဏ္ဍနှင့်တိဿမည်၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော် မူသော သိခီမြတ်စွာဘုရား၏ မြတ်သောတပည့် (အဂ္ဂသာဝက) အစုံသည် အဘိဘူနှင့်သမ္ဘဝမည်၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူ သော ဝေဿဘူမြတ်စွာဘုရား၏ မြတ်သောတပည့် (အဂ္ဂသာဝက) အစုံသည်သောဏနှင့်ဥတ္တရ မည်၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ကကုသန်မြတ်စွာဘုရား၏ မြတ်သောတပည့် (အဂ္ဂသာဝက) အစုံသည်ဝိဓုရနှင့်သဉ္ဇီဝ မည်၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူ သော ကောဏာဂုံမြတ်စွာဘုရား၏ မြတ်သောတပည့် (အဂ္ဂသာဝက) အစုံသည်ဘိယျောသနှင့် ဥတ္တရမည် ၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော် မူသော ကဿပမြတ်စွာဘုရား၏ မြတ်သောတပည့် (အဂ္ဂသာဝက) အစုံသည် တိဿနှင့် ဘာရဒွါဇ မည်၏။ ရဟန်းတို့ ယခုအခါ ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ငါဘုရား၏မြတ်သောတပည့် (အဂ္ဂသာဝက) အစုံသည် သာရိပုတြာနှင့် မောဂ္ဂလ္လာန် မည်၏။

၁၀။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ဝိပဿီမြတ်စွာဘုရား၏ (လက်ထက်၌) သာဝကအစည်းအဝေးတို့သည် သုံးကြိမ်ဖြစ်ကုန်၏။ တစ်ကြိမ်သော သာဝကအစည်းအဝေး၌ ရဟန်း တစ်သိန်းခြောက်သောင်းရှစ်ထောင် ရှိ၏။ တစ်ကြိမ်သော သာဝကအစည်းအဝေး၌ ရဟန်းတစ်သိန်း ရှိ၏။ တစ်ကြိမ်သော သာဝကအစည်းအဝေး၌ရဟန်း ရှစ်သောင်း ရှိ၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရား၏ (လက်ထက်၌) အလုံးစုံ ရဟန္တာတို့ချည်းပါဝင်ကုန်သော သာဝကအစည်းအဝေးတို့သည် ဤသုံးကြိမ်တို့ပင် ဖြစ်ကုန်၏။

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော သိခီမြတ်စွာဘုရား၏ (လက်ထက်၌) သာဝကအစည်းအဝေးတို့သည် သုံးကြိမ်ဖြစ်ကုန်၏။ တစ်ကြိမ်သော သာဝကအစည်းအဝေး၌ ရဟန်းတစ်သိန်း ရှိ၏။ တစ်ကြိမ်သော သာဝကအစည်းအဝေး၌ရဟန်းရှစ်သောင်း ရှိ၏။ တစ်ကြိမ်သော သာဝကအစည်းအဝေး၌ ရဟန်းခုနစ်သောင်း ရှိ၏။ ရဟန်းတို့ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော သိခီမြတ်စွာဘုရား၏ (လက်ထက်၌) အလုံးစုံ ရဟန္တာတို့ချည်း ပါဝင်ကုန်သော သာဝကအစည်းအဝေးတို့သည် ဤသုံးကြိမ်တို့ပင် ဖြစ်ကုန်၏။

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ဝေဿဘူမြတ်စွာဘုရား၏ (လက်ထက်၌) သာဝကအစည်းအဝေးတို့သည် သုံးကြိမ်ဖြစ်ကုန်၏။ တစ်ကြိမ်သော သာဝကအစည်းအဝေး၌ ရဟန်းရှစ်သောင်း ရှိ၏။ တစ်ကြိမ်သော သာဝကအစည်းအဝေး၌ ရဟန်းခုနစ်သောင်း ရှိ၏။ တစ်ကြိမ်သော သာဝကအစည်းအဝေး၌ရဟန်းခြောက်သောင်း ရှိ၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝေဿဘူမြတ်စွာဘုရား၏ (လက်ထက်၌) အလုံးစုံ ရဟန္တာတို့ချည်းပါဝင်ကုန်သော သာဝကအစည်းအဝေးတို့သည် ဤသုံးကြိမ်တို့ပင် ဖြစ်ကုန်၏။

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ကကုသန်မြတ်စွာဘုရား၏ (လက်ထက်၌) သာဝကအစည်းအဝေးသည် တစ်ကြိမ်တည်းသာဖြစ်၏။ ရဟန်းလေးသောင်း ရှိ၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကကုသန်မြတ်စွာဘုရား၏ (လက်ထက်၌) အလုံးစုံ ရဟန္တာတို့ချည်းပါဝင်သော သာဝကအစည်းအဝေးသည် ဤတစ်ကြိမ်တည်းပင် ဖြစ်၏။

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ကောဏာဂုံမြတ်စွာဘုရား၏ (လက်ထက်၌) သာဝကအစည်းအဝေးသည် တစ်ကြိမ်တည်းသာ ဖြစ်၏။ ရဟန်းသုံးသောင်း ရှိ၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကောဏာဂုံမြတ်စွာဘုရား၏ (လက်ထက်၌) အလုံးစုံရဟန္တာတို့ချည်းပါဝင်သော သာဝကအစည်းအဝေးသည် ဤတစ်ကြိမ်တည်းပင် ဖြစ်၏။

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ကဿပမြတ်စွာဘုရား၏ (လက်ထက်၌) သာဝကအစည်းအဝေးသည် တစ်ကြိမ်တည်းသာဖြစ်၏။ ရဟန်းနှစ်သောင်း ရှိ၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရား့တို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကဿပမြတ်စွာဘုရား၏ (လက်ထက်၌) အလုံးစုံ ရဟန္တာတို့ချည်း ပါဝင်သော သာဝကအစည်းအဝေးသည် ဤတစ်ကြိမ်တည်းပင် ဖြစ်၏။

ရဟန်းတို့ ယခုအခါ ငါဘုရား၏ (လက်ထက်၌) သာဝကအစည်းအဝေးသည် တစ်ကြိမ်တည်းသာဖြစ်၏။ ရဟန်းတစ်ထောင့်နှစ်ရာငါးဆယ် ရှိ၏။ ရဟန်းတို့ ငါဘုရား၏ (လက်ထက်၌) အလုံးစုံ ရဟန္တာတို့ချည်း ပါဝင်သော သာဝကအစည်းအဝေးသည် ဤတစ်ကြိမ်တည်းပင် ဖြစ်၏။

၁၁။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ဝိပဿီမြတ်စွာဘုရား၏ အလုပ်အကျွေး အသောကမည်သော ရဟန်းသည် အမြတ်ဆုံးအလုပ်အကျွေး ဖြစ်၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော သိခီမြတ်စွာဘုရား၏ အလုပ်အကျွေး ခေမင်္ကရမည်သော ရဟန်းသည်အမြတ်ဆုံး အလုပ်အကျွေး ဖြစ်၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝေဿဘူမြတ်စွာဘုရား၏ အလုပ်အကျွေး ဥပသန္တမည်သောရဟန်းသည် အမြတ်ဆုံး အလုပ်အကျွေး ဖြစ်၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကကုသန်မြတ်စွာဘုရား၏ အလုပ်အကျွေး ဗုဒ္ဓိဇမည်သော ရဟန်းသည် အမြတ်ဆုံး အလုပ်အကျွေး ဖြစ်၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ကောဏာဂုံမြတ်စွာဘုရား၏ အလုပ်အကျွေး သောတ္ထိဇမည်သော ရဟန်းသည် အမြတ်ဆုံး အလုပ်အကျွေး ဖြစ်၏။ ရဟန်းတို့ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောကဿပမြတ်စွာဘုရား ၏ အလုပ်အကျွေး သဗ္ဗမိတ္တမည်သော ရဟန်းသည် အမြတ်ဆုံး အလုပ်အကျွေးဖြစ်၏။ ရဟန်းတို့ ယခုအခါ ငါဘုရား၏ အလုပ်အကျွေး အာနန္ဒာမည်သော ရဟန်းသည် အမြတ်ဆုံးအလုပ်အကျွေး ဖြစ်၏။

၁၂။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ဝိပဿီမြတ်စွာဘုရား၏ ခမည်းတော်သည် ဗန္ဓုမာမည်သော မင်းပေတည်း။ မယ်တော်သည် ဗန္ဓုမတီမည်သော မိဖုရားပေတည်း။ ဗန္ဓုမာမင်း၏ နေပြည်တော်သည် ဗန္ဓုမတီမည်သောမြို့ပေတည်း။

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော သိခီမြတ်စွာဘုရား၏ ခမည်းတော်သည် အရုဏမည်သော မင်းပေတည်း။ မယ်တော်သည်ပဘာဝတီမည်သော မိဖုရားပေတည်း။ အရုဏမင်း၏ နေပြည်တော်သည် အရုဏဝတီမည်သောမြို့ပေတည်း။

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဝေဿဘူမြတ်စွာဘုရား၏ ခမည်းတော်သည် သုပ္ပတိတမည်သော မင်းပေတည်း။ မယ်တော်သည် ဝဿဝတီမည်သော မိဖုရားပေတည်း။ သုပ္ပတိတမင်း၏ နေပြည်တော်သည် အနောမမည်သောမြို့ပေတည်း။

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကကုသန်မြတ်စွာဘုရား၏ ခမည်းတော်သည် အဂ္ဂိဒတ္တမည်သော ပုဏ္ဏားပေတည်း။ မယ်တော်သည် ဝိသာခါမည်သော ပုဏ္ဏေးမပေတည်း။ ရဟန်းတို့ ထိုစဉ်အခါ၌ ခေမမည်သော မင်းသည် (အုပ်စိုးလျက်) ရှိ၏၊ ခေမမင်း၏ နေပြည်တော်သည် ခေမဝတီမည်သောမြို့ပေတည်း။

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ကောဏာဂုံမြတ်စွာဘုရား၏ ခမည်းတော်သည် ယညဒတ္တမည်သော ပုဏ္ဏားပေတည်း။ ့မယ်တော်သည် ဥတ္တရာမည်သော ပုဏ္ဏေးမပေတည်း။ ရဟန်းတို့ ထိုစဉ်အခါ၌ သောဘမည်သော မင်းသည် (အုပ်စိုးလျက်) ရှိ၏၊ သောဘမင်း၏ နေပြည်တော်သည် သောဘဝတီမည်သောမြို့ပေတည်း။

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ကဿပမြတ်စွာဘုရား၏ ခမည်းတော်သည် ဗြဟ္မဒတ္တမည်သော ပုဏ္ဏားပေတည်းမြယ်တော် သည် ဓနဝတီမည်သော ပုဏ္ဏေးမပေတည်း။ ရဟန်းတို့ ထိုစဉ်အခါ၌ ကိကီမည်သောမင်းသည် (အုပ်စိုး လျက်) ရှိ၏၊ ကိကီမင်း၏ နေပြည်တော်သည် ဗာရာဏသီမည်သောမြို့ပေတည်း။

ရဟန်းတို့ ယခုအခါ ငါဘုရား၏ ခမည်းတော်သည် သုဒ္ဓေါဒနမင်းပေတည်း။ မယ်တော်သည်မာယာမိဖုရားပေတည်း။ နေပြည်တော်သည် ကပိလဝတ္ထုမည်သောမြို့ပေတည်းဟု မြတ်စွာဘုရားသည်ဤ (တရားစကား) ကို ဟောတော်မူ၏။

မြတ်စွာဘုရားသည် ဤ (တရားစကား) ကို ဟောတော်မူပြီးလျှင် နေရာမှ ထ၍ ကျောင်းတော်သို့ဝင်တော်မူ၏။

၁၃။ ထို့နောက် မြတ်စွာဘုရား ကြွသွားတော်မူ၍ မကြာမီ ထိုရဟန်းတို့အား ဤအကြားစကား သည်ဖြစ်ပေါ်ပြန်၏-

''ငါ့သျှင်တို့ မြတ်စွာဘုရား၏ တန်ခိုးအာနုဘော်ကြီးသည်၏ အဖြစ်သည် အံ့ဖွယ်ရှိပါပေစွ၊ ငါ့သျှင်တို့မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ ယင်းသို့ တန်ခိုးအာနုဘော်ကြီးသည်၏ အဖြစ်ကြောင့်ပင်လျှင် မြတ်စွာဘုရားသည် သံသရာချဲ့တရားကို ဖြတ်ပြီးကုန်သော သံသရာခရီးကို ဖြတ်ပြီးကုန်သော သံသရာဝဋ်ကုန်ဆုံးပြီးကုန်သော ဆင်းရဲခပ်သိမ်းကို လွန်မြောက်ပြီးကုန်သော ပရိနိဗ္ဗာန် ပြုပြီးကုန်သော ရှေးဘုရားတို့ကို 'ဤသို့သော ဇာတ်ရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော အမည်ရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သောအနွယ် ရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော သီလရှိကုန်၏ ဟူ၍လည်းကောင်း ဤသို့သော (သမာဓိ) တရားရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော ပညာရှိကုန်၏ ဟူ၍လည်းကောင်း ဤသို့သော နေခြင်းရှိကုန်၏ ဟူ၍လည်းကောင်း ဤသို့သော လွတ်မြောက်ခြင်းရှိကုန်၏ ဟူ၍လည်းကောင်း' ဇာတ်အားဖြင့်လည်း အောက်မေ့နိုင်ပါပေ၏၊ အမည်အားဖြင့်လည်း အောက်မေ့နိုင်ပါပေ၏၊ အနွယ်အားဖြင့်လည်း အောက်မေ့ နိုင်ပါပေ၏၊ အသက်အတိုင်းအရှည်အားဖြင့်လည်း အောက်မေ့နိုင်ပါပေ၏၊ သာဝကအစုံအားဖြင့်လည်း အောက်မေ့နိုင်ပါပေ၏၊ သာဝကအစည်းအဝေးအားဖြင့်လည်း အောက်မေ့နိုင်ပါပေ၏။

ငါ့သျှင်တို့ အသို့နည်း၊ မြတ်စွာဘုရားသည် သံသရာချဲ့တရားကို ဖြတ်ပြီးကုန်သော သံသရာခရီးကိုဖြတ်ပြီးကုန်သော သံသရာဝဋ်ကုန်ဆုံးပြီးကုန်သော ဆင်းရဲခပ်သိမ်းကို လွန်မြောက်ပြီးကုန်သော ပရိနိဗ္ဗာန်ပြုပြီးကုန်သော ရှေးဘုရားတို့ကို 'ဤသို့သော ဇာတ်ရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော အမည်ရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော အနွယ်ရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော သီလရှိကုန် ၏ဟူ၍လည်းကောင်း ဤသို့သော (သမာဓိ) တရားရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော ပညာရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော နေခြင်းရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော လွတ်မြောက်ခြင်းရှိကုန်၏ဟူ၍လည်းကောင်း' ဇာတ်အားဖြင့်လည်း အောက်မေ့နိုင်ပါပေ၏၊ အမည်အားဖြင့်လည်း အောက်မေ့နိုင်ပါပေ၏၊ အနွယ်အားဖြင့်လည်း အောက်မေ့နိုင်ပါပေ၏၊ အသက်အတိုင်းအရှည်အားဖြင့်လည်း အောက်မေ့နိုင်ပါပေ၏၊ သာဝကအစုံအားဖြင့်လည်း အောက်မေ့နိုင်ပါပေ၏၊ သာဝကအစည်းအဝေးအားဖြင့်လည်းအောက် မေ့နိုင်ပါပေ၏။

ဤသို့ အောက်မေ့နိုင်ခြင်းသည် အောက်မေ့နိုင်ကြောင်းဖြစ်သော ဓမ္မဓာတ်ကို မြတ်စွာဘုရား ကိုယ်တိုင်ပင် ကောင်းစွာ ထိုးထွင်း၍ သိထားခြင်းကြောင့်လေလော၊ သို့မဟုတ် မြတ်စွာဘုရားသည် သံသရာချဲ့တရားကို ဖြတ်ပြီးကုန်သော သံသရာခရီးကို ဖြတ်ပြီးကုန်သော သံသရာဝဋ်ကုန်ဆုံးပြီးကုန်သော ဆင်းရဲ့ခပ်သိမ်းကို လွန်မြောက်ပြီးကုန်သော ပရိနိဗ္ဗာန်ပြုပြီးကုန်သော ရှေးဘုရားတို့ကို 'ဤသို့သော ဇာတ်ရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော အမည်ရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော အနွယ်ရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော သီလရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော (သမာဓိ) တရားရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော ပညာရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော လွတ်မြောက်ခြင်းရှိကုန်၏ဟူ၍လည်းကောင်း' ဇာတ်အားဖြင့်လည်း အောက်မေ့နိုင်ပါပေ၏၊ အမည်အားဖြင့်လည်း အောက်မေ့နိုင်ပါပေ၏၊ အနွယ်အားဖြင့်လည်း အောက်မေ့နိုင်ပါပေ၏၊ အသက်အတိုင်းအရှည်အားဖြင့်လည်းအောက်မေ့နိုင်ပါ ပေ၏၊ သာဝကအစုံအားဖြင့်လည်း အောက်မေ့နိုင်ပါပေ၏၊ သာဝကအစည်းအဝေးအားဖြင့်လည်း အောက် မေ့နိုင်ပါပေ၏၊ ဤသို့ အောက်မေ့နိုင်ခြင်းသည်ထိုအကြောင်းအရာကို နတ် (ဗြဟ္မာ) တို့က မြတ်စွာဘုရား အားလျှောက်ထားကြသောကြောင့်လေလော''ဟု (အကြားစကားသည် ဖြစ်ပေါ်ပြန်၏)။

ထိုရဟန်းတို့၏ ဤအကြားစကားသည်လည်း မပြီးပြတ်သေး။

၁၄။ ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအချိန် ကိန်းအောင်းနေရာမှ ထတော်မူ၍ ရေခံတက်ပင်တန်ဆောင်းဝန်းဆီသို့ ချဉ်းကပ်တော်မူလျက် ခင်းထားသော နေရာ၌ ထိုင်တော်မူပြီးလျှင် ရဟန်းတို့ကိုမိန့်တော်မူ၏ -

''ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စုဝေးထိုင်နေကုန်သနည်း၊ သင်တို့၏ မပြီးသေးသောအကြားစကားသည်ကား အဘယ်နည်း''ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသော် ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကြကုန်၏။

''အသျှင်ဘုရား မြတ်စွာဘုရား ကြွသွားတော်မူ၍ မကြာမီပင် ဤအကြားစကား ဖြစ်ပေါ်ပြန်ပါသည်၊ ငါ့သျှင်တို့ မြတ်စွာဘုရား၏ တန်ခိုးအာနုဘော်ကြီးသည်၏ အဖြစ်သည် အံ့ဖွယ်ရှိပါပေစွ၊ ငါ့သျှင်တို့ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ။ သံသရာချဲ ့တရားကို ဖြတ်ပြီးကုန်သော သံသရာခရီးကို ဖြတ်ပြီးကုန်သော သံသရာဝဋ်ကုန်ဆုံးပြီးကုန်သော ဆင်းရဲခပ်သိမ်းကို လွန်မြောက်ပြီးကုန်သော ပရိနိဗ္ဗာန်ပြုပြီးကုန်သော ရှေးဘုရားတို့ကို 'ဤသို့သော ဇာတ်ရှိကုန်၏ ဟူ၍လည်းကောင်း ဤသို့သော အမည်ရှိကုန်၏ ဟူ၍လည်းကောင်း ဤသို့သော အနွယ်ရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော သီလရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော (သမာဓိ) တရားရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော ပညာရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သောလွတ်မြောက်ခြင်းရှိကုန်၏ဟူ၍လည်းကောင်း' ဇာတ်အားဖြင့်လည်း အောက်မေ့နိုင်ပါပေ၏၊ အမည်အားဖြင့်လည်း အောက်မေ့နိုင်ပါပေ၏၊ အနွယ်အားဖြင့်လည်း အောက်မေ့နိုင်ပါပေ၏၊ အသက်အတိုင်းအရှည်အားဖြင့်လည်း အောက်မေ့နိုင်ပါပေ၏၊ သာဝကအစုံအားဖြင့်လည်း အောက်မေ့နိုင်ပါပေ၏၊ သာဝကအစည်းအဝေးအားဖြင့်လည်း အောက်မေ့နိုင်ပါပေ၏၊ ငါ့သျှင်တို့ အသို့နည်း၊ မြတ်စွာဘုရားသည် သံသရာချဲ ့တရားကို ဖြတ်ပြီးကုန်သော သံသရာခရီးကို ဖြတ်ပြီးကုန်သော သံသရာဝဋ်ကုန်ဆုံးပြီးကုန်သော ဆင်းရဲခပ်သိမ်းကို လွတ်မြောက်ပြီးကုန်သော ပရိနိဗ္ဗာန်ပြုပြီးကုန်သော ရှေးဘုရားတို့ကို 'ဤသို့သော ဇာတ်ရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော အမည်ရှိကုန်၏ ဟူ၍လည်းကောင်း ဤသို့သော အနွယ်ရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော သီလရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော (သမာဓိ) တရားရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော ပညာရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော နေခြင်းရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော လွတ်မြောက်ခြင်းရှိကုန်၏ဟူ၍လည်းကောင်း' ဇာတ်အားဖြင့်လည်း အောက်မေ့နိုင်ပါပေ၏၊ အမည်အားဖြင့်လည်း အောက်မေ့နိုင်ပါပေ၏၊ အနွယ်အားဖြင့်လည်း အောက်မေ့နိုင်ပါပေ၏၊ အသက် အတိုင်းအရှည်အားဖြင့်လည်း အောက်မေ့နိုင်ပါပေ၏၊ သာဝကအစုံအားဖြင့်လည်းအောက်မေ့နိုင်ပါပေ၏၊ သာဝကအစည်းအဝေးအာ၊ ဖြင့်လည်း အောက်မေ့နိုင်ပါပေ၏။

ဤအောက်မေ့နိုင်ကြောင်းဖြစ်သော ဓမ္မဓာတ်ကို မြတ်စွာဘုရားကိုယ်တိုင်ပင် ကောင်းစွာ ထိုးထွင်း၍့သိထားခြင်းကြောင့်လေလော၊ သို့မဟုတ် မြတ်စွာဘုရားသည် သံသရာချဲ့တရားကို ဖြတ်ပြီးကုန်သောသံသရာခရီးကို ဖြတ်ပြီးကုန်သော သံသရာဝဋ်ကုန်ဆုံးပြီးကုန်သော ဆင်းရဲခပ်သိမ်းကို လွတ်မြောက်ပြီးကုန်သော ပရိနိဗ္ဗာန် ပြုပြီးကုန်သော ရှေးဘုရားတို့ကို 'ဤသို့သော ဇာတ်ရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော အမည်ရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော အနွယ်ရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သောသီလရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော (သမာဓိ) တရားရှိကုန်၏ ဟူ၍လည်းကောင်း ဤသို့သောပညာရှိကုန်၏ ဟူ၍လည်းကောင်း ဤသို့သော လွတ်မြောက်ခြင်းရှိကုန်၏ ဟူ၍လည်းကောင်း' ဇာတ်အားဖြင့် လည်း အောက်မေ့နိုင်ပါပေ၏၊ အမည်အားဖြင့်လည်း အောက်မေ့နိုင်ပါပေ၏၊ အနွယ်အားဖြင့်လည်း အောက်မေ့နိုင်ပါပေ၏၊ အသက်အတိုင်းအရှည်အားဖြင့်လည်း အောက်မေ့နိုင်ပါပေ၏၊ သာဝကအစုံအားဖြင့် လည်း အောက်မေ့နိုင်ပါပေ၏၊ သာဝကအစည်းအဝေးအားဖြင့်လည်းအောက်မေ့နိုင်ပါပေ၏၊ 'ဤသို့ အောက် မေ့နိုင်ခြင်းသည် ထိုအကြောင်းအရာများကို နတ် (ဗြဟ္မာ) တို့ကမြတ်စွာဘုရားအား လျှောက်ထား ကြသောကြောင့်လေလော'ဟု ဤအကြားစကားသည်ဖြစ်ပေါ်ပြန်ပါသည်။

ဤသည်ပင် အကျွန်ုပ်တို့၏ မပြီးပြတ်သေးသော အကြားစကားဖြစ်ပါသည်။ ထိုအခါ မြတ်စွာဘုရားကြွရောက်တော်မူလာပါသည် အသျှင်ဘုရား''ဟု (လျှောက်ကြကုန်၏)။

၁၅။ ရဟန်းတို့ မြတ်စွာဘုရားသည် အောက်မေ့နိုင်ကြောင်းဖြစ်သော ဓမ္မဓာတ်ကို ကိုယ်တိုင်ပင်ကောင်းစွာ ထိုးထွင်း၍ သိထားသောကြောင့် သံသရာချဲ့တရားကို ဖြတ်ပြီးကုန်သော သံသရာခရီးကိုဖြတ်ပြီးကုန်သော သံသရာဝဋ်ကုန်ဆုံးပြီးကုန်သော ဆင်းရဲခပ်သိမ်းကို လွန်မြောက်ပြီးကုန်သော ပရိနိဗ္ဗာန်ပြုပြီးကုန်သော ရှေးဘုရားတို့ကို ''ဤသို့သော ဇာတ်ရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော အမည်ရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော အနွယ်ရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော သီလရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော (သမာဓိ) တရားရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော ပညာရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော နေခြင်းရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော လွတ်မြောက်ခြင်းရှိကုန်၏ဟူ၍လည်းကောင်း'' ဇာတ်အားဖြင့်လည်း အောက်မေ့နိုင်၏၊ အမည်အားဖြင့်လည်း အောက်မေ့နိုင်၏၊ အနွယ်အားဖြင့်လည်း အောက်မေ့နိုင်၏၊ အသက်အတိုင်းအရှည်အားဖြင့်လည်း အောက်မေ့နိုင်၏၊ သာဝကအစုံအား ဖြင့်လည်း အောက်မေ့နိုင်၏၊ သာဝကအစည်းအဝေးအားဖြင့်လည်း အောက်မေ့နိုင်၏၊ နတ် (ဗြဟ္မာ) တို့ သည်လည်း မြတ်စွာဘုရားအား ထိုအကြောင်းအရာများကို လျှောက်ထားကုန်၏၊ ယင်းသို့ လျှောက်ထား ကြသောကြောင့်လည်း မြတ်စွာဘုရားသည် သံသရာချဲ့တရားကို ဖြတ်ပြီးကုန်သောသံသရာခရီးကို ဖြတ် ပြီးကုန်သော သံသရာဝဋ်ကုန်ဆုံးပြီးကုန်သော ဆင်းရဲခပ်သိမ်းကိုလွတ်မြောက်ပြီးကုန်သော ပရိနိဗ္ဗာန် ပြုပြီးကုန်သော ရှေးဘုရားတို့ကို 'ဤသို့သောဇာတ်ရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော အမည်ရှိ ကုန်၏ဟူ၍လည်းကောင်း ဤသို့သောအနွယ်ရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော သီလရှိကုန်၏ဟူ၍ လည်းကောင်း ဤသို့သော (သမာဓိ) တရားရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော ပညာရှိကုန်၏ဟူ၍ လည်းကောင်း ဤသို့သောနေခြင်းရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော လွတ်မြောက်ခြင်းရှိကုန်၏ ဟူ၍လည်းကောင်း' ဇာတ်အားဖြင့်လည်း အောက်မေ့နိုင်၏၊ အမည်အားဖြင့်လည်း အောက်မေ့နိုင်၏၊ အနွယ်အားဖြင့်လည်းအောက်မေ့နိုင်၏၊ အသက်အတိုင်းအရှည်အားဖြင့်လည်း အောက်မေ့နိုင်၏၊ သာဝက အစုံအားဖြင့်လည်းအောက်မေ့နိုင်၏၊ သာဝကအစည်း အဝေးအားဖြင့်လည်း အောက်မေ့နိုင်၏။

ရဟန်းတို့ သင်တို့သည် ပုဗ္ဗေနိဝါသဉာဏ်နှင့်စပ်၍ ထို့ထက်ကျယ်ပြန့်သော တရားစကားကို နာလိုကုန်သလောဟု မိန့်တော်မူသော်-

ဘုန်းတော်ကြီးသော မြတ်စွာဘုရား- မြတ်စွာဘုရားသည် ပုဗ္ဗေနိဝါသဉာဏ်နှင့်စပ်၍ ထို့ထက့်ကျယ်ပြန့်သော တရားစကားကို ဟောကြားတော်မူရန် အချိန်ဖြစ်ပါသည်၊ ကောင်းသောစကားကိုဆိုတော် မူတတ်သော မြတ်စွာဘုရား - မြတ်စွာဘုရားသည် ပုဗ္ဗေနိဝါသဉာဏ်နှင့်စပ်၍ထို့ထက်ကျယ်ပြန့်သော တရားစကားကို ဟောကြားတော်မူရန် အခါဖြစ်ပါသည်၊ ရဟန်းတို့သည်မြတ်စွာဘုရား၏ (စကားတော် ကို) နာကြား၍ ဆောင်ထားကြပါလိမ့်မည်ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ သို့ဖြစ်လျှင် နာကြားကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။

''ကောင်းပါပြီ မြတ်စွာဘုရား''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဝန်ခံကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ -

၁၆။ ရဟန်းတို့ ဤ (ကမ္ဘာ) မှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ဝိပဿီမြတ်စွာဘုရားသည် အမျိုးအားဖြင့် မင်းမျိုးတည်း၊ မင်းမျိုး၌ ဖြစ်တော်မူ၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားသည် အနွယ်အားဖြင့် ကောဏ္ဍည (အနွယ်) ဖြစ်တော်မူ၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရား၏ အသက်အတိုင်းအရှည်သည် အနှစ်ရှစ်သောင်း ဖြစ်၏။ ရဟန်းတို့ ပူဇော်အထူးကိုခံတော် မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောဝိပဿီမြတ်စွာဘုရားသည် သခွတ်ပင်ရင်း၌ သစ္စာလေးပါးကို သိတော်မူ၏။ ရဟန်းတို့ ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံ သောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောဝိပဿီမြတ်စွာဘုရား၏ မြတ်သောတပည့် (အဂ္ဂ သာဝက) အစုံသည် ခဏ္ဍနှင့်တိဿ မည်၏။ ရဟန်းတို့ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောဝိပဿီမြတ်စွာဘုရား၏ (လက်ထက်၌) သာဝက အစည်း အဝေးတို့သည် သုံးကြိမ်ဖြစ်ကုန်၏။ တစ်ကြိမ်သော သာဝကအစည်းအဝေး၌ ရဟန်းတစ်သိန်းခြောက် သောင်းရှစ်ထောင် ရှိ၏။ တစ်ကြိမ်သောသာဝကအစည်းအဝေး၌ ရဟန်းတစ်သိန်း ရှိ၏။ တစ်ကြိမ်သော သာဝကအစည်းအဝေး၌ရဟန်းရှစ်သောင်း ရှိ၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံး စုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရား၏ (လက်ထက်၌) အလုံးစုံ ရဟန္တာတို့ချည်းပါဝင်ကုန်သော သာဝကအစည်းအဝေးတို့သည် ဤသုံးကြိမ်တို့ပင် ဖြစ်ကုန်၏။ ရဟန်း တို့ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောဝိပဿီမြတ်စွာဘုရား၏ အလုပ်အကျွေး အသောကမည်သော ရဟန်းသည် အမြတ်ဆုံး အလုပ်အကျွေးဖြစ်၏။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ဝိပဿီမြတ်စွာဘုရား၏ ခမည်းတော်သည် ဗန္ဓုမာမည်သော မင်းပေတည်း။ မယ်တော်သည် ဗန္ဓုမတီမည်သော မိဖုရားပေတည်း။ ဗန္ဓုမာမင်း၏ နေပြည်တော်သည် ဗန္ဓုမတီမည်သောမြို့ပေတည်း။

------

၁။ အကြားစကားဟူသည် ကမ္မဋ္ဌာန်းနှလုံးသွင်းခြင်း စာသင်ခြင်း စသည်တို့၏ အကြား၌ဖြစ်သောအလွတ်စကား (ဗြဟ္မဇာလသုတ်အဖွင့် အဋ္ဌကထာ)၊ ငါဘုရားမလာမီ အကြား၌ဖြစ်သော စကား (ပေါဋ္ဌပါဒသုတ်အဖွင့် အဋ္ဌကထာ)။

၂။ ဤသင်္ချာအရေအတွက်သည် အပိုဒ် ၈၃-၌ ထင်ရှားလတ္တံ့။

ဘုရားလောင်း မယ်တော်ဝမ်းသို့ သက်ဆင်းခြင်း

၁၇။ ရဟန်းတို့ ထိုအခါ ဝိပဿီမြတ်စွာဘုရားလောင်းသည် တုသိတာနတ်ပြည်မှ စုတေ၍ သတိရှိလျက် ဆင်ခြင်လျက် မယ်တော်ဝမ်းသို့ သက်၏။ ဤကား ဤ (မယ်တော်ဝမ်းသို့သက်ရာ) ၌ ဓမ္မတာတည်း။ (၁)

၁၈။ ရဟန်းတို့ ဘုရားလောင်းသည် တုသိတာနတ်ပြည်မှ စုတေ၍ မယ်တော်ဝမ်းသို့ သက်သော အခါနတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော (နတ်) လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူ့လောက၌ မနှိုင်းရှည့်နိုင်သော ကြီးကျယ်သော အလင်းရောင်သည် နတ်တို့၏ အာနုဘော် (အလင်းရောင်) ကို ကျော်လွန်၍ ထင်ရှားဖြစ်ပေါ်၏။ ဟင်းလင်းဖြစ်ကုန်သော ထောက်တည်ရာမရှိကုန်သော မိုက်ကုန်သော မှောင်မဲကုန်သော လောကန္တရိတ် (ငရဲ) တို့သည် ရှိကုန်၏၊ ယင်း (ငရဲ) တို့၌ တန်ခိုးအာနုဘော်ကြီးကုန်သော ဤလနေတို့သော်မှလည်း ထွန်းလင်းခြင်းငှါ မစွမ်းနိုင်ကုန်၊ ထို (ငရဲ) တို့၌လည်း မနှိုင်းရှည့်နိုင်သော ကြီးကျယ်သော အလင်းရောင်သည် နတ်တို့၏အာနုဘော် (အလင်းရောင်) ကို ကျော်လွန်၍ ထင်ရှားဖြစ်ပေါ်၏။ ထို (ငရဲ) တို့၌ ဖြစ်နေကြရကုန်သော သတ္တဝါတို့သည်လည်း ''အချင်းတို့ ဤ (ငရဲ) ၌ ကျရောက်နေသော အခြားသတ္တဝါတို့သည်လည်းရှိကြပါသေးတကား''ဟု ထိုအလင်းရောင်ဖြင့် အချင်းချင်း မြင်သိကြကုန်၏။ တစ်သောင်းသောဤလောကဓာတ်သည်လည်း တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက်ခါတုန်လှုပ်၏။ မနှိုင်းရှည့်နိုင်သော ကြီးကျယ်သော အလင်းရောင်သည်လည်း နတ်တို့၏ အာနုဘော် (အလင်းရောင်) ကိုကျော်လွန်၍ လောက၌ ထင်ရှားဖြစ်ပေါ်၏။ ဤကား ဤအရာ၌ ဓမ္မတာပေတည်း။ (၂)

၁၉။ ရဟန်းတို့ ဘုရားလောင်းသည် မယ်တော်ဝမ်းသို့ သက်ပြီးသောအခါ ဘုရားလောင်းနှင့်ဘုရားလောင်းမယ်တော်ကို လူဖြစ်စေ၊ နတ်ဘီလူးဖြစ်စေ တစ်စုံတစ်ယောက်မျှ မညှဉ်းဆဲနိုင်စေခြင်းငှါ နတ်သားလေးယောက်တို့သည် အရပ်လေးမျက်နှာ၌ စောင့်ရန် ကပ်ရောက်ကုန်၏။ ဤကား ဤအရာ၌ဓမ္မတာပေတည်း။ (၃)

၂၀။ ရဟန်းတို့ ဘုရားလောင်းသည် မယ်တော်ဝမ်းသို့ သက်ပြီးသောအခါ ဘုရားလောင်းမယ်တော်သည် ပကတိအတိုင်းပင် သီလနှင့် ပြည့်စုံ၏၊ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသော ဥစ္စာကိုယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန်သောစကားကို ပြောခြင်းမှ ရှောင်ကြဉ်၏၊ မူးယစ်မေ့လျော့စေတတ်သော သေရည်သေရက်မှ ရှောင်ကြဉ်၏။ ဤကား ဤအရာ၌ ဓမ္မတာပေတည်း။ (၄)

၂၁။ ရဟန်းတို့ ဘုရားလောင်းသည် မယ်တော်ဝမ်းသို့ သက်ပြီးသောအခါ ဘုရားလောင်းမယ်တော်အား ယောက်ျားတို့၌ ကာမဂုဏ်နှင့်စပ်လျဉ်းသော စိတ်သည် မဖြစ်၊ ဘုရားလောင်းမယ်တော်ကို တပ်မက်သော စိတ်ရှိသည်ဖြစ်၍ တစ်စုံတစ်ယောက်သော ယောက်ျားမျှ မလွန်ကျူးနိုင်။ ဤကား ဤအရာ၌ ဓမ္မတာပေတည်း။ (၅)

၂၂။ ရဟန်းတို့ ဘုရားလောင်းသည် မယ်တော်ဝမ်းသို့ သက်ပြီးသောအခါ ဘုရားလောင်းမယ်တော်သည် ကာမဂုဏ်ငါးပါးတို့ကို များပြားစွာရ၏၊ ထိုမယ်တော်သည် ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံသည်ဖြစ်၍ ခံစားရ၏။ ဤကား ဤအရာ၌ ဓမ္မတာပေတည်း။ (၆)

၂၃။ ရဟန်းတို့ ဘုရားလောင်းသည် မယ်တော်ဝမ်းသို့ သက်ပြီးသောအခါ ဘုရားလောင်းမယ်တော် ၌တစ်စုံတစ်ခုသော အနာရောဂါသည် မဖြစ်၊ ဘုရားလောင်းမယ်တော်သည် ချမ်းသာစွာရှိ၏၊ မပင်ပန်းသောကိုယ်ရှိ၏၊ ဘုရားလောင်းမယ်တော်သည် အင်္ဂါကြီးငယ် အလုံးစုံရှိသော ဣန္ဒြေမချို့တဲ့သော ဝမ်းတွင်း၌ တည်နေသော ဘုရားလောင်းကိုလည်း မြင်ရ၏။

ရဟန်းတို့ ဥပမာသော်ကား အလွန်တောက်ပသော အမျိုးမှန်သော ရှစ်မြှောင့်ရှိသော ကောင်းစွာပြုပြင်ပြီးဖြစ်သော အရည်ကောင်းသော အထူးကြည်လင်သော နောက်ကျုကင်းသော (သွေးခြင်းဖောက်ခြင်းစသော) အခြင်းအရာအားလုံးနှင့်ပြည့်စုံသောဝေဠုရိယကြောင်မျက်ရွဲရတနာသည်ရှိရာ၏။ ထို (ဝေဠုရိယ ကြောင်မျက်ရွဲ ရတနာ) ၌ ညိုသောချည်ကိုသော်လည်းကောင်း ဝါသော ချည်ကိုသော်လည်းကောင်း နီသော ချည်ကိုသော်လည်းကောင်းဖြူသော ချည်ကိုသော်လည်းကောင်း ဝါဖြော့သော ချည်ကိုသော်လည်းကောင်း တပ်ထားရာ၏၊ ထို (ဝေဠုရိယ ကြောင်မျက်ရွဲရတနာ) ကို မျက်စိအမြင်ရှိသော ယောက်ျားသည် လက်တို့၌ တင်ထား၍ (ဤသို့ ဆင်ခြင်ရာ၏) -

''ဤ (ဝေဠုရိယ ကြောင်မျက်ရွဲရတနာ) သည် အလွန်တောက်ပ၏၊ အမျိုးမှန်၏၊ ရှစ်မြှောင့်ရှိ၏၊ ကောင်းစွာ ပြု ပြင်ပြီးဖြစ်၏၊ အရည်ကောင်း၏၊ အထူးကြည်လင်၏၊ နောက်ကျုကင်း၏၊ (သွေးခြင်းဖောက်ခြင်းစသော) အခြင်းအရာအားလုံးနှင့် ပြည့်စုံ၏၊ ထို (ဝေဠုရိယ ကြောင်မျက်ရွဲ ရတနာ) ၌ဤညိုသော ချည်ကို တပ်ထား၏ ဟူ၍သော်လည်းကောင်း ဤဝါသော ချည်ကို တပ်ထား ၏ဟူ၍သော်လည်းကောင်း ဤနီသော ချည်ကိုတပ်ထား၏ ဟူ၍သော်လည်းကောင်း ဤဖြူသော ချည်ကိုတပ်ထား၏ ဟူ၍သော်လည်းကောင်း ဤဝါဖြော့သော ချည်ကို တပ်ထား၏ ဟူ၍သော်လည်းကောင်း'' ဆင်ခြင်ရာ၏။

ရဟန်းတို့ ဤအတူ ဘုရားလောင်းသည် မယ်တော်ဝမ်းသို့ သက်ပြီးသောအခါ ဘုရားလောင်းမယ်တော်၌ တစ်စုံတစ်ခုသော အနာရောဂါသည် မဖြစ်၊ ဘုရားလောင်းမယ်တော်သည် ချမ်းသာစွာရှိ၏၊ မပင်ပန်းသော ကိုယ်ရှိ၏၊ ဘုရားလောင်းမယ်တော်သည် အင်္ဂါကြီးငယ် အလုံးစုံရှိသော ဣန္ဒြေမချို့တဲ့သောဝမ်းတွင်း၌တည်နေသော ဘုရားလောင်းကိုလည်း မြင်ရ၏။ ဤကား ဤအရာ၌ ဓမ္မတာပေတည်း။ (၇)

၂၄။ ရဟန်းတို့ ဘုရားလောင်းဖွားမြင်၍ ခုနစ်ရက်မြောက်သော် ဘုရားလောင်းမယ်တော်သည်ကွယ်လွန်၍ တုသိသာနတ်ပြည်သို့ ရောက်ရ၏။ ဤကား ဤအရာ၌ ဓမ္မတာပေတည်း။ (၈)

၂၅။ ရဟန်းတို့ တစ်ပါးသော မိန်းမတို့သည် ကိုးလဖြစ်စေ၊ ဆယ်လဖြစ်စေ ကိုယ်ဝန်ဆောင်ပြီး လျှင်ဖွားမြင်ရကုန်သကဲ့သို့ ဘုရားလောင်းမယ်တော်သည် ဘုရားလောင်းကို ဤအတူ ဖွားမြင်ရသည်မဟုတ်ပေ၊ ဘုရားလောင်းမယ်တော်သည်ကား ဘုရားလောင်းကို ဆယ်လတို့ပတ်လုံးသာလျှင် ကိုယ်ဝန်ဆောင်ပြီးမှ ဖွားမြင်ရ၏။ ဤကား ဤအရာ၌ ဓမ္မတာပေတည်း။ (၉)

၂၆။ ရဟန်းတို့ တစ်ပါးသော မိန်းမတို့သည် ထိုင်လျက်ဖြစ်စေ၊ လျောင်းလျက်ဖြစ်စေ ဖွားမြင်ကုန်သကဲ့သို့ ဘုရားလောင်းမယ်တော်သည် ဘုရားလောင်းကို ဤအတူ ဖွားမြင်ရသည် မဟုတ်ပေ၊ ဘုရားလောင်းမယ်တော်သည်ကား ဘုရားလောင်းကို ရပ်လျက်သာလျှင် ဖွားမြင်ရ၏။ ဤကား ဤအရာ၌ဓမ္မတာ ပေတည်း။ (၁၀)

၂၇။ ရဟန်းတို့ ဘုရားလောင်းသည် မယ်တော်ဝမ်းမှ ထွက်မြောက်လာသောအခါ နတ်တို့သည်ရှေးဦးစွာ ခံယူကုန်၏၊ လူတို့သည် နောက်မှ ခံယူကုန်၏။ ဤကား ဤအရာ၌ ဓမ္မတာပေတည်း။ (၁၁)

၂၈။ ရဟန်းတို့ ဘုရားလောင်းသည် မယ်တော်ဝမ်းမှ ထွက်မြောက်လာသောအခါ မြေသို့မရောက်မီ ထိုဘုရားလောင်းကို နတ်သားလေးဦးတို့သည် ခံယူပြီးလျှင် ''အရှင်မိဖုရား ဝမ်းမြောက်တော်မူပါလော့၊ အရှင်မိဖုရားအား ဘုန်းတန်ခိုးကြီးသော သားတော်ထွန်းကားလာပါသည်''ဟု ဆို၍ မယ်တော်ရှေ့၌ ထားကုန်၏။ ဤကား ဤအရာ၌ ဓမ္မတာပေတည်း။ (၁၂)

၂၉။ ရဟန်းတို့ ဘုရားလောင်းသည် မယ်တော်ဝမ်းမှ ထွက်မြောက်လာသောအခါ သန့်ရှင်းစွာသာ လျှင်ထွက်မြောက်လာ၏၊ အရည်ဖြင့် မ ငြိကပ်၊ သလိပ်ဖြင့် မ ငြိကပ်၊ သွေးဖြင့် မ ငြိကပ်၊ အညစ်အကြေး့တစ်စုံတစ်ရာဖြင့် မ ငြိကပ်၊ စင်ကြယ်၏၊ သန့်ရှင်း၏။ ရဟန်းတို့ ဥပမာအားဖြင့် ပတ္တမြားရတနာကိုကာသိတိုင်းဖြစ် အဝတ်ပေါ်၌ ချထားလျှင် ပတ္တမြားရတနာသည် ကာသိတိုင်းဖြစ်အဝတ်ကို မ ငြိကပ်၊ ကာသိတိုင်းဖြစ်အဝတ်သည်လည်း ပတ္တမြားရတနာကို မ ငြိကပ်။ အဘယ့်ကြောင့်ဆိုသော် နှစ်ခုစလုံး စင်ကြယ်သောကြောင့်ပေတည်း။ ရဟန်းတို့ ဤအတူပင် ဘုရားလောင်းသည် မယ်တော်ဝမ်းမှ ထွက်မြောက်လာသောအခါ သန့်ရှင်းစွာသာလျှင် ထွက်မြောက်လာ၏၊ အရည်ဖြင့် မ ငြိကပ်၊ သလိပ်ဖြင့် မ ငြိကပ်၊ သွေးဖြင့် မ ငြိကပ်၊ အညစ်အကြေး တစ်စုံတစ်ရာဖြင့် မ ငြိကပ်၊ စင်ကြယ်၏၊ သန့်ရှင်း၏။ ဤကားဤအရာ၌ ဓမ္မတာပေတည်း။ (၁၃)

၃၀။ ရဟန်းတို့ ဘုရားလောင်းသည် မယ်တော်ဝမ်းမှ ထွက်မြောက်လာသောအခါ အအေးတစ်ခု, အနွေးတစ်ခုအားဖြင့် ရေအလျဉ်နှစ်ခုတို့သည် ကောင်းကင်မှ ထင်ရှားဖြစ်ပေါ်လာကုန်၏၊ ယင်းရေအလျဉ်ဖြင့် ဘုရားလောင်းအားလည်းကောင်း မယ်တော်အားလည်းကောင်း ရေသန့်စင်ခြင်းကိစ္စကို ပြုကုန်၏။ ဤကား ဤအရာ၌ ဓမ္မတာပေတည်း။ (၁၄)

၃၁။ ရဟန်းတို့ ဖွားမြင်စဖြစ်သော ဘုရားလောင်းသည် ညီညာသော ခြေတော်တို့ဖြင့် ရပ်၍ မြောက်သို့မျက်နှာမူကာ ခုနစ်ဖဝါး လှမ်းကြွတော်မူ၏၊ ထိုစဉ်အခါ၌ ထီးဖြူတော်မိုးကာ လိုက်ပါလျက် ရှိ၏၊ (ထိုဘုရားလောင်းသည်) အရပ်လေးမျက်နှာ အားလုံးတို့ကိုလည်း လှည့်၍ ကြည့်တော်မူ၏၊ ''ငါသည်လောက၌ အမြင့်ဆုံး ဖြစ်၏၊ ငါသည် လောက၌ အကြီးဆုံးဖြစ်၏၊ ငါသည် လောက၌ အမြတ်ဆုံးဖြစ်၏၊ ဤဘဝသည် နောက်ဆုံးတည်း၊ တစ်ဖန် ဖြစ်မည့်ဘဝ ယခုမရှိတော့ပြီ''ဟု ခံ့ညားသောစကားကို မြွက်ဆိုတော်မူ၏။ ဤကား ဤအရာ၌ ဓမ္မတာပေတည်း။ (၁၅)

၃၂။ ရဟန်းတို့ ဘုရားလောင်းသည် မယ်တော်ဝမ်းမှ ထွက်မြောက်လာသောအခါ နတ် မာရ်နတ်ဗြဟ္မာတို့နှင့်တကွသော (နတ်) လောကနှင့် သမဏဗြာဟ္မဏမင်းများ လူများနှင့်တကွသောဤလူ့လောက၌ မနှိုင်းရှည့်နိုင်သော ကြီးကျယ်သော အလင်းရောင်သည် နတ်တို့၏အာနုဘော် (အလင်းရောင်) ကို ကျော်လွန်၍ ထင်ရှားဖြစ်ပေါ်၏။ ဥပမာ ဟင်းလင်းဖြစ်ကုန်သောထောက်တည်ရာမရှိကုန်သော မိုက်မဲကုန်သော မှောင်မဲကုန်သော လောကန္တရိတ် (ငရဲ) တို့သည် ရှိကုန်၏၊ ယင်း (ငရဲ) တို့၌ တန်ခိုးအာနုဘော်ကြီးကုန်သော ဤလနေတို့သော်မှလည်း ထွန်းလင်းခြင်းငှါမစွမ်းနိုင်ကုန်၊ ထို (ငရဲ) တို့၌လည်း မနှိုင်းရှည့်နိုင်သော ကြီးကျယ်သော အလင်းရောင်သည် နတ်တို့၏အာနုဘော် (အလင်းရောင်) ကို ကျော်လွန်၍ ထင်ရှားဖြစ် ပေါ်၏။ ထို (ငရဲ) တို့၌ ဖြစ်နေကြရကုန်သောသတ္တဝါတို့သည်လည်း ''အချင်းတို့ ဤ (ငရဲ) ၌ ကျရောက် နေသော အခြားသတ္တဝါတို့သည်လည်းရှိကြပါသေးတကား''ဟု ထိုအလင်းရောင်ဖြင့် အချင်းချင်း မြင်သိ ကြကုန်၏။ တစ်သောင်းသောဤလောကဓာတ်သည်လည်း တုန်လှုပ်၏၊ ပြင်းစွာတုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏။ မနှိုင်းရှည့်နိုင်သော ကြီးကျယ်သော အလင်းရောင်သည် နတ်တို့၏ အာနုဘော် (အလင်း ရောင်) ကိုကျော်လွန်၍ ထင်ရှားဖြစ်ပေါ်၏။ ဤကား ဤအရာ၌ ဓမ္မတာပေတည်း။ (၁၆)

------

သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏လက္ခဏာ

၃၃။ ရဟန်းတို့ ဝိပဿီမင်းသား ဖွားမြင်လတ်သော် ''မင်းမြတ် အရှင်မင်းအား သားတော်ဖွားမြင် ပါပြီ၊ မင်းမြတ်သည် ထိုသားတော်ကို ရှုစားတော်မူပါ''ဟု ဗန္ဓုမာမင်းအား သံတော်ဦးတင်ကုန်၏။ ရဟန်းတို့ဗန္ဓုမာမင်းသည် ဝိပဿီမင်းသားကို ရှုစားပြီးလျှင် နိမိတ်ဖတ်ပုဏ္ဏားတို့ကို ခေါ်စေ၍ ''အချင်းနိမိတ်ဖတ်ပုဏ္ဏားတို့ မင်းသားကို ကြည့်ကုန်လော့''ဟု ဤစကားကို မိန့်ဆို၏။ ရဟန်းတို့ နိမိတ်ဖတ်ပုဏ္ဏားတို့သည် ဝိပဿီမင်းသားကို ကြည့်ရှုကြပြီးလျှင် ဗန္ဓုမာမင်းအား ဤစကားကို လျှောက်ကုန်၏။

''မင်းမြတ် ဝမ်းမြောက်တော်မူပါလော့၊ မင်းမြတ်အား ဘုန်းတန်ခိုးကြီးသော သားတော် ထွန်းကားလာပါ၏၊ မင်းမြတ် မင်းမြတ်အား အရတော်ပါပေစွ၊ မင်းမြတ် မင်းမြတ်အား ကောင်းသောရခြင်းကို ရပါပေစွ၊ အဘယ့်ကြောင့်ဆိုသော် မင်းမြတ်၏ အိမ်သားစုထဲ၌ ဤသို့သော သားတော်ထွန်းကားလာသောကြောင့်ပါတည်း၊ မင်းမြတ် ဤသားတော်သည်ကား သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်လက္ခဏာတို့နှင့်ပြည့်စုံပေ၏၊ ယင်းလက္ခဏာတို့နှင့် ပြည့်စုံသော ယောက်ျားမြတ်အား နှစ်မျိုးသောအဖြစ်တို့သာလျှင် ရှိကုန်၏၊ အခြားသော အဖြစ်တို့ကား မရှိကုန်။

(ထိုယောက်ျားမြတ်သည်) အကယ်၍ လူ့ဘောင်၌ နေငြားအံ့၊ တရားစောင့်သော တရားနှင့်အညီမင်းပြုသော သမုဒ္ဒရာလေးစင်းအပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော ရန်အပေါင်းကို အောင်မြင်သော တိုင်းနိုင်ငံကို တည် ငြိမ်စေသော ရတနာခုနစ်ပါးနှင့်ပြည့်စုံသော စကြဝတေးမင်း ဖြစ်ပါလတံ္တ့။ ထို (စကြဝတေးမင်း) အား ဤရတနာခုနစ်ပါးတို့သည် ဖြစ်ပေါ်ပါကုန်၏။ ဤ (သည်တို့) ကား အဘယ်နည်း၊ စကြာရတနာ ဆင်ရတနာ မြင်းရတနာ ပတ္တမြားရတနာ မိဖုရားရတနာ သူဌေးရတနာ ခုနစ်ခုမြောက် သားကြီးရတနာတို့ပေတည်း။ ထို (စကြဝတေးမင်း) အား ရဲရင့်ကုန်သော သူရဲကောင်းအင်္ဂရုပ်ရှိကုန်သော တစ်ဖက်စစ်သည်တို့ကို နှိမ်နှင်းနိုင်ကုန်သော အထောင်မကသော သားတော်တို့သည် ရှိပါကုန်၏၊ ထို (စကြဝတေးမင်း) သည် သမုဒ္ဒရာအဆုံးရှိသော ဤမြေကို တုတ်မဆောင်မူ၍ လက်နက်မဆောင်မူ၍တရားသဖြင့် အောင်မြင်လျက် အုပ်စိုးပါ၏။

အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြားအံ့၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော လောက၌ (ကိလေသာ) အပိတ်အဖုံးကို ဖွင့်လှစ်ပြီးသော ဘုရားဖြစ်ပါလတ္တံ့။

၃၄။ မင်းမြတ် အကြင်လက္ခဏာတို့နှင့် ပြည့်စုံသော ယောက်ျားမြတ်အား နှစ်မျိုးသော အဖြစ်တို့သာလျှင်ရှိကုန်၏၊ အခြားသော အဖြစ်တို့ကား မရှိကုန်။ (ထိုယောက်ျားမြတ်သည်) အကယ်၍ လူ့ဘောင်၌နေငြားအံ့၊ တရားစောင့်သော တရားနှင့်အညီ မင်းပြု သော သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသည့်လေးကျွန်းလုံးကို အစိုးရသော ရန်အပေါင်းကို အောင်မြင်သော တိုင်းနိုင်ငံကို တည် ငြိမ်စေသော ရတနာခုနစ်ပါးနှင့်ပြည့်စုံသော စကြဝတေးမင်း ဖြစ်လတံ္တ့။ ထို (စကြဝတေးမင်း) အား ဤ ရတနာခုနစ်ပါးတို့သည် ဖြစ်ပေါ်ပါကုန်၏။ ဤ (သည်တို့) ကား အဘယ်နည်း၊ စကြာရတနာ ဆင်ရတနာ မြင်းရတနာပတ္တမြားရတနာ မိဖုရားရတနာ သူဌေးရတနာ ခုနစ်ခုမြောက် သားကြီးရတနာတို့ပေတည်း။ ထို (စကြဝတေးမင်း) အား ရဲရင့်ကုန်သော သူရဲကောင်းအင်္ဂရုပ်ရှိကုန်သော တစ်ဖက်စစ်သည်တို့ကို နှိမ်နင်းနိုင်ကုန်သော အထောင်မကသော သားတော်တို့သည် ရှိပါကုန်၏၊ ထို (စကြဝတေးမင်း) သည် သမုဒ္ဒရာအဆုံးသော ဤမြေကို တုတ်မဆောင်မူ၍ လက်နက်မဆောင်မူ၍ တရားသဖြင့် အောင်မြင်လျက် အုပ်စိုးပါ၏။

အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြားအံ့၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော လောက၌ (ကိလေသာ) အပိတ်အဖုံးကို ဖွင့်လှစ်ပြီးသော ဘုရားဖြစ်ပါလတ္တံ့ဟု ဆိုရာဝယ် ဤမင်းသား၌ ပြည့်စုံသော ထိုသုံးဆယ့်နှစ်ပါးသောယောက်ျားမြတ် လက္ခဏာတို့ကား အဘယ်ပါနည်း-

၃၅။ မင်းမြတ် ဤမင်းသားသည် အညီအညွတ်ကောင်းစွာထိသော ခြေဖဝါး ရှိပါ၏၊ မင်းမြတ်ဤ (အညီအညွတ်ကောင်းစွာထိသော ခြေဖဝါးရှိခြင်း) သည်လည်း ဤယောက်ျားမြတ်၏မဟာပုရိသလက္ခဏာ ဖြစ်ပါ၏။ (၁)

မင်းမြတ် ဤမင်းသား၏ အောက်ခြေဖဝါးပြင်တို့၌ အကန့်တစ်ထောင် ရှိသော အကွပ်, ပုံတောင်းတို့နှင့်တကွ အခြင်းအရာအလုံးစုံနှင့်ပြည့်စုံသော စက်ဝန်းတို့သည် ဖြစ်ပေါ်လျက် ရှိပါကုန်၏၊ မင်းမြတ်ဤ (စက်ဝန်းတို့ ဖြစ်ပေါ်ခြင်း) သည်လည်း ဤယောက်ျားမြတ်၏ မဟာပုရိသလက္ခဏာ ဖြစ်ပါ၏။ (၂)

မင်းမြတ် ဤမင်းသားသည် ရှည်သောဖနှောင့် ရှိပါ၏။ပ။ (၃) ့

မင်းမြတ် ဤမင်းသားသည် ရှည်သောလက်ချောင်းခြေချောင်း ရှိပါ၏။ပ။ (၄)

မင်းမြတ် ဤမင်းသားသည် နူးညံ့နုနယ်သော လက်ဖဝါးခြေဖဝါး ရှိပါ၏။ပ။ (၅)

မင်းမြတ် ဤမင်းသားသည် ကွန်ရက်ပမာ ညီညာသော လက်ခြေ ရှိပါ၏။ပ။ (၆)

မင်းမြတ် ဤမင်းသားသည် ဖမျက်မြင့်သောခြေ ရှိပါ၏။ပ။ (၇)

မင်းမြတ် ဤမင်းသားသည် ဧဏီသားကဲ့သို့ (ပြေပြစ်သော) မြင်းခေါင်း ရှိပါ၏။ပ။ (၈)

မင်းမြတ် ဤမင်းသားသည် မကိုင်းမညွတ်ဘဲ ရပ်လျက်ပင် နှစ်ဖက်သော လက်ဝါးပြင်တို့ဖြင့် ပုဆစ်ဒူးတို့ကို သုံးသပ်ဆုပ်နယ်နိုင်ပါပေ၏။ပ။ (၉)

မင်းမြတ် ဤမင်းသားသည် အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ် ရှိပါ၏။ပ။ (၁၀)

မင်းမြတ် ဤမင်းသားသည် ရွှေအဆင်း ရှိပါ၏၊ ရွှေနှင့်တူသော (အသား) အရေ ရှိပါ၏။ပ။ (၁၁)

မင်းမြတ် ဤမင်းသားသည် ချောမွေ့သော အသားအရေ ရှိပါ၏၊ အသားအရေချောမွေ့သောကြောင့်ကိုယ်၌ မြူအညစ်အကြေး မ ငြိကပ်ပါ။ပ။ (၁၂)

မင်းမြတ် ဤမင်းသားသည် တစ်ပင်ချင်းပေါက်သော မွေးညင်း ရှိပါ၏၊ မွေးညင်းတွင်းတို့၌မွေးညင်းတစ်ပင်တစ်ပင်တို့သာလျှင် ပေါက်ပါကုန်၏။ပ။ (၁၃)

မင်းမြတ် ဤမင်းသားသည် အထက်သို့ ကော့သော မွေးညင်း ရှိပါ၏၊ မျက်စဉ်းညိုကဲ့သို့ ညိုသောအဆင်းရှိကုန်သော မွေးညင်းတို့သည် ဖက်လိပ်နားတောင်းသဏ္ဌာန် လက်ျာရစ်လည်ကာ အထက်သို့ကော့လျက် ပေါက်ပါကုန်၏။ ပ။ (၁၄)

မင်းမြတ် ဤမင်းသားသည် ဗြဟ္မာမင်းကဲ့သို့သော ဖြောင့်မတ်သောကိုယ် ရှိပါ၏။ပ။ (၁၅)

မင်းမြတ် ဤမင်းသားသည် အရပ်ခုနစ်ပါး၌ (အသား) ဖြိုးမောက်ခြင်း ရှိပါ၏။ပ။ (၁၆)

မင်းမြတ် ဤမင်းသားသည် ခြင်္သေ့၏ ရှေ့ပိုင်းကိုယ်နှင့် တူသော ကိုယ် ရှိပါ၏။ပ။ (၁၇)

မင်းမြတ် ဤမင်းသားသည် လက်ပြင်နှစ်ဖက်အကြား၌ ကျောရိုးကြောင်းမထင် ပြည့်ဖြိုးသော ကျောပြင်ရှိပါ၏။ပ။ (၁၈)

မင်းမြတ် ဤမင်းသားသည် ပညောင်ပင်ကဲ့သို့ ဝန်းသောကိုယ် ရှိပါ၏၊ ထိုမင်းသား၏ အလံသည်ကိုယ်အရပ်မြင့်သလောက် ကျယ်ပြန့်ပါ၏၊ ကိုယ်အရပ်သည်လည်း အလံကျယ်ပြန့်သလောက် မြင့်ပါ၏။ပ။ (၁၉)

မင်းမြတ် ဤမင်းသားသည် ညီညာစွာ လုံးသော လည်တိုင် ရှိပါ၏။ပ။ (၂၀)

မင်းမြတ် ဤမင်းသားသည် အရသာကို ဆောင်သော အလွန်ကောင်းမြတ်သော အကြော ရှိပါ၏။ပ။ (၂၁)

မင်းမြတ် ဤမင်းသားသည် ခြင်္သေ့မေးနှင့်တူသော မေး ရှိပါ၏။ပ။ (၂၂)

မင်းမြတ် ဤမင်းသားသည် လေးဆယ်သော သွား ရှိပါ၏။ပ။ (၂၃)

မင်းမြတ် ဤမင်းသားသည် ညီညွတ်သော သွား ရှိပါ၏။ပ။ (၂၄)

မင်းမြတ် ဤမင်းသားသည် မကျဲသော သွား ရှိပါ၏။ပ။ (၂၅)

မင်းမြတ် ဤမင်းသားသည် အလွန်ဖြူစင်သော အစွယ် (လေးချောင်း) ရှိပါ၏။ပ။ (၂၆)

မင်းမြတ် ဤမင်းသားသည် နူးညံ့ ရှည်လျား ကြီးမားသော လျှာ ရှိပါ၏။ပ။ (၂၇)

မင်းမြတ် ဤမင်းသားသည် ဗြဟ္မာ့အသံနှင့်တူသော အသံ ရှိပါ၏၊ ကရဝိက်ငှက်သံနှင့်တူသော အသံရှိပါ၏။ပ။ (၂၈)

မင်းမြတ် ဤမင်းသားသည် အလွန်ညိုသော မျက်လုံး ရှိပါ၏။ပ။ (၂၉)

မင်းမြတ် ဤမင်းသားသည် နွားငယ်မျက်တောင်နှင့်တူသော မျက်တောင် ရှိပါ၏။ပ။ (၃၀)

မင်းမြတ် နူးညံ့သော, လဲဝါဂွမ်းနှင့်တူသော, ဖြူစင်သော (ဥဏ္ဏလုံ) မွေးရှင်သည် ဤမင်းသား၏ မျက်မှောင်နှစ်ခုအကြား၌ ပေါက်လျက် ရှိပါ၏၊ မင်းမြတ် ဤမင်းသား၏ မျက်မှောင်နှစ်ခုအကြား၌ နူးညံ့သော, လဲဝါဂွမ်းနှင့် တူသော, ဖြူစင်သော ဤ (ဥဏ္ဏလုံမွေးရှင် ပေါက်လျက်ရှိခြင်း) သည်လည်း ဤယောက်ျားမြတ်၏ မဟာပုရိသလက္ခဏာပေတည်း။ (၃၁)

မင်းမြတ် ဤမင်းသားသည် သင်းကျစ်ဆင်ထားဘိသကဲ့သို့သော ဦးခေါင်း ရှိပါ၏၊ မင်းမြတ် ဤမင်းသားသည် ဤ (သင်းကျစ် ဆင်ထားဘိသကဲ့သို့သော ဦးခေါင်းရှိခြင်း) သည်လည်း ယောက်ျားမြတ်၏မဟာပုရိသလက္ခဏာပေတည်း။ပ။ (၃၂)

၃၆။ မင်းမြတ် အကြင် (လက္ခဏာ) တို့နှင့်ပြည့်စုံသော ယောက်ျားမြတ်အား နှစ်မျိုးသော အဖြစ်တို့သာလျှင် ရှိကုန်၏၊ အခြားသော အဖြစ်တို့ကား မရှိကုန်။

(ထိုမင်းသားသည်) အကယ်၍ လူ့ဘောင်၌ နေငြားအံ့၊ တရားစောင့်သော တရားနှင့်အညီ မင်းပြု သောသမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော ရန်အပေါင်းကို အောင်မြင် သောတိုင်း နိုင်ငံကို တည် ငြိမ်စေသော ရတနာခုနှစ်ပါးနှင့် ပြည့်စုံသော စကြဝတေးမင်း ဖြစ်ပါလတ္တံ့။ ထို (စကြဝတေးမင်း) အား ဤရတနာခုနစ်ပါးတို့သည် ဖြစ်ပေါ်ပါကုန်၏။ ဤသည်တို့ကား အဘယ်နည်း၊ စကြာရတနာ ဆင်ရတနာ မြင်းရတနာ ပတ္တမြားရတနာ မိဖုရားရတနာ သူဌေးရတနာ ခုနစ်ခုမြောက်သားကြီးရတနာတို့တည်း။ ထို (စကြဝတေးမင်း) အား ရဲရင့်ကုန်သော သူရဲကောင်းအင်္ဂရုပ် ရှိကုန်သော တစ်ဖက်စစ်သည်တို့ကို နှိမ်နင်းနိုင်ကုန်သော အထောင်မကသော သားတော်တို့သည် ရှိပါကုန်၏၊ ထို (စကြဝတေးမင်းသည်) သမုဒ္ဒရာအဆုံးရှိသော ဤမြေကို တုတ် မဆောင်မူ၍ လက်နက်မဆောင်မူ၍ တရားသဖြင့် အောင်မြင်လျက် အုပ်စိုးပါ၏။

အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ငြားအံ့၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော လောက၌ (ကိလေသာ) အပိတ်အဖုံးကို ဖွင့်လှစ်ပြီးသော ဘုရားဖြစ်ပါလတ္တံ့ဟုဆိုရာဝယ် ဤမင်းသား၌ ပြည့်စုံသော ထိုယောက်ျားမြတ်လက္ခဏာတို့ဟူသည်မှာ ဤသုံးဆယ့်နှစ်ပါးတို့ပင်တည်း''ဟု (လျှောက်ကြားကုန်၏)။

------

၁။ ကုဏ္ဍလသဒ္ဒါသည် ဝေဌန အနက်ဟောကြောင်း ထောမနီခိ အဘိဓာန်၌ လာ၏။

၂။ အရပ်ခုနစ်ပါးဟူသည်မှာ လက်ဖမိုး-၂၊ ခြေဖမိုး-၂၊ ပခုံး-၂၊ လည်ကုပ်-၁၊ ဤ ၇-ပါးတို့တည်း။

၃။ ပဟုတဇိဝှေါတိ ပုထုလဇိဝှေါ၊ အညေသံ ဇိဝှါ ထူလာပိ ဟောန္တိ ကိသာပိ ရဿာပိ ထဒ္ဓါပိ ဝိသမာပိ၊ မဟာ ပုရိသဿ ပန ဇိဝှါ မုဒု ဒီဃာ ပုထုလာ ဝဏ္ဏသမ္ပန္နာ ဟောတိ။ပ။ ဧဝံ တိလက္ခဏသမ္ပန္နံ ဇိဝှံသန္ဓာယ ပဟုတဇိဝှေါတိ ဝုတ္တံ (မဟာပဒါနသုတ် အဋ္ဌကထာ)။

ဝိပဿီ အမည်မှည့်ခြင်း

၃၇။ ရဟန်းတို့ ထိုစဉ်အခါ၌ ဗန္ဓုမာမင်းသည် နိမိတ်ဖတ်ပုဏ္ဏားတို့အား အသစ်စက်စက် အဝတ် တို့ကိုဝတ်စေပြီးလျှင် အလုံးစုံသော လိုချင်ဖွယ်ရာ (ကာမဂုဏ်) တို့ဖြင့် နှစ်သိမ့်ရောင့်ရဲစေ၏။ ရဟန်းတို့ထို့နောက် ဗန္ဓုမာမင်းသည် အထိန်းတော်တို့ကို ဝိပဿီမင်းသားအား ပြုစုစေ၏။ အချို့က နို့တိုက်ကုန်၏၊ အချို့က ရေချိုး ပေးကုန်၏၊ အချို့က ချီပိုးကုန်၏၊ အချို့က ရင်ခွင်ဖြင့် ပွေ့ဆောင် ကုန်၏။ ရဟန်းတို့ ဖွားမြင်ပြီးသော ဝိပဿီမင်းသားအား ''အအေး အပူ မြက် မြူမှုန့် နှင်းပေါက်တို့ မထိပါး မနှိပ်စက်စေရန်'' နေ့ရော ညဉ့်ပါ ထီးဖြူကို ဆောင်းထားကုန်၏။ ရဟန်းတို့ ဖွားမြင်ပြီးသော ဝိပဿီမင်းသားကို လူအပေါင်းသည် ချစ်ခင်မြတ်နိုး၏။ ရဟန်းတို့ ဥပ္ပလကြာကိုဖြစ်စေ ပဒုမ္မာကြာကိုဖြစ်စေ ပုဏ္ဍရိက်ကြာကိုဖြစ်စေ လူအပေါင်းသည် ချစ်ခင်မြတ်နိုးသကဲ့သို့ ဤအတူ ဝိပဿီမင်းသားကို လူအပေါင်းသည့်ချစ်ခင်မြတ်နိုး၏။ ထိုမင်းသားကို ရင်ခွင်တစ်ခုမှ ရင်ခွင်တစ်ခုသို့ ပွေ့ဆောင်ကြကုန်၏။

၃၈။ ရဟန်းတို့ ဖွားမြင်ပြီးသော ဝိပဿီမင်းသားသည် (ဗြဟ္မာ့အသံနှင့်တူသော အသံရှိ၏၊) သာယာသော အသံလည်း ရှိ၏၊ ညှင်းပျောင်းသော အသံလည်း ရှိ၏၊ ချိုအေးသော အသံလည်း ရှိ၏၊ နှစ်သက်ဖွယ်ကောင်းသော အသံလည်း ရှိ၏။ ရဟန်းတို့ ဟိမဝန္တာတောင်၌ ကရဝိက်မည်သော ငှက်မျိုးသည် သာယာသောအသံ ညှင်းပျောင်းသောအသံ ချိုအေးသောအသံ နှစ်သက်ဖွယ်သောအသံ ရှိသကဲ့သို့ ဤအတူ ဝိပဿီမင်းသားသည် သာယာသောအသံလည်း ရှိ၏၊ ညှင်းပျောင်းသောအသံလည်း ရှိ၏၊ ချိုအေးသောအသံလည်း ရှိ၏၊ နှစ်သက်ဖွယ်ကောင်းသော အသံလည်း ရှိ၏။

၃၉။ ရဟန်းတို့ ဖွားမြင်ပြီးသော ဝိပဿီမင်းသားအား ကံ၏ အကျိုးဆက်ကြောင့်ဖြစ်သော နတ်မျက်စိနှင့် တူသောမျက်စိသည် ထင်ရှားဖြစ်ပေါ်၏။ ယင်းမျက်စိဖြင့် နေ့ရောညဉ့်ပါ ထက်ဝန်းကျင် တစ်ယူဇနာတိုင်အောင် မြင်နိုင်၏။

၄၀။ ရဟန်းတို့ ဖွားမြင်ပြီးသော ဝိပဿီမင်းသားသည် တာဝတိံသာနတ်တို့ ကြည့်သကဲ့သို့ မျက်စိမှိတ်ခြင်းမရှိဘဲ ကြည့်၏။ ရဟန်းတို့ မျက်စိမှိတ်ခြင်းမရှိဘဲ ကြည့်ခြင်းကြောင့် ဝိပဿီမင်းသားအား ''ဝိပဿီ ဝိပဿီ'' ဟူသော အမည်သည်ပင် ထင်ရှားဖြစ်၏။

၄၁။ ရဟန်းတို့ ထိုစဉ်အခါ၌ ဗန္ဓုမာမင်းသည် တရားစီရင်ရာ၌ ဝိပဿီမင်းသားကို ရင်ခွင်၌ ထိုင်စေ၍ တရားစီရင်၏။ ရဟန်းတို့ ထို (တရားစီရင်ရာ) ၌ ဝိပဿီမင်းသားသည် ခမည်းတော်၏ ရင်ခွင်၌ထိုင်လျက် စိစစ်၍ စိစစ်၍ အဆုံးအဖြတ်တို့ကို အမှန်အတိုင်း ဖြစ်စေ၏။ ရဟန်းတို့ မင်းသားသည် စိစစ်၍ စိစစ်၍ အဆုံးအဖြတ်တို့ကို အမှန်အတိုင်း ဖြစ်စေသောကြောင့် ဝိပဿီမင်းသားအား ''ဝိပဿီ ဝိပဿီ'' ဟူသော အမည်သည်ပင် အတိုင်းထက်အလွန် ထင်ရှားဖြစ်၏။

၄၂။ ရဟန်းတို့ ထိုစဉ်အခါ၌ ဗန္ဓုမာမင်းသည် ဝိပဿီမင်းသားအတွက် မိုးစံရာ တစ်ဆောင်၊ ဆောင်းစံရာ တစ်ဆောင်၊ နွေစံရာ တစ်ဆောင်အားဖြင့် ပြာသာဒ်သုံးဆောင်တို့ကို ဆောက်စေ၏။ ကာမဂုဏ်ငါးပါးတို့ကိုလည်း စီရင်ထားစေ၏၊ ရဟန်းတို့ ပြာသာဒ်သုံးဆောင်တို့တွင် မိုးစံရာ ပြာသာဒ်၌ ဝိပဿီမင်းသားသည် လေးလတို့ပတ်လုံး ပြာသာဒ်အောက်သို့ မဆင်းဘဲ ယောက်ျားမပါသော (မိန်းမများသာ တီးမှုတ်သော) တူရိယာတို့ဖြင့် စံစားလျက်နေ၏။

ပဌမအခန်း ပြီး၏။

------

သူအိုယောက်ျား

၄၃။ ရဟန်းတို့ ထို့နောက် နှစ်ပေါင်းများစွာ နှစ်အရာပေါင်းများစွာ နှစ်အထောင်ပေါင်းများစွာလွန်သောအခါ ဝိပဿီမင်းသားသည် ရထားထိန်းကိုခေါ်၍ ''အချင်း ရထားထိန်း ကောင်းကုန် ကောင်းကုန်သော ယာဉ်တို့ကို ကလော့၊ သာယာသော ရှုမျှော်ခင်းကို ရှုစားရန် ဥယျာဉ်သို့ သွားကုန်အံ့''ဟု မိန့်ဆို၏။

ရဟန်းတို့ ရထားထိန်းသည် ''အရှင်မင်းသား ကောင်းပါပြီ''ဟု ဝိပဿီမင်းသားအား ဝန်ခံ၍ကောင်းကုန် ကောင်းကုန်သော ယာဉ်တို့ကို ကစေပြီးလျှင် ''အရှင်မင်းသား ကောင်းကုန် ကောင်းကုန်သော ယာဉ်တို့ကို ကပြီးပါပြီ၊ ယခုအခါ၌ သွားရန် အချိန်ကို သင်မင်းသား သိတော်မူပါသည် (သွားရန်မှာ သင်မင်းသား၏ အလိုအတိုင်းပင် ဖြစ်ပါသည်)''ဟု လျှောက်ကြား၏။

ရဟန်းတို့ ထိုစဉ်အခါ၌ ဝိပဿီမင်းသားသည် ကောင်းသော ယာဉ်ကို တက်စီး၍ ကောင်းကုန်ကောင်းကုန်သော ယာဉ်တို့နှင့်တကွ ဥယျာဉ်သို့ ထွက်သွားလေ၏။

၄၄။ ရဟန်းတို့ ဝိပဿီမင်းသားသည် ဥယျာဉ်သို့ ထွက်သွားစဉ် အခြင်ကဲ့သို့ ကိုင်း၍ ခါးကုန်း သောတောင်ဝှေးကို အားပြုလျက် တုန်တုန်ရီရီ သွားနေသော အရွယ်လွန်ပြီး၍ ယိုယွင်းနေသော သူအိုကို့မြင်လတ်သော် ရထားထိန်းကို မိန့်ဆို၏။

''အချင်းရထားထိန်း ဤယောက်ျားကို အဘယ်သို့ ပြုထားသနည်း၊ ထိုသူ၏ ဆံပင်တို့သည်လည်းအခြားသူတို့၏ (ဆံပင်တို့) ကဲ့သို့ မဟုတ်ပါတကား၊ ထိုသူ၏ ကိုယ်သည်လည်း အခြားသူတို့၏ (ကိုယ်) ကဲ့သို့ မဟုတ်ပါတကား''ဟု (မိန့်ဆို၏)။

''အရှင်မင်းသား ဤသူကား 'သူအို' မည်ပါသည်''ဟု (လျှောက်၏)။

''အချင်းရထားထိန်း ဤသူအိုမည်သည် အဘယ်သို့သော သူပါနည်း''ဟု (မေး၏)။

''အရှင်မင်သား ဤသူအိုမည်သည်မှာ ကြာမြင့်စွာ အသက်ရှင်နေခွင့် မရှိတော့သောသူ ဖြစ်ပါသည်''ဟု (လျှောက်၏)။

''အချင်း ရထားထိန်း ငါသည်လည်း အိုခြင်းသဘော ရှိသလော၊ အိုခြင်းကို မလွန်မြောက်နိုင်သလော''ဟု (မေး၏)။

''အရှင်မင်းသား သင်မင်းသားနှင့်တကွ အကျွန်ုပ်တို့ပါ အားလုံးပင် အိုခြင်းသဘော ရှိပါကုန်၏၊ အိုခြင်းကို မလွန်မြောက်နိုင်ပါကုန်''ဟု (လျှောက်၏)။

''အချင်း ရထားထိန်း သို့ဖြစ်လျှင် ယနေ့ ဥယျာဉ်သို့ သွားရန် အလိုမရှိတော့ပြီ၊ ဤ (အရပ်) မှပင်နန်းတော်သို့ ပြန်လှည့်လော့''ဟု မိန့်ဆို၏။

ရဟန်းတို့ ရထားထိန်းသည် ''အရှင်မင်းသား ကောင်းပါပြီ''ဟု ဝိပဿီမင်းသားအား ဝန်ခံ၍ ထို (အရပ်) မှပင် နန်းတော်သို့ ပြန်လှည့်လေ၏။

ရဟန်းတို့ ဝိပဿီမင်းသားသည် နန်းတော်သို့ ရောက်လျှင် ''အချင်းတို့ ဖြစ်ခြင်း 'ဇာတိ' မည်သည်စက်ဆုပ်ဖွယ် ရှိစွတကား၊ ယင်းဖြစ်ခြင်း 'ဇာတိ'ကြောင့် ဖြစ်ပေါ်လာသောသူအား အိုခြင်းသည်ထင်တုံဘိ၏''ဟု ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်လျက် ကြံမှိုင်နေ၏။

၄၅။ ရဟန်းတို့ ထိုစဉ်အခါ၌ ဗန္ဓုမာမင်းသည် ရထားထိန်းကို ခေါ်စေ၍ ဤစကားကို ဆို၏။

''အချင်းရထားထိန်း အသို့နည်း၊ ဥယျာဉ်၌ မင်းသားသည် ပျော်မွေ့ပါ၏လော၊ အချင်းရထားထိန်းအသို့နည်း၊ ဥယျာဉ်၌ မင်းသားသည် နှစ်ခြိုက်ပါ၏လော''ဟု (မေး၏)။

''မင်းမြတ် မင်းသားသည် ဥယျာဉ်၌ မပျော်မွေ့ပါ၊ မင်းမြတ် မင်းသားသည် ဥယျာဉ်၌ မနှစ်ခြိုက်ပါ''ဟု (လျှောက်၏)။

''အချင်းရထားထိန်း မင်းသားသည် ဥယျာဉ်သို့ ထွက်သွားစဉ် အဘယ်အရာကို မြင်ခဲ့သနည်း''ဟု (မေး၏)။

မင်းမြတ် မင်းသားသည် ဥယျာဉ်သို့ ထွက်သွားစဉ် အခြင်ကဲ့သို့ ကိုင်း၍ ခါးကုန်းသောတောင်ဝှေးကိုအားပြုလျက် တုန်တုန်ရီရီ သွားနေသော အရွယ်လွန်ပြီး၍ ယိုယွင်းနေသော သူအိုကို မြင်ခဲ့ပါ၏၊ မြင်လတ်သော် ''အချင်းရထားထိန်း ဤယောက်ျားကို အဘယ်သို့ ပြုထားသနည်း၊ ထိုသူ၏ ဆံပင်တို့သည်လည်း အခြားသူတို့၏ (ဆံပင်) ကဲ့သို့ မဟုတ်ပါတကား၊ ထိုသူ၏ ကိုယ်သည်လည်း အခြားသူတို့၏ (ကိုယ်) ကဲ့သို့ မဟုတ်ပါတကား''ဟု အကျွန်ုပ်အား ဤစကားကို မေးပါ၏။

''အရှင်မင်းသား ဤသူကား သူအိုမည်ပါသည်''ဟု (အကျွန်ုပ်က ပြန်ကြားပါ၏)။

''အချင်းရထားထိန်း ဤသူအိုမည်သည် အဘယ်သို့သော သူပါနည်း''ဟု (မင်းသားက မေးပြန်ပါ ၏)။

''အရှင်မင်းသား ဤသူအိုမည်သည်မှာ ကြာမြင့်စွာ အသက်ရှင်နေခွင့် မရှိတော့သောသူ ဖြစ်ပါသည်''ဟု (အကျွန်ုပ်က ပြန်ကြားပါ၏)။

''အချင်းရထားထိန်း ငါသည်လည်း အိုခြင်းသဘော ရှိသလော၊ အိုခြင်းကို မလွန်မြောက်နိုင်သလော''ဟု (မေးပြန်ပါ၏)။

''အရှင်မင်းသား သင်မင်းသားနှင့်တကွ အကျွန်ုပ်တို့ပါ အားလုံးပင် အိုခြင်းသဘော ရှိပါကုန်၏၊ ့အိုခြင်းကို မလွန်မြောက်နိုင်ပါကုန်''ဟု (အကျွန်ုပ်က ပြန်ကြားပါ၏)။

''အချင်း ရထားထိန်း သို့ဖြစ်လျှင် ယနေ့ ဥယျာဉ်သို့ (သွားရန်) အလိုမရှိတော့ပြီ၊ ဤ (အရပ်) မှပင်နန်းတော်သို့ ပြန်လှည့်လော့''ဟု (မင်းသားက ဆိုပါ၏)။

မင်းမြတ် (ထိုအခါ) အကျွန်ုပ်သည် ''အရှင်မင်းသား ကောင်းပါပြီ''ဟု ဝိပဿီမင်းသားအား ဝန်ခံပြီးလျှင် ထို (အရပ်) မှပင် နန်းတော်သို့ ပြန်လှည့်ခဲ့ရပါ၏။

မင်းမြတ် ထိုဝိပဿီမင်းသားသည် နန်းတော်သို့ရောက်လျှင် ''အချင်းတို့ ဖြစ်ခြင်း 'ဇာတိ' မည်သည်စက်ဆုပ်ဖွယ်ရှိစွတကား၊ ယင်းဖြစ်ခြင်း 'ဇာတိ'ကြောင့် ဖြစ်ပေါ်လာသူအား အိုခြင်းသည် ထင်တုံဘိ၏''ဟုကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်လျက် ကြံမှိုင်နေပါသည်ဟု (လျှောက်၏)။

------

သူနာယောက်ျား

၄၆။ ရဟန်းတို့ ထိုအခါ၌ ဗန္ဓုမာမင်းအား ဤသို့သော အကြံသည် ဖြစ်၏။

''ဝိပဿီမင်းသားသည် မင်းမပြုဘဲ မနေစေရ၊ ဝိပဿီမင်းသားသည် လူ့ဘောင်မှ ရဟန်းဘောင်သို့မဝင်စေရ၊ နိမိတ်ဖတ် ပုဏ္ဏားတို့၏ စကားသည် မမှန်စေရ''ဟု (အကြံသည် ဖြစ်၏)။

ရဟန်းတို့ ထိုအခါ ဗန္ဓုမာမင်းသည် ဝိပဿီမင်းသား မင်းပြုဖြစ်စိမ့်သောငှါ လူ့ဘောင်မှ ရဟန်းဘောင်သို့ မဝင်စိမ့်သောငှါ နိမိတ်ဖတ် ပုဏ္ဏားတို့စကား လွဲမှားစိမ့်သောငှါ ကာမဂုဏ်ငါးပါးတို့ကို တိုးတက်၍ စီရင်ထားစေ၏၊ ရဟန်းတို့ (ထို့ကြောင့်) ဝိပဿီမင်းသားသည် ထိုလူ့ဘောင်၌ပင် ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံစွာ စံစားလျက်နေပြန်လေ၏။ ရဟန်းတို့ ထို့နောက် နှစ်ပေါင်းများစွာ နှစ်အရာပေါင်းများစွာ နှစ်အထောင်ပေါင်းများစွာ လွန်သောအခါ ဝိပဿီမင်းသားသည်။ပ။ ဥယျာဉ်သို့ ထွက်သွားပြန်လေ၏။

 

၄၇။ ရဟန်းတို့ ဝိပဿီမင်းသားသည် ဥယျာဉ်သို့ ထွက်သွားစဉ် အသည်းအသန် မကျန်းမမာဖြစ်၍ဆင်းရဲဒုက္ခရောက်နေသော မိမိ၏ ကျင်ကြီး ကျင်ငယ်၌ နစ်လျက် လဲနေသော သူတစ်ပါးတို့က ထူပေးသိပ်ပေးနေရသော သူနာကို မြင်လတ်သော် ရထားထိန်းကို မေး၏။

''အချင်းရထားထိန်း ဤယောက်ျားကို အဘယ်သို့ ပြုထားသနည်း၊ ထိုသူ၏ မျက်စိတို့သည်လည်းအခြားသူတို့၏ (မျက်စိ) ကဲ့သို့ မဟုတ်ပါတကား၊ ထိုသူ၏ အသံသည်လည်း အခြားသူတို့၏ (အသံ) ကဲ့သို့မဟုတ်ပါတကား''ဟု (မေး၏)။

''အရှင်မင်းသား ဤသူကား 'သူနာ' မည်ပါသည်''ဟု (လျှောက်၏)။

''အချင်းရထားထိန်း ဤသူနာမည်သည် အဘယ်သို့သော သူပါနည်း''ဟု (မေး၏)။

''အရှင်မင်သား ဤသူနာမည်သည်မှာ ထိုအနာမှ ထနိုင်ငြားအံ့လည်း မသိရသောသူ ဖြစ်ပါ၏''ဟု (လျှောက်၏)။

''အချင်းရထားထိန်း ငါသည်လည်း နာခြင်းသဘောရှိသလော၊ နာခြင်းကို မလွန်မြောက်နိုင်သလော''ဟု (မေး၏)။

''အရှင်မင်းသား သင်မင်းသားနှင့်တကွ အကျွန်ုပ်တို့ပါ အားလုံးပင် နာခြင်းသဘော ရှိပါကုန်၏၊ နာခြင်းကို မလွန်မြောက်နိုင်ပါကုန်''ဟု (လျှောက်၏)။

''အချင်း ရထားထိန်း သို့ဖြစ်လျှင် ယနေ့ ဥယျာဉ်သို့ (သွားရန်) အလိုမရှိတော့ပြီ၊ ဤ (အရပ်) မှပင်နန်းတော်သို့ ပြန်လှည့်လော့''ဟု (မိန့်ဆို၏)။

ရဟန်းတို့ ရထားထိန်းသည် ''အရှင်မင်းသား ကောင်းပါပြီ''ဟု ဝိပဿီမင်းသားအား ဝန်ခံ၍ ထို (အရပ်) မှပင် နန်းတော်သို့ ပြန်လှည့်လေ၏။

ရဟန်းတို့ ဝိပဿီမင်းသားသည် နန်းတော်သို့ ရောက်လျှင် ''အချင်းတို့ ဖြစ်ခြင်း 'ဇာတိ' မည် သည့်စက်ဆုပ်ဖွယ် ရှိစွတကား၊ ယင်းဖြစ်ခြင်း 'ဇာတိ'ကြောင့် ဖြစ်ပေါ်လာသောသူအား အိုခြင်းသည်ထင်တုံဘိ၏၊ နာခြင်းသည် ထင်တုံဘိ၏''ဟု ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်လျက် ကြံမှိုင်နေ၏။

၄၈။ ရဟန်းတို့ ထိုစဉ်အခါ၌ ဗန္ဓုမာမင်းသည် ရထားထိန်းကို ခေါ်စေ၍ ဤစကားကို ဆို၏။

''အချင်းရထားထိန်း အသို့နည်း၊ ဥယျာဉ်၌ မင်းသားသည် ပျော်မွေ့ပါ၏လော၊ အချင်းရထားထိန်းအသို့နည်း၊ ဥယျာဉ်၌ မင်းသားသည် နှစ်ခြိုက်ပါ၏လော''ဟု (မေး၏)။

''မင်းမြတ် မင်းသားသည် ဥယျာဉ်၌ မပျော်မွေ့ပါ၊ မင်းမြတ် မင်းသားသည် ဥယျာဉ်၌ မနှစ်ခြိုက်ပါ''ဟု (လျှောက်၏)။

''အချင်းရထားထိန်း မင်းသားသည် ဥယျာဉ်သို့ ထွက်သွားစဉ် အဘယ်အရာကို မြင်ခဲ့သနည်း''ဟု (မေး၏)။

မင်းမြတ် မင်းသားသည် ဥယျာဉ်သို့ ထွက်သွားစဉ် အသည်းအသန် မကျန်းမမာဖြစ်၍ ဆင်းရဲဒုက္ခရောက်နေသော မိမိ၏ ကျင်ကြီးကျင်ငယ်၌ နစ်လျက် လဲနေသော သူတစ်ပါးတို့က ထူပေးသိပ်ပေး နေရသော သူနာကို မြင်ခဲ့ပါ၏၊ မြင်လတ်သော် ''အချင်းရထားထိန်း ဤယောက်ျားကို အဘယ်သို့ ပြုထားသနည်း၊ ထိုသူ၏ မျက်စိတို့သည်လည်း အခြားသူတို့၏ (မျက်စိ်) ကဲ့သို့ မဟုတ်ပါတကား။ ထိုသူ၏ အသံသည်လည်း အခြားသူတို့၏ (အသံ) ကဲ့သို့ မဟုတ်ပါတကား''ဟု အကျွန်ုပ်အား ဤစကားကို မေးပါ၏။

''အရှင်မင်းသား ဤသူကား သူနာမည်ပါသည်''ဟု အကျွန်ုပ်က (ပြန်ကြားပါ၏)။

''အချင်းရထားထိန်း ဤသူနာမည်သည် အဘယ်သို့သော သူပါနည်း''ဟု (မင်းသားက မေးပြန်ပါ ၏)။

''အရှင်မင်းသား ဤသူနာမည်သည်မှာ ထိုအနာမှ ထနိုင်ငြားအံ့လည်း မသိရသောသူ ဖြစ်ပါသည်''ဟု (ပြန်ကြားပါ၏)။

''အချင်းရထားထိန်း ငါသည်လည်း နာခြင်းသဘောရှိသလော၊ နာခြင်းကို မလွန်မြောက်နိုင်သလော''ဟု (မေးပြန်ပါ၏)။

''အရှင်မင်းသား သင်မင်းသားနှင့်တကွ အကျွန်ုပ်တို့ပါ အားလုံးပင် နာခြင်းသဘော ရှိပါကုန်၏၊ နာခြင်းကို မလွန်မြောက်နိုင်ပါကုန်''ဟု (အကျွန်ုပ်က ပြန်ကြား၏)။

''အချင်း ရထားထိန်း သို့ဖြစ်လျှင် ယနေ့ ဥယျာဉ်သို့ (သွားရန်) အလိုမရှိတော့ပြီ၊ ဤ (အရပ်) မှပင်နန်းတော်သို့ ပြန်လှည့်လော့''ဟု (မင်းသားက ဆိုပါ၏)။

မင်းမြတ် (ထိုအခါ) အကျွန်ုပ်သည် ''အရှင်မင်းသား ကောင်းပါပြီ''ဟု ဝိပဿီမင်းသားအား ဝန်ခံပြီးလျှင် ထို (အရပ်) မှပင် နန်းတော်သို့ ပြန်လှည့်ခဲ့ရပါ၏။

မင်းမြတ် ထိုဝိပဿီမင်းသားသည် နန်းတော်သို့ ရောက်လျှင် ''အချင်းတို့ ဖြစ်ခြင်း 'ဇာတိ' မည်သည်စက်ဆုပ်ဖွယ် ရှိစွတကား၊ ယင်းဖြစ်ခြင်း 'ဇာတိ'ကြောင့် ဖြစ်ပေါ်လာသောသူအား အိုခြင်းသည် ထင်တုံဘိ၏၊ နာခြင်းသည် ထင်တုံဘိ၏''ဟု ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်၍ ကြံမှိုင်နေပါသည်ဟု (လျှောက်၏)။

------

သူသေယောက်ျား

၄၉။ ရဟန်းတို့ ထိုအခါ၌ ဗန္ဓုမာမင်းအား ဤသို့သော အကြံသည် ဖြစ်၏။

''ဝိပဿီမင်းသားသည် မင်းမပြု ဘဲ မနေစေရ၊ ဝိပဿီမင်းသားသည် လူ့ဘောင်မှ ရဟန်းဘောင်သို့မဝင်စေရ၊ နိမိတ်ဖတ် ပုဏ္ဏားတို့၏ စကားသည် မမှန်စေရ''ဟု (အကြံသည် ဖြစ်၏)။

ရဟန်းတို့ ထိုအခါ ဗန္ဓုမာမင်းသည် ဝိပဿီမင်းသား မင်းပြုဖြစ်စိမ့်သောငှါ လူ့ဘောင်မှ ရဟန်းဘောင်သို့ မဝင်စိမ့်သောငှါ နိမိတ်ဖတ်ပုဏ္ဏားတို့၏စကား လွဲမှားစိမ့်သောငှါ ကာမဂုဏ်ငါးပါးတို့ကို တိုးတက်၍ စီရင်ထားစေ၏၊ ရဟန်းတို့ (ထို့ကြောင့်) ဝိပဿီမင်းသားသည် ထိုလူ့ဘောင်၌ပင် ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံစွာ ခံစားလျက် နေပြန်လေ၏။ ရဟန်းတို့ ထို့နောက် နှစ်ပေါင်းများစွာ့နှစ်အရာပေါင်းများစွာ နှစ်အထောင်ပေါင်း များစွာလွန်သောအခါ ဝိပဿီမင်းသားသည်။ပ။ ဥယျာဉ်သို့ထွက်သွားပြန်လေ၏။

၅၀။ ရဟန်းတို့ ဝိပဿီမင်းသားသည် ဥယျာဉ်သို့ ထွက်သွားစဉ် လူပေါင်းများစွာ စုဝေးလျက်အရောင်မျိုးစုံအဝတ်တို့ဖြင့် ထမ်းစင်လုပ်နေသည်ကို မြင်လတ်သော် ''အချင်းရထားထိန်း ထိုလူပေါင်းများစွာသည် စုဝေးလျက် အရောင်မျိုးစုံ အဝတ်တို့ဖြင့် ထမ်းစင်ကို အဘယ့်ကြောင့် ပြုလုပ်နေကြသနည်း''ဟုရထားထိန်းကို မေး၏။

''အရှင်မင်းသား ဤသူသည် 'သူသေ' မည်ပါ၏'' (ထိုသူအတွက် ပြုလုပ်နေကြပါသည်)ဟု (လျှောက် ၏)။

''အချင်းရထားထိန်း သို့ဖြစ်လျှင် ထိုသူသေရှိရာသို့ ရထားကို မောင်းလော့''ဟု (မိန့်ဆို၏)။

ရဟန်းးတို့ ရထားထိန်းသည် ''အရှင်မင်းသား ကောင်းပါပြီ''ဟု ဝိပဿီမင်းသားအား ဝန်ခံ၍သူသေရှိရာသို့ ရထားကို မောင်း၏။

ရဟန်းတို့ ဝိပဿီမင်းသားသည် တမလွန်သို့ သွားသော သူသေကိုမြင်လျှင် ''အချင်းရထားထိန်းဤသူသေမည်သည် အဘယ်သို့သော သူပါနည်း''ဟု ရထားထိန်းကို မေး၏။

''အရှင်မင်းသား ဤသူသေမည်သည်မှာ ထိုသူ့ကို အမိအဖနှင့် အခြားဆွေမျိုးတို့က မတွေ့မြင်ရတော့မည့်သူ ဖြစ်သည့်ပြင် ထိုသူကလည်း အမိအဖနှင့် အခြားဆွေမျိုးတို့ကို မတွေ့မြင်ရတော့မည့်သူ ဖြစ်ပါသည်''ဟု (လျှောက်၏)။

''အချင်းရထားထိန်း ငါသည်လည်း သေခြင်းသဘော ရှိသလော၊ သေခြင်းကို မလွန်မြောက်နိုင်သလော၊ ငါ့ကိုလည်း (ခမည်းတော်) မင်း (မယ်တော်) မိဖုရားနှင့် အခြား ဆွေတော်မျိုးတော်တို့သည် မတွေ့မြင်ရကုန်လတံ ္တ့လော၊ ငါသည်လည်း (ခမည်းတော်) မင်း (မယ်တော်) မိဖုရားနှင့် အခြားဆွေတော်မျိုးတော်တို့ကို မတွေ့မြင်ရလတံ္တ့လော''ဟု (မေး၏)။

''အရှင်မင်းသား သင်မင်းသားနှင့်တကွ အကျွန်ုပ်တို့ပါ အားလုံးပင် သေခြင်းသဘော ရှိပါကုန်၏၊ သေခြင်းသဘောကို မလွန်မြောက်နိုင်ပါကုန်၊ အရှင်မင်းသားကိုလည်း (ခမည်းတော်) မင်း (မယ်တော်) မိဖုရားနှင့် အခြားဆွေတော်မျိုးတော်တို့သည် မတွေ့မြင်ရပါကုန်လတံ္တ့၊ အရှင်မင်းသားသည်လည်း (ခမည်းတော်) မင်း (မယ်တော်) မိဖုရားနှင့် အခြား ဆွေတော်မျိုးတော်တို့ကို မတွေ့မြင်ရပါလတံ္တ့''ဟု (လျှောက်၏)။

''အချင်း ရထားထိန်း သို့ဖြစ်လျှင် ယနေ့ ဥယျာဉ်သို့ (သွားရန်) အလိုမရှိတော့ပြီ၊ ဤ (အရပ်) မှပင်နန်းတော်သို့ ပြန်လှည့်လော့''ဟု (မိန့်ဆို၏)။

ရဟန်းတို့ ရထားထိန်းသည် ''အရှင်မင်းသား ကောင်းပါပြီ''ဟု ဝိပဿီမင်းသားအား ဝန်ခံ၍ ထို (အရပ်) မှပင် နန်းတော်သို့ ပြန်လှည့်၏။ ရဟန်းတို့ ထိုဝိပဿီမင်းသားသည် နန်းတော်သို့ ရောက်လျှင် ''အချင်းတို့ ဖြစ်ခြင်း 'ဇာတိ' မည်သည် စက်ဆုပ်ဖွယ် ရှိစွတကား၊ ယင်းဖြစ်ခြင်း 'ဇာတိ'ကြောင့် ဖြစ်ပေါ်လာသောသူအား အိုခြင်းသည် ထင်တုံဘိ၏၊ နာခြင်းသည် ထင်တုံဘိ၏၊ သေခြင်းသည် ထင်တုံဘိ၏''ဟုကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်၍ ကြံမှိုင်နေ၏။

၅၁။ ရဟန်းတို့ ထိုအခါ ဗန္ဓုမာမင်းသည် ရထားထိန်းကို ခေါ်၍ ဤစကားကို ဆို၏။

''အချင်းရထားထိန်း အသို့နည်း မင်းသားသည် ဥယျာဉ်၌ ပျော်မွေ့ပါ၏လော၊ အချင်းရထားထိန်းအသို့နည်း မင်းသားသည် ဥယျာဉ်၌ နှစ်ခြိုက်ပါ၏လော''ဟု (မေး၏)။

''မင်းမြတ် မင်းသားသည် ဥယျာဉ်၌ မပျော်မွေ့ပါ၊ မင်းမြတ် မင်းသားသည် ဥယျာဉ်၌ မနှစ်ခြိုက်ပါ''ဟု (လျှောက်၏)။

''အချင်းရထားထိန်း မင်းသားသည် ဥယျာဉ်သို့ ထွက်သွားစဉ် အဘယ်အရာကို မြင်ခဲ့သနည်း''ဟု (မေး၏)။

မင်းမြတ် မင်းသားသည် ဥယျာဉ်သို့ ထွက်သွားစဉ် လူပေါင်းများစွာ စုဝေးလျက် အရောင်မျိုးစုံ့အဝတ်တို့ဖြင့် ထမ်းစင်လုပ်နေသည်ကို မြင်ခဲ့ပါ၏၊ မြင်လတ်သော် ''အချင်းရထားထိန်း ထိုလူပေါင်းများစွာသည် စုဝေးလျက် အရောင်မျိုးစုံ အဝတ်တို့ဖြင့် ထမ်းစင်ကို အဘယ့်ကြောင့် ပြုလုပ်နေကြသနည်း''ဟုအကျွန်ုပ်ကို မေးပါ၏။

''အရှင်မင်းသား ဤသူသည် သူသေမည်ပါ၏'' (ထိုသူ့အတွက် ပြုလုပ်နေကြပါသည်''ဟု အကျွန်ုပ် ကပြန်ကြားပါ၏)။

''အချင်းရထားထိန်း သို့ဖြစ်လျှင် ထိုသူသေရှိရာသို့ ရထားကို မောင်းလော့''ဟု (မင်းသားက ဆိုပါ၏)။

မင်းမြတ် (ထိုအခါ) အကျွန်ုပ်သည် ''အရှင်မင်းသား ကောင်းပါပြီ''ဟု ဝိပဿီမင်းသားအား ဝန်ခံ၍ ထိုသူသေရှိရာသို့ ရထားကို မောင်းပါ၏။

မင်းမြတ် မင်းသားသည် တမလွန်သို့ သွားသော သူသေကို မြင်လျှင် ''အချင်းရထားထိန်း ဤသူသေမည်သည်ကား အဘယ်သို့သော သူပါနည်း''ဟု အကျွန်ုပ်ကို မေးပါ၏။

''အရှင်မင်းသား ဤသူသေမည်သည်မှာ ထိုသူ့ကို အမိအဖနှင့် အခြားဆွေမျိုးတို့က မတွေ့မြင်ရတော့မည့် သူဖြစ်၍ ထိုသူကလည်း အမိအဖနှင့် အခြားဆွေမျိုးတို့ကို မတွေ့မြင်ရတော့မည့်သူ ဖြစ်ပါသည်''ဟု (အကျွန်ုပ်က ပြန်ကြားပါ၏)။

''အချင်းရထားထိန်း ငါသည်လည်း သေခြင်းသဘော ရှိသလော၊ သေခြင်းကို မလွန်မြောက်နိုင်သလော၊ ငါ့ကိုလည်း (ခမည်းတော်) မင်း (မယ်တော်) မိဖုရားနှင့် အခြားဆွေတော်မျိုးတော်တို့သည် မတွေ့မြင်ရကုန်လတံ ္တ့လော၊ ငါသည်လည်း (ခမည်းတော်) မင်း (မယ်တော်) မိဖုရားနှင့်အခြား ဆွေတော်မျိုးတော် တို့ကို မတွေ့မြင်ရလတံ္တ့လော''ဟု (မင်းသားက မေးပြန်ပါ၏)။

''အရှင်မင်းသား သင်မင်းသားနှင့်တကွ အကျွန်ုပ်တို့ပါ အားလုံးပင် သေခြင်းသဘော ရှိပါကုန်၏၊ သေခြင်းသဘောကို မလွန်မြောက်နိုင်ပါကုန်၊ အရှင်မင်းသားကိုလည်း (ခမည်းတော်) မင်း (မယ်တော်) မိဖုရားနှင့် အခြားဆွေတော်မျိုးတော်တို့သည် မတွေ့မြင်ရပါကုန်လတံ္တ့၊ အရှင်မင်းသားသည်လည်း (ခမည်းတော်) မင်း (မယ်တော်) မိဖုရားနှင့် အခြားဆွေတော်မျိုးတော်တို့ကို မတွေ့မြင်ရပါလတံ္တ့''ဟု (အကျွန်ုပ်က ပြန်ကြား ပါ၏)။

''အချင်း ရထားထိန်း သို့ဖြစ်လျှင် ယနေ့ ဥယျာဉ်သို့ (သွားရန်) အလို မရှိတော့ပြီ၊ ဤ (အရပ်) မှပင်နန်းတော်သို့ ပြန်လှည့်လော့''ဟု (မင်းသားက ဆိုပါသည်)။

မင်းမြတ် ထိုအခါ အကျွန်ုပ်သည် ''အရှင်မင်းသား ကောင်းပါပြီ''ဟု ဝိပဿီမင်းသားအား ဝန်ခံ၍ထို (အရပ်) မှပင် နန်းတော်သို့ ပြန်လှည့်ခဲ့ရပါ၏။

မင်းမြတ် ထိုဝိပဿီမင်းသားသည် နန်းတော်သို့ ရောက်လျှင် ''အချင်းတို့ ဖြစ်ခြင်း 'ဇာတိ' မည် သည်စက်ဆုပ်ဖွယ် ရှိစွတကား၊ ယင်းဖြစ်ခြင်း 'ဇာတိ'ကြောင့် ဖြစ်ပေါ်လာသောသူအား အိုခြင်းသည်ထင်တုံဘိ၏၊ နာခြင်းသည် ထင်တုံဘိ၏၊ သေခြင်းသည် ထင်တုံဘိ၏''ဟု ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်၍ကြံမှိုင်နေပါသည်ဟု (လျှောက်၏)။

------

ရဟန်း

၅၂။ ရဟန်းတို့ ထိုအခါ၌ ဗန္ဓုမာမင်းအား ဤသို့သော အကြံသည် ဖြစ်၏။

''ဝိပဿီမင်းသားသည် မင်းမပြု ဘဲ မနေစေရ၊ ဝိပဿီမင်းသားသည် လူ့ဘောင်မှ ရဟန်းဘောင်သို့မဝင်စေရ၊ နိမိတ်ဖတ်ပုဏ္ဏားတို့၏ စကားသည် မမှန်စေရ''ဟု (အကြံသည် ဖြစ်၏)။

ရဟန်းတို့ ထိုအခါ ဗန္ဓုမာမင်းသည် ဝိပဿီမင်းသား မင်းပြု ဖြစ်စိမ့်သောငှါ လူ့ဘောင်မှ ရဟန်းဘောင်သို့ မဝင်စိမ့်သောငှါ နိမိတ်ဖတ်ပုဏ္ဏားတို့၏စကား လွဲမှားစိမ့်သောငှါ ကာမဂုဏ်ငါးပါးတို့ကို တိုးတက်၍ စီရင်ထားစေ၏၊ ရဟန်းတို့ ထို့ကြောင့် ဝိပဿီမင်းသားသည် ထိုလူ့ဘောင်၌ပင် ကာမဂုဏ့်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံစွာ စံစားလျက် နေပြန်လေ၏။

ရဟန်းတို့ ထို့နောက် နှစ်ပေါင်းများစွာ နှစ်အရာပေါင်းများစွာ နှစ်အထောင်ပေါင်းများစွာ လွန်သောအခါ ဝိပဿီမင်းသားသည် ရထားထိန်းကိုခေါ်၍ ''အချင်းရထားထိန် ကောင်းကုန် ကောင်းကုန်သောယာဉ်တို့ကို ကလော့၊ သာယာသော ရှုမျှော်ခင်းကို ရှုစားရန် ဥယျာဉ်သို့ သွားကုန်အံ့''ဟု မိန့်ဆို၏။

ရဟန်းတို့ ရထားထိန်းသည် ''အရှင်မင်းသား ကောင်းပါပြီ''ဟု ဝိပဿီမင်းသားအား ဝန်ခံ၍ကောင်းကုန် ကောင်းကုန်သော ယာဉ်တို့ကို ကစေပြီးလျှင် ''အရှင်မင်းသား ကောင်းကုန် ကောင်းကုန်သော ယာဉ်တို့ကို ကပြီးပါပြီ၊ ယခုအခါ၌ သွားရန် အချိန်ကို သင်မင်းသား သိတော်မူပါသည် (သွားရန်မှာ သင်မင်းသား၏ အလိုအတိုင်းပင် ဖြစ်ပါသည်)''ဟု လျှောက်ကြား၏။

ရဟန်းတို့ ထိုစဉ်အခါ၌ ဝိပဿီမင်းသားသည် ကောင်းသော ယာဉ်ကို တက်စီး၍ ကောင်းကုန်ကောင်းကုန်သော ယာဉ်တို့နှင့်တကွ ဥယျာဉ်သို့ ထွက်သွားလေ၏။

၅၃။ ရဟန်းတို့ ဝိပဿီမင်းသားသည် ဥယျာဉ်သို့ ထွက်သွားစဉ် ခေါင်းတုံးလျက် ဖန်ရည်ဆိုး အဝတ်ကိုဝတ်ရုံထားသော ရဟန်းကို မြင်လတ်သော် ရထားထိန်းကို မိန့်ဆို၏။

''အချင်းရထားထိန်း ဤယောက်ျားကို အဘယ်သို့ ပြုထားသနည်း၊ ထိုသူ၏ ဦးခေါင်းသည်လည်းအခြားသူတို့၏ (ဦးခေါင်း) ကဲ့သို့ မဟုတ်ပါတကား၊ ထိုသူ၏ အဝတ်တို့သည်လည်း အခြားသူတို့၏ (အဝတ်တို့်) ကဲ့သို့ မဟုတ်ပါတကား''ဟု (မိန့်ဆို၏)။

''အရှင်မင်းသား ဤသူကား ရဟန်းမည်ပါသည်''ဟု လျှောက်၏။

''အချင်းရထားထိန်း ဤရဟန်းမည်သည် အဘယ်သို့သောသူပါနည်း''ဟု (မေး၏)။

''အရှင်မင်းသား ဤရဟန်းမည်သည်မှာ တရားကျင့်ခြင်းသည် ကောင်း၏၊ အမှန်ကျင့်ခြင်းသည်ကောင်း၏၊ ကုသိုလ်ပြုခြင်းသည် ကောင်း၏၊ ကောင်းမှုပြုခြင်းသည် ကောင်း၏၊ မညှဉ်းဆဲခြင်းသည်ကောင်း၏၊ သတ္တဝါတို့ကို သနားခြင်းသည် ကောင်း၏ဟု နှလုံးသွင်း၍ ကျင့်နေသူ ဖြစ်ပါသည်''ဟု (လျှောက်၏)။

''အချင်းရထားထိန်း ထိုရဟန်းမည်သည် ကောင်းပေ၏၊ အချင်းရထားထိန်း တရားကျင့်ခြင်းသည်ကောင်းပေ၏၊ အမှန်ကျင့်ခြင်းသည် ကောင်းပေ၏၊ ကုသိုလ်ပြုခြင်းသည် ကောင်းပေ၏၊ ကောင်းမှုပြုခြင်း သည် ကောင်းပေ၏၊ မညှဉ်းဆဲခြင်းသည် ကောင်းပေ၏၊ သတ္တဝါတို့ကိုသနားခြင်းသည် ကောင်းပေ၏။ အချင်းရထားထိန်း သို့ဖြစ်လျှင် ထိုရဟန်းထံသို့ ရထားကိုမောင်းလော့''ဟု (မိန့်ဆို၏)။

ရဟန်းတို့ ရထားထိန်းသည် ''အရှင်မင်းသား ကောင်းပါပြီ''ဟု ဝိပဿီမင်းသားအား ဝန်ခံ၍ ထိုရဟန်းထံသို့ ရထားကို မောင်း၏။

ရဟန်းတို့ ထိုအခါ ဝိပဿီမင်းသားသည် ထိုရဟန်းအား ဤစကားကို ဆို၏။

''အသျှင် သင်သည် အဘယ်သို့ ဖြစ်နေသနည်း၊ သင်၏ ဦးခေါင်းသည်လည်း အခြားသူတို့၏ (ဦးခေါင်း) ကဲ့သို့ မဟုတ်ပါတကား၊ သင်၏ အဝတ်တို့သည်လည်း အခြားသူတို့၏ (အဝတ်တို့) ကဲ့သို့မဟုတ်ပါတကား''ဟု (ဆို၏)။

''အရှင်မင်းသား အကျွန်ုပ်သည် ရဟန်း မည်ပါသည်''ဟု (ဆို၏)။

''အသျှင် ရဟန်းမည်သော သင်သည် အဘယ်သို့သော သူပါနည်း''ဟု (မေး၏)။

''မင်းသား ရဟန်းမည်သော အကျွန်ုပ်သည် တရားကျင့်ခြင်းသည် ကောင်း၏၊ အမှန်ကျင့်ခြင်းသည်ကောင်း၏၊ ကုသိုလ်ပြုခြင်းသည် ကောင်း၏၊ ကောင်းမှုပြုခြင်းသည် ကောင်း၏၊ မညှဉ်းဆဲခြင်းသည်ကောင်း၏၊ သတ္တဝါတို့ကို သနားခြင်းသည် ကောင်း၏ဟု နှလုံးသွင်း၍ ကျင့်နေသူ ဖြစ်ပါသည်''ဟု (ဆို၏)။

''အသျှင် ရဟန်းမည်သော သင်သည် ကောင်းပေ၏၊ တရားကျင့်ခြင်းသည် ကောင်းပေ၏၊ အမှန့်ကျင့်ခြင်းသည် ကောင်းပေ၏၊ ကုသိုလ်ပြုခြင်းသည် ကောင်းပေ၏၊ ကောင်းမှုပြုခြင်းသည် ကောင်းပေ၏၊ မညှဉ်းဆဲခြင်းသည် ကောင်းပေ၏၊ သတ္တဝါတို့ကို သနားခြင်းသည် ကောင်းပေ၏''ဟု (ဆို၏)။

------

ဘုရားလောင်း ရဟန်းပြုတော်မူခန်း

၅၄။ ရဟန်းတို့ ထိုအခါ၌ ဝိပဿီမင်းသားသည် ရထားထိန်းကို မိန့်ဆို၏။

''အချင်းရထားထိန်း သို့ဖြစ်လျှင် ရထားကို ယူ၍ ဤ (အရပ်) မှပင် နန်းတော်သို့ ပြန်လေလော့၊ ငါသည်ကား ဤအရပ်၌ပင် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်တော့အံ့''ဟု (မိန့်ဆို၏)။

ရဟန်းတို့ ရထားထိန်းသည် ''အရှင်မင်းသား ကောင်းပါပြီ''ဟု ဝိပဿီမင်းသားအား ဝန်ခံ၍ ရထားကိုယူပြီးလျှင် ထို (အရပ်) မှပင် နန်းတော်သို့ ပြန်လေ၏၊ ဝိပဿီမင်းသားသည်ကား ထို (အရပ်) ၌ ပင်ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်လေ ၏။

၅၅။ ရဟန်းတို့ ဗန္ဓုမတီနေပြည်တော်၌ ရှစ်သောင်းလေးထောင်သော လူပေါင်းများစွာတို့သည် ''ဝိပဿီမင်းသားသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှရဟန်းဘောင်သို့ ဝင်လေသတတ်''ဟု ကြားလေကုန်၏၊ ကြားကုန်လတ်သော် ထိုသူတို့အား ဤသို့သောအကြံသည် ဖြစ်၏။

''ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်လျက် ဝိပဿီမင်းသား ကျင့်သုံးသော ထိုတရားနှင့် ဝိနည်းသည် မယုတ်ညံ့သည်သာ စင်စစ်ဖြစ်လတ္တံ့၊ ထိုရဟန်းအဖြစ်သည် မယုတ်ညံ့သည်သာ စင်စစ်ဖြစ်လတ္တံ့၊ ဝိပဿီမင်းသားသော်မှ ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုး အဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်နိုင်သေး၏၊ ငါတို့ကားအဘယ်မှာ မဝင်နိုင်ဘဲရှိအံ့နည်း''ဟု (အကြံဖြစ်၏)။

ရဟန်းတို့ ထိုအခါ ရှစ်သောင်းလေးထောင်သော လူပေါင်းများစွာတို့သည် ဆံမုတ်ဆိတ်ကို ပယ်ပြီး လျှင်ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်ရုံကုန်လျက် ဝိပဿီဘုရားလောင်းသို့ အတုလိုက်၍ ရဟန်းပြုကုန်၏၊ ရဟန်းတို့ ဝိပဿီဘုရားလောင်းသည် ထိုပရိသတ်ခြံရံလျက် ရွာ နိဂုံး ဇနပုဒ် နေပြည်တော်တို့၌ ဒေသစာရီလှည့်လည်၏။

၅၆။ ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ဆိတ် ငြိမ်ရာ၌ တစ်ယောက်တည်း ကိန်းအောင်းနေစဉ် ''ငါ့အား (လူတို့နှင့်) ရောနှောယှက်တင် နေမှုသည် မသင့်၊ ငါသည် အစုအရုံးမှ ခွဲခွါ၍တစ်ယောက်တည်းနေရမူ ကောင်းလေစွ''ဟု ဤသို့သော စိတ်အကြံသည် ဖြစ်ပေါ်၏။

ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းသည် နောင်အခါ၌ အစုအရုံးမှ ခွဲခွါ၍ တစ်ယောက်တည်းနေ၏၊

ထိုရဟန်းရှစ်သောင်းလေးထောင်တို့သည် တစ်ပါးသောလမ်းဖြင့်သာလျှင် သွားလေကုန်၏၊ ဝိပဿီဘုရားလောင်းသည် တစ်ပါးသောလမ်းဖြင့် သွားလေ၏။

------

ဘုရားလောင်း၏ နှလုံးသွင်းခြင်း

၅၇။ ရဟန်းတို့ ထိုအခါ (ဗောဓိမဏ္ဍိုင်၌ ညဉ့်အဖို့) နေရန် ချဉ်းကပ်၍ ဆိတ် ငြိမ်ရာ၌ တည်လျက်တစ်ယောက်တည်း ကိန်းအောင်းနေစဉ် ဝိပဿီဘုရားလောင်းအား ဤသို့သော စိတ်အကြံသည်ဖြစ်ပေါ်၏-

''ဤလောကသည် ဆင်းရဲလေစွတကား၊ ဖြစ်လည်း ဖြစ်ပေါ် ရ၏၊ အိုလည်း အိုရ၏၊ သေလည်းသေရ၏၊ (အဖန်ဖန်) စုတေလည်း စုတေရ၏၊ (အဖန်ဖန်) ဖြစ်လည်း ဖြစ်ပေါ်ရ၏၊ သို့ဖြစ်ပါလျက် ဤအိုခြင်း သေခြင်း ဆင်းရဲခြင်းမှ မထွက်မြောက်ရသေးချေ၊ ဤ အိုခြင်း သေခြင်း ဆင်းရဲခြင်းမှ ထွက်မြောက်ရခြင်းကား အဘယ်အခါ ထင်ရှားဖြစ်ပါအံ့နည်း''ဟု (အကြံဖြစ်၏)။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရားရှိသော် အိုခြင်း သေခြင်း ဖြစ်ရသနည်း၊ အဘယ်အကြောင်းကြောင့် အိုခြင်း သေခြင်း ဖြစ်ရသနည်း'' ဟူသော အကြံသည် ဖြစ်ပြန်၏။

ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား နည်းလမ်းမှန်စွာ နှလုံးသွင်းခြင်းကြောင့် ''ဖြစ်ခြင်း 'ဇာတိ' ရှိသော် အိုခြင်း သေခြင်း ဖြစ်ရ၏၊ ဖြစ်ခြင်း 'ဇာတိ' ဟူသော အကြောင်းကြောင့် အိုခြင်း သေခြင်းဖြစ်ရ၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်ပေါ်လေ၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရားရှိသော် ဖြစ်ခြင်း 'ဇာတိ' ဖြစ်ရသနည်း၊ အဘယ်အကြောင်းကြောင့် ဖြစ်ခြင်း 'ဇာတိ' ဖြစ်ရသနည်း'' ဟူသော အကြံသည် ဖြစ်ပြန်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား နည်းလမ်းမှန်စွာ နှလုံးသွင်းခြင်းကြောင့် ဖြစ် ကြောင်း 'ဘဝ' ရှိသော် ဖြစ်ခြင်း 'ဇာတိ' ဖြစ်ရ၏၊ ဖြစ်ကြောင်း 'ဘဝ' ဟူသော အကြောင်းကြောင့် ဖြစ်ခြင်း 'ဇာတိ' ဖြစ်ရ၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်ပေါ်လေ၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရားရှိသော် ဖြစ်ကြောင်း 'ဘဝ' ဖြစ်ရသနည်း၊ အဘယ်အကြောင်းကြောင့် ဖြစ်ကြောင်း 'ဘဝ' ဖြစ်ရသနည်း'' ဟူသော အကြံသည် ဖြစ်ပြန်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား နည်းလမ်းမှန်စွာ နှလုံးသွင်းခြင်းကြောင့် ''စွဲလမ်းခြင်း 'ဥပါဒါန်' ရှိသော် ဖြစ်ကြောင်း 'ဘဝ' ဖြစ်ရ၏၊ စွဲလမ်းခြင်း 'ဥပါဒါန်' ဟူသော အကြောင်းကြောင့် ဖြစ်ကြောင်း 'ဘဝ' ဖြစ်ရ၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်ပေါ်လေ၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရားရှိသော် စွဲလမ်းခြင်း 'ဥပါဒါန်' ဖြစ်ရသနည်း၊ အဘယ်အကြောင်းကြောင့် စွဲလမ်းခြင်း 'ဥပါဒါန်' ဖြစ်ရသနည်း'' ဟူသော အကြံသည် ဖြစ်ပြန်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား နည်းလမ်းမှန်စွာ နှလုံးသွင်းခြင်းကြောင့် ''တပ်မက်ခြင်း 'တဏှာ' ရှိသော် စွဲလမ်းခြင်း 'ဥပါဒါန်' ဖြစ်ရ၏၊ တပ်မက်ခြင်း 'တဏှာ' ဟူသော အကြောင်းကြောင့် စွဲလမ်းခြင်း 'ဥပါဒါန်' ဖြစ်ရ၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်ပေါ်လေ၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရားရှိသော် တပ်မက်ခြင်း 'တဏှာ' ဖြစ်ရသနည်း၊ အဘယ်အကြောင်းကြောင့် တပ်မက်ခြင်း 'တဏှာ' ဖြစ်ရသနည်း'' ဟူသော အကြံသည်ဖြစ်ပြန်၏။

ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား နည်းလမ်းမှန်စွာ နှလုံးသွင်းခြင်းကြောင့် ''ခံစားခြင်း 'ဝေဒနာ' ရှိသော် တပ်မက်ခြင်း 'တဏှာ' ဖြစ်ရ၏၊ ခံစားခြင်း 'ဝေဒနာ' ဟူသော အကြောင်းကြောင့်တပ်မက်ခြင်း 'တဏှာ' ဖြစ်ရ၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်ပေါ်လေ၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရားရှိသော် ခံစားခြင်း 'ဝေဒနာ' ဖြစ်ရသနည်း၊ အဘယ်အကြောင်းကြောင့် ခံစားခြင်း 'ဝေဒနာ' ဖြစ်ရသနည်း'' ဟူသော အကြံသည် ဖြစ်ပြန်၏။

ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား နည်းလမ်းမှန်စွာ နှလုံးသွင်းခြင်းကြောင့် တွေ့ထိခြင်း 'ဖဿ' ရှိသော် ခံစားခြင်း 'ဝေဒနာ' ဖြစ်ရ၏၊ တွေ့ထိခြင်း 'ဖဿ' ဟူသော အကြောင်းကြောင့် ခံစားခြင်း 'ဝေဒနာ' ဖြစ်ရ၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်ပေါ်လေ၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရားရှိသော် တွေ့ထိခြင်း 'ဖဿ' ဖြစ်ရသနည်း၊ အဘယ်အကြောင်းကြောင့် တွေ့ထိခြင်း 'ဖဿ' ဖြစ်ရသနည်း'' ဟူသော အကြံသည် ဖြစ်ပြန်၏။

ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား နည်းလမ်းမှန်စွာ နှလုံးသွင်းခြင်းကြောင့် ''စိတ်ဖြစ့်ရာဌာန 'အာယတန' ခြောက်မျိုးရှိသော် တွေ့ထိခြင်း 'ဖဿ' ဖြစ်ရ၏၊ စိတ်ဖြစ်ရာဌာန 'အာယတန' ခြောက် မျိုးဟူသော အကြောင်းကြောင့် တွေ့ထိခြင်း 'ဖဿ' ဖြစ်ရ၏''ဟု ပညာဖြင့် ထိုးထွင်း၍သိခြင်းသည် ဖြစ် ပေါ်လေ၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရားရှိသော် စိတ်ဖြစ်ရာဌာန 'အာယတန' ခြောက်မျိုး ဖြစ်ရသနည်း၊ အဘယ်အကြောင်းကြောင့် စိတ်ဖြစ်ရာဌာန 'အာယတန' ခြောက်မျိုးဖြစ်ရသနည်း'' ဟူသော အကြံသည် ဖြစ်ပြန်၏။

ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား နည်းလမ်းမှန်စွာ နှလုံးသွင်းခြင်းကြောင့် ''နာမ်ရုပ်ရှိသော် စိတ်ဖြစ်ရာဌာန 'အာယတန' ခြောက်မျိုးဖြစ်ရ၏၊ နာမ်ရုပ်ဟူသော အကြောင်းကြောင့် စိတ်ဖြစ်ရာဌာန 'အာယတန' ခြောက်မျိုးဖြစ်ရ၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်ပေါ်လေ၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရားရှိသော် နာမ်ရုပ် ဖြစ်ရသနည်း၊ အဘယ်အကြောင်းကြောင့် နာမ် ရုပ်ဖြစ်ရသနည်း'' ဟူသော အကြံသည် ဖြစ်ပြန်၏။

ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား နည်းလမ်းမှန်စွာ နှလုံးသွင်းခြင်းကြောင့် ''ဝိညာဉ်ရှိသော် နာမ်ရုပ် ဖြစ်ရ၏၊ ဝိညာဉ်ဟူသော အကြောင်းကြောင့် နာမ်ရုပ်ဖြစ်ရ၏''ဟု ပညာဖြင့် ထိုးထွင်း၍သိခြင်းသည် ဖြစ်ပေါ်လေ၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရားရှိသော် ဝိညာဉ်ဖြစ်ရသနည်း၊ အဘယ်အကြောင်းကြောင့် ဝိညာဉ်ဖြစ်ရသနည်း'' ဟူသော အကြံသည် ဖြစ်ပြန်၏။

ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား နည်းလမ်းမှန်စွာ နှလုံးသွင်းခြင်းကြောင့် ''နာမ်ရုပ်ရှိသော် ဝိညာဉ်ဖြစ်ရ၏၊ နာမ်ရုပ်ဟူသော အကြောင်းကြောင့် ဝိညာဉ်ဖြစ်ရ၏''ဟု ပညာဖြင့် ထိုးထွင်း၍သိခြင်းသည် ဖြစ်ပေါ်လေ၏။

၅၈။ ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ဤသို့သော အကြံသည် ဖြစ်၏-

''ဤဝိညာဉ်သည် (အကြောင်းသင်္ခါရဆီသို့ မသွားဘဲ) ပြန်လှည့်လာ၏၊ နာမ်ရုပ်မှ တစ်ပါးသော အကြောင်းဆီသို့ မသွား။ ဤမျှသော အကြောင်းဆက်ဖြင့် ဖြစ်လည်း ဖြစ်ပေါ်ရ၏၊ အိုလည်း အိုရ၏၊ သေလည်း သေရ၏၊ (အဖန်ဖန်) စုတေလည်း စုတေရ၏၊ (အဖန်ဖန်) ဖြစ်လည်း ဖြစ်ပေါ်ရ၏၊ နာမ်ရုပ်ဟူသောအကြောင်းကြောင့် ဝိညာဉ်၊ ဝိညာဉ်ဟူသော အကြောင်းကြောင့် နာမ်ရုပ် နာမ်ရုပ် ဟူသောအကြောင်းကြောင့် စိတ်ဖြစ်ရာဌာန 'အာယတန' ခြောက်မျိုး၊ စိတ်ဖြစ်ရာဌာန 'အာယတန' ခြောက်မျိုးဟူသောအကြောင်းကြောင့် တွေ့ထိခြင်း 'ဖဿ' ၊ တွေ့ထိခြင်း 'ဖဿ' ဟူသော အကြောင်းကြောင့်ခံစားခြင်း 'ဝေဒနာ' ၊ ခံစားခြင်း 'ဝေဒနာ' ဟူသောအကြောင်းကြောင့် တပ်မက်ခြင်း 'တဏှာ' ၊ တပ်မက်ခြင်း 'တဏှာ' ဟူသော အ ကြောင်းကြောင့် စွဲလမ်းခြင်း 'ဥပါဒါန်' ၊ စွဲလမ်းခြင်း 'ဥပါဒါန်' ဟူသောအကြောင်းကြောင့် ဖြစ်ကြောင်းကံ 'ဘဝ' ၊ ဖြစ်ကြောင်းကံ 'ဘဝ' ဟူသော အကြောင်းကြောင့်ဖြစ်ခြင်း 'ဇာတိ' ၊ ဖြစ်ခြင်း 'ဇာတိ' ဟူသော အ ကြောင်းကြောင့် အိုခြင်း သေခြင်း ပူဆွေးခြင်းငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ ဖြစ်ကုန်၏။ ဤနည်းဖြင့်ဤဆင်းရဲအစု သက်သက်၏ ဖြစ်ပေါ်ခြင်းသည် ဖြစ်၏''ဟု (အကြံဖြစ်၏)။

၅၉။ ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ရှေ့၌ မကြားဖူးကုန်သော တရားတို့၌ဖြစ်ပေါ်သည် ဖြစ်ပေါ်သည်''ဟု (သိမြင်သော) မျက်စိသည် ထင်ရှားဖြစ်၏၊ ဉာဏ်သည် ထင်ရှားဖြစ်၏၊ ပညာသည် ထင်ရှားဖြစ်၏၊ ဝိဇ္ဇာသည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။

၆၀။ ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရားမရှိသော် အိုခြင်း သေခြင်းမဖြစ်သနည်း၊ အဘယ်တရားချုပ်ခြင်းကြောင့် အိုခြင်း သေခြင်း ချုပ်သနည်း'' ဟူသော အကြံသည် ဖြစ်၏။

ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား နည်းလမ်းမှန်စွာ နှလုံးသွင်းခြင်းကြောင့် ''ဖြစ်ခြင်း့ 'ဇာတိ' မရှိသော် အိုခြင်း သေခြင်း မဖြစ်၊ ဖြစ်ခြင်း 'ဇာတိ' ချုပ်ခြင်းကြောင့် အိုခြင်း သေခြင်း ချုပ်၏''ဟုပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်ပေါ်လေ၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရားမရှိသော် ဖြစ်ခြင်း 'ဇာတိ' မဖြစ်သနည်း၊ အဘယ်တရားချုပ်ခြင်းကြောင့် ဖြစ်ခြင်း 'ဇာတိ' ချုပ်သနည်း'' ဟူသော အကြံသည် ဖြစ်ပြန်၏။

ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား နည်းလမ်းမှန်စွာ နှလုံးသွင်းခြင်းကြောင့် ''ဖြစ်ကြောင်းကံ 'ဘဝ' မရှိသော် ဖြစ်ခြင်း 'ဇာတိ' မဖြစ်၊ ဖြစ်ကြောင်းကံ 'ဘဝ' ချုပ်ခြင်းကြောင့်ဖြစ်ခြင်း 'ဇာတိ' ချုပ်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်ပေါ်၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရားမရှိသော် ဖြစ်ကြောင်းကံ 'ဘဝ' မဖြစ်သနည်း၊ အဘယ်တရားချုပ်ခြင်းကြောင့် ဖြစ်ကြောင်းကံ 'ဘဝ' ချုပ်သနည်း'' ဟူသော အကြံသည် ဖြစ်ပြန်၏။

ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား နည်းလမ်းမှန်စွာ နှလုံးသွင်းခြင်းကြောင့် ''စွဲလမ်းခြင်း 'ဥပါဒါန်' မရှိသော် ဖြစ်ကြောင်းကံ 'ဘဝ' မဖြစ်၊ စွဲလမ်းခြင်း 'ဥပါဒါန်' ချုပ်ခြင်းကြောင့် ဖြစ်ကြောင်းကံ 'ဘဝ' ချုပ်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်ပေါ်လေ၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရားမရှိသော် စွဲလမ်းခြင်း 'ဥပါဒါန်' မဖြစ်သနည်း၊ အဘယ်တရားချုပ်ခြင်းကြောင့် စွဲလမ်းခြင်း 'ဥပါဒါန်' ချုပ်သနည်း'' ဟူသော အကြံသည်ဖြစ် ပြန်၏။

ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား နည်းလမ်းမှန်စွာ နှလုံးသွင်းခြင်းကြောင့် ''တပ်မက်ခြင်း 'တဏှာ' မရှိသော် စွဲလမ်းခြင်း 'ဥပါဒါန်' မဖြစ်၊ တပ်မက်ခြင်း 'တဏှာ' ချုပ်ခြင်းကြောင့် စွဲလမ်းခြင်း 'ဥပါဒါန်' ချုပ်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်ပေါ်လေ၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရားမရှိသော် တပ်မက်ခြင်း 'တဏှာ' မဖြစ်သနည်း၊ အဘယ်တရားချုပ်ခြင်းကြောင့် တပ်မက်ခြင်း 'တဏှာ' ချုပ်သနည်း'' ဟူသော အကြံသည်ဖြစ်ပြန်၏။

ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား နည်းလမ်းမှန်စွာ နှလုံးသွင်းခြင်းကြောင့် ''ခံစားခြင်း 'ဝေဒနာ' မရှိသော် တပ်မက်ခြင်း 'တဏှာ' မဖြစ်၊ ခံစားခြင်း 'ဝေဒနာ' ချုပ်ခြင်းကြောင့် တပ်မက်ခြင်း 'တဏှာ' ချုပ်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်ပေါ်လေ၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရားမရှိသော် ခံစားခြင်း 'ဝေဒနာ' မဖြစ်သနည်း၊ အဘယ်တရားချုပ်ခြင်းကြောင့် ခံစားခြင်း 'ဝေဒနာ' ချုပ်သနည်း'' ဟူသော အကြံသည် ဖြစ်ပြန်၏။

ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား နည်းလမ်းမှန်စွာ နှလုံးသွင်းခြင်းကြောင့် ''တွေ့ထိခြင်း 'ဖဿ' မရှိသော် ခံစားခြင်း 'ဝေဒနာ' မဖြစ်၊ တွေ့ထိခြင်း 'ဖဿ' ချုပ်ခြင်းကြောင့် ခံစားခြင်း 'ဝေဒနာ' ချုပ်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်ပေါ်လေ၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရားမရှိသော် တွေ့ထိခြင်း 'ဖဿ' မဖြစ်သနည်း၊ အဘယ်တရားချုပ်ခြင်းကြောင့် တွေ့ထိခြင်း 'ဖဿ' ချုပ်သနည်း'' ဟူသော အကြံသည် ဖြစ်ပြန်၏။

ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား နည်းလမ်းမှန်စွာ နှလုံးသွင်းခြင်းကြောင့် ''စိတ်ဖြစ်ရာဌာန 'အာယတန' ခြောက်မျိုးမရှိသော် တွေ့ထိခြင်း 'ဖဿ' မဖြစ်၊ စိတ်ဖြစ်ရာဌာန 'အာယတန' ခြောက်မျိုးချုပ်ခြင်းကြောင့် တွေ့ထိခြင်း 'ဖဿ' ချုပ်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည်ဖြစ်ပေါ်လေ ၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရားမရှိသော် စိတ်ဖြစ်ရာဌာန 'အာယတန' ခြောက်မျိုးမဖြစ်သနည်း၊ အဘယ်တရားချုပ်ခြင်းကြောင့်စိတ်ဖြစ်ရာဌာန 'အာယတန' ခြောက်မျိုး ချုပ်သနည်း'' ဟူသော အကြံသည် ဖြစ်ပြန်၏။

ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား နည်းလမ်းမှန်စွာ နှလုံးသွင်းခြင်းကြောင့် ''နာမ်ရုပ်မရှိသော် စိတ်ဖြစ်ရာဌာန 'အာယတန' ခြောက်မျိုးမဖြစ်၊ နာမ်ရုပ်ချုပ်ခြင်းကြောင့် စိတ်ဖြစ်ရာဌာန 'အာယတန' ခြောက်မျိုး ချုပ်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည် ဖြစ်ပေါ်လေ၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရားမရှိသော် နာမ် ရုပ်မဖြစ်သနည်း၊ အဘယ်တရား ချုပ်ခြင်းကြောင့် နာမ်ရုပ်ချုပ်သနည်း'' ဟူသော အကြံသည် ဖြစ်ပြန်၏။

ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား နည်းလမ်းမှန်စွာ နှလုံးသွင်းခြင်းကြောင့် ''ဝိညာဉ်မရှိသော် နာမ်ရုပ်မဖြစ်၊ ဝိညာဉ်ချုပ်ခြင်းကြောင့် နာမ် ရုပ်ချုပ်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည်ဖြစ်ပေါ်လေ၏။

ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ''အဘယ်တရားမရှိသော် ဝိညာဉ်မဖြစ်သနည်း၊ အဘယ်တရား ချုပ်ခြင်းကြောင့် ဝိညာဉ် ချုပ်သနည်း'' ဟူသော အကြံသည် ဖြစ်ပြန်၏။

ရဟန်းတို့ ထိုအခါ ဝိပဿီဘုရားလောင်းအား နည်းလမ်းမှန်စွာ နှလုံးသွင်းခြင်းကြောင့် ''နာမ်ရုပ်မရှိသော် ဝိညာဉ်မဖြစ်၊ နာမ် ရုပ်ချုပ်ခြင်းကြောင့် ဝိညာဉ်ချုပ်၏''ဟု ပညာဖြင့် ထိုးထွင်း၍ သိခြင်းသည်ဖြစ်ပေါ်လေ၏။

၆၁။ ရဟန်းတို့ ထို့နောက် ဝိပဿီဘုရားလောင်းအား ဤသို့သော အကြံသည် ဖြစ်၏-

''သစ္စာလေးပါးကို ကောင်းစွာ သိရန် ဤလမ်းစဉ်ကို ငါရပြီ၊ နာမ် ရုပ်ချုပ်ခြင်းကြောင့် ဝိညာဉ် ချုပ်၏၊ ဝိညာဉ်ချုပ်ခြင်းကြောင့် နာမ် ရုပ်ချုပ်၏၊ နာမ် ရုပ်ချုပ်ခြင်းကြောင့် စိတ်ဖြစ် ရာဌာန 'အာယတန' ခြောက်မျိုး ချုပ်၏၊ စိတ်ဖြစ်ရာဌာန 'အာယတန' ခြောက်မျိုး ချုပ်ခြင်းကြောင့် တွေ့ထိခြင်း 'ဖဿ' ချုပ်၏၊ တွေ့ထိခြင်း 'ဖဿ' ချုပ်ခြင်းကြောင့် ခံစားခြင်း 'ဝေဒနာ' ချုပ်၏၊ ခံစားခြင်း 'ဝေဒနာ' ချုပ်ခြင်းကြောင့် တပ်မက်ခြင်း 'တဏှာ' ချုပ်၏၊ တပ်မက်ခြင်း 'တဏှာ' ချုပ်ခြင်းကြောင့် စွဲလမ်းခြင်း 'ဥပါဒါန်' ချုပ်၏၊ စွဲလမ်းခြင်း 'ဥပါဒါန်' ချုပ်ခြင်းကြောင့် ဖြစ်ကြောင်းကံ 'ဘဝ' ချုပ်၏၊ ဖြစ်ကြောင်းကံ 'ဘဝ' ချုပ်ခြင်းကြောင့် ဖြစ်ခြင်း 'ဇာတိ' ချုပ်၏၊ ဖြစ်ခြင်း 'ဇာတိ' ချုပ်ခြင်းကြောင့် အိုခြင်း သေခြင်းပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ ချုပ်ကုန်၏၊ ဤနည်းဖြင့် ဤဆင်းရဲ အစုသက်သက်၏ ချုပ်ခြင်းသည် ဖြစ်၏''ဟု (အကြံဖြစ်၏)။

၆၂။ ရဟန်းတို့ ဝိပဿီဘုရားလောင်းအား ရှေး၌ မကြားဖူးကုန်သော တရားတို့၌ ''ချုပ်သည်ချုပ်သည်''ဟု သိမြင်သော မျက်စိသည် ထင်ရှားဖြစ်၏၊ ဉာဏ်သည် ထင်ရှားဖြစ်၏၊ ပညာသည် ထင်ရှားဖြစ်၏၊ ဝိဇ္ဇာသည် ထင်ရှားဖြစ်၏၊ အလင်းရောင်သည် ထင်ရှားဖြစ်၏။

၆၃။ ရဟန်းတို့ ထိုအခါ နောက်ပိုင်းအချိန်၌ ဝိပဿီဘုရားလောင်းသည် စွဲလမ်းရာဖြစ်သောဥပါဒါနက္ခန္ဒာငါးပါးတို့၌ အဖြစ်အပျက်ကို ရှုလျက်နေ၏-

''ဤကား ရုပ်၊ ဤကား ရုပ်၏ ဖြစ်ခြင်း၊ ဤကား ရုပ်၏ ချုပ်ခြင်း၊ ဤကား ခံစားခြင်း 'ဝေဒနာ' ၊ ဤကား ခံစားခြင်း 'ဝေဒနာ' ၏ ဖြစ်ခြင်း၊ ဤကား ခံစားခြင်း 'ဝေဒနာ' ၏ ချုပ်ခြင်း၊ ဤကားမှတ်သားခြင်း 'သညာ' ၊ ဤကား မှတ်သားခြင်း 'သညာ' ၏ ဖြစ်ခြင်း၊ ဤကား မှတ်သားခြင်း 'သညာ' ၏ ချုပ်ခြင်း၊ ဤသည်တို့ကား ပြုပြင်ခြင်း 'သင်္ခါရ' ၊ ဤကား ပြုပြင်ခြင်း 'သင်္ခါရ' တို့၏ ဖြစ်ခြင်း၊ ဤကား ပြုပြင်ခြင်း 'သင်္ခါရ' တို့၏ ချုပ်ခြင်း၊ ဤကား ဝိညာဉ်၊ ဤကား ဝိညာဉ်၏ ဖြစ်ခြင်း၊ ဤကားဝိညာဉ်၏ ချုပ်ခြင်းတည်း''ဟု ရှုလျက်နေ၏။

စွဲလမ်းရာဖြစ်သော ဥပါဒါနက္ခန္ဒာငါးပါးတို့၌ အဖြစ် အပျက်ကို ရှုလျက်နေသော ထို (ဝိပဿီဘုရား့လောင်း) ၏ စိတ်သည် မစွဲလမ်းမူ၍ မကြာမီပင် အာသဝေါတရားတို့မှ လွတ်မြောက်တော်မူလေ၏။

ဒုတိယအခန်း ပြီး၏။

------

ဗြဟ္မာတောင်းပန်ခြင်း

၆၄။ ရဟန်းတို့ ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဝိပဿီ မြတ်စွာဘုရားအား ''ငါသည် တရားဟောရမူ ကောင်းလေစွ'' ဟူသောအကြံ သည် ဖြစ်၏။

ရဟန်းတို့ ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ဝိပဿီမြတ်စွာဘုရားအား ဤသို့သော အကြံသည် ဖြစ်ပြန်၏-

''ငါသိထားသော ဤတရားကား နက်နဲ၏၊ မြင်နိုင်ခဲ၏၊ သိနိုင်ခဲ၏၊ ငြိမ်းအေး၏၊ မွန်မြတ်၏၊ သိမ်မွေ့၏၊ ကြံစည်ခြင်းဖြင့် မရောက်နိုင်သော ပညာရှိတို့သာ သိနိုင်သော တရားပေတည်း၊ ဤသတ္တဝါများကား တွယ်တာမှုတို့၌ မွေ့လျော်ကုန်၏၊ တွယ်တာမှုတို့၌ ပျော်ပိုက်ကုန်၏၊ တွယ်တာမှု တို့၌အလွန်နှစ်ခြိုက်ကုန်၏။ တွယ်တာမှုတို့၌ မွေ့လျော်ပျော်ပိုက် အလွန်နှစ်ခြိုက်နေကြသောဤသတ္တဝါများသည် အကျိုးတရားတို့၏ အကြောင်းဖြစ်သော ဤပဋိစ္စသမုပ္ပါဒ်တရားကို မြင်နိုင်ခဲ၏၊ ပြုပြင်မှုအားလုံး၏ ငြိမ်းရာ ဥပဓိအားလုံးကို ပယ်စွန့်ရာ တဏှာ၏ကုန်ရာ ရာဂ၏ကင်းရာ ချုပ်ရာ ငြိမ်းရာဖြစ်သော ဤ (နိဗ္ဗာန်) တရားကိုလည်း မြင်နိုင်ခဲ၏၊ ယင်းသို့ဖြစ်၍ ငါသည် တရား ကိုဟောသော်လည်း သူတစ်ပါးတို့သည် ငါ၏ (တရားကို) မသိနားမလည်ကုန်ငြားအံ့၊ ထို (တရားဟောမှု) သည် ငါ့အား ပင်ပန်းရုံသာ ဖြစ်ရာ၏၊ ငါ့ကို ညှဉ်းဆဲရုံသာ ဖြစ်ရာ၏''ဟု (အကြံ ဖြစ်ပြန် ၏)။

၆၅။ ရဟန်းတို့ ထို့ပြင် အလွန်အံ့ဖွယ်ကောင်းကုန်သော ဤဂါထာတို့သည်လည်း ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားအား ရှေးကမကြားဖူးဘဲ စိတ်ထဲ၌ ထင်ပေါ်လာပြန်ကုန်၏-

''ငါသည် ခဲယဉ်းစွာ ကျင့်သဖြင့် ရထားသော တရားကို ယခုအခါ ဟောပြခြင်းငှါ မသင့်လျော်ချေ၊ ရာဂဒေါသ လွှမ်းမိုးနေသော သူတို့သည် ဤတရားကို လွယ်ကူစွာ သိနိုင်ကြမည် မဟုတ်ချေ။ ''အဝိဇ္ဇာမှောင်ထုဖြင့် ဖုံးလွှမ်းလျက် ရာဂဖြင့် တပ်စွဲနေသော သူတို့သည် သိမ်မွေ့ နက်နဲ၍အဏုမြူသဖွယ် မြင်နိုင်ခဲသော (သံသရာ့) အဆန်တရားကို မြင်ကြမည် မဟုတ်ချေ''ဟု (ထင်ပေါ်လာပြန်ကုန်၏)။

ရဟန်းတို့ ဤသို့ ဆင်ခြင်တော်မူစဉ် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရား၏ စိတ်နှလုံးတော်သည် တရားဟောရန်ညွတ်တော်မမူဘဲကြောင့်ကြမဲ့နေရန် ညွတ်တော်မူလေ၏။

၆၆။ ရဟန်းတို့ ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရား၏ စိတ်အကြံကို (မိမိ) စိတ်ဖြင့် သိ၍ တစ်ဦးသောဗြဟ္မာကြီးအား ဤသို့သော အကြံသည် ဖြစ်၏-

''အချင်းတို့ လောကသည် ပျက်စီးတော့မည်တကား၊ အချင်းတို့ လောကသည် ပျက်စီးတော့မည်တကား၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ဝိပဿီမြတ်စွာဘုရား၏ စိတ်နှလုံးတော်သည် တရားဟောရန် ညွတ်တော်မမူဘဲကြောင့်ကြမဲ့နေရန် ညွတ်တော်မူတုံဘိ၏''ဟု (အကြံဖြစ်၏)။

ရဟန်းတို့ ထိုအခါ ခွန်အားရှိသော ယောက်ျားသည် ကွေးထားသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ထိုဗြဟ္မာကြီးသည့်ဗြဟ္မာ့ဘုံမှ ကွယ်ခဲ့ပြီးလျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူ သော ဝိပဿီမြတ်စွာဘုရား၏ ရှေ့တော်၌ ထင်ရှားပေါ်လာ၏၊ ရဟန်းတို့ထိုအခါ ထိုဗြဟ္မာကြီးသည် အပေါ်ရုံကို ပခုံးတစ်ဖက်၌ တင်၍ လကျ်ာဒူးကို မြေ၌ ထောက်လျက်ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောဝိပဿီ မြတ်စွာဘုရားဆီသို့ လက်အုပ်ချီပြီး လျှင် ဤစကားကို လျှောက်၏ -

''မြတ်စွာဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် တရားဟောတော်မူပါလော့၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် တရားဟောတော်မူပါလော့၊ (ပညာ) မျက်စိ၌ (ကိလေသာ) မြူနည်းပါးသော သတ္တဝါတို့သည် ရှိပါကုန်၏၊ (ထိုသတ္တဝါတို့သည်) တရား ကိုမနာရသောကြောင့် ဆုံးရှုံးနေပါကုန်၏၊ တရားကို သိသူတို့သည် ရှိပါကုန်လတ္တံ့''ဟု (လျှောက် ၏)။

၆၇။ ရဟန်းတို့ ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားသည် ထိုဗြဟ္မာကြီးအား ဤသို့ မိန့်ဆိုတော်မူ၏-

''ဗြဟ္မာ ငါသည် တရားဟောရပါမူ ကောင်းလေစွ ဟူသော အကြံသည် ငါ့အားလည်း ဖြစ်၏၊ ဗြဟ္မာထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ပြန်၏-

'ငါသိထားသော ဤတရားကား နက်နဲ၏၊ မြင်နိုင်ခဲ၏၊ သိနိုင်ခဲ၏၊ ငြိမ်းအေး၏၊ မွန်မြတ်၏၊ သိမ်မွေ့၏၊ ကြံစည်ခြင်းဖြင့် မရောက်နိုင်သော ပညာရှိတို့သာ သိနိုင်သော တရားပေတည်း၊ ဤသတ္တဝါများကား တွယ်တာမှုတို့၌ မွေ့လျော်ကုန်၏၊ တွယ်တာမှုတို့၌ ပျော်ပိုက်ကုန်၏၊ တွယ်တာ မှုတို့၌အလွန်နှစ်ခြိုက်နေကုန်၏၊ တွယ်တာမှုတို့၌ မွေ့လျော်ပျော်ပိုက် အလွန်နှစ်ခြိုက်နေကြသောဤသတ္တဝါများသည် အကျိုးတရားတို့၏ အကြောင်းဖြစ်သော ဤပဋိစ္စသမုပ္ပါဒ်တရားကိုလည်း မြင်နိုင်ခဲ၏၊ ပြုပြင်မှုအားလုံး၏ ငြိမ်းရာ ဥပဓိအားလုံးကို ပယ်စွန့်ရာ တဏှာ၏ကုန်ရာ ရာဂ၏ ကင်းရာချုပ်ရာ ငြိမ်းရာဖြစ်သော ဤ (နိဗ္ဗာန်) တရားကိုလည်း မြင်နိုင်ခဲ၏၊ ယင်းသို့ဖြစ်၍ ငါသည် တရား ကိုဟောသော်လည်း သူတစ်ပါးတို့သည် ငါ၏ (တရားကို) မသိ နားမလည်ကုန်ငြားအံ့၊ ထို (တရားဟောမှု) သည် ငါ့အား ပင်ပန်းရုံသာ ဖြစ်ရာ၏၊ ငါ့ကို ညှဉ်းဆဲရုံသာ ဖြစ်ရာ၏'ဟု (အကြံဖြစ်ပြန်၏)။

ဗြဟ္မာ ထို့ပြင် အလွန်အံ့ဖွယ်ကောင်းကုန်သော ဤဂါထာတို့သည်လည်း ငါ့အား ရှေးကမကြားဖူးဘဲ (စိတ်ထဲ၌) ထင်ပေါ်လာပြန်ကုန်၏-

'ငါသည် ခဲယဉ်းစွာ ကျင့်သဖြင့် ရထားသော တရားကို ယခုအခါ ဟောပြခြင်းငှါ မသင့်လျော်ချေ၊ ရာဂဒေါသ လွှမ်းမိုးနေသော သူတို့သည် ဤတရားကို လွယ်ကူစွာ သိနိုင်ကြမည်မဟုတ်ချေ။ အဝိဇ္ဇာမှောင်ထုဖြင့် ဖုံးလွှမ်းလျက် ရာဂဖြင့် တပ်စွဲနေသော သူတို့သည် သိမ်မွေ့နက်နဲ၍ အဏုမြူသဖွယ်မြင်နိုင်ခဲသော (သံသရာ့) အဆန်တရားကို မြင်ကြမည် မဟုတ်ချေ'ဟု (ထင်ပေါ်လာပြန်ကုန်၏)။

ဗြဟ္မာ ဤသို့ ဆင်ခြင်စဉ် ငါ၏ စိတ်နှလုံးသည် တရားဟောရန် မညွတ်ဘဲကြောင့်ကြမဲ့နေရန်ညွတ်ခဲ့၏''ဟု (မိန့်ဆိုတော်မူ၏)။

၆၈။ ရဟန်းတို့ နှစ်ကြိမ်မြောက်လည်း ထိုဗြဟ္မာကြီးသည်။ပ။ ရဟန်းတို့ သုံးကြိမ်မြောက်လည်းထိုဗြဟ္မာကြီးသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ဝိပဿီမြတ်စွာဘုရားအား ဤစကားကို လျှောက်ပြန်၏-

''မြတ်စွာဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် တရားဟောတော်မူပါလော့၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် တရားဟောတော်မူပါလော့၊ (ပညာ) မျက်စိ၌ (ကိလေသာ) မြူနည်းပါးသော သတ္တဝါတို့သည် ရှိပါကုန်၏၊ (ထိုသတ္တဝါတို့သည်) တရား ကိုမနာရသောကြောင့် ဆုံးရှုံးနေပါကုန်၏၊ တရားကို သိသူတို့သည် ရှိပါကုန်လတ္တံ့''ဟု (လျှောက် ပြန်၏)။

၆၉။ ရဟန်းတို့ ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားသည် ဗြဟ္မာ၏ တောင်းပန်ခြင်းကို အသိ အမှတ်ပြုပြီးလျှင် သတ္တဝါတို့၌ သနားခြင်းကိုလည်း အကြောင်းပြု၍ ဘုရားမျက်စိ 'ဗုဒ္ဓစက္ခု'ဖြင့် လောကကို ကြည့်တော်မူ၏၊ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားသည် ဘုရားမျက်စိ 'ဗုဒ္ဓစက္ခု' ဖြင့် လောကကို ကြည့်တော်မူလတ်သော် (ပညာ) မျက်စိ၌ (ကိလေသာ) မြူ နည်းပါးကုန်သော, (ပညာ) မျက်စိ၌ (ကိလေသာ) မြူများပြားကုန်သော၊ ရင့်သော ဣန္ဒြေရှိကုန်သော, နုသော ဣန္ဒြေရှိကုန်သော၊ ကောင်းသော အခြင်းအရာရှိကုန်သော, မကောင်းသော အခြင်းအရာရှိကုန်သော၊ သိစေနိုင်လွယ်ကုန်သော, သိစေနိုင်ခဲကုန်သော၊ တမလွန်လောကနှင့် (တမလွန်လောကသို့ ရောက်စေတတ်သော ကိလေသဝဋ်, ကမ္မဝဋ်ဟူသော) အပြစ်တို့ကို ဘေးဟု ရှုလေ့ရှိကုန်သော, တမလွန်လောကနှင့် (တမလွန်လောကသို့ ရောက်စေတတ်သောကိလေသဝဋ်, ကမ္မဝဋ်ဟူသော) အပြစ်တို့ကို ဘေးဟုရှုလေ့မရှိကုန်သော သတ္တဝါအချို့တို့ကို မြင်တော်မူ၏။ ဥပမာသော်ကား ဥပ္ပလကြာတော၌လည်းကောင်း ပဒုမ္မာကြာတော၌လည်းကောင်း ပုဏ္ဍရိက်ကြာတော၌ လည်းကောင်း အချို့သော ဥပ္ပလကြာ ပဒုမ္မာကြာ ပုဏ္ဍရိက်ကြာတို့သည် ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီးပွါးကုန်၏၊ ရေမှ မပေါ်ထွက်သေးကုန်၊ ရေထဲ၌ မြုပ်၍ ဖွံ့ပြိုးကုန်၏၊ အချို့သော ဥပ္ပလကြာပဒုမ္မာကြာ ပုဏ္ဍရိက်ကြာတို့သည် ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီးပွါးကုန်၏၊ ရေနှင့် အညီ တည်ကုန်၏၊ အချို့သော ဥပ္ပလကြာ ပဒုမ္မာကြာ ပုဏ္ဍရိက်ကြာတို့သည် ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီးပွါးကုန်၏၊ ရေပေါ်သို့ တက်၍ တည်ကုန်၏၊ ရေနှင့် မလိမ်းကပ်ကုန်။ ရဟန်းတို့ ဤအတူ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားသည်ဘုရားမျက်စိ 'ဗုဒ္ဓစက္ခု' ဖြင့် လောကကို ကြည့်တော်မူလတ်သော် (ပညာ) မျက်စိ၌ (ကိလေသာ) မြူ နည်းပါး ကုန်သော, (ပညာ) မျက်စိ၌ (ကိလေသာ) မြူများပြားကုန်သော၊ ရင့်သောဣန္ဒြေရှိကုန်သော, နုသော ဣန္ဒြေရှိကုန်သော၊ ကောင်းသောအခြင်းအရာရှိကုန်သော, မကောင်းသောအခြင်းအရာရှိကုန်သော၊ သိစေ နိုင်လွယ်ကုန်သော, သိစေနိုင်ခဲကုန်သော၊ တမလွန်လောကနှင့် (တမလွန်လောကသို့ ရောက်စေတတ်သော ကိလေသဝဋ် ကမ္မဝဋ်ဟူသော) အပြစ်တို့ကိုဘေးဟုရှုလေ့ရှိကုန်သော တမလွန်လောကနှင့် (တမလွန် လောကသို့ ရောက်စေတတ်သောကိလေသဝဋ်, ကမ္မဝဋ်ဟူသော) အပြစ်တို့ကို ဘေးဟု ရှုလေ့မရှိကုန်သော သတ္တဝါ အချို့တို့ကိုမြင်တော်မူ၏။

၇၀။ ရဟန်းတို့ ထိုအခါ ထိုဗြဟ္မာကြီးသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရား၏ စိတ်အကြံကို (မိမိ) စိတ်ဖြင့်သိ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောဝိပဿီမြတ်စွာဘုရားကို ဂါထာတို့ဖြင့် လျှောက်၏-

''ကောင်းမြတ်သော ပညာရှင် ဖြစ်တော်မူသော မြတ်စွာဘုရား၊ ထက်ဝန်းကျင် (မြင်စွမ်းနိုင်သောဉာဏ်) မျက်စိရှိတော်မူသော မြတ်စွာဘုရား၊ ကျောက်ဖြင့် ပြီးသော တောင်ထိပ်၌ ရပ်တည်လျက် ထက်ဝန်းကျင်ရှိလူအပေါင်းကို ကြည့်ရှုသကဲ့သို့ ထို့အတူ စိုးရိမ် ပူဆွေး ကင်းဝေးတော်မူသော အသျှင်ဘုရားသည်ပညာ (ဓမ္မ) ဖြင့်ပြီးသော ပြာသာဒ်ထက်သို့ တက်တော်မူ၍ ပဋိသန္ဓေနေခြင်း အိုခြင်းတို့၏ အနှိပ်စက်ခံနေရသဖြင့် စိုးရိမ်ပူဆွေးခြင်းသို့ သက်ဆင်းကျရောက်နေသော သတ္တဝါအပေါင်းကိုကြည့်ရှုတော်မူပါလော့၊ ရဲရင့်သော လုံ့လ ရှိတော်မူသော မြတ်စွာဘုရား၊ အောင်ပွဲဆင်တော်မူပြီးသောမြတ်စွာဘုရား ထတော်မူပါလော့။ လှည်းမှူးနှင့် တူတော်မူသော မြတ်စွာဘုရား၊ (ကိလေသာ) ကြွေးကင်းဝေးတော်မူသော မြတ်စွာ ဘုရား၊ လောက၌ လှည့်လည်တော်မူပါလော့။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား တရား ဟောတော်မူပါလော့၊ (တရားကို) သိသူတို့သည် ရှိပါကုန်လတ္တံ့''ဟု (လျှောက်၏)။

၇၁။ ရဟန်းတို့ ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားသည် ထိုဗြဟ္မာကြီးကို ဂါထာဖြင့် မိန့်တော်မူ၏-

''ဗြဟ္မာ လေ့လာပြီးသော တရားမြတ်ကို ပင်ပန်းရုံ ရှိမည်ထင်၍ လူတို့အား မဟောဘဲ နေရန်စိတ်ညွတ်ခဲ့ပေ၏၊ (ပညာ) နားနှင့် ပြည့်စုံသော သူတို့အလို့ငှါ နိဗ္ဗာန်တံခါးကို ငါ ဖွင့်ထားပြီ၊ ယုံကြည်ခြင်း (သဒ္ဓါတရား) ကို စေလွှတ်ကြကုန်လော့''ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ ထိုအခါ ထိုဗြဟ္မာကြီးသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားသည် တရားဟောရန် ခွင့်ပြုတော်မူပြီဟု (သိသဖြင့်) ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုပြီးလျှင် ထိုနေရာ၌ပင် ကွယ်သွားလေ၏။

------

၁။ သတ္တဝါတို့၏ ဣန္ဒြေအနုအရင့်ကို သိသော ဣန္ဒြိယပရောပရိယတ္တိဉာဏ်၊ (၂) သတ္တဝါတို့၏ စိတ်ဓာတ်ကိန်းဝပ်ရာ အာသယနှင့် အနုသယကိလေသာတို့ကို သိသော အာသယာနုသယဉာဏ်၊ ဤဉာဏ်နှစ်ပါးကို 'ဗုဒ္ဓစက္ခု'ဟုခေါ်သည်။

၂။ ဥပ္ပလ = ကြာဖြူ-ကြာနီ-ကြာညို။

အဂ္ဂသာဝကအစုံ

၇၂။ ရဟန်းတို့ ထို့နောက် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားအား ''ငါသည် အဘယ်သူ့ကို ရှေးဦးစွာ တရားဟောရပါအံ့နည်း၊ အဘယ်သူသည် ဤတရားကို လျင်မြန်စွာ သိပါအံ့နည်း'' ဟူသော အကြံသည် ဖြစ်၏။

ရဟန်းတို့ ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ဝိပဿီမြတ်စွာဘုရားအား ဤသို့သော အကြံသည် ဖြစ်ပြန်၏-

''ဤခဏ္ဍမည်သော မင်းသားနှင့် တိဿမည်သော ပုရောဟိတ်သားတို့သည် ဗန္ဓုမတီနေပြည်တော်၌ နေကုန်၏၊ ပညာရှိကုန်၏၊ လိမ္မာကုန်၏၊ ထက်မြက်သော ဉာဏ်ရှိကုန်၏၊ ကာလရှည်မြင့်စွာကပင် (ပညာ) မျက်စိ၌ (ကိလေသာ) မြူနည်းပါးနေကုန်၏၊ ငါသည် ခဏ္ဍမည်သော မင်းသားနှင့် တိဿမည်သော ပုရောဟိတ်သားတို့အား တရားကို ရှေးဦးစွာဟောရမူ ကောင်းလေစွ၊ ထိုသူတို့သည် ဤတရားကို လျင်စွာပင် သိကုန်လတ္တံ့''ဟု (အကြံဖြစ်ပြန်၏)။

၇၃။ ရဟန်းတို့ ထိုအခါ ခွန်အားရှိသော ယောက်ျားသည် ကွေးထားသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးထားသကဲ့သို့လည်းကောင်း ဤအတူပင်ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောဝိပဿီ မြတ်စွာဘုရားသည် ဗောဓိပင်ရင်းမှ ကွယ်ခဲ့၍ ဗန္ဓုမတီနေပြည်တော်အနီး ခေမမည်သောမိဂဒါဝုန်တော၌ ထင်ရှားဖြစ်တော်မူ၏။

ရဟန်းတို့ ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ဝိပဿီမြတ်စွာဘုရားသည် တောစောင့်ကို ခေါ်၍ မိန့်တော်မူ၏-

''အချင်းတောစောင့် လာလော့၊ သင်သည် ဗန္ဓုမတီနေပြည်တော်သို့ ဝင်၍ ခဏ္ဍမည်သော မင်းသားနှင့်တိဿမည်သော ပုရောဟိတ်သားတို့အား ဤသို့ ဆိုချေလော့၊ 'အရှင်တို့ ပူဇော် အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဝိပဿီ့မြတ်စွာဘုရားသည် ဗန္ဓုမတီနေပြည်တော်သို့ ဆိုက်ရောက်၍ ခေမမည်သော မိဂဒါဝုန်တော၌ (သီတင်းသုံးနေတော်မူ၏)၊ ထိုမြတ်စွာဘုရားသည် အရှင်တို့ကို တွေ့မြင်လိုပါ၏'ဟု ဆိုချေလော့'' ဟူ၍ (မိန့်တော်မူ၏)။

ရဟန်းတို့ တောစောင့်သည် ''အသျှင်ဘုရား ကောင်းပါပြီ''ဟု ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားအား ဝန်ခံပြီးလျှင်ဗန္ဓုမတီနေပြည်တော်သို့ ဝင်၍ ခဏ္ဍမည်သော မင်းသားနှင့် တိဿမည်သော ပုရောဟိတ်သားတို့အားဤစကားကို ဆို၏-

''အရှင်တို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားသည် ဗန္ဓုမတီနေပြည်တော်သို့ ဆိုက်ရောက်၍ ခေမမည်သောမိဂဒါဝုန်တော၌ (သီတင်းသုံး) နေတော်မူပါ၏၊ ထိုမြတ်စွာဘုရားသည် အရှင်တို့ကို တွေ့မြင်လိုပါ ၏''ဟု (ဆို၏)။

၇၄။ ရဟန်းတို့ ထိုအခါ ခဏ္ဍမည်သော မင်းသားနှင့် တိဿမည်သော ပုရောဟိတ်သားတို့သည်ကောင်းကုန် ကောင်းကုန်သော ယာဉ်တို့ကို ကစေ၍ ကောင်းသော ကောင်းသော ယာဉ်ကို စီးလျက်ကောင်းကုန် ကောင်းကုန်သော ယာဉ်တို့နှင့်တကွ ဗန္ဓုမတီနေပြည်တော်မှ ထွက်ကုန်၍ ခေမမည်သောမိဂဒါဝုန်တောသို့ သွားကုန်၏၊ ယာဉ်ဖြင့် သွားသင့်သမျှအရပ်ကို ယာဉ်ဖြင့် သွား၍ ယာဉ်မှသက်ပြီးသော်ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောဝိပဿီမြတ်စွာဘုရားထံသို့ ခြေကျင်သာလျှင် ချဉ်းကပ်ကုန်၏၊ ချဉ်းကပ်ကုန်ပြီးသော် ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောဝိပဿီမြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်ကုန်၏။

၇၅။ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားသည် ထိုသူတို့အား အစဉ်အတိုင်းသော တရားစကားကို ဟောတော်မူ၏၊ ဤသည် ကားအဘယ်နည်း၊ ဒါနနှင့်စပ်သော စကားကိုလည်းကောင်း သီလနှင့်စပ်သော စကားကိုလည်းကောင်း နတ်ပြည်နှင့်စပ်သော စကားကိုလည်းကောင်း ကာမဂုဏ်တို့၏ အပြစ်ကိုလည်းကောင်း ယုတ်ညံ့ခြင်းကိုလည်းကောင်း ညစ်ညူးခြင်းကိုလည်းကောင်း (ကာမဂုဏ်တို့မှ) ထွက်မြောက်ခြင်း၌ အကျိုးကိုလည်းကောင်း ပြတော်မူ၏။

မြတ်စွာဘုရားသည် ခဏ္ဍမည်သော မင်းသားနှင့် တိဿမည်သော ပုရောဟိတ်သားတို့၌ သင့်လျော်သောစိတ် နူးညံ့သောစိတ် အပိတ်အပင် 'နီဝရဏ' မှ ကင်းသောစိတ် တက်ကြွသောစိတ် ယုံကြည်သောစိတ်ရှိသည်ကို သိတော်မူသောအခါ မြတ်စွာဘုရားတို့၏ ကိုယ်တိုင် ထုတ်ဖော်သိမြင်ပြီးသော 'သာမုက္ကံသိက' တရားဒေသနာတော်ကို ဟောကြားတော်မူလျက် ဆင်းရဲ 'ဒုက္ခ' ကိုလည်းကောင်း ဆင်းရဲဖြစ်ကြောင်း 'သမုဒယ' ကိုလည်းကောင်း ဆင်းရဲချုပ်ရာ 'နိရောဓ' ကိုလည်းကောင်း ဆင်းရဲချုပ်ရာသို့ရောက်ကြောင်းလမ်း စဉ် 'မဂ္ဂ' ကိုလည်းကောင်း ပြတော်မူ၏၊ မည်းညစ်ခြင်းကင်းသော ဖြူစင်သောအဝတ်သည် ဆိုးရည်ကို ကောင်းစွာ ခံယူသကဲ့သို့ ထို့အတူ ခဏ္ဍမည်သော မင်းသားနှင့် တိဿမည်သောပုရောဟိတ်သားတို့အား ထိုနေရာ၌ပင်လျှင် ''ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံသည်ချုပ်ခြင်းသဘော ရှိ၏''ဟု ကိလေသာ မြူအညစ်အကြေးကင်းသော တရားမျက်စိ 'သောတာပတ္တိမဂ်ဉာဏ်' သည် ဖြစ်ပေါ်၏။

၇၆။ ထိုအခါ ခဏ္ဍမည်သော မင်းသားနှင့် တိဿမည်သော ပုရောဟိတ်သားတို့သည် တရားကိုမြင်ပြီးကုန်သည်ဖြစ်၍ တရားသို့ ရောက်ပြီးကုန်သည်ဖြစ်၍ တရားကို သိပြီးကုန်သည်ဖြစ်၍ တရားသို့သက်ဝင်ပြီးကုန်သည်ဖြစ်၍ ယုံမှားခြင်းကို ကူးမြောက်ပြီးကုန်သည်ဖြစ်၍ သို့လော သို့လော (တွေးတော့ခြင်း) ကင်းပြီးကုန်သည်ဖြစ်၍ မြတ်စွာဘုရားသာသနာ၌ ရဲရင့်ခြင်းသို့ ရောက်ပြီးကုန်သည်ဖြစ်၍သူတစ်ပါးကို အားထားယုံကြည်သည် မဟုတ်ဘဲ မိမိကိုယ်တိုင်ပင် သိမြင်ပြီးကုန်သည်ဖြစ်၍ ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏-

''အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဘုရား (တရားတော် သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဘုရား မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်းဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း မျက်စိလည်သောသူအား လမ်းကို ပြောကြားဘိသကဲ့သို့လည်းကောင်း 'မျက်စိရှိသောသူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်'ဟု အမိုက်မှောင်၌ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း (အသျှင်ဘုရား) ဤအတူပင်လျှင် အသျှင်ဘုရားသည် များစွာသောအကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဘုရား အကျွန်ုပ်တို့သည်မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ဆည်းကပ် ပါကုန်၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ အသျှင်ဘုရားအကျွန်ုပ်တို့သည် မြတ်စွာဘုရားအထံ၌ ရှင့်အဖြစ်ကို ရလိုပါကုန်၏၊ ရဟန်းအဖြစ်ကို ရလိုပါကုန်၏''ဟု (လျှောက်ကုန်၏)။

၇၇။ ရဟန်းတို့ ခဏ္ဍမည်သော မင်းသားနှင့် တိဿမည်သော ပုရောဟိတ်သားတို့သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားအထံ၌ ရှင့်အဖြစ်ကို ရလေကုန်၏၊ ရဟန်းအဖြစ်ကို ရလေကုန်၏။

ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောဝိပဿီမြတ်စွာဘုရားသည် ထိုသူတို့အား တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီးလျှင် သင်္ခါရတရားတို့၏ အပြစ်ကိုလည်းကောင်း ယုတ်ညံ့ခြင်းကိုလည်းကောင်း ညစ်ညူးခြင်းကိုလည်းကောင်း နိဗ္ဗာန်၌ အကျိုးကိုလည်းကောင်းပြတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီ မြတ်စွာဘုရားသည် တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေသည်ရှိသော် ထိုသူတို့၏ စိတ်တို့သည် (တစ်စုံတစ်ခုကိုမျှ) မစွဲလမ်းမူ၍ မကြာမီပင် အာသဝေါ (တရား) တို့မှ လွတ်မြောက်လေကုန်၏။

------

လူအပေါင်းတို့ ရဟန်းပြု ကြခြင်း

၇၈။ ရဟန်းတို့ ဗန္ဓုမတီနေပြည်တော်၌ နေကုန်သော ရှစ်သောင်းလေးထောင်သော လူအပေါင်းတို့သည် ဤသို့ ကြားလေကုန်၏-

''ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူ သောဝိပဿီမြတ်စွာဘုရားသည် ဗန္ဓုမတီနေပြည်တော်သို့ ဆိုက်ရောက်၍ ခေမမည်သော မိဂဒါဝုန် တော၌ (သီတင်းသုံး) နေတော်မူသတတ်၊ ခဏ္ဍမည်သော မင်းသားနှင့် တိဿမည်သော ပုရောဟိတ်သားတို့သည်လည်း ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ဝိပဿီမြတ်စွာဘုရား၏ အထံ၌ ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုး အဝတ်တို့ကိုဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ကုန်သတတ်''ဟု (ကြားလေကုန်၏)။

(ထိုသို့) ကြားကုန်၍ ထိုသူတို့အား ဤသို့ အကြံဖြစ်၏-

''ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုး အဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်လျက် ခဏ္ဍမည်သော မင်းသားနှင့် တိဿမည်သော ပုရောဟိတ်သားတို့ ကျင့်သုံးသော ထို တရားနှင့်ဝိနည်းသည် မယုတ်ညံ့သည်သာ စင်စစ် ဖြစ်လတ္တံ့၊ ထိုရဟန်းအဖြစ်သည် စင်စစ် မယုတ်ညံ့သည်သာဖြစ်လတ္တံ့၊ ခဏ္ဍမည်သော မင်းသားနှင့် တိဿမည်သော ပုရောဟိတ်သားတို့ သော်မှ ဆံမုတ်ဆိတ်ကိုပယ်ပြီးလျှင် ဖန်ရည်ဆိုးအဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင် သို့ ဝင်နိုင်ကြကုန်သေး၏၊ ငါတို့ကား အဘယ်မှာ မဝင်နိုင်ဘဲရှိအံ့နည်း''ဟု (အကြံဖြစ်၏)။

ရဟန်းတို့ ထိုအခါ ထိုရှစ်သောင်းလေးထောင်သော လူအပေါင်းတို့သည် ဗန္ဓုမတီနေပြည်တော်မှ ထွက်၍ခေမမည်သော မိဂဒါဝုန်တော၌ (နေတော်မူသော) ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံ သောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်ကုန်၏။

၇၉။ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားသည် ထို (ရှစ်သောင်းလေးထောင်သော လူအပေါင်း) တို့အား အစဉ်အတိုင်းသော တရားစကားကို ဟောတော်မူ၏၊ ဤသည်ကား အဘယ်နည်း၊ ဒါနနှင့်စပ်သော စကားကိုလည်းကောင်း သီလနှင့်စပ်သော စကားကိုလည်းကောင်း နတ်ပြည်နှင့်စပ်သော စကားကိုလည်းကောင်း ကာမဂုဏ်တို့၏ အပြစ်ကိုလည်းကောင်း ယုတ်ညံ့ခြင်းကိုလည်းကောင်း ညစ်ညူးခြင်းကိုလည်းကောင်း (ကာမဂုဏ်တို့မှ) ထွက်မြောက်ခြင်း၌ အကျိုးကိုလည်းကောင်း ပြတော်မူ၏။

မြတ်စွာဘုရားသည် ထိုရှစ်သောင်းလေးထောင်သော လူအပေါင်းတို့၌ သင့်လျော်သောစိတ် နူးညံ့သောစိတ် အပိတ်အပင် 'နီဝရဏ' မှ ကင်းသောစိတ် တက်ကြွသောစိတ် ယုံကြည်သောစိတ် ရှိသည်ကိုသိတော်မူသောအခါ မြတ်စွာဘုရားတို့၏ ကိုယ်တိုင် ထုတ်ဖော်သိမြင်ပြီးသော 'သာမုက္ကံသိက' တရားဒေသနာတော်ကို ဟောကြားတော်မူလျက် ဆင်းရဲ 'ဒုက္ခ' ကိုလည်းကောင်း ဆင်းရဲဖြစ်ကြောင်း 'သမုဒယ' ကို လည်းကောင်း ဆင်းရဲချုပ်ရာ 'နိရောဓ' ကိုလည်းကောင်း ဆင်းရဲချုပ်ရာသို့ရောက်ကြောင်းလမ်းစဉ် 'မဂ္ဂ' ကိုလည်းကောင်း ပြတော်မူ၏၊ မည်းညစ်ခြင်းကင်းသောဖြူစင်သောအဝတ်သည် ဆိုးရည်ကို ကောင်းစွာ ခံယူသကဲ့သို့ ထို့အတူ ထိုရှစ်သောင်းလေးထောင်သောလူအပေါင်းတို့အား ထိုနေရာ၌ပင်လျှင် ''ဖြစ်ခြင်း သဘောရှိသောတရား အလုံးစုံသည်ချုပ်ခြင်းသဘောရှိ၏''ဟု ကိလေသာ မြူအညစ်အကြေး ကင်းသောတရားမျက်စိ 'သောတာပတ္တိမဂ်ဉာဏ်' သည် ဖြစ်ပေါ်၏။

၈၀။ ထိုအခါ ထိုရှစ်သောင်းလေးထောင်သော လူအပေါင်းတို့သည် (တရားကို) မြင်ပြီးကုန်သည် ဖြစ်၍တရားသို့ ရောက်ပြီးကုန်သည်ဖြစ်၍ တရားကို သိပြီးကုန်သည်ဖြစ်၍ တရားသို့ သက်ဝင်ပြီးကုန်သည်ဖြစ်၍ ယုံမှားခြင်းကို ကူးမြောက်ပြီးကုန်သည်ဖြစ်၍ သို့လော သို့လော (တွေးတောခြင်း) ကင်းပြီးကုန်သည်ဖြစ်၍ မြတ်စွာဘုရား သာသနာ၌ ရဲရင့်ခြင်းသို့ ရောက်ပြီးကုန်သည်ဖြစ်၍ သူတစ်ပါးကို အားထား ယုံကြည်သည် မဟုတ်ဘဲ မိမိတို့ကိုယ်တိုင်ပင် သိမြင်ပြီးကုန်သည်ဖြစ်၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏-

''အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဘုရား (တရားတော် သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏၊ အသျှင်ဘုရား မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်းဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း မျက်စိလည်သောသူအား လမ်းကို ပြောကြားဘိသကဲ့သို့လည်းကောင်း 'မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်'ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အသျှင်ဘုရားသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဘုရား အကျွန်ုပ်တို့သည့်မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါကုန်၏၊ သံဃာ တော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ အသျှင်ဘုရားအကျွန်ုပ်တို့သည် မြတ်စွာဘုရား၏ အထံ၌ ရှင့်အဖြစ်ကို ရလိုပါကုန်၏၊ ရဟန်းအဖြစ်ကိုရလိုပါကုန်၏''ဟု (လျှောက်ကုန်၏)။

၈၁။ ရဟန်းတို့ ထိုရှစ်သောင်းလေးထောင်သော လူအပေါင်းတို့သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားထံ၌ ရှင့်အဖြစ်ကို ရကုန်ပြီ၊ ရဟန်းအဖြစ်ကို ရကုန်ပြီ၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားသည် ထိုရဟန်းတို့အား တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီးလျှင် သင်္ခါရတရားတို့၏ အပြစ်ကိုလည်းကောင်း ယုတ်ညံ့ခြင်းကိုလည်းကောင်းညစ်ညူးခြင်း ကိုလည်းကောင်း နိဗ္ဗာန်၌ အကျိုးကိုလည်းကောင်း ပြတော်မူ၏၊ ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောဝိပဿီမြတ်စွာဘုရားသည် တရားစကား ဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေသည်ရှိသော် ထိုသူတို့၏ စိတ်တို့သည် (တစ်စုံတစ်ခုကိုမျှ) မစွဲလမ်းမူ၍ မကြာမီပင် အာသဝေါ (တရား) တို့မှ လွတ်မြောက်လေကုန်၏။

------

ရှေးဦးပြုသောရဟန်းတို့၏ တရားထူးကိုရခြင်း

၈၂။ ရဟန်းတို့ (ဘုရားလောင်းတောထွက်စဉ်က အတုလိုက်၍ ရဟန်းပြုနှင့်ကြသော) ထိုရှေးရဟန်းရှစ်သောင်းလေးထောင်တို့သည် (ဤသို့) ကြားလေကုန်၏-

''ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူ သောဝိပဿီမြတ်စွာဘုရားသည် ဗန္ဓုမတီနေပြည်တော်သို့ ဆိုက်ရောက်၍ ခေမမည်သော မိဂဒါဝုန် တော၌ (သီတင်းသုံး) နေတော်မူသတတ်၊ တရားကိုလည်း ဟောတော်မူသတတ်''ဟု (ကြားလေ ကုန်၏)။

ရဟန်းတို့ ထိုအခါ ထိုရဟန်း ရှစ်သောင်းလေးထောင်တို့သည် ဗန္ဓုမတီနေပြည်တော်အနီး ခေမမည်သော မိဂဒါဝုန်တော၌ (နေတော်မူသော) ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားကို ရှိခိုး၍တစ်ခုသော နေရာ၌ ထိုင်ကုန်၏။

၈၃။ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားသည် ထိုသူတို့အား အစဉ်အတိုင်းသော တရားစကားကို ဟောတော်မူ၏၊ ဤသည်ကား အဘယ်နည်း၊ ဒါနနှင့်စပ်သော စကားကိုလည်းကောင်း သီလနှင့်စပ်သော စကားကိုလည်းကောင်း နတ်ပြည်နှင့်စပ်သော စကားကိုလည်းကောင်း ကာမဂုဏ်တို့၏ အပြစ်ကိုလည်းကောင်း ယုတ်ညံ့ခြင်းကိုလည်းကောင်း ညစ်ညူးခြင်းကိုလည်းကောင်း (ကာမဂုဏ်တို့မှ) ထွက်မြောက်ခြင်း၌ အကျိုးကိုလည်းကောင်း ပြတော်မူ၏။

မြတ်စွာဘုရားသည် ရှစ်သောင်းလေးထောင်သော ရဟန်းတို့၌ သင့်လျော်သောစိတ် နူးညံ့သောစိတ်အပိတ်အပင် 'နီဝရဏ' မှ ကင်းသောစိတ် တက်ကြွသောစိတ် ယုံကြည်သောစိတ် ရှိသည်ကိုသိတော်မူသော အခါ မြတ်စွာဘုရားတို့၏ ကိုယ်တိုင် ထုတ်ဖော်သိမြင်ပြီးသော 'သာမုက္ကံသိက' တရားဒေသနာတော်ကို ဟောကြားတော်မူလျက် ဆင်းရဲ 'ဒုက္ခ' ကိုလည်းကောင်းဆင်းရဲဖြစ်ကြောင်း 'သမုဒယ' ကိုလည်းကောင်း ဆင်းရဲချုပ်ရာ 'နိရောဓ' ကိုလည်းကောင်း့ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းလမ်းစဉ် 'မဂ္ဂ' ကိုလည်းကောင်း ပြတော်မူ၏၊ မည်းညစ်ခြင်းကင်းသောဖြူစင်သော အဝတ်သည် ဆိုးရည်ကို ကောင်းစွာ ခံယူသကဲ့သို့ ထို့အတူ ထိုရှစ်သောင်းလေးထောင်သောရဟန်းတို့အား ထိုနေရာ၌ပင်လျှင် ''ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်းသဘောရှိ၏''ဟုကိလေသာမြူ အညစ်အကြေးကင်းသော တရားမျက်စိ 'သောတာပတ္တိမဂ်ဉာဏ်' သည် ဖြစ်ပေါ်၏။

၈၄။ ထိုအခါ ထိုရှစ်သောင်းလေးထောင်သော ရဟန်းတို့သည် တရားကို မြင်ပြီးကုန်သည်ဖြစ်၍တရားသို့ ရောက်ပြီးကုန်သည်ဖြစ်၍ တရားကို သိပြီးကုန်သည်ဖြစ်၍ တရားသို့ သက်ဝင်ပြီးကုန်သည်ဖြစ်၍ ယုံမှားခြင်းကို ကူးမြောက်ပြီးကုန်သည်ဖြစ်၍ သို့လော သို့လော တွေးတောခြင်းကင်းပြီးကုန်သည်ဖြစ်၍ မြတ်စွာဘုရား သာသနာ၌ ရဲရင့်ခြင်းသို့ ရောက်ပြီးကုန်သည်ဖြစ်၍ သူတစ်ပါးကို အားထားယုံကြည်သည် မဟုတ်ဘဲ မိမိတို့ကိုယ်တိုင်ပင် သိမြင်ပြီးကုန်သည်ဖြစ်၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံး စုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားအား ဤစကားကိုလျှောက် ကုန်၏-

''အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဘုရား (တရားတော် သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏၊ အသျှင်ဘုရား မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်းဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း မျက်စိလည်သောသူအား လမ်းကို ပြောကြားဘိသကဲ့သို့လည်းကောင်း 'မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်'ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း (အသျှင်ဘုရား) ဤအတူသာလျှင် အသျှင်ဘုရားသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဘုရား အကျွန်ုပ်တို့သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါကုန်၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ အသျှင်ဘုရား အကျွန်ုပ်တို့သည် မြတ်စွာဘုရားအထံ၌ ရှင့်အဖြစ်ကို ရလိုပါကုန်၏၊ ရဟန်းအဖြစ်ကို ရလိုပါကုန်၏''ဟု (လျှောက်ကုန်၏)။

၈၅။ ရဟန်းတို့ ထိုရှစ်သောင်းလေးထောင်သော ရဟန်းတို့သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရား၏အထံ၌ ရှင့်အဖြစ်ကို ရကုန်ပြီ၊ ရဟန်းအဖြစ်ကို ရကုန်ပြီ၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားသည် ထိုရဟန်းတို့အား တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီးလျှင် သင်္ခါရတရားတို့၏ အပြစ်ကိုလည်းကောင်း ယုတ်ညံ့ခြင်းကိုလည်းကောင်းညစ်ညူးခြင်း ကိုလည်းကောင်း နိဗ္ဗာန်၌ အကျိုးကိုလည်းကောင်း ပြတော်မူ၏၊ ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောဝိပဿီ မြတ်စွာဘုရားသည် တရားစကား ဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေသည်ရှိသော် ထိုသူတို့၏ စိတ်တို့သည် (တစ်စုံတစ်ခုကိုမျှ) မစွဲလမ်းမူ၍ မကြာမီပင် အာသဝေါ (တရား) တို့မှ လွတ်မြောက်လေကုန်၏။

------

ဒေသစာရီလှည့်လည်ရန် ခွင့်ပြုတော်မူခြင်း

၈၆။ ထိုစဉ်အခါ၌ ဗန္ဓုမတီနေပြည်တော်၌ တစ်သိန်း ခြောက်သောင်းရှစ်ထောင်သော ရဟန်းပေါင်းများစွာသည် (သီတင်းသုံး) နေတော်မူလျက်ရှိ၏၊ ရဟန်းတို့ ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားအား ဆိတ်ငြိမ်ရာသို့ကပ်၍ တစ်ပါးတည်း ကိန်းအောင်းနေစဉ် ဤသို့သော စိတ်အကြံသည် ဖြစ်ပေါ်၏-့ ''ယခုအခါ ဗန္ဓုမတီနေပြည်တော်၌ တစ်သိန်း ခြောက်သောင်းရှစ်ထောင်သော ရဟန်းပေါင်းများစွာ သည်သီတင်းသုံးလျက် ရှိ၏၊ ငါသည် ရဟန်းတို့အား ဤသို့ ခွင့်ပြုရမူ ကောင်းလေစွ၊ 'ရဟန်း တို့များစွာသော လူတို့၏ အစီးအပွါးအလို့ငှါ များစွာသော လူတို့၏ ချမ်းသာအလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါး ချမ်းသာအလို့ငှါ ဒေသစာရီလှည့်လည်ကုန် လော့၊ တစ်လမ်းတည်း နှစ်ဦးမသွားကြကုန်လင့်၊ ရဟန်းတို့ အစ၏ကောင်းခြင်း အလယ်၏ ကောင်းခြင်းအဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောကြကုန်လော့၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ဟောပြကြကုန်လော့၊ (ပညာ) မျက်စိ၌ (ကိလေသာ) မြူနည်းပါးသော သတ္တဝါတို့သည် ရှိကုန်၏၊ (ထိုသတ္တဝါတို့သည်) တရားကိုမနာရသောကြောင့် ဆုံးရှုံးနေကုန်၏၊ တရားကို သိသူတို့သည် ရှိကုန်လတ္တံ့၊ သို့သော်ခြောက်နှစ်ခြောက်နှစ်လွန်သောအခါ ပါတိမောက်ပြသည်ကိုနာရန် ဗန္ဓုမတီနေပြည်တော်သို့ ချဉ်းကပ်ကြရဦးမည်'ဟု ခွင့်ပြုရမူ ကောင်းလေစွ'' ဟူ၍ (အကြံဖြစ်ပေါ်၏)။

၈၇။ ရဟန်းတို့ ထိုအခါ တစ်ဦးသော ဗြဟ္မာကြီးသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရား၏ စိတ်အကြံကို (မိမိ) စိတ်ဖြင့် သိ၍ ခွန်အားရှိသော ယောက်ျားသည် ကွေးထားသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ဗြဟ္မာ့ဘုံမှ ကွယ်ခဲ့ပြီးလျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရား၏ ရှေ့တော်၌ ထင်ရှားပေါ်လာ၏၊ ရဟန်းတို့ ထိုအခါ ထိုဗြဟ္မာကြီးသည် အပေါ်ရုံကိုပခုံးတစ်ဖက်၌ တင်၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော ဝိပဿီမြတ်စွာဘုရားဆီသို့ လက်အုပ်ချီပြီးလျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီ မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏-

''ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ ဤ (ကြံစည်ချက်) သည် သင့်မြတ်ပါပေ၏။ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား၊ ဤ (ကြံစည်ချက်) သည် သင့်မြတ်ပါပေ၏။ မြတ်စွာဘုရားယခုအခါ ဗန္ဓုမတီနေပြည်တော်၌ တစ်သိန်းခြောက်သောင်းရှစ်ထောင်သော ရဟန်း ပေါင်းများစွာသည်သီတင်းသုံးနေတော်မူလျက် ရှိပါ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်း တို့ကို ဤသို့ခွင့်ပြုတော်မူပါလော့။

'ရဟန်းတို့ များစွာသောလူတို့၏ အစီးအပွါးအလို့ငှါ များစွာသောလူတို့၏ ချမ်းသာအလို့ငှါ လောကကိုစောင့်ရှောက်ရန် အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါးချမ်းသာအလို့ငှါ ဒေသစာရီလှည့် လည်ကုန်လော့၊ တစ်လမ်းတည်း နှစ်ဦးမသွားကြကုန်လင့်၊ ရဟန်းတို့ အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်းအဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောကြကုန်လော့၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ဟောပြ ကြကုန်လော့၊ (ပညာ) မျက်စိ၌ (ကိလေသာ) မြူနည်းပါးသော သတ္တဝါတို့သည် ရှိကုန်၏၊ (ထို သတ္တဝါတို့သည်) တရားကိုမနာရသောကြောင့် ဆုံးရှုံးနေကုန်၏၊ တရားကို သိသူတို့သည် ရှိကုန် လတ္တံ့'ဟု ဤသို့ မိန့်ဆို၍ခွင့်ပြုတော်မူပါလော့။

မြတ်စွာဘုရား ခြောက်နှစ် ခြောက်နှစ် လွန်သောအခါ ပါတိမောက်ပြသည်ကို နာရန် ဗန္ဓုမတီနေပြည်တော်သို့ ရဟန်းများ ချဉ်းကပ်နိုင်ရေးကိုကား အကျွန်ုပ်တို့ပင် ဆောင်ရွက်ပါကုန်အံ့''ဟု (လျှောက်၏)။

ရဟန်းတို့ ထိုဗြဟ္မာကြီးသည် ဤစကားကို လျှောက်ပြီးလျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားကို ရှိခိုးလျက် အရို့အသေပြုပြီးလျှင် ထိုနေရာ၌ပင် ကွယ်လေ၏။

၈၈။ ရဟန်းတို့ ထို့နောက် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားသည် ညချမ်းအချိန်၌ တစ်ပါးတည်း ကိန်းအောင်း ရာမှထ၍ ရဟန်းတို့ကို မိန့်တော်မူ၏-

''ရဟန်းတို့ ဤအရပ်၌ ဆိတ် ငြိမ်ရာသို့ ကပ်၍ တစ်ပါးတည်း ကိန်းအောင်းနေစဉ် ငါ့အား ဤသို့သော စိတ်အကြံသည် ဖြစ်၏-

'ယခုအခါ ဗန္ဓုမတီနေပြည်တော်၌ တစ်သိန်း ခြောက်သောင်း ရှစ်ထောင်သော ရဟန်းပေါင်းများစွာ သည်သီတင်းသုံးနေလျက် ရှိ၏၊ ငါသည် ရဟန်းတို့ကို ဤသို့ ခွင့်ပြုရမူ ကောင်းလေစွ' ၊ 'ရဟန်း တို့များစွာသော လူတို့၏ အစီးအပွါးအလို့ငှါ များစွာသော လူတို့၏ ချမ်းသာအလို့ငှါ လောကကိုစောင့်ရှောက်ရန်အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါးချမ်းသာအလို့ငှါ ဒေသစာရီလှည့်လည်ကုန်လော့၊ တစ်လမ်းတည်း နှစ်ဦးမသွားကုန်လင့်၊ ရဟန်းတို့ အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောကြကုန် လော့၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ဟောပြကြကုန်လော ့၊ (ပညာ) မျက်စိ၌ (ကိလေသာ) မြူနည်းပါးသော သတ္တဝါတို့သည် ရှိကြကုန်၏၊ (ထိုသတ္တဝါတို့သည်) တရား ကိုမနာရသောကြောင့် ဆုံးရှုံးနေကုန်၏၊ တရားကို သိသူတို့သည် ရှိကုန်လတ္တံ့၊ သို့သော် ခြောက်နှစ်ခြောက်နှစ်လွန်သောအခါ ပါတိမောက်ပြသည်ကို နာရန် ဗန္ဓုမတီနေပြည်တော်သို့ ချဉ်းကပ်ကြရဦးမည်'ဟု ခွင့်ပြုရမူကောင်းလေစွ'' ဟူ၍ (အကြံ ဖြစ်ပေါ်၏)။

ရဟန်းတို့ ထိုအခါ တစ်ဦးသော ဗြဟ္မာကြီးသည် ငါ၏ စိတ်အကြံကို (သူ့) စိတ်ဖြင့် သိ၍ ခွန်အားရှိသော ယောက်ျားသည် ကွေးထားသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသောလက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ဗြဟ္မာ့ဘုံမှ ကွယ်ခဲ့၍ ငါဘုရား၏ ရှေ့၌ ထင်ရှားပေါ်လာ၏၊ ရဟန်းတို့ ထိုအခါ ထိုဗြဟ္မာကြီးသည် အပေါ်ရုံကို ပခုံးတစ်ဖက်၌ တင်၍ ငါ့ဆီသို့ လက်အုပ်ချီလျက်ငါ့အား ဤစကားကို လျှောက်၏-

''ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဤ (ကြံစည်ချက်) သည် သင့်မြတ်ပါပေ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤ (ကြံစည်ချက်) သည် သင့်မြတ်ပါပေ၏၊ မြတ်စွာ ဘုရားယခုအခါ ဗန္ဓုမတီနေပြည်တော်၌ တစ်သိန်း ခြောက်သောင်း ရှစ်ထောင်သော ရဟန်းပေါင်း များစွာသည်သီတင်းသုံးနေတော်မူလျက် ရှိပါ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် (ရဟန်းတို့ ကို) ဤသို့ခွင့်ပြုတော်မူပါလော့။

'ရဟန်းတို့ များစွာသော လူတို့၏ အစီးအပွါးအလို့ငှါ များစွာသော လူတို့၏ ချမ်းသာအလို့ငှါလောကကို စောင့်ရှောက်ရန် အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါးချမ်းသာ အလို့ငှါ ဒေသစာရီလှည့်လည်ကုန်လော့၊ တစ်လမ်းတည်း နှစ်ဦးမသွားကြကုန်လင့်၊ ရဟန်းတို့ အစ၏ ကောင်းခြင်းအလယ်၏ ကောင်းခြင်း အဆုံး၏ ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသောတရားကို ဟောကြကုန်လော့၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သောအကျင့်ကို ဟောပြကြကုန်လော့၊ (ပညာ) မျက်စိ၌ (ကိလေသာ) မြူနည်းသော သတ္တဝါတို့သည် ရှိကြပါကုန်၏၊ တရားကိုမနာရသောကြောင့် ဆုံးရှုံးနေပါကုန်၏၊ တရားကို သိသူတို့သည် ရှိကြပါကုန်လတ္တံ့'ဟု မိန့်ဆို၍ခွင့်ပြုတော်မူပါလော့။

မြတ်စွာဘုရား ခြောက်နှစ် ခြောက်နှစ်လွန်သောအခါ ပါတိမောက်ပြသည်ကို နာရန် ဗန္ဓုမတီနေပြည်တော်သို့ ရဟန်းတို့ ချဉ်းကပ်နိုင်ရေးကိုကား အကျွန်ုပ်တို့ပင် ဆောင်ရွက်ပါကုန်အံ့''ဟု (လျှောက်၏)။

ရဟန်းတို့ ထိုဗြဟ္မာကြီးသည် ဤစကားကို လျှောက်ပြီးလျှင် ငါ့ကို ရှိခိုးလျက် အရိုအသေပြု၍ထိုနေရာ၌ပင် ကွယ်လေ၏။

ရဟန်းတို့ (သင်တို့အား) ငါ ဤသို့ ခွင့်ပြု၏-

''များစွာသောလူတို့၏ အစီးအပွါးအလို့ငှါ များစွာသောလူတို့၏ ချမ်းသာအလို့ငှါ လောကကိုစောင့်ရှောက်ရန်အလို့ငှါ နတ်လူတို့၏ အကျိုးစီးပွါး ချမ်းသာအလို့ငှါ ဒေသစာရီလှည့်လည်ကုန်လော့၊ တစ်လမ်းတည်း နှစ်ဦးမသွားကြကုန်လင့်၊ ရဟန်းတို့ အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောကြကုန်လော့၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ဟောပြကြကုန်လော့၊ (ပညာ) မျက်စိ၌ (ကိလေသာ) မြူနည်းပါးသော သတ္တဝါတို့သည် ရှိကြကုန်၏၊ (ထိုသတ္တဝါတို့သည်) တရားကို နာရသောကြောင့် ဆုံးရှုံးနေကုန်၏၊ တရားကို သိသူတို့သည် ရှိကုန်လတ္တံ့၊ ရဟန်းတို့ သို့သော် ခြောက်နှစ် ခြောက်နှစ်လွန်သောအခါ ပါတိမောက်ပြသည်ကို နာရန် ဗန္ဓုမတီနေပြည်တော်သို့ ချဉ်းကပ်ကြရဦးမည်''ဟု (မိန့်တော်မူ၏)။ ရဟန်းတို့ ထိုအခါ ရဟန်းတို့သည် ဇနပုဒ်သို့ လှည့်လည်ခြင်းငှါ အများအားဖြင့် နေ့ချင်းပင် ထွက်ခွါသွားကုန်၏။

၈၉။ ထိုစဉ်အခါ၌ ဇမ္ဗူဒိပ်ကျွန်းဝယ် ကျောင်းပေါင်း ရှစ်သောင်းလေးထောင်တို့သည် ရှိကုန်၏၊ တစ်နှစ်လွန်သောအခါ နတ်တို့သည် (ဤသို့) ကြွေးကြော်ကုန်၏-

''အသျှင်တို့ တစ်နှစ်လွန်ပါပြီ၊ ယခု ငါးနှစ်သာကျန်ပါတော့သည်၊ ငါးနှစ်လွန်သောအခါ ပါတိမောက်ပြသည်ကို နာရန် ဗန္ဓုမတီနေပြည်တော်သို့ ချဉ်းကပ်ရပါမည်''ဟု (ကြွေးကြော်ကုန်၏)။

နှစ်နှစ်လွန်သော အခါ။

သုံးနှစ်လွန်သော အခါ။

လေးနှစ်လွန်သော အခါ။

ငါးနှစ်လွန်သောအခါ နတ်တို့သည် ဤသို့ ကြွေးကြော်ကုန်၏-

''အသျှင်တို့ ငါးနှစ်လွန်ပါပြီ၊ ယခု တစ်နှစ်သာ ကျန်ပါတော့သည်၊ တစ်နှစ်လွန်သောအခါပါတိမောက်ပြသည်ကို နာရန် ဗန္ဓုမတီနေပြည်တော်သို့ ချဉ်းကပ်ရပါမည်''ဟု (ကြွေးကြော်ကုန်၏)။ ခြောက်နှစ်လွန်သောအခါ နတ်တို့သည် ဤသို့ ကြွေးကြော်ကုန်၏-

''အသျှင်တို့ ခြောက်နှစ်လွန်ပါပြီ၊ ယခုအခါ ပါတိမောက်ပြသည်ကို နာရန် ဗန္ဓုမတီနေပြည်တော် သို့ချဉ်းကပ်ချိန်တန်ပါပြီ''ဟု (ကြွေးကြော်ကုန်၏)။

ရဟန်းတို့ ထိုအခါ ထိုရဟန်းတို့သည် ပါတိမောက်ပြသည်ကို နာရန် ဗန္ဓုမတီနေပြည်တော်သို့အချို့သော ရဟန်းတို့သည် မိမိတန်ခိုးဖြင့် အချို့သော ရဟန်းတို့သည် နတ်တို့၏ တန်ခိုးဖြင့် နေ့ချင်းပင်ချဉ်းကပ်ကုန်၏။

၉၀။ ရဟန်းတို့ ထိုအခါ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားသည် ရဟန်းသံဃာ (အလယ်) ၌ ပါတိမောက်ကို ဤသို့ပြတော်မူ၏-

''သည်းခံခြင်း 'ခနီ ္တ' တရားသည် မြတ်သော အကျင့်ပေတည်း၊ မြတ်စွာဘုရား တို့သည် နိဗ္ဗာန်ကိုအမြတ်ဆုံးဟု မိန့်ဆိုကြကုန်၏၊ ရဟန်းမည်သည် သူတစ်ပါးကို မညှဉ်းဆဲရာ၊ သူတစ်ပါးကိုညှဉ်းဆဲသူသည်လည်း ရဟန်း မဟုတ်။

အလုံးစုံသော မကောင်းမှုကိုပြုခြင်း၊ ကုသိုလ်ကောင်းမှုကို ပြည့်စုံစေခြင်း၊ မိမိစိတ်ကို ဖြူစင်စေခြင်း၊ ဤ (သုံးပါး) သည် ဘုရားရှင်တို့၏ အဆုံးအမပေတည်း။

မစွပ်စွဲခြင်း၊ မညှဉ်းဆဲခြင်း၊ ပါတိမောက် (သီလ) ကို စောင့်စည်းခြင်း၊ အစားအစာ၌ အတိုင်းအရှည်ကိုသိခြင်း၊ လူသူမနီးသော တောကျောင်း၌ နေခြင်း၊ လွန်မြတ်သော စိတ် သမာဓိလုပ်ငန်း၌ အားထုတ်ခြင်း၊ ဤ (ခြောက်ပါး) သည်လည်း ဘုရားရှင်တို့၏ အဆုံးအမပေတည်း''ဟု (ပါတိမောက်ကို ပြတော်မူ၏)။

------

၁။ အဋ္ဌသဋ္ဌိဘိက္ခုသတသဟဿံ ဟူသော ပါဠိရှိရင်းအတိုင်း ပြန်ဆိုလျှင် ရဟန်းပေါင်း ရှစ်သန်းရှစ်သိန်း ဖြစ်သင့်ပေ၏၊ သို့ရာတွင် ရှစ်သောင်းလေးထောင် နှစ်ကြိမ်သာ ရဟန်းပြုခဲ့သည်ကို ထောက်၍ ဤ၌ တစ်သိန်း ခြောက်သောင်း ရှစ်ထောင်ဟု ပြန်ဆိုထားသည်၊ ဤသင်္ချာကို ပါဠိဖြင့် ပြလျှင် အဋ္ဌသဋ္ဌိသတံ ဘိက္ခုသဟဿံဟု ပြသင့်ပေ၏။

ဗြဟ္မာတို့လျှောက်ထားခြင်း

၉၁။ ရဟန်းတို့ အခါတစ်ပါး၌ ငါသည် ဥက္ကဋ္ဌမြို့အနီး သုဘဂတော အင်ကြင်းပင်ကြီးအရင်း၌သီတင်းသုံးနေ၏၊ ရဟန်းတို့ ဆိတ် ငြိမ်ရာသို့ ကပ်၍ တစ်ပါးတည်း ကိန်းအောင်းနေစဉ် ငါ့အား ဤသို့သော စိတ်အကြံသည် ဖြစ်၏-

''ရှည်လျားလှစွာသော ဤ (သံသရာ) ကာလအတွင်း၌ သုဒ္ဓါဝါသဗြဟ္မာ့ဘုံမှ တစ်ပါး ငါမနေဖူး (မဖြစ်ဖူး) သော ဘုံကား ရှိရန် ခဲယဉ်း၏၊ ငါသည် သုဒ္ဓါဝါသဗြဟ္မာ့ဘုံသို့ ချဉ်းကပ်ရမူ ကောင်းလေစွ''ဟု (အကြံဖြစ်၏)။

ရဟန်းတို့ ထိုအခါ ခွန်အားရှိသော ယောက်ျားသည် ကွေးထားသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း ဆန့်ထားသော လက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ဤအတူပင် ဥက္ကဋ္ဌမြို့အနီးသုဘဂတော အင်ကြင်းပင်ကြီးအရင်းမှ ကွယ်ခဲ့၍ အဝိဟာဗြဟ္မာ့ဘုံ၌ ထင်ရှားဖြစ်၏။ ရဟန်းတို့ ထိုဗြဟ္မာ့ဘုံ၌ ထောင်ပေါင်းများစွာသော ဗြဟ္မာတို့သည် ငါ့ထံသို့ ချဉ်းကပ်၍ ငါ့ကို ရှိခိုးကြပြီးလျှင် တစ်ခုသော နေရာ၌ ရပ်ကုန်လျက် ငါ့အား ဤစကားကို လျှောက်ကြကုန်၏-

''အသျှင် ဤ (ကမ္ဘာ) မှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၏။ အသျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောဝိပဿီမြတ်စွာဘုရားသည် အမျိုးအားဖြင့် မင်းမျိုးပါတည်း၊ မင်းမျိုး၌ ဖြစ်တော်မူပါ၏။ ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားသည် အနွယ်အားဖြင့် ကောဏ္ဍညအနွယ် ဖြစ်တော်မူပါ၏။ အသျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရား၏ အသက်အတိုင်းအရှည်သည် အနှစ်ရှစ်သောင်း ဖြစ်ပါ၏။ အသျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားသည် သခွတ်ပင်ရင်း၌ သစ္စာလေးပါးကို သိတော်မူပါ၏။ အသျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရား၏ မြတ်သောတပည့် (အဂ္ဂသာဝက) အစုံသည် ခဏ္ဍနှင့်တိဿမည်ပါ၏။ အသျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ဝိပဿီမြတ်စွာဘုရား၏ (လက်ထက်၌) သာဝကအစည်းအဝေးတို့သည် သုံးကြိမ်ဖြစ်ပါကုန်၏။ တစ်ကြိမ်သော သာဝကအစည်းအဝေး၌ ရဟန်း တစ်သိန်းခြောက်သောင်းရှစ်ထောင်ရှိပါ၏။ တစ်ကြိမ်သော သာဝကအစည်းအဝေး၌ ရဟန်း တစ်သိန်းရှိပါ၏။ တစ်ကြိမ်သော သာဝကအစည်းအဝေး၌ရဟန်း ရှစ်သောင်းရှိပါ၏။ အသျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရား၏ (လက်ထက်၌) အလုံးစုံ ရဟန္တာတို့ချည်းပါဝင် ကုန်သော သာဝကအစည်းအဝေးတို့သည် ဤသုံးကြိမ်တို့ပင် ဖြစ်ပါကုန်၏။ အသျှင်ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောဝိပဿီမြတ်စွာဘုရား၏ အလုပ်အကျွေး အသောကမည်သော ရဟန်းသည် အမြတ်ဆုံး အလုပ်အကျွေးဖြစ်ပါ၏။ အသျှင် ပူဇော် အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ဝိပဿီ မြတ်စွာဘုရား၏ ခမည်းတော်သည် ဗန္ဓုမာမည်သော မင်းပါတည်း၊ မယ်တော်သည် ဗန္ဓုမတီမည်သော မိဖုရားပါတည်း။ ဗန္ဓုမာမင်း၏ နေပြည်တော်သည် ဗန္ဓုမတီမည်သောမြို့ပါတည်း။ အသျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ဝိပဿီမြတ်စွာဘုရား၏ တောထွက်ပုံသည် ဤသို့ ဖြစ်ပါ၏၊ ရဟန်းပြုပုံသည် ဤသို့ဖြစ်ပါ၏၊ တရားအားထုတ်ပုံသည် ဤသို့ ဖြစ်ပါ၏၊ ဘုရားဖြစ်ပုံသည် ဤသို့ ဖြစ်ပါ၏၊ ဓမ္မစကြာတရားဟောပုံသည် ဤသို့ ဖြစ်ပါ၏၊ အသျှင် ထိုအကျွန်ုပ်တို့သည် ဝိပဿီမြတ်စွာဘုရားထံ၌ မြတ်သောအကျင့်ကို ကျင့်လျက် ကာမဂုဏ်တို့၌ လိုချင်နှစ် သက်မှု 'ကာမစ္ဆန္ဒ'ကို ကင်းစေပြီးလျှင်ဤ (ဘုံ) ၌ ဖြစ်လာကြပါကုန်၏''ဟု (လျှောက်ကြကုန်၏)။ပ။

ရဟန်းတို့ ထိုဗြဟ္မာ့ဘုံ၌ပင် ထောင်ပေါင်းများစွာ သိန်းပေါင်းများစွာသော ဗြဟ္မာတို့သည် ငါ့ထံသို့ချဉ်းကပ်၍ ငါ့ကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ရပ်ကုန်လျက် ငါ့အား ဤစကားကို လျှောက်ကြကုန်၏-

''အသျှင် ဤဘဒ္ဒကမ္ဘာ၌ပင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ယခုအခါ လောက၌ ပွင့်တော်မူပါ၏။ အသျှင် မြတ်စွာဘုရားသည် အမျိုးအားဖြင့် မင်းမျိုးပါတည်း၊ မင်းမျိုး၌ ဖြစ်တော်မူပါ၏။ အသျှင် မြတ်စွာ ဘုရားသည်အနွယ်အားဖြင့် ဂေါတမအနွယ် ဖြစ်တော်မူပါ၏။ အသျှင် မြတ်စွာဘုရား၏ အသက်အတိုင်း အရှည်သည်နည်းပါးလှပါ၏၊ တိုတောင်းလှပါ၏၊ လျင်မြန်လှပါ၏၊ အသက်အရှည်ဆုံးသော သူသည် အနှစ်တစ်ရာသော်လည်းကောင်း အနှစ်တစ်ရာထက် အနည်းငယ် ပိုလွန်၍သော်လည်းကောင်း (အသက်ရှင်နေရပါ၏)။ အသျှင် မြတ်စွာဘုရားသည် ညောင်ဗုဒ္ဓဟေပင်ရင်း၌ သစ္စာလေးပါးကို သိတော်မူပါ၏။ အသျှင်မြတ်စွာဘုရား၏ မြတ်သောတပည့် (အဂ္ဂသာဝက) အစုံသည် သာရိပုတြာနှင့် မောဂ္ဂလ္လာန် မည်ပါ၏။ ့အသျှင် မြတ်စွာဘုရား၏ (လက်ထက်၌) သာဝကအစည်းအဝေးသည် တစ်ကြိမ်တည်းသာ ဖြစ်ပါ၏၊ ရဟန်း တစ်ထောင့်နှစ်ရာ့ငါးဆယ် ရှိပါ၏။ အသျှင် မြတ်စွာဘုရား၏ (လက်ထက်၌) အလုံးစုံရဟန္တာတို့ချည်း ပါဝင်သော သာဝက အစည်းအဝေးသည် ဤတစ်ကြိမ်တည်းသာ ဖြစ်ပါ၏။ အသျှင်မြတ်စွာဘုရား၏ အလုပ်အကျွေး အာနန္ဒာမည်သော ရဟန်းသည် အမြတ်ဆုံး အလုပ်အကျွေး ဖြစ်ပါ၏။ အသျှင် မြတ်စွာဘုရား၏ ခမည်းတော်သည် သုဒ္ဓေါဒနမည်သော မင်းပါတည်း။ မယ်တော်သည်မာယာမည်သော မိဖုရား ပါတည်း။ နေပြည်တော်သည် ကပိလဝတ်မြို့ပါတည်း။ အသျှင်မြတ်စွာဘုရား၏ တောထွက်ပုံသည် ဤသို့ ဖြစ်ပါ၏၊ ရဟန်းပြုပုံသည် ဤသို့ ဖြစ်ပါ၏၊ တရားအားထုတ်ပုံသည် ဤသို့ ဖြစ်ပါ၏၊ ဘုရား ဖြစ်ပုံသည် ဤသို့ ဖြစ်ပါ၏၊ ဓမ္မစကြာတရားဟောပုံသည် ဤသို့ ဖြစ်ပါ၏၊ အသျှင် ထိုအကျွန်ုပ်တို့သည် မြတ်စွာဘုရားထံ၌ မြတ်သောအကျင့်ကို ကျင့်လျက် ကာမဂုဏ်တို့၌ နှစ်သက်လိုချင်မှု 'ကာမစ္ဆန္ဒ' ကို ကင်းစေပြီးလျှင် ဤ (ဘုံ) ၌ဖြစ်လာကြပါကုန်၏''ဟု (လျှောက်ကြကုန်၏)။

 

 

၉၂။ ရဟန်းတို့ ထို့နောက် ငါသည် အဝိဟာဗြဟ္မာတို့နှင့်အတူ အတပ္ပါဗြဟ္မာတို့ထံသို့ ချဉ်းကပ် ၏။ပ။

ရဟန်းတို့ ထို့နောက် ငါသည် အဝိဟာဗြဟ္မာ အတပ္ပါဗြဟ္မာတို့နှင့်အတူ သုဒဿဗြဟ္မာတို့ထံသို့ချဉ်းကပ်၏။ပ။

ရဟန်းတို့ ထို့နောက် ငါသည် အဝိဟာဗြဟ္မာ အတပ္ပါဗြဟ္မာ သုဒဿဗြဟ္မာတို့နှင့်အတူ သုဒဿီဗြဟ္မာတို့ထံသို့ ချဉ်းကပ်၏။ပ။

ရဟန်းတို့ ထို့နောက် ငါသည် အဝိဟာဗြဟ္မာ အတပ္ပါဗြဟ္မာ သုဒဿဗြဟ္မာ သုဒဿီဗြဟ္မာတို့နှင့် အတူအကနိဋ္ဌဗြဟ္မာတို့ထံသို့ ချဉ်းကပ်၏။ ရဟန်းတို့ ထိုဗြဟ္မာ့ဘုံ၌ ထောင်ပေါင်းများစွာ သိန်းပေါင်းများစွာသော ဗြဟ္မာတို့သည် ငါ့ထံသို့ ချဉ်းကပ်၍ ငါ့ကို ရှိခိုးပြီးလျှင် တစ်ခုသော အရပ်၌ ရပ်ကုန်လျက်ငါ့အား ဤစကားကို လျှောက်ကြကုန်၏-

''အသျှင် ဤ (ကမ္ဘာ) မှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံ သောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ ပါ၏။ အသျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရားသည် အမျိုးအားဖြင့် မင်းမျိုးပါတည်း၊ မင်းမျိုး၌ ဖြစ်တော်မူပါ၏။ အသျှင်ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောဝိပဿီ မြတ်စွာဘုရားသည် အနွယ်အားဖြင့် ကောဏ္ဍညအနွယ် ဖြစ်တော်မူပါ၏။ အသျှင် ပူဇော်အထူးကိုခံတော်မူ ထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောဝိပဿီမြတ်စွာဘုရား၏ အသက်အတိုင်းအရှည်သည် အနှစ်ရှစ်သောင်း ဖြစ်ပါ၏။ အသျှင် ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောဝိပဿီမြတ်စွာဘုရားသည် သခွတ်ပင်ရင်း၌ သစ္စာလေးပါးကို သိတော်မူပါ၏။ အသျှင် ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောဝိပဿီမြတ်စွာဘုရား၏ မြတ်သောတပည့် (အဂ္ဂသာဝက) အစုံသည် ခဏ္ဍနှင့် တိဿ မည်ပါ၏။ အသျှင်ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောဝိပဿီမြတ်စွာဘုရား၏ (လက်ထက်၌) သာဝကအစည်း အဝေးတို့သည် သုံးကြိမ်ဖြစ်ပါကုန်၏။ တစ်ကြိမ်သော သာဝကအစည်းအဝေး၌ ရဟန်း တစ်သိန်းခြောက်သောင်းရှစ်ထောင် ရှိပါ၏။ တစ်ကြိမ်သော သာဝကအစည်းအဝေး၌ ရဟန်းတစ်သိန်း ရှိပါ၏။ တစ်ကြိမ်သော သာဝကအစည်းအဝေး၌ ရဟန်း ရှစ်သောင်းရှိပါ၏။ အသျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဝိပဿီမြတ်စွာဘုရား၏ (လက်ထက်၌) အလုံးစုံ့ရဟန္တာတို့ချည်းပါဝင်ကုန်သော သာဝကအစည်းအဝေးတို့သည် ဤသုံးကြိမ်တို့ပင် ဖြစ်ပါကုန်၏။ အသျှင်ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောဝိပဿီ မြတ်စွာဘုရား၏ အလုပ်အကျွေး အသောကမည်သော ရဟန်းသည် အမြတ်ဆုံး အလုပ်အကျွေးဖြစ်ပါ၏။ အသျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော ဝိပဿီမြတ်စွာဘုရား၏ ခမည်းတော်သည် ဗန္ဓုမာမည်သော မင်းပါတည်းမြယ်တော်သည် ဗန္ဓုမတီ မည်သော မိဖုရားပါတည်း။ ဗန္ဓုမာမင်း၏ နေပြည်တော်သည် ဗန္ဓုမတီမည်သောမြို့ပါတည်း။ အသျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော ဝိပဿီ မြတ်စွာဘုရား၏ တောထွက်ပုံသည် ဤသို့ ဖြစ်ပါ၏၊ ရဟန်းပြုပုံသည် ဤသို့ဖြစ်ပါ၏၊ တရားအား ထုတ်ပုံသည် ဤသို့ ဖြစ်ပါ၏၊ ဘုရားဖြစ်ပုံသည် ဤသို့ ဖြစ်ပါ၏၊ ဓမ္မစကြာတရားဟောပုံသည် ဤသို့ ဖြစ်ပါ၏၊ အသျှင် ထိုအကျွန်ုပ်တို့သည် ဝိပဿီမြတ်စွာဘုရားအထံ၌မြတ်သော အကျင့်ကို ကျင့်လျက် ကာမဂုဏ်တို့၌ နှစ်သက်လိုချင်မှု 'ကာမစ္ဆန္ဒ' ကို ကင်းစေပြီးလျှင်ဤ (ဘုံ) ၌ ဖြစ်လာကြပါကုန်၏''ဟု (လျှောက်ကြကုန်၏)။

၉၃။ ရဟန်းတို့ ထိုဗြဟ္မာ့ဘုံ၌ပင် ထောင်ပေါင်းများစွာ သိန်းပေါင်းများစွာသော ဗြဟ္မာတို့သည် ငါ့ထံသို့ချဉ်းကပ်၍ ငါ့ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်ကုန်လျက် ငါ့အား ဤစကားကို လျှောက်ကြကုန်၏။

''အသျှင် ဤကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ သိခီမြတ်စွာဘုရားသည်။ပ။ အသျှင် ထိုအကျွန်ုပ်တို့သည် သိခီမြတ်စွာဘုရားထံ၌။ပ။

အသျှင် ထိုသုံးဆယ့်တစ်ကမ္ဘာထက်၌ပင် ဝေဿဘူမြတ်စွာဘုရားသည်။ပ။ အသျှင် ထိုအကျွန်ုပ်တို့ သည်ဝေဿဘူမြတ်စွာဘုရားထံ၌။ပ။

အသျှင် ဤဘဒ္ဒကမ္ဘာ၌ပင် ကကုသန် ကောဏာဂုံ ကဿပ မြတ်စွာဘုရားသည်။ပ။ အသျှင် ထိုအကျွန်ုပ်တို့သည် ကကုသန် ကောဏာဂုံ ကဿပ မြတ်စွာဘုရားထံ၌ မြတ်သော အကျင့်ကို ကျင့်လျက်ကာမဂုဏ်တို့၌ နှစ်သက်လိုချင်မှု 'ကာမစ္ဆန္ဒ' ကို ကင်းစေပြီးလျှင် ဤ (ဘုံ) ၌ ဖြစ်လာကြပါကုန်၏''ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ထိုဗြဟ္မာ့ဘုံ၌ပင် ထောင်ပေါင်းများစွာ သိန်းပေါင်းများစွာသော ဗြဟ္မာတို့သည် ငါ့ထံသို့ချဉ်းကပ်၍ ငါ့ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်ကုန်လျက် ငါ့အား ဤစကားကို လျှောက်ကြကုန်၏ -

''အသျှင် ဤဘဒ္ဒ္ဒကမ္ဘာ၌ပင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ယခုအခါ လောက၌ ပွင့်တော်မူပါ၏။ အသျှင်မြတ်စွာဘုရားသည် အမျိုးအားဖြင့် မင်းမျိုးပါတည်း၊ မင်းမျိုး၌ ဖြစ်တော်မူပါ၏။ အသျှင် မြတ်စွာဘုရားသည် အနွယ်အားဖြင့် ဂေါတမအနွယ် ဖြစ်တော်မူပါ၏၊ အသျှင် မြတ်စွာဘုရား၏ အသက်အတိုင်းအရှည်သည် နည်းပါးလှပါ၏၊ တိုတောင်းလှပါ၏၊ လျင်မြန်လှပါ၏၊ အသက်အရှည်ဆုံးသောသူသည်အနှစ်တစ်ရာသော်လည်းကောင်း အနှစ် တစ်ရာထက် အနည်းငယ် ပိုလွန်၍သော်လည်းကောင်း (အသက်ရှင် နေရပါ၏)။ အသျှင် မြတ်စွာဘုရားသည် ညောင်ဗုဒ္ဓဟေပင်ရင်း၌ သစ္စာလေးပါးကိုသိတော်မူပါ၏။ အသျှင် မြတ်စွာဘုရား၏ မြတ်သောတပည့် (အဂ္ဂသာဝက) အစုံသည် သာရိပုတြာနှင့်မောဂ္ဂလ္လာန် မည်ပါ၏။ အသျှင် မြတ်စွာဘုရား၏ (လက်ထက်၌) သာဝက အစည်းအဝေးသည်တစ်ကြိမ်တည်းသာ ဖြစ်ပါ၏၊ ရဟန်း တစ်ထောင့်နှစ်ရာ့ငါးဆယ် ရှိပါ၏။ အသျှင် မြတ်စွာဘုရား၏ (လက်ထက်၌) အလုံးစုံ ရဟန္တာချည်း ပါဝင်သော သာဝကအစည်းအဝေးသည် တစ်ကြိမ်တည်းသာဖြစ်ပါ၏။ အသျှင် မြတ်စွာဘုရား၏ အလုပ်အကျွေး အာနန္ဒာမည်သော ရဟန်းသည် အမြတ်ဆုံး့အလုပ်အကျွေး ဖြစ်ပါ၏၊ အသျှင် မြတ်စွာ ဘုရား၏ ခမည်းတော်သည် သုဒ္ဓေါဒနမင်းပါတည်း၊ မယ်တော်သည် မာယာမိဖုရားပါတည်း၊ နေပြည်တော် သည် ကပိလဝတ်မြို့ပါတည်း၊ အသျှင်မြတ်စွာဘုရား၏ တောထွက်ပုံသည် ဤသို့ ဖြစ်ပါ၏၊ ရဟန်းပြုပုံ သည် ဤသို့ ဖြစ်ပါ၏၊ တရားအားထုတ်ပုံသည် ဤသို့ ဖြစ်ပါ၏၊ ဘုရားဖြစ်ပုံသည် ဤသို့ ဖြစ်ပါ၏၊ ဓမ္မစကြာတရားဟောပုံသည် ဤသို့ ဖြစ်ပါ၏၊ အသျှင် ထိုအကျွန်ုပ်တို့သည် မြတ်စွာဘုရား အထံ၌ မြတ်သောအကျင့်ကိုကျင့်လျက် ကာမဂုဏ်တို့၌ နှစ်သက်လိုချင်မှု 'ကာမစ္ဆန္ဒ' ကို ကင်းစေပြီးလျှင် ဤ (ဘုံ) ၌ဖြစ်လာကြပါကုန်၏''ဟု (လျှောက်ကြကုန်၏)။

၉၄။ ရဟန်းတို့ ဤသို့လျှင် မြတ်စွာဘုရားသည် အောက်မေ့နိုင်ကြောင်းဖြစ်သော ဓမ္မဓာတ်ကိုကိုယ်တိုင်ပင် ကောင်းစွာ ထိုးထွင်း၍ သိတော်မူပေ၏၊ ယင်းဓမ္မဓာတ်ကို ကောင်းစွာ ထိုးထွင်း၍သိတော်မူ သောကြောင့် မြတ်စွာဘုရားသည် သံသရာချဲ့တရားကို ဖြတ်ပြီးကုန်သော သံသရာခရီးကိုဖြတ်ပြီးကုန် သော သံသရာဝဋ်ကုန် ဆုံးပြီးကုန်သော ဆင်းရဲခပ်သိမ်းကို လွန်မြောက်ပြီးကုန်သောပရိနိဗ္ဗာန်ပြုပြီးကုန် သော ရှေးဘုရားတို့ကို ''ဤသို့သော ဇာတ်ရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သောအမည်ရှိကုန်၏ဟူ၍ လည်းကောင်း ဤသို့သော အနွယ်ရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သောသီလရှိကုန်၏ဟူ၍လည်း ကောင်း ဤသို့သော (သမာဓိ) တရားရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သောပညာရှိကုန်၏ဟူ၍လည်း ကောင်း ဤသို့သော နေခြင်းရှိကုန်၏ဟူ၍လည်းကောင်းဤသို့သော လွတ်မြောက်ခြင်းရှိကုန်၏'' ဟူ၍လည်း ကောင်း ဇာတ်အားဖြင့်လည်း အောက်မေ့နိုင်ပေ၏၊ အမည်အားဖြင့်လည်း အောက်မေ့နိုင်ပေ၏၊ အနွယ် အားဖြင့်လည်း အောက်မေ့နိုင်ပေ၏၊ သာဝကအစုံအားဖြင့်လည်း အောက်မေ့နိုင်ပေ၏၊ သာဝကအစည်း အဝေးအားဖြင့်လည်းအောက်မေ့နိုင်ပေ၏။

နတ် (ဗြဟ္မာ) တို့သည်လည်း ငါ့အား ဤအကြောင်းကို လျှောက်ကုန်၏၊ ယင်းသို့ လျှောက်သောကြောင့်လည်း မြတ်စွာဘုရားသည် သံသရာချဲ့တရားကို ဖြတ်ပြီးကုန်သော သံသရာခရီးကို ဖြတ်ပြီးကုန်သော သံသရာဝဋ် ကုန်ဆုံးပြီးကုန်သော ဆင်းရဲခပ်သိမ်းကို လွန်မြောက်ပြီးကုန်သော ပရိနိဗ္ဗာန်ပြုပြီးကုန်သော ရှေးဘုရားတို့ကို ''ဤသို့သော ဇာတ်ရှိကုန်၏ ဟူ၍လည်းကောင်း ဤသို့သော အမည်ရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော အနွယ်ရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သောသီလရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော (သမာဓိ) တရားရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သောပညာရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သော နေခြင်းရှိကုန်၏ဟူ၍လည်းကောင်း ဤသို့သောလွတ်မြောက်ခြင်းရှိကုန်၏'' ဟူ၍ လည်းကောင်း ဇာတ်အားဖြင့်လည်း အောက်မေ့နိုင်ပေ၏၊ အမည်အားဖြင့်လည်း အောက်မေ့နိုင်ပေ၏၊ အနွယ်အားဖြင့်လည်း အောက်မေ့နိုင်ပေ၏၊ အသက်အတိုင်းအရှည်အားဖြင့်လည်း အောက်မေ့နိုင်ပေ၏၊ သာဝကအစုံအားဖြင့် လည်း အောက်မေ့နိုင်ပေ၏၊ သာဝကအစည်းအဝေးအားဖြင့်လည်း အောက်မေ့နိုင်ပေ၏။

မြတ်စွာဘုရားသည် ဤ (တရားတော်) ကို ဟောတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရားဟောတော်မူသော တရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူလေကုန်သတည်း။

ရှေးဦးစွာသော မဟာပဒါနသုတ် ပြီး၏။

------

၁။ ဤအရာ၌ ဝိပဿီမြတ်စွာဘုရား၏ သာဝကဖြစ်သော ဗြဟ္မာတို့သည် လျှောက်ကုန်သကဲ့သို့ပင် သိခီစသော ကြွင်းသော မြတ်စွာဘုရားတို့၏ သာဝကဖြစ်သော ဗြဟ္မာတို့သည်လည်း အသီးအသီး လျှောက်ကုန်သေး၏၊ သို့ရာတွင် ပါဠိ၌ ဝိပဿီမြတ်စွာဘုရားနှင့် ငါတို့မြတ်စွာဘုရား၏ သာဝကဖြစ်သော ဗြဟ္မာတို့၏ လျှောက်ပုံ အကြောင်းအရာမျှကိုသာ ဖော်ပြထားသည်ဟု အဋ္ဌကထာ၌ မိန့်ဆို၏။

၂-မဟာနိဒါနသုတ်

ပဋိစ္စသမုပ္ပါဒ်တရားတော်

၉၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကုရုတိုင်း ကမ္မာသဓမ္မမည်သော နိဂုံး၌ (သီတင်းသုံး) နေတော် မူ၏။

ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-

''အသျှင်ဘုရား အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား ဤပဋိစ္စသမုပ္ပါဒ်တရားတော်သည် အလွန် နက်လည်း နက်နဲပါ၏၊ အလွန် နက်နဲသော အသွင်လည်း ရှိပါ၏၊ သို့ဖြစ်ပါလျက် အကျွန်ုပ်၏ (ဉာဏ်ထဲ၌) တိမ်တိမ်ကလေးကဲ့သို့ပင် ထင်ပါသည်''ဟု (လျှောက်၏)။

အာနန္ဒာ ဤသို့ မဆိုလင့်၊ အာနန္ဒာ ဤသို့ မဆိုလင့်၊ ပဋိစ္စသမုပ္ပါဒ်တရားတော်သည် နက်လည်း နက်နဲ၏၊ နက်နဲသော အသွင်လည်း ရှိ၏။

အာနန္ဒာ ထို (ပဋိစ္စသမုပ္ပါဒ်) တရားတော်ကို လျော်စွာမသိခြင်းကြောင့် ထိုးထွင်း၍ မသိခြင်းကြောင့် ဤသတ္တဝါအပေါင်းသည် ချည်ခင်ထွေးကဲ့သို့ ဖြစ်၍ စာပေါင်းသိုက်ကဲ့သို့ ဖြစ်၍ ဖြူဆံမြက် ပြိတ်မြက်ကဲ့သို့ ဖြစ်၍ မကောင်းသော လားရာ ပျက်စီးလျက် ကျရောက်ရာဖြစ်သော အပါယ်ကိုလည်းကောင်း သံသရာကို လည်းကောင်း မလွန်မြောက်နိုင်ဘဲ ရှိချေ၏။

၉၆။ အာနန္ဒာ အိုခြင်း 'ဇရာ' သေခြင်း 'မရဏ' ၏ အကြောင်းသည် ရှိသလောဟု မေးလျှင် ရှိ၏ဟု ဖြေဆိုအပ်၏။ အဘယ်အကြောင်းကြောင့် အိုခြင်း 'ဇရာ' သေခြင်း 'မရဏ' သည် ဖြစ်သနည်းဟု မေးပြန်လျှင် ပဋိသန္ဓေနေခြင်း 'ဇာတိ' ဟူသော အကြောင်းကြောင့် အိုခြင်း 'ဇရာ' သေခြင်း 'မရဏ' သည် ဖြစ်၏ဟု ဖြေဆိုအပ်၏။

အာနန္ဒာ ပဋိသန္ဓေနေခြင်း 'ဇာတိ' ၏ အကြောင်းသည် ရှိသလောဟု မေးလျှင် ရှိ၏ဟု ဖြေဆိုအပ်၏။ အဘယ်အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း 'ဇာတိ' သည် ဖြစ်သနည်းဟု မေးပြန်လျှင် ဖြစ်ကြောင်း ကံ 'ဘဝ' ဟူသော အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း 'ဇာတိ' သည် ဖြစ်၏ဟု ဖြေဆိုအပ်၏။

အာနန္ဒာ ဖြစ်ကြောင်းကံ 'ဘဝ' ၏ အကြောင်းသည် ရှိသလောဟု မေးလျှင် ရှိ၏ဟု ဖြေဆိုအပ်၏။ အဘယ်အကြောင်းကြောင့် ဖြစ်ကြောင်းကံ 'ဘဝ' သည် ဖြစ်သနည်းဟု မေးပြန်လျှင် စွဲလမ်းခြင်း 'ဥပါဒါန်' ဟူသော အကြောင်းကြောင့် ဖြစ်ကြောင်းကံ 'ဘဝ' သည် ဖြစ်၏ဟု ဖြေဆိုအပ်၏။

အာနန္ဒာ စွဲလမ်းခြင်း 'ဥပါဒါန်' ၏ အကြောင်းသည် ရှိသလောဟု မေးလျှင် ရှိ၏ဟု ဖြေဆိုအပ်၏။

အဘယ်အကြောင်းကြောင့် စွဲလမ်းခြင်း 'ဥပါဒါန်' သည် ဖြစ်သနည်းဟု မေးပြန်လျှင် တပ်မက်ခြင်း 'တဏှာ' ဟူသော အကြောင်းကြောင့် စွဲလမ်းခြင်း 'ဥပါဒါန်' သည် ဖြစ်၏ဟု ဖြေဆိုအပ်၏။

အာနန္ဒာ တပ်မက်ခြင်း 'တဏှာ' ၏ အကြောင်းသည် ရှိသလောဟု မေးလျှင် ရှိ၏ဟု ဖြေဆိုအပ်၏။

အဘယ်အကြောင်းကြောင့် တပ်မက်ခြင်း 'တဏှာ' သည် ဖြစ်သနည်းဟု မေးပြန်လျှင် ခံစားခြင်း 'ဝေဒနာ' ဟူသော အကြောင်းကြောင့် တပ်မက်ခြင်း 'တဏှာ' သည် ဖြစ်၏ဟု ဖြေဆိုအပ်၏။

အာနန္ဒာ ခံစားခြင်း 'ဝေဒနာ' ၏ အကြောင်းသည် ရှိသလောဟု မေးလျှင် ရှိ၏ဟု ဖြေဆိုအပ်၏။

အဘယ်အကြောင်းကြောင့် ခံစားခြင်း 'ဝေဒနာ' သည် ဖြစ်သနည်းဟု မေးပြန်လျှင် တွေ့ထိခြင်း 'ဖဿ' ဟူသော အကြောင်းကြောင့် ခံစားခြင်း 'ဝေဒနာ' သည် ဖြစ်၏ဟု ဖြေဆိုအပ်၏။

အာနန္ဒာ တွေ့ထိခြင်း 'ဖဿ' ၏ အကြောင်းသည် ရှိသလောဟု မေးလျှင် ရှိ၏ဟု ဖြေဆိုအပ်၏။

အဘယ်အကြောင်းကြောင့် တွေ့ထိခြင်း 'ဖဿ' သည် ဖြစ်သနည်းဟု မေးပြန်လျှင် နာမ်ရုပ်ဟူသော အကြောင်းကြောင့် တွေ့ထိခြင်း 'ဖဿ' သည် ဖြစ်၏ဟု ဖြေဆိုအပ်၏။

အာနန္ဒာ နာမ်ရုပ်၏ အကြောင်းသည် ရှိသလောဟု မေးလျှင် ရှိ၏ဟု ဖြေဆိုအပ်၏။

အဘယ်အကြောင်းကြောင့် နာမ်ရုပ်သည် ဖြစ်သနည်းဟု မေးပြန်လျှင် ဝိညာဉ်ဟူသော အကြောင်းကြောင့် နာမ်ရုပ်သည် ဖြစ်၏ဟု ဖြေဆိုအပ်၏။

အာနန္ဒာ ဝိညာဉ်၏ အကြောင်းသည် ရှိသလောဟု မေးလျှင် ရှိ၏ဟု ဖြေဆိုအပ်၏။

အဘယ်အကြောင်းကြောင့် ဝိညာဉ်သည် ဖြစ်သနည်းဟု မေးပြန်လျှင် နာမ်ရုပ်ဟူသော အကြောင်းကြောင့် ဝိညာဉ်သည် ဖြစ်၏ဟု ဖြေဆိုအပ်၏။

၉၇။ အာနန္ဒာ ဤသို့လျှင် နာမ်ရုပ်ဟူသော အကြောင်းကြောင့် ဝိညာဉ်သည် ဖြစ်၏၊ ဝိညာဉ်ဟူသောအကြောင်းကြောင့် နာမ်ရုပ်သည် ဖြစ်၏၊ နာမ်ရုပ်ဟူသော အကြောင်းကြောင့် တွေ့ထိခြင်း 'ဖဿ' သည် ဖြစ်၏၊ တွေ့ထိခြင်း 'ဖဿ' ဟူသော အကြောင်းကြောင့် ခံစားခြင်း 'ဝေဒနာ' သည် ဖြစ်၏၊ ခံစားခြင်း 'ဝေဒနာ' ဟူသော အကြောင်းကြောင့် တပ်မက်ခြင်း 'တဏှာ' သည် ဖြစ်၏၊ တပ်မက်ခြင်း 'တဏှာ' ဟူသော အကြောင်းကြောင့် စွဲလမ်းခြင်း 'ဥပါဒါန်' သည် ဖြစ်၏၊

စွဲလမ်းခြင်း 'ဥပါဒါန်' ဟူသော အကြောင်းကြောင့် ဖြစ်ကြောင်းကံ 'ဘဝ' သည် ဖြစ်၏၊ ဖြစ်ကြောင်းကံ 'ဘဝ' ဟူသော အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း 'ဇာတိ ' သည် ဖြစ်၏၊ ပဋိသန္ဓေနေခြင်း 'ဇာတိ ' ဟူသော အကြောင်းကြောင့် အိုခြင်း 'ဇရာ' ၊ သေခြင်း 'မရဏ' ၊ စိုးရိမ်ပူဆွေးခြင်း 'သောက' ၊ ငိုကြွေးခြင်း 'ပရိဒေဝ' ၊ ကိုယ်ဆင်းရဲခြင်း 'ဒုက္ခ' ၊ စိတ်ဆင်းရဲခြင်း 'ဒေါမနဿ' ၊ ပြင်းစွာပင်ပန်းခြင်း 'ဥပါယာသ' တို့သည် ဖြစ်ကုန်၏၊ ဤနည်းဖြင့် ဤဆင်းရဲအစု သက်သက်၏ ဖြစ်ပေါ်ခြင်းသည် ထင်ရှား၏။

၉၈။ အာနန္ဒာ ပဋိသန္ဓေနေခြင်း 'ဇာတိ' ဟူသော အကြောင်းကြောင့် အိုခြင်း 'ဇရာ' သေခြင်း 'မရဏ' သည် ဖြစ်၏ ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ ပဋိသန္ဓေနေခြင်း 'ဇာတိ' ဟူသော အကြောင်းကြောင့် အိုခြင်း 'ဇရာ' ၊ သေခြင်း 'မရဏ' ဖြစ်ပုံကို ဤ (ဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ တစ်စုံတစ်ခုသော ဘုံ၌ တစ်စုံတစ်ယောက်သော သတ္တဝါအား ပဋိသန္ဓေနေခြင်း 'ဇာတိ' သည် မည်သည့်အခြင်းအရာ မည်သည့်သဘောအားဖြင့်မျှ မရှိငြားအံ့။

ပဋိသန္ဓေနေခြင်း 'ဇာတိ' ကား အဘယ်နည်း။

နတ်ဖြစ်ခြင်းငှါ နတ်တို့၏ ဇာတိသည်လည်းကောင်း၊ ဂန္ဓဗ္ဗနတ်ဖြစ်ခြင်းငှါ ဂန္ဓဗ္ဗနတ်တို့၏ ဇာတိသည်လည်းကောင်း၊ ဘီလူးဖြစ်ခြင်းငှါ ဘီလူးတို့၏ ဇာတိသည်လည်းကောင်း၊ ကိုယ်ထင်ရှားသတ္တဝါ ဖြစ်ခြင်းငှါ ကိုယ်ထင်ရှားသတ္တဝါတို့၏ ဇာတိသည်လည်းကောင်း၊ လူဖြစ်ခြင်းငှါ လူတို့၏ ဇာတိသည်လည်းကောင်း၊ ခြေလေးချောင်းသတ္တဝါဖြစ်ခြင်းငှါ ခြေလေးချောင်းသတ္တဝါတို့၏ ဇာတိသည်လည်းကောင်း၊ ငှက်ဖြစ်ခြင်းငှါ ငှက်တို့၏ ဇာတိသည်လည်းကောင်း၊ တွားသွားကောင်ဖြစ်ခြင်းငှါ တွားသွားကောင်တို့၏ ဇာတိ သည်လည်းကောင်း၊ အာနန္ဒာ ထိုထိုသတ္တဝါဖြစ်ခြင်းငှါ ထိုထိုသတ္တဝါတို့၏ ပဋိသန္ဓေနေခြင်း 'ဇာတိ ' သည် မဖြစ်ငြားအံ့၊ ပဋိသန္ဓေနေခြင်း 'ဇာတိ ' သည် အချင်းခပ်သိမ်း မရှိခဲ့သော် ပဋိသန္ဓေနေခြင်း 'ဇာတိ' ၏ ချုပ်ခြင်းကြောင့် အိုခြင်း 'ဇရာ' သေခြင်း 'မရဏ' သည်

ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ဤပဋိသန္ဓေနေခြင်း 'ဇာတိ' တရားသည်သာလျှင် အိုခြင်း 'ဇရာ' သေခြင်း 'မရဏ' ၏ အကြောင်းရင်း 'ဟိတ်' ပေတည်း၊ အခြေခံ 'နိဒါန်း' ပေတည်း၊ ဖြစ်ကြောင်း 'သမုဒယ' ပေတည်း၊ အထောက်အပံ့ 'ပစ္စည်း' ပေတည်း။

၉၉။ အာနန္ဒာ ဖြစ်ကြောင်းကံ 'ဘဝ' ဟူသော အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း 'ဇာတိ' သည့်ဖြစ်၏ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ ဖြစ်ကြောင်းကံ 'ဘဝ' ဟူသော အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း 'ဇာတိ ' ဖြစ်ပုံကို ဤ (ဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ တစ်စုံတစ်ခုသော ဘုံ၌ တစ်စုံတစ်ယောက်သော သတ္တဝါအား ဖြစ်ကြောင်းကံ 'ဘဝ' သည် မည်သည့်အခြင်းအရာ မည်သည့်သဘောအားဖြင့်မျှ မရှိငြားအံ့။

ဤဖြစ်ကြောင်းကံ 'ဘဝ' ကား အဘယ်နည်း။

ကာမဘဝ ရူပဘဝ အရူပဘဝတို့ပေတည်း၊ ဖြစ်ကြောင်းကံ 'ဘဝ' သည် အချင်းခပ်သိမ်း မရှိခဲ့သော် ဘဝချုပ်ခြင်းကြောင့် ပဋိသန္ဓေနေခြင်း 'ဇာတိ' သည် ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ဤဖြစ်ကြောင်းကံ 'ဘဝ' သည်သာလျှင် ပဋိသန္ဓေနေခြင်း 'ဇာတိ' ၏ အကြောင်းရင်း 'ဟိတ်' ပေတည်း၊ အခြေခံ 'နိဒါန်း' ပေတည်း၊ ဖြစ်ကြောင်း 'သမုဒယ' ပေတည်း၊ အထောက်အပံ့ 'ပစ္စည်း' ပေတည်း။

၁၀၀။ အာနန္ဒာ စွဲလမ်းခြင်း 'ဥပါဒါန်' ဟူသော အကြောင်းကြောင့် ဖြစ်ကြောင်းကံ 'ဘဝ' သည် ဖြစ်၏ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ စွဲလမ်းခြင်း 'ဥပါဒါန်' ဟူသော အကြောင်းကြောင့် ဖြစ်ကြောင်းကံ 'ဘဝ' ဖြစ်ပုံကို ဤ (ဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ တစ်စုံတစ်ခုသော ဘုံ၌ တစ်စုံတစ်ယောက်သော သတ္တဝါအား စွဲလမ်းခြင်း 'ဥပါဒါန်' သည် မည်သည့်အခြင်းအရာ မည်သည့်သဘောအားဖြင့်မျှ မရှိငြားအံ့။

ဤစွဲလမ်းခြင်း 'ဥပါဒါန်' ကား အဘယ်နည်း။

ကာမဂုဏ်၌ စွဲလမ်းခြင်း 'ကာမုပါဒါန်' ၊ အယူ၌ စွဲလမ်းခြင်း 'ဒိဋ္ဌုပါဒါန်' ၊ အလေ့အကျင့်၌ စွဲလမ်းခြင်း 'သီလဗ္ဗတုပါဒါန်' ၊ အတ္တဟူသော ဝါဒ၌ စွဲလမ်းခြင်း 'အတ္တဝါဒုပါဒါန်' တို့ပေတည်း။

စွဲလမ်းခြင်း 'ဥပါဒါန်' သည် အချင်းခပ်သိမ်း မရှိခဲ့သော် စွဲလမ်းခြင်း 'ဥပါဒါန်' ၏ ချုပ်ခြင်းကြောင့် ဖြစ်ကြောင်းကံ 'ဘဝ' သည် ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ဤစွဲလမ်းခြင်း 'ဥပါဒါန်' သည်သာလျှင် ဖြစ်ကြောင်းကံ 'ဘဝ' ၏ အကြောင်းရင်း 'ဟိတ်' ပေတည်း၊ အခြေခံ 'နိဒါန်း' ပေတည်း၊ ဖြစ်ကြောင်း 'သမုဒယ' ပေတည်း၊ အထောက်အပံ့ 'ပစ္စည်း' ပေတည်း။

၁၀၁။ အာနန္ဒာ တပ်မက်ခြင်း 'တဏှာ' ဟူသော အကြောင်းကြောင့် စွဲလမ်းခြင်း 'ဥပါဒါန်' သည်ဖြစ်၏ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ တပ်မက်ခြင်း 'တဏှာ' ဟူသော အကြောင်းကြောင့် စွဲလမ်းခြင်း 'ဥပါဒါန်' ဖြစ်ပုံကို ဤ (ဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ တစ်စုံတစ်ခုသော ဘုံ၌ တစ်စုံတစ်ယောက်သော သတ္တဝါအား တပ်မက်ခြင်း 'တဏှာ' သည် မည်သည့်အခြင်းအရာ မည်သည့်သဘောအားဖြင့်မျှ မရှိငြားအံ့။ ဤတပ်မက်ခြင်း 'တဏှာ' ကား အဘယ်နည်း။

အဆင်းကို တပ်မက်မှု 'ရူပတဏှာ' ၊ အသံကို တပ်မက်မှု 'သဒ္ဒတဏှာ' ၊ အနံ့ကို တပ်မက်မှု 'ဂန္ဓတဏှာ' ၊ အရသာကို တပ်မက်မှု 'ရသတဏှာ' ၊ အတွေ့ကို တပ်မက်မှု 'ဖောဋ္ဌဗ္ဗတဏှာ' ၊ သဘောကို တပ်မက်မှု 'ဓမ္မတဏှာ' တို့ပေတည်း။

တပ်မက်မှု 'တဏှာ' သည် အချင်းခပ်သိမ်း မရှိခဲ့သော် တပ်မက်မှု 'တဏှာ' ချုပ်ခြင်းကြောင့် စွဲလမ်းခြင်း 'ဥပါဒါန်' သည် ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ဤတပ်မက်မှု 'တဏှာ' သည်သာလျှင် စွဲလမ်းခြင်း 'ဥပါဒါန်' ၏ အကြောင်းရင်း့ 'ဟိတ်' ပေတည်း၊ အခြေခံ 'နိဒါန်း' ပေတည်း၊ ဖြစ်ကြောင်း 'သမုဒယ' ပေတည်း၊ အထောက်အပံ့ 'ပစ္စည်း' ပေတည်း။

၁၀၂။ အာနန္ဒာ ခံစားခြင်း 'ဝေဒနာ' ဟူသော အကြောင်းကြောင့် တပ်မက်မှု 'တဏှာ' သည် ဖြစ်၏ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ ခံစားခြင်း 'ဝေဒနာ' ဟူသော အကြောင်းကြောင့် တပ်မက်မှု 'တဏှာ' ဖြစ်ပုံကို ဤ (ဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ တစ်စုံတစ်ခုသော ဘုံ၌ တစ်စုံတစ်ယောက်သော သတ္တဝါအား ခံစားခြင်း 'ဝေဒနာ' သည် မည်သည့်အခြင်းအရာ မည်သည့်သဘောအားဖြင့်မျှ မရှိငြားအံ့။ ဤခံစားခြင်း 'ဝေဒနာ' ကား အဘယ်နည်း။

မျက်စိနှင့် တွေ့ခြင်းကြောင့် ဖြစ်သော ခံစားခြင်း၊ နားနှင့် တွေ့ခြင်းကြောင့် ဖြစ်သော ခံစားခြင်း၊ နှာခေါင်းနှင့် တွေ့ခြင်းကြောင့် ဖြစ်သော ခံစားခြင်း၊ လျှာနှင့် တွေ့ခြင်းကြောင့် ဖြစ်သော ခံစားခြင်း၊ ကိုယ်နှင့် တွေ့ခြင်းကြောင့်ဖြစ်သော ခံစားခြင်း၊ စိတ်နှင့် တွေ့ခြင်းကြောင့် ဖြစ်သော ခံစားခြင်းတို့ပေတည်း။

ခံစားခြင်း 'ဝေဒနာ' သည် အချင်းခပ်သိမ်း မရှိခဲ့သော် ခံစားခြင်း 'ဝေဒနာ' ချုပ်ခြင်းကြောင့် တပ်မက်မှု 'တဏှာ' သည် ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ဤခံစားခြင်း 'ဝေဒနာ' သည်သာလျှင် တပ်မက်မှု 'တဏှာ' ၏ အကြောင်းရင်း 'ဟိတ်' ပေတည်း၊ အခြေခံ 'နိဒါန်း' ပေတည်း၊ ဖြစ်ကြောင်း 'သမုဒယ' ပေတည်း၊ အထောက်အပံ့ 'ပစ္စည်း' ပေ တည်း။

၁၀၃။ အာနန္ဒာ ဤသို့လျှင် ခံစားခြင်း 'ဝေဒနာ' ကို စွဲ၍ တပ်မက်ခြင်း 'တဏှာ' သည် ဖြစ်၏၊ တပ်မက်ခြင်းကို စွဲ၍ ရှာမှီးခြင်းသည် ဖြစ်၏၊ ရှာမှီးခြင်းကို စွဲ၍ ရခြင်းသည် ဖြစ်၏၊ ရခြင်းကို စွဲ၍ အသုံးချရန် စိတ်ပိုင်းဖြတ်ခြင်းသည် ဖြစ်၏၊ စိတ်ပိုင်းဖြတ်ခြင်းကို စွဲ၍ နှစ်သက်တပ်စွဲခြင်း 'ဆန္ဒရာဂ' သည် ဖြစ်၏၊ ထိုနှစ်သက်တပ်စွဲခြင်းကို စွဲ၍ ငါ့ဟာဟု မြဲမြံစွာ ဆုံးဖြတ်ခြင်းသည် ဖြစ်၏၊ မြဲမြံစွာ ဆုံးဖြတ်ခြင်းကို စွဲ၍ သိမ်းပိုက်ခြင်းသည် ဖြစ်၏၊ သိမ်းပိုက်ခြင်းကို စွဲ၍ ဝန်တိုခြင်းသည် ဖြစ်၏၊ ဝန်တိုခြင်းကို စွဲ၍ (ဥစ္စာကို) စောင့်ရှောက်ခြင်းသည် ဖြစ်၏၊ (ဥစ္စာကို) စောင့်ရှောက်ခြင်းဟူသော အကြောင်းကြောင့် တုတ်ဆောင်ရခြင်း လက်နက်ဆောင်ရခြင်း ခိုက်ရန်ဖြစ်ခြင်း ဆန့်ကျင်ခြင်း ငြင်းခုံခြင်း မခံသာအောင်ပြောဆိုခြင်း ကုန်းတိုက်ခြင်း မဟုတ်မမှန် ပြောခြင်းဟူသော ယုတ်မာသော အကုသိုလ်တရား များစွာတို့သည် ဖြစ်ကုန်၏။

၁၀၄။ အာနန္ဒာ ဥစ္စာကို စောင့်ရှောက်ခြင်းဟူသော အကြောင်းကြောင့် တုတ်ဆောင်ရခြင်း လက်နက်ဆောင်ရခြင်း ခိုက်ရန်ဖြစ်ခြင်း ဆန့်ကျင်ခြင်း ငြင်းခုံခြင်း မခံသာအောင်ပြောဆိုခြင်း ကုန်းတိုက်ခြင်း မဟုတ် မမှန် ပြောခြင်းဟူသော ယုတ်မာသော အကုသိုလ်တရားများစွာတို့သည် ဖြစ်ကုန်၏ ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ ဥစ္စာကို စောင့်ရှောက်ခြင်းဟူသော အကြောင်းကြောင့် တုတ်ဆောင်ရခြင်း လက်နက်ဆောင်ရခြင်း ခိုက်ရန်ဖြစ်ခြင်း ဆန့်ကျင်ခြင်း ငြင်းခုံခြင်း မခံသာအောင်ပြောဆိုခြင်း ကုန်းတိုက်ခြင်း မဟုတ်မမှန် ပြောခြင်းဟူသော ယုတ်မာသော အကုသိုလ်တရားများစွာတို့ ဖြစ်ပုံကို ဤ (ဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ တစ်စုံတစ်ခုသော ဘုံ၌ တစ်စုံတစ်ယောက်သော သတ္တဝါအား ဥစ္စာကို စောင့်ရှောက်ခြင်းသည် မည်သည့်အခြင်းအရာ မည်သည့်သဘောအားဖြင့်မျှ မရှိငြားအံ့၊ ဥစ္စာကို စောင့်ရှောက်ခြင်းသည် အချင်းခပ်သိမ်း မရှိခဲ့သော် ဥစ္စာကို စောင့်ရှောက်ခြင်း၏ ချုပ်ခြင်းကြောင့် တုတ်ဆောင်ရခြင်း လက်နက်ဆောင်ရခြင်း ခိုက်ရန်ဖြစ်ခြင်း ဆန့်ကျင်ခြင်း ငြင်းခုံခြင်း မခံသာအောင်ပြောဆိုခြင်း ကုန်းတိုက်ခြင်း့မဟုတ် မမှန်ပြောခြင်းဟူသော ယုတ်မာသော အကုသိုလ်တရား များစွာတို့သည် ဖြစ်နိုင်ပါကုန်ဦးမည်လောဟု (မိန့် တော်မူ၏)။

မဖြစ်နိုင်ပါကုန် အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ထိုဥစ္စာကို စောင့်ရှောက်ခြင်းသည်သာလျှင် တုတ်ဆောင်ရခြင်း လက်နက်ဆောင်ရခြင်း ခိုက်ရန်ဖြစ်ခြင်း ဆန့်ကျင်ခြင်း ငြင်းခုံခြင်း မခံသာအောင်ပြောဆိုခြင်း ကုန်းတိုက်ခြင်း မဟုတ်မမှန် ပြောခြင်းဟူသော ယုတ်မာသော အကုသိုလ်တရားများစွာတို့ ဖြစ်ပွါးခြင်း၏ အကြောင်းရင်း 'ဟိတ်' ပေတည်း၊ အခြေခံ 'နိဒါန်း' ပေတည်း၊ ဖြစ်ကြောင်း 'သမုဒယ' ပေတည်း၊ အထောက်အပံ့ 'ပစ္စည်း' ပေတည်း။

၁၀၅။ အာနန္ဒာ ဝန်တိုခြင်းကို စွဲ၍ ဥစ္စာကို စောင့်ရှောက်ခြင်းသည် ဖြစ်၏ ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ ဝန်တိုခြင်းကို စွဲ၍ ဥစ္စာကို စောင့်ရှောက်ခြင်းဖြစ်ပုံကို ဤ (ဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ တစ်စုံတစ်ခုသော ဘုံ၌ တစ်စုံတစ်ယောက်သော သတ္တဝါအား ဝန်တိုခြင်းသည် မည်သည့်အခြင်းအရာ မည်သည့်သဘောအားဖြင့်မျှ မဖြစ်ငြားအံ့၊ ဝန်တိုခြင်းသည် အချင်းခပ်သိမ်း မရှိခဲ့သော် ဝန်တိုခြင်း၏ ချုပ်ခြင်းကြောင့် ဥစ္စာကို စောင့်ရှောက်ခြင်းသည် ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ဤဝန်တိုခြင်းသည်သာလျှင် ဥစ္စာကို စောင့်ရှောက်ခြင်း၏ အကြောင်းရင်း 'ဟိတ်' ပေတည်း၊ အခြေခံ 'နိဒါန်း' ပေတည်း၊ ဖြစ်ကြောင်း 'သမုဒယ' ပေတည်း၊ အထောက်အပံ့ 'ပစ္စည်း' ပေတည်း။

၁၀၆။ အာနန္ဒာ သိမ်းပိုက်ခြင်းကို စွဲ၍ ဝန်တိုခြင်းသည် ဖြစ်၏ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ သိမ်းပိုက်ခြင်းကို စွဲ၍ ဝန်တိုခြင်းဖြစ်ပုံကို ဤ (ဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ တစ်စုံတစ်ခုသော ဘုံ၌ တစ်စုံတစ်ယောက်သော သတ္တဝါအား သိမ်းပိုက်ခြင်းသည် မည်သည့်အခြင်းအရာ မည်သည့်သဘောအားဖြင့်မျှ မရှိငြားအံ့၊ သိမ်းပိုက်ခြင်းသည် အချင်းခပ်သိမ်း မရှိခဲ့သော် သိမ်းပိုက်ခြင်း၏ ချုပ်ခြင်းကြောင့် ဝန်တိုခြင်းသည် ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ဤသိမ်းပိုက်ခြင်းသည်သာလျှင် ဝန်တိုခြင်း၏ အကြောင်းရင်း 'ဟိတ်' ပေတည်း၊ အခြေခံ 'နိဒါန်း' ပေတည်း၊ ဖြစ်ကြောင်း 'သမုဒယ' ပေတည်း၊ အထောက်အပံ့ 'ပစ္စည်း' ပေတည်း။

၁၀၇။ အာနန္ဒာ (ငါ့ဟာဟု) မြဲမြံစွာ ဆုံးဖြတ်ခြင်းကို စွဲ၍ သိမ်းပိုက်ခြင်းသည် ဖြစ်၏ ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ (ငါ့ဟာဟု) မြဲမြံစွာ ဆုံးဖြတ်ခြင်းကို စွဲ၍ သိမ်းပိုက်ခြင်းဖြစ်ပုံကို (ဤဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ တစ်စုံတစ်ခုသော ဘုံ၌ တစ်စုံတစ်ယောက်သော သတ္တဝါအား (ငါ့ဟာဟု) မြဲမြံစွာ ဆုံးဖြတ်ခြင်းသည် မည်သည့်အခြင်းအရာ မည်သည့်သဘောအားဖြင့်မျှ မရှိငြားအံ့၊ (ငါ့ဟာဟု) မြဲမြံစွာ ဆုံးဖြတ်ခြင်းသည် အချင်းခပ်သိမ်း မရှိခဲ့သော် (ငါ့ဟာဟု) မြဲမြံစွာ ဆုံးဖြတ်ခြင်း၏ ချုပ်ခြင်းကြောင့် သိမ်းပိုက်ခြင်းသည် ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ဤ (ငါ့ဟာဟု) မြဲမြံစွာ ဆုံးဖြတ်ခြင်းသည်သာလျှင် သိမ်းပိုက်ခြင်း၏ အကြောင်းရင်း 'ဟိတ်' ပေတည်း၊ အခြေခံ 'နိဒါန်း' ပေတည်း၊ ဖြစ်ကြောင်း 'သမုဒယ' ပေတည်း၊ အထောက်အပံ့ 'ပစ္စည်း' ပေတည်း။

၁၀၈။ အာနန္ဒာ နှစ်သက်တပ်စွဲခြင်း 'ဆန္ဒရာဂ' ကို စွဲ၍ (ငါ့ဟာဟု) မြဲမြံစွာ ဆုံးဖြတ်ခြင်းသည်ဖြစ်၏ ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ နှစ်သက်တပ်စွဲခြင်း 'ဆန္ဒရာဂ' ကို စွဲ၍ (ငါ့ဟာဟု) မြဲမြံစွာ ဆုံးဖြတ်ခြင်းဖြစ်ပုံကို ဤ (ဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ တစ်စုံတစ်ခုသော ဘုံ၌ တစ်စုံတစ်ယောက်သော သတ္တဝါအား နှစ်သက်တပ်စွဲခြင်း 'ဆန္ဒရာဂ' သည် မည်သည့်အခြင်းအရာ မည်သည့်သဘောအားဖြင့်မျှ မရှိငြားအံ့၊ နှစ်သက်တပ်စွဲခြင်းသည် အချင်းခပ်သိမ်း မရှိခဲ့သော် နှစ်သက်တပ်စွဲခြင်း၏ ချုပ်ခြင်းကြောင့် (ငါ့ဟာဟု) မြဲမြံစွာ ဆုံးဖြတ်ခြင်းသည် ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် နှစ်သက်တပ်စွဲခြင်း 'ဆန္ဒရာဂ' သည်သာလျှင် (ငါ့ဟာဟု) မြဲမြံစွာ ဆုံးဖြတ်ခြင်း၏ အကြောင်းရင်း 'ဟိတ်' ပေတည်း၊ အခြေခံ 'နိဒါန်း' ပေတည်း၊ ဖြစ်ကြောင်း 'သမုဒယ' ပေတည်း၊ အထောက်အပံ့ 'ပစ္စည်း' ပေတည်း။

၁၀၉။ အာနန္ဒာ (အသုံးချရန်) စိတ်ပိုင်းဖြတ်ခြင်းကို စွဲ၍ နှစ်သက်တပ်စွဲခြင်း 'ဆန္ဒရာဂ' ဖြစ်၏ ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ စိတ်ပိုင်းဖြတ်ခြင်းကို စွဲ၍ နှစ်သက်တပ်စွဲခြင်း ဖြစ်ပုံကို ဤ (ဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ တစ်စုံတစ်ခုသော ဘုံ၌ တစ်စုံတစ်ယောက်သော သတ္တဝါအား စိတ်ပိုင်းဖြတ်ခြင်းသည် မည်သည့်အခြင်းအရာ မည်သည့်သဘောအားဖြင့်မျှ မရှိငြားအံ့၊ စိတ်ပိုင်းဖြတ်ခြင်းသည် အချင်းခပ်သိမ်း မရှိခဲ့သော် စိတ်ပိုင်းဖြတ်ခြင်း၏ ချုပ်ခြင်းကြောင့် နှစ်သက်တပ်စွဲခြင်း 'ဆန္ဒရာဂ' သည် ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ဤစိတ်ပိုင်းဖြတ်ခြင်းသည်သာလျှင် နှစ်သက်တပ်စွဲခြင်း 'ဆန္ဒရာဂ' ၏ အကြောင်းရင်း 'ဟိတ်' ပေတည်း၊ အခြေခံ 'နိဒါန်း' ပေတည်း၊ ဖြစ်ကြောင်း 'သမုဒယ' ပေတည်း၊ အထောက်အပံ့ 'ပစ္စည်း' ပေတည်း။

၁၁၀။ အာနန္ဒာ ရခြင်းကို စွဲ၍ (အသုံးချရန်) စိတ်ပိုင်းဖြတ်ခြင်းသည် ဖြစ်၏ ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ ရခြင်းကို စွဲ၍ စိတ်ပိုင်းဖြတ်ခြင်း ဖြစ်ပုံကို ဤ (ဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ တစ်စုံတစ်ခုသော ဘုံ၌ တစ်စုံတစ်ယောက်သော သတ္တဝါအား ရခြင်းသည် မည်သည့်အခြင်းအရာ မည်သည့်သဘောအားဖြင့်မျှ မရှိငြားအံ့၊ ရခြင်းသည် အချင်းခပ်သိမ်း မရှိခဲ့သော် ရခြင်း၏ချုပ်ခြင်းကြောင့် စိတ်ပိုင်းဖြတ်ခြင်းသည် ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ဤရခြင်းသည်သာလျှင် စိတ်ပိုင်းဖြတ်ခြင်း၏ အကြောင်းရင်း 'ဟိတ်' ပေတည်း၊ အခြေခံ 'နိဒါန်း' ပေတည်း၊ ဖြစ်ကြောင်း 'သမုဒယ' ပေတည်း၊ အထောက်အပံ့ 'ပစ္စည်း' ပေတည်း။

၁၁၁။ အာနန္ဒာ ရှာမှီးခြင်းကို စွဲ၍ ရခြင်းဖြစ်၏ ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ ရှာမှီးခြင်းကို စွဲ၍ ရခြင်းဖြစ်ပုံကို (ဤ ဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ တစ်စုံတစ်ခုသော ဘုံ၌ တစ်စုံတစ်ယောက်သော သတ္တဝါအား ရှာမှီးခြင်းသည် မည်သည့်အခြင်းအရာ မည်သည့်သဘောအားဖြင့်မျှ မရှိငြားအံ့၊ ရှာမှီးခြင်းသည် အချင်းခပ်သိမ်း မရှိခဲ့သော် ရှာမှီးခြင်း၏ ချုပ်ခြင်းကြောင့် ရခြင်းသည် ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ဤရှာမှီးခြင်းသည်သာလျှင် ရခြင်း၏ အကြောင်းရင်း 'ဟိတ်' ပေတည်း၊ အခြေခံ့ 'နိဒါန်း' ပေတည်း၊ ဖြစ်ကြောင်း 'သမုဒယ' ပေတည်း၊ အထောက်အပံ့ 'ပစ္စည်း' ပေတည်း။

၁၁၂။ အာနန္ဒာ တပ်မက်ခြင်း 'တဏှာ' ကို စွဲ၍ ရှာမှီးခြင်းသည် ဖြစ်၏ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ တပ်မက်ခြင်း 'တဏှာ' ကို စွဲ၍ ရှာမှီးခြင်း ဖြစ်ပုံကို (ဤ ဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ တစ်စုံတစ်ခုသော ဘုံ၌ တစ်စုံတစ်ယောက်သော သတ္တဝါအား တပ်မက်ခြင်းသည် မည်သည့်အခြင်းအရာ မည်သည့်သဘောအားဖြင့်မျှ မရှိငြားအံ့။

ဤတပ်မက်ခြင်းကား အဘယ်နည်း။ ကာမဂုဏ်၌ တပ်မက်ခြင်း 'ကာမတဏှာ' ဘဝမပြတ်စဲနိုင်ဟု ထင်လျက် တပ်မက်ခြင်း 'ဘဝတဏှာ' ဘဝပြတ်စဲမည်ထင်လျက် တပ်မက်ခြင်း 'ဝိဘဝတဏှာ' တို့ပေတည်း။ တပ်မက်ခြင်း 'တဏှာ' သည် အချင်းခပ်သိမ်း မဖြစ်ခဲ့သော် တပ်မက်ခြင်းတဏှာ ချုပ်ခြင်းကြောင့် ရှာမှီးခြင်းသည် ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ဤတပ်မက်ခြင်း 'တဏှာ' သည်သာလျှင် ရှာမှီးခြင်း၏ အကြောင်းရင်း 'ဟိတ်' ပေတည်း၊ အခြေခံ 'နိဒါန်း' ပေတည်း၊ ဖြစ်ကြောင်း 'သမုဒယ' ပေတည်း၊ အထောက်အပံ့ 'ပစ္စည်း' ပေတည်း။

အာနန္ဒာ ဤသို့လျှင် နှစ်မျိုးပြားသော ဤ (တဏှာ) တရားတို့သည် ဝေဒနာဟူသော အကြောင်းတစ်ပါးတည်းကြောင့်သာလျှင် ဖြစ်ကုန်၏။

၁၁၃။ အာနန္ဒာ တွေ့ထိခြင်း 'ဖဿ' ဟူသော အကြောင်းကြောင့် ခံစားခြင်း 'ဝေဒနာ' သည် ဖြစ်၏ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ တွေ့ထိခြင်း 'ဖဿ' ဟူသော အကြောင်းကြောင့် ခံစားခြင်း 'ဝေဒနာ' ဖြစ်ပုံကို (ဤဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ တစ်စုံတစ်ခုသော ဘုံ၌ တစ်စုံတစ်ယောက်သော သတ္တဝါအား တွေ့ထိခြင်း 'ဖဿ' သည် မည်သည့်အခြင်းအရာ မည်သည့်သဘောအားဖြင့်မျှ မရှိငြားအံ့။ ဤတွေ့ထိခြင်း 'ဖဿ' ကား အဘယ်နည်း။

မျက်စိအတွေ့ 'စက္ခုသမ္ဖဿ' ၊ နားအတွေ့ 'သောတသမ္ဖဿ' ၊ နှာခေါင်းအတွေ့ 'ဃာနသမ္ဖဿ' ၊ လျှာအတွေ့ 'ဇိဝှါသမ္ဖဿ' ၊ ကိုယ်အတွေ့ 'ကာယသမ္ဖဿ' ၊ စိတ်အတွေ့ 'မနောသမ္ဖဿ' တို့ပေတည်း။

တွေ့ထိခြင်း 'ဖဿ' သည် အချင်းခပ်သိမ်း မရှိခဲ့သော် တွေ့ခြင်း 'ဖဿ' ချုပ်ခြင်းကြောင့် ခံစားခြင်း 'ဝေဒနာ' သည် ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ဤတွေ့ထိခြင်း 'ဖဿ' သည်သာလျှင် ခံစားခြင်း 'ဝေဒနာ' ၏ အကြောင်းရင်း 'ဟိတ်' ပေတည်း၊ အခြေခံ 'နိဒါန်း' ပေတည်း၊ ဖြစ်ကြောင်း 'သမုဒယ' ပေတည်း၊ အထောက်အပံ့ 'ပစ္စည်း' ပေတည်း။

၁၁၄။ အာနန္ဒာ နာမ်ရုပ်ဟူသော အကြောင်းကြောင့် တွေ့ထိခြင်း 'ဖဿ' သည် ဖြစ်၏ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ နာမ်ရုပ်ဟူသော အကြောင်းကြောင့် တွေ့ထိခြင်း 'ဖဿ' ဖြစ်ပုံကို (ဤဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ (အာရုံကို တွေ့ခြင်း ခံစားခြင်း မှတ်သားခြင်းစသော) အကြင်အခြင်းအရာ အကြင်အသွင်အပြင် အကြင်သိကြောင်းနိမိတ် အကြင်ညွှန်ပြအပ်သော သဘောတို့ဖြင့် (ဖဿ ဝေဒနာ သညာစသော) နာမ်အပေါင်း 'နာမကာယ' ကို (ဖဿ ဝေဒနာ သညာ စသည်ဖြင့်) ခေါ်ဝေါ်ပညတ်ရ၏၊ ထိုအခြင်းအရာ ထိုအသွင်အပြင် ထိုသိကြောင်းနိမိတ် ထိုညွှန်ပြအပ်သော သဘောတို့ မရှိခဲ့သော် အမည်ဖြင့် ပြရသော ကြံသိတွေ့ 'အဓိဝစန သမ္ဖဿ'သည် ရုပ်အပေါင်း 'ရူပကာယ' ၌ ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ (ကြမ်းတမ်းခက်မာခြင်း ယိုစီးခြင်း ပူခြင်း ထောက်ကန်ခြင်းစသော) အကြင်အခြင်းအရာ အကြင်အသွင်အပြင် အကြင်သိကြောင်းနိမိတ် အကြင်ညွှန်ပြအပ်သော သဘောတို့ဖြင့် (ပထဝီ အာပေါ တေဇော ဝါယောစသော) ရုပ်အပေါင်း 'ရူပကာယ' ကို (ပထဝီ အာပေါ တေဇော ဝါယော စသည်ဖြင့်) ခေါ်ဝေါ်ပညတ်ရ၏၊ ထိုအခြင်းအရာ။ပ။ ထိုညွှန်ပြအပ်သော သဘောတို့သည် မရှိခဲ့သော် ထိခိုက်တွေ့ 'ပဋိဃသမ္ဖဿ' သည် နာမ်အပေါင်း 'နာမကာယ' ၌ ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ (အာရုံကို တွေ့ခြင်းစသည်နှင့် ကြမ်းတမ်းခက်မာခြင်းစသော) အကြင်အခြင်းအရာ။ ပ။ အကြင်ညွှန်ပြအပ်သောသဘောတို့ဖြင့် (ဖဿစသော) နာမ်အပေါင်း 'နာမကာယ' ကိုလည်းကောင်း (ပထဝီစသော) ရုပ်အပေါင်း 'ရူပကာယ ' ကိုလည်းကောင်း (ဖဿစသည် ပထဝီစသည်ဖြင့်) ခေါ်ဝေါ်ပညတ်ရ၏၊ ထိုအခြင်းအရာ။ပ။ ထိုညွှန်ပြအပ်သော သဘောတို့သည် မရှိခဲ့သော် အမည်ဖြင့်ပြရသော ကြံသိတွေ့ 'အဓိဝစနသမ္ဖဿ' သည်လည်းကောင်း ထိခိုက်တွေ့ 'ပဋိဃသမ္ဖဿ' သည်လည်းကောင်း ထင်ရှားရှိနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ အကြင်အခြင်းအရာ။ ပ။ အကြင်ညွှန်ပြအပ်သော သဘောတို့ဖြင့် နာမ်ရုပ်ကို ခေါ်ဝေါ်ပညတ်ရ၏၊ ထိုအခြင်းအရာ။ပ။ ထိုညွှန်ပြအပ်သော သဘောတို့သည် မရှိခဲ့သော် တွေ့ခြင်း 'ဖဿ' သည် ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ဤနာမ်ရုပ်သည်သာလျှင် တွေ့ထိခြင်း 'ဖဿ' ၏ အကြောင်းရင်း 'ဟိတ်' ပေတည်း၊ အခြေခံ 'နိဒါန်း' ပေတည်း၊ ဖြစ်ကြောင်း 'သမုဒယ' ပေတည်း၊ အထောက်အပံ့ 'ပစ္စည်း' ပေတည်း။

၁၁၅။ အာနန္ဒာ သိခြင်း 'ဝိညာဉ်' ဟူသော အကြောင်းကြောင့် နာမ်ရုပ်သည် ဖြစ်၏ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ သိခြင်း 'ဝိညာဉ်' ဟူသော အကြောင်းကြောင့် နာမ်ရုပ်ဖြစ်ပုံကို (ဤဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ သိခြင်း 'ဝိညာဉ်' သည် အမိဝမ်း၌ မသက်ရောက်ငြားအံ့၊ နာမ်ရုပ်သည် အမိဝမ်း၌ တစ်ပေါင်းတည်း ဖြစ်နိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မဖြစ်နိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ သိခြင်း 'ဝိညာဉ်' သည် အမိဝမ်း၌ သက်ရောက်ပြီးလျှင် ချုပ်သွားငြားအံ့၊ နာမ်ရုပ်သည် ဤခန္ဓာကိုယ် ဖြစ်ခြင်းငှါ ဖြစ်နိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မဖြစ်နိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ သိခြင်း 'ဝိညာဉ်' သည်လည်း သူငယ်အားဖြစ်စေ သူငယ်မအားဖြစ်စေ ငယ်စဉ်ကပင် ချုပ်သွားငြားအံ့၊ နာမ်ရုပ်သည် ကြီးပွါးစည်ပင် ပြန့်ပွါးခြင်းသို့ ရောက်နိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မရောက်နိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ဤဝိညာဉ်သည်သာလျှင် နာမ်ရုပ်၏ အကြောင်းရင်း 'ဟိတ်' ပေတည်း၊ အခြေခံ 'နိဒါန်း' ပေတည်း၊ ဖြစ်ကြောင်း 'သမုဒယ' ပေတည်း၊ အထောက်အပံ့ 'ပစ္စည်း' ပေတည်း။

၁၁၆။ အာနန္ဒာ နာမ်ရုပ်ဟူသော အကြောင်းကြောင့် သိခြင်း 'ဝိညာဉ်'သည် ဖြစ်၏ ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ နာမ်ရုပ်ဟူသော အကြောင်းကြောင့် သိခြင်း 'ဝိညာဉ်' ဖြစ်ပုံကို ဤ (ဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ သိခြင်း 'ဝိညာဉ်'သည် နာမ်ရုပ်၌ မှီရာကို မရငြားအံ့၊ နောင်အခါ၌ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်းတို့နှင့်တကွ ဆင်းရဲအပေါင်းသည် ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ထိုနာမ်ရုပ်သည်သာလျှင် သိခြင်း 'ဝိညာဉ်' ၏ အကြောင်းရင်း 'ဟိတ်' ပေတည်း၊ အခြေခံ 'နိဒါန်း' ပေတည်း၊ ဖြစ်ကြောင်း 'သမုဒယ' ပေတည်း၊ အထောက်အပံ့ 'ပစ္စည်း' ပေတည်း။

အာနန္ဒာ ဤအချင်းချင်း ကျေးဇူးပြုသော ဝိညာဉ်နှင့် နာမ်ရုပ်မျှဖြင့် (သတ္တဝါသည်) ဖြစ်မူလည်း ဖြစ်ပေါ်ရာ၏၊ အိုမူလည်း အိုရာ၏၊ သေမူလည်း သေရာ၏၊ အဖန်ဖန် စုတေ့မူလည်း စုတေရာ၏၊ အဖန်ဖန် ဖြစ်မူလည်း ဖြစ်ရာ၏၊ ဤဝိညာဉ်နှင့် နာမ်ရုပ်မျှဖြင့် အမည်ဖြစ်ခြင်း၏ အကြောင်းသည် ဖြစ်၏၊ ဤဝိညာဉ်နှင့် နာမ်ရုပ်မျှဖြင့် သဒ္ဒါဖြစ်ခြင်း၏ အကြောင်းသည် ဖြစ်၏၊ ဤဝိညာဉ်နှင့် နာမ်ရုပ်မျှဖြင့် ပညတ်ဖြစ်ခြင်း၏ အကြောင်းသည် ဖြစ်၏၊ ဤဝိညာဉ်နှင့် နာမ်ရုပ်မျှဖြင့် ပညတ်၏ ကျက်စားရာသည် ဖြစ်၏၊ အချင်းချင်း ကျေးဇူးပြုသော ဤဝိညာဉ်နှင့် နာမ်ရုပ်မျှဖြင့် ဝဋ်သုံးပါးသည် လည်၏၊ ဤခန္ဓာငါးပါးသည်လည်း ခေါ်ဝေါ်ပညတ်ခြင်းငှါ ထင်ရှား ဖြစ်၏။

------

၁။ ဥပါဒါန်၏ အကြောင်းဖြစ်သော ဝဋ္ဋမူလ 'ဝဋ်မြစ်' တဏှာနှင့် ရှာမှီးခြင်း၏ အကြောင်းဖြစ်သော သမုဒါစာရ 'မပြတ်ဖြစ် နေသော' တဏှာတို့ကိုပင် ၂-မျိုးဟု ဆိုသည်။

၂။ အဓိဝစနသမ္ဖဿဟူသည် မနောဒွါရ၌ဖြစ်သော ကြံသိလျက် တွေ့သော မနောသမ္ဖဿပင်တည်း။

၃။ ပဋိဃသမ္ဖဿဟူသည်မှာ ပဉ္စဒွါရ၌ဖြစ်သော မြင်သိလျက် တွေ့သော စက္ခုသမ္ဖဿ စသည်ပင်တည်း။

အတ္တပညတ်

၁၁၇။ အာနန္ဒာ အတ္တကို ပညတ်သူသည် အဘယ်မျှဖြင့် ပညတ်သနည်း-

အာနန္ဒာ ရုပ်ရှိ အပိုင်းအခြားရှိသော အတ္တကို ပညတ်သူသည် ''ငါ၏ အတ္တသည် ရုပ်ရှိ၏ အပိုင်းအခြားရှိ၏''ဟု ပညတ်၏။

အာနန္ဒာ ရုပ်ရှိ အပိုင်းအခြားမရှိသော အတ္တကို ပညတ်သူသည် ''ငါ၏ အတ္တသည် ရုပ်ရှိ၏၊ အပိုင်းအခြားမရှိ''ဟု ပညတ်၏။

အာနန္ဒာ ရုပ်မရှိ အပိုင်းအခြားရှိသော အတ္တကို ပညတ်သူသည် ''ငါ၏ အတ္တသည် ရုပ်မရှိ အပိုင်းအခြားရှိ၏''ဟု ပညတ်၏။

အာနန္ဒာ ရုပ်မရှိ အပိုင်းအခြားမရှိသော အတ္တကို ပညတ်သူသည် ''ငါ၏ အတ္တသည် ရုပ်မရှိအပိုင်းအခြားမရှိ''ဟု ပညတ်၏။

၁၁၈။ အာနန္ဒာ ထို (လေးယောက်တို့) တွင် အကြင်သူသည် ရုပ်ရှိ အပိုင်းအခြားရှိသော အတ္တကိုပညတ်၏၊ ထိုသူသည် ယခု ပစ္စုပ္ပန်ဘဝ၌ (သာဖြစ်သော) အပိုင်းအခြားရှိ ရုပ်ရှိသော အတ္တကိုသော်လည်းပညတ်၏၊ ထိုသူသည် တမလွန်ဘဝ၌လည်းဖြစ်သော ရုပ်ရှိ အပိုင်းအခြားရှိသော အတ္တကိုသော်လည်းပညတ်၏၊ (သူတစ်ပါးတို့ အမြင်အားဖြင့်) ''မဟုတ်မမှန်ဖြစ်နေသည်ကို အဟုတ်အမှန်ဖြစ်အောင် ပြုအံ့'' ဟူ၍လည်း ထိုသူ့အား စိတ်ဖြစ်၏။

အာနန္ဒာ ဤသို့ဖြစ်သော် (ထိုသူ့သန္တာန်၌) ရုပ်ရှိ အပိုင်းအခြားရှိသော အတ္တစွဲအယူ 'ရူပီပရိတ္တတ္တာနုဒိဋ္ဌိ' ကိန်းနေသည်ဟု ဆိုခြင်းငှါ သင့်၏။

အာနန္ဒာ ထို (လေးယောက်တို့) တွင် အကြင်သူသည် ရုပ်ရှိ အပိုင်းအခြားမရှိသော အတ္တကို ပညတ် ၏၊ ထိုသူသည် ယခုပစ္စုပ္ပန်ဘဝ၌ (သာဖြစ်သော) ရုပ်ရှိ အပိုင်းအခြားမရှိသော အတ္တကိုသော်လည်း ပညတ်၏၊ ထိုသူသည် တမလွန်ဘဝ၌လည်းဖြစ်သော ရုပ်ရှိ အပိုင်းအခြားမရှိသော အတ္တကိုသော်လည်း ပညတ်၏၊ (သူတစ်ပါးတို့ အမြင်အားဖြင့်) ''မဟုတ်မမှန်ဖြစ်နေသည်ကို အဟုတ်အမှန်ဖြစ်အောင် ပြုအံ့'' ဟူ၍လည်းထိုသူ့အား စိတ်ဖြစ်၏။

အာနန္ဒာ ဤသို့ဖြစ်သော် (ထိုသူ့သန္တာန်၌) ရုပ်ရှိ အပိုင်းအခြားမရှိသော အတ္တစွဲအယူ 'ရူပီအနန္တတ္တာနုဒိဋ္ဌိ' ကိန်းနေသည်ဟု ဆိုခြင်းငှါ သင့်၏။

အာနန္ဒာ ထို (လေးယောက်တို့) တွင် အကြင်သူသည် ရုပ်မရှိ အပိုင်းအခြားရှိသော အတ္တကို ပညတ်၏၊ ထိုသူသည် ယခုပစ္စုပ္ပန်ဘဝ၌ (သာဖြစ်သော) ရုပ်မရှိ အပိုင်းအခြားရှိသော အတ္တကိုသော်လည်း ပညတ်၏၊ ထိုသူသည် တမလွန်ဘဝ၌လည်းဖြစ်သော ရုပ်မရှိ အပိုင်းအခြားရှိသော အတ္တကိုသော်လည်း ပညတ်၏၊ (သူတစ်ပါးတို့ အမြင်အားဖြင့်) ''မဟုတ်မမှန်ဖြစ်နေသည်ကို အဟုတ်အမှန်ဖြစ်အောင် ပြုအံ့'' ဟူ၍လည်းထိုသူ့အား စိတ်ဖြစ်၏။

အာနန္ဒာ ဤသို့ဖြစ်သော် (ထိုသူ့သန္တာန်၌) ရုပ်မရှိ အပိုင်းအခြားရှိသော အတ္တစွဲအယူ 'အရူပီပရိတ္တတ္တာနုဒိဋ္ဌိ' ကိန်းနေသည်ဟု ဆိုခြင်းငှါ သင့်၏။

အာနန္ဒာ ထို (လေးယောက်တို့) တွင် အကြင်သူသည် ရုပ်မရှိ အပိုင်းအခြားမရှိသော အတ္တကို ပညတ်၏၊ ထိုသူသည် ယခုပစ္စုပ္ပန်ဘဝ၌ (သာဖြစ်သော) ရုပ်မရှိ အပိုင်းအခြား မရှိသော အတ္တကိုသော် လည်းပညတ်၏၊ ထိုသူသည် တမလွန်ဘဝ၌လည်းဖြစ်သော ရုပ်မရှိ အပိုင်းအခြားမရှိသော အတ္တကိုသော် လည်းပညတ်၏၊ (သူတစ်ပါးတို့ အမြင်အားဖြင့်) ''မဟုတ်မမှန်ဖြစ်နေသည်ကို အဟုတ်အမှန်ဖြစ်အောင်ပြုအံ့'' ဟူ၍လည်း ထိုသူ့အား စိတ်ဖြစ်၏။

အာနန္ဒာ ဤသို့ ဖြစ်သော် (ထိုသူ့သန္တာန်၌) ရုပ်မရှိ အပိုင်းအခြား မရှိသော အတ္တစွဲအယူ 'အရူပီအနန္တတ္တာနုဒိဋ္ဌိ' ကိန်းနေသည်ဟု ဆိုခြင်းငှါ သင့်၏။

အာနန္ဒာ အတ္တကို ပညတ်သော သူသည် ဤမျှဖြင့် ပညတ်၏။

------

န အတ္တပညတ်

၁၁၉။ အာနန္ဒာ အတ္တကို မပညတ်သူသည် အဘယ်မျှဖြင့် မပညတ်သနည်း-

အာနန္ဒာ ရုပ်ရှိ အပိုင်းအခြားရှိသော အတ္တကို မပညတ်သူသည် ''ငါ၏ အတ္တသည် ရုပ်ရှိ၏ အပိုင်းအခြားရှိ၏''ဟု မပညတ်။ အာနန္ဒာ ရုပ်ရှိ အပိုင်းအခြားမရှိသော အတ္တကို မပညတ်သူသည် ''ငါ၏ အတ္တသည် ရုပ်ရှိ၏အပိုင်းအခြားမရှိ''ဟု မပညတ်။ အာနန္ဒာ ရုပ်မရှိ အပိုင်းအခြားရှိသော အတ္တကို မပညတ်သူသည် ''ငါ၏ အတ္တသည် ရုပ်မရှိအပိုင်းအခြားရှိ၏''ဟု မပညတ်။ အာနန္ဒာ ရုပ်မရှိ အပိုင်းအခြားမရှိသော အတ္တကို မပညတ်သူသည် ''ငါ၏ အတ္တသည် ရုပ်မရှိအပိုင်းအခြားမရှိ''ဟု မပညတ်။

၁၂၀။ အာနန္ဒာ ထို (လေးယောက်တို့) တွင် အကြင်သူသည် ရုပ်ရှိ အပိုင်းအခြားရှိသော အတ္တကိုမပညတ်၊ ထိုသူသည် ယခုပစ္စုပ္ပန်ဘဝ၌ (သာဖြစ်သော) ရုပ်ရှိ အပိုင်းအခြားရှိသော အတ္တကိုသော်လည်းမပညတ်၊ ထိုသူသည် တမလွန်ဘဝ၌လည်းဖြစ်သော ရုပ်ရှိ အပိုင်းအခြားရှိသော အတ္တကိုသော်လည်းမပညတ်၊ (သူတစ်ပါးတို့ အမြင်အားဖြင့်) ''မဟုတ်မမှန်ဖြစ်နေသည်ကို အဟုတ်အမှန် ပြုအံ့'' ဟူ၍လည်းထိုသူ့အား စိတ်မဖြစ်။

အာနန္ဒာ ဤသို့ဖြစ်သော် (ထိုသူ့သန္တာန်၌) ရုပ်ရှိ အပိုင်းအခြားရှိသော အတ္တစွဲအယူ 'ရူပီပရိတ္တတ္တာနုဒိဋ္ဌိ' သည် မကိန်းဟု ဆိုခြင်းငှါ သင့်၏။

အာနန္ဒာ ထို (လေးယောက်တို့) တွင် အကြင်သူသည် ရုပ်ရှိ အပိုင်းအခြားမရှိသော အတ္တကို မပညတ်၊ ထိုသူသည် ယခုပစ္စုပ္ပန်ဘဝ၌ (သာဖြစ်သော) ရုပ်ရှိ အပိုင်းအခြားမရှိသော အတ္တကိုသော်လည်း မပညတ်၊ ထိုသူသည် တမလွန်ဘဝ၌လည်းဖြစ်သော ရုပ်ရှိ အပိုင်းအခြားမရှိသော အတ္တကိုသော်လည်း မပညတ်၊ (သူတစ်ပါးတို့ အမြင်အားဖြင့်) ''မဟုတ်မမှန်ဖြစ်နေသည်ကို အဟုတ်အမှန် ပြုအံ့'' ဟူ၍လည်း ထိုသူ့အားစိတ်မဖြစ်။

အာနန္ဒာ ဤသို့ ဖြစ်သော် (ထိုသူ့သန္တာန်၌) ရုပ်ရှိ အပိုင်းအခြားမရှိသော အတ္တစွဲအယူ 'ရူပီအနန္တတ္တာနုဒိဋ္ဌိ' သည် မကိန်းဟု ဆိုခြင်းငှါ သင့်၏။

အာနန္ဒာ ထို (လေးယောက်တို့) တွင် အကြင်သူသည် ရုပ်မရှိ အပိုင်းအခြားရှိသော အတ္တကို မပညတ်၊ ထိုသူသည် ယခုပစ္စုပ္ပန်ဘဝ၌ (သာဖြစ်သော) ရုပ်မရှိ အပိုင်းအခြားရှိသော အတ္တကိုသော်လည်း မပညတ်၊ ထိုသူသည် တမလွန်ဘဝ၌လည်းဖြစ်သော ရုပ်မရှိ အပိုင်းအခြားရှိသော အတ္တကိုသော်လည်း မပညတ်၊ (သူတစ်ပါးတို့ အမြင်အားဖြင့်) ''မဟုတ်မမှန်ဖြစ်နေသည်ကို အဟုတ်အမှန် ပြုအံ့'' ဟူ၍လည်း ထိုသူ့အားစိတ်မဖြစ်။

အာနန္ဒာ ဤသို့ဖြစ်သော် (ထိုသူ့သန္တာန်၌) ရုပ်မရှိ အပိုင်းအခြားရှိသော အတ္တစွဲအယူ 'အရူပီပရိတ္တတ္တာနုဒိဋ္ဌိ' သည် မကိန်းဟု ဆိုခြင်းငှါ သင့်၏။

အာနန္ဒာ ထို (လေးယောက်တို့) တွင် အကြင်သူသည် ရုပ်မရှိ အပိုင်းအခြားမရှိသော အတ္တကို မပညတ်၊ ထိုသူသည် ယခုပစ္စုပ္ပန်ဘဝ၌ (သာဖြစ်သော) ရုပ်မရှိ အပိုင်းအခြားမရှိသော အတ္တကိုသော်လည်း မပညတ်၊ ထိုသူသည် တမလွန်ဘဝ၌လည်းဖြစ်သော ရုပ်မရှိ အပိုင်းအခြားမရှိသော အတ္တကိုသော်လည်း မပညတ်၊ ့ (သူတစ်ပါးတို့ အမြင်အားဖြင့်) ''မဟုတ်မမှန်ဖြစ်နေသည်ကို အဟုတ်အမှန် ပြုအံ့'' ဟူ၍လည်း ထိုသူ့အားစိတ်မဖြစ်။

အာနန္ဒာ ဤသို့ဖြစ်သော် (ထိုသူ့သန္တာန်၌) ရုပ်မရှိ အပိုင်းအခြားမရှိသော အတ္တစွဲအယူ 'အရူပီအနန္တ္တတ္တာနုဒိဋ္ဌိ' သည် မကိန်းဟု ဆိုခြင်းငှါ သင့်၏။

အာနန္ဒာ အတ္တကို မပညတ်သောသူသည် ဤမျှဖြင့် မပညတ်။

------

အတ္တကိုရှုခြင်း

၁၂၁။ အာနန္ဒာ အတ္တကို ရှုသူသည် အဘယ်မျှသော အခြင်းအရာဖြင့် ရှုသနည်း-

အာနန္ဒာ ခံစားခြင်း 'ဝေဒနာ' ကိုမူလည်း အတ္တဟု ရှုသူသည် ''ခံစားခြင်း 'ဝေဒနာ' သည် ငါ၏ အတ္တ''ဟုရှု၏

အာနန္ဒာ (ထို့ပြင် အချို့သူသည်) ''ခံစားခြင်း 'ဝေဒနာ' သည် ငါ၏ အတ္တမဟုတ်၊ ငါ၏ အတ္တသည်မခံစားတတ်''ဟု ရှု၏၊ အာနန္ဒာ အတ္တကို ရှုသူသည် ဤသို့သော အခြင်းအရာဖြင့်လည်း ရှု၏။

အာနန္ဒာ (ထို့ပြင် အချို့သူသည်) ''ငါ၏ အတ္တသည် ခံစားခြင်း 'ဝေဒနာ' မဟုတ်၊ ငါ၏ အတ္တသည်မခံစားတတ်သည်လည်း မဟုတ်၊ ငါ၏ အတ္တသည် ခံစားတတ်၏၊ ငါ၏ အတ္တသည် ခံစားခြင်း သဘောရှိ၏''ဟု ရှု၏၊ အာနန္ဒာ အတ္တကို ရှုသူသည် ဤသို့သော အခြင်းအရာဖြင့်လည်း ရှု၏။

၁၂၂။ အာနန္ဒာ ထို (သုံးယောက်တို့) တွင် ''ခံစားခြင်း 'ဝေဒနာ' သည်ပင် ငါ၏ အတ္တ''ဟု ဆိုသောသူကို ဤသို့ဆိုရာ၏-

''ငါ့သျှင် ခံစားခြင်း 'ဝေဒနာ' တို့သည် ချမ်းသာသော ခံစားခြင်း 'သုခဝေဒနာ' ၊ ဆင်းရဲသော ခံစားခြင်း 'ဒုက္ခဝေဒနာ' ၊ မဆင်းရဲမချမ်းသာသော ခံစားခြင်း 'အဒုက္ခမသုခဝေဒနာ' ဟူ၍ သုံးပါး အပြားရှိကုန်၏၊ သုံးပါးသော ခံစားခြင်း 'ဝေဒနာ' တို့တွင် သင်သည် အဘယ် (ခံစားခြင်း) ကို အတ္တဟု ရှုသနည်း'' (ဟုဆိုရာ၏)။

အာနန္ဒာ အကြင်အခါ၌ ချမ်းသာသော ခံစားခြင်း 'သုခဝေဒနာ' ကို ခံစား၏၊ ထိုအခါ၌ ဆင်းရဲသောခံစားခြင်း 'ဒုက္ခဝေဒနာ' ကိုလည်း မခံစားနိုင်၊ မဆင်းရဲမချမ်းသာသော ခံစားခြင်း 'အဒုက္ခမသုခဝေဒနာ' ကိုလည်း မခံစားနိုင်၊ ထိုအခါ၌ ချမ်းသာသော ခံစားခြင်း 'သုခဝေဒနာ' ကိုသာ ခံစား၏။

အာနန္ဒာ အကြင်အခါ၌ ဆင်းရဲသော ခံစားခြင်း 'ဒုက္ခဝေဒနာ' ကို ခံစား၏၊ ထိုအခါ၌ ချမ်းသာသောခံစားခြင်း 'သုခဝေဒနာ' ကိုလည်း မခံစားနိုင်၊ မဆင်းရဲမချမ်းသာသော ခံစားခြင်း 'အဒုက္ခမသုခဝေဒနာ' ကိုလည်း မခံစားနိုင်၊ ထိုအခါ၌ ဆင်းရဲသော ခံစားခြင်း 'ဒုက္ခဝေဒနာ' ကိုသာ ခံစား၏။

အာနန္ဒာ အကြင်အခါ၌ မဆင်းရဲ မချမ်းသာသော ခံစားခြင်း 'အဒုက္ခ မသုခဝေဒနာ' ကို ခံစား၏၊ ထိုအခါ၌ ချမ်းသာသော ခံစားခြင်း 'သုခဝေဒနာ' ကိုလည်း မခံစားနိုင်၊ ဆင်းရဲသောခံစားခြင်း 'ဒုက္ခဝေဒနာ' ကိုလည်း မခံစားနိုင်၊ ထိုအခါ၌ မဆင်းရဲ မချမ်းသာသောခံစားခြင်း 'အဒုက္ခ မသုခဝေဒနာ' ကိုသာ ခံစား၏။

၁၂၃။ အာနန္ဒာ ချမ်းသာသော ခံစားခြင်း 'သုခဝေဒနာ' သည်လည်း မမြဲ၊ ပြုပြင်ရသော တရား ဖြစ်၏၊ အကြောင်းကိုစွဲ၍ ဖြစ်၏၊ ကုန်ခြင်းသဘောရှိ၏၊ ပျက်ခြင်းသဘောရှိ၏၊ ပျောက်ပြယ်ခြင်းသဘော ရှိ၏၊ ချုပ်ခြင်းသဘောရှိ၏။

အာနန္ဒာ ဆင်းရဲသော ခံစားခြင်း 'ဒုက္ခဝေဒနာ' သည်လည်း မမြဲ၊ ပြုပြင်ရသော တရားဖြစ်၏၊ အကြောင်းကိုစွဲ၍ ဖြစ်၏၊ ကုန်ခြင်းသဘောရှိ၏၊ ပျက်ခြင်းသဘောရှိ၏၊ ပျောက်ပြယ်ခြင်းသဘောရှိ၏၊ ချုပ်ခြင်းသဘော ရှိ၏။

အာနန္ဒာ မဆင်းရဲ မချမ်းသာသော ခံစားခြင်း 'အဒုက္ခမသုခဝေဒနာ' သည်လည်း မမြဲ၊ ပြုပြင်ရသော တရားဖြစ်၏၊ အကြောင်းကိုစွဲ၍ဖြစ်၏၊ ကုန်ခြင်းသဘောရှိ၏၊ ပျက်ခြင်းသဘောရှိ၏၊ ပျောက်ပြယ်ခြင်းသဘောရှိ၏၊ ချုပ်ခြင်းသဘောရှိ၏။

(ခံစားခြင်းဝေဒနာသည်ပင် ငါ၏ အတ္တဟု ဆိုသော) ထိုသူအား ချမ်းသာသော ခံစားခြင်း 'သုခဝေဒနာ' ကို ခံစားစဉ်၌ ''ဤချမ်းသာသော ခံစားခြင်း 'သုခဝေဒနာ' သည် ငါ၏ အတ္တတည်း''ဟု အယူသည်ဖြစ်၏။ ထိုချမ်းသာသော ခံစားခြင်း 'သုခဝေဒနာ' ချုပ်သွားသောအခါ၌ ''ငါ၏ အတ္တသည် ပျက်စီးလေပြီ''ဟု ဆိုဖွယ်သည်ဖြစ်၏။ ဆင်းရဲသော ခံစားခြင်း 'ဒုက္ခဝေဒနာ' ကို ခံစားစဉ်၌လည်း ''ဤဆင်းရဲသောခံစားခြင်း 'ဒုက္ခဝေဒနာ' သည် ငါ၏ အတ္တတည်း''ဟု အယူသည် ဖြစ်ပြန်၏။ ထိုဆင်းရဲသော ခံစားခြင်း 'ဒုက္ခဝေဒနာ' ချုပ်သွားသောအခါ၌လည်း ''ငါ၏ အတ္တသည် ပျက်စီးလေပြီ''ဟု ဆိုဖွယ်သည် ဖြစ်ပြန်၏။ မဆင်းရဲမချမ်းသာသော ခံစားခြင်း 'အဒုက္ခမသုခဝေဒနာ' ကို ခံစားစဉ်၌လည်း ''ဤမချမ်းသာ မဆင်းရဲသော ခံစားခြင်း 'အဒုက္ခမသုခဝေဒနာ' သည် ငါ၏ အတ္တတည်း''ဟု အယူသည် ဖြစ်ပြန်၏။ ထိုမဆင်းရဲမချမ်းသာသော ခံစားခြင်း 'အဒုက္ခမသုခဝေဒနာ' ချုပ်သွားသော အခါ၌လည်း ''ငါ၏ အတ္တသည် ပျက်စီးလေပြီ''ဟု ဆိုဖွယ်သည် ဖြစ်ပြန်၏။

ဤသို့ ဆိုခဲ့သည့်အတိုင်း ခံစားခြင်း 'ဝေဒနာ' သည်ပင် ငါ၏ အတ္တဟု ဆိုသော ထိုသူသည် မျက်မှောက်ဘဝ၌ပင်လျှင် အတ္တသည် မမြဲ ချမ်းသာ ဆင်းရဲတို့နှင့် ရောယှက်၏၊ ဖြစ်ခြင်း ပျက်ခြင်း သဘောရှိ၏ဟုစင်စစ် ရှုရာရောက်၏။

အာနန္ဒာ ထို့ကြောင့် ''ခံစားခြင်း 'ဝေဒနာ' သည် ငါ၏ အတ္တတည်း''ဟု ဤသို့ ရှုခြင်းသည် ဤ (ဆိုခဲ့သော သာဓက) ဖြင့်လည်း မသင့်ချေ။

၁၂၄။ အာနန္ဒာ ထို (သုံးယောက်တို့) တွင် ''ခံစားခြင်း 'ဝေဒနာ' သည် ငါ၏ အတ္တ မဟုတ်၊ ငါ၏အတ္တသည် မခံစားတတ်''ဟု ဆိုသောသူကို ဤသို့ ဆိုရာ၏။

''ငါ့သျှင် ခံစားခြင်း 'ဝေဒနာ' လုံးဝမရှိသော ရုပ်တရားသက်သက်၌ 'ဤကား ငါပင်တည်း' ဟူ၍ရှုခြင်းသည် ဖြစ်နိုင်ပါမည်လော''ဟု (ဆိုရာ၏)။

''မဖြစ်နိုင်ပါဟု ဆိုရာပါသည် အသျှင်ဘုရား''ဟု (လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ''ခံစားခြင်း 'ဝေဒနာ' သည် ငါ၏ အတ္တမဟုတ်၊ ငါ၏ အတ္တသည် မခံစားတတ်''ဟု ဤသို့ ရှုခြင်းသည် ဤ (ဆိုခဲ့သောသာဓက) ဖြင့်လည်း မသင့်ချေ။

၁၂၅။ အာနန္ဒာ ထို (သုံးယောက်တို့) တွင် ''ခံစားခြင်း 'ဝေဒနာ' သည် ငါ၏ အတ္တ မဟုတ်၊ ငါ၏အတ္တသည် မခံစားတတ်သည်လည်း မဟုတ်၊ ငါ၏ အတ္တသည် ခံစားတတ်၏၊ ငါ၏ အတ္တသည်ခံစားခြင်း သဘောရှိ၏''ဟု ဆိုသော သူကို ဤသို့ ဆိုရာ၏။

''ငါ့သျှင် ခံစားခြင်း 'ဝေဒနာ' တို့သည် ခပ်သိမ်းသော အခြင်းအရာ ခပ်သိမ်းသော သဘောအားဖြင့်အကြွင်းမဲ့ ချုပ်ကုန်ငြားအံ့၊ (ထိုသို့ချုပ်၍) ခံစားခြင်း 'ဝေဒနာ' လုံးဝမရှိခဲ့သော် ခံစားခြင်း 'ဝေဒနာ' ချုပ်ခြင်းကြောင့် ထို (ခံစားခြင်းကင်းသော နာမ်တရားသက်သက်) ၌ 'ဤကား ငါပင်တည်း' ဟူ၍ရှုခြင်းသည် ဖြစ်နိုင်ပါမည်လော''ဟု (ဆိုရာ၏)။

''မဖြစ်နိုင်ပါဟု ဆိုရာပါသည် အသျှင်ဘုရား''ဟု (လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ''ခံစားခြင်း 'ဝေဒနာ' သည် ငါ၏ အတ္တမဟုတ်၊ ငါ၏ အတ္တသည် မခံစားတတ်သည်လည်း မဟုတ်၊ ငါ၏ အတ္တသည် ခံစားတတ်၏၊ ငါ၏ အတ္တသည် ခံစားခြင်း သဘောရှိ၏''ဟု ဤသို့ ရှုခြင်းသည် ဤ (ဆိုခဲ့သောသာဓက) ဖြင့်လည်း မသင့်ချေ။

၁၂၆။ အာနန္ဒာ ရဟန်းသည် အကြင့်ကြောင့် ခံစားခြင်း' ဝေဒနာ' သည်ပင် အတ္တဟူ၍လည်း မရှု၊ အတ္တသည် မခံစားတတ် ဟူ၍လည်း မရှု၊ ''ငါ၏ အတ္တသည် ခံစားတတ်၏၊ ငါ၏ အတ္တသည် ခံစားခြင်းသဘော ရှိ၏'' ဟူ၍လည်း မရှု၊ ဤသို့ မရှုသော ထိုရဟန်းသည် လောက၌ တစ်စုံတစ်ခုကိုမျှလည်း့မစွဲလမ်း၊ မစွဲလမ်းသောကြောင့် မတောင့်တ၊ မတောင့်တသောကြောင့် ကိုယ်တိုင်ပင်လျှင် ကိလေသာတို့မှအပြီးတိုင် ငြိမ်းလတ္တံ့၊ ''ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကိုပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စမရှိတော့ပြီ''ဟု သိ၏။

အာနန္ဒာ ဤသို့ လွတ်မြောက်သော စိတ်ရှိသော ရဟန်းကို အကြင်သူသည် ဤသို့ ဆိုငြားအံ့။

''သတ္တဝါသည် သေပြီးသည်မှ နောက်၌ ဖြစ်၏ ဟူသော အယူရှိသည်'' ဟူ၍လည်းကောင်း၊ ''သတ္တဝါသည် သေပြီးသည်မှနောက်၌ မဖြစ်ဟူသော အယူရှိသည်'' ဟူ၍လည်းကောင်း၊ ''သတ္တဝါသည်သေပြီးသည်မှနောက်၌ ဖြစ်လည်း ဖြစ်၏၊ ဖြစ်လည်း မဖြစ်ဟူသော အယူရှိသည်'' ဟူ၍လည်းကောင်း၊ ''သတ္တဝါသည် သေပြီးသည်မှ နောက်၌ ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်း မဟုတ်ဟူသော အယူရှိသည်'' ဟူ၍လည်းကောင်း ဆိုငြားအံ့၊ ထိုသို့ဆိုခြင်းသည် မသင့်ပေ။

အဘယ့်ကြောင့်ဆိုသော် အာနန္ဒာ အကြင်မျှလောက်သော အမည်နှင့် အမည်၏ အကြောင်းသည် ရှိ၏၊ အကြင်မျှလောက်သော သဒ္ဒါနှင့် သဒ္ဒါ၏ အကြောင်းသည် ရှိ၏၊ အကြင်မျှလောက်သော ပညတ်နှင့်ပညတ်၏ အကြောင်းသည် ရှိ၏၊ အကြင်မျှလောက်သော ပညာနှင့် ပညာ၏ ကျက်စားရာသည် ရှိ၏၊ အကြင်မျှလောက်သော (သံသရာ) ဝဋ်သည် ရှိ၏၊ အကြင်မျှလောက် (သံသရာ) လည်၏၊ ထိုအလုံးစုံကိုသိ၍ ရဟန်းသည် (ကိလေသာမှ) လွတ်မြောက်ပေ၏။

ထိုအလုံးစုံကို သိ၍ (ကိလေသာမှ) လွတ်မြောက်ပြီးသော ရဟန်းကို ''မသိမြင်'' ဟူ၍လည်း ကောင်း၊ ''ဤသို့သော အယူရှိသည်'' ဟူ၍လည်းကောင်း ဆိုခြင်းငှါ မသင့်ပေ။

------

၁။ သမနုပဿတိ ရှု၏ဟူသည်မှာ ဤအရာ၌ ယူဆသည်ကိုပင် ဆိုလိုသည်။

ဝိညာဏဋ္ဌိတိခုနစ်ပါး

၁၂၇။ အာနန္ဒာ ဝိညာဉ်၏ တည်ရာတို့သည် ခုနစ်ပါးရှိကုန်၏။ နေရာ 'အာယတန' တို့သည်လည်းနှစ်ပါးရှိကုန်၏။

(ဝိညာဉ်၏တည်ရာ) ခုနစ်ပါးတို့ကား အဘယ်နည်းဟူမူ-

အာနန္ဒာ ကိုယ်သဏ္ဌာန်ချင်းကွဲပြား၍ ပဋိသန္ဓေသညာချင်းလည်း ကွဲပြားကုန်သော သတ္တဝါတို့သည်ရှိကုန်၏၊ အဘယ်သတ္တဝါတို့နည်းဟူမူ အချို့သောနတ်, အချို့သော ဝိနိပါတိကနှင့် လူတို့ပင်တည်း၊ ဤကား ရှေးဦးစွာသော ဝိညာဉ်၏ တည်ရာပေတည်း။

အာနန္ဒာ ကိုယ်သဏ္ဌာန်ချင&